❝ ပစ်တိုင်းထောင် ❞
အပိုင်း - ၁၁
မင်္ဂလာဆောင်မည့် နေ့တွင် ကျွန်တော်တို့ ဆိုက်ကားအဖွဲ့ မှာ တစ်ဖွဲ့လုံး လိုက်ကြပါသည် ။ ကျွန်တော့် မှာ ရှေ့ဆုံးမှ ဦးသာဒင် ၏ ဆိုက်ကား ပေါ်သို့ အခန့်သား ထိုင်၍ လိုက်ရသည် ။ ဦးသာဒင် ၏ ဆိုက်ကားမှာ ပန်းစက္ကူများ ဖြင့် လှအောင် ပြင်၍ထားသည် ။ ဦးသာဒင်ကြီး မှာ လည်း ခေါင်းပေါင်း ၊ အပေါ်အင်္ကျီ နှင့် စတိုင်အကျ ဝတ်လာ၏ ။
ဆိုက်ကားဟွန်းသံများ မှာ ညံလျက်ရှိသည် ။ ကျွဲသိုးတို့ ဒိုးပတ်ဝိုင်း မှာလည်း မြိုင်လှသည် ။
လမ်းဘေးရှိ လူများက ကျွန်တော်တို့ အား အထူးအဆန်း ရပ်၍ ကြည့်ကြသည် ။ ထိန်းသိမ်းရေးအဖွဲ့ ရောက်လာသောအခါ အသင့်ပြင်ထား သော နေရာတွင် ထိုင်ကြသည် ။
ကျွန်တော်တို့ လူသိုက် ထိုင်လျှင်ပင် ဧည့်ခန်း တစ်ခန်း ပြည့်၍ သွားသည် ။ ကျွန်တော် က မရီ နှင့် ယှဉ်၍ ထိုင်ရသည် ။ ကျွန်တော် သည် တစ်သက်နှင့် တစ်ကိုယ် ယခုတစ်ကြိမ် သည် အပျော်ဆုံး ဟု ထင်ရသည် ။ မရီ ကမူ ရှက်၍လား မသိ ။ ခေါင်းကလေး ကို ငုံ့၍ထားသည် ။ သို့ ငုံ့ထားရာမှ တစ်ချက် တစ်ချက် မျက်လွှာကလေး ပင့်၍ ကျွန်တော့် ကို ကြည့်တတ်သည် ။
မရီ ဘက်မှ လူကြီးများ အဖြစ် အမျိုးသမီး ထိန်းသိမ်းရေးအဖွဲ့ မှ ဥက္ကဋ္ဌ ဒေါ်ကြီးတန် နှင့် အတွင်းရေးမှူး ဒေါ်မြစီ တို့က ဧည့်ခံ၍ မင်္ဂလာစကား ကို ပြောကြလေသည် ။
ဒေါ်ကြီးတန် သည် ပွဲထိုင် လိုက်နေကျ အမျိုးသမီးကြီးများ ၏ ဟန် ဖြင့် မင်းသမီးယပ်တောင် ကို ခတ်လိုက် ပြီးလျှင် မင်္ဂလာစကား ကို စလိုက်သည် ။
“ အခု အချိန်ဟာ မင်္ဂလာအခမ်းအနား စဖို့ အချိန်တော်ပါပြီရှင် ၊ အောင်သာ နေမွန်းတည့် ၊ ငဆင် သုံးချက်တီး ၊ နေပြည်တက်တုန်းခါ ၊ နန္ဒာ နေထွက်လို့ ကမ္ဘာ့အစဉ် ဗေဒင်ပိဋကတ် ကျမ်းမြတ်တို့ ညွှန်းအပ်ခဲ့ကြပါတယ်ရှင် ၊ တနင်္ဂနွေ သောကြာ မွန်းတည့်ခါ ဘယာဘေးမျိုးအောင် ၊ တနင်္လာ နှင့် အင်္ဂါတစ်သီး သုံးချက်တီး ရန်မီးကင်းလွတ်ရှောင် ကြာသပတေး တစ်ထူး ဗုဒ္ဓဟူးရက် နေလျှင်တက် မပျက် ဤလူ့ဘောင် ၊ နေထွက် နေဝင် စနေပင် ဆောလျင် ရန်မျိုးအောင် လို့ ဆိုကြပါတယ် ၊ ဤနေ့ ဤရက်သည်ကား ကောင်းမွန်မြင့်မြတ်သော တနင်္ဂနွေနေ့ ပင် ဖြစ်ပါတယ် ။ ဗေဒင်ပိဋကတ် ကျမ်းမြတ်တို့ ၏ တွက်အပ်သည့် အလိုအားဖြင့် တနင်္ဂနွေ သောကြာ မွန်းတည့်ခါ ဘယာဘေးမျိုးအောင် ဆိုသောကြောင့် ယခု မြန်မာစံတော်ချိန် ဆယ့်နှစ်နာရီ နေမွန်းတည့်ချိန် မင်္ဂလာအခါ ကို စပါပြီရှင် ”
ဒေါ်ကြီးတန် သည် ဝိသာခါအဖွဲ့ဝင် ကျောင်းအမကြီးတို့ ၏ လေယူ လေသိမ်းဖြင့် မင်္ဂလာအခမ်းအနား ကို စလိုက်လေသည် ။ အမျိုးသမီး ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌကြီး ဒေါ်ကြီးတန် က မင်္ဂလာအခမ်းအနား ကို ဖွင့်လိုက် ပြီးသည့်နောက် ကျွန်တော်တို့ ဘက်မှ တစ်ဖန် မင်္ဂလာစကား ပြောရန် အလှည့် ရောက်လာပြန်သည် ။
ဦးလေးဦးသာဒင် သည် ချောင်းတစ်ချက် ဟန့်လိုက် ပြီးလျှင် အပေါ် အင်္ကျီ ကို ဆွဲ၍ တင်လိုက်သည် ။ ထိုအတွင်း ဗိုက်ရွှဲဦးဘကြား က ဝင်၍ ပြော လိုက်သည် ။
“ မင်္ဂလာအချိန် စတော့ ကျွန်တော်တို့ က သတို့သား ရဲ့ မိဘများ ကိုယ်စား မင်္ဂလာစကား ပြောရပါ့မယ် ၊ မကောင်းမြစ်ထာ ၊ ကောင်းရာညွှန်လတ် ၊ အတတ်သင်စေ ၊ ပေးဝေနှီးရင်း ၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင် ဆိုလို့ လူကြီးမိဘတို့ ဝတ္တရား အတိုင်း ကျွန်တော်တို့ ၏ သတို့သား မောင်သံချောင်း ကို သတို့သမီး မရီ နှင့် ထိမ်းမြားခြင်းအမှု မင်္ဂလာ ပြုရန် ဖြစ်ပါသည် ။ ဤသို့ မင်္ဂလာ ပြုပြီးသည့် နောက် အကြင်လင်မယား အရာ မြောက်သည့် နောက်တွင် ကျွန်တော်တို့ ၏ သတို့သား မောင်သံချောင်း သည် လင် ဝတ္တရား ကျေပွန်စွာဖြင့် ရာသက်ပန် ရိုးမြေကျ အတူတကွ ပေါင်းဖော်ပါ မည် ဟု လူကြီးစုံရာ ရှေ့တွင် သတို့သား ကိုယ်စား ကတိပြုပါတယ် ခင်ဗျား ”
ကျွန်တော် သည် ဗိုက်ရွှဲဦးဘကြား ကို အံ့ဩမိလေသည် ။ စိတ် ထဲ တွင်လည်း ချီးကျူးမိသည် ။
“ အင်း .. မကောင်းတဲ့ အလုပ်တွေ လုပ်နေပေမဲ့ ဒီလို မင်္ဂလာ စကားတွေ လည်း ပြောတတ်သားပဲ ” ဟု စိတ် ထဲ မှ အောက်မေ့မိသည် ။
ထို့နောက်တွင် အမျိုးသမီး တိုးတက်ရေးအဖွဲ့ မှ ဖျာပုံဒေါ်ခင်ခင် က စကား ပြောပြန်သည် ။
“ မင်္ဂလာစကား လက်ဆောင် ပါးရမယ် ဆိုတော့ ကျွန်မ က ဘိသိက်ဆရာ မဟုတ်တော့လည်း မပြောတတ်ဘူးရှင့် ၊ တတ်သရွေ့ မှတ်သရွေ့ ဖတ်၍သာ ပြောရမယ်ဆိုလျှင် .. ”
ဖျာပုံဒေါ်ခင်ခင် ပြောပုံမှာ ရာမဇာတ်တော် ထဲမှ မင်းသမီးလေသံ လို စကားများ ခဏ ဖြတ်လိုက်လျှင် ကျွန်တော့် နားထဲတွင် ပတ်မချက် ဆို့သံ ကို အလိုလို ကြားယောင်နေမိသည် ။
“ ကောတုဟလ မင်္ဂလာ ဟူသည် မှာ အုတ်အုတ်ကျက်ကျက် တစ်ခဲ နက်သော ကောင်းချီးပေးသည် ကို ဆိုလိုပါတယ် ၊ ကောတုဟလ ၊ ဝေါဟာရတု ၊ မင်္ဂလာတစ်ဆယ် ၊ နိဒါန်းသွယ်ပိမ့် ၊ အလွယ်မှတ်သား ၊ မျိုးလေးပါးတို့ ၊ မိန့်ကြားခွင့်သိ ၊ အမည်ရှိ၏ ဆိုတဲ့အတိုင်း ၎င်းတို့ကို အကျယ်ပွားလျှင် ဆယ်ပါးသော မင်္ဂလာအပြားရှိပါတယ် ၊ ယခု သတို့သား ၊ အဟမ်း ... ”
ဒေါ်ခင်ခင် သည် ကျွန်တော်တို့ ဘက်သို့ လှည့်ကြည့် လိုက်ရင်း စကား ကို ဒေါ်ကြီးတန် က ဝင်၍ ထောက်လိုက်သည် ။
“ မောင်သံချောင်း ”
“ အဲ ... သတို့သား မောင်သံချောင်း နဲ့ သတို့သမီး အဟမ်း ”
“ မရီ ”
“ အဲ ... သတို့သမီး မရီ တို့ရဲ့ မင်္ဂလာ ဟာဖြင့် အခြားခြားသော မင်္ဂလာတို့ ထက် ထူးခြားတာကို တွေ့ ရပေတယ် ၊ ဒီ ထူးခြားချက်တွေ ကတော့ သတို့သား ၊ သတို့သမီး တို့၏ ကြီးမားသော မေတ္တာ စေတနာ နှစ်ဖက်သော မိဘ ကိုယ်စား သားရင်း သမီးရင်း ပမာ တကယ့် ချစ်ခြင်းမေတ္တာဖြင့် ထမြောက် အောင် ဆောင်ရွက်ကြတဲ့ သတို့သား ဘက်မှ အဟမ်း ... ”
“ ဦးဘကြား ၊ ဦးသာဒင် ... ”
“ အဲ ... ဦးဘကြား နဲ့ ဦးသာဒင် ၊ သတို့သမီး ဘက်မှ ဥက္ကဋ္ဌကြီး ဒေါ်ကြီးတန် နဲ့ အတွင်းရေးမှူး ဒေါ်မြစီ တို့ ရဲ့ စေတနာ ၊ မေတ္တာ တို့ ဟာ ထူးခြား လှပါတယ် ၊ ဒါတင်မက ကျွန်မတို့ တိုင်းပြည် မှာ အမျိုးသမီးကောင်းလေးတွေ ပျက်စီးတတ်ကြတဲ့ အခါ အမျိုးသမီး အကျင့်စာရိတ္တမြှင့်တင်ရေး ၊ တိုင်းပြည် လူဦးရေ တိုးတက်ရေး ကို ကြိုးပမ်းရမယ့် အခါကြီး မှာ အခုလို အမျိုးသား ကောင်း မောင်သံချောင်း က အမျိုးသမီးကောင်း မရီ အား ကယ်တင်စောင့် ရှောက်၍ ယောက်ျားကောင်း ၊ ယောက်ျားမြတ်တို့ ကျင့်အပ်သော အကျင့်ဖြင့် ယခုလို သားမှတ် ၊ မယားမှတ် ပုဆိုးတန်းတင် ထိမ်းမြားသဘင် ဆင်ယင် ခြင်းဟာ အထူးတကာ့ အထူးဆုံးဖြစ်ပါတယ် ၊ ဒါကြောင့် ဤမင်္ဂလာ ကို ကောတုဟလ မင်္ဂလာမြတ် ဟု ခေါ်ဆိုထိုက်သည် နှင့်အညီ တစ်ခဲနက်သော ကောင်းချီးကို ပေးအပ်ပါတယ် ။ ကောတုဟလ မင်္ဂလာ နှင့် အညီ သီရိကျက် သရေ ၊ တက်သစ်နေသို့ ၊ ဇေယျအောင်မြင် ၊ ထွဋ်တင်ဝရ ၊ မြင့်မြတ်လှ၏ ၊ တကွသိဒ္ဓိ ၊ ဆောင်ကပြီးစီး ၊ နောင်မညီးတည့် ၊ တောင်ကြီးသုတိ ၊ ဝမ်းမြောက် ဘိဟု ၊ ပကတိသြဘာ ၊ ကြွေးကြော်ငြာ၍ ၊ ဆယ်ဖြာမင်္ဂလာ ပြည့်စုံကြပါစေ ရှင် ”
ကျွန်တော့် နားထဲတွင် ရာမဆိုင်းသံများ ကြား၍ နေလေသည် ။ ဖျာပုံဒေါ်ခင်ခင် သည် စကားကို အဆုံးသတ် ပြီးလျှင် ပဝါ ကို ခတ်လိုက် သည် ။ ပြီးမှ ဘေးလူများ ကို ကြည့်ရင်း နားထောင် နေကြသော ပရိသတ် ကို အကဲခတ်လိုက်သည် ။
“ ဘယ့်နှယ်လဲ ကျွန်မ ပြောတာ ကောင်းရဲ့လား ” ဟူသော အကြည့် မျိုးဖြစ်သည် ။ ဒေါ်ကြီးတန် နှင့် ဒေါ်မြစီ က “ ကောင်းပါတယ်ရှင် ၊ သိပ် ကောင်းပါတယ် ” ပြောလိုက်သလို ပြုံး၍ ခေါင်း ကို ပြိုင်တူ ညိတ်လိုက်ကြသည် ။
ကျွန်တော်တို့ အလှည့် ရောက်ပြန်သည် ။ ဦးသာဒင် သည် နှုတ်ခမ်းမွေး ကို လက်ညှိုး နှင့် လက်မ ကို ပြိုင်တူခွဲ၍ သပ်လိုက်သည် ။
“ အဟမ်း .. ၊ လောကီမင်္ဂလာ ဆယ့်နှစ်ဖြာ လို့ ကျမ်းဂန်အလာ ရှိပါတယ် ခင်ဗျား ၊ ၎င်း မင်္ဂလာဆယ့်နှစ်ပါး ကား ဂဗ္ဘဝါသ မင်္ဂလာ ၊ ပဋိသန္ဓေ တည်သည် မှ မဖွားမြင်မီ အတွင်း သားသမီးတို့ အကျိုးစီးပွား အတွက် ပြု အပ်သောမင်္ဂလာ ၊ ဝိဇာတမင်္ဂလာ ၊ ဖွားမြင်သောအခါ ပြုအပ်သောမင်္ဂလာ ၊ သိရောဒက မင်္ဂလာ ၊ ဥက္ခောင်းဆေးလျှော် တရော်ကင်ပွန်းတပ်မင်္ဂလာ ၊ ကေသစ္ဆေဒနမင်္ဂလာ ၊ ဝမ်းတွင်းဆံကို ပယ်သောအခါ ပြုအပ်သောမင်္ဂလာ ၊ ရှင်သာမဏေပြုရာတွင် ဆံချသောမင်္ဂလာ ၊ ဒေါဋ္ဌကရဏမင်္ဂလာ ၊ ပုခက် တင်မင်္ဂလာ ၊ နာမကရဏမင်္ဂလာ ၊ အနွတ္တသညာ အမည် မှည့်ခေါ်သည့် အခါ ပြုအပ်သောမင်္ဂလာ ၊ ဒုဿဂဟဏမင်္ဂလာ ၊ ပုဆိုးအင်္ကျီ ဘယက်တန်ဆာ ဝတ်ဆင်သောအခါ ပြုအပ်သောမင်္ဂလာ ၊ အာဟာရပရိဘောဂ ၊ ထမင်းခွံ့ သောအခါ ပြုအပ်သောမင်္ဂလာ ၊ စူဠာကရဏမင်္ဂလာ ဆံပင်ထုံးသောအခါ ပြုအပ်သောမင်္ဂလာ ၊ ကဏ္ဏဝိဇ္ဈမင်္ဂလာ နားထွင်းမင်္ဂလာ ၊ ပဗ္ဗဇ္ဇမင်္ဂလာ ၊ သာသနာ တွင် ရှိသည့် ရှင်ပြုမင်္ဂလာ ၊ အာဝါဟ ဝိဝါဟမင်္ဂလာ ထိမ်းမြားခြင်းဟူ ၍ မင်္ဂလာ ဆယ့်နှစ်ပါး ရှိပါတယ် ”
ကျွန်တော်က ဦးသာဒင်ကြီး အား တအံ့တသြ ကြည့်နေမိသည် ။
ဦးသာဒင် ၏ အမူအရာ မှာ ဆေးခြောက်ရှူတုန်း က နှင့် လုံးဝ မတူပေ ။ တကယ့် ဘိသိက်ဆရာကြီးများ ကဲ့သို့ တစ်ချိုးတည်း တူ နေလေသည် ။ အမျိုးသမီး ခေါင်းဆောင်ကြီးများ ကား ဦးသာဒင် ပြောစကား ကို ငေးစိုက်၍ နားထောင် နေသည် ။ ဒေါ်ခင်ခင် ၏ မျက်နှာတွင် ခံပြင်းသော အရိပ်အယောင်များ ပေါ်လွင်ထင်ရှားနေ၏ ။
“ အဟမ်း …. သျှောင်နောက် ဆံထုံး ပါစမြဲထုံး ၊ သျှောင်သွားရာ ဆံထုံး နောက်က လိုက်မြဲသာ စကားအရာ ကျမ်းအလာ စာ ရှိနှင့် အညီ ရှေးရိုးစဉ်လာ သတို့သား ရှိရာ သတို့သမီး ကို ဆောင်ယူ၍ အိမ်ထောင်ထူခြင်း ကို အာဝါဟ ဝိဝါဟမင်္ဂလာ ဟု ခေါ်ဆိုကြပါတယ် ၊ ၎င်းရှေးထုံးကို တစ်မျိုး မျှော်သန်၍ မဟော့ဉာဏ်ဖြင့် တော်လှန်ခဲ့တာကတော့ သတို့သမီး ရှိရာ သတို့သား ကို ဆောင်ယူ၍ အိမ်ထောင်ထူခြင်း အမှု ပြုသည်ကား ဝိဝါဟမင်္ဂလာ ဟု ခေါ် ဆိုကြပါတယ် ၊ ယနေ့ မင်္ဂလာ မှာ အာဝါဝိဝါ နှစ်ဖြာညီးပေါင်းကာ ဘိသိက်လောင်းခြင်း ဖြစ်၍ နတ်ပြည်ထိ ကောင်းချီးသြဘာ ကြွေးကြော်စေသော မင်္ဂလာမြတ် ဖြစ်ပါတယ် ၊ ဒါကြောင့် မင်္ဂလာဆယ့်နှစ်ပါး နှင့် လည်း အညီ ထိမ်းမြားခြင်း ဆယ်ပါး နှင့်လည်း ပြီးမြောက် နေ့ရက် အချိန်ကာလ နေအိမ်ဌာန မြတ်သောကြောင့် မင်္ဂလာအရာ ကောင်းစွာ ပြီးမြောက်ပါကြောင်း ဆုမွန် တောင်းလိုက်ပါသည် ခင်ဗျား ”
ကျွဲသိုး တို့ ဒိုးပတ်ဝိုင်း မှ အောင်ဘာလေသီချင်း တစ်ယောက် တစ်ပေါက် တီးမှုတ်သီဆိုကြလေသည် ။ အားလုံး လူများမှာ ပြုံးနေကြသည် ။ ဦးသာဒင်ကြီး က ကျွန်တော် ၏ လက် ကို ဆွဲ၍ မရီ ၏ လက်နှင့် ထပ်၍ ပေးလိုက်သည် ။ ကျွန်တော် က ဝမ်းသာအားရ ကြည့်လိုက်မိသည် ။ မရီ မျက်နှာကလေး မှာ ရွှင်ပြုံးကြည်လင်ပြီး ကျက်သရေ ရှိလှပေသည်တကား ။
••••• •••••• •••••
“ တရုတ်ဖြူတစ်ကောင် တော့ ဆုံးပြီ ”
ပွကြီး က စိတ်ထိခိုက်သော အမူအရာဖြင့် လှမ်း၍ ပြောလိုက်သည် ။
“ ဟင် .. ဟုတ်လား ၊ ဘယ်တုန်းကလဲ ”
“ ည ကပဲဆုံးတယ် ၊ ကောင်းပါတယ်ကွာ ၊ ဝဋ် ကျွတ်သွားတာပေါ့ ”
ကျွန်တော် က နင်းဖော်နင်းဖက် တစ်ဦး ဖြစ်သော တရုတ်ဖြူ ၏ မျက်နှာ ကို မြင်ယောင်လာမိသည် ။ ဦးလေး ဦးသာဒင် က ဘယ်သူ့ကိုမျှ မကြည့်ဘဲ တစ်ယောက်တည်း ညည်းလိုက်ရှာသည် ။
“ အင်း ... သင်္ခါရတရား ဆိုတာ ဘယ်သူ ပြေးလွတ်နိုင်မလဲ ၊ ကဲ ... ကဲ .. တို့ ဘာလုပ်ကြမလဲ ၊ တတ်နိုင်သမျှတော့ ဝိုင်းဝန်းကြမှပဲ ”
“ ငွေစုတာပေါ့ဗျာ ”
“ ကဲ .. ဒါဖြင့် အခု သွားကြရအောင် ၊ ကောင်မလေး အားငယ်နေမယ် ”
ကျွန်တော်တို့ ဂိတ်မှ ဆိုက်ကား အားလုံးသည် တရုတ်ဖြူတို့ အိမ်သို့ နင်းခဲ့ကြလေသည် ။
တရုတ်ဖြူတို့ တဲနား သို့ ရောက်လျှင် သူ့ မိန်းမ ၏ ငိုသံကို ကြားရသည် ။ ကျွန်တော့် မှာ မြင်လျှင် မြင်ချင်း ရင်ထဲတွင် ထိခိုက်မိသည် ။ တရုတ်ဖြူ၏ အလောင်း ကို တဲရှေ့ ခုတင်အို တစ်လုံး ပေါ်တွင် ပြင်၍ ထားသည် ။
တောမသာ လောက်ပင် လှပခြင်း မရှိပေ ။ လွှမ်းထားသော အဝတ်များ မှာလည်း နွမ်းလှသည် ။ မသာအိမ် ဆိုသော်လည်း ခြောက်ကပ်ကပ် ရှိလှသည် ။ တရုတ်ဖြူမိန်းမ နှင့် အခြား မိန်းမဖော် နှစ်ဦး အပြင် အဘိုးကြီး တစ်ယောက် တွေ့ရ လေသည် ။
“ ရှင့် သူငယ်ချင်းတွေ လာပြီလေ ၊ ထပြီး နှုတ်ဆက်ပါဦးလား ကိုစံမြ ရဲ့”
ကျွန်တော် တို့ အားလုံးက တရုတ်ဖြူမိန်းမ မအေးရှင် ဘေးတွင် ဝိုင်း၍ ထိုင်ကြလေသည် ။
“ ဒီလိုပေါ့ဟယ် ၊ သေမင်း ဆိုတာ မျက်နှာကြီး မျက်နှာငယ် မရွေး ပြေးမလွတ်ဘူးကိုဟ ၊ ဘဝအကြောင်း က ဒီလောက်ပဲ ပါလာပေတာကိုး ၊ ဒီတော့ သေသူ ကတော့ သံသရာ ကို ခရီးတစ်ခါ ဆက်ရပြန်တာပေါ့ ၊ ကျန်ရစ်တဲ့ လူအတွက် အရေးကြီးတယ် ၊ ဒီကိစ္စ ဘယ်လို စီစဉ်မလဲ ”
မအေးရှင် သည် ရှိုက်နေရင်း မျက်ရည် ကို သုတ်လိုက်သည် ။
“ ကျွန်မ တော့ ဘာမှ မလုပ်တတ်ပါဘူးရှင် ၊ လက် ထဲ လည်း ငွေ တစ်ပြား မှ မရှိဘူး ၊ အကြွေးသာ တင်ခဲ့တယ် ၊ ဦးလေးတို့ ကယ်နိုင်ရင် ကယ်ကြပါဦး အမလေး .. ကိုစံမြ ရေ နေကောင်းရင် ဆိုက်ကား ပြန် နင်းပြီး အကြွေး တွေ ကျေအောင် ဆပ်မယ်ဆို ၊ ခု ကျုပ် ဘယ်လို လုပ်ရမလဲ ”
“ ကဲ .. ကဲ .. တို့ တတ်နိုင်သလောက် ကြည့်ပြီး ဝိုင်းကြမပေါ့ကွယ် ၊ မောင်ပွ ရေ ... မင်း ဗိုက်ရွှဲတို့ ဆီသွား ၊ အကျိုးအကြောင်း ပြော ၊ ညလည်း ဝိုင်းကလေး ဘာလေး စည်အောင်လုပ် ၊ ကဲ ... စောမောင် က မသာကိစ္စ စီမံကွာ ၊ ငွေ ကို တို့ စုကြတာပေါ့ ”
မအေးရှင် သည် ကျွန်တော်တို့ လူစုအား ယုံကြည်အားကိုးစွာဖြင့် ကြည့်နေရှာသည် ။ ဦးသာဒင် သည် စီစဉ်စရာများ ကို အသေးစိတ် စီစဉ်ပြီး လျှင် ကျွန်တော်တို့ နှင့် အတူပင် ဂိတ် ကို ပြန်မိကြသည် ။ ဂိတ် တွင် တွေ့သမျှ ဆိုက်ကား ကို တစ်မတ် ငါးမူး မှ အစ ငွေကောက် ၊ တချို့ စေတနာ ရှိသော် လည်း မတတ်နိုင်ကြပေ ။ တစ်ကျပ် ငါးမူး ကိုပင် ဖျစ်ညှစ်ပြီး ထည့်ကြရ သည် ။ ကျွန်တော် က စိတ်အလွန် ထိခိုက်သောကြောင့် တစ်နေ့ ရသမျှ အုံနာခ နုတ်၍ ထည့်မည် ဟု ပြောလိုက်သည် ။
တစ်နေ့လုံး ကျွန်တော်တို့ ဂိတ်တွင် တရုတ်ဖြူကိစ္စ နှင့် အလုပ်များ နေကြသည် ။ တချို့ကလည်း တရုတ်ဖြူ ရောဂါ နှင့်ပတ်သက်၍ ထင်မြင် ချက်အမျိုးမျိုး ပေးနေကြသည် ။
“ ဒီရောဂါမျိုး က ခဏခဏ ဖြစ်တတ်တယ် ၊ ဘခွေး သေတာလည်း ဒီရောဂါမျိုးပဲ ၊ ချောင်းဆိုး ပြီး သွေးပါ ၊ နောက် ခြောက်ကပ်ပြီး သေတာပဲ ”
“ ဒီရောဂါမျိုး က ဆိုက်ကားသမားတွေ အများဆုံး ဖြစ်သတဲ့ကွ ၊ ဘာ ခေါ်လဲ ၊ အဆုတ်ရောဂါ လိုပေါ့ ၊ ဆိုက်ကား နင်းတော့ ခုန်တယ် မဟုတ်လား ၊ အဲဒီ ဒဏ်တွေ စုကိုင်တာ ၊ ဆိုက်ကားသမား ဟာ ဆီး ကိုင်ရင် ကိုင် ၊ မကိုင်ရင် ဒီ ရောဂါ စတာပဲ ”
ကျွန်တော် က ကျွဲသိုး တို့ ပြောနေသည် ကို နားထောင်ရင်း ကြောက်မိသည် ။
“ သံချောင်း တစ်ယောက်လည်း မိန်းမ ရမှ လောဘတကြီး ကျပ်ကျပ်သာ နင်း ၊ တစ်နေ့ စုပြီး ကိုင်လိမ့်မယ် ”
ကျွန်တော် က ကျွဲသိုး ကို ဘာမျှ ပြန် မပြော သော်လည်း စိတ်ထဲ တွင် ကား ကြောက်နေမိသည် ။ ဆိုက်ကား နင်းချင်စိတ် လည်း မရှိတော့ပေ ။
ထို့ကြောင့်လည်း အစောကြီး ထမင်း စားပြန်ခဲ့သည် ။
“ ကိုသံချောင်း .. ဘာဖြစ်လို့လဲ ၊ နေမကောင်းဘူးလား ”
“ ကောင်းပါတယ် ၊ ကိုယ့် သူငယ်ချင်း တစ်ယောက် ဆုံးတာ စိတ် မကောင်းလွန်းလို့ ”
“ ဪ …. ဖြစ်မှဖြစ်ရလေ ၊ ဘယ်သူလဲဟင် ”
“ မရီ မသိပါဘူး ၊ ဒီကောင် မမာနေတာ ကြာပါပြီကွာ ၊ သူ့ ရောဂါ က ကြောက်စရာပဲ ၊ ဆိုက်ကားသမားတွေ ဖြစ်တတ်တဲ့ ရောဂါ တဲ့ ၊ အဆုတ်ရောဂါ ခေါ်မှာပေါ့ ၊ ချောင်းဆိုးပြီး သွေးပါတာပဲ ၊ နောက်တော့ အသံတောင် မထွက် တော့ဘူး ”
မရီ သည် စိတ်မကောင်း ဟန် ဖြင့် နားထောင် နေရှာသည် ။ ကျွန်တော် အလိုက်သိစွာပင် စကား ကို ဖြတ်လိုက်ရသည် ။
“ ကဲပါကွယ် ၊ ဒါတွေ ထားပါ ၊ ကိုယ် လည်း စိတ်မကောင်းရုံက လွဲ လို့ ဘာမှမတတ်နိုင်ဘူး ၊ ငွေတော့ တတ်နိုင်သမျှ ထည့်လိုက်တယ် ”
“ ကောင်းပါတယ်လေ ၊ ကဲ ... ကိုသံချောင်း ထမင်း စားမလား ၊ငါးပြေမလေး ချက်တယ် ၊ ပြီးတော့ ချဉ်ပေါင်ဟင်း ၊ ငါးပိရည် ”
“ အေး … စားတာပေါ့ ”
မရီ က ထမင်းစားပွဲ ပြင်ပြီး ကျွန်တော့် ရှေ့သို့ လာ၍ ချသောအခါ ကျွန်တော် က တစ်စုံတစ်ခု ကို သတိရ၍ ပြုံးလိုက်မိသည် ။
“ အဝစား ဘယ်လောက်လဲ ”
မရီ က ချစ်စရာ သွားကလေးများ ပေါ်အောင် ပြုံးလိုက်သည် ။ ပြီး ကျွန်တော့် ထဲ သို့ ဟင်းများ ခပ်ထည့် ပေးရင်း ...
“ ငါးမြင်းဆီပြန် တော့ မရှိဘူးရှင့် ”
“ အေးကွာ ၊ ငါးမြင်းဆီပြန်များ မစားရတာ ကြာပြီ ၊ ကြိုက်တော့ သိပ် မကြိုက်ပါဘူး ”
“ အမယ် … ခုမှ မကြိုက်တော့ဘူးလား ၊ ဟိုတုန်းကတော့ ငါးမြင်းဆီပြန် မှ ငါးမြင်းဆီပြန် ပဲ ”
“ အဲဒီတုန်းက ကြိုက်လို့ မဟုတ်ဘူး ၊ မရီ စားစေချင်တဲ့ ဟင်း ဆိုပြီး စားတာ ၊ တကယ်တော့ သိပ် မကြိုက်ပါဘူး ၊ မရီ လည်း စားလေ ”
ကျွန်တော် ပြောလိုက်မှပင် မရီ က သူ့ အတွက် ထမင်း ကို ထည့်လိုက်သည် ။ ပြီးတော့လည်း ကျွန်တော့် မျက်နှာကို ရွှန်းရွှန်းစားစား ပြုံး၍ ကြည့်နေပြန်သည် ။
“ အစ်ကို … ”
“ ဘာလဲ မရီ ”
“ အစ်ကို့ ကို ဝမ်းသာစရာ တစ်ခု ပြောမလို့ ... ”
“ ပြောလေ .. ဘာများလဲ ၊ ဝမ်းသာစရာဆို ပြောစမ်းပါကွ ၊ အစ်ကို က ကောင်းတဲ့ စကားဆို နားထောင်ချင်ပါတယ် ”
မရီ က သူ့ နဖူးပြင် ပေါ်တွင် ကျနေသော ဆံပင်ကလေးများ ကို ခေါင်းကလေး ခါ၍ တင်လိုက်ရင်း ရှက်ပြုံးကလေး ပြုံး နေပြန်သည် ။ ပြီးမှ ကျွန်တော့် နားသို့ ကပ်၍ ခပ်တိုးတိုး ပြောလိုက်သည် ။
“ မရီ မှာ လေ … အခု ကလေး ရနေပြီတဲ့ ၊ ဒေါ်လေးတုတ် က ပြောတယ်"
“ ဟင် ... ဟုတ်လား ”
ဒေါ်လေးတုတ် ဆိုသူမှာ ခေါင်းရင်းခန်း မှ ဦးလေးဦးသာဒင် ရဲ့ မိန်းမ ဖြစ်သည် ။
“ ဟုတ်တယ် အစ်ကိုရဲ့ ၊ မနေ့ ကတည်း က မရီ ပျို့ချင်သလို အန်ချင်သလို ဖြစ်နေတာ ၊ ကနေ့တော့ ဒေါ်လေးတုတ် က ကလေး ရှိလို့ ဒီလို ဖြစ်တာလို့ ပြောတယ် ”
ကျွန်တော် က ဘာကို ပြန်၍ ပြောရမည် မသိ ။ ဝမ်းသာသည် ဆိုသော်လည်း လွတ်လွတ်ကျွတ်ကျွတ် ဝမ်းမသာရဲချေ ။ တာဝန် တစ်ခု တက်လာပြန်ပါလား ဆိုသော အသိက ကျွန်တော့် အား တစ်မျိုး ခေါင်းကြီးစေသည် ။
“ အစ်ကို ဝမ်းသာတယ် မဟုတ်လားဟင် ၊ မရီတို့ သားလေး ရရင် ဘယ်လောက် ပျော်စရာ ကောင်းမလဲနော် ”
“ ဝမ်းသာပါတယ်ကွယ် ၊ ဘယ်မသာဘဲ ရှိပါ့မလဲ ၊ ဒါပေမဲ့ အစ်ကို တို့ ငွေတော့ စုရမှာပဲ ၊ ကိုယ်ပိုင် ဆိုက်ကားလေး ရှိရင် ဘယ်လောက် ကောင်း မလဲနော် ”
“ အစ်ကို ရယ် ၊ ဒါတွေ မပူပါနဲ့ ၊ ဖြစ်သလိုပေါ့ ၊ မရီ လည်း အလုပ်လုပ် ပါ့မယ် ၊ နှစ်ယောက် လုပ်ရင် စုနိုင်တာပေါ့ ”
“ မရီ မလုပ်ပါနဲ့ကွယ် ၊ အစ်ကို လုပ်မှာပေါ့ ၊ ဒါတွေက အစ်ကို့ တာဝန်ပါ ”
ကျွန်တော် က မရီ ၏ ပါးကလေး ကို လက် တစ်ဖက် ဖြင့် ပွတ်နေမိသည် ။ မရီ က ကျွန်တော့် လက်ကို ဆုပ်၍ ထားပြီးလျှင် သူ့ ပါး နှင့် ကပ်ထား လိုက်သည် ။
ထမင်းဝိုင်း သိမ်းပြီးသောအခါ မရီ က ကျွန်တော့် အနားတွင် လာ၍ ထိုင်သည် ။ ကျွန်တော် က ဆေးလိပ် ကို ဖွာရင်း စဉ်းစားနေမိသည် ။ အခန်းလခ ၊ ထမင်းစရိတ် ၊ မုန့်ဖိုး စသည်ဖြင့် ကုန်စရိတ်များ ကို စိတ်တွက် တွက်နေမိသည် ။
“ အစ်ကို ”
“ ဘာလဲ မရီ ”
“ အစ်ကို ... ဘာတွေ စဉ်းစားနေတာလဲ ”
ကျွန်တော် စဉ်းစားသည့် အကြောင်းကို မရီ အား မပြောရက်ပေ ။ မရီ အားငယ်သွားမည် ကို စိုးရိမ်မိလေသည် ။
“ အစ်ကို ဘာမှ မစဉ်းစားပါဘူးကွယ် ”
မရီ က ကျွန်တော့် အား ဘာမျှ ထပ်၍ မမေးသော်လည်း သူ့ စိတ်ထဲ တွင်ကား တစ်စုံတစ်ခု ကို သိချင်နေဟန် ရှိသည် ။ ကျွန်တော် က မရီ ၏ ကိုယ်လုံးကလေးကို တအား ဖက်ထား လိုက်မိသည် ။ သည်တော့လည်း မရီ က ကျွန်တော့် အား ပြန်၍ ဖက်ထားလိုက်သည် ။
“ မရီ ”
“ ဘာလဲ အစ်ကို ”
“ မရီ ကို အစ်ကို ချစ်ပါတယ်ကွာ ”
သည်တော့ လည်း မရီ ၏ မျက်နှာကလေးသည် ပကတိ လန်းဆန်း ကြည်လင်၍ လာလေသည် ။
ကျွန်တော့် စိတ်ထဲ တွင်ကား တစ်စုံတစ်ခု ကို ဆုံးဖြတ်လိုက်လေသည် ။
ငွေ ရအောင် ပို၍ အလုပ် လုပ်ရပေတော့မည် ။
••••• ••••• •••••
“ ဟေ့ .. သံချောင်း ၊ မပြန်သေးဘူးလားကွ ”
“ မပြန်သေးဘူးကွာ ၊ တစ်ကျပ် နှစ်ကျပ်ရအောင် ဆွဲလိုက်ဦးမယ် ”
“ အေးပေါ့ကွာ ၊ သားနဲ့ မယားနဲ့ လူတွေ ဆိုတော့ ကိုယ့် ကိုယ် ကိုယ် ညှဉ်းဆဲကြပေါ့ ၊ တို့ အပင်ပန်း မခံနိုင်တော့ဘူးဟေ့ ၊ နေက ပူလှတယ် ”
အမှန်အားဖြင့် နေ့လယ် နေ့ခင်း အချိန်များတွင် ညသမားများ က အိမ် ပြန်၍ တစ်ရေးတမော အိပ်တတ်သည် ။ တချို့လူ က ညနေစောင်း ထွက် ၍ မိုးလင်း အထိ ဆွဲကြသည် ။ တချို့ နေ့ခင်း နင်းသူများပင် နေပူချိန် တွင် အနားယူ တတ်ကြသည် ။
ကျွန်တော့် အဖို့ရာတွင် နားချိန် ကို ပင် မနားနိုင်ချေ ။ မရီ မီးနေစရိတ် ကြောင့် အကြွေးကျေရန် လေးငါးလ မနားတမ်း ကုန်းဆွဲခဲ့ရသည် ။ အရင် ကြွေးကျေပြန် တော့လည်း နောက် အကြွေး က တက်လာပြန်သည် ။ နေ့ပြန်တိုး ယူရသည် မှာ လည်း မသက်သာလှချေ ။ တစ်ရာ ကို ဆယ့်ငါးကျပ်တိုး နှင့် ယူရသည် ။ ငါးဆယ် ချေးသည် ဆိုသော်လည်း ချစ်တီး က အတိုး ခုနစ်ကျပ် ခွဲ နုတ်၍ ပေးသောကြောင့် လေးဆယ့်နှစ်ကျပ်ခွဲ သာရသည် ။ ဆပ်တော့ ငါးဆယ် ကျေရန် တစ်နေ့ ငါးမတ် နှင့် အရက် လေးဆယ် ပြန်၍ ဆပ်ရသည် ။ အုံနာခ နှင့် ပေါင်းလျှင် တစ်နေ့ သုံးကျပ် တစ်မတ် ပေးနေရတော့သည် ။ ထို့ ကြောင့် နေ့စဉ် ငါးကျပ် အနည်းဆုံး ဝင်မှ အိမ်ပြန် ဆန်ဖိုး ၊ ဆီဖိုး ပေးနိုင်သည် ။
ထိုအထဲတွင် ပုလိပ် ဖမ်း ခံရလျှင် ဆိုက်ကား တစ်ခုခု ချွတ်ယွင်း၍ ပြင်ရလျှင် ညနေစောင်း လျှင် ချစ်တီး ကို လွတ်အောင် ပြေးရတော့သည် ။ တစ်နေ့ လွတ်လျှင် တစ်နေ့ အတွက် သက်သာ သော်လည်း နောက်နေ့ ကျလျှင် ပေးစရာက နှစ်ဆ တိုး၍ လာသည် ။ အမှန်အားဖြင့် ဆိုက်ကားသမား တစ်ယောက် ကြွေးတင် လျှင် အလိုလိုသာ လုံးပါး ပါး၍ သွားတတ်သည် ။
အရင် နှစ်များက ဆွဲ၍ ကောင်းသလောက် ခုနှစ်များ တွင် ဆွဲ၍ မကောင်းလှပေ ။ ကျွန်တော့် လို တော မှ ပြေးလာသူများသည် ရရာ အလုပ် ကို လုပ်ရသဖြင့် ဆိုက်ကား နင်းသူများ လည်း မနည်းလှပေ ။ စတင်း တစ်ခု တွင် ယခင်က ဆိုက်ကား ဆယ်စီး ရှိလျှင် ယခု အစီး သုံးဆယ် လောက် ရှိနေသည် ။ ပိုက်ဆံ က ရှားလာ ၊ စီးသူ နည်းလာသည် ။ ငါးမူးလမ်း ထက် ကျော်လျှင် မစီး ချင်ကြပေ ။ တော်တော်တန်တန် ခရီး ကို ခြေလျင် လျှောက်သည် ။ တစ်နေ့ ကို ပုံမှန် လေးငါးကျပ် ရရန် မနည်းပင် နင်းနေရသည် ။ တစ်ခါတရံ တစ်နေကုန် နင်းမှ အုံနာခ ကို အနိုင်နိုင် ပင်ရသည် ။ မရသည့် နေ့ပင် ရှိတတ်သည် ။
ယခုလည်း ကျွန်တော့် မှာ နေ့ဝက် နင်းသည် အထိ အုံနာခ သာ ရသေးသည် ။ နေ့ပြန်တိုး ငါးမတ်နှ င့် ဆန်ဖိုး ၊ ဆီဖိုး လိုသေးသည် ။ ထို့ကြောင့်လည်း သစ်ပင်ရိပ် မှ နေ၍ ပါစင်ဂျာ ကို သာ စောင့်နေမိသည် ။
တစ်နာရီ ကျော်ကျော်မျှ စောင့်ရသောအခါ ခရီးဝေး ပါစင်ဂျာ နှစ်ယောက် ကိုရသည် ။ တစ်ကျပ်ခွဲလမ်း ဖြစ်သော်လည်း သူတို့ ဆစ်သည့် အတိုင်း ငါးမတ် နှင့် ပို့ရသည် ။ နေ့ပြန်တိုးခ စိတ်အေးရရင် ပြီးရော ဟု သဘောထား ၍သာ ပို့ရ သော်လည်း မသက်သာလှပေ ။ ကုန်းတက် တစ်တက် ကို နင်း လိုက်ရသဖြင့် အကြောအခြင်များ ဆိုင်း၍ မလှုပ်ချင်အောင် ပင်ပန်းမိသည် ။ သည်အထဲ တွင် ချောင်း က မနားတမ်း ဆိုးလာသည် ။
ကျွဲသိုး ပြောသော စကားများ ကို ပြန်၍ သတိရမိသည် ။ စိတ် ထဲ က အလိုလို ကြောက်၍ လာသည် ။
“ အင်း ... တရုတ်ဖြူ ရောဂါမျိုး ”
စိတ် ကို တင်း၍ ရောက်အောင်သာ ပို့ရသည် ။ ကျော နှင့် ရင်များ က အောင့်၍ နေသည် ။
အရေး ထဲ တွင် ဆီး ကလည်း သွားချင်လှသည် ။ အတက် ကို နင်းရသည့် တိုင်အောင် ကုန်း နှင့် ဖင် နှင့် မခွာရဲပေ ။ ကျွန်တော်တို့ ဆိုက်ကားသမားများ တွင် တစ်ခါတစ်ရံ ဆီးဒုက္ခ ကို တွေ့ ရသည် ။ ကျွန်တော် က ပါစင်ဂျာ သွားလိုသော နေရာ ကို သာ ရောက်အောင် ဇွတ် နင်း၍ ပို့ရသည် ။ သူတို့ ပြောသော နေရာသို့ ရောက်သောအခါ တစ်ယောက် က ဆင်း၍ အိမ် ကို သေချာအောင် မေး နေပြန်သည် ။ ကျန် တစ်ယောက် က ဆိုက်ကား ပေါ်တွင် စောင့်နေသည် ။ ကျွန်တော် က ဆီး သွားရန် နေရာ ကို ကြည့်လိုက်သည် ။ အကွယ်အကာ ရမည့် နေရာ ကို လုံးဝ မတွေ့ရပေ ။ ကျွန်တော် သည် ဖင် နှင့် ကုန်း ကိုပင် မခွာရဲအောင် ရှိတော့သည် ။ ကျွန်တော်တို့ ဆိုက်ကားသမားများ သည် ဆီးသွား ချင်လျှင် ဤသို့ ကုန်းပေါ်သို့ တက်၍ ထိုင်နေရသည် ။ သို့ ထိုင်နေမှ သာ သက်သာသည် ။ သက်သာသည် ဆိုသော် လည်း ဓမ္မတာ ကို အတင်း တားဆီးရ သဖြင့် ကြာတော့ ဒုက္ခတွေ့ တတ်၏ ။
အမေး သွားသော ပါစင်ဂျာ ပြန်လာသောအခါ ကျွန်တော့် ဆိုက်ကားခ ကို ရှင်းပေးလိုက်သည် ။ ကျွန်တော် လည်း အိမ်သို့ တစ်ချိုးတည်း နင်းခဲ့ ပြန်သည် ။
အိမ် ရောက်လျှင် ခြေပစ်လက်ပစ် လှဲလိုက်မိသည် ။ မရီ က ကျွန်တော့် နားသို့ စိုးရိမ်တကြီး ပြေးလာသည် ။
“ အစ်ကို .. ဘာဖြစ်လဲဟင် ၊ နေကောင်းရဲ့လား ”
“ ကောင်းပါတယ်ကွာ ၊ မောလွန်းလို့ ”
“ နေ က သိပ်ပူတယ် အစ်ကို ရဲ့ ၊ နေတော့ ကောင်းတယ် မဟုတ်လား ”
မရီ က ကျွန်တော့် နဖူး ကို စမ်း၍ ကြည့်နေသည် ။ ကျွန်တော် က အပေါက် တွင် ကစား နေသော သမီးကလေး ကို လှမ်း၍ ကြည့်လိုက်မိသည် ။ သမီးကလေး က ကျွန်တော့် ကို မြင်လျှင် စကား ကို မပီကလာ ပြော၍ မြူးလိုက် ရှာသည် ။ မရီက သမီးကလေး ကို ပွေ့၍ ကျွန်တော့် လက် သို့ လှမ်း၍ ပေးလိုက်သည် ။ ကျွန်တော်က သမီး ကို ပွေ့ပြီး နမ်း လိုက်သည် ။
“ အစ်ကို ထမင်း စားတော့မလား ”
“ မစားချင်ပါဘူးကွာ ၊ ရေနွေး ရှိရင် ရေနွေး တစ်ခွက်လောက် ပေးပါ ၊ ရွှေကြာ တစ်ထုပ် လောက်လည်း ဝယ်ချေ ”
“ ရွှေကြာ ရှိတယ် အစ်ကို ၊ ရေနွေး တည်လိုက်ဦးမယ်နော် ”
ကျွန်တော့် တစ်ကိုယ်လုံး ကား မလှုပ်ချင်တော့ပေ ။ ချမ်းစိမ့်စိမ့် လည်း ဖြစ်လာသည် ။ စောင်တစ်ထည် ကို ခြုံ၍ ရုတ်တရက် ကွေး ထားလိုက်ရသည် ။
တစ်ဖက်ခန်း မှ ဦးလေးဦးသာဒင် သည် ဘုရားစာ ကို သံနေသံထား နှင့် ဖတ်၍ နေလေသည် ။
တဏှာယ ၊ တဏှာတရားသည် ။ ဥပရိပသာလာ ၊ အဆင့်ဆင့် အဝ ကျယ်၍ သွားသော ကန်တော့ကြီး နှင့်တူပေ၏ ။ ဒုပ္ပုရာ ၊ ဘယ်လိုပင် ဖြည့် သော်လည်း အလွန်တရာ ပြည့်နိုင်ခဲသော သမုဒ္ဒရာကြီး နှင့် တူလှစွာ၏ ။ ဝိဋပဂါမိနီ ၊ လိုက်စရာ ရှိသမျှ အခေါင်အဖျား သို့ ကျရောက်အောင် လိုက် တတ်လေ၏ ။
ကျွန်တော် က ဦးသာဒင် ဖတ်နေသော တရားစာ ကို စိတ်ဝင်စား နေမိသည် ။ သမီးကလေး က အနား တွင် ကစား နေရင်းမှ တစ်ခါတစ်ခါ မပီကလာ ပြောနေသည် ။
“ သံချောင်း ပြန်လာပြီလားဟေ့ ”
“ ဟုတ်တယ် ဦးလေးရေ ၊ ဦးလေးတူ အကြော ကိုက်လို့တဲ့ ”
“ အကြော ကိုက်ရင် ရွှေကြာ သောက်လိုက်ပေါ့ ”
“ ဟုတ်ကဲ့ ဦးလေး ၊ ကျွဲသိုး ရော ... မလာသေးဘူးလား ”
“ ကျွဲသိုး တို့ အစောကြီး ပြန်လာပြီး ကု,လားသေ ကု,လားမော အိပ် နေပြီလေ ၊ ညည်း ဦးလေး သာ တောထွက် မလို့ တရား ကျင့်နေတာ ”
ကျွန်တော် နှင့် မရီ အကြောင်းပါသည့် နေ့ က စ၍ ကျွဲသိုး မှာ ဦးသာဒင် တို့ အခန်း သို့ ပြောင်း၍ နေခဲ့သည် ။ ဦးသာဒင် ၏ မိန်းမ ဒေါ်လေးတုတ် က ကျွဲသိုး အား ဝမ်းမနာသား ကဲ့သို့ ချစ်ရှာသည် ။
“ တဏှာကတော့ကြီး အဝကျယ်ပုံများဟာ အဆုံးကျတော့ ဒုက္ခ နယ်ကြီး ကျယ်ဖို့ ဖြစ်တာပေါ့ ၊ တဏှာမျက်လုံး ကျယ် လျှင် အလိုကြီးရော ၊ အလိုကြီး လျှင် အကြံကြီးရော ၊ အကြံကြီးလျှင် အလုပ်ကြီး၍ ကိစ္စများရော ၊ ကိစ္စများကတည်းက ဒုစရိုက်မှုတွေလည်း ပါကုန်ရော ၊ သည်ဒုစရိုက်မျိုးစေ့ တွေဟာ နောင်အနာဂတ် သံသရာမှာ အပါယ်လေးပါး လို့ ခေါ်ရတဲ့ သစ်ပင် တွေ ပေါက်ကုန်ပါရော ၊ အဲ ... သို့ကြောင့် တဏှာကို ဒုက္ခသစ္စာ ၏ မူလ အမြစ် မြေကြီးလို့ ဟောတော်မူခဲ့တာပေါ့ ”
ဦးသာဒင် ၏ တရားသံသည် ခဏမျှ ကျွန်တော် ၏ စိတ်ကို ငြိမ်းအေးစေသည် ။ သမီး က ကစား နေရာမှ ငို လိုက်ပြန်သည် ။ မရီ သည် ကျွန်တော့် အတွက် ရေနွေး ကို ယူလာပြီးလျှင် သမီး ကို ကောက်၍ ချော့လိုက် ပြန်သည် ။
“ အေ .. အေ ... သမီးလေး ၊ ဘာဖြစ်လဲ ၊ မုန့်ဦးနှောက်သည် လာရင် စားရမယ်နော် ၊ သမီးဖေဖေ ဆိုက်ကားကြီး က ဘယ်လို မြည်လဲ ၊ မြည်ပြစမ်း ”
“ ပေါ်ပေါ် ပေါ်ပေါ်... ”
“ အဲ … သမီး သိသားပဲ ၊ အစ်ကို့ သမီး က သိပ် သိတာပဲ ၊ ဆိုက်ကား ဟွန်းသံ ကြားရင် တစ်ခါတည်း ခေါင်း ထောင်တာပဲ ”
သမီးလေး ချက်ချာပုံ ကို ကျွန်တော် က အံ့ဩမိသည် ။
“ ဟဲ့ ... မရီ ၊ နင့် ယောက်ျား ဘယ့်နှယ်နေလဲ ”
ဦးသာဒင် က စာ ဖတ်နေရင်း လှမ်း၍ မေးလိုက်၏ ။
“ တစ်ကိုယ်လုံး ကိုက်လို့ ဦးလေး ရေ ၊ ကိုယ် လည်း နည်းနည်း ပူတယ် ”
“ အေး .. နင့် ယောက်ျားကို နင် ကြည့်ပြော ၊ တောင်ဝှေး လဲတော့ ဖိုးသူတော် က တွဲနိုင်တယ် ၊ ဖိုးသူတော် လဲရင် တောင်ဝှေး က မတွဲနိုင်ဘူး ”
မရီ သည် ကျွန်တော့် အား စိုးရိမ်ကြင်နာသော မျက်လုံးများ ဖြင့် ကြည့်လိုက်သည် ။ ကျွန်တော် က ဆေးလိပ် သောက်ပြီး စောင်နှင့် ကွေးနေရာ မှ မရီ ကို စိုက်၍ ကြည့်နေမိသည် ။
“ အစ်ကို သိပ် အပင်ပန်း မခံပါနဲ့ အစ်ကိုရယ် ၊ နေကောင်းအောင် အနားယူပြီး ကြိုးစားပါဦးနော် ”
ကျွန်တော် က မရီ ကျေနပ်အောင် ခေါင်း ကို အသာ ညိတ်လိုက်ရသည် ။ အမှန်က တစ်နေ့မ လုပ်လျှင် တက်လာမည့် တာဝန် ကို ကျွန်တော် က သိပြီး ဖြစ်လေသည် ။
“ အစ်ကို ပင်ပန်းနေတုန်း မရီ လည်း တစ်ခုခု ဝင်လုပ်ပါ့မယ် အစ်ကိုရယ် ၊ စားဖို့ လောက်တော့ ရမှာပေါ့ ”
မရီ က အခုလို ပြောလိုက်သောအခါ ကျွန်တော့် ရင်ထဲ တွင် နင့်နေအောင် ခံလိုက်ရသည် ။ မရီ မျက်နှာ တွင် သူ ၏ စေတနာ နှင့် ကရုဏာ အရိပ် များ အပြည့်အဝ လွှမ်းမိုးနေသည် ကို တွေ့ရသည် ။ ကျွန်တော် က မရီ ကို ဖက် ထားလိုက်ရင်း လှိုက်လှဲသော အသံဖြင့် နှစ်သိမ့်လိုက်မိ၏ ။
“ အစ်ကို နေကောင်းပါတယ်ကွာ ၊ ကိုယ့် မယား အပင်ပန်းခံပြီး လုပ်တဲ့ လုပ်စာ ကို အစ်ကို စားရက်ပါ့မလား ၊ အစ်ကို့ ကို ချစ်ရင် ဒါတွေ မပြောပါနဲ့ ကွာ ”
မရီ က ငိုမလို ရယ်မလို မျက်နှာဖြင့် ကျွန်တော့် အား ကြောင်တောင်တောင် ငေး၍ ကြည့် နေရာမှ အတင်း ဖက်ထားလိုက်သည် ။ သူ့ ရင် ဖြင့် ကျွန်တော့် ရင် ကို ဖိထားလိုက်၏ ။ သူ့ ပါး ဖြင့် ကျွန်တော့် ပါး ကို ကပ်ထား လိုက်၏ ။
“ အစ်ကို့ ကို မရီ သိပ် ချစ်တယ် အစ်ကို ”
⎕ အောင်လင်း
📖ပစ်တိုင်းထောင်
No comments:
Post a Comment