Saturday, June 14, 2025

တစ်ခုလပ် နှစ်လင်ကွာ ကလေးပါ မုဆိုးမ


 ❝ တစ်ခုလပ် နှစ်လင်ကွာ ကလေးပါ မုဆိုးမ ❞ 

        ( ဒေါင်းနေမင်း )


ကျွန်မ ဘဝ သက်တမ်း တစ်လျှောက် ယောက်ျား ၃ ယောက် နဲ့ ညားခဲ့ဖူးတယ် ။ ဒီ ယောက်ျားတွေ ဟာ တည်ငြိမ် နေတဲ့ ကျွန်မ ဘဝ ထဲကို ကိုယ့်နည်း ကိုယ့်ဟန် နဲ့ တိုးဝင်လာကြသူတွေ ချည်းပါပဲ ။ ပြီးတော့လည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်အောင် ဖန်တီးခဲ့ကြသူတွေပါ ။ ယောက်ျားတွေ ကို မကောင်းဘူးလို့ မပုတ်ခတ်ချင်ပါဘူး ။ တစ်ယောက်စီတိုင်း မှာတော့ အကြောင်းအရာတွေ ၊ အဖြစ်အပျက်တွေ ကိုယ်စီ နဲ့ပါ ။ ကောင်းတာတွေ ရှိသလို ၊ ဆိုးတာတွေ လည်း ဒုနဲ့ဒေး ။


ခု ကျွန်မ အဲဒီ ယောက်ျားတွေ အကြောင်း ပြောပြပါ့မယ် ။ ကျွန်မ အိမ်ထောင်သည် ဘဝ ကို ဦးဆုံး ရောက်ခဲ့ရတဲ့ ခိုင်အောင် ဆိုတဲ့ ယောက်ျား အကြောင်း ကို စ, ပြောမယ် ။ ကျွန်မ ဘက်က အပြော မတတ်တာ ရှိရင်လည်း ခွင့်လွှတ်ပေးပေါ့ ။


 ••••• ••••• ••••• 


၂ ။


ခိုင်အောင် နဲ့ ကျွန်မ က သက်တူရွယ်တူ ။ စ , တွေ့ကြတာလား ။ အဆန်းတကြယ် မဟုတ်ပါဘူး ။ ကျွန်မ က ဟင်းရွက်စုံ ရောင်းတဲ့ ကုန်စိမ်းသည်လေ ။ သူ က ကန်စွန်းခင်း ပိုင်ရှင် ။ ကန်စွန်းရွက် ဖောက်သည် လိုချင်ရင် ကျွန်မ သူ့ ဆီ သွားရတာ ။ အဲဒီတော့ နေ့တိုင်းလိုလို ဆုံဖြစ်ကြတယ် ။ သူ က ကျွန်မ ကို ကြိုက်နေတာ ဆိုတော့ ကန်စွန်းရွက် ကို အမြဲတမ်း ပိုပိုသာသာ ပေး လိုက်တာပါပဲ ။ ကျွန်မ မှာ က အမေ တစ်ခု ၊ သမီး တစ်ခု ။ အဖေ ဆုံးတာ ကြာပြီ ။ အမေ နဲ့ ကျွန်မ တူတာ တစ်ခု က နှစ်ယောက်စလုံး မဟုတ် မခံ ၊ ဆတ်ဆတ်ကြဲတွေ ။ မိန်းမသားတွေ ပဲ ဆိုပြီး ထိကပါးရိကပါး လုပ်တာမျိုး ၊ အနှောင့်အယှက် ပေးတာမျိုး ၊ မဟုတ်တာ လုပ်တာမျိုးတွေ ဆို တွေးမနေနဲ့ ၊ စိတ်ကူး မနေနဲ့ ၊ ဒုက္ခ ပေးလာဖို့ ကြံလာရင်တော့ အမေ က ရှေ့က တုတ်ဆွဲ ၊ ကျွန်မ က ထဘီတိုတို ဝတ်ပြီး လိုက်တော့တာ ။ အော်ဟစ်ဆဲဆို ကြိမ်းမောင်းလိုက်တာနဲ့ တင် တစ်ဖက် က အမြီးကုပ် နေပြီ ။ အဲဒါကြောင့် တချို့ က ဖြုံတယ် ။


တစ်ခုတော့ ရှိတယ် ။ ကျွန်မ အမေက ဖဲဝါသနာ ပါ တယ် ။ ကျိတ်ဝိုင်းလေးတွေ မှာ ဝင်ဝင် ဆော့တယ် ။ အမေ ဖဲကစား တာ ပါးနပ်တယ် ။ ထမင်းဖိုး ၊ ဟင်းဖိုးလေး ရတယ်ဆို ထ,ပြန်လာရော ။ တကယ်တော့ ဝါသနာ ကြီးတာ ။ ဘယ်မှာမှ ဝိုင်း မဖြစ်ဘူး ဆိုရင် ကျွန်မ ကို အတင်း ခေါ်ပြီး ရိုက်တော့တာ ။ အစက ကျွန်မ ဖဲ အကြောင်း ဘယ် နားလည်ပါ့မလဲ ။ နောက်တော့ အမေ သင်ပေးရင်း သင်ပေးရင်း နည်းနည်းပါးပါး တတ်လာတယ် ။ မှန်ရာ ပြောရရင် ကျွန်မ ဖဲရိုက်ရတာ ကို အာရုံ သိပ်မရဘူး ။ ပျင်းတယ် ။ အမေ ကတော့ ကျွမ်းကျင်တဲ့ အဆင့် ရောက်နေပါပြီ ။ ဖဲ - ဒေါ်လွန်း ဆို တစ်ရပ်ကွက် လုံး သိတယ် ။


 ••••• ••••• ••••• 


၃ ။


ခိုင်အောင် က ကျွန်မ က ချစ်တယ်လို့ ပြောလာတဲ့ အချိန်မှာ ကျွန်မ ရင်ခုန်မိတာ တော့ အမှန်ပဲ ။ အပျိုစစ်စစ်လေးကိုး ၊ မနူးမနပ်လေးကိုး ။ အဲဒီတုန်းက ကျွန်မ အသက် အလွန်ဆုံး ရှိမှ ၁၇ ထက် မပိုပါဘူး ။ အတွေ့အကြုံ ဆိုတာလည်း ဘာမှ မရှိ ။ ခိုင်အောင် ဟာ ရိုးသားတယ် ။ ဘယ်လို အလုပ်ကြမ်းမျိုး မဆို လုပ်နိုင်တယ် ။ အရက် မသောက် ၊ လောင်းကစား မလုပ်ဘူး ။ အမေ့ ကို မရဲတရဲ ပြောကြည့်တော့ -


“ ညည်း ကြိုက်ရင် ယူ လိုက်လေ ၊ ခိုင်းစားလို့ ရတာပေါ့ ” 


ကြည့် ၊ အမေ ပြောပုံက ဒဲ့ ( တဲ့ ) ကြီး ။ ငါ့ သမီး ငယ်ပါသေးတယ်လို့ လည်း တစ်ခွန်း မှ မဟဘူး ။ ပူပင်သောက လည်း ရှိပုံမရဘူး ။ အမေ က ခိုင်အောင့် အကြောင်း သိနေ သူ ။ ဒါကြောင့်လည်း ဘာမှ ထွေထွေထူးထူး မပြောတာ လည်း ဖြစ်နိုင်တယ် ။ ထားပါတော့ ။ ဒါနဲ့ပဲ ကျွန်မ နဲ့ ခိုင်အောင် သမီးရည်းစားတွေ ဖြစ်သွားကြတယ် ။ ဒီနေရာ မှာ ပြဿနာ ဖြစ်လာတာက သူ့ အမေ နဲ့ သူ့ အစ်မ တွေပဲ ။ သူတို့ က ကျွန်မ ကို ကုန်စိမ်းသည် ၊ ဖဲသမား ရဲ့ သမီး နဲ့ မပေးစားနိုင်ဘူး လို့ ဆိုလာတယ် ။ အဲဒီ စကား အမေ့ နား ရောက်တော့ ဘယ်ပြော ကောင်းပါ့မလဲ ၊ ဒေါသတွေ တဖွားဖွား နဲ့ ပေါက်ကွဲ တော့တာပေါ့ ။ သိတယ် မဟုတ်လား ။ အမေ ပဲ ။ ခိုင်အောင့် အိမ် ကို သွားပြီး ပွဲကြမ်းတော့တာပေါ့ ။ အဲဒီ အချိန် ခိုင်အောင် လည်း အိမ် မှာ ရှိနေတယ် ။ သူ့ အစ်မတွေ က ကျွန်မတို့ ကို ချိုးချိုးဖဲ့ဖဲ့တွေ ပြော ၊ အမေ က လည်း သူတို့ ငယ်ကျိုးငယ်နာတွေ ဖော် ။ အို ... ဖြစ်လိုက်ကြတာ ၊ ရပ်ကွက် က လာ ကြည့်တဲ့ လူတွေ တင် မနည်း ဘူး ။ ကျွန်မ မှာ ရှက်လွန်းလို့ အမေ့ကို အတင်း ဆွဲပြီး ပြန်ကြဖို့ပဲ အတန်တန် ပြောနေရတာ ။ ဒီနေရာမှာ အမေ က ခပ်ပြတ်ပြတ်ပဲ ။ 


“ ဟေ့ကောင် ... ခိုင်အောင် ”


ငြိမ်ငြိမ်ကုပ်ကုပ်လေး ထိုင်နေတဲ့ ခိုင်အောင့် မျက်လုံး တွေ က မျောက်မျက်လုံးလေးတွေနဲ့ တစ်ပုံစံတည်း ။ ကလယ်ကလယ် နဲ့ ဟိုဘက် ကြည့်လိုက် ၊ ဒီဘက် ကြည့်လိုက် ။


“ မင်း ... ငါ့ သမီး ကို တကယ် ချစ်တာလား ” 


ချက်ချင်း မဖြေနိုင်သေးဘူး ။ သူ့ ကြည့်ရတာ လည်ချောင်း ထဲ အလုံးကြီး တစ်လုံး ဆို့နေသလိုပဲ ။ 


“ ပြောလေ ” 


ခပ်ထန်ထန်လေး အော်လိုက် မှ ကြောက်လန့်ပြီး ထစ် ထစ်ငေါ့ငေါ့နဲ့ - 


“ ဟုတ် ... ဟုတ် ... ဟုတ်ကဲ့ ”


အဲဒီလို ပြောတော့ အစ်မ တစ်ယောက် က တံမြက်စည်း နဲ့ ခိုင်အောင့် ကို ဖြောင်းခနဲ ဖြောင်းခနဲ နေအောင် ရိုက်တော့တာပဲ ။ သူ ဘာမှ ပြန် မလုပ်ရှာဘူး ။ မျက်ရည်လေး ဝဲပြီး ပေခံတယ် ။


“ ဟဲ့ ဘာလို့ ကျွဲရိုက် ၊ နွားရိုက် ရိုက်နေတာတုံး ” 


“ ရှင်နဲ့ ဘာဆိုင်လဲ ။ ဒါ ကျုပ် မောင် ၊ ကျုပ် မောင် ကို ကျုပ် ရိုက်တာ ဘာဖြစ်လဲ ။ ခွေးဖြစ်မယ့်ကောင် ” 


အမေ က မျက်နှာကြော ကို ထပ်တင်းလိုက်ပြီး - 


“ ဟေ့ ခိုင်အောင် ” 


“ ဗျာ ”


အသံ က တိုးတိုးတိမ်တိမ် ... ။


“ မင်း ငါ့သမီး ကို တကယ် ယူရဲလား ” 


“ ဟုတ် ... ဟုတ်ကဲ့ ” 


တွေ့ပြီ ။ သူ့ အမေ က လက်မောင်း ခေါက်တင်လိုက် ပြီး ဝင် ဗျင်းတော့တာ ။ ကျောကုန်းတွေ ထု ၊ တုတ်တွေ နဲ့ ရိုက် ၊ တစ်ချောင်း ကျိုး တစ်ချောင်း ယူ ။ ပါးတွေချ ။ ကျွန်မ လေ ကြည့်ရင်းကြည့်ရင်း အသည်းတွေ ယားလာ ပြီ ။ ဖြစ်နိုင်ရင် နပန်း ဝင်လုံး လိုက်ချင်တာ ( စိတ်ကူး ထဲ မှာ တော့ နပန်း ဝင် လုံးလိုက် ပါတယ် ။ ဆံပင်တွေ ဆွဲ ဆောင့် ၊ ခေါင်းကို မြေကြီးနဲ့ တိုက် ။ လက်နှစ်ဖက် က ဘယ်ပြန် ၊ ညာပြန် ပါးနှစ်ဖက် ကို ရိုက် ။  အို အရသာ ရှိလိုက်တာ ။ ) ။ ဒါပေမဲ့ လက်တွေ့ မှာတော့ တကယ် မလုပ်ဖြစ်ခဲ့ပါဘူး ။ အမေ က မဲ့ပြုံးလေး ပြုံးလိုက်ပြီး - 


“ အေး မင်း ငါ့ သမီးကို တကယ် ယူရဲတယ် ဆို ရင် အချိန်မရွေး ငါ့ အိမ်လာခဲ့ ။ ငါ ကိုယ်တိုင် ရုံး မှာ သက်သေလက်မှတ် ထိုးပြီး ပေးစားမယ် ” 


ဒါပဲ ပြောပြီး ကျွန်မ တို့ ပြန်လာခဲ့တယ် ။ ဘာ ကြာလိမ့်မလဲ ။ ခိုင်အောင် ပေါက်ချလာတယ် ။ အမေ က သူ့ ကတိ အတိုင်း ရုံး ခေါ်သွားပြီး သက်သေ နေရာမှာ သူ ကိုယ်တိုင် လက်မှတ်ထိုး ပေးစားလိုက်တာ ။ နောက်ပိုင်း ခိုင်အောင် တို့ ဘက်က အသံ ထွက်လာတယ် ။ သူ့ သား ကို “ အမွေပြတ် ” တဲ့ ။ အမေ ကြားတော့ ခွက်ထိုးခွက်လန် ရယ်တာပေါ့ ။


“ အမယ်လေးဟဲ့ ၊ ဒင်းတို့ က အမွေတွေ သိပ် ရှိတာ ကိုး ။ နေတော့ တဲစုတ် ၊ သောက်တော့ ရွှံ့ရည် ၊ စားတော့ ကောက်ရိုး ၊ ကျူးကျော် ကန်စွန်းခင်းလေး တစ်ခင်း ပိုင်ပါတယ် ။ ဒါကို အဟုတ်ကြီး မှတ်ပြီး အမွေပြတ်ဦးမတဲ့ တော် ဟား .. ဟား ... ဟား ၊ အရပ်ကတို့ရေ တွေးသာ တွေးကြည့်ကြပါတော့ ” 


မင်္ဂလာဆောင် ဖို့လား ။ ဝေးသေး ။ အရှေ့ ခုနစ်အိမ် ၊ နောက် ခုနစ်အိမ် လူကြီးတွေ လောက်သာ ဖိတ်ပြီး ပုဆိုးတန်းတင် အကြင်လင်မယား အဖြစ် အသိအမှတ်ပြုလိုက်ရတာ ။


 ••••• ••••• ••••• 


၄ ။


ခိုင်အောင် သူ့ အိမ် ဘယ် ပြန်လို့ရပါ့မလဲ ။ ကျွန်မတို့ နဲ့ အတူ နေတာပေါ့ ။ ယောက်ျား တစ်ယောက် ကို တကယ် ယူကြည့်တော့ မှ အဲဒီ ယောက်ျား ရဲ့ အားနည်းချက် တွေကို တစ်စတစ်စ သိလာရတယ် ။ ရိုးသားတာ မှန်ပါတယ် ။ မသောက်မစား ၊ လောင်းကစား မဖက်တာ မှန် ပါတယ် ။ ကြမ်းကြမ်းတမ်းတမ်း လုပ်နိုင်ကိုင်နိုင်တာ မှန် ပါတယ် ။ ဒါပေမဲ့ ဘယ်တော့မှ ခေါင်း မသုံးဘူး ။ ဉာဏ် ကို မလွှာတတ်ဘူး ။ ခိုင်းရင် ခိုင်းသလောက်တော့ အကုန်လုပ်တယ် ။ ပို မလုပ်ဘူး ။ အဲဒီလောက်ထိ သစ္စာရှိတာ ။ နောက်ပြီး ကန်စွန်းရွက် ခူးတာက လွဲရင် တခြား အသက်မွေးဝမ်းကျောင်းပညာ ဘာမှ မတတ်ဘူး ။ ပညာ အရည်အချင်း က ၄ တန်း ။ ဒီတော့ ကျွန်မ က လက်သမားလေး ၊ ပန်းရန်လေး သင်ခိုင်းရတယ် ။ သင် ဆိုရင်တော့ သင်ပါတယ် ။ ဆရာတွေ နောက် လူကြမ်း လိုက် လုပ်ရင်း သင်ရတာ ။ ဒါပေမဲ့ ထုံတာ ၊ ထိုင်းတာ ၊ မသွက်တာကြောင့် တော်တော်လေး သင်ယူရတယ် ။ ကျွန်မ မှာ ဗိုက်ကြီးတကားကား နဲ့ ဟင်းရွက်စုံ ရောင်းတဲ့ ဘဝ က မလွတ်သေးပါဘူး ။


ကျွန်မ သားဦးလေး မွေးတယ် ။ နာမည် ကို တော့ တနင်္လာသားမို့ ချမ်းမြေ့ လို့ပဲ ရိုးရိုးလေး ပေးလိုက်တယ် ။ သားလေး ၂ နှစ် အရွယ် လောက် ရောက်တော့ ခိုင် အောင့် လက်သမားဆရာ က ပျဉ်းမနား မှာ အလုပ် သွား လုပ်ဖို့ရှိတယ် ။ စီမံကိန်းအိမ်ရာတွေ ဆောက်ရမှာတဲ့ ။ လနဲ့ ချီပြီး အလုပ် လုပ်ရမယ် ။ အိမ် ကို တော့ တစ်လတန်သည် ၊ နှစ်လတန်သည် တစ်ခေါက် လောက် ပြန်ခွင့် ရမတဲ့ ။ နေ့စားခ ကလည်း မဆိုးဘူး ။ 


အဲဒီတုန်းက ဒီမှာ အလုပ်တွေ ရှားနေချိန် ။ လိုက်သွားပေါ့ ။ ကျွန်မ ခွင့်ပြုလိုက် ပါတယ် ။ ပထမတော့ တစ်လ တစ်ခေါက် မှန်မှန် ပြန်ရောက်တယ် ။ ရတာလည်း အကုန် ပြန်အပ်တယ် ။ အရက် မသောက် ၊ ကွမ်းမစား ၊ ဆေးလိပ်မဖွာ တော့ အသုံးစရိတ် သက်သာတယ် ။ နောက်ပိုင်း တော့ နှစ်လ တစ်ခါ ၊ သုံးလ တစ်ခါသာ ပြန်ရောက်လာတော့တယ် ။ 


“ အလုပ်တွေ ကျပ်နေလို့ပါ တင်ကြည်မရယ် ” 


“ နင် လိမ်နေတာ မဟုတ်ဘူးနော် ”


“ တကယ် ... တကယ် ပြောတာပါ ”


မျောက်မျက်လုံး နဲ့ တူတဲ့ သူ့ မျက်လုံးတွေက ပေကလတ် ၊ ပေကလတ် နဲ့ သိပ်ဂနာ မငြိမ်ချင်ဘူး ။ သူ့ ဆရာ ဆီ ဖုန်းဆက် မေးကြည့် တော့ လည်း ဟုတ်ပါတယ်တဲ့ ။ 


“ ကဲပါ ၊ ထားပါတော့ ဘာလို့ ရတဲ့လစာတွေ လျော့ လာရတာလဲ ” 


“ ငါ နည်းနည်း အသုံး လွန် သွားလို့ပါ ။ အပေါင်း အသင်း နဲ့ တွေ့တော့လည်း ကိုယ့်ဘက်က အကုန်ကျ မခံလို့ မဖြစ်ဘူးလေ ” 


တစ်နှစ်ကျော် လောက် ကြာတော့ သတင်းဆိုး တစ်ခု ကြားလာရတယ် ။ ဒီကောင် ဟိုမှာ မိန်းမ ရနေပြီ ၊ ကလေး တောင် မွေးခါစလေးတဲ့ ။ မိန်းကလေး ဆိုလားပဲ ။ ကျွန်မ ခေါင်းတွေ မီးတောက်ရပြီ ။ ဒီလောက် နုံ အ , တဲ့ ကောင် ခုလို ဖြစ်တာ ကျွန်မ မယုံဘူး ။ သူ့ ဆရာ ဆီ ဖုန်းဆက် တော့ စက်ပိတ်ထားတာ ၊ ဆက်သွယ်မှုပြင်ပဧရိယာ ရောက်နေတာ ၊ ဖုန်း မကိုင်တာ ။


“ တောက် ” 


ကျွန်မ ဒေါသတွေ ပေါက်ကွဲ သွားတာ အလိပ်လိုက် အလိပ်လိုက်ပါပဲ ။ ကျွန်မ ချက်ချင်းပဲ ကလေး ကို အမေ နဲ့ ထားခဲ့ပြီး ပျဉ်းမနား ကို လိုက်သွားတယ် ။ တွေ့ပြီ ။ ရထားတဲ့ သတင်း က ကွက်တိပဲ ။ အလုပ်သမားတွေ နေဖို့ ဆောက်ထား တဲ့ တဲလေး ထဲမှာ ။ ကောင်မလေး က ကျွန်မ ထက် ငယ်တယ် ။ ကလေး က မွေးခါစ နီတာရဲလေး ။ သုံးယောက် ဆုံချိန်မှာပဲ ကျွန်မ က ထဘီ တိုတို ပြင် ဝတ်လိုက်ပြီး - 


“ ဟဲ့ကောင် ... ပြောစမ်း ၊ ဒါ နင် နဲ့ ရတဲ့ကလေးလား ” 


သူ အသားတွေ တဆတ် ဆတ်ကုန်ပြီး ဘာပြန် ပြောရ မှန်း မသိတဲ့ ပုံစံမျိုး ။ ကြောက် လည်း ကြောက်နေတယ် ။ 


“ ဟဲ့ကောင် ၊ ငါ မေးနေတယ်လေ ၊ မြန်မြန် ပြောစမ်း ” 


အတော်လေး ကြာမှ သူ က ခေါင်းကို အသာညိတ် တယ် ။ ကျွန်မ ရင်ထဲ ပူခနဲ နင့်ခနဲ ။ ထိန်း မရတော့ဘူး ။ ကျွန်မ ချက်ချင်း ဝုန်းဆို သူ့ အနား တိုးကပ်သွားပြီး ဆံပင်တွေ ဆွဲဆောင့် ၊ ပါးတွေ ရိုက် ၊ ကိုယ်တွေ ထု ၊ ဝုန်းဒိုင်း ကို ကြဲကုန်တော့တာပါ ။ သူ တစ်စက် မှ ပြန် ခံ မလုပ်ဘူး ။ လက် နှစ်ဖက် နဲ့ ကာတာလောက်ပဲ ။ မကျေနပ်ဘူး ။ လုံးဝ မကျေနပ်ဘူး ။ ဒါဟာ ဖြစ်သင့်တဲ့ အရာလား ။ ကောင်မလေး က ကလေး ကို ရင်ခွင် ထဲ ပိုက်ပြီး လက်အုပ်လေး ချီလို့ - 


“ အစ်မလေး ရယ် ၊ သမီးတို့ ကို ခွင့်လွှတ်ပါ ။ သမီးတို့ မှားမိပါတယ် ။ ကိုလေး ကို မရိုက်ပါနဲ့ ။ တောင်းပန်ပါတယ် ။ အစ်မလေး ရယ် သမီး တောင်းပန်ပါတယ် ” 


ကောင်မလေး က မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျပြီး ရှိခိုးတောင်းပန်တာ ။ 


“ ဘာ ခွင့်လွှတ်ရမှာလဲ ။ ဘာမှ ခွင့်မလွှတ်နိုင်ဘူး ။ ဒီ အမျိုးယုတ် ၊ လူယုတ်မာ ကို သ,တ်ပစ် မှ အေးမှာ ။ ဟဲ့ကောင် နင့် ကို သ,တ်ပစ် မှ အေးမှာ ”


“ မလုပ်ပါနဲ့ အစ်မလေး ရယ် ၊ မလုပ်ပါနဲ့ ”


ကျွန်မ အနား က ဝက်ခုတ်ဓား ကို ကောက်ကိုင်လိုက်တယ် ။ သူ က မကြောက်မရွံ့ ထိုင်လျက်နဲ့ လည်စင်း ခံနေ တယ် ။ ကျွန်မ မျက်လုံး ထဲ မီးဝင်းဝင်း တောက်ပြီး ဘာမှ မမြင်တော့ဘူး ။ ရှေ့ ကို တိုးလာတုန်း ဘီယာဘူးခွံ နင်းမိတာနဲ့ ခြေထောက်နဲ့ ကန်ထုတ်လိုက်တယ် ။ တိုက်တိုက်ဆိုင်ဆိုင် ကလေး ကို သွားမှန်တယ် ။ ကလေးခမျာ အာခေါင်ချစ် ပြီး ငိုရှာပါလေရော ။ ကျွန်မ တစ်ကိုယ်လုံး ကျင်စက် နဲ့ အတို့ ခံလိုက်ရသလို တုံ့သွား တယ် ။ တစ္ဆေသူရဲ တစ်ကောင် ဝင်ပူး နေသလိုပါပဲ ။ အဲဒီတုန်း သူ့ ဆရာ နဲ့ အလုပ်သမား တချို့ ကမျောသောပါး ရောက်လာကြပြီး ကျွန်မ ကို ချုပ်လိုက်တယ် ။ ကျွန်မ ပါးစပ် ကတော့ အသံ နက်နက်ကြီး နဲ့ ဒီကောင့် ကို သ,တ်မယ် ဆိုတာချည်းပဲ အော် နေတော့တာ ။ 


“ ငါ မှားသွားပါတယ် တင်ကြည်မ ရယ် ” 


“ ဒါ .. ဒါ မှားစရာလား ၊ မှားစရာလားဟဲ့ ” 


“ သမီး အစက ဒီလိုမှန်း မသိခဲ့လို့ပါ အစ်မလေး ရယ် ၊ ပေးချင်တဲ့ အပြစ် ပေးပါ ။  သမီးလေး မျက်နှာ ထောက်ပြီး ကျွန်မတို့ ကို ခွဲမသွားပါနဲ့နော် ”


“ ညည်းတို့ ကို ခွဲမသွားပါနဲ့ ဆိုတော့ ငါ က ငါ့ လင် ကို ခွဲရတော့မှာပေါ့ ၊ ဟုတ်လား ” 


အဲဒီ နေ့ က ကမ္ဘာပျက် တဲ့ နေ့ပါပဲ ။ ကျွန်မ တစ်ယောက်တည်း ကြမ်းနေတာ ။ မိန်းမကြမ်းကြီး ကို ဖြစ်လို့ ။ နောက်တော့ ကျွန်မ သွေးအေးအေး နဲ့ စဉ်းစားတယ် ။ မိန်းမသားချင်း လည်း ကိုယ်ချင်းစာတာမို့ -


“ ကောင်းပြီ ၊ ခုချိန်က စပြီး ငါ့ ကို ရော ၊ နင့် သား ကို ပါ ဘာမှ မသက်ဆိုင်တော့ ဘူး မှတ်လိုက် ” 


သူ့ ကို စာချု ပ်မှာ ကွာရှင်းလက်မှတ် ထိုး ခိုင်းပြီး ကျွန်မ ပြန်လာခဲ့တယ် ။ ဘာ များ တတ်နိုင်ဦးတော့မှာလဲ ။ စိတ် ထဲ မှာတော့ တကယ့်ကို နာကြည်းခဲ့ရပါတယ် ။


  ••••• ••••• •••••  


၅ ။


ဒုတိယ ယောက်ျား အံ့မောင် ကို ယူဖြစ်တာ လည်း အမေ နဲ့ ဖဲကစားဖက် ဒေါ်သိန်းငွေ ကြောင့်ပါ ။ 


“ မိန်းမသား ဆိုတာ လင် ယောက်ျား မရှိရင် ဘယ် တင့်တယ်ပါ့မလဲ တင်ကြည်မ ရယ် ။ တို့က ရေရှည် ကို ကြည့် ပြီး ပြောတာနော် ” 


ပတ်ဝန်းကျင် က ကလေး တစ်ယောက် နဲ့ ဖြစ်နေ တဲ့ ကျွန်မ ကို အမျိုးမျိုး ဝိုင်းပြောကြတာပါ ။ ကျွန်မ အတန်တန် ငြင်းပါသေးတယ် ။ ကလေး တစ်ဖက် နဲ့ ရုန်းနေရတဲ့ လမ်းကြောင်း မှာ လည်း အတော် ပန်းနေပြီ ။ အဓိက က အားကိုးချင်တာ ။ နောက်ပိုင်း အံ့မောင် ဆိုတဲ့ လူနဲ့ မိတ်ဆက်ပေးတယ် ။ အပိုး ကျိုးကျိုးပါပဲ ။ စာလေးဘာလေး ဖတ်တယ် ။ ဗဟုသုတလေး ကြွယ်တယ် ။ ဘယ် အတန်း ထိ တက်ခဲ့ဖူးတယ် ဆိုတာတော့ ကျွန်မ မမေးမိ ဘူး ။ ရုပ် မဖြောင့်ပေမဲ့ သပ်သပ်ရပ်ရပ် နေတယ် ။ လက်ရှိ ရေသန့်စက်ရုံ မှာ အလုပ် လုပ်တယ် ။ လစာမ ဆိုးဘူးလို့ ပြောတယ် ။ သူ က လူပျို ။ ကျွန်မ က ကလေး တစ်ယောက် နဲ့ မုဆိုးမ ။ 


“ ချမ်းမြေ့လေး ကို ကိုယ့် သားလို သဘောထားပါ့မယ် ”


ကိုအံ့မောင် ဟာ ကျွန်မ ထက် ကြီးတယ် ။ အမေ့ အပေါ် လည်း သိတတ်လိုက်တာ အလွန်ပါ ။ ဒေါ်သိန်းငွေ က ကျွန်မ ကို ခဏခဏ နားချတယ် ။


“ ကိုယ့် ဘေးနား ယောက်ျား တစ်ယောက် ရှိတော့ လုံခြုံ စိတ်ချရတာပေါ့အေ ” 


ကျွန်မ အမေ့ ကို တိုင်ပင် တော့ ညည်း သဘောတဲ့ ။ နောက်တော့ ကျွန်မ ကိုအံ့မောင် ကို ယူလိုက် တယ် ။ ပထမ တော့ ဟုတ် မလိုလိုပါဘဲ ။ နောက်မှ ကျွန်မ မှားသွားပြီ ဆိုတာ သိလိုက်ရတယ် ။ ကိုအံ့မောင် က လိမ်တတ် ၊ ညာတတ် သူ ။ လက်ကြော မတင်းတဲ့သူ ။ အရက် ကို ညနေတိုင်း မှန်မှန် သောက်တတ်သူ ။ 


သူ ရေသန့်စက်ရုံ မှာ လုပ်တယ် ဆိုလို့ အထင်ကြီး လိုက်တာ ။ ဘယ်ဟုတ်ပါ့မလဲ  ။ တကယ်တော့ အပေါက်စောင့် ။ လစာ က မဖြစ်စလောက်နဲ့ ။ ပြီးတော့ အကြွေး က ပတ်လည်ဝိုင်း လို့ ။ ကျွန်မ ကို ယူလိုက်တော့ သူ့ အကြွေးတွေ က ကျွန်မ ဆီ ကူးစက် တော့ တာပေါ့ ။ ယောက်ျားကြီး တစ်ယောက်လုံး ဖြစ်ပါရဲ့ သိက္ခာ မရှိဘူး ။ ကတိ မတည်ဘူး ။ ဘာမှကို လေးလေးနက်နက် မထားတာ ။ မနက်စာ စား နေရရင် ညစာ အတွက် မပူဘူး ။ 


နောက်ပိုင်း ပို ဆိုးလာ တာက အရက် ကို အရင် ထက် ပို သောက်လာတာပဲ ။ ကျွန်မ နဲ့ စကားများရတာ ခဏ ခဏ ။ သူ က ပညာတတ်လိုလို ၊ ပညာရှင် လိုလို စကားလုံး အကြီးကြီးတွေ နဲ့ ကိုင်ကိုင်ပေါက်တာ ။ ကျွန်မ သူ ပြောတဲ့ စကား တော်တော်များများ ကို နားမလည်ဘူး ။ ဘာပဲ ပြောပြော ကျွန်မ အမေ ရဲ့ ဝါးရင်းတုတ် ကို သူ လန့်တယ် ။ အမေ ရောက်လာ တာနဲ့ တစ်နေရာရာ ကို ရှောင် ပြေး တော့တာပဲ ။


ကျွန်မ မှာတော့ ဈေးတောင်း ခေါင်းပေါ် ရွက် ဘဝ က လွတ်မလားလို့ စိတ်ကူးခဲ့ ပေမဲ့ မလွတ်ခဲ့ပါဘူး ။ ကျွန်မ သား ချမ်းမြေ့ သူ့ အနား ကို ဘယ်တော့မှ မကပ်ဘူး ။ ကလေး တစ်ယောက် အပေါ် အကြင်နာတရား ပြသဖို့လည်း သူ ဘယ်တော့မှ စိတ်မကူးဘူး ။


တစ်ရက် ။ သူ စက်ရုံ က အလုပ်ပြုတ် သွားတယ် ။ လုပ်ငန်းခွင် မှာ ခဏ ခဏ အရက်ခိုး သောက်တာ မိသွားလို့ပါ ။ အလုပ် ပြုတ်တော့ ကျွန်မ နဲ့ စကား များကြတာပေါ့ ။ အဲဒီနောက် သူ ဘယ်ကိုမှ ဝင်မလုပ်တော့ဘူး ။ ဒင်း ( သင်း ) က တိုတိုထွာထွာလေးတွေ လုပ်တတ်တယ် ။ စက်ပစ္စည်း ပြင်တာ ၊ လျှပ်စစ်အကြောင်း နားလည်တာ ၊ တီဗွီလေး ၊ အောက်စက်လေး ပြင်တတ်တာ ။ ဒါလေးနဲ့ပဲ စက်ဘီး တစ်စီး နဲ့ အပြင်ထွက် ၊ အရက်ဆိုင် မှာ သောက်ရင်း စနည်းနာ ၊ ခေါ်တာလေး လိုက်ပြင် ၊ အရက်ဖိုး ရတော့ ထပ်သောက် ၊ ဒီလိုနဲ့ အရက်သမား စစ်စစ် ဘဝ ကို ရောက်ခဲ့တာ ။ 


မနက် ဆို  ထွက် ၊ သူ ရတာလေး နဲ့ အပြင် မှာ စား ၊ အပြင် မှာ သောက် ။ ညတိုင်း မူးပြီး ပြန်လာတာ ။ တစ်ခုတော့ တော်ပါသေးတယ် ။ ဘယ်လောက် မူးမူး ပြန်လာ ရင် စကား မများဘူး ။ ရန် မလုပ်ဘူး ။ ပတ်ဝန်းကျင် ကို စိန်မခေါ်ဘူး ။ 


“ ရှင် ကျွန်မ ကို ဘာမှ မပြောတော့ဘူးလား ” 


“ ဘာမှ ပြောစရာ မကျန် တော့ဘူး ။ အရက်ဆိုင်မှာ အကုန် ပြောခဲ့ပြီးပြီ ” 


နောက် ... ခေါင်းထိုး အိပ်တော့တာ ။ ရစ် လို့ လည်း သူ မရဘူး ။ အမေ ရှိနေတာ ကိုး ။ ကျွန်မ က သာ သူ့ ကို ကြည့်ပြီး စိတ်နာလို့ ပူညံ ပူညံ လုပ်တတ်တာ ။ မပူညံ လို့ လည်း မရဘူး ။ ကျွန်မ မှာ နောက်ထပ် ဗိုက်ကြီးနေပြီ ။ လက်လွန် သွားပြီမို့ ကျွန်မ လည်း မတတ်နိုင်တော့ဘူး ။ ဒီတော့ ဝဋ် ရှိသမျှ ခံပေဦးပေါ့ ။


သမီးလေး မွေးတယ် ။ သန်သန်စွမ်းစွမ်း မဟုတ်ဘူး ။ မွေး ကတည်းက ပိုလီယိုရောဂါ ပါလာတာ ။ သူ က နည်းနည်း နှာခေါင်း ရှုံ့ချင်တယ် ။ ဒါ အဖေ တဲ့ လား ။ ကျွန်မ မှာတော့ ဝမ်း နဲ့ လွယ် မွေးထားရတာမို့ ကျိုးကျိုးကန်းကန်း မသန်စွမ်းလည်း ချစ်ရမှာပဲ ။ ကျွန်မ က ကလေး ငယ်သေးပေမဲ့ ရသလောက် ကုမယ်လို့ ဆုံးဖြတ်ထားပြီးသား ။ ဒင်း ( သင်း ) က ကလေး အနားကို တော်ရုံ မကပ်ဘူး ။ ခပ်ရှောင်ရှောင် ။


“ ရှင် ဒီအတိုင်းပဲ ကြည့် နေတော့မှာလား ”


“ ကြည့် မနေတော့ လည်း ငါတို့ က ဘာလုပ် တတ်တာမို့လဲ ” 


“ ရှင့် အတွေးအခေါ် တွေ ၊ ဒဿနတွေ ဒါ အကုန် ပဲလား ”


အမေ ကတော့ တတ်သမျှ မှတ်သမျှလေး တွေနဲ့  ပြု စုရှာပါတယ် ။ အဲဒီ နောက်ပိုင်း သူ အရက်တွေ ပိုသောက်လာတယ် ။ ပိုပို ဆိုးလာတယ် ။ သမီးလေး အခါလည် အရွယ်သား ရောက်တော့ ကိုအံ့မောင် အရက်ကြောင် ကြောင် တော့တာပဲ ။ တစ်ယောက်တည်း စကား တွေ ပြော လို့ ပြော ၊ ည လည်း သိပ် မအိပ်တော့ဘူး ။ အရက်ဆိုင် မှာ အရက်ခွက်တွေ သွန် လို့ သွန် ၊ လမ်းသွား လမ်းလာတွေ ကို မဟုတ်က ဟုတ်က ပြော ။ ဘာတွေ ပြောမှန်း လည်း မသိဘူး ။ နောက်ပိုင်း တဖြည်းဖြည်း ပိုဆိုးလာ တယ် ။ တချို့က - 


“ နင့်ယောက်ျား ရူးသွား ပြီ ၊ ရွာသာကြီး ပို့လိုက် ” 


အမေ က ရှက်လို့ ဆိုပြီး လက်မခံတော့ဘူး ။ အိမ် က နှင်ချရော ။ ဒီတော့ လမ်းပေါ် အိပ် ၊ လမ်းပေါ် သောက်ပေါ့ ။ အစားအသောက် မမှန်တော့ လူ က ပိန်ချုံး လာတယ် ။ အဖြစ်က တော်တော် ဆိုးပါ တယ် ။ နောက်ဆုံး ရပ်ကွက်လူကြီးတွေ မနေနိုင်တော့ဘဲ စရိတ် စိုက်ပြီး ရွာသာကြီး ပို့လိုက်ကြတယ် ။ 


နောက် ရွာသာကြီး က နေ ထွက်ပြေးသွားတယ် ဆိုတဲ့ သတင်း ထွက်လာပြီး စုံးစုံး ကို မြုပ်သွားတော့တာ ။ ဘယ်ရောက်လို့ ဘယ်ပေါက် မှန်း မသိ ။ ဒါဟာ ကျွန်မ အတွက် ကံကောင်းတယ် ပြောရမှာပါ ။ တော်ပါပြီ ။ ကျွန်မ ယောက်ျားတွေ ကို တော်တော် လန့်သွားခဲ့တာ ။ ကျွန်မ ရင်ထဲ မှာတော့ သူ ဟာ သေသွားပြီ ။


  ••••• ••••• ••••• 


၆ ။


ကျွန်မ တွေးကြည့်ဖူးပါတယ် ။ ယောက်ျား ဖြစ်ဖြစ် ၊ မိန်းမ ဖြစ်ဖြစ် ကိုယ် နဲ့ သွေးသား မတော်စပ်တဲ့ သူစိမ်း နဲ့ ပေါင်းဖို့ ဖြစ်လာတဲ့အခါ ထီ ထိုးရသလိုပဲ ဆိုတာ ။ တချို့ လင် က ကောင်းပါလျက်နဲ့ မယား က ဆိုးတာ ။ တချို့ကျတော့ လည်း လင် ရော ၊ မယား ရော လိုက်ဖက်ညီလိုက်တာ ။


ကျွန်မ ကံ ကိုက ဆိုးတာပါ ။ ကျွန်မ သူတို့ အပေါ် မဟုတ်တာ မလုပ်ခဲ့ဘူး ။ မဖောက်ပြန်ခဲ့ဘူး ။ မလော်မာခဲ့ဘူး ။ ဒါပေမဲ့ အတိတ်ဘဝ က အကုသိုလ်ကံတွေ သိပ် ကြီးလွန်းတော့ အခုလို အဖြစ် မျိုးတွေ ကြုံတွေ့ရတယ် ထင်ပါတယ် ။


ကျွန်မ အမေ့ အားကိုး နဲ့ ဘဝ ကို ကြံ့ကြံ့ခံ ဆက် ရုန်းခဲ့တယ် ။ ဒီနေရာမှာ အမေ သာ မရှိရင် ချာချာ လည်ပြီ ။ အမေ့ ကျန်းမာရေး က ဒေါင်ဒေါင်မြည် လို့ မပြောနိုင်ဘူး ။ ဟိုဟာလေး ကောက် ဖြစ်လိုက် ၊ ဒီဟာလေး ကောက် ဖြစ်လိုက် ၊ ဒီလိုနဲ့ ချမ်းမြေ့ ၅ နှစ် နဲ့ အငယ်မ လင်းလက် ၃ နှစ် အရွယ် ရောက်ခဲ့ပြီ ။ လင်းလက် မှာ လမ်းလျှောက် ဖို့ ဝေလာဝေး ။ ခေါင်း ကို တောင် ကောင်းကောင်း မမတ် နိုင် ရှာသေးဘူး ။ သွားရည်တွေ က ထွက် ၊ စကား ပြောချင်ရှာပေမဲ့ ဝူးဝူးဝါးဝါးပဲ ။


သားလေး ချမ်းမြေ့ က သမီးလေး လင်းလက် ကို အရမ်း ချစ်ရှာတာပါ ။ အညစ်အကြေး ကိစ္စတွေ ကို သူ ကိုယ်တိုင် ရှင်းတယ် ။ ရေချိုး ပေး တယ် ။ သနပ်ခါး လူးပေး ထားတာများ ညီလို့ ။ ထမင်း ကျွေးတယ် ။ ကစား ရင်လည်း အတူတူ ။ ညီမလေး ကို ကျောပိုးပြီး လမ်း ကို ထွက်တာ ။ အမေ က လည်း မြေးနှစ်ယောက် စလုံး ကို ချစ်ရှာတာပါ ။ အမေ အိမ် မှာ ရှိနေတာ ဆိုတော့ စိတ်အေးရတယ် ။ အရင်လို အိုးပစ်အိမ်ပစ် ဖဲဝိုင်း လည်း သိပ်မသွားတော့ပါဘူး ။


တစ်နေ့ ... ကျွန်မ တို့ အိမ်နား ကို ဦးကျော်လှ ဆိုတဲ့ လူတစ်ယောက် အိမ်ငှား အဖြစ် နဲ့ ပြောင်းလာတယ် ။ လူပျိုကြီး ပါ ။ ဥပဓိရုပ် က မဆိုးဘူး ။ ပိန်ပိန်သွယ်သွယ် ဆိုပေမဲ့ အသားလတ်တယ် ။ မျက်ခုံးကောင်းတယ် ။ နှုတ်ခမ်းပါးပြီး မျက်လုံးတွေ က တောက်နေတယ် ။ အနေ တည်တယ် ။ ပတ်ဝန်းကျင် နဲ့ ရောရောနှောနှော မလုပ်ဘူး ။ သူ့ အလုပ် က ကိုယ်ပိုင် TAXI မောင်းတာ ။ မိုးလင်း ဆို ထွက် ၊ မိုးချု ပ်မှ ပြန်လာတာမို့ အိမ်မှာ ရှိတဲ့ အချိန် နည်း တယ် ။ တစ်ခါတစ်ခါ သူ စိတ် မပါတဲ့ ရက်တွေ ဆို ထွက်ချင် မှ ထွက်တာ ။ အဲဒီအခါ စာအုပ် နဲ့ မျက်နှာ မခွာတော့ဘူး ။ သူ့ အပေါင်းအသင်းတွေ လာ လည်တတ်တယ် ။ အဲဒီအခါ ကျတော့ လည်း ပြောလိုက်တဲ့ စကား ၊ ဘာတွေ ပြော နေကြမှန်းတော့ မသိပါဘူး ။


နည်းနည်းလေး ကြာတော့ ရပ်ကွက် က ပြောတာ ဒီ လူ ဟာ နိုင်ငံရေးသမား ၊ ထောင်ကျဖူးတယ် တဲ့ ။ အစကတော့ ကျွန်မတို့ အိမ် နဲ့ ခပ်တန်းတန်းပါ ။ နောက်တော့ ကလေးတွေ နဲ့ စ , ခင်သွားတာ ။ သူ က ကလေးချစ်တတ်တဲ့ လူကိုး ။ အိမ် မှာ သူ့ အရိပ်အခြည် မြင်ရင် ချမ်းမြေ့ တို့ က သွား လည်တော့တာ ။ မုန့်ကောင်းကောင်းတွေ စားရ တာကိုး ။ ပြန် ရောက်ရင် ဘဘ က အရမ်း သဘော ကောင်းတဲ့ အကြောင်း ကြွားရ တာ အမော ။ မုန့် ကျွေးတာ အလကား ကျွေးတာတော့ မဟုတ်ဘူး ။ လိမ္မာရေးခြား ရှိအောင် သွန်သင်ဆုံးမတာ တွေကို လိုက်နာပါ့မယ် ဆိုတဲ့ ကတိ နဲ့ တဲ့ ။ နောက်တော့မှ ကျွန်မတို့ နဲ့ တစ်စတစ်စ ရင်းနှီး သွားတာပါ ။


••••• ••••• •••••  


၇ ။


ကျွန်မ သူ့ ကို အိမ်နီးချင်းကောင်း လို့ ယုံကြည်တယ် ။ အမှတ်တမဲ့ ဆိုသလို သစ်ပင် ၊ ပန်းပင်လေးတွေ စိုက်တာ ။ ငှက်ကလေးတွေ အစာကျွေးတာ ၊ လေလွင့်ခွေးတွေ ကို တစ်ပတ်တစ်ခါ သူ ကိုယ်တိုင် ချက်ကျွေးတာ ။ ခွေး ပဲ ဆိုပြီး ဘယ်တော့မှ ပစ်စလက်ခတ် မကျွေးဘူး ။ ကျကျနန ကို ကျွေးတာ ။ ဘာကြောင့်မှန်းတော့ မသိဘူး ။ ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့ ၊ ရာအိမ်မှူး တို့ ကို ခပ်တန်းတန်းပဲ ဆက်ဆံတယ် ။ အရောတဝင် မလုပ်ဘူး ။ ကျွန်မကို  စကား တစ်ခွန်း ပြောဖူးတယ် ။ “ ဒီကောင်တွေ သာကူးတွေ ” တဲ့ ။ 


ကျွန်မ ကတော့ ကျွန်မ နဲ့ ပတ်သက်ခဲ့ဖူးတဲ့ လင် နှစ်ယောက် အကြောင်း ကို ခရေစေ့တွင်းကျ ပြောပြလိုက်တယ် ။ တစ်ချိန်လုံး ငြိမ်ပြီး နားထောင် နေပေမဲ့ ဘာတစ်ခွန်း မှ ဝင် မပြောဘူး ။ အကောင်း အဆိုး ဘာမှ မဝေဖန်ဘူး ။ ပြောနေရတဲ့ ကျွန်မ ကသာ ဖတ်ဖတ်ကို မောလို့ ။ 


သူ အားလို့ ကျွန်မတို့ မရှိရင် ကလေးတွေ ကို ဂရုစိုက်ပါတယ် ။ အမေ အစာအိမ် ဖြစ်တုန်း ကလည်း ဆေးရုံ တင်ရတယ် ။ သူ့ ကား နဲ့ လိုက် ပို့ပေးတာပါ ။ ကျွန်မတို့ အိမ်တွင်းရေး ၊ ငွေရေး ၊ ကြေးရေး အကျပ်အတည်း ကြုံတာ သိရင်လည်း ကူညီတတ်တယ် ။ ကျွန်မ ပေါင်း လာခဲ့တဲ့ ယောက်ျားတွေ ရဲ့ မျက်လုံး နဲ့ ဦးကျော်လှ ရဲ့ မျက်လုံး ခြားနားတာတော့ အမှန်ပဲ ။ ဘယ်လို မတူတာ မှန်းတော့ ကျွန်မ လည်း မပြောတတ်ဘူး ။ 


ခပ်တိုတို ပြောရရင် တစ်နှစ်လောက် ကြာတော့ ကျွန်မ အမေရဲ့ ကျန်းမာရေး အခြေအနေ တော်တော် ဆိုးဝါး လာတယ် ။ အစာအိမ် ၊ သွေးတိုး ၊ ဆီးချို ၊ အို .. စုံနေတာပါပဲ ။ ဆေးရုံ တင်ရတာ အကြိမ်ကြိမ် ။ အိပ်ရာထဲက ကို မထ နိုင်တော့တာ ။ နာတာရှည် သဘောမျိုး ။ ကျွန်မ တော်တော်ကြီး ဒုက္ခ ရောက်သွားပြီ ။ ကလေးတွေ က တစ်ဖက် ၊ အမေ့ ရဲ့ ဆေးဖိုးဝါးခ ၊ ကျွန်မ ရှာနိုင်တဲ့ အင်အား ၊ ဘယ်လိုမှ အချိုး မညီ တော့ဘူး ။ ဒီနေရာ မှာ ဦးကျော်လှ သာ မကယ်ရင် ကျွန်မ သူတောင်းစား ဖြစ်ပြီ ။ အဲဒီ အချိန်မှာ ကလေး နှစ်ယောက် နဲ့ ဦးကျော်လှ ရဲ့ သံယောဇဉ် ထုထည် ဟာ လည်း တော်တော် ကြီးမား နေပါပြီ ။ သားလေး ချမ်းမြေ့ ကို လည်း နောင်နှစ် က စပြီး ကျောင်းထားပေးမယ်လို့ ပြောတယ် ။ 


ဒါဟာ ကျွန်မ သားတင် မဟုတ်ပါဘူး ။ ရပ်ကွက် ထဲ တော်တော် ဆင်းရဲပြီး ကျောင်းမတက်နိုင်တဲ့ ကလေးတွေ ဆို ကျောင်းထားပေးတယ် ။ စာအုပ် နဲ့ စာရေး ကိရိယာတွေ ဝယ်ပေးတယ် ။ မုန့်ဖိုး လည်း ပုံမှန် သတ်မှတ် ပြီး ပေးတယ် ။ ဒါတင်မက ပါဘူး ။ ချွတ်ခြုံကျ နေတဲ့ နာရေး ဆိုလည်း သိသိ , မသိသိ ဆုံးခန်းတိုင် ကူညီလိုက် တာပါ ။ ကျွန်မ ရှေ့မှာ နိုင်ငံရေးစကား မပြောဘူး ။ ပြောလည်း ကျွန်မ နားလည်မှာ မှ မဟုတ်တာ ။ စုံးစုံးမြုပ်သွားတဲ့ ဓမ္မစေတီ ခေါင်းလောင်း အကြောင်း ၊ မိချောင်းကန် ကိစ္စ ၊ မြေသိမ်းတဲ့ကိစ္စ ၊ ကျူးကျော်တဲတွေ ဖျက်တဲ့ကိစ္စ ။ လက်ပံတောင်း ကိစ္စ လောက် တော့ ဈေး ထဲမှာ ပြောကြဆိုကြတာနဲ့ တင် ကျွန်မ သိသားပေါ့ ။ ဒီထက်တော့ အာရုံ မစိုက်နိုင်ပါဘူး ။ စားဖို့ ရှာရ ဖွေရတာနဲ့ တင် လူ မှာ လုံးချာလည် လိုက်နေပြီ ။ သူ ပြောတာ တစ်ခုတော့ မှတ်မိပါတယ် ။ လူတွေ အားလုံးရော ၊ မျိုးဆက်သစ်ကလေးတွေ ရော ခုချိန်မှာ အရေးတကြီး လိုအပ်နေတာ “ ပညာ ” တဲ့ ။ ပညာမတတ်လို့ ဖြစ်ကို မဖြစ် တော့တာတဲ့ ။ 


တစ်နေ့ .... ။ အဲဒီ တစ်နေ့ ဟာလည်း ကျွန်မ အတွက် တော်တော် တုန်လှုပ်ခဲ့ရတဲ့ နေ့ ပါ ။ အမေ က အိပ်ရာ ထဲ မှာ ။ ဦးကျော်လှ က အမေ သောက် ဖို့ ဆေးတွေ လာပေးတာ ။ ကျွန်မ က မီးဖိုချောင် မှာ ဆန်ပြုတ် ပြုတ်နေတုန်း ၊ အမေ့ ရဲ့ လေသံသဲ့သဲ့လေး ကို ကြား နေရတယ် ။ 


“ ကိုကျော်လှ ” 


“ ခင်ဗျာ ” 


“ ငါ မရှိတော့ရင် ငါ့ သမီးလေး နဲ့ မြေးလေးတွေ ကို အစစအရာရာ စောင့်ရှောက် ပါကွယ် ”


“ စိတ်ချပါ ၊ ကျွန်တော် တတ်နိုင်သလောက် ကူညီပါ့မယ် ” 


“ ကူညီရုံတင် မဟုတ်ဘူးကွဲ့ ၊ တစ်သက်လုံး စောင့်ရှောက်ပေးဖို့ ” 


“ ဗျာ ”


“ ကိုယ့် ရဲ့ ဇနီးမယား တစ်ယောက် အနေနဲ့ပေါ့ကွယ် ”


ကျွန်မ မျက်လုံး ပြူးသွားတယ် ။ အမေ ဒီလိုပြော လာလိမ့်မယ်လို့ ထင်မှ ထင် မထားတာ ။ သူ့ ဘာသာ သူရှိ နေတဲ့ ကိစ္စကို ဘာလို့ သွား နှောင့်ယှက်ရတာလဲ ။ ဘယ် လိုမှ မဖြစ်နိုင်တာ ။ ကျွန်မ ဒရောသောပါး မီးဖိုချောင် ထဲ က ထွက်လာမိတယ် ။ 


“ အမေ ဘာတွေ ပြောနေတာလဲ ”


သူ က ကျွန်မ ကို လက် ကာ ပြတယ် ။ ဘာမှ ဆက် မပြောနဲ့ ဆိုတဲ့ သဘော ။ ကျွန်မ မှာ အားနာလိုက်ရ တာ ။ ရှက်လွန်းလို့ နားရင်းတွေ ထူပူ နေတယ် ။ မကြာခင်မှာပဲ အမေ ဆုံးတယ် ။ နာရေးကိစ္စ အဝဝ ကို သူ နဲ့ သူ့ သူငယ်ချင်းတွေ ဦးဆောင် ဦးရွက် လုပ်ပေးပါတယ် ။ 


အမေ ဆုံးပြီး လ နည်းနည်း ကြာတော့ သူ က လေး လေးနက်နက် စကား တစ်ခွန်း ဆိုပါတယ် ။ 


“ နင် ငါ့ ကို လက်ထပ် နိုင်မလား ”


ကျွန်မ ရင် ထဲ ဆို့တက် လာပြီး ကျူကျူပါအောင် ငို တော့တာပေါ့ ။ ကျွန်မ လို သုံး စား မရတော့တဲ့ မိန်းမ ကို သူ လို လူ က တာဝန်ယူမယ် ဆိုလာတော့ ဝမ်းမနည်းဘဲ နေပါ့မလား ။ ကျွန်မ အနေနဲ့ သူ့ အပေါ် အထင်ကြီး လေးစား နေတဲ့ အချိန် ၊ လက်ရှိ အားကိုး နေရတဲ့ ကျေးဇူးရှင် ။ တကယ်ဆို ကျွန်မ မေ့လဲမတတ် ဖြစ် ခဲ့ရတာပါ ။


ကျွန်မ သူ့ ကို ယူဖြစ် သွားတယ် ။ ငှားနေတဲ့ အိမ်ကို ပြန် အပ်ပြီး ကျွန်မတို့ နဲ့ အတူ နေတယ် ။ ကျွန်မ သူ့ ကို လင်ယောက်ျား လို တစ်မျိုး ၊ အဖေ လို တစ်မျိုး ရိုသေတယ် ။ လေးစားတယ် ။ ကိုင်းရှိုင်းတယ် ။ ညည ဆို ရှိခိုးဦးချ ပြီး မှ အိပ်တာပါ ။ ဒီတစ်ခါတော့ ကျွန်မ ဘဝ အဆိုးအညံ့တွေ က ကင်းပြီ လို့ ယုံကြည်လိုက် တယ် ။ ကျွန် မကို လမ်းတကာ မလျှောက်ခိုင်းတော့ဘူး ။ အိုးမကွာ ၊ အိမ်မကွာ ပစ္စည်းစုံစုံလေး နဲ့ ဆိုင်ဖွင့်ပေးတယ် ။ သူ့ မိဘ ဆီက ရထားတဲ့ အမွေတွေ ကျွန်မ လက်ထဲ အပ်တော့ အံ့အားသင့်ပြီး ငို လိုက်ရတာ ။ ကျွန်မ ဘယ်လို ထိန်းသိမ်းနိုင်မှာလဲ ။ ပိုက်ဆံ တောင် များများစားစား ကိုင်ဖူးတာ မဟုတ်ဘူး ။ သူ့ လက် ထဲ ပဲ ပြန်အပ်လိုက်ပါတယ် ။ ခုချိန်မှာတော့ ကျွန်မတို့ မိသားစုလေး ရဲ့ ရိပ်မြုံ ရှေ့မှာ နေမင်းကြီး ကို ထင်းထင်းကြီး မြင်နေရပြီပေါ့ရှင် ။ ကလေး တွေ က လည်း ပျော်လို့ ရွှင်လို့ ။


 ••••• ••••• ••••• 


၈ ။


အဲဒီလို စုတ်ချက် သေသေသပ်သပ် နဲ့ လှပနေ တဲ့ ပန်းချီကား တစ်ချပ်ပေါ် ဆေးခွက် မှောက်ကျတဲ့ အဖြစ်မျိုး တစ်နေ့မှာ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာခဲ့ပါတယ် ။ ပထမ ခိုင်အောင် ပါ ။ ငယ်ပေါင်းလို ဖြစ်နေတဲ့ သူငယ်ချင်းမ ကြည်ကြည်ဦး က -


“ ခိုင်အောင် သူ့ အမေ အိမ် ပြန်ရောက်နေတယ်ဟဲ့ ၊ ထောင်က လွတ်လာတာတဲ့ ။ သူ့ မိန်းမ နဲ့ ကွဲခဲ့တာ လည်း ကြာပြီ ” တဲ့ ။


ထောင် က ထွက်လာတာ ဆိုတော့ နည်းနည်း ထူးဆန်းနေတယ် ။ ကျွန်မ သူ့ ကို မေ့ထားတာ ကြာပါပြီ ။ ခု လည်း သူ့ အဖြစ်ကို မကြားချင်ပေမဲ့ –


“ လူသ,တ်မှုတဲ့ ။ သူ့ လက်သမားဆရာ ကို သ,တ် ပစ်လိုက်တာ ။ အမှန်က သူ့ မိန်းမ နဲ့ လက်သမားဆရာ ဟာ အစ ကတည်း က အလုပ် လုပ်ရင်း ဘာဘာညာညာ ဖြစ်ခဲ့ကြတာ ။ ဒါကို ငတုံးငအ ခိုင်အောင် က သိတာ မဟုတ် ဘူး ။ ကိုယ်ဝန်ရ လာတော့ ဇာတ်လမ်း ဆင်ပြီး ခိုင်အောင့် ကို ချောင်ပိတ် ဖမ်းလိုက်တာ ။ ပြီးတော့ နင့် ဆီ လှမ်း အကြောင်းကြား လိုက်တာပဲ ။ နင့် ကို မလှန်သာလို့ သာ ကွာရှင်း ပေးလိုက်ရပေမဲ့ သူ့ စိတ် ထဲမှာ တော်တော် ထိခိုက်ခဲ့တာ ။ နောက်တော့ ခိုင်အောင် အဲဒီ အကြောင်းတွေ သိသွားရော ။ မတရား ပေါက်ကွဲသွား ပြီး အဲဒီ လူကို သ,တ်ပစ်လိုက် တာ ။ သူ့ မိန်းမ ကို ပါသ,တ်ဖို့ ။ အပြေး ကောင်းလို့ လွတ်သွားတာ ။ ရဲစခန်း ကိုယ်တိုင် သွား ပြီး အဖမ်းခံတယ် ။ ဖြောင့်ချက်ပေးတယ် ။ ထောင် ဘယ်နှနှစ် ကျသလဲတော့ ငါ မသိဘူး ။ သူ ပြန်ရောက်လာတာ တစ်ပတ်လောက်ပဲ ရှိသေးတယ် ။ ငါ သူ နဲ့ တွေ့တော့ အကူအညီ တစ်ခု တောင်းတယ် ။ သူ့ သားလေး ကို တွေ့ပါရစေတဲ့ ” 


ကျွန်မ ခေါင်းတွေ ရှုပ်သွားတယ် ။ ပြီးပြီလို့ ထင်မှတ် ထားခဲ့ သမျှ မပြီးသေးပါလား လို့ တွေးပြီး ရင်မောရတယ် ။


ကျွန်မ ဦးကျော်လှကို  ပြောပြ တော့ တည်တည်ငြိမ်ငြိမ် နဲ့ပဲ ။


“ သူ့ သားပဲ ၊ အဖေ တစ်ယောက် အနေနဲ့ တွေ့ချင်ရှာ မှာပေါ့ ။ ပေး တွေ့လိုက်ပါ ။ တစ်ခု ရှိတာက ဒီ အိမ်မှာ ဆိုရင်တော့ အများအမြင် မတော်ဘူး ။ သူ ရှိရာ ကို ကြည်ကြည်ဦး လက်ထဲ ထည့်လိုက်ပြီး ပို့ခိုင်းလိုက် ။ သူ တွေ့ချင်တဲ့ အချိန်တွေ့ပါစေ ” 


“ ရှင် သဝန် မတိုပါဘူးနော် ” 


“ ကလေးကလား စကားတွေ လာပြော မနေစမ်းပါနဲ့ဟာ ”


ကလေး က ခိုင်အောင့် ကို တွေ့တော့ ကြောင်အအ ဖြစ်နေတယ် ။ စိမ်းနေတယ် ။ သူ က ဖေကြီး မိုက်ခဲ့တာပါ ဆိုပြီး ချမ်းမြေ့လေး ကို ဖက်ဖက် ငိုနေသတဲ့ ။ ကလေး က ရှောင်ဖယ် ရှောင်ဖယ် ။ တဖြည်းဖြည်းတော့ သွေးက  စကား ပြောလေမလားဘဲ ။ ဒီနေရာ မှာ ဦးကျော်လှ အရမ်း တော်တယ် ။ ကြည်ညိုလေးစားဖို့ လည်း ကောင်းတယ် ။ ကလေး ကို ပေးတွေ့တာ ထူးထူးခြားခြား မဆိုတဲ့ အပြင် ခိုင်အောင် အဆင် မပြေတာရှိ ရင် ကူညီလိုက်ပါတဲ့ ။ ကျွန်မ တကယ့် ကို မျက်ရည် ဝဲရတာပါ ။


ကျွန်မ နဲ့ လက်ထပ်ပြီး သူ့ အပေါင်းအသင်းတွေ အိမ် ကို မကြာမကြာ လာကြပါ တယ် ။ ကျွန်မ ချက်ပြုတ် ကျွေးမွေးတာ ကို သူတို့ စား ပြီးတာ နဲ့ ကား နဲ့ တစ်နေရာ ကို ထွက်သွားကြတာပါ ။ အဲဒီလို နေ့မျိုးဆို မိုးချုပ် မှ အိမ် ပြန် ရောက်လာတတ်တယ် ။ သူ့ အပေါင်းအသင်းတွေ ကလည်း နိုင်ငံရေးသမားတွေပါပဲ ။


“ ခုချိန်မှာ တော့ ကျော်လှ တာဝန်ပေါ့ ။ ကျော်လှ ထောင်ထဲ ဝင်ရင်တော့ နင့် တာဝန်နော် ” ဆိုပြီး စ,ကြ နောက်ကြတယ် ။ 


“ စိတ်ချ ၊ ဘာမှ မပူနဲ့ ၊ ကိုယ့် ယောက်ျား နိုင်ငံရေးသမား ဆိုတာ တောင် ဂုဏ်ယူရဦးမှာ ”


••••• ••••• •••••  


၉ ။


နောက်ထပ် တိုးလာတဲ့ ကြမ္မာဆိုး က ဘယ်ချောင် က ပေါက်ချလာမှန်း မသိတဲ့ အံ့မောင် ။ တစ်ရက် ... ကျွန်မ ကုန်စုံဆိုင်လေး မှာ အလုပ် လုပ်နေတုန်း ချမ်းမြေ့ က ခပ်လှမ်းလှမ်း ကနေ “ အမေ ရေ လာပါဦး ” ဆိုပြီး အော်လို့ ကျွန်မ ကပျာကယာ ထွက် ကြည့်တော့ နှစ်ယောက် ဆော့ နေတဲ့ နေရာမှာ လူ တစ်ယောက် က ဆောင့်ကြောင့် ထိုင်လို့ ။ အနား ကို ပြေးသွား ကြည့်တော့ ဖြုန်းခနဲ မမှတ်မိဘူး ။ ဆံပင်တွေ က ကုပ်ပေါ် ဝဲနေပြီး ပါးမြိုင်းမွေး ၊ မုတ်ဆိတ်မွေးတွေ က အရှည်ကြီး ။ သူ က မြေကြီး ပေါ် က ကောင်မလေး ရဲ့ လက် ကို ကိုင်ထားလို့ - 


“ နင် ... နင် ငါ့ကလေး ကို လွှတ်လိုက်စမ်း ” 


သူ က မော့ကြည့်တော့ မှ -


“ အမယ်လေး ” 


အံ့မောင် ဆိုတာ သိ လိုက်ရတာ ။ သေမယ် ဆို သေသင့်တာ ကြာပါပြီ ။ ခုမှ ဘာလို့ ဆိုင်းမဆင့် ဗုံမဆင့် ပေါ်လာရတာလဲ ။ ကျွန်မ ကြက်သေသေ သွားတယ် ။ သူ့ ဆီ က အရက်နံ့ က တထောင်းထောင်း ။


“ နင် ကလေး ကို ဘယ်လို မွေးလိုက်တာလဲ ။ နင် ကလေး မွေးတတ်သေးဘူး လား ၊ ကလေး ကို ဒီလို ဖြစ်အောင် မွေးသလား သောက် ကော င်မရဲ့ ” 


ကျွန်မ ဒီနေရာ က အမြန်ဆုံး ခွာနိုင်ဖို့ လိုတယ် ဆိုတာ သိလိုက်ပြီ ။ သူ့ လက် ထဲ က ကလေး ကို လု ၊ သား ကို ဆွဲလို့ အိမ် ကို ခပ်သွက်သွက် လျှောက်ပြန်ခဲ့တယ် ။ သူ က နောက်ကနေ ထက်ကြပ်မကွာ လိုက်လာတယ် ။ ဆိုင်ရှေ့ မှာ ဆွဲထားတဲ့ အထုပ်တွေ ကို ရိုက်ချပြီး - 


“ ဟဲ့ ကောင်မ ငါ နဲ့ စကား ပြောစမ်းပါဦး ၊ နင် ငါ မရှိတုန်း နောက်လင် ယူထား သေးတယ်ဆို ၊ တော်တော် နန့်ကြောဆွဲချင်တဲ့ မိန်းမ ၊ လင် တော်တော် မက်တဲ့ မိန်းမ ။ တွေ့မယ် ၊ တွေ့မယ် ။ စောင့်ကြည့်နေ နင့် လင်ကို မယားခိုးမှု နဲ့ တရားစွဲ ပစ်မယ် ။ နားလည်လား ” 


ပြောပြောဆိုဆို ဆိုင် မှာ ရှိတဲ့ ပစ္စည်းတွေ ရိုက်ခွဲတယ် ။ ကျွန်မ တစ်ကိုယ်လုံး ပူထူ နေ ပြီ ။ မတတ်နိုင်တော့ဘူး ။ အသံကုန် ဟစ်ပြီးတော့ - 


“ လာကြပါဦး ၊ ကယ်ကြပါဦးရှင် ၊ ဟော့ဒီမှာ ဟောဒီမှာ ... ”


ကျွန်မ ဘာတွေ အော်လို့ အော်နေမှန်း တောင် မသိပါဘူး ။ ခဏနေတော့ အိမ်နီးချင်းတွေ ပြေးလာကြတယ် ။ ရာအိမ်မှူး လည်း ပါတယ် ။ ယောက်ျားတွေ က သူ့ ကို ဖမ်းချုပ်လိုက်တယ် ။ အဲဒီတုန်းမှာ ပဲ ဦးကျော်လှ ကား နဲ့ ပြန်ရောက်လာတယ် ။


“ ဟေ့ မင်း ဟိုကောင်မ ရဲ့လင်မို့လား ။ ထမင်းဝ, အောင် စားထား ၊ ကြားတယ်နော် ။ မင်း ကို မယားခိုးမှုနဲ့ တရားစွဲတော့မှာ ဟား ... ဟား ဟား ”


“ ဟေ့ကောင် ... အံ့မောင် မင်း ဘာတွေ လျှောက်ပြော နေတာလဲ ။ ဟေ့ကောင်တွေ မြန်မြန် ဆွဲခေါ်လာခဲ့ကြစမ်း ” 


ရာအိမ်မှူးအမိန့် နဲ့ ကန့်လန့်ကန့်လန့် ပါသွားလေရဲ့ ။ ဦးကျော်လှ ချက်ချင်း သဘောပေါက် သွားပြီ ။ ထွေထွေထူးထူး ပြောမနေတော့ဘဲ အိမ်ပေါ်ကို ငြိမ်ငြိမ်သက်သက် တက်သွားတယ် ။ ည ရောက် တော့ ဒီကိစ္စ ဘယ်လို လုပ်ကြ မလဲလို့ အားနာနာ နဲ့ မဝံ့မရဲ မေးကြည့်တော့ - 


“ အခုလို ပတ်ဝန်းကျင် အလယ် မှာ မကြာမကြာ လာ နှောင့်ယှက်မှာပဲ ။ မင်း အတွက် စိုးရိမ်တယ် ။ ငါ့ အတွက် ကိစ္စ မရှိဘူး ။ သူ တရားစွဲမယ် ဆိုလည်း စွဲပေါ့ ။ တရားဥပေဒ အရ ကိုယ် ဖြေရှင်းနိုင်တယ် ”


ဒီလိုနဲ့ နောက်ထပ် တစ်ပတ်ကျော် လောက် အကြာ ဦးကျော်လှ ပြန် ရောက်လာလို့ ကား ပေါ်က ဆင်းတယ် ။ အဲဒီတုန်းမှာပဲ ဘယ်နေရာ မှာ ပုန်းနေမှန်း မသိတဲ့ အံ့မောင် ဘွားခနဲ နောက်ဘက် က ပေါ် လာတယ် ။ လက် ထဲမှာ ဓားရှည် တစ်ချောင်း နဲ့ ။ ဦးကျော်လှ ကို အားနဲ့ လွှဲပြီး ခု,တ်တော့တာပါ ။ တစ်ချက် ပြီး တစ်ချက် ။ အဲဒီ အချိန်မှာ သူ ဟာ လူစိတ် ပျောက်နေပြီ ။ ကျွန်မ လှမ်း မြင်တော့ “ အမယ်လေး ” လို့ တစ်ချက်သာ အော်နိုင်ပြီး မေ့လဲသွားတယ် ။ 


ဒီကောင်က ဦးကျော်လှ ကို ခု-တ်လို့ အားရတော့ မေ့နေတဲ့ ကျွန်မ ကို လက်တစ် ဖက် က ဆွဲပြီး မြေကြီး ပေါ်မှာ တရွတ်တိုက် ဆွ ဲ သွားသေးတာတဲ့ ။


  ••••• ••••• •••••


၁၀ ။


အဲဒီနေ့ က ကောင်းကင် မှာ မိုးရိပ်တိမ်လိပ်တွေ ဟာ ခပ်နိမ့်နိမ့် ရွေ့နေကြတယ် ။ မိုး က ရွာ တစ်ခါ စဲ တစ်လှည့် ပါ ။ ကျွန်မ ဦးကျော်လှ ရဲ့ ဈာပန ကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ခွင့် ရခဲ့ပါတယ် ။ ဒါဟာလည်း သူ့ အသိုင်းအဝိုင်းကြောင့်ပါ ။ သူ့ ရဲ့ ကျယ်ပြန့်တဲ့ အသိုင်းအဝိုင်း ကို သူ သေမှ သိလိုက်ရတာ ။ သူ ဟာ ၈၈ အရေးအခင်း က စ,လို့ နိုင်ငံရေးလောက ထဲ ကို စပြီး ဝင်ရောက်ခဲ့သူ တဲ့ ။ နောက်တော့ မြေအောက် လှုပ်ရှားမှု ၊ ရွှေဝါရောင် တော်လှန်ရေး ။ ထောင် ထဲ ကို လည်း ဝင်ချည် ထွက်ချည် နဲ့ ပါ ။ တစ်ခု ရှိတာက သူ ဟာ အများတကာ လို ထင်ထင်ပေါ်ပေါ် မနေဘဲ အေးအေးဆေးဆေး နေတတ်ပေမဲ့ စိတ်ဓာတ်က တော့ ပြင်းတယ်လို့ ဆိုပါတယ် ။ သူ့ အယူအဆ က ပြည်သူ တစ်ဦးချင်းစီ တိုင်း မှာ အာဏာ ရှိတယ် ။ လုပ်ပိုင်ခွင့်တွေ ရှိတယ် ။ လူ့အခွင့်အရေးတွေ ရှိတယ် ။ ခေါင်းဆောင် ဆိုတာ ကိုယ် အစွမ်း ရှိသလောက် မိသားစု တစ်ခု ကို ကယ်တင် နိုင်ရမယ် ။ ဒါမှ ရပ်ကွက် ကို ကယ်တင်နိုင်မှာ ။ နောက် ... မြို့ ၊ ပြီးမှ နိုင်ငံ ကို ကယ်တင်နိုင်မှာ တဲ့ ။ ပြီးတော့ အပြော နဲ့ အလုပ် အချိုး ညီရမယ်တဲ့ ။ ဒါဟာ သူ့ ယုံကြည်ချက်ပါတဲ့ ။ ဘယ်အရာ မဆို လျှို့လျှို့ဝှက်ဝှက် နေတတ်တဲ့ ကျွန်မ ယောက်ျား ရဲ့ ကိုယ်ရည်ကိုယ်သွေး တွေ ကို ကျွန်မ လို စာ မဖတ် ၊ ပေ မဖတ် ဈေးသည်မ တစ်ယောက် ခုမှ ရှင်းရှင်းလင်းလင်း သိလိုက်ရပါပြီ ။ ဂုဏ်ယူပါတယ် ဦးကျော်လှ ။


ကျွန်မ ဖြေမဆည်နိုင်ဘဲ သင်္ဂြိုဟ်ခါနီး လေးလေးမြတ်မြတ် ရှိခိုးဦးခိုက် ကန်တော့လိုက်ပါတယ် ။ သားလေး ကတော့ အော်ကြီး ဟစ်ကျယ် ငိုရှာတာပါ ။ သူ ငိုတာ ကြည့်ပြီး အားလုံးက စိတ် မကောင်းကြဘူး ။ ကျေးဇူးရှင် တစ်ယောက် ဆုံးရှုံးသွားတဲ့ အတွက် သူ လည်း မချိမဆံ့ ခံစားရရှာမှာပေါ့ ။ 


ကျွန်မတို့ သားအမိ ရေဝေး အဆောက်အဦ က ပြန် ထွက်ပြီး ခေါင်းတိုင် က မီးခိုးငွေ့တွေ ကို မျက်ရည်တွေ ကြား က ငေးနေတုန်း တစ်ယောက် ယောက် က ကြည့်နေတယ် လို့ ခံစားမိတာ နဲ့ ဘေးဘီ လှည့် ပတ်ကြည့် တော့ မလှမ်းမကမ်း မှာ ရပ်နေတဲ့ ခိုင်အောင် ။ ကျွန်မ သူ့ ကို မြင်တော့ တကယ့် ကို စိတ်ပျက်မိတယ် ။ တော်ပါပြီ ။ ဦးကျော်လှ က ကျွန်မ ကို ခွန်အားတွေ ၊ အားမာန်တွေ ပေးခဲ့ ပြီးပြီ ။ ကျွန်မ အရွယ် ရှိသေးတာပဲ ။ လုပ်ကိုင်နိုင်သေးတာပဲ ။ သူ ချန်ထားရစ်ခဲ့တဲ့ အရင်းအနှီးတွေ ရှိနေသေးတာပဲ ။ ဘာ အရေးလဲ ၊ ကလေး နှစ်ယောက် ရဲ့ အနာဂတ် ကို လှပအောင် ကျွန်မ ပုံဖော်လို့ ရပြီ ။ တည်ဆောက်လို့ ရပြီ ။ သတ္တိတွေ မွေးလိုက်စမ်းပါ့ တင်ကြည်မ ရယ် ။


အဲဒီ နောက် တော့ ကျွန်မ ခေါင်း ကို ချာခနဲ ပြန် လှည့်လိုက်ပြီး သား လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လို့ အသုဘပို့ ကားပေါ် ခပ်သွက်သွက် တက်ခဲ့တော့တယ် ။


  ▣ ဒေါင်းနေမင်း

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

     ၂၀၁၅ ဧပြီ

No comments:

Post a Comment