❝ ပစ်တိုင်းထောင် ❞
အပိုင်း - ၈
“ ဗျို့ ... ဆိုက်ကားဆရာ ၊ အားသလား ”
“ အားတယ်ဗျ ၊ ဘယ်သွားမှာလဲ ”
“ လင်းလွန်းလမ်း ၊ နှစ်ယောက် ငါးမူးနော် ”
“ မပိုပါဘူး ဆရာ ”
ကျွဲသိုး က ကျွန်တော့် အား လှမ်း၍ ပြုံးရင်း နောက်လိုက်သည် ။
“ သံချောင်းတို့ ဝက်ထောပြီကွ ”
ဟုတ်ပေသည် ။ ကျွဲသိုး ပြောသည့် အတိုင်းပင် ကနေ့ နေ့တွက်စီသည် ။ ညနေစောင်း တွင်ပင် ငါးကျပ် ကျော်ကျော် ခြောက်ကျပ် မျှ ရနေသည် ။
သံတံတားလမ်း သို့ ဝင်ပြီး ပြန်လာသည့် အခါတွင် ကျွန်တော် က စီးကရက်ဘူး ထဲမှ ပိုက်ဆံ ကို ထုတ် ကြည့်မိသည် ။ ခြောက်ကျပ်တစ်မတ် တိတိ ရနေသည် ။ အုံနာခ နှစ်ကျပ် နုတ်လျှင် ကိုယ့် အတွက် လေးကျပ် တစ်မတ် ကျန်လေပြီ ။
“ ဟေ့ .. သံချောင်း ၊ မင်း ဘယ်လောက်ရမလဲ ”
“ ခြောက်ကျပ် တစ်မတ် ”
“ ဟေ့ … ငါတောင် လေးကျပ်ပဲ ရသေးတယ် ၊ ညများ ကြက်ကလေးဘာလေး ဆွဲရရင်တော့ ကောင်းမှာပဲ ၊ အရေးထဲ ဖျံမက မလာဘူး ”
ကျွန်တော် က ကျွဲသိုး ကို ကြောင်၍ ကြည့်နေမိသည် ။ သူ ပြောသော စကားများ ကို ကျွန်တော် နားမလည်ပေ ။ နားမလည် ၍ ပြန်၍ မမေးမိ ကိုယ့် အတွေး နှင့် ကိုယ်သာ နှစ်သိမ့်ကြည်နူးနေမိသည် ။ ဆိုက်ကား အလုပ် သည် ဝင်ငွေ ကောင်းသော အလုပ် အနေဖြင့် အားတက်လာသည် ။
ထို့ကြောင့်လည်း တခြား အလုပ်များ လို မလွယ်လှပေ ။ စပယ်ယာ အလုပ် ဝင်ရစဉ် ကပင် သူ့ လောက် မခက်ခဲလှပေ ။
ဆိုက်ကားလိုင်စင် ယူရစဉ် က အဖြစ်များကို ပြန် တွေးလျှင် ရယ်စရာ ကောင်းလှပေသည် ။ အစစ် မခံမီ ကျွန်တော် သည် ကျွဲသိုး နှင့် ဆိုက်ကား ကို ကျင်လည်စွာ နင်းနိုင်အောင် ကြိုးစားခဲ့ရသည် ။ သို့ ကြိုးစားသည့် တိုင်အောင် အနှေးယာဉ်ဌာန သို့ ရောက်သောအခါ ကျွန်တော့် မှာ ရင်တုန် နေသည် ။ ရွာ နေစဉ်တွင် ဘုန်းကြီး ရှေ့၌ စာရွတ် ၍ ပြရသလို ကြောက်ဒူးတုန် နေသည် ။
ဆိုက်ကား ကို ကျင်ကျင်လည်လည် နင်းနိုင်သည် ဆိုသော်လည်း အရာရှိများ ရှေ့၌ နင်းရသည် မှာ မလွယ်လှပေ ။ လမ်း ဖြတ်လျှင် ဘယ်ကြည့် ညာကြည့် ဖြတ်ရသည် ။ ကွေ့မည့် ဘက်သို့ လက် ပြရမည် ။ သည် ကြားထဲ ကျောက်တုံးကျောက်ခဲတွေ ကြားတွင် နင်းရသည် ။ ဘရိတ် မအုပ်ရ ၊ ဖရီး မရိုက်ရ မြေကွက်ကလေး အတွင်း လှည့်ပတ်၍ နင်းရသော်လည်း ကျွန်တော့် မှာ ချွေးပြန်၍ လာသည် ။
နင်းပြရုံ နှင့်မပြီး ၊ ဆရာဝန် ၊ ဆရာမများ နှင့် အမျိုးမျိုး စစ်သေးသည် ။ အစက်ကလေးများ ကို မျက်စိ တစ်ဖက် မှိတ်၍ ဘယ်နှစက် ရှိကြောင်း ကို ပြောရသည် ။
ပထမ တစ်ဖက်တွင် အလွယ်တကူ ပြောနိုင်သော်လည်း နောက် တစ်ဖက် အလှည့် ရောက်သောအခါ မျက်လုံး က ပြာ၍ နေသည် ။ ပိတ်ထားပြီး မှ ပြန် ဖွင့်ရသဖြင့် ရုတ်တရက် မပြောနိုင်ပေ ။ သို့သော် ကံကောင်းသည် ဟု ဆိုမည် ။ နောက် မျက်စိအုပ်ပေးသူ ခပ်တိုးတိုး ပြောသည် ။
မျက်လုံး စစ်ပြီးလျှင် ဆရာဝန် က ကျွန်တော် ၏ ရင်ကို နားကျပ် ဖြင့်ထောက်၍ စစ်ပြန်သည် ။ ချောင်းဟန့် ခိုင်းသည် ။ သွေးဖောက် ၍ ယူသည် ။ အဆိုးဆုံးကား လုံချည် အချွတ် ခိုင်းသည့် အခါတွင် ကျွန်တော့် မှာ မျက်နှာ မထားတတ်အောင် ရှိတော့သည် ။ ဆရာဝန် က “ မင်း မှာ ရောဂါ ရှိလို့လား ” ဟု မေးလိုက် မှ ကြောက်ကြောက် နှင့် ချွတ် ပြရသည် ။
အားလုံး ကိစ္စပြီး မှ ပြန်ခဲ့ရသည် ။ ဆရာဦးဘကြား ကမူ သုံးလေးရက် ရှိလျှင် ရမည် ဟု ပြောလိုက်သည် ။ လက်ဖက်ရည်ဖိုး ရှင်းရန် အတွက် ဆရာ ဦးဘကြား အား ငွေတစ်ဆယ် ပေးရသည် ။ လိုင်စင် နှင့် ဓာတ်ပုံခ က နှစ်ကျပ်ခွဲ ကျသည် ။ စုစုပေါင်းငွေ ဆယ့်နှစ်ကျပ်ခွဲ ကုန်ခဲ့လေသည် ။
ငွေ ကုန်သော်လည်း ငွေကုန်ရကျိုး နပ်ပေသည် ။ ဆရာဦးဘကြား ပြောသည့် အတိုင်းပင် ငါးရက် နှင့် လိုင်စင် ရခဲ့သည် ။ လိုင်စင် ရပြီး နောက် ရက်တွင် ကျွဲသိုး တို့ ဂိတ်မှာ ပင် ဆိုက်ကား ရသည် ။
အမှန်အားဖြင့် ဆရာဦးဘကြား က ပင် ကျွန်တော့် အတွက် အားလုံး စီစဉ်ပေးခြင်း ဖြစ်သည် ။ ထို့ကြောင့်လည်း ကျွန်တော် ဆိုက်ကား နင်းရသော နေ့တွင် ဆရာဦးဘကြား အား ငွေ အစိတ်မျှ ပူဇော်ခဲ့ရသည် ။
ကျွန်တော့် တွင် ပါသော ငွေကိုးဆယ် ကျော်မှာ လက် ထဲတွင် အစိတ် မျှသာ ကျန်တော့သည် ။ သို့ ကုန်ရသော်လည်း နှမြောရမှန်း မသိပေ ။ အဘယ် ကြောင့်ဆိုသော် ငါးရက် မျှ နင်းလိုက်ရသော အခါ ကျွန်တော့် လက်ထဲတွင် ငွေနှစ်ဆယ်ကျော် မျှ ပြန်၍ စုမိလာသည် ။
ယနေ့ လည်း နေမစောင်းမီ ခြောက်ကျပ် ကျော်ကျော်မျှ ရနေသော အခါ ကျွန်တော့် မှာ အူမြူးနေမိသည် ။
သို့ အူမြူးနေစဉ် ဆိုက်ကား ဟွန်းသံများ တပွမ်ပွမ် ကြားရသည် ။ ကျွန်တော် က ကျွဲသိုး ဘက်သို့ ခေါင်းထောင် ကြည့်မိ၏ ။ ကျွဲသိုး သည် ဟွန်း ကို တပွမ်ပွမ် တီးရင်း လမ်းဘက်သို့ မေးငေါ့ ပြလိုက်သည် ။
“ ဟေ့ ... ကြက်နဲ့ တူတယ်ဟေ့ ၊ တယ် ဖြောင့်တာပဲ ၊ ခွပ်လက်များ ပြလိုက်ရင် ... အဟီး ... ”
ကျွဲသိုး မေးငေါ့ ပြသည့် ဘက်သို့ ကျွန်တော် က ကြည့်မိသည် ။ တောင့်တင်း ဆူဖြိုးလှသော မိန်းမ တစ်ယောက်သည် ကျွဲသိုးတို့ လူသိုက် အား လုံးဝ ဂရုမစိုက်ဘဲ လမ်းမှ လျှောက်၍ သွားသည် ။ သူ ၏ ဖြိုးမောက်သော ရင် ၊ ပြည့်ဖြိုးသော တင် တို့မှာ ခြေလှမ်း တိုင်း လှုပ်ရှားကစား ၍ ပြနေသလို ရှိတော့ ကျွန်တော် က ထို မိန်းမပျို အား ကြည့်ရင်း တစ်ခါက သိခဲ့ဖူးသူ တယောက် ကို စဉ်းစား နေမိသည် ။
ကျွဲသိုး က လက်ခေါက်မှုတ် လိုက်သည် ။ ပြီးမှ မကြားတကြား ကျွန်တော့် ဘက် သို့ လှည့်၍ ပြောလိုက်သည် ။
“ ကြက်ပါကွာ ၊ သေချာပါတယ် ၊ အမောက်ကြီးနဲ့ ပါ ၊ အတက် လည်း ပါသကွ ”
မိန်းမပျို က ကျွန်တော် ၏ ဆိုက်ကား ရှေ့ အရောက် တွင် ပြုံးလိုက် သည် ။ သူ ၏ နှုတ်ခမ်းလွှာ အတွင်း မှ ရွှေသွားကလေး တစ်ချောင်းသည် ဝင်း ခနဲ ပေါ်ထွက်လာလေသည် ။ သည်တော့မှ လည်း ကျွန်တော် က တဖြည်း ဖြည်း အမှတ်ရ လာတော့သည် ။
ကျွန်တော် သည် ဆိုက်ကား ကို နင်း၍ မိန်းမပျို ၏ ဘေးနားသို့ ယှဉ် ၍ လိုက်သွားသည် ။ မိန်းမပျို က ကျွန်တော့် အား တစ်ချက်မျှ မသိမသာ စောင်းငဲ့ ၍ ကြည့်ရင်း ဟန်မပျက် ဆက်၍ သွားသည် ။ ကျွန်တော် က သူ့ အနားသို့ ခပ်ဖြည်းဖြည်း နင်း၍ လိုက်သွားရင်း အကဲခတ်၍ ကြည့်လိုက်သည် ။
“ ခင်ဗျား အဝင်း မဟုတ်လား ”
အဝင်း က ကျွန်တော့် အား ကြောင်တောင်တောင် ပြန်၍ ကြည့်နေသည် ။ ကျွန်တော် က သူ မှတ်မိစေရန် နာမည်ရင်း ကို ခေါ်၍ နှုတ်ဆက်လိုက် ပြန်သည် ။
“ ခင်ဗျား ကျွန်တော့် ကို မမှတ်မိဘူးလား ၊ ရွှေသွားအဝင်း ခေါ် မလှမေ ဆိုတာ ခင်ဗျား ပဲ မဟုတ်လား ၊ တစ်ခါက ကားပေါ် မှာ တွေ့ကြတာ လေ ၊ အပြန် တောင် ကျွန်တော် ခင်ဗျား ကို လိုက် ပို့ရသေးတယ် ”
အဝင်း သည် ရွှေသွားကလေး ပေါ်အောင် ပြုံးလိုက်သည် ။ အဝင်း ပြုံးလိုက်ပုံ မှာ ကျွန်တော့် အား မိတ်ဆွေဟောင်း ကို မှတ်မိသော အနေဖြင့် နှုတ် ဆက်သလို အဓိပ္ပာယ် ရလေသည် ။ ထိုအတွင်း ကျွဲသိုး တို့ လူသိုက် က လှမ်း ၍ နောက် လိုက်ပြန်သည် ။
“ ဟေ့ .. သံချောင်း ရေ ၊ ခွပ်လက် ပြရင် တစ်ယောက်တည်း မပြနဲ့နော် ”
အဝင်း က ကျွန်တော့် အား ကြည့်ရင်း ဖော်ရွေစွာ ပြုံးလိုက်ပြန်သည် ။
“ ဪ … ရှင် ကိုသံချောင်း မဟုတ်လား ”
“ ဟုတ်တယ်လေ ၊ ခင်ဗျား ဘယ် သွားမလို့လဲ ၊ လာပါ ၊ ကျွန်တော် လိုက်ပို့မယ် ”
ကျွန်တော် က ဆိုက်ကား ကို ရပ်၍ မှောက်ထားသော ရှေ့ ဖင်ထိုင်ခုံ ကို နောက်သို့ လှန် ပေးလိုက်သည် ။ အဝင်း က တစ်ရစ်သော တင်ပါးဆုံကြီး နှစ်ဖက် ကို တစ်ဖက်ချင်း စောင်း၍ ထိုင်လိုက်သည် ။
“ အတော်ပဲ ၊ ရှင် ဆိုက်ကား နင်းနေတာ ၊ ရှင် နဲ့ ကျွန်မ နဲ့ ဖက်စပ် ကလေး ဘာလေး လုပ်ကြရအောင် ၊ ကျွန်မ ရှင့် ကို အိမ် ပြထားမယ် ၊ လူလေး ဘာလေး ရရင် ခေါ်ခဲ့ပေါ့ ”
“ ကျုပ် ခေါ်လို့ သူတို့ က လိုက်ပါ့မလားဗျ ”
“ ရှင် ကလည်း ခုထိ တုံးတုန်းပဲကိုး ၊ လာချင်တဲ့ လူ မှ ခေါ်ခဲ့ပေါ့ ၊ မလာချင်တဲ့ လူ ခေါ်ရင် ရှင် ဂါတ်တဲ ကို ရောက်သွားမယ် ”
“ ဒါဖြင့် ခင်ဗျားဟာ က မနိပ်ပါဘူးဗျာ ၊ တော်တော်ကြာ ဒုက္ခ ရောက်နေပါဦးမယ် ”
“ မရောက်ပါဘူး ရှင် ရဲ့ ၊ ဒီဘက်က အေးပါတယ် ၊ မြို့ထဲ မှာသာ ရှုပ်တာ ”
အဝင်း ညွှန်ရာသို့ နင်း လာရင်း ကွက်သစ် ထဲ မှ အိမ် တစ်အိမ်သို့ ရောက်လာသည် ။ အဝင်း က ဆိုက်ကား ပေါ်မှ ဆင်း၍ ချွေးခံအိတ် ထဲမှ ပိုက်ဆံကို ထုတ်၍ ပေးလိုက်သည် ။
“ နေပါစေဗျာ ၊ မယူပါဘူး ”
“ အို ... ယူပါရှင် ... မဟုတ်တာ ၊ ကျွန်မ ပြောတာသာ မမေ့နဲ့နော် ၊ ရှင့် အတွက် လည်း ငါးကျပ် ဆိုရင် တစ်ကျပ် ရမယ် ”
ကျွန်တော် က ယောင်ရမ်း၍ ခေါင်းညိတ် လိုက်ရ သော်လည်း အဝင်း ပြောသော စကား ကို ရေရေလည်လည် ကား သဘော မပေါက်ချေ ။ မည်သို့ ငါးကျပ် ရ၍ ထို အထဲ မှ ကျွန်တော် အဘယ်ကြောင့် တစ်ကျပ် ရမည်နည်း ။ ဤသည်ကို တွေး မရပေ ။ သို့သော် အဝင်း ရှေ့တွင်ကား ခေါင်းညိတ်ခဲ့မိ လေသည် ။
ဂိတ်သို့ ရောက်သောအခါ ကျွဲသိုး တို့ က ကျွန်တော့် အား ဝိုင်း၍ မေးကြသည် ။
“ ဟေ့ ... ဘယ့်နှယ်လဲ ၊ ကြက် မဟုတ်လား ၊ မင်း ခွပ်လက် ပြခဲ့သေးလား ”
“ ဘာလဲကွ ... ကြက် ဆိုတာ ... ”
“ ဟယ် ... ဒီအကောင် က လည်း အယိုင် ပဲ ၊ ကြက် ဆိုတာ မြာ ကို ပြောတာကွ ”
သည်တော့မှ လည်း ကျွဲသိုး မကြာခဏ ပြောနေသော ကြက် ကို နားလည်မိလေသည် ။
“ အေးကွ ၊ ကြက် ပဲ ၊ ငါ့ ကိုတောင် လူ ရရင် ခေါ်ခဲ့လို့ပြောတယ် ”
“ ဒီ ကြက်မတန်းမကြီး ဆိုရင် စားသာတယ် မောင် ၊ ဝက် တော့ ကောင်းကောင်း ထောတယ် ”
“ ဟေ့ကောင်တွေ …. အနုပညာဝိုင်း ဖွဲ့မလို့ဟေ့ ၊ ပါချင်သူ တစ်မတ် ”
ဦးသာဒင်ကြီး က ရေအိုးစင် ဘေးတွင် ပယ်ပယ်နယ်နယ် ထိုင်ရင်း တစ်စုံတစ်ခုကို လက်ထဲ ထည့်၍ နယ်ချေ နေသည်ကို ကျွဲသိုး က ကျွန်တော့် အနားမှ နေ၍ လှမ်း အော်လိုက်လေသည် ။
“ ကျွန်တော် ရော ပါသဗျို့ ”
“ ဟေ့ .. မရဘူး ၊ မရဘူး ၊ မင်း အနုသမားကွ ၊ စံမြ .. အုန်းဆံမှုန့် ယူခဲ့ကွ ”
ကိုစံမြ ကို ကျွန်တော်တို့ က တရုတ်ဖြူ ဟု ခေါ်သည် ။ တရုတ်ဖြူ ဟု ခေါ်ခြင်း မှာ ကိုစံမြ သည် ဘိန်းစား နှင့် တူသည် ။ သူ့ အသားမှာ ဖြူမွဲမွဲ ရှိသည် ။ တရုတ်ဖြူ စံမြ သည် ဆိုက်ကား အံဖုံး ထဲမှ အထုပ် တစ်ထုပ် ကို ယူ၍ ဦးသာဒင် အနားသို့ သွားလေသည် ။
“ ကျလင်ရောဗျ ”
“ ရှိပါတယ်ကွာ ၊ ပေး ပေး... အုန်းဆံမှုန့် ”
ဦးသာဒင် သည် သူ့ လက်မှ ဆေးရွက်မှုန့်များ ကို အုန်းဆံမှုန့် နှင့် ရောလိုက်သည် ။ ပြီးမှ ခွက်ရှည်ရှည်ကလေး ထဲသို့ ကျောက်ခဲကလေး ထည့် လိုက်သည် ။ ထိုးထည့် ပြီးမှ စောစောက လုံးထားသော အလုံးကလေး ကို မီးရှို့၍ ထည့်လိုက်သည် ။ ပြီးမှ ဖင်ပေါက် ကို အဝတ် နှင့် ပတ်လိုက်သည် ။ ကျွန်တော် က ဦးသာဒင်ကြီး အနား သို့ သွား၍ အသေအချာ ကြည့်နေမိသည် ။ သူတို့ ဘာလုပ်နေသည် ကို ကား နားမလည်ပေ ။
“ ဘာလဲဗျ ၊ ဘာလုပ်ကြမလို့လဲ ”
တရုတ်ဖြူ က သူ ၏ ဝါနေသော သွားများကို ပေါ်အောင် ပြုံးလိုက်သည် ။
“ ဆူရှေးတယ် ဆိုတာပေါ့ကွ ၊ ဒါက နတ်ပြည် ရောက်တဲ့ အလုပ် ”
တရုတ်ဖြူ ပြောသည်ကိုပင် ကျွန်တော် နားမလည်သေးပေ ။ ကျွဲသိုး က ဝင်၍ ရှင်းပြတော့မှပဲ သဘောပေါက်တော့သည် ။
“ ဆေးခြောက် ရှူတာကွာ ၊ သူ က လည်း အရက် လိုပဲကွ ၊ မကြမ်းတာ တစ်ခုပဲ ၊ လေးငါးရှိုက် လောက် ရှူလိုက်ရင် စိတ်ကူးယဉ် လို့ သိပ် ကောင်း တာကွ ”
“ ဘယ်လို ရှူမလဲ ”
“ ဟိုမှာ မမြင်ဘူးလား ၊ အဲဒီ ခွက်က ကျလင် လို့ ခေါ်တယ် ၊ ဆေးခြောက် ကို ရေ နဲ့ နယ်ပြီး အုန်းဆံမှုန့် နဲ့ လုံး ပြီးတော့ ကျလင် ထဲ ကို ခဲကလေး ထည့်ပြီး ဆေးခြောက်လုံး ကို မီးရှို့ ၊ ဖင် က နေ အဝပိတ် ရှူတာပေါ့ ၊ စမ်းကြည့် ပါလား ၊ ဆေးခြောက် မူးရင် အလိုလို ပျော်ပြီး ရယ်နေရတာပဲ ”
“ မလုပ်ပါနဲ့ကွာ ၊ ဘိန်းစား ဖြစ်နေပါဦးမယ် ”
“ အောင်မာ … တို့လို နတ်သားတွေ ကိုများ မင်းက ဘိန်းစားလေး ဘာလေးနဲ့ ၊ ဟဲ့ ... တိတ္ထိကောင်လေး ”
ဦးသာဒင် က ဆေးခြောက် ကို အားရပါးရ ရှူပြီး ကျွန်တော့် အား လှမ်း၍ နောက်လိုက်သည် ။ တရုတ်ဖြူသည် ဦးသာဒင် လက် မှ ကျလင် ကို ယူပြီးလျှင် ပါးစပ် နှင့် တေ့ကာ တအား ရှိုက် နေပြန်သည် ။ ဆေးခြောက်ဝိုင်း မှာ လူစုံ ၍ လာသည် ။
စောမောင် နှင့် ကျွဲသိုး တို့ ပါ ဝင်၍ ဝိုင်းကြပြန်သည် ။ ဂိတ် တွင် ဆိုက် ကားခြောက်စီး ရှိသော်လည်း လေးဦး မှာ ဆေးခြောက်ဝိုင်း တွင် ရောက်နေ သဖြင့် ပွကြီး တစ်ယောက် သာလျှင် ဆိုက်ကား ပေါ် တွင်ရှိသည် ။ ကျွန်တော် သည် ဆိုက်ကား ရှိရာသို့ ပြန်ခဲ့သည် ။ ခုလို မိုးချုပ်စ အချိန်တွင် လူ ရတတ်သည် ။
“ ဟေ့ကောင် ... မင်း ... ဟို ဝိုင်းမှာ မထိုင်ဘူးလား ”
ဆိုက်ကား ပေါ်တွင် ထိုင်ရင်း ငိုက်နေသော ပွကြီး ကို ကျွန်တော် က လှမ်း မေးလိုက်သည် ။ ပွကြီး က စိတ်ပျက်လက်ပျက် ဖြင့် ညည်းလိုက်သည် ။
“ ည က မိုးလင်း ဆွဲလို့ ကနေ့ ညနေစောင်း မှ ထွက်ခဲ့တာ ၊ အုံနာခ တောင် မရသေးဘူးကွ ”
ကျွန်တော် က ပွကြီး ဘေးတွင် ရပ် နေသော လူ ကို လှမ်း ကြည့်ရင်း ပွကြီး အား သတိ ပေးလိုက်ရသည် ။
“ ဟေ့ကောင် ... ဘေးမှာ ပါစင်ဂျာ ရောက်နေတယ် ”
သည်တော့မှ ပွဲကြီး မှာ ဖင်ထိုင်ခုံ ပေါ် သို့ ပြောင်း ထိုင်လိုက်ပြီး လျှင် ခရီးသည် အတွက် နေရာ ပြင်၍ ပေးလိုက်သည် ။ ပွကြီး ထွက်သွားသောအခါ ကျွန်တော် က ဆိုက်ကား ကို ရှေ့နား သို့ တိုးရင်း လူ ကို စောင့်လိုက်သည် ။ ဦးသာဒင် တို့ ဝိုင်း မှ ရယ်သံများ ကြားရသည် ။
ထိုအတွင်း သားသားနားနား ဝတ် ထားသော လူ တစ်ယောက် သည် ကျွန်တော့် အနားသို့ မယောင်မလည် ရောက်၍ လာသည် ။ ထို သူ သည် ဘေး အရိပ်အခြည် ကို ကြည့်လိုက်ရင်း ကျွန်တော့် အား ခပ်တိုးတိုး မေးလိုက်သည် ။
“ ဗျို့ ဆရာ ၊ ဟိုဟာ ရမလား ခင်ဗျားသိလား ”
သူ ၏ အမေးကြောင့် ကျွန်တော့် မှာ ကြောင်အမ်းအမ်း ဖြစ်နေသည် ။
“ ဘာလဲဗျ ၊ ဘယ်ဟာလဲ ”
“ ဟိုဟာပါ ဆိုနေဗျာ ၊ ဒါမှ မသိဘူးလား ”
“ ဘာလဲ ဆေးခြောက်လား ”
“ ဟာ ... ခွကျလိုက်တဲ့ လူပဲ ၊ မြာ ကို ပြောတာဗျ ၊ မြာလေး ဘာလေး မရဘူးလား ”
ကျွန်တော် က အဝင်း ပြောသော စကားကို သတိရမိသည် ။ သို့သော် ဤ အလုပ်မျိုး မှာ အပြစ် ကင်းသော အလုပ် မဟုတ်၍ လုပ်ချင်စိတ် လည်း မရှိပေ ။
“ ခင်ဗျား မသိရင် သိတဲ့လူ မရှိဘူးလား ”
“ ရှိပါတယ် နေဦး ၊ ကျွဲသိုး ရေ .. ဒီမှာဟေ့ .. ၊ ဒီမှာ ကြက် ရှိသလားတဲ့ ”
“ ဟေ .. ဟုတ်လား ၊ ရှိတယ် ၊ ရှိတယ် ”
ကျွဲသိုး သည် ဆေးခြောက်ဝိုင်း မှ ထ၍ ကျွန်တော်တို့ အနား သို့ ရောက်လာသည် ။ ကျွဲသိုး က ဧည့်သည် အား အကဲခတ် လိုက်ရင်း ခပ်တည်တည် ပြန်၍ မေးလိုက်ပြန်လေသည် ။
“ ဘယ်လောက်တန် လိုချင်လဲ ၊ စုံတာတော့ ရှိတယ် ၊ ဈေး များတယ် ၊ ဖြောင့်တာတော့ တော်တော့် ကို ဖြောင့်တယ် ”
လူရွယ် သည် ရွှင်လန်း အားရစွာ ကျွဲသိုး ကို ကြည့်လိုက်သည် ။
“ တော်တော် ဖြောင့်လားဗျ ”
ကျွဲသိုးက ခေါင်းခါခါ လက်ခါခါ ဖြင့် ဧည့်သည် အား ဆွယ်နေတော့သည် ။
“ ဟာ ... ဖြောင့်တာတော့ မပြောနဲ့ ၊ မင်းသမီး ခင်ဌေးမူ ရဲ့ ဖွန်မျိုးပဲ ”
လူငယ် ၏ မျက်နှာ မှာ “ အခု သွားစို့ ” ဟု ဆိုသော အမူအရာမျိုး ကို ဖော်ပြလျက်ရှိသည် ။
“ ဈေး က ဘယ်လောက်လဲ ”
“ ဆယ့်ငါးကျပ် ”
“ များတယ်ဗျာ ”
ကျွဲသိုး က စိတ်ပျက်လက်ပျက် ဖြင့် သူ့ ဆိုက်ကား နား သို့ သွားရပ် လိုက်ရင်း ညည်း လိုက်သည် ။
“ အပုပ်အသိုးတွေ တော့ ရတာပေါ့ ၊ လေးငါးကျပ် ပဲ ၊ ခင်ဗျား သွားချင်ရင် ကျွန်တော် လိုက်ပို့မယ်လေ ”
“ ဒါတွေတော့ ဘယ် နိပ်မလဲဗျာ ၊ ခုန ခင်ဗျား ပြောတာက တော်တော် ဖြောင့်ရဲ့လားဗျ ”
“ ဖြောင့်ပါတယ် ဆိုနေဗျာ ၊ ခင်ဗျား ကို ညာပါ့မလား ၊ မိုးကြိုးပစ်ရစေ့ ၊ မင်းသမီးခင်ဌေးမူ ဖွန် အတိုင်းပဲ ၊ သူ့ ထက် တောင် တောင့်သေးတယ် ၊ ပြီးတော ဒီ အလုပ် ကို လုပ်တာ မကြာသေးဘူး ၊ အရင် က အတွင်းဝန်ကလေး တစ်ယောက် ရဲ့ မယားငယ် ၊ မိန်းမ က ဖဲရိုက် လို့ ဘိုင်ကျတဲ့ အခါမှ လုပ်တာ ”
ဧည့်သည် သည် ကျွဲသိုး ပြောသော စကားများ ကို မျက်တောင် မခတ် နားထောင်ရင်း သူ့ မျက်လုံး က ပြူး၍ လာသည် ။ ရေခဲဆိုင် ရှေ့မှ သူ ၏ အဖော် နှင့် တူသူ တစ်ယောက် အား လှမ်း၍ ခေါ် လိုက်ပြန်သည် ။
အဖော် ရောက်လာသော အခါ ဧည့်သည် က ခပ်တိုးတိုး တိုင်ပင် နေပြန်သည် ။
“ ဆယ့်ငါးကျပ် တဲ့ ကွ ”
“ များတာပေါ့ကွာ ၊ တစ်ဆယ် လောက် ဆို တော်ရောပေါ့ ”
“ ဖြောင့်တော့ တော်တော် ဖြောင့်တယ်တဲ့ ကွ ၊ ခင်ဌေးမူ ဖွန်မျိုးပဲတဲ့ ”
“ ဟုတ်လား ၊ တော်တော်ကြာ ဟိုကျမှ အီကြာကွေး ဖြစ်နေပါဦးမယ် ”
ကျွဲသိုး က နောက်ပါလာသူ အား တစ်ချက်မျှ ကြည့် လိုက်ရင်း တစ်ယောက်တည်း ပြောသလို နှင့် ဆွယ်လိုက်ပြန်လေသည် ။
“ ဟိုကျတော့ မြင်ရမှာပေါ့ ၊ အလကား ညာ ပြောပါ့မလား ၊ ခင်ဌေးမူ ထက် တောင် ဖြောင့်သေးတယ် ၊ ကျုပ် သာ ဒါရိုက်တာ ဖြစ်ရင် ခင်ဌေးမူ နဲ့ ဘယ် ရိုက်မလဲ ၊ သူ နဲ့ ရိုက်ရင် ဝက်ဝက်ကွဲ သွားမယ် ”
ဧည့်သည် နှစ်ယောက် သည် တစ်ယောက် နှင့် တစ်ယောက် မေးငေါ့ရင်း အဖော်ညှိ နေကြပြန်သည် ။
“ သွားကွာ ၊ များချင် များပါစေ ၊ မစွံတာတွေ တော့ မနိပ်ပါဘူး ”
“ ငါ့ မှာ သုံးဆယ်ကျော် ပဲ ပါတယ် ”
“ ငါ့ လည်း ပါပါသေးတယ် ”
ဧည့်သည် နှစ်ယောက် တိုင်ပင် နေကြစဉ် ကျွဲသိုး က ကျွန်တော့် အနား သို့ တိုးလာပြီး ချိတ်ဆက် လုပ် လိုက်သေးသည် ။
“ ဟေ့ကောင် သံချောင်း ၊ မင်း စောစောက ပို့တဲ့ ကြက်ကြီး ရှိတယ် မဟုတ်လား ၊ သူ့ ဆီ သွားရအောင် ၊ မင်း က ရှေ့ က နင်း ၊ ဟိုကျတော့ မှ ကြည့် စီစဉ်တာပေါ့ ”
“ ဖြစ်ပါ့မလားကွ ၊ တော်တော်ကြာ ပုလိပ်တွေ ဘာတွေ နဲ့ ဒုက္ခ ရောက်ကုန်ဦးမယ် ”
“ ဖြစ်ပါတယ်ကွာ ၊ နှစ်ယောက် ရရင် သုံးဆယ် ရမယ် ၊ ဒီအထဲ က တို့ ခြောက်ကျပ် ရမယ်ကွ ”
“ ငါတော့ မလုပ်ချင်ပါဘူးကွာ ၊ ဒါမျိုးတွေ ဝါသနာ လည်း မပါဘူး ”
“ အသာ နေပါ ၊ ငါ ကြည့်လုပ်မယ် ”
ကျွန်တော်တို့ တိုင်ပင် နေစဉ် ပထမ ဧည့်သည် က လှမ်း၍ ခေါ်လိုက်သည် ။
“ ကဲ .. ဆရာ ၊ သွားမယ်ဗျို့ ”
ကျွဲသိုး က ဆိုက်ကား ပေါ်သို့ တက် လိုက်သည် ။ ဧည့်သည် နှစ်ယောက် က ရှေ့နောက် ထိုင်လိုက်သည် ။ ကျွန်တော် က ကျွဲသိုး အရိပ်အခြည် ကို ကြည့်နေသည် ။ သူ က မျက်စပစ် ၍ ပြလိုက် မှ ရှေ့ က ခပ်သုတ်သုတ် နင်းလိုက်ရသည် ။
တစ်ခါမှ မလုပ်ဖူးသော အလုပ် ဖြစ်၍ စိတ်ထဲ တွင် ကြောက်နေသည် ။ ကြောက်ကြောက် နှင့် ဆိုက်ကား ကို အမြန် နင်းလိုက်သည် ။ ကျွဲသိုး က နောက် မှ လှမ်း၍ အော်လိုက်သည် ။
“ ဟေ့ကောင် ... ဖြည်းဖြည်း လုပ်ပါကွ ”
ကျွဲသိုး သည် ဖင် ကို မြှောက်၍ နင်းရင်း ကျွန်တော့် ကို မီအောင် လိုက် နေရရှာသည် ။ အဝင်းတို့ အိမ်ရှေ့သို့ ရောက်သော အခါတွင် ကျွဲသိုး ၏ အရိပ်အခြည် ကို ကျွန်တော် က ကြည့်နေရသည် ။
“ ကဲ .. ဆရာတို့ ၊ ခဏ နေဦး ၊ အခြေအနေ ကြည့်လိုက်ဦးမယ် ”
ဧည့်သည် နှစ်ယောက် သည် ဆိုက်ကား ပေါ်တွင် ယောင်ချာချာ နှင့် ကျန်ရစ်ခဲ့သည် ။ ကျွဲသိုး နှင့် ကျွန်တော် သည် အဝင်းတို့ အိမ်ပေါ် သို့ တက်ခဲ့သည် ။ ရှေ့ခန်း တွင် အဝင်း ကို တွေ့ ရသည် ။ ကျွန်တော် က အဝင်း ထိုင်နေ သော ဘေးစားပွဲ ပေါ်မှ နတ်ရုပ်များ ကို ငေး၍ ကြည့်နေမိသည် ။
“ ဘာလဲ ကိုသံချောင်း ၊ လူ ရလို့လား ”
အဝင်း အမေး ကို ကျွန်တော် က မဖြေနိုင်မီ ကျွဲသိုး က ဝင်၍ ဖြေလိုက်သည် ။
“ လူ နှစ်ယောက် ပါတယ် ၊ အေးအေးဆေးဆေး ပါပဲ ၊ ခင်ဗျား ဘယ်လောက် ယူမလဲ ”
အဝင်း က တို နေသော စီးကရက် ကို လက် ဖြင့် စွန်ကုတ်သလို ကုတ်၍ ဖွာလိုက်ပြီးလျှင် ကော်ဖီပန်းကန် ထဲ သို့ ထိုးချေလိုက်သည် ။
“ ဘာလဲ ၊ ချီကောက် လား ၊ အော်ဒါ လား ”
“ ချီကောက် ပေါ့ ”
“ ငါးကျပ် လေ ၊ မင်းတို့ တစ်ကျပ်ယူ ”
ကျွဲသိုး သည် ပါးစပ် ကို ဖြဲ၍ ရယ်လိုက်သည် ။ အမှန်၌ သူ သည် ဧည့်သည် နှစ်ယောက် ကို တစ်ယောက် ဆယ့်ငါးကျပ် ပြောလာသူ ဖြစ်လေသည် ။
“ ဒီမှာ ကျုပ် ဆယ့်ငါးကျပ် နဲ့ ပြောလာတာ ၊ မနည်း ကို လှိမ့်ပြီး ဆွယ် ရတာ ၊ ဗိုက်ရွှဲအိမ် ပို့ရင် ငါးကျပ် ပဲ ၊ ဒါပေမဲ့ ခင်ဗျား ကို ညနေ က မြင်လို့ သံချောင်း မိတ်ဆွေ လည်း ဖြစ်လို့ ကျုပ် ဖောက်သည် ရအောင် ဆွယ်လာတာ ၊ ခင်ဗျား သုံးဆယ် ရမယ် ၊ ကျုပ်တို့ ကို ဘယ်လောက် ပေးမလဲ ”
အဝင်း သည် အထက်နှုတ်ခမ်းကလေးများ လန်တက် သွားအောင် ရယ်လိုက်သည် ။ ပြီးမှ သူ့ အင်္ကျီစများ ကို ဆွဲချလိုက်ရင်း ...
“ ခြောက်ကျပ်ယူပေါ့ ”
“ ဘယ်ကလာ ရမလဲ ၊ တစ်ဆယ်တော့ ပေးဗျာ ၊ သံချောင်း နဲ့ ကျုပ် နဲ့ ငါးကျပ် စီ ယူမယ် ”
အဝင်း သည် မျက်ခုံးကလေး နှစ်ဖက် တွန့်လိမ် သွားအောင် ရှုံ့လိုက်သည် ။
“ နောက်လည်း ပေးရမှာပဲဟာ ၊ ငါ အခု နားကပ်ကလေး ရွေးချင်လို့ပါဟယ် ”
“ တော်စမ်းပါဗျာ ၊ ဒီအပေါက်တွေ မချိုးပါနဲ့ ”
“ ကဲ .. လေးကျပ်စီ ယူ ၊ ရှစ်ကျပ်ပေါ့ ... ဟုတ်လား ”
“ တဆယ် လုပ်ပါဗျာ ”
ကျွဲသိုး က ကပ်၍ ညှစ်နေသည် ကိုပင် ကျွန်တော့် မှာ ကြားက အားနာသည် ။
“ တော်ပါပြီကွာ ၊ ရှစ်ကျပ် ရရင်လည်း တော်ပေါ့ ၊ ငါ သုံးကျပ်ပဲ ယူမယ် ၊ မင်း ငါးကျပ် ယူပေါ့ ”
အဝင်း က ကျွန်တော့် ပခုံး ကို လှမ်း၍ ပုတ်လိုက်ရင်း ...
“ ငါ့ မောင် ကမှ လိမ္မာသေးတယ် ၊ ကဲ ... သွားခေါ်ချေလေ ”
ကျွဲသိုး သည် ကျွန်တော် အား မကျေမနပ် ဖြင့် ကြည့်လိုက်သည် ။ ကျွန်တော် က မူ ပိုက်ဆံ တစ်ပြားမှ မရချင်နေ ၊ သည် အိမ်ပေါ်မှာ ကြာကြာနေရသည် ကိုပင် လန့်၍ လာသည် ။ ရုတ်တရက် ပုလိပ်များ တက်၍ လာမလား ဟု စိတ် က တထိတ်ထိတ် ဖြစ်နေသည် ။
“ နေဦး ၊ ဟို ဆရာတွေ ကို ကျုပ် ဖြီးထားတာတွေ အတိုင်အဖောက် လည်း လွဲဦးမယ် ၊ ခင်ဗျား ကို အတွင်းဝန်မယားငယ် ဖြစ်ဖူးတယ် လို့ ပြော ထားတယ် ၊ ပြီးတော့ ဖဲရှုံးတဲ့ အခါမှ ဒီ အလုပ် ကို လုပ်တာလို့ ပြောထားတာနော် ၊ တော်တော်ကြာ အဖြီး ပေါ်နေဦးမယ် ”
အဝင်း သည် ခြေတစ်ဖက် ကို ရှေ့နောက် ရမ်းလိုက်ရင်း အေးအေး ဆေးဆေး ပြုံး လိုက်သည် ။
“ ဒါတွေကို သိပါတယ် ၊ မလွဲစေရပါဘူး ၊ သွားခေါ်လေ ”
ကျွဲသိုး သည် လှေကားထိပ် မှ ရပ်၍ ဧည့်သည် နှစ်ယောက် ကို လှမ်း ခေါ်လိုက်သည် ။ ဧည့်သည်များ ဝင်လာသောအခါ ကျွဲသိုး က အဝင်း ဘက်သို့ မေးငေါ့ ပြလိုက်သည် ။
အဝင်း က အကင်းပါးစွာပင် နေရာမှ ထလိုက်သည် ။ ခေါင်းရင်း တံခါးပေါက် ကို မမီတမီ လှမ်း၍ ပိတ်လိုက်သည် ။ အဝင်း ၏ ဖွံ့ထွားသော တင်ကြီး က နောက်သို့ ပို၍ ထွက်လာလေသည် ဟု ထင်ရ၏ ။ တံခါးပိတ် ပြီး ပြန်လှည့်ကာ ကု,လားထိုင် တွင် မထိုင်ဘဲ ဘေးပြတင်းပေါက် ကို မှီ၍ ရပ် လိုက်သည် ။ သူ ၏ လက်နှစ်ဖက် မှာ ပြတင်းပေါက်ပေါင် ကို နောက်ပြန် ကိုင်ထား သဖြင့် ရင်အုံကလေး မှာ ရှေ့သို့ ကော့ပျံ ၍ နေလေသည် ။ ပြီးမှ ရွှေသွားကလေး ပေါ်အောင် ပြုံး လိုက်သည် ။
“ ဘယ်လိုလဲ ၊ နမူနာ ကြည့်နေကြတာလား ”
ဧည့်သည် နှစ်ယောက် သည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ရင်း ရှက်ပြုံးကလေး ပြုံး လိုက်ကြသည် ။
“ မဟုတ်ပါဘူးဗျာ ”
“ ကဲ … ဘယ်လိုလဲ ၊ ကျွန်တော် ပြောတဲ့ အတိုင်းပဲ မဟုတ်လား ”
ကျွဲသိုး က ထပ်၍ လှော်ဖဲ ရိုက်လိုက်ပြန်သည် ။
“ အင်း ... ဟုတ်ပါတယ် ၊ မဆိုးပါဘူး ”
“ အိုင်ဆေး ... ဘယ်ရီးဒီးဆင့် ဟင် ”
သူတို့ သည် တစ်ယောက် နှင့် တစ်ယောက် လည်ချောင်း မရှင်းသော အသံကြီးများ နှင့် ပြောနေကြသည် ။ တစ်ယောက် မှာ ငမ်းငမ်းတက် ဖြစ်နေပုံ ရသည် ။
“ ကဲ …. ဒါဖြင့်လည်း ကျွန်တော်တို့ သွားဦးမယ် ၊ တစ်နာရီ လောက် လာခေါ်မယ် ”
“ ဟုတ်ကဲ့ ... တစ်ပတ်လှည့်ခဲ့ပေါ့ဗျာ ”
ဧည့်သည် နှစ်ယောက် ကို ထားခဲ့ပြီးလျှင် ကျွန်တော်တို့ လမ်းထိပ် သို့ ထွက်ခဲ့သည် ။
“ ရှပ်ကလေး ဘာလေး တွေ့ဦးမလား ”
“ ဓနိရည် တစ်လုံးစီ အုပ်တာပေါ့ကွာ ”
ကျွန်တော် နှင့် ကျွဲသိုး သည် ဓနိရည် တစ်လုံးစီ ကြက်ခြေထောက်ရိုး ဆယ်ပြားဖိုး နှင့် မြည်းရင်း သောက်နေကြလေသည် ။
“ မင်း တော်တော် ရှော်တဲ့ အကောင် ၊ ဒီဖျံ တွေ ကို အညှာ ပေးရတာ မဟုတ်ဘူး မင်းကြောင့် နို့မို့ရင် ငါးကျပ်စီ ရမှာ ”
ကျွဲသိုး က ရှစ်ကျပ် ရသည်ကို မကျေမနပ်ဖြင့် ကျွန်တော့် အား ပြစ်တင်၍ မပြီးတော့ပေ ။
“ တော်ရောပေါ့ကွာ ၊ တစ်နေ့လုံး နင်းမှ ရှစ်ကျပ် လောက် အများဆုံး ရတာ ၊ ခုဘာမှ မပင်ပန်းဘဲ ငါးမူးလမ်း ကို ပို့ရုံနဲ့ တစ်ယောက် လေးကျပ်စီ ရတာ နည်းသေးလားကွာ ”
“ ဘာဆိုင်လဲကွ ၊ ငါ ဆွယ်လို့ တစ်ယောက် ဆယ့်ငါးကျပ်ရတာ ၊ မဆွယ်ရင် တစ်ယောက် ကို ငါးကျပ်စီပဲ ရမယ် ၊ တို့ အတွက် နှစ်ကျပ် နုတ်တော့ မင်း အဝင်း ရှစ်ကျပ် ပဲ ရမယ် ၊ ခု ငါ့ကြောင့် သုံးဆယ်ရတာ ၊ သူ နှစ်ဆယ် ယူပြီး တို့ကို တစ်ဆယ်တော့ ပေးသင့်တာပေါ့ကွ ၊ မင်း ယိုင်တာနဲ့ မရတာ ”
“ ကဲပါကွာ ၊ မင်း ငါးကျပ် ယူပါ ၊ ငါ သုံးကျပ် ရလည်း တော်ပါပြီ ”
“ ဒီလိုတော့ မလိုချင်ပါဘူးကွာ ”
ကျွဲသိုး သည် ကြက်ခြေထောက်ရိုး ကို ဝါးရင်း ဓနိရည် ကို ပုလင်း လိုက် မော့လိုက်သည် ။ ဓနိရည် သည် ချဉ်ဖန်ဖန် နှင့် အရသာ မတွေ့လှပေ ။
“ မင်း ဓနိရည်က မစွံပါဘူးကွာ ၊ ချဉ်ဖြုံးဖြုံးနဲ့ ”
“ ကိုယ့် လူ... သိပ် ကြီးကျယ် မနေနဲ့ ၊ ဆိုက်ကားသမား ဆိုတာ ချက် အရက် ကို နေ့တိုင်း သောက်နိုင်တဲ့ လူ မရှိဘူး ၊ ဓနိရည် နဲ့ ဆော်ရတာပဲ ၊ မင်း တွက်ကြည့်လေ ၊ ချက် ဆိုရင် တစ်ပိုင်း တစ်ကျပ် နဲ့ ခြောက်ဆယ့်ငါးပြား ၊ ဒါမှ ရေချိန်ကိုက်ရုံပဲ ရှိတယ် ၊ ဓနိရည် သုံးလုံး ပြားကိုးဆယ် ဆိုလည်း သူ့ လောက်ပဲ မူးတာပဲ ၊ ဒီတော့ ဓနိရည် ကို ချမှာပေါ့ကွာ ၊ ပြီးတော့ သူ က ဆီး လည်း ကောင်းတယ် ၊ ဝမ်း လည်း မှန်တယ် ၊ ဆိုက်ကားသမား ဆိုတာ ဆီး ကို အမြဲတမ်း ဂရုစိုက်ရတယ် ၊ ဆီး ကိုင်တတ်တယ်ကွ ”
ကျွန်တော် က ကျွဲသိုး ပြောသမျှကို နားထောင်ရင်း ပုလင်း ထဲ တွင် ကျန်နေသော ဓနိရည် ကို မျက်စိ မှိတ်၍ မော့လိုက်သည် ။ ပြီးမှ ကြက်ခြေ ထောက်ရိုး ကို ဝါးလိုက်သည် ။
အဝင်းတို့ အိမ် ပြန် ရောက်သော အခါ ဧည့်သည် နှစ်ယောက် မှာ အပြင်သို့ ရောက်၍ နေကြပြီ ။ တစ်ယောက် မှာ ကျွန်တော်တို့ မရောက်ခင်လေး လောက်တွင်ပင် ထွက်လာဟန် ရှိလေသည် ။
“ ခင်ဗျားတို့ တော်တော် အချိန်မှန်း ကောင်းတဲ့ လူတွေပဲဗျာ ၊ ဒီ လူ လည်း အခန်း ထဲက ထွက်လာရော ... ခင်ဗျားတို့ လည်း ရောက်လာတာပဲ ”
ဧည့်သည် တစ်ယောက် က ကျွန်တော်တို့ ကို ပြောသလို နှင့် သူ့ လူကို သူ နောက် နေသည် ။ ထို လူ မှာ ရှက်အမ်းအမ်း ဖြစ်နေသည် ။ အဝင်း က ထို ဧည့်သည် အား တအား ဖက်လိုက်လေသည် ။
“ မလုပ်ကြပါနဲ့ရှင် ၊ ကျွန်မ လင်ကလေး ကို မပြောကြပါနဲ့ ၊ ကျွန်မ လင်ကလေး က သဘော လည်း ကောင်း ၊ အို ... အကုန်လုံး ကောင်းပါတယ်နော် ”
“ ကဲ .. သွားမယ်နော် အဝင်း ၊ နောက်မှ လာမယ် ၊ သူ့ ကို ခေါ်ချင် ခေါ်ထားလိုက်လေ ”
စောစောက ဧည့်သည် မှာ မျက်နှာကြီး နီ၍ နေသည် ။ အဝင်း က သူ့ လူ ကို ဖက်၍ ပါး တစ်ဖက် ကို မွှေးလိုက်သည် ။
“ နောက် လာခဲ့နော် ”
ထို ဧည့်သည် က ခေါင်းညိတ် လိုက်သည် ။ ဧည့်သည်များ ဆင်း သွားသောအခါ ကျွန်တော် က ဧည့်သည်များ နောက်မှ လိုက်သွားမိသည် ။ ကျွဲသိုး က အဝင်း နှင့် ကျရစ်နေသည် ။ ဧည့်သည်များ ဆိုက်ကား ပေါ်သို့ ထိုင်ပြီးမှ ကျွဲသိုး အပြေးအလွှား ဆင်းလာသည် ။
အဝင်း က အပေါက် မှာ ရပ်၍ သူ့ အမဲများကို လက်ပြ နှုတ်ဆက် လိုက်လေသည် ။
“ ဟေ့ …. မင်း ဝက်ထောခဲ့ရဲ့လား ”
“ ဘယ် နေမလဲ ၊ ဖျံတွေ ကို လက်ငင်း ဝက်မထောရင် နောက် ဘယ်တော့မှ မမျှော်နဲ့တော့ ”
ကျွန်တော် က ဘေးတွင် ပါလာသော ဧည့်သည် ကို တစ်ချက်မျှ ကြည့်လိုက်ရင်း ...
“ ဘယ့်နှယ်လဲ ၊ စုံရဲ့လား ”
“ ဟာ ..တော်ပါတယ်ဗျာ ၊ ရုပ်ရည် ရော ၊ အပြောအဆို ရော ၊ တော်တော် သိမ်မွေ့တာပဲ ၊ အတွင်းဝန် မယားငယ် ပဲ ဗျ ၊ အတွင်းဝန် က ပစ် သွားလို့ ဒီဘဝ ရောက်ရရှာတာတဲ့ဗျာ ၊ သနားစရာပါပဲ ”
ကျွန်တော် က မရယ်မိရန် စိတ် ကို ချုပ်၍ ထားလိုက်ရသည် ။ ဧည့်သည် က ကျွန်တော့် ကို တစ်ချက် မော့၍ ကြည့်လိုက်သည် ။
“ ရဲဘော်နာမည် က ဘယ်လို ခေါ်လဲ ”
“ သံချောင်း တဲ့ ခင်ဗျာ ၊ နောက်လည်း မှတ်ထားပေါ့ ၊ ကျွန်တော် က ဒီ ဂိတ်မှာ ရှိပါတယ် ၊ နောင်ကြီး နာမည် ကရော ”
“ ကျွန်တော့် နာမည် က တင်အေး သူ က ခင်မောင်ဦး ”
“ အေးဗျာ ၊ ကျွန်တော် တို့ ကို လည်း မှတ်ထားပေါ့ ၊ ဟိုကောင့် နာမည် က ကျွဲသိုး တဲ့ ၊ ဆရာတို့ ကို အခု ဘယ် လိုက်ပို့ရမလဲ ”
“ တော်ပါပြီ ၊ ဒီ ဂိတ်တင်ပဲ ရပ်ပါ ၊ ဒီကနေ ကား စီးသွားမယ် ”
ဂိတ်သို့ ရောက်သောအခါ ကျွန်တော် ၏ ပါစင်ဂျာ ကိုတင်အေး က အိတ် ထဲမှ ပိုက်ဆံ ထုတ်ပြီး အပေးရ ခက်နေဟန်ရှိသည် ။
“ ဘယ်လောက် ပေးရမလဲ ”
“ ကြည့် ပေးပါ ဆရာ ရယ် ”
အမှန်၌ လည်း ဘယ်လောက် တောင်းရမည် ကို ကျွန်တော် မဆုံး ဖြတ်တတ်ပေ ။ ထို့ကြောင့် ကျွဲသိုး ဘက်သို့ လှမ်း၍ ကြည့်လိုက်သည် ။ ကျွဲသိုး က သူ့ လူ ထံမှ ငွေ ကို ယူရင်း ကျွန်တော့် ဘက် သို့ လှမ်း၍ ပြောလိုက်သည် ။
“ ဟေ့ ... တစ်ယောက် တစ်ကျပ်စီ ရပြီးပြီ ၊ ဟိုဆရာလေး ဆီ က လက်ဖက်ရည်ဖိုး တောင်းပေါ့ကွာ ”
ကိုတင်အေး က ကျွန်တော့် အား ပြုံး၍ ကြည့်ပြီးလျှင် အိတ် ထဲ မှ ကျပ်တန် တစ်ရွက် ကို ထုတ်၍ ပေးလိုက်သည် ။
ခရီးသည်များ ထွက်သွားသော အခါ ကျွန်တော်တို့ မှာ တစ်ယောက် မျက်နှာ ကို တစ်ယောက် ကြည့်ရင်း ကျေနပ်ရွှင်လန်းစွာ ပြုံးလိုက်သည် ။
ဦးလေးဦးသာဒင် သည် ဆိုက်ကားရှေ့ ခုံပေါ်တွင် မှီ ၍ထိုင်နေရင်း နတ်ပြည်ခြောက်ထပ် အကြောင်း ပြောနေသည် ။ ဘေးမှ တရုတ်ဖြူတို့ က လိုက်၍ ဟားနေကြသည် ။
ကျွန်တော် နှင့် ကျွဲသိုး မှာ ဝေစု ခွဲလိုက်ကြသည် ။ တစ်ယောက် ကို လေးကျပ်စီ ခွဲပြီးလျှင် ဆိုက်ကားခ နှစ်ကျပ်ကို ကျွဲသိုး အား ပေးလိုက်သည် ။ လက်ဖက်ရည်ဖိုး တစ်ကျပ် ကို ကျွန်တော် ယူလိုက်သည် ။ သူ က ခြောက်ကျပ် ရ၍ ကျွန်တော် က ငါးကျပ် ရလေသည် ။ ကနေ့ အတွက် ကျွန်တော် သည် ဆယ့်တစ်ကျပ် မျှ စီလေသည် ။ အုံနာခ နုတ် လိုက်လျှင် ကိုးကျပ် မျှ စီသည် ။
ကျွန်တော် က ချွေးနှဲစာ ဖြင့် ရသော ငွေဆယ့်တစ်ကျပ် ကို လက် ထဲ တွင်ညှပ်ထားရင်း အားပါးတရ ကျုံးဝါး လိုက်မိသည် ။
“ သုံးနှစ် အတွင်း ‘ ကိုယ်ပိုင် ’ ဆိုက်ကား ဝယ်နိုင်ရမယ်ကွ ”
⎕ အောင်လင်း
📖ပစ်တိုင်းထောင်
No comments:
Post a Comment