Sunday, June 1, 2025

ဖြေ လည်း‌ ပြေပါနိုင် ( မန်းတင် )


 ❝ ဖြေ လည်း‌ ပြေပါနိုင် ❞

           ( မန်းတင် )


ဆရာမကြီး သည် သူငယ်မ ကို ကြည့်၍ ပြုံးလိုက်လေ သည် ။ 


သူငယ်မ ရဲ့ ပဋိသန္ဓေ ဟာ ရိုးရိုးတန်းတန်း မှ ဟုတ်ပါ့ မလား ။ ဘာပြုလို့ သူ ဒါလောက် စိတ်မချမ်းမသာ ဖြစ်နေရ သလဲ ။ မီးဖွားရမှာ ကို များ တွေးပြီး ကြောက်နေလေရော့သ လား ၊ ပထမသား ဆိုတော့ ... ကြောက်မယ် ဆိုလည်း ကြောက်စရာပဲ ။ သူ ကိုယ်တိုင် ကလည်း ငယ်ငယ်ကလေး ရှိသေးတာပဲ ။ သူ့ အသက်အရွယ်ကလေး နဲ့ လှကလှသနဲ့ ။ 


ဆရာမကြီး သည် တသီတတန်းကြီး တွေးမိလေသည် ။ သူ့ အဖို့ မီးဖွားခြင်း ကိစ္စသည် မထူးဆန်းလှ သော်လည်း သူငယ်မလေး အတွက် အလွန် တာဝန်ကြီးသည့် ကိစ္စကြီး တစ်ခု ဖြစ်ကြောင်း ကိုလည်း သူ တွေးမိသည် ။ 


“ သူငယ်မ နာမည် ” 


ဆရာမကြီး က ခပ်သွက်သွက် မေးလိုက်သည် ။ သူငယ်မ ၏ မျက်လုံးအိမ် အစုံတွင် မျက်ရည်တွေ ဥ နေသည်ကို သတိထားမိသည် ။ 


“ ရင်ရင်မြ ” 


သူငယ်မ က တုန်တုန်ရီရီ နှင့် ဖြေလေ သည် ။ 


“ သူငယ်မ ခင်ပွန်းနာမည် ” 


“ ကိုဘသိန်း ” 


သူငယ်မ သည် ဖြေရင်း ပါးပြင်နုနုကလေး ပေါ်တွင် လိမ့်ဆင်းလာသည့် မျက်ရည်လုံးကလေး များ ကို အင်္ကျီလက် နှင့် သုတ်လိုက်လေသည် ။ 


“ အသက် ” 


“ ဆယ့်ရှစ်နှစ် ” 


“ သူငယ်မ ပြောတဲ့အတိုင်း နဲ့ ဆရာမကြီး စမ်းသပ်ကြည့်လို့ သိရတာနဲ့ ဆိုရင် သုံးလ လောက်တော့ ရှိပြီထင် တယ် ။ သူငယ်မတို့ လို သန်သန်မာမာ ဆိုတော့ မီးဖွားရမှာ ဘာမှ ကြောက်စရာ မရှိပါဘူး ” 


“ ကျွန်မ မကြောက်ပါဘူး ဆရာမကြီး ” 


“ အေး အေး ကောင်းတယ် ” 


ထို့နောက် “ ဒါဖြင့်ရင် ဘာပြုလို့ ငိုရသလဲ ” ဟု မေးမည် ကြံပြီးမှ မိမိ နှင့် မဆိုင်ပါကလား ဟု အောက်မေ့ကာ “ ရွှင်ရွှင်လန်းလန်း နဲ့ ပြုံးရယ်နေတဲ့ ကလေး မလိုချင်ဘူး လား ” ဟု မေးလိုက်လေသည် ။ 


“ အို... လိုချင်တာပေါ့ ဆရာမကြီးရယ် ။ ကျွန်မ | အဲဒီလို ကလေးလေး ရအောင် လုပ်ပေးပါလား ” 


ရင်ရင်မြ ၏ မျက်လုံးအစုံ သည် အရောင် ရွှန်းလာပြီး လျှင် မသိမသာ ရယ်လိုက်လေသည် ။ 


“ ဆရာမကြီး မတတ်နိုင်ဘူး သူငယ်မ ဘာသာပဲ သူငယ်မ လုပ်ယူရမယ် ” 


“ ဘယ်လိုလဲ ဆရာမကြီး" 


“ စိတ်ကြည်လင်နေတဲ့ မိခင် က မွေးတဲ့ ကလေးဟာ ရွှင်လန်းကြည်လင်တာပဲ ။ ရွှင်လန်းကြည်လင်တဲ့ ကလေး ဟာ ကျန်းမာသန်စွမ်းတာပဲ ” 


ထို့နောက် ဆရာမကြီး သည် ကိုယ်ဝန်ဆောင် မိန်းမ တို့ လိုက်နာအပ်သည့် စည်းကမ်းနည်းလမ်းများ ကို ဝမ်းဆွဲဆရာမ တို့ ထုံးစံအတိုင်း ပြောပြ နေလေသည် ။ 


“ ကိုယ့်ကိုယ်ကို ဂရုစိုက်နော် ။ သိပ် အမောမခံနဲ့ ။ ကိုယ့် အိမ်မှာ လုပ်စရာ ရှိတာတော့ ပေါ့ပေါ့ပါးပါး ဆိုရင်

လုပ်ပေါ့ ။ အသေးအဖွဲ ကိစ္စလေးတွေကိုလည်း တွေးပြီးစိတ် ကို ဒုက္ခ မပေးနဲ့ ။ လူ ဆိုတာ ပူစရာပင်စရာလေးတွေတော့ အနည်းအများ ရှိတတ်တာပဲ ။ ဘာမှ စိတ်မပူပါနဲ့ကွယ် ။ အကြောင်း ရှိရင် ဆရာမကြီး ပြော ။ မလာနိုင်ရင် လူလွှတ် လိုက်တာပေါ့ ” 


ရင်ရင်မြ သည် ဆရာမကြီး အိမ်မှ ကိုက်နှစ်ရာခန့် သာ ဝေးကွာသော စမ်းချောင်းရပ် ရှိ မိမိ အိမ်ကလေး ဆီသို့ လမ်း လျှောက်၍ ပြန်လာခဲ့လေသည် ။ အိမ် ထဲသို့ ဝင် သွားလျှင် သူ့ ယောက်ျား နှင့် မိန်းမ တစ်ယောက် စားပွဲတွင် ထိုင်နေကြ လေသည် ။ သူ့ ယောက်ျား သည် ဖန်ခွက် ထဲသို့ အရက် ထည့်ရင်း သူ့ ကို မော် ကြည့်လိုက်လေသည် ။ သူ နှင့် အတူ ထိုင်နေသည့် မိန်းမ ကို ရင်ရင်မြ မမြင်ဖူး သော်လည်း ဒီလို မိန်းမတွေ ကိုတော့ မကြာမကြာ အိမ်သို့ ခေါ်လာဖူး၍ မြင် ဖူးလေသည် ။ 


ယခု ရင်ရင်မြ မြင်ရသော မိန်းကလေးသည် ငယ် ငယ်ပင် ရှိသေးသည် ။ သူ့ ဆံပင် သည် လိမ်ကောက် ကောက် အမောက်ကလေးများ နှင့် နောက်တွဲ ထုံးထား သည် ။ စက္ကူပန်းကလေး တစ်ပွင့် ကို ခပ်စောင်းစောင်း ပန် ထားသည် ။ ကြည်လင်သည့် မျက်လုံး ပေါ်တွင် နှုတ်ထား သဖြင့် သေးသွယ်သော မျက်ခုံး က မိုးနေသည် ။ သူ့ နှုတ် ခမ်းကလေးများ သည်လည်း ဆေးခြယ် ထားသဖြင့် နီရဲနေ လေသည် ။ သူ့ လက်သည်းခြေသည်းများသည် လည်း ချွန် ၍ နှုတ်ခမ်း ကဲ့သို့ပင် နီရဲနေလေသည် ။ မျက်နှာ သည်လည်း နံ့သာ အမျိုးမျိုး တို့ဖြင့် ဖြူဖွေး နေလေသည် ။ 


“ မြရေ သောင်းသောင်း လေ... ကိုကို့ မိတ်ဆွေ ” 


ဘသိန်း က ရင်ရင်မြ ကို ဆီး၍ နှုတ်ဆက်လေသည် ။ ရင်ရင်မြ သည် သူ ပြောသည့် သောင်းသောင်း ကို မမြင်ချင် ပြုနေလိုက်သည် ။ 


“ မြ ကြည့်ရတာ သိပ် စိတ်မချမ်းသာစရာကောင်းတာ ပဲ ။ ဘယ်တော့မှ ရွှင်ရွှင်ပျပျ မရှိဘူး ” 


ဘသိန်း က အရက် ခွက် ကိုင်ရင်း ပြောလေသည် ။ ရင်ရင်မြ မျက်စိ အစုံတွင် မျက်ရည်တွေ စို့လာလေ သည် ။ 


“ ကိုကို နဲ့ သောင်းသောင်း နဲ့ အလုပ် တစ်ခု အကြောင်း ကို ပြောနေကြတယ် ” 


ဘသိန်း က ဆက်၍ ပြောလေသည် ။ 


“ ဘာအလုပ်လဲ ” 


ရင်ရင်မြ က ချက်ချင်း ပြန် မေးလိုက်သည် ။ 


“ အခု ပြောလို့ မဖြစ်သေးဘူးကွဲ့  ၊ မပြီးခင် ဗမာ မမြင် စေနဲ့တဲ့ ” 


ဘသိန်း သည် သည်လို ပြောရင်း သောင်းသောင်း ကို မျက်စိ တစ်ဖက် မှိတ် ပြလိုက်သည် ။ 

သောင်းသောင်း က ပြုံး လိုက်သည် ။ ရင်ရင်မြ သည် အခန်းတွင်း သို့ ဝင်သွားလေ၏ ။ 


ရင်ရင်မြ သည် အခန်း ထဲတွင် အဝတ်အစားများ လဲ ရင်း ဆရာမကြီး ပြောလိုက်သည့် အကြောင်းများကို သူ့ ယောက်ျား အား ပြောရ ကောင်းမလား ၊ မပြောဘဲ နေရ ကောင်းမလား ဟု စဉ်းစား နေပြန်လေသည် ။ တစ်လမ်းလုံး လည်း သူ စဉ်းစားခဲ့ပြီး ဖြစ်သည် ။ ဝေခွဲ၍ မရအောင် ဖြစ်နေ လေသည် ။ “ ကလေး ရရင်တော့ ကိုဘသိန်း ဟာ ငါ့ အပေါ် မှာ ယုယုယယ ရှိမှာပဲ ” ဟု လည်း မျှော်လင့်သည် ။ အချို့ တကြက်ကြက် နေသော ဇနီးမောင်နှံတို့ ကလေး ရမှ သင့်သင့်မြတ်မြတ် ဖြစ်သွားကြသည် ကိုလည်း သူ့ တွေ့ဖူး သည် ။ 

ဘသိန်း သည် အခန်းတွင်း သို့ ဝင် လာသည် ။ ခု တင်တိုင် တွင် ချိတ်ထားသည့် ဦးထုပ် ကို ယူဆောင်းလိုက်သည် ။ 


“ ကိုယ် အပြင် သွားလိုက်ဦးမယ် ။ ကိစ္စလေး ရှိသေးလို့ ”


 ဘသိန်း ပြောနေကျ ဖြစ်သည့် “ ကိစ္စကလေး ” ကို ရင်ရင်မြ ကြားရပေါင်း များလှပါပြီ ။ 


“ ကိုကို ခဏလာပါဦး ” 


ဘသိန်း သည် သုန်သုန်မှုန်မှုန် နှင့် ကပ်လာလေသည် ။ 


“ ဒါက ဘယ့်နှယ့်ဟာလဲ ။ ဟို မိန်းမက ဘယ်သူလဲ ” 


“ ငါပြောပြီးပါပကော အလုပ် နဲ့ ပတ်သက်တဲ့ မိတ် ဆွေပါလို့ ဆိုနေ  ။ သူ နဲ့ ပတ်သက်ပြီး အလုပ် တစ်ခု ရဖို့ ရှိ တယ် ” 


“ ဘာအလုပ်လဲ ” 


“ အေး ငါ ရတော့ပြောမယ် ” 


“ ဘယ်အချိန် ပြန်လာမှာလဲ ”  


“ အသာ နေစမ်းပါကွာ ။ ဘယ်အချိန် ပြန်လာမယ်လို့ ငါ ဘယ် ပြောနိုင်မလဲ ။ မင်း သိပ်စကားကြော ရှည်တာပဲ ။ သိပ် အမေးအမြန်း ထူတာပဲ ။ ငါ ကလေး မဟုတ်ဘူး ။ ငါ ပြန်ချင်တဲ့ အချိန် မှ ပြန်မယ် ။ မင်း သိချင်ရင် ငါ ပြောမယ် ။ငါ အခု အပြင် သွားမလို့ ၊ ငါ သွားချင်ရာ သွားမယ် ၊ ငါ လုပ်ချင်ရာ လုပ်မယ် ၊ ငါ ပြန်ချင်တဲ့ အချိန် ပြန်မယ် ကိုင်းသိပလား ” 


ရင်ရင်မြ သည် ဘသိန်း ၏ လက်ကို ဆွဲလိုက်လေသည် ။ ဘသိန်း က အဆွဲမခံ ပြန်၍ ဆောင့်ဆွဲလိုက်သည် ။ 


“ ကိုကို ကျွန်မ ကိုယ်ဝန် ရှိနေပြီလို့ ဆရာမကြီး က ပြောတယ် ” 


ရင်ရင်မြ က မျက်ရည်စမ်းစမ်း နှင့် ဘသိန်း မျက်နှာ ကို ကြည့်ရင်း ပြောလိုက်လေသည် ။ သူ သည် သူ့ ခင်ပွန်း နှင့် သူ နားလည်မှု ရရှိ၍ ပျော်ရွှင်ခြင်း ၏ ရှေ့ပြေး အရိပ်အယောင် ကို မြင်ချင်ဇောနှင့် ဘသိန်း ၏ မျက်နှာ ကို ကြည့်နေ ခြင်းဖြစ်သည် ။ ဘသိန်း ၏ မျက်နှာကား သူ မျှော်လင့်သလို မဟုတ် ။ မည်းသွားလေသည် ။ 


“ အင်း .. တယ်ဟုတ်တာပဲ ၊ ပါးစပ် နှစ်ပေါက် မှ မဝရ တဲ့ အထဲ သုံးပေါက် ဖြစ်ဦးတော့မယ် ” 


ဘသိန်း သည် ရွဲ့ရွဲ့ မဲ့မဲ့ ပြောလေသည် ။ 


“ ဒါ ကျွန်မ အပြစ်လား ကိုကိုရယ် ” 


“ မင်း အပြစ် မဟုတ်ဘူး ။ ငါ ကံမကောင်းလို့ပေါ့ ” 


“ ကလေး ရမယ် ဆိုတာ ကိုကို ဝမ်းသာဖို့ ကောင်းပါ တယ် ကိုယ့် ရင်သွေးပဲဟာ ” 


“ မလိုချင်ဘူး မင်း မတတ်နိုင်ဘူးလား ” 


ရင်ရင်မြ သည် တုန်လှုပ် သွားလေသည် ။ သူ သည် ဝမ်းနည်းခြင်း ၊ ကြောက်လန့်ခြင်း ၊ ရွံရှာခြင်း ၊ ရှက်ခြင်းအစ ရှိသော ဝေဒနာ အမျိုးမျိုး တို့ကို တစ်ကြိမ်တည်း ခံစားရလေ သည် ။ သူ့ မျက်လုံးအိမ် အစုံတွင် ဥနေသည့် မျက်ရည်တို့ သည် များလာ ပြီးလျှင် ပါးပြင် ပေါ်တွင် လှိမ့်ဆင်း လာကုန် သည် ။  


“ ငါ တော့ ကလေး မလိုချင်ဘူး ၊ မင်း မတတ်နိုင်ဘူးလား ” 


ဘသိန်း က ထပ်၍ မေးပြန်လေသည် ။ 

ရင်ရင်မြ သည် မျက်ရည်တွေ ပြည့်နေသည့် မျက်လုံး များဖြင့် သူ့ ယောက်ျား ကို ကြည့်ရင်း ခေါင်းခါ လိုက်လေ သည် ။ 


“ အင်း...တော်တော်ကျရင် မီးဖွားစရိတ်နဲ့  ဆေးဖိုး ဝါးခနဲ့ ... ” 


ဘသိန်း စကားမှ မဆုံးမီ 


“ ဒါတွေကို ကိုကို ပေးရမှာ မဟုတ်ပါဘူး ။ ကျွန်မ နဲ့ ရ ကတည်းက ကိုကို က ဘာများ ကျွန်မ အတွက် ပေးရသေးလို့တုန်း ” 


ဟု ရင်ရင်မြ က ကြားဖြတ် ပြောလိုက်လေ သည် ။ 


ဘသိန်း သည် စိတ်ဆိုး သွားလေသည် ။ သူ့ အသံ သည် ကျယ်လာလေသည် ။ 


“ အေး ငါ အလုပ် မှ မရတာ ဘယ် တတ်နိုင်ပါ့မလဲကွ ။ ဘာပြုလို့ အလုပ် မရသလဲ သိလား ။ မင်းတို့လို မိန်းမတွေ က တို့ အလုပ်တွေ ကို လုယူကုန်လို့ကွ သိလား ။ ဘယ်နေရာ ဖြစ်ဖြစ် ကြည့်စမ်း မိန်းကလေးတွေ ချည်းပဲ ။ အလုပ်ရှင် တွေ ကလည်း မိန်းကလေး မှ ခန့်ချင်တယ် ။ အစိုးရ အလုပ်တွေ မလဲ ဒီလိုပဲ ။ မင်း ကော ဘာပြုလို့ အလုပ် မလုပ်နိုင်သလဲ လုပ်ချင်ရင် ရမှာပေါ့ ။ တော်ပါလေ တော်တော်ကြာ ဗိုက် ကြီး နေတာနဲ့ လုပ်နိုင်မှာ မဟုတ်ပါဘူး ” 


သူ သည် တံခါး ကို ကျောင်းခနဲ ပိတ်ပြီးလျှင် ထွက် သွားလေသည် ။ အပြင်တွင် သူ နှင့် သောင်းသောင်း ရယ် သွားသံ ကိုလည်း ကြားလိုက်ရသည် ။ ရင်ရင်မြ သည် အိပ် ရာ ပေါ်တွင် မှောက် လိုက်လေသည် ။ သူ သည် ငိုရဖန် များ၍ မငိုနိုင်တော့ ။ မျက်ရည်တွေ အများကြီး ထုတ်ပစ် နေ၍လည်း အကျိုး မထူး ၊ ခေါင်း သာလျှင် ကိုက်သည် ။ 


သူ သည် သူ့ ရင်သွေးကလေး အတွက် လည်း စဉ်းစားရဦးမည် ။ 


ထိုနေ့ည သူ့ ယောက်ျားကို ညဉ့်နက်သည် အထိ စောင့်မျှော်နေသည် ။ ဘသိန်း ကား ပေါ်မလာ နောက်တစ်နေ့ည တွင်လည်း ပြန်မလာ ။ နောက်တစ်နေ့တွင် လည်း မမြင်ရ ။ တတိယမြောက် သော နေ့တွင် စာတစ်စောင် ရောက် လာလေသည် ။ 


ထိုနေ့ တွင် သူ သည် အခြားလမ်း တစ်ခုတွင် ရှိသည့် သူ့ မိတ်ဆွေ အဒေါ်ကြီး ဒေါ်လှမေ အိမ်သို့ သွား၍ ပြန်လာ သောအခါ တံခါးဝ တွင် ကျနေသည့် စာကို တွေ့ရလေသည် ။ ဘသိန်း သည် သူ မရှိတုန်း လာထား သွားဟန်တူ သည် ။ 


ရင် 

       ဒီ စာကို ရင် ဖတ်နေတဲ့ အချိန်တွင် ကိုယ် ရန်ကုန်မြို့ ကြီးမယ် မရှိတော့ဘူးလို့ မှတ်ပေတော့ ။ ရင် တော့ ဝမ်းသာမှာပဲ ။ ကိုယ့် အတွက် ရင် တာဝန် ပေါ့သွား တာပေါ့  ။ ကိုယ် တော့ ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက် ထွက်သွားပြီ ။ ရောက်တဲ့ နေရာမယ် အလုပ် ရရင်လည်း ဝင် လုပ်နေမယ် ။ ရင် တော့ ကိုယ် မရှိတုန်း ဖြစ်သလိုသာ နေထိုင်ပေတော့ ရေစက်မ ကုန်သေးရင်လည်း ပြန် တွေ့ကြဦးမှာပေါ့ ။ 

          ဘသိန်း 


ရင်ရင်မြ ၏ စာရွက် ကိုင်ထားသော လက်ကလေး များ သည် ဆတ်ဆတ် တုန်နေလေသည် ။ သူ့ နီထွေးသော နှုတ်ခမ်းပါးကလေးများ ကိုလည်း ဖြူဖွေးသည့် သွားကလေးများ နှင့် ကိုက်ထားလေသည် ။ သူ့ ရှေ့တွင် သူလျှောက် ရမည့် ရှည်လျားသည့် ဘဝခရီးလမ်းကြောင်းကြီးကို မျှော် ၍ ကြည့် နေလေသည် ။ သည် လမ်းမကြီး ကို သူ လျှောက် နေ၍ အကျိုး ထင်ဦးမည်လော ။ လျှောက်ရကျိုး နပ်ပါမည် လာ ။ 


အချစ် အချစ် ရင်ရင်မြ အတွက် အချစ် ကို ဖုတ် ကြည်းသဂြိုဟ် လိုက်လေပြီ... အချစ် သည် သူ့ အား ပြောင် လှောင် နေလေသည် ။ အချစ်သည် သူ့ အဖို့ လုံးဝ အနှစ်သာရ မရှိ ။ ယောက်ျား ယောက်ျား ယောက်ျားသည် ရင်ရင်မြ အဖို့ ကြောက်စရာ့ သတ္တဝါ ဖြစ်သည် ။ ဘသိန်း သည် သူ့ အား ယောက်ျား ဆိုသည် ဘယ်လို သတ္တဝါမျိုး ဖြစ်ကြောင်းကို လက်ထပ် သင်သွားလေသည် ။ သူ သည် မည်သည့် အချစ် ကို မှ မယုံနိုင် မည်သည့် ယောက်ျား ကို မှလည်း မချစ်နိုင် ။ 


သည်လိုဆိုလျှင် ဘာရည်ရွယ်ချက်သည် မျှော်လင့် ချက်ကင်းသည့် ဘဝခရီး ကို အပင်ပန်းခံ၍ သွားနေဦးမည်နည်း ။ အချစ်စိတ် ခြောက်ခန်း၍ မျှော်လင့်ချက် ကင်းမဲ့နေ လျှင် လောက တွင် အသက်ရှင် နေ၍ အကျိုးမထင် ။ 


သို့သော် သူ့ ရင်သွေးကလေး ရှိသေးသည် ။ သည် ချစ်မေတ္တာစိတ်ကား တစ်မျိုး ဖြစ်သည် ။ သည်အချစ် ကို ကား သူ့ လက်မှ မည်သူမည်ဝါ မှ လု မယူနိုင် ၊ သူ့ အတွင်း သဏ္ဌာန်တွင် ရှိသည့် ချစ်မေတ္တာ ရေစင် ကို သူ့ ရင်သွေး ကလေး အပေါ် သို့သာ အားသွန်၍ ပက်ဖြန်းတော့မည် ။ 


မျှော်လင့်ချက် အလင်းရောင် ကင်းလျက် မှောင်နှင့် မည်းမည်း ဖြစ်နေသည့် ဘဝခရီး လမ်းကြောင်းကြီး ကို သူ့ ရင်သွေးကလေး သည် မျှော်လင့်ချက် အလင်းရောင် ဖြင့် ထိန်ထိန်ပြောင်အောင် ထွန်းညှိလိမ့်မည် ။ ခလုတ်ကန်သင်း ပေါများ ထူထပ်လှသည့် လမ်းကြောင်း ကို သူတို့ သားအမိ နှစ်ယောက် အတူ လျှောက်ကြသည် ။ သူတို့ သားအမိနှစ်ယောက် သည် လောကကြီး ကို ရဲရဲတင်းတင်း မျက်နှာမူမည် ။ 


သူ သည် ဆရာမကြီး ပြောလိုက်သည့် စကားများ ကို ပြန်၍ သတိရလေသည် ။ 


“ မိခင် က ရွှင်လန်းမှ ရွှင်လန်းသည့် သား ကို ရမည် ” 


သူ သည် ချိုချိုပြုံး နေသည့် ကလေး ကို လိုချင်သည် ။ ကမ္ဘာ ပေါ်တွင် မည်သည့် အနဂ္ဃ ထိုက်တန်သည့် ပစ္စည်း ကိုမှ သူ မလိုချင် ။ တစ်ပွေ့တစ်ပိုက်ကြီး ရွှင်ရွှင်ပြုံး နေသော ရင်သွေး ကို သာ အမြင်ချင်ဆုံး ဖြစ်လေသည် ။ 


သူ သည် ဘသိန်း ၏ စာ ကို ပစ်ချ၍ သီချင်း ဆိုလေ သည် ။ သူ့ သီချင်းသံ ကြောင့် သူ့ ရင်သွေး သည် သူ့ ဝမ်းတွင်း မှ ပျော်ရွှင် နေပေလိမ့်မည် ။ သူ့ အတွေးနှင့် သူ ဖြစ်သည် ။ သို့သော် သူ့ သီချင်းသံ သည် ရှိုက်သံဖြင့် အဆုံးသတ်လေ တော့သည် ။ သူ ဘာဖြစ်လို့ ငိုမိပါလိမ့် ။ သူ ငိုမိသည် ကိုပင် သူ ရယ်ချင်လှသည် ။ သူ သည် စိတ်ကို တင်း၍ သီချင်း ကို ခပ်တိုးတိုး ဆိုနေပြန်လေသည် ။ 


သူ့ ကိုယ် သူ စိတ်ချမ်းသာအောင် နေမည် ၊ စိတ်ညစ် စရာတွေ ကို မေ့ပစ်လိုက်မည် ။ သူ စိတ်ပျော်မှ ၀မ်းတွင်း မှ ရင်သွေး လည်း ပျော်ရွှင်မည် ။ သို့မှ ရွှင်ပျသည့် ကလေး ကို သူ ရမည် ။ သို့ကြောင့် သူ သည် ပျော်နေလိုက်လေသည် ။ 


     •••   •••   •••   ••• 


နံနက် ( ၈ ) နာရီခန့် ဖြစ်သည် ။ 


ပန်းချီဆရာ ကိုစောမောင် သည် ဆေးတံ ကိုသာ တစ်ဆုံ ပြီး တစ်ဆုံ ဆေးထည့်၍ သောက်ရင်း ပက်လက်ကုလားထိုင် ပေါ်တွင် မှိန်းကာ နောက် တစ်ကြိမ် ပန်းချီပြပွဲ တွင် တင်ပြမည့် ပန်းချီကား အကြောင်းကို စဉ်းစားနေလေသည် ။ 


မနှစ်က ပန်းချီပြပွဲ တွင် သူ တင်ပြဖူးသည့် “ ဖြူပြာ မူယာ ” ကားကြီးသည် အထူး နာမည်ရခဲ့သည် ။ ထိုကား တစ်ခုတည်း ကိုပင် ဝန်ကြီးချုပ် က တစ်ထောင် ပေး၍ ဝယ် ယူသွားသည် ။ ငွေတစ်ထောင် ရသည် ထက် သူ့ နာမည် ထွက်လာသည် ကို ပို၍ ဝမ်းမြောက်နေလေသည် ။ သတင်းစာ အသီးသီးတို့ ကလည်း သူ့ ပန်းချီကားကြီး ကို ဓာတ်ပုံ များနှင့် တကွ ချီးကျူးကြ လေသည် ။ သူ့ အကြောင်း ကို လည်း ဖွဲ့ ဖွဲ့နွဲ့နွဲ့ ရေးသားကြလေသည် ။ သို့သော် ပန်းချီ လောကကြီး ကမူ အသိအမှတ် မပြုချင်သေး သလိုလို မျက်နှာလွှဲ နေကြသေးသည် ။ 


“ တစ်ခါတလေ လည်း ကြက်ကန်း ဆန်အိုးတိုးသွား တာပေါ့ ” ဟု အချို့ ပန်းချီဆရာများ ၏ ပြောသံ ကို သူ ကြား ရလေသည် ။ 


“ သည်အသက်အရွယ် နဲ့ သည်လောက် တော်နေရင် နောက် သိပ် တိုးတက်လာမှာပဲ ” ဟူ၍ လည်း ချီးမွမ်းကြ သည် ။ 


သို့ကြောင့် သည်နှစ် ပန်းချီပြပွဲ တွင် သူ့ နာမည် ကို အရယူဖို့ လိုသည် ။ သည်နှစ် မှ သူ မတိုးနိုင်လျှင် ကြက်ကန်း နှင့်ဆန်အိုး စကားပုံသည် သူ့ အဖို့ မှန်သလို ဖြစ်သွားလိမ့်မည် ။ ဒီနှစ် ပြပွဲတွင် သူ တင်ပြမည့် ပန်းချီကား အား “ ဖြေ လည်း ပြေပါနိုင် ” ဟူသော အမည်ဖြင့် ဆွဲမည့် ပန်းချီကား ဖြစ်လေသည် ။ သူ ရေးဆွဲ လိုသည့် ပုံပန်းသဏ္ဍာန် ကို သူ့ မျက်စိ ထဲ မှာတော့ သူ မြင်ပြီး ဖြစ်သည် ။ သို့သော် တကယ် ရေးဆွဲသော အခါ၌ သူ့ မျက်စိထဲ မှ ပုံသည် ကား ပေါ်တွင် ပေါ်မလာ ။ သူ သည် သူ လိုသည့် ရုပ် သူ့ မျက်စိ ထဲတွင် မြင်နေသည့် အမူအရာ ရှိသည့် မိန်းကလေးများ ကို လိုက်၍ ရှာနေလေသည် ။ သို့သော် မလွယ်ကူလှ ။ 


ကိုယ် အနေအထား အချိုးအစား ကျနလှပသည့် မိန်းကလေးများ ကို သူ တွေ့သည် ။ ဒီလို မိန်းကလေးမျိုး ကား အများအပြား ရှိလေသည် ။ တစ်နာရီ ကို တစ်ဆယ် လောက် ပေးလိုက်လျှင် သူ့ ရှေ့တွင် သူ နေစေချင်သလို လာ ၍ နေမည်ဖြစ်သည် ။ သို့သော် မျက်နှာကလေး လှရုံ ၊ အချိုးအစား ပြေပြစ်ရုံနှင့် သူ့ “ ဖြေလည်း ပြေပါနိုင် ” အတွက် မလုံ လောက်သေး ။ အခကြေးငွေ ယူ၍ ပန်းချီဆရာတို့ အတွက် ပုံ ရေးဆွဲရန် အနေအထား အမျိုးမျိုးနှင့် အသုံးတော် ခံနေကျ မိန်းကလေးများ သည် ပြောစရာ မရှိအောင် ပြေပြစ်ကြပါသည် ။ သို့သော် သူ လိုသည့် အမူအရာမျိုး ကား သူတို့ တွင် ရှာမတွေ့ ။ 


သူ့ “ ဖြေလည်း ပြေပါနိုင် ” သည် လှနေရုံနှင့် မပြီး ၊ ရုပ်ပုံ ၏ အတွင်းစိတ် ကိုပင် သက်မဲ့မျက်လုံး အစုံမှ မြင်နိုင်သည့် ပုံမျိုး ကို ဆွဲလိုသည် ။ အသက်ငယ်ငယ် နှင့် ဒုက္ခတည်း ဟူ သော ချောက်ကြား တွင် ဆင်းရဲ အမျိုးမျိုး နှင့် တွေ့ဆုံ၍ ခက်ခက်ခဲခဲ ကျော်တက် ခဲ့ရသည့် မိန်းမချောကလေး တစ် ယောက် ဖြစ်ရမည် ။ သူ ခံစားတွေ့ကြုံရသည့် ဒုက္ခအသွယ်သွယ် ၏ အရိပ်အရောင်သည် လည်း သူ့ ကြည်လင်သည့် မျက်လုံး အစုံတွင် ကျန်ရှိနေရမည် ဖြစ်လေသည် ။ ချစ်စရာ ကောင်းသည့် မျက်နှာကလေး တွင် ဆွေးရောင် နှင့် သတ္တိရောင် ယှက်သန်း နေရမည် ဖြစ်လေသည် ။ 


သူ လိုချင်သည့် အနေအထား အမူအရာတွေ ကို ကြေးစားမိန်းကလေးများအား ရှင်းလင်း ပြောပြသောအခါ ခေါင်းခါ၍ ဆုတ်ခွာ ကြသည်သာများလေသည် ။ တစ်ခါ တစ်ရံ သူ လိုသည့် အမူအရာ ကို လုပ်ကြမည် ဟု ဆိုသော မိန်းကလေးများ သည် တကယ် လက်တွေ့ ကြသောအခါ မဟန်သဖြင့် အကြီးအကျယ် စိတ်ပျက်ရလေသည် ။ 


သူ သည် ဆေးတစ်ဆုံ ကုန်ပြန် သဖြင့် နောက်တစ်ဆုံ ထပ်၍ ထည့်နေစဉ် လှေကား မှ တက်လာသော ခြေသံကို ကြားရလေသည် ။ သတင်းစာ လာပေးသည့် သူငယ်မ နှင့် တူသည် ။ လွန်ခဲ့သော ၁၅ ရက် လောက်ကမှ လာပေးနေ ကျ သူ့ မိတ်ဆွေ ကိုဘိုးထူး က “ မိမိ တော ပြန်ဦးမည် ဖြစ်၍ သူငယ်မကလေး တစ်ယောက် ကို လွှဲခဲ့မည့် ” အကြောင်း ကို ပြောသွားသည် ။ သူ နှင့် သူငယ်မကလေး လည်း အတွေ့အကြုံ နည်းလှသည် ။ နံနက်စောစော တစ်ခါတစ်ရံ သူ အိပ်ရာ မှ မထသေး လျှင် သတင်းစာ ကို တံခါးကြား တွင် ထိုး ထားခဲ့သည် ။ တစ်ခါတစ်ရံ သူ ပန်းချီဆွဲ နေစဉ် လာပို့သည် ။ လှမ်း မယူအားသော် စားပွဲ ပေါ်တွင် တင်ခဲ့သည် ။ ဝါး ခမောက်နုနုကလေး ဆောင်း၍ အမြဲလိုလို ခေါင်းငုံ့ ထားသ ဖြင့် သူ့ မျက်နှာကို အသေအချာ မမြင်ဖူးချေ ။ 


ခြေသံ သည် နီးလာ ပြီးလျှင် တံခါး ခေါက်သံကို ကြားရလေသည် ။ 


“ ဝင်ခဲ့လေ ” 


ကိုစောမောင် က ပြောလိုက်သည် ။ 


တံခါးရွက်ကလေး သည် ပွင့်လာပြီးလျှင် ဝါးခမောက် နုနုကလေး ဆောင်းကာ သတင်းစာတွေ ကို ပွေ့ထားသည့် သူငယ်မကလေး ဝင် လာလေသည် ။ သူ သည် တံခါးဘက် သို့ မျက်နှာမူ၍ ထိုင် နေသောကြောင့် သူငယ်မ ၏ မျက်နှာ ကို အသေအချာ မြင်ရလေသည် ။ သူ့ မျက်ခုံးကလေးများ သည် မို့နေလေသည် ။ နီရောင်သမ်း နေသည့် မျက်လုံးအိမ် တွင် မျက်ရည်တွေ ဥ နေလေသည် ။ 


သူငယ်မ သည် သတင်းစာ တစ်စောင်ကို လှမ်းပေး လေသည် ။ ကိုစောမောင် သည် လှမ်းယူရင်း သူငယ်မ ၏ မျက်နှာ ကို စိုက်ကြည့် နေလေသည် ။ သူ သည် ငိုထားသည့် မျက်နှာ ကို မျက်တောင်မခတ် ကြည့်နေမိလေသည် ။


သူငယ်မ သည် လှည့်၍ ထွက်သွားလေသည် ။ ကို စောမောင်သည် ငိုင်နေရာမှ “ သူငယ်မ ” ဟု ခေါ်လိုက်လေသည် ။ 


သူငယ်မ သည် ပြန် လှည့်လိုက်လေသည် ။ 


“ ဘာပြုလို့လဲ သူငယ်မ ” 


သူ ဒီလို မေးမှ ပင် မျက် ရည်တွေ ဖြိုင်ဖြိုင် ကျလာလေတော့သည် ။ 


“ ဟင် သူငယ်မ ဘာပြုလို့ ငိုနေသလဲ ၊ နေမကောင်း ဘူးလား ၊ ဘာဖြစ်သလဲ ” 


ကိုစောမောင် က ပျာပျာသလဲ မေးလေသည် ။ သူငယ်မ သည် ရှိုက်ကြီးတငင် ငိုနေလေ သည် ။ 


“ နေကောင်းပါတယ် ” 


ရှိုက်သံ ကြား မှ ဖြေလေ သည် ။ 


ဦးစောမောင် သည် နေရာမှ ထ၍ သူငယ်မ  လက်ထဲမှ သတင်းစာတွေ ကို ယူကာ စားပွဲ ပေါ်တွင် တင်လိုက်လေသည် ။ သူငယ်မ ကိုလည်း လက်မောင်း ကို ကိုင်ကာ မေး၍ ကုလားထိုင် ပေါ်တွင် ထိုင်စေလေသည် ။ သူငယ်မ သည် ရှိုက်မြဲ ရှိုက်နေလေသည် ။ 


“ သူငယ်မ နေဦး ၊ အစ်ကိုကြီး ကော်ဖီ ဖျော်လိုက်ဦးမယ် ” 


“ နေပါစေ အစ်ကိုကြီး ကျွန်မ ပြန်မှ ဖြစ်မယ် ” 


“ မဟုတ်ဘူးလေ ကော်ဖီပူပူလေး သောက်လိုက်ဦးမှပေါ့ ”  


“ ကြာနေမယ် အစ်ကိုကြီး ၊ ကျွန်မ ကလေး နေမ ကောင်းလို့ တစ်ညလုံး မအိပ်ရဘူး ” 


သူငယ်မ သည် တုန် တုန်ရီရီ နှင့် ပြောလေသည် ။ ကိုစောမောင် လည်း တုန်လှုပ် သွားလေသည် ။ 


“ မင့် ကလေး ၊ မင့် မယ် ကလေး ရှိသလား ” 


သူ သည် သူငယ်မ ကို စိုက်၍ ကြည့်နေလေသည် ။ 


“ အေး... မင်း ကလေး သိပ် နေမကောင်းဘူးလား ၊ ဟုတ်လား ပြောစမ်း ပြောစမ်း ဘယ်လို ဖြစ်တာလဲ ” 


ပျာပျာ သလဲ မေးပြန်လေသည် ။ 


“ ဟုတ်တယ် ။ သိပ် ကိုယ်ပူနေပါတယ် ။ တစ်ညလုံး မအိပ်ရဘူး ။ အခုလည်း ကျွန်မ ထွက်လာရပေမယ့် စိတ်မ ချရဘူး ။ အဒေါ်ကြီး တစ်ယောက်နဲ့ ထားခဲ့ရတယ် ” 


“ အေး ကလေး ပစ်ထားခဲ့လို့ ဘယ်ဖြစ်မလဲကွယ် ” 


“ ဘယ့်နှယ့် လုပ်မလဲ တစ်နေ့ လုပ်မှ တစ်နေ့ စားရတာ ” 


“ ကဲ ကဲ ကော်ဖီလေး သောက်လိုက်ဦး အစ်ကိုကြီး ဖျော်လိုက်ဦးမယ် ” 


“ နေပါစေ အစ်ကိုကြီး ။ ဒီသတင်းစာတွေ မြန်မြန် လိုက်ရောင်းပြီး အိမ်မြန်မြန် ပြန်မှဖြစ်ပါမယ် ” 


“ အို ဒါ ကိစ္စ မရှိပါဘူး ။ အစ်ကိုကြီး ကြည့်စီစဉ်လိုက် ပါမယ် ။ အိမ်ကို သာပြန်ပါ ။ အားလုံး ဘယ်လောက်ဖိုး လောက် ရှိသလဲ ” 


“ နေပါစေ အစ်ကိုကြီး ကျွန်မ သွားပါရစေ ” 


“ မသွားရဘူး ။ ဒီသတင်းစာတွေ အကုန်လုံး အစ်ကို ကြီး ဝယ်လိုက်မယ် ။ ဒါမှမဟုတ်လည်း မင်း ယူနေကျ လူတွေ ဆီ ကို လိုက်ပေးဖို့ လူတစ်ယောက် လွှတ်လိုက်မယ် ။ မင်း အိမ် ပြန်ဖို့သာ လုပ်ပေတော့ ။ မပြန်ခင် ကော်ဖီကလေး သာ သောက်လိုက်ဦး ” 


ကိုစောမောင် သည် ကော်ဖီ တစ်ခွက် ဖျော်ယူလာလေသည် ။ သူငယ်မ သည် ကော်ဖီ သောက်နေစဉ် ကိုစောမောင် သည် သူ့ မိတ်ဆွေ ဆရာဝန် ဦးဘဖေ ကို တယ်လီဖုန်း နှင့် စကားပြော နေလေသည် ။ 


“ အိုင်ဆေး ကိုဘဖေ အလုပ်များ နေသလား ” 


“ ဟုတ်ကဲ့ အခုပဲ အမယ်ကြီး တစ်ယောက် ကို သွား ကြည့်မလို့ ” 


“ ဘာရောဂါလဲဗျ ” 


“ ဘာရောဂါ မှတော့ မဟုတ်ဘူးဗျ ။ သူ့ ကိုယ် သူ ရောဂါရှိတယ် ထင်နေတဲ့ အမယ်ကြီး ပဲ ။ မရှိပါဘူး ပြောလို့ ယုံတာ မဟုတ်ဘူး ။ ဒီတော့ သူ့ အရှိန်နဲ့ သူ သွားနေပေစေ ဆို ပြီး လွှတ်ထား လိုက်တယ် ။ ပိုက်ဆံဝါလားကြီးပေါ့ ။ သူ့ ကို သုံးရက်တစ်ခါ ဆေးသွား ထိုးပေးနေရတယ် ။ တစ်လတစ်လ သူ့ ဆီက အိမ်လခ လောက်တော့ ရတာပေါ့ ။ ဒီလို လူ တွေသာ မရှိရင် ကျုပ်တို့ မဂိုလမ်း က ဆေးဆိုင်တွေ ပိတ် ထားရတော့မှာပဲ ” 


“ ဒါနဲ့ ကိုဘဖေ ကလေး တစ်ယောက် ကို လာကြည့် စေချင်တယ်ဗျာ ” 


“ မဖြစ်သေးဘူး ထင်တယ် ။ မိန်းမကြီး ဆီ အရင်သွား ရမယ်ဗျ ။ စိတ်ဆိုး နေဦးမယ် ” 


“ အခု ကျွန်တော် ပြောတဲ့ကလေး က ပစ္စည်းမဲ့ လူတန်းစား ထဲကပါ ဗျာ ။ သူ့ အမေ ကလည်း ခင်ဗျာ ဆေးဖိုး

ဝါးခတော့ ပေးနိုင်လိမ့်မယ် မဟုတ်ဘူး ” 


ခဏမျှ ငြိမ်သက် နေလေသည် ။ ကိုစောမောင် သည် ဆရာဝန် ၏အဖြေကို တထိတ်ထိတ် နှင့် စောင့်နေလေသည် ။ 


“ ကောင်းပြီဗျာ လာခဲ့မယ် ။ ဘယ် လာခဲ့ရမလဲ သာ ပြောပေတော့ ... ” 


သူ သည် သူငယ်မ၏ အမည် နေရပ်များ ကို မေး၍ တယ်လီဖုန်း နှင့် ပင် ချက်ချင်း ပြန် ပြောလိုက်လေသည် ။ 


“ ရင်ရင်မြ မင်္ဂလာလမ်း အိမ်နံပါတ် ( ...... ) ” 


      •••   •••   •••   •••


ဒေါက်တာဘဖေ သည် သုံးရက်လုံးလုံး ကလေးနား မှ မခွာဘဲ ပြုစု နေလေသည် ။ ပန်းချီဆရာ ကိုစောမောင် လည်း ဟိုပြေးဒီပြေး နှင့် ဒေါက်တာ အလိုရှိသည်များ ကို အရန်သင့် ရအောင် ဆောင်ရွက် ပေးလေသည် ။ အဒေါ်ကြီး ဒေါ်လှမေ ကိုကား လူမမာ နား သို့ အကပ်မခံဘဲ ပြင်ပ အလုပ်ကိစ္စများ ကိုသာ လုပ်စေလေသည် ။ ရင်ရင်မြ သည် မျက်ရည် မကျတော့ဘဲ သူ့ ရင်သွေး နားမှ မအိပ်မနေ ပြုစုနေ လေသည် ။ 


“ ကဲ သူငယ်မ စိတ်ချရ ပါပြီ ” 


ဒေါက်တာဘဖေ က သုံးရက်မြောက်သော နေ့ကျမှ ပြောလေသည် ။ 


“ ကိုစောမောင် သူငယ်မ လည်း အတော် ဖားနေပြီ အိပ်ပါစေဦးဗျာ ။ တော်တော်ကြာ သူ ပါ လဲနေမှာ စိုးရတယ် ။ ကျုပ်တို့ လည်း ပြန်လိုက်ကြဦးစို့ ” 


ဒေါက်တာ က ပြောရင်း ဆိုရင်း နေရာ မှ ထလေသည် ။ 


ရင်ရင်မြ သည် သူတို့ နှစ်ယောက် အား ပြုံး၍ ကြည့် ကာ 


“ ဆရာတို့ ၊ အစ်ကိုတို့ ကျေးဇူး ကို ဘယ်လို ဆပ်ရပါ့ မလဲ ” 


ဟု ပြောလိုက်လေသည် ။ 


“ ဒါတွေကို မစဉ်းစားပါနဲ့ ။ ကလေး လည်း စိတ်ချရ ပြီ ။ အနားယူပြီး တစ်ရေးတစ်မော အိပ်လိုက်ပါဦး ။ လူကြီး ပါ လဲနေ မှ ခက်မယ် ” 


ဟု ဆရာဝန် က ပြောသည် ။ 


သူတို့ နှစ်ယောက်သည် အပြင်သို့ ထွက်လာကြလေသည် ။ ဆရာဝန် သည် သူ့ ဂျစ်ကား ပေါ်တွင် ကိုစောမောင် ကိုပါ တင်ကာ မောင်းလာခဲ့လေသည် ။ 


“ ကဲ - ကိုဘဖေ ဘယ်လောက် ကျသလဲ ကျွန်တော် တစ်ခါတည်း ရှင်းလိုက်ချင်တယ် ”


ပန်းချီခန်း သို့ ရောက်သော အခါ ကိုစောမောင် က စ၍ မေးလေသည် ။ 


ဒေါက်တာဘဖေ သည် ဦးထုပ် ကို စားပွဲပေါ် တွင် တင် ရင်း “ ဟေ့လူ ခင်ဗျား ပါးစပ်ကို အသာ ပိတ်ထားစမ်းပါ ” ဟု ပြောလေသည် ။ 


“ မဟုတ်ဘူးဗျ ။ ကျသင့် သလောက် ကျွန်တော် ပေး ပါရစေ ” 


“ အသာ နေစမ်းပါဗျာ ၊ လျှာရှည် မနေစမ်းပါနဲ့ ။ ဒီ မိန်းကလေး က ဘယ်သူလဲဗျ ” 


ဟု သူ ပြန်၍ မေးခွန်းထုတ် လိုက်လေသည် ။ 


“ သူ လား သတင်းစာ ရောင်းတဲ့ သူငယ်မလေးဗျ ။ ကျွန်တော့် ဆီကို နေ့တိုင်း သတင်းစာ လာလာ ပို့နေတာပေါ့ ။ တစ်နေ့က သူ့ အကြောင်း ကို ဒေါ်လှမေကြီး ကို နည်းနည်း တောက် ကြည့်တယ် ။ စမ်းချောင်းလမ်း ထဲမယ် အစက နေ သတဲ့ဗျ ။ သူ့ ဒီ ကလေး ကိုယ်ဝန် ၂ လလောက် ကတည်းက သူ့ ယောက်ျား က ပစ်သွားလို့ ခိုကိုးရာမဲ့ ဖြစ်ပြီး သူ နဲ့ လာနေ သတဲ့ ။ အဒေါ်ကြီး က အိမ်ဆိုင်လေး ထွက်ပြီး တစ်ယောက် တည်း နေတော့ အဖော်ရရ ဆိုပြီး ထားတာပေါ့ ဗျာ ။ အစ တုန်းကတော့ သူ စွပ်ကျယ်စက် ထဲ အလုပ် လုပ်သေးတယ် ။ နောက် ကိုယ်ဝန် လရင့်လာတော့ မလုပ်နိုင်တော့ဘူး ။ မီးဖွား ပြီးတော့ အဲဒီ အလုပ်ကိုပဲ ပြန် လုပ်ပေးတယ် ။ ဒါပေမဲ့ တစ်နေ့လုံး သူ့ ကလေးနဲ့ ခွဲမနေချင်တာနဲ့ မနက်ပိုင်း လောက်တင် အလုပ်လုပ်ရတဲ့ အလုပ် ကို လုပ်တာပဲတဲ့ ” 


ဒေါက်တာ သည် စီးကရက် ကို ဖွာရင်း နားထောင်နေ လေသည် ။ ကိုစောမောင် သည် ဆက်လက်၍ သူနှင့် စတွေ့ ပုံကို ပြောပြလေသည် ။ 


“ အင်း ဒီလို ချောတဲ့ မိန်းကလေး ကျုပ်တို့ မြန်မာထဲ မှာ ရှားတယ်ဗျ ။ ကိုယ်လုံးကိုယ်ပေါက် လည်း တယ် ပြေပြစ်တယ် ။ ကျွန်တော် က သူ့ ကလေး တော့ စိတ်ချရပါပြီ လို့ ပြောလိုက်တော့ သူ ကျွန်တော့်ကို ကြည့်လိုက်တဲ့ အကြည့် မျိုးကို ကျွန်တော် မေ့နိုင်မှာ မဟုတ်ဘူး ။ ကျွန်တော့် ရင်ထဲ ဘယ်လို ဖြစ်သွားမှန်း မသိဘူး ။ ဒီလို အကြည့်မျိုးထင်ပါရဲ့ ဗျာ ၊ ကုဋေတစ်သိန်း တန်တယ် ဆိုတာ ” 


ဒေါက်တာ သည် အားရပါးရကြီး ပြော၍ စီးကရက် မီးခိုးတွေ ကို မှုတ်ထုတ်လိုက်လေသည် ။ 


“ ဆင်လိုက် ပြင်လိုက်ရင် ဒီထက် လှလာမှာပဲဗျာ ”


ဒေါက်တာ ကပင် ဆက်၍ ပြောနေလေသည် ။ ကိုစော မောင် ကား ဆေးတံ နှင့်ပင် မှိန်းနေလေသည် ။  

ခဏမျှ ကြာသောအခါ ဒေါက်တာဘဖေ နှုတ်ဆက် ၍ ပြန်သွားလေသည် ။ ကိုစောမောင် သည် အပြီးမသတ် သေးသည့် ကားချပ် တစ်ခုကို ဆက်၍ ခြယ်နေလေသည် ။ 


နောက်တစ်နေ့ နံနက်တွင် ရင်ရင်မြ သည် သတင်းစာ တွေ နှင့် ကိုစောမောင် အခန်း ထဲသို့ ဝင်လာလေသည် ။ သူ သည် အရင်တုန်း ကလို ခေါင်းငုံ့၍ မလာ ခေါင်း ကို ခပ်မတ် ယမတ်ထားကာ ပြုံး၍ ဝင်လာလေသည် ။ 


“ ကလေး ဘယ့်နှယ့် နေသေးလဲ ” 


သတင်းစာ ကို လှမ်းယူရင်း ဦးစောမောင် က နှုတ်ဆက် လိုက်လေသည် ။ 


“ နေကောင်းပါပြီ အစ်ကိုကြီး ”


သူ့ မျက်နှာကို စိုက် ကြည့်ရင်း ဖြေလေသည် ။ သူ့ အကြည့်ကြောင့် ကိုစောမောင် ၏ ရင်သည် ဖိုလှိုက်လှိုက် ဖြစ် သွားလေသည် ။ 


ကိုစောမောင် သည် ရင်ရင်မြ နှင့် တွေ့ပြီး ကတည်းက သူ ကြိုးစားပန်းစား ရေးဆွဲမည့် “ ဖြေလည်းပြေပါနိုင် ”ကို မေ့သလိုလို ဖြစ်နေလေသည် ။ မတွေ့မနေ ရှာကြံနေသည့် သက်ရှိ ဖြေလည်းပြေပါနိုင် ရုပ် ကိုပင် ကြံရန် သတိ မရတော့ ။ အစမသတ် သေးသည့် ပန်းချီကားများ ကိုသာ ဆက်၍ ဆွဲနေလေသည် ။ သို့သော် စိတ်ပါလက်ပါ မရှိလှသဖြင့် စုတ်တံ ကို ချ၍ ဆေးတံ နှင့်သာ မှိန်း နေလေသည် ။ သူ မှုတ်ထုတ် လိုက်သည့် ဆေးတံမီးခိုးများ ထဲ တွင်လည်း ကြည်ကြည်ပြီး နေသည့် ရင်ရင်မြ မျက်နှာကလေး ကို မြင်နေလေသည် ။ 


“ ရင်ရင်မြ ကို ပုံတူ ဆွဲရရင် ကောင်းမလား ” 


သူ သည် အိပ်ရာ မှ ထထချင်း စဉ်းစား မိလေသည် ။ သို့သော် သူ့ အား ပန်းချီခုံ ပေါ်သို့ လာထိုင်ရန် ပြောလို့မှ ကောင်းပါ့မလား ။ သူ့ ကလေး ကို ဆေးကု ပေးတာ ဒီလို ဟာမျိုး ခိုင်းချင်လို့ပဲ ဟု ထင်သွားလျှင် သူ စိတ်ဆင်းရှာမည် ။ ငါ့ ကို လည်း သူ အထင်သေး သွားမည် ။ 


ကိုစောမောင် သည် တောင်တွေးမြောက်တွေး တွေး နေစဉ် ရင်ရင်မြ သည် သတင်းစာတွေ ပိုက်၍ ဝင်လာလေသည် ။ 


သူ သည် နေ့တိုင်း ကဲ့သို့ပင် သရက်ထည်လုံချည် အနီကလေး နှင့် အပေါစားပဒုမ္မာအကလေးကို ဝတ်ဆင် ထားလေသည် ။ သူ သည် သတင်းစာ တစ်စောင် အား ကို စောမောင် ၏ လက်သို့ လှမ်း ပေးရင်း ပြုံးလိုက်လေသည် ။ 


“ ထိုင်ပါဦးလားကွဲ့ ” 


သူ့ ကို မကြည့်ဘဲ ကိုစော မောင် က ပြောလေသည် ။ 


ရင်ရင်မြ သည် ချက်ချင်းပင် ကုလားထိုင် တစ်ခုပေါ် တွင် ဝင်၍ ထိုင်လိုက်လေသည် ။ 


“ ရင်ရင် ဟောဟိုခုံ ပေါ်မှာ ခဏ ထိုင်ပါလားကွဲ့ ။ အစ် ကိုကြီး ရင့် ပုံကို ကြည့် ဆွဲချင်လို့ ” 


ကိုစောမောင် က ညင်ညင် သာသာ ပြောလေသည် ။ 


“ ထိုင်မယ်လေ အစ်ကိုကြီး ဘယ်လို ထိုင်ရမယ်ဆို တာသာ ပြပေးပါ ” 


သူ သည် သတင်းစာများ ကို စားပွဲ ပေါ်တွင်ချကာ  ခုံပေါ်သို့ ခပ်သွက်သွက် တက်သွားလေသည် ။ 

ကိုစောမောင် သည် သူ့ ကို ကြည့်နေလေသည် ။ ရင် ရင်မြ သည် မီးလုံးကြီးများ တပ်ဆင်ထားသည့် ပန်းချီခန်းကြီး နှင့် တစ်ပိုင်းတစ်စ ဆွဲထားသည့် ပုံများ ကို ပတ်ချာလည် ကြည့်နေလေသည် ။ 


“ မဟုတ်ဘူးလေ အစ်ကိုကြီး သဘောကျ သလို ပြော ” 


“ ဒါနဲ့ အရင်က ဒီ ပန်းချီခန်း ထဲမှာ ပုံတူကူးဆွဲဖို့များ ထိုင်ဖူးသလား ” 


“ ဟင့်အင်း ၊ တစ်ခါမှ မထိုင်ဖူးဘူး ” 


ကိုစောမောင် သည် သူ့ အနားသို့ ကပ်လာလေသည် ။ 


“ အင်း.. အစ်ကိုကြီး ခိုင်းရင်လေ ” 


သူ သည် ရှက်ပြုံးကလေး ပြုံးလိုက်လေသည် ။ 


ကိုစောမောင် သည် ရင်ရင်မြ ပါးကလေး ကို လက်ညိုးကလေး တစ်ချောင်းတည်း နှင့် တို့ လိုက်လေသည် ။ 


“ မလိုသေးပါဘူး ရင်ရင် ရယ် ဒီ မျက်နှာလေး နဲ့ ပခုံး လေး လောက် ရရင် တော်ပါပြီ ” 


ရင်ရင်မြ သည် သူ့ ပန်းချီဆရာလေး အတွက် သူ အကူအညီ ပေးရ၍ ရွှင်လေသည် ။ ပထမအကြိမ် မီးရောင်တွေ ထိန်ထိန်ထိုး နေသည့် ပန်းချီခုံ ပေါ်တွင် ထိုင်ရသည့် မိန်းကလေး အတွက် လွယ်လှသည် မဟုတ်သည် ကို လည်း သူ သတိရသည် ။ သို့သော် ရင်ရင်မြ သည် သူ့ ပန်းချီဆရာကလေး အား အထောက်အပံ့ ရမည် ဆိုလျှင် မည်သည့် ကိစ္စကို မဆို နောက်မတွန့်ဘဲ ဆောင်ရွက်မည် ။ သူ့ ခန္ဓာကိုယ် တစ်ခုလုံး ကို သူ့ စိတ်တွင်း က ပန်းချီဆရာကလေး အား အပိုင် အပ် ထားပြီး ဖြစ်လေသည် ။ 

ကိုစောမောင် သည် ဒီလို ထိုင်ပေးသည့် အတွက် အခကြေးငွေ ပေးချင်သည် ။ ဒီလို နေ့စဉ်နေ့တိုင်း သတင်းစာ ရောင်းနေသည် ကိုလည်း သူ မကြည့်လို ၊ ပုံဆွဲရန် အတွက် လာရောက် “ ပုံပြ ” သည့်အတွက် တစ်နာရီ ကို ငါးကျပ် လောက် ပေးရရင် ကောင်းမလား ဟု စဉ်းစားမိပြန်သည် ။ တစ်နေ့ ကို သူက နှစ်နာရီ လောက် ယူမည် ။ အခြား ပန်းချီ ဆရာများ ထံသို့လည်း အလိုရှိက ထောက်ခံချက် ရေးပေး ဦးမည် ဖြစ်သည် ။ သည်လို ဆိုလျှင် သူတို့ သားအမိနှစ်ယောက် သတင်းစာ မရောင်းတော့ဘဲ ချောင်ချောင်လည် လည် စားသောက် သွားနိုင်မည်ဖြစ်သည် ။ 


သို့သော် သည်အကြောင်း ကို ရင်ရင်မြ အား ပြော၍ မဖြစ် ။ သူ သည် သူ ကြိုက်သလို ပန်းချီခုံ ပေါ်တွင် ထိုင်၍ ပေးသည် ။ သူ အလိုရှိသလောက် မငြိုမငြင် ပုံဆွဲခံလေသည် ။ ကိုစောမောင် ကလည်း ရင်ရင်မြ ဘယ်လို နေနေ သဘောကျပြီး ဖြစ်နေလေသည် ။ သို့သော် ကိုစောမောင် ထံ မှ အခကြေးငွေ ကို သူ လုံးဝ လက်မခံလိုက် သတင်းစာ ရောင်း သည့် အလုပ် ကိုပင် ဆက်လက် လုပ်ကိုင် နေလေသည် ။ 


“ ဒီလို ဆိုရင်တော့ မဖြစ်ဘူးမြ ။ နေ့စဉ်နေ့တိုင်း ပိုက် ဆံ တစ်ပြား မှ မယူဘဲ လာပြီး ဒုက္ခခံ နေရင်တော့ မဖြစ်ဘူး ” 


ကိုစောမောင် က တစ်နေ့သော အခါ စ၍ ပြောလေသည် ။ 


“ အို အစ်ကိုကြီး အစ်ကိုကြီး အတွက် ကျွန်မ ထိုင်ပေး ပါရစေ အစ်ကိုကြီး ရယ် ။ အစ်ကိုကြီး ကို ဒီလို အကူအညီ ပေးရတာ မြ ဖြင့် သိပ်ပျော်တာပဲ အစ်ကိုကြီး ဆီက အခယူ ရင် မြ ပျော်တော့မှာ မဟုတ်ဘူး ။ မြ ကြေးစား ဖြစ်သွားမှာပေါ့ ။ အစ်ကိုကြီး အတွက် မြ ကူညီပါရစေ အစ်ကိုကြီး ရယ် ။ တစ်ခါတစ်လေ မောင်ရဲမြင့်လေး ပါ ခေါ်လာခဲ့ပါမယ် ” 


“ အေး အဲဒါလည်း ကောင်းသားပဲ ခေါ်ခဲ့နော် ။ အစ်ကိုကြီး သူ့ ဖို့ ပုခက်ကလေး တစ်လုံး ဝယ်ခဲ့မယ် ။ ဒီအခန်း ထဲ မှာပဲ သူ့ ကို သိပ်ထားနိုင်တာပဲ ” 


ကလေးလေး ကို ပိုက်နေသည့် ရင်ရင်မြ ပုံ ကို ပုံတူဆွဲရန် စိတ်ကူးထားမိလေသည် ။ 


  •••   •••   •••   •••  


နေ့စဉ်နေ့တိုင်း ကိုစောမောင် သည် ရင်ရင်မြ ကို ရှေ့တွင် တင်ကာ ပုံဆွဲလျက် ရှိသည် ။ တစ်ခါတစ်ရံ ရဲမြင့်ကလေး သည် ကိုစောမောင် ဝယ်ပေးသည့် ပုခက်ကြီး ပေါ်တွင် အိပ်လျက် တစ်ခါတစ်ရံ အခန်းတွင်း ကြမ်းပြင် ပေါ်တွင် လေးဘက်တွား ၍ ကစား နေလေသည် ။ ဒီလို အခါမျိုးတွင် ရင်ရင်မြ သည် သူ့ ရာဇဝင် သူ ကိုစောမောင် အား ပြောပြနေ တတ်လေသည် ။ 


သူ သည် မော်လမြိုင်သူကလေး ဖြစ်သည် ။ သူ့ မိဘ များသည် သူ ဆယ့်ခြောက်နှစ် အရွယ်ခန့်တွင် ရှေ့ဆင့် နောက်ဆင့် ဆိုသလို တစ်လ အတွင်း သေကုန်ကြသည် ။ သူ သည် မောင်နှမသားချင်း ကင်းလျက် လောက အလယ် တွင် တစ်ကိုယ်တည်း ကျန်ခဲ့ရာ အဒေါ် တစ်ယောက် အိမ် တွင် နေစဉ် လူမွတ်ဘသိန်း နှင့် သွားတွေ့လေသည် ။ ဘသိန်း သည် ရင်ရင်မြ တို့လို မနူးမနပ် အပျိုပေါက်ကလေး များကို ဘယ်လို အရယူရမည် ကို သိပြီးဖြစ်သည် ။ ဘသိန်း သည် ရင်ရင်မြ အား သူ့ အဒေါ်များ အလစ်တွင် ရန်ကုန် သို့ ခိုးခဲ့လေသည် ။ ရန်ကုန် ရောက်စက သူ့ ကို ဘသိန်း ယုယ သလောက် ကြာလေလေ ဖြစ်လာခဲ့ရာ နောက်ဆုံး ကွဲ ကြ၍ ရဲမြင့်လေး ကို သူ အမွေ ရလိုက်လေသည် ။ 


“ မြ တော့ ယောက်ျား ဆိုတဲ့ အသံ ကိုတောင် မကြား ချင်တော့ဘူး ” 


ရင်ရင်မြ သည် ခုံပေါ် တွင် ကျုံ့ကျုံ့ကလေး ထိုင်နေ ရင်း ပြောလိုက်လေသည် ။ 


“ အဲဒါ ဟိုတုန်းက မဟုတ်လား မြ ၊ အခုတော့ ဒီလို မဟုတ်ဘူး မဟုတ်လား ” 


ကိုစောမောင် ကလည်း ရင်ရင်မြ ပုံကို ခြယ်နေရင်း က မေးလိုက်လေသည် ။ ရင်ရင်မြ သည် ချက်ချင်း မဖြေဘဲ ပြုံး နေလိုက်သည် ။ သူ့ မျက်လုံးအစုံမှ အရောင် တို့သည် ရွှန်း ရွှန်းတောက် နေလေသည် ။ 


“ အစ်ကိုကြီး နဲ့ ဟို ဆရာဝန်တို့ လို ကောင်းတဲ့ ယောက်ျား တော့ ကမ္ဘာပေါ်မယ် ရှိမယ် မထင်ပါဘူး ” 


အတန်ကြာ မှ ပြောလေသည် ။ 


ကိုစောမောင် သည် ရင်ရင်မြ ကို ကျီစယ်ရန် ရည်ရွယ်ထားသော်လည်း ထိုခဏ၌ မေ့သွားလေသည် ။ သို့ သော် သူ သည် ရင်ရင်မြ ၏ အမူအရာကို ကမန်းကတန်း အမိ ဖမ်း၍ ကူးယူ နေလေသည် ။ ဒီ အမူအရာမျိုး နှင့် ဒီ အ ကြည့်မျိုး သည် ကုဋေတစ်သိန်း တန် လေသည် ။ ဆရာဝန် မမေ့နိုင်သည့် အကြည့်မျိုး သည် ဒီ အကြည့်မျိုး ဖြစ်သည် ။ 


ရင်ရင်မြ သည် ဘသိန်း သူ့ အပေါ်၌ မည်မျှ ဆိုးပုံ ၊ ဟိုဆရာမကြီး ဆီမှ ပြန်လာသည့် နေ့က အခြား မိန်းမ တစ်ယောက် နှင့် တွေ့ရပုံ ၊ သူ ကိုယ်ဝန် ရှိသည့် အကြောင်းကို ပြော ပြသောအခါ မည်သို့မည်ပုံ ပြန်ပြောင်းပြောဆိုပုံများ နှင့်တကွ အိမ်မှ ထွက်သွားပြီး ပြန် မလာတော့ဘဲ စာတစ်စောင် ရောက်ရှိလာပုံ တို့ကိုပါ ပြောပြ နေလေသည် ။ 


“ ဒါဖြင့် မြ ဟာ လွတ်လွတ်လပ်လပ်ပေါ့  ” 


“ ဘာလဲ အစ်ကိုကြီး ” 


ရင်ရင်မြ သည် နားမလည် သလို ပြန်၍ မေးလိုက်သည် ။ 


“ ကာမပိုင် မရှိတဲ့ မိန်းကလေး တစ်ယောက်ပေါ့  ” 


 “ ဒါ မပြောနိုင်ဘူး အစ်ကိုကြီး ။ သူ ပြန်လာချင် လာမှာ ”  


“ မြ ကို မပေါင်းချင်လို့ သူ ထွက်သွားမှ ဟာ မြ ဟာ ကိုယ် သဘောကျတဲ့ လူရှိရင် အိမ်ထောင် ပြုနိုင်တာပေါ့  ” 


“ မဖြစ်ဘူး ထင်တယ် အစ်ကိုကြီး သူ ပြန်လာရင် ရန် ရှာလိမ့်မယ် ” 


ဒီနေ့တွင် ဒီလောက်နှင့် စကားပြတ် သွားကြသည် ။ 


တစ်နေ့သော အခါတွင် ကိုစောမောင် သည် သူ့ ကားချပ်ကြီး နားတွင် ရပ်ကာ ခုံပေါ်မှ ရင်ရင်မြ ကို ရွှန်ရွှန်းစားစားကြီး ကြည့်နေလေသည် ။ 


“ မြ ... မြ ဟာ မြင်သူ ငေးလောက်အောင် လှတယ် ဆိုတာ သိရဲ့လား ” 


သူ သည် လူရော အသံပါ တုန်ရီ၍ မေးလိုက်လေ သည် ။ ရင်ရင်မြ ကလည်း ခပ်စောင်းစောင်းကလေး ကျိတ် ၍ ပြုံး လိုက်လေသည် ။ 


“ ဟုတ်လား ဒီလို ဆိုရင် မြ သိပ် ဝမ်းသာတာပဲ ” 


“ ဘာပြုလို့ ဝမ်းသာတာလဲ ” 


“ ဘာပြုလို့လဲ ဆိုတော့ အစ်ကိုကြီး က မြကို သိပ်လှ နေစေချင်တာကိုး ။ အစ်ကိုကြီး အလိုဆန္ဒ ကို မြ သိပ် ဖြည့်ချင်တာပဲ ” 


ကိုစောမောင် သည် အသက်ရှူများ ပင် မှားသွားလေသည် ။ သူ ဒီလို ပြောလိုက်ခြင်းသည် ကျေးဇူးတင်လွန်းလို့ လော ။ ကျေးဇူး တင်ကာမျှ ပင်လော ။ ဒီ အထဲတွင် မိန်းကလေး က ယောက်ျား အပေါ်တွင် ထားအပ်သည့် မေတ္တာ စိတ်ကလေးများ ပါမှ ပါ၏လော ။ ယခု ရင်ရင်မြ ထိုင်သော

ပန်းချီခုံ ပေါ်တွင် မိန်းမပျိုပေါင်း မရေမတွက် နိုင်အောင် လာ ရောက်၍ သူ့ ရှေ့တွင် အနေအထား ပြဖူးကြပေပြီ ။ သူတို့ သည် သူ့ အား သူတို့ ရူပါရုံ အမျိုးမျိုး တို့ဖြင့် အလို စမ်းခဲ့ ကြလေသည် ။ ရင်ရင်မြ ကား ဒီလို မဟုတ် ၊ ခပ်ရိုးရိုးပင် သူ ခိုင်းသမျှကို မငြိုမငြင် လိုက် လုပ်နေလေသည် ။  


“ မြ ယောက်ျား တစ်ယောက် ဟာ မြ ရှေ့မှာ နေ့တိုင်း ရပ်ပြီး မြ ပုံကို ကူးဆွဲ နေရလို့ ရှိရင် မြ ကို မချစ်ဘဲ နေနိုင်ပါ့ မလား ။ မြ ရေ ဘာပြောပြော အစ်ကိုကြီး တော့ မြ ကို ချစ် နေပြီ ။ အဲဒါ ဘယ့်နှယ့် လုပ်မလဲ ” 


“ အို .. အို .. မြ ကို မချစ်ပါနဲ့ အစ်ကိုကြီး ရယ် ” 


ရင်ရင်မြ သည် ချက်ချင်း ငိုပစ်လိုက်လေသည် ။ ကိုစောမောင် သည် ကပျာကသီ နှင့် ရင်ရင်မြ ဆီသို့ ပြေးသွား ပြီးလျှင် သူ့ ကိုယ်ကလေး ကို ခုံမြင့် ပေါ်မှ ပွေ့ယူကာ တစ် ဖက် နံရံတွင် မှီထားသည့် နှစ်ယောက်ထိုင် ဆိုဖာကြီး ဆီသို့ ယူသွားလေသည် ။ ရင်ရင်မြ သည် သူ့ မျက်နှာ ကို ကိုစောမောင် ၏ ရင်ခွင်တွင် ဝှက်၍ ရှိုက်နေစဉ် ကိုစောမောင် သည် သူ့ ကို တင်းတင်းကျပ်ကျပ်ကြီး ဖက်ထားလေသည် ။ 


“ မြ ... မြ .. အစ်ကိုကြီး မှားသွားတယ် စိတ်မဆိုးပါနဲ့ ကွယ် ။ တိတ်ပါ တိတ်ပါ အစ်ကိုကြီး မိုက်တာပဲ ။ မြ .. အစ်ကိုကြီး ကို စိတ်ဆိုးသလား ” 


“ စိတ်မဆိုးပါဘူး အစ်ကိုကြီး ” 


သူ သည် မျက်ရည်တွေ ရွဲနေသည့် မျက်လုံးကြီးများ နှင့် ရင်ခွင် ထဲ မှ နေ၍ ကိုစောမောင် ကို မော်ကြည့် နေရင်း ပြောသည် ။ 


“ အစ်ကိုကြီး ဘာပြောပြော မြ စိတ်မဆိုးပါဘူး ။ အစ်ကိုကြီး က မြကို ချစ်တယ် ဆိုတော့မြ သိပ်ဝမ်းသာ တာပေါ့ ။ အစ်ကိုကြီး မြ ကို ချစ်ပါစေလို့ အမြဲ ဆုတောင်း နေတာပဲ ” 


ကိုစောမောင် သည် တုန်နေလေသည် ။ သူ သည် ရင်ရင်မြ မျက်နှာကလေး ကို သူ့ အသည်း နှင့် အပ်ခါ တင်းတင်းကျပ်ကျပ်ကြီး ဖက်ထားလိုက်ပြန်သည် ။ ရင်ရင်မြ ၏ မျက်လုံး တို့သည် ဝမ်းသာခြင်း ဖြင့် ရွှန်းရွှန်းတောက် လာသည် ကို လည်း သတိထားမိသည် ။ ဆွေးရိပ်ဆွေးရောင် တို့သည် သူ့ မျက်လုံးများ တွင် မရှိတော့ချေ ။ 


“ မြ အစ်ကိုကြီး ကို ချစ်တယ်လား ” 


“ ချစ်တာပေါ့ အစ်ကိုကြီး ရယ် ။ ဒီကမ္ဘာပေါ်မယ် အစ်ကိုကြီး ကို မြ အချစ်ဆုံး ဆိုတာ အစ်ကိုကြီး သိပြီးသား မဟုတ်လား ” 


သူ သည် အခန်းကြီး ကို ကြည့်လိုက်လေသည် ။ မောင်ရဲမြင့်ကလေး အိပ် နေသည့် ကျွန်းသားပုခက်ကြီး ဆီ သို့ သူ့ မျက်စိ ရောက်သွားလေသည် ။ 


“ မောင်ရဲမြင့် ထက် ချစ်သလား ” 


ကိုစောမောင် က ရုတ်တရက် မေးလိုက်သည် ။ 


သူ သည် လှပစွာ ပြုံးလိုက်သည် “ အစ်ကိုကြီး က လည်း မြရဲ့ ရင်သွေး မောင်ရဲမြင့်လေး ထက် အချစ် ပိုရမယ် လို့ မဆိုလိုဘူး မဟုတ်လား ” ဟု ရင်ရင်မြ က ပြုံးရင်း ပြောလိုက်လေသည် ။ 


“ မြမြ ဟာ အစ်ကိုကြီး ပြောတာကို နားမလည်ဘူး ထင်တယ် ။ အစ်ကိုကြီး မြ ကို ချစ်တယ် ဆိုတာ တကယ့် အချစ် ၊ မိန်းမ နဲ့ ယောက်ျား နဲ့ ချစ်ကြတဲ့ အချစ်မျိုး ကိုပြောတာ ” 


“ ကိုကြီး ကို ချစ်ပါတယ် ” 


ကိုစောမောင် သည် ပြုံးလိုက်လေသည် ။ 


“ ဘယ်တုန်းက စ ချစ်သလဲ ။ ကျေးဇူးတင်တာ က စ ချစ်တာ မဟုတ်လား ။ မြ ရင်သွေးလေး နေမကောင်းတာ ကို ဆရာဝန် ခေါ်ပေးလို့လား ” 


ရင်ရင်မြ သည် ခေါင်း ကို ညင်သာစွာ ရမ်းလိုက်လေ သည် ။ 


“ ဟိုနေ့ က သည် အခန်းထဲ မယ် မြ ငိုပြီး တက်လာ တော့ ဘာပြုလို့လဲ သူငယ်မ လို့ အစ်ကိုကြီး က မေးတယ် ။ အဲဒီတုန်း ကတည်းက ပါပဲ ။ အစ်ကိုကြီး လို ကျွန်မကို ဘယ် သူမှ မေးမယ့် လူ မရှိဘူး ” 


သူ သည် စကားပြောရင်း ကိုစောမောင် ထံမှ ခွာကာ သူ့ ရင်သွေး အိပ်နေသည် ကို သွားကြည့်သည် ။ နောက် စောင်ခြုံ ပေးခဲ့ပြီးလျှင် ပုခက်လွှဲ ပြီးနောက် အနီးရှိ ဆိုဖာ တစ်ခု ပေါ်တွင် ထိုင် နေလေသည် ။ 


“ အင်း အဲဒါ ကျေးဇူးတင်တာ က စတာပေါ့  ” 


ရင်ရင်မြ သည် ခေါင်းခါ ပြလေသည် ။ 


“ သည့် အရင် ကတည်းကနဲ့ တူတာပဲ ။ ဒီအခန်း ထဲ သတင်းစာ လာလာပေးနေတော့ အစ်ကိုကြီး ကို နေ့တိုင်းလို လို တွေ့ရတယ် ။ တစ်ခါတလေ ဆေးတံ သောက်နေတယ် ။ တစ်ခါတလေ ပုံဆွဲ နေတယ် ။ အဲဒီတုန်း ကတော့ အစ်ကိုကြီး က မြ ကို ဂရုမစိုက်ပါဘူး ။ မြ လည်းပဲ အဲဒီတုန်း ကတော့ အချစ် ကို ကြောက်နေတဲ့ အချိန်ပေါ့ ။ အမှန်တော့ အချစ် ကို နားမလည်သေးဘူးပေါ့ ” 


“ အခုတော့ နားလည်ပြီပေါ့နော် မြ ” 


“ မြ အရင်တုန်းက ဒီလို တစ်ခါမှ မချစ်ဖူးဘူး ”  


ချုပ်တည်းထားအပ်သော ယောက်ျားစိတ် တို့သည် တစ်မုဟုတ်ချင်း အစိတ်စိတ် အမြွာမြွာ ပြိုကွဲ ကုန်သည် ။ ကိုစောမောင် သည် နေရာမှ ထကာ ရင်ရင်မြ ၏ လက်နှစ်ဖက် ကို သူ့ လက်နှစ်ဖက် နှင့် ဆွဲယူ လိုက်ပြီးနောက် တစ်ကိုယ်လုံး ကို သိမ်းကျုံး၍ ပွေ့ လိုက်လေသည် ။ သူ့ ရင်ခွင်ကြား တွင် ရောက်နေသည့် ရင်ရင်မြ ၏ နဖူး ၊ ဆံစ ၊ ပါး ၊ လည်ပင်း တို့ကို တရစပ် နမ်းရှုံ့နေလေတော့သည် ။ 

ရင်ရင်မြ သည် ကိုစောမောင် အား အသာအယာ ပြန် ၍ ဖက်ထားလိုက်လေသည် ။ 


“ မြ နဲ့ အစ်ကိုကြီး နဲ့ လက်ထပ်ကြစို့နော် ” 


ရင်ရင်မြ သည် မျက်တောင်ကလေး စင်း၍ ကြည့်နေ လေသည် ။ 


“ မဖြစ်ဘူး အစ်ကိုကြီးရယ် ” 


“ ဘယ့်နှယ့် မဖြစ်ရမလဲ အစ်ကိုကြီး ကို သိပ်ချစ် နေပြီ ။ ဘယ်နည်းနဲ့မှ နောက်ဆုတ်လို့ မရတော့ဘူး ။ အစ် ကိုကြီး ဟာ မြ ကို မချစ်မီ ကတည်းက ဒီလို မဖြစ်ရအောင်လို့ တစ်နေရာရာ ကို ထွက်သွားဖို့ကြံမိသေးတယ် ။ ဒါပေမဲ့ မြ နဲ့ ခွဲခွာသွားဖို့ စဉ်းစားမိရင် အသည်းတွေ ကြွေတော့မလို ဖြစ်ခဲ့တယ် ။ ဒါကြောင့် အစ်ကိုကြီး တော့ မြ ကို ယူရလိမ့်မယ်  ” 


“ အစ်ကိုကြီး မြ ကို ချစ်တယ် မဟုတ်လား ” 


“ မေးနေရသေး သလားကွယ် ” 


“ ဒီလိုဆိုရင် ပြီးနေမယ့် ဟာပဲ အစ်ကိုကြီးရယ် ” 


“ မြ ပြောတာ အစ်ကိုကြီး နားမလည်ပါဘူး ” 


     •••   •••   •••   •••  


ကိုစောမောင် သည် ရင်ရင်မြ က သူ့ ကို ချစ်သည်ဆို သည်မှာ ဘယ်လို ပြောပြော သံသယ မကင်း ဖြစ်နေလေ သည် ။ တကယ့် မေတ္တာစစ်နှင့် ချစ်တာမှ ဟုတ်ပါရဲ့လား ။ သူ့ သားလေး ကို အသက်ကယ်တဲ့ လူတစ်ယောက် အနေနဲ့ ကျေးဇူးတင်ရာ မှ အစ ချစ်လာရတဲ့ အချစ်မျိုးလား ၊ ဒီအချစ်

မျိုး ကို သူ မလိုချင် ၊ ကျေးဇူးတရား တည်း ဟူသော အသိုင်း အဝိုင်းတွေ ကင်းသည့် ဖြူစင်ကြည်လင်သည့် အချစ်မျိုး ကို သာ သူ ခံစားလိုသည် ။ 


“ မြ တကယ်လို့များ မောင်ရဲမြင့်လေး ကို ဆေးကု ပေးတဲ့ ဆရာဝန်ဦးဘဖေ က မြ ကို ချစ်တယ် ဆိုရင် မြ ဒီလို ပဲ ပြန် ချစ်မှာလား ” 


နောက် တစ်နေ့တွင် ပုံဆွဲ နေရင်း ကိုစောမောင် က ရင်ရင်မြ ကို မေးလိုက်လေသည် ။ 


ရင်ရင်မြ သည် ပန်းချီခုံ ပေါ်တွင် ထိုင်နေရင်း က ခေါင်း ကို ညင်သာစွာ ရမ်းလိုက်လေသည် ။ 


“ သူ ဟာ မြ ရင်သွေး မောင်ရဲမြင့်လေး ရဲ့ အသက် ကို ကယ်ဆယ်တဲ့ လူ မဟုတ်လား ။ အစ်ကိုကြီး က သူ့ ကို ခေါ် ပေးရုံ ခေါ်ပေးတာပဲ ။ မြ အပေါ်မယ် သူ့ ကျေးဇူး က အစ်ကိုကြီး ထက် မကြီးပါလား ” 


“ ဆရာဝန်ကြီး က ဘာမဆို လုပ်ခိုင်းရင် မြ ဆက် လုပ်ပေးမှာပဲ ။ ဒါပေမဲ့ ... ”


သူ သည် ရှေ့ကို စကား မဆက်ဘဲ ရပ်နေလေသည် ။ 


“ ဘာလဲ မြ အချစ် ကိုတော့ သူ့ ကို မပေးနိုင်ဘူးလား ။ မြ သူ့ ကို မချစ်ဘူးလား ”


ဟု ကိုစောမောင် က ဆက်၍ မေး ပြန်သည် ။ 


“ ချစ်ပါတယ် ။ မောင်ရဲမြင့် နဲ့ အစ်ကိုကြီး က လွဲရင် သူ့ ကို အချစ်ဆုံးပဲ ဆိုတာ အစ်ကိုကြီး သိမှာပေါ့ ” 


ဒီစကားကို ကြားသောအခါ ကိုစောမောင် သည် ယောက်ျားကြီး တန်မဲ့ နှင့် ဝမ်းသာ သွားလေသည် ။ 

သူ သည် ရင်ရင်မြ အား ပွေ့ချီ၍ ပန်းချီခုံ ပေါ်မှ ယူ လိုက်လေသည် ။ 


“ ဒါလောက် ချစ်စရာကလေး ကို ပစ်သွားတဲ့ လူများ ရှိသေးတယ်နော် ” 


ဟု ပြောရင်း ကိုစောမောင် သည် ရင်ရင်မြ ၏ ပါးကလေးကို ဘယ်ပြန်ညာပြန် မွှေး နေလေသည် ။ ရင်ရင်မြ သည် ကိုစောမောင် ၏ လည်ပင်း ကို ပြန် ဖက်ရင်း မျက်တောင်ကလေး စင်း နေလိုက်လေသည် ။ 


“ မြ ရယ် မြ ယောက်ျား ဟာ မြ ဆီ ပြန်လာတော့မှာ မဟုတ်ပါဘူး ။ အစ်ကိုကြီး ကို လက်ထပ်ပါတော့လား ကွယ် ။ နက်ဖြန်ခါ တရားသူကြီး တစ်ယောက် ရှေ့မှာ သွားပြီး လက်ထပ်ကြမယ် ” 


“ အစ်ကိုကြီး သဘောလေ ”


“ တကယ်နော် အစ်ကိုကြီး ကို ချစ်တယ် မဟုတ်လား မြ ”  


“ အို အစ်ကိုကြီးရယ် ဘယ်နှခါ ပြောရမလဲ ။ လက် ထပ်ထပ် ၊ မထပ်ထပ် ဘယ်သူက ဘာပြောပြော မြတော့ အစ်ကိုကြီး ကို ချစ်နေတာပဲ ” 


“ အခု အစ်ကိုကြီး တို့ လိုက်ရမယ့် လမ်းက သုံး လမ်း ရှိတယ် ။ ပထမလမ်း က လက်မထပ်ဘဲ အတူတူ ပေါင်းသင်း နေထိုင်ဖို့ ၊ နောက် တစ်ခု က လူသိနတ်ကြား လက်ထပ်ပြီး ပေါင်းသင်း နေထိုင်ဖို့ နဲ့ နောက်တစ်ခု ကတော့ တစ်ယောက် နဲ့ တစ်ယောက် ပြန်မတွေ့မယ့် နေရာကို ထွက်သွားကြဖို့ပဲ ”


“ ဒီလိုတော့ မသွားပါနဲ့ အစ်ကိုကြီးရယ် ။ ကျွန်မ ရင် တွေ သိပ်တုန်တာပဲ ” 


“ အစ်ကိုကြီး လည်း ပြောသာ ပြောရတယ် ။ မချိလှပါ ဘူး ၊ တစ်ယောက် နဲ့ တစ်ယောက် ဒါလောက်ကြီး ချစ်နေကြ ပြီးမှ ခွဲရမယ် ဆိုရင် အစ်ကိုကြီး တော့ ဘဝဆုံးတာပဲ ” 


“ မြ လည်း ဒီလိုပါပဲ ” 


“ ဒီတော့ နှစ်လမ်း ကျန်တယ် ” 


“ အစ်ကိုကြီး သဘောကျ သလိုသာ စီမံပါ ၊ မြ လိုက် နာပါ့မယ် ” 


“ မြ ကို အစ်ကိုကြီး လက်ထပ် ယူမယ် ” 


“ အစ်ကိုကြီး သူများ မိန်းမ ခိုးရင် ဘာဖြစ်တတ်သလဲ ”


“ ထောင်ကျတတ်တာပေါ့ ” 


“ ကဲ ... အစ်ကိုကြီး တစ်ခွန်းတည်း မေးမယ် ။ မြ အစ်ကိုကြီး စီမံတာ ကို နားထောင်မယ် မဟုတ်လား ” 


ရင်ရင်မြ သည် ခေါင်းညိတ်လိုက်သည် ။ 


“ ဒီလိုဆိုရင် မြ ကို အစ်ကိုကြီး လက်ထပ် ယူမယ် ” 


“ ချက်ချင်းတော့ မဟုတ်ဘူးနော် အစ်ကိုကြီး ” 


“ ဘာပြုလို့ ရက် ဆွဲချင်နေရတာလဲ ” 


“ အစ်ကိုကြီး ကျေးဇူး မြ အပေါ်မယ် သိပ် ကြီးနေတယ် ။ လက်မထပ်ခင် အစ်ကိုကြီး ကို တစ်ခုခု ကျေးဇူး ဆပ်ချင်သေးတယ် ။ မြပုံ အစ်ကိုကြီး ဆွဲပြီးတဲ့ အထိတော့ စောင့်ပါဦး အစ်ကိုကြီး ရယ် ” 


“ ဒါပဲလား ဒီလိုဆိုရင် နက်ဖြန်ခါ အပြီး ဆွဲလိုက် မယ် ” 


“ အို .. အို ဒီလိုလဲ ဘယ် ဟုတ်ပါ့မလဲ ။ သူ့ ကြာ သင့်သလောက်တော့ ကြာမှပေါ့ ။ ဒါမှ လက်ရာကောင်း တော့မပေါ့ ။ ဒီ အရုပ်ကားကြီး ပြီးသွားလို့ ပြိုင်ပွဲ တင်လိုက် ရရင် အစ်ကိုကြီး ဘယ်လောက် နာမည် ကြီးသွားမလဲ ။ ဒီလိုဆိုရင် မြ လည်း အစ်ကိုကြီး အတွက် တတ်နိုင်တဲ့ ဘက် က အကူအညီ ပေးရလို့ တစ်သက်လုံး ဝမ်းသာ နေမှာပဲ ” 


ကိုစောမောင် သည် ရင်ရင်မြ ပုံ ကို ကြည့်ရင်း “ ဖြေ လည်း ပြေပါနိုင် ” ကို ဆွဲလာခဲ့ရာ အတော် ရက်တွေ ညောင်း ခဲ့လေပြီ ။ သူ သည် ဒီ ပုံကို ဆွဲရာ၌ စိတ် ပါမှသာ စုတ်တံ ကို ကိုင် ခဲ့သည် ။ စိတ် မပါလျှင် အခြားသော ပုံများနှင့် သာ စခန်းသွား နေတတ်လေသည် ။ 


“ ဖြေလည်း ပြေပါနိုင် ” သည် တဖြည်းဖြည်း တိုး တက်လျက်ရှိသည် ။ သို့သော် ကိုစောမောင် သည် အနည်းငယ်မျှ စိတ် ကျေနပ်ခြင်း မရှိ ။ ရင်ရင်မြ အဖို့ကား ပန်းချီ အကြောင်း ကို အနည်းငယ်မျှ နားမလည် သော်လည်း “ ဖြေလည်းပြေပါနိုင် ” သည် ကားကောင်း တစ်ခု ဖြစ်သည် ဟု အထင်ရောက် နေလေသည် ။ သူ သည် သူ့ ရုပ်ပုံ ထဲတွင် အခြား အခြား လှသော ရုပ်ပုံများ ၌ မတွေ့မမြင်ရသည့် သဏ္ဌာန် အမူအရာကို ပေးသွင်းလျက် ရှိသည် ဟု သိလေသည် ။ သူ့ ရုပ်ပုံလွှာကြောင့် သူ့ ချစ်သူ နာမည် ကြီးလာ တော့မည် ကို မြင်ယောင် နေလေသည် ။ သူ့ ကြောင့် သူ့ ချစ်သူ ကျော်ကြား လာလျှင် သူသည် သေပျော်ပါပြီ ဟု အောက်မေ့နေလေသည် ။ 


“ မြ - မြ ဒီမယ် ကြည့်စမ်း ။ ဘာပြုလို့ လက်ထပ်မယ့် ရက် ကို ဆွဲနေချင်သလဲ ဒေါက်တာဘဖေ ကများ မြ ကို ဘာ ပြောထားသလဲ ” 


ပုံဆွဲ နေရာမှ ကိုစောမောင် သည် မျက်မှောင်ကြီး ကုတ် ကာ ရုတ်တရက် မေးလိုက်လေသည် ။ 


“ သူ ပြောတာနဲ့ လက်ထပ်ဖို့ ရက်ဆိုင်းတာ နဲ့ မဆိုင် ပါဘူး အစ်ကိုကြီး ရယ် ” 


ရင်ရင်မြ က ပြုံး၍ ဖြေလေသည် ။ 


“ ဒါဖြင့် သူ က ဘာပြောသလဲ ။ ဘာလဲ သူ က ပန်းချီဆရာတွေ ဟာ စိတ်ကူး နဲ့ ရူးနေတဲ့ လူတွေလို့ များ ပြောသလား ” 


“ ဒီလို မပြောပါဘူး ။ ဆရာဝန်ကြီး ပြောတာကတော့ ပန်းချီဆရာများ ဟာ ပုံဆွဲခံတဲ့ လူကို ချစ်ကြိုက် နေရင် သူ ဆွဲ နေတဲ့ ပုံဟာ ပိုပြီးတော့ အသက်ပါတယ်တဲ့ ” 


“ အင်း ထားပေါ့ ။ မြ ပုံကို အစ်ကိုကြီး ဆွဲနေတော့ အစ်ကိုကြီး မြ ကို ကြိုက်နေတယ် ။ ပြီးတော့ကော .. ” 


“ ပြီးတော့ အဲဒီ ပုံဆွဲခံတဲ့ မိန်းကလေးတစ်ယောက် ဟာ ပန်းချီဆရာ မိန်းမ ဖြစ်သွားရင် ပန်းချီဆရာ ဆွဲတဲ့ ပုံ ဟာ သမီးရည်းစား ဘဝတုန်းက ဆွဲတဲ့ ပုံလောက် အသက် မပါ တော့ဘူးတဲ့ ” 


“ အလကား ဒီ ဆရာဝန်က ပန်းချီအကြောင်း လည်း နားမလည်ဘဲ နဲ့ ကိုယ့် မိန်းမပုံ ကိုယ် ဆွဲပြီး နာမည်ကျော် လာ တဲ့ ပန်းချီတွေ ပြည့်လို့  ၊ သူ ပြောတာ မြ ယုံသလား ” 


“ မယုံပါဘူး ။ မြ နဲ့ အစ်ကိုကြီး အစဉ် ပျော်ရအောင်လို့  ဒီပုံ ဆွဲပြီးတဲ့ အထိ စောင့်ပါလို့ ပြောတာပါ ” 


“ ကဲ နေပါစေတော့လေ ... အစ်ကိုကြီး လည်း အလျင် မလိုတော့ပါဘူး ။ မြ ပြောတဲ့ အတိုင်းပဲ စောင့်ပါတော့မယ် ။ ဒါပေမဲ့ တစ်ခုတော့ တောင်းပန်ချင်တယ် ။ ဒီ သတင်းစာ ရောင်းတဲ့ အလုပ်ကိုတော့ မြ မလုပ်စေချင်တော့ဘူး ။ အစ်ကိုကြီး ဆီမှာ လာပြီး အလုပ် လုပ်တဲ့ အတွက် အခ ယူပါ ” 


ရင်ရင်မြ သည် အသံ ထွက်အောင် ရယ်လိုက်ပြီး လျှင် သူ့ ချစ်သူကို ကြည်ညိုလေးစားသော မျက်စိ ဖြင့် ကြည့် လိုက်လေသည် ။ 


“ မြ တော့ သတင်းစာ ရောင်းရတာ သိပ်ပျော်တာပဲ ။ မြ နည်းနည်း ပိန်ပေမယ့် ဒါလောက်တော့ လုပ်နိုင်ပါသေးတယ် ” 


“ မြ မပိန်ပါဘူး ” 


ကိုစောမောင် ၏ ပန်းချီမျက်စိ သည် ရင်ရင်မြ ၏ တစ် ကိုယ်လုံး ကို ကစားလိုက်လေသည် ။ 


“ မြ ကိုယ်လုံးကိုယ်ပေါက် က အနေတော်ပါပဲ ။ အချိုး အစား အင်မတန် ကျတာပဲ ” 


ရင်ရင်မြ သည် အနေရ ၊ အထိုင်ရ ခက်သွားလေ သည် ။ 


“ အစ်ကိုကြီး ရဲ့ ဇနီး ဟာ သတင်းစာ ရောင်းတယ် ဆို တာတော့ မကြိုက်ဘူး ” 


“ မြ အစ်ကိုကြီး ဇနီး မှ မဟုတ်သေးဘဲ ” 


“ မဟုတ်ဘူး ၊ မြ အစ်ကိုကြီး ကို လက်မထပ်ချင် သေးဘူး ဆိုရင်လည်း အစ်ကိုကြီး အခပေးတာကို လက်ခံ

ပါ ” 


“ အစ်ကိုကြီး ၊ အစ်ကိုကြီး ရှေ့မှာ ဒီလို လာပြီး နေရ တာ မြ တစ်သက် နဲ့ တစ်ကိုယ် အပျော်ဆုံးပဲ ။ ဒီလို ပျော်နေ တဲ့ဘအချိန်ကို အစ်ကိုကြီး က ဘာပြုလို့ အခပေးပြီး ဖျက်ဆီး ချင်ရတာတုန်း ” 


ကိုစောမောင် သည် ဘာမျှ ပြန် မပြောနိုင်တော့ချေ ။ မပြောနိုင်တော့သည့် အဆုံးတွင် ရင်ရင်မြ အနီးသို့ ကပ်သွား ကာ အတင်း ပွေ့ပိုက်၍သာ အထပ်ထပ် မွှေးနေလေတော့သည် ။ 


  •••   •••   •••   ••• 


“ ငါ့တူမ ဒီကိစ္စ မှာတော့ အတော် စိတ်ကူး လွဲတာပဲ ။ ဘာပြုလို့ ဒါလောက်တောင် အချိန်တွေ ဖြုန်းနေသလဲ ။ သူ့ အလုပ် သူ့ အကိုင်နဲ့ အင်မတန် ရိုးသားတဲ့ လူချောတစ်ယောက်ကို ဘာများ ငြင်းစရာ ရှိလို့လဲကွယ် ။ အခုခေတ် မယ် မိန်းမ အလွန် ပေါတယ်နော် ။ ဘယ် လူပျို မှ မုဆိုးမ တစ် ယောက် ကို ဒါလောက် စွဲမှာ မဟုတ်ဘူး ။ မုဆိုးမ က ပိုက်ဆံ ရှိရင်တော့ မပြောတတ်ဘူး ” 


ဒေါ်လှမေ သည် ရင်ရင်မြ ကို ထမင်း စားရင်း နားချ နေလေသည် ။ 


“ ကျွန်မ မုဆိုးမလို့ ဒေါ်ဒေါ် ဘယ့်နှယ့် ပြောနိုင်သလဲ ” 


ရင်ရင်မြ က ခပ်အေးအေး ပြန် မေးလိုက်သည် ။ 


“ နှစ်နှစ်လောက် သတင်း မကြား ဘာမကြားနဲ့ ဆိုရင် ရှိမယ် မထင်တော့ပါဘူး ” 


ရင်ရင်မြ သည် ဒေါ်လှမေ ပြောလိုက်သည့် စကား ကို ကြားယောင် နေလေသည် ။ 


ထိုနေ့အဖို့ သူ့ စကားများ ကိုသာ အဖန်တလဲလဲ စဉ်းစား နေလေသည် ။ ကိုစောမောင် ၏ ပန်းချီခန်း အတွင်း ပုံဆွဲခံ နေစဉ်လည်း ဒီအကြောင်းတွေ ကိုသာ စဉ်းစားနေမိလေသည် ။ 


“ မြ ရေ ဘယ့်နှယ့် ဖြစ်နေမှန်းကို မသိဘူး ။ ပုံ ဆွဲရတာ သိပ် အားမရတာပဲ ။ ပုံ က အသက် ကို မပါဘူး ။ ဘယ်လို ပုံ မျိုး ဖြစ်စေချင်တယ် ဆိုတာ အစ်ကိုကြီး သိတယ် ။ အဲဒီ ပုံ ဟာ အစ်ကိုကြီး မျက်စိ ထဲမှာ ရှိတယ် ။ ကိုကြီး မျက်စိ မှိတ် ပြီး ကြည့် လိုက်ရင် ပေါ်လာတာပဲ ။ ဒါပေမဲ့ ဆွဲလို့ ကို မဖြစ်ဘူး ” 


ကိုစောမောင် သည် စုတ်တံ ကို ချရင်း ပြော နေလေသည် ။ 


“ ဒါဖြင့်လည်း နားဦးလေ ။ စိတ်ရှည်ရှည် ထား ဆွဲ ပေါ့  ။ မြ ကိုတော့ အားမနာနဲ့ နော် အစ်ကိုကြီး စိတ်ကြိုက် သာ ပြော ။ ကဲ ကဲ အစ်ကိုကြီး ဖို့ ကော်ဖီ သွားဖျော်လိုက်ဦး မယ် ။ ကလေး ကြည့်လိုက်ဦးနော် ” 


ရင်ရင်မြ သည် ချော့ ချော့မော့မော့ ပြောရင်း မီးဖို ဘက်သို့ ဝင်သွားလေသည် ။ 


ကိုစောမောင် သည် တစ်ခါတစ်ခါ မျက်နှာအို နေ တတ်သည် ။ “ ဖြေလည်းပြေပါနိုင် ” ကားကြီး ကလည်း စိတ် တိုင်းကျ ဖြစ်မလာ သည့်ပြင် စီးပွားရေး ကလည်း အနည်းငယ် ကျပ်တည်းစ ပြုလာလေသည် ။ လွန်ခဲ့သော လများက မူ ပုံတူရေးဆွဲခများ အတော်အတန် ရရှိခဲ့သည် ။ ပုံတူ ဆွဲလို သူများ သည် လည်း အများအားဖြင့် ဒေါက်တာဘဖေ မှ တစ်ဆင့် လာတတ်ကြလေသည် ။ ထိုသူများ သည် ဒေါက် တာဘဖေ ၏ မိတ်ဆွေများ ဖြစ်သည့်ပြင် လူချမ်းသာများ ဖြစ်ကြလေသည် ။ သို့သော် ယခု အတောအတွင်း တွင် အတော် ပါးနေလေသည် ။ 


ရင်ရင်မြ သည် ကိုစောမောင် အား အစဉ် အားပေး လျက်ရှိသည် ။ သူ သည် ကိုစောမောင် သည် တစ်နေ့ ကျော် ကြားသည့် ပန်းချီဆရာကြီး တစ်ယောက် ဖြစ်ရမည် ဟု ယုံကြည်ထားလေသည် ။ ကိုစောမောင် တွင် သူ့ အပြင် သည် အခန်း ထဲ သို့ လာ၍ ပုံဆွဲခံကြသော မိန်းမများ ရှိသည်ကို လည်း သူ သိသည် ။ သည် အကြောင်းများကို စဉ်းစားမိ လျှင် သူ့ ရင်ထဲတွင် တလှပ်လှပ် ဖြစ်၍ အသက်ရှူ ပင် မှား တတ်လေသည် ။ ကိုစောမောင် သည် အခြား ပုံတူများကို ရေးဆွဲရန် ရှိသောအခါများတွင် ထိုနေ့ အဖို့ သူ့ အခန်းသို့ ရင်ရင်မြ မလာရန် ပြောကြား ထားတတ်လေသည် ။ 


တစ်နေ့သော အခါ ကိုစောမောင် မရှိခိုက် ပန်းချီခန်း ကို ရင်ရင်မြ ရှင်းလင်းနေစဉ် တစ်ဝက်တပျက် ရေးဆွဲထား သည့် မိန်းမပုံ တစ်ခုကို သတိထား၍ ကြည့်နေမိလေသည် ။ ပြည့်ဖြိုးသော မျက်နှာ ၊ ညှို့ဓာတ် ပါသော မျက်လုံး ၊ နှာတံ ပေါ်ပေါ် ၊ ရင်သား တင်းတင်း ၊ သွယ်တန်းသော ပေါင်တံ များ နှင့် ရွက်ဖျင် ပေါ်မှ မိန်းမပျို သည် သူ့ ကို ပြောင်သလိုလို ပြုံးစနဲ့နဲ့ နှင့် ကြည့် နေလေသည် ။ သူ ၏ ရင်သည် တုန်လာ လေသည် ။ သက်ပြင်း ချမိသည် ။ နောက်နေ့များ တွင် သူ သည် စိတ် ထဲတွင် အလိုလို ဝမ်းနည်းပက်လက်ကြီး ဖြစ်နေလေသည် ။ 


“ သည် မိန်းမပုံ ကို သူ သည် အခန်း ထဲ မှာပဲ ကူးဆွဲမှာ ပဲ ။ ပန်းချီဆရာတိုင်း ဒီလို ပါပဲလေ ။ သူတို့ တော့ ရိုးနေမှာ ပါပဲ ။ တစ်ခါတုန်း ကလည်း သူ က ပြောဖူးသားပဲ ” 


သူ သည် သူ့ စိတ် ကို သူ ပြန်၍ ဖြေနေလေသည်  ။ သို့သော် ဒီ ကိုယ်တုံးလုံးပုံ သည် သူ့ မျက်စိထဲမှ ထွက်၍ မသွား ။ ဒီလို လှသည့် မိန်းမ တစ်ယောက် သူ့ ရှေ့မှာ သည်လို လာ ထိုင် နေသည် ဟု သူ တွေးမိတိုင်း ငိုချင် သလိုလို ရယ်ချင် သလိုလို အနီးရှိ လူကိုပဲ ဆွဲရိုက်ချင် သလိုလို ဖြစ်နေလေသည် ။ 


“ ဒီ မိန်းမဟာ လူ ကိုယ်တိုင် ကတော့ ဒီလောက် တောင် လှမှာ မဟုတ်ပါဘူး ။ ပန်းချီဆရာ က လှအောင် ဆွဲ ထားလို့ လှနေတာပါ ” 


သူ တစ်ယောက်တည်း ပြောနေလေသည် ။ 


သူ သည် ဒီအကြောင်း ကိုပင် စဉ်းစားရင်း လာခဲ့ရာ ကိုစောမောင် အခန်း ၏ လှေကားရင်း တွင် အရောင်ရွှန်းရွှန်း တောက်နေသည့် ကားကြီး တစ်စီး ရပ်ထားသည် ကို တွေ့ ရလေသည် ။ နောက် ထိုင်ခုံတွင် မိန်းမ တစ်ယောက် ထိုင်နေ လေသည် ။ အထက်တန်းစား အစေခံ နှင့် တူလေသည် ။ သူ သည် လှေကား သို့ တက်မည် အပြုတွင် မိန်းမတစ်ယောက် ကိုစောမောင် အခန်း မှ ထွက်လာသည် ကို တွေ့ရ လေသည် ။ ခေတ်ဆန်ဆန် ဝတ်ဆင်ထားသည့် အသက်အစိတ်ခန့် ရှိ ထို မိန်းမသည် ခပ်သွက်သွက် ဆင်းလာရာ ရင်ရင်မြ က လှေကား ဘေး ကပ် ပေးလိုက်ရလေသည် ။ သူ သည် ကားပေါ်သို့ တက်ကာ ကိုယ်တိုင် မောင်းထွက်သွား လေ၏ ။ နောက်ခုံ တွင် ထိုင်နေသည့် မိန်းမ သည် ရင်ရင်မြ ကို လည်ပြန် ကြည့်သွားလေသည် ။ 


ကိုစောမောင် အခန်းတွင်း သို့ ရင်ရင်မြ ဝင်သွားသည် နှင့် တစ်ပြိုင်နက် ပျော်နေသည့် ကိုစောမောင် ကို တွေ့ရလေ သည် ။ 


“ ဟန်ကြပြီ မြ ရေ ၊ အိမ်လခ ပေးဖို့နဲ့ ဆေးဝယ်ဖို့တော့ ရပြန်ပြီ ” 


ဟု ကိုစောမောင် က လှမ်း၍ ပြောလေသည် ။ 


“ ဘယ်လို ဟန်ကျတာလဲ အစ်ကိုကြီး ” 


လမ်း တွင် အိပ်ပျော် လာသည့် မောင်ရဲမြင့် ကို ပုခက် ထဲသို့ ချရင်း ပြန် မေးလိုက်လေသည် ။ 


“ ခုတင်က လှေကား အဆင်းမယ် မတွေ့ လိုက်ဘူးလား ။ လေလွင့်နေတဲ့ အမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်တင်ကြည် လေ ။ သူ့ ပုံတူ ဆွဲဖို့ လာအပ် တယ် ” 


“ ဪ .. ဟုတ်လား အတော် ချောတယ်နော် ” 


ကိုစောမောင် သည် ခေါင်းညိတ်လိုက်သည် ။ 


“ သူ အပျိုလား အစ်ကိုကြီး ” ရင်ရင်မြ က ထပ်၍ မေးလိုက်လေသည် ။ 


“ အပျို ပေါ့ ။ သူတို့ လို မိန်းမ က ယောက်ျား ယူ ချင်စိတ် ရှိမယ် မထင်ပါဘူး ။ အသင်းအပင်း ကိစ္စတွေ နဲ့ အချိန်ကုန် နေတာပါပဲ ” 


ရင်ရင်မြ သည် ဒီ အဆိုကို အနည်းငယ်မျှ မယုံ ။ 


“ အစ်ကိုကြီး မြ ပုံကို ပြီးအောင် ဆွဲနော် ” 


ဝမ်းနည်းသံ နှင့် တိုက်တွန်းလိုက်လေသည် ။ 


“ ဆွဲမှာပေါ့ မြရဲ့ ၊ ပြိုင်ပွဲ အတွက် အထူး ဆွဲ နေတာပဲ ။ ဒီ ဒေါ်တင်တင်ကြည် ပုံကို မြန်မြန် ဆွဲမယ် ။ ဒီလို ပုံမျိုးက မခက်ပါဘူး ။ ခပ်လှလှကလေး ဆွဲပေး လိုက်ရင် သဘော ကျမှာပဲ ။ မြ ပုံကျတော့ ဒီလို ခပ်လှလှ ဆွဲလို့မ ဖြစ်ဘူး ၊ မြ ပုံ က လှဖို့ မလိုဘူး ... ” 


“ ဟင်... အစ်ကိုကြီး မြ ပုံကို အရုပ်ဆိုးအောင် မလုပ် ပါနဲ့နော် ” 


ကိုစောမောင် သည် ရယ်လိုက်လေသည် ။ 


“ လုပ်ချင်လို့ လည်း မရပါဘူး ။ မြ ကမှ အရုပ် မဆိုးဘဲ ဟာ ။ သို့ပေမယ့် မြ ပုံက လှနေရုံနဲ့ မပြီးဘူး ။ ဒီလိုဆိုရင် ခဏလေး ပြီးနိုင်တာပေါ့ ။ အစ်ကိုကြီး လိုချင်တာက မြ ရဲ့ မျက်နှာ ပေါ်မှာ မျက်စိ ထဲမှာ အစ်ကိုကြီး မြင်ရတဲ့ အရိပ်အရောင် ကို လိုချင်တာ ဘယ်လိုဟာလဲ ဆိုတာ အစ်ကိုကြီး သိတယ် ။ ဒါပေမဲ့ ဆွဲလို့ မဖြစ်ဘူး ။ ဘာဖြစ်နေတယ် မသိဘူး ” 


“ အဲဒါ မြ အနေအထိုင် အမူအရာ မတတ်လို့ ထင် တယ်နော် ” 


ရင်ရင်မြ က ဝမ်းနည်းသလို ပြောလိုက်လေသည် ။ 


“ မဟုတ်ဘူး အစ်ကိုကြီး လိုတာ ။ မြ ကြောင့်ဘမဟုတ်ဘူး ။ အစ်ကိုကြီး လက် က စိတ် ရှိသလောက် မလိုက် နိုင်ဘူးလို့ ဆိုရမှာပဲ ။ ဒါမှ မဟုတ်ရင်လည်း အစ်ကိုကြီး က မြ ကို လက်ထပ်ချင်စိတ်တွေ များနေ ၊ မြ ကလည်း စောင့်ခိုင်း ၊ ဒါကြောင့်မို့လား မသိဘူး ” 


ရင်ရင်မြ သည် ဘာမျှ မပြောဘဲ သူ့ ကိုစောမောင် ကို သာ မျက်တောင် မခတ် စိုက်ကြည့်နေလေသည် ။ 


       •••   •••   •••   ••• 


နေ့ခင်းအချိန် ဖြစ်လေသည် ။ 

ရင်ရင်မြ သည် မောင်ရဲမြင့်ကလေး ကို ဒေါ်လှမေ နှင့် ထားခဲ့၍ ကိုစောမောင် ၏ လှေကား ကို တက်ခဲ့လေသည် ။ သူ သည် ပိတ်ထားသည့် တံခါးကို ခပ်လှမ်းလှမ်း မှ မြင်ရသည် ။ ကိုစောမောင် အပြင် ထွက်နေလိမ့်မည် ဟု မျှော်လင့်သည် ။ သူ အပြင် ထွက်လျှင်လည်း ရင်ရင်မြ ဝင်ချင်သော အခါ တွင် ဝင်နိုင်ရန် သော့ တစ်ချောင်း ပေးထားလေသည် ။ တံခါး အနီးသို့ ရောက်သောအခါ သော့ခလောက် ခတ်မ ထားဘဲ စေ့ရုံသာ စေ့ထားသည် ကို တွေ့ရလေသည် ။ သူ သည် တွေ၍ ရပ်နေလေသည် ။ အတွင်း မှ လည်း ဘာသံမျှ မကြားရချေ ။ 


“ အစ်ကိုကြီး တော့ တစ်ယောက် တည်း ပုံဆွဲ နေမှာ ပဲ ”


သူ့ စိတ် ထဲမှ ပြောနေလေသည် ။ 


ရင်ရင်မြ သည် စေ့ထားသည့် တံခါး ကို အသာ တွန်း ၍ ဖွင့်လိုက် ပြီးလျှင် အခန်းတွင်း သို့ ညင်သာစွာ ဝင်လိုက် လေသည် ။ 


သူသည် တံခါးဝနား တွင်ပင် ကြက်သေသေ နေလေ သည် ။ ကျောက်ရုပ်ကြီး လို မတုန်မလှုပ် ပြူးကြောင်သော မျက်လုံးများ နှင့် စိုက်ကြည့်နေလေသည် ။ 


ကိုစောမောင် သည် သူ့ ကို ကျောပေး၍ စုတ်တံ ကို ကိုင်ကာ စိတ်ပါလက်ပါ ပုံဆွဲ နေလေသည် ။ သူ့ရှေ့ ပန်းချီ ခုံ ပေါ်တွင် မိန်းမပျို တစ်ယောက် ထိုင်ကာ နောက်မှီကလေး ကို မှီ နေလေသည် ။ 


သူ မြင်ရသည့် မိန်းကလေး သည် တခါက အပြီး မသတ်သေးသည့် ကားပေါ် တွင် မြင်ရသူပင် ဖြစ်သည် ။ သူ့ ကိုယ်လုံးကိုယ်ပေါက်တို့ သည် အချိုးအစား ကျနလှ သည် ။ သူ သည် ရင်ရင်မြ ဝင်လာသည် ကို မြင်သည် ။ သူ့ ခေါင်းကလေး ကို မသိမသာ ငဲ့၍ ကြည့်လိုက်သည် ။ သူ ကလည်း စကားမပြော ။ ရင်ရင်မြ ကလည်း တုံဏိဘော ။ ကိုစောမောင် ကား ရင်ရင်မြ ဝင်လာသည် ကို မသိ ။ 


ရင်ရင်မြ သည် သူ့ ကိုယ် သူ ဘာဖြစ်သွားမှန်း မသိ ။ အသက်ရှူ မှားကုန်သည် ။ မူးမေ့လဲ မသွားရန် အတော် ဂရု စိုက် ထားရသည် ။ မိနစ် အနည်းငယ် အတွင်း သူ သည် အခန်း အပြင်ဘက် တွင် ရောက်နေလေသည် ။ လမ်း တစ်လမ်းလုံး သူ့ စိတ် ကို သူ ဖြေသွားသည် ။ 


“ ပန်းချီဆရာ ဆိုတာ ဒီလိုပဲ ပုံဆွဲကြရတာပဲ ” 


သို့သော် သူ စိတ်မပြေ ။ 


“ ကဲ ...ညောင်းရင် လည်း ခဏ နားဦးလေ ခင်ခင်ညွန့် ” 


ကိုစောမောင် သည် စုတ်တံ ကို ချရင်း ပြောနေလေ သည် ။  


“ ဆရာ ခုနင်က ဧည့်သည် တစ်ယောက် ဝင်လာ တယ် ” 


ခုံ ပေါ် မှ ပင် ခင်ခင်ညွန့် က ပြောလိုက်လေသည် ။ 


“ ဘယ်က ဧည့်သည်လဲ ၊ ပုံဆွဲခံမယ့် မိန်းကလေး လား ” 


“ ကျွန်မ ဘယ်သိမလဲ ။ မိန်းမ တစ်ယောက်ပဲ ။ အ တော်ချောသား ၊ ပုံဆွဲခံမယ့် မိန်းကလေး တော့ ဟုတ်မယ် မထင်ဘူး ။ အဝင်ဝ နားမှာပဲ မလှုပ်မယှက်ကြီး ရပ် နေပြီး ပြန် ထွက်သွားတယ် ။ အတော် စိတ်ထိခိုက် သွားသလား မသိဘူး  ” 


ကိုစောမောင် သည် သူ့ ဧည့်သည် အကြောင်း ကို ဘာမျှ ဆက်၍ မစဉ်းစားချေ ။ ထိုနေ့ အဖို့ မိမိ တွင် အခြား ပုံ များ ဆွဲရန် ချိန်းဆိုထား၍ ရင်ရင်မြ အား မလာရန် ပြောဆို ထားပြီး ဖြစ်သဖြင့် ဧည့်သည် ဆိုသူသည် ရင်ရင်မြ ဟု အနည်းငယ်မျှ မထင်မိချေ ။ 


နောက်တစ်နေ့ တွင် ရင်ရင်မြ ခပ်စောစော ရောက်လာ လေသည် ။ နေ့တိုင်းလို ရွှင်ရွှင်ပျပျ မရှိလှသည် ကို ကိုစော မောင် မရိပ်မိ ။ 


ရင်ရင်မြ ပုံကို စ၍ ဆွဲသောအခါ မှ သူ ရင်ရင်မြ ကို အသေအချာ ကြည့်မိသည် ။ ပန်းချီခုံ ပေါ်မှ သူ့ ချစ်သူ ၏ မျက်နှာ အနေအထား ကို သဘောကျ သလိုလို ။ ခါတိုင်းနေ့ များတွင် မတွေ့ရသည့် အရိပ်အယောင် ကို သူ မြင်ရလေသည် ။ သည် အရိပ်အယောင် သည် ဘယ်ကဲ့သို့ ဟူ၍ ပြော မပြတတ် သော်လည်း သူ လိုချင်နေသည့် အမူအရာဖြစ်သည် ။ သူ ကြိုးကြိုးစားစား ရေးဆွဲ နေသည့် “ ဖြေလည်း ပြေပါနိုင် ”သည် ဒီလို အမူအရာမျိုး နှင့် ၊ ဒီလို အရိပ်အယောင်မျိုး ကို ပေါ်လွင်စေရမည် ။ 


ရင်ရင်မြ သည် သူ နှင့် တွေ့စက သည်လို အမူအရာ မျိုး နှင့် ဖြစ်သည် ။ မျက်လုံးကလေးများ သည် သွေးရောင် သန်းနေသည် ။ မောင်ရဲမြင့်လေး မမာ နေသည့် အကြောင်း ကို သူ ပြောနေစဉ်က သည်လို အမူအရာမျိုးနှင့် ဖြစ်သည် ။ 


သို့သော် သူ နှင့် တွေ့ပြီးသည့် နောက် သည် အရိပ်အယောင်တွေ အားလုံး ပျောက်ကုန်သည် ။ ကိုစောမောင် သည် ထို့ကြောင့် ပျော်ရွှင် နေသည့် ရင်ရင်မြ ကို ရှေ့တင်ကာ “ ဖြေ လည်း ပြေပါနိုင် ” ကို ဆွဲခဲ့ရသည် ။ သူ လိုသည့် အရိပ် အယောင် နှင့် ဝေးခဲ့သည် ။ 


ယနေ့မှ သူ့ အလို ပြည့်တော့မည် ထင်သည် ။ “ ဖြေ လည်း ပြေပါနိုင် ” ကို ယနေ့ သူ အသက်သွင်းမည် ။ 


“ အို .. အို မြ ဘာဖြစ်လို့လဲ ” 


ရင်ရင်မြ သည် ငိုနေသောကြောင့် ကိုစောမောင် သည် ပုံဆွဲ မရပ်ဘဲ မေးလိုက်လေသည် ။ မျက်ရည်ဥလေးများ သည် တစ်လုံး ပြီး တစ်လုံး ရင်ရင်မြ ၏ နုထွတ်သည့် ပါးပြင် နှစ်ဖက် ပေါ်တွင် လိမ့်ဆင်း လာလေသည် ။ သို့သော် သူ သည် သူ့ ချစ်သူ ပုံဆွဲ ပျက်သွားမှာ စိုးသည် ။ သူ သည် မလှုပ် မယှက် ပကတိ ငြိမ်နေလေသည် ။ ပါးစပ် ကို စေ့ထားသည် ။ မျက်တောင် ကိုပင် သူ မခတ် ။ သူ့ မျက်နှာသည် မီးရောင် ဘက် သို့ လှည့် ထားသည် ။ သူ့ ဆံစ ၊ မျက်နှာ ၊ မေး ၊ ရင် အစ ရှိသည်တို့ ကို ကိုစောမောင် ၏ ပန်းချီမျက်စိ သည် သိမ်းကျုံးဝါးမျို ထားလေသည် ။ လှပသည့် ပုံသွင် တွင် ဆေးရောင်တွေ လွှမ်းနေလေသည် ။ 


“ မြ .. မြ ... မလှုပ်နဲ့နော် ။ ဒီအတိုင်း ... ဒီအတိုင်း ငို ... ငို အားရပါးရငို ။ အင်း ... သို့ပေမဲ့ နေရာ မရွေ့စေနဲ့နော် ” 


ကိုစောမောင် ၏ စုတ်တံ သည် သွက်သွက်ကြီး ရွေ့ လျားလျက် ရှိသည် ။ ရင်ရင်မြ သည် ရှိုက် နေလေသည် ။ သို့ သော် နေရာ မရွေ့ ။ သူ့ ချစ်သူ ရှေ့တွင် ဒီလို ရုပ်ပျက်ဆင်း ပျက် ဖြစ်ရသည် ကို သူ ယူကျုံးမရ ဖြစ်မိသည် ။ မငိုပါဘူး ဟု အားတင်းသည် ။ သို့သော် မရ ။ မျက်ရည်တွေ ဖြိုင်ဖြိုင် ကြီး ကျနေလေသည် ။ သူ့ ကိုယ် သူ အပြစ် တင်မိသည် ။ ဒီလိုပဲ သူ့ ကိုယ်သူ အကြောင်းပြ၍ မျိုသိပ်ခဲ့ပါသည် ။ အခု တော့ အကုန်လုံး ပွင့်ကျ ကုန်ပါပြီ ။ 


ကိုစောမောင် သည် စုတ်တံ ကိုချ၍ သူ့ ဆီသို့ ပြေးလာ ကာ ပန်းချီခုံ ပေါ်မှ သူ့ ကိုယ်လေး ကို ပွေ့ယူ လိုက်လေသည် ။ ဒီလိုသာ မယူလိုက်လျှင် လည်း မဟန်နိုင်တော့ပြီ ။ ခွေယိုင်ကာ လဲကျလု မတတ် ဖြစ်နေရှာပြီ ။ 


ကိုစောမောင် သည် သူ့ ကို ဆိုဖာ ပေါ်သို့ ပွေ့ယူ သွားပြီးလျှင် မျက်ရည်တွေ ရွဲနေသည့် မျက်နှာကလေး အား အကြိမ်ကြိမ် မွှေးနေသည် ။ 


“ မြ ... အစ်ကိုကြီး ဟာ သိပ်ရိုင်းတာပဲနော် ။ ကဲ .. ကဲ ... ဘာဖြစ်သလဲ မြ ။ အစ်ကိုကြီး ကို ပြောစမ်းပါဦး ။ မောင် ရဲမြင့် ကော နေကောင်းရဲ့လား ” 


“ ကောင်းပါတယ် ” 


သူ့ မျက်နှာ ကို ရင်ခွင်တွင် အပ်၍ ဖြေလေသည် ။ 


“ ဒါဖြင့် ဘာဖြစ်သလဲ မြ ” 


“ ဘာမှ မဟုတ်ပါဘူး အစ်ကိုကြီး ။ ဘာမှ မဟုတ်ပါ ဘူး ။ အစ်ကိုကြီး မြ ကို ချစ်တယ်နော် ။ ချစ်တယ် မဟုတ်လား ” 


“ ဘာဖြစ်လို့လဲ မြ ။ မြင်တော့ အစ်ကိုကြီး မကြည့် ရက်ဘူး ။ ဒါပေမဲ့ အစ်ကိုကြီး လိုချင်တဲ့ အမူအရာ ၊ အရိပ်အ ယောင်တွေ က အခုမှ ပေါ်လာလို့ ပုံ ကို ပြီးအောင် ဆွဲနေရတာ ပါ မြ ရယ် .... ။ ကဲ ဒါတွေ ထားစမ်းပါဦး ။ မြ ဘာဖြစ်သလဲ ပြော ။ ဘာမှ အစ်ကိုကြီး မသိအောင် ထိမ်မထားနဲ့  ၊ မြ နဲ့ အစ်ကိုကြီး မကြာခင် လက်ထပ်ကြတော့မှာပဲ ။ လင် နဲ့ မယား ဆိုတာ တိုင်ပင်စရာ ရှိရင် ပွင့်ပွင့်လင်းလင်း တိုင်ပင် ရတယ် ”


“ ဘာမှ မဟုတ်ပါဘူး အစ်ကိုကြီး ရယ် ” 


“ မြ အစ်ကိုကြီး ကို ချစ်တယ် မဟုတ်လား ။ အစ်ကိုကြီး ကလည်း မြ ကို ချစ်တယ် ။ ကဲ ပြော မြ ဘာပြုလို့ ငိုတာလဲ ” 


“ ဟို မိန်းမ.. အစ်ကိုကြီး .. ” 


မြ သည် ပြောရင်းရှိုက်နေ ပြန်လေသည် ။ 


“ ဘယ် မိန်းမလဲ ” 


ကိုစောမောင် သည် နားမလည် ။ 


“ မြ ဟာ အစက ဒီလို မဟုတ်ပါဘူး ။ အခုမှ မြဘဟာ သိပ်ပြီး မနာလိုဝန်တိုစိတ်တွေ များလာပါလားလို့ သိရ တယ် ။ မြ သိပ်ကို စိတ်ထိခိုက်သွားတာပဲအစ်ကိုကြီး ၊ အစ တုန်းကတော့ အဲဒီလို ဝန်တိုမိစ္ဆာရှိတဲ့ မိန်းမတွေ ကိုပဲ မြ ကဲ့ရဲ့ခဲ့တယ် ။ ကိုယ် နဲ့ သက်ဆိုင် လာတော့ မြ လည်း မနာလို ဝန်တို တတ်လာတာပဲ ။ ရှက် လည်း ရှက်ပါရဲ့ အစ်ကိုကြီး ရယ် ” 


“ ဘာလဲ မြ ၊ မြ ဘာကို မနာလို နေတာလဲ ။ ဘယ်မိန်းမ ကို မြ ပြောနေတာလဲ ” 


“ အစ်ကိုကြီး က မလာနဲ့ ဆိုပေမဲ့ မြ မနေ့က တစ်ယောက်တည်း လာသေးတယ် ။ တံခါး ကို အသာ တွန်းဖွင့် လိုက်တော့ အစ်ကိုကြီး မသိဘူး ၊ မိန်းမ တစ်ယောက် ခုံ ... ပေါ်... မယ် ... ထိုင် ...လို့ ” 


ကိုစောမောင် သည် ရယ်လိုက်လေသည် ။ 


“ မရယ်ပါ နဲ့ အစ်ကိုကြီး ရယ် ... မြ ရူးတာပဲ သိပါ တယ် ။ ဒါပေမဲ့ ချုပ်လို့ မရဘူး ” 


“ အဲဒါ ခင်ခင်ညွန့် ဆိုတာပေါ့ ။ သူ့ ကို ပိုက်ဆံ ပေးရင် ဘယ်သူ့ ရှေ့မှာ ဖြစ်ဖြစ် ဒီလို လာပြီး ထိုင်ပေးမှာပဲ ။ သူ ဒီ အလုပ် နဲ့ အသက်မွေး နေတာ ငါးနှစ် လောက်ရှိပြီ ” 


“ သိပါတယ် အစ်ကိုကြီး ရယ် ။ ဒါပေမဲ့ ဘာပြုလို့မှန်း မသိဘူး မြ တော့ ငိုချင်တာပဲ ” 


“ ကဲ ... ကဲ ပြောစမ်းပါဦး ” 


“ ဘယ် မိန်းမမှ အစ်ကိုကြီး ရှေ့မယ် လာပြီး ထိုင်နေ တာ ၊ အစ်ကိုကြီး က အဲဒီ မိန်းမ ကို ကြည့်ပြီး ပုံဆွဲ နေတာကို မြ မကြည့်နိုင်ဘူး ” 


“ မြ ဒီ အရင်နေ့တွေ တုန်းက အစ်ကိုကြီး နဲ့ နေရတာ ပျော်နေလို့ အစ်ကိုကြီး လိုချင်တဲ့ အမူအရာ မရတာ ။ ဒီနေ့ကျ မှ ပေါ်လာတော့တာပဲ ” 


“ အစ်ကိုကြီး ခင်ခင်ညွန့် ရောက်လာဦးမှာလား ” 


ရင်ရင်မြ က မေးပြန် လေသည် ။ 


“ မြ ရဲ့ ပန်းချီဆရာ ဆိုတာ ကိုယ် ဆွဲချင်တဲ့ ပုံ ကို ဒီလိုပဲ ငှားပြီး ကြည့်ဆွဲရတာပဲ ” 


“ ဟင် .. အင်း ...မြ ပုံကိုပဲ အစ်ကိုကြီး ကြည့် ဆွဲရမယ် ” 


“ ခင်ခင်ညွန့် လို အစ်ကိုကြီး ရှေ့မယ် နေပေးမယ် လား ” 


ရင်ရင်မြ သည် ခေါင်းညိတ် ပြလေသည် ။ 


“ အချစ်ရယ် မလုပ်ပါနဲ့ကွယ် ” 


“ အို ... အစ်ကိုကြီး မြ ဝန်မလေးပါဘူး ။ ဒါပေမဲ့ မြ က ခင်ခင်ညွန့် လောက်တော့ မလှဘူးနော် ” 


“ လှပါတယ် မြရယ် ” 


“ နည်းနည်း ပိန်တာပေါ့  ” 


“ ခင်ခင်ညွန့် ပုံ ကတော့ ကိုယ်လုံးကိုယ်ပေါက် အလှအပ ကို ရအောင် ဆွဲတာ ” 


“ မြ ကိုပဲ ကြည့် ဆွဲပါ အစ်ကိုကြီး ရယ် ” 


“ တကယ်လား မြ ” 


“ အစ်ကိုကြီး ကလည်း တကယ်ပါ ဆိုနေ ”


“ လက်ထပ်ပြီး မှ ... ” 


“ ဒါဖြင့် မြန်မြန် လက်ထပ်ကြစို့ ။ အစ်ကိုကြီး ဒီပြင် မိန်းမ ကို ကြည့်ပြီး ပုံဆွဲ နေတာကို မြ မကြိုက်ဘူး.. သိပ် ငို ချင်တာပဲ ” 


      •••   •••   •••   ••• 


“ သတင်းစာ ... သတင်းစာ ” 


“ မနေ့က ပန်းချီပြိုင်ပွဲကြီး မယ် ဘယ်သူ ပထမ ရသလဲ ”


“ ဖြေလည်း ပြေပါနိုင် ဆိုတာ ဘယ်သူလဲ ” 


“ ပန်းချီကျော် - ဦးစောမောင် အကြောင်း လည်း ပါတယ် ” 


သတင်းစာရောင်းသူ တို့ ၏ အသံများ သည် ရန်ကုန် မြို့ ရှိ လမ်းတကာ တွင် ဆူညံ နေလေသည် ။ သတင်းစာ အသီးသီး တွင်လည်း ဦးစောမောင် ၏အကြောင်းကို အကျယ် တဝင့် ဖော်ပြထားသည့် ပြင် သူ့ လက်ရာ ဖြစ်သော ပြိုင်ပွဲ တွင် ပထမ ရရှိသည့် “ ဖြေလည်းပြေပါနိုင် ” ပုံကြီး ကိုလည်း နာမဝိသေသန အမျိုးမျိုး တို့ဖြင့် ချီးကျူး ထားကြလေသည် ။ “ ဖြေလည်းပြေပါနိုင် ” ရုပ်ပုံကြီး ကိုလည်း စာမျက်နှာပြည့် ထည့်သွင်း ဖော်ပြထားကြလေသည် ။ ထိုနေ့ ထုတ် သတင်းစာများ မှာပင် ကိုစောမောင် ၊ ရင်ရင်မြ တို့၏ မင်္ဂလာ သတင်း လည်း ဓာတ်ပုံ နှင့် တကွ တစ်ခါတည်း ပါလာ လေရာ သတင်းစာ ဖတ်သူတိုင်း သူတို့ နှစ်ယောက် အကြောင်းကို အထူး စိတ်ဝင်စားလျက် ရှိကြလေသည် ။ 

အချို့ကလည်း ကိုစောမောင် ဆွဲထားသည့် ရင်ရင်မြ ၏ “ ဖြေလည်း ပြေပါနိုင် ” ပုံ နှင့် ကိုစောမောင် နှင့် အတူ မင်္ဂလာဦး တွင် တွဲရိုက်ထားသည့် ပုံ ကို နှိုင်းယှဉ် ကြည့်နေကြ ကာ ထင်မြင်ချက် အမျိုးမျိုး ပေးနေကြလေသည် ။ အနုပညာ လိုက်စားသူများ ကလည်း အမျိုးမျိုး ဝေဖန်နေကြလေသည် ။ 


ကိုစောမောင် သည် ထိုနေ့ထုတ် သတင်းစာ ကို အားရ ဝမ်းသာ ဖတ်ရှု လျက် ရှိလေသည် ။ မောင်ရဲမြင့်ကလေး သည် ကြမ်းပြင် ပေါ်တွင် ခွေးရုပ်ကလေး နှင့် ကစား နေလေသည် ။ ရင်ရင်မြ သည် ကိုစောမောင် အနီး တွင် ထိုင်ကာ သတင်းစာတွေ ကို တစ်စောင် ပြီး တစ်စောင် လှန်လှော ကြည့် ရှု နေလေသည် ။


“ မြ .. အစ်ကိုကြီး တော့ ဒီနေ့ ဟာ တစ်သက် နဲ့ တစ် ကိုယ် အပျော်ဆုံးပဲ ” 


“ မြ လည်း ဒီလိုပေါ့  ” 


ရင်ရင်မြ က ပြုံး၍ ပြောလိုက်လေသည် ။ 


“ မနေ့ကများ မြ ဖြင့် ခေါင်း ကို နောက်နေတာပဲ ။ လူ တွေ ကို ဒီလောက် ဖိတ်မထားဘဲနဲ့ လာလိုက်ကြတာ ။ သ တင်းထောက်တွေ ကလည်း သိပ်ကဲတာပဲ ။ တဖျပ်ဖျပ် နဲ့ ဓာတ်ပုံပဲ ရိုက် နေတာပဲ ” 


ကိုစောမောင် သည် ပြုံးနေလေသည် ။ 


“ မြ က လှတာကိုး ” 


“ အစ်ကိုကြီး ကြောင့် မြ ပို လှတာပါ  ” 


“ ဘယ့်နှယ့် အစ်ကိုကြီး ကြောင့်လဲ ” 


“ အစ်ကိုကြီး က မြ ကို ချစ်တာကိုး ။ ချစ်တော့ မြ စိတ် ပျော်နေတာပေါ့ ။ ဒီတော့ လှလာရော ” 


“ သိပ်စကားတတ်တဲ့ မြ ပဲ ” 


ကိုစောမောင် သည် ရင်ရင်မြ ကို ရင်ခွင် ထဲ ဆွဲသွင်း လိုက်လေသည် ။ ကိုစောမောင် ဟန်ပြင် နေစဉ် ရင်ရင်မြ က ဦးအောင် သူ့ ပါးနှစ်ဖက် ကို အားရပါးရကြီး မွှေးလိုက်လေသည် ။ 


“ မြ က တယ်သွက်တာကိုး ” 


ကိုစောမောင် က ကျေ ကျေနပ်နပ်ကြီး ချီးကျူး လိုက်သည် ။ 


“ အစ်ကိုကြီး ကပဲ နမ်း နေတာကြာပြီ ။ မြ က လည်း နမ်းဦးမှာပေါ့ ” 


“ သဘောရှိပါဗျာ ။ ဒါထက် မြ ညနေ ၃ နာရီ မြန်မာ ပြည်ပန်းချီအသင်းကြီး က အစ်ကိုကြီး ကို ချီးကျူးပွဲ ကျင်းပလိမ့်မယ် မြ ပါ ဖိတ်ထားတယ် ” 


“ ဟင် မြလရှက်ပါတယ် ” 


“ မဟုတ်ဘူး မြ ၊ မြ ကိုပါ အပါ ခေါ်ခဲ့ဖို့ လူကြီးတွေ က ဖိတ်တယ် ။ ဝန်ကြီးချုပ် နဲ့ ဝန်ကြီးတွေ လည်း လာလိမ့်မယ် ။ ဝန်ကတော်တွေ လည်း ပါမယ် ” 


“ အစ်ကိုကြီး က လိုက်စေချင်ရင် လိုက်တာပေါ့ " 


“ ကဲ အစ်ကိုကြီး အပြင် သွားစရာ ရှိသေးတယ် ။ နှစ် နာရီ လောက်မှ ပြန် ရောက်လာလိမ့်မယ် ။ အရံသင့် လုပ်ထား နော် ” 


ကိုစောမောင် အပြင်ထွက် သွားသောအခါ ရင်ရင်မြ သည် သူ့ သားလေးအား ရေချိုး ပေးနေလေသည် ။ ဒေါ်လှမေ လည်း ဝေယျာဝစ္စများ ကို ကူညီညာ လုပ်ပေးနေလေ သည် ။ ဒေါ်လှမေ သည် ရင်ရင်မြ အား သမီးကလေး ကဲ့သို့ သံယောဇဉ် တွယ်ငြိကာ အတူ လိုက် နေခြင်းဖြစ်သည် ။ 


ရင်ရင်မြ သည် မောင်ရဲမြင့် ကို မျက်နှာသုတ်ပုဝါ နှင့် ထွေးကာ အပြင်ဘက်ခန်း သို့ ထွက်လာလေသည် ။ လူ တစ်ယောက် ဧည့်ခန်း တွင် ထိုင်နေသည် ကို မြင်ရသောအခါ သူ့ ခြေလှမ်းသည် တန့် သွားလေသည် ။ “ ဘယ်သူများပါလိမ့် ” ခပ်တိုးတိုး ရေရွတ်မိသည် ။ သူ့ ဘက်ကို ကျောပေး ထိုင် နေ၍ မျက်နှာ ကို မမြင်ရ ။ သူ့ ကိုစောမောင် မဟုတ်မှန်း ကို တော့ သူ သိသည် ။ 


သူ့ ခြေသံကြောင့် ဧည့်သည် သည် သူ့ ကို လှမ်းကြည့် လိုက်လေသည် ။ သူ သည် ပြုံးလိုက်လေသည် ။ ရင်ရင်မြ အံ့အားသင့် နေသည်ကို တွေ့ရ၍ သူ ကျေနပ်သွားသည် ။ 


“ ဪ .. ကိုယ့် မြလေးပါ ပဲလား ။ လူများ မှားနေမ လားလို့ တထိတ်ထိတ်နဲ့ ။ သတင်းစာ ထဲမှာ ဓာတ်ပုံ တွေ့ ကတည်းက ဟုတ်ပါတယ်လို့ တော့ ထင်သား ။ မြ .. မြလေး ” 


ရင်ရင်မြ သည် အသံအုပ်ကလေး နှင့် အော်လိုက်မိသည် ။ တစ်ကိုယ်လုံး ဆတ်ဆတ်တုန် နေသည် ။ သူ့ မျက်လုံးအစုံ သည် ကြောင်ကြောင်ပြူး နေလေသည် ။ 


ဘသိန်း သည် မျက်နှာထား ပြင်လိုက်သည် ။ 


“ ဟေ့ ... မြ ဘာဖြစ်နေတာလဲ ။ လာပါ ထိုင်ပါ ။ စကားလေး ဘာလေး ပြောရအောင် ”


ရင်ရင်မြ သည် အနီးရှိ ဆိုဖာ ပေါ်တွင် ထိုင်ချလိုက် သည် ။ သူ့ ပုခုံးလေး နှစ်ဖက်သည် ဆတ်ဆတ်ခါ နေလေသည် ။ 


ဘသိန်း သည် မကျေမနပ် ဖြစ်နေလေသည် ။ 


“ ဘယ့်နှယ့် သတင်းစာ ထဲမယ် ပန်းချီဆရာ နဲ့ လက် ထပ်တယ်လို့ တွေ့ပါကလား ” 


“ ဟုတ်တယ် .. မနေ့ကပဲ ” 


ရင်ရင်မြ သည် တုန်တုန် ရင်ရင် နှင့် ပြန် ပြောလေသည် ။ 


“ မင်းကောင် က မင်း ဟာ ငါ့ မိန်းမ ဆိုတာ သိရဲ့လား ” 


“ အကုန် သိတယ် ။ ရှင် မလာတာ နှစ်နှစ်ကျော် ဆို တော့ သေပြီ ထင်လို့ ” 


“ အင်း မင်းတို့ နှစ်ပါးကြည်ဖို့ ငါ သေပေးရမယ် ။ ဒီ ကောင်ကလေး ကရော ဘယ်သူ့ ကလေးလဲ ”


မောင်ရဲမြင့် သည် သူ့ မိခင် ရင်ခွင် ထဲ မှ ဘသိန်း ကို လှမ်း ကြည့်နေသည် ။ 


“ ရှင် နဲ့ ရတဲ့ သားပဲ ” 


“ အေး ... ဒီလိုဆိုရင် မင်း သက်သက်မဲ့ လင်ကြီး ရှိရက် နဲ့ လင်ငယ် ယူတာပဲ ။ ငါ ရုံးမယ် တရားစွဲရင် မင်းတို့ နှစ်ယောက်စလုံး ဘာဖြစ်မယ် ထင်သလဲ ဟင် ... ။ ဒါပေမဲ့ ငါ ဒီလောက် မရက်စက်ပါဘူး ။ မင်း ငါ ပြောတာ နားထောင်မယ် ဆိုရင် ... ” 


“ ဘာလုပ်ရမလဲ ” 


“ ငါ နဲ့ ပြန်လိုက်ခဲ့ ”  


ရင်ရင်မြ ၏ ရင်တစ်ခုလုံး သည် ဒိန်းဒိန်း မြည်နေလေ သည် ။ ထို အာဏာသံ ကို မိုးကြိုးသံ လို ကြားလိုက်ရလေသည် ။ 


“ မဖြစ်နိုင်ပါဘူး ” 


“ ဒီလိုဆိုရင် ဆိုင်ရာက တရားစွဲ ယူရုံပဲ ” 


ရင်ရင်မြ သည် သူ့ ကိုစောမောင် ကို မျက်စိ ထဲတွင် ပေါ်လာလေသည် ။ 


သူ့ ကိုစောမောင် သည် အခုအခါ တကယ့်နာမည် ကျော် ပန်းချီဆရာကြီး ဖြစ်နေလေပြီ ။ ရုံး ရောက်လျှင် သ တင်းစာ ထဲတွင် သည် အကြောင်းတွေ ပါလာတော့မည် ။ သူ့ ချစ်သူအား သူများ မယား ကို ခိုးသည် ဟု ထင်ကြတော့မည် ။ သတင်းထောက်တွေ ကလည်း သည်လိုဟာမျိုး ဆို လျှင် မြိန်မြိန်ယှက်ယှက်ကြီး ဖွဲ့နွဲ့ကြလေတော့မည် ။ သူ သည် မတွေးဝံ့အောင် ရှက်ရပေတော့မည် ။ 


“ ဒီလိုလည်း မလုပ်ပါနဲ့ ကိုဘသိန်းရယ် ” 


သူ သည် တောင်းပန်လေသည် ။ 


ဘသိန်း သည် ပြုံးလိုက်လေသည် ။ သူ သည် အနိုင် ရသွားလေပြီ ။ 


“ ကျွန်မ မယ် ရှိတဲ့ ပစ္စည်း ထဲက ရှင် ကြိုက်တာ ယူသွား ပါ ။ ကျွန်မ စုထားတဲ့ ငွေလည်း အနည်းအကျဉ်း ရှိပါသေး တယ် ”


“ ဟေး ... ဟေး ... မြ ကျုပ် ဒီလာတာ ငွေညှစ်ဖို့ လာ တာ မဟုတ်ဘူး ။ ကျုပ် မိန်းမ ကျုပ် ပိုင်တဲ့ မိန်းမ နဲ့ ကျုပ် နဲ့ ရတဲ့ သား ကို ခေါ်ရအောင် လာတာ ” 


“ ရှင့် ဆီကို ဘယ်တော့မှ ပြန် မလိုက်ဘူး ။ ရှင့် ဆီပြန် လိုက်ရမယ် ဆိုရင် ကိုယ့် ကိုယ် ကို သတ်သေလိုက်မယ် ”


ရင်ရင်မြ သည် မတ်တတ်ရပ် ၍ ခပ်ဆတ်ဆတ် ပြောလိုက် လေသည် ။ မောင်ရဲမြင့် ကို ဒေါ်လှမေ လာ ခေါ်သွားလေသည် ။ 


ဘသိန်း သည် အခုမှ ရင်ရင်မြ တစ်ကိုယ်လုံး ကို အသေအချာ ကြည့်မိလေသည် ။ “ ငါ နဲ့ ကွဲနေတဲ့ အတောအတွင်း တယ်လှနေပါကလား ” ဟု အောက်မေ့လိုက်လေ သည် ။ 


“ မင်း မလိုက်ချင်နေ ငါ့ သား ကို ငါ ခေါ်မယ် ” 


“ ရှင့်သား ဟုတ်လား ရှင့်သား ။ ရှင် သူ့ကို လက်ဖျား နဲ့ တောင် မတို့ရဘူး ” 


“ ဟေ့ ... ငါ့ သားကို ဘယ်နည်းနဲ့ မှ ပထွေး နဲ့ မထားနိုင်ဘူး ။ ကဲ မင်း အသေအချာ စဉ်းစားလေ ။ မင်း ရော ၊ ကလေး ပါ မင်း လင် ငါနဲ့ လိုက် နေမလား ၊ ဒါမှ မဟုတ်ရင် လည်း ကလေး ကိုပဲ ပေးလိုက်မလား ။ မင်း ဟာ မင်း စဉ်းစား ၊ ငါ ဒီနေ့ တောင် မင်း နဲ့ ငါ နဲ့ လင်မယား ဖြစ်တဲ့ အကြောင်း ၊ ပန်းချီဆရာကောင် က ငါ့ မိန်းမ ခိုးယူတဲ့ အကြောင်းတွေ သတင်းထောက် သွား ပြောမလို့ လုပ်သေး တယ် ။ မသေချာသေးလို့ ငါ ဆိုင်းထားတာ ” 


ရင်ရင်မြ သည် ဘာမှ မပြော ။ နံရံတွင် ချိတ်ထား သည့် “ ဖြေလည်းပြေပါနိုင် ” သူ့ ပုံကြီး ကို စိုက်ကြည့်နေလေသည် ။ 


“ ကဲ ... ငါ ကလည်း အရင် မလိုပါဘူးလေ ။ ပန်းချီ ဆရာ ဘယ်တော့ ပြန်လာမလဲ ” 


“ နှစ်နာရီ ” 


သူ သည် နာရီ ကို မော့ကြည့်လိုက်လေသည် ။ 


“ အခု ၁၀ နာရီ ထိုးပြီ ။ ကိုယ် နာရီပြန် တစ်ချက် လာခဲ့မယ် ။ အဲဒါ မင်း အဖြေ ကို အတိအကျ သိချင်တယ် ဒါပဲ ” 


သူ သည် နေရာမှ ထကာ ရုတ်တရက် ထွက်သွားလေ ၏ ။ 


ရင်ရင်မြ သည် နေရာတွင် ပင် ကျန်ရစ်လေသည် ။ မောင်ရဲမြင့် သည် သူ့ ဆီသို့ ပြေးလာလေသည် ။ သူ သည် လှမ်း၍ ပွေ့ယူလိုက်ကာ ပါးနုနုကလေး ကို အကြိမ်ကြိမ် မွှေး ရင်း မျက်ရည်တွေ စီးကျလာလေသည် ။ ဒေါ်လှမေ အနီးသို့ ရောက်လာကာ ရင်ရင်မြ ငိုနေသည် ကို တွေ့သောအခါ သူ လည်း ငိုလေသည် ။ သူ သည် အကျိုးအကြောင်းတွေ ကို အားလုံး သိပြီး ဖြစ်လေသည် ။


“ ခက်တော့တာပဲ ဒေါ်ဒေါ် ” 


ဒေါ်လှမေ သည် မျက်ရည်စ ကို အင်္ကျီလက် နှင့် သုတ် နေလေသည် ။ 


“ သူ ဘာပြောပြော မလိုက်နဲ့ပေါ့ ” 


“ မဖြစ်ဘူး ဒေါ်ဒေါ် ၊ ကိုဘသိန်း ဟာ သိပ် ဉာဏ်များတယ် ။ အစ်ကိုကြီး ကို အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် လုပ်လိမ့်မယ် ။ အခု ကလေး ပြန်လိုချင်တယ် ဆိုတာ တစ်ခုခု အကြောင်းရှိလို့ပဲ ။ သူ ကလေး ကို ချစ်တာ မဟုတ်ပါဘူး ။ ကျွန်မ သူ နဲ့ ပြန်နေအောင် သက်သက် ကပ်တာ ဖြစ်ချင် ဖြစ်မယ် ။ သူ နဲ့ တော့ ပြန်မနေဘူး ဒေါ်ဒေါ် ။ ကျွန်မ ကိုယ် ကျွန်မ သတ်သေမယ် ” 


ရင်ရင်မြ သည် ရှိုက်၍ ရှိုက်၍ ငိုလေသည် ။ 


“ ဒီလို ဆိုပြန်တော့လည်း ဟောဒီ သားလေး အတွက် ခက်ပြန်တာပဲ ဒေါ်ဒေါ် ၊ အစ်ကိုကြီး ကို ဘယ့်နှယ့်လုပ် ပြောရပါ့မလဲ ။ ကျွန်မ ကျေးဇူးရှင် အစ်ကိုကြီး ဒီအကြောင်း များ သိရင် သူ လည်း ရင်ကွဲမှာပဲ ” 


ဒေါ်လှမေ သည် ဘာမျှ မပြော ငိုမြဲ ငိုနေလေသည် ။ 


“ သူ ( ၁ ) နာရီ လောက် ပြန်လာလိမ့်မယ် ။ သူ မလာခင် တစ်ခုခု လုပ်မှ ဖြစ်မယ် ” 


ရင်ရင်မြ သည် စိတ်တင်းလိုက် သကဲ့သို့ မျက်ရည် သုတ်ကာ အခန်းတွင်း သို့ ဝင်သွားလေ၏ ။ 


အခန်းတွင်း ရောက်ခါမှ ပို၍ ဝမ်းနည်းလာပြန်လေ သည် ။ သူ သည် သူတို့ ချစ်သူ နှစ်ယောက် အုံးစက်ရာ ယှဉ်နွှဲသည့် ခုတင် ပေါ်တွင် လှဲကာ ခေါင်းအုံး ပေါ်တွင် မျက်နှာ အပ်လျက် ဆွေးမျက်ရည်တွေ ကို သွန်ချ နေလေ၏ ။ 


      •••   •••   •••   ••• 


ကိုစောမောင် သည် ကပျာကသီ နှင့် ဗိုလ်ချုပ်ဈေး ထဲ မှ ထွက်လာလေသည် ။ သူ သည် ပျော်နေလေသည် ။ ဒီနေ့ အဖို့ သူတို့ အတွက် တည်ခင်းသည့် လက်ဖက်ရည်ပွဲ တွင် သူ နှင့် မြ တို့ မန္တလေးပိုးလုံချည် ဆင်တူ ဝတ်ကြမည် ။ အစိမ်း နုရောင် ကို သူ အကြိုက်ဆုံး ဖြစ်သည် ။ သူ သည် အစိမ်း လုံချည် နှင့် အစိမ်းနုဖက်ဖူးရောင် မောင့်ကျက်သရေခေါင်း ပေါင်း ကို ပေါင်းမည် ။ သူ့ ချစ်ဇနီးမြ အားလည်း အစိမ်းနုလုံချည် နှင့် အစိမ်းနုဝါလေး ကို ခြုံစေမည် ။ လက်ဖက်ရည်ပွဲ တွင် ပြန်လည် ပြောကြားရမည့် စကားများ ကိုလည်း လမ်း တစ်လျှောက်လုံး စဉ်းစား လာလေသည် ။ 


“ မြ ရေ ... မြ ” 


ကိုစောမောင် သည် လှေကား က တက် ကတည်းက ခေါ်လာခဲ့သည် ။ ပြန်၍ ထူးသံကား ပေါ်မလာ ။ ခါတိုင်း ဆို လျှင် အိမ်ပေါက် မှ လာ၍ ကြိုစမြဲ ဖြစ်သည် ။ 


သူ သည် စေ့ထားသော တံခါးကို တွန်း ဖွင့်လိုက် သည် ။ တစ်အိမ်လုံး တိတ်နေလေသည် ။ သူ သည် ပါလာသော ပစ္စည်းများ ကို ချကာ တစ်အိမ်လုံး အနှံ့အပြား လိုက် ရှာနေလေသည် ။ 


“ မြရေ  မြ ဘယ်သွားပါလိမ့် ။ ဒေါ်လှမေ လည်း မရှိဘူး ”


သူ့ ဟာ သူ ရေရွတ်cနေလေသည် ။ သူ ၏ ရင်သည် ဘာကြောင့်မှန်းဘမသိ တဒိတ်ဒိတ် တုန်လာလေသည် ။ 

သူ အလွန် မြတ်နိုးသည့် “ ဖြေလည်း ပြေပါနိုင် ” ပုံကြီး ကို မော့ကြည့် နေမိသည် ။ လှပသည့် မျက်နှာတွင် ဆွေးရောင် လွှမ်းသည့် မျက်လုံး အစုံ နှင့် သူ့ ကို ပြန်ကြည့်နေသည် ။ သူ သည် သူ ဝယ်လာသည့် ပစ္စည်းတွေ ချထားသည့် စားပွဲခုံ ပေါ်သို့ မျက်စိ ရောက်သွားပြန်သည် ။ 


ထို စားပွဲ ပေါ်တွင် ရင်ရင်မြ လက်ရေး နှင့် စာအိတ်ကလေး -


သူ သည် ကပျာကယာ ဖတ် လိုက်လေသည် ။ 


မြ အသက် အစ်ကိုကြီး -


မြ ဘယ်လို စာ ရေးရမလဲ ။ မြ အသဲတွေ ကွဲကုန်ပြီ ။ အစ်ကိုကြီး မြ ကို ချစ်တယ်နော် ။ ဒီတစ်ခါတော့ အစ်ကိုကြီး မြ ကို မကယ်နိုင်တော့ဘူး ။ မြ အစ်ကိုကြီး နဲ့ ခွဲရ တော့မယ် ။ ကိုဘသိန်း ပြန်လာပြီ ။ အစ်ကိုကြီး လည်း ထွက်သွား ရော သူ လည်း ရောက်လာတယ် ။ မြ သူ့ ကို သိပ် ကြောက်တာပဲ ။ သူ က မြ ကို အတင်း ပြန်ခေါ်နေ တယ် ။ မြ မလိုက်ရင် သားလေး ကို သူ ခေါ်သွားမတဲ့ ။ မြ ဘယ် ပေးနိုင်မလဲ ။ သားလေး ကို သူ အတင်း ယူလိမ့် မယ် ။ ပြီးတော့လည်း အစ်ကိုကြီး ကို အရှက် ကွဲအောင် သူ လုပ်လိမ့်မယ် ။ သူ နဲ့ လည်း မြ ဘယ့်နှယ့် လိုက်နေ နိုင်ပါ့မလဲ ။ အစ်ကိုကြီး ဒီတစ်ခါတော့ မြ ကို မကယ်နိုင်တော့ဘူး ။ သူ နဲ့ သာ မြ ပြန် နေရရင် မြ သေမှာပဲ ။ သားလေး ကို လည်း မြ ခွဲပြီးသူ့ ကို မပေးလိုက်နိုင်ဘူး ။ အစ်ကိုကြီး ကို လည်း မြ မခွဲနိုင်ဘူး ။ ဘယ့်နှယ့် ကြံရမလဲ အစ်ကိုကြီးရယ် ။ 


သူ ( ၁ ) နာရီ ထိုးရင် ပြန်လာမတဲ့ ။ သူ ပြန်လာရင် မြ ကို အတင်း ဆွဲခေါ်လိမ့်မယ် ။ မလိုက်ရင် သားလေး ကို သူ ယူသွားတော့မှာပဲ ။ သူ နဲ့ မြ မျက်နှာချင်း မဆိုင်ဝံ့ တော့ဘူး ၊ မြ သိပ် ကြောက်တယ် အစ်ကိုကြီးရယ် ။ 

အစ်ကိုကြီး မြ ကို ခွင့်လွှတ်ပါနော် ။ ဒီလို ပျော်နေတုန်း အချိန်မယ် အစ်ကိုကြီး နဲ့ ခွဲသွားရတာ ... မြ အသည်း တွေ ကြွေကုန်မှာပဲ ။ မြ တော့ သေတဲ့ အထိ အစ်ကိုကြီး ကို မမေ့နိုင်တော့ပါဘူး ။ စာ လည်း ရှည်ရှည် မရေးနိုင်တော့ဘူး အစ်ကိုကြီး ရယ် ။ ( ၁ ) နာရီ ထိုးခါနီး နေပြီ ။ သူ ပြန်လာလို့ တွေ့နေရင်တော့... မြ ကိုယ့် ကိုယ်ကို သ,တ်သေလိုက်တော့မှာပဲ ။ သူ့ မျက်နှာ ကို မြ မကြည့်ရဲတော့ဘူး ။ 


အစ်ကိုကြီး ရေ ... ဘဝအကြောင်း ပဲလို့ အောက်မေ့ပြီး စိတ် ကို သာ ဖြေပါတော့ ။ မြ တော့ သားကလေး ကို ခေါ် ပြီး ဒေါ်လှမေ နဲ့ အတူ သူ မတွေ့မယ့် နေရာကို ထွက် သွားပါပြီ ။ 

             အချစ်ဆုံး မြ 


ကိုစောမောင် သည် ဆိုဖာ ပေါ်တွင် ခေါင်းငိုက်စိုက် ကျသွားလေသည် ။ အဖြစ်အပျက် ကား မြန်လွန်းလှ သဖြင့် အိပ်မက် လို ဖြစ်နေလေသည် ။ သို့သော် သူ့ အချစ် မြ ၊ သူ့ မောင်ရဲမြင့်လေး တို့ကား သူ့ အနီးအနား တွင် မရှိတော့ပြီ ။ သည်ဟာ ကိုတော့ သူ သိသည် ။ မြ သည် သူ့ ကို စွန့်ခွာ သွားလေပြီ ။ သည်လို စွန့်ခွာသွားသည့် အတွက် လည်း သူ မြ ကို စိတ်မဆိုးနိုင် ။ သူ့ မြ သည် သူ့ ကို ဘယ်လောက် ချစ် သည် ကို သူ သိသည် ။ 


သူ သည် သူ့ လက်ရာ ဖြစ်သည့် နိုင်ငံကျော် “ ဖြေလည်း ပြေပါနိုင် ” ပုံကြီး ကို မော် ကြည့်နေသည် ။ လှပသည့် မျက်နှာ တွင် ဆွေးရောင်သမ်း နေသည့် မျက်လုံးများ သည် သူ့ ကို ရွှန်းရွှန်းစားစား ပြန် ကြည့်နေသည် ။ မြ ဘယ်ဆီများ ရောက်နေပါလိမ့် ။ သူ့ မျက်နှာ သည် ပုံ ထဲက လို လှပပြီး မျက်လုံးများ သည်လည်း ပုံ ထဲ ကလို ဆွေးရောင်သမ်း နေပေ လိမ့်မည် ။ သူ သည် စာကို တစ်ခေါက် ပြန်ဖတ်ပြန်သည် ။ 


“ ဘဝအကြောင်း ပဲလို့ အောက်မေ့ပြီး စိတ်ကို ဖြေပါတော့တဲ့ ” 


ကိုစောမောင် သည် အသံတုန်ကြီး နှင့် တစ်ယောက် တည်း ပြောနေလေသည် ။ 


“ ဘယ်လိုပဲ ဖြေပေမယ့် ပြေနိုင်ပါ့မလဲ မြ ရယ် ” 


လှပသည့် မျက်နှာ နှင့် ဆွေးရောင်သမ်းသည့် မျက်လုံးများ သည် သူ့ ကို ကြည့်နေလေသည် ။ သူ သည် အောက်ခြေ တွင် ရေးထားသည့် စာတန်းကလေး ကို တိုးတိုးကလေး ဖတ် နေလေသည် ။ 


“ ဖြေလည်း ပြေပါနိုင် ” 


⎕ မန်းတင်


📖ရှုမ၀ မဂ္ဂဇင်း

     အတွဲ - ၁ ၊ အမှတ် - ၁၁   

     ၁၉၄၈ ၊ ဧပြီ 

No comments:

Post a Comment