Wednesday, July 2, 2025

လူရည်ချွန်ကလေး

 

❝ လူရည်ချွန်ကလေး ❞
            ( ပုံပြင် )

ရှေးသရော အခါက ဂျေလာန် အမည် ရှိသော ရွာငယ် တစ်ရွာ တွင် သူငယ်ကလေး တစ်ဦး ရှိလေသည် ။ အသက်အရွယ် အားဖြင့် ကိုးနှစ် ခန့်သာ ရှိလေသည် ။ သူသည် မိမိ မွေးရပ်မြေ ကို စွန့်ခွာ၍ တိုင်းတစ်ပါး သို့ သွားရောက် ပညာသင်ရန် စိတ်စောလျက် ရှိလေ၏ ။

“ မေမေ သားသား ကို မေမေ ခွင့်ပြုမယ် ဆိုရင် သား ဟာ ကုန်သည် တစ်စု နဲ့ ခရီး ထွက် ပါတော့မယ် ။ မကြာသေးမီ က မြို့ကို ရောက်ခဲ့တဲ့ လူတွေ ဆီက ကြားခဲ့ပါတယ် ။ အဲသည်မြို့မှာ အလုပ်သင်ဌာန အမျိုးမျိုးနဲ့ အလွန် ကြီးကျယ်တဲ့ စာသင်ကျောင်းကြီးတွေ ရှိတယ်တဲ့ ။ မေမေ နော် ... မေမေရယ် ... နော် ...  ”

ထို သူငယ်သည် ဆင်းရဲ အိုမင်းမစွမ်းသော မိခင်အိုကြီး အား မိမိ၏ ဆန္ဒကို ဖွင့် ပြောလိုက်သည် ။ သားငယ် ၏ စကားသည် မိခင်အို၏ စိတ်ကို လှုပ်ရှားစေလေသည် ။ သို့တစေ သားငယ် ကို ချစ်သောစိတ်သည် မိခင် ၏ ဝမ်း၌ ကိန်းဝပ်လျက် ရှိရကား သားငယ် ပညာတတ်မည် ဆိုလျှင် မိမိနှင့် ခွဲထားနိုင်သည့် အပြင် သားငယ်၏ အရွယ် နှင့် မလိုက်အောင် မွန်မြတ်သော စိတ်ထားနှင့် အတွေးအခေါ်များ ကို အလွန်မှ နှစ်သက်မိလေသည် ။ ဝမ်းထဲ၌ ကျိတ်၍လည်း ပီတိ ဖြစ်မိလေသည် ။ ထို့နောက် ဝမ်းသာအားရ စွာဖြင့် သားငယ် ၏ လိုလား ခွင့်ပန်ချက်ကို သဘောတူလိုက်လေသည် ။

မိခင်အို သည် သားငယ် သွားရန် အတွက် အထုပ်အပိုးများ ကို အသင့်ပြင် လိုက်လေသည် ။ ထိုအချိန်၌ ကုန်သည်များ ခရီးထွက်ရန် အချိန်သည် အလွန်နီးကပ်လျက် ရှိရကား မိခင်အိုသည် မိမိ၌ ရှိသော ငွေဒင်္ဂါး လေးဆယ် ကို သားငယ် ၏ ခရီးစရိတ် အလို့ငှာ ပေးပြီးနောက် တစ်ခုသော ဆုကြီးကိုလည်း ချီးမြှင့်လိုက်လေသည် ။ ၎င်း သည် လောကတွင် များစွာသော ကျောက်မျက်ရတနာ တို့ထက် အဘိုးအနဂ္ဃ ရှိလှပေသည် ။ မည်သည့် သတ္ထုတွင်း တို့မှ လည်းကောင်း ၊ မြစ် ၊ ချောင်းစသည် တို့မှ လည်းကောင်း ထွက်လာသည် ဟူ၍ကား မရှိပါချေ ။ ယင်းသည်ကား သန့်စင်လှသော နှလုံးသားစမ်း မှသာလျှင် ထွက်လာတတ်သည် ။ ၎င်းသည်ကား ...

“ မေမေ့သားလေး  ...  အမြဲတမ်း မှန်တဲ့ စကားကို သာ ပြောပါလေ ။ မိမိရဲ့ နှုတ်နှလုံး ကို တည်တည်ငြိမ်ငြိမ် ထားပါ ။ ဘယ်လောက်ပဲ ကြောက်ဖွယ် အန္တရာယ် နဲ့ တွေ့စေဦးတော့ အမှန် ပေါ်မှာ သာ တည်ပါ ။ ခု သားဟာ မေမေ့ ဆီမှာ ဒီစကားအတိုင်း အစဉ် နာယူပါမယ်လို့ သစ္စာဆိုပါ ”

လူရည်ချွန် ဖြစ်လိုသော သားငယ် သည် မိခင်၏ စကားကို လေးလေးနက်နက် စဉ်းစား၍ ဖြူစင်သော စိတ်နှလုံး ဖြင့် သစ္စာဆိုလေသည် ။

“ မေမေ ... သားသား ဟာ ဘယ်လို အဖြစ်မှာပဲ ရှိရှိ ဒီ စကား ရဲ့ ဆန့်ကျင်ဘက် မပြုတော့ပါ မေမေ ”

ကတိသစ္စာ ဆိုပြီး နောက် မိခင်အို အား နှုတ်ဆက်၍ ကုန်သည် နှင့် အတူ မိမိ၏ ဇာတိချက်ကြွေ မွေးရပ်မြေမှ တိုင်းတစ်ပါး သို့ ပညာသင်ရန် ထွက်ခွာသွားလေသည် ။

လမ်းခရီး အတော်အတန် လွန်မိသော အခါ၌ ရုတ်တရက် ကံခေခြင်း နှင့် ရင်ဆိုင် လိုက်ရလေသည် ။ ၎င်းသည်ကား အခြား မဟုတ်ပေ ။ နာမည်ကြီး ထင်ရှားသော လူဆိုးတို့နှင့် ရင်ဆိုင် တိုးမိခြင်းကြောင့် ပေတည်း ။ ကုန်သည်တို့ သည် မိမိတို့ တွင် လူအုပ် များလင့်ကစား လူဆိုး တို့ အား ခုခံခြင်းငှာ မစွမ်းပါတော့ချေ ။ အတူပါလာသော သူငယ်သည် သာလျှင် မတုန်မလှုပ် ရဲဝံ့သော မျက်နှာထား ဖြင့် တည်ငြိမ်လျက် ရှိနေလေသည် ။ အဘယ်ကြောင့် ဟူမူ သူ့ အား မှန်ကန်ခြင်းသည် ဘယ်သို့သော ကာလတွင် မဆို ကယ်တင်နိုင်သည် ဟု တစ်ထစ်ချ နှလုံးပြုထားသောကြောင့်ပင် ဖြစ်လေသည် ။

လူဆိုးတို့သည် ကုန်သည်များ ၏ ပစ္စည်းများကို အနှံ့ပင် ရှာဖွေနေကြသည် ။ ရှာမရသော အခါတွင် ကုန်သည် တို့ အား မကြင်နာသော လက် အစုံတို့ဖြင့် ရိုက်နှက်လျက် ရှိကြ၏ ။

“ ဟေ့ကောင် မင်း မှာ ငွေ ဘယ်လောက် ပါသလဲ  ...  မှန်မှန် ပြောစမ်း ”

လူဆိုးတို့ အထဲမှ တစ်ယောက်သော သူသည် သူငယ်အား ပြောလိုက်သည် ။ သူငယ်လည်း မကြောက်မရွံ့ ပင် မိမိ ၌ ပါရှိ လာသော ငွေတို့ ၏ အရေအတွက် ကိုအဆောတလျင် အမှန်အတိုင်း ဖြေ လိုက်လေသည် ။ သူ၏ စကားကို ကြား၍ လူဆိုးသည် အံ့ဩသွားလေ၏ ။ ဤနည်းအတိုင်းပင် အခြား လူဆိုးတို့လည်း မေးလာကြကုန်၏ ။ သို့သော် သူငယ်ကား အထက်က အတိုင်း ဖြေသော်လည်း ကလေးဖြစ်သည့် အတွက် မည်သူက မျှ အလျင်းဂရုမပြုပေ ။

နောက်ဆုံးတွင် အားလုံးသော လူဆိုးတို့ သည် ရသမျှပစ္စည်းများ ကို တစ်နေရာတည်း ၌ စုနေကြရာ တစ်ယောက်သော လူဆိုးသည် ၎င်းတို့၏ ခေါင်းဆောင် ထံ တွင် သူငယ် ၏ ပြောစကားကို တစ်ဆင့် ပြောလေသည် ။ ခေါင်းဆောင်ဗိုလ် လုပ်သူသည် သူငယ်အား ခေါ်၍ မေးလေသည် ။ သူငယ်လည်း တစ်ခုမှ မကျန် ဟုတ်တိုင်းမှန်ရာ ကို ဖြေသောအခါတွင် ဗိုလ် လည်း မယုံကြည်နိုင် လောက်အောင် အံ့အားသင့်သွားလေသည် ။ သူငယ် သည် မိမိ ၏ မိခင် မှာကြားသည့်အတိုင်း ပြုမူခြင်း ဖြစ်သည်ကို သိသော အခါ၌ ဗိုလ် လုပ်သူသည် မနေတတ်မထိုင်တတ် ဖြစ်လာ၏ ။ စိတ်သည် အလိုအလျောက် လှုပ်ရှားလာ၏ ။ တစ်စုံတစ်ခုသော အတွေးသည် လည်း တဒင်္ဂ အတွင်း ပေါ်လာ၏ ။

“ အို ... အဟ်မဒ်အလ်ဖီ  ...  မင်း မရှက်ဘူးလား ။ ဒီသူငယ်တောင် သူ့ အမိ ရဲ့ မှာကြားချက် အတိုင်း ပြုမူတယ် ။ သူတစ်ပါးကို မလိမ်ဘဲ အမှန်စကား ကိုသာ ပြောတယ် ။ မင်း ဘာကြောင့် ဒီ သူငယ် လောက်တောင် အသုံးမကျတာလဲ ။ မင်း ဟာ လူတွေ ကို လိမ်တယ် ။ ပြီးတော့ မညှာမတာသူ့ ဥစ္စာကို တိုက်ယူတယ် ... လုယူတယ်လေ ... မင်း မှာ ကြင်နာတတ်တဲ့ အသဲနှလုံး မရှိဘူးလား ”

လူဆိုးခေါင်းဆောင် ဗိုလ် သည် မိမိကိုယ်ကို ရှက်လာ၏ ။ နှစ်ရှည်လများ လူတို့အား ညှဉ်းပန်းနှိပ်စက်ကလူ ပြုခဲ့သည်တို့ကို သံဝေဂ ရလာ၏ ။ သူ ၌ အသိတရားဝင်လာ၏ ။ အများလူထု အပေါ် ကရုဏာစိတ်ဝင်လာ၏ ။ အားလုံးသော တိုက်ခိုက်လုယက်ထားသည့် ပစ္စည်းတို့ ကို အသီးသီး ပြန်ပေးလိုက်၏ ။ သူလည်း နောင်ခါသော် သမ္မာအာဇီဝ တရားသဖြင့် သက်မွေးဝမ်းကျောင်း ပြု၍နေသွားလေသည် ။

ကလေးသူငယ်သည် မှန်သော စကားတစ်ခွန်းဖြင့် တမဟုတ်ချင်း ကျော်ကြား လာလေသည် ။ နောင်သောအခါ ထို သူငယ်သည် ထင်ရှားသော သူတော်ကောင်း တစ်ဦး ဖြစ် လာခဲ့လေသည် ။ ယနေ့တိုင် လည်း သူသည် ( ရှိုက်စအပ်ဒွလ် ကာဒ်ရ်ဂျေလနီ ) ဟူသော အမည်ဖြင့် ကျော်ကြားလျက် ရှိနေပေသေးသတည်း ။

☐ မိုးဝင်း - ရွှေနီမြေ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၅ ၊ ဒီဇင်ဘာ

No comments:

Post a Comment