❝ ကဖေးဆိုင်လေးသို့ ❞
🇴 မောင်ကိုကို ( အမရပူရ )
( ၁ )
မှောင်ရီစ ပြုပြီ ။ မီးခလုတ်များကို ဖွင့်နေကြပြီ ။ အိမ်များ အတွင်း၌ လျှပ်စစ်မီး၏ အလင်းရောင်များဖြင့် ကြည်လင်လာသည် ။
အမေ့အိမ် တံခါးဝမှ အပြင်ဘက်သို့ ရဲထွဋ် ထွက်လိုက်သည် ။ အိမ်ပေါက်မှ အပြင်ဘက်သို့ ထွက်လျှင် ထွက်ချင်း ၊ လမ်းမပေါ် သို့ တိုက်ရိုက်မရောက်နိုင် ။ အမေ့အိမ်ရှေ့တွင် အိမ်ကြီးတစ်အိမ်ကို ကျော်ဖြတ်ရ၏ ။ ထို အိမ်ကြီးမှ လူ တစ်ယောက်စ နှစ်ယောက်စနှင့် မျက်နှာ ချင်း ဆုံတတ်ရသေး၏ ။ ဤအနေအထားကို ရဲထွဋ် မနှစ် သက် ။ မလိုလား ။
ရဲထွဋ် နေထိုင်သော အိမ်ရှေ့တွင် မဟော်ဂနီရွက်လှပန်းပင်တွေရှိနေစေချင်သည် ။ ဝေဆာရွှန်းစိုလျက် ။ ရွက်လှပန်းပင်တွေကို ဆေးအဖြူ သုတ်ထားသော ပန်း အိုးများထဲ၌ စနစ်တကျ ထည့်၍ စိုက်ပျိုး ထားခဲ့ရမည် ။ ရွက်လှပင်၏ သစ်ရွက်ညိုနီစိမ်းပြာတို့သည် လူသား၏ အမြင်အာရုံကို ကြည်လင်စေမည် ။ လူသား လိုအပ်သော အောက်ဆီဂျင်ဓာတ်ကိုလည်း လုံလောက်စွာ ထုတ်လွှတ်ပေးမည် ။ သန့်ရှင်းစင်ကြယ်သည့် လေကို လူသား ရှူရှိုက်နိုင်ဖို့ ရွက်လှပင်တွေက ကူညီကြမည် ။
ရွက်လှပင်တွေကို ကျော်လွန်သောအခါ ခရမ်းရောင် ၊ ပန်းနုရောင် ၊ အဖြူရောင်အပွင့်များ ရောစပ်ပွင့်ဝေသည့် စက္ကူပန်းရုံ ထူထူထဲထဲလေး ရှိနေစေချင်သည် ။ ထောင့်နား၌ ရေကန်လေး တစ်ကန် ။ ကျောက်ဖြူသားဖြင့် ပြုလုပ်ထားသည် ။ ရေကန်ထဲသို့ အပေါ် ရေပိုက်ခေါင်းမှ တစ်ဆင့် ရေပန်းတွေ ဖြာကျ နေမည် ။ ရေကန် အနီးတွင် ယူကလစ်ပင်ပျိုလေး တစ်ပင် ။ ယူကလစ်ရနံ့ ကား လူသား၏ ရင်ခုန်မှုကိစ္စအတွက် သင်းမြနေလိမ့်မည် ။ ယူကလစ်ပင်၏ အနီးတစ်ဝိုက်၌ နှင်းဆီပန်းခင်း ။ နှင်းဆီ ၏ ထုံယစ်မွှေးမြရနံ့သည် လူ့ နှလုံးသားကို ဆွတ်ချူ နေလိမ့်မည် ။
အိမ်ရှေ့ဥယျာဉ်ငယ် ဖွဲ့စည်းထားမှုကို မျဉ်းသားပိုင်းခြားထားသည့် အထိမ်းအမှတ် အဖြစ် ဝင်းကလေး ခြံကလေးကို သပ်ရပ်စွာ ခတ်ထားရမည် ။ ခြံဝင်းကို အပြာနုရောင် ဆေးပါးပါးဖြင့် ခြယ်သထားရမည် ။ ခြံဝင်း ရှေ့တွင် လူသူလေးပါး သွားလာသော လမ်းရှိနေရ မည် ။ ကမ္ဘာကျော် ရိုးစရွိုက်ကားများ ဥဒဟို ဖြတ်သန်း နေသော နိုင်လွန်ကတ္တရာ လမ်းမကျယ်ကြီး မဟုတ်ခဲ့လျှင်လည်း ရှိပါစေ ။
လမ်းကလေးသည် ကျောက်စရစ်ခင်းလမ်းကလေး ဖြစ်နေရမည် ။ သို့သော် ညက်ရမည် ။ သိပ်သည်းမည် ။ ပြန့်ပြူး ညီညာရမည် ။ အတန်အသင့် ကျယ်မည် ။ ထိုလမ်းကလေးပေါ် ၌ ကျောင်းကို သွားမည့် ကျောင်းသား ကျောင်းသူလေးတွေ ၊ စက်ဘီးလေးတွေ ကိုယ်စီ နင်းသွားကြသည်ကို တွေ့ချင်၏ ။ အဖြူ နှင့် အစိမ်းကို ပျိုမျစ်သူတို့ ကိုယ်ပေါ် မှာ ဆင်ယင်ထားခြင်းသည် တင့်တယ်လှပ၏ ။ ဤသည်မှာ ရဲထွဋ် ၏ ရင်ကို စိမ်းစို လန်းဆန်းစေ၏ ။ သည်ကိစ္စအတွက် တစ်စုံ တစ်ယောက်ကို ကျေးဇူး တင်ချင်သည် ။
နောက်ပြီး တောလက် ကျေးရွာတစ်ရွာ မိန်းကလေးတစ်ဦး ။ အပြောအဆို ၊ အမူအရာ ၊ အဇ္ဈတ္တ ဆိုင်ရာ လွန်စွာ ရိုးသားဖြူစင်သည် ။ ထို မိန်းကလေးသည် ရပ်ကွက်အတွင်းသို့ ပန်းရောင်းရန် လာလေသည် ။
မိန်းကလေးသည် ...
“ ဟောသည်က ပန်းသည်ရှင့် ၊ အောင်သပြေတွေ လှတယ် ။ စံပယ်တွေ မွှေးတယ် ။ နှင်းဆီတွေ အပွင့်ရဲတယ် ။ မြတ်လေးပန်းတွေလည်း ပါတယ်နော် ” ဟု အသံလွင်လွင် အော်ဟစ်လျက် ၊ ရဲထွဋ် တို့အိမ်ရှေ့ လမ်းမပေါ် မှာ ဖြတ်သန်းသွားမည် ။ ထို လမ်းမပေါ် ရှုခင်းလေးများ အားလုံးကို ရဲထွဋ် သည် ယူကလစ်ပင်ပျို အောက်မှာ ထိုင်လျက် ကြည့်နေချင်သည် ။ အလွန်တရာ ကြည် နူးဖွယ်ရာ ကောင်းသော နံနက်ခင်းကလေး ။ ဒါကို ရင်ထဲ ထည့်သွင်းသိမ်းဆည်း ထားလိုက်ခြင်းဖြင့် တစ်နေ့တာလုံး အားရှိစွာ နေထိုင်သွားနိုင်မည် ။
သို့သော် ယခုမူ ရဲထွဋ် သည်အိမ်ကြီး တစ်အိမ်ကို ကျော်ဖြတ်ပြီးမှသာ လမ်းမပေါ် သို့ ရောက်နိုင်၏ ။ နောက်ပြီး ရဲထွဋ် အခု မျက်မှောက်ပြု နေရသောအချိန်သည် နံနက်ခင်း လည်း မဟုတ်ပြီ ။ ညဦး နွမ်းလျရီဝေစွာ ခံစားနေရသည့် မိတ်ဆွေ မဆန်သော ညဦး ။ ဖွဲ့တည်ဆဲ ရင်တွင်း ခံစားမှုနှင့်သာ တိုင်းတာ ပြောဆိုရမည်ဆိုလျှင် စိမ်းကားသော ညဦး ။ ရက်စက်ဖို့ အားယူနေသော ညဦး ။
( ၂ )
စိတ်သဘောချင်း အတန်အသင့် ညီညွတ်နိုင်မည့် သူငယ်ချင်းတစ်ယောက်နှင့် အတူ ၊ လက်ဖက်ရည်ဆိုင် တစ်ဆိုင်သို့ သွားထိုင်ရလျှင် ကောင်းမည် ။ ထိုအတွေးဖြင့် ရဲထွဋ် လမ်းပေါ် သို့ ရောက်လာ၏ ။ ပထမဦးစွာ သူငယ်ချင်း တစ်ယောက် အိမ်သို့သွား၏ ။ မတွေ့ ။ နောက်တစ်လမ်းသို့ ချိုးကွေ့ လိုက်သည် ။ ဒုတိယ သူငယ်ချင်း တစ်ယောက်၏ အိမ်သို့ ရဲထွဋ် ဝင်ပြန်သည် ။ မတွေ့ရပြန် ။
“ အခုလေးတင် အပြင် ထွက်သွားပြီ ”
သူငယ်ချင်း၏ ဖခင်က ပြောလိုက်သည် ။
လမ်းမပေါ် တွင် ရဲထွဋ် တစ်ယောက်တည်း လမ်း လျှောက်နေ၏ ။ စိတ်ထဲ ၌ မကျေမချမ်းဖြစ်သွား သလို ခံစားရသည် ။ သည် လူနှစ်ယောက်ကို မတွေ့ ခဲ့ရ၍ဖြစ်မည် ။ အို - ကိုယ်တိုင်က မှားတာပဲ ။ အဘယ်ကြောင့် ဝင်ခေါ် နေရသည်လဲ ။ ယခုလို တကူးတက သွားခေါ်ပြီးမှ မတွေ့ရသော အခါ စိတ်ထဲမှာ ကသိကအောက် ဖြစ် ရပြီ မဟုတ်လား ။ စိတ်သည် ခဏငယ်များ အတွင်း၌ တစ်စုံတစ်ရာ ရှုံးနိမ့်သွားသည် ။ အဘယ်ကြောင့် အဖော် လိုအပ်ရသနည်း ။ စိတ်က အခြား လူသား တစ်ယောက်အပေါ် မှီခိုအားပြုချင်သည့် သဘောပင်လော ။ အားပြုဖို့ မလို ။ မည်သည့်အရာကိစ္စမဆို တစ်ကိုယ်ရည် အင်အားနှင့် ရင်ဆိုင်နိုင်ရမည် ။ ဟောအခု ရဲထွဋ် လမ်းမပေါ်မှာ တစ်ကိုယ်တော် လမ်းလျှောက်နေသည် ။ တို့ ဘယ်ကိုသွားကြမည် ။ တို့ ဘယ်မှာ ထိုင်ကြမည် ။ မည်သူနှင့်မျှ အဖော်ညှိရန် မလို ။ ဗဟုဝုစ်ကိန်းကို အသုံးပြုရန် မလို ။ လွတ်လပ်သည် ။ သူငယ်ချင်း ၊ မိတ်ဆွေ ၊ အပေါင်းအသင်း ဆိုသည်မှာ အနှောင်အဖွဲ့ တစ်မျိုးပင် ဖြစ်၏ ။ မိမိ၏ သီးခြားဆန် ၊ တန်ဖိုးရှိ အချိန်များကို သူတို့တွေက ပြုန်းတီးပျက်စီးစေနိုင်သည် ။ သေလွန်ပြီး ဝိညာဉ် ပျံသန်းထွက်ခွာ သောအခါ သူငယ်ချင်း လိုက်ပါ၍ ရနိုင်မည်လား ။
“ သူငယ်ချင်း ” ဟူသော ဝေါဟာရ၏ အနက် အဓိပ္ပာယ်ကို ရဲထွဋ် စူးစမ်းကြည့်မိ၏ ။ သူငယ်ချင်း ဟူသော ဝေါဟာရ၏ အောက်တွင် အချက်အလက် တစ်ချို့ ရှိနေရမည် ။ ငယ်စဉ် ကတည်းက ချစ်ခင်ရင်းနှီးစွာ ပေါင်းဖော်ခဲ့သူ ။ ရင်းနှီး ကျွမ်းဝင်သော မိတ်ဆွေ ။ တစ်ယောက်၏ ကောင်းကျိုးကို တစ်ယောက်က လိုလားမည် ။ တစ်ယောက်၏ ဒုက္ခကို တစ်ယောက်က ဖေးကူ သက်သာစေမည် ။ ထိုအချက်တွေ ခြုံငုံသက်ရောက်နေမှုကို သူငယ်ချင်းဟု ခေါ်သည်ဆိုပါစို့ ။ သို့ဖြစ်လျှင် ရဲထွဋ် ၌ သူငယ်ချင်း ရှားပါးလှချေ၏ ။ ငယ်စဉ်က ကစားဖော် ကျောင်းနေဘက် သူငယ်ချင်းတစ်ဦးသည် ယခု နွားလှည်းမောင်းနေ၏ ။ နောက်တစ်ဦးက အဝေးပြေးကားမောင်း နေသည် ။ ကောင်မလေး တစ်ယောက်က အိမ်ထောင်ကျကာ ချမ်းသာလျက်ရှိ၏ ။ ဘဝတွေ ဝေးကွာသွားကြပြီ ။ လမ်းတွေ့ နှုတ်ဆက်ရုံမျှသာ ။ ငယ်စဉ်ကတည်းက ယခုထိ ဆက်လက် ပေါင်းသင်းနေဖြစ်သော သူငယ်ချင်း ရဲထွဋ် ၌ မရှိ ။
သည်မြို့အတွင်းမှာ ရဲထွဋ် လောလောဆယ် ဆက်ဆံနေသော လူငယ်မိတ်ဆွေ အသင့်အတင့် ရှိပါ၏ ။ ပြန်လည် စဉ်းစားကြည့်သော အခါ ထိုမိတ်ဆွေများ သည် ရဲထွဋ် နှင့် လမ်းပေါ် မှာ ၊ လက်ဖက်ရည်ဆိုင် မှာ ၊ ပွဲတော်တွေထဲ မှာ မတော်တဆ တိုးတိုက် ခင်မင်ခဲ့ကြသူများသာ ဖြစ်နေ၏ ။ တွေ့ကြစဉ် အခိုက် ၊ တစ်ယောက် နှင့် တစ်ယောက် ပြေလည်သင့်မြတ်ရုံ အဆင့်မျှသာ ရည်ရွယ်ပေါင်းသင်းခဲ့ကြ၏ ။ ပေါ့ပါးသည် ။ ရဲထွဋ် ၏ အတွင်းကျကျ ခံစားရမှု ကို သူတို့အား ပြောမပြဖြစ်ခဲ့ ။ ပြောပြထိုက်သူလည်း မရှိ ။ မရှိသည်ကို ရှာမနေချင် ။ ခုလို သူငယ်ချင်းရယ်လို့ သိပ်ပီပီသသ မရှိလှပဲ ၊ ကိုယ့်စိတ် နှင့် ကိုယ့်ကိုယ် နေထိုင်ရသည်ကိုက ကျေနပ်ဖွယ် ကောင်းနေ၏ ။ အနှောင်အဖွဲ့ မှ ကင်းလွတ်နေ၏ ။ သည်လိုပင် ဖြေသာအောင် ခံယူလိုက်သည် ။
( ၃ )
ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၂၅ဝ အမြင့် ရှိသော မြို့ကလေး အတွင်းက လမ်းပေါ် မှာ ရဲထွဋ် လမ်းလျှောက်နေသည် ။ တစ်ယောက်တည်း ။ အဖော်မဲ့ ။ ဟိုစဉ်ကလည်း သည်လိုပင် သည်မြို့ထဲက လမ်းတွေပေါ်မှာ မကြာခဏ တစ်ယောက်တည်း ဖြစ်ခဲ့ရဖူး၏ ။ သို့သော် ထိုသို့ဖြစ်ခဲ့ရသည်မှာ အိပ်မက်ထဲမှာလား ၊ တကယ်လား ၊ ဇဝေဇဝါ တွေး ကြည့်မိသည် ။ အိပ်မက်ထဲမှာ လိုလို ၊ လက်တွေ့ ရုပ်ကမ္ဘာထဲမှာ လိုလို ။ သည် လမ်းလေးပေါ် မှာ ယခင်ကလည်း သည်လို ခံစားမှုတွေနှင့် သည်အတိုင်း လမ်းလျှောက်ဖူးပါသည် ။ အဲ့ဒါ အိပ်မက်ထဲမှာလည်း ဖြစ်ဖူးမည် ။ လက်တွေ့ ရုပ်ကမ္ဘာထဲမှာလည်း ဖြစ်ဖူးမည် ။ အိပ်မက်နှင့် ဖြစ်ရပ်မှန်များသည် ရဲထွဋ် ၏ ဘဝခရီးထဲတွင် ရောထွေးနေသည် ။ မည်သို့ပင်ဖြစ်စေ အထီးကျန်သော ၊ အဖော်မဲ့သော ခံစားမှုတွေက ရဲထွဋ် ၏ ဘဝကို အစဉ် စိုးမိုးနေတတ်သည် ။
မင်းကသာ ပစ်မသွား ခဲ့ရင် ... ၊
မင်းက ပစ်ခွာမသွားခဲ့ဘူး ဆိုလျှင် ယခုလို အထီးကျန် ဖြစ်ချင်၍ပင် ဖြစ်ရမည်မဟုတ် ။
“ အစဉ်အမြဲကို တစ်ယောက်တည်းကိုပဲ ချစ်ပါတယ် ကိုရယ် ၊ တွေ့ခွင့်ရတဲ့ အခါတိုင်းမှာလည်း ကို့ကို အချစ်တွေ ပုံပေးပြီး ချစ်ခဲ့တယ် မဟုတ်လား ”
ချစ်သူ မစု ၏ စကားသံကို ပြန်လည် ကြားယောင်လာမိသည် ။ အချစ်တွေကို ဦးသစ်သော ရွှေစင်ကို ။ ဒါ ကို ကိုယ့်အတွက် ပေးအပ်လိုက်ပြီးသော အခါ မင်းက ကိုယ့် အပေါ် တစ်သက်စာ တာဝန် ကျေပွန်သွားပြီလား ။ သည်လိုပဲ မင်း ယူဆသလား ။
အချစ်ကို ပေးခြင်းသည် ဘဝကို ပေးခြင်းမမည် ။
ရဲထွဋ် ကမူ လောကကြီး ထဲမှာ ချစ်ရသူနှင့် နှစ်ယောက်အတူနေချင်သည် ။ ရှည်လျားသော ကာလများ အထိ နေချင်သည် ။ ဟောသည် လောကကြီး အတွင်းမှာ ကိုယ်တို့ နှစ်ဦး အတွက် ပျော်ရွှင်ဖွယ်ရာတွေ များစွာ ကျန်ရှိနေနိုင်သေးသည် ။ ကိုယ့် အတွက် ။ မင်း အတွက် ။ အချစ် မေတ္တာ အတွက် ။ မွေးဖွားလာမည့် သမီးလေး အတွက် ။ လောကကြီး၏ ကောင်းကျိုးတစ်စုံတစ်ရာ အတွက် ။ ကိုယ်တို့ နှစ်ယောက် အတူ လက်တွဲပြီး ဆောင်ရွက်ကြရမည် ။
နှစ်ယောက် အတူ ။ နှစ်ယောက် အတူဆိုလို့ ချစ်သူ ဘဝက တစ်ခါမျှ ရုပ်ရှင် အတူ မကြည့်ခဲ့ကြဖူးသည်ကို သတိရမိ၏ ။ လူအများရှေ့တွင် ပေါ်ပေါ်ထင်ထင် တွဲသွားတွဲလာ မဖြစ်နိုင်သော ချစ်သူ နှစ်ဦး ။ ချစ်သူ၏ လူကြီး မိဘတွေ မသိအောင် ချစ်ကြသော ချစ်သူ နှစ်ဦး ။ လူတွေကို ရှောင်ကွင်းလျက်သာ ချစ်ခွင့်ဖန်တီးကြရ၏ ။ သို့ဖြင့် လုံခြုံစိတ်ချရသော အာဝါသ မှာပင် နှစ်ယောက် အတူ ခိုလှုံတတ်လာကြရသည် ။ တိမ်းမူးမှောက်မှားတတ်လာကြသည် ။ အိမ်ကလေး တစ်လုံးထဲမှာ မကြာခဏ ချိန်းတွေ့ ဖြစ်ကြသည် ။
“ သမီးလေး လိုချင်တယ် မစုရယ် ၊ သမီးလေး အရွယ်ရောက်ရင် ကြည်အေး ကဗျာတွေ ပေးဖတ်ရမယ် ။ ခုကတည်းက ကြည်အေး ကဗျာတွေကို မဂ္ဂဇင်း အဟောင်းတွေထဲက ဖြတ်စုထားရမယ် ။ ကြည်အေး အပေါ် လူတစ်ယောက် နှစ်ယောက်က မလိုမလား စကားတွေ ပြောတတ်ကြ ပေမယ့် ကိုယ် တို့လူငယ်တွေ အများကြီးက သူ့ အနုပညာကို ချစ်ခင်လေးစားကြတယ် ”
ရဲထွဋ် က ပြောမိတတ်သည် ။
“ သမီးလေး တစ်ယောက် တည်း တော်ပြီလား ကို ရယ် ၊ သားလေးကော .. ၊ ဒဂုန်တာရာရဲ့ ကဗျာတွေ ချစ်မယ့် သားကလေး ကော .... ”
ချစ်သူက ပြုံးမြဲ အပြုံး ဖြင့် ပြန်မေးတတ်၏ ။ ထိုအခါ ရဲထွဋ် က ချစ်သူ၏ လည်တိုင်ဖွေးဖွေးကို နမ်းမွေး မိသွားသည်ချည်း ဖြစ်၏ ။ ရဲထွဋ်သည် ချစ်သူ၏ မျက်နှာကို တစိမ့်စိမ့် ကြည့်နေမိသည် ။ ချစ်သူသည် ခင်သန်းနု နှင့် တူ သလိုလိုပင် ။ ချစ်သူ သည် ခင်သန်းနု ကို အလွန် ကြိုက်ခဲ့စဉ် ၊ ရဲထွဋ် ကလည်း ခင်သန်းနု ကားတွေကို လိုက်ကြည့်ခဲ့ဖူး၏ ။ ပိတ်ကားပေါ် ရှိ ခင်သန်းနု ကို ကြည့်ရင်း ချစ်သူကို မြင်နေမိတတ်သည် ။ ခင်သန်းနု အရွယ်ရ ဝဖြိုးလာချိန်တွင် ချစ်သူ သည် ခင်သီတာထွန်း ကို ကြိုက်သည်ဟု ရဲထွဋ် ကို ပြောပြ၏ ။ ရဲထွဋ် သည် ခင်သီတာထွန်း ပါသည့် ကားတွေကို လိုက်ကြည့်တတ်ပြန်သည် ။ ချစ်သူ မစု ၊ ခင်သန်းနု ။ ခင်သီတာထွန်း ။ တွေ့ဆုံခဲ့ကြရာ အိမ်ကလေး ။ မြို့ကလေး၏ ပွဲတော်ည များ ။ ရဲထွဋ် သည် အားလုံး ကို သတိရနေမိတော့သည် ။
မင်းကသာ ပစ်မသွား ခဲ့ရင် ... ။
ဟုတ်သလား ။ ပစ်သွားခဲ့သည်ဟု ပြောမည်လား ။ ပစ်သွားသည်ဟု မစု ကို စွပ်စွဲ၍ရမည်လား ။ သေချာ စဉ်းစားကြည့်သည် ။ သေချာ စဉ်းစားကြည့်သော အခါ .…. ။
ချစ်သူက ပစ်ခွာသွားခဲ့သည် မဟုတ် ။
ချစ်သူက ရက်စက်စွာ ဆုံးဖြတ်သွားခဲ့သည် မဟုတ် ။
ချစ်သူသည် သူတို့ တစ်တွေ၏ ဇွတ် ဖန်တီးမှုကို ခံယူခဲ့ရခြင်းမျှသာ ဖြစ်၏ ။ မိန်းမသားဖြစ်သူ မစု အားနည်းတွေဝေချိန် ၊ မစုသည် လက်နက်ချ အညံ့ခံလိုက်ရခြင်းဖြစ်၏ ။
“ တစ်ဖက်က စေ့စပ်ဖို့ ကမ်းလှမ်းနေတဲ့အချိန် အထိကို ချိန်းတဲ့ နေရာတိုင်းမှာ မစု လာတွေ့ နေတာပဲ ၊ ဟိုဘက်ကို လက်မထပ် ဖြစ်မိအောင်လည်း မစု တဖြည်းဖြည်း အချိန်ဆွဲ ထားပါ့မယ် ”
ချစ်သူလက်ထပ် မသွားမီ တစ်လအလို ။ ရဲထွဋ် မိတ်ဆွေတစ်ဦး၏ အိမ်ကလေးထဲမှာ ချစ်သူ ပြောခဲ့သော စကား ။
တကယ်တမ်းတွင် ချစ်သူသည် အချိန်မဆွဲတော့ ။ သူတို့ တစ်တွေသည် ချစ်သူကို မိုင်ပေါင်း ငါးရာခန့် ဝေးကွာသော မြို့ကြီး တစ်မြို့သို့ ခေါ်ဆောင် သွားကြသည် ။ ထိုမြို့ ကြီးက ပြန် ရောက် လာတော့ ချစ်သူကို ရုတ်ခြည်း လက်ထပ် ပေးလိုက်ကြသည် ။ ရဲထွဋ် သိခွင့်မရလိုက် ။ မြို့ကလေးထဲက လူများ လည်း မသိလိုက်ကြ ။ တိုက်ထဲမှာပင် ကျိတ်ပြီး လက်ထပ်ပေး လိုက်ကြသည် ။ နောက်မှ ဟိုတယ်ခန်းမ၌ ဧည့်ခံပွဲ ကျင်းပ၏ ။
ချစ်သူ မြို့ကြီးမှ ပြန်လာချိန်၌ ချစ်သူ၏ ဗီရိုထဲ ရဲထွဋ် ပေးထားသော လက်ဆောင်ပစ္စည်းများ မရှိတော့ပြီ ။ သူတို့ တစ်တွေလည်း ရဲထွဋ် နှင့် ပတ်သက်သည့် အရာအားလုံး ကို ဖျောက်ဖျက်ပြီးနှင့်ပြီ ။ ရဲထွဋ် ပုဂံက ပြန်စဉ်က ချစ်သူအတွက် အမှတ်တရ ဝယ် လာသော ယွန်းထည်ကွမ်းအစ်လေး ။ ချစ်သူအတွက် မွေးနေ့လက် ဆောင် ကျောက်ဖြူသား ဆင်ရုပ်ကလေး ။ အားလုံးကုန် ပြီ ။ ဘယ်ဆီမှာ ဖျောက်ဖျက်ပစ်လိုက်ကြသနည်း ။ လက်ဆောင်ပစ္စည်းတွေထဲမှာ အသည်းနှလုံး၏ အစိတ်အပိုင်းတွေ ကိန်းအောင်းနေသည်ကို သူတို့ မသိကြဘူးလား ။ ကချင်လွယ်အိတ် အနီလေး ကျန်ရစ်ခဲ့သည် ကို နောင် လေးနှစ်ကြာမှ သိရ၏ ။ ချစ်သူသည် နောက်ဆုံးစာသင်နှစ် ထို လွယ်အိတ်အနီလေးကို နေ့စဉ် လွယ်ခဲ့၏ ။ လွယ်အိတ်ကလေးတွင် အမှတ်တရ စာတန်း ထိုး၍လား ။ ထို့ကြောင့်သာ ဖျောက်ဖျက်သည့် စာရင်းမှ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည် ။ “ ရဲထွဋ် မှ ချစ်သူသို့ အမှတ်တရ ” ဟူသော စာတန်းပါသည့် စာစောင်မှန်သမျှကို သူတို့ ဖျောက်ဖျက် ပစ်ကြသည် ။
ချစ်သူ၏ အသည်းနှလုံး ထဲမှာ ၊ ချစ်သူ၏ ရာဇဝင်ထဲမှာ ရဲထွဋ် ကျန်ရှိ မနေရစ်အောင် ကော သူတို့ မည်ပုံ ဖျက်ဆီးကြမည်နည်း ။
( ၄ )
တူရူမှ ခုံဖိနပ်သံလေးတွေ ရဲထွဋ် ရှိရာသို့ စုပြုံတိုးဝှေ့လာ နေကြသည် ။ အသက် ဆယ်နှစ်ကျော်စ ကလေးမလေးတွေ ။ အဝတ်လေးတွေက ခပ်နွမ်းနွမ်း ။ ထောင်ကျော်တန် ပိုး အချိတ်လုံချည် ရက်ရာ မှ ညစာစားရန် အလို့ငှာ အိမ်သို့ပြန်လာကြခြင်း ဖြစ်သည် ။ ထမင်းစားပြီးလျှင် ရက်ကန်းရုံသို့ သူတို့ သွားကြရပေဦးမည် ။ ကလေးတွေ အသက် အားဖြင့် အတော် ငယ်သေးတာပဲနော် ။ ငွေ ကို အလုပ်နှင့် ဖလှယ်နေတတ်ကြပြီ ။ ခါးသီးမှု ဆိုသည့် ဝေါဟာရကို သူတို့လေးတွေ နားရည် ဝအောင်ပင် ကြားဖူးကြဦးမည် မဟုတ် ။ ဘဝလေးတွေက ဦးစွာ ခါးသီးနေပြီလား ။
ကလေးများနှင့် ရဲထွဋ် သည် မျက်နှာချင်းဆိုင် ဆုံဆည်းလာကြ၏ ။ ကလေးတို့၏ စကားသံတွေက စည်စည်ဝေဝေ ။ သူတို့ မှာ အနေဆင်းရဲသည် ။ သို့သော် ဘဝ ကို ရဲထွဋ် လို စဉ်းစား ဆင်ခြင်နေကြမည် မဟုတ် ။ ဘဝအပေါ် မစဉ်းစားဘဲ နေခြင်းသည် စိတ်ဆင်းရဲမှု ကင်းလေစွ ။ ကိုယ့်ဘဝ အကြောင်း ကိုယ် စဉ်းစားလေလေ ကိုယ်ပဲ စိတ်ဆင်းရဲ လေလေ ဖြစ်မည် ။ သို့သော် ရဲထွဋ် ကား ဘဝကို စဉ်းစားချင်သူ ။ ကလေးများသည် ရဲထွဋ် ကို လွန်မြောက်သွားကြပြီ ။ ရဲထွဋ် ဘယ်အရပ်သို့ လျှောက်မည်နည်း ။ ပျော်ရွှင်မှုများ ရှိရာအရပ်ဒေသသို့ ရဲထွဋ် သွားလို၏ ။
“ အမေတို့ ငယ်တုန်းက သိပ် ပျော်တာပဲ သားရယ် ” ဟူသော အမေ့စကားသံကို ရံဖန် ပြန်လည် ကြားယောင် မိတတ်သည် ။ အမေ့စားပွဲတွင် နာရီလေးကား ဟောင်းနေပြီ ။ သား၏ လက်ပတ်နာရီသည် “ အယ်လဘာ ” ဓာတ်ခဲနာရီအသစ် ။ ဘယ်တူပါ့မလဲ ။ ပျော်ရွှင်မှု ။ ထို ဝေါဟာရ သည် ကမ္ဘာပေါ် မှာ အစဉ်တည်ရှိပါသလား ။ ဤမြို့လေးအတွင်းမှာ ကော ။ ရှိသလား ။ အမေ ပျော်ရွှင်ခဲ့ဖူးသော မြို့ကလေးအတွင်းမှာ ရဲထွဋ် သည် ဘာကြောင့် မပျော်ရွှင်နိုင်ရသည်လဲ ။ ဤမြို့ကလေးအတွင်းမှာ ရဲထွဋ် ဘယ်နှစ်ကြိမ် ဘယ်နှခါ ပျော်ရွှင်ဖူးပါသလဲ ။ အနီးကပ်ဆုံး ပျော်ရွှင်မှုကို ပြန်လည်ခေါ်ယူ ကြည့်မိ၏ ။
မြို့ကလေး၏ တစ်ခုသော ကထိန်ပွဲတော် ည ။ “ ကောင်းကင်ငှက်များ ” တီးဝိုင်း ။ ရဲထွဋ် သည် ထို ကထိန်ည၏ တီးဝိုင်းကလေးသို့ ရောက်ရှိသွားခဲ့ဖူး၏ ။ ပျော်ရွှင်မှုဆိုသည်ကို မူ လို့မျှပင် ရှူစရာ မရှိအောင် ဖြစ်နေသော ရဲထွဋ် ။ ထိုညက ပျော်ရွှင်မှုကို အမှန်တကယ် ခံစားခဲ့ရ၏ ။ အမှတ်ရသည် ။ မျက်နှာအမူအရာ မှင်ကောင်းသော ဘေ့စ်ဂစ်တာ တီးသူ၏ ဂစ်တာတီးဟန်ကို ကြိုက်၏ ။ အမျိုးသမီးအဆိုတော် တစ်ဦး၏ သီချင်းဆိုသံကို နှစ်သက်လှ၏ ။ ကောင်းကင်ငှက်များ တီးဝိုင်း တစ်ဖွဲ့လုံး၏ စည်းလုံးညီညွတ်မှု ၊ ပျော်ရွှင်တတ်ကြွမှု တို့ သည် ဂစ်တာသံ ၊ ဒရမ်သံ ၊ အော်ဂင်သံ ၊ သီချင်းသံတွေနှင့် အတူ ရဲထွဋ် ရင်ထဲသို့ ဖြတ်သန်း စီးဆင်းလာနေ၏ ။ ထိုညက တီးဝိုင်းတစ်ဖွဲ့လုံးလည်း ပျော်နေကြသည် ။ ရဲထွဋ် အပါအဝင် ပွဲကြည့်ပရိသတ် အားလုံးလည်း ပျော်နေကြသည် ။
ရင်ထဲမှာ ဂစ်တာသံ ၊ ဒရမ်သံ ၊ အော်ဂင်သံ ၊ သီချင်းသံ ၊ ပျော်ရွှင်မှုအသံ ၊ လူငယ်တွေအသံ ၊ လူငယ်တွေ အားလုံး သန့်ရှင်းစွာ ပျော်ရွှင်ကြပါစေ ။ အပြစ်ကင်းစွာ ပျော်ရွှင်ကြပါစေ ။ ခိုက်ရန်ဒေါသ ကင်းသော ၊ ငြိမ်းချမ်းသော ပျော်ရွှင်ခြင်းတို့ဖြင့် ပျော်ရွှင်ကြပါစေ ။
ထိုည ကုန်လွန်သွားပြီး နောက်ညတွေမှာလည်း ကောင်းကင်ငှက်များ တီးဝိုင်းရှိသည့် နေရာ ဒေသတွေသို့ ရဲထွဋ် လိုက်ကြည့်သည် ။ ပျော်ရွှင်မှုကို ထပ်မံ အလိုရှိလို့ပါ ။ ကောင်းကင်ငှက်များ တီးဝိုင်းသည် ရဲထွဋ် တို့ မြို့ကလေးထံသို့ တစ်နှစ်မှ တစ်ခေါက်သာ အနိုင်နိုင်ရောက်လာ တတ်၏ ။ ထို့ကြောင့် ၊ ရှစ်မိုင်ခန့် ဝေးသော ၊ ပို၍ မြို့ပြဆန်သော မြို့တစ်မြို့ကို တီးဝိုင်းအနံ့ ခံ၍ လိုက်ကြည့်သည် ။ အသွားတွင် ရထားနှင့် လိုက်သွား၏ ။ ပြန်ချိန်သည် သန်းခေါင် ကျော်ပြီ ။ ခြေကျင် လျှောက် ကာပြန်ရ၏ ။ သို့သော် ၊ ကထိန်ည တုန်းက ပျော်ရွှင်မှုမျိုးကို ကောင်းကင်ငှက်များ တီးဝိုင်းထံမှ နောက် တစ်ကြိမ် ထပ်မံ မရရှိတော့ ။ အဲဒါ ဘာကြောင့်မှန်းမသိ ။
“ မင်းကဗျာလေးတွေက ပျော်ရွှင်မှု နည်းတယ် ၊ နာကျင်မှု ကဲနေတယ် ” ဟု အစ်ကိုအရွယ် မိတ်ဆွေတစ်ယောက်က ဝေဖန်ဖူးသည် ။ နာကျင်မှုက ရင်ထဲမှာ အခံ ရှိနေပြီလေ ။ ကဗျာ ထဲ၌ နာကျင်ခြင်းတွေ အလိုလို ပါဝင် သွားတတ်၏ ။ ခွင့်လွှတ်ပါ ။ အသက် သုံးဆယ်ကျော် လူတစ်ယောက်၏ ရင်ထဲ၌ နာကျင်မှုတွေ ရှိနေသည် ။
အချစ်အတွက် သက်သက် မဟုတ်သော နာကျင်မှု ။ အချစ်သည် အရာအားလုံး ထဲမှ အစိတ်အပိုင်း တစ်ခုပင် ဖြစ်သည် ။ အချစ် လည်း နာ ။ အားလုံး နာ ။ အတ္တဆီမှာ ဒဏ်ရာဖြင့် နာကျင်နေသူသည် ရဲထွဋ် ဖြစ်နေရ၏ ။ ရဲထွဋ် သည် နာကျင် လျက်ပင် လမ်းလျှောက် နေရ၏ ။ သီချင်း ။ သီချင်းကို သတိရသည် ။ သီချင်း ဆိုချင်သည် ။ ခါးသီးမှုတွေထဲမှ အင်အားအသစ် ဖြစ်ထွန်းလာစေသော သီချင်းမျိုးကို ဆိုချင်သည် ။ ခရစ္စတိုဖာခရော့စ် ၏ Ride Like the Wind အမည်ရှိ သီချင်းလေးကို သတိရ၏ ။ ခက်တာက ထိုသီချင်း၏ စာသားတွေကို ရဲထွဋ် အလွတ်မရ ။ နောက်ဆို ကျက်ထားရမည် ။ နောက်တစ်ပုဒ် ။ ဟုတ်ပြီ ။ “ လမ်းဆက် လျှောက်မယ် ” ။ “ တံခါးများ ” အဖွဲ့ ၏ “ ဝိညာဉ်မီးဖို ” သီချင်း သံစဉ်လေးအတိုင်း မြန်မာစာသား သွင်း ထားသည့် “ လမ်း ဆက်လျှောက်မယ် ” သီချင်း ။ ရဲထွဋ် အလွန်ကြိုက်၏ ။ ခါးသီးမှုတွေကို သတိရစွာဖြင့် လမ်းမအနက် ပေါ် ရောက်တိုင်း ထိုသီချင်းကို စိတ်ထဲက ဆိုတတ်၏ ။
အခုည ။ စိတ်ဓာတ် ပေါက်ကွဲ ည ။ ရင်ထဲမှ သွေးများက လှိုက်လှဲ ဆူဝေစွာဖြင့် သီချင်းဆို နေသည် ။
“ ငါ့ကို မုန်းတာ ဘယ်သူတွေလဲ သိချင်စမ်း ၊ သွေးတွေ ဆူပြီ သိကြလား မိုးတိမ်နံရံ ဆုတ်ဖြဲပစ်ပြီး မြန်မြန်ဆန်ဆန် ပြေးမယ် … အဝေး ...”
( ၅ )
ညကောင်းကင်သည် မှောင်၏ ။ ခြေထောက်တွေ အောက် က မြေကြီးသည် ညည်းတွားနေသလား ။ ကိစ္စမရှိ ။ ဘာမျှ ကိစ္စမရှိ ။ ဈေးတိုးမြင့်လာမည့် စာမူခတွေ စုဆောင်းပြီး ဟွန်ဒါစီအိက်စ် ၄ဝဝ တစ်စီး ဝယ်စီးလို့ ဖြစ် သည် ။ မောင့်လပြည့်ဝန်း လို သီချင်းမျိုး ရေးသားခဲ့သူ သည် အနည်းဆုံး သိန်းကျော်တန် တိုက်တစ်လုံး ပိုင်ဆိုင် နေသင့်၏ ။ ရဲထွဋ် ကား လမ်းပေါ် ၌ လမ်းလျှောက်နေ ဆဲ ။ ဝန်းကျင် လူသံဆိတ်၏ ။ သည်လို ညမျိုးမှာ ခံစားမှု နှင့်အတူ နေလိုသည် ။ သို့သော် သည်လိုချည်း လမ်းပေါ် မှာ လမ်းလျှောက်နေ၍ လည်း မဖြစ် ။ တစ်နာရီ နှစ်နာရီ ခိုလှုံ၍ရသော နေရာ တစ်နေရာသို့ သွားချင်သည် ။ သွား ရမည် ။ သည်မြို့လေး ထဲမှာ နားခိုရာဆိုလို့ အိမ်ကလွဲလျှင် လက်ဖက်ရည်ဆိုင်ပဲ ရှိ၏ ။ ဟိုတုန်းက ညစဉ် ထိုင်နေကျ “ တီထွင်သူ သုံးဦး ကဖေးဆိုင် ” လေး ကို ရုတ်တရက် သတိရလိုက်မိ၏ ။
တစ်ချိန်တုန်းက ထို ကဖေးဆိုင်လေးတွင် ညစဉ်ထိုင်သည် ။ ဆိုင် အပေါက်ဝက ခုံလေး တစ်ခုံပေါ် မှာ အမြဲ သစ္စာ ရှိစွာထိုင်သည် ။ တစ်စုံ တစ်ယောက် သို့မဟုတ် တစ်စုံတစ်ခု အပေါ် မှာ သစ္စာ ရှိနေရခြင်းကို ရဲထွဋ် လိုလား ကျေနပ်၏ ။ ကဖေးဆိုင် ပိုင်ရှင်၏ သားအငယ် သည် အလွမ်းသီချင်းတွေကို ညစဉ် ဖွင့်တတ်သော အလေ့ရှိသည် ။
ရဲထွဋ် သည် ထို သီချင်းတွေကို နားထောင်လျက် နေရာ တစ်နေရာဆီသို့ လွမ်းဆွတ်နေ တတ်သည် ။ ည ရှစ်နာရီခွဲကျော်လျှင် ချစ်သူသည် တာဝန်ချိန်မှ ပြန်လာတတ်သည် ။ ရဲထွဋ် သည် ကဖေးဆိုင်လေး၏ ထိုင်နေကျ ထိုင်ခုံလေးမှာ ထိုင်လျက် ချစ်သူကို လွမ်းမောစွာ မျှော်လင့် စောင့်ကြိုရ၏ ။ ချစ်သူ က ကိုယ်ပိုင်ကားနှင့် ပြန်သည် ။ ရဲထွဋ် သည် ကဖေးဆိုင် ထိုင်ခုံလေး ပေါ် ကနေ ဟိုအဝေးက ကားမီးရောင်တွေကို ကြည့်ရသည် ။ ရင် အလွန် ခုန်၏ ။ ည အမှောင်ထဲမှာ ဟို အဝေးကြီးမှ ကားတွေ များစွာ လာနေပါစေ ။ ကားမီးရောင် မြင်ရုံနှင့် မည်သည့်ကားသည် ချစ်သူကား ဖြစ်ကြောင်း ရဲထွဋ် ချက်ချင်းသိ၏ ။ ချစ်သူကား၏ ဝါသော ရှေ့မီးရောင်ကို ရဲထွဋ်လုံးဝ မှတ်မိ၏ ။ အို ... ကားမီးရောင် မြင်ရုံနှင့်ပင် ရင်တွေ ခုန် နေတတ်သည် ။ ချစ်သူ ပြန်လာပြီ ။ ကောင်ဆယ်လ်ကားအပြာသည် ကဖေးဆိုင်လေး အနီးသို့ ရောက်လာပြီ ။ ချစ်သူ ဘေးရန် ကင်းခဲ့ပါတယ်နော် ။ ဟိုမှာ ဘာမှ မဖြစ်ပျက်ခဲ့ပါဘူးနော် ။ ကိုယ်ဟာ မစုကို စိုးရိမ်ကြောင့်ကြစွာ ချစ်ရသူပါ ။ ကိုယ့်ဘဝ အနေအထား က …. ။ ချစ်သူသည် ကား၏ လက်ယာဘက် တံခါးနားမှာ ကပ်လျက် အစဉ်ထိုင်သည် ။ ချစ်သူ စီးလာသည့်ကား၏ လက်ယာဘက်မှာ ကဖေးဆိုင်လေး ရှိသည် ။ ဆိုင်အပေါက်ဝက စားပွဲမှာ ရဲထွဋ် ။
ချစ်သူသည် ရဲထွဋ် သိသာရုံမျှ လှည့်ကြည့်သွား၏ ။ လူတွေ သတိမထားမိလိုက် နိုင်သော အပြုံးမြမြဖြင့် ရဲထွဋ်ကို လှစ်ခနဲ ပြုံးပြ သွား၏ ။ ကောင်းသော ညပါ ချစ်သူရယ် ။
ကားကလေးသည် တဖြည်းဖြည်း ဝေးကွာ၍ သွားပြီ ။ ရဲထွဋ် သည် ရင်ခုန်လှိုက်မူးလျက် ကဖေးဆိုင်၏ ကု,လားထိုင်လေး အပေါ် မှာ ကျန်ရစ်ခဲ့သည် ။ ဘဝ အလွမ်းဆန်သော သီချင်းတွေက ဆိုင်ကလေး၏ အပြင် ဘက်သို့တိုင် ပျံသန်းနေသည် ။ တစ်ချိန်တုန်းကမူ ဤ ဝေဒနာသည် ညစဉ် ညစဉ် .. ။
( ၆ )
ထို တီထွင်သူသုံးဦး ကဖေးဆိုင်လေးသည် လမ်းမကြီးပေါ် ၌ တည်ရှိ၏ ။ သည် အတိုင်း တည့်တည့်လျှောက်သွားလျှင် ကဖေးဆိုင်လေးကို ရဲထွဋ် ရောက်သွားပေလိမ့်မည် ။ သို့သော် ဆိုင်သို့ မရောက်မီ ချစ်သူ၏ အိမ်ရှေ့သို့ ဖြတ်သန်းရဦးမည် ။ ချစ်သူ၏ အိမ်ကလည်း ထို လမ်းမကြီးပေါ် မှာပင် ။ ချစ်သူဟု ပြောရသော်လည်း ချစ်သူက လင်နှင့် သားနှင့် ဖြစ်နေပါပြီ ။ မည်သို့ပင် ဖြစ်စေ ၊ ချစ်သူသည် ချစ်သူသာလျှင် ဖြစ်ပါ၏ ။ အဲသည် ချစ်သူ၏ အိမ်ရှေ့ကို ယခုလို အလင်းရောင်တွေထဲမှာ ရဲထွဋ် မဖြတ်သန်းလိုပါ ။ လူခြေတိတ်သော ညအမှောင်ရိပ် စိုးမိုးမှသာလျှင် ချစ်သူ၏ အိမ်ရှေ့၌ ချစ်သူ၏ အငွေ့အသက်တွေကို ခံစားရင်း ၊ ရင်ခုန်စွာ လမ်းလျှောက် ပြန်ချင်သည် ။
ထို့ကြောင့် ရဲထွဋ် သည် ကဖေးဆိုင်လေးသို့ လမ်းမကြီးအတိုင်း မသွား ။ မြို့တွင်းလမ်း တစ်လမ်းမှသာ ကွေ့ကာဝိုက်ကာ သွားနေသည် ။ ထိုလမ်းသည် အတော်လေး မှောင်၏ ။ ကောင်း၏ ။ မှောင်ခြင်းသည် စိတ်ကူးကို ထက်သန် အားကောင်းစေ၏ ။ အသိအကျွမ်းတို့အား နှုတ်ခွန်း တုံ့ပြန်ရခြင်းမှ ကင်းဝေးစေ၏ ။ ချစ်သူနှင့် တခြားလူ အတူ ရှိနေမှုကို မျက်ဝါးထင်ထင် တွေ့ မြင်ရခြင်းမှ လွတ်ငြိမ်းစေ၏ ။
( ၇ )
ရဲထွဋ် သည် ကဖေးဆိုင်လေး ရှိရာ အရပ်သို့ မှောင်ရိပ်ကို ဖြတ်သန်းလျက် လမ်းလျှောက်လျက် ရှိပါ၏ ။ ဟောဟို အလင်းရောင်များသည့် အခြား တစ်နေရာ၌မူ ခမ်းနားလုံခြုံသော တိုက်တစ်လုံး ။ သံတံခါး ၊ သစ်သားတံခါး အထပ်ထပ် ။ အတွင်းမှ သော့ခတ်ထားပေလိမ့်မည် ၊ ထို တိုက်အတွင်းထဲမှာ ကျွန်းသားအိပ်ခန်းတစ်ခန်း ။ အလွန်ကောင်းမွန်ပေလိမ့်မည် ။ ထိုအိပ်ခန်းထဲမှာကား ... ။ ချစ်သူနှင့် သူမ ၏ ….. ။
( ၈ )
ငြိမ်းချမ်းနှစ်ခြိုက်စွာ အိပ်ပျော်နိုင်သော အချိန်ကာလသည် ချစ်သူထံသို့ ရောက်ရှိပါစေ ။
◾မောင်ကိုကို ( အမရပူရ )
📖 ရှုမဝရုပ်စုံ မဂ္ဂဇင်း
၁၉၈၅ ၊ ဇွန်လ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment