Sunday, July 6, 2025

အက်ကွဲလိပ်ပြာ


 

❝ အက်ကွဲလိပ်ပြာ ❞
        ( ညိုရင့် )

သေဆုံးသွားပြီ ဖြစ်တဲ့ လိပ်ပြာတစ်ကောင်ဟာ
ရင်ခုန်ခြင်း ဆိုတာကို ဘယ်လိုလုပ်ပြီး
ထပ်မံ ဖန်တီးခွင့် ရနိုင်တော့မှာလဲ ။

“ အတောက်ပဆုံး အချိန်မှာ ကြွေလွင့်သွားတာ အရမ်းကို ကြေကွဲစရာပဲနော် ”

ဖြေသိမ့်နိုင်ဖို့ ကြိုးစားနေသူ အတွက် ထပ်ဆင့်ကြေကွဲဖို့ လမ်းကြောင်း ကို လက်ညှိုးထိုး ပြလိုက်သလိုဖြစ်နေတဲ့ ဆရာ ရဲ့ စကားအဆုံးမှာ ရှိုက်သံ တစ်ချက်က နားထဲကို ကျယ်ကျယ်လောင်လောင် ဝင်ရောက်လာတယ် ။

ဟင် အဲဒီ ရှိုက်သံက ငါနဲ့ အရင်းနှီးဆုံးအသံ

ဟုတ်တယ် ။

အဲဒါ ငါ့ဇနီးရဲ့ အသံ ။

ဘာဖြစ်လို့ပါလိမ့် ။

စိတ်ထဲက ပြောပြီး ခြေလှမ်းတွေ ကို ဇနီးသည် နဲ့ အနီးဆုံးအထိ ရောက်အောင် သွားလိုက်တယ် ။ ဇနီးသည် ရဲ့ ပခုံး ကို လက်နဲ့ပုတ် နှစ်သိမ့်လိုက်တယ် ။

နှင်းစက် ဘာဖြစ်လို့ ငိုနေတာလဲ ။

တိတ်လေကွာ ။

ကိုကို့ကို ပြောစမ်းပါ ။

နှင်းစက် ဘာတွေ ဝမ်းနည်းတယ် ဆိုတာကို ။

သူ့စကား ကို မကြား သလိုပါပဲ ။ နှင်းစက် ရဲ့ရှိုက်သံက တစ်ချက် တစ်ချက် ချုပ်တည်းထားတဲ့ ကြားကနေ ထွက်လာတယ် ။ သူ့ကို ဂရုမစိုက် ရင်တောင် အိမ်ကို လာလည်ကြတဲ့ ဆရာနဲ့ အပေါင်းအသင်းမိတ်ဆွေတွေ ကိုတော့ နှင်းစက် အနေနဲ့ အားနာသင့်တာပေါ့ ၊ အခုတော့ သူ ပြောတဲ့စကား ကို လုံးဝ လျစ်လျူရှုရင်း ငိုနေလိုက်တာ ။

“ ကဲ ကဲ မနှင်းစက် လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး ၊ ရက်ဆက် အိပ်ရေးပျက် ၊ အစားပျက်နဲ့ ရှေ့ဆက် ဘယ်လို အကောင်းဆုံး ဖြစ်အောင် လုပ်ကြမလဲ ဆိုတာကို ဆရာတို့ အားလုံး ဝိုင်းပြီး တိုင်ပင်ဆွေးနွေးကြဘာ ပေါ့ ”

••••• ••••• •••••

သူ့ဘဝရဲ့ ဟိုးအောက်ဆုံး အနိမ့်ပါးဆုံး အနေအထား ကနေ အခုလက်ရှိ ရောက်တဲ့ နေရာအထိ ပခုံးနဲ့ ထမ်းတင်ပေးမတတ် ဖေးကူခဲ့တဲ့ သူ့ရဲ့ ဆရာ အရင်း ။ အနုပညာ အပေါ်ကို အရမ်း သစ္စာရှိတဲ့ ဆရာ ။ သူ အောင်မြင်နေချိန်မှာ မေ့လျော့ပစ်ပယ်ထားခဲ့တဲ့ ဆရာ ။

“ မင်းဆီကို ငါ ဘယ်တော့မှ လာဖို့ စိတ်မကူးတော့ဘူး အောင်ခက် ၊ ဘာဖြစ်လို့လဲ ဆိုတော့ မင်းဟာ အနုပညာကို လုပ်စားတဲ့သူ တစ်ယောက် ဖြစ်သွားလို့ပဲ ။ ငါ မွေးထုတ်လိုက်တဲ့ ငါ့တပည့်တွေရဲ့ အောင်မြင်မှုဟာ အနုပညာကို သစ္စာရှိစွာနဲ့ ကိုယ့်လိပ်ပြာ ကိုယ် မရှက်ရတဲ့ လူတစ်ယောက် အဖြစ် အသက်ထက်ဆုံး ရင်ခုန်သံ မှန်နေတဲ့ လိပ်ပြာသန့် စာရေးဆရာ အဖြစ် အရာရာကို ငွေမျက်နှာ တစ်ခုတည်းကြည့် မဆုံးဖြတ်တတ်တဲ့သူ အဖြစ် မင်း ကို ဆုံးမခဲ့တဲ့ ငါ့စကားတွေ မရာမထင်တော့လို့ဘဲ ။ မင်း လုပ်ရပ် အကျိုးကို မင်းကိုယ်တိုင် ခံစားစံစားရမှ သိလာမှာ ။ အဲဒီအချိန်ကျမှ မင်း နဲ့ ငါ ပြန်တွေ့ကြမယ် ။ အခု ငါပြန်မယ် အောင်ခက် ”

သူ့ရဲ့ အချိန်တို အတွင်း အောင်မြင်မှုကို ဘယ်လို လူမျိုးမှ မတားဆီးနိုင်ခဲ့ ။ သူ့ရဲ့ ကြိုးစားမှုကို ဆရာ့ အနေနဲ့ အသိအမှတ် မပြုသင့်ဘူးလား ။ အခုတော့ ထုတ်ဝေသူ တစ်ဦးနဲ့ စာချုပ်ချုပ်ခဲ့ခြင်းသည် အပြစ် တစ်ခုပမာ ။

“ ကျွန်တော့် ဘဝရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးမယ့်သူ ကို ကျွန်တော် ရွေးချယ်လိုက်တာပဲ ။ အဲဒါကိုမှ ဆရာ မကျေနပ်ရင်တော့ ကျွန်တော် လည်း ဘာမှ မတတ်နိုင်ဘူးပေါ့ ”

“ မင်း ဘာကြောင့် ပထမထုတ်ဝေသူကို လမ်းခွဲခဲ့တယ် ငါသိတယ် ၊ အခု မင်းနဲ့ စာချုပ်ချုပ်တဲ့ ထုတ်ဝေသူက မင်းကို ပိုက်ဆံ ပေးလိုက်လို့ မင်း ပထမ လူကို လမ်းခွဲလိုက်တယ် ။ လမ်းခွဲတဲ့ ပထမလူဟာ မင်းနဲ့ ဝါသနာတူ မင်းရဲ့အချစ်ဆုံးသူငယ်ချင်း ၊ ဒုက္ခအတူတူ ခံခဲ့ပြီး ဒီအခြေအနေထိ ရောက်အောင် ထမင်းအငတ်ခံ ကြိုးစားခဲ့တဲ့သူ ၊ မင်းအကြောင်း ကို ငါသိတယ် ဆိုတာထက် ပို သိတဲ့သူ ၊ မင်းကွာ ငွေတစ်ခုတည်း အတွက် မင်းရဲ့အောင်မြင်မှုကို ရောင်းစားရက်တယ် ”

“ တော်ပါတော့ ဆရာရယ် ၊ အခု ဆရာ ကျွန်တော့်ကို တွေ့ချင်တာ အဲဒီအကြောင်း ပြောမလို့လား ၊ ကျွန်တော့် ဘဝအတွက် ကျွန်တော့် ဆုံးဖြတ် ချက်ကို မပြင်နိုင်တော့ဘူး ဆရာ ၊ ကျွန်တော့်ကို နားလည်ပေးပါ ”

သူ့ကို ကြည့်နေတဲ့ ဆရာ့ မျက်ဝန်းမှာ ထွက်နေတဲ့ အရောင်တွေ ကို သူ မခွဲခြားမိတော့ပါဘူး ၊ ဘာမှ ထပ် မပြောတော့ဘဲ ထွက်သွားတဲ့ ဆရာ ရဲ့ နောက်ကျောပြင် ကို ကြည့်လိုက်ရင်း အခန်းထဲက လေအေးပေးစက် အမြင့်ဆုံး ခလုတ်ကို နှိပ်လိုက်တယ် ။

••••• ••••• •••••

သူ့ဆီ ဘယ်တော့မှ မလာတော့ဘူး ပြောခဲ့တဲ့ ဆရာ အခု သူ့ အိမ်ပေါ် မှာ ငိုနေတဲ့ သူ့ဇနီး ကိုတောင် အားပေးတဲ့ စကားတွေ ပြောလို့ပါလား ။ သူ့ ဇနီးက သူမေးတုန်းက ဘာမှမသိသလိုနဲ့ ဆရာ့စကား ကျတော့ ငြိမ်ပြီး နားထောင် နေလိုက်တာ ။

“ အခန်းထဲမှာ သွား အနားယူလိုက်ဦး နှင်းစက် ”

“ ဟုတ်ကဲ့ ဆရာ ”

ရှိုက်သံတစ်ဝက် ရောယှက်နေတဲ့ အသံနဲ့ နှင်းစက် ဟာ အားလုံးကို နှုတ်ဆက်ပြီး ထထွက်သွားပါတယ် ။ သူ့ကို နှုတ်ဆက်ဖို့ မေ့သွားတဲ့ နှင်းစက်ကို နားမလည်သလို လိုက်ကြည့်ပေမဲ့ နှင်းစက် ကတော့ သူ့ဘက်ကို တစ်ချက်လေးတောင် လှည့်ကြည့်မသွားပါဘူး ။

“ အောင်ခက် အခုလိုဖြစ်သွားတာ သူ့ လိပ်ပြာက သူ့ ကို သန့်စင်အောင် လုပ်ပေးလိုက်တာပဲ ဖြစ်မယ်လို့ ကျွန်တော် ထင်တယ် ”

ထထွက်သွားတဲ့ ဇနီး နောက်ကို လိုက်မလို့ ဟန်ပြင်တုန်းမှာ သူ့ နာမည် နဲ့ သူ့ အကြောင်း ကဗျာဆရာ ကိုလင်းယု ပြောလိုက်သံကို ကြားလိုက်ရတယ် ။ သူ လည်း ထမသွားတော့ ဘဲ ဆက်ထိုင်နေလိုက်တယ် ။

“ ကိုရဲရဲခက် ဆိုတဲ့ စူပါကလောင်ရှင် စာရေးဆရာ တစ်ယောက် ဘဝကို ရောက်ဖို့ သူ ဘယ်လောက် ကြိုးစားခဲ့ရတယ် ဆိုတာ သူသိတယ် ။ ပြီးတော့ သူ့ကို စိတ်ဓာတ် မကျအောင် အားပေးခဲ့တဲ့ ၊ သူနဲ့ အတူ ဆိုးတူကောင်းဘက် လက်ရေတစ်ပြင်တည်း ဒုက္ခခံခဲ့တဲ့ ကျွန်တော်တို့ တစ်တွေ သိတယ် ။ ခုန ကိုလင်းယု ပြောသလို အောင်ခက် ဟာ အောင်ခက် ဘဝနဲ့ ကြိုးစားနေစဉ်က အင်မတန် လိပ်ပြာသန့်ခဲ့တဲ့ ကောင်လေး တစ်ယောက်ပေါ့ ။ ဒါပေမဲ့ အောင်မြင်လာတဲ့ ပရိသတ်သိထားတဲ့ ကိုရဲရဲခက် ဘဝ ကိုလည်း ရောက်ရော သူ့ လိပ်ပြာကို သူ သန့်စင်အောင် မထိန်းသိမ်းနိုင်ခဲ့ဘူး ”

ဆရာ့ရဲ့စကားတွေဟာ သူ့ကို ပုတ်ခတ်နေသလိုမို့ သူလည်း ဝိုင်းထဲ ဝင်ဖို့ ကြံနေတုန်း သူ့ရဲ့ ရှေ့တည့်တည့်က မနက်ဖြန်မဂ္ဂဇင်း ရဲ့ အယ်ဒီတာ ကိုတိုးရည်မြင့် သူ့ထက် ဦးသွားတာမို့ သူလည်း ကိုတိုးရည်မြင့် စကားကို နားထောင်လိုက်ရတယ် ။

“ ကိုရဲရဲခက် ဆိုတဲ့ စာရေးဆရာတစ်ယောက် ဟာ ငွေအတွက်နဲ့ သူ့ လိပ်ပြာ ကို သူရှက်လို့ သေဆုံးသွားခဲ့ပြီ ဆိုတော့ အခုတော့ ကျွန်တော်တို့ရဲ့ အနုပညာအသိုင်းအဝိုင်းတွင် မကဘူး ၊ စာဖတ်ပရိသတ် တော်တော်များများက သိနေကြပြီလေ ”

သူ ဝုန်းခနဲ ထိုင်ရာမှ ထလိုက်သည် ။ သူ့ကို အသက်မဲ့နေတဲ့ လူတစ်ယောက်လို သူတို့က ပြောနေကြပါလား ။

ခင်ဗျားတို့ ပြောတာ မဟုတ်သေးဘူးဗျ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုရဲရဲခက် ဆိုတဲ့ ကျွန်တော် မသေသေးဘဲ ခင်ဗျားတို့ ဘေးမှာ ရှိနေလို့ပဲ ။

သူက တစ်ယောက်ချင်းရဲ့ မျက်နှာကို ကြည့်ပြီး အသံနက်ကြီးဖြင့် အော်ဟစ်ပစ်လိုက်တယ် ။ ဒါပေမဲ့ သူတို့တစ်တွေရဲ့ စကားဝိုင်းကတော့ အရှိန်မပျက် ဆက်နေတုန်းပင် ။

“ အောင်ခက် ဟာ အသက်ငယ်ငယ်နဲ့ အနုပညာရဲ့ အောင်မြင်မှုကို ရခဲ့ဘယ် ။ အဲဒီအောင်မြင်မှုကို ငွေနဲ့ လဲလှယ်ခဲ့တယ် ။ ဘဝတူ စာရေးဆရာတွေ ကို နားလည်မှု မပေးခဲ့ဘူး ။ အရင်က သူ့ဘဝ ကို မေ့ထားလိုက်ပြီး ငွေ အတွက် အနုပညာကို ဖန်တီးခဲ့တယ် ။ အဲဒါတွေဟာ သူ့ ရင်ထဲက လိပ်ပြာ က သူ့ကို အမြဲ ခြောက်လှန့်အောင် လုပ်သလို ဖြစ်စေခဲ့တယ် ။ နောက်ဆုံး အခုလို အဖြစ်ဆိုးမျိုး ကြုံခဲ့ရတာပဲ ”

••••• ••••• ••••• 

ဘီယာခွက်ကို ကိုင်ပြီး အားလုံးက သူ့အတွက် ဆုတောင်းပေးကြတယ် ။

“ ကိုရဲရဲခက် ရဲ့ အုပ်နှစ်ဆယ်မြောက် လုံးချင်း အတွက် ”

ထုတ်ဝေသူရဲ့ မျက်နှာမှာ ၊ အပြုံးတွေက မြင်မကောင်းအောင် တွေ့နေရတယ် ။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုမှန်း သူ နားလည်ပါတယ် ။ လုပ်ငန်းတစ်ခု အောင်မြင်ပြီးမြောက်ခြင်းသဘော ။ သူ၏ ဦးနှောက်နဲ့ နှလုံးသားသည် စက်ရုပ်တစ်ရပ်၏ အတွင်းသားများသို့ပင် ။ ဒါပေမဲ့ သူ ကျေနပ်ပါသည် ။ သူ၏ လက်ဆွဲအိတ်ထဲတွင် နောက်ထပ် လုံးချင်းအုပ်နှစ်ဆယ်အတွက် စရန် ငွေတွေက ရောက်နေခဲ့ပြီလေ ။

“ ဟေ့ ကိုရဲရဲခက် မြန်မြန်လေးနော် ၊ ခင်ဗျား လက်ကို ကျွန်တော် သိပါတယ် ။ မိုးရွာတုန်း ရေခံထားမှ ”

“ စိတ်ချစမ်းပါဗျာ ”

သူ့စကားသံသည် သံပတ်ပေးထားသော စက်ရုပ်၏ အသံမျိုးပင် ၊ သူ ကိုယ်တိုင် ရွေးချယ်ဝယ်ယူထားသော စက်ရုံ မှ ကုန်ချောပစ္စည်းများကို ဈေးကွက်တွင် အမြန်ဆုံးရောင်းချနိုင်ဖို့ စိတ်စောနေသော ထုတ်ဝေသူ၏ အသံကို အလိုက်သင့် ပြန်ဖြေရင်း ဘီယာခွက်ကို မော့လိုက်သည် ။

“ ခင်ဗျား တခြား ဘယ်သူ့ကိုမှ စာမူမပေးရဘူးနော် ။ ပေးထားတာ တွေရှိရင်လည်း ကြိုတားထားဦး ။ ကျွန်တော် တစ်ယောက်တည်း ခင်ဗျား စာမူ အားလုံး မူပိုင် ၊ နို့မို့ ခင်ဗျား စာချုပ်ထဲက အတိုင်း ကျွန်တော့်ကို ပြန်လျော်နေရဦးမယ် ။ အချင်းချင်းတွေ အမှုမပွေချင်ဘူးဗျာ ”

“ အဲဒါတွေ အတွက် ခင်ဗျား ဘာမှမပူပါနဲ့ ၊ ကျွန်တော့် စာအုပ် အပြင်အဆင်ဆိုတာ ကောင်းကောင်းလုပ် ။ ဒါမှ ခင်ဗျား တစ်အုပ်ထက် တစ်အုပ် အမြတ်ပိုရမှာ ”

“ ကျွန်တော် အမြဲ လုပ်နေကျပါ ကိုရဲရဲခက် ရာ ။ ကဲ ထည့်သောက်ဦး ”

သူ့ ဖန်ခွက်ထဲ ကို လောင်းထည့်လိုက်သော ဘီယာကို အရသာခံရင်း လက်ရှိ သူ့ဘဝရဲ့ အောင်မြင်မှုကို အားရနေမိတော့သည် ။

••••• ••••• ••••• 

“ ကိုအောင်ခ က်ရဲ့ ဒုတိယအကြိမ် လုံးချင်းအုပ်နှစ်ဆယ် အတွက် စာချုပ်ချုပ်တုန်းက ကျွန်တော့်ကို အတင်း ခေါ်လို့ ရောက်ခဲ့သေးတယ် ။ အဲဒီ စာချုပ်မှာ ကိုအောင်ခက် ရေးသမျှ စာမူအားလုံးရဲ့ ပိုင်ဆိုင်ခွင့် ကို ရာသက်တိုင် စာပေတိုက်က အပြီး ဝယ်လိုက်တဲ့ သဘောမျိုး ထည့်ချုပ်ထားတယ် ။ ကျွန်တော်က တားပေမဲ့ ကိုအောင်ခက် က သဘောတူ နေတော့ ကျွန်တော်လည်း ဘေးကနေပဲ ကြည့်နေလိုက်ရတာပေါ့ ”

သူ့ရဲ့ အကြောင်း ပြောနေပေမဲ့ ဘာတစ်ခုမှ ဝင်ပြောလို့ မရခဲ့ဘူးလေ ။ သူ ပြောသမျှကိုလည်း ဘယ်သူကမှ မသိသလို မကြားသလို လုပ်နေကြတယ် ။

“ အဲဒီတုန်းက သူ တခြားကို ရောင်းထားတဲ့ စာမူတွေ အတွက် ထည့်မစဉ်းစားခဲ့လို့ ကျွန်တော်တောင် သူ့ ကို သတိပေးလိုက်သေးတယ် ။ ကိုအောင်ခက် က ဘယ်လိုဖြစ်ပြီး ဒီလောက် ပြောင်းလဲသွားတယ်ဆိုတာ ပြောမပြတတ် တော့ဘူး ”

သူ့ကို ဂရုမစိုက်တဲ့ စကားဝိုင်းကို သူ ကျောခိုင်းလိုက်တယ် ။ သူ့ဇနီး ရှိတဲ့ အခန်းထဲကို ဝင်လာခဲ့တယ် ။

ခုတင် ပေါ်မှာ မျက်နှာကို ခေါင်းအုံးပေါ် မှောက်ပြီး ငိုနေတဲ့ သူ့ဇနီးကို တွေ့လိုက်ရတယ် ။ သူ အသာလေး အနားကို တိုးသွားလိုက်တယ် ။ ဇနီးသည်ကို ချော့ဖို့ အတွက် ခုတင်ပေါ်ကို ထိုင်ချလိုက်တယ် ။ ခေါင်းအုံးဘေး က စာရွက်ပေါ်မှာ သူ့ လက်ရေးနဲ့ စာတစ်စောင် ။

      အားလုံးကို အစက ပြန်စလို့ရရင် သိပ်ကောင်းမှာပဲ ။

      အခုတော့ ရင်ထဲက လိပ်ပြာသည် ညစ်ပတ်နေလေပြီ ။

      မရှိမဖြစ်သော ငွေသည် အနုပညာနဲ့ အနုပညာသမား၏ သစ္စာတရားကို မျက်ကွယ်ပြုအောင် လုပ်နိုင်စွမ်းရှိနေခဲ့သည် ။

      ဆရာနဲ့ အနုပညာကို သစ္စာရှိသော အပေါင်းအသင်းများကို နားလည်စွာ ခွင့်လွှတ်ဖို့ တောင်းပန်ချင်သည် ။ ဘဝ၏ နောက်ဆုံး အချိန်သည် စောစီးစွာပင် လာရောက်ခဲ့ပြီး ဦးနှောက်ကင်ဆာ ဆိုသော အသံသည် အနုပညာ၏ ဒဏ်ခတ်ခြင်း အဖြစ် ရောက်ရှိလာသလို ဖြစ်နေသည် ။ လိပ်ပြာမသန့်စွာ ခုန်နေသော ရင်သည် အခုတော့ သေဆုံးခြင်းနဲ့ အတူ ပျော်ဝင် ပျောက်ကွယ်သွားပေလိမ့်မည် ။

      ကွဲအက်ကြေမွသွားသော လိပ်ပြာတစ်ကောင်၏ အပိုင်းအစများသည် မသန့်စင်ခြင်းများနှင့် ရင်းနှီးမြှုပ်နှံခဲ့သော ကိုရဲရဲခက် ၏ စိတ်အဖြစ် ထာဝရ အနားယူ အိပ်စက်ခွင့် ပေးသော တမလွန်ဆီသို့ ရောက်ရှိပေတော့မည် ။ ခွင့်လွှတ်ပါဟု မပြောလိုတော့ပါ ။
         
         အောင်ခက်

ရင်ထဲက လိပ်ပြာဟာ ဖြူစင်သန့်ရင်းနေရင်း
လိပ်ပြာသန့်သန့်နဲ့ ရင်ခုန်ခွင့်ကို ပိုင်ဆိုင်ထားဖို့ လိုအပ်ပေမဲ့
သေဆုံးသွားပြီ ဖြစ်တဲ့ လိပ်ပြာတစ်ကောင် ကတော့ ရင်ခုန်ခြင်း ဆိုတာကို ဘယ်လိုမှ ဖန်တီးယူလို့ ရမှာ မဟုတ်တော့ပါဘူး ။

▬  ညိုရင့်
📖 ဝေဒ မဂ္ဂဇင်း
      ဩဂုတ် ၊ ၂၀၀၁

No comments:

Post a Comment