❝ ချစ်ကြွေးကူညီ ဆပ်လိုသည် ❞
( မောင်လွင်မွန် - ကသာ )
ကျွန်တော် ကတော့ လုံးဝ မယုံဘူးဆရာ ၊ သူတို့တွေ ဘယ်တုန်းကမှ ကောင်းခဲ့တာမှ မဟုတ်တာ ၊ အခုမှ ချက်ချင်းကြီး ကောင်းသွားပါပြီ ဆိုတာ မဖြစ်နိုင်ပါဘူး ။ အစ်ကို ကတော့ သူတို့ ကို အခွင့်အရေး ပေးရမယ်တဲ့ ၊ စောင့်ကြည့်သင့်တယ် ပေါ့ဗျာ ။ ကျွန်တော် က တော့ ခံခဲ့ရတာလည်း များတော့ နည်းနည်းမှ မယုံနိုင်ဘူး ”
မောင်မော် က အခုလို ပြောတော့ အစ်ကို ဖြစ်သူ မောင်ပေါ် က လည်း ..
“ ငါလည်း ယုံလို့မှ မဟုတ်ဘဲကွာ ၊ ယုံစရာ အကြောင်းလည်း မရှိပါဘူး ။ ဒါပေမဲ့ သူတို့ ဘက်က ၊ အထူးသဖြင့် အဘိုးကြီး က ပျော့ပျောင်းနေတုန်း ကိုယ် က မရိုင်းချင်ဘူးကွာ ဒါပါပဲ ” ဟု ဆိုသည် ။
မောင်မော် နှင့် မောင်ပေါ် တို့ ပြောသမျှကို ကျွန်တော် နားထောင်ပြီး ချက်ချင်း တော့ ဘာမျှ ဝင်မပြောဖြစ်ပါ ။ တကယ်တော့ ကျွန်တော် က သူတို့ လို အဲဒီ အဘိုးကြီး ၏ အလုပ်သမား လည်း မဟုတ် ။ သို့သော် ကျွန်တော် လည်း ပြောမည်ဆို ပြောစရာ များစွာ ရှိပါသည် ။ ဘာတွေကို ဘယ်လောက် ပြောသင့်သလဲ ဆိုသည်ကို စဉ်းစားလိုက်တော့ .. ။
••••• ••••• •••••
အဘိုးကြီး ဟု သူတို့ ခေါ်နေကြသော ဦးပိုကာ မှာ သူတို့ အလုပ်လုပ်ရာ “ ဖိုးဝ ” ကလေး အထည်ချုပ်လုပ်ငန်း ပိုင်ရှင် ဖြစ်ပြီး သူ့ အစ်ကို ဦးဂျိုကာ ဦးစီးစဉ် ကတည်းက အလုပ်သမားများ ကို မဖြစ်စလောက် လုပ်ခနှင့် မတန်တဆ ခိုင်းရာမှာ နာမည်ကြီး ဖြစ်သည် ။ တကယ်တော့ သူတို့ အဖေ “ ဦးအရှု ” က ဖဲဝါသနာ ပါသည်မို့ သားနှစ်ယောက် ကို ဂျိုကာ နှင့် ပိုကာ ဟု မှည့်ရာ မှ အရပ် ကလည်း အလွယ်တကူ ယင်း နာမည် ကို ခေါ်နေကြတာ ဖြစ်ပြီး သူတို့မှာက ကျောင်းနာမည်များ လည်း သီးခြား ရှိကြသည် ။ တကယ်တော့ သူတို့ လုပ်ငန်းမှာ အထည်ချုပ်လုပ်ငန်း အဖြစ် ဆိုင်းဘုတ်တပ် ထားသော်လည်း ခြံကျယ်ကြီး ထဲ တန်းလျား ဆောက်ပြီး သာမန် အပ်ချုပ်စက်များ ၊ ဓားစက်များ သုံးပြီး အင်္ကျီချုပ်သည့် လုပ်ငန်း အကြီးစားသာ ဖြစ်သည် ။
ထူးခြားချက် က သူ့ စက်ရုံ မှာ ကျွမ်းကျင်လုပ်သားမျိုး ကို ခေါ်ခန့်လေ့ မရှိဘဲ သူ့ စက်ရုံတွင် လုပ်ကိုင် နေသူများထဲမှ သူ ယုံကြည်စိတ်ချရ သူတို့ ခေါ်ယူ ပေးသော ဆယ်ကျော်သက်ရွယ် မကျွမ်းကျင်သူများ ကို လုပ်ခ ဈေးပေါပေါ ဖြင့် ခန့်ကာ သူ့ လုပ်ငန်းတွင် လေ့ကျင့်သင်ကြားပေးတတ်သည် ။
စေတနာ နှင့် လုပ်ပေးမည် ဆိုလျှင် သူတို့ လုပ်ပုံက မဆိုးလှသော်လည်း သူတို့က လုပ်ခ ကို မတန်တဆ နှိမ်ပေးပြီး သူတို့ စက်ရုံတွင် အနည်းဆုံး ဆယ်နှစ် လုပ်ပေးဖို့ စာချုပ် ချုပ်လေ့ ရှိသည် ။ နယ် မှ တက်လာပြီး အလုပ်လက်မဲ့ပင်လယ် ထဲ နစ်မွန်းနေသည့် လူငယ်တို့ အတွက် သူ့ လုပ်ငန်းမှာ ကောက်ရိုးတစ်မျှင် ဖြစ်နေတတ်သည် ။
တကယ်တော့ ဦးဂျိုကာ နှင့် ဦးပိုကာ တို့ နှစ်ယောက်၏ အဘိုးက တရုတ်လူမျိုး ဖြစ်ပြီး မြန်မာသွေး သုံးမတ်သား ပါနေသော သူတို့ က တရုတ် ရုပ်ထက် တောင် ပေါ်သား ရုပ် ပို ပေါက်နေသည် ။ မဆလခေတ်ဦးပိုင်း တွင် သူတို့ လုပ်ငန်း မှာ မိသားစုလုပ်ငန်း ဖြစ်ပြီး လုပ်ငန်း သေးငယ်လှကာ ချောင် ထဲတွင် ဖွင့်လှစ် ထားသဖြင့် ပြည်သူပိုင် အသိမ်း မခံခဲ့ရ ။ နောက်ပိုင်း မှာ မှောင်ခို ပေါ်ပလင်များ ၊ တက်ထရွန်များ ဖြင့် ခပ်မှိန်မှိန် အသက်ဆက် ရင်း လုပ်ငန်း ကို ချဲ့ထွင် လာခဲ့သည် ။
ဦးဂျိုကာ က အလွန် ပါးနပ်ပြီး လျင်လှသူ ဖြစ်ရာ ကုန်သွယ်ရေး ပျက်ပြီး သမဝါယမ တစ်ခေတ် ပြန် ထွန်းကားချိန် တွင် သူ့ စက်ရုံမှာ လုပ်သားပိုင် သမဝါယမလုပ်ငန်း ဖြစ်လာခဲ့ပြီး သူ က သမဥက္ကဋ္ဌ အဖြစ် နေရာယူခဲ့သည် ။ ဒီက တစ်ဆင့် အလုပ်သမား အစည်းအရုံးခေတ် ရောက်တော့လည်း သူ ယုံကြည်သည့် လူယုံ ဝန်ထမ်းတစ်ဦး ကို ဥက္ကဋ္ဌ လုပ်စေပြီး ကြိုးကိုင် ခြယ်လှယ်ခဲ့သည် ။
သူ့ အဖေ လက်ထက် က ဆို ဦးဂျိုကာ က အလုပ်သမားများ ကို “ မင်းတို့ ဗမာတွေဟာ ” ဟု သုံးနှုန်းလေ့ ရှိရာ မှ ယင်းခေတ်ကာလ ကျတော့ “ တို့ ချီတက်ကြမယ့် မြန်မာ့ ဆိုရှယ်လစ် လောကကို ... ” ဟူသော မိန့်ခွန်းမျိုးတွေ ပြောလာခဲ့သည် ။ အဖေ့ လက်ထက် က ဘောင်းဘီပွပွ ဝတ်ခဲ့သော အနေအထားမှ ထို ခေတ်တွင် အလုပ်သမားများ အတွက် ဇင်ပြာ ကို ဘောင်းဘီ ချုပ် ဝတ်စေသလို သူ ကိုယ်တိုင် လည်း ဝတ်ခဲ့၏ ။
သို့သော် သူတို့ သမဝါယမစက်ရုံ မှာ အမြဲလို အရှုံး ပေါ်ပြီး သမအသင်းဝင် အလုပ်သမားများ မှာ မဖြစ်စလောက် လုပ်ခ အပြင် ခံစားခွင့် မရခဲ့ပေ ။ ဦးဂျိုကာ တို့ မိသားစု သာ ပိုပို ချမ်းသာလာ ခဲ့သည် ။ ချမ်းသာ ဖို့ ဆိုလျှင် ဦးဂျိုကာ တို့ က နည်းမျိုးစုံ သုံးတတ်ပုံ ကို လည်း ကျွန်တော် ငယ်ငယ်လေး ကတည်းက ကို တွေ့ကြုံခဲ့ဖူးပြီးဖြစ်သည် ။
ထိုအဖြစ် ကို ကျွန်တော် ဘယ်တော့မှ မမေ့နိုင် ။ ထိုစဉ်က ကျွန်တော်တို့ အိမ် မှာ ဦးဂျိုကာတို့ စက်ရုံ နှင် ကပ်လျက် အိမ်နီးချင်းများ ဖြစ်ခဲ့ကြသည် ။ ကျွန်တော့် အမေ တီဘီရောဂါ ဖြစ်တော့ ဆေးကုရန် အဖေ က အိမ်မြေကွက် ကို ဦးဂျိုကာ ထံတွင် ပေါင်ပြီး ဆေးကုရသည် ။ အဖေ ချေးသော ငွေ နှစ်ထောင် အတွက် ဦးဂျိုကာ က ငွေချေးစာချုပ် အပြင် အိမ်ရောင်းစာချုပ် တစ်ခု ကို ပါ ချုပ်စေခဲ့သည် ။ ထိုစဉ်က သူတို့ အဖေ ရှိသေးရာ ဦးဂျိုကာ က “ သူ က အဖေ ဆိုတော့ သူ လုပ်ချင်သလို ငါ က လုပ်ပေးရတာပါကွာ မင်း ကို ချေးတဲ့ငွေ ငါ က အတိုးတောင် ယူဖို့ စိတ်မကူးပါဘူး ၊ မင်းတို့ ဒုက္ခ ဖြစ်တဲ့ အချိန် ကူညီချင်တာပါ ”
ဟု ပြောသည် ကို အဖေ က အဟုတ် မှတ်ခဲ့သည် ။ ထိုစဉ်ကလည်း ငွေချေးစာချုပ်ချည်း ဆိုလျှင် တရားမဝင် သဖြင့် ငွေချေးပေးသူဘက် က နစ်နာနိုင်သော ကြောင့် အိမ်အရောင်းအဝယ် စာချုပ် ချုပ်ပေးခဲ့ခြင်း ဖြစ်သည် ။ သို့ပေမဲ့ နောင်တော့ အမေ ဆုံးပြီးချိန်မှာ အိမ်ရောင်း စာချုပ် ကို တကယ့် အရောင်းအဝယ်စာချုပ် လို တရားရုံး တင်ကာ ကျွန်တော်တို့ အိမ်ကို အပိုင်စီးရန် ကြိုးစားခဲ့သည် ။ အမေ့ ကိစ္စဖြင့် ဗျာများ နေသော အဖေ က ထိုအခါမှ ငွေချေးစာချုပ် အိမ်မှာ ပျောက်နေသည် ကို သိရသည် ။ ငွေချေးစာချုပ် ကို စာချုပ်သည့် နေ့မှာပင် အိမ်ရှေ့စားပွဲ အံဆွဲထဲ ထည့်ထားခဲ့ပြီး တစ်ခါမှ မသိမ်းဖြစ်ခဲ့ဟု အဖေ က ဆိုသည် ။ ထိုစဉ်က သူတို့ ညီအစ်ကို က အိမ်ကို ဝင်ထွက် နေရာ ငွေချေးစာချုပ် ကို ပြန်ယူ သွားခြင်းဖြစ်မည်ဟု နောက် စဉ်းစားမိကြရသည် ။
နောက်ဆုံးတော့ အိမ်ရောင်းခြင်း မဟုတ်ဘဲ အိမ်ပေါင်ခြင်းသာ ဖြစ်ကြောင်း သက်သေ မပြနိုင်သဖြင့် ကျွန်တော်တို့ ဘိုးဘွားပိုင် အိမ်မြေကွက် မှာ ထိုခေတ်က တစ်သောင်းခန့် တန်သည်ကို သုံးထောင် ဖြင့် လက်လွှတ်ဆုံးရှုံးခဲ့ရသည် ။ ကျွန်တော်တို့ လည်း အိမ်ပိုင် ဘ ဝမှ အိမ်ငှား သို့ လျှောကျကာ ယခု အချိန်ထိ အိမ်ပြန် မဝယ်နိုင်တော့ပေ ။ ပင်ပန်းတကြီး ရုန်းကန်ပြီး ဘဝ ရပ်တည်ခဲ့ရသော အဖေ လည်း ဆုံးပါးသွားခဲ့ပြီ ဖြစ်သည် ။
ထို့ပြင် ဦးဂျိုကာ လက်ထက် ကတည်းက အသက် မပြည့်သော ကလေးများ ကို
နယ်အသီးသီး မှ ရှာဖွေခေါ် လာပြီး အလုပ်သမား အဖြစ် ခိုင်းခြင်းဖြင့် လည်း စီးပွားရေး သောင်းကျန်းတတ်သေးသည် ။ အချို့သူတို့ အဆိုအရ ခိုးလာသော ကလေးများ ပင် ရှိပြီး သူတို့ ခြံထဲ ကျိတ်မွေးကာ အလုပ်ခိုင်းသည် ဟု ဆိုကြ၏ ။ ဦးဂျိုကာ ကတော့ မိဘမဲ့ကလေး တချို့ကို သူ ကျွေး မွေးပြုစုထားရကြောင်း ပြောလေ့ ရှိရာ ခိုးလာသောကလေး များ ဖြစ်မည် ဟု အများက ထင်မြင်ချက် ပေးကြသည် ။
ထို့နောက် တစ်ခေတ် ပြောင်းချိန် ရောက် ပြန်တော့ ဦးဂျိုကာစက် ရုံမှာ ကုမ္ပဏီ
ဖြစ်သွားခဲ့သည် ။ သို့သော် အလုပ်သမားများ မှာ ဒုံရင်း မဝရေစာ စားရသော ဘဝမှ
မလွတ်မြောက်ကြဘဲ ဦးဂျိုကာ တို့ ဆွေမျိုးများ ၊ တပည့်သားမြေးများ သာ ချမ်းသာခဲ့ကြသည် ။ ယခုအခါ ကျွန်တော်တို့ မိသားစုမြေ မှာ သူတို့ ကုမ္ပဏီဝင်း ထဲမှာ တစ်ဝင်းတည်းမြေ ဖြစ်သွားပြီး ကျွန်တော်တို့ အိမ်ကွက် ဖြစ်ခဲ့ဖူးသည် ဆိုသည်ကို နှောင်းလူ တို့ က မသိနိုင်တော့ပေ ။
သို့သော် တစ်နေ့တွင် ရပ်ကွက် ထဲ က သူတို့ အလုပ်သမား အဖြစ် လုပ်ကိုင်နေသည့် မောင်ဖုန်း က ဦးဂျိုကာ တို့ တိုက်သစ် ဆောက်ပြီး အိမ်ဟောင်း မှ ပြောင်းရာတွင် ပစ္စည်းများ သိမ်းကူရာ မှ ကျွန်တော် တို့ မိသားစု ၏ ငွေချေးစာချုပ် ကို ပြန် တွေ့ပြီး ကျွန်တော့် ထံ ယူလာခဲ့သည် ။ အကြောင်းစုံ မသိသော မောင်ဖုန်း က ...
“ အစ်ကိုတို့ ငွေချေး ထားတဲ့ စာချုပ်တွေ့လို့ ယူလာ ပေးတာ ၊ ငွေ ကတော့ ဆပ်ပြီးပြီ ထင်ပါတယ် ” ဆိုရာ ကျွန်တော် ကလည်း ဇာတ်ကြောင်းပြန် မလှန်ချင် သဖြင့် “ မင်း သိတဲ့ အတိုင်းပဲ ၊ သူတို့ ငွေများ မဆပ်ဘဲ နေလို့ရ မလားကွာ ” ဟု ပြောပြီး စာချုပ် ကို ယူထားခဲ့သည် ။ နောက်မှ စိတ်ကူး တစ်ခု ရသ ဖြင့် ယင်း စာချုပ် ကို ပြပြီး အိမ် မတရား အသိမ်းခံရသည့် ကိစ္စ ကို ပြန် တရားစွဲရန် ဖြစ်နိုင် ၊ မဖြစ်နိုင် ကို ရပ်ကွက် ထဲ မှ ရှေ့နေကြီး ဦးစိုးလှိုင် ထံ သွား တိုင်ပင်ခဲ့သည် ။
“ ကိုမင်းယု ရေ ခင်ဗျား ကိစ္စ က မလွယ်တော့ဘူးဗျ ၊ နှစ်တွေ သိပ် ကြာသွားတော့ ကာလစည်းကမ်းသတ် အရ ကို ဘာမှ လုပ်လို့ မရတော့ဘူး ။ ဆိုပါစို့ဗျာ ၊ ငွေလိမ်တာမျိုး ဆို သုံးနှစ် အတွင်းမှာ တရား စွဲမှ ဥပဒေ က ခွင့်ပြုတာလေ ။ အခုဟာ က ဘာမှ လုပ်လို့ မရဘူး ၊ အင်းလေ .. ဒါပေမဲ့ မတရား သဖြင့် ကိစ္စကြီး ဆိုတော့ တစ်ခုခုတော့ လုပ်ကြည့်ကြတာပေါ့ဗျာ ”
နောက်ဆုံးတွင် ဦးစိုးလှိုင် က တွေးတွေးဆဆဖြင့် ပြောလိုက်ပါသည် ။ ထိုနောက် မကြာလှမီ ဘယ်က ဘယ်လို သတင်း ပျံ့သွားသည် မသိ တီးတိုးတီးတိုး သဖန်းပိုး ဖြင့် ရပ်ကွက် ထဲ တွင် ကျွန်တော်တို့ မိသားစု ကို မတရား အနိုင်ကျင့်ပြီး မြေကွက် ရယူခဲ့ပုံ ကို လူတွေ စိတ်ဝင်တစား ပြောဆိုလာကြသည် ။ ဒါက ဦးစိုးလှိုင် လက်ချက် ဟုတ် မဟုတ်တော့ ကျွန်တော် လည်း မသိ ။ ဒါတင်မက မကြာမီ ကျွန်တော် တို့ က အထောက်အထား ခိုင်လုံစွာဖြင့် တရားစွဲတော့မည့် အကြောင်း ၊ ယခုအခါ ယခင် ခေတ် ကာလ က မတရားသဖြင့် ခံခဲ့ရသည့် ကိစ္စများ ကိုလည်း အထက် အဖွဲ့အစည်းများ အထိ တိုင်ခွင့် ရှိလာပြီ ဖြစ်ရာ တိုင်လိမ့်မည် ဖြစ်ကြောင်း စသည်ဖြင့် ... ။
ထို့ပြင် ယင်းကိစ္စ ကို ကုမ္ပဏီ နှင့် လူနာမည်များ မဖော်ပြဘဲ ထိုသို့ မတရား လုပ်ခဲ့ကြောင်း အင်တာနက် မှာ တင်ထားသည် ကို ဖတ်ရသည် ဟု ကျွန်တော် တစ်ဆင့် စကား ကြားရပါသည် ။ တချို့ ရင်းနှီးသူများ က တည့်တည့် မေးလာ သဖြင့် ကျွန်တော် က ဖြစ်ခဲ့တာတော့ မှန်ကြောင်း ၊ သို့သော် ကိုယ်တိုင် က နားမလည် သဖြင့် ရှေ့နေကြီး ဦးစိုးလှိုင် ကို သာ ပုံအပ်ထားကြောင်း ပြောပြလိုက်သည် ။ ဒီလို ကာလတွင် ဦးဂျိုကာ က လမ်းမှာ တွေ့လျှင် တောင် ကျွန်တော့် ကို မခေါ် တော့ ။ ကျွန်တော် က လည်း စပြီးတော့ မခေါ်လို ။ သူတို့ ကလည်း မတရား လုပ်ခဲ့သေး ။ ခုကျလည်း တောင်းပန်ရ ကောင်းမှန်း မသိ ၊ တင်း ချင်သေး ဆိုလျှင် ရှိပစေလေ ဟု ခပ်မာမာပဲ တွေးမိသည် ။
သို့ပေမဲ့ ရုတ်တရက် အပြောင်းအလဲ တစ်ခု ပေါ်လာသည် ။ ဦးဂျိုကာ ၏ မြေးကလေး ကိုယ်တိုင် မောင်းသော ကား နှင့် ကွန်တိန်နာကား တစ်စီး တိုက်မိပြီး သူ့ မြေးကလေး ပွဲချင်းပြီး သေဆုံးသွားကာ ဦးဂျိုကာ မှာ လည်း သေလုမြောပါးဖြင့် ဆေးရုံ တင်ထားရသည် ။ ဒီ နောက်တော့ ဦးဂျိုကာ တစ်ယောက် သတိ ပြန် မလည်နိုင်ဘဲ “ ကိုမာ ” ရလျက် မသေရုံ တစ်မည် ငွေ ဖြင့် စက်ပြီး စက် ဖြင့် အသက်ရှူ နေသော စက်ရုပ် လို လူအဖြစ် ဆေးရုံ ပေါ် မှာ ဆက်ရှိနေလေ၏ ။
ဖိုးဝ အထည်ချုပ် လုပ်ငန်းကြီး မှာ လည်း ညီဖြစ်သူ ဦးပိုကာ ၏ အုပ်ချုပ်မှု အောက် ရောက်သွားသည် ။ တစ်နေ့ တော့ ဦးပိုကာ နှင့် ကျွန်တော် လမ်းမှာ ဆုံတော့ ကျွန်တော် လည်း မကောင်းတတ် သဖြင့် ဦးဂျိုကာ ၏ ကျန်းမာရေး ကို သတင်း မေးရသည် ။ ဦးပိုကာ က သူ့ အစ်ကို မှာ မျှော်လင့်ချက် မရှိလှသော်လည်း အသက် ရှိနေသေးသရွေ့ ကုပေးရမည် မှာ သူ့ တာဝန်ပါ ပြောပြီး ကျွန်တော် နှင့် စကား ပြောစရာ ရှိ၍ နောက်နေ့ မနက် ခဏ လာပါရစေ ဟု ဆိုသည် ။
နောက်နေ့ မနက် မှာ တော့ ဦးပိုကာ ရောက်လာပြီး သူ့ ထံ မှ ထူးထူးဆန်းဆန်း စကား တစ်ခု ကြားရသည် ။ ယင်းမှာ ကျွန်တော်တို့ အိမ် ကိစ္စ ၊ သူ့ အဖေ နှင့် အစ်ကိုများ မတရား လုပ်ခဲ့သည့် အတွက် စိတ်မကောင်းကြောင်း ၊ ယင်း ကိစ္စ အတွက် ကျွန်တော်တို့ က တိုင်မည် ၊ တရားစွဲမည် ဆိုသော သတင်းများလည်း ကြားကြောင်း ၊ သူ့ အနေဖြင့် ယင်းကိစ္စ ကို ဥပဒေ နားလည်သူများ နှင့် တိုင်ပင်ကြည့်တော့ ပူစရာမလို ဟု ဆိုကြပေမဲ့ တကယ်တမ်း ရင်ဆိုင်ပြီး သူ နိုင်မည် ဆိုလျှင်ပင် သူ မတရား ထပ်လုပ်သလို မဖြစ်လိုကြောင်း စသဖြင့် ပြောပါသည် ။ ထို့ပြင် ...
“ တကယ်တော့ ဦး စိတ်ထဲ ရှိတဲ့ အတိုင်း ပြောရရင် မင်းတို့ က နစ်နာခဲ့တာ ။ အခု တရားတွေ ဘာတွေ စွဲ ၊ ရှေ့နေတွေ ဘာတွေ ငှား ရရင် ထပ် ကုန်မှာမျိုး လည်း မဖြစ်စေချင်ဘူး ။ ဒီလို မဖြစ်စေချင်လို့ နစ်နာတာ ကို လျော်ပေးရမယ် ဆိုရင်လည်း မင်းတို့ နစ်နာခဲ့ သလောက်လည်း လျော်လို့ မဖြစ်နိုင်ဘူး ဆိုတာ သိပါတယ် ”
ယခုအခါ သိန်းငါးရာ ခန့် တန်နေပြီ ဖြစ်သော ကျွန်တော်တို့ မြေကွက်တန်ဖိုး ကို ထားပါဦး ၊ စိတ်ဆင်းရဲစွာ ကွယ်လွန်သွားရသော အဖေ နှင့် တစ်သက်လုံး အိုးအိမ်မဲ့ ဆင်းရဲစွာ နေခဲ့ရသော ကျွန်တော်တို့ မိသားစု ကို သူ ဘယ်လို လျော်မလဲ ။ လျော်လို့ မဖြစ်နိုင်တာ ဆိုသည်က အမှန်ပင် ဖြစ်ပါသည် ။
“ အဲဒီတော့ အလျော်လို့ သဘော မထားပါနဲ့ ၊ နစ်နာကြေး လို့ လည်း မမြင်နဲ့ ၊ မင်း လက်ခံနိုင်မယ် ဆိုရင် နောက် တစ်နှစ် မပြည့်ခင် အတွင်းမှာ ကိုယ် မင်း ကို သိန်းနှစ်ရာပေးပါမယ့် ၊ အခုလောလောဆယ် တော့ သည်းခံပြီး နေပေးပါ ။ ကိုယ့် လုပ်ငန်း က လည်း ကျ နေတယ် ၊ အစ်ကိုကြီး အတွက် ကုန်ရတာ ကလည်း သိပ်များ တယ်လေ ၊ ဒါပေမဲ့ ကိုယ် က တချို့ အတွင်း ပစ္စည်းလေးတွေရယ် ၊ ဝယ်ထားတဲ့ မြေကွက် တချို့ရယ် ရောင်းဖို့ စိတ်ကူးထားတယ် ။ ကိုယ့် မှာ အစ်ကို့သားသမီး တူ ၊ တူမ တွေ ကိုလည်း နားချရဦးမယ် ဆိုတော့ အချိန် နည်းနည်း လိုတာပါ ၊ အဲဒါလေး သည်းခံ စောင့်ပေးပါ ၊ ကိုယ် ပြောတာလည်း သဘောတူ ပေးပါလို့ တောင်းပန်ချင်တာပါ ”
ဦးပိုကာ က သူ့ အစ်ကို ထက် စာလျှင် အပြောချိုသည် ဟု အစ ကတည်းက ကြားဖူးခဲ့ပြီးသား ဖြစ်သည် ။ ပြီးတော့ သူ့ အစ်ကို နှင့် မတူဘဲ ပါးစပ် ချိုပေမဲ့ သူ က ကတိ မတည်တတ်သူ ဟု လည်း ယူဆသူတွေ ရှိသည် ။ သူ ကတိပျက် ဖူးသည့် ကိစ္စကြီး တစ်ရပ် ရှိခဲ့ဖူးတာ ကိုလည်း ကျွန်တော် က မှတ်မိနေသည် ။
ကျွန်တော် ငယ်ငယ်က အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးသည် ။ သူ့ နာမည် က မင်းကို ။ မင်းကို နှင့် မင်းယု မင်းနှစ်မင်း အတွဲ ဟု ပြောစရာ ဖြစ်လောက်အောင် ကျွန်တော်တို့ ခင်ခဲ့ကြသည် ။ မင်းကို မှာ ကျွန်တော် တို့ က မမနု ဟုခေါ်သော အဒေါ်ချောလေး တစ်ယောက်ရှိသည် ။ အဒေါ် က အသက်ငယ်နေသ ဖြင့် မင်းကို က မမနု ခေါ်သည်ကို ကျွန်တော် က လည်း လိုက်ခေါ်ခဲ့တာ ဖြစ်သည် ။ မမနု က ကျောင်းနေဖက် ကိုသိန်းငွေ နှင့် သမီးရည်းစား ဖြစ် ပြီး သူတို့ အကြောင်း တစ်ရပ်ကွက်လုံး သိသည် ။ ကျွန်တော်တို့ ကလည်း သူတို့ ကို လိုက်ဖက်သည့် စုံတွဲ အဖြစ် သဘောတူ ကြသည် ။
သို့သော် ကိုသိန်းငွေ က မမနု ကို သစ္စာဖောက်ကာ မိဘ သဘောတူသူ နှင့် လက်ထပ်သွားခဲ့သည် ။ မမနု မှာ အသည်းကွဲဒဏ် အပြင် အရှက်ကြီး ရှက်ကာ ကျွန်တော်တို့ ရပ်ကွက် ထဲ မှ မိသားစု လိုက် ပြောင်းရွေ့ သွားခဲ့ သည် ။ ကျွန်တော် က မင်းကို နှင့် အဆက်မပြတ် သော်လည်း အလှမ်းတော့ ဝေးသွားခဲ့သည် ။ အဲဒီ ကတည်းက အစ်မချင်း စာနာစိတ်ဖြင့် ကိုသိန်းငွေ ကို ကျွန်တော် အမုန်းကြီး မုန်းခဲ့ဖူး၏ ။
ထို ကိုသိန်းငွေ ဆိုသူမှာ ကျွန်တော်တို့ က ယင်း ကျောင်းနာမည် ကို အခေါ်များခဲ့ပေမဲ့ ရပ်ကွက်ထဲက အိမ်နာမည်ဖြင့် အသိများကြသော “ ကိုပိုကာ ” ၊ ယခုတော့ စက်ရုံ ပိုင်ရှင်ကြီး ဦးပိုကာ ဖြစ်လေသည် ။ ( ဆေးရုံ ပေါ်တွင် ပက်လက် ဖြစ်နေသော ဦးဂျိုကာ ၏ ကျောင်းနာမည် က ဦးသိန်းရွှေ ဖြစ်၏ ။ ) ဒါ့ကြောင့် ကျွန်တော် က ဦးပိုကာ ခေါ် ဦးသိန်းငွေ သည် အပြော ချို ပြီး ကတိပျက်လွယ်သူ ဟု စိတ်ထဲ စွဲမှတ်ထားတာ ဖြစ်သည် ။
အခုလည်း ကျွန်တော့် ကို အချိုသတ်တာ ဖြစ်ဖို့ များသည် ။ သို့သော် ကျွန်တော် လည်း ငယ်ငယ်က စိတ်မျိုး မဟုတ်တော့သည်မို့ ရန်လို စကားမျိုးလည်း မပြောချင်တော့ပါ ။
“ အမှန်အတိုင်း ပြောရရင်တော့ အလျော် ရဖို့ထက် အမှန်တရားကို အများသိ အောင် တတ်စွမ်းနိုင်သလောက် လုပ်မယ်လို့ ဆုံးဖြတ်တာပါ ။ ဒါပေမဲ့ ဦးပိုကာ က လူကြီးတန်မဲ့ လာ တောင်းပန်တာ ကို ကျွန်တော် က မရိုင်းသင့်ဘူး ထင်ပါတယ် ။ တစ်နှစ် ဆိုတာကတော့ နည်းနည်း များလို့ ခြောက်လလောက် ဆို ပိုကောင်းပါမယ် ” ဟု သာ ပြောလိုက်သည် ။ သူ က အားရဝမ်းသာ ...
“ အေးပါကွာ ၊ မင်း အခုလို ကိုယ့် ကို ယုံကြည်ပေး တာကိုပဲ ကျေးဇူးတင်ပါပြီ ။ ခြောက်လ အတွင်း အတိုင်းအတာ တစ်ခုထိ ဖြစ်အောင် ကြိုးစား ပေးမယ် ” ဟု ဆိုခဲ့သည် ။
သည်အတောအတွင်း စက်ရုံ ၊ အလုပ်ရုံများ တွင် အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ခဲ့ရာ သူ့ စက်ရုံ တွင် လည်း လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့၏ ။ သူ က သူ့ အလုပ်သမား ထဲမှ ထက်ထက်မြက်မြက် ရှိပြီး အများက ယုံကြည်သည့် ကိုပေါ် နှင့် ကိုမော် တို့ နှစ်ဦး ကို ခေါ်ပြီး ညှိနှိုင်းပြန်သည် ဟု ဆိုပါသည် ။ သူ့ စက်ရုံမှာ ပြည်တွင်းဈေးကွက် လည်း ကျ ၊ ပြည်ပ အော်ဒါချုပ်ထည်များလည်း သိပ်မရ သဖြင့် အခက်အခဲ ရှိကြောင်း ၊ သို့သော် စက်ရုံ လည်နေသမျှ အလုပ်သမား ကိစ္စ ကို အများနည်းတူ တာဝန်ယူရမည် မို့ လစာ ကို နောက် ခြောက်လခန့် အတွင်း တိုးပေးပါမည် ။ အခုလောလောဆယ် ရက်မှန်ကြေး ၊ အချိန်ပိုလုပ်ခ စသည် တို့ တိုးပေးရုံဖြင့် သည်းခံပါ ၊ ဆန္ဒပြတာတို့ ဘာတို့လည်း မလုပ်ဖို့ အလုပ်သမားများ ကို မေတ္တာ ရပ်ခံပေးပါ စသဖြင့် ညှိနှိုင်းသည်ဟု ဆိုပါသည် ။
ကိုပေါ် တို့ ညီအစ်ကို ကရော ၊ အလုပ်သမားတွေ က ပါ သူ့ ကို မယုံကြ ။ ယုံချင်စရာ လည်း မရှိ ။ ကျွန်တော့် ကို လာ ပြောစဉ် ကလည်း ယုံလို့ လက်ခံလိုက်တာ မဟုတ် ။ မူလ ကတည်းက တရား စွဲဖို့ ရည်ရွယ်ရင်း မရှိသည် မို့ သာ လက်ခံလိုက်တာမျိုး ဖြစ်သည် ။
သို့သော် ကျွန်တော့် ကိစ္စ မှာ ထူးခြားတာ တချို့ တော့ တွေ့ရသည် ။ ရှေ့နေဦးစိုးလှိုင် အပြော အရ ဦးပေါ်ကာ ၏ ရှေ့နေ က တရားစွဲ လည်း သူတို့ ဘဲ နိုင်မည်မို့ ပူစရာမရှိပါ ဟု ပြောသည်ကို ဦးပေါ်ကာ လက်မခံခဲ့ ဆိုသည်မှာ အမှန် ဟု ဆိုသည် ။ “ တရားရုံး က ကိုယ် မှန်တယ်လို့ ဆုံးဖြတ်ပေ မဲ့ ကိုယ်က ကိုယ် မှားတာ ကိုယ် သိနေတော့ ဘယ့်နှယ် လုပ်မလဲကွ ” ဟု ပြောသည် ဟု ဆိုသည် ။ ဒါကြောင့် တရား ရင်မဆိုင်ဘဲ ကျွန်တော့် ကို လာ ညှိခြင်း ဖြစ်ကြောင်း သိရတော့ နည်းနည်းတော့ ပို စိတ်ဝင်စားစရာ ဖြစ်လာသည် ။
ထိုအချိန်တွင် ကျွန်တော့် ကို ချိန်းထားသော ခြောက်လ ကလည်း နီးလာပြီ ဖြစ်သည် ။ သို့သော် ခြောက်လ မပြည့်မီပင် ဦးပေါ်ကာ အိမ် ကို ထပ် ရောက်လာခဲ့သည် ။
“ ကိုမင်းယု ကို ဦး က စကား အရှည်သဖြင့် လည်း နိဒါန်းပျိုး ပြောမနေချင်ပါဘူး ၊ တိုတို ပြောရရင် ထပ်တောင်း ပန်ဖို့ လာခဲ့ရတာပါပဲ ”
အစကတည်းက မယုံခဲ့တာပေမဲ့ ဒီလို စကား ကြားရ တော့မှ စိတ်တို သွားသည် ။ သို့ပေမဲ့ ကျွန်တော် ဘာမှ မပြောနိုင်သေးခင် ဦးပိုကာ က ...
“ ကိုမင်းယု စိတ်ဆိုး သွားမယ် ဆိုတာ ကိုယ် သိပါ တယ် ၊ ဒါပေမဲ့ ကိုယ် ပြောတာ ဆုံးအောင် နားထောင်ပါဦး ၊ ကိုယ့် အစ်ကိုကြီး တွက် အကုန်အကျတွေ များပြီး စက်ရုံဝင်ငွေ လည်း ကျနေပေမဲ့ ကိုမင်းယု ကို ကတိပေးထားတဲ့ ငွေ ထဲ က သိန်းတစ်ရာ ကို မဖြစ်မနေ ပေးဖို့ ပြင်ဆင်ထားခဲ့ပါတယ် ”
“ ဒါပေမဲ့ အခုတော့ ဦးပိုကာ ပါမလာဘူး မဟုတ်လား ”
ကျွန်တော့် အသံ က ဒေါသ ဖြင့် သိသိသာသာ မာသွားသည် ။
"ဟုတ်တယ် ၊ ဒါပေမဲ့ ကိုယ် ပြောတာ ဆုံးအောင် နားထောင်ပါဦး ၊ ကိုယ် ဒီ
သိန်းတစ်ရာ ကို မူလ အစီအစဉ် အတိုင်း ပစ္စည်း တချို့ ရောင်းဖို့ ကိစ္စ အဆင်မပြေသေးဘဲ ကို ရှာထားတာပါ ၊ ဒါပေမဲ့ မမျှော်လင့်တာ တစ်ခု ဖြစ်လာတာ က နုနု အဖေကြီး အသည်းအသန် ဖြစ်နေတာ ကို ကိုယ် မနေ့ က မှသိတယ် ၊ ဒီတော့ ကိုယ် တစ်ညလုံး အိပ်မပျော်နိုင်ဘဲ စဉ်းစား ပြီးမှ ဒီ ငွေ ကို သူတို့ ကို ပေးလိုက်ဖို့ စဉ်းစားလိုက်တယ် ”
နုနု ဟု သူ ပြောမှ မမနု တို့ အဖေ နေမကောင်းသည့် ကိစ္စ ကို ကျွန်တော် ပြန် သတိ ရ၏ ။ ကျွန်တော့် သူငယ်ချင်း ရဲ့ အဘိုး မို့ အရိုးတီဘီရောဂါ ဖြင့် နာတာရှည် ဖြစ်ပြီး အိပ်ရာ ထဲ လဲ နေသည်ကို ကြားထားခဲ့ပြီးသား ဖြစ်သည် ။ သို့သော် စိတ်ထဲကတော့ ဒီ လူကြီး ဘာတွေ လာ လိမ်ဦးမလို့လဲ မသိ ဟု တွေးမိသည် ။
“ တကယ်တော့ နုနု ဘဝ မှာ အခုလို ဆင်းဆင်းရဲရဲ ရုန်းကန်နေရတာဟာ ကိုယ် သစ္စာ မရှိခဲ့လို့ ဖြစ်ရတာပါ ။ နုနု အဖေ ဖြစ်တာက အရိုးတီဘီ လို့ ပြောတယ် ၊ ကုလို့ ရတဲ့ ဟာလား ၊ မရတဲ့ ဟာလား တော့ ကိုယ် မသိဘူး ၊ ဒါပေမဲ့ မင်း အမေ လည်း တီဘီ နဲ့ ဆုံးခဲ့တာပဲ ။ ခေတ်ချင်း က မတူဘူး မဟုတ်လား ။ အခု ခေတ် မှာ အကုန် ခံပြီး အသေအချာ ကု ရင် မပျောက်စရာ မရှိဘူး လို့ ကိုယ် က ထင်တာပဲ ၊ ငွေ မရှိလို့ မကုနိုင်တာ ထင်လို့ ငါ တော်တော် စိတ် မကောင်းဘူး ၊ အမှန်တော့ ကိုယ် ပေးချင်တဲ့ ငွေ ကို ကိုမင်းယု ကို ပေးဖို့ဟာ နဲ့ ပေးလိုက်တယ် ဆိုတာ သိပ်တော့ သဘာဝ မကျဘူးပေါ့ ။ ဒါပေမဲ့ ကိုယ့် မှာ ရွေးစရာ မရှိလို့ပါ ၊ ဒါနဲ့ ကိုမင်းယု စိတ်ဆိုး လို့ ဆဲဆဲဆိုဆို ငါ ခံမယ်ဆိုပြီး အဲဒီ သိန်းတစ်ရာ ကို သူတို့ ဆရာဝန် ဒေါက်တာ ဌေးမောင် က တစ်ဆင့် အလှူ သဘော နဲ့ ပေးလိုက် တယ် ”
“ ဦးပေါ်ကာ နာမည် နဲ့ ပေးလိုက်တာလား ”
ဒေါသ ထွက်ဖို့ပင် သတိ မရဘဲ ကျွန်တော့် လေသံ ပြန် ပျော့သွားသည် ။
“ ဘယ်လို လုပ် ကိုယ့် နာမည် နဲ့ ပေးရဲမှာလဲကွာ ၊ ကိုယ့် ဆီ က ဆို မယူတဲ့ အပြင် အနာဟောင်း သွား ဆွ သလို ဖြစ်နေမှာပေါ့ ၊ စေတနာရှင် တစ်ယောက် က အမည်မဖော် ဘဲ လှူတဲ့ သဘောနဲ့ ဆေးကုစရိတ် ပေးခဲ့ရတာ ၊ အေး ကိုမင်းယု ကိုယ့် ကို စိတ်ဆိုးရင် ပြောချင်သလို ပြောပါ ၊ အဲဒီ အကြောင်းလေးတော့ ဘယ်သူ့ မှ မပြောပါနဲ့ကွာ ၊ နုနု သိရင် အဲဒီ ငွေကို လက်ခံမှာ မဟုတ်လို့ပါ ”
ဆွေးဆွေးမြည့်မြည့် ပြန် ပြောနေသော ဦးပေါ်ကာ က မယုံသင်္ကာ မပြယ်သော ကျွန်တော့် မျက်နှာ ကို သတိထားမိပုံ မပေါ်ဘဲ ...
“ တကယ်တော့ နုနု ကို ကိုယ် တကယ် လက်ထပ်ဖို့ ရည်ရွယ်ခဲ့တာပါ ၊ ထုံးစံအတိုင်း ကိုယ့် အမေ ရဲ့ နှလုံးရောဂါ နဲ့ ခြောက်တော့ ကိုယ် မလွန်ဆန်နိုင်ဘဲ သူတို့ သဘောတူတဲ့ သူ ယူခဲ့ရတာ ပါကွာ ။ ဒီ အကြွေးက ဆပ်လို့ ကျေမှာ မဟုတ်ပေမဲ့ အခုလို အချိန်မျိုး မှာ ကိုယ် ဒီလို ဆုံးဖြတ်မိတာကို နားလည်ပေးပါ ကိုမင်းယု ရယ် ၊ မင်း ကို ပေးမယ့် ဟာကို နောက် ခြောက်လ အတွင်း မပျက်မကွက် ပေးပါမယ်ကွာ ”
မူလ ကတည်းက ယုံကြည်မျှော်လင့်ထားသည့် ငွေ မဟုတ်သဖြင့် ကျွန်တော် အလွယ်တကူ ခေါင်းညိတ်ပေးလိုက်ပေမဲ့ ချက်ချင်း လို မမနုတို့ အိမ် ကို သွား စုံစမ်းဖြစ်သည် ။ မမနု က အကြောင်းစုံ မသိရှာဘဲ စေတနာရှင် တစ်ဦး ၏ အလှူငွေ ဖြင့် သူ့ အဖေ ဆေးကုဖို့ အဆင်ပြေ သွားကြောင်း ဝမ်းသာအားရ ပြောပြခဲ့သည် ။
“ အဖေ က ရုတ်တရက် ကံဇာတာ တက်သွားတယ် ပြောရမယ် ငါ့မောင် ရဲ့ ၊ အစ်မ တို့မောင်နှမတွေ နဲ့ တူဝရီး တစ်တွေ ဘာဆက် လုပ်ရမှန်း မသိဘဲ ခေါင်းချင်းရိုက် နေတုန်း အဲဒီ စေတနာရှင် ရဲ့ အလှူငွေ ဆိုတဲ့ဟာ ကို ရလိုက်တာ တကယ် အိပ်မက် မက်သလို ပါပဲဟယ် ။ ဆရာ့ ကို ဘယ်သူကများ ဒီလောက် အများကြီး လှူတာလဲ ဆရာ ၊ သူဌေးလား လို့ မေးတော့ အင်း ချမ်းတော့ ချမ်းသာပါတယ် တဲ့ ။ ဒါပေမဲ့ အထည်ကြီးပျက် ဆို ပိုမှန်မယ်တဲ့ ။ ဘာကြောင့် ဆိုတော့ သူ့ မှာ လည်း အဲဒီလောက် ငွေပိုငွေလျှံ ရှိပုံ မပေါ်ဘူးတဲ့ ။ အတော် ထူးဆန်းတယ်ဟဲ့ ။ ငါ က ဆရာရယ် ... ထူးဆန်းလိုက်တာလို့ ပြောတော့ ဟုတ်တယ်တဲ့ ။ ဒါပေမဲ့ အလှူရှင် ဆန္ဒ အတိုင်း အသေးစိတ်တော့ သူ ပြောလို့ မဖြစ်ဘူးတဲ့ ။ ပြီးတော့ ဆရာ က ထူးထူးဆန်းဆန်း ပြောသေးတယ် ။ ဝမ်းမြောက်ဝမ်းသာ သာ သုံးလိုက်ပါဗျာ ၊ အစ်မတို့ ကို ကြွေး ဆပ်စရာ ရှိလို့ လှူတာလို့ ပြောတာပဲ လို့ လုပ်သေးတာ ။ နင် သိတဲ့ အတိုင်း ငါတို့ က ဒီလောက် ငွေ အများကြီး ဘယ်သူ့ ကို ချေးပေးဖူးမှာမို့ ကြွေး ရှိရမှာလဲ ၊ ဆရာ က တို့ကို သက်သက် နောက် နေတာ ” ဟု ပင် ပြောရှာသည် ။
ဪ ... မမနု ခမျာ ဒီ ငွေ ထက်မက အဖိုးတန်သော သူ့ နှလုံးသားကြွေး သူ့ချစ်သူ ပြန်ဆပ်ခဲ့ခြင်း ဖြစ်သည် ကို မသိရှာ ။ ဘာပဲ ဖြစ်ဖြစ် အကြောင်းစုံ သိလိုက်ရ၍ ဦးပေါ်ကာ လိမ်တာ မဟုတ်ကြောင်း သိရသည် ။ အင်း ... ဦးပေါ်ကာ ကတော့ နားလည်ရ ခက်သူ တစ်ဦး ဖြစ်လာပြီ ဟု ဆိုရမည် ။
တစ်ဖက်တွင် လည်း ကိုမော် နှင့် ကိုပေါ် တို့ ကို ပြန် ခေါ်ပြီး လောလောဆယ် အလုပ်သမားများ ကို လက်ရှိ နေ့စားခ မှ ငါးရာစီ တိုးပေးမည် ဖြစ်ပြီး နောင် သုံးလေးလ မှ အများဆုံး ခြောက်လ အတွင်း အလုပ်သမားများ ကျေနပ်လောက်သော နေ့တွက်စရိတ် ရပါစေမည် ဟု ဆိုပြန်သည်တဲ့ ။ သူ့ အစ်ကို ၏ ကျန်းမာရေး အပါအဝင် ထောက်ထားစရာတွေ ရှိနေ သည့် အပြင် ... ။
“ တကယ်တော့ ကိုယ် တစ်ဦးတည်း သဘော ဆိုရင် မင်းတို့ ကို ဖြစ်သင့်တဲ့ အတိုင်း လုပ်ပေးလိုက်မှာပါ ။ ဒါပေမဲ့ ကိုယ် ဦးစီးတာ မကြာသေးတဲ့ ကာလ မှာ အစ်ကိုကြီး ရဲ့ သားသမီးတွေ ကို သူတို့ အဖေ ပက်လက် ဖြစ်နေချိန် ငါ က လုပ်ချင်ရာ လုပ်နေတယ် လို့ မထင်အောင် လည်း ပြောနေ ဆိုနေရသေးတယ် ။ ပြီးတော့ မင်းတို့ ပေးနိုင်အောင် ဆို လုပ်ငန်း ကို ပို ကောင်းအောင် ချဲ့ မယ် ။ မင်းတို့ သိတဲ့ အတိုင်း စက်ပစ္စည်း တချို့ ပိုခေတ်မီ တာတွေနဲ့ လဲဖို့လည်း ရှိတယ် ။ ဒါတွေအတွက် အရင်းအနှီး ထပ် ထည့်ဖို့ လိုမှာမို့ မြေကွက် နဲ့ အတွင်း ပစ္စည်းတချို့ ရောင်းကြစို့လို့ သူတို့ကို နားချနေရတယ် ။ သိတဲ့အတိုင်း သူတို့ ကလည်း လူအမျိုးမျိုး စိတ်အထွေ လေ ။ ဒါပေမဲ့ အဆင်ပြေတော့မယ့်ပုံ ပေါ်ပါတယ် ။ ကိုယ့် ကို အချိန်နည်းနည်း ပေးပါ ” ဟု ဆိုလာတော့ -
မူလက စိတ်နူးညံ့ သူ ကိုပေါ် က အလုပ်သမား ကျေနပ်အောင် ညှိပေးမည် ကတိသာ တည်ပါစေ ဟု ပြောလိုက်ခြင်းဖြစ်ရာ ဒါကို ကိုမော် က မကျေမနပ်ဖြင့် ကျွန်တော့် ဆီ သူ့ အစ်ကို ပါ ခေါ်ပြီး ရင်လာဖွင့် နေတာ ဖြစ် ၏ ။ ပထမ တော့ ကျွန်တော် လည်း ဘာမှ ဝင် မပြောဖြစ် ။ တကယ်တော့ ဘာ ပြောသင့်သည် ဆိုတာနှင့် ထိုသို့ ပြောလိုက်လျှင်လည်း မှန် မမှန်ကို ကိုယ့် ဘာသာ မသေချာသော ကြောင့် ဖြစ်ပါသည် ။ ဒါပေမဲ့ ကိုယ် က လူကြီး ဆိုတော့ မှန်သည် ထင်သည့် ဘက် မှ ဝင် ပြောဖို့ တာဝန် ရှိသည် ဟု လည်း တွေးလိုက်သည် ။
“ အေးပါကွာ ၊ ကိုမော် ပြောတာက သဘာဝ ကျပါတယ် ။ တောင်ထိပ် ကြာ ပေါက် အနောက် နေထွက် ဆိုတာလို ဒီလို လူတွေ က လူကြီးလူကောင်း လို စဉ်းစားလုပ်ကိုင်ပါမယ် ဆိုတာ ဘယ် ယုံစရာ ရှိမလဲ ။ ကိုယ် က မယုံတာကို သဘောတူတယ် ၊ ကိုယ် ဆိုလည်း ယုံမှာ မဟုတ် ဘူး ။ မင်းတို့တွေ က သူတို့ အလုပ်သမား အဖြစ် တစ်သက်လုံး တနုံ့နုံ့ တွေး ခံစားရမှာတွေ ရှိသလို ကိုယ် ဆိုလည်း နာစရာတွေ ရှိပါတယ် ။ ဥပမာ ကိုယ့် အိမ် ကို သူတို့ မတရား လိမ်ယူခဲ့တာမျိုးလိုပေါ့ ”
“ ဟာ ဟုတ်တယ် ဆရာ ၊ အဲဒါ ရပ်ကွက် ထဲမှာတော့ ပြောနေကြတာ ၊ သက်ကြီး ရွယ်ကြီးတွေ ကလည်း ဆရာ တို့ မြေ ဆိုတာ ဟုတ်တယ်တဲ့ ၊ ဒါပေမဲ့ သူတို့ ကို ရောင်းလိုက်တာ လို့ပဲ သူတို့ က သိထား ကြတာတဲ့ ”
“ အေးလေ ၊ ကိုယ်တို့ က လည်း လက်ဆုပ်လက်ကိုင် ပြစရာ မရှိတော့ ဘယ်သူ မှ ရှင်းမပြရဲဘဲ အောင့်ခံရတာပေါ့ ၊ အမှန်တော့ ... ”
ဒီလိုဖြင့် သူတို့ နှစ်ယောက် ကို ကျွန်တော်တို့ မိသားစု မတရား ခံခဲ့ရပြီး အိမ်တစ်လုံး ဆုံးသွားခဲ့ပုံ ကို ဇာတ်ကြောင်း ပြန်ပြဖြစ်ခဲ့သည် ။ ကျွန်တော့် စကားဆုံးတော့ ကိုမော် က ...
“ အံ့သြစရာ ကောင်းလိုက်တာနော် ဆရာ ၊ တစ်ရပ်ကွက်တည်းသားတွေ ကို လုပ် ရက်လိုက်တာ ” ဟု ဆိုသည် ။
“ ပြီးတော့ အခုဆို လူတွေ ကလည်း ပြောကုန်ကြ ၊ သိကုန်ကြပြီ ။ ဆရာ က တရားစွဲရင် သူတို့ အရှက် ထပ်ကွဲဦးမယ် ၊ သူတို့ ဆရာ့ ကို ဘာမှ လာမညှိဘူးလား ”
ဒီတော့ တကယ် တရား စွဲလျှင် သူတို့ဘက် ကပဲ အလေးသာပုံ နှင့် ဒါပေမဲ့ နောက်ဆုံးမှာ ထူးဆန်းစွာ ဦးပေါ်ကာ က ကျွန်တော့် ကို ငွေပမာဏ သိန်း ရာဂဏန်း ပေးပြီး ကျေအေးစေလိုသည့် သဘောရှိပုံ ကို ပြောပြလိုက်ပါသည် ။
“ ဒါပေမဲ့ အခုတော့ မဖြစ်သေးဘူးတဲ့ ၊ ပစ္စည်းတွေ ဘာတွေ ရောင်းရဦးမှာမို့ ခြောက်လလောက်တော့ အချိန် ပေးပါတဲ့ ”
ကျွန်တော်က မမနု ဇာတ်လမ်း ကို ထည့် မပြောလိုသဖြင့် ပထမခြောက်လ ကတိပျက်ခဲ့ပုံ ကို မပြောပြလိုက်ပါ ။ သို့သော် ကိုမော် က ..
“ ဆရာ က ဒီ လူကြီး ကို ယုံလို့လား ၊ အချိုသတ် နေတာ ဖြစ်မှာပါဆရာ ၊ အတူတူပဲလေ ။ ကျွန်တော်တို့ ကို လည်း ခြောက်လ အချိန် ပေးပါတဲ့ ။ ဒီအတောအတွင်း သူ ဘာလုပ်မလဲ ၊ သူတို့ က အမြဲ ညစ်လာ တဲ့ လူတွေ ဆိုတော့ ကိုယ့်စိတ် နဲ့ နှိုင်းပြီး ယုံစားရင် မှားမှာနော် ဆရာ ။ ကျွန်တော် တော့ မယုံဘူး ။ ကျွန်တော်တို့ ကို အချိုသတ် ထားပြီး ဒီ ခြောက်လ အတွင်း သူတို့ လုပ်ငန်း ကို တခြားသူ ကို ရောင်းချင် ရောင်းမယ် ၊ ဒါမှမဟုတ် ဒေဝါလီ ခံချင်ခံမယ် ၊ ဒါမှမဟုတ် စက်ရုံ ကို လက်လွှဲ ရောင်းပြီး မိသားတစ်စုလုံး နိုင်ငံခြား ထွက်ပြေးချင် ပြေးမယ် ။ လုပ်လို့ ရတာတွေက အများကြီး ဆရာရဲ့ ။ ကျွန်တော် ကတော့ လုံးဝ မယုံဘူး ”
ကိုမော် အားပါးတရ ပြောတာတွေ အားလုံးက ဖြစ်နိုင်တာတွေချည်း မို့ ကျွန်တော် ပြိုင် ငြင်းစရာ အကြောင်း မရှိပါ ။ သို့သော် ..
“ ဟုတ်ပါတယ် ကိုမော် ၊ ဘယ်လိုတွေးတွေး ယုံချင်စရာ မရှိပါဘူး ။ ဒါဆို ငါတို့ ဘာလုပ်ကြမလဲ ။ မနက်ဖြန် ကိုယ် က တရားသွား စွဲရမှာလား ၊ မင်းတို့ က ဆန္ဒ စပြ တော့မှာလား ၊ နောက် ခြောက်လ မှာမှ မင်း ပြောသလို ဖြစ်ရင် တောင် ကိုယ်ကသာ ဆုံးရှုံးမှာ ၊ မင်းတို့ က ပိုင်ရှင်သစ် ဆီ မှာ အရေးဆိုရုံပါပဲ ။ ဟုတ်တယ်မဟုတ်လား ။ နောက် မကျပါဘူး ။ ဒါဆို သူတို့ကို .. သူတို့ကို ဆိုတာထက် သူ့ ကို ပေါ့ကွာ အချိ န်မပေးလိုက် သင့်ဘူးလား ၊ ဒီလို စဉ်းစားရအောင် ။ အမှန်တော့ သူ့ ကို ယုံကြည်နိုင်စရာ မရှိပေမဲ့ ယုံမယ် ဆိုလည်း ယုံနိုင်လောက် ပါတယ်လို့ ဆိုနိုင်တဲ့ အချက် တချို့ ဆရာ့ ဆီ မှာ ရှိတယ် ။ ဒါပေမဲ့ လူတချို့ရဲ့ ဂုဏ်သိက္ခာကြောင့် ဆရာ က မင်းတို့ ကို အဲဒီ အကြောင်း ပြောလို့ မဖြစ်ဘူး ။ ဒီတော့ ဆရာ က စဉ်းစားတယ် ၊ ဆရာ့ မှာ မင်းတို့ ကို ပြောလို့ မဖြစ်တာ ရှိသလို ၊ သူ့ မှာလည်း ဆရာတို့ ကို ပြောရခက်တာတွေ ရှိနိုင်တယ်လေ ၊ ဥပမာ သူ့ မိသားစု ချင်း ညှိနှိုင်းရာ မှာ အဆင် မပြေတဲ့ဟာမျိုးပေါ့ .... ”
“ ဟုတ်တယ် ဆရာ ၊ အဲဒါမျိုး တချို့ ကျွန်တော်တို့ သိထားတာတောင် ရှိတယ် ၊ သူ့ တူအကြီး က ကျွန်တော်တို့ ကို မလိုက်လျောချင်ဘူး ၊ မလုပ်နိုင်ရင် ထွက် ၊ အဲဒီလို သဘောရှိတယ် ။ ပြီးတော့ သူ့ ကို လည်း သူတို့ အဖေ သေမလို ဖြစ်နေမှ လုပ်ငန်းကို မောင်ပိုင် စီးချင်တာလား လို့ မသင်္ကာတာ လည်း ရှိပုံရတယ် ။ ပြီးတော့ အဲဒီ တူ က အရင် ရွှေထီး ဆောင်းခဲ့တဲ့ ကာလ ကို မီခဲ့တော့ မာနလေးတော့ ရှိတယ်လေ ဆရာ ”
ဒီတစ်ခါ ဝင်ပြောသူ က ကိုပေါ် ဖြစ်သည် ။ ကိုပေါ် က ဆက်၍ ...
“ တူအငယ်ကောင် က ခေတ်မီတယ် ၊ အလုပ်သမား ကို အကျိုးတူ စီးပွားဖက် လို သဘောထားချင်တယ် ၊ ပြီးတော့ သူတို့ လုပ်ငန်း ကို ဒီ အတိုင်း မဖြစ်ဘူး ၊ ခေတ်မီတိုးတက်အောင် လုပ်မှ ရှင်သန်နိုင်မယ် ဆိုတာ သူ သိတယ် ၊ အဲဒီ တူတွေ အမြင် မတူတာကို သူ က ကြိုးစားဖျောင်းဖျ ညှိနှိုင်းနေရပုံပေါ်တယ် ”
“ ဟုတ်တယ် ကိုပေါ် ၊ ဒီနေရာမှာ ကိုမော် ဘက်က ဝင် ပြောရရင် ခင်ဗျား ပြောသလို ညှိနှိုင်းတယ် ဆိုရင် သူ ဖြစ်ချင်သလို အားလုံးက လိုက်နာမယ်လို့ သေချာပေါက် ပြောနိုင်မလား ။ မပြောနိုင်ဘူး ၊ ဟုတ်တယ် မဟုတ်လား ။ ဒီတော့ သူ့ကို ယုံရင်တောင် သူ့ ပတ်ဝန်းကျင် ကို ယုံဖို့ ခက်တယ်လေ ”
“ ဟုတ်တယ် ဆရာ ၊ဟုတ်တယ် ”
ဒီတစ်ခါ ပျာပျာသလဲ ဝင် ထောက်ခံသူ က ကိုမော် ။ ဒီတော့မှ ကိုမော် အား ကျွန်တော် က ပြုံးကြည့်မိရင်း ...
“ ကိုမော် စဉ်းစားပုံကို ပေါ်လွင်သွားအောင် ဆရာ ဝင် ပြောပေးတာပါ ၊ ကိုမော် မမှားဘူး ဆိုတာ ကိုယ် လည်း သိတယ် ဆိုတာ ကိုမော် သဘောပေါက် စေချင်လို့ပါ ။ ဟုတ်တယ် ကိုမော် မှန်ပါတယ် ။ ဒါပေမဲ့ လောကကြီး မှာ ငါ မှန်တယ် ဆိုပြီး အဲဒီ အစွဲနဲ့ ဇွတ် မှိတ် လုပ်လို့လည်း မဖြစ်သေးဘူး ကိုမော် ရဲ့ ၊ ဒီ ကိစ္စမှာ ကိုမော် စဉ်းစားသလို လုပ်ကြည့်ကြရင် ဘာဖြစ်မလဲ ၊ သူတို့ နဲ့ ကိုမော် တို့ ကြား ပဋိပက္ခ ပို ကြီးသွားမယ် ၊ ဦးပေါ်ကာ က ဒါကို မဖြစ်စေချင်လို့ ကြိုပြီး ခေါ်တွေ့လို့ တောင်းပန်ထားတာ မဟုတ်လား ၊ ဒါပေမဲ့ ဒါက သူ လူလည်ကျတာပါ ၊ မရိုးမသား လုပ်ဖို့ အချိန် ယူတာလို့ စွပ်စွဲနိုင်တာပါပဲ ၊ ဒါလည်း ဖြစ်နိုင်တာပဲ ။ ဒါ ပေမဲ့ ကိုမော် ရာ သူ့ကို မယုံ ပေမဲ့ ကိုယ့်ကို ယုံတယ် မဟုတ်လား ၊ ဦးပေါ်ကာ ဟာ အားလုံး ကောင်းအောင် စဉ်းစားလုပ်ချင်တဲ့ လူကြီး တစ်ယောက် ဖြစ်တယ် ဆိုတဲ့ အထောက်အထား ကိုယ့် ဆီမှာ ရှိတယ် ။ မင်းတို့ ကို မပြောသာ လို့ မပြောတာ ကိုယ့် ကို နားလည်ပေးပါ ။ ဒါပေမဲ့ ဒီ ကောင်းကွက် က မင်းတို့ အပေါ် ကိုယ့် သြဇာ ရှိတာကို အသုံးချဖို့နဲ့ ကိုယ် နဲ့ ထိပ်တိုက်တွေ့မယ့် ကိစ္စ ကို လည်း အချိန်ဆွဲဖို့ လုပ်တာမျိုး မဖြစ်နိုင်ဘူး လား ဆိုရင် ဖြစ်နိုင်ပါတယ် ။ ဒီလို ဆိုရင်တော့ ဦးပေါ်ကာ ဟာ ကလိမ်ကကျစ် လုပ်ရာမှာ အတော့် ကို စေ့စပ်ပြီး ဉာဏ်ပြေးတဲ့ စူပါမင်း ဖြစ်သွားပြီ ၊ ဒါကြောင့် ကိုယ် ကတော့ ရိုးရိုး စဉ်းစားပြီး သူ့ ကို ယုံကြည် စွာနဲ့ ခြောက်လ လောက် အချိန် ပေးလိုက်ချင်တယ် ။ ဒီ ခြောက်လ အတွင်း သူ့ မိသားစု သဘော တူညီချက် ကို ယူပြီး ရောင်းစရာရှိတာ ကို ရောင်းပြီးရင် ကိုယ့် ကို ပေးမယ် ကတိ ပေးထားတာလည်း သူ ပေးနိုင်မယ် ။ လုပ်ငန်းချဲ့ဖို့ ၊ ခေတ်မီအောင် လုပ်ဖို့ ဆိုတာတွေ အပြင် လိုအပ်ရင် နိုင်ငံခြား ကုမ္ပဏီ တစ်ခုခုနဲ့ ပူးပေါင်းပြီး ရင်းနှီးမြှပ်နှံဖို့ ဆိုတာမျိုးတွေ သူ လုပ်နိုင်မယ် ။ အဲဒီအခါကျ လုပ်ငန်းဝင်ငွေ တိုးပြီး မင်းတို့ ကို လည်း ပေးသင့်တဲ့ လုပ်ခနှုန်းအတိုင်း မပျက်မကွက် သူ ပေးနိုင်လိမ့်မယ် ၊ ဒါက သူ့ ကို ယုံကြည်ကြည့်လိုက်တဲ့ လမ်းကြောင်းပေါ့ ”
ကျွန်တော် က စကားဖြတ်ပြီး ကိုမော့် ကို အကဲခတ် ကြည့်တော့ စိတ်ဝင်တစား နားထောင်သည်ကို တွေ့ရ၍ စကား ဆက်သည် ။
“ သူ့ ကို မယုံဘူး ဆိုရင်တော့ ကိုယ် က စပြီး တရားစွဲဖို့ လုပ်ရတော့မယ် ၊ နှစ်ဖက် ရှေ့နေတွေ က သူ့ဘက်က သာတယ်လို့ ပြောပေမဲ့ သူ့ ကို ကိုယ် တရားရုံး တင်ပြီး အရှက်တော့ ခွဲနိုင်မယ် ၊ ဒီအတွက် ကုန်ကျစရိတ်တွေတော့ ရှိလိမ့်မယ် ၊ နောက်ဆုံး သူတို့ အဆိုအရ ဥပဒေ အရ သူ က သာတယ် ဆိုရင် ကိုယ် က ငွေကုန်လူပန်း နဲ့ ကျန်ရစ်ပြီး သူ ကတော့ တရားနိုင်ပေမဲ့ အရှက်ကွဲ နာမည်ပျက်မယ် ”
ထို့နောက် သူ့ ပခုံး ကို ပုတ်ကာ ...
“ မင်းတို့ ကိစ္စမှာ လည်း ဆန္ဒပြတာ နဲ့ သူ အရှက်ကွဲ မယ် ၊ အုတ်အော်သောင်းတင်း ဖြစ်မယ် ၊ လုပ်ငန်း လည်ပတ် မှု ရပ်သွားမယ် ။ ဒါပေမဲ့ မင်း တို့ ဘက်မှာလည်း နေ့တွက် လုပ်ခတွေ စ,မရတော့ဘူး ၊ ရေ က အစ ရိက္ခာ က အစ ဆန္ဒပြဖို့ စီစဉ်ရတဲ့ စရိတ်တွေ ရှိမယ် ၊ ရက် ကြာရင် မင်းတို့ အတွက် ပို အခက်တွေ့မယ် ။ ဒါပေမဲ့ သူ က သိပ်လွန်လွန်းနေပြီဆိုရင် ချရမှာပဲ ၊ လျှော့ပေးလို့တော့ မဖြစ်ဘူး ။ အခု အနေအထား ကတော့ သူ က အထိုက်အလျောက် လျှော့ထားတယ် ၊ အနည်းဆုံး လေသံလျှော့ ထားတယ်ကွာ ၊ အချိန် အကန့်အသတ် နဲ့ လည်း တောင်းပန်ထားတယ် ။ ဒီတော့ အဲဒီကာလ အတိုင်းအတာ အတွင်း သူ့ ကို ယုံကြည်ပေးသင့်တယ်လို့ ထင်တယ် ”
“ ကျွန်တော် ကတော့ သူ့ ကို ယုံဖို့ ဆိုတာ ... ”
ကိုမော် က ငြင်းချက်ထုတ်ရန် စကား ခိုက် ကျွန်တော် က ဝင်ပြီး ..
“ ခဏလေး ကိုမော် ၊ ကိုမော် ပြောတာ မှန်ပါတယ် ။ ယုံဖို့ ခက်တယ် ။ ဒါပေမဲ့ သူ
တို့ ဘက်ကတော့ ဒီလို အချိန်ဆွဲ ထားပြီး နောက်ဆုံး ဘာလုပ်လို့ ရမယ်လို့ ကိုမော် တွေးထားလဲ ၊ ကဲ ထားတော့ ။ ခဏနေက ကိုမော် ပြောတာ ရှိတယ် ၊ စက်ရုံ ကို သူများ ရောင်းမယ် ၊ နိုင်ငံခြား ထွက်ပြေးမယ် စသည်ဖြင့်ပေါ့ ။ ဒါပေမဲ့ ဒီခေတ် ထဲမှာ စက်ရုံ ကို လူမသိ ၊ သူမသိ ရောင်းဖို့ ဆိုတာ မလွယ်ဘူးနော် ။ ပြီးတော့ နိုင်ငံခြား ကို မိသားစုလိုက် တိတ်တိတ် ပြေးဖို့ ၊ ဟိုမှာ အခြေချဖို့ ဒါတွေက ပြောသလောက် မလွယ်ဘူး ထင်တယ် ။ အဲဒါထက် စာရင် ဒီမှာ အခြေမပျက် နေပြီး ရှိရင်းစွဲ လုပ်ငန်း ကို တိုးတက်အောင် လုပ်တာက ပို လွယ်မယ် ထင်တယ် ။ အခြေဖျက်ပြီး ထွက်ပြေးမယ်ဆိုရင် မိသားတစ်စုလုံး သဘောတူကြဖို့ လွယ်မယ်လို့ကော ကိုမော် ထင်လို့လား ။ ဒီတော့ သူတို့ အတွက်ကလည်း ဆရာတို့ ယုံကြည်တဲ့ လမ်းကြောင်းအတိုင်း လုပ်ဖို့က ပိုကောင်းတယ် ။ ဒီတော့ ယုံကြည်ကြဖို့ ဆိုတာ မမှားဘူးထင်တယ် ”
ကိုမော် က ကျွန်တော် ပြောသည် ကို မကြည်မသာ နားထောင်ရင်း ...
“ သာမန်အားဖြင့် က ဆရာ ပြောတာ မှန်ပါတယ် ။ ဒါပေမဲ့ သူတို့တွေ ကို ကျွန်တော်တို့ ဦးနှောက် နဲ့ စဉ်းစား လို့ မသင့်ဘူး ထင်တယ် ၊ သူတို့တွေ က ကျွန်တော်တို့ မစဉ်းစားတဲ့ ထောင့် က လုပ်ကြတာ ဆရာ ။ ဥပမာ ဆရာ တို့ မြေကွက် ကိစ္စ ၊ ဆရာ ဆို လုပ်ရက်မလား ၊ ဒါပေမဲ့ သူတို့ လုပ်တာလေ ”
“ ဟုတ်ပါတယ် ကိုမော် ၊ ဒါပေမဲ့ အနေအထား က မတူဘူးဗျ ၊ အဲဒီ ကာလက လူမသိ သူမသိ လုပ်လို့ လွယ်တယ် ၊ အခု ကာလက နံရံ တိုင်း မှာ နားတွေ မျက်စိတွေ ရှိတယ် ဆိုတဲ့ဟာမျိုး ။ ပြီးတော့ ဦးပေါ်ကာ စိတ်ထဲမှာ သူ တင်ခဲ့တဲ့ ကြွေးတချို့ ကို ဆပ်ချင်စိတ် ရှိနေတယ်လို့ ဆရာ က ထင်တယ် ၊ ဒါက ဆရာတို့ သူ့ ကို အခွင့်အရေး ပေးမှသာ သူဆပ်နိုင်မှာ မဟုတ်လား ”
“ ဆရာ ပြောသလို ဖြစ်ရင်တော့ ကောင်းပါတယ် ၊ ဒါပေမဲ့ ဒီ လူကြီးက ပိပိရိရိ နဲ့ အချိန်ဆွဲ နေတာ ၊ တစ်နည်း အားဖြင့် ဟန်ဆောင် သဘောကောင်း ပြနေတာ ဒီလိုကော မဖြစ်နိုင်ဘူးလား ဆရာ ”
“ ဖြစ်နိုင်တာပေါ့ ကိုမော် ရာ ၊ ဒါကို ဆရာ လည်း ခဏ ခဏ စဉ်းစားပါတယ် ။ သူ က သဘောကောင်းဟန် ဆောင်တယ် ဆိုလည်း ဆောင်ခွင့် ပေး လိုက်ပါ ကိုမော် ရာ ”
“ ဗျာ ၊ ဘယ်လို ဆရာ ”
“ ဒီလို ကိုမော်ရ ၊ လူမှုဆက်ဆံရေးပညာ မှာ ဒေးလ်ကာနေဂျီ က ထင်တယ် ၊ ပြောခဲ့ တာရှိတယ်ဗျာ ။ အဲဒါက သင် သဘော မကောင်းရင် လည်း သဘော ကောင်းချင်ယောင် ဆောင်လိုက်ပါတဲ့ ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဟန်ဆောင်တယ် ဆိုတာ က တူအောင် လုပ်ရ တော့ တကယ် ကောင်းသွား တတ်တာ ကိုမော် ရဲ့ ၊ ဟန်ဆောင်ရင်း ကို စိတ် ပါသွားတတ်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ် က ကောင်းပြတဲ့ အခါ လူတွေ ရဲ့ တုံ့ပြန်ချက် က ပြောင်းသွားတယ် ၊ အဲဒါ ကို ခံစားနားလည် သွားတော့ ကိုယ်တိုင် ကို က တကယ် ကောင်းချင်စိတ် ဖြစ်သွားတယ် ။ ဟန်ဆောင်တာ ပြီးသွားလို့ လူတွေ က ကိုယ့် ကို အထင်ကြီး နေရာ ကနေ ပြန် အထင်သေးသွားမှာ ၊ ချစ်နေရာ ကနေ မုန်းသွား မှာ သူ မလို ချင်တော့ဘူး ၊ အဲဒါက အမြင့် ကို ရောက်ပြီးမှ ပြန် ပြုတ်ကျရမယ့် အဖြစ်မျိုး ဖြစ်သွားတယ် ။ ဒီတော့ အမြင့် မှာ ဆက် နေဖို့က တကယ် ဆက်ပြီး သဘောကောင်း မှ ရမယ်လေ ။ ဒီတော့ ဆိုးတဲ့ လူ က ဟန်ဆောင် သဘောကောင်းချင်တယ် ဆိုရင်တောင် အတိုင်းအတာ တစ်ခု အထိ သူ့ ကို ယုံကြည်ပေးသင့်တယ် ကိုမော် ရဲ့ ”
“ ဆရာ ပြောတဲ့ဟာ တစ်ခါမှ ကျွန်တော် မကြားဖူးဘူး ဆရာ ၊ အတော် စိတ်ဝင်စားဖို့ ကောင်းပါတယ် ”
ကျွန်တော့် စကား ကို ထောက်ခံသူ က ထုံးစံအတိုင်း ကိုပေါ် ဖြစ်ပြီး ကိုမော် ကတော့ ငြိမ်သက် နေသည် ။
“ အေးလေ ၊ ကိုပေါ် တို့ ကိုမော် တို့ က အများ ကို ကိုယ်စားပြုကြရတော့ ပို တာဝန်ကြီးတာ ကိုယ် သဘောပေါက်ပါတယ် ၊ အများကျေနပ်အောင် ရှင်းပြရာမှာ လည်း အခက်အခဲ ရှိလိမ့်မယ် ၊ ဒါပေမဲ့ သူ တောင်းထားတဲ့ အချိန် အတိုင်းအတာ ထဲ မှာ ယုံကြည်ပေးဖို့ပဲ ... အလုပ်သမား အားလုံး ကို တိုက်တွန်းပေးစေချင်တယ် ။ အခုလည်း သူ လိုက်လျောနိုင် သလောက် လိုက်လျောထားသားပဲ ၊ သူ ကတိ မတည်ဘူး ဆိုတော့မှ အားလုံး ညီညီညွတ်ညွတ် နဲ့ ပြတ်ပြတ်သားသား အရေးဆိုကြတာပေါ့ ။ ဥပဒေဘောင် ထဲ က လုပ်သင့်တာ မှန်သမျှ လုပ်ဖို့ ကိုယ် လည်း ကူညီမှာပါ ”
ဒီတော့ ကိုမော် ကပါ ခပ်လေးလေး ခေါင်းညိတ်သည် ။
“ ကိုမော် ရေ ၊ ဘဝ မှာ ဆရာတို့ တစ်တွေဟာ သံသယ နဲ့ ယုံလွယ်ခြင်း ဆိုတဲ့ ချောက်ကမ်းပါး နှစ်ခု ကြားက လမ်းကျဉ်းလေး မှာ လျှောက်နေရတာ ၊ တစ်ခါတလေ ကိုယ်တို့ က ယုံလွယ်ခြင်း ချောက် ထဲမှာ ခဏခဏ ကျခဲ့ဖူးတော့ အဲဒီ ချောက် နဲ့ ဝေးရာ လျှောက်ရင်း သံသယ ချောက်ထဲ နောက်ပြန်ကျတတ်တာ ကိုလည်း သတိထားရမယ် ။ သံသယ မဖြစ်မိအောင် ရှောင်ရာ ကနေ ယုံလွယ်ခြင်းချောက် ထဲ တွန်းချခံရတာမျိုး မဖြစ်အောင်လည်း သတိထားရမှာပေါ့ ။ သတိ ထားရမယ် ဆိုတဲ့ အတိုင်း ဦးပေါ်ကာ တို့ မိသားစု အပေါ် ယုံယုံကြည်ကြည် ဆက်ဆံပေးရင်း တကယ်ကို သတိထား စောင့်ကြည့်ရလိမ့်မယ် ။ သူတို့ မိသားစုချင်း ဆက်ဆံရေး ၊ သူတို့ချင်း ကြား က အငြင်းအခုံ ၊ ဒီသတင်းတွေ ကိုလည်း နားစွင့်ရမယ် ။ သူတို့ ထဲ က ကောင်းအောင် လုပ်ချင်သူတွေ ကို လည်း ကိုယ်တို့ က နွေး
နွေးထွေးထွေး အားပေးကူညီရလိမ့်မယ် ။ ဒီ အတောအတွင်း မှာတော့ ထူးခြားမှုတစ်ခုခု ရှိ ရင်လည်း ကိုယ့် ကို အသိပေးပါ ၊ ဟုတ်ပြီလား ”
“ ဟုတ်ကဲ့ပါ ဆရာ ”
ကိုပေါ် နှင့် ကိုမော် တို့ ညီအစ်ကို နှုတ်ဆက် ပြန်သွားပြီး နောက် ကျွန်တော် တစ်ဦး တည်း စဉ်းစားခန်း ဆက်ဝင် ပြီး ကျန်ရစ်ပါသည် ။ ကျွန်တော် ကိုယ်တိုင် ရော ဦးပေါ်ကာ ကို ယုံပါရဲ့လား ။ ဒီလို တွေး ကြည့်တော့ ကျွန်တော် ကိုယ်တိုင် က လည်း လမ်းမပေါ် မှာ မဟုတ်ဘဲ ချောက်ကမ်းပါးစွန်း တစ်ဖက်စီ မှာ ပြေးလွှား ရပ်နေခဲ့ပုံ ကို ကိုယ့် ဘာသာ ပြန် မြင်မိပါသည် ။
ထားပါတော့ ။ ဦးပေါ်ကာ က ကတိ တည်ခဲ့ပြီး ကျွန်တော်တို့ ငွေသိန်းနှစ်ရာ ပေးခဲ့
လျှင် ကျွန်တော် ဘာ သုံးရမှာပါလိမ့် ။ မျှော်လင့်မထား သော ငွေ မို့ ရုတ်တရက် ကိုယ့် ဘာသာ အဖြေ မပေးနိုင်ဘဲ ရှိသည် ။ နောက်တော့ ကျွန်တော် စိတ်ကူး တစ်ချက် လျှပ်ပြက်သလို ရလိုက်ရင်း ဦးပေါ်ကာ ထံ ဖုန်းဆက်လိုက်၏ ။
“ ဦး အနေနဲ့ နောက် ခြောက်လအတွင်း သိန်းနှစ်ရာ ကို မဖြစ်မနေ ပေးမှာ သေချာလား ဦး ၊ ဘယ်လိုမှ မအောက်မေ့ပါနဲ့ ၊ ကျွန်တော် လုပ်စရာလေး တစ်ခုရှိလို့ပါ ”
“ ဟာ ကိုမင်းယု ၊ စိတ်ချ ၊ ဦး ပေးမှာပါ ၊ ပထမ ကတိပျက်တာကိုပဲ အားနာနေတာ ၊ နောက် ခြောက်လ မပြည့်ခင် သေချာပေါက် ပေးမယ် ။ သိန်းတစ်ရာ ကို ပထမ သုံးလ အတွင်း ပေးမယ် ၊ နောက် သိန်းတစ်ရာ ကို တော့ ခြောက်လ မပြည့်ခင် ပေးပါမယ် ”
“ ဟုတ်ကဲ့ ဦး ၊ ဒါဆိုရင် ကျွန်တော် တစ်ခု တောင်းဆို ပါရစေ ”
“ ပြောလေ ”
“ ပထမသုံးလ မှာ ပေးမယ့် သိန်းတစ်ရာ ကို ကျွန်တော့် ကို ငွေသားပဲ ပေးပါ ၊ ဒါပေမဲ့ ဒုတိယ ပေးမယ့် သိန်းတစ်ရာ ကို လာမယ့် ခြောက်လပြည့်မယ့် နေ့မှာ ထုတ်လို့ ရမယ့် နေ့စွဲ ကြို တပ်ထားတဲ့ ချက်လက်မှတ် တစ်စောင် ရေးပေးပါလား ”
“ ငါ့တူ က ဦး ကို မယုံဘူး ထင်တယ် ”
“ ဒီလို မဟုတ်ပါဘူး ဦး ၊ တကယ်တော့ ဒီငွေ က ကျွန်တော် တောင်းတဲ့ ငွေ မဟုတ်ပါဘူး ၊ ကျွန်တော် မတောင်းဘဲ ဦး ပေးတဲ့ ငွေပါ ၊ ဒီတော့ မယုံစရာ မရှိပါဘူး ၊ ယုံလို့ပဲ အခုလို ပြောနေရတာပါ ၊ ဒီလို ဦး အဲဒီ ချက်လက်မှတ် ကို ဦး ရဲ့ ဘဏ်စာရင်း တစ်ခုခု ထဲက နောက် ခြောက်လ ကျမှ ထုတ်လို့ရအောင် နေ့စွဲ ကြို တပ်ပြီး ပေးထားဖို့ပါ ၊ ဒါပေမဲ့ ကျွန်တော့် နာမည် နဲ့ မဟုတ်ပါဘူး ၊ ဒေါက်တာ ဌေးမောင် နာမည် နဲ့ ရေးပေးပါ ၊ ဆရာ့ ကို ကျွန်တော် အခု ပေးထားချင်လို့ ပါ ၊ ပထမ သူ ရထားတဲ့ အလှူငွေ ရဲ့ နောက်ဆက်တွဲ အနေနဲ့ပေါ့ ဦး ရယ် ”
“ ငါ့တူ ပြောတာ ဦး သိပ် နားမလည်ဘူး ”
“ ဒီလိုပါ ဦး ၊ မမနု တို့ ကို စေတနာရှင် တစ်ဦး က ဆရာ ဌေးမောင် ဆီ တစ်ဆင့် ငွေလှူ ထားတာ ရှိတယ်လေ ၊ နောက် ခြောက်လ ကြာရင် အဲဒီ အလှူရှင် ရဲ့ စာရင်း က ချက်လက်မှတ် နဲ့ နောက်ထပ် သိန်းတစ်ရာ ထပ် ရသွားအောင် ကျွန်တော် စီစဉ် ပေးလိုက်ချင်တာပါ ”
တစ်ဖက်က ဖုန်းသံ ရုတ်တရက် တိတ်ဆိတ် သွားပါသည် ။ ခဏကြာ မှ ...
“ ကိုယ် သဘောပေါက်ပြီ ကိုမင်းယု ၊ ကျေးဇူးတင်လိုက်တာ ၊ အရမ်း ကျေးဇူးတင်ပါတယ် ၊ အဲဒီ ချက်လက်မှတ် ကို ဆရာဝန့် နာမည် နဲ့ ရေးပြီး ကိုမင်းယု ကို ပေးထားပါမယ် ၊ ကိုမင်းယု ကိုယ်တိုင် ပဲ ပေးလိုက်ပါ ”
ကျွန်တော် ပြောတာကို ဦးပေါ်ကာ နားလည် သဘောပေါက် သွားပြီ ။ သူ ပေးမည် ဆိုသော ငွေသိန်းနှစ်ရာ အနက် ရေမျောစပါး အစား ပြန်ရသလို သိန်းတစ်ရာ ပဲ ရရင် ကျွန်တော် ကျေနပ်နိုင်ပါပြီ ။ ယင်း ငွေနှင့် ကျွန်တော် စုဆောင်းထားသမျှလေး ပေါင်းပြီး သိန်းတစ်ရာ့ငါးဆယ်ခန့်တန် လေးလွှာ ၊ ငါးလွှာ က တိုက်ခန်း တစ်ခန်း ဝယ်နိုင်ပါလိမ့်မည် ။ နောက်ထပ် ပေးမည့် သိန်းတစ်ရာ ကို တော့ ... ။
••••• ••••• •••••
ဦးပေါ်ကာ သာ ကတိ တည်မည် ဆိုလျှင် မမနု အနေဖြင့် သူ သိ မထားသော ချစ်သူ ထံ မှ ချစ်အကြွေးဆပ် ဒုတိယအရစ် သိန်းတစ်ရာ ကို နောက် ခြောက်လ အကြာ မှာ “ စေတနာရှင်တစ်ဦး ” အမည် ဖြင့် ထပ်မံ ရရှိနိုင်ပါလိမ့်မည် ။
▢ မောင်လွင်မွန် ၊ ကသာ ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇူလိုင် ၊ ၂၀၁၄
No comments:
Post a Comment