❝ ဓမ္မာ ❞
( အောက်တိုဘာအောင်ကြီး )
ယခု ရေးသားဖော်ပြမည့် အကြောင်းလေး က ရုပ်ရှင်နယ်မြေ မှ ဖြစ် ရပ်ဆန်းကြယ် ဇာတ်လမ်းလေး တစ်ခု ဖြစ်လေ၏ ။ ထို အကြောင်းအရာများ နှင့် ပတ်သက်ပြီး ရုပ်ရှင်ဘိုးအေကြီး တစ်ဦး က ကျွန်ုပ် အား ပြောပြခဲ့ဖူးသော ဖြစ်ရပ်မှန် တစ်ခု ဖြစ်လေတော့၏ ။
“ မောင်အောင်ကြီး ရေ အခု ပြောမယ့် အကြောင်းက ဦးတို့ အသက် ၂၅ နှစ် အရွယ် လောက်က ရုပ်ရှင် သွားရိုက်ရင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့ တကယ့် ဖြစ်ရပ်မှန်အကြောင်းလေးပါ ။ တကယ်လို့ မောင်အောင်ကြီး ရေးတဲ့ အခါမှာ နာမည်တွေ တော့ အတိအကျတော့ မရေးပါနဲ့ ကွာ ဟုတ်လား ” ဟု ရုပ်ရှင်ဘိုးအေကြီး တစ်ယောက် က ပြောပြခဲ့ဖူးလေ၏ ။
ထို့ကြောင့် ကျွန်ုပ်သည် အောက်ပါ ရုပ်ရှင်နယ် က ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတစ်ပုဒ် ကို ရေးသားလိုက်ရ လေတော့သတည်း ။
••••• ••••• •••••
“ ဒီနေ့တော့ ဒိုင် လျော်ရဦးမှာ ပဲ နဲ့ တူတယ်ဟေ့ ။ မိုးလေဝသ အခြေအနေ ကြည့်ရတာ တယ်ပြီး ဟန်ပုံမပေါ်ဘူး ” ဟု ခေါက်စားပွဲ တစ်လုံးပေါ် တွင် မျောက်လွဲကျော်ကြီးပမာ ဆောင့်ကြောင့် ထိုင် နေသော ထုတ်လုပ်သူ ဇနီးဖြစ်သူ ဒေါ်တင်မေ က မိုးကောင်းကင် ပေါ် မော့ ကြည့်လိုက်ရင်း အထက်ပါ စကား ကို ပြော လိုက်လေတော့၏ ။
ထုတ်လုပ်သူဇနီး ဒေါ်တင်မေ ၏ စကားကြောင့် ကင်မရာ ချိန်သူ ချိန် ၊ မီးလုံးများ ရွှေ့သူ က ရွှေ့ ကာ အလုပ်များ လို့ နေကြလေ၏ ။ ရုပ်ရှင်အဖွဲ့သားများ အားလုံး ၏ မျက်လုံးများ သည် မိုးကောင်းကင် ပေါ်သို့ ပြိုင်တူ မော့၍ ကြည့်ကြကုန်၏ ။
အထက် မိုးကောင်ကင် တစ်ခွင်လုံး မိုးသားမိုးရိပ်များ အုံ့ဆိုင်းညိုမှိုင်းလျက် ရှိလေ၏ ။ ခပ်စောစောပိုင်း က သာယာကြည်လင်လျက် ရှိသော ရာသီဥတု မှာ အပြောင်းအလွဲ မြန်ဆန်လှလေ၏ ။
“ အင်း ... ဒီတစ်ခါ ဒိုင် လျော်ရရင်တော့ တစ်ထောင် ထက် မအောက်ဘူးဟေ့ ။ ဘုရားတရားသာ အောက်မေ့ပေတော့ ” ဟု ဒါရိုက်တာရွှေဝ က ၄င်း ၏ အနားတွင် ထိုင်နေသော ရှုတင်မန်နေဂျာ အား လှမ်း ပြော လိုက်လေ၏ ။
“ ဒိုင် လျော်ရလွန်းလို့ အရေထူ နေပါပြီ ။ ဒီ ရုပ်ရှင်ဇာတ်ကား စ ရိုက် ကတည်း က ဟိုဟာ ဖြစ်လိုက် ၊ ဒီဟာ ဖြစ်လိုက်နဲ့ အခုလည်း မိုး နဲ့ ကတော့ ရှောင်လွှဲလို့ မရတဲ့ အန္တရာယ်ကြီး တစ်ခု ဖြစ်နေပြီထင်ပါရဲ့ ဗျာ ” ဟု ထုတ်လုပ်သူ ဦးထွန်းရီ က မချိပြုံး ပြုံးကာ ပြောလိုက်လေ၏ ။
ထုတ်လုပ်သူ ဦးထွန်းရီ ရုပ်ရှင်လုပ်ငန်း စတင် တည်ထောင်လိုက်သည့်အခါ ပထမဦးဆုံး ပွဲထွက်ဇာတ်ကားသည် “ မုန်းတစ်လှည့် ပြုံးတစ်လှည့် ” ဟူ၍ ဖြစ်ပြီး ၊ ဒုတိယမြောက် ဇာတ်ကားသည် “ မုန်းလေသလား ” ၊ တတိယမြောက်ဇာတ်ကားသည် “ မုန်းတဲ့ သူ ” ဟူ၍ ဖြစ်ပြန်၏ ။ထုတ်လုပ်သူဦးထွန်းရီ ရုပ်ရှင်ကုမ္ပဏီတည်ထောင်၍ ဒုတိယမြောက် ဇာတ်ကား ဖြစ်သော “ မုန်းလေသလား ” ဇာတ်ကား ကို ရိုက်ကူးရန် အတွက် မှော်ဘီဘက် သို့ သွားရောက် ရိုက်ကူးကြကုန်လေ၏ ။ ဇာတ်ဝင်ခန်းများ ရိုက်ကူးရန် ပြင်ဆင်နေချိန်မှာ ပင် မိုးမင်းပစ္စုန် ၏ မာန်ဟု န်ပြင်းပြင်း ရွာသွန်းခြင်းဒဏ် ကို ခုနစ်ရက် ခန့် အလူးအလဲ ရင်ဆိုင်ခဲ့ရဖူးလေ၏ ။
ထုတ်လုပ်သူ ဦးထွန်းရီ ၏ ရုပ်ရှင်ကုမ္ပဏီ မှ တတိယမြောက် ဇာတ်ကား ဖြစ်သော “ မုန်းတဲ့သူ ” ရုပ်ရှင်ဇာတ်ကား ကို မေလ တွင် မန္တလေးမြို့ သို့ သွားရောက် ရိုက်ကူးကြ၏ ။ ရန်ကုန်မှာ မိုးများ လွန်၍ မိုးနည်းသည့် မြန်မာပြည် အထက် - မန္တလေးမြို့ မှာ သွားရောက် ရိုက်ကူးသည့်အခါ ဦးထွန်းရီ တို့ ရုပ်ရှင်အဖွဲ့သားများ သည် ရွှေမန်းစတူဒီယို အတွင်းဝယ် မိုး လွန်စွာမှ ရွာသွန်းသောကြောင့် ဖားများ မြွေများ နှင့်ပင် နပန်းလုံးခဲ့ရပြန်၏ ။ ဦးထွန်းရီ တို့ မန္တလေး တက်ရောက် ရိုက်ကူးစဉ် က ၁၉၅၆ ခုနှစ် က ဖြစ်၏ ။
၁၉၆၅ ခုနှစ် က မန္တလေးမြို့ ရာဇဝင် ၌ အပြင်းထန်ဆုံး မိုးရွာသည် ဟု သိရပါသည် ။
စာရေးသူ
ထုတ်လုပ်သူ ဦးထွန်းရီ ယခု ထုတ်လုပ် ရိုက်ကူးနေသော ရုပ်ရှင်ဇာတ်ကား အမည် မှာ “ မုန်းတဲ့ ချစ်သူ ” ဟူ၍ ဖြစ်လေ၏ ။
“ မုန်းတဲ့ ချစ်သူ ” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေချိန် မှာ လည်း ငြိုးမာန်ပြင်းသည့် ကိုရွှေမိုး နှင့် ရင်ဆိုင်ရလေ၏ ။ ထိုခေတ် ထိုအချိန် ကမူ မြန်မာနိုင်ငံ ရုပ်ရှင်ကောင်စီ ၏ သုံးကားတွဲစနစ် ရိုက်ကူးထုတ်လုပ်ရသည့် အတွက် ထုတ်လုပ်သူများ သည် ရုပ်ရှင်ရိုက်ကူး ရာ မှာ တနင်္ဂနွေ တစ်ပတ် နှစ်ရက် မျှ သာ ရိုက်ခွင့် ရသဖြင့် မိမိအလှည့် ရောက်သည့် အခါတွင် ရိုက်ကွင်း အတွက် အဖက်ဖက် မှ အဆင်သင့်ဖြစ်စေရန် ရုပ်ရှင်ကုမ္ပဏီများ အနေဖြင့် အားသွန်ခွန်စိုက် ကြိုတင် ပြင်ဆင်ထားရ လေ၏ ။
ထိုနေ့ က ကြာသပတေးနေ့ ဖြစ်၏ ။ ထုတ်လုပ်သူ ဦးထွန်းရီ ၏ မန်နေဂျာ ဖြစ်သူက မင်းသား ၊ မင်းသမီး ၊ လူရွှင်တော် စသည့် ရုပ်ရှင်အဖွဲ့သားများ စုံညီသော နေ့ ဖြစ်ရာ ရိုက်ကူးမည့် ဇာတ်ဝင်ခန်း မှာ လည်း ပျော်ပွဲစား ဖြစ်၍ ရန်ကုန်မြို့ မြေပဒေသာကျွန်း တွင် ရိုက်ကွင်း ကို စီစဉ် ထားကြလေ၏ ။
နံနက် ၁၀ နာရီခန့် အချိန်တွင် ရုပ်ရှင်အဖွဲ့သား အပေါင်းတို့ ရှုတင် ကား ၃ စီး ဖြင့် ရောက်ရှိလာကြကုန်၏ ။ ထိုအချိန်တွင် လွန်စွာမှ မထင်မှတ်ထားသော ဖြစ်ရပ်နှင့် ကြုံရလေတော့၏ ။ ထိုအဖြစ်သည် ကား ရိုက်မည့် အချိန် ကျတော့မှ မိုး သည် မျှော်လင့်ထားခြင်း မရှိ ၊ ရုတ်တရက် ရွာချလိုက်သည့် အတွက် ထိုနေ့ အဖို့ တစ်ပေ ၊ တစ်လက်မ မျှ မရိုက်ခဲ့ရ၍ ထုတ်လုပ်သူ ဦးထွန်းရီ ခမျာ ဒိုင်လျော်လိုက်ရလေတော့၏ ။
ယနေ့ အဖို့ လည်း ထုတ်လုပ်သူ ဦးထွန်းရီ ၊ ဇနီးဒေါ်တင်မေ တို့ ပြော သကဲ့သို့ ဒိုင်လျော်ရမည့်ကိန်း ဆိုက်လို့ နေပြန်၏ ။ ညနေ ၆ နာရီ ကျော်ကျော်ခန့် က ရိုက်ကွင်းမှာ ကိုးမိုင် အေဝမ်းခြံ အတွင်းရှိ ဦးလှဘူး အိမ်ရှေ့ မြက်ခင်းပြင် တွင် ရိုက်ကွင်း တည်ထား၏ ။ ရိုက်ကွင်း တွင် ရောင်စုံမီးများ ထွန်းညှိထားကာ စားပွဲများ ၊ ကုလားထိုင်များ ခင်းကျင်းလျက် စားသောက်ဖွယ်ရာ တို့ ဖြင့် အသင့် ပြင်ဆင်ထားလေ၏ ။
ထို ရိုက်ကွင်းဇာတ်ဝင်ခန်း အတွက် ဝတ်ကောင်းစားလှ နှင့် သရုပ်ဆောင်ကြရာ ဧည့်ပရိသတ် ငါးဆယ်ကျော် ခုနစ်ဆယ် နီးပါးခန့် ရှိ၏ ။ ရုပ်ရှင်ရိုက်ကွင်း ၏ ဇာတ်ဝင်ခန်း မှာ မင်းသမီး ၏ မွေးနေ့ ဧည့်ခံပွဲ ဖြစ်လေ၏ ။
တစ်နေ့ခင်းလုံး ရာသီဥတု လွန်စွာမှ သာသာယာယာ ရှိလို့ နေ၏ ။ ဇာတ်ဝင်ခန်း ရိုက်ကူးတော့မည့် အချိန် လည်း ရောက်ရော မိုး က သည်းသည်း ရွာချ လိုက်လေတော့၏ ။
ထုတ်လုပ်သူ ဦးထွန်းရီ ၏ ရုပ်ရှင်ကုမ္ပဏီ ၏ အမည် မှာ ကြာသပတေး နံ နှင့် စသော အမည် ဖြစ်၏ ။ ၄င်းတို့ ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကား အမည်မှာ လည်း ကြာသပတေးနံ နှင့် စသော အမည်များ ဖြစ်လို့ နေ၏ ။ ဦးထွန်းရီ တို့ ဇနီးမောင်နှံသည် ထုတ်လုပ်သူ စနေသားသမီးများ ဖြစ်ကြကုန်၏ ။ ကြာသပတေး နှင့် စနေ ပေါင်းထား သဖြင့် အဖျက်မိုး က ရွာသွန်းလေခြင်းလား ၊ အပျက်အစီးတွေ များ လာ သောကြောင့် ထုတ်လုပ်သူ ဦးထွန်းရီ တို့ ဇနီးမောင်နှံ သည် စိတ် ကသိကအောက် ဖြစ်ရလေ၏ ။
ကြာသပတေး နှင့် စနေ သည် ‘ ဓမ္မာ ’ ဟူ၍ ဖြစ်လေတော့သတည်း ။
⎕ အောက်တိုဘာအောင်ကြီး
📖ရုပ်ရှင်နယ်က ဖြစ်ရပ်မှန်များ
No comments:
Post a Comment