❝ တော်လေးဝ ❞
⎕ သျှီ ( အင်ကြင်း )
မှန် ကြည့်မိလေတိုင်း စိတ် ပျက်ရတာ ကြာပြီ ။ ကြည့်ပါဦး ။ ပါး နှစ်ဖက် က ပေါက်စီကြီး နှစ်လုံး ကပ်ထားသလို ဖောင်းအိ နေသည် ။ မေးစေ့ က ကန်ထရိုက်တိုက်တွေ လို အရစ်ရစ် ၊ အထပ်ထပ် နှင့် ။ တုတ်ခိုင်သော လက်မောင်း ၊ စူသော ဗိုက် ၊ ကားသော တင် တို့ က သူမ ၏ ခန္ဓာကိုယ် ထဲ မှ အဆီဓာတ်တွေ မည်မျှ စုဆောင်းမိနေပြီ ဆိုတာ ပြသ နေ သလိုပင် ။
မှန်တင်ခုံ ပေါ် က သူမ အပျိုတုန်း က ရိုက် ထားသော ဓာတ်ပုံ က သင်္ခါရတရား ကို လက်တွေ့ ပြနေသည် ။ ဪ .. ဟိုတုန်းကတော့ စိုးစိုး ဆိုတာ ယောက်ျားလေး များစွာ၏ အိပ်မက်တွေ ကို စိုးမိုးနိုင်ခဲ့ဖူးတဲ့ မိန်းမ တစ်ယောက် ဆိုတာ ဘယ်သူ ယုံကြတော့မှာလဲ ။ အိမ် က လူကြီး တောင် သူမ ရဲ့ အရင် အလှတွေကို မေ့သွားပြီ ထင်ပါရဲ့ ။
“ ငါ့ မိန်းမ ကတော့ တော်လေးဝ ပါ ပဲ ”
အိမ် က လူ ပြောစဉ်က စိုးစိုး ဘဝင် လေထဲ လွင့် သွားသည် ။ “ တော်လေးဝ ” ဘွဲ့ကို ရရန် လွယ်တာ မှတ်လို့ ။ ဒါ မိန်းမကောင်း မိန်းမမြတ် လို့ ပြောတာပဲ ။ အိမ် က လူ က မိန်းမ ရဲ့ အရည်အသွေး အစစ်အမှန် ကို မြင်ပြီ ထင်ပါရဲ့ ။ သို့သော်
“ တော်တော်လေး ကို ဝတဲ့ တော်လေးဝ ဖြစ်နေပြီ ၊ ဝိတ်လေး ဘာလေး လျှော့ဦးကွ ”
သူရဲ့ နောက်ဆက်တွဲ စကားကြောင့် စိုးစိုး မျက်စောင်း ထိုးလိုက် တာ နဂါးမ ဆို ပြာကျလောက်ချည်ရဲ့ ။
တော်လေးဝ တဲ့ ၊ ဝယဉ်ကျေးမယ် တဲ့ ၊ ပီပါရှိတ် တဲ့ ။
မညှာမတာ နာမည်ပေး ကောင်းတဲ့ သည် ယောက်ျား ကို ပညာ ပြရ မယ် ။ နဂို ရှိမှ နဂိုဏ်း ထွက်သတဲ့ ။ ကိုယ့် ရဲ့ ပင်ကို အလှကို ဖော်ထုတ် ပြီး သူ့ ရဲ့ လှောင်ပြောင်စကားတွေ ကို ချေဖျက်ရမည် ။
“ သုံးလအတွင်း ရှင် ကျွန်မ ကို ရင်သပ်ရှုမောစေရမယ် ”
ခေတ်ပေါ် ဝတ္ထုတွေ ထဲက ဇာတ်လိုက်မင်းသမီး လို ကြိမ်းဝါးသည် ။ စိတ်ထဲ မှာပါ ။ သို့သော် စိုးစိုး ဆုံးဖြတ်ချက် ချလိုက်ပြီးဖြစ်သည် ။ သူမ အလှ ကို ပြန်လည် ဖော်ထုတ်နိုင်ရန် ပထမဆုံး ရန်သူဖြစ်သော ‘ မဟာဗိုက် ’ ကို အပြုတ်တိုက်ရမည် ။
ကဲ ... လုပ်ငန်းစမယ် ။
**************
“ တစ် ... နှစ် ... သုံးလေး ”
ခြေဆင်းထိုင်ပြီး ခြေဖျား အစုံကို လက်ဖျား ဖြင့် ကုန်းထိသည် ။ ဗုဒ္ဓေါ ... မဟာဗိုက် က တစ်ခံ နေ၍ လက်ဝါးပြင် က ဒူးဆစ် ထက် မကျော်နိုင်တော့ ။ ပုံစံပြောင်းကြည့်မှပဲ ။
ထိုင်,ထ လေ့ကျင့်ခန်း မဆိုးဘူး ။ လက်နှစ်ဖက် ကို ခါး မှာ ထောက်၍ ထိုင်,ထ လုပ်သည် ။ အမှတ်စဉ်သုံး မှာပင် ခန္ဓာကိုယ် ကို မနိုင်ဘဲ ဖင်ထိုင်လျက် လဲကျသည် ။ မဟာဗိုက် က အောင်ပွဲခံဆဲ ။ သူမ လွန်စွာ စိတ်ဆိုးသွားသည် ။ နည်းဗျူဟာ ပြောင်းသည့် အနေဖြင့် အိပ်ရာပေါ် မှာ ပက်လက် လှန်ပြီး ခြေနှစ်ချောင်း မိုးပေါ် ထောင်သည် ။ ဒါလည်း ဗိုက် ရဲ့ ကြွက်သွားတွေ ကို လှုပ်ရှားမှု ပေးတာပဲ ။ သို့သော် ယခင် က ၉ဝ ဒီဂရီ အထိ မတ်နိုင်သော ခြေအစုံ က မဟာဗိုက် နှောင့်ယှက်မှုကြောင့် ၄၅ ဒီဂရီ မပြည့်ခင် ပြန်ကျလာသည် ။
“ တောက် .. ဒီတရားခံ နံပါတ်တစ် မဟာဗိုက် အပြုတ်ဆော်ပြ မယ် ၊ နင်နိုင်မလား ၊ ငါရှုံးမလား ... ( အဲလေ ) ငါ နိုင်မလား ဆိုတာ ကြည့်ကြသေးတာပေါ့ ”
မဟာဗိုက် ကို စိန်ခေါ်ရင်း အမြင့်ဆုံးသော တိုက်စစ် အဖြစ် ဗိုက် ကို အစာရေစာ ဖြတ်လိုက်သည် ။ နေ့လယ်စာ ကို လျှော့စား သလို ညစာ ကို လုံးဝ ဖြတ်လိုက်သည် ။
မဟာဗိုက် ကို အစာ ဖြတ်တော့ မဟာဗိုက် က “ ဆာလောင်ခြင်း ” အလံလွှင့် ကာ ဆန္ဒပြ ပြန်သည် ။ ရန်သူ ကို အပြုတ်တိုက်တာ သည် လောက်တော့ ခံနိုင်ရည်ရှိရမည် ။ ဆာတော့ ဆာတာပေါ့ ။ ဒါပေမယ့် မဆာပါဘူး ။
သို့သော် မဟာဗိုက် နှင့် စိုးစိုး တို့၏ တိုက်ပွဲမှာ စိုးစိုး အလဲထိုး ခံလိုက်ရသည် ။
အလဲထိုး မှ တကယ့် အလဲထိုးပါ ။ အစာ မရှိ၍ အားပြတ်ပြီး မူးလဲ သွားတာ ယခု အိပ်ရာ ထဲမှာ ပက်လက်လဲပြီ ။
“ ပိန်ချင်လွန်းလို့ အစာလျှော့ စားသတဲ့ဗျာ ၊ ဝ,တော့ ဘာဖြစ်လဲ ၊ ကျန်းမာဖို့ အဓိကပဲလေ ”
အိမ်က လူက သူ့အပြစ်ကို မေ့ချင်ယောင်ဆောင်ကာ စိုးစိုးကို အပြစ်တင် သလို ပြောရင်း ဆရာဝန် ကို အစီရင်ခံသည် ။ ဆရာဝန် က
“ ဝလွန်းတာလည်း မကောင်းပါဘူး ၊ ရောဂါ ကို ဖိတ်ခေါ် နေသလိုပါပဲ ။ ဒါပေမယ့် ဝိတ်လျှော့မယ် ဆိုရင် အစားကို ရုတ်တရက် ဖြတ် မချရဘူး ။ ဖြည်းဖြည်းချင်း လျှော့စားရတယ် ။ အသီးအနှံ များများစား ပေးရမယ် ။ ဂျုံ ၊ ထောပတ် ၊ အချိုအဆိမ့် လုံးဝမစားနဲ့ ။ ကျန်းမာရေး အတွက် အကောင်းဆုံးလေ့ကျင့်ခန်းကတော့ လမ်းလျှောက်တာပဲ ။ မနက် စောစော ထပြီး ပုံမှန် လမ်းလျှောက်ပေးပါ ” ဟု ညွှန်ကြားသည် ။
“ သူက အစားသာ လျှော့ တာ ဒေါက်တာရဲ့ ၊ နေ့တိုင်း ပေါင် မုန့်ထောပတ်သုပ် ၅ ချပ် နဲ့ နွားနို့ တစ်ကရား တော့ ပုံမှန် သောက်တာ ”
အိမ်က လူက အောင်မောင်းခြေထိုး အက အလွန် ကောင်းသည် ဟွန်း ... ဒရစ်ပုလင်း ချိတ်ထားလို့သာပေါ့ ။ နို့မိုဆို သူ့ ဗိုက်ခေါက် ညိုလောက်ပြီ ။ အဆီအဆိမ့် မစားနဲ့ ဆိုပေမယ့် စိုးစိုး ကြိုက်တဲ့ ပေါင်မုန့် ထောပတ်သုပ်နဲ့ နွားနို့တော့ မဖြတ်နိုင်ပါ ။ လမ်းတော့ လျှောက်မယ် ။ သို့သော် အအိပ် မက်သော စိုးစိုး တစ်ယောက် အိပ်ရာထ နောက်ကျ တာ နှင့် လမ်းလျှောက် ပျက်ရသည် ။
မဟာဗိုက် ကား အောင်ပွဲရ စစ်သူကြီးလို ရှေ့ကို တစ်တောင် လောက် ကော့ထွက် နေလေသတည်း ။
*****************
သည်နေ့ည သီတာတို့ အိမ် က ဘုရားကိုးဆူ ဖိတ်ထားသည် ။ သီတာ့ ယောက်ျား က အိမ်က လူ နှင့် လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သည် ။ ဘုရားကိုးဆူ သွားရန် အလှပြင်တော့ မဟာဗိုက် ကြောင့် စိတ်ရှုပ်ရ ပြန် သည် ။ သူ့ ကြောင့် ဘယ်လိုပြင်ပြင် အလှပျက် နေသည် ။ ရန်သူဗိုက် ကို ပဝါပါးဖြင့် ဖုံးကွယ်ပြီး လင်မယား နှစ်ယောက် ဘုရားကိုးဆူပွဲ သို့ ချီတက်လာသည် ။ သီတာ ဆိုတာ ကလည်း စိုးစိုး နှင့် အပြိုင် ဝ,နေသူ ဖြစ်၍ သိမ်ငယ်ခြင်း ကင်းစွာ ချီတက်လာသူ စိုးစိုး တစ်ယောက် သီတာ့ ကို တွေ့တော့ အံ့သြသွားသည် ။ ဝ,သော သီတာ ကို ပိန်သေးသေးလေး တွေ့လိုက်ရ၍ ဖြစ်သည် ။ ပိန်ပြီဆိုတော့ ဗိုက် က ပြုတ်ပြီပေါ့ ။ ယခင်က အစ်ထ နေသော သီတာ့ မျက်နှာလေး က ချောင်ကျလာကာ မေးချွန်း ချွန်းလေး ပေါ်လာသည် ။ မို့အစ်နေသော မျက်ခွံလေး ပြေကျကာ မျက်ကွင်းလေး ပင် ပေါ်နေသည် ။ ခါးသိမ်သိမ်လေး ဖြင့် သူမ ကို ကြည့်ရတာ အချိုးကျ အဆင်ပြေ နေသည် ။
“ သီတာရယ် ၊ ပိန်ပြီး လှသွားလိုက်တာ ၊ မင်း ဆီက ပိန်နည်း တောင်းမှပဲ ၊ ဘယ်လို လုပ်ပြီး ပိန်အောင် လုပ်လိုက်သလဲဟင် ”
“ ဝပြီး လှတယ် ” ဟူသော စကားနှင့် ဆန့်ကျင်စွာ မေးလိုက်တော့ သီတာ မျက်နှာ ပျက်သွားသည် ။ အဖြေ မပေးနိုင်ဘဲ ထစ်အအ ဖြစ်နေစဉ် အိမ် က လူ က စိုးစိုး ကို လက်ဆွဲ ခေါ်သွားသည် ။
“ ဘာမှ အရိပ်သုံးပါး နားမလည်ဘူး ၊ ထင်ရာ စွတ်ပြောနေတာပဲ ၊ သီတာ့ ယောက်ျား မယားငယ် ယူသွားလို့ စိတ်ညစ်ပြီး ပိန်လိမ် နေတာ သိရဲ့လား ၊ မင်း လည်း ပိန်ချင်ရင် ကိုယ် ဆေးဖော် လိုက်မယ် ”
သူက တိုးတိုးကြိတ်ပြောမှ စိုးစိုး ရင်ဘတ် ကို လက်နှင့် ဖိရင်း
“ ဘုရားဘုရား ၊ ရှင့် လူက ရိုးသလိုလိုနဲ့ အလာကြီးပါလား ၊ ဖွဟဲ့ ... လွဲပါစေ ဖယ်ပါစေ ၊ ဒီလိုနည်း နဲ့ တော့ မပိန်ပါရစေနဲ့ ၊ ဗိုက် ရှိချင်လည်း ရှိပါစေ ”
ဘုရားကိုးဆူ က အပြန် ညှိုးငယ်စွာ ပိန်နေသော သီတာ့ ပုံသဏ္ဌာန် က စိုးစိုး အာရုံမှာ စွဲထင်နေသည် ။
စိုးစိုး မုန်းသော မဟာဗိုက် ကား သူမ ကို အောင်ပွဲခံ နေဆဲပင်တည်း ။
*****************
“ ကြီးအုန်းရယ် ၊ မပြန်လို့ မဖြစ်ဘူးလား ”
“ မဖြစ်ဘူး စိုးစိုး ၊ ကြီးအုန်း ညီမ မှာ ကလေးတွေ အများကြီး ကျန်ခဲ့တယ် ၊ ညီမ ရဲ့ ယောက်ျား က မနှစ်က ဆုံးတယ် ၊ အခုလည်း ညီမ က ဆုံးပြီ ဆိုတော့ ကလေးတွေ ကို စောင့်ရှောက်ဖို့ ကြီးအုန်း မှာ တာဝန်ရှိတယ် ၊ ပြန်မှ ဖြစ်မှာ ”
စိုးစိုး အိမ်ထောင်ကျစ ကတည်းက ကူဖော်လောင်ဖက် ဒေါ်ကြီးအုန်း က အခြေအနေ အရ သူမ ၏ ဇာတိ အရပ်သို့ အပြီးပြန်ရတော့မည် ။ တား၍ မရသော အခြေအနေ ကြောင့် ဒေါ်ကြီးအုန်း ကို ပြန်ခွင့် ပြုလိုက်ရသည် ။ ကြီးအုန်း မရှိဘူးဆိုတော့ ကြီးအုန်း ရဲ့ တာဝန်တွေ စိုးစိုး အပေါ် ပိလာပြီ ။ အမှန်တော့ ကြီးအုန်း တာဝန် မဟုတ်ပါဘူး ။ အိမ်ရှင်မ စိုးစိုး ရဲ့ တာဝန်တွေပါပဲ ။ ကြီးအုန်း က စိုးစိုးရဲ့ တာဝန်ကို အပြည့်ယူပေးထားလို့ စိုးစိုး သက်သာနေတာ ။ ယခု သူမ ၏ တာဝန် တွေ က သူမ ၏ ခေါင်းပေါ်သို့ အပြည့်အဝ ရောက်လာပြီ ။
အိပ်ရာထ ပျင်းသော စိုးစိုး မနက် ၄ နာရီခွဲ ဆို အိပ်ရာမှ ထရပြီ ။ မီးပျိုး ၊ ရေနွေးတည် ၊ ရေနွေးတည် ထားခိုက် သွားတိုက် ၊ မျက်နှာသစ် ပြီး သနပ်ခါးရေကျဲ ဖြစ်သလို ပွတ်လိုက်ရသည် ။
သူမ တစ်ကိုယ်ရေသန့်ရှင်း ပြီးတော့ ရေနွေး က ဆူပြီ ။ ရေနွေး ခပ်ပြီး မနက်စောစော ရုံးသွားမည့် အိမ်ကလူ အတွက် ကော်ဖီဖျော် ပေးပြီး ထမင်းကြော်သည် ။ ထမင်းကြော်နေရင်း အိမ်ရှေ့ထွက် ပဲပြုတ် ဝယ်ရသေးသည် ။ ကလေးတွေ အတွက် မနက်စာ အဆင့်သင့် ပြင်ပြီး ဘုရား ရေတော်လဲ ၊ ဆွမ်းကပ် ၊ ဘုရား ကန်တော့ ပြီးချိန် ကလေးတွေ အိပ်ရာမှနိုးပြီ ။ သူတို့တွေ မျက်နှာသစ် ၊ အိမ်သာတက် နေချိန်မှာ အိမ်သန့်ရှင်းရေးလုပ်ရသည် ။
အရင်ကဆို ဒါ ကြီးအုန်း လုပ်ခဲ့တာတွေပါလား ။ နေမြင့်မှ အိပ်ရာ ထကာ ကြီးအုန်း ချက် ကျွေးတာတွေကို ဝေဖန်ခဲ့တာ နောင်တ ရမိသည် ။ ကလေးတွေ ကို မနက်စာ ပြင်ပေးပြီးတော့မှ သူတို့ အတွက် သနပ်ခါး သွေးရသည် ။ သားတွေ ဆိုတော့ သနပ်ခါး ကို ပင် အမေ လူး ပေးမှ ။ သူတို့တွေ အဝတ်အစားလဲ ၊ လွယ်အိတ် ပြင်ပြီး ကျောင်းသွား မှ စိုးစိုး နားရသည် ။
အယ် .. မေ့လို့ ။ နားလို့ မဖြစ်သေးဘူး ၊ အိပ်ရာတွေ သိမ်းရဦးမည် ။ နေ့လယ်စာ ချက်ရမည် ။ အဝတ်လျှော် ၊ ကြမ်းတိုက် ၊ မီးပူတိုက် ။ နားမည်မှ မကြံခင် ညစာ ချက်ဖို့ ပြင်ရပြီ ။
တစ်နေကုန် ပင်ပန်းလိုက်တာ ။ ညမှာ ကျန်ကျောင်း ကိုပင် စောင့် မကြည့်နိုင်ဘဲ အိပ်ပျော် သွားသည် ။ ကျန်ကျောင်း မှ မဟုတ်ပါ ။ ယခင် ကလို မှန်ရှေ့ ထိုင်ပြီး ကိုယ့် ကိုယ် ကို မကြည့်နိုင်တော့ ။ မှန်ရှေ့ မရောက် တော့ ရန်သူတော် မဟာဗိုက် ကို မတွေ့ရ ၊ မမြင်ရတာ ကြာသဖြင့် မေ့သွားပြီ ။ မဟာဗိုက် ထက် အရေးကြီးတာတွေ က သူ့ ကို လွှမ်းမိုး နေပြီ ။
“ ကိုယ့် မိန်းမလည်း ပင်ပန်းတယ်ကွာ ၊ ဒီ တနင်္ဂနွေ ဘုရားသွား မယ် ၊ အိမ်မှာ ဘာမှ မလုပ်နဲ့ ၊ မနက်စာ ညစာ အမေတို့ အိမ်မှာ သွားစား ကြမယ် ၊ ကိုယ် ကြိုပြီး ဖုန်းဆက် ထားတယ် ”
တစ်ခုသော တနင်္ဂနွေ မှာ အိမ်က လူ က ပြောလာသည် ။ ကလေး တွေ ပျော်ရွှင်သွားသည် ။
သူတို့ လည်း ကျောင်းစာတွေ ပိကာ အဘိုးအဘွားများ နှင့် မတွေ့ရ တာ ကြာလေပြီ ။ စိုးစိုး က တစ်နေ့တာ ဝန်ထုပ်ကြီး ပေါ့သွား သဖြင့် ဝမ်းသာသွားသည် ။
ဘုရား သွားရန် ပြင်ဆင်ရင်း အိမ်တာဝန်တွေ ပိနေသဖြင့် အပြင် မထွက်ဖြစ်တာ ကြာပြီ ဖြစ်ကြောင်း သတိထားမိသည် ။ သနပ်ခါး ဖြစ်သလို လိမ်းကာ အိမ်နေရင်း အင်္ကျီပွပွကြီး တွေဖြင့် အလှ မပြင်ဘဲ နေခဲ့တာ သုံးလကျော်ရော့မည် ။ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်စား ဆင်ယင်လိုက်တော့မှ မိမိ ဘာသာ ပိန်သွားသည်ကို သတိပြုမိသည် ။ သူမ အလွန် မုန်းသော မဟာဗိုက် ဘယ်ပျောက် သွားလေသနည်း ။ မဟာဗိုက် နှင့် အတူ ကိုယ်ခန္ဓာ ပေါ် က မလိုလားအပ်သော အဆီပို ၊ အသားပိုတွေ ပါ ပျောက်သွားကာ ယခင် က ခန္ဓာကိုယ်အချိုးအစား အလှအပတွေ ပြန် ပေါ်လာပြီ ။
“ ကိုယ့် မိန်းမ တယ်လှပါလား ”
ကလေးတွေ အဖေ ကပင် ချီးကျူးစကား ဆိုလာပြီ ။ သူ က
“ ကြီးအုန်း ကိုယ်စား အိမ်အလုပ်တွေ လုပ်လိုက်လို့ ဗိုက်ပြုတ်ပြီး လှသွားတာ စိုးစိုး ရ ၊ အိမ်ရှင်မတွေ မလိုအပ်ရင် အိမ်ဖေါ် မခေါ်တာ ကောင်းတယ် ။ ထမင်းချက် ၊ အဝတ်လျှော် ၊ ကြမ်းတိုက် ၊ အိမ်တွင်း အလုပ်တွေ ပုံမှန် လုပ်နေတာဟာ ကိုယ်ကာယ အတွက် အကောင်းဆုံး လေ့ကျင့်ခန်းပဲ ။ တစ်သားမွေး တစ်သွေးလှ ဆိုတာ အပျိုစင်တွေ မရ နိုင်တဲ့ အလှ တစ်ခုပဲ ။ အခုမှပဲ ကိုယ့် မိန်းမ က ‘ တော်လေးဝ ’ ဖြစ်တော့တယ် ”
သူ ပြောတဲ့ ‘ တော်လေးဝ ’ ဆိုတာ ‘ တော်တော်လေးဝ ’ လို့ ပြောတာ မဟုတ်မှန်း စိုးစိုး နားလည်လိုက်ပါ၏ ။
⎕ သျှီ ( အင်ကြင်း )
📖မြဝတီ မဂ္ဂဇင်း
၁၉၉၉ ၊ ဇူလိုင်လ
No comments:
Post a Comment