❝ လူများ အကျိုး စွမ်းဆောင်သူ ❞
( ပုံပြင် )
ရှေးရှေးတုန်းက စည်ပင်သာယာ ဆိုတဲ့ ရွာလေး တစ်ရွာ မှာ အလွန် ရိုး ၊ အလွန် အ တဲ့ သူ တစ်ယောက် ရှိသတဲ့ ။ ရိုးလွန်း အလွန်း လို့ လည်း သူ့ ကို အများက မောင်အ လို့ ခေါ်ကြသတဲ့ကွယ် ...
မောင်အ ဟာ ကိုယ့် ကောင်းကျိုး ထက် သူတစ်ပါး ကောင်းကျိုး ကို လိုလားတဲ့ အတွက် တစ်ရွာလုံး က ချစ်ကြခင်ကြတယ်ကွဲ့ ။
တစ်နေ့တော့ တော ထဲ သွားပြီး ဝါးခုတ်တဲ့ အခါမှာ လူတစ်ယောက် နဲ့ တွေ့သတဲ့ ။ အဲဒီ လူ က ဝါးတွေ ကူပြီး ယူခဲ့စမ်းပါ ဆိုတော့ အလွယ်တကူပဲ သဘောတူလိုက်ပြီး သူ့ ရဲ့ ဝါးတွေ ကော တစိမ်း လူ ရဲ့ ဝါးတွေ ကော ရွာ အရောက် ထမ်းလာသတဲ့ ။ ရွာ တံခါးနား ရောက်တဲ့ အခါ တစိမ်းလူ က မောင်အ ကို မင်း ခုလို အ နေတာ မပျောက်ချင်ဘူးလား လို့ မေးတယ် ။ မောင်အ က လည်း ပျောက်ချင်ပါတယ် လို့ ဖြေသတဲ့ ။ ကဲ ... ဒါဖြင့် မင်း ငါ ပြောတိုင်း လုပ်ပေတော့ ဆိုပြီး တောနက်ကြီး ထဲမှာ ရှိတဲ့ ရသေ့ကြီး တစ်ပါး ဆီ ကို ညွှန်ပြလိုက်တယ် ။ မောင်အ ဟာ ဝမ်းမြောက်ဝမ်းသာ နဲ့ အိမ်ပြန် သွားပြီး အဆင်သင့် ပြင်ထားတာပေါ့ ။ နောက်တစ်နေ့ မှာ စားစရာ သောက်စရာ နဲ့ အထုပ်အပိုးတွေ ယူပြီး ရသေ့ကြီး ရှိရာ တောနက် ထဲ ကို ရှေးရှုပြီး သွားသတဲ့ကွယ် ။
အဲဒီလိုနဲ့ မောင်အ ခရီးထွက် လိုက်တာ မောပန်းတဲ့ အတွက် ညောင်ပင် တစ်ပင် အောက် မှာ နားနေတယ် ။ ညောင်ပင် ပေါ်မှာ ရှိတဲ့ ငှက်ကလေး က “ မောင်အ ဘယ်သွား မလို့လဲ ” လို့ မေးတယ် ။ ဒီတော့ မောင်အ က ရသေ့ကြီး ဆီ သွားမယ့် အကြောင်း ပြန်ပြောတာပေါ့ ။
“ ဟာ ... ဒါဖြင့် သိပ်နေရာ ကျတာပဲ ။ ကျွန်တော့် အဖြစ်အပျက် ကို ရသေ့ကြီး ဆီမှာ လျှောက်ပေးစမ်းပါ ” လို့ ပြောတယ် ။ ဘယ်လို ပြောရမှာလဲ လို့ မောင်အ က မေးတဲ့ အခါမှာ ငှက်ကလေး က သူ့ အဖြစ်အပျက် ကို ပြန်ပြောပြသတဲ့ ။
“ ကျွန်တော် ဟာ ... နွေ ၊ မိုး ၊ ဆောင်း သုံးဥတုစလုံး ဒီ ညောင်ပင် က ဘယ်မှ မခွာနိုင်ပါဘူး ။ အဝေး ကို ပျံသွား ရင်လည်း တော်တော်ကြာ ဒီ ညောင်ပင် ကို ပြန်လာရတာလဲ ။ အဲဒါ ဘာဖြစ်လို့လဲ ဆိုတာ ရသေ့ကြီး ကို မေးပေးစမ်းပါ ” လို့ ပြောသတဲ့ ။ မောင်အ က ကောင်းပါပြီလို့ ဝန်ခံပြီး ခရီး ဆက် ထွက်ခဲ့တယ် ။
နောက်တစ်ခါ လမ်း တစ်ဝက် မှာ သူဌေးကြီး တစ်ယောက် ကို တွေ့သတဲ့ကွယ် ။ အဲဒီ သူဌေးကြီး က ခေါင်းကိုက်ဝေဒနာ စွဲကပ် နေတယ် ။သူဌေးကြီး က မောင်အ ကို အကျိုးအကြောင်း ပြောပြပြီး ရသေ့ကြီး ဆီမှာ လျှောက်ဖို့ မှာလိုက်တယ် ။ မောင်အ က ကောင်းပါပြီ လို့ ဝန်ခံလိုက် ပြန်သတဲ့ ။
ဒီလိုနဲ့ ခရီး ဆက် ထွက်ခဲ့တဲ့ အခါ မြစ်ကမ်း တစ်ခု အနီး ရောက်လာတယ် ။ ရုတ်တရက် ဆိုသလို မိကျောင်းကြီး တစ်ကောင် ရေ ထဲ က ပေါ်လာပြီး “ ဘယ်သွားမလို့လဲ ” မေးသတဲ့ ။ မောင်အ က ရသေ့ကြီး ဆီ သွားမယ့် အကြောင်း ပြောတာပေါ့ ။ မိကျောင်း က “ ဒါဖြင့် ဟန်တာပဲ ။ ကျွန်တော် ခေါင်း ထဲမှာ ရှိတဲ့ ပစ္စည်း တစ်ခု ကို ဘယ်လို လုပ်ရမလဲ ဆိုတာ ရသေ့ကြီး ဆီ မှာ လျှောက်ထား ပေးစမ်းပါ ” လို့ မှာလိုက်ပြန်သတဲ့ ။
နောက်ဆုံးမှာ တောနက်ကြီး ထဲ က ရသေ့ကြီး နေတဲ့ နေရာ ကို မောင်အ ရောက်သွားတယ် ။ ရသေ့ကြီး က “ ဘာကိစ္စ ရှိလို့ လာသလဲ ” လို့ မေးလိုက်တယ် ။ မောင်အ ဟာ သူတစ်ပါး အကျိုး ကို ကူညီချင်တဲ့သူ ဖြစ်လေတော့ သူ ဘာဖြစ်လို့ အ သလဲ ဆိုတာ မေးဖို့ မေ့သွားတယ် ။ ငှက်ကလေး ရယ် ၊ သူဌေးကြီး ရယ် ၊ မိကျောင်း ရယ် မှာလိုက်တာတွေ ရသေ့ကြီး ကို ပြန်လျှောက် သတဲ့ကွယ် ။
ရသေ့ကြီး က ဘယ်လို ပြန် အဖြေ ပေးလိုက်သလဲ ဆိုတော့ ...
“ ငှက်ကလေး ဟာ ညောင်ပင် က ဘာဖြစ်လို့ မခွာနိုင်သလဲ ဆိုရင် သူ လူ့ဘဝ တုန်း က ညောင်ပင် ခြေရင်း မှာ မြှုပ်ထားတဲ့ ရွှေအိုး တစ်လုံး ၊ ငွေအိုး တစ်လုံး ရှိတယ် ။ ဒီ ပစ္စည်းတွေ ကို စွဲလမ်း နေတဲ့ အတွက် ညောင်ပင် က မခွာနိုင်တာပဲ ။ တစ်ယောက် ယောက် ကို စိတ်စေတနာ ကောင်းကောင်း နဲ့ ပေးတဲ့ အခါမှာ ညောင်ပင် က ခွာနိုင်လိမ့်မယ် ”
“ သူဌေးကြီး ခေါင်း အလွန် ကိုက်ခဲနေတာ က သူ ပိုင်တဲ့ ပစ္စည်းတွေ ကို တပ်မက် နေလို့ ပဲ ။ တကယ်လို့သာ သူ ပိုင်တဲ့ ဥစ္စာ တစ်ဝက် ကို သူတစ်ပါး ခွဲပေးရင် အလိုလို ပျောက်သွား လိမ့်မယ် ”
“ မိကျောင်း ခေါင်း ထဲမှာ ရှိတဲ့ ပစ္စည်း ကတော့ ပတ္တမြား ဖြစ်တယ် ။ အဲဒါကို ခွဲထုတ် လိုက်ရင် သူ့ အလို ပြည့် သွားလိမ့်မယ် ” လို့ ရသေ့ကြီး က မောင်အ ကို ရှင်းပြတယ် ။
မောင်အ လည်း ဝမ်းမြောက်ဝမ်းသာ နဲ့ ရသေ့ကြီး ကို ရှိခိုးပြီး ပြန်လာတယ် ။ သူ ဘာဖြစ်လို့ အ ရသလဲ ဆိုတာ မေးဖို့ သတိ မရတော့ဘူး ။ အဲဒီလို ပြန်လာတဲ့ အခါမှာ မိကျောင်း နဲ့ စတွေ့တာပေါ့ ။
ရသေ့ကြီး ပြောတဲ့ အတိုင်း ခေါင်း ကို ခွဲကြည့်တဲ့ အခါမှာ ပတ္တမြား ကို တွေ့ရတယ် ။ မိကျောင်းကြီး က ကျေးဇူးရှင် ဆိုပြီး မောင်အ ကို ပေးလိုက်သတဲ့ ။
နောက်တစ်ခါ သူဌေးကြီး ကို တွေ့ပြန်တယ် ။ ရသေ့ကြီး ပြောတဲ့ အတိုင်း ပြန်ပြောပြ တော့ ဝမ်းမြောက်ဝမ်းသာ နဲ့ သူ့ ရဲ့ပစ္စည်း တစ်ဝက် ကို မောင်အ ကို ပေးလိုက်တယ် ဆိုရင် နှစ်ရှည် လများ စွဲကပ် နေတဲ့ ခေါင်းကိုက်ရောဂါ ဟာ ပျောက်သွားတယ် ။
ခရီး ဆက်လာတဲ့ အခါမှာ ညောင်ပင် အောက်ကို ရောက်လာတယ် ။ ငှက်ကလေး ကို ရသေ့ကြီး မှာ လိုက်တဲ့ အတိုင်း ပြောပြတော့ “ သင် ပဲ တူးပြီး ယူပါ ” လို့ ပြောတယ် ။ မောင်အ ဟာ ညောင်ပင် အောက်ခြေကို တူးကြည့်တယ် ဆိုရင် ရွှေအိုး တစ်လုံး နဲ့ ငွေအိုး တစ်လုံး ကို တွေ့သတဲ့ ။ ဒီတော့ မှ ငှက်ကလေး ဟာ သူ အလိုရှိရာ အရပ် ကို ပြန်သွားနိုင်တယ် ။
ကိုယ့် အကျိုး ထက် သူတစ်ပါး အကျိုးကို ဆောင်ရွက်ပေးတဲ့ မောင်အ ဟာ သူတို့ သုံးဦး ဆီ က ပစ္စည်းတွေ ကြောင့် ချမ်းသာ သွားသတဲ့ကွယ် ။
▣ တောင်တွင်း - သန်းထွန်းမိုး
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၅ ၊ ဖေဖော်ဝါရီ
No comments:
Post a Comment