❝ ဇာတ်ကောင်များ နှုတ်ဖျားက စကားပြောပါစေ ❞
ဝတ္ထုတစ်ပုဒ်မှာ ပါဝင်တဲ့ ဇာတ်ကောင်များက စကားပြောရာမှာ ဇာတ်လမ်း ၊ ဇာတ်ကွက် ရွေ့လျားသွားစေဖို့ စကားပြောများက အရေးကြီးပါတယ် ။ ကျွန်တော် အများဆုံး ဖတ်နေရတဲ့ ရွှေအသစ်များ ရဲ့ဝတ္ထုများမှာ ဇာတ်ကောင်က ပြောတာထက် စာရေးဆရာက ဝင်ဝင် ပြောတာတွေ တွေ့ရ တတ်ပါတယ် ။ စာရေးခြင်း အတတ်ပညာမှာ စာရေးဆရာက ဝင်ပြောခြင်းဟာ ဝတ္ထု ကို ပျက်စီးစေပါတယ် ။ ဇာတ်ကောင်က ပြောတဲ့ စကားပြောအပေါ် မှာ မူတည်ပြီး စာဖတ်သူက ဇာတ်လမ်းကို သဘောပေါက် နားလည်မှာ ဖြစ်သလို ဇာတ်ကောင်ရဲ့ စရိုက်ကိုလည်း နားလည် သွားမှာဖြစ်ပါတယ် ။
အဲဒီလို နားလည်အောင် ဖန်တီးတာနဲ့ ပတ်သက်ပြီး The Writer Magazine မှာ စာရေးဆရာ Randall Silvis က ရေးသားဖော်ပြခဲ့တဲ့ ဆောင်းပါး ကို ဖော်ပြပေးချင်ပါတယ် ။ ဆရာက ဝတ္ထု ၁ဝ အုပ် ရေးသားထုတ်ဝေပြီးတဲ့သူ ဖြစ်ပြီး သူ့ ဝတ္ထုများ ထဲက In A Town Called Mumdomu-erto ဝတ္ထုဟာ ၂၀၀၇ ခုနှစ်ထဲမှာ အကောင်းဆုံး သိပ္ပံဝတ္ထုဆုကို ရရှိခဲ့ပါတယ် ။ ဆရာက Chatham University မှာ Creative Writing ဘာသာရပ်ကို သင်ကြားပို့ချနေသူလည်း ဖြစ်ပါတယ် ။
••••• ••••• •••••
ဆိုကြပါစို့ ... ၊ စာဖတ်သူများက ဝတ္ထု တစ်ပုဒ်ရဲ့ စကားပြောကို ကောင်းကောင်း ရေးတတ်တယ် ဆိုပါတော့ ။ အဲဒီလိုဆိုရင် အင်မတန် အန္တရာယ်ကြီးတဲ့ ယူဆချက် တစ်ခု ဖြစ်သွားပါလိမ့်မယ် ။ ဒါပေမဲ့ ဒီအချက်က ဝတ္ထုရေးရာမှာ အလိုအပ်ဆုံး အချက် တစ်ခုလည်း ဖြစ်ပါတယ် ။ လိုအပ်တယ် ဆိုပေမယ့် သူများ ပြောစကားကို လေသံ အနိမ့် ၊ အမြင့် ၊ အတက် ၊ အကျ နားမလည်တဲ့ သူ ဆိုရင်တော့ ပြောင်မြောက်တဲ့ စကားပြောများကို ရေးနိုင်မယ့် အရည်အချင်း မရှိနိုင်ပါဘူး ။
ဘာကြောင့်လဲ ဆိုတော့ စကားပြောရဲ့ အနိမ့် ၊ အမြင့် ၊ အတက် ၊ အကျ ဆိုတာကို သင်ပေးလို့ မရနိုင်ခြင်းကြောင့်ပါပဲ ။ ဘယ်ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် စကားပြောရာမှာ အနိမ့် ၊ အမြင့် ၊ အတက် ၊ အကျ ရှိပြီး စကားပြောများ ဟာ စည်းချက်ကျကျ ရှိတတ်ပါတယ် ။ အဲဒါမျိုးကို နားမလည်တဲ့ သူ တစ်ယောက်က သူ ရေးတဲ့ ဝတ္ထုမှာ ဇာတ်ကောင်တွေရဲ့ ပြောစကားကို အနိမ့် ၊ အမြင့် ၊ အတက် ၊ အကျ ဖြစ်အောင် ဖန်တီးနိုင်စွမ်း မရှိနိုင်ပါဘူး ။ တကယ်တော့ ကျွန်တော်တို့ အားလုံးရဲ့ စကားပြောများဟာ သံစဉ်ရှိတဲ့ ဂီတများ လိုပဲ နားထောင်ကောင်းတဲ့ အရာများ ဖြစ်ပါတယ် ။
ဒါကို တစ်နည်းအားဖြင့် ဘာ ခေါ်သလဲဆိုတော့ မွေးရာပါ ပါရမီလို့ ခေါ်ပါတယ် ။ အဲဒီပါရမီ ဟာ မျက်လုံးဝိုင်းဝိုင်းနဲ့ မိန်းကလေး ၊ နှာတံပေါ်ပေါ် နဲ့ မိန်းကလေးလိုပဲ သူ့ ဘာသာသူ မွေးကတည်း ကပါလာတဲ့ အရည်အချင်း တစ်ခု ဖြစ်ပါတယ် ။ ပါလာတဲ့ မွေးရာပါ အရည်အချင်းကို ကိုယ်က အသုံးချပြီး ထူးချွန်ထက်မြက်အောင် ကြိုးစားဖို့တော့ လိုပါတယ် ။ အဲဒီလို ကြိုးစားအားထုတ်မှု ရှိမှသာ ပိုပြီး ပြောင်မြောက်လာမှာ ဖြစ်ပါတယ် ။
အဲဒီ အလှလိုပဲ ကျွန်တော်တို့မှာ စကားပြောရာမှာ ပင်ကို အရည်အချင်းကို ပိုပြီး တောက်ပလာအောင် သွေး ယူရပါမယ် ။ ထိုနည်းတူစွာ ကိုယ် ရေးတဲ့ ဝတ္ထုမှာ ကိုယ့် ဇာတ်ကောင်များရဲ့ စကားပြောများ ဟာလည်း ဝတ္ထုရဲ့ ဇာတ်ကို ရွေ့လျားသွားစေမယ့် စကားပြောများ ဖြစ်အောင် ကိုယ့် စွမ်းအားနဲ့ ဖန်တီးရပါမယ် ။ အဲဒီလို အရည်အချင်း ရှိတဲ့ စကားပြောများ မဟုတ်ရင်တော့ ဝတ္ထုဟာ လုံးကြွလာမှာ မဟုတ်ဘဲ ကောင်းသင့်သလောက် မကောင်းတဲ့ ဝတ္ထု တစ်ပုဒ် ဖြစ်သွားပါလိမ့်မယ် ။ စကားပြောဟာ ဝတ္ထုရဲ့ အသက် ဆိုရင်လည်း မမှားပါ ဘူး ။ စကားပြောကြောင့် ဝတ္ထုဟာ ခိုင်မာလာပါတယ် ။ ဒါပေမဲ့ စကားပြောတွေ ချည်းပဲ များလွန်းရင်တော့လည်း ဝတ္ထုကောင်း မဖြစ်နိုင်ပါဘူး ။
◾ဇာတ်ကောင်စရိုက်
စကားပြော ရေးသားရာမှာ အရေးကြီးတဲ့ အချက် တစ်ခုက ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်ညီခြင်း ဖြစ်ပါတယ် ။ သူ့ စကားပြောတွေကနေ သူ့ စရိုက်ကို သိလာနိုင်တဲ့ အတွက် ဒီဇာတ်ကောင် လည်း အသက်ဝင်လာပါတယ် ။ စာရေး ဆရာက ဒီဇာတ်ကောင်ရဲ့ အကြောင်းအရာ အချို့တစ်ဝက်ကို ပြောထားပြီးသား ဖြစ်ပေမယ့် ဒီ ဇာတ်ကောင်က စကား မပြောသေးသမျှ ကာလပတ်လုံး အသက် ဝင်လာခြင်း မရှိသေးပါဘူး ။ ဇာတ်ကောင်က သူ့ စရိုက်နဲ့အညီ စကား ပြောပြီ ဆိုရင်တော့ အဲဒီ ဇာတ်ကောင်ဟာ စာမျက်နှာပေါ် က ခုန်ထွက်လာပြီး စာဖတ်သူ ရင်ထဲမှာ သက်ရှိ ဇာတ်ကောင် တစ်ယောက် ဖြစ်သွားပါပြီ ။ ဇာတ်ကောင် တစ်ယောက် ပြောစကား က သူ့စရိုက် ဘယ်လို ရှိတယ် ဆိုတာကို ဖော်ပြတဲ့အပြင် သူ ဘယ်သူလဲ ၊ သူဟာ သစ္စာရှိတဲ့သူလား ၊ သစ္စာမဲ့တဲ့သူလား ၊ စိတ်ဓာတ်တက်ကြွသူလား ၊ စိတ်ဓာတ်ကျနေသူလား ဆိုတာ သိနိုင်ပါတယ် ။ ဒါကြောင့်လည်း စာရေးဆရာကြီး ဟဲမင်းဝေး က “ ပြပါ ၊ မပြောနဲ့ ” လို့ ပြောစမှတ် ပြုခဲ့တာပေါ့ ။
ကျွန်တော် ရေးခဲ့တဲ့ The Luckiest Man in the World ဝတ္ထု မှာ မက္ကဆီကန် တော်လှန်ရေးသမား Emiliano Fortunato က သူ့ဇာတိ ဖြစ်တဲ့ တောင်ပေါ် က ရွာကလေး တစ်ခုကို ပြန်လာခဲ့ပါတယ် ။ သူ ဟာ ကံအကြောင်း မလှတဲ့ တော်လှန်ရေးသမားများ ထဲက တစ်ဦးတည်း အသက်ရှင် ကျန်ရစ်ခဲ့သူ ဖြစ်ပါတယ် ။ Emiliano က သူ့ အမေကို ပြောပြရာမှာ “ အမေ သိမှာ မဟုတ်ဘူး ၊ စစ်ပွဲက ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဆိုတာ ။ ကျွန်တော် သတ္တိပြောင်ပြောင်နဲ့ ဘယ်လို တိုက်ခဲ့သလဲ ဆိုတာကိုလည်း အမေ သိနိုင်စရာ မရှိဘူး ။ တစ်ခါတစ်ခါတော့လည်း အမေရယ် ... ကျွန်တော့်ကိုယ် ကျွန်တော် အသက် မသေအောင် မကာကွယ် ဖြစ်ခဲ့ရင် ကောင်းမှာပဲလို့ တွေးနေမိတယ် ” လို့ ပြောခိုင်းလိုက်ပါတယ် ။
သူ့ ရှေ့ပိုင်းမှာ စစ်ပွဲ ဟာ တစ်ဖက်သတ် ရှုံးနိမ့်တဲ့ စစ်ပွဲ ဖြစ်ကြောင်း ၊ Emiliano ဟာ လည်း စစ်ပွဲအတွင်းမှာ ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်ခြင်း မရှိဘဲ သူ့ အသက်မသေအောင်သာ ပုန်းအောင်းနေခဲ့သူ ဖြစ်ကြောင်း ရေးပြခဲ့ပြီး ဖြစ်တာကြောင့် ဒီစကားပြောကို ဖတ်နေတဲ့ အချိန်မှာ စာဖတ်သူက ဒီကောင်ဟာ ညာနေတဲ့သူ ဖြစ်တယ် ဆိုတာကို သူ့ အလိုလို သိသွားပါတယ် ။ အဲဒီလို မဟုတ်ဘဲ စာရေးဆရာ ဖြစ်တဲ့ ကျွန်တော် က Emiliano Fortunato ဟာ လူလိမ် လူညာ တစ်ယောက် ဖြစ်တယ် ။ သူ့ကိုယ်သူ သနားညှာတာတတ်သူ ဖြစ်တယ် ” အစရှိတဲ့ စကားလုံးများနဲ့ ဒီဇာတ်ကောင်ရဲ့ အကြောင်းကို ပြောပြတာထက် စာရင် စကားပြောနဲ့ ပြောလိုက်ခြင်းက စာဖတ်သူကို သူ့အလိုလို သဘောပေါက် သွားစေပါတယ် ။ ဒီနည်းနဲ့ ကျွန်တော်က ဆရာကြီး ဟဲမင်းဝေး ရဲ့ “ မပြောနဲ့ ၊ ပြပါ ” ဆိုတဲ့ စည်းကမ်းချက်ကို အကောင်အထည် ဖော်ပြီးသား ဖြစ်သွားပါတယ် ။
◾အသံ အနိမ့်အမြင့် နဲ့ စိတ်ခံစားမှု
စကားပြောက ဇာတ်ကောင်ရဲ့ စရိုက်ကို ဖော်ပြနိုင်တဲ့အပြင် သူ့ စကား အနိမ့် ၊ အမြင့် ၊ အတက် ၊ အကျကို စာဖတ်သူက သူ့အလိုလို ခံစားနိုင်တဲ့အပြင် သူ့ရင်တွင်း ခံစားချက် ဘယ်လိုရှိမယ် ဆိုတာ ကိုလည်း အလိုလို သိလာစေပါတယ် ။ ဇာတ်ကောင် တစ်ယောက်က လူအများနဲ့ အမေးအဖြေ လုပ်နေတယ် ဆိုပါစို့ ။ မေးခွန်းတွေ တစ်ခုပြီး တစ်ခု ဖြေနေရတယ် ။ အဲဒီလို အခါမျိုးမှာလည်း ဇာတ်ကောင်ရဲ့ ရင်ထဲမှာ စိတ်လှုပ်ရှားမှု ဖြစ်နေမယ်ဆိုတာကို စာဖတ်သူ ခံစားလို့ ရလာအောင် ရေးဖွဲ့လို့ ရပါတယ် ။ စာရေးသူက နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် ရေးဖွဲ့နိုင်မယ်ဆိုရင် စာပိုဒ်ရှည် တစ်ပိုဒ်ရေးလည်း စာဖတ်သူက စိတ်ဝင်တစား ဖတ်မှာပါ ။ စာမျက်နှာတွေ တစ်ရွက်ပြီး တစ်ရွက် ဖတ်သွားဦးတော့ သူ့အာရုံက လွတ်ထွက်သွားမှာ မဟုတ်ပါဘူး ။ အဲဒီလို မဟုတ်ဘဲ စာပိုဒ်တိုများ နဲ့ ရေးမယ် ဆိုရင်လည်း အာရုံကို ဖမ်းစားနိုင်ပါတယ် ။ လူအများ တစ်ယောက် တစ်ပေါက် စကားပြော နေကြတဲ့ ခန်းမထဲမှာ တစ်စုံတစ်ယောက်က အသံ ခပ်ကျယ်ကျယ် နဲ့ အော်လိုက်မယ် ဆိုရင် တစ်ခန်းလုံး ငြိမ်သက်ပြီး အာရုံက သူ့ဆီကို ရောက်သွားတာမျိုးပေါ့ ။
ကျွန်တော် ရေးခဲ့တဲ့ Trash Woman ဆိုတဲ့ ဝတ္ထုထဲက စာတစ်ပိုဒ် ကို ဥပမာ ပြချင်ပါတယ် ။ ဒီဝတ္ထုမှာ ဝါရင် လို့ ခေါ်တဲ့ အမှိုက်သိမ်းသမား နဲ့ ရှာရွန် လို့ အမည်ရတဲ့ သူ့ ဇနီးတို့ မနက်ခင်း တစ်နေ့ မှာ လုပ်ငန်းခွင် စကြဖို့ ပြင်ဆင်နေပါတယ် ။ အဲဒီ နေ့မှာ စာဖတ်သူများ သိအောင် အခြေအနေ တစ်ရပ်ကို ကျွန်တော် ရေးပြထားခဲ့ပါတယ် ။ ဒီနေ့အတွက် ရှာရွန် က အမှိုက်ကားကို မောင်းမှာ ဖြစ်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဝါရင် နဲ့ တွဲပြီး အလုပ် လုပ်တဲ့ လူတစ်ယောက်က မတော်တဆ ထိခိုက်မှု ဖြစ်သွားတဲ့ အတွက် ဒီနေ့ မလာနိုင်လို့ ရှာရွန် က ဝင်ကူမှာပါ ။ ထိခိုက်မှုနဲ့ ပတ်သက်လို့ ဝါရင် က သူ့မှာ တာဝန်ရှိတယ်လို့ ခံယူထားပါတယ် ။ ဒါပေမဲ့ ဝါရင် ရဲ့ အဲဒီ စိတ်ခံစားမှုက သူ့ မိန်းမ နဲ့ ဆက်ဆံရေးမှာ ဘယ်လို သက်ရောက်မှု ရှိတယ် ဆိုတာကိုတော့ ကျွန်တော်တို့ မသိသေးပါဘူး ။ မြင်ကွင်းတစ်ခုမှာ ဝါရင် က သူ့မိန်းမ မောင်းလာတဲ့ ကား ဘေးကနေ တွယ်ပြီး လိုက်လာပါတယ် ။ ပထမဆုံး အမှိုက် သိမ်းရမယ့် နေရာ ရောက်တော့ ဝါရင် က ဆင်းလိုက်တယ် ။ ဒီအခါမှာ ရှာရွန် က စ မေးပါတယ် ။
“ ရှင့်ကိုယ်ရှင် သွေးခဲပြီး သေအောင် လုပ်နေတာလား ”
“ မောင်းမှာသာ မောင်းစမ်းပါကွာ ”
“ ရှင် အထဲဝင်ထိုင်ပါလား ”
“ မောင်းစမ်းပါကွာ ၊ မင်း တော်တော် စကားများတာပဲ ”
“ ရှင့်ကိုယ်ရှင် လူငယ်ကလေးများ အောက်မေ့နေသလား ”
“ ဘုရားသခင် အလိုတော်ပါကွာ ... ရှာရွန် ရာ ”
ဝါရင် က သူ့ကိုယ်သူ လေကွယ်အောင် ကြိုးစား နေရာကနေ ပြောလိုက်ပါတယ် ။
“ မင်းပါးစပ် ပိတ်ပြီး မမောင်းနိုင်ဘူးလား ”
လင်မယား နှစ်ယောက် အပြန်အလှန် စကားပြောတာကို ရေးဖွဲ့ထားတာပါ ။ ဒါပေမဲ့ ဒီစာပိုဒ်ကို လေ့လာလိုက်ရင် ပထမအချက် တွေ့နိုင်တာက ရှာရွန် ရဲ့ စကားများတတ်ပုံ စရိုက်ဖြစ်ပါတယ် ။ ဒုတိယ အချက်ကတော့ လင်မယား နှစ်ယောက် ကြားမှာ တင်းမာမှု ပေါ်ပေါက်နေတယ် ဆိုတာကို ဖော်ပြ နိုင်ပါတယ် ။ ဒါကို ဖတ်ခြင်းအားဖြင့် စာဖတ်သူများကလည်း အခြေအနေကို နားလည်သွားနိုင်ပါတယ် ။
◾ဇာတ်ကြောင်းကို ရွေ့လျားသွားစေတဲ့ ဇာတ်ကွက်
တကယ်လို့ ဇာတ်ကောင်များရဲ့ အပြန်အလှန် ပြောစကား စာပိုဒ် တစ်ခုက ဝတ္ထုဇာတ်ကြောင်းကို အသက်ဝင်လာစေတဲ့ အပြင် ဇာတ်လမ်းကို လည်း ရှေ့ဆက် ရွေ့လျား သွားစေတယ် ဆိုရင် ဒီဝတ္ထုဟာ အောင်မြင်တဲ့ ဝတ္ထုဖြစ်ပါတယ် ။ စာဖတ်သူကို ဝတ္ထုရဲ့ အမြင့်ဆုံး အထွတ်အထိပ်သို့ ခေါ်ဆောင် သွားနိုင်ပါလိမ့်မယ် ။ ဇာတ်ကွက်ဟာ စကားပြော ပြီးရင် ဝတ္ထုဇာတ်လမ်းမှာ တတိယမြောက် အရေးပါတဲ့ အချက် တစ်ခု ဖြစ်လာပါတယ် ။
စကားပြေ နဲ့ ရေးသားခြင်း အားဖြင့် ဇာတ်လမ်းကို အလွယ်တကူ ရှေ့ရောက် သွားအောင် တွန်းပို့နိုင်ပေမယ့် ဇာတ်ကောင်များရဲ့ စကားပြောနဲ့ ဇာတ်လမ်းကို သိစေခြင်းက ပိုပြီး အရာရောက်ပါတယ် ။ ဇာတ်ကောင်များရဲ့ စကားပြောက စာဖတ်သူများကို ဇာတ်လမ်းနဲ့ ပတ်သက်ပြီး လေ့လာစူးစမ်းလိုစိတ် ပိုမို ပေါ်ပေါက်စေပါတယ် ။ တချို့နေရာများမှာ စကားပြောများက ဇာတ်လမ်းရဲ့ အရှိန်ကို ကျသွားစေပါတယ် ။ ဒါပေမဲ့ စာဖတ်ပရိသတ်ကိုတော့ ဇာတ်ကောင်များရဲ့ လှုပ်ရှားမှု နဲ့ ပတ်သက်ပြီး ပိုမို နီးကပ် လာစေပါတယ် ။ ဇာတ်အရှိန် ကျသလိုလို ရှိသွားပြီးမှ စာရေးဆရာက စာဖတ်သူ မမျှော်လင့်ထားတဲ့ အချိုးအကွေ့ကို ပြောင်းလဲ လိုက်မယ်ဆိုရင် စာဖတ်သူက ပိုမို အံ့သြသွားစေမှာ ဖြစ်ပါတယ် ။ စကားပြော ရဲ့လုပ်ဆောင်ချက် နှစ်ခု ဖြစ်တဲ့ ဇာတ်လမ်းကို ရွေ့လျားသွားစေခြင်း နဲ့ အချိုးအကွေ့ ပေါ်ပေါက်စေခြင်း တို့ဟာ သီးခြားစီလို့ ဆိုလို့ရပေမယ့် တသီးတခြား ခွဲခြားလို့မရနိုင်တဲ့ အခါတွေလည်း ရှိပါတယ် ။
အောက်မှာ ဖော်ပြထားတဲ့ ဥပမာ နှစ်ခုက ကျွန်တော် ရေးသားခဲ့တဲ့ The Luckiest Man in the World ဝတ္ထုထဲက ဖြစ်ပါတယ် ။ ဒီ စကားပြော နှစ်ခုက ခုနက ကျွန်တော် ပြောတဲ့ ရည်မှန်းချက် နှစ်ခုစလုံးကို ပေါက်မြောက်စေတာကို တွေ့ရပါမယ် ။
“ မာရီယာ ကလေးမွေးတော့မယ် ”
Emiliano က အော်ပြောလိုက်တယ် ။ မျက်နှာတစ်ခုလုံး နီရဲနေပြီး အသက်ရှူသံ လည်း မမှန်ဘူး ။ သူ့ မျက်လုံးတွေကလည်း သောကစိတ် နဲ့ ပြူးကျယ်နေတယ် ။
“ မြန်မြန် လုပ်ပါဗျာ ၊ ကျေးဇူးပြုပြီး ”
Emiliano က ဆရာဝန်ကို လောဆော် လိုက်တယ် ။
Sevilla က တည်တည်ငြိမ်ငြိမ် ပြုံးလိုက်ပြီး “ ဘာဖြစ်လို့လဲ ” လို့ မေးလိုက်ပါတယ် ။
“ ဘာဖြစ်လို့လဲ ဟုတ်လား ။ ဘုရား ကယ်တော်မူပါ ။ ခင်ဗျားကို ကျွန်တော် ပြောပြီးပြီလေ မာရီယာ ကလေး မွေးတော့မယ်လို့ ”
“ ဒီတော့ ... ”
Sevilla က မေးလိုက်တယ် ။
“ ဒီတော့ ဆိုတာက ဘာအဓိပ္ပာယ်လဲ ။ ခင်ဗျား လိုက်မှာလား မလိုက်ဘူးလား ။ မာရီယာ က ခင်ဗျားကို အရေးပေါ် လိုအပ်နေတယ်ဗျ ”
ဒီ စာမျက်နှာ မတိုင်ခင် က စာပိုဒ်များမှာ အေးအေးဆေးဆေးပါပဲ ။ ဒါပေမဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ စာပိုဒ်များကတော့ ဇာတ်ကြောင်းကို အရေးပေါ် အခြေအနေ ဖြစ်နေပြီ ဆိုတာ ပေါ်လွင် သွားစေပါတယ် ။ အဲဒီ စာပိုဒ် နဲ့ အောက်မှာ ဖော်ပြထားတဲ့ စာပိုဒ်ကို နှိုင်းယှဉ် ကြည့်စေချင်ပါတယ် ။
“ မာရီယာ ကတော့ ရူးနေပြီ ထင်တယ် ”
Emiliano က Rosarita ကို ခပ်တိုးတိုး ပြောလိုက်တယ် ။ သူ့ပုံစံက လျှို့ဝှက်ချက် တစ်ခုကို ပြောနေသလိုပါပဲ ။
“ သူ့စိတ်က ဂနာမငြိမ် ဖြစ်နေတာ ။ သူ့အတွက် တခြားနေရာ တစ်ခုကို ရှာပေးမှ ဖြစ်မယ် ။ အဲဒီ နေရာကို ကိုယ် လည်း မင်း နဲ့ အတူ လာနေမှာပေါ့ ။ အဲဒီအခါကျရင် တို့နှစ်ယောက် က ဘုရင် နဲ့ မိဖုရား လိုပေါ့ ”
Emiliano က Rosarita ရဲ့ နံဘေးမှာ လှဲအိပ်လိုက်ပြီး သူမရဲ့ လည်တိုင်ကို ပွတ်သပ်နေတယ် ။
ဒီလိုနည်းနဲ့ ကျွန်တော်က Emiliano ရဲ့ စရိုက်များကို ဖော်ကျူးခဲ့တာ ဖြစ်ပါတယ် ။
အချုပ် ပြောရရင်တော့ ဇာတ်ကောင် တစ်ယောက်ရဲ့ စကားပြောများဟာ အသံနဲ့ သာမက အနိမ့်အမြင့် အတက်အကျများနဲ့ပါ စာဖတ်သူကို ဖမ်းစားနိုင်ရပါမယ် ။ ဒီလို ဖမ်းစားရာမှာ ကျွမ်းကျင်နိုင်နင်းသူများက စာပိုဒ် တစ်ပိုဒ်လုံးအနေနဲ့ ရေးသားနိုင်ပြီး ကျွမ်းကျင်မှု မရှိသူများကတော့ အပိုဒ်ငယ်များနဲ့ ရေးသားနိုင်ပါတယ် ။ အဓိကကတော့ ဇာတ်ကောင်ရဲ့ လှုပ်ရှားမှုကို စာဖတ်သူ မြင်သာစေရမှာ ဖြစ်တဲ့ အပြင် ဇာတ်လမ်း ဇာတ်ကွက်ကိုလည်း ရှေ့သို့ ရွေ့လျား သွားစေရမှာ ဖြစ်ပါတယ် ။
••••• ••••• •••••
ကမ္ဘာကျော် စာရေးဆရာ တစ်ဦးရဲ့ အကြံပြုချက် ဖြစ်ပါတယ် ။ စာရေးချင်သူများ အနေနဲ့ စကားပြောဟာ ဘယ်လောက် အရေးပါတယ် ဆိုတာ သတိချပ်စေချင်လို့ ဒီ ဆောင်းပါးကို ပြန်ဆိုဖော်ပြလိုက်ခြင်းပါ ။ ကျွန်တော် ဖတ်ရတဲ့ ရွှေအသစ် တချို့ရဲ့ စာမူများက စကားပြော မပါဘဲ တောက်လျှောက် စာရေးဆရာကသာ ဇာတ်လမ်းနဲ့ ဇာတ်ကောင်စရိုက်ကို ပြောပြသွားတာတွေ တွေ့ရပါတယ် ။ ဆင်ခြင်နိုင်အောင်လို့ပါ ။
⎕ ဝင်းငြိမ်း
📖ရွှေအမြုတေ မဂ္ဂဇင်း
၂ဝ၁ဝ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ
No comments:
Post a Comment