❝ ဧကရာဇ်မြစ် ❞
( မင်းသစ် )
ကျွန်တော်ကသာ နောက်ကျသည် ။
အင်းလျားလိတ်ဟိုတယ်၏ ချိုင်းနိစ်ရက်စ်ထရွန် ထဲတွင် ကြည်စိုး ရောက်နှင့်နေပြီ ။ သောက်နှင့် နေပြီ ။
ကြည်စိုး နှင့် ကျွန်တော် တို့သည် အင်းလျားလိတ် နှင့် ပတ်သက်လာလျှင် ဤ အစဉ်အလာကို မပျက်ခဲ့ကြပါ ။ လိုကယ်ဘားတွင် မည်သည့်အခါမှ မသောက် ။
စာအုပ်စာပေ လူ့မိတ်ဆွေ ။ စက္ကူပုလင်း ငါ့သူငယ်ချင်း ဆိုသော စက္ကူ ပျော့ဖတ်လိုင်း ၊ ဘူးခွံလိုင်းဖြင့် နေ့ချင်းညချင်း ကြီးပွားလာကြသော ပုဂ္ဂိုလ်တွေသာ အခုတလော လိုကယ်ဘားကို ကြီးစိုးနေကြသည် ။
ပိုက်ဆံရှိလာတော့လည်း အင်းလျားလိတ်တွင် လာရောက် အောင်ပွဲခံကြသည်ပေါ့ ။
သို့သော် များလိုက်ကြသည့် စကား ၊ နားက မခံသာ ။ တစ်ချက် တစ်ချက် ထိုးထွက်လာသော ရေမွှေးနံ့ နှင့် ရောနှောသော မဆာလာနံ့ကိုလည်း ကျွန်တော်တို့ နှာခေါင်းက မခံသာ ။
သို့ဖြင့် အင်းလျားလိတ် ၏ လိုကယ်ဘားတွင် ကျွန်တော်တို့ မထိုင်ဖြစ်ခဲ့ကြသည်မှာ ကြာပြီ ။
ချိုင်းနိစ်ရက်စ်ထရွန် အခန်းဘက်သို့ ပြောင်းသောက်ခဲ့ကြသည်မှာ ကြာပြီ ။
“ ဘာသောက်မလဲ ဝင်းကို ”
“ ဝီစကီပေါ့ကွာ ”
“ ဟေ့ ... အရှည်ကြီး .... အဲ ... ကိုမင်းဒင် ၊ ဘလက်ခ်လေဘယ် တူးဒပ်ဘယ်လ်ဗျာ ”
“ ဘာ မြီးမလဲဆရာ ”
“ ဂရေး လော့ဘ်စတာပဲ ပေးပါဗျာ ”
စားပွဲထိုး ထွက်သွားမှ တိုးတိတ်သောအသံဖြင့် ကြည်စိုး က စကားစသည် ။
“ မနက်ဖြန် ဘယ်လိုလဲ ။ လေယာဉ် လက်မှတ်ရော အဆင်ပြေခဲ့လား ”
“ ပြေပါတယ်ကွာ ၊ မြစ်ကြီးနားဖလိုတ်နဲ့ လိုက်ရမယ် ”
“ ဂျက်လား ”
“ အင်း ”
“ ဘုရား ၊ ဘုရား ... တော် ပါသေးရဲ့ ၊ မိုးတွင်းမှာ ငါတော့ ဂျက်ပဲ စီးရဲတယ် ၊ အဲ .. မန္တလေး ရောက်တော့ ဘယ်လို ခရီးဆက်မလဲ ”
“ မိုးကုတ် ကားဂိတ်ကို ငါ ဖုန်းဆက်ပြီး ရှေ့ခန်းဘွတ်ကင် လုပ်ပြီးသားပါကွာ ”
“ ဆရာ ၊ ဘလက်ခ်လေဘယ် ကုန်နေတယ် ၊ ရက်ဒ်ပဲ ရှိတယ် ”
စားပွဲထိုးရဲ့ စကားက ဝင်းကို ဟု နာမည်တစ်လုံးနှင့် နေသော ကျွန်တော့်ကို စော်ကားလိုက်သည့်နှယ် ။
ဂျော်နီဝေါ့ကား ရက်ဒ်လေဘယ်တို့ ၊ လောင်းဂျွန်တို့ ၊ ဝှိုက်တ်ဟော့စ်တို့ ဆိုတာ ၊ စကော့ဝီစကီတွေ ဆိုပေမယ့်လည်း ကမ္ဘာ မှာ လက်လုပ်လက်စားတွေ သောက်တဲ့ အရက် ။
ဝင်းကို ဆိုတဲ့ ကောင်က အနိမ့်ဆုံး ဘလက်ခ်လေဘယ် သောက်တဲ့ကောင် ၊ ရေလေး မိုးလေး ပြည့်ဖြိုးတဲ့ အချိန်ဆိုရင် အလတ်တန်းစားတွေ ဖြစ်တဲ့ ဒင်ပင်လ်တို့ ၊ ဆမ်းသင်း စပယ်ရှယ်လ်တို့ ၊ ကွင်းမေရီဟိုင်းလင်းန်ဒ် တို့ကိုတောင် ကျော်ပြီး ရှီးဗားရီဂယ် ကိုတောင် တက်ကိုင်တဲ့ကောင် ။
အောင်ပွဲကြီးကြီး ခံတဲ့အခါတွေ ဆိုရင် ရှီးဗားစ်ရီဂယ် ကိုတောင် တက်ကိုင်တဲ့ ကောင် ။ သားလောက် သောက်တာ မဟုတ်ဘူး ။ တစ်ပုလင်း ၂၀၀၀ ကျော် ၊ ၃ဝဝဝ လောက် ပေးရတဲ့ ၊ ရွီုင်ယယ်လ်ဆလု ( တ် ) ရှီးဗားစ်ရီဂယ်လ် ၂၁ နှစ်သား ဝီစကီ ကိုမှ သောက်တဲ့ကောင် ။
ရွိုင်ယယ်လ်ဆလု ( တ် ) Royal Salute အဲ ... ဖြစ်သလို ဘာသာပြန်ရရင် တော်ဝင် ဂုဏ်ပြုဦးညွတ်ခြင်းပေါ့လေ ။ ဝင်းကို ဆိုတဲ့ ကောင်က မိမိကိုယ်ကို အဲသလို ဂုဏ်ပြုတတ်တဲ့ကောင် ။ အဲဒါကို ... အကြောင်းသိချင်းပဲဟာ ၊ ဒီစားပွဲထိုးကြီး ကိုမင်းဒင် က ဂျော်နီဝါကား ရက်ဒ်လေဘယ် သောက်မလားတဲ့ .. ဟင်း ။
“ ဟေ့ကောင် ဘာငေါင်နေတာလဲ ၊ ဘာသောက်မှာလဲ ”
ကြည်စိုး ပြောမှ ကျွန်တော့် စိတ်တို့ကို ဖြေချလိုက်ရင်း မှာ လိုက်ရသည် ။
“ ပေးတော့ဗျာ ၊ ဪ .. တွမ်ကောလင်း လုပ်ပေးပါဗျာ ”
ooo ooo ooo
“ ရှေ့က လက်ပံလှ ကျရင် ကားခဏ နားမယ် ကြည်စိုး ”
“ ဘာလုပ်ဖို့လဲ ”
“ ထမင်း စားမယ်လေ ၊ မန္တလေး မိုးကုတ်လမ်းမှာ အသွားဆို လက်ပံလှ ၊ အပြန်ဆို ဖော့တော ၊ ထမင်းစားစခန်းတွေပေါ့ကွာ ၊ လက်ပံလှ ဆို ကြက်ကြော် သိပ်နာမည်ကြီးတာ ”
“ အပိုင်ပဲ ၊ ဝီစကီနဲ့ မြည်းရမယ် ”
“ မင်း ကတော့ဒါပဲ ၊ ဝီစကီ ဘယ်လောက် ပါလာသလဲ ”
“ ဆမ်းသင်းန် စပယ်ရှယ် တစ်လုံး ၊ ဘလက်ခ်လေဘယ် နှစ်လုံး ”
“ အင်း မိုးကုတ်မှာ တို့နေမှာက တစ်ပတ်လောက် ဆိုတော့ လောက်မယ်တော့ မထင်ဘူး ၊ အိမ်ရှင်တွေကိုလည်း ထမင်း အပြင် အရက်ပါ ထပ်ပြီး ဒုက္ခမပေးချင်ဘူးကွာ ”
“ လိုချင်တာ စောရရင်လည်း ၊ စောပြန်တာပေါ့ကွာ ”
“ ဟော .... လက်ပံလှ ရောက်ပြီ ”
ooo ooo ooo
တောင်ခိုး နှင့် နှင်းငွေ့ ကြားတွင် မြို့လယ်ကန်ကို ပတ်လျက် လမ်းလျှောက်ရသည်မှာ မိုးကုတ်၏ အရသာ ။ သို့သော် ကျွန်တော်တို့ အရသာ မခံအား ။
“ မိုးကုတ်မှာ တစ်ပတ်တောင်ကျော်လို့ ကိုးရက်တောင် ရှိပြီ ဝင်းကို ၊ လက်ထဲမှာ ချေစရာ ငွေ က လွဲလို့ သုံးဖို့ ငွေလည်း သိပ်မရှိတော့ဘူး ”
“ အင်း ငါ့ လက်ထဲမှာ လည်း နှစ်ထောင်တောင် မပြည့်တော့ဘူး ထင်တာပဲ ”
“ ဟူး ၊ ပြဿနာပဲဟေ့ ၊ မြန်မြန် ရပြီး ၊ မြန်မြန် ပြန်မှ ဖြစ်မှာပါ ၊ မင်း မိုးကုတ် ကလည်း အရက်ဈေးက ကြီးပါ့ ၊ ဂျော်နီရက်ဒ်လေဘယ် တောင် တစ်လုံး ရှစ်ရာတဲ့ ၊ သောက်ကျိုးနည်း ”
“ ကိုသန်းဆွေ ကတော့ နောက်အကျဆုံး သုံးရက်အတွင်း ရှာပေးပါ့မယ်လို့ ပြောထားတာပဲကွာ ”
“ အင်း ..ရပါမှပဲ ကြည်စိုး ရေ ၊ နေ့စဉ် ရမ် နဲ့ မုန်ညင်းကြော် ချည်းပဲ ။ ကြာရင် ငါ အူလိမ့်မယ် ”
“ ဟာ ဆရာဦးဝင်းကို ”
“ ဟ ... မောင်ကျော်ဆွေ ပါလား ၊ ဟုတ်ပေသားပဲ ၊ မင်း က မိုးကုတ်သား ပဲ ဟာ ၊ ငါ မေ့နေတယ်ကွာ ၊ မင့် အိမ်က ဘယ်မှာ လဲကွ ”
“ ကျွန်တော်က မိုးကုတ်မြို့ပေါ်က မဟုတ်ဘူး ဆရာ ၊ ကျွန်တော် မိုးကုတ်ကို ဈေးဝယ်ထွက်လာတာ ။ ကျွန်တော်တို့ ရွာက မိုးကုတ် နဲ့ ခြောက်မိုင်လောက် ဝေးသေးတယ် ဆရာရဲ့ ”
”ဪ .. ကြည်စိုး ... ဒါ မောင်ကျော်ဆွေ တဲ့ ၊ မနှစ်က စကော့ထဲမှာ သူ့ ဆီက ငါ ဝယ်လိုက်တာပေါ့ ။ ဟို မင်း ကြိုက်တယ်ဆိုတဲ့ အပြာကြီးလေ ၊ မောင်ကျော်ဆွေ ၊ ဒါ ဦးကြည်စိုး တဲ့ မဂိုလမ်းက ”
“ ဪ ... နာမည်တော့ ရန်ကုန်မှာ ကြားဖူးခဲ့ပါတယ် ခင်ဗျ ကဲ .... ဆရာတို့ နှစ်ယောက် ကြုံတုန်း ရွာလိုက်လည်ပါ ခင်ဗျ ”
“ နေပါစေ မောင်ကျော်ဆွေရယ် ”
“ မလုပ်ပါနဲ့ ခင်ဗျ ဆရာ့ ကျေးဇူးရှိပါတယ် ခင်ဗျ ရောက်တုန်း ပြုစုပါရစေ ခင်ဗျ ”
သို့ဖြင့်ပင် “ ခင်ဗျ ” ချင်း ထပ်နေသော မောင်ကျော်ဆွေ ၏ လီဆူးသံဝဲဝဲလေး နှင့် အတူ ကျွန်တော်တို့ နှစ်ယောက် လိုက်ပါသွားခဲ့ကြသည် ။
အင်း .. စိတ်ပြေလက်ပျောက် ပေါ့လေ ၊ တစ်ခါတလေ တောရွာလေးတွေကို သွားလည်ရတာ ပျော်ဖို့ကောင်းပါတယ် ။
ooo ooo ooo
ကြမ်းလိုက်သည့် လမ်း ၊ လှတောသားစကား ငှား ပြောရလျှင် ၊ ကျောက်ခဲ စားထားလျှင် တောင် အစာကြေမယ့် လမ်း ။ လိုက်လာခဲ့တာ မှားပြီ ။
မည်သို့ပင်ဖြစ်စေ လမ်းဆုံးတော့ ရွာရောက်ခဲ့ရပါသည် ။
တကယ့် ရွာနပုဒ်ပါပဲ ။ အိမ်ခြေ သုံးဆယ်ခန့် ရှိမည် ထင်သည် ။ သို့သော် အိမ်တိုင်း ပျဉ်ထောင်ကာ သွပ်မိုး ခြေတံရှည်အိမ်ကြီးတွေ ချည်း ။ အဲ ... မောင်ကျော်ဆွေ တို့ အိမ်ကြီး ကတော့ အကြီးဆုံး စာရင်းထဲတွင် ပါမည်ထင်သည် ။
“ ထိုင်ပါဆရာ ။ မောင်ကျော်ဆွေ ရန်ကုန် လာတုန်းက ဆရာတို့ ကူညီစောင့်ရှောက်ခဲ့တာကို ကျေးဇူးအများကြီး တင်ပါတယ်ဆရာ ”
မောင်ကျော်ဆွေ ၏ အဖေကြီး က ပို၍ စကား ဝဲသည် ။ သို့ သော် မြန်မာစကား ရေလည်စွာ ပြောတတ်ဟန် တူသည် ။ မိခင်ကြီး ကတော့ စကား တစ်ခွန်းမှ မဟ ။ သား ကို သခင် ၊ လင် ကို ဘုရား အဘွားကြီးမျိုး သာ ဖြစ်ဖို့များသည် ။ ဧည့်ခန်းနှင့် မီးဖိုသာ လွန်းပျံပြေး နေရရှာသည် ။
သို့ဖြင့် မကြာမီ စားပွဲတစ်ခုလုံး ဟင်းပန်းကန်တို့ ဖြင့် ဖုံးသည် ။
မုန်ညင်းစော ၊ ပဲပုပ်ထောင်း ၊ ဝက်သားဟင်း ၊ ဝက်အူချောင်းကြော် ။ အင်းလေ တောကြိုအုံကြားမှာ ချက်ချင်း စီစဉ်ကြတာ ဒါလောက်ပဲ ရှိမှာပေါ့ ။ အဲ ထမင်း နဲ့ ဟင်း ပဲလား ။
အတွေးမဆုံးမီမှာပင် ၊ အဘိုးကြီးက အဘွားကြီးကို လှမ်းခေါ်သည် ။
“ ဆရာတို့ ထမင်း မစားခင် အချမ်းပြေလေး လုပ်ကြရအောင် ငါ့ခုတင် ခေါင်းရင်းက တစ်လုံး ယူခဲ့ ”
အင်း .. ဒုက္ခပဲ ။ လီဆူးအရက်နဲ့ တော့ ညားပြီ ထင်တယ် ။ လည်ချောင်းတော့ ကွဲတော့မှာပဲ ။ ကြည်စိုး ကို လှမ်းကြည့်မိသည် ။ သူလည်း မျက်စိမျက်နှာ မကောင်း ။ တံတွေးကိုသာ အနိုင်နိုင် မျိုချ နေရှာသည် ။
မကြာမီ အဘွားကြီး ပြန်ရောက်လာပြီး ပုလင်းတစ်လုံးကို စားပွဲ ပေါ် သို့ တင်လိုက်သည် ။
ဟိုက် ၊ ဂျော်နီဝေါ့ကားဘလက်ခ်လေဘယ် တွင် ကွပ်ပုလင်းကြီးပါလား ။
ဝီစကီ ၊ စကော့ချ် ဝီစကီ ။
မှတ်ပင် မမှတ်မိချင်တော့သော ဝီစကီ ။
တံတွေးကို မျိုချရင်း ကြည်စိုး ကို လှမ်းကြည့်မိသည် ။ တလက်လက် တောက်နေသော မျက်လုံး အစုံဖြင့် ပုလင်းကို စိုက်စိုက်ပါအောင် ကြည့် ရင်း နှုတ်ခမ်းကို လျှာ ဖြင့် လျက်ရင်း ကြောင်တောင်တောင် ။
“ ဟင် ၊ ဒါ ဘာလုပ်တာလဲ ”
အဘိုးကြီး၏ ဒေါသတကြီး အော်လိုက်သံကြောင့် ကျွန်တော် တုန်လှုပ်သွားသည် ။
“ အင်မတန် အသုံးမကျတဲ့ မိန်းမ ၊ ဒါ ရန်ကုန်သားတွေ ကွ ၊ သားရဲ့ ကျေးဇူးရှင် ဆရာတွေ ကွ ၊ တောက် ၊ ငါ့ကို အရှက်ကို ခွဲတယ် ။ ဒီလို အပေါစားအရက်တွေ ယူလာရလား ၊ ဟင် ”
“ ဒါပဲ ရှိတာပဲ ”
အဘွားကြီး က တိုးတိမ်ဝဲရှသောအသံဖြင့် ပြန်ဖြေရှာသည် ။
ကျွန်တော် မနေသာတော့ပြီ ။
“ ရပါတယ် ဦးရယ် ၊ ဒါလည်း ကောင်းသားပဲဟာ ”
ကြည်စိုး ကလည်း ဝင်၍ ဖြေ ရှာသည် ။
“ ဟုတ်ပါတယ် ဦးရယ် ၊ ဘလက်ခ်လေဘယ် ဟာ ၊ ကောင်းပါတယ် ”
“ မဟုတ်ပါဘူး ဆရာ ၊ ကျွန်တော့ မိန်းမက အင်မတန် အ ,တာ ”
“ အပါး ကလည်း ၊ ဒါတွေကို သူ ဘယ်သိပါ့မလဲ ”
မောင်ကျော်ဆွေ ကလည်း သူ့အမေကို ကာကွယ်ရှာသည် ။
“ ကဲ ၊ မင်း မီးဖိုချောင်သာ မင်း ပြန်ကြတော့ ၊ ငါ့ဟာ ငါပဲ သွားယူတော့မယ် ”
ပြောပြောဆိုဆိုနှင့် အတွင်းခန်းဘက်သို့ အဘိုးကြီး ထသွားသည် ။
အင်း... တော်တော် စိတ်မြန်တဲ့ အဘိုးကြီး ။
ချက်ချင်းပင် အဘိုးကြီး ပြန် ရောက်လာပြီး ၊ အိတ်တစ်လုံး ကို စားပွဲပေါ်သို့ ဒုန်းခနဲ နေအောင် တင်ချလိုက်သည် ။
ကတ္တီပါအိတ် တစ်လုံး ။
အပြာရောင် ကတ္တီပါအိတ်တစ်လုံး ။
အံ့သြတုန်လှုပ်မှုနှင့် အတူ မည်သည့် ပစ္စည်းမှန်း သိပါလျက် ထိုအိတ်ကို တစ်လှည့် ထို အဘိုးကြီးကို တစ်လှည့် ကြောင်ကြည့် နေမိသည် ။
အိတ်ရှုံ့ ရွှေရောင်ကြိုးကို ဖြည်သည် ။
အထဲက ပုလင်းကို ထုတ်သည် ။
ကမ္ဘာကျော် ရွိုင်ယယ်လ်ဆု ( တ် ) ခေါ် ၊ ရှီးဗားရီဂယ် ၂၁ နှစ်သား ဝီစကီ ။
ချိတ်ကို ခွာသည် ။
ပုလင်းကို ဖွင့်သည် ။
ဇယ်ဆက်သလို လှုပ်ရှား နေသော အဘိုးကြီးကို ငေးကြောင်ကြည့်နေရင်း ကြည်စိုး ရော ကျွန်တော်ပါ မလှုပ်မချောက် ။
“ သောက်ကြပါ ဆရာ ၊ တလောက ဆရာရေ ၊ ရန်ကုန် က ဝယ်ခဲ့တာလေ ၊ ဈေးကြီး တော့ မိသွားတယ် ဆရာရေ ၊ ၃၅ဝဝ တဲ့ ၊ ဟဲ ဟဲ .. တောသားဆိုတော့ ခံရတာပေါ့ဗျာ ”
ooo ooo ooo
ထမင်းဝိုင်းတွင် နှုတ်ရွှင်အာအသွက်ဆုံးမှာ အဘိုးကြီး ။
မောင်ကျော်ဆွေ ပင် ဝင်မပြောသာ ။ တစ်ခါတစ်ရံသာ လောကွတ် ပျူငှာစကားကို ဆိုနိုင်ရှာသည် ။
ကျွန်တော် နှင့် ကြည်စိုး ကတော့ အင်းတစ်လုံး အဲတစ်လုံးဖြင့်သာ ။
ဤရွာလေးတွင် အသိမ်ငယ်ဆုံး လူသား နှစ်ယောက်မှာ ကျွန်တော် နှင့် ကြည်စိုး ဟု ခံစားနေမိသည် ။
ကမ္ဘာ့အကောင်းဆုံး အရက်ကို တစ်ပက်လျှင် သုံးရာကျော်မျှ တန်ဖိုးရှိမည်ဖြစ်သော အရက်ကို အာရုံမဲ့စွာ အရသာမဲ့စွာ သောက်ရင်း ပြန်ကြရန်သာ စိတ်စောနေမိသည် ။
မဆီမဆိုင် အမျိုးသားပညာဝန် ဦးဖိုးကျား၏ ကောလိပ်ကျောင်းသားတစ်ဦးကို ချွတ်ခန်း ဝတ္တုလေးကိုလည်း သွားသတိရမိသေးသည် ။
ကြည်စိုး မျက်နှာကို ကျွန်တော် မကြည့်ရဲတော့ ။
ကြည်စိုးလည်း ကျွန်တော့် မျက်နှာကို ကြည့်ရဲဟန် မတူ ။
“ စားပါဆရာ ၊ သောက်ပါဆရာ ”
ကျွန်တော်တို့ မစားနိုင်ကြပါ ။
ကျွန်တော်တို့ မသောက်နိုင်ချင်တော့ပါ ။
သောက်လည်း မမူးတော့ပါ ။
ဧကရာဇ်မြစ် မသောက်ဘဲ အမူးပြေခဲ့ရသော ရွာကလေး တစ်ရွာမှ အရက်ဝိုင်းကို ဖြစ်နိုင်လျှင် ကျွန်တော် မေ့ပစ်လိုက်ချင်သည် ။
ooo ooo ooo
ရန်ကုန် ပြန်ရောက်တာ ကြာခဲ့ပြီ ။
အင်းလျားလိတ် မရောက်ဖြစ်တာလည်း ကြာခဲ့ပြီ ။
ကြည်စိုး နှင့် လည်း စကားမစပ်မိကြ ။
〇 မင်းသစ်
📖စွယ်တော် မဂ္ဂဇင်း
၁၉၈၉ ၊ မတ်လ
No comments:
Post a Comment