❝ ဗေဒင် ❞
( မောင်ထင် )
မိုးကလေး တဖွဲဖွဲ နှင့် မှောင်ထဲ တွင် ရွာထိပ် ဆီ က ခွေးများ အူနေသည် ။ ခွေးတစ်ကောင် က ပထမ ဝုဝူ ဟု အသံရှည်စွာ တိုင်ပေးသည် ။ ၎င်းနောက် ရွာလုံးကျွတ် ခွေးများ က ဝုဝူဝူး ဟု လိုက် အူကြသည် ။ လူတို့ ဒေါသ ဖြင့် ကြွေးကြော် အော်ဟစ်ကြသည် ထက် ပို၍ မြိုင်သည် ။ သို့ရာတွင် ခွေးအူသံများ မှာ ကြွေးကြော်သံများ ကဲ့သို့ ဒေါသထွက်စရာ မဟုတ် ၊ ဝမ်းနည်းကြေကွဲ စရာ ဖြစ်သည် ။
အကြောင်းမူကား ထို ခွေးအူသံများ တညံညံ ဖြစ်နေသော အခါ သမယ၌ ရွာ ထဲတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသောကြောင့်တည်း ။
ကာလနာ ဟူသော စကား မှာ ခွေးအူသံ ကဲ့သို့ပင် မင်္ဂလာ မရှိသော စကား ဖြစ်သည် ။ ရွာ ထဲရှိ လူတို့သည် ထိုစကား ကို ပင်လျှင် ဖုတ် ပြိတ္တာ တစ္ဆေ သရဲ ပူးကပ်နေသော စကား ဟု ယူဆကာ ကာလနာ ဟူ၍ပင် မသုံး ။ ကပ်နာ လိုလို ၊ ရေငတ်ဝမ်းကျ လိုလို ၊ ဟိုလိုလို သည်လိုလို တောင် မရောက် မြောက် မကျသော ဝေါဟာရတို့ ကို တိုးတိုး တိုးတိုး ညည်းရင်း ၊ တစ်ဦး က လောကကြီး မှ ထွက်မြောက် သွားသည် ရှိသော် တစ်ဦး က သုတ်သီးသုတ်ပျာ နှင့် လိုက် ပို့ရှာသည် ။ တစ်ခါတစ်ခါ တစ်ယောက် က တစ်ယောက် ကို လိုက်ပို့ရင်း နှင့် နှစ်ယောက် စလုံး လူ ရွာသို့ တစ်ဖန် ပြန်မလာနိုင်သည့် အခြေသို့ ရောက်ရရှာသည် ။
ရွာသား တို့ မှာ အလွန် ရှေးကျသည် ။ သနားဖွယ် ကောင်းလှ၏ ။ ဤ ကပ်ရောဂါ သည် အဘယ့်ကြောင့် ဤ ရွာ သို့ ဆိုက်ရောက်ခဲ့ပါသနည်း ။ ရွာသူရွာသား တို့သည် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်သူများ ဖြစ်သည် ။ တစ်ဦး ကို တစ်ဦး စည်းစောင့်ကြသည် ။ ချစ်ချစ်ခင်ခင် ရှိကြသည် ။ ဘုရားသွား ကျောင်းတက် အလှူရေစက် လက်နှင့် မကွာသူများ ဖြစ်ကြသည် ။ သို့နှင့်ပင် အဘယ်ကြောင့် မကောင်းဆိုးဝါး တို့ သည် ရပ်ထဲ ရွာထဲ သို့ ဝင်လာ ပါသနည်း ။ မိဘရိုးရာ အတိုင်း ခေါစာပစ်သူ က ပစ်ကြပါသည် ။ ဆွမ်းတင် သူ လည်း တင်ကြပါသည် ။ လမ်းဆုံလမ်းမ လမ်းလေးခွ ၌ ရွာဦးကျောင်း မှ ဘုန်းတော်ကြီးများ သည် လည်း ပရိတ် ရွတ်ကြပါသည် ။ သို့သော် မကောင်းဆိုးဝါး သည် ဤ ရွာ မှ ထွက်မသွား ။ တဖြည်းဖြည်း နှင့် မကောင်းဆိုးဝါး ဖမ်းစားသည် ထက် ဖမ်းစားလာသော အခါ တစ်နေ့တည်း ပင် နှစ်လောင်း ၊ သုံးလောင်း မသာ ချရသည် ။ ရက် အတန် ကြာသော် နှစ်လောင်း ၊ သုံးလောင်း မကပြီ ။ ဘယ်နှစ်လောင်း မှန်း မသိ ။ နံနက် ရောဂါ ဖြစ် ၊ နေ့လယ် တွင် ရောဂါသည်း ၊ ည တွင် ကိစ္စတုံး ။ ထိုအခါ ဘိန်းစား ကို ကပျာကသီ ငှား၍ အလောင်း ကို ဖျာ နှင့် လိပ်ကာ ညတွင်းချင်း သင်္ဂြိုဟ်ရရှာသည် ။
အင်း တစ်ရွာလုံး သူတော်ကောင်းချည်း ဟု အောက်မေ့သည် ။ လက်စသတ်တော့ ရွာ ထဲ မှာ ဘိန်းစား ငှားလို့ အရသားပဲ ။ ဒါကြောင့် တစ်ရွာလုံး ကံမကောင်းတာပဲလား ။ တချို့ အဘိုးကြီး အဘွားကြီးများ သည် သေခါနီး လေလေ ၊ ဘဝ ကို တွယ်တာ လေလေ ဖြစ်ပြီးလျှင် ပါးစပ် က ထိုကဲ့သို့ ဗျစ်တောက် ဗျစ်တောက် နှင့် ညည်းသည် ။
မှန်၏ ။ ရွာ ကို က ကံမကောင်း ။ ကံ ဘယ့်နှယ် ကောင်းနိုင်ပါ့မလဲ ၊ ဉာဏ် က မရှိဘဲကိုး ။ ဉာဏ် ဘယ် ရှိပါ့မလဲ ၊ ဝီရိယ ကလည်း ချို့တဲ့ပေသကိုး ။
လောက၌ ကံ ၊ ဉာဏ် ၊ ဝီရိယ ဟူ၍ သုံးခု ရှိသည် ။ ဝီရိယ မှာ သိအောင် ၊ တတ်အောင် ၊ ကျွမ်းကျင်အောင် လုပ်သော လုပ်အား ဖြစ်သည် ။ ထိုလုပ်အား ကို သုံးလျှင် တတ်သိ ကျွမ်းကျင်၍ ထမင်း တစ်လုပ် ဝဝ စားရသည် ၏ အခြားမဲ့၌ ဤ အကျိုးကြောင့် ဤ အကြောင်း ၊ ဤ အကြောင်းကြောင့် ဤ အကျိုး ဟူ၍ သိလာတတ်သည် ။ ဤသို့ သိလာလျှင် ဉာဏ်ရှိသည် ဟု ခေါ်သည် ။ ထို ဉာဏ်ဖြင့် ပိုင်းခြား ဝေဖန်လျှင် ကာလနာ တိုက်ရခြင်း ၏ အကြောင်းရင်း ကို သိလာကြမည် ။ အကြောင်းရင်း သိလျှင် အစားအသောက် ၌ အထူး သန့်ရှင်းအောင် ဂရုစိုက်မည် ဖြစ်၍ ရောဂါ ကို ဉာဏ်စွမ်းဖြင့် ကာကွယ်နိုင်မည် ။ ဤသို့ ကာကွယ်နိုင်လျှင် ကံကောင်းသည် ဟု ဆိုရမည် ။
ယခုမူကား ရွာသူ ရွာသား တို့မှာ ကာလနာတိုက်ခြင်း သည် အစားအသောက် မှ တစ်ဆင့် ကျရောက်သော ရောဂါပိုးကြောင့် ဖြစ်သည် ကို မသိ ။ သိအောင်လည်း ဝီရိယ မစိုက်ခဲ့ ။ ဝီရိယ မရှိ ၍ ဉာဏ် မရှိ ။ ဉာဏ် မရှိတော့ ကံရှိတိုင်းမွဲ ။ အဲသလို ဖြစ်လာလျှင် ကံမကောင်း ဟု ဆိုကြရသည် မဟုတ်လော ။
ဪ သနားစရာ ။ သို့သော် မရဏတရား သည် ထို ရွာသူ ရွာသား တို့ကို သနားသည်လည်း မဟုတ် ၊ မသနားသည် လည်း မဟုတ် ။ သူ့ အချိန် စေ့၍ သူ့ အလှည့်ကျလျှင် သူ့ အလုပ် ကို တွင်တွင် လုပ်သွားသည် ။ သူ့ အလုပ် တွင်ကျယ်လေ ၊ ခွေးများ အူလေလေ ။ ခွေးအူလေ ၊ ပရိတ်ရွတ်သံများ ညံ လေလေ ။ သို့ရာတွင် ရွာသူရွာသား တို့၏ စားအိုးစားခွက် ၌ ယင်ကောင်များ ရွှင်မြူးစွာ ဝဲလျက် ။ ငါးပိအိုး ၌ လောက်ကောင်များ ပျော်ပျော်ကြီး ခဲလျက် ။
ဘထွန်းဖြူ မှာ သားသမီး မရှိ ။ ရပ်ရွာ ထဲ တွင် အသက် အကြီးဆုံး လိုလို ဖြစ်၍ ငယ်နာမည် ထွန်းဖြူ ၏ ရှေ့တွင် ဘ တစ်လုံး ပေါက်၍ လာပြီ ။ သို့သော် စပါး တစ်အိတ် ကို တစ်ယောက်တည်း ပင့်နိုင်သေးသည် ။ ထို့ကြောင့် တောသူတောင်သား လယ်သမား သားမြေး ဖြစ်သော သူ ၏ တူမ ယောက်ျား အိမ်တွင် အလုပ် ကူ လုပ်ပေးရင်း ရှေးရွာကြီးများ ၌ အခြေတည်သော ဘုံဝါဒ အရ တူများ ၊ တူမများ ၏ ပေးစာကမ်းစာ ကို ကောင်းစွာ စားသောက် တင်းတိမ်နေသူ ဖြစ်သည် ။ စားရ မှာ မပူ ၊ သောက်ရ မှာ မပူ ၊ အချိန်တန်၍ ထမင်းပွဲ ပြင်လျှင် ခေါင်းရင်း က သူ တက်၍ စားရသည် ။ ရပ်ထဲ ရွာထဲ မှာ ခွေးတွေ အူနေ သော်လည်း ဘထွန်းဖြူ မှာ “ ထမင်းစားလို့ မြိန်သကွယ် ။ အင်း ၊ အုန်းထမင်း ချက်တယ် ဆိုတော့ မြိန်သဟေ့ ။ ကြက်သား နဲ့ ဘူးသီး ဆီပြန် ကလေး။ကလည်း အစပ်တဲ့သကွယ့် ။ ဘ ဖြင့် ဆာဆာ နဲ့ စားလိုက်တာ အတော် ဝင်သကွယ့် ။ ဩော် ငါ့တူ နဲ့ တူမများ ကျန်းမာပါစေ ၊ ချမ်းသာပါစေကွယ် ”
ဤသို့ ဘထွန်းဖြူ က ဆုပေးသောအခါ တူ နှင့် တူမများ က “ ဘရယ် ၊ ခုလို မကောင်းဆိုးဝါး ကျနေတဲ့ အချိန် မှာ ဘ ဟာ ပူပူနွေးနွေးတုန်းက စားဖို့ ကောင်းတယ် ။ ခုတော့ ကျွန်တော် ကျွန်မတို့စားပြီး ထမင်းတွေ အေးကုန်မှ ဘ စားတာ စိတ်မချဘူး ။ အိမ် မှာတော့ အဆောင် ဘာမှ မရှိဘူး ဘ ရဲ့ ။ ငန်းသန္နိပါတ်ဆေးကလေး ပဲ မျိုလိုက်ပါလား ” ဟူ၍ စိုးရိမ်တကြီး ပြောသည် ။
“ အိုကွယ် ၊ တောက်တီးတောက်တဲ့ ။ ငါ မာပါတယ်ကွယ့် ။ ဒီအသက် ဒီအရွယ် နဲ့ ငါ တစ်ခါ မှ ဆေးမသောက်ဖူးဘူး ။ ဘ ဟာ ဘယ်တော့မှ ကပ်ကြီး သုံးပါးနဲ့ သေရမယ့်လူ မဟုတ်ဘူးကွယ့် ။ ဘ ငယ်ငယ်တုန်း က မန္တလေး က ဆင်းလာတဲ့ ဗေဒင်ဆရာအကျော် ပုဏ္ဏားကြီး က ဟောဖူးသကွယ့် ။ သူ့ ဟောစာတန်း အလို က ဘ ဟာ ခေါင်း ကို တူရွင်း နဲ့ ရိုက်မိတဲ့ ဒဏ်ရာ နဲ့ သေရမယ် လို့ ဟောဖူးသကွယ့် ။ အေး ၊ ဥပစ္ဆေဒက ကံပေါ့လကွယ် ။ အောင်မယ် ၊ ဒီ ဗေဒင်ဆရာ က အမှန်သားကွယ့် ။ ရည်းစားဦး နဲ့ လွဲရမယ်လို့ ဟော သေးသကွယ့် ။ ဟုတ်တာပဲဟေ့ ၊ ရည်းစားဦး နဲ့ လွဲပြီး ငါ့ တူမကြီး ရဲ့ ကြီးတော် နဲ့ အကြောင်းပါခဲ့တယ် မဟုတ်လား ”
ထိုအခါ တူမ လုပ်သူ က “ ဘထွန်းဖြူရယ် ၊ ကြီးတော် ရှိတုန်းက ခဏခဏ ပြောဖူးပါတယ် ။ နောက်ဖေး က ဒေါ်လွမ်းမေကြီး ကို ဘကြီး ငယ်ငယ်တုန်းက အတော် ပိုးခဲ့တယ်ဆိုပဲ ”
“ ဪ လွမ်းမေ ၊ လွမ်းမေ ။ သူ လည်း ငါ နဲ့ လွဲ ကတည်းက လင် မယူဘူးဟဲ့ ။ အဲဒါ သူ့ အပြစ် မဟုတ်ဘူး ၊ ငါ့ အပြစ်လဟဲ့ ။ သူ က ငါ့ ကို ကြိုးစား ပမ်းစား အလုပ် လုပ်စားမယ့် လူ မဟုတ်ဘူးလို့ ထင်တယ် ။ အေး ငါ ကလည်း ခြေမွေး မီးမလောင် ၊ လက်မွေး မီးမလောင် နေလာတဲ့ လူ ဆိုတော့ ပင်ပင်ပန်းပန်း ဘာတစ် ခု မှ မလုပ်ခဲ့ဘူး ။ ဒီတော့ ထင်စရာပေါ့ကွယ် ။ အေး ၊ တစ်ခုတော့ ရှိရဲ့ ။ နင့် ကြီးတော် နဲ့ ကျမှ ငါ အငြိမ် ကို မနေရတော့ဘူးဟဲ့ ။ လုပ်လိုက်ရတဲ့ အလုပ် ။ ဪ ခုတော့ နင့် ကြီးတော် ပန်းဘုံလည်း မရှိဘူး ၊ လွမ်းမေ သေတာလည်း သုံးနှစ် ရှိသွားပြီ ”
ဘထွန်းဖြူ သည် မျက်ရည်စ ကို လက်နှင့် သုတ်ရင်း ဆီမီးခွက် ကို မီးစ နှင့် ညှိ၍ ထွန်းသည် ။ ခွေးတွေ က အူမြဲ ။
“ နောက်ဖေး သွားလိုက်ဦးမဟေ့ ” ဟု ဘထွန်းဖြူ က သူ့ တူမ ကို အော်ပြောသည် ။
ဘထွန်းဖြူ နောက်ဖေး သွားလျှင် ချေးအပင် ပေါက်အောင် ယိုသည် ဟု ဓာတ်သိသူများ က ဆိုစမှတ် ပြုသည် ။ ထို့ကြောင့် သူ့ တူမ က “ အင်း ဘကြီး ချေးယိုရင် တော်တော်နဲ့ ပြီးမှာ မဟုတ်ပါဘူး ။ ဘကြီး အိမ်ပေါ် ပြန်တက်ရင် သာ နောက်ဖေးတံခါး ပိတ်ခဲ့ပေတော့ ။ ကျွန်မတို့ အိပ်တော့ မယ် ” ဟု ဆို၏ ။
အင်း ၊ သည်တစ်ခါတော့ ချေးအပင်ပေါက်ရုံ တွင် မက ထို အပင်ကြီး မှ အကိုင်းအခက် အသီးအပွင့်တွေ ဝေဝေဖြာ ပြီး ထွက်လာလေရော့လား ။ ပထမတော့ ခပ်ပျော့ပျော့ ဝမ်းပါပဲ ။ နောက်တော့ အရည်တွေ ဒလဟော ဆင်းသည် ။ သည့်နောက် ဝမ်း ထဲက ရစ်တစ်တစ် နှင့် သလိပ် လိုလို ချွဲ လိုလို အပူအပုပ် အခိုးတွေ ကလည်း ကျဆင်း၍ လာပြီ ။
ဘထွန်းဖြူ ၏ တူ နှင့် တူမများ မှာ စောစော အိပ်ပျော်လျက် ရှိကြ သည် ။ ဘထွန်းဖြူ ကား နောက်ဖေးတံခါး ဖွင့်လိုက် ၊ အိမ်သာ သွားလိုက် ၊ ပြန် တက်လာလိုက် ၊ တံခါး ပြန် ပိတ်လိုက် ၊ တံခါး ပြန် ဖွင့်လိုက် ၊ တစ်ခါ ပြန် ဆင်းလိုက် ၊ တစ်ခါ ပြန် တက်လိုက် ၊ တစ်ခါ ပြန်ပိတ်လိုက် ၊ တစ်ခါ ပြန်ဖွင့် လိုက် ၊ တစ်ခါ ပြန် ဆင်းလိုက် ၊ တစ်ခါ ပြန် တက်လိုက် ၊ တစ်ခါ ပြန်ပိတ်လိုက် ။ တစ်ခါ နှစ်ခါ သုံးခါ လေးငါးခြောက်ခါ ခုနစ်ခါ ။ ကြာတော့လည်း ဘယ် နှစ်ခါ ဟူ၍ မမှတ်မိ ။ အိပ်ရာ ထဲတွင် မျော နေသည် ။ ခွေးတွေ က အူမြဲ ။
ခွေးအူသံများ ကြားမှ အောက်အီးအိအု ဟု တွန် လိုက်သော ကြက်သံ သည် စူးရှစွာ ပေါ်ထွက်လာသည် ။ ဤ ကြက်ဖကလေး မှာ ယခုမှ လူပျိုဖော် ဝင်စ ဖြစ်သည် ။ ထို့ကြောင့် ငယ်သံ မပျောက်သေး ။ ထို့ကြောင့် အောက်အီးအိ ပြီးလျှင် အွတ် ရမည့် အစား အု ၍ နေသည် ။
“ အလို ကြက်တွေ တွန်ပြီ ။ ခုထက်ထိ ဆီမီးခွက် က မှိတ်တုတ် မှိတ်တုတ် နဲ့ ပါကလား ” ဟု ဘထွန်းဖြူ ၏ တူမ က သူ့ လင် ကို နှိုး၍ ပြောသည် ။
“ အေးဟ ၊ နေပါဦး ။ ဘထွန်းဖြူကြီး အိပ်များ ပျော်နေရော့သလား ” ဟု ဘထွန်းဖြူ ၏ တူ က ပြောပြီးလျှင် အိပ်ခန်း မှ အပြင် ထွက်လာသည် ။ ဘထွန်းဖြူ သည် ကြမ်းပြင် ပေါ်၌ ခွေ၍ လဲနေသည် ။ မျက်စိ မှာ ဟောက်နေပြီ ။ နှုတ်ခမ်း ကား တွန့်၍ ။
“ ဟဲ့ သင်းမေ ၊ လာပါဦးဟ ။ နင့် ဘကြီး ဘာဖြစ်သလဲ မသိဘူး ” ဟု ဘထွန်းဖြူ ၏ တူ က သူ့ မိန်းမ ကို လှမ်း၍ ခေါ်သည် ။
သင်းမေ သည် ပျာပျာသလဲနှင့် ထဘီ ကို စွန်တောင်ဆွဲကာ ထွက်လာသည် ။
“ အမလေး ကိုဖြိုးသာ ရေ ၊ တစ်ခါဖြင့် ကိုယ်ကျိုး နည်းပါပေါ့လား ။ အဟီး ဟိ ဟိ ” ဟူ၍ သင်းမေ က ငိုသံပါကြီးဖြင့် အော်သည် ။
ကိုဖြိုးသာ သည် ဘထွန်းဖြူ ၏ လက် မှ သွေး ကို စမ်းကြည့်သည် ။ လက်ဖျား ပဲကြီးတွန့်နေပြီ ။ သွေး ကို တစ်ချက်မျှ စမ်းမရချေ ။
“ မရှိဘူး ၊ မရှိဘူး ။ ခက်ကြပြီ သင်းမေရဲ့ ။ အချိန်မတော်ကြီး မှာ ဘယ့်နှယ် လုပ်ရမလဲ ”
“ ဘိန်းစား ငလုံး ကို သွားခေါ်ချေ ။ ဒါမျိုးဟာ ကြာကြာထားလို့ မတော်ဘူး ”
“ နင် သွားခေါ်လဟာ ၊ ငါ ကြောက်တယ် ”
“ အမလေးတော် ၊ ယောက်ျားတန်မဲ့နဲ့ ရှင်ကများ ကျုပ် ကို မှောင်ကြီး ထဲ လွှတ်ရသေးသလား ”
သင်းမေ သည် ပထမ ငိုပါသည် ။ သို့သော် ယခုအခါ သူ့ မျက်ရည် များ ဘယ်သို့ရောက်ကုန်ပြီ မသိပါ ။ ကရုဏာရသ မှ သည် ဒေါမနဿ သို့ ရုတ်ခြည်း စိတ်ပြောင်း သွားသည် မှာ အံ့စရာ ။
စင်စစ်တော့ အံ့စရာ မဟုတ် ။ ယောက်ျားသနာ က မိန်းမသားကို ဤသို့ ခိုင်းရက်သည် မှာ ဒေါပွစရာပင် မဟုတ်လော ။
သို့သော် ဒေါပွ လို က ပွစေ ၊ ငါ တော့ဖြင့် မသွားဝံ့ဘူး ။ ကိုဖြိုးသာ က ဤသို့ တွေးမိသည် ။ သင်းမေ ကမူ မိန်းမသား မို့ ဤကဲ့သို့သော ကိစ္စမျိုး ကျလျှင် တင်္ခဏုပ္ပတ္တိဉာဏ် သုံးတတ်သည် ။ ထို့ကြောင့် ဘယ်သူတို့ ဘယ်ဝါ တို့ လာကြပါဦးရှင် ။ ဘိန်းစားငလုံး ခေါ်ပေးစမ်းပါ ။ ဘကြီး ဘယ်သို့ဘယ်ပုံ ဖြစ်နေပါပြီ ဟု အိမ်နီးပါးချင်းတို့ ကို အော်၍ ခေါ်လေသည် ။ ရွာကလေး မှာ များစွာ ကြီးလှသည် မဟုတ်လေရကား တစ်အိမ် တစ်ဆင့် ပြောလိုက်ကာမျှ နှင့်ပင် ဘိန်းစား ငလုံး သည် အဖော် တစ်ဦး နှင့်အတူ ရောက်လာသည် ။
ဘိန်းစားငလုံး က ဘထွန်းဖြူ ၏ ကြွင်းကျန်သော ရုပ်ကလာပ် ကို သပေါ့ဖျာ ထဲ ထည့်၍ လိပ်သည် ။ ၎င်းနောက် သပေါ့ဖျာ ကို သင်ပန်းလျှော်ကြိုး ဖြင့် ပတ်၍ ချည်သည် ။ ချည်ပြီး မှ တစ်ဖန် ကူးတို့ခ ထည့်ရန် မေ့နေ၍ ကပျာကသီ ပြန် ဖြေရသေးသည် ။ နောက်ဆုံး၌ အသုဘ ဆိုင်ရာ ကိစ္စအဝဝ တို့ကို ပြုလုပ် ပြီးစီးလေသော် ဘိန်းစားငလုံး သည် ထို သပေါ့ဖျာလိပ်ကြီး ကို တိုင် နှင့် လျှို၍ သူ့ အဖော် ၏ အကူအညီ ကို ယူကာ ထမ်းလေသည် ။ သူ့ အဖော် က ရှေ့က ထမ်းရင်း ရေနံဆီမီးခွက်ကြီး ကို ကိုင်၍ လမ်းပြသည် ။
“ အမလေး ဘကြီးရဲ့” ဟု သင်းမေ က ညှစ်၍ ငိုကာ နောက်ဆုံး အလေးပြု လိုက်သည် ။
ဘိန်းစားငလုံး သည် သုသာန် သို့ သွားရာတွင် လမ်း ၌ သုသာန် မှ ပြန်လာသော အခြား ဘိန်းစားများ ကို တွေ့ ရသည် ။ ထို ဘိန်းစားများ က ငလုံး အား “ ဘယ်သူလဲဟေ့ ” ဟု မေးသည် ။ ငလုံးက “ ဘထွန်းဖြူလကွ ” ဟု ဖြေသည် ။ “ ငါတော့ ဒီည ထိ ငွေတစ်ဆယ် ရပြီကွ ။ တစ်လောင်း ငါးကျပ် နဲ့ သုံးလောင်း ရှိသွားပြီ ” ဟူ၍ ညတွက် စီကြောင်း ကို ငလုံး က ဆက်ပြီး ကြွားလိုက်သေးသည် ။
“ နင့်အမေကလွှား ၊ တစ်လောင်း ငါးကျပ် နဲ့ သုံးလောင်း တစ်ဆယ် လားကွ ” ဟူ၍ ပြန်လာသော ဘိန်းစား တစ်ဆိုင်း က ငေါက်၍ မေးသည် ။
“ မင်း မသိပါဘူးကွာ ၊ ဟို တစ်ခုက ကုသိုလ်ဖြစ်လဟ ” ဟု ငလုံး က ပြန် ပြောသည် ။
တစ်အောင့်လောက် ကြာသော် သုသာန် သို့ ရောက်သည် ။ ငလုံး သည် ကပျာကသီ တွင်းတူး လေသည် ။
နံနက်ခင်း လေးနာရီ မို့ နှင်းကလေး တဖွဲဖွဲ ပက် နေသည် ။ ထို နှင်းပေါက်များ မှာ တဖြည်းဖြည်း ကြီး လာသည် ။ ဖက်ရွက်များ ပေါ်သို့ တဖောက်ဖောက် ကျနေသည် ။ တဖောက်ဖောက် ကျရာ မှ တစ်ဖန် အသံပြင်း လာ ပြီးလျှင် တဖြောက်ဖြောက် ကျပြန်သည် ။
“ ဟင် ၊ မိုးနှင်းကလေး တဖွဲဖွဲ ရွာပါပေါ့လား ။ မြန်မြန် လုပ်မှဟေ့ ၊ ဒီ့ထက် မိုး ပြင်းလာရင် တွင်း အတူးရ ခက်မယ် ” ဟု ငလုံး က သူ့ အဖော် ကို ပြောပြီးလျှင် သူ က ခဏ အနားယူသည် ။ သူ့ အဖော် က ဆက်၍ တူးသည် ။ ပြောရင်းမတ်တတ် မိုးသည်း လာသည် ။ မိုးတဖွဲဖွဲ တွင် ရွာထိပ် က ခွေးများ အူပြန်ပြီ ။ ခွေး တစ်ကောင် က ဝူဝူ ဟု တိုင်ပေးသည် ။ ကျန် ခွေးများ က ဝူဝူး ဟု လိုက် အော်ကြသည် ။ ထိုအတွင်း ဘထွန်းဖြူ ၏ ရုပ်ကလာပ် ပေါ်သို့ မိုးသီးမိုးပေါက်များ ကျလာသည် ။
ငလုံး ၏ အဖော် က ငလုံး အား “ ဒီလောက် တွင်းနက်ရင် တော်ရော ပေါ့ကွာ ” ဟု ဆိုသည် ။
ငလုံး က “ အေး အေး ၊ ခွေးမယက် နိုင်ရင် ပြီးတာပါပဲကွာ ” ဟု ဆိုသည် ။
ထို့နောက် နှစ်ဦးသား ဘထွန်းဖြူ ခိုအောင်းလျက် ရှိသော သပေါ့ ဖျာလိပ်ကြီး ကို တွင်းသို့ ချသည် ။
ဘိန်းစားငလုံး က “ ဟ ၊ သပေါ့ဖျာ က အသစ်ကြီး ရှိသေးတယ်ဟ ။ သပေါ့ဖျာ ပါ မမြှုပ်လိုက်နဲ့ ။ တို့ ယူထားပြီး ရောင်းစား ရင် ဘိန်း တစ်မူးသား တစ်မတ်သားဖိုး လောက် ရနိုင်တာပဲ ” ဟု ဆိုသည် ။
ငလုံး အဖို့ ရုပ်တရား နာမ်တရား ဆိုသည်မှာ အဓိပ္ပာယ် မရှိချေ ။ သေသူ က သေပြီ ၊ ရှင်သူ က ရှူဖို့ ကိစ္စ ရှိသေးသည် ။ သတ္တဝါ ဟူသည် သေပြီးသည် ၏ အခြားမဲ့၌ ဘာမျှမရှိ ၊ အလဟဿ အချည်းနှီး ၊ အသုံးမဝင် ။ သပေါ့ဖျာ သည် လူသေကောင် ထက် အသုံးဝင်သည် ။
ရက်စက်ပါပေ့ ငလုံးရယ် ။ သို့ပေမယ့် ငလုံး အဖို့ ငလုံး ၏ တွေးတောချက် မှန်ကန်သည် ။ ထို့ကြောင့် ငလုံး သည် သပေါ့ဖျာလိပ်ကြီး ကို ဖြေ၍ ဘထွန်းဖြူ ကို ဆွဲပြီးလျှင် တွင်း ထဲသို့ ပစ်ချလိုက်သည် ။
ဘထွန်းဖြူ မှာ အတော် အောင့်သွားသည် ။ ပါးစပ် က “ ကျွတ် ကျွတ် ” ဟူ၍ပင် ညည်းလိုက်မိသေး၏ ။ သို့သော် ငလုံး နှင့် သူ့ အဖော်တို့ က မကြား ။
ဘထွန်းဖြူ သည် ဘယ့်နှယ်ကြောင့် အေးစက်စက်ကြီး ထဲ ရောက်နေ ပါလိမ့် ဟု တွေးမိသည် ။ စောစောက မိုးသီးမိုးပေါက်များ သူ့ ကိုယ်ပေါ် ကျလာသည် ။ အအေးဓာတ် နှင့် တွေ့တော့ မှ အနည်းငယ် လန်းလာ သလိုလို ရှိသည် ။ သို့သော် ဓာတ်လျှော ထားသည် မှာ အခါ နှစ်ဆယ် အစိတ်ကျော် မို့ မလှုပ်ချင် ။ မိုးရေကလေးများ ပါးစပ် ထဲ စီးဝင်လာသည် ကို လျက်ပြီး အားယူ ဆဲမှာ ဘယ့်နှယ်ကြောင့် လျှောခနဲ ကျသွားရပါသနည်း ။ ရင် ထဲ ၌ အေးခနဲ ရှိသည် ။
“ အလို ၊ ငါ တွင်းထဲ ရောက်နေပါကလား ။ ဟင် မှားကုန်ပြီ ၊ မှားကုန်ပြီ ” ဤသို့ ဘထွန်းဖြူ သည် တွေးရင်း တောရင်း နှင့် တွင်း ထဲမှ ခေါင်း ထောင် ထသည် ။ တွင်း မှာ သုံးတောင် မျှပင် နက်သော တွင်း မဟုတ်၍ ဘထွန်းဖြူ ၏ ခေါင်း မှာ တွင်းဝ ၌ ပေါ်လာသည် ။
အရှေ့ပြုပ္ပါ ဝိဒေဟာ မှ လင်းရောင်ခြည် သည် လောကဓာတ် တစ်ဝန်းလုံး အား သေရာ မှ ပြန်၍ ရှင်လာအောင် ဆောင်ကြဉ်းအံ့ ဟူသော အကြံအစည် ဖြင့် ဘွားခနဲ ပေါ်ထွက်လာသည် ။ သို့ရာတွင် လင်းအား မရှိသေး ။ လောကဓာတ် တစ်ခုလုံး မှာ အမှောင် နှင့် အလင်း စပ်ကြားဝယ် မှောင်ရ ကောင်းနိုးနိုး ၊ လင်းရ ကောင်းနိုးနိုး နှင့် မဝေခွဲနိုင်အောင် ဖြစ်နေသည် ။
ထို မှုန်မွှားသော အရောင် ၏ အောက်ဝယ် ငလုံး သည် ဆေးပေါ့လိပ် ကို မှိန်း၍ ရှူနေသည် ။ သူ ၏ အဖော်သည် လည်း ဘိန်းတစ်ငိုက် လောက် ငိုက်ပြီးခါ မှ မြေဖို့အံ့ ဟူသော သန္နိဋ္ဌာန် ဖြင့် မြေစာ ကို ယက်၍ တွင်းထဲ ဖို့သည် ။ သို့ရာတွင် ဘထွန်းဖြူ ၏ ဦးခေါင်းကြီး က -
“ မင်း ဘယ်လို လုပ်တာတုံး ” ဟု ငေါက်၍ မေးလိုက်ဘိ သကဲ့သို့ ။ ငလုံး ၏ အဖော် မှာ တစ်အောင့်လောက် မြောသွားသည် ။ သတိ တစ်ဖန် ပြန် လည် လာသော အခါ “ အမလေးဗျ ” ဟု တစ်ချက်မျှ အော် ပြီးလျှင် နောက်သို့ ခုန်လိုက်သည် ။ ထိုအခါ ငလုံး သည် “ ဘိန်းလန့် ” သွားသည် ။
“ ဒင့်အမေကလွှားတဲ့မှ ။ ဖုတ်ဝင်တာဟ ၊ ဖုတ်ဝင်တာ ” ဟု ငလုံး သည် ကြောက်လန့်တကြား အော်၍ လက် တွင် ကိုင်ထားသော တူရွင်း နှင့် ဘထွန်းဖြူ ၏ ဦးခေါင်း ကို တအား ရိုက်ခွဲ၍ မြေဖို့ လေ၏ ။
ဤသို့လျှင် ဘထွန်းဖြူ သည် လာပြီးသော လမ်းအတိုင်း ပြန်၍ သွားရလေသတည်း ။
ဤသည်တွင် မှ အရှေ့ လောကဓာတ် မှ နေမင်း သည် ကမ္ဘာကြီး တစ်ခုလုံး သို့ ပြန်လည် အသက်သွင်းရန် အလို့ငှာ မိမိ ၏ နီမြန်းသော ဝတ်ရုံကြီး ကို ထင်လင်းစွာ ပြလိုက်လေသည် ။
⎕ မောင်ထင်
📖ရှုမဝ မဂ္ဂဇင်း
မတ် ၊ ၁၉၅ဝ
No comments:
Post a Comment