❝ အတက် တွန်းချ အဆင်း ဆွဲထည့် ❞
“ ဆရာရယ် နာလိုက်တာ ”
“ ဟင် ဘယ်လို ဖြစ်လာတာလဲ ၊ လူရိုက်ခံရတာလား ၊ ခွေးကိုက်ခံရတာလား ”
“ လူရိုက်တာ ၊ ခွေးကိုက်တာခံ လိုက်ချင်သေးတာပေါ့ ဆရာ ၊ ခု ဟာက အဲဒါ ထက် ဆိုးတယ် ”
“ ဘာ အရိုက်ခံလိုက်ရတာလဲဟ ”
“ ဆရာရေ ငွေ အရိုက်ခံရတာ ”
“ ဟာကွာ ကြံကြံဖန်ဖန် ငွေ ရိုက်တာခံရတယ်လို့ ”
“ ငွေအရိုက် ခံလိုက်ရတာပါ ဆရာ ၊ ငွေ မှ ပေါ့သေးသေး မဟုတ်ဘူး ၊ အထုပ်ကြီး အကြီးကြီးနဲ့ ကို အရိုက် ခံရတာ ၊ တော်တော်ကြီး ထိ သွားပြီ ဆရာ ”
“ ဟေ့ကောင် လို ရင်း တို ရှင်းပြောစမ်း ”
ခပ်ငေါက်ငေါက်ကလေး ပြောလိုက်မှပဲ တရုတ်ကလေးလွီရှောက်ဖန် ငြိမ်ကျသွားတယ် ခင်ဗျာ ။ ဘယ့်နှယ်ဗျာ သူ့ ဟာ မရှင်းမလင်းနဲ့ ။
၂၀၀၆ ခုနှစ် ဇွန်လ ၁၀ ရက် နေ့ က ခင်ဗျား ၊ ကျွန်တော် ရန်ကုန် က အောင်လံ သို့ အပြန် ကားပေါ် မှာ လူချင်း ဆုံမိကြတာခင်ဗျာ ။
“ ကဲ ပြော တိုးတိုး ပြော ၊ ကား ပေါ်မှာ ဖွာလောင်ဖွာလောင် မလုပ်နဲ့ ”
အမှန်ပဲ ခင်ဗျာ ၊ လူတော်တော်များများ ဟာ ကား ပေါ်မှာ ပါးစပ် အလွန် ဖွာကြတယ် ။ အသံကျယ်ကြီး နဲ့ ။ ဘေး လူတွေ ကို အားနာရ ကောင်းမှန်း မသိကြဘူးဗျာ ။
ထိုအခါမှ လွီရှောက်ဖန် က ဘရိတ် အုပ်ပြီး အသံ လျှော့လိုက်တော့တယ် ။
သူ ပဲစင်းငုံ ပေါ်စ တန်ဆောင်မုန်း ၊ နတ်တော်လ လောက် က အိတ် ၁ဝဝဝ ( တစ်တင်းခွဲ အိတ် တစ်ထောင် ) ထည့်ခဲ့ပါ သတဲ့ ။ ၂ဝ ပိဿာ တစ်တင်း ကျပ် ၇၇ဝဝ က စ ထည့် နောက်ဆုံး ကျပ် ၉ဝဝဝ အထိ ပါ ပါသတဲ့ ။
အဲဒါ အခု ပဲစင်းငုံ ဝယ်လက် ပျောက် နေလို့ ဈေး က ကျကျ လိုက် လာတာ တစ်တင်း ကျပ် ရဝဝဝ ၊ ၈ဝ၀ဝ လောက်ပဲ ပေါက်ပါသတဲ့ ။
ဈေးကျ နေတာတောင် မှ ဝယ်သူ က စိတ်မဝင်စားပါဘူးတဲ့ ခင်ဗျ ။
“ တစ်တင်း ကို ကျပ် ၁၀,၀၀၀ ဖြစ်သေးတယ်လေ ၊ မင်း အဲဒီတုန်း က ဘယ်မှာ အိပ်ပျော်နေလဲ ”
“ ဆရာရယ် ၊ ထပ် တက်ဦးမယ် ၊ တစ်သောင်း တော့ ကျော်မှာပဲ ဆို ပြီး ဆိုင်းထားလိုက်မိတာ ”
“ ဟာ အဲဒါ မင်းမှားတယ် ၊ အကြီးအကျယ် ကို မှားတယ် ၊ ကျပ် ၇ဝဝဝ ၊ ၈ဝဝဝ ကနေ ကျပ်၉ဝဝဝ ဆိုတော့ ပျမ်းမျှ ကျပ်၈၅၀၀ ထား ကွာ ၊ တစ်တင်း ကျပ် တစ်သောင်း ဆိုတော့ ဘယ်လို တွက်တွက် တစ်တင်းမှာ ကျပ် ၁ဝဝဝ လောက် ကျန်နေပြီ ၊ လွှတ် ထည့်လိုက်ရမှာ ”
“ အဲဒါ ဆရာ ”
“ ခုမှတော့ ငါ့ လာ ဆရာ ခေါ်မနေနဲ့ ၊ တစ်သောင်း ဖြစ်တုန်းက တွေ့ တဲ့ လူတိုင်း ကို ပြောတယ် ၊ လွှတ်လိုက် တော့ ၊ လွှတ်လိုက် တော့လို့ မင်းကွာ ”
“ ဆရာရယ် ”
“ တော်ကွာ ၊ အပူ ဟပ်တယ် ”
“ မင်း အလွတ် ကျက် ထားရမယ့် ဂါထာ တစ်ပုဒ် ရှိတယ် ၊ အလွတ် ကျက်ထား ”
“ ဟုတ်ကဲ့ ပြောပါဆရာ ”
သူ က အိတ်ကပ် ထဲက ဘောပင်ထုတ်တယ်ခင်ဗျာ့ ။
“ ဘောပင် မလိုပါဘူးကွာ ”
ယခုအခါ လူတော်တော်များများ ဘောပင် ဆောင်ထားကြတယ် ခင်ဗျာ့ ၊ သူတို့ ရလောက်မယ် ထင် တဲ့ ဇီးရိုးတူနိုင်း ထဲ က စိတ်ကြိုက်ကလေး တွေ့ ရင် လက်ဝါး မှာ ရေးတတ်တယ် ။ ပေါင် မှာ ရေးတတ်တယ် ။ ခြေသလုံး မှာ ရေးတယ် ။ အရမ်း ကျပ်နေရင် ပေါင်ရင်း မှာ ရေးတတ်တယ် ။ ( စာရွက် ပေါ် မှာ မရေးဘူး ) ။
“ ဟေ့ကောင် တိုတိုလေးရယ်ကွ ”
“ ပြောဆရာ ”
“ အတက် တွန်းချ အဆင်း ဆွဲထည့် ”
“ အတက် တွန်းချ အဆင်း ဆွဲထည့် ”
“ အေး ဟုတ်ပြီ ၊ အဲဒါ အလွတ် ကျက်ထား ၊ အဲဒါလေး အလွတ် ရ နေရင် မင်း တစ်သက် မလွဲနိုင်တော့ဘူး ”
“ ဟင် ဆရာ့ ဂါထာ က ”
“ အင်းလေ လွယ်လွယ်လေး ရယ် ၊ မင်း က ကုန် လှောင်လေ့ ရှိတယ် မဟုတ်လား ”
“ မင်း လှောင်မယ့် ပစ္စည်းဈေး ကျနေပြီ ၊ ဈေးတွေ ဆင်းသွားပြီ ဆို ဘာမှ စိတ်ကူး မလွဲနဲ့ ဆွဲသာ ထည့် လိုက်ပေတော့ ”
“ အဲ တက်လာပြီ ဆို သိပ် လောဘကြီး မနေနဲ့ နည်းနည်း မြတ်ပြီ ၊ တစ်အိတ် ( တစ်တင်းခွဲအိတ် ) တစ်ထောင် ၊ ထောင့်ငါးရာ လောက် ကျန်နေပြီ ဆို တွန်းသာချလိုက်ပေတော့ ၊ အမြတ် နည်းရင် နည်းပါစေ လောဘသေးသေး နဲ့ ၊ ခေါက်ရေ စိပ်စိပ် ဆွဲကွာ ၊ လောဘ သေးလေ သူဌေး ဖြစ် မြန်လေပဲကွ ၊ ရှင်းပြီလား ”
“ ရှင်းပါတယ် ဆရာ ”
“ ငါ့ ကို ဆရာ ခေါ်တာက အရေး မကြီးဘူး ၊ ငါ ပြောတာ မှတ်ထားဖို့ က အရေးကြီးတာ ”
“ ဟုတ်ကဲ့ပါဆရာ ”
“ လာပြန်ပြီလား ၊ ဒီ ဆရာ ”
“ အခု ကျွန်တော် ”
“ ငါ သိပါတယ်ကွာ ၊ မင်း အိတ်တစ်ထောင် ဆိုတော့ အတိုးမပါ သိန်းနှစ်ဆယ်လောက် ထိနေပြီ မဟုတ်လား ၊ မင်း မပြောခင် ကတည်းက ငါ က စိတ်တွက် တွက်ထားတာ ”
“ ဟာဆရာ ”
“ တော်ကွာ ၊ ငါ့ ဂါထာ ကိုသာ အလွတ်ကျက် ”
အတက် တွန်းချ
အဆင်း ဆွဲထည့်
( ပဲစင်းငို နေကြရသော လှောင်လက်များ သို့ အမှတ်တရ မေတ္တာလက်ဆောင် )
▢ မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
No comments:
Post a Comment