❝ ကြိုးရှုပ်တဲ့ ပစ်တိုင်းထောင် ❞
( စုသဲမွန် )
မြစ်ဧရာ ကို ဖြတ်သန်း တိုက်ခတ်လာတဲ့ လေပြည် သွေးနော့နော့ က ပါးပြင် ကို ညင်ညင်သာသာ တို့ထိ ကျီစယ်လိုက်တယ် ဆိုရင်ပဲ တစ်စုံတစ်ယောက် က ကျွန်မ နားနား ကပ်ကပ်လို့ ခပ်တိုးတိုးလေး အသံပြု ခေါ်လိုက် သလားလို့ သံသယ အတွေးလေးနဲ့ ဘေးဘီ ကို အကဲခတ် ကြည့်လိုက်မိပါတယ် ။ ကျွန်မ နား မှာ ရေချိုးဆိပ် က တက်လာတဲ့ အမျိုးသမီး နဲ့ ကလေးငယ်လေးတွေ ၊ နောက် ... အမှိုက်ခြင်းတောင်း ခပ်ကြီးကြီး တစ်ခု နဲ့ မြစ်ထဲ အမှိုက်တွေ ပစ်ပြီး လှေကား အတိုင်း တက်လာတဲ့ အဘိုးကြီး တစ်ယောက်ပဲ တွေ့ ရတယ် ။ ဒါဆို ခါတိုင်းလိုပဲ ကျွန်မ ဒီနေရာမှာ ဒီလို ရပ်ပြီး ထင်ယောင်ထင်မှား အတွေးတွေ နဲ့ သမီးလေး ကို မျှော်နေမိတုန်းပဲပေါ့ ။
“ အမေ့ ”
ရုတ်တရက် ကြားလိုက်တဲ့အသံ ဆီ ကျွန်မ အာရုံ တွေ ရွေ့သွားတယ် ။ ကမ်းကပ်လာပြီ ဖြစ်တဲ့ လှေပေါ် မှ မိန်းကလေး က လက်လှမ်းကြိုနေတဲ့ သူ့ အမေ ရင်ခွင်ထဲ လှမ်းဝင်ပြီး နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်တဲ့ အသံလေးပါ ။ ဒီလို အသံလေးမျိုး က ကျွန်မ နဲ့ အကျွမ်းတဝင် ရှိလှတယ် ။ ဆည်းဆာအလှ ကို ဧရာဝတီကမ်းပါး မှာ ရပ်ငေးရင်း သမီးလေး ရွာအလှူတွေ အလှလိုက် ပြင်ပြီး ပြန်အလာကို စောင့်ကြိုခဲ့ရတဲ့ ညနေခင်းတွေမှာပေါ့ ။
လှေပေါ် က ခရီးသည်တွေ ထဲမှာ ဖျတ်ခနဲ မြင်လာရတဲ့ သမီးမျက်နှာလေး ကို အပြုံးနဲ့ ကြိုရင်း လက်ပြ နှုတ်ဆက်တော့ သမီး ကလည်း လက်ဝှေ့ယမ်း နှုတ်ဆက်တယ် ။ လှေကမ်းကပ်လာပြီ ဆို သမီးလေး က ကမ်းစပ် ကို လှေကား အတိုင်း မတက်ဘဲ မညီမညာ တောင်ကမူ တွေ ကနေ ဖြည်းဖြည်းလေး တက်လာတတ်တယ် ။ ဒီတော့ ခရီးသည်တွေ ထဲ သူ့ ကို ဟိုဟိုဒီဒီ ရှာနေတတ်တဲ့ ကျွန်မ က ရုတ်တရက် သူ့ ကို မမြင်ပြန်ဘူး ။ နောက်တော့ မှ ကျွန်မ နောက်ကျောကို ရုတ်တရက် သိုင်းဖက် ၊ ကျွန်မ ပါးနား ကပ်ပြီး အမေ့ လို့ နှုတ်ဆက် ပျော်မြူးနေကျလေ ။
အဲ့ဒီ နေ့ က သမီး တော်တော် ပျော်နေတယ် ဆိုတာ ပြန်သတိရမိတယ် ။ ပျော်ဆို ပွဲကြိုက်ခင်မို့ ပွဲခင်း ထဲ သွားဖို့ အလှပြင်ရင်း တက်ကြွ နေတာပဲလို့ ရိုးရိုး တွေးခဲ့ မိတာပါပဲ ။ အရောင် ဆိုးစရာ မလိုတဲ့ သူ့ပင်ကို ရွှေညိုရောင် ဆံနွယ်တွေကို ဘီး နဲ့ ဖြီးသင်ရင်း သူငယ်ချင်းတွေ လာ အကြိုကို စောင့်နေရာ က မကြာပါဘူး ၊ နီနီမာ ရဲ့ အသံခပ်စာစာ က အမှောင်ရိပ် ထဲကနေ အိမ်ဘက် ကို ပျံ့လွင့် လာတယ် ။
“ မြန်မြန်လာဟဲ့ ။ နင် တို့ ပွဲဈေး လည်း လျှောက်ချင် သေးတယ်ဆို ။ တော်ကြာ အချိန်မရဘဲ နေဦးမယ် ”
သူ နဲ့ အတူ ကပ်ပါလာတဲ့ အရပ်ပုပု မိန်းကလေး က ဆိုင်မှာ ဆံပင် လာလာ ကောက်တတ်တဲ့ သမီး ရဲ့ သူငယ်ချင်းမလေးလေ ။ သူ့ နာမည် ဘယ်သူပါလိမ့် ။ ဩော် သိပြီ ။ သော်တာအေး ။ နောက် တစ်ယောက် ကတော့ ဈေးထဲကုန်စုံဆိုင် က မကြင်လှ ရဲ့ သမီး စမ်းဌေး လေ ။ သူတို့ စကားပြောသံတွေ နဲ့ ခြေသံတွေ က ရွာလမ်း တစ်ခုလုံး စီစီညံနေတာပါပဲ ။
အမှောင် ထဲ မှ အိမ်ဘက် ကို တရွေ့ရွေ့ လာနေတဲ့ မိန်းကလေး သုံးဦး ရဲ့ ပုံသဏ္ဌာန် က တဖြည်းဖြည်းနဲ့ ထင်ရှားလာတယ် ။ ထူးသစ်ဇော် ရဲ့ ဇာတ် သာ ကပြီ ဆို ဒီမှာတင်မက အနီးနား ရွာတွေထိ လိုက်ကြည့်တတ်တဲ့ သမီးရဲ့ ဝါသနာတူ သူငယ်ချင်းတွေလေ ။ မိန်းကလေး တွေ နှုတ်ဖျား မှာ အမြဲ ရေပန်းစားနေတဲ့ ထူးသစ်ဇော် ဇာတ် ကို ဒီနှစ် ကျွန်မတို့ ရဲ့ အင်းရွာဘုရားပွဲဈေး မှာ သုံးည တိတိ ငှားထားတာမို့ ပွဲဈေး မခင်းခင် ကတည်းက သမီးတို့ အပျိုတစ်သိုက် တက်ကြွနေကြတယ် ။ ဟိုး တစ်ခါကတော့ ကျွန်မ လည်း သူတို့ နဲ့ လိုက်ကြည့်ဖူးသား ။ ဇာတ်မင်းသား ကလည်း ကျွန်မတို့ ငယ်ငယ် က မင်းသားတွေ လို ထောင်ထောင်မောင်းမောင်း ချောချောခန့်ခန့် လည်း မဟုတ်ဘူး ။ ပိုးဟပ်ဖြူလေး လို ဖြူဖြူဆွတ်ဆွတ် နဲ့ သေးသေးကွေးကွေး ၊ အင်း အရပ်လေး ကတော့ ရှည်ပါရဲ့ ။ ကတာ ကလည်း ခြေချိုးလက်ချိုး မလှ ။ နှစ်ပါးခွင်လည်း မကောင်း ။ ပြဇာတ် နဲ့ စတိတ်ရှိုးလောက်လေး နဲ့ပဲ နာမည်ကြီး တဲ့ မင်းသား ကို သူတို့ ပဲ သဲသဲလှုပ် အားပေးကြတယ်လို့ ကျွန်မ တွေးမိသေး တယ် ။
ကျွန်မတို့ ငယ်ငယ် ကလို ကိုယ့် ဆီ လာမှတောင် မဟုတ်ဘူး ၊ ကျွန်မတို့ နေတဲ့ အင်းရွာ ကနေ အောက်ဘက် မြစ်ရိုး တစ်လျှောက် ကြက်တစ်ကောင် ၊ ကမ်းနီ ကနေ တစ်ခါများဆို မန္တလေး အထိ တောင် သွားကြည့်ချင်ကြတာ ။ အင်းရွာ ဆိုတာက ဧရာဝတီမြစ် ထဲကို ရွှေလီမြစ် စီးဝင်တဲ့ နေရာမို့ မန္တလေး နဲ့ ဘယ်လောက် ဝေးတယ် ဆိုတာ စဉ်းစားကြည့်ကြပေါ့ ။ အဲ့ဒီ မင်းသားကလည်း သူ့ ပွဲတွေ ဒီလောက် တမ်းတမ်းစွဲ လိုက်ကြည့်နေမှတော့ သမီးတို့တွေ ကို မျက်မှန်းတန်းမိပုံ ပေါ်တယ် ။ သူ့ ဇာတ် ဘယ်မြို့ မှာ ကတော့မဟေ့ ဆိုရင် သမီးတို့ဆီ သတင်း က အရင်ဆုံးရောက်လာပြီ ။ ကျွန်မ ကတော့ သမီး မိန်းကလေး မို့ စိတ်ပူတာပေါ့ ။ ဒီကြားထဲ ပွဲကြည့်ဖော် က လည်း မရှိ ၊ သူ ကလည်း မသွားရ မနေနိုင် ပြောရဆိုရ ခက်လာရင်တော့ နီးနီးနားနား ရွာ ဆိုရင် ကိုယ်ပါ အပင်ပန်းခံ ၊ အလုပ်ပျက် ခံပြီး လိုက်ပို့ရတတ်ပါသေးတယ် ။
အလုပ်ပျက်တယ် ပြောရတာက ကျွန်မတို့ သား အဓိက အင်းရွာ တင်မက ပတ်ဝန်းကျင် နယ်တစ်ခွင် မှာ ပါ နာမည်ကြီး တဲ့ ဝင့်လွှာဖြူ ဆိုတဲ့ အလှပြင်ဆိုင် မှာ အလုပ် လုပ်ကြတာမို့ပါ ။ ဒီတော့ ညဘက် အိပ်ရေး ပျက်ရင် နေ့ခင်းဘက် မှာ ရက်ဆက် ဘယ် အလုပ်လုပ် နိုင်ပါ့မလဲ ။ ဆိုင်ရှင် က နားလည်မှု နဲ့ ဘယ်လောက်ပဲ သဘော ကောင်းကောင်း ၊ ကိုယ်တွေ က သူများ ပိုက်ဆံ ယူထားရင် အလုပ် ကို အလုပ် နဲ့ တူအောင် လုပ်တတ်ရတယ် မဟုတ်လား ။ ပြီးတော့ ဖောက်သည်တွေ လည်း ပျက်မှာ စိုးရတယ်လေ ။ အခုလည်း သမီး က ပွဲကို သုံးရက်လုံး ဆက်တိုက် ကြည့်ဦးမှာ ဆိုတော့ အိပ်ရေး ပျက်ပြီး အလုပ် ဝင်နိုင်မှာ မဟုတ်မယ့် အတူတူ သမီးလေး နေသိပ်မကောင်းလို့ ဆိုပြီး ဆိုင်ရှင် ဆီမှာ ခွင့်တောင်းပြီး နားဖို့ ကျွန်မ စဉ်းစားထားပါတယ် ။ ထူးသစ်ဇော် ဇာတ်ဆို သမီး က ရှေ့ဆုံးက ဖျာနေရာ ဦးပြီး မိုးလင်းပေါက် ကြည့်မှာ ဆိုင်ရှင် လည်း သိထားပြီးသားပေမယ့် ကျွန်မ ဆိုင်ကို စောစော သွားပြီး သမီးအတွက် ပါ နှစ်ယောက်စာလောက် ကြိုးကြိုးစားစား လုပ်ပြလိုက်ရင် သမီး ကို မကျေနပ်တောင် ကျွန်မ ကို အားနာလို့ ဘာမှ ပြောမှာ မဟုတ်ပါဘူး ။ သမီး ကတော့ ဒါတွေကို တွေး လည်း မတွေး ၊ သိလည်း သိမှာ မဟုတ်ဘူး ။ ပွဲကြည့်ဖို့ ဆို ကြော့နေအောင် အလှပြင် ပြီးတာနဲ့ ဘာမှ သူ သတိရတော့တာမှ မဟုတ်တာ ။
ကျွန်မ ခါး ကို ဖက်ပြီး “ အမေ ၊ သမီး က မိုးလင်း မှ ပြန်လာမှာနော် ။ အမေ စိတ်ပူမနေနဲ့ဦး ” ဆိုပြီး သူ့ သူငယ်ချင်းတွေ နဲ့ ပါသွားပါတော့တယ် ။ တရွေ့ရွေ့ ထွက်သွား တဲ့ သမီးကျောပြင် ကို ငေးကြည့်ရင်း ဘာရယ်မှန်း မသိ ၊ စိတ်ထဲ လေးလံနေမိတယ် ။ မိန်းကလေးရှင် ဆိုတာမျိုး က မဖြစ်ခင် ကတည်းက ကြိုတင်တွေးပူရတာမျိုး မဟုတ်လား ။ အာရုံ ထဲ မှာလည်း သမီးတို့ သဘောကျ စွဲလမ်း နေကြတဲ့ ထူးသစ်ဇော် ဆိုတဲ့ မင်းသားလေး ကိုပဲ မြင်ယောင်နေမိတယ် ။ အဲ့ဒီ ညက ကျွန်မ လုံးလုံး အိပ်မပျော်ခဲ့ဘူး ။ အသက် လေးဆယ် ကျော် တာတောင် မင်းသားလေး မျက်နှာ ကို မြင်ယောင်ရင်း ရင်တုန်ပန်းတုန် နဲ့ အိပ် မရခဲ့ဘူး ဆိုလို့တော့ ကျွန်မ ကို သူငယ်ပြန်တယ် လို့ မထင် လိုက်ပါနဲ့ ။ ကျွန်မ ရဲ့တစ်ဦးတည်းသော ချစ်သမီးလေး
နွဲ့နှောင်း အတွက် ဟိုတွေး ဒီတွေ ၊ စိတ်ပူရင်း မိုးစင်စင် လင်းသွားလို့ပါပဲ ။
ကျွန်မ က မျက်စိပျက် ၊ မျက်နှာပျက် ဖြစ်နေတဲ့ စမ်းဌေး ရော ၊ သူ သိသမျှ အိတ်သွန်ဖာမှောက် ပြောပြ နေတဲ့ နီနီမာ ရဲ့ မျက်နှာတွေ ကိုရော မလွတ်တမ်း လိုက် ဖတ်ရင်း ၊ တရားခံ ရှာ မရတဲ့ ဒေါသ က သူတို့ နဲ့မှ တကယ့် ယမ်းပုံမီးကျ ဖြစ်လာတော့တယ် ။
“ ညည်းတို့ ငါ့ ကို ဇာတ်လမ်း ဆင်ပြီး လာ လှိမ့်နေတာတော့ မဟုတ်ပါဘူးနော် ။ ညည်းတို့ ပြောပုံက ညည်း တို့ မင်းသားက မိန်းမ ရှုပ်ရုံတင် မကဘူး ။ ငွေ လည်း မက်သေး ။ အလောင်းအစား လည်း လုပ်တတ်သေးဆို တော့ ... ဟယ် ။ ဒီလို လူမျိုး ကို ညည်းတို့သူငယ်ချင်း နဲ့ မပတ်သက်ခဲ့အောင် ဝိုင်းတားရမှာပေါ့ ။ အခု ညည်းတို့ ကပါ မြှောက်ထိုးပင့်ကော် လုပ်ခဲ့လို့သာ အခုလို ငါ့သမီးလေး မျက်ရည် နဲ့ မျက်ခွက် ဖြစ်ရတာပေါ့ ”
ကျွန်မ လည်း ဒေါသ နဲ့ သောက ရောပြီး ပြောမိ ပြောရာ ပြောပြီးတဲ့ နောက် စိတ်ပျက်လက်ပျက် ထိုင်ခုံ မှာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်ချိန်မှာ သူတို့တွေ ဆီ မှ သက်ပြင်းရှိုက်သံ သဲ့သဲ့ ကြားရတယ် ။
“ ခြောက်လ ဆိုတာ နည်းသလားအေ ။ နှစ်ဝက် လောက် သူ မင်းသား နဲ့ ရည်းစား ဖြစ်နေတာ နင်တို့ ငါ့ ကို ဖုံးထားရက်တာ တွေးတိုင်း အစ်မ တကယ် ရင်နာ ရတယ် ။ နင်တို့ သူငယ်ချင်း က ရည်းစားသနံ ကိစ္စတွေ မှာ အတွေ့အကြုံ မရှိတာ သိကြလျက်သားနဲ့ ”
ကျွန်မ က သူတို့ ကိုပဲ ဖိပြီး အပြစ်တင် နေမိတော့ ကလေးတွေ မျက်နှာ မကောင်းကြတော့ ။ နံရံ တစ်ဖက် သာ ခြားတဲ့ အတွင်းခန်း ထဲ မှာ သမီး က မျက်ရည် စိုစွတ်နေ တဲ့ မျက်ဝန်းလေးတွေ မှိတ်ပြီး တိတ်ဆိတ်ငြိမ်သက်လို့ ရှိနေမှာ သေချာပါတယ် ။ သမီး ရဲ့ ရောဂါဟောင်း အစာအိမ် ပြန်ထချိန် နဲ့ သူ့ မင်းသား သူ့ ကို ပစ်သွားချိန် နဲ့ တိုက်ဆိုင်နေတော့ အိပ်ရာ ထဲ လဲသွားတာ ဘာဆန်းမလဲ ။ စိတ်ရော ၊ လူရော ၊ နှလုံးသားရော တစ်ပြိုင်တည်း အတိုက်အခံရချိန်မှာ သမီး ကို အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင် ထားချင်ပေမယ့် နီနီမာ တို့ သူငယ်ချင်းတွေ ကို မြင်ရတော့ ကျွန်မ စိတ် က ထိန်းမရပြန်ဘူး ။ သမီး ကို သတင်းမေးဖို့ လာတဲ့ နီနီမာ က သူ့ လက် ထဲက တောကြက်ဥခြင်းလေး နဲ့ နွားနို့ပုလင်း ကို လက်ကမ်း ပေးရင်း ကျွန်မ ကို တောင်းပန်စကား ဆိုတယ် ။
“ သူ အဲ့ဒီ မင်းသား ကို ဒီလောက် စွဲလမ်းလိမ့်မယ်လို့ မထင်ဘူး အစ်မ ။ ကျွန်မတို့လည်း မင်းသား ကို သဘော ကျတယ် ။ ခင်မင်ချင်တယ် ။ သူ လည်း ဒီလောက်ပဲ ထင် တာပေါ့ ။ ဒီလိုမျိုး ထဲထဲဝင်ဝင် ပတ်ပတ်သက်သက် ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့မိပါဘူး ။ တကယ်ပါ ။ မင်းသား နဲ့ သူ နဲ့ စင်နောက်မှာ နှစ်ယောက်တည်း တွေ့ ကြတယ် ။ သူ့ ကို ဖွင့်ပြောတယ် ဆိုတော့ ကျွန်မတို့ လည်း အမှန်အတိုင်း ပြောရရင် အံ့လည်း အံ့သြ ၊ ဝမ်း လည်း ဝမ်းသာမိတယ် ။ ကိုယ့်သူငယ်ချင်း ကို ပျော်စေချင် ၊ စိတ်ချမ်းသာစေချင်တာကိုး ။ ဒါပေမဲ့ မင်းသား က သူ့ ကို ချစ်ရေးဆိုခဲ့ရင်တောင် သူ အချိန် အတော်ယူ စဉ်းစားဦးမယ်လို့ ကျွန်မတို့ က ထင်နေတာ ”
နီနီမာ့ စကားကို သော်တာအေး ကလည်း ထောက်ခံတယ် ။
“ ဟုတ်တယ် အစ်မ ။ နွဲ့နှောင်း က အဲ့ဒီလောက် အယုံလွယ်မယ် မထင်မိဘူး ။ ပြီးတော့ သူ ကလည်း နွဲ့နှောင်း လို မိန်းကလေး ကို ခုလောက်ကြီး မြန်မြန် သစ်စိမ်းချိုး ချိုးပြီး ထွက်သွားလိမ့်မယ်လို့လည်း ကျွန်မ တို့က ဘယ် ထင်ပါ့မလဲ အစ်မရယ် ”
ထိုနောက် စမ်းဌေး က ကျွန်မ လက်ကလေး ကို ကိုင်ဆွဲရင်း
“ ကျွန်မတို့ ကို ပွဲကန်ထရိုက် မရီလှ က ပြောတယ် ။ ထူးသစ်ဇော် ကို မန္တလေး က သူဌေးလင်မယား က မွေးစားထားတာတဲ့ ၊ တကယ်တမ်းတော့ မင်းသား က တစ်ကောင်ကြွက် တဲ့လေ ။ ပြီးတော့ နဂိုတည်းက ခြေရှုပ်တတ်တဲ့ ဗီဇရယ် ၊ ရုပ်ခံလေး ကလည်း ရှိတော့ သူ ပွဲကတဲ့ နေရာတွေတိုင်း မှာလည်း ရည်းစားတွေ ဟော တစ်ယောက် ၊ ဟော တစ်ယောက် ပဲတဲ့ ။ မိန်းမကျမ်း သိပ်ကြေတာတဲ့ အစ်မ ။ သူ ပွဲကတဲ့ မြို့တိုင်း မှာ သူ့ ကို ကြိုက်လို့ မိတ်ဆက် လာတဲ့ မိန်းကလေးတွေ ဆို အလွတ် မပေးတတ်ဘူးတဲ့ ။ ဒီကြားထဲ သူ့ရည်းစား ဆိုတဲ့ ဟာတွေက လိုက်လိုက် လာတတ်ကြတယ်တဲ့ ။ ရည်းစား ဆိုပေမယ့် ဘယ်အဆင့်မှန်း မသိဘူးလေ အစ်မ ။ အခုတောင် နွဲ့နှောင်း ကံကောင်းလို့ ရေတိမ် မနစ်တာလို့ ပြောရမှာ ။ စောစော လမ်းခွဲ လိုက်တာပဲ ကံကောင်းတယ် ပြောရမှာ ပါ အစ်မရယ် ”
ကျွန်မ ရင်ထဲ မှာတော့ မီးတောင်တွေ ဆင့်ကာ ဆင့်ကာ ပေါက်ကွဲသလို ခံစားနေရပြီး မီးတောင်ချော်ရည် ပူတွေဟာ တင်းကျပ်နေတဲ့ ကျွန်မရင် ထဲ ကနေ ရုန်းထွက် ပြီး မျက်ရည်ပူတွေ အဖြစ် ယူကျုံးမရ ၊ နှမြောတသ ခံစား ရရင်း စီးဆင်းလာတော့တယ် ။ ကျွန်မ အပူကို နားလည် နိုင်ရင်တောင် ကျွန်မ ရဲ့ နာကျင်ခံစားမှုတွေ နဲ့ ထပ်တူ မကျနိုင်တဲ့ သမီး သူငယ်ချင်းတွေ က နှုတ်ဆက် ပြန် အသွားမှာ ကျွန်မ အဖြေ တစ်ခု ရလိုက်တယ် ။ အဲ့ဒီ အဖြေ ကတော့ ကျွန်မ ရဲ့ ရှိစုမဲ့စု ခွန်အားတွေနဲ့ သမီးလေး ရဲ့ ရုပ်ရော ၊ စိတ်ရော ၊ နှလုံးသားပါ ပြန်ပြီး နာလန်ထူ လာအောင် လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ ။
ပထမဆုံး အိမ်နံရံ ပေါ်က မင်းသား ရဲ့ ပွဲကြော်ငြာ ပုံတွေ ၊ အိမ်ရှေ့ ဗီရိုမှန် မှာ ကပ်ထားတဲ့ မင်းသားဓာတ်ပုံ တွေ စတဲ့ သဲလွန်စတွေ ကို ပထမဦးဆုံး ဖျောက်ပစ်လိုက်တယ် ။ အစာအိမ်နာ ကို အကြောင်းပြုပြီး အသည်းကွဲ လို့ အစားအသောက် မဝင်တဲ့ သမီး ကို ကျွန်မ အလုပ် ကလဲ အနားယူပြီး အသေအချာ ပြုစုစောင့်ရှောက်တယ် ။
ညသန်းခေါင်ကျော် အထိ အိပ်မပျော်သေးတဲ့ သမီး ကို ကျွန်မ ဘာသာ ဖတ်ချင်လို့ ဖတ်ပုံမျိုး နဲ့ ဆရာတော် ဦးဇောတိက ရဲ့ စာအုပ်တွေ ဖတ်ပြပြီး စိတ်ခွန်အားတွေ တိုးမြှင့်ပေးတယ် ။ အချစ် နဲ့ ပြိုလဲကျသူတွေ ကို အကောင်းဆုံး ပြန်တည်ဆောက်နိုင်အောင် ဘဝဒဿနတွေ ၊ အတွေးအခေါ်တွေ ၊ ပုံပြင်သာဓကတွေ နဲ့ ဖေးမတွဲကူ တတ်တဲ့ ဆရာတော်အရှင်ဆန္ဓာဓိက နဲ့ ၊ ဆရာတော် ရဝေနွယ် ( အင်းမ ) တို့ရဲ့ စာအုပ်တွေ ကို “ သမီးရယ် အမေ့ ကို ဖတ်ပြပါဦး ” ဆိုပြီး တစ်လှည့် ဖတ်ခိုင်းတာမျိုး နဲ့လည်း သမီး စိတ်ကို ပြန်ထူထောင်ပေးခဲ့တယ် ။ ကျွန်မ စေတနာ မေတ္တာတွေ ကို နားလည်လာပုံ ရတဲ့ သမီး က ကျွန်မ အပေါ် ဟိုးအရင်ထက် တောင် ပိုသံယောဇဉ် တွယ်လာ သလိုပါပဲ ။ ဒီ အမေ ဒီ သမီး နှစ်ယောက်ပေါင်း မှ ကူရာမဲ့ တစ်ဘဝတည်း မှာ သူ နေမကောင်း ဖြစ်တော့ ဒီကမ္ဘာကြီး မှာ အားအကိုးထိုက်ဆုံး လူက ဘယ်သူလဲ ဆိုတာ သမီး ပိုသိလာသလိုပါပဲ ။ အိမ်လေးထဲမှာ ဟိုးအရင် ကလို သမီး ရဲ့ ဆည်လည်းသံလေးနဲ့ ပြန်ပြီး ဝေစည်လာတယ် ။
တစ်ရက်တော့ ဈေး နဲ့ မနီးမဝေး မှာ အခွေဆိုင် ဖွင့် တဲ့ မကျင်လှ က သူ့ ဆိုင်လေး ငှားချင်လို့ စပ်ပေးပါဆိုတာနဲ့ ကြိုစဉ်းစားထားတာမျိုး မဟုတ်ဘဲ ၊ ရုတ်တရက် စိတ်ကူးပေါ်လာလို့ သမီး နဲ့ တိုင်ပင်ဖြစ်တယ် ။ အဲဒီ နေရာမှာ အမေတို့ ကိုယ်ပိုင် ဆိုင်လေး ဖွင့်ကြမလားလို့ မေးလိုက်တော့ သမီး ရဲ့ မျက်ဝန်းလေးတွေ က သောက်ရှူးကြယ်တွေ လို တဖျပ်ဖျပ် လက်လာတယ် ။ ကျွန်မ က ဆယ်ကျော်သက် ကတည်းက ဒီ အလှပြင် အလုပ် ကို လုပ် လာခဲ့သလို ၊ သမီး ကလည်း ကျွန်မ လိုပဲ ဒီအလုပ်မှာ စိတ်ရောလူပါ နစ်ပြီး ဝါသနာ ပါလှတာ ကျွန်မ သိလို့ ဒီစိတ်ကူး ကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့ ဆုံးဖြတ် မိတာပါပဲ ။
နှောင်း လို့ သမီး ကို ကျွန်မ ခေါ်နေကျ နာမည်လေး နဲ့ပဲ ကျွန်မတို့ ဆိုင်လေး ကို စဖွင့်လိုက်ပါတယ် ။
တစ်ခါတလေတော့လည်း ဆိုင် ကို တစ်ရက်လုံး နေမှ ဆံပင် လာညှပ်တဲ့သူ တစ်ယောက် လောက်ပဲ လာတာမျိုးလည်း ရှိတယ် ။ ဒီလိုနေ့မျိုး ဆိုရင်တော့ ဆိုင် ကို သမီး နဲ့ပဲ စိတ်ချလက်ချ ထားခဲ့ပြီး ကျွန်မ က အိမ်ပြန် ပြီး ညစာအတွက် ထမင်းဟင်း ချက်ပြီး အိမ်သန့်ရှင်းရေး လုပ်ရင်း ဆိုင်ပိတ်ပြီး ပြန်လာမယ့် သမီး အိမ်အပြန် ကို စောင့်ရတယ် ။ သမီး ကို ဆိုင်မှာ ရှိစေချင်တယ် ဆိုတာ ကလည်း ကျွန်မနဲ့ ပြင်ချင် ၊ ညှပ်ချင်ကြတဲ့ ဖောက်သည်ဟောင်းတွေ လာရင် သမီး လက်ရာကို မြည်းစမ်းကြည့် စေချင်လို့ ၊ သမီး ကို ရှေ့ကို တွန်းပို့ရတဲ့ သဘောပါပဲ ။ တစ်ခါတလေ ကျွန်မ ဆိုင်မှာ ရှိနေရင်တောင် ဖောက်သည်ဟောင်းတွေ က ကျွန်မ နဲ့ အလှပြင်မယ် ၊ ဆံပင်ညှပ်မယ် ဆိုတိုင်း ၊ သမီး က ကျွန်မ ထက် ပိုပြီး အမြင် ရှိတယ် ။ သမီး နဲ့ ပြင်ကြည့်ပါ ဆိုပြီး ကျွန်မ ဘေးက ကူပေးရုံ လောက်နဲ့ တစ်ခါတည်း မိတ်ဆက် ပေးထားလိုက်တယ် ။
“ သမီး ဒီမှာ တွေ့လား ၊ အလှဆုံးသစ်ခွတွေကို ဖယ်ထားတာ ။ အားလုံး ပြင်ပြီး ၊ နောက်ဆုံးမှ ပန်ရမှာ ။ ပန်ရင်လည်း ပန်း ကို ခပ်စိုက်စိုက်လေး ပန်ပေး ။ အသေးဆုံး အပွင့်ကို ဆံထုံးရဲ့ နောက်ဘက်နားမှာ ပန်နော် သိလား ”
ကျွန်မ က ပြောလည်း ပြော လက်တွေ့ လည်း လုပ်ပြရင်း သမီး ကို သင်ပေးရတာပါပဲ ။ သမီး ကလည်း ဉာဏ်ကောင်းတာမို့ ကျွန်မ သင်သမျှ တတ်လွယ်ပါ တယ် ။ တစ်ခါတလေ အနီးအနား ရွာတွေ မှာ အလှူတို့ ၊ မင်္ဂလာဆောင်တို့တွေ ဖိတ်ရင် ဆိုင်မှာ က ကျွန်မ မဖြစ် မနေ နေရမှာမို့ သမီးတစ်ယောက်တည်း ပဲ လွှတ်လိုက်ရတယ် ။ အဲ့ဒီနေ့မျိုးဆို သမီး က မိတ်ကပ်ဘူးလေး ဆွဲပြီး ထွက်သွားလိုက်တာ ညနေစောင်း လို့မှ ပြန်မရောက်သေး ရင် မြစ်ဆိပ် မှာ သမီး ကို စောင့်ရင်း မျှော်တော်ယောင် ဘဝ နဲ့ အချိန်ကုန်ရသူဟာ ကျွန်မ ပေါ့ ။ ကျွန်မ သူ့ ကို စိတ်ပူ နေတာ သူ သိလျက် ၊ မြင်လျက် တစ်ခါတလေလည်း မြစ်ဆိပ်လှေကား အတိုင်း တက်မလာဘဲ တောင်ကမူ လေးတွေကနေ ပုန်းလျှိုးကွယ်လျှိုး တက်လာပြီးမှ ကျွန်မ ခါး ကို အနောက်ကနေ သိုင်းဖက်ပြီး နှုတ်ဆက်တတ်တဲ့ သမီး အမူအရာလေးတွေက အရမ်း ချစ်စရာ ကောင်းပါတယ် ။ ကျွန်မ ကို “ မေ့ ” ဆိုပြီး ချွဲချွဲနွဲ့နွဲ့ ခေါ်တတ်သေး တဲ့ သမီး ရဲ့ အသံလေးတွေ က ကျွန်မ ဘဝရဲ့ ရုန်းကန် လှုပ်ရှားရာမှာ ခွန်အားတွေ ဖြစ်စေပါတယ် ။ ကျွန်မ ဘဝ မှာလည်း သံယောဇဉ် တွယ်စရာ ဆိုလို့ လက်ညှိုးထိုး ပြစရာ ရှားရှားပါးပါး ဒီ သမီးလေး တစ်ယောက်တည်း ရှိတာ မဟုတ်လား ။
သမီး က အလှအပ မက်ပြီး အားချိန်ဆို သူငယ်ချင်းတွေ နဲ့ ဆိုင်တကာ လှည့် ဈေးဝယ် ထွက်ကြတာတွေ ရှိပေမယ့် ကျွန်မ အပေါ်လည်း သိတတ်လိမ္မာ သလို ကြင်ကြင်နာနာ ဆက်ဆံတတ်ပါတယ် ။ ဆိုင်မှာ စားဖို့ ကျွန်မ ကြိုက်တတ်တဲ့ ဟင်းတွေကို သူ ဦးစားပေး ချက်တတ်သလို ၊ ထမင်းစားပြီး အချိုတည်းဖို့ လက်ဖက်သုပ် ၊ ဒါမှမဟုတ်လည်း ပေါ့ဆိမ့်လက်ဖက်ရည် နဲ့ ရွှေကျီးမုန့်ကြွပ်လေးတွေ မျိုးလည်း အလိုက်တသိ နဲ့ ယူလာတတ် သေးတယ် ။ ညဘက် ဆိုလည်း အိမ်စရိတ်တွေ ၊ စာရင်းတွေ အတူ လုပ်ကြရင်း သူ့ အသိ ဈေးသည်တွေ အကြောင်း ပြောပြတော့ သမီးလေး လူမှုဆက်ဆံရေး ကောင်းပုံ ၊ ပတ်ဝန်းကျင် လေ့လာအား ကောင်းပုံတွေ ကို ကျွန်မ တအံ့တသြ ဖြစ်ရသေးတယ် ။ ဆိုင်မှာ ကျွန်မ နဲ့ ဆံပင်ညှပ်ချင်သူတွေ ၊ အလှပြင်ချင်သူတွေ လာတိုင်း သမီးလေး နဲ့ပဲ မိတ်ဆက်ပေးပြီး ၊ သမီး ရဲ့ အရည်အချင်း ကို အသိအမှတ် ပြုလာအောင် အလုပ် နဲ့ သက်သေပြခိုင်းရတယ် ။ ဒီလိုနဲ့ ကျွန်မ ဖောက်သည်တွေ ကလည်းတဖြည်းဖြည်းနဲ့ နွဲ့နှောင်း မှ နွဲ့နှောင်း ဖြစ်လာကြပြန်တယ် ။
တစ်ရက်တော့ သမီး က ကျွန်မ အနား ကပ်ပြီး ထူးထူးခြားခြား ပူဆာလာတယ် ။ ကျွန်မတို့ အရင် အလုပ် လုပ်ဖူးတဲ့ ‘ ဝင့်လွှာဖြူ ’ ဆိုင်ရှင် ရဲ့သမီး နေခြည် က မန္တလေး မှာ အလှပြင်သင်တန်း သွားတက်မှာမို့ သူ ပါ လိုက်ချင်သတဲ့ ။ အခုဆို ဆိုင် က ဖောက်သည်တွေ ပိုရ သလို သူ က ရွာအလှူတွေ အထိ တာဝန်ယူလိုက်ရတာမို့ နောက်ဆုံးပေါ် ဆံပင်ပုံစံတွေ ကို လေ့လာချင်တယ် ဆိုတာ ကို ကျွန်မ လက်ခံ အလိုလိုက်ချင်မိတယ် ။ ရေအိုင် ထဲ က ဖားသူငယ်လေးဘဝ နဲ့ သူ့ ရဲ့ ဝါသနာ ကို ကျွန်မ ရပ်တန့် မနေစေချင်ပါဘူး ။ ဒါကြောင့် ကျွန်မ လက်ထဲ ငွေအပိုအလျှံ အများကြီးမရှိပေမယ့် လူရိုသေ ၊ ရှင်ရိုသေ ဝတ်ထားတဲ့ ရွှေဆွဲကြိုးလေး ကို အပေါင်ဆိုင် မှာ ပေါင်ပြီး သမီး ဆန္ဒတွေ ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားခဲ့တယ် ။ သမီး လက်ထဲ ကျွန်မ တတ်နိုင်သလောက် ပိုက်ဆံလေး တွေ ထည့်ပေးတဲ့အခါ သမီး က မျက်ရည်ကြည့်လဲ့ မျက်ဝန်းလေး နဲ့ လက်အုပ်လေး ချီပြီး ကျေးဇူးတင်စကား ဆိုရှာတယ် ။ ဒီလိုနဲ့ သမီး နဲ့ နေခြည် တို့ ကို မန္တလေး သွား ကားဂိတ် ကို ကျွန်မ နဲ့ သူ့ သူငယ်ချင်းတွေ လိုက်ပို့ ဖြစ်ကြတယ် ။
“ အမေ ကျန်းမာရေး ဂရုစိုက်နော် ။ လွန်ရော ကျွံရော နှစ်လပါပဲ ။ သမီး မရှိတုန်း ညရေးညတာ အဖော် လိုရင် နီနီမာ တို့ကို ခေါ်အိပ်နော် ”
သမီး က မှာတမ်းချွေ စကားတွေ တဖွဖွ မှာလွန်း
တော့ ကျွန်မ သူ့ ကို ဘာစကားမှ မဆိုနိုင် ။ ဘာ နှုတ်ဆက်စကား မှလည်း မပြောနိုင်ဘဲ သူ့ လက်ကလေး ဆုပ်ကိုင်ပြီး ဂျုံရိုးခမောက် အကြီးကြီး အောက်မှာ မြင်နေရတဲ့ မျက်နှာနုနုလေး ကိုသာ အငမ်းမရ ငေးမောရင်း သူပြောသမျှ ခေါင်းညိတ် နေမိတော့တာ ။ ဪ ... ပညာ သွားသင်တာပဲ ၊ အပျော်သွားတာမှ မဟုတ်တာ ။ ခရီးထွက်ခါနီး ကလေး စိတ်မကောင်း ဖြစ်နေမယ် ။ မငိုမိစေနဲ့ ၊ စိတ်တင်းထား လို့ ကိုယ့် ဘာသာ အားပေးရင်း သမီး ကိုပဲ ကျန်းမာရေး ဂရုစိုက်ဖို့ တဖွဖွ မှာရတယ် ။ အမေ အလုပ်ပါးရင် သမီး ကို လာကြိုမယ် ဆိုတဲ့ နှစ်သိမ့်စကားလေး နဲ့ သမီး ကို နှုတ်ဆက် လမ်းခွဲလိုက်ရတယ် ။
တကယ်တမ်း နှစ်လပြည့် တော့ ကျွန်မ က ဆိုင် ကို ပစ်မရတာကြောင့် သူ့ ကို လိုက်မကြိုနိုင်ဘူး ။ သင်္ဘော နဲ့ဖြစ်ဖြစ် ကား နဲ့ ဖြစ်ဖြစ် ပြန်လာနိုင်တဲ့ သမီး ကို ကားဂိတ် မှာ ဒါမဟုတ် မြစ်ဆိပ် မှာ သွားကြိုဖို့ စိတ်ကူးနဲ့ သူ့ ဖုန်း ကိုပဲ မျှော်နေမိပေမဲ့ တကယ်တမ်း ရောက်လာတာက သူ့ လက်ရေး နဲ့ စာတစ်စောင်ရယ်ပါ ။ နေခြည် အပြန် မှာ ပါးလိုက်တဲ့ အဲ့ဒီ စာ ကို ဖတ်ပြီး ၊ ကျွန်မ အံ့သြလွန်းလို့ မယုံကြည်နိုင်ဘဲ ကြက်သေသေနေမိတယ် ။ ပြီးမှ နေခြည် လက် ကို ဆွဲကိုင်လှုပ်ယမ်းရင်း သွေးရူးသွေးတန်း နဲ့ ငိုယို မေးမိတော့ ခပ်တိုတို နဲ့ ရှင်းရှင်းလေး ပြောလာတဲ့ သူ့ စကားတွေ က ကျွန်မ နားစည် ကို သံချွန် နဲ့ ထုရိုက်နေ သလိုပါပဲ ။
“ အန်တီရယ် သူ က မန္တလေး ကို လိုက်ခဲ့တာ ကို က သူ့ မင်းသား နဲ့ ပြန်ဆက်ချင်လို့ နေမှာပါ ။ မပြောချင်တော့ပါဘူး ။ သမီး တားနေတဲ့ ကြားက ဟိုကောင့် နောက် ကို တစ်ချိုးတည်း ပါသွားတော့တာပဲ ။ ဒါပေမဲ့ အန်တီ အရမ်းကြီး တော့ စိတ်မပူပါနဲ့ ။ သူတို့ ဒီပဲ ပြန်လာမှာပါ ။ သူတို့ မှာ သွားစရာ နေရာ မရှိဘူး ။ အခု ဗြုန်းစိုင်းကြီး ခိုးပြေးဖြစ်တာလည်း မင်းသား ကို မွေးစားမိဘတွေ က မိန်းမ ပေးစားဖို့ စီစဉ်နေကြတယ်လေ ။ တကယ်တော့ သူတို့ က မင်းသား နဲ့ ငွေရှာ နေကြရတာကိုး ။ နွဲ့နှောင်း ကိုတော့ သူတို့ က သဘော မတူဘူးတဲ့ ။ ဒီတော့ မန္တလေး မှာ ဆက်နေကြမှာ မဟုတ်ဘူး ။ ဒီပဲ ပြန်လာကြမှာ ဒါကြောင့် သူ ပြန်လာကြမှာ ဒါကြောင့် သူ ပြန်လာမှာကို ပဲ အန်တီ စောင့်နေလိုက်ပါ ”
နေခြည် ပြောစကားတွေ နားထောင်ရင်း ၊ မမြင်ရတဲ့ မီးစ တစ်စက ကျွန်မ ရင် ကို တဖြည်းဖြည်း လောင်မြိုက် နေတယ် ။ ကျွန်မ ဘာဆက်လုပ်ရမလဲ ။ လိုက်သွား ရမလား ၊ နေခြည် ပြောသလိုပဲ ဒီမှာပဲ စောင့်နေရမလား ။ ကျွန်မ မျက်လုံး ထဲတော့ အပြစ် ကင်းစင်တဲ့ ကျွန်မ ရဲ့ သမီးလေး လင်ဆိုးဆိုး လက်ထဲ မှာ တစ်သက်လုံး စိတ် ဆင်းရဲရတော့မယ့် အဖြစ် ။ သူ ယုံကြည်တဲ့ သူစိမ်းတစ် ယောက် ရဲ့ ရင်ခွင် က သူ့ အတွက် လုံခြုံနိုင်ပါ့မလား ။
ဟင့်အင်း ... ဟင့်အင်း .. ၊ ကျွန်မ ဒီအတိုင်း သမီး ကို လက်လွတ် အဆုံးရှုံး မခံနိုင်ဘူး ။ သမီး ရှိရာကို လိုက်သွားမှပဲ ဖြစ်မှာပါ ။ ဟုတ်တယ် ။ သမီး တက်တဲ့ သင်တန်းလိပ်စာ ယူသွားရင် သဲလွန်စ တစ်ခုခုတော့ ရနိုင်မှာပဲ ။
တကယ်လို့ သမီး ကို ရှာဖို့ ခက်ရင်တောင် ပွဲငှား တွေ ကတစ်ဆင့် မင်းသား ကို ဆက်သွယ်နိုင်မယ့် လိပ်စာ တစ်ခုခုတော့ ရနိုင်မှာပဲ ။
ဒီဆုံးဖြတ်ချက်တွေ နဲ့ ကျွန်မဆိုင် ကို ပိတ်ပြီး မန္တလေး လိုက်ဖို့ ပြင်နေစဉ်မှာပဲ ကသာမှာ နေတဲ့ ကျွန်မ ဝမ်းကွဲအစ်မ မမထား ဆီက ဖုန်းဆက်လာတယ် ။ ကျွန်မ တို့ နေတဲ့ အင်းရွာ က ကသာ နဲ့ ထီးချိုင့်မြို့ ထဲ မှာ ရှိတော့ ဈေးဝယ် ၊ ဈေးသည်တွေ အပြန်အလှန် ကူးလူးယှက်သွယ် နေကြတဲ့ မြို့တွေပေါ့ ။ ပြီးတော့ ထူးသစ်ဇော် ဆိုတာ ကလည်း ဒီတစ်ကြော မှာ နာမည် ရှိသူလေ ။ ကောင်းသတင်းသာ လူချင်းဆောင်ယူဖို့ ခက်တတ်ကြတာ ။ မကောင်းသတင်းမျိုး ဆို လူတွေ စိတ်ဝင်စား တကူးတက ပြောတတ်ကြတယ် မဟုတ်လား ။ ဒီတော့ မမထား ဆီ ရောက်အောင် သတင်းပို့ပေးသူတွေ ကို ကျွန်မ မအံ့သြ ပါဘူး ။ စိတ်လည်း မဆိုးမိဘူး ။ ဒါပေမဲ့ မမထား ကတော့ နွဲ့နှောင်း နောက် ချက်ချင်း လိုက်ချင်တဲ့ ကျွန်မ ကို စိတ်ဆိုး အပြစ်တင်တယ် ။ နွဲ့နှောင်း ပြန်လာတဲ့ အချိန်အထိ စောင့်ဖို့နဲ့ ၊ ဖြစ်ပြီးသွားတဲ့ ကိစ္စတွေ ကို သူ ပြောနေကျ အတိုင်း တရားသဘော နဲ့သာ ဖြေသိမ့်ဖို့ နှစ်သိမ့်အားပေးပါတယ် ။ ဒါပေမဲ့ ကျွန်မ အတွက်တော့ မလွယ်ကူနိုင်ဘူး ။ နေ့နေ့ညည နွဲ့နှောင်း အကြောင်း တွေးလိုက်တာ နဲ့ ကန္တာရ ထဲ လမ်းပျောက်နေသူ လို ဆောက်တည်ရာ မရ အရူးတစ်ပိုင်း ဖြစ်ချင်လာတယ် ။ နောက်ဆုံး ခေါင်းမာ လွန်းတဲ့ ကျွန်မ ကို မမထား လည်း အရှုံးပေး လိုက်ရတယ် ။
မန္တလေး လိုက်ဖို့ အားလုံး ပြင်ဆင်ပြီးတဲ့ ကျွန်မ ကို တစ်ယောက်တည်း သူ စိတ်မချတော့ ခရီးထွက်ခဲ့တဲ့ သူ က ပါ မန္တလေး အထိ အဖော်လိုက်ဖို့ အစီအစဉ် ဖြစ်လာတယ် ။
ဘာပဲဖြစ်ဖြစ် ကျွန်မ လည်း ငါးနှစ် လောက် မရောက်တာ ကြာပြီ ဖြစ်တဲ့ မန္တလေး ကို တစ်ယောက် တည်း အူလည်လည် သွားတာထက် စာရင် မမထား လို အားကိုးဖော် ပါတာ ပိုကောင်းတယ်လို့ ထင်မိတယ် ။ ဒါကြောင့်ပဲ မမ ထား ရှိရာ ကသာ ကို လိုက်သွားပြီး ၊ အဲ့ဒီ ကနေ တစ်ဆင့် မန္တလေး ကို ကား နဲ့ တက်ဖို့ စီစဉ်လိုက်ကြတယ် ။ သမီး သွားတုန်းက ပေါင်ထားတဲ့ ဆွဲကြိုးလေး ကို အပြတ်ရောင်းတော့ ခရီးစရိတ်လေးလည်း လုံလုံလောက်လောက်ပါလာတယ် ။ လိုအပ်တဲ့ ပစ္စည်းတွေ ထည့်ပြီး ၊ အိမ် ကို ခဏအပ် ၊ ဆိုင် ကို ပိတ်ပြီးတာနဲ့ မမထား ရှိရာ ထွက်လာတော့တယ် ။
လမ်း မှာ စက်လှေ စီးရင်း တောင်တွေးမြောက်တွေး ဝမ်းနည်းပူဆွေးမှုတွေ က မမထား ကို တွေ့လိုက်ရတော့ အတော်လေး စိတ်ဖြေသာ သွားမိတာတော့ အမှန်ပါပဲ ။ မမထား ဆီ ရောက်တော့ မနီးမဝေး ဘုန်းကြီးကျောင်း က ပရိတ်ရွတ်သံ ၊ ပဋ္ဌာန်းစီးဖြန်းသံတွေ ကြားမှ ဘုရားဝေး ၊ တရားဝေး နဲ့ အပူမီးတွေ တောက်လောင် နေတဲ့ ကျွန်မ ခုမှပဲ ဒီနေ့ ဥပုသ်နေ့ ဆိုတာ သတိရမိတော့တယ် ။
မျက်ကွင်းဟောက်ပက် နဲ့ နှစ်ရက် သုံးရက် လောက် အစားပျက် ၊ အအိပ်ပျက် နေတဲ့ ကျွန်မ ရဲ့ အပူရုပ် ကို ကြည့်ပြီး မမထား က တစ်ပတ် လောက် နားပြီးမှ သွားရင် လည်း နောက်မကျကြောင်း ပြောတာကို ကျွန်မ လက်မခံလိုဘူး ။ ကျွန်မ က အားချင်းပဲ မန္တလေး လိုက်ဖို့ ခေါင်းမာမာနဲ့ တောင်းဆိုမိတယ် ။ ဒါပေမဲ့လည်း နောက်ဆုံး တော့ လူကြီး တစ်ယောက် လည်း ဖြစ်ပြန် ၊ ငယ်ငယ် ကတည်းက ချစ်ကြောက်ရိုသေရသူလည်းဖြစ်တော့ သုံးရက် လောက် ကသာ မှာ နားပြီး မှ မန္တလေး တက်ဖို့ ပြောတဲ့ မမထား အစီအစဉ် ကို လက်ခံလိုက်ရတယ် ။
မမထား ရဲ့ ဆုံးဖြတ်ချက်တွေ မှန်သွားတယ်လို့ပဲ ဆိုရလိမ့်မယ် ။ ကားလက်မှတ် ဖြတ်ပြီး ၊ နောက်တစ်နေ့ မနက်မှာပဲ ကျွန်မတို့ ရွာက ကျောင်းဆရာမ တစ်ယောက် နဲ့ ညနေ ဈေးထဲ တွေ့ တော့ နွဲ့နှောင်း အင်းရွာ ပြန်ရောက် နေမှန်း သိလိုက်ရတယ် ။ ကျွန်မ မှာ အံ့သြလိုက်တာ ၊ ဝမ်းနည်းဝမ်းသာပဲ ။ သူနဲ့ အတူ သူ့ ရဲ့မင်းသား လည်း ပါလာတယ် ဆိုတော့ ကလေးသာသာ ရှိတဲ့ နေခြည် ပြောတဲ့ စကားတွေ မှန်နေပါရောလားလို့ ကျွန်မ မှာ အံ့အားသင့်ရပါတယ် ။ နွဲ့နှောင်း ကိုလည်း ကျွန်မ ဘယ်လောက် စိတ်ပူနေကြောင်း ၊ မန္တလေး အထိ သူ့ကို လိုက်ခေါ်ဖို့ ထွက်သွားကြောင်း အရပ် ပြောကြတယ်လို့လည်း သိခွင့်ရတယ် ။ ကျွန်မ ကတော့ သမီးလေးနှောင်း နေကောင်းရဲ့လား ၊ ကျန်းမာရဲ့လား ဆိုပြီး တဖွဖွ မေးနေမိချိန် ၊ မမထား ကတော့ ကျောင်းဆရာမ အမျိုးသမီး နဲ့ အတူ နှောင်း ကို ပြောဖို့ စကားတွေ ပါးလိုက်လေရဲ့ ။
“ မိနှောင်း ကို ပြောလိုက်ပါ ဆရာမ ရယ် ။ သူ့ စိတ်နဲ့ သူ့ အမေ တော့ အိပ်ရာထဲ လဲပြီလို့ ၊ ဒေါ်ဒေါ် ကလည်း သူ့ ကို သိပ်စိတ်ဆိုး နေတယ်လို့ ၊ သူ့ အမေ ကို ပြန်လိုချင်တယ် ။ ပြန်ခေါ်ချင်တယ် ဆိုရင် သူ့ အမေ ခွင့်လွှတ်တဲ့ အထိ ဒေါ်ဒေါ် ရှေ့မှာ လာ တောင်းပန်ရမယ်လို့ ပြော လိုက်စမ်းပါ ။ သူ ဘယ်လို မျက်နှာ နဲ့ ပြန်လာခေါ်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့ ”
မမထား ပြောစကားကို နားထောင်ရင်း ကျွန်မ သက်ပြင်းခပ်ဖွဖွ ရှိုက်မိတယ် ။ သမီး လာရင် ဟိုတစ်ယောက်က ပါရင် ပါလာဦးမှာ ။ ကျွန်မ ဘယ်လို လုပ်ရ မှာပါလိမ့် ။ ကျွန်မ ကတော့ သမီး ကို သူ့လက် ထဲ ကနေ အပိုင် ပြန်သိမ်းထားချင်တာ ။ သမီး ဘဝ ကို လူရှုပ်လူပွေ တစ်ယောက်ရဲ့ လက်ထဲမှာ အဆုံးရှုံး မခံနိုင်ပါဘူး ။ ဒါပေမဲ့ သမီး က ကျွန်မ သဘောကို လိုက်ရောနိုင်ပါ့ မလား ။ ကျွန်မ ဖြစ်စေချင် သလို ဖြည့်ဆည်းပေးနိုင်ပါ့ မလား ။ သမီး နဲ့ ကျွန်မ နှစ်ယောက်တည်း ကမ္ဘာတည်ခဲ့ ဖူးတဲ့ အရင် နေ့ရက်တွေ ဆီကို ရော ပြန် အရောက်သွားနိုင်ပါ့မလား ။ ကျွန်မ ကို လာခေါ်မယ့် သမီး ကို ချော့တစ်မျိုး ၊ ခြောက်တစ်ဖုံ စကားတွေ ပြောဖို့ ခေါင်းထဲ စကားလုံးတွေ စီနေမိတယ် ။ ဒီလိုနဲ့ပဲ မမျှော်လင့်ဘဲ ကျွန်မ ရဲ့ ညတွေ ဟာ စိတ္တဇအတွေးတွေ နဲ့ အိပ်ပျက်ညတွေ ဖြစ်ဖြစ်လာပြန်တယ် ။
ညနေခင်းတွေ မှာ ကျွန်မ မမထား ကို ခွင့်တောင်း ပြီး မြစ်ဆိပ် ဘက် ကို လမ်းလျှောက် ထွက်ခဲ့တယ် ။ အင်းရွာ ဘက် က လာတဲ့ စက်လှေတွေ ရှိရာကို မျှော်ငေး ရင်း ၊ သမီး ရဲ့ ပုံရိပ်ကလေး ကို ဝိုးတိုးဝါးတား ပုံဖော်ရင်း တမ်းတငေးမောတတ်လာတယ် ။ ဧရာဝတီ ရဲ့ မြစ်ရေစီးသံ တလွင်လွင်က ကျွန်မနှလုံးသား ကို အလွမ်း တေးသံအဖြစ် ပုံဖော်သီကျူးစေတယ် ။ လေပြည်လေညင်း တသော့သော့က ကျွန်မ ရဲ့ အနာဂတ်စိတ်ကူး တချို့ကို အသက်သွင်း ဖမ်းစားစေခဲ့တယ် ။ ကျွန်မ စိတ်ရဲ့ မွန်းကျပ် ပူလောင်မှုတွေ ကို ဒီမြစ်ဆိပ်မှာ ကမ်းကပ်လာတဲ့ လှေလေးတွေ ကြည့်ရင်း ၊ တစ်စုံတစ်ရာ ကို တမ်းတ မျှော်ကိုးရင်း အချိန်တွေ ကုန်မှန်း မသိ ကုန်လာခဲ့ပြန်တယ် ။ ဒီလိုနဲ့ နာရီတွေ ရွှေ့လာတယ် ။ နေ့ရက်တွေ ကူးပြောင်းသွားတယ် ။ ခါတိုင်းလိုပဲ ထမင်းစားဖို့ လာ ခေါ်တဲ့ မမထား ဆီက သက်ပြင်းရှိုက်သံသဲ့သဲ့နဲ့ အတူ ၊ ကြားနေကြ စကား တချို့က ကျွန်မ နားထဲ နာကျင်ခါးသီးစွာ စီးဆင်းသွားတယ် ။
“ မျှော်မနေပါနဲ့တော့ အေ ။ ကိုယ့် ဝမ်း နဲ့ လွယ်ပြီး မွေးခဲ့တာ မှ မဟုတ်တာ ။ ငါးနှစ် လောက် ကိုယ် နဲ့ အလုပ် တွဲလုပ်ခဲ့တဲ့ မိဘမဲ့လေး ဆိုပေမယ့် ”
မမထား အသံက တိုးလျတိမ်ဝင် သွားတယ် ။
“ သူ က အမေ သာ ခေါ်တာပါ ။ အမေ လို သဘောထားတာ မှ မဟုတ်တာ ... ။ ညည်း သာ ပစ်တိုင်းထောင် အရုပ်ကြိုး မရှုပ်ချင်စမ်းပါနဲ့ ။ မေ့လိုက်တာပဲ ကောင်းပါတယ် ။ ကဲ .. ကဲ မမထား ထမင်း ပြင်ထားနှင့်မယ် ။ လိုက်လာခဲ့နော် ”
မမထား ကို ခပ်လေးလေး ခေါင်းညိတ် ပြလိုက်မိတယ် ။ ဟိုတစ်နေ့ က လည်း မမထား က သူ ဖတ်ဖူးတဲ့ ဆရာတော်အရှင်ဆန္ဓာဓိက ရဲ့ တရားစာလေး တစ်ပုဒ် ကို ရွတ်ပြသား ။ ခုထိ နားထဲ စွဲနေပေမယ့် ၊ ကျင့်ဖို့ ခက်ခဲနေဆဲ ။ ဘာတဲ့ ... ကြခတ်ဝါးရုံ လို မကျင့်နဲ့ ၊ မျှစ်စို့ လို ကျင့် ၊ သမင်ချို လို မကျင့်နဲ့ ၊ ကြံ့ချို လို ကျင့် ကိုယ် အဖော် လည်း မငြိတွယ်နဲ့ ၊ စိတ် အဖော် လည်း မကပ်ငြိနဲ့တဲ့ ။ ကျွန်မ အိမ်ဘက် ကို ပြန်ဖို့ ခြေဦးလှည့်လိုက်တယ် ။
အဲ့ဒီ အချိန်မှာပဲ ကြားနေကျ မော်တော်သံ ကို ကြားလိုက်မိသလိုပဲ ။ မြစ်ဧရာ ရဲ့ နေဝင်ချိန်အလှ ကို နောက်ခံထားပြီး ကသာ ဆိပ်ကမ်း ကို ကပ်လာတဲ့ မော်တော်တစ်စီး ကို ဝိုးတဝါး လှမ်းမြင်လိုက်ရတယ် ဆိုရင်ပဲ အိမ် ဘက် လှည့်နေတဲ့ ကျွန်မ ရဲ့ ခြေလှမ်းတွေ နေရာမှာပဲ တုံ့ဆိုင်းသွားတယ် ။ လေအဝှေ့ မှာ ကျွန်မ ရဲ့ စိတ်တွေ က ဆံနွယ်တွေ နဲ့ အတူ တဖျပ်ဖျပ် လှုပ်ရှားသွားတယ် ။ တိုးတိုးလေး ကြားနေရတဲ့ ရေစီးသံသဲ့သဲ့ ဟာ ကျွန်မ နှလုံးသား ကို လှောင်ပြောင် နေသလိုပါပဲ ။ ဟုတ်ပါတယ်လေ … ကျီစယ်လှောင်ပြောင်နေသလိုပါပဲ ။ ။
⎕ စုသဲမွန်
📖ကလျာ မဂ္ဂဇင်း
၂ဝ၁၅ ၊ ဧပြီလ
No comments:
Post a Comment