Wednesday, June 25, 2025

ကောင်းကင် ရေးတဲ့ လမင်း အကြောင်း


 

❝ ကောင်းကင် ရေးတဲ့ လမင်း အကြောင်း ❞
          ( ရွှေငါးလေး )

မြန်မာသက္ကရာဇ် ၁၃၅၅ ခုနှစ် ကဆုန်လပြည့်ကျော် တစ်ရက်နေ့ ။ ခရစ်နှစ် ( ၁၉၉၃ ) ခုနှစ် မေလ ( ၅ ) ရက်နေ့ ည ( ၉ ) နာရီ ၁၈မိနစ် တွင် ကြာသပတေး သမီးဦးလေး ကို မွေးဖွားသန့်စင်သည် ။

ထိုည တိမ်ကင်းစင်ပြီး လမင်းကြီး က လည်း ထိန်ထိန်သာနေတယ် ။ သမီးလေးနာမည် ကို မေလပြည့်ဝန်း လို့ ကျွန်တော် ပေးလိုက်တယ် ။ ကျွန်တော့် ကောင်းကင် မှာ အမြဲသာမယ့် လမင်းလေး ရဲ့ နာမည်ပေါ့ ။ သိပ်ချစ် ရပါတယ် .. ဖေဖေ့ လမင်းလေးရေ ။

••••• ••••• ••••• 

ကလေးစားရိတ် က မလွယ်ဘူးဗျို့ ။ ကိုယ် သုံးမယ့် အသုံးစားရိတ် တွေ အကုန် လျှော့လိုက်ရတယ် ၊ ဒါပေမယ့် ခြွေတာရတာ တန်ပါတယ်ဗျာ ။ ကိုယ် စိုက်ထားတဲ့ အပင် စိမ်းစိမ်းစိုစို ရှင်သန်လာတာကို ကြည့်ရသလိုမျိုးပဲ ။ ကျွန်တော့် သမီးလေး တစ်နေ့တခြား ကျန်းကျန်းမာမာ နဲ့ ဖွံ့ဖြိုး လာတာ ကို မြင်ရတာ ကျွန်တော် ပျော်တယ် ။ သမီး က ဖအေတူလေး ၊ ချစ်ဖို့ကောင်း လိုက်တာလည်း လွန်ရော ။ ချစ်ကြတဲ့ သူတွေကလည်း အများသား ။ တစ်ချို့ လူတွေ တအား ဖက်နမ်းရင် ကျွန်တော်ဖြင့် သမီး အသားတွေ ပဲ့ထွက်မှာ တောင် ကြောက်တယ် ။ ကလေး အသား က နုတာကို ဖြေးဖြေး မနမ်းကြဘူး ။ ပြောပြန်ရင်လည်း ကျွန်တော် က ဖေပို ဖြစ်ရဦးမယ် ။

••••• ••••• ••••• 

အရက်သောက် ထားတဲ့ နှုတ်ခမ်း နဲ့ သမီး ကို နမ်းတော့ သမီး က ငိုလိုက်တာ ။ အရက်နံ့ မကြိုက်လို့ဖြစ်မယ် ။ သမီး ရောဂါ ရမှာစိုးလို့ ဆေးလိပ် လည်း ဖြတ်ထားရတယ် ။ ဒီအတိုင်းဆို ငါ လူလိမ်မ္မာ ဖြစ်တော့မှာပါလား ။ လုပ်ထား သမီးရေ ၊ ဒီ အဖေ ကို နိုင်တာ ညည်းလေး ပဲ ရှိတယ် ။

ပေပေ တဲ့ ၊ ပေပေ တဲ့ လောကကြီး ရေ ... ၊ ဒီနေ့ ကျွန်တော့် သမီး က ကျွန်တော့် ကို ပေပေ တဲ့လေ ။ ကျွန်တော့် ကို ခေါ်သမျှ နာမ်စားတွေထဲ ကျွန်တော် အကြိုက်ဆုံးအခေါ်အဝေါ်လေးပဲ ။ ချစ်လိုက်တာဗျာ ။ ကျွန်တော် ဘဝကြီး ရုတ်တရက်ကြီး တန်ဖိုး တက်သွားလိုက်တာ ။ ဖေဖေ့ ချစ်သမီးလေး ရေ ဖေဖေ သမီး အတွက် အကောင်းဆုံးသော အရာတွေ ပေးဖို့ စောင့်နေ ပါတယ် ။ ကျန်းကျန်းမာမာ နဲ့ သမီးလေး ရှင်သန်လာပါ ။ ချစ်တယ် သမီးလေး ရေ ။ ဖေဖေ ချစ်တယ် ။

မိန်းမ ရေ .. မင်း ကို မချစ်တော့တာ မဟုတ်ဘူးနော် ။ ဒီနေ့ မင်း မွေးနေ့ မေ့ပြီး သမီး အတွက်ပဲ အင်္ကျီ ဝယ်လာခဲ့မိတယ် ။ တော်သေးတယ် ။ မင်း က မျက်စောင်းပဲ ထိုးလို့ပေါ့ ။ ငါလေ သမီး ကို မင်း ထက် ပိုချစ်တယ် ။ ဟီး ဟီး မင်း ကွယ်ရာမို့ ပြောရဲတာပါကွာ ။

••••• ••••• ••••• 

ဒီနေ့ အလုပ်ရှင် နဲ့စကားများတယ် ။ အဲ့ဒီကောင် စောက်ခွက်ကြီးပဲ ပိတ်ထိုးချင်လိုက်တာကွာ ။ ငါ ပြန်လုပ်ရင် အလုပ်ပြုတ် ၊ မပြုတ်ရင် ငါ ထောင် ကျမှာ ။ အရင်လို မာန်မာနတွေ မထားနိုင်တော့ဘူး ။ တစ်ခုခု ဆို သမီး အတွက် တွေး နေရပြီ ။

သမီးရေ ... ဒီ အဖေ အောက်ကျခဲ့ရသမျှ တစ်ချိန်ကျရင် သမီး လက်စားချေ ပေးစမ်းကွာ ၊ အဲ့နေ့ ကို အဖေ စောင့်မယ် ။

••••• ••••• ••••• 

မနက်ဖြန် သမီး ကို ဝက်သက်ကာကွယ်ဆေး ထိုးပေးရမယ် ။ မေ့လို့ မဖြစ်ဘူး ။

••••• ••••• ••••• 

သမီးလေး ကျောင်း တက်ရပြီ ။ အရွယ်ရောက်တာလည်း မြန်လိုက်တာ ။

••••• ••••• ••••• 

စောက်အရေးမပါဘူး ။ ဒီနေ့ ဒေါသ အထွက်ရဆုံးနေ့ပဲ ။ ရှိသမျှ အကုန် ရိုက်ခွဲပစ်ချင်တယ် ။ သောက်သုံးမကျတဲ့ ယောက္ခမ ၊ မိန်းမ လည်း ဘာထူးလဲ ။ ကလေး တစ်ယောက် တောင် ဖြစ်မြောက်အောင် မထိန်းနိုင်ဘူး ။ သောက်သုံးကို မကျဘူး ၊ တော်ပြီ အိမ်ခွဲ နေတော့မယ် ။ ငါ့ သမီးအတွက် ဘယ်သူမှ မလိုဘူး ။ အဲ့ဒီ စောက်ခွက်တွေလည်း မမြင်ချင်ဘူး ။ ကလေး တစ်ယောက်လုံး မီးပူ နဲ့ ဆော့တာ မတားကြဘူးလား ။ ကြည့်ကောင်း နေကြလား ။ ဟား စိတ်တိုတယ်ကွာ .. ၊ ငါ့ သမီးအသားနာတာ မြင်ရင် လူသ,တ်ချင်တာပဲ သိတယ် ။

••••• ••••• ••••• 

နောက်ကလေး ထပ် မယူပါဘူး ။ တစ်ယောက် ကို ပဲ အကောင်းဆုံး တာဝန်ယူချင်တယ် ။ အကောင်းဆုံးတွေ ပဲ ပေးချင်တယ် ။ သမီး က အထီးမကျန်လောက် ပါဘူး ။ အခုတောင် သမီး က အပေါင်းအသင်းတွေ နဲ့ ပျော်နေတာ ။ အဖေ ပြန်လာတာတောင် မကြိုနိုင်ဘူး ။ ကြာရင် ဒီ အဖေ့ ကို မေ့သွားမှာတောင် စိုးရတယ် ။ ဪ ငါ လည်း သမီး နဲ့ ပတ်သက်ရင် ဝမ်းနည်း လွယ်လိုက်တာ ။

••••• ••••• ••••• 

မိန်း မက နေမကောင်းလို့ အလုပ် မလုပ်နိုင် ၊ ကလေးကျောင်းစားရိတ် က ပေးရအုန်းမယ် ။ ဒီ ရက်တွေမှပဲ အလုပ်တွေ က ပါးလိုက်တာ ။ သမီး ကို ဒီနှစ် ပုဂ္ဂလိကကျောင်း မှာ ထားနိုင်ပါ့မလား မသိဘူး ။ ဟား .. ငါ ကွာ ကလေး တစ်ယောက်ကို တောင် ဖြစ်မြောက်အောင် မကျွေးမွေးနိုင်ဘူး ။ ငါ သောက်သုံးမကျတဲ့ ကောင်ပဲကွာ ။

••••• ••••• ••••• 

ဒီနေ့ သူငယ်ချင်း ဆီ က ပိုက်ဆံ ချေးလာခဲ့တယ် ။ တော်သေးတယ် ။ သူငယ်ချင်း က ယုံယုံကြည်ကြည် ချေးလို့ပေါ့ ။ ငါ ကြိုးစားမှ ဖြစ်မယ် ။ သမီး အတွက် ... ဟုတ်တယ် ... ၊ ငါ့ သမီးလေး အစစအရာရာ ပြည့်စုံဖို့ အတွက် ။

••••• ••••• ••••• 

၁၂/သလန(နိုင်)၁၂၂၆၇၈ ၊ ဪ ငါ့ သမီးတောင် မှတ်ပုံတင် ရနေပြီပဲ ။

••••• ••••• ••••• 

မိန်းမ က ပြောတယ် ။ သမီး အပျို ဖြစ်နေပြီတဲ့ ။ မျက်နှာတွေ ရှိန်းခနဲ ဖြစ်သွားတယ် ။ ရင် ထဲ လည်း နေလို့ မကောင်းဘူး ။ ဒါကြောင့် အရပ် က ရှည်ပြီး ထွားလာတာကိုး ။ ငါ ဖြင့် ကလေးလေး လို မြင်နေတုန်းပဲ ။ အချိန်တွေ က မြန်လိုက်တာ ။ အရင်လို သမီး ပါး ကို နမ်းချင်တိုင်း နမ်းလို့ မဖြစ်ဘူး ။ သူ ရှက်တတ်နေပြီ ဟူး .. ရင်မောပါ့ကွာ ။

••••• ••••• ••••• 

အဲ့ကောင် က ဘာကောင်လဲ ။ သမီး ပြောတော့ သူငယ်ချင်း တဲ့ ၊ အကြည့် က အချိုး မပြေဘူး ။ သမီး ကို သူ ကြည့်တာ မကြိုက်ဘူး ။ အဲ့ကောင်မှ မဟုတ်ဘူး ။ ဘယ်ကောင် ကြည့်တာမှ မကြိုက်ဘူး ။ သမီး ရေ အဖေ ရင်ပူအောင် အလှတွေ မပြင်ပါနဲ့ ။ လူ ပဲ ကစားပါ ။ စိတ်တွေ မကစား ပါနဲ့ ။ ဖုန်းတွေ မသုံးပါနဲ့ ။ စာ ပဲ ကြည့်ပါ သမီးရေ .. ။ ဖေဖေ့ မျှော်လင့်ချက် က သမီး ဆီမှာ ။ မဟုတ်ဘူး ၊ ဖေဖေ့ ဘဝက သမီး ဆီမှာ ။

••••• ••••• ••••• 

မိန်းမရေ ငါ့ဘဝ ထဲ က မင်း အခုလို စောစောစီးစီး ထွက်သွား လိမ့်မယ်လို့ မထင်ခဲ့ဘူး ။ သမီးလေး ကို သနားလိုက်တာ ။ ငယ်ငယ်ရွယ်ရွယ် နဲ့ မအေ ကို ဆုံးရှုံးခဲ့ရတယ် ။ ငါ သူ့ ကို အရင်က ထက် ပို ချစ်ရမယ် ။ စိတ်ချပါ မိန်းမ ရေ .. ။ ငါ .... သမီးလေး ကို အမေ လိုရော အဖေ လိုပါ စောင့်ရှောက်မယ်လို့ ကတိပေးပါတယ် ။ ငါ့ ကိုလည်း စိတ်ချပါ ။ သမီး ကိုလည်း စိတ်ချပါ ။ မင်း ပဲ ပျော်အောင်နေပါ ။ လွတ်လွတ်လပ်လပ် သွားပါကွာ ။ ငါ မင်း ကို သိပ်ချစ်ပါတယ် မိန်းမ ရယ် ။ သမီးလေးမွေး ပေးခဲ့တဲ့အတွက်ရော ။ ငါ့ အပေါ် နားလည်ပေးတဲ့ အတွက်ပါ မင်း ကို အမြဲ ကျေးဇူးတင် အမှတ်ရနေမှာပါ ။ ငါ တို့ ပြန်ဆုံကြမယ်နော် ။

••••• ••••• ••••• 

ပါးပြင် ပေါ် မှ မျက်ရည်သည် စာအုပ် ပေါ်သို့ ပေါက်ခနဲ လိမ့်ဆင်း ကျသွား၏ ။ ဟောင်းနွမ်းနေသော စာရွက်များ ကို ကျွန်မ မျက်ရည် များကြောင့် မပြဲစေလို ။ အထူးသဖြင့် ဖေဖေ့ လက်ရေးများ မှင်မ ပြယ်ရ လေအောင် မျက်ရည်များ ကို လက်ကလေး နှင့် ဖွဖွလေး သုတ်နေမိသည် ။ ဒိုင်ယာရီ စာအုပ် တစ်အုပ် ၏ အဆုံးသတ်သည် ရင်ထဲ ထိုးချေမွနေသည် အလား နာကျင်ခံစားရသည် ။ နောက်ထပ် စာအုပ် တစ်အုပ် ကို ကျွန်မ မဖတ်ရဲသေး ။ ကျွန်မ ၏ ဖြစ်တည်မှု ကို ဖေဖေ့ ၏ ကြေးမုံမှန် ထဲ မှာ အတိုင်းသား မြင်ရသည့်အချိန်တွင် ကျွန်မ စိတ်ထဲတော့ အော်ငိုချင်စိတ်ပဲ ပေါက်မိသည် ။ သို့သော် ငိုချင်စိတ် ကို ခဏ ထိန်းရင်း နောက် စာအုပ်တစ်အုပ် သို့ လက်ရွယ်မိသည် ။ ကျွန်မ လက်တွေ တုန်ယင်နေ သကဲ့သို့ ကျွန်မ နှလုံးသားများ လည်း တုန်ရီမောဟိုက်နေမိသည် ။

••••• ••••• ••••• 

သမီး ကို ကောင်လေး တစ်ယောက် နဲ့ တွေ့ခဲ့တယ် ။ သမီး က အဲ့ ကောင်လေးလက် ကို တွဲထားတာ ငါ့ မျက်လုံးနဲ့ သေချာ မြင်ခဲ့တာ ။ စိတ်ရှိ အတိုင်း ဆို ထုရိုက်ပစ်ချင်တာ ။ တကယ် တကယ့်တမ်းကျ လေသံမာမာ နဲ့ တောင် ငါ မပြောရဲဘူး ။ မိတဆိုးလေး စိတ်ထိခိုက် သွားမှာလည်း စိုးတယ် ။ အဲ့ ကောင်လေး နောက် လိုက်သွားမှာ လည်း စိုးတယ် ။ မိန်းမ ရေ ၊ မင်း မြင်လား ။ ငါ့ ခေါင်းတွေရော ရင်တွေပါ မီးတွေ တောက်နေတာကိုလေ ။ ငါ ဘာလုပ်ရမလဲကွာ ။ ငါ ရူးတော့မယ် ။ ငါ ရှေ့ဆက် ဘယ်လို သွားရပါမလဲ ။

••••• ••••• ••••• 

ဒီနေ့ စာ မလုပ်ဘဲ ဖုန်းတွေ သုံးနေလို့ သမီး ကို ဆူလိုက်တယ် ။ သမီး က ကျွန်တော့် ကို စိတ်ဆိုးပြီး ထမင်း မစားဘူး ။ မသိတော့ဘူးဗျာ ။ သမီး တစ်ကောင် နွားတစ်ထောင် တဲ့ လား ။ ကျွန်တော့် သမီး ကိုတော့ နွား နဲ့ မနှိုင်း နိုင်ဘူးဗျာ ။ ကျွန်တော်ပဲ နွား ဖြစ်ရ ဖြစ်ရ ။

••••• ••••• ••••• 

ဆဒဆ ၅၂၀ ။ ပေါင်းခြင်း ခုနှစ်က ကံကောင်းခြ င်းနံပါတ်ပဲ မဟုတ်လား .. ။ ကျွန်တော့် ကံကောင်းခြင်း မှန်သမျှ သမီး ကို ပေးလိုက်ပါ ဘုရား ။ သမီး ဆယ်တန်းအောင်တာပဲ ကျွန်တော် မြင်ချင်လို့ပါ ။

••••• ••••• ••••• 

မနွယ် တဲ့ ၊ မိန်းမ ပီသပြီး သမီး နဲ့ လည်း တည့်အောင် ပေါင်းမယ့် မိန်းမ လို့တော့ ထင်ပါတယ် ။ သမီး ရဲ့ ကျူရှင်ဆရာမ ဆိုတော့ ဆိုးတော့ မဆိုးပါဘူး ။ စိတ်တော့ဝင်စားသား ၊ မုဆိုးဖို တစ်ယောက် အတွက် တစ်ပင် လဲ လို့ တစ်ပင် ထူတာ မဆန်းဘူး ။ သမီး ကိုတော့ မေးရမှာပေါ့ ။ သမီး သဘောတူ မှ နွယ် ရမယ့် ဘဝပါ ။

••••• ••••• ••••• 

ဒီနေ့ သမီးက ကျွန်တော့် ကို စိတ်ဆိုးမာန်ဆိုး ရန်တွေ့တယ် ၊ သူ့ ဘ၀ မှာ အမေနှစ်ယောက် မရှိဘူးတဲ့ ။ ဖေဖေ့ အနားမှာ ဘယ်မိန်းမ မှ မမြင်ချင်ဘူးတဲ့ ။ အေးပါ သမီးရေ ၊ အေးပါ ။ သမီး သဘောအတိုင်းပါ ။ ဖေဖေ လည်း သမီး အနားမှာ ဘယ်ယောကျာ်း မှ မမြင်ချင်ဘူးကွာ ။

••••• ••••• ••••• 

မိန်းမ ရေ ။ ဒီလို နေ့မျိုး မင်း ကို ရှိစေချင်တယ် ။ မင်း သမီး ဆယ်တန်း အောင်တယ်ကွ ။ ဂုဏ်ထူးတော့ မပါဘူးပေါ့ကွာ ၊ ငါ က ကျတဲ့သူတွေ နဲ့ ပဲ ယှဉ်ပြီး ငါ့ သမီးကို ဂုဏ်ယူတယ် ။

••••• ••••• ••••• 

တက္ကသိုလ်ကျောင်းသူကြီး ကလည်း ဒီနေ့ အိမ်ပြန် နောက်ကျလိုက်တာ ။ ဗိုက်ဆာနေပြီ ။ ဘယ်တွေ လျှောက်သွားနေပါလိမ့် ။

••••• ••••• ••••• 

မနက်ဖြန် သမီး ဘွဲ့ယူမယ် မိန်းမ ရေ ၊ မင်း သေချာ ကြည့်နေနော် ။ ငါ လေ သမီးဘွဲ့ယူတဲ့ ပုံ မှာ မင်း ပုံ ကို ဖိုတိုရှော့ နဲ့ ထည့်ပြီး ဧည့်ခန်း မှာ ချိတ်ပေးထားမှာပါ ။ ပြီးတော့ ဘုရားသွား ပြီးလည်း ဆုတောင်းမှာ ။ ငါတို့ နောက်ဘဝ လည်း ဆုံရအောင် ဆိုပြီး သေချာ ဆုတောင်းခဲ့မယ် ။ တစ်ခုတော့ ရှိတယ် မိန်းမ ။ နောက်ဘဝ ကျရင်တော့ ငါ အရင် သေမယ် မိန်းမ ရယ် ။ အသက်ကြီး လာတော့ အထီးကျန်တဲ့ ဒဏ် ကို မခံစားနိုင်ဘူး ။

••••• ••••• ••••• 

သမီး ချစ်သူ တဲ့ ။ ငါ့ ကို မိတ်ဆက်ပေးတယ် ။ ငါလေ ခဏ ဆွံ့အ သွားတယ် ။ မဟုတ်ဘူး ။ ငါ ခဏ သေသွားတယ် ။ သူတို့တွေ ငါ့ ရှေ့ကို လက်တွဲပြီး လာကြတယ် ။ ငါ့ မျက်နှာ ဘယ်အနား ထားရမှန်း မသိဘူး ။ ငါ ဘာပြောရမှန်း လည်း မသိတော့ဘူး ။ ငါ့ စိတ်ထဲ မှာ မင်း ကိုပဲ သတိရ တယ် ။ မိန်းမ ရေ ။ ငါ့ ကို လာခေါ်ပါတော့ ။ ငါ အခု တစ်ယောက်တည်း ဖြစ်သွားသလို ခံစားရတယ် ။ ငါ့ မှာ ဘာမှမရှိဘူး ။ တကယ် ဘာမှ မရှိတော့ဘူး ။

••••• ••••• ••••• 

ဒီနေ့ သမီး က လစာ အပ်တယ် ။ ကျွန်တော် မသုံးရက်ပါဘူး ။ ကျွန်တော် အရင်လို ပိုက်ဆံ များများစားစား မရှာနိုင်တော့ပေမယ့် သမီး အတွက်တော့ ချန်ထားပါတယ် ။ ဘဝ မှာ တစ်ခုပဲ ဆုတောင်းချင်တယ် ။ ရောဂါ ကြီးကြီးမားမား မဖြစ်ဘဲ သေရပါစေလို့ ။ သမီး အတွက် ပိုက်ဆံ ကို ဘာ အတွက်နဲ့ မှ မသုံးလိုက်ချင်ဘူး ။

••••• ••••• ••••• 

သဘာဝရဲ့လား ။ ကျွန်တော့် မှာ ဖြေစရာ တရားတောင် မရှိခဲ့ ။

••••• ••••• ••••• 

ကျွန်တော့် ရဲ့ လမင်းလေး ကို တခြား ကောင်းကင် မှာ ထွန်းလင်းခွင့် ပေးလိုက်ပါပြီ ။ သမီး ရေ လွတ်လွတ်လပ်လပ်သာ တောက်ပပါ ။ သမီး ကို အဖေ အဝေး က ကြည့်နေမယ်နော် ။ ဖေဖေ့ သမီးလေး ပျော်ပါစေ ။

••••• ••••• ••••• 

ဒီနေ့ သမီး ကြိုက်တဲ့ ငါးခူ နဲ့ ရွက်ယိုရွက်ဟင်း ချက်တယ် ။ ကျွန်တော် တစ်ယောက်တည်း စား မဝင်လို့ သမီး ဆီ သွား ပေးတယ် ။ အပင်ပန်းခံလို့ အဖေရယ် တဲ့ ။ ဩော် သမီး ရယ် ။ ဒါ ပင်ပန်းတယ်လို့ မခေါ်ပါဘူးကွယ် ။

••••• ••••• ••••• 

နေလို့ မကောင်းဘူး ။ လမ်းလျှောက်ရင်တောင် မောမော နေတယ် ။ အသက်ရှူလို့ လည်း မဝဘူး ။ ဒီ စာတွေ ရေးနိုင်သေးလို့ တော်သေးတယ် ။ ကျွန်တော့် မှာလည်း ဒါပဲ အဖော် ရှိတယ် ။ ဒီတစ်ပတ် ပိတ်ရက် သမီး လာရင် ကောင်းမယ် ။ နေနိုင်လိုက်တာ သမီး ရယ် ။ ဒီ အဖေ ကို မလွမ်းဘူးလား ။ ဖေဖေ တော့ သမီး ကို ခဏ ပဲ ဖြစ်ဖြစ် တွေ့ချင်နေတာ ။ တကယ်လို့ သေရမှာ ဆိုရင်တောင် အဖေ သမီးလက် ထဲမှာပဲ သေချင်တယ် သမီးရယ် ။

••••• ••••• ••••• 

အခုတလော ကျွန်တော့် အတွေးထဲ အရင်က အကြောင်းတွေ ပြန် မြင်နေမိတယ် ။ အတွေး ထဲ မှာ သမီးလေး ဟာ သုံးနှစ်သမီး ။ ကျွန်တော့် လက်ပေါ်မှာ ခိုးခိုးခစ်ခစ် ရယ်လို့ ၊ ကျွန်တော့် ပါး ကိုလည်း နမ်း နေလိုက်တာ ။ ကျွန်တော်ဖြင့် အမောတွေ ပြေလိုက်တာ ။ သမီး ကျွန်တော် ချစ်မဝတဲ့ သမီးလေး ။ ကျွန်တော် ချစ်လိုက်တာ ။ ချစ်လိုက်တာဗျာ ။ ဪ မိန်းမ ။ မင်း လည်း ရှိနေတာပဲ ၊ ငါ မင်း ကို လွမ်းတယ်မိန်းမ ။ မင်း ကို အခုမှ လွမ်းတယ် ပြောမိလို့ အားနာပါတယ် ။

••••• ••••• ••••• 

တွန့်လိမ်ကွေး နေသည့် ဖေဖေ့ လက်ရေးများ ကို အားယူ ဖတ်ရင်း မျက်ဝန်း ထဲ မျက်ရည်တွေ ပြည့်လျှံလာခဲ့သည် ။ လှိုက်တက်လာသည့် ဝမ်းနည်းမှု ကို ဘယ်လိုမှ တားဆီး မရသည့်အခါ ... စာအုပ် ကို ရင်မှာ ပိုက် ကလေးလို ပဲ ရှိုက်ကာ အော်ငိုလိုက်မိသည် ။

“ ဖေဖေ ရယ် ... ဖေဖေ ... ဟီး ”

ရင်ထဲ ရှိသမျှ ထိုးအန်ချလိုက် သလို အော်ငိုလိုက်သော်လည်း စိတ်ထဲ တင်းကြပ်စွာ ခံစားနေရတုန်းပင် ။ ဖေဖေ့ မှာ ဒိုင်ယာရီ ရေးတတ်သည့် အကျင့် ရှိသည် ကို ကျွန်မ သိသည် ။ နေ့တိုင်း မဟုတ်တောင် ကိုယ် မှတ်မှတ်ရရ ရှိသည့် ရက်စွဲများ ကို ရေးမှတ်ရန် ဖေဖေ ကပဲ ကျွန်မ ကို သင်ပေးခဲ့သည် ။ ထို့ကြောင့် ကျွန်မ မှာ လည်း ဒိုင်ယာရီ ရေးတတ်သည့် အကျင့် ရှိသည် ။

ကျွန်မ ရေးထားသည့် ဒိုင်ယာရီစာအုပ် များစွာရှိသည် ။ ကျွန်မ ပြွတ်သိပ်ကြပ်စွာ ခံစားခဲ့ရသည့် ခံစားချက်များ ရေးသားထားသည့် ဒိုင်ယာရီ ။ ထို ဒိုင်ယာရီ ။ ကျွန်မ အတွေး နှင့် အတူ ဒိုင်ယာရီစာအုပ်များ ထားသည့် သေတ္တာ ကို ကမန်းကတန်း ဖွင့်လိုက်သည် ။ ဒိုင်ယာရီ စာအုပ်များ တစ်အုပ် ပြီး တစ်အုပ် ဆွဲထုတ်ပြီး ဖွင့်ကြည့်သည် ။ ဖတ်ကြည့်သည် ။ ဘယ်မှာလဲ ၊ အဖေ နှင့် ပတ်သတ်ပြီး ရေးထားသည့် စာ ။ ဖေဖေ နှင့် ပတ်သက်သည့် ခံစားချက် အတိုအထွာ ။

အဖေ ၏ မွေးသက္ကရာဇ် မှတ်ပုံတင်နံပါတ် အတိအကျ ရေးမှတ်ထားသည့် မှတ်တမ်း တစ်စုံတစ်ရာ ။ ကျွန်မ မှာ ဘာဆို ဘာမှ မရှိ ။

မရှိ ဆို အဖေ့ ဓာတ်ပုံ ကို ဖုန်း ထဲက လွဲ အပြင်ဖလင်သား နှင့် ဓာတ်ပုံ ကူးထားသည်တောင် ကျွန်မ မှာ မရှိ ။ ကျွန်မ တော်တော် အသုံးမကျခဲ့တာ ။ ကျွန်မ ဖေဖေ့ ကို ဥပေက္ခာ ပြုခဲ့မိတာ ။

စာရွက်များ တစ်ရွက် ပြီး တစ်ရွက် လှန်လှောပြီး ကိုယ့် ကို ကိုယ် ထုရိုက်ချင်မိအောင် ဒေါသတွေ ထွက်နေမိသည် ။ နေ့ ရှိသရွေ့ ကျွန်မ ရေးသားထားသည် က အချစ်အကြောင်း ။ သူ့ ကို မဆုံးရှုံးနိုင်သည့် အကြောင်း ။ သူ့ ကို လွမ်းနေသည့်အကြောင်း ။ ကျွန်မ ဘဝ မှာ သူ ရှိရင် ပြည့်စုံပြီ ဆိုသည့် အကြောင်း ။

ကျွန်မ ဖေဖေ့ ကို မျက်နှာ မပြဝံ့အောင် ရှက်မိသွားသည် ။ အချစ်တွေ ။ အလွမ်းတွေ က ဘာအရေးလဲ ။ ဆုံးရှုံးလိုက်ရတာ က မေတ္တာ ။ ပြန်မရတော့တာ က မေတ္တာ ။ ကျွန်မ တစ်ဘဝလုံး ဘယ်လို မှ ပြန်ရှာ၍ မရနိုင်သလို ဘယ်သူမှ လည်း မပေးနိုင်တော့မည့် ဖေဖေ့မေတ္တာ ။

ကျွန်မ ပေါင်ပေါ် က ဒိုင်ယာရီစာအုပ်များ ကို အကုန် ပစ်ချပြီး ဒိုင်ယာရီအသစ် တစ်အုပ် ကို ထုတ်လိုက်သည် ။ ဒီနေ့ ရေးမယ် ။ ဖေဖေ့ အကြောင်း ။ ကျွန်မ သိပ်ချစ်တဲ့ ဖေဖေ့ အကြောင်း ။

မဟုတ်ဘူး ။ ကျွန်မ ကို သိပ်ချစ်တဲ့ ဖေဖေ့ အကြောင်း ။ ဖေဖေ့ ကို သိပ်လွမ်းတဲ့အကြောင်း ။ ဖေဖေ့ ကို သိပ် တွေ့ချင်တဲ့ အကြောင်း ။ ကျွန်မ ကို စောင့်ရှောက်ပေးခဲ့တဲ့ အတွက် ဖေဖေ့ ကို ကျေးဇူးတင်ကြောင်း ရေးမယ် ။ ကျွန်မ စိတ်ထဲ က လှိုက်လှိုက်လှဲလှဲ ခံစားချက် နဲ့ ဒိုင်ယာရီ ရေး ကို ရေးဦးမယ် ။

သို့သော် ထို ဒိုင်ယာရီစာအုပ် ကို ဖေဖေ ဘယ်တော့မှ ဖတ်နိုင်တော့မည် မဟုတ်ပါ ။

▢ ရွှေငါးလေး
📖 တစ်ယောက် တစ်ဘဝ ( ၃ )

No comments:

Post a Comment