Saturday, July 26, 2025

အောင်သူ


 

❝ အောင်သူ ❞

မန္တလေးမြို့ကို အနယ်နယ် အရပ်ရပ်က ရဟန်းသံဃာတွေ လာရောက်ပြီး စာသင်ယူကြတယ် ။ မြို့ကွက်ကြီးက ကျယ်တော့ သံဃာတော်တွေ ဆွမ်းခံကြွရတာ မလွယ်ဘူး ။ ဆွမ်းခံ သံဃာတွေကို ဘတ်စ်ကားတွေက အခမဲ့တင်ပြီး ခေါ်ပေမယ့် မနက်ပိုင်း ဆွမ်းခံချိန်မှာ သံဃာ နဲ့ ဘတ်စ်ကား က မမျှဘူး ။ သံဃာတော်တွေ သပိတ် ကို တစ်ဖက်ကပွေ့ပြီး ဘတ်စ်ကားကို တွယ်လိုက်နေတဲ့ မြင်ကွင်းက မနက်တိုင်း တွေ့မြင်နေကျပါ ။

ဒီအခက်အခဲကို ဖြေရှင်းဖို့ မိုးထိအောင်စည်ဆရာတော် နဲ့ ဆရာတော် ရဲ့ဒကာ ဒကာမတွေက စီစဉ်ကြတယ် ။ ယာနဒါန ဆိုတဲ့ ယာဉ်အလှူတစ်ခု လုပ်ဆောင်တယ် ။ သံဃာတော်တွေ ဆွမ်းခံချိန် ဆိုရင် ယာနဒါနယာဉ်တွေက အချက်အချာကျတဲ့ လမ်းကြောင်းတွေမှာ အခမဲ့ ပြေးဆွဲတယ် ။ သီလရှင်ဆရာလေးတွေ ဆွမ်းဆန်ခံတဲ့ အဖိတ်နေ့တွေမှာ မန္တလေးမှ စစ်ကိုင်းတောင်ရိုးကို ယာဉ်အလှူ လှူတယ် ။

ယာဉ်အလှူကို ထက်ထက်သန်သန် လုပ်ကိုင်နေသူတွေ ထဲမှာ ဦးသောင်းထွန်း ပါဝင်တယ် ။ သူ့ကား နှစ်စီးကိုလည်း ယာနဒါန အတွက် ပေးလှူထားတယ် ။

ဦးသောင်းထွန်းရဲ့ စီးပွားရေးက လက်ဖက်ရည်ဆိုင် လုပ်ငန်းပါ ။ အောင်သူ ဆိုတဲ့အမည်နဲ့ လက်ဖက်ရည်ဆိုင်တွေ ငါးဆိုင် အထိ ဦးသောင်းထွန်း ဖွင့်ခဲ့တယ် ။ ဦးသောင်းထွန်းကို ကျွန်တော် တွေ့ချိန်မှာ ဘာကြောင့် လက်ဖက်ရည်ဆိုင် လုပ်ငန်းကို လုပ်တာလဲလို့ မေးမိတယ် ။

“ မန္တလေးမှာ မွေးဖွားတဲ့ လူတစ်ယောက် အနေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ရတာ ကျွန်တော် ကြိုက်တယ် ။ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ဆုံပြီး ပြောရဆိုရတာ ။ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုကို ငယ်ငယ် ကတည်းက မြတ်နိုးတာ ။ ကျွန်တော် ကိုယ်တိုင်လည်း လက်ဖက်ရည်ဖိုး မရှိရင် ရှာတယ် ။ သူငယ်ချင်းတွေ ဆုံမိတဲ့အခါ မင်း ဘယ်လောက်ပါလဲ ။ ငါ့မှာ တစ်ကျပ်ပါတယ် ။ ငါးမူးပါတယ် ။ စုပြီးတော့ သက်သာဆိုင် ထိုင်ရတာ ၊ လက်ဖက်ရည် သောက်ချင်တာ နည်းနည်း ၊ ထိုင်ချင်တဲ့ အရသာ စွဲတာ ”

“ မိဘတွေက ဘာလုပ်ငန်း လုပ်တာလဲ ”

“ မိသားစုက ဆင်းရဲတယ် ၊ အဖေက လူထုပုံနှိပ်တိုက်မှာ စာရိုက်တဲ့လုပ်ငန်း ။ လူထုဦးလှတို့ ၊ လူထုဒေါ်အမာတို့ရဲ့ တပည့်ရင်း ။ လူထုပုံနှိပ်တိုက် မီးလောင်ခံရမှ နားခဲ့တာ ။ ပုံနှိပ်တိုက်က ရတဲ့ဝင်ငွေနဲ့ ရပ်တည်ခဲ့တာ ။ မိသားစု ခုနစ်ယောက် ရှစ်ယောက် ဖြစ်လာတော့ ကျွန်တော်လည်း ငါးတန်းနဲ့ ကျောင်းထွက် ခဲ့ရတယ် ”

“ မွေးချင်း ညီအစ်ကို မောင်နှမ ဘယ်နှယောက်လဲ ”

“ ကိုးယောက် ”

“ ကျောင်းထွက်ပြီး ဘာလုပ်သလဲ ”

“ ကျွန်တော့် အဘွားတွေက ဘုရားကြီးဈေးမှာ ငှက်ပျော ၊ အုန်း ရောင်းတယ် ။ ကျွန်တော်က ကူလုပ်တယ် ။ ကူလုပ်ရင်းနဲ့ အိမ်ရဲ့ မိသားစု စားဝတ်နေရေးကို ဖြေရှင်းတဲ့ အနေနဲ့ ဘုရားကြီးဈေး ထဲမှာပဲ ပျံကျဈေးရောင်းတယ် ။ ကြက်သွန်တစ်ပိဿာ ဝယ် ၊ ငရုတ်သီးခြောက် ၊ ကြက်သွန်ဖြူလေးတွေ ဝယ် ၊ ဒါကို ဂုန်နီအိတ်လေးခင်း ၊ တစ်ခါချက် အပုံလေးတွေ ပုံရောင်းတယ် ။ တစ်ပုံငါးမူး ၊ သုံးပုံယူရင် တစ်ကျပ် ၊ ဘွားအေ ဆိုင်ဘေးမှာပဲ ထိုင်ရောင်းတာ ။ မြတ်တာလေးကို အိမ်အတွက် ဈေးဝယ် ပေးတာ ”

“ ငါးတန်း ဆိုတော့ ငယ်ဦးမှာပေါ့ ”

“ ငယ်တယ် ။ ညနေ ဈေးသိမ်းရင် ငါးခြောက်လေး ၊ ဝက်သွေးသွတ်လေး ၊ ခရမ်းချဉ်သီးအူပေါက် အပေါက်အပြဲလေးတွေ ဝယ်ပြီး အိမ်ပြန်ပို့ ။ အဲဒီလိုပဲ ငယ်ငယ်ကတည်းက အိမ်ရဲ့ စီးပွားရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပေးခဲ့ရတာ ”

ကျွန်တော်တို့ စကားထိုင် ပြောနေကြတာက ကျွဲဆည်ကန်ရပ် က အောင်သူ လက်ဖက်ရည်ဆိုင် နောက်ကျောက တိုက်ထဲမှာပါ ။ ဦးသောင်းထွန်းရဲ့ သမီးက အောင်သူ လက်ဖက်ရည်ဆိုင်က နာမည်ကြီး အာဟာရတစ်ခု ဖြစ်တဲ့ ပလာတာချဉ်စပ်နဲ့ လက်ဖက်ရည်တွေ ပို့ပြီး ဧည့်ခံပါတယ် ။ ဦးသောင်းထွန်းပြောတာကို စိတ်ဝင်စားနေလို့ ပလာတာချဉ်စပ်ပူပူလေး ရနံ့မွှေးပေမယ့် မစားဖြစ်သေးဘဲ နားထောင်နေမိတယ် ။ သူကလည်း ဆက်ပြောပါတယ် ။

“ အဖေက ကျွန်တော့်ကို ဒီအတိုင်း ဈေးသည် လုပ်မနေနဲ့ ၊ အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခုသင် ။ ဒါမှမဟုတ် ဝန်ထမ်းလုပ်လို့ ပြောတယ် ။ ကျွန်တော်က ဝန်ထမ်းတော့ မလုပ်ချင်ဘူး ဆိုတော့ လက်မှုပညာသင် ဆိုပြီး မြို့မတီးဝိုင်းက ကလယ်ရီနက် မှုတ်တဲ့ ဦးလှကျော်ရဲ့အိမ်မှာ ကျောက်သွေးပညာသင်တယ် ။ မင်းသားစု ( ရပ်ကွက် ) မှာ သုံးနှစ်လောက် ကျောက်သွေးတယ် ”

“ အဲဒါ ဘယ်အရွယ်လောက် ဖြစ်ပြီလဲ ”

“ လူပျိုပေါက် ၊ ၁၅ - ၁၆ နှစ်ပေါ့ ။ သုံးနှစ်လောက် လုပ်မိချိန်မှာ ကျောက်အရောင်းအဝယ် မှေးမှိန်သွားတယ် ။ ကျောက်သွေးတဲ့ အလုပ်က မရှိတော့ဘူး ။ ကျွန်တော်လည်း အိမ်မှာပဲ နေရင်း စိတ်လေနေတာပေါ့ ။ ဘာလုပ်ရင် ကောင်းမှာလဲ ။ အဲဒီကာလက မန္တလေးမှာ အငြိမ့်လောကကြီး ခေတ်ကောင်းနေတဲ့အချိန် ။ ကျွန်တော်ကလည်း အငြိမ့်ဝါသနာပါတယ် ။ မိုးအလင်း လိုက်ကြည့်တာ ။ ရတနာပုံအငြိမ့်မှာ လူရွှင်တော် မိတ်ဆက် ၊ ဒီပါ ၊ ချစ်စရာ တို့ ကတဲ့အချိန် ။ ခြေကောက် ထမ်းဆင့် ဝင်လုပ်တယ် ”

ပုံသေအလုပ် မဟုတ်ဘဲ ကြုံရာကျရာ အလျဉ်းသင့်တဲ့ အခါ အငြိမ့်အဖွဲ့မှာ အလုပ်သမားအဖြစ် ဝင်လုပ်ခဲ့ပုံကို သူက ပြောပါတယ် ။

“ ဘာတွေ လုပ်ရတာလဲ ”

“ မီးထိုး ၊ သေတ္တာ အတင်အချ ၊ ကားဆင်ပေါ့ ။ တစ်ညကို ၁၅ ကျပ်ရတယ် ။ ညအငြိမ့် ပြီးတာနဲ့ ပိုက်ဆံရှင်းပေးတယ် ။ အဲဒီတုန်းက ရတနာပုံအငြိမ့်က သီတင်း ကျွတ် ၊ တန်ဆောင်မုန်း ၊ နတ်တော် ၊ ဆောင်းတွင်းဆို မန္တလေးမြို့ပေါ်မှာ ကရတာ များတယ် ။ တစ်လ ရက် ၂ဝ လောက် လုပ်ရတယ် ။ ရတဲ့ငွေ အိမ်ပြန်ပေးတာရော ၊ ကိုယ်လက်ဖက်ရည် သောက်တာရော မကုန်ဘူး ။ တပို့တွဲ ၊ တပေါင်း အငြိမ့်က နယ်ထွက် သွားရင်တော့ ကျွန်တော် လိုက်မသွားဘူး ”

“ အဲဒီတော့ ဘာတွေလုပ်သလဲ ”

“ တိုက်ဆေးသုတ်တယ် ။ မြေတူးတယ် ။ ကုသိုလ်ဖြစ် မြေတူးရင်းနဲ့ ပိုက်ဆံရတဲ့ အလုပ်တွေ ဖြစ်သွားတာ ။ ရတနာပုံစလင်းကျောင်းမှာ ကျောင်း ဆောက်လှူမယ်ဆိုတော့ မြေတူး အလုပ်သမား မရှိဘူး ဖြစ်နေတယ် ။ ကျွန်တော်တို့က ကုသိုလ် ဖြစ်တူးမယ်ဆိုပြီး လိုက်တူးတာ ။ ပိုက်ဆံရတယ် ”

“ အောင်သူပလာတာ စားလို့ ကောင်းတယ် ။ စားပါဦး ” ပြောလို့ ကျွန်တော်က ပလာတာ တစ်ဖဲ့ကို ခက်ရင်းနဲ့ ထိုးယူပြီး စားတယ် ။

“ ပျံကျအလုပ်တွေ ကလည်း စုံနေတာပဲ ။ ဆိုက်ကားလည်း နင်းသေးတယ် ။ လက်ဖက်ရည်ဖိုးရရင် ပြီးတာပဲ ။ ညမှာ ကင်းအငှား စောင့်တာက တစ်ညရှစ်ဆယ် ( ကျပ် ၈ဝ ) ရတယ် ။ အဖေက မင်း အဲဒီလို နေလို့ မဖြစ်သေးပါဘူး ။ အစိုးရအလုပ် ဝင်လုပ်ကွာတဲ့ ”

“ ဘယ်ဌာနမှာ ဝင်လုပ်တာလဲ ”

“ ဆောက်လုပ်ရေး ပင်မအလုပ်ရုံမှာ လုပ်အားပေး ။ အစ်မနဲ့ အိမ်ထောင်ကျတဲ့ ယောက်ဖက အဲဒီမှာ ။ သူက အခြေအနေ ကောင်းတဲ့ ရာထူးနေရာလေး ဆိုတော့ ကျွန်တော့်ကို ခေါ်တာ ။ စက်ပြင်အကူ လုပ်ရတယ် ။ လုပ်အားပေး ဆိုတော့ လစာက ရတစ်ချက် မရတစ်ချက်ပေါ့ ။ အဲဒါ သုံးနှစ်လောက် ကြာတယ် ”

“ အတည် ခန့်ခံရတာကကော ”

“ ၁၉၇၉ - ၁၉၈ဝ ခုနှစ်လောက်မှာ စက်မောင်း မွမ်းမံ အထူးသင်တန်းဆိုပြီး စာတွေ့သုံးလ ၊ ထူးကြီး ရေလှောင်တမံ စီမံကိန်းမှာ လက်တွေ့တစ်လ တက်ရတယ် ”

“ ဘာမောင်းရတာလဲ ”

“ ယန္တရားတွေပေါ့ ။ မြေထိုးစက် ၊ မြေကော်စက် ၊ လမ်းကြိတ်စက်တွေပေါ့ ။ ၁၉၈၁ ခု ၊ မေဒေးနေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူး ၊ မိုင်းနောင် ၊ လဲချား ပို့လိုက်တယ် ”

ဦးသောင်းထွန်း က ပြောလက်စ ခဏရပ်ပြီး လက်ဖက်ရည် သောက်လိုက်ဦးလို့ ကျွန်တော့်ကို ပြောတယ် ။ သူက ပြုံးလိုက်ပြီး ...

“ ဘဝဇာတ်ကြောင်းတွေ ပြန်ပြောရရင် ကျွန်တော် မမောဘူး ” လို့ ပြောပါတယ် ။

“ မိုင်းရှူး ၊ လဲချားဒေသက အဲဒီကာလက ဓားပြ သိပ်တိုက်တာပဲနော် ” လို့ ကျွန်တော်က သူ့ကို စကားထောက်ပေးတယ် ။

“ တစ်ခါတလေ ကွန်ဗွိုင် ( convoy  - ယာဉ်တန်း ) နဲ့သွားရတာ ။ ခုနစ်ရက်တစ်ပတ်လောက် ထိုင်စောင့်နေရတာ ။ ကိုယ်က သွားရဲပါတယ် ဆိုလို့လည်း သွားခွင့် မပေးဘူး ။ ကျွန်တော်က မဟာဗျူဟာလမ်း ဖောက်တဲ့ ဘက်မှာ တာဝန်ကျတာ ။ လစာက ( ကျပ် ) ၂၂၅ ရတယ် ။ လမ်းဗိုလ်တစ်ယောက် အိမ်မှာ နေရတယ် ။ သူ့ဝေယျာ ဝစ္စလည်း လုပ်တယ် ။ သူက ကြက်ခြံလည်း ရှိတော့ ကြက်စာကျွေး ၊ ကြက်ဥကောက် ၊ ကြက်ချေးကျုံး လုပ်တော့ သူက ကျွေးထားတယ် ။ လစာ မလိုတော့ဘူး ။ မန္တလေးက မိဘတွေကို ပြန်လွှဲလိုက်တယ် ။ ထုတ်ယူ ”

ပလာတာချဉ်စပ်ကို သံပရာရည်ညှစ်ပြီးစားဖို့ သူက ပြောပြန်တယ် ။ ကျွန်တော်က စားရင်းသောက်ရင်း သူပြောတာကို နားထောင်နေပါတယ် ။

“ ၁၉၈၄ ခုနှစ်မှာ လဲချားသူ ဒေါ်နန်းချယ်ရီနွယ် နဲ့ အိမ်ထောင်ကျတယ် ။ ၁၉၈၆ ခုနှစ်မှာ စီမံကိန်း ပြီးသွားလို့ မန္တလေး ပြန်ပြောင်းတယ် ။ မန္တလေး ရောက်တော့ တာဝန်က ရုံးတက်ဖို့ပဲ ရှိတယ် ။ ရတဲ့လစာ နှစ်ရာ့အစိတ်နဲ့ စားဝတ်နေရေးက မပြေလည်တော့ဘူး ။ သူငယ်ချင်းလေးယောက် စုပြီး နန်းမြင့်ထီဆိုင်လေး ဖွင့်တယ် ။ တစ်စောင် နှစ်ကျပ်ခေတ်ပေါ့ ”

“ ရုံးတစ်ဖက်နဲ့ လုပ်တာ ”

“ စက်မောင်းဆိုတော့ ရုံးမှာ တာဝန်သိပ်မရှိဘူး ။ ရုံးတက်ဖို့ အရေးကြီးတဲ့ နေ့ဆိုရင် အမျိုးသမီးက ထိုင်ပေးတယ် ။ အဲဒီလိုနေရင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ရုံးအပြင်မှာ ဝန်ထမ်းသက်သာဆိုင်လေး လေလံပစ်တယ် ။ ကျွန်တော် ဆွဲလိုက်တယ် ။ ကျွန်တော်က ပိုက်ဆံမရှိဘူး ။ တံခွန်တိုင်က နို့ဆီပို့တဲ့ ဦးဗိုလ်ကေကြီး ဆီက ငွေငါးထောင် ( ကျပ် ၅၀ဝ၀ ) ချေးပြီး စလုပ်တာ ”

“ ဆိုင်နာမည် အောင်သူလို့ ဘာကြောင့် ပေးတာလဲ ”

“ ဗေဒင်ဆရာလည်း မေးတာ မဟုတ်ဘူး ”

ပြောရင်း ရယ်တယ် ။

“ ဗေဒင် ၊ နက္ခတ်တွေ ဘာမှ နားလည်တာ မဟုတ်ဘူး ။ ဆိုင်နာမည် ပေးဖို့ လိုတယ် ဆိုပြီး ဟိုကြည့်ဒီကြည့် လျှောက်ကြည့်တာ ။ အောင်သူမင်္ဂလာဆိုင်း ဆိုတဲ့ ဆိုင်းဘုတ် မြင်တော့ ဒါလေးမဆိုးဘူး ဆိုပြီး ယူလိုက်တာ ။ ကဲ ... အောင်သူ လက်ဖက်ရည်ဆိုင်လို့ နာမည် ပေးလိုက်တာ ”

“ ဘယ်အချိန် လောက်ကလဲ ”

“ ၁၉၉ဝ ပြည့် လက်ဖက်ရည် တစ်ခွက် တစ်ကျပ်ခွဲခေတ်က စတာ ။ စက်ပြင်ဆရာကြီး ဦးကျော်ဂေါင်း က သူ့သားလေး လက်ဖက်ရည်ဖျော်ဆရာအဖြစ် လုပ်ခိုင်းတယ် ။ စက်ပြင်ဆရာ ကိုအောင်ဆန်း ၊ စက်မောင်းသမားကြီး ဦးကြည်တို့ သားတွေက စားပွဲထိုး လုပ်တယ် ။ သူတို့သုံးယောက်နဲ့ စတာ ။ သူတို့ ကျေးဇူးကြီးပါတယ် ”

“ ဆိုင်ခွဲတွေ ဖွင့်ဖြစ်တာလဲ ပြောပါဦး ”

“ ဆိုင်က ရောင်းကောင်းလာတော့ ဆိုင်နေရာကို လေလံလု ဆွဲချင်တဲ့လူတွေ ရှိလာတယ် ။ ဒါကြောင့် တစ်ဆိုင်တည်း နဲ့တော့ မဖြစ်သေးဘူးဆိုပြီး လမ်း ၄၀ မှာ နောက်တစ်ဆိုင်ခွဲ ဖွင့်တယ် ။ အကွက်အကွင်းကျတဲ့ နေရာတွေက တွေ့တွေ့ လာတော့ ထပ်ဖွင့်တာ ငါးဆိုင်အထိ ဖြစ်လာတယ် ”

“ ငွေအရင်းအနှီးကကော ”

“ ငွေအရင်းအနှီး ရှိလို့ မဟုတ်ဘူး ။ ဖွင့်ချင်တဲ့ ဝါသနာကြောင့် ဖွင့်တာ ။ ကျွန်တော်က အလုပ် လုပ်ချင်တာ ။ ဘာလုပ်ရမှာလဲ အမြဲ ကြည့်နေတာ ”

☐ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ

No comments:

Post a Comment