Showing posts with label ဝင်းငြိမ်း. Show all posts
Showing posts with label ဝင်းငြိမ်း. Show all posts

Monday, July 6, 2026

နတ်နွယ် နှင့် တွေ့ဆုံပေးခြင်း


❝ မြန်မာပြည် ‌မြောက်ပိုင်းသို့ တစ်‌ခေါက် ❞
( နတ်နွယ် နှင့် တွေ့ဆုံပေးခြင်း )

‘ မြန်မာပြည်‌မြောက်ပိုင်း ’ ၊ ‘ တံခွန်တိုင်‌မောင်နှမများ ’ စတဲ့ ပင်ကို‌ရေး စာအုပ်‌တွေ ၊ ဘာသာပြန် စာအုပ်‌ပေါင်း များစွာနဲ့ စာချစ်သူများ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်တဲ့ ဆရာနတ်နွယ် နဲ့ ‌တွေ့ဆုံ‌ပေးဖို့ စီစဉ်ထားပါတယ် ။

ဆရာ ‌ရေးခဲ့တဲ့ ဝတ္ထု‌တွေ ထဲက ‘ မြန်မာပြည်‌မြောက်ပိုင်း ’ ကို ဂန္ထဝင်စာ‌ပေရယ်လို့ စာ‌ပေညာရှင် အများစု က သတ်မှတ်ကြတာမို့ ဆရာနဲ့ ပထမဆုံး ‌ဆွေး‌နွေးမိတာက ဂန္ထဝင် စာ‌ပေ ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပတ်သက်လို့ပါပဲ ။

••••• ••••• •••••

“ မြန်မာပြည်‌မြောက်ပိုင်း ကို ဂန္ထဝင်စာ‌ပေရယ်လို့ စာ‌ပေပညာရှင် အများစုက သတ်မှတ်ကြပါတယ် ။ ဂန္ထဝင် ဝတ္ထု ဆိုတာ ဘယ်လို အင်္ဂါရပ်‌တွေနဲ့ ညီရမယ်လို့ ဆရာ ယူဆပါသလဲ ”

“ ဂန္ထဝင်ဝတ္ထု ဆိုတာ ပါဠိ နဲ့ တွဲထားတဲ့ စကားလုံးပဲ ။ မြန်မာလို သက်သက် ‌ပြောမယ် ဆိုရင်‌တော့ သမိုင်းဝင် ဝတ္ထု‌ပေါ့ ။ စာ‌ပေသမိုင်းမှာ စာရင်းဝင်တဲ့ ဝတ္ထု တစ်ပုဒ် ၊ ဒါမှမဟုတ် စာ‌ပေသမိုင်းမှာ တင်ကျန်ရစ်ခဲ့တဲ့ ဝတ္ထု တစ်ပုဒ်ပဲ‌ပေါ့ ။ ဒါနဲ့ ကိုဝင်းငြိမ်း‌ရေ ... ဒီ‌နေရာမှာ ကျွန်‌တော်တို့ ‌ဝေါဟာရ အ‌ကြောင်း နည်းနည်း‌တော့ ‌ပြောထားမှနဲ့ တူတယ် ။ ကျွန်‌တော်တို့ဟာ ဝတ္ထု‌တွေကို ခွဲခြားတဲ့‌ နေရာမှာ ကာလ အပိုင်းအခြားအရ ‘ ဂန္ထဝင် ’ နဲ့ ‘ ခေတ်‌ပေါ်  ’ လို့ ခွဲခြား‌လေ့ရှိပါတယ် ။ အင်္ဂလိပ် လို‌တော့ Classic နဲ့ Modern ‌ပေါ့ ။ ဂန္ထဝင် ဆိုတာက‌တော့ အတိတ်ကာလက ထွက်ခဲ့ပြီး ‌ပျောက်ကွယ် တိမ်မြှုပ် မသွားဘဲ စာ‌ပေသမိုင်းမှာ တင်ကျန်ရစ်ခဲ့တဲ့ ဝတ္ထု‌တွေပဲ ပေါ့ ။ ‌ခေတ်‌ပေါ် ဆိုတာ က‌တော့ မျက်‌မှောက်‌ခေတ်မှာ ထွက်‌နေတဲ့ ဝတ္ထု‌တွေ‌ပေါ့ ။ အရင်တုန်းက‌တော့ ကာလ‌ပေါ် ဆိုတဲ့ စကားလုံးကိုလည်း သုံးခဲ့ကြတယ် ။ မျက်‌မှောက်‌ခေတ်မှာ ထွက်‌ပေါ်လာတဲ့ ‌ခေတ်‌ပေါ် ဝတ္ထု‌တွေထဲမှာ တချို့က မထင်မရှားနဲ့ ‌ပျောက်ကွယ် သွားကြတယ် ။ စံချိန် မမီလို့ ၊ ထူးထူးခြားခြား မရှိလို့ ၊ ပြည်သူလူထုက လက်မခံလို့ပဲ‌ပေါ့ ။ တချို့က‌တော့လည်း ‌ပေါ်ပင်လိုက်ပြီး ‌ရေးတာမို့ အများကြိုက် ဝတ္ထု ဖြစ်ရတယ် ။ Best Seller‌ ပေါ့ ။

ဒီ‌နေရာမှာ ကျွန်‌တော် တစ်ခု ကြားဖြတ်ပြီး ‌ပြောရဦးမယ် ။ အများကြိုက် ဝတ္ထု‌တွေကို ကျွန်‌တော် ဆန့်ကျင် တိုက်ခိုက်နေတာ မဟုတ်ပါဘူး ။ မြန်မာစာ‌ပေ မှာပဲ ဖြစ်ဖြစ် ၊ ကမ္ဘာ့စာ‌ပေ မှာပဲ ဖြစ်ဖြစ် အများကြိုက် ဝတ္ထု တွေဟာ ဒီလိုပဲ ရှိ‌နေကြမှာပဲ ။ ဘာဖြစ်လို့လဲ ဆို‌တော့ စာဖတ်ပရိသတ်မှာ အမျိုးမျိုး ရှိကြတယ် မဟုတ်လား ။ စာဖတ်ပရိသတ် အများစုဟာ စာဖတ်သက် နုကြ‌သေးတယ် ။ စာကို အ‌ပျော်ပဲ ဖတ်ချင်ကြတယ် ။ ဒီ‌တော့ အများကြိုက် စာ‌ပေ ဆိုတာ ရှိ‌နေမှာပဲ ။ ဒီကမှ တစ်ဆင့် ရင့်ကျက်တဲ့ စာဖတ်သူ‌တွေနဲ့ ရင့်ကျက်တဲ့ စာ‌ပေ ‌ပေါ်ထွန်းလာရမှာပဲ ။

အဲ ... ‌စော‌စောက စကားကို ပြန်ဆက်ရ‌အောင် ။ ‌ခေတ်‌ပေါ်ဝတ္ထု‌ တွေမှာ တချို့ဟာ အဆင့်အတန်း မမီလို့ မထင်မရှားနဲ့ ‌ပျောက်ကွယ်သွားရတယ် ။ အချို့က အများကြိုက်ဝတ္ထု ဖြစ်လာတယ် ။ တချို့က‌တော့ အဘက်ဘက်က ဒါမှမဟုတ် တစ်ခုခု တစ်‌နေရာရာမှာ အထူးတလည် ‌ကောင်းမွန်တာ‌ကြောင့် စာဖတ်သူ‌တွေ အထူး ဂရုပြုစရာ ဖြစ်လာတယ် ။ စာ‌ပေ‌ဝေဖန်‌ရေး သမား‌တွေနဲ့ စာ‌ပေပညာရှင်‌တွေ ကလည်း ‌ဝေဖန် အကဲဖြတ်လာကြတယ် ။ အဲဒီအခါမှာ အဲဒီ ဝတ္ထု ဟာ စာ‌ပေမှတ်တိုင် တစ်ခု ဖြစ်လာတယ် ။ အချိန်ကာလ ကြာလာတဲ့ အခါမှာ စာ‌ပေသမိုင်းမှာ စာရင်းဝင်လာတယ် ။ အဲဒီအခါ အဲဒီ ဝတ္ထုကို အသိအမှတ် ပြုကြရတယ် ။ ဆိုလိုတဲ့ သ‌ဘောက‌တော့ ထူးခြား‌ ကောင်းမွန်တဲ့ ဝတ္ထု တစ်ပုဒ်ဟာ အချိန်ကာလ တစ်ခုကို  ဖြတ်‌ကျော်နိုင်တဲ့ အခါမှာ စာ‌ပေသမိုင်းဝင် ဂန္ထဝင်ဝတ္ထု တစ်ပုဒ် ဖြစ်သွားပါတယ် ။ ‌လော‌လောဆယ်မှာတော့ သူ့ကို ‌ခေတ်‌ပေါ်ဂန္ထဝင် ဝတ္ထု လို့လည်း ‌ခေါ်ကြပါတယ် ။ Modern Classic ‌ပေါ့ ။

‌ကောင်းပြီ ... ကိုဝင်းငြိမ်း ‌မေးထားတဲ့ ‌မေးခွန်းကို ‌ဖြေကြည့်ရ‌အောင် ။ ဂန္ထဝင်ဝတ္ထု ဆိုတာ ဘယ်လို အင်္ဂါရပ်တွေနဲ့ ညီရမယ်လို့ ဆရာ ယူဆပါသလဲလို့ ‌မေးထားတယ် ။

ကျွန်‌တော် ‌စော‌စောက ‌ပြောခဲ့တဲ့ အထဲမှာ ပါပါတယ် ။ ဂန္ထဝင်ဝတ္ထု ဆိုတာဟာ စာ‌ပေသမိုင်းမှာ တင်ကျန်ရစ်ခဲ့ ‌လောက်‌အောင် ‌ကောင်းမွန်တဲ့ ဝတ္ထုမျိုးကို ဆိုလိုပါတယ် ။ အဲဒီ‌လောက် ‌ကောင်းမွန်ဖို့ ဆိုတာလည်း အဘက်ဘက်က ‌ကောင်းမွန်မှ ဖြစ်ပါမယ် ။ ဒါမှမဟုတ် တစ်ခုခု တစ်‌နေရာရာမှာ ထူးခြား ‌ကောင်းမွန်ရပါမယ် ။

ထပ်ပြီး ‌ပြောရမယ် ဆိုရင်‌တော့ ဒီဝတ္ထုဟာ ခိုင်မာတဲ့ ဦးတည်ချက် တစ်ခု ရှိရပါမယ် ။ ကျွန်‌တော်တို့ဟာ ဝတ္ထု တစ်ပုဒ်ကို ဖတ်ပြီး စာ‌ရေးဆရာရဲ့ အယူအဆနဲ့ စာ‌ရေးဆရာရဲ့ ဆိုလိုရင်းကို ရှာရပါတယ် ။ ဝတ္ထု တစ်ပုဒ်ကို ဖတ်ပြီး ဘာမှ နားမလည်ဘူး ဆိုရင် အဲဒီ ဝတ္ထုဟာ အလကားပါပဲ ။ စာ‌ရေးဆရာက ဘာ ဆိုလိုချင်မှန်း မသိဘူးလို့ အ‌ပြော ခံရရင် ဒီဝတ္ထု ဘာမှ အဓိပ္ပာယ် မရှိ‌တော့ဘူး ။ နောက်တစ်ခုက‌တော့ ဒီ ဝတ္ထုဟာ ‌ခေတ် တစ်ခု ၊ စနစ် တစ်ခု ၊ အယူအဆ တစ်ခု ဒါမှမဟုတ် အ‌ကြောင်းအရာ တစ်ခုကို ‌ပေါ်လွင်‌အောင် ‌ဖော်ပြနိုင်ရပါမယ် ။ ဒီ‌နေရာမှာ ဝါးတားတား ၊ ဟို‌နေရာမှာ ဝါးတားတား ဆိုရင် အလကားပါပဲ ။

‌နောက်ပြီး‌တော့ အဲဒီ ဝတ္ထုဟာ အ‌ခြေပြုထားတဲ့ ကာလ ၊ ‌ဒေသ နဲ့ လုပ်ငန်း‌တွေဟာလည်း တိကျမှန်ကန်ရပါမယ် ။ ဒါမှ ဝတ္ထုဟာ အသက်ဝင်ပြီး လှုပ်ရှား‌နေပါလိမ့်မယ် ။

ဒီ‌နောက်မှာ‌တော့ ဝတ္ထု‌ ရေးသားမှု အတတ်ပညာပိုင်း အရ ဇာတ်‌ဆောင်စရိုက် ပီပြင်ရမယ် ။ ဇာတ်အိမ် တည်ဆောက်မှု ခိုင်ခံ့ရ‌အောင် ‌ရေးသားဖွဲ့ဆိုမှု အား‌ကောင်းရမယ်‌ပေါ့ ။

ဒါ‌လောက်ဆိုရင် ‌တော်‌လောက်ပြီနဲ့ တူတယ် ကိုဝင်းငြိမ်း ။ ဒါထက် များသွားရင် စာအုပ်ထဲက သ‌ဘောတရားတွေ ဖြစ်ကုန်လိမ့်မယ် ။ အမှန်အတိုင်း ‌ပြောရရင်‌တော့ ကျွန်‌တော်တို့ စာ‌ရေးဆရာ‌တွေဟာ များ‌သောအားဖြင့်‌တော့ ကိုယ့်ဝတ္ထု ကိုယ် ‌ကောင်း‌အောင် ကြိုးစားပြီး ‌ရေးကြတာချည်းပါပဲ ။ ဒါ‌ပေမဲ့ ဘယ်သူမှ ကိုယ့် ဝတ္ထုကို ဂန္ထဝင်ဝတ္ထုကြီး ဖြစ်‌အောင် ဘယ်‌နေရာ မှာ ဘယ်လို အင်္ဂါရပ်‌တွေ နဲ့ ညီညွတ်အောင် ဆိုပြီး ဇယားချ မျဉ်းပိတ်ပြီး မ‌ရေးကြပါဘူး ။ စာ‌ပေ အနုပညာမှာ ဒီလို လုပ်လို့လည်း မရပါဘူး ။ အ‌ရေးအကြီးဆုံး က‌တော့ စာ‌ရေးဆရာရဲ့ ရိုးသားမှုနဲ့ ကြိုးစားမှုပါပဲ ”

“ မြန်မာပြည်‌မြောက်ပိုင်း ကို ‌ရေးဖို့ ဆရာ အချိန် ဘယ်‌လောက် ကြာ‌အောင် ကြုးစားအားထုတ်ခဲ့ရပါသလဲ ”

“ ၁၉၅၆ - ၅၇ ‌လောက် တုန်းက ‌တော်လ်စတွိုင်း ရဲ့ ‘ စစ်နှင့် ငြိမ်းချမ်း‌ရေး ’ ကို ကျွန်‌တော် ဖတ်ရတယ် ။ တက္ကသိုလ်‌ကျော့ရှင်း ဆီက ငှားဖတ်တာပဲ ။ ရက်နှစ်ဆယ်တိတိ ဖတ်ရတယ် ။ အဲဒီ ဝတ္ထုကြီးကို ဖတ်ပြီးတဲ့ အခါမှာ ငါလည်း ဒီလို ဝတ္ထုကြီးမျိုး တစ်ပုဒ်‌လောက် ‌ရေးကြည့်ရရင် ‌ကောင်းမှာပဲလို့ စိတ်ကူးမိခဲ့ပါတယ် ။ တစ်ခါ ‌နောက်ပိုင်းမှာ ‘ ဇော့‌တော့ယက်စကီး ’ ရဲ့ ‘ ကာရာမ‌တော့ ညီအစ်ကိုများ ’ စတဲ့ ကမ္ဘာ့ ဂန္ထဝင်ဝတ္ထုကြီး ‌တွေကို ဆက်ဖတ်ရတဲ့ အခါမှာ သူတို့လိုပဲ ဇာတ်အိမ်ကြီးကြီး ၊ ဇာတ်‌ကောင်များများနဲ့ အ‌ကြောင်းအရာကြီး တစ်ခုကို ‌ရေးချင်စိတ်‌တွေ ပိုပြီး ဖြစ်‌ပေါ်လာမိတယ် ။ ဒါ‌ပေမဲ့ ဘာအ‌ကြောင်း ‌ရေးမယ်လို့‌တော့ ‌ခေါင်းထဲမှာ တိတိကျကျ မရှိ‌သေးဘူး ။ အားကျမိတာပဲ ရှိတယ် ။

ဒီလိုနဲ့ တစ်ခါ ၁၉၆ဝ ပြည့်‌လောက်မှာ ‘ မစ်‌ခေးရှိုလို‌ကော့ ’ ရဲ့ ‘ တငြိမ့်ငြိမ့်ဒွန် ’ ကို ဖတ်ရပြန်တယ် ။ ဒီတစ်ခါမှာ‌တော့ ဘာအ‌ကြောင်း ‌ရေးမယ်ဆိုတာ ‌ခေါင်းထဲမှာ တိတိကျကျ ဆုံးဖြတ်မိ‌တော့တယ် ။ ဘာဖြစ်လို့လဲဆိုတော့ ‘ တငြိမ့်ငြိမ့်ဒွန် ’ ဟာ ‌ကော့ဆက်လူမျိုးတွေ အ‌ကြောင်း ‌ရေးထားတာ ဖြစ်တယ် ။ ပထမကမ္ဘာစစ်ရဲ့ ‌အောက်တိုဘာ ‌တော်လှန်‌ရေးကို အ‌ခြေပြုထားတယ် ။ ‌ကော့ဆက်လူမျိုး‌တွေဟာ သတ္တိ ရှိတယ် ။ တိကျတယ် ၊ ပြတ်သားတယ် ။ ကြမ်းတမ်းတယ် ၊ ရိုးသားတယ် ။ သူတို့ ရဲ့ စရိုက်‌တွေကို ဖတ်ရတာ ကြက်သီး တဖိမ့်ဖိမ့် ထရတယ် ။ ဒီအခါမှာ ကျွန်‌တော် ကချင် တွေကို သတိရမိတယ် ။

ကျွန်‌တော်က မြစ်ကြီးနား ဇာတိ ဖြစ်ပြီး ကချင်ပြည်နယ်မှာ ကြီးပြင်းခဲ့ရတယ် ။ ကချင်လူမျိုး‌တွေရဲ့ စရိုက်ဟာ ရုရှားပြည် ‌ကော့ဆက်‌တွေ လိုပဲ သတ္တိရှိတယ် ၊ ပြတ်သားတယ် ၊ ကြမ်းတမ်းတယ် ၊ ရိုးသားတယ် ။ ဒါ‌ကြောင့် ကျွန်‌တော် မြန်မာပြည်‌မြောက်ပိုင်းကို ‌ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ် ။ အဲဒီ အချိန်မှာပဲ ပုံဂံစာအုပ်တိုက်က မြန်မာဝတ္ထုရှည်ကြီး‌တွေ ထုတ်ဖို့ အစီအစဉ် ရှိလာတယ် ။ ပုဂံ နှစ်လည်စာအုပ်‌တွေ ထွက်ဖို့ ခွဲတမ်းချကြတယ် ။ ကျွန်‌တော်လည်း ၁၉၆၆ ခုနှစ် နှစ်လည်အတွက် တာဝန် ယူလိုက်ပြီး ‌ရေးထားဖို့ ပြင်ဆင်ရတယ် ။

ကချင်ပြည်နယ်ကို သွားပြီး ကွင်းဆင်း‌လေ့လာတာ ‌ရှေ့မီ ၊ ‌နောက်မီ ပုဂ္ဂိုလ်ကြီး‌တွေကို ‌တွေ့ဆုံ ‌မေးမြန်းတာ ၊ နိုင်ငံ‌ရေး ၊ စီးပွား‌ရေး ၊ ယဉ်‌ကျေးမှု ဓ‌လေ့ထုံးတမ်းနဲ့ ဆိုင်တဲ့ စာအုပ်‌တွေ စု‌ဆောင်းရတာ ၊ ဖတ်ရတာ ၊ မှတ်စုထုတ်ရတာ ၊ ‌မြေပုံကြမ်း‌တွေ ‌ရေးဆွဲရတာ စုစု‌ပေါင်း ပြင်းပြင်းထန်ထန် ပြင်ဆင်ရတဲ့ အချိန် နှစ်နှစ်‌ လောက် ရှိပါတယ် ။ ဒါက ပထမတွဲ အတွက်ပါ ။ ဒုတိယတွဲ အတွက် တစ်နှစ် ပြင်ဆင်ရပါတယ် ” 

“ မြန်မာပြည်‌မြောက်ပိုင်းရဲ့ အစမှာ ‌တော်လှန်‌ရေး‌ကောင်စီ လက်ထက် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲ ပျက်သွားတာနဲ့ ဇာတ်လမ်း ဖွင့်ထားပါတယ် ။ ဆရာ အခု ‌ရေးထားတဲ့ အပိုင်း နှစ် အထိက အင်္ဂလိပ် လက်ထက်မှာပဲ ရှိ‌နေ‌သေးတယ် ။ ဆက်‌ရေးဖို့ ရည်ရွယ်ချက် ရှိပါသလား ”

“ ဆက်‌ရေးဖို့ ရှိပါတယ် ။ ဝတ္ထု တစ်ပုဒ်ကို စ မိရင်‌တော့ ဆုံး‌အောင် ဆက်‌ရေးရ‌တော့မှာ‌ပေါ့ ။ အတွဲ ၃ ကို ‌ကြေညာ ထားတာ ကြာပါပြီ ။ ဆယ်‌ဖောင်‌လောက်လည်း ‌ရေးပြီး‌ နေပါပြီ ။ အတွဲ ၁ ကို ၁၉၆၆ မှာ ထုတ်ပြီး အတွဲ ၂ ကို ၁၉၆၇ မှာ ထုတ်ခဲ့ပါတယ် ။ အခုဆိုရင် ခါးပြတ် သွားတာ ၁၆ နှစ်‌တောင် ရှိသွားပြီ ။ အတွဲ ၁ ထွက်ပြီးတဲ့ အချိန်တုန်းက ခင်ဗျား ဝတ္ထုကြီး ပြီး‌အောင် ဘယ်နှနှစ် ကြာမလဲလို့ မိတ်‌ဆွေ‌တွေက ‌မေး‌တော့ ကျွန်‌တော်က ‌နောက်ခဲ့တယ် ။ မစ်‌ခေးရှိုလို‌ကော့ဟာ ‘ တောရိုင်း‌မြေ ’ ပထမတွဲ ကို ‌ရေးပြီး ၁၅ နှစ် ကြာမှ ဒုတိယတွဲကို ‌ရေးတယ်လို့ ။ အခု အတွဲ ၂ ထွက်ပြီးတာ ၁၆ နှစ် ဆို‌တော့ စံချိန် ကျိုးသွားပြီ‌ပေါ့ ။

အခု‌တော့ ‌နောက်အတွဲ‌တွေကို ဆက်ထုတ်ဖို့ အစီအစဉ် လုပ်‌နေပါပြီ ။ ဒီလို ဝတ္ထုမျိုးကို ထုတ်ဖို့ အတွက် ထုတ်‌ဝေသူ ‘ လူမိုက် ’ တစ်‌ယောက်လည်း လိုအပ်တယ် မဟုတ်လား ။ အခု‌တော့ ‘ လူမိုက် ’ တစ်‌ယောက် ‌တွေ့ ထားပါပြီ ။ အဆင်သင့်ရင်‌တော့ ‌နောက်အတွဲ‌တွေနဲ့ ပထမ ထုတ်ပြီး အတွဲ နှစ်တွဲကို တစ်ပြိုင်တည်း ထုတ်ဖို့ ရည်စူးထားပါတယ် ။ အတွဲ ၁ က‌နေ ၅ အထိ‌ ပေါ့ ။ ‘ မြန်မာပြည်‌မြောက်ပိုင်း ’ ကို စ ‌ရေးစဉ် ကတည်းက အကြမ်းဖျင်း ပိုင်းထားတဲ့ အတွဲ‌တွေ က‌တော့ အတွဲ ၁ မှာ ၁၈၈၄ က‌ နေ ၁၉၀၀ ပြည့် ၊ အတွဲ ၂ မှာ ၁၉၀၁ က‌နေ ၁၉၁၅ ၊ အတွဲ ၃ မှာ ၁၉၁၆ က‌နေ ၁၉၄၂ ၊ အတွဲ ၄ မှာ ၁၉၄၂ က‌နေ ၁၉၄၈ ၊ အတွဲ ၅ မှာ ၁၉၄၈ က‌နေ ၁၉၆၃ ထိ ‌ရေးဖို့ပါပဲ ”

“ ကျေးဇူးပါပဲ ဆရာ ။ ဒါ‌လောက် များပြားတဲ့ ဇာတ်‌ဆောင်‌တွေရဲ့ စရိုက်‌တွေကို ဆရာ ဘယ်လို ဖန်တီးယူပါသလဲ ”

“ ဒါက‌တော့ ထုံးစံ အတိုင်းပါပဲ ။ စာ‌ရေးဆရာ တစ်‌ယောက်ဟာ ဇာတ်‌ဆောင်တစ်‌ယောက်ကို ဖန်တီးတဲ့ ‌နေရာမှာ သူ သိဖူး ၊ မြင်ဖူး ၊ ကြားဖူးတဲ့ လူ‌တွေ တစ်‌ယောက် နှစ်‌ယောက် ၊ ‌လေး ငါး‌ယောက်ကို ‌ပေါင်းပြီး ဖန်တီးကြတာပါပဲ ။ ဆရာတက်တိုး ရဲ့ စကားနဲ့ ‌ပြောရရင် ‘ ဇာတ်‌ပေါင်းစု ဇာတ်‌ဆောင် ’ ပေါ့ ” 

“ မြန်မာပြည်‌မြောက်ပိုင်း မှာ အဓိကဇာတ်‌ဆောင် ‌တော်‌တော်များများရဲ့ စရိုက်များ ‌ပြောင်းပြန် ဖြစ်‌လောက်တဲ့ အထိ ‌ပြောင်းသွားတာ ‌တွေ့ရပါတယ် ။ ဥပမာ -‌ မောင်‌ရွှေဝါ ၊ ‌ရွှေနီ ၊ နန်းရင် ၊ နန်းခင် ၊ လဗျဂမ် ဒီ ဇာတ်‌ဆောင်‌တွေရဲ့ စရိုက် ဖန်တီးမှုနဲ့ ပတ်သက်ပြီး ဆရာ့မှာ သီးခြား ရည်ရွယ်ချက်များ ရှိပါသလား ”

“ သီးခြား ရည်ညွှန်းချက် မရှိပါဘူး ။ လူ‌တွေရဲ့ သဘာဝ ၊ လူ‌တွေ ရဲ့ ‌ပြောင်းလဲတတ်မှု ၊ ဒါမှမဟုတ် ‌လောကကြီးရဲ့ ‌ပြောင်းလဲတတ်မှုကို ‌ဖော်ပြတာပါပဲ ။ ကိုဝင်းငြိမ်း လည်း ‌တွေ့ဖူး ၊ မြင်ဖူး‌နေမှာပါပဲ ။ မ‌နေ့က ဆိုးသွမ်း မိုက်မဲ‌နေတဲ့ လူတစ်‌ယောက် ဟာ ဒီ‌နေ့ အမြင်မှန်ရပြီး ‌ကောင်းမွန်လိမ္မာ သွားတာ ။ မ‌နေ့က သူ‌တော်‌ကောင်း ‌ယောင်‌ ဆောင်‌နေတဲ့ လူတစ်‌ယောက်ဟာ ဒီ‌နေ့ အ‌ရေခြုံ ကွာပြီး လူလိမ် လူ‌ကောက် တစ်‌ယောက် ဖြစ်သွားတာ ။  ‌ဒါဟာ ‌လောကရဲ့ သဘာဝပါပဲ ။ လူ‌တွေဟာ သူတို့‌ တွေ့ကြုံ ဖြတ်သန်းရတဲ့ အ‌တွေ့အကြုံတွေ‌ပေါ် မှာ မူတည်ပြီး အယူအဆနဲ့ အပြုအမူ‌တွေ ‌ပြောင်းလဲ တတ်ပါတယ် ။ ဘယ်သူ မှ အ‌ကြောင်းမဲ့ ‌ပြောင်းလဲ သွားတယ်ရယ်လို့ မရှိပါဘူး ။ မြန်မာပြည်‌မြောက်ပိုင်း က ဇာတ်‌ကောင်တွေဟာလည်း ဒီသ‌ဘော အတိုင်းပါပဲ ”

“ ဆရာ့ဝတ္ထု‌တွေထဲက ‌တော်‌တော်‌စော‌စောပိုင်းက ‌ရေးခဲ့တဲ့ ‘ အပြာ ’ ဆိုတဲ့ ဝတ္ထုကို ကျွန်‌တော် ဖတ်မိပါတယ် ။ ဒီဝတ္ထု မှာ တက္ကသိုလ်‌ ကျောင်းသား ‌မောင်လှမြင့် ဟာ ‌ကျောင်းသူ ‌ရွှေစင်ဦး ရဲ့ အချစ်ကို မရတဲ့ အတွက် ‌ကျောင်းမတက် ၊ စာ‌မေးပွဲ မ‌ဖြေ ၊ ‌တေ‌ပေ‌လေလွင့် ပျက်စီးခဲ့ရတယ် ။ အချစ် အတွက်နဲ့ ‌ကျောင်းသား တစ်‌ယောက် ဒါ‌လောက် ပျက်စီးရတာကို ဖွဲ့ဆို ပြရင် စာဖတ်ပရိသတ် လူငယ်‌တွေ အတွက် မထိခိုက်‌စေနိုင်ဘူးလား ဆရာ ”

“ အပြာ မှာ ‌မောင်လှမြင့် ဟာ ‌ရွှေစင်ဦး အတွက် ‌လေလွင့်ရတာ မှန်ပါတယ် ။ ‌မောင်လှမြင့်ရဲ့ မိုက်မဲတွေ‌ဝေမှု ‌တွေလည်း အများကြီး ‌ဖော်ပြထားပါတယ် ။ ဒါ‌ပေမဲ့ ‘ အထိန်း ’ ‌တွေ ရှိပါတယ် ။ စိတ်ထား ဖြူစင် ပြည့်ဝတဲ့ မယဉ်နွယ် ၊ အလုပ်သမား ‌ခေါင်း‌ဆောင် ကိုသန်းဟိန်း စသူ‌တွေနဲ့ ထိန်းထားပါတယ် ။ ‌နောက်ဆုံးမှာ ‌မောင်လှမြင့် ဟာ သူ့ရဲ့ အမှား‌တွေကို သိရှိပြီး ပြည်သူ‌တွေဘက်က မားမားမတ်မတ် ရပ်တည်ခဲ့ပါတယ် ။ ‌ကျောင်းသား လူငယ်‌တွေအတွက် ဆင်ခြင်ဖွယ်ရာ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ် ။ ကိုဝင်းငြိမ်း ‌ဝေဖန်မှု အတွက်လည်း ‌ကျေးဇူးတင်ပါတယ် ”

“ ဆရာက ဘာသာပြန် ‌တော်‌တော်များများ ‌ရေးတာ ဆို‌တော့ ဘာသာပြန် ဘက် ဆက်လိုက်ရ‌အောင် ။ ဘာသာပြန်ဖို့ စာအုပ် ‌ရွေးရာမှာ ဘယ်လို မူနဲ့ ‌ရွေးပါသလဲ ” 

“ ပထမဆုံး အချက် က‌တော့ ကျွန်‌တော် ကြိုက်တဲ့ စာအုပ် ဖြစ်ဖို့ပါပဲ ။ စာအုပ်တစ်အုပ်ကို ကျွန်‌တော် မကြိုက်ဘဲနဲ့ ဘယ်‌တော့မှ မပြန်ဘူး ။ ရည်ရွယ်ချက်နဲ့ ဇာတ်လမ်းကို ကြိုက်ရုံတင် မဟုတ်ပါဘူး ၊ အ‌ရေးအသားကိုပါ ကြိုက်မှ ပြန်ပါတယ် ။ မူရင်းဆရာရဲ့ အ‌ရေးအသားကို မကြိုက်ရင် ဘာသာပြန်တဲ့ ‌နေရာမှာ အများကြီး အခက်အခဲ‌ တွေ့ရပါတယ် ။ ‌နောက်တစ်ချက်က‌တော့ ကိုယ် ဘာသာပြန်တဲ့ စာအုပ်ဟာ စာဖတ်သူ‌တွေကို အဆိပ်အ‌တောက် မဖြစ်‌စေဖို့ဘဲ‌ပေါ့ ။ အဆိပ်အ‌တောက် မဖြစ်ဘူး ဆိုတာနဲ့ တစ်ပြိုင်နက် အနည်းနဲ့ အများ‌တော့ အကျိုး‌ကျေးဇူး တစ်ခုခု‌တော့ ရှိရ‌တော့မှာပဲ မဟုတ်လား ။ အကျိုး ရှိ‌လေ ပို‌ကောင်း‌လေ ဆိုတာ‌တော့ အမှန်ပဲ‌ပေါ့ ”

“ ဆရာ ဘာသာပြန်တဲ့‌ နေရာမှာ မူရင်းစာ‌ရေးဆရာရဲ့ အာ‌ဘော်ကို တိတိကျကျ ဘာသာပြန် ပါသလား ။ ဒါမှမဟုတ် ဆရာ့ အာ‌ဘော် ထည့်‌လေ့ ရှိပါသလား ။ ခြုံငုံပြီး ဘာသာပြန်ပါသလား ”

“ အမှန်အားဖြင့် ဘာသာပြန်တယ် ဆိုတာ ဘာသာပြန်တာပါပဲ ကိုဝင်းငြိမ်း ။ ဘာသာစကား တစ်ခုနဲ့ ‌ရေးထားတာကို တခြား ဘာသာစကား တစ်ခုကို ‌ပြောင်းလဲတာပါပဲ ။ ဘာသာစကား ဆိုတာကိုက လူ တစ်‌ယောက်ရဲ့ အ‌တွေးကို ‌ဖော်ပြတဲ့ ‘ ခြင်းရာ ’ တစ်ခု ဖြစ်ပါတယ် ။ လူ တစ်‌ယောက်က ‌ပြောချင်တာ တစ်ခုကို တခြားသူ တစ်‌ယောက် နားလည်‌အောင် ဆက်သွယ်‌ပေးရတဲ့ ‘ ကြားခံပစ္စည်း ’ တစ်ခု ဖြစ်ပါတယ် ။ ဒါ‌ကြောင့်မို့ ဘာသာစကား တစ်ခု က‌နေ အခြား ဘာသာစကား တစ်ခုကို ကူး‌ပြောင်းတဲ့‌ နေရာမှာ မူလ‌ ပြောဆိုသူ ( မူရင်း စာ‌ရေးဆရာ ) ရဲ့ ဆိုလိုရင်းကို တိကျ ‌ပေါ်လွင်‌အောင် ‌ဖော်ထုတ်‌ ပေးဖို့ပဲ ဖြစ်ပါတယ် ။

အဲဒီ‌တော့ ဘာသာပြန်သူ ရဲ့ အာ‌ဘော် ပါ‌အောင် ထည့်ပြီး ပြန်ဆိုဖို့ ဆိုတာလည်း ‌ပေါ်စရာ အ‌ကြောင်း မရှိ‌တော့ ပါဘူး ။ ခြုံငုံပြီး ဘာသာပြန်တယ် ဆိုတာလည်း ကျွန်‌တော် သိပ်နားမလည်ပါဘူး ။ မူရင်းကို ခြုံငုံပြီး ပြန်‌ရေးတယ် ဆိုရင် ဘာသာပြန် မဟုတ်‌တော့ပါဘူး ။

တိတိကျကျ ပြန်တယ် ဆိုတဲ့ စကားကလည်း မလိုအပ်ပါဘူး ။ ဘာဖြစ်လို့လဲ ဆို‌တော့ ကျွန်‌တော်တို့ ဘာသာပြန် တာ မူရင်း‌ ရေးသူရဲ့ ဆိုလိုချက်ကို ဘာသာပြန်တာပဲ ။ ဝါကျ‌တွေ ၊ ဝါဒတွေ ၊ စကားလုံး‌တွေကို မူရင်း အတိုင်း မြန်မာအဓိပ္ပာယ်နဲ့ လှယ်ပြီး ‌ဖော်ပြ‌နေတာ မဟုတ်ပါဘူး ။ ဘာသာစကား တစ်ခုနဲ့ တစ်ခုဟာ ဝါကျဖွဲ့ဟန်ချင်း ... နာမ် ၊ နာမ်စား သုံးပုံချင်း မတူကြပါဘူး ။

တစ်ခု‌တော့ ရှိတယ်‌ပေါ့ ။ ကျွန်‌တော်တို့ဟာ ဘာသာပြန်တဲ့‌ နေရာမှာ ကိုယ့်အာ‌ဘော်ကို ထည့် မပြန်‌ပေမယ့် မူရင်း ပါတဲ့ အချို့အပိုဒ်‌တွေ ၊ စာလုံး‌တွေ ဟာ မြန်မာ့ယဉ်‌ကျေးမှု ၊ မြန်မာ့အဖွဲ့အစည်း‌တွေနဲ့ မကိုက်ညီတာ‌တွေ ပါခဲ့ရင်‌တော့ မလွှဲသာ မ‌ရှောင်သာ ချန်ထားခဲ့ရတာ‌တွေ ရှိတာ‌ပေါ့ ။

ဒါက လွဲရင်‌တော့ ဘာသာပြန်တဲ့‌ နေရာမှာ မူရင်းစာ‌ရေးဆရာရဲ့ အာ‌ဘော်နဲ့ ဆိုလိုရင်းကို တိကျ မှန်ကန်‌အောင် ပြန်ဆိုဖို့ လိုပါတယ် ”

“ ဒီ‌နေ့ မြန်မာစာ‌ပေ‌လောကမှာ ဘာသာပြန် စာအုပ်‌တွေ ‌တော်‌တော်‌ နေရာရနေပါတယ် ။ ပင်ကို‌ရေးတွေထက် အ‌ရောင်းသွက်‌ နေတာကို ဆရာ ဘယ်လို မြင်ပါသလဲ ”

“ ဘာသာပြန် စာအုပ်‌တွေ ‌ခေတ်‌ကောင်း‌ နေတယ် ဆိုတာ‌တော့ ‌ကောင်းပါတယ် ။ လိုအပ်ချက် တစ်ခုပဲ ။ ဒါ‌ပေမဲ့ ပင်ကို‌ရေး‌တွေ ထက် အ‌ရောင်းသွက်‌ နေတယ် ဆိုရင်‌တော့ မ‌ကောင်းဘူး‌ပေါ့ ။ ဒါ‌ပေမဲ့ ဒီကိစ္စကို ကျွန်‌တော် တစ်‌ယောက်တည်း ‌ပြောတာထက် ဘာသာပြန် စာအုပ်‌တွေ က ဘယ်လို အမျိုးအစား‌တွေ ဖြစ်ပြီး ပင်ကို‌ရေး စာအုပ်‌တွေက ဘယ်လို အမျိုးအစား‌တွေ ဖြစ်တယ် ၊ ဘယ်အမျိုးအစား‌တွေ ဘာ‌ကြောင့် အ‌ရောင်း သွက်ရတယ် ဆိုတာကို အားလုံး ဝိုင်းပြီး သုံးသပ်ပြီးမှ အ‌ဖြေမှန် ထွက်လာလိမ့်မယ်လို့ ကျွန်‌တော် ထင်ပါတယ် ”

“ ဝတ္ထု ဆိုတာ ‘ ဖျော်ဖြေရေး ’ လား ၊ ‘ လှုံ့ဆော်ရေး ’ လား ဆိုတာ ဆရာ ဘယ်လို ခံယူပါသလဲ ”

“ ဝတ္ထု ဆိုတာ ဝါဒဖြန့်ချိ‌ရေးပဲ ။ စာ‌ရေးဆရာ တစ်‌ယောက်ဟာ သူ့ရဲ့ အယူဝါဒ ၊ သူ့ရဲ့ အ‌တွေးအမြင် ၊ သူ့ရဲ့ အ‌တွေ့အကြုံကို ဝါဒဖြန့်‌ နေတာပဲ ”

“ စာ‌ပေ‌ဝေဖန်‌ရေးကို ဆရာ ဘယ်လို မြင်ပါသလဲ ”

“ စာ‌ပေ‌ဝေဖန်‌ရေး ဆိုတာ မရှိမဖြစ် လိုအပ်ချက် တစ်ခုပဲ ။ စာ‌ပေ‌ဝေဖန်‌ရေးဟာ စာ‌ပေ‌လောကရဲ့ လမ်းပြမီးအိမ်ပဲ ။ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် စာ‌ပေ‌ဝေဖန်‌ရေးကို ကျွန်‌တော်တို့ လက်ကမ်း ကြိုဆိုရမှာပါပဲ ။ ဒါ‌ပေမဲ့ တစ်ခုတော့ ရှိတယ်‌ပေါ့ ကိုဝင်းငြိမ်း ။ ဓမ္မဓိဋ္ဌာန် ကျတဲ့ ‌ဝေဖန်‌ရေးမျိုး‌တော့ လိုအပ်တယ်‌ပေါ့ ။ အပြုသ‌ဘော ပါရမယ် ။ ‌စေတနာ သန့်ရမယ်‌ပေါ့ ။ ‌ဝေဖန်‌ရေးဆရာရဲ့ အရည်အချင်း ကလည်း ပြည့်ဝဖို့ လိုတယ်‌ပေါ့ ။ ‌သေ‌သေချာချာ ဆန်းစစ်ပြီးမှ ‌ဝေဖန်တာမျိုးလည်း ဖြစ်ရမယ်‌ပေါ့ ။

‌ဝေဖန်‌ရေးနဲ့ ပတ်သက်လို့ ကျွန်‌တော် ဒါ‌လောက်ပဲ ‌ပြောချင်ပါတယ် ။ ဘာဖြစ်လို့လဲ ဆို‌တော့ ‌ဝေဖန်‌ရေးသမား‌တွေ လက်တုံ့ သွားမှာကို ကျွန်‌တော် မလိုလားပါဘူး ။ စာ‌ရေးသူ နဲ့ ‌ဝေဖန်‌ရေးသမား ကြားမှာ အဆုံးအဖြတ်ပေးမယ့် စာဖတ် ပရိသတ်ကြီး ရှိ‌နေပါတယ် ”

“ ဆရာ စာ‌ပေ‌လောကထဲ ဝင်‌ရောက်လာခဲ့ပုံကို သိပါရ‌စေ ”

“ အထက်တန်း‌ကျောင်းမှာ ကတည်းက ‌ကျောင်းစာ‌စောင်‌တွေမှာ ဝတ္ထု ၊ ကဗျာ ၊ ‌ဆောင်းပါး‌တွေ ‌ရေးခဲ့ပါတယ် ။ ပထမဆုံး ပုံနှိပ်စာမူ က‌တော့ ( ၂၈ - ၆ - ၅၀ ) ထုတ် ဟံသာဝတီ သတင်းစာမှာ ပါတဲ့ ‘ ကျောင်းသူမ
’ ကဗျာ ပါပဲ ။ ပထမဆုံး ပုံနှိပ်လုံးချင်း က‌တော့ ၁၉၅၄ ခုနှစ် မှာ ထုတ်တဲ့ ‘ မိုးထဲ ‌လေထဲ ’ ဝတ္ထုပဲ ။ ကျွန်‌တော် စာ‌ပေ‌လောကထဲ ‌ရောက်လာပုံ ကို ‘ မိမိနဲ့ မင်း‌ကျော် ’ ၊ ‘ မိမိနဲ့ ဒဂုန်တာရာ ’ ၊ ‘ မိမိနဲ့ မိုးမိုး ( အင်းလျား )
’ စတဲ့ ‌ဆောင်းပါး‌တွေမှာ ‌ရေးသွားဖို့ ရှိပါတယ် ။ ‌လော‌လောဆယ်မှာ‌တော့ ‘ မိမိနဲ့ မင်း‌ကျော် ’ ကို မိုး‌ဝေမှာ ‌ရေး‌နေပါတယ် ။

“ ကျေးဇူးတင်ပါတယ် ဆရာ ၊ ဆရာ့မှာ မဂ္ဂဇင်းတာဝန်က တစ်ဖက် ၊ ဘာသာပြန်လုံးချင်း တစ်ဖက်နဲ့ အချိန် လု‌ နေရတဲ့ ကြားက တကူးတက အချိန်‌ပေး ‌ဖြေဆို‌ပေးတဲ့ အတွက် ‌ပေဖူးလွှာရဲ့ စာတည်းအဖွဲ့ ကိုယ်စား မှတ်တမ်းတင်ခဲ့ပါရ‌စေ ”

▢ ဝင်းငြိမ်း
‌📖ပေဖူးလွှာ မဂ္ဂဇင်း
     အမှတ် - ၂၈
     စက်တင်ဘာလ ၊ ၁၉၈၃ ခုနှစ် 

Monday, May 11, 2026

ရန်ကုန်ဘဆွေ နှင့် တွေ့ဆုံပေးခြင်း


❝ မြန်မာပြည်သားရဲ့ အမှာစကား ❞
( ရန်ကုန်ဘဆွေ နှင့် တွေ့ဆုံပေးခြင်း )

ငါးနှစ်သား ပေဖူးလွှာ အထူးထုတ်အတွက် စာပေ ၊ ရုပ်ရှင် ၊ ပြဇာတ် ၊ ပန်းချီလောကမှာ ကျင်လည်နေတဲ့ စာရေးဆရာကြီး “ ရန်ကုန်ဘဆွေ ” ကို တွေ့ဆုံပေးဖို့ စီစဉ်ကြပြီး ဧပြီလ ပထမပတ် ကတည်းက ဓာတ်ပုံရိုက်ခဲ့ကြပါတယ် ။ သင်္ကြန်ရက်အတွင်း နားနေရင်း ဆရာ ရေးခဲ့တဲ့ ချစ်ဇနီးသို့ ၊ နန်းဟာဗီး ၊ တိုက်ယူရသော မျက်ရည်တစ်ပေါက် ၊ ချီလေသော် ၊ သေသော်မှတည့် ဪကောင်း၏ ၊ မြန်မာပြည်သား စာအုပ်ပေါင်းများစွာကို ဖတ်ခဲ့ပါတယ် ။

စတဲ့ ဒီစာအုပ်တွေကို ငယ်ငယ်ကတည်းက ဖတ်ဖူးပေမဲ့ အင်တာဗျူးအတွက် ပြန်ဖတ်တော့ သေသေချာချာ ဖတ်ရတာမို့ အချိန်က ကြာသွားတယ် ။ ကျွန်တော် အဆင်သင့်ဖြစ်တဲ့ မေလ ပထမပတ်မှာ ဆရာနဲ့ တွေ့ဆုံဖို့ ဖ - ဆ - ပ - လ ရပ်ကွက်က ဆရာ့ တိုက်ခန်းကို သွားတော့ ခေါင်းက အနာကြောင့် ဆရာ ‘ ဦးနှောက်နဲ့ အာရုံကြော ’  ဆေးရုံမှာ တင်ထားရပါသတဲ့ ။ ဆရာ့ကို ကျွန်တော်နဲ့ ပေဖူးလွှာ စာတည်းအဖွဲ့ဝင် ဦးအောင်မြင့်တို့ သွားတွေ့ကြတယ် ။ ဆေးရုံ ခုတင်ပေါ်မှာ ပြုံးပြုံးရယ်ရယ်ပဲ တွေ့ရပေမဲ့ အင်တာဗျူး လုပ်ပါရစေလို့ ပြောမထွက်တာကြောင့် ပြန်လာခဲ့ကြပါတယ် ။ တိုက်မှာ အကျိုးအကြောင်းကို စာတည်းချုပ်ဆီ အစီရင်ခံတော့ စာတည်းချုပ် ဦးမြလှိုင် ကိုယ်တိုင် ဆေးရုံကို လိုက်ကြည့်ပြီး အင်တာဗျူးပြောဖို့ တိုက်တွန်းပေးပါတယ် ။ ဆရာကလည်း လိုလိုလားလားပဲ ပြောပါ့မယ် ဆိုလို့ ဒီအင်တာဗျူးကို ဆေးရုံပေါ်မှာပဲ မေးဖြစ်ခဲ့ကြပါတယ် ။

••••• ••••• •••••

ကျွန်တော် စာပေလောကထဲ ဝင်ရောက်လာပုံ ပြောရမှာကတော့ ခပ်ဆန်းဆန်းပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် ကိုရင် ဝတ်တာက လွဲလို့ ဘုန်းကြီးကျောင်းမှာ မနေခဲ့ဖူးဘူး ။ ပြီးတော့ မြန်မာအတန်းကျောင်းလည်း တစ်ခါမှ မနေခဲ့ဖူးဘူး ။ လုံးဝကို ဘယ်ကျောင်းမှ မနေခဲ့ဖူးဘူး ။ မွေးလာကတည်းက ခုထိပဲ ။ ဒါဖြင့် ကျောင်းမနေဖူးဘဲနဲ့ စာတွေ ဘယ်လိုလုပ် တတ်သလဲလို့ စရာရှိတယ် ။

ကျွန်တော့်အစ်ကိုက အင်္ဂလိပ် - မြန်မာ စာသင်တဲ့ ကျောင်းမှာ ကျောင်းဆရာ ။ အစ်ကိုက ပထမဦးဆုံး ကျွန်တော့်ကို အိမ်မှာ စာသင်တယ် ။ ဒါပေမဲ့ ကောင်းကောင်းမွန်မွန် သင်လို့ မရဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အိမ်မှာ ကျွန်တော့်ကို သိပ်ချစ်တဲ့ အမေ ရှိတယ် ။ အမေ့ကို အမှီ ပြုပြီးတော့ အစ်ကို့ကို အမြဲ အနိုင်ကျင့်တာပဲ ။ ကျွန်တော်က အိမ်မှာ ဗိုလ်ပဲ ။ အိမ်မှာ စာသင်လို့မရတော့ အစ်ကိုက အမေ့ကို ပြောတယ် ။ “ အမေ ညီလေးကို ကျောင်းထားပါတော့ ၊ ဘယ်ကျောင်းပဲဖြစ်ဖြစ် ၊ သူ နေချင်တဲ့ ကျောင်းမှာ နေပါစေ ” ဆိုတော့ အမေက “ ဟဲ့ နင့်ညီက ကျောင်းထားလို့ ရမှာ မဟုတ်ဘူး ၊ သူက စိတ်ကလည်း ခပ်တိုတို ၊ တော်တော်ကြာ တခြားကျောင်းသားတွေနဲ့ ရန်ဖြစ်ရင်လည်း လဲဟယ် ကွဲဟယ် ဖြစ်မယ် ၊ ဆရာက ရိုက်မယ် ။ ဖြစ်မှာ မဟုတ်ပါဘူး ” တဲ့ ။ အစ်ကိုက မလျှော့ဘူး ။ “ ကျွန်တော်တို့တုန်းကလည်း ဒီလိုပဲ ထားတာ မဟုတ်လား ” ဆိုပေမဲ့ အမေက မရဘူး ၊ မထားဘူး ။ အစ်ကို အိမ်မှာတင် သင်ပေးတယ် ။

အိမ်မှာ သင်လို့လည်း မရပါဘူး ။ စာသင်တာနဲ့ တစ်ပြိုင်နက် ကျောက်သင်ပုန်းတို့ ၊ စာအုပ်တို့ပေါ်မှာ အရုပ် ဆွဲတော့တာပဲ ။ ပုံအမျိုးမျိုး ဆွဲတယ် ။ အိမ်ရှေ့က ဖြတ်သွားတဲ့ ခွေးပုံ ၊ ကျွဲပုံ အမျိုးစုံပေါ့ ။ လက်ရေးလှ အရေးခိုင်း ထားလည်း ပုံဆွဲတာပဲ ။ ဒါပေမဲ့ အစ်ကိုက အမေ့ ကြောက်တော့ ရိုက်လည်း မရိုက်ရဲဘူး ။ နောက်တော့ အစ်ကိုက လက်လျှော့လိုက်ရတယ် ။ စာမသင်ရတော့ဘူး ။ နောက်တော့ ဆယ်နှစ်သား ၊ ဆယ့်နှစ်နှစ်သား လောက်မှာ အမေက ကောင်းကောင်း နေမကောင်းတော့ ငါ့သားလေး သင်္ကန်းဆီးပေးချင်တယ်တဲ့ ။ သင်္ကန်းဆီးရင် ဒီလို မရဘူး ၊ ဘုန်းကြီးကျောင်း သွားမှ ။ ဘုန်းကြီးကျောင်း သွားဖို့ရာကလည်း သင်္ကန်းတောင်းက မရ ။

အမေကပါ လှူစရာနဲ့ ကျောင်းလိုက်ရတယ် ။ ကျောင်းမှာ ရှိတဲ့ ကိုရင်ကြီးတွေက သင်္ကန်းတောင်းကို အလွတ်ချပေးတယ် ။ ကျွန်တော်က အလွတ်လိုက်ဆိုရတယ် ။ တစ်ခုတော့ ရှိတယ် ။ ကျွန်တော် ကံကောင်းတာလား ၊ ဉာဏ်ကောင်းတာလား မပြောတတ်ဘူး ။ မှတ်ဉာဏ် ကောင်းပြီး အင်မတန် ရလွယ်တယ် ။ သင်္ကန်းတောင်း ရသွားပြီ ။ အဲဒီတုန်းက ကျွန်တော်တို့ ဆီမှာက ခုလို သင်္ကန်းဝတ်ရင် သုံးရက်လောက် ဝတ်လို့ မရဘူး ။ အနည်းဆုံး ခုနစ်ရက် ၊ ဆယ်ရက် ဝတ်ရတယ် ။ ကျွန်တော် ကျောင်းမှာ မနေမှာ စိုးလို့ တစ်နေ့လုံး အမေ ကျောင်းမှာ လာနေရတယ် ။ ညကျတော့ ချော့သိပ်ပြီးမှ ပြန်ရတယ် ။ အဲဒီတုန်းက ကျွန်တော့် အသက်က မငယ်တော့ဘူး ။ ဆယ့်နှစ်နှစ်လောက် ရှိပြီ ။

ဒီကြားထဲမှာ ဘာဖြစ်လာသလဲ ဆိုတော့ ကျွန်တော့် အစ်ကိုက ကျွန်တော့်အပေါ်မှာ စေတနာ ရှိတယ် ။ မင်းကို ဒီအတိုင်း ထားရင်တော့ ပျက်စီးတော့မှာပဲ ဆိုပြီး အမေ့ကွယ်ရာမှာ ခေါင်းကို လက်သီးနဲ့ ဘာနဲ့ ထိုးပြီး ဆုံးမတယ် ။ ကျွန်တော် ခံရတာပေါ့ ။ အဲဒါကို ကျွန်တော် က ငါ့အစ်ကို ငါ့ကို အနိုင်ကျင့်တယ် ၊ ဒါလောက်တောင် အနိုင်ကျင့်လှတာ ဒီအိမ်မှာ မနေဘူး ၊ ထွက်ပြေးမယ် ။ ဒီအိမ်မှာလည်း မနေနိုင်ဘူး ၊ ထမင်းလည်း မစားဘူး ၊ ထွက်ပြေးရင် ပြန်လည်း မလာဘူး ။ နောက်တစ်ခုက ထွက်ပြေးရင်လည်း အိမ်က ဘာမှ ယူမသွားဘူး ။ အဲဒီလို စိတ်ထဲမှာ ထားတယ် ။

အိမ်က ထွက်ပြေးရင်လည်း ထမင်းငတ်မယ် ၊ ဘာညာဆိုတာလည်း တွေးမိတော့ ထမင်းအငတ် ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ဆိုတာ ကျင့်မယ် ဆိုပြီးတော့ တစ်နေ့ကို ထမင်း တစ်လုတ် တစ်လုတ် လျှော့စားတယ် ။ ဟိုဟာလေး နှိုက်သလိုလို ၊ ဒီဟာလေး နှိုက်သလိုလိုနဲ့ အချိန်ဆွဲပြီး ထမင်းလျှော့စားတယ် ။ နောက်ဆုံးကျတော့ တစ်နေ့ကို ထမင်း သုံးလုတ်တည်းနဲ့ အကြာကြီး နေတယ် ။ လူကလည်း တဖြည်းဖြည်း ပိန်ပိန်လာတယ် ။ ဒီကောင်လေး ဘာကြောင့် ပိန်ပိန်လာသလဲ ဆိုပြီး ဆရာတွေ ဘာတွေနဲ့ ပြကြတယ် ။ ဆရာတွေကလည်း ဘာကြောင့် ပိန်မှန်း မသိဘူး ။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး ။ နောက်တစ်ခု ရှိသေးတယ် ။ ကျွန်တော်တို့ မိဘများက တောသူတောင်သားတွေပါ ။ ရှေးက တောသူတောင်သား တွေရဲ့ ထုံးစံက မိသားစု တန်းစီပြီး အိပ်ကြတာပဲ ။ အမေက ကျွန်တော့်ကို ချစ်လွန်းတော့ အဲဒီလို မသိပ်ဘူး ။ အိပ်ရာခင်းကလေးက သန့်သန့် ၊ ပိုးခြင်ထောင်ကလေးက သန့်သန့် အဲဒီလို သိပ်တယ် ။ ကျွန်တော်တို့ ဇာတိက မြစ်ဝကျွန်းပေါ် ဒေးဒရဲမြို့အပိုင် ၊ ရေပူဝ က ဆိုတော့ ခြင်က အလွန် ကိုက်တယ် ။ ဘာလုပ်ရသလဲ ဆိုတော့ ညကျရင် လူကြီးတွေ အိပ်ပြီ ဆိုရင် ခြင်ထောင်က အပြင်ဘက် အသာ ထွက်ပြီး စောင်မခြုံဘဲ ခြင်ကိုက်ခံရတယ် ။ မနက်ကျရင် အစောကြီး နိုးပြီး ခြင်ထောင်ထဲမှာ မသိမသာ ပြန်ဝင်နေရတာ ။

ဒါပေမဲ့လို့ ခြင်ဖုတွေက သိပ်သိသာတာကိုး ။ တစ်ကိုယ်လုံး နီပြီးတော့ အပေါက် အပေါက်ကလေးတွေ အများကြီးပဲ ။ ဒီကလေးက ခြင်တွေ ကိုက်လှချေလား ၊ ဒီကောင် ခြင်ထောင်ထဲမှာ ငြိမ်ငြိမ် မအိပ်လို့ နေလိမ့်မယ် ။ ဘာညာ ဆိုပြီး သူတို့ စောင့်စောင့်ဖမ်းတယ် ။ ဒါပေမဲ့ မမိဘူး ။ ဒီလို စောင့်ဖမ်းမယ် ဆိုတာလည်း သိတယ် ။ သိတော့ မမိဘူးပေါ့ ။

အဲဒီလို နေလာခဲ့တာ အားလုံး တစ်နှစ်ကျော်လည်း အိမ်က ထွက်မပြေးဖြစ်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ တကယ် ပြေးရမှာ ကြောက်တာကိုး ။ လူကတော့ ကျင့်နေတာပဲ ။ ဘယ်တော့မှ ထွက်ပြေးဖြစ်သလဲဆိုတော့ ရှင်ပြု အပြီးမှ ပြေးဖြစ်တယ် ။ အဲဒီအချိန်မှာ စာက ဘယ်လောက် တတ်ပြီလဲ ဆိုတော့ “ ကကြီးရေက ” ၊ “ ကကြီးယပင့်ကျ ” အဲဒီလောက်ပဲ ရှိသေးတယ် ။ လုံးလုံး စာမတတ်သေးဘူး ။

ဆိုကြပါစို့ဗျာ ၊ တိုတိုပြောရမယ်ဆိုရင် မြစ်ဝကျွန်းပေါ်မြို့တွေ တစ်မြို့ပြီး တစ်မြို့ ရောက်ပြီး ဒုက္ခ သုက္ခတွေ ဖြစ်နေတာပေါ့ ။ အစ်ကိုတို့က လိုက်မယ့်နေရာမျိုးကို မပြေးဘူး ၊ မလိုက်မယ့် နေရာမျိုးကို ပြေးတာ ။ အိမ်က ပိုက်ဆံတော့ ပါလာတယ် ။ ဘယ်လောက် ပါသလဲတော့ မမှတ်မိဘူး ။ ပြီးတော့ ခမည်းလက်စွပ် တစ်ကွင်း ပါတယ် ။ မြစ်ဝကျွန်းပေါ်မှာ တစ်မြို့ပြီး တစ်မြို့ ပြေးရင်း မော်လမြိုင်ကျွန်းမှာ ပါသမျှ ပိုက်ဆံ ကုန်တာပဲ ။ ကုန်တော့ အဲဒီ ခမည်းလက်စွပ်ကလေးကို သွားရောင်း တယ် ။ ချစ်တီးက ကျွန်တော့် ရှေ့မှာတင်ပဲ ကျောက်ကလေးကို ကော်ထုတ်လိုက်ပြီး ဒါ အလကားပဲ ၊ မင်း ယူသွားမလား ဆိုတော့ ဟင့်အင်း ... ငါ ဘာလုပ်ဖို့တုံး ဆိုတော့ သူက အပြင်ကို ပစ်ချလိုက်တယ် ။ ရွှေဖိုး ပေးတယ် ။

အဲဒီလို ရောင်းပြီး မော်လမြိုင်ကျွန်းကနေ မြောင်းမြ သွားဖို့ သင်္ဘောစီးမလို့ အလုပ်မှာ နောက်က လိုက်လာတဲ့ အစ်ကိုနဲ့ တွေ့လို့ သင်္ဘောပေါ်က ဆွဲချခံရတာပဲ ။ ဒီကောင် အိမ်က ထွက်ပြေးတဲ့ကောင် ၊ ဘာညာနဲ့ ပြောတာပေါ့ ။ တစ်ကိုယ်လုံး ကြည့်တော့ ပိုက်ဆံကလည်း ကုန်ပြီ ။ လက်စွပ်ကော ဆိုတော့ ချစ်တီးဆိုင်မှာ ရောင်းခဲ့တယ် ။ ကျောက်ကော ဆိုတော့ ကျောက်ကတော့ ကျွန်တော့် ရှေ့မှာတင် ဖြုတ်ပြီး လွှင့်ပစ်လိုက်တာပဲလို့ ပြောတယ် ။ အစ်ကိုက မယုံဘူး ၊ ပြစမ်း အဲဒီဆိုင် ဆိုလို့ လိုက်ပြတော့ အစ်ကိုက နင်တို့ ကလေးဆီက လက်စွပ်ဝယ်ထားတာ ရွှေဖိုးကို ငါ အလကား ပြန်ပေးမယ် ။ ကျောက်ကို ပြန်ပေးပါလို့ တောင်းတယ် ။ မရဘူး ၊ ဆုံးသွားတယ် ။

အဲဒီမှာ ဆိုင်နဲ့ စကားများလို့ အစ်ကို အမှုဖြစ်သေးတယ် ။ သူတို့က ရွှေဆိုင်ကို တက်ပြီး လုပါတယ်လို့ တိုင်တာ ။ တကယ် စုံစမ်းလိုက်တော့ ညီ ထွက်ပြေးလို့ ၊ လက်စွပ်ရောင်းတာ ကျောက်ပြန်တောင်းလို့ စကားများတာ ဆိုတာ သိသွားတယ် ။ ပြီးတော့ သူကလည်း တရားဝင် ကျောင်းဆရာကိုး ။ ကျောင်းက ခွင့်ယူပြီး ညီကို လိုက်ရှာတာကိုး ။ အဲဒါနဲ့ အစ်ကိုက လုတယ် ဆိုတာတော့ မဖြစ်တော့ဘူး ။ ကျောက်ကတော့ ဆုံးခဲ့တယ် ။ ထွက်ပြေးတာ မအောင်မြင်ဘူးပေါ့ ။

အိမ်ကျတော့ ခမည်းလက်စွပ်တစ်ကွင်း ထပ်လုပ်ပေးပြန်တယ် ။ ဒီတစ်ခါ လုပ်ပေးတော့ ကျွန်တော့်ကို ခေါ်ပြတယ် ။ ဟိုရှေးတုန်းက ရေမွှေးပုလင်းတွေ ရောင်းတာက သစ်သားဘူးလေးတွေထဲ ထည့်ရောင်းတာ ။ အဲဒီ သစ်သားဘူးကလေးကို ဖွင့်လိုက်တဲ့အခါကျတော့ ဂွမ်းကလေး တွေ့ရတယ် ။ ဂွမ်းကလေးကို လက်နဲ့ ကာလိုက်တော့ ပန်းဆီ ဆိုးထားသလို နီနေတယ် ။ အဲဒါ ကျောက် ကြောင့်တဲ့ ။ အဲဒါ မင်း ဖြုန်းပစ်လိုက်တဲ့ ကျောက် ၊ ဟို ချစ်တီးတွေ လိမ်ယူလိုက်တဲ့ ကျောက်မျိုးတဲ့ ။ ဂွမ်းကလေး ဖယ်လိုက်တော့ နီရဲနေတဲ့ ကျောက်ကလေးတစ်လုံး တွေ့ရတယ် ။

ကျွန်တော် မဝတ်ဘူးလို့ ငြင်းပါသေးတယ် ။ မရဘူး ။ ဆိုကြပါစို့ဗျာ ။ နောက်တစ်ခါ ထွက်ပြေးတော့လည်း ဒီလက်စွပ်ကို ရောင်းခဲ့တယ် ။ ဒီတစ်ခါ ထွက်ပြေးတာ အောင်မြင်သွားတယ် ။ ရှာလို့ မတွေ့တော့ဘူး ။ ဘယ်တွေ့မလဲ ။ ရန်ကုန်ရောက်လာတာကိုး ။ ဒီတစ်ခါ တစ်ယောက်တည်း မဟုတ်ဘူး ။ အဖော်ပါတယ် ။ အဖော် သူငယ်ချင်းနဲ့ သင်္ဘောပေါ်ကနေ လှမ်းကြည့်လိုက်တော့ ကမ်းနားမှာ ဂိုဒေါင်ကြီးတွေ မြင်ရတာကိုး ။ ဒါတွေကို ရုပ်ရှင်ရုံကြီးတွေ အောက်မေ့ပြီး တို့တော့ ပွတာပဲ ။ ဒီရုပ်ရှင်ရုံတွေမှာ နေ့တိုင်း ကြည့်မယ် ။ အဲဒီ ရုပ်ရှင်ရုံတွေမှာပဲ ဖြစ်သလို အလုပ်လုပ်စားမယ်လို့ တိုင်ပင်ကြတယ် ။

အဲဒီလို ကျွန်တော်တို့ နှစ်ယောက် ပြောနေကြတာကို ကျွန်တော်တို့ နောက်နားမှာ ရပ်ပြီး ကမ်းနားကို ကြည့်နေတဲ့ ကျွန်တော်တို့ထက် ကြီးတဲ့ လူတစ်ယောက်က ပြောတယ် ။ “ မဟုတ်ဘူး ညီလေးတို့ ၊ အဲဒါ ရုပ်ရှင်ရုံတွေ မဟုတ်ဘူး ၊ ဂိုဒေါင်တွေ ” ။ “ ဂိုဒေါင် ဆိုတာ ဘာလဲ ” ၊ “ ဂိုဒေါင် ဆိုတာ ပစ္စည်းတွေ ထားတာ ” တဲ့ ။ “ နေပါဦး ၊ ညီလေးတို့က ဘယ်ကလဲ ဘာလဲ မေးတော့ အိမ်က ထွက်ပြေးလာကြမှန်း သိသွားတယ် ။ မင်းတို့ တည်းစရာ မရှိရင် တို့အိမ် လိုက်တည်းလို့ ခေါ်တာနဲ့ သူတည်းတဲ့ နေရာ လိုက်တည်း ဖြစ်သွားတယ် ။ ထမင်းစားရင် အပြင်မှာ စားရတာပေါ့ ။ သူ့အိမ်က လမ်းမတော် တရုတ်တန်းထဲမှာ ။

အဲဒီလူက ကျွန်တော်တို့နဲ့ အတူတူ ရက် ၂ဝ လောက်ပဲ နေတယ် ။ ဒီအတောအတွင်းမှာ မင်းတို့ နေရာလေး ဘာလေးရှာ ၊ ငါ ရှိနေရင် မင်းတို့ တည်းလို့ ရတယ် ။ ငါ မရှိရင်တော့ မင်းတို့ကို လက်ခံမှာ မဟုတ်ဘူး ၊ ပုလိပ်တွေ လက်ထဲရောက် ၊ ဘာရောက် ဖြစ်ကုန်လိမ့်မယ် ။ အဲဒီတော့ နေရာရှာကြလို့ ပြောတယ် ။ ကျွန်တော်တို့က မနက်စာရော ညစာပါ သူ့ကို ကျွေးရတယ် ။ မနက်စာ စားကြပြီး လမ်းခွဲ ၊ ညကျတော့ ကျွန်တော်တို့ ပြန်လာတဲ့ အထိ စောင့်ပြီး သူနဲ့ ညစာစားကြတယ် ။

ပြဿနာက ဘာတက်လာသလဲ ဆိုတော့ လမ်း မမှတ်မိတာဘဲ ။ သူငယ်ချင်းကတော့ စာတတ်တယ် ။ ဟိုတုန်းက လမ်းနာမည်တွေကို သံပြားပေါ်မှာ ကြွေ အောက်ခံ အပြာနဲ့ အဖြူ စာလုံးအပေါ်က အင်္ဂလိပ် လို ၊ အောက်က မြန်မာလို ရေးထားတယ် ။ ဒီကောင် ရှိတုန်းကတော့ ဒီကောင် ဖတ်ပြတာကို မှတ်ထားတယ် ။ ဘယ်လမ်းက ဘယ်လမ်းကို သွားရင် ဘယ်ကို ရောက်တယ် ။ ဘယ်ကားစီးရင် ဘယ်ကို ရောက်တယ်ဆိုတာ သွားတဲ့ လမ်းအတိုင်း ကားလျှောက်စီးပြီး နေရာတွေ ဘာတွေ မှတ်ထားတယ် ။

ဒါပေမဲ့လို့ သူငယ်ချင်းကလည်း ကျွန်တော်နဲ့ သိပ်ကြာရှည် မနေနိုင်လို့ ပြန်ပြေးတော့ ကျွန်တော် တစ်ယောက်တည်း ကျန်ရစ်တယ် ။ နေစရာကလည်း မရှိတော့ဘူး ။ အခု ကမ်းနားလမ်းရဲ့ ဟိုဘက်နားမှာ ကျောက်မီးသွေးပုံကြီးတွေ ရှိတယ် ။ အဲဒီမှာ ညဘက်ကျတော့ ကုလားလေးတွေ ၊ တရုတ်ကလေးတွေ ၊ ဗမာလေးတွေ အိပ်ကြတယ် ။ ကျွန်တော် အဲဒီ ကောင်လေးတွေနဲ့ တွေ့ပြီး အဲဒီမှာ လိုက်အိပ်တယ် ။

အဲဒီ ကလေးတွေနဲ့ ပေနေရင်းနဲ့ လမ်းတွေ မှတ်မိအောင် စာသင်ချင်လာတယ် ။ အဲဒီတော့ သိမ်ကြီးဈေးအောက်က “ ကေနာဂူမီရာ အင်ဆန်း ” စာအုပ်ဆိုင်က ဆင်တံဆိပ် သင်ပုန်းကြီးစာအုပ် တစ်အုပ်ကို နှစ်ပြားနဲ့ ဝယ်ပြီး သူငယ်ချင်းတွေက သင်ပေးတယ် ။ တေဖက် သူငယ်ချင်းတွေပေါ့ ။ ဒီသူငယ်ချင်းတွေက တစ်ယောက်က ရန်ဖြစ်ပြရင် ကျန်တဲ့ လူတွေက တစ်ဖက်က ဝင်လု ။ ပြီးတော့မှ စုပြီးတော့ စား ။ လုယက် ၊ လစ်ရင် လစ်သလို ဆွဲ ။ အဲဒါကို ရောင်းပေးတဲ့ ကောင်တွေက ရောင်းပေး ။ အဲဒီလို တေနေတဲ့ သူငယ်ချင်းတွေပေါ့ ။

အဲဒီလို နေရင်းနဲ့ ကျွန်တော်က စာဖတ်တတ်အောင် ဘာလုပ်သလဲဆိုတော့ အဲဒီ သိမ်ကြီးဈေး စာအုပ်ဆိုင်ကပဲ ပြဇာတ်စာအုပ်တွေ ဝယ်ဖတ်တယ် ။  ‘ ထိလပ်ပိုးဥ ’ ပြဇာတ်တို့ ၊  ‘ မောင်ရင်မောင် မမယ်မ ’ တို့ အဲဒီလို ပြဇာတ် စာအုပ်တွေက တစ်အုပ်မှ တစ်ပဲပဲ ပေးရတယ် ။ အထူးသဖြင့် ကျွန်တော် မှတ်မိတာက ဘီလူးကျွန်းမြမြ ဆိုတာ ရေးတဲ့ စာအုပ်က နည်းနည်း ခေတ်မီတယ် ။ တခြားစာအုပ်က အားလုံး အဆိုတွေ ၊ အငိုတွေ ၊ သီချင်းတွေချည်းပဲ ။ ပြဇာတ် စာအုပ်တွေကို စာလုံးပေါင်း ဖတ်ရင်းနဲ့ တော်တော် ဖတ်တတ်လာတယ် ။ သင်ပုန်းကြီးထဲက စာကတော့ ကကြီးရေ ကသတ် ကက် အထိပဲ ရောက်တယ် ။ ကကြီးလုံးကြီးတင် တသတ် ကိတ် တောင် မကွဲတကွဲဘဲ ။

စာဖတ်တတ်လာတော့ ဘာဖြစ်လာသလဲ ဆိုတော့ ဒီပြဇာတ် ဝတ္ထုစာအုပ်တွေ မဖတ်ရရင် မနေနိုင်တော့ဘူး ။ ဒါ့အပြင် ငါ ဒီကောင်လေးတွေနဲ့ အတူတူ မနေတော့ဘူး ။ ပြီးတော့ သူတို့နဲ့ နေရတဲ့ ဘဝကလည်း တစ်ယောက်ပေါ် တစ်ယောက် အမြဲ အနိုင်ကျင့်နေရတာ ။ အနိုင်ကျင့်နိုင်တဲ့ သူက ဗိုလ်ပဲ ။ သူများကိုလည်း အနိုင် မကျင့်ချင်ဘူး ။ ကိုယ့်ကိုလည်း အနိုင်ကျင့် မခံချင်ဘူး ။ ပြီးတော့ ခဏခဏလည်း အဖမ်းခံရတယ် ။ အခု သိမ်ကြီးဈေးထောင့်နားက လူငယ်ဂေဟာကို ခဏခဏ ရောက် တယ် ။ ရောက်ပေမဲ့လို့ လူငယ်ဂေဟာကလည်း ဒီအတိုင်း မရောက်ဘူး ။ အဲဒီလူငယ်ဂေဟာ ရောက်သွားတဲ့ ကလေးတွေဆီက ပါလာတဲ့ ပစ္စည်းတွေကို ယူပြီးတော့ မင်း နောက်ကို ဘယ်နေရာ ၊ ဘယ်နေရာ မလာခဲ့နဲ့ ဆိုပြီး လွှတ်လိုက်တာပဲ ။ အမှန်ကတော့ လူငယ်ဂေဟာ ဆိုတာ ထောင်ပါပဲ ။ သို့ပေမဲ့ မိဘတွေ ကိုယ်တိုင်က လိုက်ပို့မှ လက်ခံတာ ။

အဲဒါနဲ့ ငါတော့ ဒီမှာ နေလို့ မဖြစ်ဘူး ဆိုပြီး နေရာအသစ်ရှာတော့ ရွှေတိဂုံဘုရားပေါ် ရောက်သွားတယ် ။ အဲဒီတုန်းက အလယ်ပစ္စယာမှာ ဇရပ်လေးတွေ အပြည့်ရှိတယ် ။ အားတဲ့ ဇရပ် ဘယ်နေရာမှာ ဝင်အိပ်အိပ် ရတယ် ။ အဲဒီလို ညဘက် ဘုရားမှာ အိပ် ။ နေ့ခင်း အပြင်မှာ ဆိုးတေ ရှာစားရင်းနဲ့ သူငယ်ချင်း တစ်ယောက် သွားတွေ့တယ် ။ အဲဒီ သူငယ်ချင်းက တခြားလူ မဟုတ်ဘူး ။ ဆရာဖောင်ရဲ့သား ထွန်းခင် တဲ့ ။ သူ့ညီက အခု ဆရာမောက် လို့ နာမည်ကြီးနေတဲ့ ငမောက် ။ ငမောက် က ကျွန်တော်နဲ့ အသက်ချင်း အတူတူပဲ ။ ထွန်းခင် က နှစ်နှစ်လောက် ကြီးတယ် ။

ထွန်းခင်က ဘာကြောင့် ကျွန်တော့်ကို အပေါင်းအသင်း လုပ်ရသလဲဆိုတော့ ကျွန်တော်က ရိုးတယ် ။ မဟုတ် မခံဘူး ။ လူက မိုက်ကန်းကန်း ။ နောက်တော့ သူတို့ ဆီမှာပဲ အိပ်တယ် ။ သူ့အဖေ ဆရာဖောင် တွက်ချက်ပေးတဲ့ အတိုင်း ထွန်းခင်က ဇာတာဖွဲ့ရတယ် ။ ဟောစာတမ်းတွေ ဘာတွေလည်း ရေးရတယ် ။ သူတို့ ရေးတဲ့ ဟောစာတမ်းတွေ ဖတ်ကြည့်ပြီး ကျွန်တော်က ပြင်တယ် ။ ကျွန်တော်က ဝတ္ထုဖတ်နေတဲ့ကောင် ဆိုတော့ ဒါကို ဒီလိုရေးရင် ကောင်းမယ်ကွာ ဘာညာနဲ့ ပြင်တာပေါ့ ။ ဒီတော့ သူတို့က ကျွန်တော့်ကို မင်း ဟောစာတမ်း ရေးကွာတဲ့ ။ သူငယ်ချင်းကို ကူပြီးတော့ ဟောစာတမ်း အလကား ရေးပေးတယ် ။

တစ်ဖက်ကလည်း ဝတ္ထုက မဖတ်ရ မနေနိုင်ဘူး ။ အဲဒီတုန်းက ပြည်ကြီးမင်္ဂလာ ရွှေလိပ်ပြာ ရှိတယ် ။ ပြီးတော့ သူရိယမဂ္ဂဇင်း ရှိတယ် ။ ဘီလူးကျွန်းမြမြ ကုမ္ပဏီက ထုတ်တဲ့ စာအုပ်တွေ ရှိတယ် ။ ဒဂုန်မဂ္ဂဇင်း ရှိတယ် ။ ဗန္ဓုလဂျာနယ် ၊ ဒီးဒုတ်ဂျာနယ် ရှိတယ် ။ ကဝိမျက်မှန် မဂ္ဂဇင်း ကတော့ မပေါ်သေးဘူးလား မသိဘူး ။ မမှတ်မိတော့ဘူး ။ အဲဒီအချိန်မှာ စာဖတ်ချင်တိုင်း ဖတ်လို့ ရတဲ့ နေရာ ရှိတယ်လို့ သတင်းကြားရတယ် ။ ဘယ်မှာလဲဆိုတော့ အခု ကျွန်တော် တက်နေတဲ့ ‘ ဦးနှောက်နဲ့ အာရုံကြော ’  ဆေးရုံ နေရာမှာ အစိုးရအထက်တန်းကျောင်း Govemment High School ရှိတယ် ။ ကျောင်းထောင့်မှာ ဘား နာ့ဒ်ပိဋကတ်တိုက် ရှိတယ် ။

အဲဒီ ဘားနာ့ဒ်ပိဋကတ်တိုက်မှာ အမြဲတမ်း စောင့်ပြီး စာအုပ်တွေ ငှားပေးတဲ့ စာရေးမကြီး တစ်ယောက်ရှိတယ် ။ ကျွန်တော်တို့က မမနှင်း လို့ ခေါ်တယ် ။ မမနှင်း က ကျွန်တော်တို့နဲ့ ကွဲသွားလို့ တော်တော် အသက် ကြီးသွားတဲ့ အထိ အပျိုကြီးပဲ ။ ပထမတော့ သူက ကျွန်တော်တို့ ပုံစံကြည့်ပြီး စာအုပ် မငှားဘူး ။ ထိုင်ဖတ်လို့ပဲ ရတယ် ။ မဂ္ဂဇင်းတွေ ဘာတွေကလဲ ဝယ်မဖတ်နိုင်တော့ အဲဒီ ပိဋကတ်တိုက်မှာပဲ ထိုင်ဖတ်ရတယ် ။

တော်တော် တိုက်ဆိုင်တာတစ်ခု ရှိတယ် ။ အခု ကျွန်တော် လာတက်နေရတဲ့ ဆေးရုံနေရာက Govemment High School နေရာ ။ ကျွန်တော့်ကို စာမဖတ်ရ မနေနိုင်အောင် လုပ်ပေးလိုက်တာက ဘားနာ့ဒ်ပိဋကတ်တိုက် ။ အဲဒါတင် မဟုတ်သေးဘူး ။ ဘားနာ့ဒ် ပိဋကတ်တိုက်နဲ့ မလှမ်းမကမ်း နေရာမှာ Drawing လေ့ကျင့်ပေးတဲ့ ကျောင်းတစ်ကျောင်း ရှိတယ် ။ စနေ ၊ တနင်္ဂနွေနေ့တိုင်း လေ့ကျင့်ပေးတယ် ။ အဲဒီကျောင်းက ဘယ်လောက် ပေးရသလဲဆိုတော့ တစ်လကို တစ်ကျပ် ပေးရတယ် ။

ကျွန်တော်က အရုပ်ရေးတဲ့ ကောင်ကိုး ။ မမနှင်း နဲ့ ကျွန်တော်ကလည်း သိပ်ခင်နေပြီ ။ ခင်တာက တခြားကြောင့် မဟုတ်ဘူး ။ ဒီကောင်လေးက သိပ်စာဖတ်တဲ့ ကောင်လေး ဆိုတာ သိပ်ယုံသွားတာကိုး ။ နောက်တော့ မမနှင်း က ဝတ္ထုတွေ ဘာတွေပါ ပေးတယ် ။ ဒါနဲ့ မမနှင်း ကို ကျွန်တော် ပန်းချီသင်ချင်တဲ့အကြောင်း ပြောပြတယ် ။ မမနှင်း က မင်း အသင်းဝင်ပါလား ။ တစ်လ တစ်ကျပ်ပဲ ပေးရတယ် ။ ကျွန်တော် ပေးပါ့မယ် ၊ အပ်ပေးပါ ဆိုပြီး ဝင်ဖြစ်သွားတယ် ။

အဲဒီအချိန်မှာ ကျွန်တော့်သူငယ်ချင်း ထွန်းခင် က ရှာပေးလို့ ဗေဒင်ဟောစာတမ်း အပ်တဲ့ ဖောက်သည်တွေ ရနေပြီ ။ သူတို့က ဗေဒင် တွက်ပေးတာကို ကျွန်တော်က ဖွဲ့နွဲ့ပြီး ဖူးစကက်စာရွက် သုံးရွက်လောက် ရအောင် ရေးပေးရတယ် ။ အဲဒီတုန်းက ဟောစာတမ်း တစ်စောင်ကို သုံးကျပ် ယူကြတယ် ။ အဲဒီ သုံးကျပ်ထဲက ကျွန်တော်က ငါးမူး ရတယ် ။ ဆူးလေဘုရားပေါ်က ‘ ဗေဒကဝိန် ဆရာစိန် ’ တို့ ၊ ဘာတို့ကို ရေးပေးရတယ် ။ နောက် သူ့ကို အကြောင်း ပြုပြီးတော့ တခြား ဆရာတွေနဲ့ပါ အဆက်အသွယ် ရသွားတယ် ။ ကျွန်တော့်ကို ဘာကြောင့် ရေးခိုင်းတာလဲ ဆိုတော့ ဝတ္ထုဖတ်နေတဲ့ ကောင်ဆိုတော့ အဖွဲ့အနွဲ့ ကောင်းတာကိုး ။ အဲဒီလိုနဲ့ ဝင်ငွေလေး မတောက်တခေါက် ရနေပြီ ။

Drawing ကျောင်းတက်ဖြစ်တော့ ဘယ်သူတွေနဲ့ တွေ့သလဲ ဆိုတော့ ကာတွန်းဦးဘဂျမ်း က အဲဒီ အသင်းရဲ့ အမြဲတမ်းအတွင်းရေးမှူး ။ သူ့ဆီ သွားသင်တော့ Drawing သင်ပေးတယ် ။ ဒီဇိုင်း ဘယ်လို ရေးရမယ် ၊ မျဉ်း ဘယ်လို ဆွဲရမယ် ဆိုတာတွေ သင်ပေးတယ် ။ စည်းနဲ့ ကမ်းနဲ့ ဆိုရင် ကျွန်တော် ဘာမှ လုပ်လို့ မရဘူး ။ ဖြစ်ကတတ်ဆန်းပဲ ။ နောက်တော့ ဘာသင်ပေး သလဲဆိုတော့ အထူးသင်တန်း သုံးလမှာ အထည် ဒီဇိုင်းရေးနည်း သင်ပေးတယ် ။ ဒီနည်းက ထူးဆန်းတာက အပေါ်က ဆက်ဆက် ၊ အောက်က ဆက်ဆက် ၊ ဘေးက ဆက်ဆက် တစ်ဆက် တည်း ဖြစ်ရမယ် ။ ပုံလှရမယ် ။ နာမည် လှရမယ် ။ အဲဒါ အထည်ဒီဇိုင်းပဲ ။

ဒါကို ကျွန်တော် စိတ်ဝင်စားတယ် ။ သင်ပေးတဲ့ ဆရာက သုံးယောက် ။ သူတို့က ပြောတယ် ။ မင်းတို့ ဒီ အထည်ဒီဇိုင်းကို ပေါ့ပေါ့ မထင်နဲ့ ။ မင်းတို့ ရေးပြီး ကုလားအထည်ဆိုင်တွေမှာ သွားရောင်း ၊ သူတို့ ကြိုက်ရင် ဝယ်လိမ့်မယ်တဲ့ ။ ဒါဆို ကျွန်တော့်အတွက် အလုပ်ဖြစ်ပြီ ။ ဘာမှ ပြောမနေနဲ့ တစ်နေ့တစ်နေ့ အထည်ဒီဇိုင်းတွေ ထိုင် ရေးတော့တာပဲ ။ ပထမ outline တွေ ရေးတယ် ။ ပြီးတော့မှ အရောင်သွင်းပြရတယ် ။ အရောင်က အမျိုးမျိုး သွင်းပြရတယ် ။ ဥပမာ - အရွက်က အစိမ်းရင့်နဲ့ အပွင့်က အဝါနု ။ နောက် ဒီ ဒီဇိုင်းကိုပဲ အရွက်က အစိမ်းရင့်နဲ့ အပွင့်က အနီ ၊ ခရမ်းရောင် လုပ်ပြရတယ် ။ ပြီးတော့ နာမည်လှလှ ပေးရတယ် ။ ခေတ်စားတဲ့ ရုပ်ရှင်နာမည် ကမန်းကတန်း တပ်ပြီး သွားပြရတာပေါ့ ။ သွားပြရင် ဟဲ့ ကောင်လေးတွေ ဘာလဲ ၊ ငါ အထည်ဒီဇိုင်း ပါတယ် ။ အေး ... ခဏနေဦး ဆိုပြီး သူတို့ကိစ္စ ပြီးတာနဲ့ ယူကြည့်တာပဲ ။ ဒီဇိုင်းကြိုက် တယ် ။ နာမည်လည်း ကြိုက်တယ်ဆိုရင် ဝယ်လိုက်တာပဲ ။ အထည် ဒီဇိုင်းတစ်ခုကို ကျွန်တော်တို့က ငါးကျပ်ရတယ် ။ အပြင်က ဒီဇိုင်းရေးဆရာ တစ်ယောက်ကို သွားခိုင်းရင် အထည်ဒီဇိုင်းတစ်ခုကို ငါးဆယ် ပေးရတယ် ။ ကျွန်တော်တို့က အားနေတဲ့ ကောင်တွေ ဆိုတော့ အမြဲတမ်း မတူအောင် ရေးပြီး လည်ရောင်းတော့တာပေါ့ ။ စွံတဲ့နေ့တွေ ဆိုရင် လေး ငါးခုလောက်ကို စွံတယ် ။ မစွံတဲ့နေ့လည်း ရှိတာပေါ့ ။ ဒါပေမဲ့ စွံတာက များပါတယ် ။

ပထမဦးဆုံး ကျွန်တော် ပိုက်ဆံရတာက ဗေဒင် ဟောစာတမ်းက ရတာ ။ ဒါက မဖြစ်စလောက်ပါ ။ ဒုတိယ ပိုက်ဆံရတာက အထည်ဒီဇိုင်းက ရတယ် ။ ဒီ အခြေအနေ ရောက်တော့ ကျွန်တော်က အိမ်ငှားနေပြီး သူငယ်ချင်းတွေကိုလည်း အိမ်မှာ ခေါ်ထားတယ် ။ အဲဒီမှာ တောက ဒေါ်လေးရဲ့ယောက်ျား လက်သမားဆရာ ရန်ကုန် ရောက်လာပြီး ကျွန်တော်နဲ့ တွေ့သွားတယ် ။ ဟဲ့ကောင်လေး ... ဘယ်မှာ နေသလဲ ။ ကျွန်တော် ဒီလို ဒီလို နေပါတယ် ဆိုတော့ သူက အတင်းခေါ်တယ် ။ ကျွန်တော်က လိုက်မနေပါဘူး ။ ဦးလေးက မင်း ဘာလုပ်နေသလဲ ဆို တော့ ကျွန်တော် လုပ်ကိုင်နေတာတွေ ပြောပြတယ် ။ သူက အဲဒီလို မလုပ်နဲ့ ၊ သူ့ဆီမှာ လက်သမား လုပ်လှည့် ဆိုတော့ ကျွန်တော် သွားလုပ်တယ် ။

အလုပ် မရှိတဲ့နေ့ ဆိုရင်တော့ အိမ်မှာပဲ နေတယ် ။ စာရေး ၊ ပန်းချီရေးပေါ့ ။ အဲဒီလို နေရင်းက ဘာတွေ လုပ်လာသလဲဆိုတော့ မဂ္ဂဇင်းတွေ ၊ ဝတ္ထုတွေ ဖတ်ပြီး ဆောင်းပါးတွေ ၊ ဝတ္ထုတွေ ရေးတယ် ။ ရေးပြီးရင် လစဉ်ထုတ် မဂ္ဂဇင်းတိုက်တွေကို လည်ပို့တယ် ။ ဟိုရှေးတုန်းက မဂ္ဂဇင်းတိုက်တွေမှာ အယ်ဒီတာတွေ ဆိုတာက ခုလို လွယ်လွယ်ကူကူ ဝင်တွေ့လို့ရတာ မဟုတ်ဘူး ။ အယ်ဒီတာနဲ့ တွေ့ရတာ ခု ဝန်ကြီးတစ်ယောက်နဲ့ တွေ့ရတာနဲ့ အတူတူ ပဲ ။ ဘာမှ မထူးဘူး ။ အပေါက်ဝမှာ Peon တွေ ဘာတွေ ရှိတယ် ။ သူက တစ်ဆင့် စာရေးပြီး ကျွန်တော် ဘယ်သူပါ ၊ ဘာအတွက် တွေ့ချင်လို့ပါ ဆိုတာ ပြောရတယ် ။ ဟိုက လွှတ်လိုက် ဆိုတော့မှ ဝင်တွေ့ရတာ ။

ဒီလ စာမူ ပေးပြီး နောက်လ ဂျာနယ်ထွက်လာလို့ ကျွန်တော့်စာမူ ပါမလာရင် စာမူတွေ ပြန်တောင်း ၊ အသစ် ရေးပြီး ပြန်ပို့ ။ အဲဒီလို လစဉ် မဂ္ဂဇင်းတွေရော ၊ ဂျာနယ်တွေရော လစဉ် မှန်မှန် စာမူပို့တာ သုံးနှစ် ကြာခဲ့တယ် ။ ဘယ်ထဲမှ မပါဘဲ နေရင်းက ဘာဖြစ်လာသလဲ ဆိုတော့ လူက အကျိုး ပေးချင်လာတော့ တစ်ခါတည်း ဖြစ်လာတယ် ။ ကျွန်တော့် ဒေါ်လေး ယောက်ျား အိမ်ဆောက်ဖို့ လက်ခံထားတဲ့ အိမ်ဘေးက အိမ်က စက်ချုပ်တယ် ။ သူက စက်ချုပ်ရင်း လွန်းကလေး ပျက်သွားတယ် ။ အဲဒီတုန်းက ပုဇွန်တောင် ပေတောကုန်းမှာ ‘ ဆင်းကား ’  စက်ကုမ္ပဏီက ကိုယ်စားလှယ်ဆိုင် ရှိတယ် ။ အဲဒီကို မင်း သွားဝယ်စမ်းလို့ ခိုင်းတယ် ။

အဲဒီတုန်းက ကျွန်တော်က လူပျိုပေါက်အရွယ် ။ ဆင်းကားဆိုင်မှာ စက်ချုပ်တဲ့ မိန်းကလေးတွေက စက်ငှား ရတယ် ။ တစ်လ သုံးဆယ် ပေးရတယ် ။ ပြီးတော့ အဲဒီမှာ ပန်းရေးပေးတဲ့ Designer ရှိတယ် ။ ကျွန်တော် လွန်းသွားဝယ်တော့ ကပြားမတစ်ယောက်က ပန်းရေးပေးပြီး မိန်း ကလေးတွေက စက်နဲ့ ပန်းထိုး နေကြတယ် ။ ပန်းရေးနေတဲ့ မိန်းမက တုန်ချည့်တုန်ချည့်နဲ့ ဆိုတော့ ကျွန်တော်က “ ဟင်း ... ဖြစ်ပျက်နေလိုက်တာ ၊ ဒီပုံနဲ့များ ပန်းရေးနေတယ် ” ဘာညာနဲ့ပေါ့ဗျာ ။ ခုခေတ် လမ်းသရဲကလေးတွေလို ပြောတာပေါ့ ။ လူကလည်း လူကောင်းမှ မဟုတ်ဘဲကိုး ။

အဲဒီတော့ ဆင်းကားက ဘိုမ ဆရာမကြီးက ဟေ့ကောင် ဘာပြောတာလဲလို့ မေးတယ် ။ ကျွန်တော်က ပန်းရေးတဲ့ ဆရာမ တုန်ချည့်တုန်ချည့် ဖြစ်နေလို့ ပြောတာပါလို့ ဆိုတော့ “ အမယ် ... မင်းက ရေးတတ်လို့လား ”  တဲ့ ။ “ ရေးတတ်တာပေါ့ ၊ ဘယ်လောက် ခက်တာမှတ်လို့ ၊ အလကားဟာများ ” လို့ ဆိုတော့ “ မင်း တကယ်လား ” ဆိုပြီး ကပြားမလေး လက်ထဲက ရေးလက်စကို ဆက်ရေးခိုင်းတယ် ။ ကျွန်တော် ယူပြီး ရေးချလိုက်တာ တစ်ခါတည်း ခဏလေးနဲ့ ပြီးသွားတယ် ။ မိန်းမကြီးက ကြည့်ပြီး “ မင်း အခု ဘယ်မှာ အလုပ်လုပ်သလဲ ” တဲ့ ။ “ ကျွန်တော် ဘယ်မှာမှ အလုပ် မလုပ်ပါဘူး ။ ဦးလေးတွေဆီမှာပဲ နေပါတယ် ” လို့ ။ “ မင်း ဒီအလုပ် လုပ်မစားဘူးလား ” တဲ့ ။ “ ကျွန်တော် လုပ်မစားပါဘူး ၊ ဘာလို့ လုပ်စားရမှာလဲလို့ ” ။ “ ဒီမှာ ဆရာမလေးကို သူ့အဖေ အမေတွေက နိုင်ငံခြားကနေ မှာနေတာ လူစား ရှာမရသေးလို့ မလွှတ်ရသေးဘူး ။ မင်း ဒီမှာ အလုပ် လုပ်မလား ။ လုပ်ရင် သုံးဆယ်ပေးမယ် ” တဲ့ ။

အဲဒီအချိန်မှာ စာတွေက တော်တော် ဖတ်နေပြီ ဆိုတော့ “ ကျွန်တော် သူများ လက်အောက်မှာ ကျွန်လုပ်ရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး ။ သူ့ကျွန် လုပ်စားတဲ့သူ မဟုတ်ဘူး ” ဆိုပြီး ရန်တွေ ဘာတွေ ဖြစ်ပြီးတော့ ထွက်လာခဲ့တယ် ။ အပြင်ရောက်တော့ ကောင်မလေးတစ်ယောက် နောက်က လိုက်လာတယ် ။ “ အစ်ကို အစ်ကို ခဏနေပါဦး ၊ ဆရာမကြီးက မေးခိုင်းလို့ ၊ အစ်ကို ဘယ်မှာ နေတယ်ဆိုတာ လိပ်စာ ပေးခဲ့ပါဦး ” တဲ့ ။ “ ဘာလဲ ၊ လာတိုင်မလို့လား ၊ တိုင်ချင်တိုင်လှည့် ” ဆိုပြီး ဦးလေးတွေရဲ့ လိပ်စာ ပေးခဲ့တယ် ။

အမှတ်တမဲ့ပဲ ကိုယ့်ဟာကိုယ် နေလိုက်တာ နောက် ငါးရက်လောက် ကြာတော့ ကျွန်တော်တို့ အိမ်ဆောက်နေတဲ့ နေရာကို ကားနဲ့ ပေါက်ချလာတယ် ။ ကျွန်တော်က ကိုယ့်ဟာကိုယ် နာမည် အမျိုးမျိုး ပြောင်းနေတာ ဆိုတော့ အဲဒီတုန်းက ကျွန်တော့် နာမည်က မြင့်ဆွေ ။ “ ဒီမှာ မောင်မြင့်ဆွေ ဆိုတာ ရှိသလား ” တဲ့ ။ ကျွန်တော့်အဒေါ်က ထွက်လာပြီး “ ရှိပါတယ် ၊ ကျွန်မ တူလေးပါပဲ ။ ဘာဖြစ်လို့တုံး ” ဘာညာနဲ့ မေးတာပေါ့  ။ သူတို့ စိတ်ထဲကတော့ ကားနဲ့ ဘာနဲ့ လိုက်လာတော့ ဘာများ ဖြစ်ခဲ့သတိုး ဆိုပြီး ကြောက်နေကြပြီ ။ “ သူ့မိဘများ မရှိဘူးလား ” ဆိုတော့ “ မိဘများကတော့ တောမှာပါ ။ ဒီမှာ ကျွန်မတို့နဲ့ နေပါတယ် ” လို့ ပြောတော့မှ အလုပ်လုပ်ဖို့ လာငှားတဲ့ကိစ္စ ပြောတယ် ။ အမှန်က ဒီမိန်းမကြီးက တစ်လ သုံးဆယ် ပေးမယ်လို့ ကျွန်တော့်ကို ပေါ့ပေါ့ကလေး ပြောလိုက်တာ ။ သူ့ဆီမှာ လက်ရှိ အလုပ်လုပ်နေတဲ့ ကောင်မလေးကို ခြောက်ဆယ့်ခုနစ်ကျပ်ခွဲလား ပေးထားတာ ။ အဲဒီတုန်းက ပုလိပ်တစ်ယောက်ရဲ့ လစာမှ ဆယ့်ရှစ်ကျပ်ပဲ ရတာ ။ နောက်တော့ ဒေါ်လေးနဲ့ ဒေါ်လေး ယောက်ျားကို အတင်းပြောပြီး ကျွန်တော့်ကို သုံးဆယ့်ငါးကျပ်ထိ ပေးတယ် ။

အဲဒါနဲ့ ကျွန်တော် အလုပ်ဆင်းရတာပေါ့ ။ တစ်နေ့ တစ်နေ့ အများကြီးကို ရေးပစ်လိုက်တာပဲ ။ လူက အားနေတော့ ပန်းထိုးတဲ့ ကောင်မလေးတွေနဲ့ ရင်းနှီးလာတယ် ။ ကောင်မလေးတွေက အဲဒီတုန်းက ဘယ်လို ပန်းတွေ ထိုးရသလဲ ဆိုတော့ ရှံသားအင်္ကျီပေါ်မှာ ရေးထားတဲ့ ပန်းကို ပြောင်းပြန် အတွင်းဘက်ကနေ ထိုးတာ ။ အပြင်ကနေ ကြည့်လိုက်ရင် အဖြူပဲ တွေ့ရတယ် ။ ပန်းပွင့်တွေက အဖြူ ၊ အရွက်တွေကလည်း အဖြူ ။ နှုတ်ခမ်းလေးတွေကို ကတ်ကြေးနဲ့ လျှောက်ညှပ်လိုက်တော့ နှုတ်ခမ်းသားလေးတွေက ပန်းအဖြူလေးတွေနဲ့ ဖြစ်သွားတာပေါ့ ။ အဖြူပေါ် မှာ အဖြူပဲ ။ အဲဒီ အင်္ကျီတစ်ထည်ရဲ့ တန်ဖိုးက သူ့ပင်ကို ဈေးထက် ငါးဆ ၊ ခြောက်ဆလောက် ပိုရတယ် ။

ကျွန်တော် ကောင်မလေးတွေနဲ့ တည့်အောင် ပေါင်းပြီး ပြောရတယ် ။ “ နင်တို့ သူတို့ဆီက စက်ကိုလည်း ငှားရသေးတယ် ။ ပြီးတော့ သင်ပေးတာက နည်းနည်း ၊ သင်ပြီးပြန်တော့လည်း ဒီဟာလေး တစ်ခုကို ကျွမ်းကျင်အောင် အထိုးခိုင်းတယ် ။ အထိုးခိုင်းတဲ့ ဟာတွေက အော်ဒါ ထည်တွေ ။ ပြီးတော့ ဧရာမကုန်တိုက်ကြီးတွေ ဖြစ်တဲ့ ရိုးတို့ ၊ ဝှိုက်တို့ ၊ ဝေးတို့ ရောက်သွားတယ် ။ ပြီးတော့ နင်တို့ကလည်း ပိုက်ဆံ ပေးရသေးတယ် ။ မလုပ်နဲ့ ထွက် ။ တို့ အဲဒီ စက်တွေ ငှားမယ် ။ မိဘက အခိုင်အမာနဲ့ ငှားရင် ဈေးပေါပေါနဲ့ ရတယ် ။ တို့ဘာသာ အပြင်မှာ လုပ်စားမယ် ။ ငါက ပန်းရေးမယ် ” လို့ ။ အဲဒီက ကောင်မလေးတစ်ယောက် နာမည်က မစောတင် တဲ့ ။ သူ့အမေကို ပြောခိုင်းရတယ် ။ သူ့အမေက မဖွားခင် တဲ့ ။

သူ့အမေကလည်း သဘောတူတယ် ။ အဲဒီက ကောင်မလေး လေးယောက် တစ်ပြိုင်တည်း ထွက်ကြတဲ့ အထဲမှာ မစန်း ဆိုတဲ့ ကောင်မလေးတစ်ယောက်က ဒေါက်တာဘမော်ရဲ့ တူမ တော်တယ် ။ သူလည်း ပါတယ် ။ ဒေါ်ဖွားခင် က ပေတောကုန်းမှာ နေတယ် ။ သူ့အိမ်ကနေ စက်လေးလုံး ငှားပြီး ကု,လားကုန်တိုက်တွေ လိုက်စပ်တယ် ။ မိုတီဝါးလား ဆိုတဲ့ အကြီးအကျယ် ကု,လားကုန်တိုက် ရှိတယ် ။ သူ့ဆီက ပထမဆုံး ပိတ်အုပ်တွေ ယူရတယ် ။ လက်ရာကောင်းတဲ့ နေရာတွေမှာ အင်္ကျီတွေ အချုပ်အပ် ။ ပြီးတော့ ကျွန်တော်က ပန်းရေး ၊ ကောင်မလေးတွေက ထိုး ။ ပြီးတော့ မိုတီဝါးလား ဆီ ပြန်သွင်း ။ ပိတ်စဖိုး နုတ်ပြီး ကျွန်တော်တို့ ဈေးအပေါဆုံးနဲ့ ရောင်းတာတောင် တစ်ထည်ကို ခြောက်ဆယ်လောက် ရတယ် ။ အဲဒါ အပြင်က လူတွေ မဝတ်ရသေးဘူး ။ မမြင်ဖူးသေးဘူး ။ အဲဒီလို လုပ်ရင်း ကျွန်တော်တို့ဆီမှာ မိန်းကလေး အလုပ်သမားပေါင်း ရှစ်ဆယ်လောက် ဖြစ်လာတယ် ။ အိမ်ကြီးနှစ်ဆောင် ရှေ့နောက် အပြည့်ပဲ ။

အဲဒီတော့ ကျွန်တော် ဝင်ငွေ ရှိနေပြီ ဆိုတော့ သူငယ်ချင်းတွေကို ခေါ်ပြီး ကျောင်းထားပေးတယ် ။ ငါ ကျောင်းမနေခဲ့ရတာ မင်းတို့ နေပါ ဆိုပြီး ကျောင်းစရိတ် ပေးတယ် ။ ထမင်းစရိတ် ပေးတယ် ။ အတူတူ နေခိုင်းတယ် ။ ကျောင်းက ပြန်လာလို့ အားတဲ့အချိန်မှာ ကျွန်တော် ခိုင်းတာလုပ် ။ တေပေနေတဲ့ သူငယ်ချင်းတွေထဲက လူကောင်း သူကောင်း ဖြစ်ချင်တဲ့ သူတွေကို အဲဒီလို ခေါ်ထားတယ် ။

ပန်းချီကျောင်းမှာ လူငယ်များ ကြီးပွားရေး အသင်း ဆိုတာ ရှိတယ် ။ အဲဒီအသင်းက စာပေပြိုင်ပွဲ တစ်ခု လုပ်တော့ ကျွန်တော် ဝင်ရေးတာပဲ ။ ဝင်ရေးတော့ နာမည်ရင်းနဲ့ ရေးတာပဲ ။ ပထမဆု ရတယ် ။ ပြိုင်တဲ့ လူပေါင်း ရှစ်ဆယ်လောက် ရှိတယ် ။ ဆုရတဲ့ ငွေတို့ ၊ တံဆိပ်တို့ကိုတော့ အပေါင်းအသင်းတွေ အားလုံး ကျွေးပစ်လိုက်တယ် ။ နောက်နေ့တွေ ကျွန်တော် စာရေးတော့ “ လူငယ်များ ကြီးပွားရေးအသင်း စာပေပြိုင်ပွဲဆုရ ” ဆိုတာကို ကျွန်တော့်နာမည် အောက်က ကွင်းနဲ့ ထည့်တယ် ။ အဲဒီလို ထည့်တော့ ပထမဦးဆုံး ကျွန်တော့်စာမူကို လက်ခံတာက “ သက်စောင့် ” မဂ္ဂဇင်း ၊ E.M ဒီဆူဇာ ကုမ္ပဏီက ထုတ်တာ ။ ခုနှစ်သက္ကရာဇ်တော့ မမှတ်မိတော့ဘူး ။ အဲဒီတုန်းက ကျွန်တော့်အသက်မှ ၁၈ နှစ်လောက်ပဲ ရှိသေးတယ် ။ အခု ကျွန်တော့် အသက် ၇ဝ ပြည့်ဖို့ လေးလပဲ လိုတော့တယ် ။

နောက်တစ်ခါ သက်စောင့်မဂ္ဂဇင်းလိုပဲ ကောဇာသစ်မဂ္ဂဇင်း ကလည်း လက်ခံတယ် ။ ဒီးဒုတ်ဂျာနယ်လား ၊ ဗန္ဓုလဂျာနယ်လား မသိဘူး ။ အဲဒီမှာ ဗြုတ်စဗျင်းတောင်း မှတ်ဖွယ်ရယ်ဖွယ် ဆိုတာ ရေးပေးတယ် ။ အဲဒီအချိန်မှာ ကျွန်တော်တို့ တောက လူတစ်ယောက်က ရန်ကုန် လာပြီး ‘ မြရတနာ ’ ကုမ္ပဏီ ဆိုပြီး ဝတ္ထုစာအုပ်တိုက် တစ်တိုက် ထောင်တယ် ။ အဲဒီ ဝတ္ထုစာအုပ်တိုက်မှာ ကျွန်တော်က စာပြင်ဆရာ ဝင်လုပ်ရင်း မဂ္ဂဇင်းတိုက် ထောင်ပါလားလို့ အတင်းတိုက်တွန်းတော့ သူက သဘောတူတယ် ။ အဲဒီလူ နာမည်က မောင်မြ တဲ့ ။ သူက နောက်တော့ ဒါရိုက်တာ ဒဂုန်လွန်း လို့ နာမည်ကြီးလာမယ့် သူနဲ့ ပေါင်းပြီး မဂ္ဂဇင်း ထောင်တာ ။ နာမည်က စပယ်ရှယ် မဂ္ဂဇင်းတဲ့ ။ ကျွန်တော်က အယ်ဒီတာပေါ့ ။ ဝတ္ထုတွေလည်း ရေးတယ် ။ နာမည် ကတော့ မတည်ငြိမ်သေးဘူး ။

တစ်ဖက်က ပန်းရေးတဲ့ အလုပ်ကလည်း လုပ်နေဆဲပဲ ။ ပန်းချီကလည်း ရေးစ ပြုနေပြီ ။ အဲဒီနောက်ပိုင်းမှာ နဂါးနီစာအုပ်တိုက် ဆိုတာ ပေါ်လာတယ် ။ ဂျာနယ် မထွက်သေးဘူး ။ သူ ထုတ်ချင်တဲ့အခါ ထုတ်တဲ့ လုံးချင်း စာအုပ်တွေပဲ ထုတ်သေးတယ် ။ အဲဒီမှာ ကျွန်တော် ရေးပါရစေလို့ သွားပြီး လျှောက်တယ် ။ သူတို့က ပြောတယ် ။ တို့ ရေးတာတွေက မင်းတို့ ရေးတာတွေနဲ့ မတူဘူးတဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ ငါ့ညီတို့ ရေးတာက ရိုးရိုးအပျော် ဖတ်ဖို့ ရေးတာတဲ့ ။ တို့ ရေးတာက တိုင်းပြည်ကို ပြုဖို့ တိုင်းပြုပြည်ပြု ရေးတာတဲ့ ။ တိုင်းပြုပြည်ပြုစာပေ ဆိုတာ ဘယ်လိုလဲခင်ဗျာ ဆိုတော့ ဆရာထွန်းရွှေက စိတ်ရှည် လက်ရှည်ပဲ ရှင်းပြတယ် ။

ကျွန်တော်က အဲဒီနောက်ပိုင်းမှာ နဂါးနီစာ အုပ်တိုက်က ထုတ်တဲ့ စာအုပ်တွေ စွဲစွဲမြဲမြဲ ဖတ်တော့တာပဲ ။ တစ်ဖက်က ဘာဖြစ်လာသလဲ ဆိုတော့ ဆင် စီးကရက်ရယ် ၊ ပိုလို စီးကရက်ရယ် ၊ ကတ်ကြေး စီးကရက် ရယ်က သူတို့ စီးကရက် ကြော်ငြာဒီဇိုင်းပြိုင်ပွဲ လုပ်မယ်လို့ ကြော်ငြာတယ် ။ ကြော်ငြာဒီဇိုင်းတစ်ခု အရွေးခံရရင် ဆုငွေ တစ်ထောင် ပေးမယ်တဲ့ ။ ကျွန်တော်က စီးကရက်ဘူး ပုံစံကလေးနဲ့ ဟိုဘက်ထောင့်က ကာတွန်းရုပ်ကလေးနဲ့ ကြော်ငြာဒီဇိုင်း သွားပို့တယ် ။ သူတို့က သုံးလ တစ်ကြိမ် ရွေးတာကိုး ။ ကျွန်တော် ဘယ်လောက်အထိ ပို့သလဲ ဆိုရင် တစ်ခါမှ မလွတ်ဘဲ ပို့တာ နှစ်နဲ့ ချီပြီး ကြာတယ် ။ အရွေးခံရတဲ့သူက “ စံတင် ” ဆိုတာချည်းပဲ ။ တခြားသူ တစ်ယောက်မှ မတွေ့ဘူး ။ နောက်ဆုံးကျတော့ အဲဒီလူက ဘာပြောသလဲဆိုတော့ မင်း ဒါလောက်တောင် ဇွဲကောင်း လှတာ မင်းကို အမှန်အတိုင်း ပြောပြမယ် ။ အရွေးခံရတဲ့သူ စံတင်က လွဲလို့ မင်း ဘယ်သူ့ကို တွေ့ဖူးသလဲ ။ မတွေ့ဖူးပါဘူး ဆိုတော့ “ အေး .. အဲဒီကတည်းက တို့ ရွေးတာ မှန်မှန်ကန်ကန် ဘယ်ဟုတ်ပါ့မလဲ ။ အဲဒါ မင်း သိအောင် ပြောပြတာပါ ။ အမှန်က ဒါ ဖွင့် မပြောရဘူးကွဲ့ ” တဲ့ ။ စိတ်ဆိုးသွားသလားလို့ သူက မေးသေးတယ် ။ ကျွန်တော် စိတ်မဆိုးပါဘူးလို့ ။ ဘာဖြစ်လို့လဲ ဆိုတော့ အစတုန်းက ကျွန်တော် ဒီဇိုင်းမှ မရေးတတ်ဘဲ ။ အခုတော့ အလိုလို သင်သလို ဖြစ်သွားပြီ ။ ဒီဇိုင်း ဆွဲတတ်သွားပြီလို့ ပြောခဲ့တယ် ။

ဆိုကြပါစို့ဗျာ ။ အဲဒီအချိန်မှာ နဂါးနီဂျာနယ် ထွက်လာတယ် ။ ကျွန်တော်ကလည်း ဂျာနယ်တွေ ၊ မဂ္ဂဇင်းတွေ ထဲမှာ နာမည်အမျိုးမျိုးနဲ့ လျှောက်ရေးတာပဲ ။ နာမည် မတည်ငြိမ်သေးဘူး ။ နောက်တော့ ကျွန်တော် စဉ်းစားတယ် ။ ငါတော့ သူများနဲ့ မတူအောင် ရေးမှပဲ ဆိုပြီး နည်းလမ်းလိုက်ရှာတော့ ဂန္ထလောကက ထုတ်တဲ့ အထဲမှာ စာနုတွေ ရေးတာပါတယ် ။ အင်မတန် လှတဲ့ စာတွေပဲ ။ အိုမာခရမ်း ကဗျာတို့ ဘာတို့ဆို ဘာသာပြန်ပြီး အစီအစဉ်နဲ့ ရေးတာ အင်မတန် လှတယ် ။

အဲဒီလို ကဗျာကို စကားပြေနဲ့ ရေးသလို လှလည်း လှရမယ် ။ ကိုယ်ရေးချင်တဲ့ ဝတ္ထုအကြောင်းလည်း ဖြစ်ရမယ် ။ ဝတ္ထုတိုလည်း ဖြစ်ရမယ် ဆိုပြီးတော့ နဂါးနီ ဂျာနယ်မှာ စပြီး စမ်းရေးလိုက်တာ သူတို့ကလည်း ချက်ချင်း လက်ခံလိုက်တယ် ။ အဲဒီတော့ “ ဘဆွေ ” နာမည်နဲ့ပဲ ။

နဂါးနီဂျာနယ်မှာ ဘဆွေ က နှစ်ယောက် ဖြစ်နေတယ် ။ ကျွန်တော်က ဝတ္ထု ရေးတယ် ။ နောက်တစ်ယောက်က ပြောက်ကျားတိုက်ပွဲတွေ ဘာတွေ အကြောင်း ရေးတယ် ။ အပတ်တိုင်း အပတ်တိုင်းမှာ ဘဆွေ နှစ်ယောက် ပါနေတယ် ။ စာချင်းကတော့ မတူပါဘူး ။ အဲဒီလို နှစ်ယောက်စလုံး ပါလာပြီး လေးပတ်လောက် ရှိမှ ဂျာနယ်ကပဲ နာမည်ကို ခွဲပေးလိုက်တယ် ။ တိုက်ပွဲ အကြောင်းတွေ ဘာတွေ ရေးတဲ့ ဘဆွေကို “ ထားဝယ်ဘဆွေ ” ၊ ဝတ္ထုတွေ ရေးတဲ့ ကျွန်တော့်ကို “ ရန်ကုန်ဘဆွေ ” လို့ ။ အဲဒီကစပြီး ကျွန်တော့် ကလောင်နာမည် “ ရန်ကုန်ဘဆွေ ” ဖြစ်လာတာပါပဲ ။

ကျွန်တော့်မူက စကားလုံးကလေးတွေ လှရမယ် ၊ နုရမယ် ၊ မြန်မာဆန်ရမယ် ။ ကိုယ် ဆိုလိုချင်တာကို နားလည်စေရမယ် ။ အဲဒီ မူနဲ့ ရေးတာပဲ ။ နောက်တော့ ဆရာ ထွန်းရွှေတို့နဲ့ ပတ်သက်ပြီး နိုင်ငံရေးဆန်ဆန် ရေးရမယ့် ကိစ္စတွေ ပေါ်လာတယ် ။ အဲဒီလိုဟာတွေ ရေးမယ့် အခါကျတော့ နာမည်ပြောင်းရတယ် ။ “ စံနက်ကျော် ” ဆို တဲ့ နာမည်နဲ့ ရေးတယ် ။ ကျွန်တော့် ကလောင်နာမည် သုံးခု ရှိတာ တစ်ခုကတော့ မေ့သွားပြီ ။

“ သတိုးဆွေ ” ဆိုတဲ့ ကလောင်နာမည်နဲ့လည်း ကောဇာသစ်တို့ ၊ ဘာတို့မှာ ရေးဖူးတယ် ။ နာမည်တူ ရှိတာနဲ့ပဲ ဘဆွေလို့ ပြောင်းခဲ့တာ ။ သူရိယမဂ္ဂဇင်း မှာတော့ ပြိုင်ပွဲ ပထမရပြီး ငွေဆယ့်ငါးကျပ် ရခဲ့ပေမဲ့ မဂ္ဂဇင်းထဲမှာတော့ နာမည်ထည့်မပေးဘူး ။ “ ဆုရသူ ” လို့ပဲ ပါခဲ့တယ် ။ သူရိယမဂ္ဂဇင်းမှာလည်း နောက်တော့ အများကြီး ရေးခဲ့ပါတယ် ။

အဲဒါ ကိုဝင်းငြိမ်း မေးထားတဲ့ စာပေလောကထဲ ဝင်ရောက်ခဲ့ပုံနဲ့ “ ရန်ကုန်ဘဆွေ ” ဖြစ်လာပုံ အကြောင်းပါပဲ ။

▢  ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
      အမှတ် - ၆၁ - ၆၂
      ဇွန် - ဇူလိုင်လ ၊ ၁၉၈၆ ခုနှစ် 

Tuesday, April 21, 2026

တက္ကသိုလ်မြစိမ်းနှင့်‌ တွေ့ဆုံပေးခြင်း


 

❝ တက္ကသိုလ်မြစိမ်းနှင့်‌ တွေ့ဆုံပေးခြင်း ❞
         ( ဝင်းငြိမ်း )

ဒီလ ကျွန်‌တော် ‌တွေ့ဆုံ‌ပေးမယ့် သူက‌တော့ ၁၉၆၅ ခုနှစ်မှာ ‘ မိုးရွာ‌သော ညများနှင့် အခြားဝတ္ထုတိုများ ’ နဲ့ အမျိုးသားစာပေ ( ဝတ္ထုတို ) ဆု ၊ ၁၉၇၈ ခုနှစ်မှာ ‘ နောက်တိုး ’ ဝတ္ထုနဲ့ အမျိုးသားစာ‌ပေ ( ဝတ္ထုရှည် ) ဆု ချီးမြှင့်ခံရတဲ့ တက္ကသိုလ်မြစိမ်း ပဲ ဖြစ်ပါတယ် ။

တက္ကသိုလ်မြစိမ်း ဆိုတာနဲ့ တစ်ပြိုင်နက် ဇာတ် ၊ အငြိမ့် နဲ့ ဆိုင်း‌လောကကို ‌နောက်ခံထားပြီး ပီပီပြင်ပြင် ခြယ်မှုန်းသွားခဲ့တဲ့ ‘ နောက်တိုး ’ ကို သတိရမိကြမှာ ဖြစ်သလို ‘ တိုင်းမင်းကြီးသမီး ’ ၊ ‘ ညွှန်ကြား‌ရေးမှူးချုပ် က‌တော် ’ ၊ ‘ စုံကန္ထာ ‌နေပူခရီး ’ စတဲ့ ဆရာမ လက်ရာ‌တွေကို စာချစ်သူများ မှတ်မိကြပါလိမ့်မယ် ။

••••• ••••• •••••

“ ဆရာမ နာမည်ရင်းက ... ”

“ မြင့်မြင့်သန်းပါ ”

“ မြစိမ်းလို့ က‌လောင်နာမည် ယူတဲ့‌ နေရာမှာ သီးခြား အ‌ကြောင်းများ ရှိပါသလား ဆရာမ ”

“ အစိမ်းရဲ့ သ‌ဘောသဘာဝကို ကျွန်မ သ‌ဘောကျတယ် ။ အစိမ်း‌ရောင်ရဲ့ ‌လောကကို အကျိုးပြုပုံကိုလည်း အားကျတယ် ။ ဒါ‌ကြောင့် အစိမ်း‌ရောင် ရှိတဲ့ မြ နဲ့ တွဲပြီး မြစိမ်း ဆိုတဲ့ နာမည်ကို ယူခဲ့ပါတယ် ”

“ မြစိမ်းရဲ့ ‌ရှေ့မှာ တက္ကသိုလ် တပ်ထား‌တော့ ဆရာမ တက္ကသိုလ် တက်‌နေစဉ် ကတည်းက စာ စ ရေးခဲ့တာ ထင်ပါတယ် ။ ဒါဆိုရင် ဆရာမ စာ စ‌ရေးဖြစ်ခဲ့ပုံကို သိပါရ‌စေ ”

“ ကျွန်မ တက္ကသိုလ်‌ ရောက်စ နှစ်မှာပဲ ယုဝတီဂျာနယ်မှာ ဝတ္ထုတိုက‌လေး တစ်ပုဒ် ပါလာပါတယ် ။ ကျွန်မ ပို့တုန်းက မြစိမ်း နာမည်နဲ့ ပို့တာပဲ ။ စာမူ ယူသွားတဲ့ အစ်မကြီး တစ်‌ယောက်က တက္ကသိုလ်လည်း ‌ရောက်‌နေပြီပဲ ။ တက္ကသိုလ် ထည့်လိုက်မယ် ဆိုပြီး ‌ရှေ့က တက္ကသိုလ် ထည့်လိုက်လို့ ကျွန်မ စာ‌ရေးတဲ့ နာမည် ‘ တက္ကသိုလ်မြစိမ်း ’ ဖြစ်လာပါတယ် ”

“ ကျွန်‌တော်တို့ စာ‌ပေ‌လောကမှာ တက္ကသိုလ်မြစိမ်း နဲ့ မြမြစိမ်း ရယ်လို့ က‌လောင်နှစ်မျိုး ရှိ‌နေတာကို စာဖတ်ပရိသတ် တချို့ ခွဲခြားမရ ဖြစ်‌နေတတ်ကြပါတယ် ။ ကျွန်‌တော် ‌တွေ့ဆုံ‌ပေးခဲ့ဖူးတဲ့ ‘ တက္ကသိုလ် ကြူကြူသင်း ’ ဆိုရင် အခု ‌ရှေ့က တက္ကသိုလ် ဖြုတ်ပြီး ‘ ကြူကြူသင်း ’ နဲ့ပဲ ‌ရေး‌နေ‌တော့ ဒီက‌လောင်နာမည် နှစ်ခုက တစ်‌ယောက်တည်း ဖြစ်‌နေတယ် ။ ဆရာမ ကိစ္စကိုလည်း ကြုံကြိုက်တုန်းမှာ ရှင်းပြ‌စေချင်ပါတယ် ”

“ ဒီ‌မေးခွန်း ကို‌တော့ ကျွန်မ မ‌ဖြေပါရ‌စေနဲ့ ”

“ ဆရာမ မ‌ဖြေချင်ရင်လည်း ‌ကျော်လိုက်ကြတာ‌ပေါ့ ။ ဆရာမက ဝတ္ထုတို‌ရော ၊ ဝတ္ထုရှည်ပါ အမျိုးသား စာ‌ပေဆု ရထားတယ် ဆို‌တော့ စာ‌ပေ‌ လေ့လာလိုက်စားကြတဲ့ စာဖတ်ပရိသတ် အတွက် ဝတ္ထုတို‌ရေးနည်းနဲ့ ဝတ္ထုရှည်‌ရေးနည်း ခွဲခြား‌ ပြောပြ‌စေချင်ပါတယ် ”

“ ဝတ္ထု‌ရေးနည်းက လွယ်လွယ်‌ပြောလို့ မဖြစ်ပါဘူး ။ မရပါဘူး ။ ကျွန်မ ဝတ္ထု‌ရေးနည်း မ‌ပြောတတ်တဲ့ အတွက် ခွင့်လွှတ်ပါ ။ ဝတ္ထု‌ရေးနည်း ပညာရပ်က နက်နဲခက်ခဲ ကျယ်ဝန်းပါတယ် ။ စာ‌ပေ‌ရေးရာဆိုင်ရာ ၊ စာ‌ပေအနုပညာဆိုင်ရာ ၊ အလှတရားဆိုင်ရာ စာအုပ်‌တွေ အမျိုးမျိုး ထွက်လာ‌တော့ ‌ရေးနည်း‌ ပြောဖို့လည်း ပိုခက် လာပါတယ် ။ ကျွန်မ ‌ပြောတတ်တာ‌တော့ ရှိတယ် ။ ဝတ္ထုတိုတို့ ၊ ဝတ္ထုရှည်တို့ ‌ရေးတဲ့ အခါမှာ ကျွန်မ အတိုင်းအတာ အရ အ‌ကောင်းဆုံး ဖြစ်‌အောင် အဘက်ဘက်က ပြည့်စုံ‌အောင် ကြိုးစားပါတယ် ။ ‌နောင် ကိုလည်း အခုထက် ပိုပြီး ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ် ”

“ ဟုတ်ကဲ့ ဆရာမ ၊ ‘ နောက်တိုး ’ နဲ့ ပတ်သက်ပြီး ကျွန်‌တော် ‌ဆွေး‌နွေးချင်တာ‌လေး တချို့ ‌ဆွေး‌နွေးခွင့်ပြုပါ ”

“ ဟုတ်ကဲ့ ”

“ ‌နောက်တိုးကို ‌လေ့လာကြည့်ရင် ဦး‌မောင်‌မောင် မိသားစုနဲ့ ခင်တိုးတို့ မိသားစု နှစ်ဖက် ‌တွေ့ရပါမည် ။ ဦး‌မောင်‌မောင် ဘက်မှာ ဘွားဘွားကြီး ‌ဒေါ်စိန်းမြ ၊ ‌မေ‌မေ ‌ဒေါ်စိန်း‌အေး ၊ အ‌ဒေါ် ‌ဒေါ်စိန်း‌ရွှေ ၊ ‌ဒေါ်စိန်း‌ငွေ စတဲ့ ‘ စိန်း ’ မိသားစုကို ဖန်တီးထားတယ် ။ ခင်တိုးတို့ ဘက်ကို ကြည့်ပြန်ရင် အ‌ဖေက ဆိုင်းဆရာ ဦးဘတိုး ၊ သမီးက ခင်တိုး ၊ လှတိုး ၊ ‌မြေးက ‌နောက်တိုး စတဲ့ ‘ တိုး ’ မိသားစု ဖန်တီးထားတယ် ။

မိသားစု နာမည် တပ်တယ် ဆိုတာ ကျွန်‌တော်တို့ နိုင်ငံမှာ ဒီဘက်‌ခေတ်‌ ရောက်မှ အ‌လေ့အထ ရှိလာတယ်လို့ ကျွန်‌တော် ထင်ပါတယ် ။ ဥပမာ ... ကျွန်‌တော်တို့ ညီအစ်ကို‌တွေ ဆိုရင် နာမည် ‘ ညိမ်း ’ ကို ‌နောက်ဆုံးမှာ ထားကြတယ် ။ ညီ‌တွေက ‌မွေးလာတဲ့ တူ‌တွေမှာလည်း ‘ ညိမ်း ’ ပါလာတယ် ။ ဟိုဘက်‌ခေတ်က မိသားစု‌တွေနဲ့ ဇာတ်အိမ် စတည်ထားတဲ့ ‘ နောက်တိုး ’ ဝတ္ထုမှာ ဘာဖြစ်လို့ ဆရာမ ဒီလို ဖန်တီးခဲ့တယ် ဆိုတာ သိခွင့်ပြုပါ ”

“ ‌နောက်တိုး က ဟိုဘက်‌ခေတ်ကို ‌နောက်ခံထားတဲ့ ဝတ္ထု မဟုတ်ပါဘူး ”

“ ဆက်‌ဆွေး‌နွေးရရင် အဲဒီ ဝတ္ထုစာမျက်နှာ ၆၉ မှာ နယ်ပိုင် ဦး‌မောင်‌မောင်ရဲ့ အယူအဆ တစ်ခု ‌တွေ့လိုက်ရပါတယ် ။ ‌ယောက်ျား တစ်ဦးတည်း ကိုသာ ‌တွေ့ဖူး‌သော မိန်းမ၏ အယုအယ ၊ အကြင်နာ ၊ အပြုအစု ထက် ‌ယောက်ျား အမျိုးမျိုးကို ‌တွေ့ဖူး‌သော မိန်းမ၏ အကြင်အနာ အပြုအစု အယုအယတို့က သာမည် ” လို့ ဆိုထားတယ် ။ ခပ်ရိုင်းရိုင်း ‌ပြောရရင် ( ကန်‌တော့‌နော် ဆရာမ ) ပြည့်တန်ဆာက အိမ်က မိန်းမထက် သာမယ် ဆိုတဲ့ သ‌ဘော သက်‌ရောက်သွားတယ်လို့ ထင်ပါတယ် ။ ဒါဆိုရင် ‌ယောက်ျား‌တွေ တစ်အိုးတစ်အိမ် တစ်လင် တစ်မယား စနစ် ထားတာထက် အ‌ပျော်အပါး လိုက်စားတာက ပိုပြီး သာယာသွားနိုင်ပါသလား ”

“ ကိုဝင်းငြိမ်းရဲ့ ‌မေးခွန်းကို ကျွန်မ အံ့ဩမိပါတယ် ။ အမှန်က ဒီ‌နေရာမှာ ဇာတ်‌ကောင်ရဲ့ စရိုက်ကို ‌ပေါ်‌အောင် ‌ဖော်‌ပေးတဲ့ သ‌ဘော‌လောက်ပါ ကိုဝင်းငြိမ်း ”

“ အိမ်‌ထောင်‌ရေး အယူအဆနဲ့ ပတ်သက်လို့ ‌မေးတာပါ ဆရာမ ။ ဒီဝတ္ထု‌ ရေးဖို့ အတွက် ဆိုင်း ၊ ဇာတ်နဲ့ ပတ်သက်ပြီး ‌တော်‌တော်‌လေး ဖတ်မှတ်‌လေ့လာခဲ့ရမယ် ထင်ပါတယ် ။ ဆရာမ ကြိုးပမ်းခဲ့ပုံ တစ်စိတ်တစ်ဒေသ သိခွင့်ပြုပါခင်ဗျာ ”

“ ဇာတ်သမား မဟုတ်တဲ့ ကျွန်မ ဇာတ်သဘင်ကို ‌လေ့လာရတာ ‌တော်‌တော် ဒုက္ခကြီးပါတယ် ။ ‌လေ့လာတဲ့ အခါမှာ အ‌ကောင်းအဆိုး အမျိုးမျိုး ကြုံရပါတယ် ။ အအိပ်ပျက် အလုပ်ပျက်နဲ့ ကျန်းမာ‌ရေးလည်း ထိခိုက်ပါတယ် ။ ဒါ‌ပေမဲ့ ကျွန်မက ဇာတ်‌လောက‌ နောက်ခံ ဝတ္ထု‌ရေးဖို့ စိတ်အားထက်သန်တဲ့ အတွက် ကြုံလာ သမျှကို ရင်ဆိုင်ပြီး ဇာတ်သဘင်‌ လောကကို ဆက်ပြီး ‌လေ့လာတယ် ။ ဇာတ်ဝတ္ထု‌တွေ ‌ရေးရတာ ကျွန်မ ‌ပျော်ပါတယ် ။ ဇာတ်သဘင် ‌လေ့လာတဲ့ အခါမှာ ကူညီတဲ့ လူ‌ပေါင်း များစွာထဲက လူတချို့ကို ‌ပြောရရင်‌တော့ ဘဘစိန်‌အောင်မင်း နဲ့ စိန်‌အောင်မင်း မိသားစု ၊ စိန်မဟာသဘင် ‌ဒေါ်မြသန်း နဲ့ စိန်ညီအစ်ကို ၊ ပန်တျာတင်တင်မြင့် နဲ့ မုန်တိုင်းအဖွဲ့ ၊ ‌ဒေါ်ဗလပြန် ၊ ယုဝတီ‌ဒေါ်ခင်ညွန့် ၊ ‌ဒေါ်‌အောင်သန်းကြည် ၊ ‌ဒေါ်‌အောင်သန်းတင် စတဲ့ မင်းသမီးကြီး‌တွေ ၊ ‌ရွှေလိပ်ပြာ ၊ ‌ကောလိပ်မြိုင် ၊ ချစ်အာရုံ စတဲ့ အငြိမ့်မင်းသမီးကြီး‌တွေ ကြည်ကြည်ဝင်း ၊ ထား‌မေ စတဲ့ ဇာတ်မင်းသမီး‌တွေ ၊ စိန်ချစ်တီး အမှူးထားတဲ့ ဆိုင်းဆရာ‌တွေ ၊ ယဉ်‌ကျေးမှု ကဇာတ်က မင်းသမီး‌တွေနဲ့ ပညာရှင်‌တွေ ၊ ဦးထိန်ဝင်း နဲ့ အဖွဲ့ စသည် စသည်တို့ ဖြစ်ပါတယ် ။ ကျွန်မကို ကူညီခဲ့တဲ့ မင်းသား ၊ မင်းသမီး ၊ ဆိုင်းဆရာ ၊ ပညာရှင် အားလုံးကို ‌ကျေးဇူးတင်ပါတယ် ”

“ ‌နောက်တိုး အဆက်အနွယ် အဖြစ် ဆရာမ ‌ဖော်ပြထားတဲ့ စိန်ကတုံး နဲ့ ပတ်သက်ပြီး လူထု‌ဒေါ်အမာရဲ့ ‘ အောင်ဗလ ၊ ဖိုးစိန် ၊ စိန်ကတုံး ’ မှာ ‌ဖော်ပြထားတာနဲ့ အချက် တစ်ခု ကွဲပြား‌နေတာ ‌တွေ့ရပါတယ် ။

ဆရာမ က စိန်ကတုံးအ‌ဖေ ဆိုင်းဆရာကြီး ဦး‌ကျော်ဦး က စံကင်း က လို့ ဆိုတယ် ။ ‌ဒေါ်အမာ က ‌ညောင်တုန်း က လို့ ‌ရေးထားတယ် ။ ဒီကွဲလွဲချက်က‌လေးကို သဘင်ချစ်သူတွေ ရှင်းသွား‌အောင် ‌ပြောပြ ‌စေချင်ပါတယ် ”

“ ဒီ‌မေးခွန်းကို ကျွန်မ မ‌ဖြေပါရ‌စေနဲ့ ”

“ ဆရာမ နိုင်ငံခြား ဝတ္ထု‌တွေ ဖတ်ပါသလား ။ ဘယ်စာ‌ရေးဆရာရဲ့ ဝတ္ထု‌တွေကို စွဲစွဲမြဲမြဲ ဖတ်‌လေ့ ရှိပါသလဲ ”

“ ဖတ်ပါတယ် ။ ဝတ္ထုသာ မကပါဘူး ။ စာအမျိုးမျိုးကို ကျွန်မ ဖတ်ပါတယ် ။ နိုင်ငံတကာ စာ‌ပေသ‌ဘောတရားတွေ ၊ စာ‌ပေအယူအဆ‌တွေ ၊ စာ‌ပေဖန်တီးခြင်း အ‌ကြောင်း‌တွေကိုလည်း ကျွန်မ စိတ်ဝင်စားပါတယ် ။

ဝတ္ထုမှာ‌တော့ တစ်‌ယောက်‌ယောက်ကို စွဲစွဲမြဲမြဲ ထားပြီး မဖတ်ပါဘူး ။ ဖတ်သင့်တာ‌ကော ၊ ဖတ်ချင်တာ‌ကော ၊ အပျင်း‌ပြေတာ‌ကော သင့်သလို တစ်အုပ်ပြီး တစ်အုပ် ဖတ်သွားပါတယ် ”

“ တိုင်းမင်းကြီးသမီး ဝတ္ထု ကို ဆက်လိုက်ကြရ‌အောင် ဆရာမ ။ ဒီဝတ္ထုမှာ တိုင်းမင်းကြီးရဲ့ သမီး အကြီးဆုံး ခင်‌ရွှေ‌အေး ရဲ့ စရိုက်‌တွေက မြန်မာ မဆန်ဘူးလို့ ထင်ပါတယ် ။ ခင်‌ရွှေ‌အေး ဟာ အ‌ဖေ‌ ရှေ့မှာ စီးကရက် ‌ပြောင်‌ပြောင်တင်းတင်း ‌သောက်ဝံ့တယ် ။ ‌လေယာဉ်ပျံ‌ပေါ်မှာ ခဏ‌လေး ‌တွေ့လိုက်ရတဲ့ ပန်းချီဆရာ မှိုင်း‌ဝေ လို ‌ဆေးတံ‌သောက်ပြီး နှုတ်ခမ်း‌မွေးနဲ့ ပါးမြိုင်း‌မွေးနဲ့ လူမျိုးကို သ‌ဘောကျလိုက်တယ် ။ စိတ်ဝင်စား လိုက်တယ် ။ ဟိုက မလာတာ‌တောင် သူက ‌မျှော်တယ် ။

တိုင်းမင်းကြီး‌ခေတ်က မိန်းက‌လေး‌တွေ မ‌ပြောနဲ့ ၊ ဒီ‌နေ့‌ခေတ် မိန်းက‌လေး‌တွေ‌တောင် မိဘ အုပ်ထိန်းမှု ‌အောက်မှာ ရှိ‌နေ‌သေးရင် အ‌ဖေ‌ရှေ့ စီးကရက် မ‌သောက်ဝံ့ကြပါဘူး ။ မိဘ အ‌ပေါ်မှာ ရို‌သေ‌လေးစားမှု ရှိ‌နေကြပါသေးတယ် ။ ဒါ‌ပေမဲ့ တိုင်းမင်းကြီးသမီး ခင်‌ရွှေ‌အေး က‌တော့ အဖေ့ရှေ့မှာ စီးကရက်သောက်တယ် ။

Tall , dark and handsome အရပ်မြင့်မြင့် ၊ အသားမည်းမည်း ၊ ရုပ်‌ချော‌ချောလို့ ဆရာမ ဖန်တီးထားတဲ့ ပန်းချီဆရာ မှိုင်း‌ဝေ ကို သ‌ဘောကျတယ် ။ ဒါ‌ကြောင့် ခင်‌ရွှေ‌အေးကို မြန်မာ မဆန်ဘူးလို့ ကျွန်‌တော် ‌ပြောတာပါ ။

ခင်‌ရွှေ‌အေးရဲ့ စရိုက်နဲ့ ပတ်သက်ပြီး ဆရာမ ဘာ‌ကြောင့် ဒီလို ဖန်တီးခဲ့တယ် ဆိုတာ သိပါရ‌စေ ”

“ အဲဒီဝတ္ထုကို ‌ရေးတဲ့ အချိန်က ခံစားမှုအရ ဇာတ်‌ကောင် ခင်‌ရွှေ‌အေး ကို ဖန်တီးခဲ့ပါတယ်လို့ ‌ဖြေရင် လုံ‌လောက်မယ် ထင်ပါတယ် ”

“ တချို့ ဆရာ‌တွေက ‌ပြောတယ် ။ ဇာတ်ကို ‌ရေးရင်းနဲ့ ဇာတ်‌ကောင် ‌ခေါ်ရာ‌နောက် လိုက်သွားပြီး ကိုယ် ဇာတ်ကွက် ချထားသလို မဟုတ်‌တော့ဘဲ လွဲသွားတတ်တယ်တဲ့ ။ ဆရာမ ဇာတ်‌တွေမှာ‌ကော ဒီလို ဖြစ်ဖူးပါ သလား ”

“ ကျွန်မ ဝတ္ထု‌ရေးရင် ဇာတ်ကွက်ချ‌ ရေး‌လေ့ မရှိပါဘူး ”

“ ဝတ္ထုရှည် တစ်ပုဒ် ‌ရေးပြီးရင် ဒီအထဲက ဇာတ်‌ကောင်ကို ‌မေ့မရနိုင်ဘဲ ရင်ထဲမှာ ကျန်‌နေရစ်တာမျိုး ဆရာမ ခံစားရဖူးပါသလား ။ ဘယ်ဇာတ်‌ကောင်ပါလဲ ”

“ ဝတ္ထု‌ ရေးပြီးစ ဆိုရင်‌တော့ ဖြစ်တတ်ပါတယ် ။ အခု အ‌ခြေအ‌နေ အရ‌တော့ ‌နောက်‌ ရေးမယ့် ဝတ္ထုထဲက ဇာတ်‌ကောင်‌တွေကို ပိုပြီး စဉ်းစား‌နေမိပါတယ် ။ သူတို့က ပိုပြီး ကြီစိုးတယ်လို့ ‌ပြောရမယ် ထင်ပါတယ် ”

“ ဒီ‌နေ့ လုံးချင်းဝတ္ထု‌တွေ ‌ဈေးကွက် ကျဆင်း‌ နေတာနဲ့ ပတ်သက်ပြီး ဆရာမ ဘယ်လို မြင်ပါသလဲ ”

“ စာ‌ပေ‌လောကကို စီးပွား‌ရေးသမား‌တွေ ဝင်လာပြီး စီးပွားဖြစ်နည်း‌တွေ သုံးတဲ့ အတွက် လုံးချင်းဝတ္ထု အ‌ခြေအ‌နေတွေ ဆိုးလာပါတယ် ။ အ‌ခြေအ‌နေ‌တွေ ဆိုး ၊ အရည်အ‌သွေး‌တွေ ကျတာက‌နေ အ‌ရောင်း‌ဈေးပါ ကျသွားတယ်လို့ ကျွန်မ ထင်ပါတယ် ။ တခြား အ‌ကြောင်း‌တွေလည်း ရှိဦးမှာပါပဲ ”

“ တိုးပွားလာတဲ့ မဂ္ဂဇင်း‌တွေနဲ့ ပတ်သက်လို့‌ကော ”

“ မဂ္ဂဇင်း‌တွေ များလာတာ စာ‌ပေလုပ်သား‌တွေအတွက် ‌ရေးစရာ များလာတဲ့ အတွက် ‌ကောင်းပါတယ် ။ မဂ္ဂဇင်းတွေ များလာတာကို ကြိုဆိုပါတယ် ”

“ ဆရာမ ဖြည့်စွက်‌ ပြောချင်တာများ ရှိရင် ... ”

“ ကျွန်မ အ‌နေနဲ့ ‌တွေ့ဆုံခန်းမှာ ပါဝင်လိုခြင်း မရှိပါဘူး ။ အကြောင်းကြောင်းကြောင့် ကျွန်မ ပါဝင်ခဲ့ပါတယ် ။ ‌ဖြေတဲ့ အခါမှာလည်း ကျွန်မ ‌တော်တာ ၊ ကျွန်မ ညံ့တာကို အဓိက မထားပါဘူး ။ ‌တွေ့ဆုံခန်းကို ဖတ်တဲ့ လူ‌တွေ စိတ်အ‌နှောင့်အယှက် မဖြစ်ဖို့ကိုဘဲ အဓိက ထားပါတယ် ။

ကျွန်မ ‌ဖြေဆိုမှု‌တွေမှာ ချို့ယွင်းချက် ရှိမယ် ၊ အ‌နှောင့်အယှက် ဖြစ်ရတယ် ဆိုရင် ခွင့်လွှတ်ဖို့ ‌တောင်းပန်ပါတယ် ။ အားလုံးကို ‌ကျေးဇူးတင်ပါတယ် ။ အထူးသဖြင့် ဦးမြလှိုင် အမှူးထားတဲ့ ‌ပေဖူးလွှာ စာတည်းအဖွဲ့ကို ‌ကျေးဇူးအထူးတင်‌ကြောင်း ‌ပြောပါရ‌စေ ”

“ ‌ကျေးဇူးတင်ပါတယ် ဆရာမ ”

▢  ဝင်းငြိမ်း
‌📖 ပေဖူးလွှာ မဂ္ဂဇင်း
      အမှတ် - ၄၆
      မတ်လ ၊ ၁၉၈၅ ခုနှစ်

Sunday, April 5, 2026

သော်တာ‌ဆွေ နှင့်‌ တွေ့ဆုံပေးခြင်း


‌❝ သော်တာ‌ဆွေ နှင့်‌ တွေ့ဆုံပေးခြင်း ❞
            ( ဝင်းငြိမ်း )

ဆရာ ‌သော်တာ‌ဆွေ့ စာ‌တွေနဲ့ ကျွန်‌တော် ရင်းနှီးခဲ့တာ ကြာပါပြီ ။ စာဖတ်ဝါသနာ ပါစ အရွယ် ကတည်းကပဲ ဆိုကြပါစို့ ။ ကျွန်‌တော့် အ‌ဖေက သူ့မိတ်‌ဆွေ ဆရာ‌သော်တာ‌ဆွေရဲ့ ဝတ္ထု‌တွေကို စုပြီး ချုပ်ထား‌လေ့ ရှိတယ် ။ ပြီး‌တော့ ဆရာနဲ့ အ‌ဖေနဲ့က ဟာသဝတ္ထု‌တွေမှာ တစ်‌ယောက်ကို တစ်‌ယောက် အပြန်အလှန် ဇာတ်‌ကောင်ထား‌ ရေးကြတယ် ။ အ‌ဖေက ‘ သော်တာ‌ဆွေနဲ့ ‌ကြောင်ပြန်‌ပေး ’ ဟာသဝတ္ထု ‌ရေးလိုက်တာ ဆရာကလည်း ‘ ကြံ့ဗဟုန်း ’ ဝတ္ထုမှာ ကျွန်‌တော့် အ‌ဖေကို ဇာတ်‌ကောင်ထား‌ ရေးသွားတယ် ။

ဆရာ‌သော်တာ‌ဆွေ ၊ ဆရာတက္ကသိုလ်နန္ဒမိတ် ၊ ဆရာတင့်တယ် ၊ ဆရာ‌အောင်လင်း ၊ ဆရာရန်ကုန်ဘ‌ဆွေ တို့ရဲ့ စကားဝိုင်း‌တွေမှာ ‌ပြောကြတာ‌တွေကိုလည်း အ‌ဖေက အိမ်မှာ ပြန်‌ပြောတတ်တာ ဆို‌တော့ ကျွန်‌တော့် အတွက် ရင်းနှီးကျွမ်းဝင်‌နေတယ် ။

ဒီလ ‌တွေ့ဆုံခန်း အတွက် ဆရာ‌သော်တာ‌ဆွေနဲ့ ‌တွေ့ဆုံ‌ပေးဖို့ ဆရာ့ဆီ ‌ရောက်သွား‌တော့ ဆရာက “ မင်း ကိုဘညိမ်းသား မဟုတ်လား ” လို့ ချက်ချင်း တန်း‌မေးပါတယ် ။ အ‌ဖေနဲ့ သူတို့ ရင်းနှီးခဲ့ကြတာ‌တွေကို ပြန်‌ပြောရင်း ‌ပျော်စရာ‌ ကောင်းတဲ့ ‘ တွေ့ဆုံ‌ပေးခြင်း ’ တစ်ခု ဖန်တီးနိုင်ခဲ့သလို ကျွန်‌တော်တို့ အတွက် ကွယ်လွန်သူ ‌ကျေးဇူးရှင် ‌မွေးသဖခင်ကို လွမ်းဆွတ် သတိရ‌စေတဲ့ ‘ တွေ့ဆုံခြင်း ’ လည်း ဖြစ်ခဲ့ရပါတယ် ။

ဆရာနဲ့ ကျွန်‌တော် ‌ပြောခဲ့ကြတာ‌တွေက‌တော့ ... ။

••••• ••••• •••••

“ အဲ ... အဲ မင်းတို့ ‌ပေဖူးလွှာက စာဖတ်သူနဲ့ စာ‌ရေးဆရာ ‌တွေ့ဆုံ‌ပေးခြင်းကိစ္စဟာ တစ်‌နေ့ ငါ့ဆီ ‌ရောက်လာမှာပဲလို့ ‌မျှော်လင့်ထားပါတယ်ကွာ ။ ကဲ ... ‌မောင်ဝင်းငြိမ်း ၊ မင်းက ‘ ကျားဘညိမ်း ’ ရဲ့သား ၊ ငါကလည်း ‘ ကြံ့ဗဟုန်း ’ ကို ဖန်တီးတဲ့လူ ၊ ကျား နဲ့ ကြံ့ ခန့်ခန့်ကြီး ‌တွေ့ကြပြီ‌ပေါ့ကွာ ။ မင်း ဘာ‌ပြောချင်လဲ ... ”

“ ကျွန်‌တော်က ဘာမှ မ‌ပြောချင်ပါဘူးဆရာ ၊ ဆရာ့ကို ‌မေးချင်တာပါပဲ ” 

“ ဟေ့ ... ‌မောင်ဝင်းငြိမ်း‌ရေ ၊ ‘ အ‌မေး နွား‌ကျောင်းသား ၊ အ‌ဖြေ ဘုရား‌လောင်း ’ ဆိုတဲ့ စကားရှိတယ် ။ အခုတော့ ငါကလည်း ဘုရားဆုပန်ဖို့ စိတ်ကူးထဲ‌တောင် မထည့်မိဘူး ။ မင်းကလည်း ‌ကောင်းဘွိုင် မဟုတ် ၊ သို့‌သော် မင်း ‌မေးချင်ရာ‌ မေးကွာ ၊ ငါ ‌ဖြေတတ်သလို ‌ဖြေမှာပဲ ”

“ ဆရာ ဝတ္ထု‌ ရေးဖြစ်ပုံက စပြီး သိချင်ပါတယ် ”

“ ဒီလိုကွာ ... ငါတို့ ‌ကျောင်းသားဘဝ အင်္ဂလိပ်ခေတ်က မြန်မာပြည်မှာ ဒဂုန်မဂ္ဂဇင်း ရယ် ၊ သူရိယမဂ္ဂဇင်း ရယ် ၊ မြန်မာ့အလင်း မဂ္ဂဇင်း ရယ်လို့ မဂ္ဂဇင်း သုံးခုပဲ ရှိတယ်ကွ ။ အခု မင်းတို့‌ ခေတ်မှာလို မဂ္ဂဇင်း‌တွေ အများကြီး ၊ မည်သူမဆို ဝတ္ထု ၊ ကဗျာ ၊‌ ဆောင်းပါး‌ ရေးပို့နိုင်တယ်လို့ ‌ကြေညာချက်လည်း မရှိဘူး ။ သူ့မဂ္ဂဇင်း နဲ့ ၊ သူ့စာ‌ရေးဆရာ နဲ့ ‌ဘောင်ခတ်ထားသလိုပဲ ။

ဒဂုန်မဂ္ဂဇင်း မှာ ဆိုရင် ဒဂုန်ခင်ခင်‌လေး ၊ ဒဂုန်‌ရွှေမျှား ၊ ဒဂုန်မြတ်‌လေးနွယ် စသည်ဖြင့် ဒဂုန်ဝိ‌သေသခံ‌တွေ အပြည့် ။ သူရိယမှာ ဆိုရင်လည်း ‌ရွှေဥ‌ဒေါင်း ၊ ဇဝန ၊ မဟာ‌ဆွေ ၊ သတိုးအိမ် ၊ ပီမိုးနင်း စသည်ဖြင့် ၊ မြန်မာ့အလင်း မဂ္ဂဇင်းမှာ ဆိုရင်လည်း မြမျိုးလွင် ၊ ဓူဝံ ၊ ‌ရွှေပိန်‌သောင်း စသည်ဖြင့် ။ သူ့မဂ္ဂဇင်းနဲ့ သူ့စာ‌ရေးဆရာနဲ့ ကွက်တိ ။ ဒီ‌တော့ က‌လောင်သစ် ဝင်တိုးဖို့က အင်မတန် ခဲယဉ်း‌နေတယ် ။

သို့‌သော် ၁၉၄၁ ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ဖို့ သုံးလေးလ အလိုမှာ စက်တင်ဘာလ ထင်ပါတယ်ကွာ ။ သူရိယမဂ္ဂဇင်းက ‌ကြေညာချက် တစ်ခု ထုတ်တယ်ကွ ။ ဝတ္ထုတိုပြိုင်ပွဲ ။ ပထမ ဟာသဝတ္ထု ၊ ဒုတိယ စုံ‌ထောက်ဝတ္ထု ၊ တတိယ စွန့်စား၍ ကြီးပွားခြင်း ဝတ္ထု သုံးမျိုး ။ ‌ရွေးချယ်ခြင်း ခံရလျှင် ဆု‌ငွေ ၁၅ ကျပ် ၊ သုံးမျိုးစလုံးကို ငါ ဆက်တိုက် ‌ရေးပြီး ပို့လိုက်တာပဲ‌ဟေ့ ။ ဒါ‌ပေမဲ့ ဟာသဝတ္ထု တစ်မျိုးသာလျှင် ပြိုင်ပွဲ ကျင်းပဖြစ်တယ် ။ ငါ့ဝတ္တု‌ကို ညစ်ညမ်းတယ်လို့ ဝေဖန်စာနဲ့ ပြန်လိုက်တယ် ။ စုံထောက် နဲ့ စွန့်စား၍ ကြီးပွါးခြင်း ဝတ္ထုတွေတော့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခါနီး သူရိယမဂ္ဂဇင်း ရပ်စဲရ‌တော့မှာမို့ ဆိုပြီး ပြန်ပို့တယ်ကွ ။

အဲဒီ သူရိယ မဂ္ဂဇင်း ‌ကျေးဇူး‌ကြောင့် ငါ ‌ရေးဖြစ်လိုက်တဲ့ ဝတ္ထုသုံးပုဒ် ‌နောင်‌သောကာလ ဒုတိယ ကမ္ဘာစစ်ကြီးပြီး၍ ၁၉၄၇ ခုနှစ်မှာ မြန်မာစာ‌ပေ ပြန်လည်ဆန်းသစ်‌တော့ သူရိယမဂ္ဂဇင်းက ပ , လိုက်တဲ့ ဟာသဝတ္ထုကို ပြန်လည်ပြုပြင်‌ ရေးသားခြင်းဖြင့် ‌သော်တာ‌ဆွေရဲ့ ပထမဦးဆုံး ဟာသဝတ္ထု ‘ ဘရန်ဒီတစ်ပုလင်း ’ ဖြစ်လာပါတယ် ။ ပြိုင်ပွဲ မလုပ်ဖြစ်တဲ့ စုံ‌ထောက်ဝတ္ထု က‌တော့ ‘ ရန်‌အောင်ရတနာ ’ လုံးချင်း ဝတ္ထု ဖြစ်လာပါတယ် ။ စွန့်စား၍ ကြီးပွားခြင်း ဝတ္ထုက‌တော့ ငါ့ဟာငါ မကြိုက်တာနဲ့ ပြန်မ‌ရေးတော့ပါဘူး ။ ကဲ ... ဒုတိယ ‌မေးခွန်း‌ မေး‌တော့ နွား‌ကျောင်း သား‌လေး‌ရေ ”

“ ဆရာ့နာမည်ရင်း ‘ ဦးကြင်‌ဆွေ ’ က‌နေ က‌လောင်နာမည် ‘ သော်တာ‌ဆွေ ’ ဆိုတာကို ဘယ်လို စိတ်ကူးနဲ့ ယူခဲ့တာပါလဲ ”

“ ဒီလိုကွ ... ငါ သူရိယမဂ္ဂဇင်းမှာ ဝတ္ထုပြိုင်ပွဲဝင်စဉ်က က‌လောင် နာမည်က ‘ ကြက်ဥအ‌ရောင် ၊ တိမ်‌တောင်သဖွယ် ၊ မင်း‌ရေးကြွယ် ’ ဆိုတဲ့ စကားထဲက ‌ကောက်နုတ်ပြီး ‘ မိုးတိမ်‌တောင် ’ ကွ ။ ‌နောက် စစ်ပြီး‌ခေတ် စာ‌ရေးဆရာ ဖြစ်ခါနီး‌တော့ ဒီနာမည်ကြီးကို မကြိုက်‌တော့ဘူး ။ အဲသည်‌တော့ ‘ ဘရန်ဒီတစ်ပုလင်း ’ ဝတ္ထု ရှုမဝ ပို့ခါနီး‌တော့ ငါ မန္တ‌လေးကို ဆရာကြီး ‌ရွှေဥ‌ဒေါင်းအိမ် ‌ရောက်‌နေပြီကွ ။ ‘ ရန်‌အောင်ရတနာ ’ စုံ‌ထောက် ဝတ္ထုကို ဆရာကြီး ပြပြီး သင့်‌လျော်ရင် အမှာစာ ‌ရေး‌ပေးပါလို့ ‌တောင်းပန်ထားပြီ ။

အဲဒီအချိန်မှာ ငါ က‌လောင်နာမည် မှည့်ဖို့ စဉ်းစားတာပဲ ။ ဆရာကြီး ‌ရွှေဥ‌ဒေါင်း ကို ဒီနာမည် ဘာလို့ ယူသလဲ ‌မေး‌တော့ သူက သူရိယသတင်းစာနဲ့ မဂ္ဂဇင်းမှာ အလုပ် လုပ်တာမို့ သူရိယ ဆိုတာ ‌နေ ၊ ‌နေရဲ့ အမှတ်အသားက ‌ဒေါင်း ။ ဒါ‌ကြောင့် သူက ‌ရွှေဥ‌ဒေါင်း ။ အဲသည်‌တော့ ကိုယ့်ကိုယ်ကို စုံ‌ထောက်ဝတ္ထု‌ရေးဆရာ ဖြစ်မယ်လို့ ထင်‌နေတဲ့ ငါကလည်း ‌ရွှေဥ‌ဒေါင်း က တစ်ဆင့် ပညာခံယူရတာမို့ ‌နေက‌ ရောင်ပြန်ဟပ်ပြီး လင်းတာဟာ လ ၊ လ ဆို‌တော့ စန္ဒာ ၊ ‌သော်တာ သီတဂူ ။ ဘယ်သင်း ယူရမလဲ စဉ်းစား‌တော့ ရုတ်တရက် ဆရာကြီး ‌ရွှေဥ‌ဒေါင်း ကြီးပွား‌ရေး မဂ္ဂဇင်းထဲမှာ ‌ရေးခဲ့တဲ့ ‘ လက်‌ဝှေ့ချန်ပီယံ ‌သော်တာစိန် ’ ဆိုတဲ့ ဝတ္ထု ငါ့‌ခေါင်းထဲ ‌ပေါ်လာတယ်ကွ ။ ဒီဝတ္ထု ငါ သိပ်ကြိုက်တာပဲ ။ ဒါ‌ကြောင့် ကျွန်‌တော် ‌‘ မောင်ကြင်‌ဆွေ ’ ကနေပြီး ‌‘ သော်တာ‌ဆွေ ’ ဖြစ်လာပါတယ် ကိုဝင်းငြိမ်း ခင်ဗျား ။ ကဲ ... ‌ကောင်းဘွိုင် ၊ ကမ်းမွန်း ၊ အနားသား ကွက်ရှင် ” 

“ ဆရာတို့ အရင်‌ခေတ်က ပ‌ဒေသာမဂ္ဂဇင်း ထုတ်ခဲ့ကြ‌သေးတယ်လို့ သိရပါတယ် ။ ခုလည်း ဆရာက ‘ သောင်း‌ပြောင်း ’ မှာ စာတည်းချုပ် လုပ်‌နေဆဲ ဆို‌တော့ ဟိုတုန်းက မဂ္ဂဇင်း ထုတ်‌ဝေရတာနဲ့ အခု‌ခေတ် ဘယ်လို ကွာခြားတယ် ဆိုတာကို သိပါရ‌စေ ”

“ မေးပြီးခင်ဗျ ‌မေးပြီ ။ အကြံခက်ပါသ‌နော် သန်လျက်‌တော် ယူသည့် သူခိုးကိုလ ၊ သူ၏ အမျိုးကို စကား ထုတ်‌ဖော် လို့ ‌ပြောရမှာဖြင့် ဓားကုပ်‌ပေါ်မှာဝဲ ။ ပဒကုသလ လို ငိုချင်းချလိုက်ချင်တယ် ‌မောင်ဝင်းငြိမ်း ‌ရေ ။ တို့ ပ‌ဒေသာ ထုတ်စဉ်‌ခေတ်က စာတစ်အုပ် ထုတ်ဖို့ဟာ သိပ်လွယ်ပါတယ်ကွာ ။ အ‌ရေးပိုင်ရုံးသွား ၊ ကိုယ်‌ရေး ရာဇဝင်‌လေး မည်ကာမတ္တ ‌ပြောပြ ၊ ‌ဟော မှတ်ပုံတင်နံပါတ် ထုတ်‌ပေးလိုက်တာပါပဲ ။ အဲဒီ နံပါတ် စာတိုက် သွား‌ပေး ၊ စာတိုက်က လုံးချင်းစာအုပ်‌တွေရဲ့ သုံးပုံတစ်ပုံပဲ ‌ပေးရသကွ ။ နို့ပြီး စက္ကူ ဆိုတာကလည်း ‌နော်‌ဝေစက္ကူ‌တွေ တစ်ထုပ်မှ ‌ခြောက်ကျပ် ပတ်လည်ရယ် ။ ‌ခြောက်ကျပ် မတ်တင်း ၊ ‌ခြောက်ကျပ် တစ်မတ် ။ တစ်ခါတ‌လေ စက္ကူသ‌င်္ဘော ပြတ်လို့ ‌ခြောက်ကျပ်ခွဲများ ဖြစ်ရင် တို့က ကာရန်နဲ့‌တောင် ဆဲပစ်လိုက်‌သေးတယ် ။ ပုဂ္ဂလိက ကု,လားဆိုင်‌တွေ ၊ တရုတ်ဆိုင်‌တွေမှာ တစ်ထုပ်တည်း ဝယ်လို့လည်း ရသကွ ။ တစ်‌ထောင် ဝယ်ချင်ရင်လည်း ရသကွ ။ အ‌ကြွေးဝယ်လို့လည်း ရသကွ ။ စာအုပ် ပြီးရင်ဆို ဘိုင်းနင်း စာအုပ်ချုပ်တဲ့ ဆိုင်က‌နေ ဖြန့်လိုက်တာပဲ ။ ကမ်းမွန်း နိတ်က်စ်ကွက်ရှင် ”

“ ကျွန်‌တော်တို့ မဂ္ဂဇင်း‌လောကမှာ သမနိရှည်တဲ့ မဂ္ဂဇင်းဆိုလို့ ‘ ရှုမဝ ’ နဲ့ ‘ သွေး‌သောက် ’ ကို လက်ညှိုးထိုး ပြစရာ ရှိပါတယ် ။ ရှုမဝ ဆိုရင် ခုထက်ထိပဲ သူ့လိုင်းနဲ့သူ ရပ်တည်‌နေတဲ့ မဂ္ဂဇင်း အဖြစ် စာဖတ်ပရိသတ်က ‌လေးစားကြဆဲပါ ။ ရှုမဝ က စာ‌ရေးဆရာ‌တွေ အများကြီး ‌မွေးထုတ်‌ပေးနိုင်ခဲ့‌ပေမယ့် ဒီ‌နေ့ ကျွန်‌တော်တို့ မဂ္ဂဇင်း‌တွေ ကျ‌တော့ သူ့‌လောက် ‌မွေးမထုတ်နိုင်ပါဘူး ဆရာ ။ အဲဒါ ဘာ‌ကြောင့်လို့ ဆရာ မြင်ပါသလဲ ”

“ ဟဲ့ ... အချိန်ကာလချင်းက မတူဘူးကွ ။ ရှုမဝ စထုတ်တဲ့ အချိန်က စာအုပ်‌လောက တိမ်ငုပ်‌နေတဲ့ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးလို့ မြန်မာစာ‌ပေ ပြန်လည်ပျိုး‌ထောင်တဲ့ ကာလကွ ။ အဲသည်‌တော့ ဂျပန်‌ခေတ် တစ်‌ခေတ်လုံး ‌အောင်း‌နေရတဲ့ စာ‌ပေဝါသနာရှင် စာ‌ရေးဆရာ ‌လောင်းလျာ‌တွေဟာ ‌ရေကာတာ ကျိုး‌ပေါက်သလို ဒလ‌ဟော ‌မျောပါလာကြတာကွ ။ တင့်တယ် ၊ သန်း‌ဆွေ ၊ မိုး‌ဝေ ၊ မင်းရှင် ၊ ရဲ‌ခေါင် ၊ လင်းယုန်နီ ၊ သာဓု ၊ ‌သော်တာ‌ဆွေ ၊ ‌ငွေတာရီ ၊ ခင်နှင်းယု ။

အဲ ... အခု မင်းတို့ မဂ္ဂဇင်း‌ခေတ်က‌တော့ ‌ရေကာတာ ကျိုး‌ပေါက်သလို မဟုတ်‌တော့ဘူး ။ စီးသာတဲ့ ‌သောင်‌ခြေမှာ ‌တောင်‌လေကို မိတ်‌ဆွေဖွဲ့ပါလို့ ကုက္ကလံ ‌မြောက်ကို လှည့်ကာမှ ပြန်ခဲ့မယ် ‌ရွှေညာသူရဲ့ ... ဆိုတာ လို စာမူက ရှား ၊ ‌အေး ... စာ‌ရေးဆရာ‌ကောင်း‌တွေ ကလည်း အထွက်‌နှေး ။ တစ်နည်းအားဖြင့် မဂ္ဂဇင်းတွေက များ‌တော့ ‌ရေပြင် တစ်ခုတည်းမှာ ပိုက်ကွန်ကိုယ်စီ ချကြတဲ့ တံငါ‌တွေလိုပဲ ။ ငါးကြီး ငါး‌ကောင်းရယ် မ‌ရွေးနိုင်ဘူး ။ ရသမျှ ငါး ဟင်းစားလုပ်‌နေတာပဲ မဟုတ်လားကွ ။ ကမ်းမွန် အနားသားကွက်ရှင် ”

“ ဆရာ့ကို ဟာသဝတ္ထု ‌ရေးတဲ့သူ တစ်‌ယောက် အ‌နေနဲ့ စာဖတ်ပရိသတ်က ‌လေးစား လက်ခံပြီးသား ဆို‌တော့ ဟာသစာ‌ပေနဲ့ ပတ်သက်ပြီး ဘယ်လို ဖန်တီးယူတယ် ။ အ‌ကြောင်းအရာ တစ်ခုကို ဟာသရှု‌ထောင့်က ဘယ်လို ကြည့်တယ် ဆိုတာ သိပါရ‌စေ ”

“ ဟာ ... မင်း‌ မေးခွန်းဟာ ‌ဖြေရ မလွယ်ဘူးကွ ။ ဥပမာ - ‘ ဒီ‌ကောင်မ‌လေး ‌ချောလိုက်တာဟယ် ၊ ဘာလို့များ ဒီ‌လောက် ‌ချောပါလိမ့် ’ ဆိုတာလို ဖြစ်‌နေတယ်ကွ ။ အဲဒါကို ဘယ်လို ‌ဖြေမလဲ ။ ‌ကောင်မ‌လေးလည်း မ‌ဖြေနိုင်ဘူး ။ သူ့အ‌မေ အ‌ဖေလည်း မ‌ဖြေနိုင်ဘူး ။ သူက‌လေးရဲ့ ဘဝကုသိုလ်ကံ‌ ကောင်းလို့ လှတယ်ပဲ ဆိုရမှာလို ၊ ‌သော်တာ‌ဆွေရဲ့ ဘဝပါရမီကံက ဟာသဉာဏ် ပါခဲ့လို့ပဲ ‌ဖြေပါရ‌စေ‌တော့ကွာ ။ ‌နောက် ‌မေးခွန်းလာ ”

“ ဟာသနဲ့ သ‌ရော်စာ ဘယ်လို ကွာခြားပါသလဲ ဆရာ ”

“ ဟာသ ဆိုတာက ရယ်စရာ သက်သက်ပဲ ။ သ‌ရော်စာ ဆိုတာ တစ်စုံတစ်‌ယောက်ကို သို့မဟုတ် အ‌ကြောင်းအရာ တစ်ခုခုကို ရိချင် ၊ ကလိချင် ၊ ‌လှောင်ချင် ‌ပြောင်ချင်တဲ့ စိတ်နဲ့ ‌ရေးတာကွ ”

“ ဟာသ‌ရေးတဲ့‌ နေရာမှာ ဆရာ့ စာ‌တွေဟာ ကလိထိုးတာမျိုး မဟုတ်ဘဲ ရယ်ရပါတယ် ။ ဒါ‌ပေမဲ့ ဒီလို ‌ရေးတဲ့ ‌နေရာမျိုးမှာ ပုဂ္ဂိုလ် တစ်ဦးတစ်‌ယောက်ကို ထိခိုက်‌စေနိုင်မယ့် ဟာသမျိုးနဲ့ ပတ်သက်လို့ ဆရာ ဘယ်လို မြင်ပါသလဲ ။ ဥပမာ - ဆရာသာဓုနဲ့ ပတ်သက်ပြီး ‌ရေးတဲ့‌ နေရာမှာ ကိုဝဏ္ဏကို “ မျောက်ပြာသုတ် အ‌မွေးနုတ်ထားတဲ့ ရုပ်မျိုး ” လို့ ‌ရေးလိုက်တာမျိုး‌ပေါ့ ဆရာရယ် ”

“ ဟ ‌ကောင်ရ ... သာဓုတို့ သားအ‌ဖေကို ငါက လူပုဂ္ဂိုလ် ထိခိုက်‌စေတဲ့ စိတ်ထားမျိုးနဲ့ ‌ရေးတာ မဟုတ်ဘူးကွ ။ သူတို့ကို ငါက ချစ်လို့ စ , တာ ၊ ‌နောက်တာ ၊ ‌ပြောင်တာ ။ သူတို့လည်း နှစ်သက်တယ် ။ စာဖတ်သူလည်း ရယ်ရတယ် ။ အဲဒီဟာကို ဘယ်လို ‌ခေါ်သလဲ ဆိုရင် ငါ ဟာသဇယား ချပြမယ် ။ အင်္ဂလိပ် လိုက ဘယ်လို လာသလဲ ဆိုရင် ...

( ဟာသဇယား ကို ကွန်မင့် တွင် ဖော်ပြပါမည် )

အဲဒီ စကားကို ကြည့် ၊ သာဓုတို့ သားအဖကို ငါ ‌ရေးတဲ့ဟာက Impish Humour ‌ဆော့‌တော့‌တော့ ‌နောက်တောက်‌တောက် ဟာသလို့ ‌ခေါ်တယ်ကွ ၊ အဲဒီ ဟာသမျိုးက ‌ရေးရတာ မလွယ်ဘူး ။ မ‌ရေးတတ်ရင် စာဖတ်ပရိသတ် က‌ကော အ‌ရေးခံရတဲ့ သူ‌တွေက‌ကော ကိုယ့်ကို မုန်းတတ်တယ် ။ ကဲ ... ‌မောင်ဝင်းငြိမ်း အနားသား ကွက်ရှင် ”

“ ကျွန်‌တော့် ဘဝဇာတ်‌ကြောင်းများဟာ ဆရာ့ ကိုယ်‌ရေး အတ္ထုပ္ပတ္တိ‌တွေပါပဲ ။ ဒီအထဲမှာ အချို့ကိစ္စ ‌တွေဟာ တကယ် ဖြစ်တာ မဟုတ်ဘဲ စာ‌ရေးဆရာပီပီ စိတ်ကူးဉာဏ်နဲ့ ချဲ့ထွင်ထားတာမျိုး‌တွေ ပါတယ်လို့ စာဖတ်ပရိသတ်က ယူဆတာမျိုး ရှိပါတယ် ။ ဟုတ်ပါသလား ဆရာ ”

“ ဟုတ်တာ‌ပေါ့ကွာ ။ ငါ့ရည်ရွယ်ချက်က စာဖတ်သူကို တစ်ခုခု ‌ပေးချင်လို့ပဲ ။ ဝတ္ထုသဏ္ဌာန် ဇာတ်လမ်း ဇာတ်ကွက်ဆင် ‌ရေးတာပါ ။ ဥပမာ ဒီဇူဇာ ဦးခင်‌ဇော် ၊ ဖဆပလ အမတ်‌ဟောင်း ဦး‌ဌေးကြွယ် ၊ မိုးကုတ်ကိုမြမောင် ၊ ရုပ်ရှင် ကိုယ်စားလှယ် ကိုမြင့်‌ဆွေ နဲ့ ဇိုရာ တို့ ပါတဲ့ ဇာတ်လမ်းဟာ ဆိုရင် အခန်းဆက် ဝတ္ထုရှည်ပါပဲ ။ ဇိုရာ ဟာ ငါ ဖန်တီးတဲ့ ပြည့်တန်ဆာမ‌လေးပါ ၊ တကယ် မရှိပါဘူး ”

“ အင်း ... ကျွန်‌တော် ထင်သားပဲ ၊ နို့ပြီး ဆရာ ၊ ကိုယ်‌ရေးအတ္ထုပ္ပတ္တိ‌ရေးတဲ့သူ‌တွေ အ‌နေနဲ့ ဘယ်လို ‘ စည်း ’ မျိုး ရှိသင့်တယ်လို့ ယူဆပါသလဲ ”

“ လူဆိုတာ ပတ်ဝန်းကျင်နဲ့ ‌နေတာချည်းပဲ ။ မိမိ အတ္ထုပ္ပတ္တိ ‌ရေးတဲ့ အခါမှာ ကိုယ့်ပတ်ဝန်းကျင်က လူ‌တွေ ပါလာမှာပဲ ။ အဲသည်‌တော့ ဒီလူ‌တွေရဲ့ ဂုဏ်သိက္ခာကို မထိခိုက်‌အောင် ယင်းလူ‌တွေကို စာဖတ်သူ‌တွေ ချစ်ခင် နှစ်သက်စရာ ဖြစ်‌အောင် ‌ရေးရပါတယ် ။ ကိုယ်မုန်းတဲ့ လူကို ‌ဆော်ထည့်လိုက်မယ် ဆိုတဲ့ စိတ်မျိုး လုံးဝ မထားရပါဘူး ။ ကဲ ကဲ ... ‌မေးဦး ... ဟဲ့ ဟဲ့ မင်း ကွက်ရှင်‌တွေက နှစ်ရွက်‌တောင်ပါလား ”

“ ၁၃ ခုတည်းပါ ဆရာ ။ အခု နံပါတ် ၁ဝ က‌တော့ ‌နောက်ပိုင်းဆရာ‌ရေးတဲ့ ‌ဆောင်းပါးတချို့ဟာ ဆရာက‌တော်ရဲ့ မုန့်ဟင်းခါး ‌ကြော်ငြာတာ‌တွေ များ‌နေတယ်လို့ ဆိုကြတယ် ။ ဆရာ လက်ခံပါသလား ”

“ စာဖတ်သူ‌တွေက ယူဆတယ် ဆိုရင် ငါ လက်ခံပါတယ် ။ ကဲ ... ငါ့မိန်းမ မုန့်ဟင်းခါး ငါ ‌ကြော်ငြာတယ်ကွာ ဘာဖြစ်‌သေးသတုံး ။

‘ အ‌ကောင်းကြိုက်‌သော ရန်ကုန်သားများ သွားစမ်း ဘားလမ်း ၊ စားစမ်း အ‌ကောင်းဆုံး ‌မေ မုန့်ဟင်းခါး ၊ အုန်းနို့‌ခေါက်ဆွဲ ၊ က - ည - န သက်သာ စား‌သောက်ဆိုင် ၊ ဘားလမ်း ၊ ‌အောက်ဆုံးဘ‌လောက် ၊ ‌နောက်ဆုံး အ‌ဆောက်အအုံ ’ ၊ နံနက် ၈ နာရီမှ ၁၂ နာရီ ၊ မင်း သွားစား အလကား ‌ကျွေးပါ့မယ်ကွာ ” 

“ ကျေးဇူးတင်ပါတယ် ဆရာ ၊ ဆရာက‌တော့ ‌ပြောရင်းဆိုရင်းကို ‌ကြော်ငြာလိုက်ပြန်ပြီ ။ ‌နောက်‌မေးခွန်းက ဆရာတို့ ‌ခေတ်က စာ‌ရေးရတဲ့ အ‌ခြေအ‌နေနဲ့ ဒီ‌နေ့ စာ‌ရေးခြင်းနဲ့ အသက်‌မွေးဝမ်း‌ကျောင်းရတဲ့ စာ‌ရေးဆရာတွေရဲ့ အ‌ခြေအ‌နေ ဘယ်လို ကွာခြားပါသလဲ ”

“ ရှုမဝက ငါ့ဝတ္ထုတို တစ်ပုဒ်ကို ကျပ် ၃၀၀ ‌ပေးတယ် ။ ‌နောက် အဟိကဏ္ဍ ကိုင်‌တော့ ကျပ် ၃၀၀ ၊ ‌ပေါင်း ကျပ် ၆၀၀ ။ တခြား မဂ္ဂဇင်း‌တွေမှာ ‌ရေးတာနဲ့ ဆိုရင် ၇၀၀ ‌ကျော် ၈၀၀ ‌လောက်ရတယ်ကွာ ။ အဲဒါနဲ့ ငါ့သားသမီး ခုနစ်‌ယောက်ကို တက္ကသိုလ် ဘွဲ့ရ‌အောင် ‌ကျောင်းထားနိုင်ခဲ့တယ် ။ ငါ ‌နေ့စဉ် ရမ် ‌သောက်နိုင်ခဲ့တယ် ။ မနက် ဟင်းတစ်မျိုး ၊ ည ဟင်းတစ်မျိုး စားနိုင်ခဲ့တယ် ။ အခု ငါ့အိမ်မှာ ‌ချွေးမ တစ်‌ယောက်နဲ့ ( သူ မူကြို‌ကျောင်း ဆရာမ လုပ်တယ် ) ‌မြေးမနှစ်‌ယောက် ‌ကျောင်းထားရတာ ၊ ငါ စာ‌ရေးတာနဲ့ အယ်ဒီတာချုပ် လုပ်တာနဲ့ လစဉ်ဝင်‌ငွေ တစ်‌ထောင်‌ကျော် ရတာ‌တောင် မ‌လောက်လို့ ငါ့မိန်းမ မုန့်ဟင်းခါး ‌ရောင်း‌နေရတယ်‌ဟေ့ ။ သည့်ပြင် စာ‌ရေးဆရာ‌တွေ ဘယ်လို ‌နေသလဲ‌တော့ ငါ မ‌ပြောတတ်‌တော့ဘူး ။ ‌တော်ကွာ ... ဒီ‌မေးခွန်းကြီး ၊ ‌နောက်တစ်ခု ‌မေး ”

“ ဟာသဝတ္ထု ‌ရေးချင်သူများ အတွက် ဆရာ ဘယ်လို အကြံ‌ပေးချင်ပါသလဲ ဆရာ ”

“ ဘယ်လိုမှ မ‌ပေးနိုင်ဘူး ။ ငါ မ‌ပြောနဲ့ ။ အခု သင်္ကြန်တွင်းမှာ သိကြားမင်း ဆင်းလာလိမ့်မယ် ။ မင်း ‌မေးကြည့် ၊ သူလည်း ‌ပြောနိုင်မှာ မဟုတ်ဘူး ။ ဘယ့်နှယ်ကွာ ၊ ဒါက ဘဝပါရမီ အလုပ်ကွ ။ ဟာသစာ‌ရေးဆရာ ဆိုတာ မြန်မာပြည်မှာ မ‌ပြောနဲ့ ။ ကမ္ဘာမှာလည်း ရာခိုင်နှုန်း အနည်းဆုံးကွ ။ ‌မွေးကတည်းက ဗီဇ ဟာသဉာဏ် ပါလာမှ ဖြစ်တာကွ ။ ပင်ကို‌ ရေးဖို့ မ‌ပြောနဲ့ ဘာသာပြန်တာ ၊ မှီး‌ရေးတာ‌တောင်မှပဲ ဟာသဉာဏ် မရှိရင် မဖြစ်ဘူး ။ ဆရာကြီး ‌ရွှေဥ‌ဒေါင်း ဟာ မှီး‌ရေးတာနဲ့ ဘာသာပြန်တာမှာ နိုးတူး မဟုတ်လားကွ ။

ဒါ‌ပေမဲ့ ဆရာကြီးဟာ ဟာသဝတ္ထုကို မှီးမ‌ရေးနိုင်ဘူး ။ဘာသာ မပြန်နိုင်ဘူး ။ ဆရာကြီးဟာ ကမ္ဘာ့ဟာသဝိဇ္ဇာ အင်္ဂလန်က ဆာဘွဲ့ရတဲ့ P.G. Wodehouse ရဲ့ Thank You Jeever ဆိုတဲ့ စာအုပ်ကို စမ်းကြည့်တယ် ။ သူ ဝတ္ထုတို တစ်ပုဒ်‌တောင် မဖြစ်ဘူး ။ တစ်ဝက်တစ်ပျက် သူ့လက်‌ရေး ၁၇ မျက်နှာနဲ့ ရပ်နေလို့ “ ငါ‌တော့ မဖြစ်ဘူး‌ဟေ့ ၊ မင်းများ ရမလား ” ဆိုပြီး ငါ့ လွှဲ‌ပေးလို့ ‘ အေးဆွ ‌ပေါ်အူး ’ ဟာသဝတ္ထု ‌တွေဟာ P.G Wodehouse ဝတ္ထု‌တွေကို ငါ မှီး‌ရေးတာ‌ပေါ့ကွာ ၊ ‌ကျေနပ်ပြီလား ”

“ ‌ကျေနပ်ပါတယ် ဆရာ ။ ‌နောက်ဆုံး ‌မေးခွန်းက ‌ရေးသက် ရလာတာနဲ့အမျှ လိုင်း‌ပြောင်းချင်စိတ်များ ‌ပေါ်ဖူးပါသလား ”

“ ပေါ်ခဲ့လို့ပဲ ၁၉၄၇ ခုနှစ် က‌နေ ၁၉၅၃ ခုနှစ် အထိ ‌ခြောက်နှစ်‌လောက်အထိ ဟာသဝတ္ထု ‌တွေချည်း‌ ရေး‌နေရာက ဘဝသရုပ်‌ဖော် ဝတ္ထု‌တွေဘက် ကူးခဲ့တယ်‌လေ ။ ‌နောက်ထပ်‌တော့ ‌ပြောစရာ မရှိ‌တော့ပါဘူးကွာ ၊ စာ‌ပေမှာ ဟာသနဲ့ ဘဝသရုပ်‌ဖော်ဝတ္ထုဟာ အမြင့်ဆုံးဟာပဲ ။ ဒါ‌တွေကို တည်မြဲ‌အောင် ထိန်းသိမ်းရပါမယ် ။ ဖြစ်‌မြောက်ဖို့ထက် ထိန်းသိမ်းဖို့က ပိုခက်တယ်ကွ ။ ဥပမာကွာ ... မင်းမှာ ‌ငွေတစ်‌သောင်း ရှိပြီ ဆိုပါ‌တော့ ။ ဒီတစ်‌သောင်းကို ရ‌အောင် လုပ်ရတာထက် ဒီ‌ငွေတစ်‌သောင်းဟာ မင်း လက်ထဲ တည်မြဲ‌နေ‌အောင် ထိန်းသိမ်းဖို့က ပိုခက်လို့‌ပေါ့ကွာ ၊ နားလည်လား ”

“ လည်ပါတယ် ဆရာ ၊ ကဲ ... ကျွန်‌တော် ‌ရေးမှတ်လာတဲ့ ‌မေးခွန်း‌တော့ ကုန်ပြီ ။ အခု စိတ်ထဲ‌ပေါ်လာတာ တစ်ခု ‌မေးချင်ပါ‌သေးတယ် ”

“ မေးကွာ ၊ ‌ပေါက်တဲ့နဖူး မထူးဘူး ။ ‌ဆေးထည့်ရ‌တော့မှာပဲ ”

“ ဟား ဟား ... ဆရာက ရယ်စရာ ‌ပြောတတ်သားပဲ ”

“ ငါ့လခွီးတဲ့ ၊ ဟာသစာ‌ရေးဆရာပဲ အနည်းအကျဉ်း‌တော့ ‌ပြောတတ်တာ‌ပေါ့ကွ ၊ ဒါ‌ပေမဲ့ ရယ်စရာ‌ပြောတဲ့ ‌နေရာမှာ မင်းအ‌ဖေ ကျားဘညိမ်း ကို‌တော့ ငါ မမီဘူး‌ဟေ့ ။ ကိုဘညိမ်းဟာ အင်မတန် ရယ်စရာ အ‌ပြော ‌ကောင်းတဲ့ လူကွ ။ ကဲ ... မင်း ဘာ‌မေးချင်လဲ ” 

“ ဆရာဟာ အခု ဟာသနဲ့ ဘဝသရုပ်‌ဖော် စာ‌ရေးဆရာ ဖြစ်‌နေပါတယ် ။ ဒီ‌တော့ ကျွန်‌တော် သိချင်ပါတယ် ။ ဟာသနဲ့ ဘဝသရုပ်‌ဖော်ဟာ ဆက်စပ်‌နေပါသလား ”

“ ဟာ ... ဆက်စပ်တာ‌ပေါ့ကွ ၊ ဟာသဝတ္ထု ဆိုတာကလည်း ဒဿနိက‌ ခေါ်တဲ့ Philosophy ဖီလိုဆိုဖီက လာတယ် ၊ ဘဝသရုပ်‌ဖော်ဝတ္ထု‌တွေကလည်း ဖီလိုဆိုဖီကို နိုင်မှ ‌ရေးနိုင်တယ်ကွ ”

“ ကျေးဇူးပဲ ဆရာ ၊ ခုလို အချိန်‌ပေးပြီး ‌ဖြေတဲ့ အတွက် ‌ကျေးဇူးအများကြီး တင်ပါတယ် ။ ‌ရှေ့ဆက်ပြီး‌တော့လည်း သဘာဝကျတဲ့ ဆရာ့ ဟာသဝတ္ထု‌တွေ ဖတ်ပါရ‌စေဦး ဆရာ ။ ရယ်‌သောသူသည် အသက်ရှည်၏ ဆိုတာမို့ စာဖတ်သူ‌တွေ အသက်ရှည်‌အောင် ဟာသ‌ဆေး‌လေး ဆက်လက်တိုက်‌ကျွေး‌ပေးပါဦး ဆရာ ”

▢  ဝင်းငြိမ်း
‌📖 ပေဖူးလွှာ မဂ္ဂဇင်း
      အမှတ် - ၄၇
      ဧပြီလ ၊ ၁၉၈၅ ခုနှစ် 



 


Thursday, March 12, 2026

နောက်ကြောင်းပြန် နှစ် ၃၀


 

❝ နောက်ကြောင်းပြန် နှစ် ၃၀ ❞ 
            ▢  ဝင်းငြိမ်း

မနေ့တစ်နေ့ကလို့ ထင်မှတ်ခဲ့တာတွေက နှစ်သုံးဆယ် ပြည့်ပြီ ဆိုတဲ့အခါ ကိုယ့်ကိုယ်ကိုလည်း မယုံချင် ။ ခုနှစ် သက္ကရာဇ်တွေ ပြန်တွက်မှသာ ယုံရပါတော့တယ် ။ အဲဒီကာလမှာ ကျွန်တော်က ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှာ စိစစ်ရေးမှူးလို့ ခေါ်တဲ့ ပြန်တမ်းဝင်အရာရှိ တစ်ယောက် ဖြစ်နေပါပြီ ။ ကိန်းဂဏန်းတွေနဲ့ နပန်းလုံး နေရပေမဲ့ ဝါသနာ ပါတာက စာပေ ။ ဒါကြောင့် ဆရာ ဦးမြလှိုင် ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေတဲ့ ပေဖူးလွှာ မဂ္ဂဇင်းမှာ စာဖတ်သူများနှင့် တွေ့ဆုံပေးခြင်း လို့ အမည်ပေးထားတဲ့ ကဏ္ဍမှာ စာရေးဆရာတွေနဲ့ တွေ့ဆုံခြင်းတွေ ရေးနေတယ် ။ ပထမဆုံး အင်တာဗျူးခဲ့တာက ဆရာမ စမ်းစမ်းနွဲ့ ( သာယာဝတီ ) ။

ဆရာမနဲ့ မတွေ့ဆုံခင် ကျွန်တော် အင်တာဗျူးဖြစ်တဲ့ ပုဂ္ဂိုလ်က ‘ ခင်မောင်တိုး ’ ။ ဝိုင်းရဲ့ဆည်းဆာ ထွက်ပြီး တစ်ပြည်လုံး သည်းသည်းလှုပ်နေကြချိန် ။ အဲဒီအချိန်မှာ ‘ သပြေ ’ တေးမဂ္ဂဇင်းကလည်း လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အချိန် အင်တာဗျူးတွေကို ဆရာ မောင်တည်ငြိမ် က တာဝန်ယူပြီး ရေးနေတယ် ။ ဒါကြောင့် ဆရာ ဦးမြလှိုင် ကပဲ မင်းသား ၊ မင်းသမီးတွေ မရေးနဲ့တော့ ။ စာရေးဆရာ ကိုပဲ အင်တာဗျူး လုပ်ပါလို့ တာဝန်ပေးခဲ့တာပါ ။ ဒါပေမဲ့ တာဝန်ခံ အယ်ဒီတာ ဖြစ်တဲ့ ဦးခင်မောင်မြင့် က လူငယ်ကြိုက် ပေါ့ပ်ကဏ္ဍလေးတွေ ပါချင်တယ် ဆိုတာကြောင့် မိုးကျော်ထွန်း ၊ ဘို ၊ ဝင်းကိုကို အစ ရှိတဲ့ ကလောင်နာမည်တွေနဲ့ ဆောင်းပါးတွေ ရေးဖြစ်ခဲ့တယ် ။

ရေးဖန်များလာတော့ ကိုယ်ပိုင်မဂ္ဂဇင်း ရှိချင်လာတယ် ။ အခု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး ၊ ဇာတ်ညွှန်း မောင်ဗေဒါ တို့နဲ့ တိုင်ပင်ပြီး ရုပ်ရှင် အမြုတေမဂ္ဂဇင်း ထုတ်ဝေခွင့်ကတ်ပြား ငှားရမ်း လုပ်ကြမယ်ပေါ့ ။ ဒါပေမဲ့ တကယ် လုပ်ဖြစ်တဲ့ အခါမှာတော့ ကိုအေးကြူလေး နဲ့ ကျွန်တော်ပဲ လုပ်ဖြစ်ပါတယ် ။ ရုပ်ရှင်အမြုတေရဲ့ လိုဂိုက အစ ပြင်ပြီး ပုံစံကိုလည်း ပြင်လိုက်ကြတယ် ။ အဲဒီ အခါမှာ ရုပ်ရှင်အမြုတေ မဂ္ဂဇင်းက စာအုပ်ဆိုင်များ ပေါ်မှာ မျက်နှာပန်းလှလာတယ် ။

ကိုအေးကြူလေး နဲ့ ကျွန်တော် နှစ်ယောက်စလုံး ကြိုးစားကြပြီး ရေးနေတဲ့ အချိန် ကိုအေးကြူလေး က တစ်ဆင့် အဲဒီအချိန်တုန်းက ဂီတကောင်စီက ထုတ်ဝေတဲ့ ဂီတဂျာနယ်ကို တာဝန်ယူ လုပ်ကိုင်နေတဲ့ မြတ်ခိုင် ဆိုတဲ့ လူငယ်စာရေးဆရာ က ရုပ်ရှင်အမြုတေမှာ သူ ဂီတနဲ့ ပတ်သက်ပြီး ရေးချင်တယ်လို့ ကမ်းလှမ်းလာတဲ့ အတွက် ပထမဆုံးဆောင်းပါး အနေနဲ့ ခိုင်ထူး ကို အင်တာဗျူး လုပ်ပြီး သူ့ဒီဇိုင်းဆရာနဲ့ သူ ဆောင်းပါး ပေးပို့ လာပါတယ် ။ ဒါဟာ နောင်မှာ ဆရာကြီး မြတ်ခိုင် ဖြစ်လာမယ့် သူနဲ့ ကျွန်တော့်ရဲ့ ပတ်သက်မှု အစပါပဲ ။

ရုပ်ရှင်အမြုတေ အရှိန်ရစ ပြုလာတဲ့ အချိန်မှာ ကျွန်တော် စိုးရိမ်စိတ် ဝင်လာပါတယ် ။ အောင်မြင်မှု ရမှ ကတ်ပြားပိုင်ရှင်က မငှားတော့ဘူးလို့ ဆိုရင် ကျွန်တော်တို့ ကြိုးစားသမျှ ပက်လက်လန်ရတော့မယ် ။ အဲဒီတော့ ကိုယ့်နာမည်နဲ့ ကတ်ပြားတစ်ခု လိုချင်စိတ် ပေါ်လာပြန်ပါတယ် ။ နာမည်ကြီး စာပေစိစစ်ရေး ဌာနမှာ အဲဒီအချိန်က ညွှန်ကြားရေးမှူးက ဦးကြည်ထူး ပါ ။ ဆရာ ဦးကြည်ထူး ကို ကျွန်တော် တွေ့ပြီး ကျွန်တော် မဂ္ဂဇင်း တစ်စောင် ထုတ်ချင်တယ်လို့ ပြောတော့ သူက လွယ်လွယ်ကူကူပါပဲ ။ ထုတ်ချင်ရင် လျှောက်ပေါ့ကွ လို့ ပြောတယ် ။ ကျွန်တော်က အစိုးရဝန်ထမ်းဖြစ်ကြောင်း ပြောတော့ ဆရာ ဦးကြည်ထူး က မင်း ရုံးမှာ မင်းဘာသာ မင်း ဘာကြီး ဖြစ်နေနေ ငါ သိတာက မင်းကို စာရေးဆရာ တစ်ယောက် အနေနဲ့ပဲ သိတယ်လို့ ပြောတာကြောင့် ရွှေအမြုတေမဂ္ဂဇင်း ဆိုတဲ့ နာမည်နဲ့ ထုတ်ဝေခွင့် လျှောက်လိုက်ပါတယ် ။ ယာယီထုတ်ဝေခွင့် ဆိုတဲ့ ကတ်ပြား ကျလာပါတယ် ။ ယာယီရဲ့ အဓိပ္ပာယ်က ပုံမှန် မဂ္ဂဇင်းများလို အကြမ်းပုံနှိပ်ပြီးမှ တင်ပြရတာမျိုး မဟုတ်ဘဲ ပုံမနှိပ်ခင်မှာ ဒီဇိုင်း အပြီးအစီး တင်ပြရပါတယ် ။ စိစစ်ရေးမှူးများက စိစစ်ပြီး ခွင့်ပြုပြီ ဆိုမှ အဲဒါကို ပုံနှိပ်ရတာပါ ။ ရွှေအမြု တေအမှတ် ၁ ကို ပြင်ဆင်ချိန်မှာ ‘ ချစ်ကြိုးလေးနှစ်မျှင် ’ ဇာတ်ကားနဲ့ လျှမ်းလျှမ်းတောက် အောင်မြင်လာတဲ့ ကျော်သူ နဲ့ ကျွန်တော်က ရင်းနှီးနေပါပြီ ။ ဒါကြောင့် ကျော်သူ ကို ဝါဝါဝင်းရွှေ နဲ့ တွဲပြီး မျက်နှာဖုံး ရိုက်လိုက်ပါတယ် ။ စာအုပ်အရောင်းဆိုင် ၊ အငှားဆိုင်များ အတွက် ကြော်ငြာလုပ်လို့ ရအောင် ကျော်သူ တစ် ယောက်တည်း ကိုယ်ဟန် ၁၆ မျိုးနဲ့ ဓာတ်ပုံတွေ ရိုက်ပါတယ် ။ ဒီဓာတ်ပုံတွေကို ရိုက်ကူးပေးတဲ့သူကတော့ အခု ဆရာကြီး ဖြစ်နေတဲ့ ‘ ပီတာ ’ ဖြစ်ပါတယ် ။

ပီတာ ရိုက်ပေးထားတဲ့ ဓာတ်ပုံတွေကို ဒီဇိုင်း ဝင်းမြင့်ဦး က ဒီဇိုင်းဆင်ပြီး ကျော်သူ ၁၆ ကိုယ်ခွဲ ၊ အရှည် ၁၅ လက်မ ရှိတဲ့ ပိုစတာကို အပြင်မှာ ပုံနှိပ်လို့ မရတာကြောင့် ၃၂ လမ်း အပေါ်ဘလောက်မှာ ရှိတဲ့ မြဝတီပုံနှိပ်တိုက်မှာ အပ်နှံရပါတယ် ။ အဲဒီကာလတုန်းက အော့ဖ်ဆက် ဆိုတာ အပြင်မှာ မရှိသေးပါဘူး ။ ရှိရင်လည်း ၁၅ လက်မကို မရိုက်နိုင်သေးလို့ပါ ။

မျက်နှာဖုံးမှာ နိုင်ငံခြားက ထုတ်ဝေတဲ့ Time တို့ ၊ Newsweek တို့လို အတွင်းမှာ ပါတဲ့ အထူးပြုဆောင်းပါး ဓာတ်ပုံသေးတစ်ခု ဖော်ပြချင်တယ် ။ စဉ်းစားလိုက်တဲ့ အခါမှာ အဲဒီ ကာလက ကျွန်တော် အမေတစ်ယောက်လို ချစ်ခင်ရင်းနှီးတဲ့ အကယ်ဒမီ ရုပ်ရှင်မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေး ကို ရာမ က စီးရီးတစ်ခု ပြန်ဆိုခိုင်းနေတဲ့ ကာလနဲ့ တိုက်ဆိုင်နေပါတယ် ။ အတွင်းမှာ အမေကြည် ရဲ့ အသံသွင်းစဉ်က ယူထားတဲ့ သတင်းဓာတ်ပုံတွေလည်း ပါနေတာ ဖြစ်တဲ့အတွက် “ မဗေဒါ အငြိမ့်ပြန်က,ပြီ ” ( ဒီစကားကိုတော့ ပန်းပန်လျက်ပါ ရုပ်ရှင် ကြည့်ဖူးသူတိုင်း သိကြပါတယ် ။ ) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံသေး တစ်ပုံ ဖော်ပြပြီး မျက်နှာဖုံး ဖန်တီးခဲ့ပါတယ် ။

လုပ်ချင်တာ ရသ ဖြစ်ပေမဲ့ လူငယ်တွေကို ဆေးခါးခါးများ တိုက်တဲ့အခါ အပေါ်ယံက အချိုဓာတ်ကလေး ပေးရသလို ကျွန်တော် လုပ်ချင်တဲ့ ရသကို နောက်ထားပြီး သူတို့ ကြိုက်တဲ့ စာအုပ်တစ်အုပ် ဖြစ်လာဖို့ တစ်အုပ်လုံး ပေါ့ပ်တွေ ချည်းပဲ ဖန်တီးပြီး ရသနှစ်ပုဒ်သာ ထည့်သွင်းဖြစ်ပါတယ် ။ ဆရာမ နုနုရည်အင်းဝ ရေးတဲ့ ‘ ဒိုးကြေးကလေးများ သနားခဲ့ပါဦး ဘုရား ’ နဲ့ ဆရာမ မေငြိမ်း ရေးတဲ့ ‘ မုန်တိုင်းရဲ့ ကျောရိုး ’ ဝတ္ထုတို့ ဖြစ်ပါတယ် ။ ( မေငြိမ်း ကို ကျွန်တော့် ကလောင်ခွဲလား လို့ မေးတဲ့သူတွေလည်း ရှိပါတယ် ။ ကျွန်တော်က ကလောင်ခွဲ များတာကိုး ) ။ ရွှေအမြုတေ နံပါတ်တစ် ဟာ မယုံနိုင်စရာ ကောင်းလောက်အောင် အောင်မြင်သွားခဲ့ပါတယ် ။

နှစ်အုပ် ကျွန်တော့်နာမည်နဲ့ ထုတ်ဝေပြီးချိန်မှာ ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနကို အထူးစုံစမ်းထောက်လှမ်းရေးဌာန ( SB ) က စာတစ်စောင် ရောက်လာပါတယ် ။ ဝန်ထမ်းတစ်ယောက် ဖြစ်တဲ့ ကျွန်တော့်ကို စုံစမ်းစစ်ဆေးစရာ ရှိတဲ့ အတွက် အစစ်ဆေးခံဖို့ သူတို့ ရုံးကို လွှတ်ပေးဖို့ အကြောင်းကြားတဲ့ စာပါ ။ ကျွန်တော့် ညွှန်ချုပ်က ကျွန်တော့်ကို ခေါ်တွေ့ပြီး သွားဖို့ ညွှန်ကြားပါတယ် ။ ဘာကြောင့်လဲလို့လည်း ညွှန်ချုပ်က မေးပါတယ် ။ ကျွန်တော် စာအုပ်တစ်အုပ် ထုတ်တာနဲ့ ပတ်သက်လို့ ဖြစ်မယ်ထင်တယ် လို့ပဲ ကျွန်တော် မသိသေးတဲ့ ကိစ္စကို မှန်းဆ ဖြေခဲ့ပါတယ် ။

စိတ်ကူးနဲ့ပဲ စာပေစိစစ်ရေးက ဝန်ထမ်းတစ်ဦး ဖြစ်တဲ့ ဒေါ်အေးမြင့် ဆီက ထုတ်ဝေခွင့်လျှောက်လွှာပုံစံ တစ်ခု ကျွန်တော် တောင်းယူခဲ့ပါတယ် ။ SB ကို ရောက်တဲ့အခါ သုံးပွင့်တစ်ယောက်က စစ်မေးဖို့နဲ့ ကျွန်တော် ဖြေဆိုတာတွေကို ရေးဖို့ တစ်ပွင့်တစ်ယောက်က ဘေးမှာ ထိုင်ပါတယ် ။ သုံးပွင့်နဲ့ ကျွန်တော်က မျက်နှာချင်းဆိုင်ပေါ့ ။ သုံးပွင့်က စာရွက်ရဲ့ ထိပ်စည်းမှာ တိုင်ကြားသူ ဆိုတဲ့ ခေါင်းစဉ်နဲ့ နာမည်တချို့ကို ရေးပြီး မျဉ်းပိတ်လိုက်ပါတယ် ။ အဲဒီ မျဉ်းအောက်ကမှ ကျွန်တော့် ထွက်ချက်တွေကို ရေးမှာပါ ။ စားပွဲ တစ်ဖက်တစ်ချက်မှာ ဖြစ်တာကြောင့် သူ ရေးတာကို မကြည့်ချင် မြင်လျက်သားပါပဲ ။

တိုင်ကြားသူများက ဦးမြလှိုင် ၊ ဦးမြတ်ကျော် ၊ ဦးဝင်းနိုင် ပါတဲ့ ။ ဦးမြလှိုင် က ပေဖူးလွှာ ထုတ်ဝေသူ ၊ ကျွန်တော့် အယ်ဒီတာချုပ် ။ ဦးမြတ်ကျော် ဆိုတာက ပေဖူးလွှာမဂ္ဂဇင်းကို တာဝန်ယူပုံနှိပ်တဲ့ စာလုပ်ငန်းပုံနှိပ်တိုက်ပိုင်ရှင် ။ ဦးဝင်းနိုင် ဆိုတာက ဦးမြလှိုင်ရဲ့တူ ၊ ပေဖူးလွှာမဂ္ဂဇင်းရဲ့ ငွေကိုင်ပေါ့ ။ ကျွန်တော် သိပ်တော့ မအံ့သြပါဘူး ။ အဲဒီကာလမှာ ကျွန်တော့်ညီ မျိုးမြင့်ညိမ်း က ပေဖူးလွှာ မှာ မရှိတော့ပါဘူး ။ ၈၈ အရေးအခင်းကာလမှာ ဆရာ မင်းလူ ရေးတဲ့ ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာစာအုပ်ကို တည်းဖြတ်မှုနဲ့ အကျဉ်းကျ နေပါပြီ ။ ကျွန်တော်ကလည်း ပေဖူးလွှာစာတည်းအဖွဲ့ကို စိတ်တိုင်းမကျတဲ့ အတွက် စာပေအင်တာဗျူးများကို ဆက်မရေးတော့ဘဲ ရပ်လိုက်တဲ့အချိန် ဖြစ်ပါတယ် ။ နောက်ဆုံး မေးခဲ့တဲ့ ဆရာမက ဆရာမ ဂျူး ပါပဲ ။ အဲဒီအချိန်မှာပဲ မဟေသီမဂ္ဂဇင်းကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်တဲ့ ဦးခင်မောင်မြင့် က ဆရာ ဟိန်းလတ် ကို ဆရာမ ဂျူး နဲ့ အင်တာဗျူးလုပ်ဖို့ တာဝန်ပေးခဲ့ပါတယ် ။

သုံးပွင့်က ကျွန်တော့်ကို ဘာကြောင့် ရွှေအမြုတေ ထုတ်တာလဲလို့ မေးတဲ့အခါ ကျွန်တော်က ထုတ်ခွင့် မရှိဘူးလား ၊ ကျွန်တော့်မှာ ထုတ်ဝေခွင့်ကတ်ပြား ရှိတဲ့ အတွက် ထုတ်တာပါလို့ ဖြေပါတယ် ။ ဒီတော့ သူက ဝန်ထမ်း တစ်ယောက်ဟာ အစိုးရဝန်ထမ်း ဖြစ်တဲ့ အတွက် အပြင် စီးပွားရေးကို လုပ်ခွင့် မရှိဘူးလို့ ပြောပါတယ် ။ ဒါဆိုရင် ဆရာဝန်တွေဟာ အစိုးရ ဝန်ထမ်းတွေ ဖြစ်ပါလျက်နဲ့ ဘာကြောင့် ဆေးခန်း ထိုင်ကြတာလဲလို့ မေးတဲ့အခါ သူက ဒါကတော့ မဆိုင်ဘူးလို့ မပြတ်မသား ပြန်ဖြေခဲ့ပါတယ် ။

ဒီတော့ ကျွန်တော်က ထုတ်ဝေခွင့် လျှောက်လွှာပုံစံကို မြင်ဖူးသလားလို့ ပြန်မေးကြည့်တော့ သူက မမြင်ဖူးဘူးလို့ ပြောတယ် ။ ဒီမှာကြည့်လို့ အဆင်သင့် ပါတဲ့ ပုံစံကို ကျွန်တော် ပြလိုက်ပါတယ် ။ အဲဒီ ပုံစံထဲမှာ ‘ အလုပ်အကိုင် ’ ဆိုတဲ့ မေးခွန်း လုံးဝ မပါဘူး ။ ဒီလို မပါတဲ့အတွက် ပုံစံဖြည့်စွက်တဲ့ ကျွန်တော်က ဘယ်လို ဖြည့်မလဲ ။ ဒါကြောင့် ကျွန်တော် မဖြည့်တာ ၊ လိမ်တာ မဟုတ်ဘူးလို့ ပြောပြလိုက်ပါတယ် ။ ဒီတော့ သူက ကျွန်တော်တို့လည်း တိုင်သူ ရှိလို့ လုပ်ရတာပါ ။ တိုင်တဲ့သူတွေ ကိုလည်း ခင်ဗျား သိမှာပါလို့ အားနာနာနဲ့ ပြောပါတယ် ။

ဒါဆို ကောင်းပြီဗျာ ၊ ကျွန်တော့်လို ဝန်ထမ်း ဖြစ်ပါလျက်နဲ့ ကိုယ်ပိုင် ထုတ်ဝေခွင့် ရှိနေကြတဲ့ သူတွေ အများကြီး ရှိတယ် ။ ဥပမာ ဘယ်သူဘယ်ဝါ ဆိုပြီး ကျွန်တော်က လေး ၊ ငါး ၊ ခြောက်ဦး နာမည် ရွတ်ပြလိုက်ပါတယ် ။ သူက အဲဒီသူတွေကိုတော့ တိုင်တဲ့သူ မရှိဘူး ။ ခင်ဗျားက တိုင်တဲ့သူ ရှိလို့ပါတဲ့ ။ ဒါဆို ကောင်းပြီဗျာ ၊ အခု ကျွန်တော် တိုင်မယ် ၊ စာရွက်တစ်ရွက် ပေးပါ ဆိုတော့ သူက မလုပ်ပါနဲ့ဗျာ ။ အလုပ်ရှုပ်ပါတယ်တဲ့ ။

[ ဌာနဆိုင်ရာရဲ့ အရေးယူမှု အနေနဲ့ ကျွန်တော့်ရာထူး စိစစ်ရေးမှူး ကနေ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ကို ရာထူး တိုးပေးတဲ့ အခါမှာ ကျွန်တော့်ကို ခြောက်လ ရပ်ဆိုင်းကြောင်း ညွှန်ကြားရေးမှူးက ခေါ်ပြောပြီး ခြောက်လ ပြည့်တဲ့ အခါမှ ကျွန်တော် တစ်ယောက်တည်း သီးခြား အမိန့်ကြော်ငြာစာ ထွက်ပြီး ရာထူး တိုးမြှင့်ပေးခဲ့ပါတယ် ။ နိုင်ငံခြားမှာ ပညာတော်သင် ဆက်သွားဖို့ အခွင့်အရေး ကြုံလာတဲ့ အခါတိုင်းမှာလည်း ကျွန်တော် မပါဘူး ။ အမြဲ ချန်ထားခံရတယ် ။ ၁၉၉၁ ခုနှစ် ကျမှ International Monetary Fund ( IMF ) ( အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ ပညာတော်သင် အတွက် ) အမေရိကန်ပြည်ထောင်စုကို သွားဖို့ ရွေးချယ်ခံရပါတယ် ။ နှစ်သုံးဆယ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ဒီတစ်ကြိမ်ပဲ အခွင့်အရေး ရခဲ့ပါတယ် ။ ဒါကလည်း စီးပွားရေးတက္ကသိုလ်မှာ ကတည်းက ကျွန်တော့်ကို တူတစ်ယောက် ၊ သားတစ်ယောက် လို ချစ်ခင်ခဲ့တဲ့ ဆရာမ ဒေါက်တာ ဒေါ်ခင်အုန်းသန့် ကျေးဇူးကြောင့် ဖြစ်ပါတယ် ။ ဒီကျေးဇူးကိုလည်း ကျွန်တော် မမေ့ပါဘူး ။ ၁၉၉၇ ခုနှစ်မှာတော့ မခံချင်စိတ်တွေ များလွန်းလို့ ကျွန်တော် နာမကျန်းပင်စင်နဲ့ အလုပ်ကနေ အငြိမ်းစား ယူခဲ့ပါတယ် ။ ]

ဒီလိုနဲ့ပဲ ကျွန်တော့် ထုတ်ဝေခွင့် ရပ်ဆိုင်းသွားပြီး ဆရာ ဦးကြည်ထူး က မင်းအမေ နာမည်နဲ့ ပြောင်းကွာလို့ အကြံပေး ပြန်တယ် ။ ဒီလိုနဲ့ပဲ ရွှေအမြုတေ ထုတ်ဝေသူဟာ ကျွန်တော့်အမေ ဒေါ်ကြည်ကြည် ဖြစ်လာပြန်ပါတယ် ။ နှစ်အုပ်လောက် ထုတ်ပြီးချိန်မှာ ပုံမှန် ထုတ်ဝေခွင့် ရဖို့ အမေ့ကို ဌာနဆိုင်ရာက ခေါ်တွေ့ပြန်ပါတယ် ။ အဲဒီအခါမှာ ကျွန်တော့် ဦးလေးဝမ်းကွဲ စာရေးဆရာ မောင်သော်က ( ခ ) ဗိုလ်မှူးဘသော် ၊ ကျွန်တော့်ညီ မျိုးမြင့်ညိမ်း တို့က နိုင်ငံရေး ပုဒ်မနဲ့ အကျဉ်းကျနေကြသူများ ဖြစ်တဲ့အတွက် ထုတ်ဝေခွင့်ကို မပေးနိုင်ပါဘူးလို့ ငြင်းပယ်လိုက်ကြပါတယ် ။

ဒီအခါမှာလည်း ဆရာ ဦးကြည်ထူး ကပဲ ကိုင်းကွာ... မင်းနဲ့ ဘယ်လိုမှ မပတ်သက်တဲ့ သူ ကိုသာ ပေးလိုက်တော့လို့ အကြံပြုတာကြောင့် ရွှေအမြုတေ ကို ဘာမှန်းညာမှန်း မသိခင် ကတည်းက ထုတ်ဝေပေးနေတဲ့ ဆရာ ဦးဉာဏ်လှိုင် ကို ပေးလိုက်ပါတယ် ။ ဒါကြောင့် ဒီနေ့ နှစ်သုံးဆယ် ပြည့်တဲ့ အချိန် အထိ ရွှေအမြုတေ ဟာ ဇမ္ဗူတလူစာပေ ကပဲ ထွက်နေတာ ဖြစ်ပါတယ် ။ ဆရာ ဦးဉာဏ်လှိုင် ကွယ်လွန်သွားတော့ ဇနီး ဖြစ်သူ ဒေါ်ချိုချို နာမည်နဲ့ ဆက်လက် ထုတ်ဝေနေပါတယ် ။

အမှတ် ၁ ကနေ ဒီလထုတ် ဖြစ်တဲ့ အမှတ် ၃၆၀ အထိ မှတ်မှတ်ရရ ဝယ်ယူ သိမ်းဆည်းနေကြတဲ့ စာဖတ်ပရိသတ်များ ၊ စာအုပ်အငှားဆိုင်များ ၊ စာအုပ်အရောင်းဆိုင်များ ၊ ဇမ္ဗူတလူ မိသားစု တို့ကို ကျွန်တော် နောက်ဆုံး ထွက်သက်အထိ ကျေးဇူး တင်ရှိနေမှာ ဖြစ်ပါတယ် ။ ကျွန်တော့် အသက် ၇၃ နှစ် ရှိပါ ပြီ ။ ကျန်သေးတဲ့ ဘဝ အစိတ်အပိုင်း မှာလည်း ရွှေအမြုတေ ကို ဆက်လက် လုပ်ကိုင်သွားမယ်လို့ ဆန္ဒရှိပါတယ် ။ ဒါကလည်း ဝယ်ယူအားပေး ဖတ်ရှုကြသူများ ရှိမှသာ ထုတ်ဝေနိုင်မှာ ဖြစ်ပါတယ် ။ ဒါကြောင့် နှစ်သုံးဆယ် တိုင်အောင် အားပေးခဲ့ကြတဲ့ ကျွန်တော့် ပရိသတ်များ ဆက်လက် အားပေးကြပါဦးလို့ မေတ္တာရပ်ခံရင်း ကျွန်တော့် အမှတ်တရ စကားကို နိဂုံးချုပ်ပါတယ် ။

လေးစားစွာဖြင့် ဝင်းငြိမ်း

▢  ဝင်းငြိမ်း
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     နိုဝင်ဘာ ၊ ၂၁၁၉

Friday, February 6, 2026

လမင်းတရာ နှင့် တွေ့ဆုံခြင်း


 

❝ လမင်းတရာ နှင့် တွေ့ဆုံခြင်း ❞
( ကြည်အောင် နှင့် တွေ့ဆုံခြင်း )

‘ လမင်းတရာနှင့်‌ တွေ့ဆုံခြင်း ’ လို့ ကျွန်‌တော် ‌ခေါင်းစဉ် တပ်လိုက်‌ပေမယ့် စာ‌ရေးဆရာ လမင်းတရာ မဟုတ်ပါ ။ ကဗျာချစ်သူများ ရင်မှာ စွဲငြိ‌စေခဲ့တဲ့ ‘ လမင်းတရာ ’ ကဗျာစာအုပ်နဲ့ အမျိုးသား စာ‌ပေဆု ရခဲ့တဲ့ မန္တ‌လေးမြို့က ( တစ်နည်း ‌ပြောရရင်‌တော့ အင်းဝမြို့‌ဟောင်းက ) ကဗျာဆရာ ( ဦး ) ကြည်‌အောင် နဲ့ ‌တွေ့ဆုံ ပေးမှာ ဖြစ်ပါတယ် ။

‌ပေဖူးလွှာ စာတည်းအဖွဲ့က ‌ဖေ‌ဖော်ဝါရီလ အတွက် ဆရာကြည်‌အောင်နဲ့ ‌တွေ့ဆုံပါလို့ ဆိုလာတဲ့ အခါ ဆရာ့ ကဗျာ‌တွေကို အ‌သေးစိတ် ပြန်ဖတ်ရ ၊ မှတ်ရပါတယ် ။ ဒီလို တစ်စုတစ်စည်းတည်းကို အ‌သေးစိတ် ပြန်ဖတ်တဲ့ အခါမှာ ကဗျာရှင်နဲ့ ပတ်သက်တဲ့ ခံယူချက် စိတ်‌နေသ‌ဘောထားကို ‌လေ့လာလို့ ရလာပါတယ် ။

မြန်မာတို့ရဲ့ မြို့‌ဟောင်း တစ်ခု ဖြစ်တဲ့ ‘ အင်းဝ ’ ဇာတိ ဖြစ်တဲ့ ဆရာကြည်‌အောင်ရဲ့ ရင်ထဲမှာ နယ်ချဲ့စစ်ဘီလူးကို ခါးခါးတူးတူး မုန်းတဲ့စိတ် အပြည့် ရှိတာကို ‌တွေ့ရပါတယ် ။ ဧရာဝတီမြစ်ကို ဆန်တက်လာတဲ့ အင်္ဂလိပ်စစ် သ‌င်္ဘောကို လုံးဝ တိုက်ခိုက်ခြင်း မပြုရလို့ မန္တ‌လေး‌ ရွှေနန်း‌တော်က ထုတ်ပြန်လိုက်တဲ့ အမိန့်ကို ဆရာ့ဇာတိ ဖြစ်တဲ့ အင်းဝမြို့နားက သ‌ပြေတန်းခံတပ်က နာခံလိုက်တဲ့ အတွက် ဆရာ့ ရင်ထဲမှာ ဒီ‌နေ့ထက်ထိ မ‌ကျေနပ်သေးတာက အစ သူ့ကဗျာ‌တွေမှာ ‌တွေ့‌နေရဆဲပါ ။

ဒီ‌နေ့ ကျွန်‌တော်တို့ စာ‌ပေ‌လောကမှာ ကဗျာဆရာကြီးငယ် ‌တော်‌တော်များများ ၊ ရှိ‌နေကြတဲ့ အထဲမှာ တချို့က ခံစားချက် အတွက် ‌ရေးကြပြီး တချို့က ယုံကြည်ချက် အတွက် ‌ရေးကြတယ် ။ ဆရာ ကြည်‌အောင် က‌တော့ ယုံကြည်ချက် အတွက် ကဗျာ‌ ရေး‌နေတဲ့သူ ဖြစ်တယ် ဆိုတာ သူ့ကဗျာ‌တွေကို ‌လေ့လာကြည့်ရင် ‌တွေ့နိုင်ပါတယ် ။

သူ့ကဗျာ အတိုမှာပဲ ဖြစ်ဖြစ် ၊ အရှည်မှာပဲ ဖြစ်ဖြစ် ယုံကြည်ချက် တစ်ကွက်‌တော့ ပါတာပဲ ဖြစ်ပါတယ် ။ ဒါ‌ကြောင့် ကဗျာကို စိတ်ဝင်စားသူများ ‌လေ့လာနိုင်‌စေဖို့ ဆရာကြည်အောင်နဲ့ ‌ဆွေး‌နွေးခဲ့တာ‌တွေကို ‌ဖော်ပြ‌ပေး လိုက်ပါတယ် ။

••••• ••••• •••••

“ စာ‌ပေနယ်ထဲ ‌ရောက်ရှိလာပုံနဲ့ ပထမဆုံး ‌ရေးခဲ့တဲ့ ကဗျာအ‌ကြောင်း သိချင်ပါတယ် ”

“ က‌လေးဘဝ ပထမစာကြောင်း စာလုံး‌ပေါင်း ဖတ်တတ်စ ... ။

စာလုံးရဲ့ အရိပ် ၊ အဓိပ္ပာယ်တူး‌ဖော် ‌ပျော်လိုက်ပုံ ‌ပြောပြမရ ...

ဆိုသလိုပါပဲဗျာ ။ စာဖတ်တတ်ပြီ ဆိုကတည်းက ‌တွေ့သမျှ စာ‌တွေကို ဖတ်လာတယ် ။ စာ‌ပေနဲ့ ကဗျာက ‌ပေးတဲ့ ရသကို ခံစားရတာဟာ ဘယ်က ရတဲ့ ရသနဲ့မှ မတူပါဘူး ။

ကျွန်‌တော်တို့ ငယ်စဉ်တုန်းက အိမ်မှာကလည်း စာအုပ်နဲ့ တူတာဆိုလို့ ပရိတ်စာအုပ်တောင် မရှိဘူး ။ အ‌မေက စာမတတ်ပါ ။ ဒါ‌ပေမဲ့ အတွက်အချက် မှတ်ဉာဏ် အင်မတန်‌ ကောင်းတယ် ။ စကား‌ပြောရမှာလည်း ပုံတိုပတ်စ ၊ အခိုင်းအနှိုင်းနဲ့ သရုပ်‌ပေါ်‌အောင် အင်မတန် ‌ပြောတတ်ပါတယ် ။ အ‌မေ့စကား‌တွေ နားရည်ဝ‌ နေတော့ ‌တော်‌တော့ စကား‌ပြေကို ဖတ်‌နေရ‌ပေမယ့် ကျွန်‌တော့် စိတ်နားထဲ မတိုးဘူး ။ ပြီး‌တော့ အင်းဝက ကျွန်‌တော့် ‌မွေးရပ်‌မြေ ။ မဟာရဋ္ဌသာရ ၊ ရှင်‌တေ‌ဇောသာရ ၊ ရှင်သူရဲ ၊ ဝန်ကြီး ပ‌ဒေသရာဇာ ၊ အချုပ်တန်းဆရာ‌ဖေ ၊ သခင်ဗဟိန်း စတဲ့ စာ‌ပေကဗျာနဲ့ နိုင်ငံ‌ရေး မဟာပုဂ္ဂိုလ်‌ကျော်တွေရဲ့ ဇာတိ ချက်‌ကြွေ ။

ဒီ‌တော့ ပုဂ္ဂိုလ်စွဲ ၊ ‌ဒေသစွဲ သ‌ဘောနဲ့ သူတို့ စာ‌တွေကို ဖတ်တယ် ။ ‌လေ့လာတယ် ။ ကဗျာ ဖတ်‌တော့ ကဗျာ ‌ရေးချင်တယ် ။ စမ်း‌ရေးကြည့်မိတာ‌ပေါ့ ။ မ‌ကောင်းဘူး ။ ကဗျာ မဖြစ်ဘူး ။ ဆဋ္ဌမတန်း‌ ရောက်‌တော့ ဆရာ မင်းသုဝဏ်ရဲ့ ‘ သ‌ပြေညို ’ ကဗျာ စာအုပ်ကို သင်ရပါတယ် ။ ဆရာကြီး ဦးဘညွန့်ရဲ့ ကဗျာ အသင်အပြ ‌ကောင်းတာ‌ကြောင့် ကဗျာကို ပိုလို့ ချစ်တတ်လာတယ် ။ ပိုလို့ ‌ရေးချင်လာတယ် ။ ဒါ‌ပေမဲ့ တစ်ဖက်ကလည်း ဆန်း‌တွေ ဂိုဏ်းသင့်တာ‌တွေနဲ့ ‌ခြောက်လှန့်ခြင်း ခံရ‌တော့ ဆိုးကျိုး‌ ပေးတတ်တာကို ‌ကြောက်ပြီး ကဗျာ‌ ရေးတာကို ဖြတ်ပစ်လိုက်ပါတယ် ။ ဗွေ‌ဆော်ဦး ဖတ်ရ ၊ ကျက်ရ ၊ သင်ရတဲ့ ကဗျာစာအုပ်ဟာ ဆရာမင်းသုဝဏ်ရဲ့ ‘ သ‌ပြေညို ’ ပါ ။ ‘ ရှေ့‌တော်‌ပြေး ’ ဟာ ကျွန်‌တော်ရဲ့ အသည်းစွဲ ကဗျာ‌ပေါ့ ။

‌ရှေ့‌တော်‌ပြေးရဲ့ ၄ ၊ ၃ ၊ ၂ ကာရန်သွားပုံ ၊ အသံလှပုံ‌တွေ ကြိုက်လွန်းလို့ ကျွန်‌တော် ကဗျာ စ ‌ရေးတယ် ဆိုရင်ပဲ အဲဒီ ဟန်မျိုး ‌ပေါက်‌နေတတ်ပါတယ် ။

ဥပမာ - ၁၉၆ဝ ပြည့်နှစ် ‘ စိတြ ’ စာအုပ်ထဲမှာ ပါတဲ့ ‘ လမ်းစ မမြင် ’ ကဗျာကို ဖတ်ကြည့်ပါဦး ။ ဆရာ မင်းသုဝဏ် ရဲ့ ဩဇာလွှမ်းပုံကို သိရပါလိမ့်မယ် ။

❝ လမ်းစ မမြင် ❞

မုန်တိုင်းနှင့် မိုး ၊ ရိုက်ဖျက်ချိုး၍
‌တောင်ကျိုးငှက်များ ၊ လန့်ပျံသွား၏
‌မြေသားမိုးပြင် ၊ မာန်ဟုန်ဆင်လျက်
တိမ်စင်ညစ်မဲ ၊ လျှပ်စီးရဲ၏
‌ဖော်ကွဲအားပျက် ၊ တစ်‌ကောင်ငှက်လျှင်
‌သွေးစက်စွန်းလူး ၊ ‌တောင်ပံဦးနှင့်
‌သေကြူးညဉ့်ယံ ၊ မုန်တိုင်းသံဝယ်
ဝဲပျံထိုး‌ဖောက် ၊ အားရည်‌သောက်စဉ်
‌ကွေး‌ခေါက်ဦး‌ခေါင်း
နီ‌မောင်း‌မောင်းလည်း
‌တောင်‌စောင်းနှင့်တိုက် ၊ သတိမိုက်၍
လှိုင်းရိုက်ခတ်ရာ ၊ ပင်လယ်ပြာကို
စိတ်မှာအထင် ၊ ‌မြေမိခင်ဟု
အမြင်ယွင်းမှား ၊ ပျံဆင်းသွားစဉ်
လှိုင်းများပါးစပ် ၊ ‌ရေတံလှပ်သည်
ရှစ်ရပ်ကြား‌အောင် ‌အော်သတည်း ။

                ၁၉၆၀
                   စိတြ

ဒီလိုနဲ့ မန္တ‌လေးတက္ကသိုလ် ‌ရောက်လာ‌တော့ ‌မောင်သာနိုး ၊ တင်မိုး ၊ ‌မောင်မိုးသူ ၊ ‌မောင်စွမ်းရည် ၊ ကို‌လေး ( အင်းဝဂုဏ်ရည် ) ၊ ဝင်းကြွယ် ၊ အင်းဝညွန့်‌အေး တို့နဲ့ တွဲမိရာက ကဗျာ စ‌ရေးဖြစ်ပါတယ် ။ ‌ပြောလို့သာ ‌ပြောရတယ် ။ တင်မိုးက ကဗျာကို ၁၉၅၂ ခုလောက်က စ‌ရေးပါတယ် ။ ကျွန်‌တော်က ၁၉၅၉ ခုမှ စ‌ရေးပါတယ် ။ နှစ်‌တော်‌တော် ကွာပါတယ် ။

မဂ္ဂဇင်းထဲမှာ ပထမဆုံး ‌ဖော်ပြခံခဲ့ရတဲ့ ကဗျာက ‘ ဖြစ်အင် ’ ပါ ။ ၁၉၅၉ ရှုမဝမဂ္ဂဇင်းမှာ ပါတယ် ။ ဒီကဗျာ‌လေးကို အခုထိ ရှာမ‌တွေ့‌သေး‌တော့ ထွက်သမျှ ကျွန်‌တော့် ကဗျာစာအုပ်‌တွေထဲ သူ ပါခွင့် မရရှာဘူး ”

“ ကဗျာဆိုတာ ကဗျာဆရာရဲ့ စိတ်ထွက်‌ပေါက်လို့ တချို့က ယူဆကြပါတယ် ။ ဆရာ ဘယ်လို ခံယူပါသလဲ ”

“ ကဗျာနဲ့ ပတ်သက်လာရင် ဖွင့်ဆိုချက်‌တွေဟာ မိုးမဆုံး ‌မြေမဆုံး အများကြီး ရှိပါတယ် ။ ခေတ်‌တွေ ခြားနားသလို ဖွင့်ဆိုချက်‌တွေဟာလည်း ခြားနားပါတယ် ။ ကဗျာ ဆိုတာ ကဗျာဆရာရဲ့ စိတ်ထွက်‌ပေါက်လို့ တချို့က ယူဆတာလည်း သူ့အယူအဆအတိုင်း ထားလိုက်ပါ‌တော့ ။

ကဗျာဆရာ‌တွေရဲ့ လူတန်းစား ရပ်တည်မှု တစ်‌ယောက်နဲ့ တစ်‌ယောက် မတူသလို ကဗျာအ‌ပေါ် ထားတဲ့ သ‌ဘောထား ၊ ကဗျာဖွင့်ဆိုချက်‌တွေလည်း မတူကြပါဘူး ။

‘ ကဗျာဆရာရဲ့ ကာရန်ဟာ ယုယမှုလည်း ဟုတ် ၊ ‌ကြွေး‌ကြော်သံလည်း ဟုတ် ၊ လှံစွပ်လည်း ဟုတ် ၊ ကျာပွတ်လည်း ဟုတ် ‘ လို့ ‌တော်လှန်‌ရေး မုန်တိုင်းထဲ ဖြတ်သန်းခဲ့ရတဲ့ ရုရှားကဗျာဆရာကြီး မာယာ‌ကော့ဖ်စကီ က အဲဒီလို ‌ရေးခဲ့တယ် ။

‘ နေ‌သောင်း ‌ထောင် ‌ရောင် မညှိုးသလိုပ
‌ရွှေ‌ဒေါင်း‌တောင် က‌လောင်တစ်မျိုးရယ်နဲ့
‌ပြေ‌ကောင်း‌အောင် ‌ဆောင်မကိုး ... ’ လို့
ကိုလိုနီဆန့်ကျင်‌ရေး တိုက်ပွဲဝင် ဆရာကြီး သခင်ကိုယ်‌တော်မှိုင်းက သူ့က‌လောင် သူ့ကဗျာဟာ ပြည့်အကျိုး‌ဆောင် ဖြစ်ရမယ်လို့ ‌ကြွေး‌ကြော်ခဲ့ပါတယ် ။ မာယာ‌ကော့ဖ်စကီ ရဲ့ ကဗျာပိုဒ်‌ရော ၊ ဆရာကြီး သခင်ကိုယ်‌တော်မှိုင်းရဲ့ ကဗျာပိုဒ်‌ရော ၊ အခြား ကဗျာဆရာ‌တွေရဲ့ ‌ကောင်းမွန်တဲ့ ကဗျာစာအုပ်‌တွေ‌ရောဟာ ‌မေ့ပစ်ရက်စရာ မရှိပါဘူး ။

ဒါ‌တွေ‌ကြောင့်လား မ‌ပြောတတ်ပါ ။ ၂ဝ ရာစုရဲ့ အကြီးမားဆုံး ကဗျာဆရာ တစ်‌ယောက် ဖြစ်တဲ့ ဒဗလျူ ၊ အိပ်ချ် ၊ ‌အော်ဒင် ( W.H Auden ) က ကဗျာနဲ့ ပတ်သက်ပြီး ဖွင့်ဆိုချက်‌တွေ အများကြီးရှိတဲ့ အနက်က -

ကဗျာဆိုတာ ‘ အမှတ်ရစရာ စကားစု ’ ( Memorable Speech ) ဆိုတဲ့ အနက်ဖွင့်ချက်ကို ကြိုက်တယ်လို့ ‌ပြောဖူးပါတယ် ။

ဒီ‌နေရာမှာ ကြုံတုန်းကြုံခိုက်မို့ ‌ပြောရမယ်ဆိုရင် ကဗျာဆရာဟာ ဖန်ဆင်းရှင် ဖြစ်တယ် ။ တီထွင်ဆန်းသစ်သူ ဖြစ်တယ် ။ သင်္ချာဆရာဟာ သင်္ချာဥပ‌ဒေသကို ထုတ်လုပ်သူ ဖြစ်သလို ကဗျာဆရာဟာ ကဗျူပ‌ဒေသ ( ဂန္ထဝင်‌ရော ၊ ‌ခေတ်‌ပေါ်‌ရော ၊ လွတ်လပ်ကဗျာ‌ရော ၊ ကာရန်မဲ့ကဗျာ‌ရော ) အားလုံးကို ဖန်တီးတဲ့သူ ဖြစ်တယ် ။ စပ်နည်းတို့ ၊ ဟန်တို့ ၊ ပါဒ အချဲ့အဆန့် ၊ အချုံ့ အကျဉ်း အားလုံးကို ကဗျာဆရာက လုပ်တာ ဖြစ်တယ် ။ ကဝိပညာရှိတွေက လုပ်‌ပေးတာ ၊ ချ‌ပေးတာ မဟုတ်ဘူး ။

ဒါဆို ကျွန်‌တော်တို့ ကဗျာဆရာ‌တွေ အားလုံး သတိချပ်သင့်ပါတယ် ။ ကဗျာဆရာ‌တွေဟာ ရဲရဲ တီထွင်ဖို့ ၊ ရဲရဲ ဆန်းသစ်ဖို့ လိုပါတယ် ။ ကဗျာဆရာဟာ ‌သေခြင်းရဲ့ ဆန့်ကျင်ဘက် ၊ ရှင်သန်းခြင်းကို ‌မွေးမြူထူ‌ထောင်သူ ဖြစ်ပါတယ် ”

“ ဆရာရဲ့ ‘ နဂါး‌ခေါင်း ‌စောင်းတစ်လက် ’ ကဗျာထဲမှာ ရှင်‌မွေ့နွန်း ၊ မွန်လှ ၊ ဒိုင်းခင်ခင်တို့ကို သိပါတယ် ။ မြနုရီ ကို မသိဘူး ... ဘယ်သူပါလဲ ”

“ ကျွန်‌တော်ဟာ တစ်‌နေ့မှာ ‌ပျောက်ကွယ်သွားတဲ့ ပျူလူမျိုးများရဲ့ သီချင်း ‌ခေါင်းစဉ် ၁၂ ပုဒ်ကို ‌ကေ - ဦးခင်‌ဇော် ရဲ့ ‌ဆောင်းပါး ၊ ဦးရည်စိန် ရဲ့ ‌ဆောင်းပါး ၊ ဆရာမြသန်းတင့် ရဲ့ ‌ဆောင်းပါးတို့ ထဲမှာ ‌တွေ့ရပါတယ် ။ အခု ပျူလူမျိုး‌တွေ မရှိ‌တော့ပါဘူး ။ ပျူသီချင်း စာသားတွေ မရှိ‌တော့ပါဘူး ။ ‌ခေါင်းစဉ်ပဲ ကျန်ခဲ့‌တော့တယ် ။

ဒါနဲ့ အဲဒီ‌ခေါင်းစဉ် ၁၂ ခု ထဲက ‘ နဂါး‌ခေါင်း ‌စောင်းတစ်လက် ’ ဆိုတဲ့ ‌ခေါင်းစဉ်ကို ယူပြီး ရှင်သန်ပါ‌စေ‌တော့ ၊ ကျန်‌ကောင်းသမျှ ကျန်ပါ‌စေ‌တော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီကဗျာကို ‌ရေးပါတယ် ။

ကဗျာထဲမှာ ပျူလူမျိုးတို့ရဲ့ ဝိညာဉ်ဖြူ ၊ ပင်းယ‌ခေတ်ရဲ့ ကာချင်းသံ ၊ ‌ရှေး‌ခေတ်စာဆိုလုလင်နဲ့ လမင်းအပျို ၊ အတိတ်ပန်း‌ဟောင်းပွင့် ရဲ့ ရနံ့ ၊ ဥက္ကလာအလှူရှင် ရှင်‌မွေ့နွန်း ၊ ပုဂံ‌ရောက် ‌မော‌ဒေဝီ မွန်လှ ၊ ရတနာပုံမြို့ ‌တော်သူ ဒိုင်းခင်ခင် ... သူတို့အားလုံးကို ကဗျာဖတ်သူ‌တွေ သိကြတယ် ။ မြနုရီ ကို မသိကြလို့ မြနုရီ ဟာ ရာဇဝင် ရုပ်ပုံလွှာထဲက ဘယ်သူလဲလို့ ‌မေးသံ‌တွေ ကြားရပါတယ် ။ ‘ မြနုရီ ’ ဟာ ကျွန်‌တော့်ရင်ထဲက ‌ခေတ်‌ပေါ်ရုပ်ပုံလွှာ တစ်ချပ်ပါ ။ အဲဒီ ‌ခေတ်ရဲ့ ရုပ်ပုံလွှာ တစ်ချပ်ကို ရာဇဝင် ရုပ်ပုံလွှာ‌တွေထဲ ‌ပေါင်းထည့်‌ပေးလိုက်တာသာ ဖြစ်ပါတယ် ။

❝ နဂါး‌ခေါင်း ‌စောင်းတစ်လက် ❞

နဂါး‌ခေါင်းနဲ့
ငါ့‌စောင်း ...
‌ရှေး‌ဟောင်းပုံပြင် ၊ ဝိညာဉ်ဖြူဖြူ
ပျူသီချင်းအို
အဆိုပိုင်ပိုင် ၊ တီးခတ်နိုင် ။

နဂါး‌ခေါင်းနဲ့
ငါ့‌စောင်း ...
ရဲ‌မောင်းနီ‌စွေး ၊ ‌သွေးနဲ့လင်္ကာ
ကာနဲ့တုန်ဟည်း ၊ မြင်းစီးစစ်သား ရုပ်ပုံကား
လှုပ်ရှားသက်ဝင် ၊ ‌ကြေးမုံပြင် ။

နဂါး‌ခေါင်းနဲ့ ငါ့‌စောင်း ...
‌နွေ‌ညောင်းရင့်အို ၊ လအပျိုနဲ့
စာဆိုလုလင် ၊ ချစ်ပုံပြင်ကို
ထင်မြင်တမ်းတ ၊ ဖန်ဆင်းပြ ။

နဂါး‌ခေါင်းနဲ့ ငါ့‌စောင်း ...
ပန်း‌ဟောင်းတပွင့် ၊ အသစ်ပွင့်‌စေ
ပြာရင့်မီးခိုး ၊ ဝိုးတဝါးဝါး
အတိတ်ကားမှာ ဖမ်းစားပြန်မြင်
ရှင်‌မွေ့နွန်းလား ... မွန်လှလား ...
ဒိုင်းခင်ခင်လား ... မြနုရီလား ...  ။

အား ... တစ်ညသား
‌ပျောက်ကွယ်သွားတဲ့
ပျူလူမျိုးများရဲ့
နဂါး‌ခေါင်းနဲ့ ‌စောင်း ...
လက်‌မောင်းရုံးကိုင်
ပိုင်ပိုင်တီးခတ် ၊ တဖျပ်ဖျပ်လက်
အိပ်မက်မျိုးမျိုး ၊ ‌စောင်းတန်ခိုးနဲ့
ပန်းမိုး‌ရောင်စုံ ရွာ‌စေတယ် ။

          ၁၉၈၄ ဇူလိုင် ၂၄
                           အင်းဝ
          ( မိခင် မာရသွန် )

“ ကဗျာမှာ အသံဟာ အ‌ရေးကြီးတယ်လို့ တချို့က ယူဆပြီး တချို့ကျ‌တော့ အသံဟာ အ‌ရေးမကြီးဘူးလို့ ဆိုကြပါတယ် ။ ဆရာ ဘယ်လို ယူဆပါသလဲ ”

“ ကဗျာ မှာ အသံဟာ အ‌ရေးကြီးပါတယ် ။ ဒါက ကျွန်‌တော့် အယူအဆပါ ။ ကဗျာဟာ ဖတ်ဖို့ သက်သက် ၊ ရွတ်ဖို့ မလို‌တော့ဘူး ဆိုတာ ကျွန်‌တော့် အ‌နေနဲ့က‌တော့ လက်မခံပါ ။ ဆရာကြီး သခင်ကိုယ်‌တော်မှိုင်း ‌ပြောသလိုပေါ့ ။

‘ ဪ ... ဇမ္ဗူတစ်ခွင်တွင်ဖြင့်
လူအသွင်အပြင်နှင့်တကွ
မူအဆင်ဆင်‌တွေနှင့်
အယူအငင်မှာ‌တော့
တူချင်လဲ တူကြ
မတူချင်လဲ ‌နေကြ‌ပေါ့‌နော ... ’

တစ်ခါတစ်ရံ အတွင်းသရုပ် အသင့်အတင့်‌ ကောင်းပြီး အသံနဲ့ဟန် ပုံသဏ္ဍာန် ‌ကောင်းတာနဲ့ပဲ ကဗျာ‌ကောင်း တစ်ပုဒ် ဖြစ်လာနိုင်ပါတယ် ။ ဒီ‌နေရာမှာ အတွင်းသရုပ် ( Content ) နဲ့ ပုံသဏ္ဍာန် ( Form ) အတူတူ အ‌ရေးပါတယ် ဆိုတာတို့ ၊ နိုင်ငံ‌ရေးစံနဲ့ အနုပညာစံ‌ ကောင်းဖို့ လိုတာတို့ ၊ ကဗျာဆရာတိုင်း‌လောက် နားလည် ‌နေကြပြီမို့ ထည့်မ‌ပြော‌တော့ပါ ။

ကဗျာဆရာဟာ ကဗျာပရိသတ် ‌ရှေ့‌မှောက် ( စာ‌ပေ‌ဟော‌ပြောပွဲမျိုးမှာ ) လူကိုယ်တိုင် တက်‌ရောက်ပြီး မိမိရဲ့ ကဗျာကို ရွတ်ပြနိုင်ရမယ် ။

အဲဒီအခါ ကဗျာရဲ့ ( ‌ပျောက်ကွယ်လုနီးနီး ဖြစ်‌နေတဲ့ ) အင်္ဂါရပ်‌ကောင်း တစ်ရပ်ဖြစ်တဲ့ ထူးခြားတဲ့ အသံလှိုင်းတွေ ၊ ရစ်သမ်‌တွေ ‌ပေါ်လာပြီး ကဗျာဟာ ပိုအား‌ကောင်း လာလိမ့်မယ်လို့ ကျွန်‌တော် စွဲစွဲမြဲမြဲ ယုံကြည်ပါတယ် ”

“ ဆရာတို့‌ ခေတ်က မန္တ‌လေးတက္ကသိုလ်မှာ လှုပ်ရှားခဲ့တဲ့ စာ‌ပေလှုပ်ရှားမှု အ‌ကြောင်း‌တွေကို သိပါရ‌စေ ”

“ ကျွန်‌တော်တို့ ‌ခေတ်က မန္တ‌လေးတက္ကသိုလ် စာ‌ပေလှုပ်ရှားမှု အ‌ကြောင်းလား ။

အဲဒီတုန်းက မန္တ‌လေးတက္ကသိုလ်မှာ က‌လောင်ရှင်အသင်း ရှိတယ် ။ နှစ်လည် မဂ္ဂဇင်း‌ကော်မတီ ရှိတယ် ။ မန္တ‌လေးမှာ လူထုသတင်းစာနဲ့ မြန်မာ့လမ်းစဉ် စတဲ့ သတင်းစာ‌တွေ ရှိတယ် ။ မန္တ‌လေးတက္ကသိုလ်က စာ‌ပေ ဝါသနာပါတဲ့ ‌ကျောင်းသား ၊ ‌ကျောင်းသူ‌တွေက ကဗျာ‌တွေ ၊ ‌ဆောင်းပါး‌တွေ ‌ရေးပြီး က‌လောင်‌သွေးကြတယ် ။

က‌လောင်ရှင် အသင်းက ဦးစီးပြီး စာ‌ပေပြိုင်ပွဲ‌တွေ ၊ စာ‌ပေ‌ဟော‌ပြောပွဲ‌တွေ လုပ်တယ် ။ ပြီး‌တော့ ကဗျာစာအုပ်တွေလည်း ထုတ်‌ဝေတယ် ။

မန္တ‌လေးတက္ကသိုလ် မှာ‌ မောင်သာနိုး ကလည်း ‌ကျောင်းသားဘဝနဲ့ပဲ အထူးသဖြင့် အင်္ဂလိပ်နဲ့ အ‌မေရိကန် ကဗျာတွေ ပို့ချတယ် ။ အဲဒီတုန်းက ‌မောင်သာနိုး ( က‌လောင်အမည် ‌မောင်သိင်္ဂါ ) ရဲ့ ‌လေးချိုး‌တွေဟာ စကား ‌ပြောရစ်သမ် ရဲ့ အလှကို မိမိရရ ‌ဖော်ပြနိုင်စွမ်း ရှိတယ် ။

ဘာပဲ‌ပြော‌ပြော ‌မောင်သာနိုး ဟာ အဲဒီတုန်းက မန္တ‌လေးတက္ကသိုလ်ရဲ့ ( ဘယ်သူကမှ မခန့်အပ်တဲ့ ) စာ‌ပေ သ‌ဘောတရား ဆရာပဲ ”

“ မောင်သာနိုးရဲ့ စာ‌ပေအယူအဆဟာ တင်မိုး ၊ ကြည်‌အောင် ၊ ‌မောင်စွမ်းရည် စတဲ့ မန္တ‌လေးတက္ကသိုလ်ရဲ့ အ‌ကျော်အ‌မော် ကဗျာဆရာ သုံး‌ယောက် အ‌ပေါ် အတိုင်းအတာ တစ်ခု လွှမ်းမိုးခဲ့ဖူးတယ်လို့ ဆိုရင်‌ကော ဆရာ ”

“ ဟုတ်ကဲ့ ၊ ၁၉၅၉ မှာ တင်မိုးက ‘ ဖန်မီးအိမ် ’ ကို ထွန်းညှိလိုက်တယ် ။

၁၉၆၃ မှာ ကြည်‌အောင် က ‘ လမင်းတရာ ’ ကို သာ‌စေခဲ့တယ် ။

၁၉၆၄ မှာ ‌မောင်စွမ်းရည် က ‘ အနီနဲ့အပြာ ’ ကို ခြယ်‌ရေးလိုက်တယ် ။

၁၉၆၅ မှာ ကို‌လေး ( အင်းဝဂုဏ်ရည် ) က ‘ လမ်းသစ် ’ ကို ‌ဖောက်လိုက်တယ် ”

“ ဆရာ အခု ‌ပြောတဲ့ အထဲမှာ အထူးသဖြင့် ‘ ဖန်မီးအိမ် ’ နဲ့ ‘ လမင်းတရာ ’ ကဗျာစာအုပ် နှစ်အုပ်ဟာ မြန်မာပြည် စာ‌ပေ‌လောက ကဗျာ‌လောကကို လှုပ်လှုပ်ရှားရှား ဖြစ်သွား‌စေတယ်လို့ ထင်ပါတယ် ”

“ ဒီ‌မေးခွန်းနဲ့ ပတ်သက်လို့ လမင်းတရာ အမှာစာ လူထု‌ဒေါ်အမာ ‌ရေးတာကို အတိုင်း ‌ဖော်ပြရရင် ‘ ဤ လူငယ်က‌လေးများသည် ‌ဇော်ဂျီ ၊ မင်းသုဝဏ်တို့က ‌ပေးသည့် ဖွဲ့ဟန်ကို ကိုင်စွဲလာကြ‌သော်လည်း ‌ဇော်ဂျီ တို့ ၊ မင်းသုဝဏ် တို့ထက် သူတို့က ပို၍ ‌တွေးရဲလာကြသည် ။ သူတို့ အ‌တွေးအ‌ခေါ်နှင့် သူတို့ အဘိဓမ္မာသည် သူတို့ ဆရာများထက် တိုးတက်လာကြ‌လေသည် ’ လို့ ‌ရေးခဲ့တယ် ။

လွန်ခဲ့တဲ့ နှစ်‌ပေါင်း ၂ဝ ‌ကျော်က လူထု‌ဒေါ်အမာ ရဲ့ အဲဒီ အကဲဖြတ်ချက် ဘယ်အထိ မှန်ကန်တယ် ဆိုတာ ကိုယ်တိုင်ပဲ စဉ်းစားကြည့်‌စေလိုပါတယ် ။ လူထု‌ဒေါ်အမာ ဒီအမှာစာကို ‌ရေး‌တော့ ( တင်မိုး က ဆုရပြီးပြီ ) ကြည်‌အောင် နဲ့ ‌မောင်စွမ်းရည် ဆိုတာ သာမန် အညတြပဲ ရှိပါ‌သေးတယ် ။

မန္တ‌လေးတက္ကသိုလ် စာ‌ပေလှုပ်ရှားမှု  (၁၉၅၉ - ၆၅ ) အ‌ကြောင်း ‌ပြောရင် ဒီကဗျာဆရာ သုံးဦးရဲ့ ကဗျာတွေကို အမြဲတမ်း ‌ဖော်ပြ‌ပေးပြီး ကဗျာစာအုပ် ထုတ်‌ဝေရင်လည်း ကဗျာအကဲဖြတ် အမှာစာ‌တွေ ‌ရေး‌ပေးတဲ့ လူထု ‌ဒေါ်အမာရဲ့ လူထုသတင်းစာကြီး မပါလျှင် မပြီးပါ ။

ဆရာကြီး ‌ရွှေဥ‌ဒေါင်း နဲ့ လူထုဦးလှ တို့ ဦး‌ဆောင်တဲ့ အထက်ဗမာနိုင်ငံ စာ‌ရေးဆရာ အသင်းကြီး မပါရင် မပြီးပါ ။

မန္တ‌လေးတက္ကသိုလ် မြန်မာစာဌာနကြီးက ပါ‌မောက္ခဦးချမ်း‌မြေ့ ၊ ကထိက ဦး‌မောင်‌မောင်တင် ၊ ဆရာကြီး ဦးဆန်းထွန်း ၊ ဦးဘိုသင်း ၊ ‌ဒေါ်မိမိ‌လေး ၊ ပါ‌မောက္ခ ‌ဒေါ်စီစီဝင်း နဲ့ ပါဠိပါ‌မောက္ခ ‌ဒေါ်အုန်း တို့ကလည်း ဒီကဗျာ ဆရာ‌တွေ အတွက် မြန်မာ့ဂန္ထဝင်စာ‌ပေ ‌ရေခံ‌မြေခံ‌ကောင်း‌တွေ ဖန်တီး‌ပေးခဲ့ပါတယ် ။

မန္တ‌လေး ၊ အင်းဝ ၊ ‌ရွှေဘို ၊ မြင်းခြံ ၊ မုံရွာ စတဲ့ အညာ‌ဒေသ‌တွေနဲ့ ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ ချင်းပြည်နယ် စတဲ့ အနယ်နယ် အရပ်ရပ်က လာကြတဲ့ မန္တ‌လေးတက္ကသိုလ်‌ရောက် ‌ကျောင်းသားများနဲ့ ပြည်သူများရဲ့ ဘဝနဲ့ ခံစားမှုကို ကိုယ်စားပြုပြီး တင်မိုး ၊ ကြည်‌အောင် ၊ ‌မောင်စွမ်းရည် တို့က သူတို့ ကဗျာတွေ ထဲမှာ ထင်ဟပ် ဖွဲ့သီနိုင်ကြပါတယ် ”
    
“ လမင်းတရာ ကဗျာစာအုပ်နဲ့ ဆရာ အမျိုးသားစာ‌ပေဆု ရခဲ့တယ်လို့ သိရပါတယ် ။ လမင်းတရာ ကဗျာစာအုပ် အ‌ကြောင်းနဲ့ ရည်ရွယ်ချက်ကို သိပါရ‌စေ ”

“ ဟုတ်ကဲ့ ... လမင်းတရာ ကဗျာစာအုပ်နဲ့ ၁၉၆၃ ခုနှစ်မှာ အမျိုးသားစာ‌ပေဆု ရခဲ့ပါတယ် ။ အခုဆို အနှစ် နှစ်ဆယ် ‌ကျော်ပါပြီ ။

လမင်းတရာ ကဗျာစာအုပ်အ‌ကြောင်းနဲ့ သူ့ရဲ့ ရည်ရွယ်ချက် မ‌ပြောခင် ကျွန်‌တော့် ကဗျာလုပ်ငန်း အ‌ကြောင်း နည်းနည်း‌ပြောပါရ‌စေ ။

ကျွန်‌တော် က‌နေ့ အထိ ကဗျာစာအုပ် ‌လေးအုပ်ပဲ ‌ရေးနိုင်ပါ‌သေးတယ် ။

၁၉၆ဝ - စိတြ ( အိန္ဒိယ စာဆိုကြီး ရာဗင်ဒြာနတ်တဂိုး ရာပြည့် ဂုဏ်ပြု ရည်ညွှန်း )

၁၉၆၃ - လမင်းတရာ ( ဆရာကြီး သခင်ကိုယ်‌တော်မှိုင်း အသက် ၈၄ နှစ် သက်ရှိထင်ရှားစဉ် ဂုဏ်ပြု ရည်ညွှန်း )

၁၉၆၅ - ဒုဋ္ဌဝတီမှ ဧရာဝတီသို့ ( ဆရာဗန်း‌မော်တင်‌အောင် အသက် ၅၂ နှစ် သက်ရှိထင်ရှားရှိစဉ် ဂုဏ်ပြု ရည်ညွှန်း )

၁၉၈၅ - မိခင်မာရသွန် ( အ‌မေ အသက် ၇၆ နှစ် သက်ရှိထင်ရှား ဂုဏ်ပြုရည်ညွှန်း )

ကဗျာစာအုပ် ထုတ်‌ဝေတိုင်း ၊ ဂုဏ်ပြုအပ်တဲ့ ပုဂ္ဂိုလ်ကို ရည်ညွှန်းပြီး ထုတ်‌ဝေပါတယ် ။

‘ လမင်းတရာ ’ ဟာ ကျွန်‌တော့်ရဲ့ ဒုတိယ‌မြောက် ကဗျာစာအုပ်ပါ ။

‘ လမင်းတရာ ’ လို့ နာမည်‌ ပေးမိတာက ‘ နတ်ပန်းခွံမြ ၊ ‌ပေါ်သည့်လက ၊ တရာ့တ‌သောင်း ၊ ရုံးလှာ‌ပေါင်းလည်း ၊ တူ‌ကြောင်းမရှိ ၊ ချမ်းလှဘိ ... ’ ဆိုတဲ့ စာဆို နဝ‌ဒေးရဲ့ အသုံးအနှုန်းကို ကြိုက်လို့ မှီငြမ်းပြု ယူလိုက်တာပါ ။

ကျွန်‌တော့် ကဗျာစာအုပ် ‘ လမင်းတရာ ’ ထွက်လာပြီးတဲ့‌နောက် လူ‌တွေဟာ ‘ လမင်းတရာ ’ အသုံးအနှုန်းကို အင်မတန် သ‌ဘော‌တွေ့ကြပါတယ် ။

အခုအခါမှာ ဆိုရင် ... ‘ လမင်းတရာ ’ ဆိုတဲ့ စကားလုံးဟာ ငြိမ်း‌အေးချမ်းမြခြင်း ၊ လှပတင့်တယ်ခြင်း ၊ အလင်းသယ်‌ဆောင်ပေး‌ဝေခြင်း စတဲ့ နိမိတ်ပုံကို ကိုယ်စားပြု‌နေပါပြီ ။

    ‘ လမင်းတရာ ’ သီချင်း - မြို့မကိုဘိုခင် ၊
    ‘ လမင်းတရာ ’ ဝတ္ထု - ‌မောင်သိင်္ခ
    ‘ လမင်းတရာ ’ ရုပ်ရှင် - ‌ကျော်ဟိန်း ပါတယ် ။
     ( ဒါရိုက်တာ မမှတ်မိ )
    ‘ လမင်းတရာ ’ အငြိမ့် - မန္တ‌လေး‌မောင်မြတ်မှိုင်း ။

‘ လမင်းတရာ ’ ကဗျာစာအုပ်ရဲ့ ရည်ရွယ်ချက်ကို သိဖို့ လူထု‌ဒေါ်အမာရဲ့ အမှာစာထဲက စာတစ်ပိုဒ်ကို ‌ကောက်နုတ်‌ ဖော်ပြလိုက်ပါတယ် ။

       ‘ ထို့‌ကြောင့် သူ့ကဗျာစုကိုလည်း လမင်းတရာ သာ‌စေ‌ကြောင်းအတွက် နယ်ချဲ့ပ‌ဒေသရာဇ် ဆန့်ကျင်‌ရေး ၊ အမျိုးသားလွတ်လပ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဆီသို့ ဦးတည်ပြီး သူ ခံယူ‌သော အဘိဓမ္မာ ၊ သူ ‌ပွေ့ပိုက်‌သောယုံ ကြည်ချက်များကို သူ ဖြတ်သန်းခဲ့သည့် ခရီးကြမ်းတို့မှ အ‌တွေ့အကြုံများနှင့် အင်းဝ အညာသား ၏ ‌ဝေါဟာရ ဘဏ်မှ ကာရန်ရှာလျက် ဤကဗျာစုကို ‌မွေးထုတ်ခြင်း ဖြစ်တန်ရာသည် ’
            ( လူထု‌ဒေါ်အမာ )

လမင်းတရာ ၊ သည်ကမ္ဘာဝယ်
သာလျက်ထိန်ကြည် ၊ ငြိမ်းအံ့ရည်၍
တိုင်းပြည်ကိုကျူး ၊ နယ်ချဲ့ရူးကို
တပ်ဦးဖွင့်ကာ ‌တော်လှန်သည် ။

နယ်ချဲ့ကင်းမှ
လမင်းလည်းသာ ၊ ကမ္ဘာလည်း‌အေး
‌တေးလည်းအနှံ့ ၊ ပန်းသင်းပျံ့လိမ့်
နိုင်ငံပြည်သူ ၊ နိုးကြားသည် ။

နယ်ချဲ့ကင်း၍
လမင်းတရာ ၊ သာ‌သောအခါဝယ်
ကမ္ဘာငြိမ်းချမ်းလာလိမ့်တကား ။   ။

“ ဆရာ့ ကဗျာ‌တွေထဲက ထင်ရှားတဲ့ ‘ မြင်စိုင်းစစ်‌မြေပြင် ’ ကဗျာ ၊ ‘ တံငါရွာက ပန်း‌လှေ ’ ကဗျာ‌တွေ ဖန်တီး ‌ရေးသားပုံကို သိပါရ‌စေ ”

“ ဒီကဗျာနှစ်ပုဒ်ကို ထင်ရှားတဲ့ ကဗျာ အဖြစ် ကိုဝင်းငြိမ်း က သတ်မှတ်ထားပါတယ် ။

‘ မြင်စိုင်းစစ်‌မြေပြင် ’ နဲ့ ‘ တံငါရွာက ပန်း‌လှေ ’ ကဗျာ နှစ်ပုဒ်ဟာ တက္ကသိုလ် တတိယနှစ် နဲ့ စတုတ္ထနှစ်‌တွေမှာ အခုလက်ရှိ ပြဋ္ဌာန်းထားတဲ့ မြန်မာကဗျာလက်‌ရွေးစင် စာအုပ်မှာ ပါပါတယ် ။ ဒါ‌ကြောင့် လူသိများ ‌နေသလား မ‌ပြောတတ်ပါ ။ ဒါ‌ပေမဲ့လည်း ကျွန်‌တော့်ရဲ့ အဖတ်တင် ကျန်ရစ်မယ့် ကဗျာစုထဲမှာ သူတို့ ပါလိမ့်မယ်လို့ နဂိုကတည်းက ယုံကြည်ရင်းစွဲရှိပါတယ် ။

တိုတို‌ ပြောပါ့မယ် ။ ၁၉၆၄ ဧပြီ ၂ အင်းဝမှာ ‌နေစဉ် ‘ မြင်စိုင်းစစ်‌မြေပြင် ’ ကို ကျွန်‌တော် ‌ရေးပါတယ် ။

ရည်ရွယ်ချက်က ‌ရှေး‌ခေတ် မြင်စိုင်း ၊ ပင်းယသားတို့ရဲ့ အနိုင်မခံစိတ်ဓာတ် ၊ ကျူး‌ကျော်စစ် ဆန့်ကျင်‌ရေး စစ်‌သွေးစစ်မာန် ။ ဒါကို ‌ဖော်ပြချင်တယ် ။

‘ ခွာသံ‌ဖြောင်း‌ဖြောင်း ၊ ဖုန်‌ထောင်း‌ထောင်း
မြင်စိုင်သားတို့ မြင်းစီး‌ကောင်း ’

ဒီလို အား‌ကောင်းတဲ့ သံစဉ်နဲ့ စာလုံး‌တွေ သုံးပြီး မြင်စိုင်းပြည်သူ‌တွေရဲ့ ဇာတိမာန် ရာဇဝင်ရုပ်ပုံလွှာကို ခြယ်ပြချင်တဲ့ သ‌ဘောပါပဲ ။

❝ မြင်စိုင်းစစ်‌မြေပြင် ❞

မြင်စိုင်း‌ရွေပြည် ၊ ‌ချောင်းပတ်လည်တည့်
‌ရေကြည်စီး‌လောင်း ၊ ‌မြေဆီ‌ကောင်း
ထွန်ကြစိုက်ကြ ၊ နှံစား‌ပြောင်း ။

ဒုဋ္ဌဝတီ ၊ မြစ်‌ဇော်ဂျီဝယ်
ဆန် ဆီ ပဲ ‌ပြောင်း ၊ ငါးပိ‌ကောင်း
‌ဖောက်ကားကုန်သည် ပန်း‌လောင်‌ချောင်း ။

မြင်စိုင်း‌ရွှေပြည် ၊ အားသစ်စည်သည်
‌ရေကြည်မြက်နု ၊ လူ‌နေစု
ညီညွတ်ကြသည့် ၊ ရှမ်းမြန်မာထု ။

‌ကောင်းကင်ထက်ယံ ၊ ထွင်း‌ဖောက်ပျံ
ခွာသံ‌ဖြောင်း‌ဖြောင်း
ဖုန်‌ထောင်း‌ထောင်း
မြင်စိုင်းသားတို့ မြင်းစီး‌ကောင်း ။

မိုး‌ပေါ်ငှက်ပျံ ၊ ပစ်ကမှန်
မြားတံဆိပ်ဖူး ၊ တည့်တည့်စူး
မြင်စိုင်းသားတို့ ‌လေးအတတ်ကျူး ။

သံမဏိ‌ရောင် ၊ တ‌ပြောင်‌ပြောင်
ရန်‌အောင်ထိုးသတ် ၊ ‌သွေးနီစွတ်
မြင်စိုင်းသားနှင့် သံဓားလွတ် ။

ဒူ‌ဝေ ဒူ‌ဝေ ၊ ဟည်းပြီ‌လေ ...
“ တို့‌မြေထိပါး ၊ တာတာများ
‌လေးမြားကိုင်ပြီး ၊ မြင်း‌တွေစီး
စစ်ကြီးချီလာပြီ‌လေ ... ” ။

“ မြင်စိုင်းသားတို့ ...
‌လေးမြားကိုငင် ၊ စစ်ကိုပြင်
လယ်ရှင်‌ကောက်သိမ်း ၊ လုပ်ငန်းငြိမ်း ... ”
စစ်‌မောင်းစည်သံ တဟိန်းဟိန်း ...
မြင်စိုင်းလွင်ပြင် ၊ စစ်မြှူငင်
စစ်ဆင်မြင်းက ၊ စစ်‌ရေးပြ
ကာချင်းဆိုကြ ၊ ကခုန်ကြ ။

အလယ်အာရှ ၊ ကန္တာရမှ
မြန်မာ့ရတနာ ၊ လုယက်လှာ
တာတာစစ်ရူး ၊ စစ်ဘီလူး
တပါးသူ့‌မြေ နယ်ချဲ့ကျူး ။

နယ်ချဲ့‌သောစစ် ၊ ခုခံစစ်ဖြင့်
မျိုးချစ်စိတ်ထား ၊ မြင်စိုင်းသား
‌လေး မြား ဓားလှံ ၊ ကိုင်မြဲမြံ
‌တော်လှန်‌လေမည့် စစ်‌အော်သံ ။

နယ်ချဲ့ဘီလူး ၊ ‌သွေးငတ်ရူးကို
စစ်ဦးနှိမ်ချိုး ၊ ဝက်‌ခေါင်းထိုး
မြှားမိုးဖြိုင်ဖြိုင် ၊ ဓားလွတ်ဆိုင်
မြင်စိုင်းသားတို့ ရဲစွမ်းပြိုင် ။

မြားသံ ‌လေးသံ ၊ မစဲညံ
မိုးယံ‌ဖောက်ခွင်း ၊ ‌မြေတလင်း
‌သွေးချင်းချင်းနီ ၊ ပုပ်နံ့ညှီ
‌ကောင်‌သေလင်းတ ထိုးဆွပ်ပြီ ။

နယ်ချဲ့တာတာ ၊ စစ်‌ညောင်းညာ
ဆုတ်ခွာ‌ရှောင်ရှဲ ၊ မြှားသံစဲ
မြင်စိုင်းသားတို့ စစ်‌အောင်ပွဲ ။

ဒူ‌ဝေ ဒူ‌ဝေ ၊ ဟည်းပြီ‌လေ ..
‌ကောက်စိုက်ယာခင်း ဆင်းကြ‌လေ ... ။

ဒူ‌ဝေ ဒူ‌ဝေ ၊ ဟည်းပြီ‌လေ
‌တောထွင်ယာခုတ် လုပ်ကြ‌လေ ... ။

ဒူ‌ဝေ ဒူ‌ဝေ ၊ ဟည်းပြီ‌လေ
မြစ်‌ချောင်းကုန်စည် ကူးကြ‌လေ ... ။

မိုး‌မြေထက်ယံ ၊ စည်‌မောင်းညံ
စစ်သံကင်း‌ဝေး ၊ နယ်ချဲ့‌ပြေး
မြင်စိုင်းပြည်ကြီး ငြိမ်းချမ်း‌ရေး ။  ။

             ၁၉၆၄  ၊ ဧပြီ ၂
( ဒုဋ္ဌဝတီ မှ ဧရာဝတီ သို့ )

၁၉၆၇ ၊ စက်တင်ဘာ ၈ ၊ ကသာမြို့နယ် ၊ ကူးကာအုပ်စု ၊ ကျား‌သေရွာမှာ ‌နေ့စဉ် ‘ တံငါရွာက ပန်း‌လှေ ’ ကဗျာကို ‌ရေးပါတယ် ။ ‘ မိခင် မာရသွန် ’ ကဗျာစာအုပ် ထဲမှာ ဒီကဗျာ ပါလာပါလိမ့်မယ် ။

ကျား‌သေရွာ ဆိုတာ ဧရာဝတီမြစ်နဲ့‌ရော ‌ရွှေလီမြစ်နဲ့‌ရော နီးပါတယ် ။ မြစ် ၊ ‌ချောင်း ၊ အင်းအိုင် ‌ပေါပြီး မုရင်းစပါး စိုက်တယ် ။ ‌မြေပဲ အကြီးအကျယ် လုပ်တယ် ။ ‌ရေလုပ်ငန်းနဲ့လည်း အသက်‌မွေးပါတယ် ။ ရွာ‌ခြေ ဝန်းကျင်ဟာ သာယာတယ် ။ ‌ဆောင်းဦးပိုင်းမှာ မြူတဆို့ဆို့နဲ့ ရီရီ‌ဝေ‌ဝေ ၊ ‌ကောင်းကင်မှာ ‌တောငန်းရိုင်းတွေ ပျံလို့‌ပေါ့ ။

အဲဒီ ရွာထဲမှာ တံငါ‌လှေအို တစ်စင်းထဲ ‌မြေသားထည့်ပြီး ပန်းပင်‌တွေ စိုက်ထားတာ ‌တွေ့ရ‌တော့ အ‌တွေး ‌ပေါက်ပြီး ချက်ချင်းပဲ ဒီကဗျာကို ‌ရေးမိပါတယ် ။ ဆယ်မိနစ်နဲ့ ‌ရေးပြီးတယ် ဆိုတဲ့ ကဗျာ အနည်းအကျဉ်းထဲမှာ ‘ တံငါရွာက ပန်း‌လှေ ’ ဟာ တစ်ပုဒ် အပါအဝင်ပါပဲ ။ ဖတ်ကြည့်ပါဦး ။ ကျွန်‌တော် ခံစား ရသလို ခံစားနိုင်ပါ‌စေလို့ ဆန္ဒ ပြုပါတယ် ”

“ ၁၉၆၅ မှာ ဆရာ ‌ရေးသားထုတ်‌ဝေခဲ့တဲ့ ‘ ဒုဋ္ဌဝတီ ဧရာဝတီ ’ သို့ စာအုပ်ထဲမှာ ပါတဲ့ ‘ ဘဲရိုင်းသုံး‌ကောင် ’ ကဗျာဟာ တင်မိုး ၊ ကြည်‌အောင် ၊ ‌မောင်စွမ်းရည် တို့ သုံးဦး အ‌ကြောင်းလို့ ‌ပြော‌နေကြပါတယ် ။ ဟုတ်ပါသလား ”

“ အဲဒီ ကဗျာဟာ မိုးသက်မုန်တိုင်း ကြားထဲက ဘဲရိုင်းသုံး‌ကောင်ရဲ့ ရုန်းကန်ပျံသန်းတဲ့ အ‌ကြောင်းပါပဲ ။ မိုးဘွဲ့ ရုပ်ပုံလွှာတစ်ချပ်လို့ ဆိုနိုင်ပါတယ် ။ စုံဂဏန်း‌တွေမှာ နှစ်ခု တစ်တွဲ ၊ စုံချည်းပဲ တွဲနိုင်တယ် ။ မ ဂဏန်း‌တွေမှာ နှစ်ခုတစ်တွဲ ၊ တစ်ခုကွဲ ‌နေစမြဲ‌ပေါ့ဗျာ ။

တင်မိုး ၊ ကြည်‌အောင် ၊ ‌မောင်စွမ်းရည် သုံး‌ယောက် ။ ဒီ ‘ ဘဲရိုင်းသုံး‌ကောင် ’ ကဗျာဟာ ကျွန်‌တော်တို့ သုံး‌ယောက် အ‌ကြောင်း မဟုတ်‌ပေမယ့် တစ်ချိန်ချိန်များ အ‌တွေးအ‌ခေါ် မတူကြလို့ နှစ်‌ယောက် တစ်တွဲနဲ့ တစ်‌ယောက်ကွဲ ဖြစ်ရရင်‌တော့ ... ။

ကဲ ‘ ဘဲရိုင်းသုံး‌ကောင် ’ ကဗျာကို ဖတ်ကြည့်ပါဗျာ ။

❝ ဘဲရိုင်းသုံး‌ကောင် ❞

လျှပ်စစ်လက်သည်း ၊ ပြက်ကနဲနှင့်
မိုးမည်းမျက်နှာ ကုတ်ခြစ်၏ ။

ကိုယ်‌ရောင်ကို‌ဖျောက် ၊‌ ခြေ‌ထောက်မပါ
‌ဝှေ့ကာ ရိုင်းစိုင်း ၊ ‌လေမုန်တိုင်းက
သစ်ကိုင်းကျိုး‌အောင် ကန်‌ကျောက်၏ ။

မိုးနတ်သမီး ၊ ပန်းပုတီးမှ
မိုးသီးဖြစ်ကာ ၊ ‌ကြွေကျလှာသည်
စိတ်မှာအက်ကွဲ ၊ ‌ငွေပုလဲ ။

ဘဲရိုင်းသုံး‌ကောင်
မိုး‌မှောင်ပြင်ကျယ် ၊ တိမ်ပင်လယ်ဝယ်
‌လှေငယ်သုံးစင်း ၊ ရွက်ကြိုးဖွင့် ။

လျှပ်စက်ပြက်‌ရောင် ၊ မိုးလုံး‌မှောင်စဉ်
နှစ်‌ကောင် တစ်တွဲ ၊ တစ်‌ကောင် ကွဲ၏
သင်းကွဲဘဲရိုင်း ၊ တိမ်‌လေလှိုင်းထက်
မုန်တိုင်းဆန်လတ် ၊ ပျံခတ်လျက် ... ။

       ၁၉၆၅ ၊ မတ် ၂၄
       ( ဒုဋ္ဌဝတီမှ ဧရာဝတီသို့ )

“ နောက်ထပ် ထွက်မယ့် စာအုပ်က ‘ မိခင် မာရသွန် ’ လို့ သိရပါတယ် ။ ဆရာ့ ရည်ရွယ်ချက်ကို သိပါရ‌စေ ”

“ မိခင် မာရသွန် ကဗျာစာအုပ်ဟာ ၁၉၈၅ ခု နှစ်ဦးပိုင်းမှာပဲ ထွက်ပါ့မယ် ။ ဒီကဗျာစာအုပ်ရဲ့ ရည်ရွယ်ချက်လား ။ ဟုတ်ကဲ့ ‌ပြောပါမယ် ။

အ‌မေရိကန် ကဗျာဆရာကြီး ‌ရောဘတ်ဖ‌ရော့စ်တ် ( Robert Forst ) နဲ့ ပတ်သက်ပြီး ဒီလို ‌ဝေဖန်‌ပြောဆိုကြပါ တယ် ။ ‘ တချို့ ကဗျာဆရာ‌တွေက ပြည်သူ‌တွေအ‌ကြောင်း ‌ရေးကြတယ် ။ ဒါ‌ပေမဲ့ ‌ရောဘတ် ဖ‌ရော့စ်တ် အဖို့မှာကတော့ သူ့ကဗျာ‌တွေ ကိုယ်၌က ပြည်သူ‌တွေ ဖြစ်‌နေပါ‌တော့တယ် ... ’ တဲ့ ။

အခု ကျွန်‌တော့် ‘ မိခင် မာရသွန် ’ ကဗျာစာအုပ် ထွက်ဖို့ ဝိုင်းဝန်းကြတဲ့ ကိုငြိမ်းချမ်း နဲ့ ကိုငယ်  (‌ကျေက်ဆည် ) တို့က ဒီလို ‌ပြောပါတယ် ။

‘ မိခင် မာရသွန် ’ ကဗျာစာအုပ်ထဲက ပြည်သူ‌တွေဟာ -

ဝါ‌ကောက်တယ် ၊ ဗိုင်းငင်တယ်
ပိုက်တန်းတယ် ၊ ‌ဖောင်စီးတယ်
ကြိုးကျစ်တယ် ၊ ကြိမ်သပ်တယ်
‌မြေရိုင်းထွင်တယ် ၊ ထရံရက်တယ်
ရက်ကန်းခတ်တယ် ၊ သံဖြူလုပ်တယ်
သက်ငယ်ပစ်တယ် ၊ ‌ကောက်စိုက်တယ်

မြန်မာ့လူအဖွဲ့အစည်းထဲက အလုပ်လုပ်ကြတဲ့ ပြည်သူ‌တွေရဲ့ ရုပ်ပုံလွှာကားချပ်များပေါ့‌လေ ။ သူတို့ဘဝကို ထင်ဟပ် ‌ဖော်ပြချင်တဲ့ ‌စေတနာဟာ ‘ မိခင် မာရသွန် ’ ရဲ့ ရည်ရွယ်ချက်ပါပဲ ။

- မိခင် မာရသွန်ထဲက က‌လေး‌တွေဟာ ‘ အဆုံးမဲ့ကမ္ဘာ ’ ထိ ‌မေတ္တာ‌တေးကို သီဆိုလို့ ‌ပြေးကြတယ် ။

- မိခင် မာရသွန်ထဲက အဘိုး အဘွား‌တွေဟာ ဓမ္မ‌ပေါက်ပြားနဲ့ ဘဝ ‌မြေသားကို ထုခွဲ ဆင်ခြင်တုံတရား မျိုး‌စေ့သစ်ကို ကြဲချစိုက်ပျိုးတယ် ။

- မိခင် မာရသွန်ထဲက သတ္တဝါ‌တွေ ဖြစ်တဲ့ ‌တောငန်းရိုင်း ၊ တိုက်ကြက်ဖ ၊ ပေခုံ ၊ ‌ရွှေဘိုနယ်က စစ်မြင်း ၊ အသက် သစ်ငှက် နှစ်‌ကောင် ၊ နွားရိုင်း ၊ ‌တော‌ခွေးအုပ်တို့ ထဲမှာ အနာဂတ်အတွက် အင်အားသစ်‌တွေ ရှာ‌တွေ့နိုင်တယ် ။ ဘုရားရှင်‌တွေကို မိခင်က ‌မွေးဖွား‌ပေးလိုက်တယ် ။ ဒီသ‌ဘော‌တွေ ပါမယ် ။

ကိုဝင်းငြိမ်း ‌မေးတဲ့ ‘ မိခင် မာရသွန် ’ ကဗျာစာအုပ်ရဲ့ ရည်ရွယ်ချက် ဆိုတာထဲမှာ အခု ‌ပြောတဲ့ အချက်‌တွေ အားလုံး အကျုံးဝင်‌နေပါတယ် ”

“ ဆရာနဲ့ ‌ခေတ်ပြိုင် ‌ရေးခဲ့ကြတဲ့ ကဗျာဆရာ‌တွေ သိပါရ‌စေ ”

“ ကျွန်‌တော်နဲ့ ‌ခေတ်ပြိုင် ကဗျာဆရာ‌တွေက‌တော့ ... တင်မိုး ၊ ‌မောင်စွမ်းရည် ၊ ‌မောင်သင်းခိုင် ၊ တက္ကသိုလ်မင်း‌မော် ၊ ‌မောင်‌ဆွေတင့် ၊ ကို‌လေး ( အင်းဝဂုဏ်ရည် ) ၊ ‌မောင်မြင့်မြတ် ၊ ‌မောင်လင်းယုန် ( ရှမ်းပြည် ) ၊ အင်းဝညွန့်‌အေး တို့ ဖြစ်ပါတယ် ။ ဒေါင်းနွယ်‌ဆွေ ၊ ‌နောင် ၊ ‌နေ‌သွေးနီ ၊ မင်းလှညွန့်ကြူး တို့က ကျွန်‌တော့်ထက် ‌တော်‌တော် ‌စောပါတယ် ”

“ ကဗျာဆရာတချို့ဟာ နုစဉ်ဘဝမှာ ကဗျာ‌ရေးကြပြီး အသက်အရွယ် ရလာတဲ့ အချိန်မှာ ကဗျာကို ‌ကျောခိုင်း သွားကြတာ ‌တွေ့ရပါတယ် ။ ဘာ‌ကြောင့်ပါလဲ ”

“ ကဗျာ ဆရာတချို့ဟာ ငယ်စဉ်တုန်းက ကဗျာ‌ရေးပြီး အသက်ကြီး‌တော့ ကဗျာကို စွန့်ပစ်သွားကြတယ် ။ ဘာလို့ ကဗျာကို စွန့်ပစ်သွားကြသလဲ ဆိုတာ‌တော့ ကျွန်‌တော် မသိဘူး ။ ကျွန်‌တော်တို့ တိုင်းပြည်မှာ ကဗျာ ‌ရေးတယ်ဆိုတာ စိတ်လှုပ်ရှားတဲ့ လူငယ်‌လေး‌တွေရဲ့ အလုပ်လို့ တချို့က ထင်‌နေကြတုန်းပဲ ။ ‘ ကဗျာဆရာ ’ လို့ ဆိုလိုက်ရင်ပဲ လူငယ်ရုပ်ပုံလွှာကို မြင်‌ယောင်‌နေကြတယ် ။

ဘာပဲ‌ပြော‌ပြော ကဗျာဆရာ ဆိုရင် နှုတ်ခမ်း‌မွေးဖြူ တစ်‌တောင်‌လောက် ရှိ‌နေပါ‌စေ ။ ကဗျာကို မြတ်မြတ်နိုးနိုးနဲ့ ‌သေတစ်ပန် သက်ဆုံး‌ ရေးမယ် ။

ဆရာကြီး သခင်ကိုယ်‌တော်မှိုင်းဟာ အသက် ၈ဝ ‌ကျော်အထိ ကဗျာ ‌ရေးခဲ့တယ် ။

ဆရာ‌ဇော်ဂျီ ၊ ဆရာမင်းသုဝဏ်ဟာ အသက် ၇ဝ ‌ကျော်ပြီ ။ ကဗျာ‌တွေ ‌ရေး‌နေကြတုန်းပါပဲ ။

ဆရာဒဂုန်တာရာ ဆိုလည်း အသက် ၆ဝ ‌ကျော်ပြီ ။ ကဗျာ‌တွေ ‌ရေး‌နေတုန်းပဲ ။

အမေရိကန်ကဗျာဆရာကြီး ရောဘတ်ဖရော့စ်တ် ( Robert Frost ) ဟာ အသက် ၈ဝ ‌ကျော် ‌သေသွားတဲ့တိုင် ကဗျာ တွေ ‌ရေးသွားတယ် ။

၁၉၈၄ ခုနှစ် စာ‌ပေနိုဘယ်ဆု ရတဲ့ ချက်ကိုစလိုဗက် ကဗျာဆရာကြီး ‘ ယာ‌ရောဆလပ် ဆိုက်ဖဲရ် ’ ဟာ အသက် ၈၃ နှစ်ထိ ကဗျာ‌ရေး‌နေတုန်းပါပဲ ”

“ အ‌နောက်နိုင်ငံတွေမှာ ရုပ်မြင်သံကြား အစီအစဉ်မှ တစ်ဆင့် ကဗျာရွတ်ပြတဲ့ အစီအစဉ်‌တွေကို အထူး အစီအစဉ်အဖြစ် တင်ဆက်ကြတယ်လို့ ကြားသိရပါတယ် ။ ကျွန်‌တော်တို့ ဆီမှာ‌တော့ ကဗျာကို ဒီ‌လောက် အား‌ပေးတဲ့ အဆင့် မ‌ရောက်‌သေးပါဘူး ။ ကဗျာကို စိတ်ဝင်စားလာ‌အောင် ၊ အား‌ပေးလာ‌အောင် ဘယ်လို ‌ဆောင်ရွက်သင့်တယ်လို့ ဆရာ ယူဆပါသလဲ ”

“ ကမ္ဘာ့နိုင်ငံကြီး‌ တွေမှာ‌တော့ ကဗျာဆရာကို ရုပ်မြင်သံကြား အစီအစဉ်မှာ ‌တွေ့ဆုံ‌မေးမြန်းပြီး ကိုယ်တိုင် ရွတ်‌စေတဲ့ ကဗျာရွတ်ပွဲကြီး‌တွေ TV Poetry recitals ကို မကြာခဏ ဆိုသလို ကျင်းပ‌ပေး‌လေ့ရှိပါတယ် ။ ဆိုဗီယက် ကဗျာဆရာမ ဘယ်လာ အက်ခမာဒူလီနာ ( Bella Akhmadulina ) နဲ့ ‌တွေ့ဆုံ‌မေးမြန်းတဲ့ အင်တာဗျူးမှာ သူမရဲ့ တီဗွီကဗျာရွတ်ပွဲကို နား‌သောတဆင်တဲ့ လူပရိသတ်ဟာ သန်း‌ကျော်ပါတယ်တဲ့ ။ ကျွန်‌တော်တို့ တိုင်းပြည်မှာ ကဗျာကို ဒီထက် ပိုပြီး စိတ်ဝင်စားလာ‌အောင် ဘယ်လို လုပ်ရမလဲ ဆိုရင် -

၁ ။ ကဗျာဆရာ‌တွေ နယ်လှည့်‌ဟော‌ပြောပွဲ ၊ စာဆို‌တော်‌နေ့ စတဲ့ ပွဲ‌တွေမှာ ဂန္ဓဝင်ကဗျာ‌ရော ၊ ‌ခေတ်‌ပေါ် က‌ဗျာ‌ရော ရွတ်ပြ‌ဟော‌ပြောကြဖို့ ။

၂ ။ အခု ကိုဝင်းငြိမ်းတို့လို မဂ္ဂဇင်းစာတည်း အဖွဲ့ဝင်‌တွေက ကဗျာဆရာနဲ့ ‌တွေ့ဆုံခန်း ဖွင့်ပြီး မဂ္ဂဇင်းမှာ တင်ပြ‌ပေးဖို့ ။

၃ ။ ‌ရေဒီယို ၊ ရုပ်မြင်သံကြား စတဲ့ ‌နေရာ‌တွေက‌နေ ကဗျာရွတ်ကြဖို့ ။

၄ ။ စာ‌ပေညီလာခံကြီး‌တွေမှာ ကဗျာရွတ်ပွဲ အစီအစဉ်တစ်ခု ထည့်‌ပေးဖို့ ။

၅ ။ ကဗျာဆရာ‌တွေကို ကိုယ်တိုင် ရွတ်ဆိုတဲ့ ကဗျာရွတ်ပွဲ တိပ်‌ခွေ‌တွေ ဖြန့်ချိဖို့ လိုပါတယ် ။

၆ ။ ကဗျာကို ဒီထက် ပိုပြီး စိတ်ဝင်စားလာ‌အောင် ပြည်သူကြားမှာ ကဗျာဟာ ဒီထက် ပိုပြီး စိမ့်ဝင်လာနိုင်‌အောင် မြန်မာစာ ၊ မြန်မာကဗျာကို အဓိကဘာသာရပ် ဌာန တစ်ခု အဖြစ် ပြဋ္ဌာန်း ပို့ချနိုင်တဲ့ ‌နေရာ ( ဥပမာ - တက္ကသိုလ် ၊ ‌ကောလိပ် လို ‌နေရာမျိုး ) မှာ ကဗျာသင်ကြားတဲ့အခါ တစ်ဆက်တည်း ကျွဲကူး‌ရေပါနည်း သ‌ဘောမျိုး ရွတ်ပြီး သင်တာမျိုး‌တွေ လုပ်သင့်ပါတယ် ”

“ ကဗျာ ‌ရေးချင်တဲ့ စာ‌ပေဝါသနာရှင်‌တွေကို ကဗျာစာ‌ပေဆုရ ဆရာအ‌နေနဲ့ ဘယ်လို အကြံ‌ပေးချင် ပါသလဲ ”

“ ကျွန်‌တော် အကြံ‌ပေးချင်တာက ...

၁ ။ မြန်မာ့ကဗျာစာ‌ပေ ၊ ကမ္ဘာ့ကဗျာစာ‌ပေ‌တွေ ‌လေ့လာ‌ရေး အား‌ကောင်းဖို့ ။

၂ ။ လက်‌တွေ့ ချ‌ရေးနိုင်ဖို့ ၊ ကိုယ်ပိုင်ဟန် ၊ ကိုယ်ပိုင်တက်ခနိက ဖန်တီးနိုင်ဖို့ ။

၃ ။ စုတုပြုလို့ ဆို‌ပေမယ့် တချို့က ဒုတိယဖိုးစိန် ဘဝကကို မတက်ဘူး ။

မဟာရဋ္ဌသာရက မဟာရဋ္ဌသာရလို ‌ရေးတယ် ။

ဒဂုန်တာရာက ဒဂုန်တာရာလို ‌ရေးတယ် ။

‌မောင်သင်းခိုင်က ‌မောင်သင်းခိုင်လို ‌ရေးတယ် ။

ကဗျာဆရာတိုင်း ကိုယ်ပိုင်မှု ၊ ကိုယ်ပိုင်ဟန် ရှိဖို့ အ‌ရေးကြီးပါတယ် ။

အရင်းရှင် ကုန်ထုတ်စနစ်မှာ အရာရာ ‘ ရောင်းကုန် ’ ဖြစ်တဲ့အထဲ ‘ ကဗျာ ’ လည်း ပါသွားပါတယ် ။

ကဗျာဆရာရယ် ၊ ပြည့်တန်ဆာရယ် ၊ ဆရာဝန်ရယ် ၊ ‌ရှေ့‌နေရယ် ၊ သိပ္ပံပညာရှင်ရယ် သူတို့အားလုံး ‌ရောင်းကုန်ထုတ်စနစ် ထဲမှာ လုပ်ခစား သက်သက်‌တွေ ဖြစ်သွားတယ် ။

ကဗျာရဲ့ ကြီးမားတဲ့ တန်ဖိုး‌တွေ အဖျက်ဆီး ခံခဲ့ရတယ် ။ ကဗျာကို တန်ဖိုးသစ်လာ‌စေဖို့ ၊ ကဗျာရဲ့ မူလပိုင်ရှင် ဖြစ်တဲ့ ပြည်သူ့လက်ထဲ ကဗျာကို အ‌ရောက်ပို့ဖို့ ကျွန်‌တော်တို့ ကဗျာဆရာ‌တွေ အားလုံးက လုံးပန်းကြိုးစားကြရမယ် ။

ရာဇဝင်‌ခေတ်ကြီး‌တွေမှာ ဧရာမ ကဗျာဆရာကြီး‌တွေ ဖြစ်တဲ့ ‘ ဟိုးမား ၊ ရှိတ်စပီးယား ၊ ဗား‌တော့ဗရတ် ၊ သခင်ကိုယ်‌တော်မှိုင်း ’ တို့လို ပုဂ္ဂိုလ်ကြီး‌တွေ လိုအပ်‌နေ‌လေ့ ရှိပါတယ် ။ ကျွန်‌တော်တို့ ကဗျာဆရာ‌တွေဟာ ကိုယ်ပိုင်တာဝန်ကို သစ္စာရှိရှိ ထမ်း‌ဆောင်နိုင်ဖို့ လိုပါတယ် ။

ကဗျာချစ်သူ စာချစ်သူ အားလုံးကို ‌ကျေးဇူးတင်ပါတယ် ”

▢  ဝင်းငြိမ်း
📖 ‌ပေဖူးလွှာ မဂ္ဂဇင်း
      အမှတ် - ၄၅
      ဖေ‌ဖော်ဝါရီလ ၊ ၁၉၈၅ ခုနှစ်