Friday, July 25, 2025

အမေပြောသော ဥဩငှက်

 

❝ အမေပြောသော ဥဩငှက် ❞
          ( ပုံပြင် )

ရှေးအခါက တောင်ခြေရွာကလေး တစ်ရွာတွင် မွန်ကရင် အဘိုးအို နှင့် မွန်ကရင် အမယ်အို တို့ နေထိုင်ကြချေ၏ ။

၎င်း အဘိုးအို နှင့် အမယ်အို တို့သည် ပေါင်းဖက်၍ နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့သော်လည်း သားသမီးရတနာ တစ်ဦးတစ်ယောက် မျှ မထွန်းပေါက်ခဲ့ချေ ။ ထို့ကြောင့်လည်း ၎င်းတို့ လင်မယားသည် သားသမီးရတနာကို တောင့်တမိကြ၏ ။

တစ်နေ့သော် အဘိုးကြီး၏ ဇနီး အမယ်အိုကြီး၌ ပဋိသန္ဓေ စွဲရှိလာ၏ ။ ထိုအခါ အဘိုးအို နှင့် အမယ်အို လည်း မိမိတို့၏ ဆန္ဒ ပြည့်ဝပြီမို့ ဝမ်းသာမဆုံး ဖြစ်မိကြသည် ။ သို့သော် တိုင်းပြည်ကြီးသည် မမျှော်လင့်ဘဲ ကြီးမား ပြင်းထန်သော စစ်ပွဲကြီးဖြစ်ပွားလာရာ ပြည်သူပြည်သား အပေါင်းတို့သည် ဟိုမှ သည်သို့ ၊ သည်မှ ဟိုသို့ ပြေးကြလွှားကြ ၊ ရှောင်ပုန်းကြကုန်၏ ။ ၎င်းတို့ လင်မယားသည် လည်း စစ်ကြောင်းနှင့် ဝေးရာ ၊ ရန်သူ နှင့် ကင်းရာ တောင်ပေါ်များဆီသို့ ထွက်ပြေးကြချေသည် ။ တောင်ပေါ် သို့ ပြေးရခြင်းမှာ ပုန်းအောင်းရန် နေရာများ ပေါကြွယ်ခြင်း ၊ သစ်ဥ ၊ သစ်ဖုများ ရှာဖွေ၍ လွယ်ကူခြင်းတို့ကြောင့်ဖြစ်သည် ။

ဤသို့ ပြေးရင်းလွှားရင်း ပုန်းဝှက်ရင်းဖြင့် အမယ်အို၏ ပဋိသန္ဓေ မှာ တစ်နေ့တခြား ရင့်မာလာတော့၏ ။

တစ်ညတွင် အမယ်အိုကြီးသည် တောင်ပေါ်ရှိ သစ်ပင်ကြီး တစ်ပင်အောက်၌ သား ယောက်ျားကလေး တစ်ယောက်ကို အောင်မြင်စွာ ဖွားမြင်ချေတော့၏ ။ အဘိုးအို နှင့် အမယ်အို တို့သည် ဝမ်းသာအားရ လွန်း၍ ထိုည၌ စကားပင် မပြောနိုင်ချေ ။ မိမိတို့ တိုင်းပြည်၌ စစ်ကြီးဖြစ် ပွားနေကြောင်း ၊ မိမိတို့ ၏ ပြေးရလွှားရ ၊ ပုန်းကွယ်ရသော ဒုက္ခအနန္တ နှင့် လောကကြီးကိုပင် ဥပေက္ခာ ပြုထားမိကြသည် ။

အဘိုးအိုသည် သားနှင့် မယားအတွက် သစ်ဥသစ်ဖုများကို နေ့စဉ် ရှာဖွေကျွေးမွေးရပြီး အမယ်အို ကမူ သားလေး နှင့်သာ အချိန်ကုန်စေ၏ ။

တစ်နေ့သ၌ အဘိုးအို သည် ခါတိုင်းနေ့များ ကဲ့သို့ပင် “ ဟေ့ .. ငါ သစ်သီး ရှာသွားဦးမယ် ။ မင်းတို့ သားအမိ သတိထား နေကြဦး ” ဟု ဆိုကာ သားလေး၏ ပါးကို နမ်း၍ ထွက်ခွာသွားခဲ့သည် ။

အမယ်အိုသည် သားလေးအား ကလူကျီစယ် ပြုရင်း နေခဲ့ရာ တစ်နေ့တာ ကုန်ဆုံးသည်ကိုပင် ဂရုမပြုမိချေ ။ မိုးချုပ် သော်မှ မိမိ၏ လင်ယောက်ျား အဘိုးအို ပြန်မရောက်သေးသည်ကို သတိပြုမိကာ ရုတ်ခြည်းပင် စိုးရိမ်ပူပန် မိချေတော့၏ ။ သို့သော် တစ်တောလုံး တစ်တောင်လုံး အမှောင်ဖုံးနေပြီမို့ ဘယ်ကိုမျှ မလိုက်တတ်တော့ချေ ။

နံနက်မိုးသောက်သည်နှင့် အမယ်အိုကြီးသည် သစ်ခေါင်းထဲ၌ သားငယ်ကို ခေတ္တထည့်၍ လင်ယောက်ျား သွားတတ်သော နေရာအရပ်များဆီသို့ ထွက်ခဲ့သည် ။ တစ်ယောက်တည်း ထားခဲ့ရသော သားငယ်အား စိုးရိမ်ရသည့် စိတ် ၊ မိမိ ထံသို့ ပြန်မရောက်လာသော လင်သည်အား ပူပန်ရသည့်စိတ်တို့နှင့် အမယ်အိုသည် ထွက်ခဲ့ခြင်းဖြစ်၏ ။

တောင်ပေါ် တစ်နေရာတွင် အဘိုးအို နှင့် အမယ်အို တို့သည် ပြန်လည် တွေ့ဆုံကြရသည် ။ အဘိုးအိုသည် မိမိမှာ ရန်သူနှင့် တွေ့ဆုံရ၍ တခြားသော အရပ်များ ဆီသို့ ပြေးနေခဲ့ရ ကြောင်း ၊ အကယ်၍ သားမယား ရှိရာသို့ ပြန်လည် ပြေးခဲ့လျှင် မိမိ ခြေရာဖျောက်ကာ ပြေး၍ လွတ်သော် တော်၏ ။ ပြေး၍ မလွတ်ခဲ့သော် ရန်သူတို့ သည် မိမိတွင်မက သား နှင့် မယား ကိုပါ ဖမ်းဆီးမိမည်ကို စိုးရိမ်သဖြင့် တခြားသော နေရာ အရပ်များဆီသို့ ပြေးရကြောင်းကို ရှင်းပြသည် ။ ထို့နောက် သားငယ်ကို ထားရစ်ခဲ့ရာ သစ်ပင်ကြီးဆီသို့ ဝမ်းသာအားရ ပြန်ခဲ့ကြ၏ ။

သို့သော် မျက်စိလည် လမ်းမှားကာ သားငယ်ဆီသို့ ပြန်လည် မရောက်တော့ချေ ။ မည်သို့ပင် ရှာဖွေပါ သော်လည်း သားငယ်ကို ထားရစ်ခဲ့ရာ သစ်ပင်ကြီးဆီသို့ ပြန်လည် မရောက်တော့ချေ ။ နောက်ဆုံး၌မူ အဘိုးအို နှင့် အမယ်အို တို့သည် မိမိတို့ နေထိုင်ခဲ့ရာ ရွာလေးဆီသို့ပင် ပြန် ရောက်သွားကြတော့သည် ။

သစ်ပင်ခေါင်းထဲ၌ ကျန်ရစ်ခဲ့ရှာသော ကလေးငယ်ကိုမူ ချည်ခင်စွပ်ငှက်က မိခင်ရင်းကဲ့သို့ ကျွေးမွေးပြုစုသည် ။

ရက်လတို့သည် တဖြည်းဖြည်း ကြာညောင်းခဲ့သည်နှင့်အမျှ ကလေးငယ် မှာလည်း ကြီးပြင်းလာရ၏ ။ လူနှင့် ကင်းဝေးရသည်မို့ လူစကားကိုမူ မပြောတတ် ။ သို့သော် ထူးထူးဆန်းဆန်း ပင် ငှက်များကဲ့သို့ အတောင် ပေါက်၍ ပျံသန်းနိုင်စွမ်းရှိ၏ ။

တစ်နေ့သော် သူသည် မိမိ၏ အမိအဖများ ရှိရာ ရွာလေးဆီသို့ ပျံသန်းသွားပြီး “ မွတ်ဩ ... မွတ်ဩ ” ဟု အော်မြည်လိုက်ချေ၏ ။ သူသည် လူစကားကို နားမလည်သော်လည်း အမိ အဖ ၏ ဗီဇက မပျောက်သဖြင့် ယင်းသို့ အော်မြည်မိခြင်းဖြစ်သည် ။ “ မွတ်ဩ ” ဆိုသည်မှာ မွန်ကရင် စကားဖြစ်၏ ။ မြန်မာလို ပြန်သော် “ အမေကော ” ဟု မေးခြင်းဖြစ်သည် ။

သူ၏ အော်မြည်သံကို ကြားသည်တွင် အဘိုးအို နှင့် အမယ်အို သည် လည်း မိမိတို့၏ သားငယ်မှန်း ရုတ်ခြည်း သိမြင်ကြကာ သူ့အား လိုက်ဖမ်းကြသည် ။ သူ ကား တိရစ္ဆာန်များနှင့် သာ ကြီးပြင်းလာရသဖြင့် အရိုင်းစိတ် ဝင်လျက် မိမိ၏ အမိအဖမှန်း မသိဘဲ ထွက်ပြေးလေတော့သည် ။

သူသေဆုံးပြီးသောအခါ “ မွတ်ဩ ” ဟု အော်သော ငှက်ကလေးတစ်ကောင် ဖြစ်သွား၏ ။ ယခုတိုင်လည်း “ မွတ်ဩ ... မွတ်ဩ ” ဟု မွန်ကရင် ဘာသာဖြင့် အော်မြည်ပေသေး၏ ။

မြန်မာတို့သည် မွတ်ဩဟုအော်သော ငှက်ကို ဥဩဟု ခေါ်ဆိုကြပြီး မွန်အမျိုးသား တို့ကမူ “ မွတ်ဩ ... မွတ်ဩ ” ဟု အော်မြည်သံကို ကြားရတိုင်း အမေကို တသသ မေးနေရှာသော ငှက်ကလေးပါလား ၊ အမေ မရှိတဲ့ ငှက်လေးပါလားဟူ၍ ဥဩငှက်အား သနားကြင်နာ ပိုမိကြကုန်သတည်း ။

⎕ မျိုးတင့်မော်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၆ ၊ စက်တင်ဘာ

No comments:

Post a Comment