❝ ပစ်တိုင်းထောင် ❞
အပိုင်း - ၁၀
အိပ်ရာ မှ နိုး၍ တစ်ဖက် သို့ စမ်းလိုက်သောအခါ မရီ ကို မတွေ့ ရတော့ချေ ။ ကျွန်တော် သည် စိုးရိမ်တကြီး အိမ်ရှေ့ သို့ ထွက်ခဲ့သည် ။ လက်ဖက်ရည် ဝယ်ရာ မှ ပြန်လာသော အဝင်း ကို တွေ့ ရသည် ။
“ ဘယ့်နှယ် ကိုသံချောင်း ၊ ဘယ်တော့ လက်ဖက်ရည် သောက်ရမှာလဲ ”
“ မရီ မရှိတော့ဘူးဗျ ”
“ ဟင် ... ဘယ်သွားလဲ ၊ ကျွန်မ လည်း မတွေ့ လိုက်ရပါလား ”
“ ဒါဖြင့်ရင် လစ်သွားတာနဲ့ တူတယ် ”
“ ကဲပါရှင် ၊ လစ်သွား လည်း နောက် ပြန် တွေ့မှာပေါ့ ၊ လက်ဖက်ရည်လေး ဘာလေး သောက်ပါဦး ”
“ မသောက်တော့ဘူးဗျာ ၊ လိုက်ရှာဦးမယ် ”
ကျွန်တော် က အဝင်းတို့ အိမ်ပေါ် မှ အပြေးအလွှား ဆင်းခဲ့ပြီးလျှင်ဆိုက်ကား ကို အမြန်ဆုံး နင်း၍ လာခဲ့သည် ။
အချိန်မှာ လင်းအားကြီး မျှသာ ရှိသေးသည် ။ မွတ်တားတို့ အိမ်ရှေ့ သို့ရောက်သောအခါ အိမ်ဝ မှ နေ၍ အရိပ်အခြည် ကြည့်မိသည် ။ အိမ်တံခါး ပင် မဖွင့်သေးချေ ။ အိမ် ပြန်၍ ကျွဲသိုး ကို အကျိုးအကြောင်း ပြောပြသောအခါ ကျွဲသိုး က ဘာမျှ အရေးမကြီး သလို ခပ်အေးအေးသာ ပြန်၍ ပြောလေသည် ။
“ ဒီလိုပါပဲကွာ ၊ ဒီဘဝ ရောက်တဲ့ မိန်းကလေးတွေ ဟာ ဒီလိုပဲ ၊ လင် ရယ် ၊ သား ရယ် လို့ တည်တည်တံ့တံ့ ယူချင်တဲ့ စိတ် မရှိတော့ဘူး ၊ မင်း သူ့ ကို စွဲလမ်း နေရင် အရူး ဖြစ်မှာပဲ ”
“ မဟုတ်ဘူးကွာ ၊ ငါ လိုက်ရှာချင်တယ် ”
“ ဘယ်သွား ရှာမလဲကွ ၊ သူတို့ က နေရာ ရွေးတာ မဟုတ်ဘူး ၊ သူတို့ နေတတ်တဲ့ အိမ်မျိုးသာ အနှံ့ လိုက်ရှာမယ် ဆိုရင် ဆိုက်ကား နင်းရင်း ရင်ကွဲ ပြီး သေရုံပဲရှိမယ် ၊ တွေ့ တော့ တွေ့မှာ မဟုတ်ဘူး ”
ကျွဲသိုး ၏ စကားကြောင့် ကျွန်တော် က လုံးလုံး လက်လျှော့လိုက် လေသည် ။ ည က မရီ ပြောခဲ့သော စကားများ ကို လည်း ခု ပြန်တွေးမှ အဓိပ္ပာယ် ပေါက်မိလေသည် ။
“ မရီ ကို ဘယ်လို လုပ် ရှာမလဲ ၊ ရန်ကုန်မြို့ကြီး မှာ မရီ နေချင်တဲ့ နေရာမှာ နေလို့ရတယ် ”
မရီ ပြောသွားသည့် အတိုင်းပင် ရန်ကုန်မြို့ တွင် ရှောင်ပြေးနေသူ တစ် ယောက် ကို ရှာရန် မလွယ်လှပေ ။ အမှန်ဆိုတော့လည်း မရီ သည် ကျွန်တော့် အား ရှောင်ပြေး နေခြင်း ဖြစ်လေသည် ။ အမည်းကွက် တစ်ကွက် ထင်ခဲ့ရုံမျှ ကျွန်တော့် အား မယူရက်နိုင်သော မရီ သည် ခုလို ဘဝမျိုး တွင် ကျွန်တော် နှင့် လုံးဝ အတွေ့ ခံတော့မည် မဟုတ်ချေ ။
ကျွဲသိုး ခေါ်လို့သာ ဂိတ်သို့ ထွက်ခဲ့ရ သော်လည်း ကျွန်တော့် မှာ ဆိုက်ကား နင်းချင် စိတ် မရှိတော့ချေ ။ ဆိုက်ကားဂိတ် သို့ ရောက်သော အခါ ၌လည်း စိတ်မချမ်းသာစရာ သတင်း က ကြားရလေသည် ။
“ တရုတ်ဖြူ တစ်ကောင်တော့ သေလိမ့်မယ် ထင်တယ် ၊ ညက ဆေးရုံ ကို တင်လိုက်ရတယ် ”
စောမောင် က စိတ်မချမ်းသာသော အမူအရာ ဖြင့် ဆီး၍ ပြောလိုက်သည် ။ ကျွဲသိုး ကမူ ဘာမျှ မထိခိုက်သလို နေလိုက်သော်လည်း ကျွန်တော့် မှာ စိတ်မကောင်းမိချေ ။
“ ဘာဖြစ်လို့လဲကွ ”
“ အဆုတ်နာ လား မသိဘူးကွာ ၊ ချောင်းဆိုးပြီး သွေးလည်း ပါတယ် ခုတော့ အသံ ကို မထွက်တော့ဘူး ၊ ရဖို့တော့ သိပ်မရှိဘူး ”
“ မဆန်းပါဘူးကွာ ၊ ဆိုက်ကားသမား ဆိုရင် ဘယ်တော့မှ နာလန် မထူဘူး ”
ဦးသာဒင် က ကွမ်း ကို မြုံ့ရင်း ညည်း လိုက်သည် ။
“ အောင်မာ …. ဒီလိုလည်း မပြောပါနဲ့ ဦးလေး ရာ ၊ ကျွဲသိုးတို့ ကျတော့ ပစ်တိုင်းထောင် ပဲ ၊ ဘယ်တော့မှ မလဲဘူး ၊ ဒီကောင်က ဂန်ဂျာ ချတာကိုး ၊ ကျွဲသိုး တို့လို ဓာတ်ကြမ်း ကိုင်တဲ့ ကောင်တွေ ကျတော့ ဘယ်တော့မှ မလဲဘူး မှတ်ထား ”
“ အေးပေါ့ကွာ ၊ မဖြစ်သေးခင်တော့ ဒီလိုပဲ ပြောကြတာပေါ့ ၊ ဖြစ်တော့မှ ကြည့်သေးတာပေါ့ ”
ကျွန်တော့် မျက်စိ ထဲ တွင်ကား တရုတ်ဖြူ ၏ ဝါခြောက်ခြောက် မျက်နှာ ကို သာ မြင်ယောင်မိလေသည် ။
“ ပိုက်ဆံလေး ဘာလေး စုပြီး ပေးကြရအောင် ”
“ အေးကွာ ၊ ကောင်းပါတယ် ၊ သူ့ခမျာ ဆိုက်ကား လည်း ပြန် မအပ်နိုင်ဘူး ”
“ ဟင် ... မအပ်တော့ အုံနာခ တက် မနေဘူးလား ”
“ တက်တာပေါ့ ၊ အပ်တော့ လည်း လူစား သွင်းတော့ ဘယ့်နှယ် လုပ်ရမလဲ ၊ ဆေးရုံ က ဆင်းရော ၊ ဆိုက်ကား လည်း မရှိဘူး ဆိုတော့ ငတ်မှာပေါ့ ကွာ ”
ကျွဲသိုး တို့ ပြောသော စကား ကို နားထောင်ရင်း ကြောက်သလို ဖြစ်လာမိသည် ။
“ ဟေ့ .. ဟိုနေ့က အဒေါ်ကြီး လာတယ် ၊ သံချောင်း လိုက်သွား ၊ ဒေါင်းတစ်ကောင် တော့ သေချာတယ် ”
“ ငါ မလိုက်ချင်ဘူးကွာ ”
“ လိုက်သွားပါကွာ ”
ကျွဲသိုး က ဇွတ် တွန်း၍ ထည့်နေသဖြင့် ကျွန်တော့် မှာ စိတ် မပါဘဲ လိုက်သွားရပြန်သည် ။
“ မြန်မြန်လေး နင်းပါကွယ် ငါ့တူ ၊ ဈေး နေမြင့်လို့ ”
အဒေါ်ကြီး သည် သူ့ အိမ်သို့ အနင်း ခိုင်းပြီးလျှင် အိမ် မှ တောင်းကြီး နှစ်တောင်း ကို ရှေ့နောက် တင်ပေးရ ပြန်သည် ။ ကျွန်တော် က သိပ် စိတ်မရှည်တော့ ။ တောင်း ကို ခိုင်အောင် ချည်ရသည် ။ လူ ထိုင်ဖို့ လွတ်အောင် လုပ်ပေးရသည် ။ ပြီးမှ ဈေးသို့ အမြန် နင်းခဲ့ရသည် ။
ဈေးဘက်လမ်း သို့ ကွေ့ချိုး လိုက်သော ကျွန်တော့် ဆိုက်ကား ကို ရပ်ခိုင်းလိုက်သောအသံ ကြားရလေသည် ။ ရှေ့တွင် လိုင်စင်ပုလိပ် သုံးယောက် ကို တွေ့ရသည် ။
ကျွန်တော် က သူတို့ ရှေ့၌ပင် ရပ်လိုက်သည် ။ ပုလိပ်တစ်ယောက် က ကျွန်တော့် အား စိတ်ဆိုးမာန်ဆိုး နှင့် ကြည့်ရင်း..
“ ဟေ့ကောင် … လိုင်စင်ပေး ”
လိုင်စင် ကို စစ်သလို ဆေးသလို ကြည့်လိုက်ရင်း အဒေါ်ကြီး ဘက် သို့ လှည့်၍ ကြည့်လိုက်သည် ။
“ မင်း ပါစင်ဂျာ ခြေထောက် ဘေး မချရဘူး ဆိုတာ မသိဘူးလား ”
ပုလိပ် က ပြောမှပင် သတိရလေသည် ။ ဆိုက်ကားဥပဒေ အရ တောင်းများ ကို ရှေ့နောက် တင်လျှင် အစွန်း မထွက်ရ ၊ ဘေးသို့ ခြေ မချရပေ ။ ကျွန်တော် ၏ အဒေါ်ကြီး သည် ဆိုက်ကား ကို ဘေးစောင်း စီး၍ ခြေနှစ်ဖက် စလုံး သည် ဘေးသို့ ချထားလေသည် ။
“ မသိလို့ပါဆရာ ၊ နောက် မဖြစ်စေရပါဘူး ”
“ ဘယ်ရမလဲကွ ”
ကျွန်တော် က ငွေနှစ်ကျပ် ကို ဆုပ်၍ လက်သိပ်ထိုး ပေးလိုက်သည် ။ သို့သော် သူတို့ က မယူ ။ ကျွန်တော့် ကို ပင် ရှူသိုးသိုး ကြည့်နေသည် ။
“ ဟေ့ကောင် ... ရော့ ချလံ ယူသွား ၊ ရုံးလာခဲ့ ”
မတတ်သာတော့ချေ ။ ကျွန်တော် သည် သူတို့ ပေးသော ချလံ ကို ယူ၍ နင်းခဲ့ရတော့သည် ။
“ အေးကွယ် ၊ ဖြစ်ရလေ ၊ ငါ က လည်း မေ့သွားတယ် ၊ ပြီးတော့လည်း ဘေးမှ မချရရင် ချစရာ လည်း မရှိတော့ဘူး ၊ သူတို့တွေ ကလည်း ရှုပ်လိုက်တာ ”
အဒေါ်ကြီး က ကျွန်တော့် အား ငါးမူး ပို၍ ပေးရှာသည် ။ သို့သော် ဒဏ်ဆောင်ရမည်ကား အနည်းဆုံး ငါးကျပ် ဆောင်ရပေမည် ။ ဂိတ်သို့ ရောက်သောအခါ ကျွန်တော် က ကျွဲသိုး အား ပြောပြလျှင် ကျွဲသိုး က ...
“ မင်း ကို က ညံ့တာ ၊ နောက် မှတ်ထား ၊ ဒီ ဇိုးတွေ က ဆိုက်ကား ရပ်ခိုင်းရင် ဘယ်တော့မှ ကပ်ပြီး မရပ်နဲ့ ၊ ခပ်ဝေးဝေး သွားရပ်ပြီး ဆိုက်ကား ကို ထားခဲ့ ၊ လူချည်း ဆင်း တွေ့ ရတယ် ”
“ ဆိုက်ကား ပါ ရပ်တော့ ဘာဖြစ်လဲ ”
“ ပါစင်ဂျာ ပါတာကိုးကွ ၊ ပါစင်ဂျာ ရှေ့ ဆိုတော့ သူတို့ လာဘ် မစားရဲဘူး ၊ ဒီတော့ ဆိုက်ကား ကို ခပ်ခွာခွာ ရပ်ပြီး ပါစင်ဂျာ နဲ့ ထားခဲ့ရတယ် ၊ အဲဒါ တစ်ကျပ်နှစ်ကျပ် ပေးရင် ပြီးတာပဲ ၊ ရုံးသွား ဒဏ်ဆောင်ရရင် အနည်းဆုံး ငါးကျပ် ၊ ပြီးတော့ ဆိုက်ကား နင်း လည်း ပျက်သေးတယ် ၊ တစ်ဆယ် လောက် နာတာပေါ့ ”
ကျွဲသိုး ရှင်းပြမှ ပင် အရည် လည်တော့သည် ။ ကျွန်တော် ပေးသော ပိုက်ဆံ ကို မယူသည့် အကြောင်း နားလည်တော့သည် ။
ရုံးချိန်း သွားရလျှင် တစ်နေ့ အလုပ်ပျက်မည် ။ သူတို့ အား နှစ်ကျပ် သုံးကျပ် ပေးလိုက်ရခြင်း ကပင် သက်သာသေးသည် ။ အခုတော့ မတတ်သာချေ ။ ကိုယ် ညံ့၍ ကိုယ် ပင် ခံရချေတော့မည် ။
အဖမ်းခံရသည့် အထဲတွင် ဆိုက်ကား က တစ်နေကုန် နင်း၍ မကောင်းချေ ။
ညနေပိုင်း တွင် အဝင်း ကို ဂျစ်ကား တစ်စီး ပေါ်တွင် တွေ့ ရသည် ။ အဝင်း စီး လာသော ဂျစ်ကားကလေး မှာ ကျွန်တော်တို့ စတင်း နှင့် မနီးမဝေး တွင် ရပ်လိုက်သည် ။ သို့ ရပ်ပြီးလျှင် ကား ထဲမှ အဝင်း က ကျွန်တော့် အား လှမ်း၍ ခေါ်လိုက်သည် ။ ကျွန်တော် က အဝင်းတို့ ကားနား အပြေးအလွှား သွားမိသည် ။
“ ဟဲ့ ... သံချောင်း ၊ မရီ တစ်ယောက် တွေ့ပြီလား ”
“ မတွေ့သေးဘူး ၊ ဘယ် ရှာရမှန်း မသိလို့ ကျွန်တော် လည်း မရှာဘူး ”
“ နေ့လယ်က မွတ်တား ငါ့ ဆီ လာတယ် ၊ မရီ ပြန်မလာလို့ ငါ့ ကို တောင် သိပ် ယုံချင်ပုံ မပေါ်ဘူး ၊ ငါ က ပြောလိုက်တယ် ၊ မနက် မိုးမလင်းခင် က ပြန်သွားတယ်လို့ ပြောလိုက်တယ် ၊ မွတ်တား တို့ အိမ် မှာ မရှိရင်တော့ ဒီဘက်မှာ သူ မရှိတာ သေချာတယ် ၊ ငါ မြို့ထဲ မှာ စုံစမ်းကြည့်ဦးမယ် ”
“ အေးဗျာ ၊ မြို့ထဲ မှာ လည်း စုံစမ်းပေးပါဦး ”
အဝင်း က ကားပေါ် မှ သူ နှင့် ပါလာသော သူများ ကို တစ်ချက် ကြည့် လျှင် ခပ်တိုးတိုး လှမ်း၍ ပြောလိုက်သည် ။
“ အဝင်းတို့ ဆယ်နာရီ လောက် ဆိုရင် ပြန် ရောက်မယ်နော် ”
“ အေးပေါ့ ၊ အလွန်ဆုံး ဆယ်နာရီပေါ့ ”
အဝင်း က ကျွန်တော့် ဘက်သို့ တစ်ဖန် လှည့်၍ ကြည့်ရင်း ပြုံးလိုက်သည် ။
“ ကိုယ် ဆယ်နာရီ ကျော်မှ အိမ်ပြန်ရောက်မယ် ၊ ကိစ္စ ရှိရင် ဆယ်နာရီကျော် အထိ စောင့်နေပေါ့ ဟုတ်လား ”
အဝင်း ၏ စကား မဆုံးခင်ပင် ကား ထွက်သွားလေသည် ။ ကျွန်တော် ဂိတ်တွင် ပြန်၍ ဆိုက်ကား ပေါ်တွင် လှဲ၍ နေလိုက်သည် ။ ပွကြီး က ဖျစ်ဖျစ်မြည်အောင် ညည်း နေသည် ။
“ ဒီနေ့တော့ ဘယ်က မှ ရပေါက် မမြင်ဘူး ၊ ခုထိ အုံနာခ မရသေးဘူး ၊ နက်ဖြန် ဈေးဖိုးတော့ နိမ်းတော့မှာပဲ ”
“ ဟေ့ကောင် ၊ မင်း ပထွေး လာနေပြီ ၊ ဟိုမှာ ... ၊ ခုနေ မြန်မြန်လစ် ”
ကျွဲသိုး လှမ်း၍ သတိပေး လိုက်သည် နှင့် တစ်ပြိုင်နက် ပွကြီး သည် ဆိုက်ကား ကို တစ်ချိုးတည်း နင်း၍ ထွက်သွားလေသည် ။ ပွကြီး ထွက်သွား ၍ ပင် ကျွန်တော်တို့ ဂိတ်တွင် လာနေကျ ကြွေးရှင်ကု,လားကြီး ရောက်၍ လာသည် ။
“ ဟေ့ ... ပွကြီး ၊ ဘယ်သွားလဲ ”
“ ပွကြီး လား လူ ရသွားတယ် ”
ကျွဲသိုး က ခပ်တည်တည် နှင့် ဖြီးလိုက်သည် ။
“ လူ ရတယ် ၊ ဘယ်အချိန် ပြန်လာမယ် နင်သိလား ”
“ ဟယ် .. ၊ ဒီနေ့ လာမှာ မဟုတ်ဘူး ၊ ညအထိ အော်ဒါ ရသွားတယ် ”
ကု,လားသည် စိတ်ပျက်ဟန်ဖြင့် ပြန် လှည့်၍ သွားလေသည် ။
သည်တော့မှ လည်း ဂိတ်မှ လူများ မှာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်၍ ပြုံးလိုက်ကြသည် ။
“ နေ့ပြန်တိုးများ မစားသာဘူးကွာ ”
ပွကြီး တစ်ယောက် ညနေပိုင်း ရောက်လျှင် လစ်၍ ပြေးတတ်သော အကြောင်း ကို ခုမှပင် နားလည်မိလေသည် ။ ကျွန်တော် က ခုမှပင် ဆိုက်ကားသမား ဘဝ ကို ပို၍ နားလည်မိလေသည် ။ တစ်ကိုယ်ရေ တစ်ကာယသမား အတွက် နင်း နိုင်တုန်း ဝင်ငွေ ကောင်းသည် ဆိုသော်လည်း သားမယား ရှိသူများ အတွက်ကား မသက်သာလှပေ ။ တစ်နေ့ မနင်းနိုင်လျှင် တစ်နေ့ ဒုက္ခ ရောက်ရရှာသည် ။ နေ့ပြန်တိုးသမားများ အတွက် ဆိုလျှင် တစ်နေ့ မနင်း နိုင်လျှင် ဝင်ငွေ မရှိသည့် အထဲတွင် အုံနာခ နှင့် နေ့ပြန်တိုးခ က ပို၍ တက်လာသည် ။ တရုတ်ဖြူ လို ရောဂါကြီးသမား အတွက် ဆိုလျှင်ကား တော်တော်နှင့် ပြန်၍ နာလန် မထူနိုင်တော့ချေ ။
မိုးချုပ် မှ ပွကြီး ပြန် ရောက်လာသည် ။ ဦးလေး ဦးသာဒင်ကြီး ကား အစောကြီး သိမ်း၍ သွားလေသည် ။ ဂိတ်တွင် ဆိုက်ကား နည်း သော်လည်း ပါစင်ဂျာ က မပေါ်လာချေ ။ ကျွန်တော့် အတွက် ဤနေ့တွင် စိတ်မပါဘဲ နှင့် နင်းရသော်လည်း လေးကျပ်ကျော်ကျော် မျှ သာ ရသေးသည် ။
ညပိုင်းတွင် ကျွန်တော် သည် မရီ ရှိမည် ထင်သော နေရာများကို အနှံ့ လိုက်ရှာသည် ။ သတင်း မေးရသည် ။ ဖဲဝိုင်းများ တွင် တစေ့တစောင်း ကြည့်မိသည် ။ မရီ ၏ အရိပ်အယောင် ကို ကား မတွေ့ရချေ ။
သည်လိုဖြင့်ပင် တစ်ရက် ကုန်ခဲ့ပြန်သည် ။ နောက် ရက်၌ လည်း ရုံး နှင့် အချိန် ကုန်ခဲ့ရသည် ။ အုံနာခ ကို ကျေရန် ညပိုင်း ကို ဖိ၍ နင်းရသည် ။ အဝင်း တို့ အိမ်သို့ သွား၍ မရီ ၏ သတင်း ကို မေးရသည် မှာ လည်း အမောပင် ။ မရီ ၏ သတင်းကား အစအန မျှပင် မရတော့ချေ ။
တစ်ရက် မှ နှစ်ရက် ၊ နှစ်ရက် မှ သုံးရက် ၊ လေးရက် ငါးရက် လွန်၍ လာသောအခါ ကျွန်တော့် စိတ် ကို လျှော့လိုက်သည် ။
တစ်နေ့သော ညနေပိုင်း အချိန်တွင် ကျွန်တော် ၏ အိမ်သို့ တရုတ်ဖြူ ရောက်၍ လာသည် ။ သူ့ ကို ကြည့်ရသည်မှာ စိတ်မချမ်းသာစရာ ကောင်းလှသည် ။ အရိုး နှင့် အရေသာ ရှိတော့သည် ။ ရုပ် မှာလည်း ကမ္မဋ္ဌာန်းရုပ် ပေါက် နေရှာ၏ ။
တရုတ်ဖြူ သည် မျက်နှာငယ်ကလေး ဖြင့် ကျွန်တော်တို့ အား သူ ၏ ဒုက္ခ ကို ပြောပြရှာသည် ။
“ တတ်နိုင်ရင် ကွာ ၊ တစ်မတ် ငါးမူးစီ စုပေးကြပါ သူငယ်ချင်းတို့ ရာ ၊ ငါ တော့ ဆိုက်ကား လည်း မရှိဘူး ၊ အုံနာ ကို ပြန် အပ်လိုက်ရပြီ ၊ မအပ် ရင်လည်း ဝင်ငွေ မရှိဘူး ၊ အုံနာခ ဘယ်လို လုပ်ပြီး ပေးမလဲ ၊ ခုတော့ မိန်းမ ဈေးရောင်းတာကလေး နဲ့ ပဲ စားနေရတယ် ”
ကျွန်တော်တို့ ဂိတ် မှ သူငယ်ချင်းများ က တရုတ်ဖြူ အတွက် ငါးမူး တစ်မတ် တစ်ကျပ် စသည် ဖြင့် စု၍ ပေးလိုက်သည် ။ တရုတ်ဖြူ က ကျွန်တော် တို့အား ကျေးဇူးတင်စကား ပြောရှာသည် ။
“ ကျေးဇူးပါပဲကွာ ၊ မင်းတို့ ကျေးဇူး ငါမမေ့ပါဘူး ၊ ငါ ဒုက္ခရောက် တုန်း ခုလို ကြည့်ရှုတာ ဝမ်းသာပါတယ်ကွာ ”
“ မလိုပါဘူးကွာ ၊ တစ်ယောက် နဲ့ တစ်ယောက် ဒီလိုပဲ ကူညီရမှာပေါ့ ၊ မင်း ကျန်းမာအောင် သာ ကြိုးစားပါ ”
“ အေးကွာ ၊ မိန်းမ ဈေးဖိုး ထဲ က စုပြီး ဆေးကု နိုင်အောင် ကြိုးစားရ မှာပဲ ၊ ငါ တော့ ဘာမှ မတတ်နိုင်ဘူးကွာ ”
ကျွန်တော် က တရုတ်ဖြူ အား သနားမိသည် ။ ထို့ကြောင့်လည်း ကျွန်တော် ၏ စေတနာစိတ်ရင်း အတိုင်း သူ့ အား ဖွင့်၍ ပြောလိုက်သည် ။
“ မင်း အကူအညီ လိုရင် ပြောပါကွာ ၊ ငါတို့ က တစ်ယောက်တည်း သမားတွေ ဆိုတော့ ငွေလေးဘာလေး နည်းနည်းပါးပါး တော့ စုထားတာ ရှိပါတယ် ၊ မင်း လိုချင်ရင် ပြော ၊ အားမနာနဲ့ ”
တရုတ်ဖြူ သည် ကျွန်တော့် အား မျက်ခွံ ကို လှန်၍ ကြည့်လိုက်သည် ။
“ ခုတော့ ဗမာဆေး နဲ့ ကုမလို့ပဲကွ ၊ ငါးကျပ် တစ်ဆယ် လောက် တော့ ကုန်မှာပဲ ၊ ဒါလောက်ကို မတတ်နိုင်လို့ ဒီအတိုင်း နေရတာ ”
“ ဒါဖြင့် လာ တက် ... သူငယ်ချင်း ၊ ငါ အိမ် ပြန်ပြီး ယူပေးမယ် ”
ကျွန်တော် က တရုတ်ဖြူ ကို တင်၍ အိမ် ဘက်သို့ နင်းသွားသည် ။ အိမ် ရောက်သောအခါ ဝှက်ထားသော ငွေ ထဲမှ တစ်ဆယ် ထုတ်၍ တရုတ်ဖြူ အား ပေးလိုက်သည် ။ တရုတ်ဖြူ က ကျွန်တော့် အား ကျေးဇူးတင် မဆုံး ရှိလေသည် ။
“ ငါ နင်းနိုင်တော့ မင်း ငွေ ကို ဆပ်ပါ့မယ် သူငယ်ချင်း ရာ ၊ ခုလို ဖြစ်တဲ့ အတွက် မင်း ကျေးဇူး ကို ငါ တစ်သက်လုံး မမေ့ပါဘူး ”
“ မလိုပါဘူးကွာ ၊ ဒီငွေ ကို ချေးတယ်လို့ လည်း သဘောမထားနဲ့ ၊ မင်း ချောင်လည် ရင် ပေးပေါ့ ၊ မချောင်လည် ရင် လည်း မပေးနဲ့ ၊ ငါ ဘယ်လိုမှ သဘော မထားဘူး ”
ကျွန်တော် က တရုတ်ဖြူ ကို အိမ် အထိ လိုက် ပို့လိုက်သည် ။ တရုတ်ဖြူ ပို့ပြီး ဂိတ်သို့ ပြန်လာခဲ့ရာ ကျွန်တော်တို့ ဂိတ်တွင် ကျွဲသိုးတို့ လူသိုက် အုံ၍ နေကြပြန်သည် ။ ခါတိုင်းလိုပင် ဆေးခြောက်ရှူသည် မှတ်၍ သူတို့ အနားသို့ မသွားမိပေ ။ ကျွဲသိုး က ကျွန်တော့် ကို မြင်သောအခါ သတင်းစာ တစ်စောင် ကို ကိုင်၍ ကျွန်တော့် အနား သို့ ပြေးလာသည် ။
“ ဟေ့ကောင် .. မရီ ကို မင်း တွေ့ချင်လား ”
ကျွန်တော် က ကျွဲသိုး နောက်နေသည် ထင်၍ ဘာမျှ ပြန် မဖြေလိုက်မိပေ ။
“ ဟေ့ကောင် … တကယ် ပြောနေတာ ၊ မရီ ကို ကနေ့ တွေ့ ရစေမယ် ၊ ဘယ်လောက် ပူဇော်မလဲ ”
“ အသာ နေစမ်းပါကွာ ”
“ ဟကောင် .. အကောင်း ပြောနေတာ ”
“ ဟုတ်တယ်ဟ သံချောင်း ၊ မရီ အကြောင်း သတင်းစာ ထဲ ပါလာတယ် ”
ဦးလေးဦးသာဒင် က ပါ ဝင်၍ ထောက်ခံလိုက် သဖြင့် ယုံရမလို ရှိတော့သည် ။
ကျွဲသိုး က လက်ထဲ မှ သတင်းစာ ကို ဖြန့်၍ဖ တ်လိုက်သည် ။
“ ထမင်းရောင်းသူကလေး ၏ ဘဝဆိုး ၊ ဆိုင်ရှင် က ခြေတော်တင်၍ လွှတ်လိုက်ပြီး မှ ဇိမ်မယ်ဘဝ သို့ ရောက်ခဲ့ရသူ မှာ ကား အသက် နှစ်ဆယ် ကျော် မရီ ခေါ် အကြည် ခေါ် ဇွဲ ဖြစ်လေသည် ။ သူမကလေး က တော့ …
ကျွန်တော် က ကျွဲသိုး လက် ထဲမှ သတင်းစာ ကို ဆွဲလု၍ ဖတ်လိုက်သည် ။ သတင်းစာ ကို ဖတ်လိုက်လျှင် ပင် ဆက် ဖတ်စရာ မလိုတော့ချေ ။ မရီ ၏ ဓာတ်ပုံကလေး က ကျွန်တော့် အား “ ဟုတ်ပါတယ်ရှင် ” ဟု ပြောလိုက်သလို ရှိတော့သည် ။ ကျွန်တော် က ဆက်၍ မဖတ်တော့ချေ ။ သတင်းစာ ကို ပြန်၍ ပေးလိုက်သည် ။ ကျွဲသိုး က အောက်ပိုင်း ကို ဆက်၍ ဖတ်လိုက်ရပြန်သည် ။
“ ထမင်းဆိုင်တွင် အလုပ် လုပ်ရင်း မိခင်အိုကြီး အား ပြုစုစောင့်ရှောက်နေစဉ် ဆိုင်ရှင် က ခြေတော်တင်သည် ကို ခံခဲ့ရရှာကြောင်း ၊ ထို အရှုပ် ဇာတ်လမ်းကြီး မှာ ဘူးပေါ်သလို ပေါ်လာတော့မည့် အခြေအနေ သို့ ရောက် လာသောအခါ ဆိုင်ရှင် က နှင်၍ ထုတ်လိုက်သည် ။ မိခင်ကြီး ခမျာမှာ လည်း မီးထဲ ပါ၍ ကွယ်လွန်ခဲ့ရသည့် နောက် ယခုလို ဇိမ်မယ် ဘဝ သို့ ရောက်လာ ရှာသည် ။ ၂၃ - ၅ - ၅၄ ရက်နေ့ ညနေပိုင်း တွင် လမ်းအမှတ် (....) နေ ဇိမ်ခေါင်း ကိုချစ်တီး အိမ်မှ ကောလိပ်ကျောင်းသား ကိုတင်အေး ဆိုသူက ပျော် ပါးရန် ငွေငါးဆယ် ပေး၍ ခေါ်လာရာ ရဲအဖွဲ့ က ဖမ်းဆီး၍ အမျိုးသမီး ထိန်းသိမ်းရေးအဖွဲ့ သို့ ပို့လိုက်ကြောင်း ”
ကျွဲသိုး က ကျယ်လောင်စွာ ဖတ်နေ သော်လည်း ကျွန်တော့် နားတွင် ဘာကိုမျှ မကြားရတော့ချေ ။
“ ဟေ့ကောင် ၊ ဘာမှ ပြောမနေနဲ့ ၊ ကုက္ကိုင်းလမ်း ကိုသာ လိုက်သွား ၊ ဒါ မီးအသေဆုံးပဲ ”
“ လိုက်သွားရော ... တွေ့ ပါ့မလား ”
“ ဘာလို့ မတွေ့ ရမှာလဲ ၊ အမျိုးသမီး ထိန်းသိမ်းရေးတို့ ဘာတို့ ဆို တာ အမျိုးသမီးတွေ ကို တကယ် ထိန်းသိမ်းနေတာ မဟုတ်ဘူး ၊ သူတို့ လက် ထဲ ရောက်ရင် အသက်မွေးဝမ်းကျောင်းပညာ တတ်အောင် ၊ အကျင့်စာရိတ္တ ကောင်းအောင် တစ်နှစ် နှစ်နှစ် သင်ပေးတာပဲ ”
ကျွန်တော် က မည်သို့ စီစဉ်ရမည် ကို စဉ်းစား၍ မရနိုင်အောင်ရှိတော့သည် ။ ဦးလေးဦးသာဒင် က မြုံ့နေသော ကွမ်းဖတ်များ ကို ပါးစောင် မှ လက် နှင့် ကော်ထုတ်လိုက်ပြီး လျှင် ..
“ ဟုတ်တယ်ကွ သံချောင်း ရ ၊ မင်း ခုနေ ထိန်းသိမ်းရေးအဖွဲ့ ကို လိုက်သွားရင် ကောင်းမယ် ”
“ ကဲ ... ဦးလေး ပါလိုက်ခဲ့ ၊ ဟိုကျတော့ စကားလေး ဘာလေး ပြေ စရာ ရှိရင် လူကြီး ပါတော့ ကောင်းတာပေါ့ ၊ ကဲ ... လာဟေ့ သံချောင်း ”
“ ဒါဖြင့် ငါ့ ဆိုက်ကား ထားခဲ့မယ်ကွာ ”
ဦးလေးဦးသာဒင် သည် ကွမ်းယာဆိုင် နောက်သို့ သူ ၏ ဆိုက်ကား ကို ထိုးပြီးလျှင် ကျွဲသိုး ဆိုက်ကား နှင့်ပင် လိုက်ခဲ့လေသည် ။ ကျွဲသိုး နှင့် ကျွန် တော် ၏ ဆိုက်ကား တစ်စီး စီ ဖြင့် ရှေ့နောက် နင်း၍ လာခဲ့ကြသည် ။
ကျွန်တော်တို့ သည် အင်းလျားလမ်း မှ ဖြတ်၍ ကုက္ကိုင်းလမ်းဆုံ သို့ လာခဲ့ကြသည် ။ အမျိုးသမီး ထိန်းသိမ်းရေးအဖွဲ့ ရှေ့သို့ ရောက်လာသော အခါ တံခါးဝ မှ နေ၍ ဝင်ခွင့် တောင်းရလေသည် ။
အစောင့် က ကျွန်တော်တို့ အား မေးမြန်းစစ်ဆေးပြီး မှ ဝင်ခွင့်ရ လေသည် ။ ကျွန်တော်တို့ နှစ်ယောက် က ဦးလေးဦးသာဒင်ကြီး အား ရှေ့မှ ခေါင်းဆောင် တင်ကာ ဧည့်ခန်း သို့ ဝင်ခဲ့လေသည် ။ ဧည့်ခန်းသို့ ဝင်ထိုင်မိ သောအခါ မိန်းမပျိုတစ်ဦး က ကျွန်တော်တို့ အား ဖော်ရွေစွာ ဧည့်ခံရှာ၏ ။
“ ဘာကိစ္စ ရှိပါသလဲရှင် ”
ဦးလေးဦးသာဒင် က အတွင်းဘက် သို့ တစ်ချက် မျှ ကြည့်လိုက်ရင်း ..
“ ကိစ္စကတော့ကွယ် ၊ တခြား မဟုတ်ပါဘူး တူမ ရဲ့ ၊ ဒီအဖွဲ့ က လူကြီးတွေ နဲ့ တွေ့ ဖို့ပါပဲ ၊ ပြီးတော့လည်း တစ်နေ့က မှ ဒီအဖွဲ့ ကို ရောက်လာတဲ့ မရီ ဆိုတဲ့ သူငယ်မ နဲ့ လည်း ဟောဒီက ဦး တူ က တွေ့ချင်လို့ပါ ”
မိန်းမပျို က ကျွန်တော့် အား တစ်ချက်မျှ ပြုံး၍ ကြည့်လိုက်သည် ။ ကျွန်တော် က ဟန်မပျက်အောင် မနည်း ဣန္ဒြေဆောင် ထားလိုက်ရသည် ။
“ ဪ … ဟုတ်ကဲ့ရှင် ၊ ကျွန်မတို့ ရဲ့ လူကြီးတွေနဲ့ တွေ့ ဖို့ကတော့ ခဏ စောင့်ပါဦးရှင် ၊ မကြာခင် ရောက်လာပါလိမ့်မယ် ၊ မရီ နဲ့ တွေ့ဖို့ဆိုတာ ကတော့ သူ က အတွေ့ခံမယ် ဆိုရင် တွေ့ခွင့် ရှိပါတယ် ”
မိန်းမပျို သည် ကျွန်တော်တို့ အား ချိုသာစွာ ပြောဆို ပြီးလျှင် တစ်ဖက် စားပွဲ ပေါ်မှ စာအုပ်ကြီး တစ်အုပ် ကို လှန်၍ ကျွန်တော့် ရှေ့တွင် ထိုးပေး လိုက်သည် ။
“ ဟောဒီမှာ တွေ့လိုသူ ရဲ့ နာမည် နဲ့ လိပ်စာ ရေးပါရှင် ”
မိန်းမပျို ပြောသည့် အတိုင်းပင် ကျွန်တော် က ရေးပေးလိုက်သည် ။ အခန်းတွင်း သို့ ဝင်၍ သွားလေသည် ။ ခဏကြာ မိန်းမပျို သည် ပေါ့ပါးစွာ လျှင် ပြန်ထွက်လာ၏ ။
“ ခဏ စောင့်ပါရှင် ၊ သူ အခုပဲ လာပါလိမ့်မယ် ”
မရီ က အတွေ့ခံမည် ဟု သိရသောအခါ ကျွန်တော့် မှာ အတိုင်း မသိ ဝမ်းသာအားတက်မိလေသည် ။ ကျွန်တော် သည် မရီ ထွက်လာမည့် လမ်း ကို မှန်း၍ မျှော်ကြည့် နေမိသည် ။ ခဏကြာလျှင် မရီ သည် အတွင်းခန်း ဘက် မှ တစ်လှမ်းချင်း ထွက်၍ လာသည် ။ စောစောက မိန်းမပျို က ကျွန်တော်တို့ အား ညွှန်ပြလိုက်သည် ။ မရီ က ကျွန်တော့် အား တစ်ချက် လှမ်းကြည့်လိုက် ပြီးလျှင် ခေါင်းငုံ့ လျှောက်လာသည် ။ ကျွန်တော်တို့ အနားသို့ ရောက်လာသော အခါ ရုတ်တရက် မထိုင်သေးဘဲ ကျွန်တော့် ကို သာ ငေး၍ ကြည့်နေရှာသည် ။
ကျွန်တော် က လည်း မရီ ကိုသာ မျက်တောင် မခတ် စိုက်၍ ကြည့်နေမိသည် ။ မရီ မျက်နှာကလေး မှာ နီရဲ၍ နေသည် ။ မျက်ခွံကလေးများ မှာ လည်း မို့၍နေရှာသည် ။ မရီ ကို ကြည့်ရင်း ပင် ကျွန်တော့် မှာ ရင်ထုမနာ ဖြစ်မိတော့ သည် ။
မရီ က ကျွန်တော် ခေါ်သည် ကို မကြားဟန်ဖြင့် စိုက်၍သာ ကြည့်မြဲ ကြည့်နေရှာသည် ။ သို့ ကြည့်နေရင်း မှ သူ၏ အောက်နှုတ်ခမ်းလွှာကလေး ကို အပေါ်သွား ဖြင့် ကိုက်ထားရှာသည် ။ မရီ ၏ မျက်လုံးအိမ် အတွင်းမှ မျက်ရည်များ တလိမ့်လိမ့် စီးဆင်း လာလေသည် ။
“ ဘာလို့ လိုက်လာတာလဲ ကိုသံချောင်း ရယ် ၊ မရီ ကံ နဲ့ မရီ ရှိပါစေတော့ ”
“ မရီ က ကျွန်တော့် ကို စိမ်းပေမဲ့ ကျွန်တော် မစိမ်းနိုင်ဘူးဗျာ ခုလာ တာကလည်း ဒီက အဖွဲ့လူကြီးတွေ နဲ့ ပြောဆိုပြီး မရီ ကို ကျွန်တော် လက်ထပ် ဖို့ လာခဲ့တာပဲ ”
မရီ သည် ဘာမျှ ပြန် မပြောနိုင်ရှာပေ ။ ခေါင်း ကိုသာ ငုံ့ထားရင်း အသံ မထွက်ဘဲ ငိုနေတော့သည် ။ မျက်ရည်ပေါက်များ က ကြမ်းပြင် ပေါ်သို့ တစ်စက်ချင်း ကျနေသည် ကို မြင်နေရသည် ။
“ မမိုက်ပါနဲ့ တူမ ရာ ၊ ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးနည်းတတ်တယ် ဆိုတာလိုပေါ့ ၊ မီး ကို တိုးလို့ ပူမှန်း သိရင် နောက် မတိုးနဲ့တော့ပေါ့ကွယ် ၊ ကိုယ့် အပေါ်မှာ တကယ်တမ်း မယား မှတ်မှတ် သား မှတ်မှတ် ယူမယ့် လူ တွေ့ နေပေါ့ဟာ ၊ စိတ်ကူး မလွဲပါနဲ့ကွယ် ”
ဦးသာဒင် က စေတနာ ကောင်းဖြင့် မရီ အား ဆုံးမ နေပြန်သည် ။
“ ဟုတ်ပါတယ် ဟာ ၊ နင်တို့ နှစ်ယောက် ခုလို ဖြစ်တာ တို့ ကြားက ဒုက္ခများလှပြီ ၊ နင် အဝင်းတို့ အိမ်က ထွက်သွားတုန်းကများ တို့ နှစ်ယောက် တစ်ညလုံး လိုက်ရှာတာ နှံ့နေတာပဲ ၊ သံချောင်း ကို လည်း နင် သနားဖို့ ကောင်းပါတယ် ”
မရီ ၏ ရှိုက်သံကလေးများ သည် တစ်ချက် တစ်ချက် ဆောင့်၍ ထွက်လာသည် ။ ကျွန်တော် က ဘာမျှ ပြန် မပြောနိုင်တော့ပေ ။ ကျွန်တော့် ကိုယ်စား ဘေး မှ ဝင် ပြောနေသော ဦးသာဒင် နှင့် ကျွဲသိုး ကိုပင် ကျေးဇူးတင် ရ မလို ဖြစ်နေတော့သည် ။
“ ပြန်ပါတော့ ကိုသံချောင်း ရယ် ၊ မရီ အတွက် ဒုက္ခ မခံချင်ပါနဲ့တော့ ”
“ ကျွန်တော် မပြန်နိုင်ဘူး မရီ ၊ မရီ က ဘယ်လိုပဲ အပြန် ခိုင်းပေမဲ့ ကျွန်တော် မပြန်ဘူး ၊ ဒီက လူကြီးတွေ နဲ့ တွေ့ပြီး ကျွန်တော် လက်ထပ်ဖို့ အခွင့် တောင်းမယ် ၊ ဒီအတိုင်းတော့ ကျွန်တော် မပြန်ဘူး ”
မရီ သည် ကျွန်တော့် အား သနားကြင်နာသော မျက်လုံးများ ဖြင့် ကြည့်နေပြန်သည် ။ ကျွန်တော် က မရီ ထံ မှ အဖြေ ကို မျှော်လင့် နေမိသည် ။
“ လူကြီးတွေ ရှေ့မှာတော့ မငြင်းပါနဲ့တော့ မရီ ရာ ၊ ကျွန်တော် အမှန်အတိုင်း သူတို့ ကို ပြောပြပါ့မယ် ”
ထိုအတွင်း မှာ ပင် ဧည့်ခန်း သို့ ဂုဏ်သရေရှိ အမျိုးသမီးကြီးများ ဝင်၍ လာလေသည် ။ စောစောက မိန်းမပျို က ဆီးကြို ပြီးလျှင် ကျွန်တော်တို့ ဘက်သို့ လှည့်၍ တစ်စုံတစ်ခု ကို တီးတိုး ပြောလိုက်သည် ။ အမျိုးသမီးကြီး များသည် ကျွန်တော်တို့ ရှိရာသို့ လျှောက်လာကြသည် ။ မရီ က နေရာမှ ထလိုက် သဖြင့် ကျွန်တော်တို့ လည်း နေရာ မှ ထလိုက်ကြ၏ ။
“ နေကြပါ ... နေကြပါ ၊ မရီ ရဲ့ မိတ်ဆွေတွေလား ”
“ ဟုတ်ပါတယ်ဗျာ ၊ ဒီက လူကြီးများ နဲ့ တွေ့ ချင်လို့ ၊ ပြောစရာကလေးလည်း ရှိလို့ပါ ”
ဦးလေးဦးသာဒင် က နေရာတွင် ပြန်၍ ထိုင်ရင်း လူကြီးမိဘတို့ ၏ ဟန်မျိုးဖြင့် ပြန်၍ ပြောလိုက်သည် ။ ပိန်ပိန်ပါးပါး အသက်လေးဆယ်ခန့် မျှ ရှိသော အမျိုးသမီး က ဦးသာဒင် အား ပြုံး၍ ကြည့်လိုက်သည် ။
“ ဪ .. ဟုတ်ကဲ့ရှင် ၊ ဆိုစမ်းပါဦး ... ကိစ္စ က ... ”
“ ဟောဒီက သူငယ် ကတော့ တခြား မဟုတ်ပါဘူး ၊ မရီ ရဲ့ ငယ် ရည်းစားပဲ ဆိုပါတော့ ၊ မရီ ကို လိုက် ရှာနေတာ ကြာပြီပေါ့ ၊ ကနေ့ မှ သတင်းစာ ထဲမှာ တွေ့ လို့ ဒီကို လိုက်လာတာ ၊ လာရတဲ့ အကြောင်းက ဒီ လူကြီးများ သဘောတူ ကြည်ဖြူမယ် ဆိုရင် မိသားဖသားပီပီ တောင်းရမ်း ယူဖို့ပါပဲ ”
အမျိုးသမီးကြီး သည် ရွှင်လန်းအားရဟန်ဖြင့် ကျွန်တော့် ဘက်သို့ လှည့်၍ ကြည့်လိုက်သည် ။
“ ဪ …. ဒီ သူငယ် က ဘာများ လုပ်သလဲ ”
“ ကျွန်တော် ဆိုက်ကား နင်းပါတယ် ”
“ ဒီလိုပါလေ ၊ အလုပ်ကတော့ ဆိုက်ကား နင်းတာပါပဲ ၊ ဒါပေမဲ့ သူငယ် ကလည်း တစ်ကိုယ်ရေသမား ၊ မိန်းကလေး က လည်း တစ်ကောင်ကြွက် ဆိုတော့ ဒီ အလုပ်နဲ့ ပဲ သူတို့ လင်ကိုယ်မယား တော့ စားလောက်မှာပါပဲ ၊ ပြီးတော့ သူငယ် က လည်း ရိုးပါတယ် ၊ ကိုယ့် ငါးချဉ်မို့ ကိုယ် ချဉ်တာ မဟုတ် ဘူးပေါ့ဗျာ ”
အမျိုးသမီးကြီး သည် ပဝါနှစ်စ ကို ရှေ့သို့ ညီအောင် ချလိုက်သည် ။ ပြီးမှ ကျောင်းအမကြီး ဟန် ဖြင့် ပြောလိုက်ပြန်သည် ။
“ ဝမ်းသာပါတယ် ၊ ကျွန်မတို့ အမျိုးသမီးထိန်းသိမ်းရေးအဖွဲ့ကြီး ကလည်း ဒုက္ခတွေ့ ပျက်စီး နေတဲ့ အမျိုးသမီးကလေးတွေ ကို ခုလို ကယ်ဆယ် စောင့်ရှောက်ပြီး လင်ကောင်းသားကောင်း ပေးစားဖို့ဟာ အဓိက ရည်ရွယ်ချက်ပါပဲ ၊ ဘာကြောင့်လဲ ဆိုရင် အမျိုးသမီးတွေ ခုလို ပျက်စီးနစ်မွန်း နေရတာဟာ အုပ်ထိန်းသူ မရှိတာ လည်း တစ်ကြောင်း ၊ မကောင်းတဲ့ ယောက်ျား တွေရဲ့ သွေးဆောင်ဖျက်ဆီးတာ လည်း တစ်ကြောင်း ကြောင့် ခုလို နစ်မွန်းဆုံး ရှုံးနေတာကိုး ၊ ဒီတော့ ကျွန်မတို့ ရဲ့ အဖွဲ့ကြီး က နစ်မွန်းနေတဲ့ အမျိုးသမီးတွေ ကို ကယ်တင်ပြီး အုပ်ထိန်းသူ မရှိရင် ကျွန်မတို့ ကပဲ တာဝန်ယူ အုပ်ထိန်းပြီး လင်ကောင်းသားကောင်း ရွေးချယ်ပေးရတာပဲ ၊ ဒီအတွင်းတော့ သူတို့ ရဲ့ အကျင့်စာရိတ္တ ကို ပြုပြင်ပေးရတာပေါ့ ”
ဦးသာဒင် က တချက်မျှ မဲ့ပြုံးကလေး ပြုံး လိုက်ပြီး ...
“ ကျွန်တော်တို့ လည်း ဒီအဖွဲ့ကြီး အကြောင်း ကြားပါတယ်ခင်ဗျာ ၊ ဒါကြောင့်လည်း အားကိုးပြီး လာခဲ့တာ ၊ အမှန်က ဒီက သူငယ်က ကလေးမ ဒီလို မဖြစ်ခင် ကတည်းက တည်တည်တံ့တံ့ ယူဖို့ ကြိုးစားခဲ့တာပဲ ။ ဒါပေမဲ့ ကလေးမ က လည်း သူ့ ဘဝ ကို သူ လိပ်ပြာ မလုံတော့ ရှောင်နေတာ ၊ ခုတော့ ဒီအဖွဲ့ကြီး မှာ ရောက်နေပြီ ကြားတော့ ဒီကိစ္စဟာ အောင်မြင်ချင်လို့ပဲ လို့ အောက်မေ့ရတာပဲ ၊ ဒါကြောင့်လည်း ဒီအဖွဲ့ကြီး ရဲ့ ရည်ရွယ်ချက် အတိုင်း ဆောင်ရွက်ပေးဖို့ပါပဲ ”
အမျိုးသမီး သည် တစ်စုံတစ်ခု ကို စဉ်းစားနေဟန် ပြုနေသည် ။ တစ်ဖက် မှ ခပ်ဝဝအမျိုးသမီးကြီး တစ်ယောက်က ဝင်၍ မရီ အား မေးလိုက်ပြန်သည် ။
“ ငါ့ တူမ ကကော …. ဒီ သူငယ့် အပေါ်မှာ မေတ္တာမျှနိုင်ရဲ့လား ”
မရီ သည် ထို မိန်းမကြီး အား ကြည့်နေသည် ။ ဘာမျှ ပြန်၍ မဖြေ တော့ချေ ။ သို့ရာတွင် မရီ ၏ အကြည့် က ဟုတ်ပါသည် ဟု ဝန်ခံသလို ရှိနေသည် ။
“ ဒီလို ဆိုရင်လည်း ဒီ သူငယ်မ ရဲ့ သဘောထား ကို မေးပြီး သူ ကြည်ဖြူရင် စီစဉ်တာပေါ့ ၊ ကျွန်မတို့ အနေနဲ့ ကတော့ ဒီလို သင့်သင့်တင့်တင့် ဖြစ်သွားရင် ပိုတောင် ဝမ်းသာပါသေးတယ် ၊ ကဲ …. ငါ့ ညီမ ရေ ... မမ တို့ စီမံရင် ကျေနပ်မယ် မဟုတ်လား ”
မရီ သည် ခေါင်း ကို ငုံ့၍ ငို လိုက်ပြန်သည် ။
“ ပြောပါကွယ် ၊ မင်း ကောင်းဖို့ စီစဉ်တာပဲဟာ ၊ ပြီးတော့လည်း ကိုယ့် ကို ဒီလို ဒုက္ခတွေ ကြားက ခုလို စေတနာထားတယ် ဆိုတာ တော်တော် တန်တန် မေတ္တာနဲ့ တော့ စေတနာ မထားနိုင်ဘူးကွယ် ၊ ကဲ ... ငါ့ ညီမ ရဲ့ သဘောကို သာ ပြောပါဦး ”
မရီ သည် ခေါင်း ကို ငုံ့နေရာ မှ ကျွန်တော့် အား တစ်ချက်မျှ တွေ ၍ ကြည့်လိုက်သည် ။ ကျွန်တော် က မရီ အား အသနားခံသော မျက်နှာဖြင့် ပြန်၍ ကြည့်နေမိသည် ။
“ မရီ ဘာမှ မပြောပါရစေနဲ့ရှင် ၊ မမတို့ ကြိုက်သလို စီစဉ်ပါ ၊ မရီ အပေါ်မှာ ဘယ်လောက် အထိ စေတနာ ထားသလဲဆိုတာ မရီ သိပါတယ် ၊ ဒါပေမဲ့ မရီ ဘဝ က …. ”
မရီ က စကား ကို မဆက်နိုင်ဘဲ ရှိုက်လိုက်သည် ။
“ ဒါတွေ ထားပါကွယ် ၊ ပြီးပြီးသား ဟာကို ပြန် တွေး မနေပါနဲ့ ၊ ရှေ့ကို ဘယ်လို နေမယ် ထိုင်မယ် ဆိုတာက အရေးကြီးတယ် ၊ ကဲ ... ဒါဖြင့် ကျွန်မ တို့ နေ့ကလေး ဘာလေး ရွေးပြီး စီစဉ်ကြတာပေါ့ ၊ တစ်ရက် နှစ်ရက် လောက် ရှိရင် ရှင်တို့ လာခဲ့ဦးပေါ့ ”
“ ကျေးဇူးတင်ပါတယ် ၊ အဖွဲ့ကြီး ရဲ့ အစီအမံ နဲ့ ဒီကိစ္စကြီး အောင်မြင်မှာပါပဲ ”
ဦးသာဒင် က ကျေးဇူးတင်စကား ပြောလိုက်သည် ။ ကျွန်တော် က မူ မရီ ကို သာ စိုက်ကြည့် နေမိရှာသည် ။ မရီ က ကျွန်တော့် ကို ခပ်တွေတွေကလေး စိုက်ကြည့်နေရှာသည် ။ ယခု တစ်ကြိမ် ကျွန်တော်တို့ နှစ်ယောက် ၏ အကြည့်များမှာ တည့်တည့်မတ်မတ် ဆုံသွားကြပြန်သည် ။ စကား တစ်လုံးမျှ မပြော လိုက်ရသော်လည်း တစ်ယောက် ဝမ်း ထဲ မှ ပြောလိုသောစကားများ ကို တစ်ယောက် က အလိုလို နားလည်ပြီး ဖြစ်လေသည် ။
⎕ အောင်လင်း
📖ပစ်တိုင်းထောင်
No comments:
Post a Comment