❝ စိုးမိုး စင်ဒီဂိတ် ❞
[ တစ်ခေတ်တစ်ခါ ကတော့ ကျောက်သပိတ်ရပ် ဆိုတာ မန္တလေးမြို့ ရဲ့ မီးနီရပ်ကွက်ပါ ။ ယခု တစ်ပတ်မှာ ကျောက်သပိတ် ရပ်ကွက် အနီး မင်းတဲအီကင်း ရပ်ကွက်မှာ နေထိုင်ကြီးပြင်းခဲ့ရတဲ့ ဦးကိုကိုကြီး ( ယခု ၅ဝ နှစ် ) လုပ်ခဲ့တဲ့ လုပ်ငန်း တစ်ခု ကို ပြောပြချင်တာပါ ။ ]
••••• ••••• •••••
ကျွန်တာ်တို့ နယ်က ကျောက်သပိတ် နဲ့ ဆက်စပ်နေတာ ။ ဟိုရှေးကတော့ ကျောက်သပိတ် ဆိုတာ နံပါတ်ဖိုး တို့ ၊ မကောင်းတာ အကုန် ရှိတဲ့နေရာ ။ ကျွန်တော့် ရပ်ကွက်က တူတွေ ညီတွေကို မုဆိုးနားနီး မုဆိုး ၊ တံငါနားနီး တံငါ ၊ မကောင်းတာ မဖြစ်စေချင်ဘူး ။ ဒါကြောင့် ကျွန်တော် ဘောလုံးအသင်း ထောင် လိုက်တာ ။ ၁၉၇၆ မှာ ‘ စိုးမိုး ’ ကို စထောင်တယ် ။
ကျွန်တော့် မိဘက လက်ဖက်ရည်ဆိုင် ဖွင့် ရောင်းတယ် ။ ရွှေဟင်္သာ ကဖေး တဲ့ ။ ကျွန်တော် က ညီအစ်ကိုမောင်နှမ လေးယောက်မှာ အကြီးဆုံး ။ ဆယ်တန်း အောင်တော့ ညီတွေနှမတွေ ဦးစားပေးဖို့ ကျောင်းဆက်မတက်တော့ဘဲ မိဘရဲ့ လက်ဖက်ရည်ဆိုင်မှာ ဝင်ပြီး အလုပ်လုပ်တယ် ။ လက်ဖက်ရည်ဆိုင် နဲ့ ကပ်လျက် နဲ့ စာအုပ် အငှားဆိုင် တစ်ဆိုင် ဖွင့်တယ် ။ ဆိုင်နာမည် က စိုးမိုး စင်ဒီဂိတ် တဲ့ ။ ဇော်ဇော်အောင် ဝတ္ထုတွေ ဖတ်ပြီး ရူးခဲ့တဲ့ အချိန်ပေါ့ဗျာ ။ စာအုပ်ဆိုင်က ရသမျှ ငွေ အားလုံးကို သုံးပြီး ဘောလုံးအသင်း စထောင်တယ် ။
အဲဒီတုန်းကတော့ မန္တလေးမှာ ဘောလုံးကွင်းတွေ ကလည်း ပေါတယ်ဗျာ ။ ဘောလုံးပြိုင်ပွဲကလည်း မရှားဘူး ။ အဓိက ပြိုင်ပွဲကတော့ မဟာမုနိဘုရား ကြီးပွဲပဲ ။ တပို့တွဲလ မှာ အမြဲတမ်းလုပ်တယ် ။
တပို့တွဲပွဲ ဝင်ပြိုင်နိုင်ဖို့ ကျွန်တော်တို့က ဝါဆိုလ က စပြီး အစီအစဉ်လုပ်တာ ။ ဘောလုံးအသင်းထောင်ဖို့ အဓိက မတည်တာ ကျွန်တော် ဖြစ်ပေမယ့် သူငယ်ချင်းတွေ ကလည်း ကူညီပါတယ် ။ ကိုချိုကြီး ၊ ကိုချိုလေး ၊ ကိုစိုးဝင်း ၊ ကို မောင်မောင်သန်း ၊ ကိုငွေထွန်း တို့လည်း ပါခဲ့တယ် ။ ရပ်ကွက်ကလည်း အားပေး တယ် ။ ပွဲရှိရင် တစ်ရပ်ကွက်လုံး လိုက် အားပေးတာ ။ ဒိုင်းဆုရလာရင် ပွဲထည့်ပေး သူက ထည့်ပေးတယ် ။ အမှတ် ၆ ကားလိုင်းက ဆိုရင် ဘောလုံးပွဲသွားဖို့ အခမဲ့ ပို့ပေးတယ် ။ အဲဒီလို အားပေးခဲ့ကြတာပါ ။
ဘုရားကြီးပွဲ ဝင်ပြိုင်တာ အစပိုင်းတော့ မအောင်မြင်ဘူး ။ နောက်တော့ အသင်းလိုက် အကောင်းဆုံးဆုတွေဘာတွေ ရလာတယ် ။ ကျွန်တော်တို့ ကလည်း ဘောလုံးသမားကောင်းလေးတွေ မွေးနိုင်အောင် အနီးအနား ရပ်ကွက် ဖြစ်တဲ့ ပုလဲငွေရောင် ၊ အောင်မြေသာဇံ ၊ ကျွဲစွန်း ဘက်ကို စက်ဘီးကိုယ်စီနဲ့ ပတ်ပြီး ချာတိတ်တွေ ဘောလုံးကန်တာကို လိုက်ကြည့်တာ ။
နောက်ကျတော့ အခြား ကွင်းတွေမှာ ပတ်ရှာမယ့် အစား မိသားစု ပြိုင်ပွဲလုပ်မယ် ဆိုပြီး ‘ စိုးမိုးမိသားစု ဘောလုံးပြိုင်ပွဲ ’ လုပ်တယ် ။ ဘောလုံးပြိုင်ပွဲ ပါချင်တဲ့ ကလေးတွေ စာရင်းကောက် ၊ မိသားစု အသင်းတွေ ဖွဲ့တယ် ။ ဇမ္ဗူရာဇ် ၊ အာကာပျံ ၊ ပျံလွှား ၊ ဧကရာဇ် ၊ အားမာန် ၊ လွှမ်းမိုး ၊ ရွှေစင် ၊ တိမ်လွှာ ၊ ရဲမာန် ၊ မိုးပျံ ၊ ရည်မွန် ဆိုတဲ့ အမည်တွေ နဲ့ အဖွဲ့တွေ ခွဲပြီး ကန်ကြတယ် ။ ဒီထဲကမှ လက်ရွေးစင် ရွေးတယ် ။
ရွေးလို့ရတဲ့ ကလေးတွေ ထဲက အမာဆုံးအသင်းကို ကကြီးအသင်း ၊ နောက် ခကွေးအသင်း ၊ ဂငယ်အသင်း ၊ ဃကြီးအသင်း ဆိုပြီး ခွဲထားတယ် ။ ကလေးတွေ အရပ်အမောင်း လိုက်ပြီး လေးပေကိုးလက်မအသင်း ၊ လေးပေခြောက် လက်မအသင်း ၊ ငါးပေအသင်း ဆိုပြီး အတန်းအစားခွဲ ဖွဲ့တယ် ။
စိုးမိုးမိသားစု ဘောလုံးပြိုင်ပွဲတွေ ၁၉၇၆ ခု က ၁၉၈ဝ ခု အထိ လုပ်ခဲ့တယ် ။ ကလေးတွေကို နှစ်တိုင်း ဆုချတယ် ။ ဆုက Medal ရုပ်တုလေးတွေပေါ့ ။ ကလေးတွေ စိတ်ဝင်စားအောင်လို့ပါ ။ တစ်နှစ် တစ်နှစ် ကလေးတွေ တစ်ရာ နှစ်ရာ လေ့ကျင့်ပြီး ကစားတာ ။
ထူးချွန်တဲ့ကလေး ဝါသနာပါတဲ့ ကလေးတွေကို လေ့ကျင့် ပေးတယ် ။ နောက်ပိုင်းမှာ မန္တလေးတိုင်းက နည်းပြဆရာ ဦးအောင်သိန်း ကို အကူအညီ တောင်းတယ် ။ နည်းစနစ် ကျကျကစား တတ်အောင် သင်ပေးဖို့ပါ ။ ဦးကျော်တင့် ဆိုတာ ကျွန်တော်တို့ အရပ်သား ၊ ဆောက်လုပ်ရေးမှာ လက်ရွေးစင်ဘောလုံး သမား ။ ဦးကျော်တင့် ကလည်း သင်ပေးတယ် ။
ကလေးတွေကို လေ့ကျင့် ပေးပြီး ပြိုင်ပွဲတွေ ဝင်ပြိုင်တယ် ။ သရက်တစ်ပင်ပြိုင်ပွဲ ၊ ညောင်ကွဲပြိုင်ပွဲ ၊ ပါရမီဒိုင်း ၊ လွပ်လပ်ရေးနေ့ဖလား ၊ အစုံပဲ ဝင်ပြိုင်တာ ။ တစ်နှစ်တစ်ခါ ပြိုင်ပွဲလုပ် လူရွေး ၊ ပြိုင်ပွဲတကာ ဝင်ပြိုင်ပေါ့ ။ အဓိက ထားတာကတော့ ဘုရားကြီးပြိုင်ပွဲ ။ ဘုရားကြီးပွဲက နယ်စုံက လာတာမို့ အကြီးအကျယ်ပဲ ။ ပေးတာကတော့ ဖလား ၊ ရုပ်တု ဒါပဲရတာ ။
ပွဲကြည့်ပရိသတ်ကတော့ ကြိုက်တဲ့ လူဆိုရင် ဆုတွေချကြတာ ။ ငွေတွေရော ၊ ပစ္စည်းတွေရော ။ ဘယ်လောက်အထိ အားပေးသလဲဆိုရင် အချို့က ကလေးကို နာရီတောင် ချွတ်ပေးတဲ့ အထိပဲ ။
မြန်မာ့လက်ရွေးစင် ဖြစ်သွားတဲ့ မောင်မောင်ဦး ကို စိုးမိုး က မွေးထုတ်ပေးခဲ့တာ ။ ဘုရားကြီးပွဲမှာ မောင်မောင်ဦး ကို ဘုန်းကြီးတစ်ပါးက စက်ဘီးတောင် ဝယ်ပြီး ဆုချတာ ။ ဦးဇင်း တစ်ပါးကတော့ ပညာသင်စရိတ်ပါ ထောက်ပံ့ပေးခဲ့တယ် ။
ကျွန်တော့် အသင်းက ထူးချွန်တဲ့ ဘောလုံးသမားတွေ အများကြီး ထွက်ခဲ့တယ် ။ မြန်မာ့လက်ရွေးစင်တွေ ၊ တိုင်းလက်ရွေးစင်တွေ အများကြီးပဲ ။ မောင်မောင်ဦး ၊ ဟန်ထွန်း ၊ ဝင်းမောင်သိန်း ၊ သန်းထွန်း ၊ နေဝင်းသန်း ၊ ချမ်းသာ ၊ လင်းလင်းနိုင်ဦး ထူးချွန်တဲ့ ကစားသမားတွေပေါ့ ။
၁၉၉၀ ခု မှာ ကျွန်တော် မတင်တင်ဝင်း နဲ့ အိမ်ထောင်ကျတယ် ။ အမျိုးသမီးကလည်း ကျွန်တော် ဘောလုံးအသင်း ထောင်တာ အားပေးတယ် ။ သောက်စားပစ်တာ မဟုတ်လို့ လူငယ်တွေအတွက် အချိန်ရော ငွေပါ အကုန်ခံတာကို သူက ကျေနပ်ပါတယ် ။
ဒါပေမယ့် ၁၉၉၉ ခုနှစ် မှာ ကျွန်တော် နားလိုက်ရတယ် ။ မန္တလေးတိုင်း လက်ရွေးစင် ဖြစ်နေတဲ့ လင်းလင်းနိုင်ဦး ဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံး မျိုးဆက်ပါပဲ ။ ကျွန်တော့် စီးပွားရေးက အဆင်မပြေလို့ နားလိုက်ရတာ ။
နားနေရပေမယ့် ကျွန်တော့်မှာ ဘောလုံးအသင်း ယူနီဖောင်း ဆို တစ်သင်းစာ ငါးစုံ ၊ ခြောက်စုံ အဆင်သင့်ရှိတယ် ။ ဂိုးပိုက်တွေ ၊ ဒိုင်လူကြီး အလံတိုင် ၊ အားလုံး ရယ်ဒီပဲ ။ တစ်နေ့နေ့ အဆင်ပြေတဲ့ အခါတော့ ကျွန်တော် လုပ်ဦးမှာပါ ။
▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
No comments:
Post a Comment