Tuesday, June 3, 2025

ပစ်တိုင်းထောင် ( ၀၄ ) ( ၂ )


 

❝ ပစ်တိုင်းထောင် ❞
    အပိုင်း - ၄ ( ၂ )

ကျွန်တော် သည် မနက်စာ စားပြီး ခြေဦးတည့်ရာ လျှောက်ခဲ့မိသည် ။ အလုပ်ရုံများ ဘေးတွင် ရစ်သီရစ်သီ လုပ်ရင်း အလုပ် ဝင် တောင်းလျှင် ကောင်းလေမည်လား ဟု စဉ်းစားမိသည် ။ သို့သော် အသိ မရှိဘဲနှင့်လည်း အလုပ်ရရန် မလွယ်လှပေ ။ ထို့ကြောင့်လည်း ခြေဦးတည့်ရာ သို့ လျှောက်ခဲ့လေသည် ။ တာမွေကားဂိတ် ရောက်သည့် အခါတွင် ဆိုက်ကားဆရာများ ၏ မျောက်ပန်း ဝိုင်း ကို တွေ့၍ ရပ်ကြည့်နေမိပြန်သည် ။ ထိုသို့ ကြည့်နေစဉ် တစ်စုံတစ်ယောက် လာ၍ ကျွန်တော် ၏ ပခုံး ကို ပုတ်ရင်း နှုတ်ဆက် လိုက်လေ၏ ။

“ ဟေး .. ရေနံချောင်း က ဖေသံချောင်းကြီး ၊ ဘယ့်နှယ် အခု ဘယ်မှာ လုပ်နေသလဲ ”

ကျွန်တော် သည် ရုတ်တရက် ထို လူ အား ကြည့်လိုက်ရာ မြင်ဖူး သလိုလို တော့ ရှိနေသည် ။ အတန်ကြာအောင် ကြည့်၍ စဉ်းစားနေမိသည် ။ သူ က ကျွန်တော် ကြောင်နေသည် ကို သိ၍ ...

“ အောင်မာ …. ငါ့ ကို မင်း မသိဘူးလား ၊ တို့ ကား နဲ့ ရန်ကုန် လိုက်လာတာ မဟုတ်လား ”

သူ ပြော မှ ကျွန်တော် က ကျွန်တော် စီးလာသော ကားဆရာ မှန်း သိလေသည် ။

“ ဟာ ... ဆရာကိုမြ ကိုး ၊ ကျွန်တော် က ရုတ်တရက် မမှတ်မိဘူး ”

“ မင်း ခု အလုပ် ရပလား ”

“ မရသေးဘူးဗျာ ၊ ဒီလိုပဲ ရှာရတုန်းပဲ ”

သူ သည် ကျွန်တော့် အား တအံ့တသြ ကြည့်နေရင်း...

“ အခုထိ အလုပ် မရှိသေးဘူး ဟုတ်လား ၊ ဒါဖြင့် မင်း ဘယ်လိုလုပ် စားနေလဲ ”

“ ရတော့ ရလိုက်သေးတယ် ၊ ထမင်းဆိုင် မှာ အလုပ် ရတယ် ၊ အဲဒါ အလုပ်ရှင် က ထုတ်ပစ်လို့ အလုပ် မရှိပြန်ဘူး ”

“ မင်း ဟာ ကလည်း ... မနိပ်ပါဘူး ၊ ကဲ ... မင်း အတော်ပဲ ၊ ငါ့ ကား မှာ စပယ်ယာ လုပ် ၊ မင်း ဗမာစာလေး ဘာလေး တတ်ရဲ့လား ”

“ တတ်ပါတယ်ဗျာ ၊ ဘုန်းကြီးကျောင်းထွက်ပဲ ”

“ ကဲ .. ဒါဖြင့် မနက်စောစော ငါ့ အိမ် လာခဲ့ကွာ .. ဟုတ်လား ၊ အခု ငါ့ အိမ် ကို ပြလိုက်မယ် ”

ကိုမြ သည် ကျွန်တော့် အား သူ့ အိမ် ကို ခေါ်သွား လေသည် ။ သူ့ အိမ် မှာ လည်း ကားဂိတ် နှင့် သိပ် မဝေးလှပေ ။ တာမွေအဝိုင်းကြီး မှ ကျော်၍ နှစ်လမ်းကျော် တွင် ရှိလေသည် ။

“ ကဲ ... အဲဒါ ငါ့ အိမ်ကွာ ၊ မင်း ကို မနက် စောင့်နေမယ် ၊ အစ လေး ငါးရက်တော့ အစမ်း လိုက်ကြည့်ပေါ့ ၊ နောက် မင်း လုပ်နိုင်တဲ့ နေ့ အလုပ် စဝင်ပေါ့ ၊ ငါ နဲ့ တင်တော့ မပြီးဘူးကွ ၊ အဖွဲ့ ကို ပြောရဦးမှာ ... ဟုတ်လား ၊ မင်း အလုပ် ရိုးရိုးဖြောင့်ဖြောင့် တော့ လုပ်မယ် မဟုတ်လား ”

ကျွန်တော် က ဝမ်းသာအားရ ပင် ..

“ လုပ်ပါ့မယ် ဆရာ ၊ ဆရာ ကျေနပ်သလို ခိုင်းပါ ” ဟု ပြန်ပြောမိသည် ။ ကိုမြ က ကျွန်တော့် ပခုံး ကိုပုတ်၍ ..

“ အေး .. ဒီလိုမှပေါ့ ၊ နို့မို့ရင် မစားသာဘူး ၊ ကဲကွာ ... မနက်လာခဲ့ ”

ကျွန်တော် သည် အိမ်သို့ ဝမ်းသာအားရ ပြန်လာခဲ့လေသည် ။ အလုပ် ရမည် ဆိုလျှင် ကျွန်တော့် ဘဝ အတွက် ခဏတော့ စိတ်အေးရ ပြန်သည် ။ မရီ တို့ ဆီမှာ မပူမပင် နေရသော်လည်း သူတို့ မှာ ချမ်းသာကြွယ်ဝသူ များ မဟုတ်ကြ ။ တစ်နေ့ လုပ်မှ တစ်နေ့ စားရသည့် ဘဝကို သိနေသောအခါ အားနာ မိလေသည် ။ ပြီးတော့လည်း မိန်းကလေး တစ်ယောက် ၏ လုပ်စာ ကို ကျွန်တော် က ဆွေမတော် မျိုးမတော် ဝင်၍ စားသောက် နေရခြင်း မှာလည်း အားနာ မိလေသည် ။

အမှန်တော့လည်း မရီ ၏ စေတနာ ကို ကျွန်တော် ကျေးဇူး မတင်ဘဲ မနေနိုင်ချေ ။ ဤအကြောင်းများ ကို စဉ်းစားမိသည့် အခါ ကျွန်တော် သည် မရီ အား ကျေးဇူးဆပ်သည့် အနေဖြင့် တစ်ခုခု ဝယ်ပေးရန် စိတ်ကူးမိလေသည် ။

ထို့ကြောင့်လည်း ကျွန်တော် သည် အိမ် သို့ အစောကြီး ပြန်ပြီး လျှင် စုဆောင်းထားသော ငွေ ထဲမှ ငွေသုံးဆယ် ကို ယူ၍ ဈေးဘက် သို့ ထွက်ခဲ့မိလေသည် ။

တစ်ခါက မရီ ပြောသော စကား ကို မှတ်မိလေသည် ။ မအေးချို က နိုင်လွန် အကြောင်းကို ပြောဖူးလေသည် ။ ဤသည် ကို သတိရ၍ မရီ အတွက် နိုင်လွန် တစ်ဝတ်စာ နှင့် ပန်းရိုက်လုံချည် တစ်ထည် ဝယ်လိုက်သည် ။ သို့ ဝယ်ပြီးလျှင် ကျွန်တော် သည် မရီ အား အိမ်စောင့်၍ နေမိသည် ။

မရီ သည် ခါတိုင်းလိုပင် ညဉ့်နက် မှ ပြန်၍လာသည် ။

ကျွန်တော် က မရီ အား ဘာမှ မပြောသေးဘဲ ထမင်း စားသောက် ပြီးမှ ခါတိုင်း လို မရီ ကျွန်တော့် ဆီ သို့ စကားပြောရန် အလာကို စောင့်၍ နေမိသည် ။ မရီ သည် ခါတိုင်းလိုပင် ကျွန်တော် အိပ်သော အိပ်ခန်းရှေ့တွင် လာ၍ ထိုင်လေသည် ။ ကျွန်တော် သည် မရီ အား ပြုံး၍ ကြည့်လိုက်ပြီး ကျွန်တော် ဝယ်လာ သော ပစ္စည်းကို စက္ကူထုပ်ကလေး အတိုင်း ထိုး၍ ပေးလိုက်သည် ။

“ မရီဖို့ ကျွန်တော် တစ်ခု ဝယ်လာတယ် ”

မရီ သည် ဘာ မျှမသိသော အမူအရာဖြင့် ကြည့် လိုက်ရင်း ...

“ ဘာတွေများ ဝယ်လာခဲ့လဲ ကိုသံချောင်း ၊ အလကား ဒုက္ခရှာလို့ ”

မရီ သည် နိုင်လွန်စ နှင့် လုံချည် ကို ကြည့်ရင်း ဝမ်းသာသည့် စိတ် ကို မျိုသိပ် ထားလိုက်ဟန် ရှိသည် ။ ကျွန်တော့် ကိုသာ တအံ့တသြ ကြည့်လိုက် ပြီးလျှင် ..

“ ဟင် .. နိုင်လွန်ရော ၊ လုံချည် ရော ကိုသံချောင်း ရယ် ၊ ဘာလို့များ ဒါလောက်တောင် ဝယ်လာရတာလဲ ၊ ပိုက်ဆံတွေ အလကား ကုန်အောင် ”

“ အို … ဘာဖြစ်ရမလဲ ၊ မရီတို့ ကျေးဇူး က ကျွန်တော့် အပေါ်မှာ ဒီမျှ မကပါဘူးဗျာ ”

“ ဒီလို သဘောမထားပါဘူး ကိုသံချောင်း ရယ် ၊ မရီတို့ က အစ်ကို အရင်းလို  ခင်မင်တာပါ ”

“ ကျွန်တော် သိပါတယ်ဗျာ ၊ ဒါပေမဲ့ ကျွန်တော် မရီ ကို ကျေးဇူး ဆပ်ချင်တာ ကြာပါပြီ ၊ မရီတို့ ကျေးဇူး ကို ကျေအောင် ကျွန်တော် မဆပ်နိုင် သေးပါဘူး ၊ အခုဟာလောက်ကလေး က ဘာမျှ မပြောပလောက်ပါဘူး ”

“ ကျွန်မတို့ နားလည်ပါတယ်ရှင် ၊ စေတနာ သာ မူလပါ ၊ ကိုသံချောင်း အလုပ် မရှိတုန်း မှာ ကျွန်မတို့ က ကူညီရမယ့် ဝတ္တရား ရှိနေတယ် ”

“ ကျွန်တော် အခု အလုပ် ရလာပါပြီ ၊ မရီ တို့ မပူနဲ့တော့ ၊ ကား စပယ်ယာ လုပ်ရမယ် ”

မရီ သည် ကျွန်တော် အလုပ် ရသည် ဆို၍ ဝမ်းသာနေပုံ ရလေသည် ။

“ ကိုသံချောင်း အလုပ် ရလာပြီ ဟုတ်လား ၊ ဒါဖြင့် နေရာကျတာပေါ့ ၊ လခ ကကော ဘယ်လောက်လဲ ”

“ လခတော့ မပြောတတ်သေးဘူးဗျ ၊ နက်ဖြန် က စပြီး အစမ်း လုပ်ကြည့်ရမှာပဲ ”

“ အလုပ် ရရင် တခြား ပြောင်းမှာလား ၊ မရီတို့ နဲ့ပဲ နေပါလား ကိုသံချောင်း ရယ် ”

“ အေးဗျာ ၊ ကျွန်တော် လည်း စဉ်းစားတုန်းပဲ ၊ ဒီမှာ နေရတာလည်း အားနာတယ်ဗျာ ”

“ ဘာမှ အားနာစရာ မရှိပါဘူးရှင် ၊ ဒါလောက်တောင် အားနာရင် အလုပ်ရတော့ ရတဲ့ လခ ထဲ က ကြည့်ပြီး ထမင်းလခ သဘောမျိုး နဲ့ နည်းနည်း ပါးပါး ထည့်ပေါ့ ၊ နှစ်ဆယ် အစိတ် ဆို တော်ပါပြီ ”

“ အေးဗျာ ၊ ဒီလို ဆိုရင် လည်း ကျွန်တော့် အတွက် ပို ကောင်းတာပေါ့ ၊ အလုပ်ရပေမဲ့ နေဖို့ ထိုင်ဖို့ က ခက်သေးတယ် ၊ အသိ မရှိ ဘာ မရှိ ဆိုတော့ ရုတ်တရက် မကြံတတ်ဘူး ၊ မရီတို့ ဆီများ ရမယ် ဆိုရင် နှစ်ဆယ် အစိတ် မဟုတ်ပါဘူးဗျာ ၊ ရတဲ့ လခ ထဲက ကျွန်တော့် အဖို့ ခရီးစရိတ်ကလေး နဲ့ မုန့်ဖိုး လောက်ပဲ ချန်ပြီး ရသမျှ အကုန် ပေးပါ့မယ် ”

မရီ သည် ကျွန်တော့် အား ပြုံး၍ တစိမ့်စိမ့် ကြည့်နေရှာသည် ။ သူ ၏ ပြုံးပုံ မှာ အဓိပ္ပာယ် ရှိပုံ ရသည် ။

“ အခုတော့ ဟုတ်တာပေါ့ ၊ တော်တော်ကြာ သား နဲ့ မယား နဲ့ ဖြစ် လာမှာပဲ ၊ အဲဒီတော့ မရီတို့ ကို သတိတောင် ရမှာ မဟုတ်တော့ဘူး ”

“ ကိုယ့် တစ်ဝမ်းတစ်ခါး မှ မဖူလုံသေးဘဲ သားမယား ယူဖို့များ စိတ် မကူးရဲသေးပါဘူးဗျာ ”

မရီ သည် ဘာမှ ပြန် မပြောဘဲ ကျွန်တော့် အား စိုက်၍ ကြည့်နေသည် ။ ကျွန်တော် သည် မရီ ကို ကြည့်ရင်း စိတ်လှုပ်ရှား ၍ လာမိသည် ။ ဘာ ဖြစ်၍ လှုပ်ရှားလာမှန်း လည်း ကျွန်တော် ကိုယ်တိုင် မသိပေ ။

“ မရီတို့ ကို ကျွန်တော် တစ်သက်လုံး မမေ့ပါဘူးဗျာ ”

အထက်ပါ စကားသည် ကျွန်တော့် ပါးစ ပ်က အလိုလို ထွက်၍ သွား လေသည် ။ ကျွန်တော် သည် ကိုယ် ပြောသော စကား ကို လွန်သွားသလား ဟု စိုးရိမ်မိသည် ။ မရီ ၏ မျက်နှာ ကို ကြည့်လိုက်ပြန် တော့လည်း မရီ ၏ မျက်နှာ ကလေး မှာ နီရဲ၍ လာသည် ။

“ မရီ ကို ကျွန်တော် နှမကလေး တစ်ယောက် လိုပဲ ခင်ပါတယ် ဗျာ ”

ကျွန်တော် သည် လွန်၍ သွားသည် ထင်ရသော စကား ကို ပြန်၍ ဖာလိုက်ရသည် ။ သည်တော့မှ လည်း မရီ မှာ ပြုံး၍ လာရှာသည် ။

“ ကိုသံချောင်း က သိပ် ရိုးတာပဲနော် ”

“ လူရိုး ဆိုတာ သင်္ချိုင်း မှာပဲ ရှိတယ် ”

“ ဒါဖြင့် မရိုးဘူးပေါ့ ဟုတ်လား ၊ ကျွန်မတို့ ရှေ့မှာ ရိုးချင်ယောင် ဆောင် နေပြီး ကွယ်ရာမှာ ဘာတွေများ ဆန်းနေသလဲဟင် ... ကျွန်မ ကို ပြောစမ်း ”

“ ကွယ်ရာမှာ လည်း မဆန်းပါဘူးဗျာ ၊ သူစိမ်း မိန်းကလေးတွေ နဲ့ ရင်းရင်းနှီးနှီး နေဖူးတာ မရီ တစ်ယောက် ပဲ ရှိပါတယ် ၊ တခြား မိန်းကလေးတွေ ဆိုရင် အရောတောင် မဝင်ဖူးပါဘူး ”

“ မရီ လည်း ကိုသံချောင်း လိုပါပဲ ၊ ဘယ် ယောက်ျားကလေးတွေ နဲ့ မှ အရော မဝင်ဘူး ၊ ကိုသံချောင်း ကိုသာ အလိုလို ရင်းနှီးပြီး ခင်မင်မိတာ ... ”

ကျွန်တော် သည် မရီ စကား ကို နားထောင်နေရင်း ဘာကိုမျှ ပြန်ပြော ရမှန်း မသိပေ ။ ရင် ထဲ တွင် တစ်သက် နဲ့ တစ်ကိုယ် မကြုံဖူးသော ခံစားခြင်းမျိုး ကို ခံစားလိုက်ရသည် ။ မရီ မှာ လည်း ကျွန်တော့် လိုပင် ခံစားနေရပုံ ရှိလေသည် ။ မရီ ကို ကြည့်ရသည်မှာ ကျွန်တော့် စိတ်ထဲ၌ တစ်မျိုးကြီး ဖြစ်နေရသည် ။ မရီ သည် ကျွန်တော့် မျက်နှာ ကို ကြည့်နေရာမှ ခေါင်းငုံ့၍ သွားလေသည် ။ သူ ၏ သေးသွယ်သော လက်ချောင်းကလေးများ ကို လည်း ချိုးဖဲ့ လိုက်လုပ်နေရင်း မှ လက်သည်းစောင်းကလေးများ ဖြင့် ဖျာ ကို ပွတ်သပ် နေ ပြန်သည် ။ အတန်ကြာ မှ မရီ သည် ကျွန်တော့် ကို တစ်ချက်မျှ မရဲတရဲ ကြည့်လိုက်ပြီးလျှင် ..

“ ကိုသံချောင်း အိပ်ချင် အိပ်တော့လေ ၊ မရီ လည်း အိပ်တော့မယ်နော် ”

မရီ သည် နေရာမှ ထမည် အပြုတွင် ကျွန်တော့် ပါးစပ် မှ အလိုလို ထွက်သွားလေသည် ။

“ မရီ .. ”

မရီ သည် ထမည် ပြုရာမှ ပြန် ထိုင်လိုက်သည် ။

“ ရှင် ... ကိုသံချောင်း ”

မရီ ၏ ထူးသံသည် ကျွန်တော့် နားထဲ၌ ဤ တစ်ကြိမ် အသာယာဆုံး ဟု ထင်မိလေသည် ။ ကျွန်တော့် ရင်ထဲ၌ ကား အသက်ရှူ ကျပ်၍ လာသည် ။ တုန်တုန်ရင်ရင် ဖြစ်၍ လာလေသည် ။ နောက်ဆုံး ကျွန်တော့် စိတ် ကို ကျွန်တော် အလျှော့ပေး လိုက်ရလေသည် ။

“ မရီ အိပ်ချင် အိပ်တော့လေ ၊ ဘာမှ မဟုတ်ပါဘူး ”

“ အို .. ကိုသံချောင်း ကလည်း ၊ ဘာမှန်းလဲ မသိဘူး ၊ သိပ် နောက် တာပဲ ”

မရီ သည် အရှက်ပြေကလေး ပြုံး၍ နေရာမှ ထ၍ သွားလေသည် ။ ကျွန်တော့် ရင်ထဲတွင် ကား ဘာမှန်း မသိ ဟာလာဟင်းလင်း ဖြစ်၍ ကျန်ရစ်လေသည် ။ ည အိပ်ရာဝင် သော်လည်း တော်တော်နှင့် မပျော်သေးပေ ။ ရောက် တတ်ရာရာ ကိုသာ စဉ်းစား နေမိသည် ။ သို့ စဉ်းစားသည့် အထဲတွင် မရီ အကြောင်း က အများဆုံး ပါလေသည် ။

ကျွန်တော့်စိတ်တွေ ဘယ်လို ဖြစ်လာသည် ကိုကား ကျွန်တော်ကိုယ် တိုင်ပင် စဉ်းစား၍ မရနိုင်တော့ပေ ။

•••••   •••••   •••••

ကျွန်တော် တစ်ဘဝ ပြောင်းရပြန်လေပြီ ။ ယခု အလုပ် ကို အရင် အလုပ် ထက် ပို၍ နှစ်သက်မိလေသည် ။ အရင် အလုပ်မှာ တစ်နေရာတည်း ထိုင် ၍ လုပ်ရသော အလုပ် ဖြစ်၍မို့ တစ်ခါတစ်ခါ ပျင်းစရာ ကောင်းလှသည် ။ ပြီးတော့လည်း လွတ်လွတ်လပ်လပ် မရှိပေ ။ ဆရာ လုပ်သူ ၏ သြဇာပေးခြင်း ကိုလည်း ခံရသေး၏ ။ တစ်ခါတစ်ခါ အဆူအပူ အကြိမ်းအမောင်း လည်း ခံရသေးသည် ။ တစ်ခါတစ်ခါ ပန်းကန်ခွက်ယောက်များ မတော်တဆ ကွဲ သွားလျှင် စိတ်ညစ်ရသေး၏ ။ ပိုက်ဆံကြေးငွေ အတွက် မှား လျှင် အိတ် ထဲမှ စိုက်ရသေး၏ ။ လူမျိုးစုံ ဆက်ဆံရသည် မှာ လည်း ငြီးငွေ့စရာ ကောင်းလှသည် ။

ယခု အလုပ်မှာ မူ မိုးလင်း မှ မိုးချုပ် အထိ ပင်ပန်းသည် ထင်ရသော် လည်း တစ်နည်းအားဖြင့် ပျော်စရာ ကောင်းလှသည် ။ သြဇာ ပေးမည့်သူ ကိုလည်း မကြောက်ရ ။ ပြီးတော့လည်း သွားလာလှုပ်ရှား နေရသော အလုပ်ဖြစ်၍ ပျင်းစရာ မကောင်းလှပေ ။ ကျွန်တော့် အုံနာပိုင်ရှင် လည်း ဟုတ် ဒရိုင်ဘာ လည်း ဟုတ် ၊ ဆရာ လည်း ဟုတ်သော ကိုမြ မှာ ကျွန်တော့် အပေါ်တွင် အရာရာ ကောင်းရှာသည် ။ လုပ်စ ဖြစ်၍ အမှားအမှန် ရှိလျှင်လည်း စိတ်ရှည်လက်ရှည် ဖြင့် ပြောပြ၍ ပေးလေသည် ။

အလုပ်ဆင်းစ တစ်ပတ်နှစ်ပတ် တွင်မူ ကျွန်တော် သည် ကြောင်အအ ဖြစ်၍ နေလေသည် ။ တစ်ခါတစ်ရံ လက်မှတ် ကို မှား ဆုတ်တတ်သည် ။ တစ်ခါတစ်ရံ သူ့ လမ်း နှင့် သူ့ မှတ်တိုင် ရဲ့ ကျငွေ ကို မသိသဖြင့် မှား ၍ ဆုတ်တတ်၏ ။ ထိုအခါမျိုးတွင် လက်မှတ်စစ် နှင့် စကားများရ၏ ။ ကိုမြ သည် ကျွန်တော့် အတွက် အမြဲတမ်း ကာကွယ် ပေးရှာ၏ ။ အထူးသဖြင့် မြင်းပွဲနေ့များ တွင် ကျွန်တော့် အတွက် ပို၍ ဒုက္ခ ရောက်တတ်၏ ။ လူ က များ လက်မှတ် ဆုတ်၍ မနိုင်အောင် ဖြစ်တတ်၏ ။ သည်အထဲ တွင် ဆယ်တန် ၊ ငါးဆယ်တန်များ မအမ်းနိုင်လျှင် တစ်ဒုက္ခ ။ တချို့ကို လည်း မေ့၍ ပိုက်ဆံ မတောင်းလိုက် မိတော့ပေ ။ ဆယ်တန် ဖြစ်နေ၍ ပိုက်ဆံ မအမ်းနိုင်သောအခါ ကျွန်တော် က လက်မှတ် ကို မဆုတ်ဘဲ ထားသော်လည်း လက်မှတ်စစ် နှင့်တိုး လျှင် လက်မှတ်စစ် က ကျွန်တော့် အား လက်မှတ်လိမ်သည် ဟု ထင်တတ်၏ ။

မြင်းပွဲနေ့များ တွင် တချို့ စပယ်ယာများ မှာ လက်မှတ် ကို မပေးဘဲ ပိုက်ဆံ ကိုသာ တောင်း၍ ယူတတ်၏ ။ အလုပ် ပြီး၍ ငွေအပ်သည့် အခါတွင် ရောင်းရသော လက်မှတ် အရ သာ ငွေ ကို အပ်ရသဖြင့် လက်မှတ် မဆုတ်ဘဲ ယူထားသော ပိုက်ဆံများ ကို စပယ်ယာ က အချောင် ဘုံးတတ်၏ ။

အစ၌ ဤနည်း ကို ကျွန်တော် က မသိ ။ လက်မှတ်စစ် က ကျွန်တော့် အား အရေးယူမည် လုပ်တတ်၏ ။ ရေလည်အောင် ရှင်းပြမှ ချမ်းသာရာ ရလေ သည် ။

တစ်ခါတစ်ရံ လည်း ငါးကျပ်တန် ကို ယူထား၍ ငွေ ကို ရုတ်တရက် ပြန် မအမ်းမိချေ ။ ထိုအခါတွင် အချို့ ခရီးသည်များ ၏ အအော်အငေါက် ကို ခံရတတ်၏ ။ တချို့လည်း ငွေ ကို မေ့၍ ဆင်းသွား တတ်၏ ။ ဤသည် ကို ကျွန်တော် သတိမရ ။ ငွေ အပ်သည့် အခါ၌ ငါးကျပ်လုံးလုံး ပိုနေ တတ်၍ စဉ်းစား မရအောင် ဖြစ်ရ၏ ။ နောက်မှ ကိုမြ က သတိပေး သဖြင့် အမှတ်ရ တော့သည် ။

“ မင်း ခရီးသည် တစ်ယောက်ယောက် က ငါးကျပ် ပေးပြီး မအမ်းမိ လို့ မေ့သွားတာ နေမှာပေါ့ကွ ”

သည်တော့မှလည်း ကျွန်တော် က ပြန်၍ အမှတ်ရတော့သည် ။ ကိုမြ က ထို ငွေငါးကျပ် ကို ကျွန်တော့် အား ပေးတတ်၏ ။ ကျွန်တော် က မယူသော်လည်း အတင်း ပေး၏ ။ သို့မဟုတ်လျှင် အတူ စားသောက်ပစ် လိုက်ကြ၏ ။

အမှန်အားဖြင့် ထို ငွေကို ကျွန်တော် မယူလိုပေ ။ ဥစ္စာရှင် အား ပြန်ပေးလို၏ ။ သို့သော် မည်သို့ လိုက်ရှာ၍ ပေးရမည် ကို ကျွန်တော် မသိချေ ။ ဤအခါများ၌ စိတ်မကောင်း ဖြစ်ရတတ်၏ ။ နောက်ရက်များ တွင် ကျွန်တော် သည် အလိုလို နားလည်စ ပြုလာ၏ ။ လုပ်ရင်း အလုပ် က သင်သွား၏ ။ အလုပ် ကို လည်း ကျင်လည်စ ပြုလာ၏ ။ ကားလောက မှ အခေါ်အဝေါ် အသုံးအနှုန်းများ ကို လည်း ယဉ်ပါးစ ပြုလာ၏ ။

⎕ အောင်လင်း
📖ပစ်တိုင်းထောင်

No comments:

Post a Comment