❝ မုန်တိုင်း ထဲ က ဘဝ တစ်ခု ❞
[ ဟုမ္မလင်းမြို့ က ကစ္ဆပနဒီကဖေး မှာ မိတ်ဆွေ နှစ်ယောက် နဲ့ အတူ ထိုင်ရင်း ကျွန်တော် လက်ဖက်ရည် သောက် နေတယ် ။
ကဖေးဆိုင် က နံရံတွေ ဟင်းလင်း ဖွင့်ထားပြီး ကပ်လျက် မှာ အဆောက်အအုံ မရှိလို့ မြင်ကွင်းကျယ်ကျယ် ကို ငေးမောလို့ ရတယ် ။ အထက် ချင်းတွင်းဒေသ က ရှမ်းတိုင်းရင်းသားတွေ နေတာများတယ် ။ ကဖေးဆိုင် ဆောင်းဘောက် မှာ ရှမ်းအိုးစည် နဲ့ လင်းကွင်းသံ ကို ကြားနေရပါတယ် ။
ကျွန်တော် နဲ့ အတူ ကဖေးဆိုင် ထိုင်နေကြသူ တွေ က Future Engineering & Gold Mining Co.Ltd ဟုမ္မလင်းမြို့ရုံးခွဲ က ကိုသိန်းနိုင် ၊ ကိုသက်နိုင်ထွန်း တို့ပါ ။ ဟုမ္မလင်းနယ် က ရွှေရှာဖွေ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ အကြောင်း သူတို့ ပြောပြတယ် ။
ရွှေသိုက် နဲ့ တိုးပြီး ရွှေသူဌေး ဖြစ်သွားသူတွေ ၊ ရွှေမှော် ထဲမှာ တဝဲလည်လည် ကျင်လည်ရင်း ဘဝ ပျက်သွားသူတွေ ၊ အကြောင်းအရာစုံ သူတို့ ကပြောတယ် ။
သူတို့ ပြောပြတဲ့ အကြောင်းအရာ ထဲ မှာ အမျိုးသမီး တစ်ယောက် ရဲ့ အကြောင်း လည်း ပါတယ် ။ ဟုမ္မလင်း သင်္ဘောဆိပ် သောင်ပြင် မှာ တဲ ထိုးပြီး ကုန်စုံ ရောင်းရင်း ချင်းတွင်းမြစ်ရေ ရုတ်တရက် တိုးလာလို့ လူ ရော တဲ ပါ မျောသွားတဲ့ အဖြစ်အပျက် ၊ ဥရုချောင်းရိုးက ရွှေမှော်တွေ မှာ ဒီဇယ် ရောင်းတဲ့ အကြောင်း ၊ နာဂစ်မုန်တိုင်းသင့် ဒေသတွေ ကို ကိုယ်တိုင် သွားပြီး ကူညီတယ် ။ သူ တစ်ယောက်တည်း က ကျပ်သိန်း ၅ဝ နာဂစ် ကူညီဖို့ လှူတယ် ။ ဟုမ္မလင်း ပါရမီ လူမှုကူညီရေးအသင်း မှာ လည်း ဘဏ္ဍာရေးမှူး တာဝန်ယူပြီး ဥရုချောင်း တစ်လျှောက် ရှိတဲ့ ရွှေမှော်တွေ ကို သွားပြီး ရန်ပုံငွေ ရှာဖွေ ပေးတဲ့ အကြောင်းတွေ လည်း ပြောတယ် ။
ကျွန်တော့် စိတ် ထဲမှာ သူတို့ ပြောပြနေတဲ့ မခင်ဌေးမြင့် ဆိုသူ ကို ပုံဖော် ကြည့် နေမိတယ် ။ ညိုညိုတုတ်တုတ် ၊ နေပူစပ်ခါး သွားလာပြီး စီးပွား ရှာ ရလို့ ရုပ်သွင် က ခပ်ကြမ်းကြမ်း ။
သူ့ ဘဝလမ်းကြောင်း ကို စိတ်ဝင်စားလို့ ကိုသက်နိုင်ထွန်း တို့ ကို မိတ်ဆက် ပေးဖို့ အကူအညီ တောင်းမိတယ် ။ ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက် က လပ်ကီးစတား ကုန်စုံဆိုင် ကို ရောက်တော့ မခင်ဌေးမြင့် ဆိုတာ ကျွန်တော့် စိတ်ကူး ထဲ မှာ ပုံဖော်ထားမိ တာနဲ့ တခြားစီ ဖြစ်နေတယ် ။ သူ က ငယ်ရွယ် နုပျိုတဲ့ အမျိုးသမီး တစ်ယောက် ။ သူ လျှောက်လှမ်း ခဲ့ရတဲ့ ကြမ်းတမ်းတဲ့ ဘဝ ခရီး ကို မခင်ဌေးမြင့် က ပြောပြပါတယ် ။ ]
••••• ••••• •••••
ကျွန်မ က ဟုမ္မလင်းသူ ပါ ။ မိဘတွေ က ဦးထွန်းဆင့် ၊ ဒေါ်တင်ရင် ။ ၁၉၈၃ ခု ကျွန်မ ကိုးတန်းနှစ် မှာ အဖေ ဆုံးတယ် ။
အဖေ က သီးနှံကုန်သည် ။ ဒေသထွက် သီးနှံ ဖြစ်တဲ့ စားတော်ပဲ ၊ မြေထောက်ပဲ ၊ မတ်ပဲ ၊ နှမ်း ၊ မြေပဲ တွေ ကို ဟုမ္မလင်း မှာ ဝယ်ပြီး မုံရွာ ကိုပို့ ရောင်းတာ ။ အပြန် ကျ ရင် ဒီဇယ် တို့ ဆန် တို့ ဝယ်လာတယ် ။ အိမ် မှာ ကုန်ခြောက်ဆိုင် ဖွင့်တယ် ။ ကျွန်မတို့ ငယ် ကတည်း က အဖေ က ဈေးရောင်း သင်ပေးတာ ။
အဖေ ဆုံးတော့ တအား အားငယ် သွားတယ် ။ နာရေး ဖြစ်တဲ့ သူတွေ ကို လည်း ကိုယ်ချင်းစာ တတ် သွားတယ် ။ ကျွန်မတို့ က ငယ်သေးတော့ နာရေးအိမ် မှာ ထမင်း ဟင်း ဝင် မချက်ရဘူး ။ ရေထမ်း ပေးတာပဲ ။ အဲဒီ အိမ် မှာ တစ်နေကုန် သွား နေပေးတာ ၊ တံမြက်စည်း လှည်းပေးတာ လုပ်ပေးတာ ။ အဖေ ဆုံးတုန်းက အဖေ့ မိတ်ဆွေတွေ က တအား ကူညီတာ ။ ကိုယ် အားပြန် ပြည့် သလို သူများ ကို သွား အားပေးတယ် ။
အဖေ ဆုံးတဲ့ အချိန် မှာ ကျွန်မတို့ က မောင်နှမ ခုနစ်ယောက် ။ အငယ်ဆုံး က အသက် တစ်နှစ် ပဲ ရှိသေးတယ် ။ အမေ က အဖေမှီခိုခံ ဖြစ်နေတော့ အိမ်စီးပွားရေး လုပ်ဖို့ မဝံ့မရဲ ဖြစ်နေတယ် ။ ကျွန်မ က ကျတော့ တစ်လျှောက်လုံး အဖေ နဲ့ တွဲပြီး သွားလာလုပ်ကိုင် နေခဲ့တော့ လုပ်တတ်တယ် ။ သမီး အကြီးဆုံး ဆိုတော့ အဖေ က ခိုင်းတယ် ။ ဈေးရောင်းဈေးဝယ် လုပ်ရတယ် ။ ဥပမာ ဒီဇယ် သွားဝယ် ။ သင်္ဘော ဆင်းပြီး ကုန်ဝယ်ရတယ် ။
ကိုးတန်း စာမေးပွဲ ဖြေခါနီး မှာ အဖေ ဆုံးတာ ။ တစ်နှစ်လုံး စာ လုပ်ခဲ့တော့ စာမေးပွဲ အောင်တယ် ။ ဆယ်တန်းရောက်တော့ စိတ် ဖိစီးတာ တစ်မျိုး အလုပ် ဖိစီးတာ တစ်မျိုး ၊ စာကျက်လို့ က မရ ။ အဖေ ဆုံးတာနဲ့ ဈေးတန်း လာပြီး ဈေးရောင်းရတယ် ။ ယာယီ ဈေးတန်းပေါ့ ။ မနက်ကျ ကုန်တွေ ထမ်းချလာ ၊ ဆိုင် သိမ်းရင် ပြန် ထမ်းသွား ။ ဈေးခုံလေး ချပြီး မနက်ပိုင်း ရောင်းတာ ။
ကိုးနာရီခွဲ လောက် ဆို ဆိုင်သိမ်းပြီး ကျောင်းသွား ။ ကျောင်း ကျ နောက်ကျ ။ ကျောင်း မှာ မျက်နှာငယ် ။ Chemistry နဲ့ Physics က ပထမအချိန် နဲ့ ဒုတိယ အချိန်မှာ ပါတာ ။ စာတွေ က အဆက်အစပ် မမိ ၊ မလိုက်နိုင် ။ လုံးချာလိုက် ပြီး ဆယ်တန်း ကျရော ။
နောက် တစ်နှစ် ဆက် ဖြေတယ် ၊ ကျတာပဲ ။ ကျွန်မ ဆယ်တန်း စာမေးပွဲ တအား အောင် ချင်တာပဲ ။ အဖေ့ အစ်ကို ဘကြီးဦးထွန်းရှိန် က ကျွန်မ ကို မုံရွာ မှာ ကျောင်းသွား ထားပေးမယ် တဲ့ ။ နေမယ်ပေါ့ ။ ဘကြီး က တောင်သူ လုပ်တာ ။ သူ့ ကျွဲတွေ ရောင်းပြီး ကျွန်မ ကို ကျောင်း ထားမှာတဲ့ ။
အမေ က ကျတော့ ကျွန်မ မုံရွာ သွား ကျောင်းနေရင် ကလေး ခြောက်ယောက် နဲ့ နေလို့ မဖြစ်ဘူး ဆိုပြီး ဖမ်းတားတယ် ။ ကျွန်မ က လူငယ် ဆိုတော့ သွား နေချင်တာပေါ့ ။ တတိယနှစ် မှာ ဟုမ္မလင်း ကပဲ ဖြေပြီး ဆယ်တန်း အောင်သွားတယ် ။ ကျွန်မ တက္ကသိုလ် တအား တက်ချင်ပေမဲ့ တက်ခွင့်မရဘူး ။ စိတ် ထဲမှာ ဘယ်လို ဖြစ်သလဲ ဆိုတော့ ကိုယ် မတက်ရပေမဲ့ ငါ့ မောင်နှမ ခြောက်ယောက်လုံး ဘွဲ့ ရစေရမယ် ။ အဲလိုပေါ့ ။ ခု အားလုံး ဘွဲ့ရကြပြီ ။
မိဘ ဆုံးရင် စီးပွားရေး အလိုလို ကျတယ် ဆိုတာ ဟုတ်သလားပဲ ။ အမေ က မတတ်တော့ လိမ်တာ ပြုတာ ခံရတယ် ။ ကြွေး ပေးလိုက် လည်း ဆုံး ။ လုပ်တိုင်း အဆင် မပြေ ။ အမေ က ပိုက်ဆံ ကို ပို တန်ဖိုး ထားတယ် ။
ရွှေ ဝယ်ရကောင်း မှန်း လည်း မသိဘူး ။ အမေ့ ပိုက်ဆံတွေ က တရားမဝင် ကြေညာတဲ့ အထဲ ပါသွားပြန်ရော ။
ကျွန်မ အမေ့ ကို စီးပွားရေး လုပ်မယ် ပိုက်ဆံ ထုတ်ပေးပါလို့ တောင်းတယ် ။ အဖေ က ဘဏ် ထဲ ထည့်ပေးထားတဲ့ ပိုက်ဆံ ငါးသောင်း ရှိတယ် ။ ကျွန်မ သိတယ် ။
ကျွန်မတို့ ဟုမ္မလင်း မှာ သောင်ပြင်ကြီး ရှိတယ် ။ တဲ ထိုးပြီး ဈေးရောင်း ရင် တအား မြတ်တာ ။ သင်္ဘောဆိပ် ဆိုတော့ အလုပ်သမားခ လည်း မကုန်တော့ဘူး ။ လူတွေ လည်း နီးရာ ဝယ်ကြတာ ။ ကုန်က သင်္ဘော နဲ့ မှာလိုက်ရင် မုံရွာ က ပို့ပေးတာ ။ မှန်မှန်ကန်ကန် လုပ်ပေးရင် မုံရွာကုန်သည် က ကြွေးပေးတယ် ၊ အရင်း မစိုက်ရဘူး ။
အမေ့ ကို အရင်းအနှီး ထုတ်ပေးပါ ပြောတော့ အမေပြောလိုက်တဲ့ စကား တစ်ခွန်းဟာ ဘဝ တစ်ခု အတွက် လမ်းကြောင်း မှန်သွားတယ် ပြောရမလားဘဲ ၊ ကျွန် ယုံလို့ တစ်ဖက် ကန်းခဲ့ပြီ ၊ သားသမီးယုံပြီး စုံလုံး မကန်းနိုင်ဘူး ။ ငါ လုံးဝ မပေးဘူးတဲ့ ။
ကျွန်မ ကလည်း အမေ့ ကို စိတ်ဆိုးမိတယ် ။ အမေ က ကျွန်မ ကို ရိုက်တယ် ။ ကျွန်မ မှာ ရှိတဲ့ အင်္ကျီလေး သုံးလေးထည် ကို ကောက် ထည့်ပြီး အမေ့ အိမ် က ဆင်းခဲ့ တယ် ။
ကျွန်မ နဲ့ ဆယ်တန်း ကျောင်းနေဖက် ခေါင်ခမ်း က ကြူကြူစန်း ဆိုတာ ရှိတယ် ။ သူ က လည်း သမီး အကြီးဆုံး ။ ကျွန်မတို့ တိုင်ပင် ထားတာ က သူ့ အဖေ က သောင်ပြင် မှာ တဲဆောက်ပေးမယ် ၊ ကျွန်မ က ကုန် ရင်းပြီး နှစ်ယောက် လုပ်မယ်ပေါ့ ။
အမေ က ငွေ အရင်း ထုတ် မပေးပေမဲ့ ရတယ် ဆိုပြီး သောင်ပြင် မှာ တဲထိုး ကြတယ် ။ ကျွန်မ မှာ အဖေ ဆင်ထားတဲ့ လက်စွပ် ၊ ဆွဲကြိုးတစ်ကုံး နဲ့ လက်ကောက် တစ်ကွင်း ပါတယ် ။
ဟောင်ပါး ဆိုတဲ့ ကျောက်စိမ်းမှော် ရှိတယ် ။ အဲဒီ ကို ကုန် ရောင်းရင် မြတ်တယ် ။ အဲဒီတုန်းက ရေနံဆီ က မိုးရေး ( အိန္ဒိယနယ်စပ် ) က လာတာ ။ ရင်း ရင် တအားကြီး မြတ်တာ ။ စက်လှေ တစ်စင်း ရေနံဆီပုံး အဖြူတွေ နဲ့ ရောက်လာတော့ သောင်ပြင် နေပူပူ ထဲမှာ ကျွန်မ ဆင်းတယ် ။ ဈေး ကို ဖြတ်ပြီး ဝယ်တာ ။ ကျွန်မတို့ က ဝယ် ပြီးရင် တစ်ပုံး ကို ငါးဆယ်မြတ် တစ်ရာမြတ် လိုက် စပ် ရောင်းလို့ ရတယ် ။
စက်လှေ က ထွက်တော့မယ် တဲ့ ။ ကျွန်မ ကလည်း ခင်ဗျားတို့ ငွေ ရစေရမယ် ဆိုပြီး လက်စွပ် ချွတ် ၊ ဆွဲကြိုး ချွတ် ၊ လက်ကောက် ချွတ်ပြီး သွား ပေါင်တယ် ။ ( ရယ်လျက် ) လူ က ငယ်ငယ်လေး ရှိသေးတာ ။ ကလေးတွေ ဆိုတော့ ဟိုက ရွှေ ကို ယူပြီး ငွေ ကို ချက်ချင်း ထုတ်ပေး လိုက်တယ် ။
ငါ့ မှာ ဆွဲကြိုး နဲ့ လက်ကောက် မရှိရင် အမေ က ဆူတော့မှာပဲ ။ ကိုယ် ဝယ် ထားတာ ကို တစ်ရက် နဲ့ ကုန်အောင် ရောင်းမယ် ဆိုပြီး အဲဒီ ရေနံဆီပုံးတွေ ကို နေကျက်ကျက်ပူ မှာ ကုန်း ပေါ်ကို ဆွဲတင်တာ ။ နေ က ပူ ပုံးတွေ က ပူ နေတော့ သံကိုင်း ကို ကိုင်တဲ့ လက်တွေ လောင်ပြီး အသားမာတွေ ဖြစ်သွားတယ် ။ အလုပ်သမားခ မရှိလို့ ကိုယ်တိုင် သယ်တာ ။ ပုံး ၂၀၀ ဆိုတော့ တော်တော်လေးတော့ များတာပေါ့ ။ အဲဒီ နေ့ မှာပဲ အပြတ် ရောင်းပြီး ဆွဲကြိုး နဲ့ လက်ကောက် ကို ပြန် ရွေးတယ် ။ အဖေ့ မိတ်ဆွေ တွေဆိုတော့ အတိုးတွေ ဘာတွေလဲ မယူလိုက်ပါဘူး ။
အဲဒီ သတင်း ကို အမေ က ကြားတော့ သူ့ ဆီ မှာ လာပြီး ကုန်တွေ အကြွေးယူ ရောင်း ၊ ကုန် တစ်သောင်းဖိုး အကြွေး ပေးမယ်တဲ့ ။ အမေ့ ဆိုင် မှာ ရောင်း မကောင်းတဲ့ ငရုတ်သီးမှုန့် တို့ ၊ ဆား တို့ စားကုန်သောက်ကုန်တွေ တစ်သောင်းဖိုး အကြွေး သွားယူ တယ် ။ သောင်ပြင် က တဲ မှာ အကြွေး ယူလာတဲ့ ကုန်တွေ ကို ခင်း လိုက်တော့ နှစ်ခန်း စာ ပြည့် သွားတယ် ။ ဆိုင်ကြီး က တအား လှသွားတယ် ။
အဲဒီ ပစ္စည်းတွေ ထွက်သွား မှ အကြွေး က ဆပ်နိုင်မှာ ။ ကျွန်မ ကျောင်းတက် တုန်း က နယ် က ကျောင်း လာ တက်တဲ့ သူငယ်ချင်းတွေ ရှိတယ် ။ သူတို့ ကို ခခယယ နဲ့ ကျွန်မ ဆိုင် က ဝယ်ပါဦး ပြော ရောင်းတာ ။
ကျွန်မ ငယ်ငယ်တုန်း က လှူတဲ့တန်းတဲ့ အလုပ် ၊ သူများ ကို ပေးတဲ့ ကမ်းတဲ့ စိတ်အကျင့် လုပ် ပေးထားတယ် ။ ကိုယ် က လှူလိုက် ၊ ကူလိုက်တော့ ကိုယ် ဒုက္ခ ရောက် ရင်လည်း သူများ ကူညီမှာပဲလေ ဆိုပြီး စိတ်ဓာတ် အင်အားရတယ် ။ ကျွန်မတို့ ငယ်ငယ် ကတည်း က ကိုယ့် ဆီ လာ တောင်းတဲ့ လူ ဆိုရင် မပေးဘဲ လုံးဝ မနေပါနဲ့လို့ အဖေ က ပြောထားတာ ။
၁၉၉၆ ခုနှစ် မှာ သောင်ပြင်တဲ ထိုးပြီး ဈေးရောင်းရင်း ရေ က မထင်မှတ်ဘဲ ၂၁ ပေ တက်တာ ။ တစ်ညတည်း သောင်ပြင် တစ်ခုလုံး ရေမြုပ် သွားတာ ။ ရေတက်ပြီဟေ့ ဆိုတာနဲ့ ကုန်တွေ ကို ညတွင်းချင်း ထမ်းပြီး ပို့ရတာ ။ ဘာတွေ ကျန်သလဲ ဆိုတော့ ဒီဇယ်ပေပါ အလုံး ၁ဝဝ ။ စက်လှေ အပျက်ကြီး ပေါ် တင်ထားတာ ။
ကျွန်မ ဆီ က ဒီဇယ် အကြွေးယူတဲ့ သူ က လုပ်ငန်း အဆင် မပြေတော့ ဒီဇယ်ဖိုး အတွက် သူ့ စက်လှေကြီး ထိုးအပ်တာ ။ စက် က နှိုးမရဘူး ၊ ပျက်နေတာ ။ စက်လှေ ပေါ်ဘက ဒီဇယ်ပေပါတွေ ကို သောင်တဲ ထဲ ထမ်းချတာ ။ အလုံး ၈ဝ လောက် ချပြီးပြီ ။
အဲဒီ အချိန်မှာ ရေ က မတရား တက်လာတယ် ။ စက်လှေ ပေါ် မှာ အလုပ်သမား ၁၁ ယောက် ရှိတယ် ၊ ကလေး မွေးထားခါစ မအေ တစ်ယောက် ရှိတယ် ။ သူတို့ ကို ပစ်ထားခဲ့ပြီး ကျွန်မ လွတ်ရာ သွား မနေနိုင်ဘူး ။ စက်လှေပေါ် မှာ အတူတူ နေတယ် ။ ကျွန်မ ငယ်ငယ် က ရေသိပ်ဆော့တာ ။ နွေရာသီ ဆို ချင်းတွင်းမြစ် က ကျဉ်းကျဉ်းလေး ။ ကျွန်မ က ထဘီ ကို စီဖောင်း လုပ်ပြီး ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးတယ် ။ ဆော့တာ ဆော့တာ ။ ယခုလို အခြေအနေ မှာ ကျွန်မ က ရေကူး တတ်တော့ မွေးကင်းစ ကလေးလေး ရဲ့ အသက် ကို မရရအောင် ကယ်မယ် လို့ ဆုံးဖြတ်တယ် ။
ကမ်းရေ လျှံသွားတော့ စက်လှေပျက်ကြီး က ရေလယ်ကောင် မှာ ကျောက်ဆူး ချပြီး ထီးထီးကြီး ။ မနက် သုံးနာရီ လောက်မှာ လေကြီးမိုးကြီး ချတော့ ကျောက်ဆူးကြိုး ပြတ်ပြီး စက်လှေ မျောပါသွားတယ် ။ သောင်ပြင် မှာ ဒီဇယ်ပေပါတွေ ထည့်ထား တဲ့ တဲတွေ လည်း ရေထဲ မျောပါကုန်တယ် ။ ငါ တစ်သက်လုံး ရှာထား သမျှတော့ သွားပြီပေါ့ ။
လေတွေမိုးတွေ က တအားချတာ ။ လှေ ပေါ် ပါတဲ့ လူတွေ က ကြောက်နေပြီ ။ ကျွန်မ က မကြောက်ဖို့ အားပေးရတယ် ၊ ကမ်း တစ်ခုခု သွား ကပ်မှာ မပူနဲ့ ဘာညာ ပေါ့ ။ တကယ်တော့ ကျွန်မ လည်း ကြောက်လှပြီ ။
ဘယ်လောက်ပဲ လောဘကြီးကြီး ပျက်ချိန်တန် တော့လည်း ပျက်တာပဲ ။ ကုန် သွားလည်း ပြန် ရှာတာပေါ့ ။ ငါ့ ဘဝ ငါးပြား တစ်စေ့ မှ မရှိတဲ့ ဘဝ က စခဲ့တာ ဘာမှ ကြောက်စရာ မလိုဘူး ။ မကောင်းတာ လည်း ဘာ တစ်မှ ငါ မလုပ်ခဲ့ဘူး ။ ( ရယ်လျက် ) ကိုယ့် ဟာ ကိုယ် အားပေးနေတာလေ ။
စက်လှေပျက်ကြီး က မနက် ၆းဝဝ နာရီ လောက် မှာ သောင်စပ် တစ်ခု မှာ သွား ကပ်တယ် ။ ကျွန်မ တဲ ၊ ကျွန်မ စက်လှေ ရှိခဲ့တဲ့ နေရာမှာ ရေပြင်ကြီး ။ အမေ က ကမ်းနဖူး ပေါ် က လှမ်းကြည့်ပြီး ငါ့ သမီး တော့ သေပြီပေါ့ ။ သမီး မရှိတော့ဘူး ၊ သမီး မရှိတော့ဘူး လို့ အမေ က ကမ်းနား မှာ အော် နေတာ ။
ဘယ်လောက် အံ့သြစရာ ကောင်းသလဲ ဆိုရင် စက်လှေကြီး ကို ပြန် ဆွဲယူလာပြီး ကမ်းနား ရောက်မှ မြုပ်သွားတယ် ။ ပေပါ ၄ဝ ၊ ၄ဝ ထည့် ထားတဲ့ တဲတွေ ကို မနက် မိုးလင်းတော့ လိုက်ရှာတယ် ။ သိပ် ဝေးဝေး မမျောဘူး ။ တဲ က အုပ်လျက် သဲတွေ အောက် မှာ မြုပ်နေတာ ။ သက်ငယ်အမိုး ကို ဖြဲ ကြည့်တော့ ဒီဇယ် တစ်လုံး မှ မဆုံး ရှုံးဘူး ။
••••• ••••• •••••
❝ ခြေ တစ်လှမ်း ကုဋေ တစ်သန်း ❞
[ လှေပြေးတုန်း တက်ကျိုး ဆိုသလိုပဲ ၊ မခင်ဌေးမြင့် ကိုးတန်း ရောက်တဲ့ နှစ် မှာ သူ့ ဖခင် ဆုံးတယ် ။ သူ က မောင်နှမ ခုနစ်ယောက် မှာ အကြီးဆုံး ။ သူ့ အမေ က စီးပွားရေး ကို မည်မည်ရရ မလုပ်တတ်ဘူး ။
မခင်ဌေးမြင့် ဆယ်တန်း ကျောင်းသူ ဘဝ မှာ ကျောင်း မသွားခင် ယာယီဈေးတန်း မှာ ဈေးခုံ ချပြီး ဈေးရောင်းရတယ် ။ ဆယ်တန်း ကို သုံးကြိမ် ဖြေပြီး မှ မခင်ဌေးမြင့် အောင်တယ် ။ ဆယ်တန်း အောင် ပြီးတော့ စီးပွားရေးလောက ထဲကို ခြေစုံပစ် ဝင်ချင်လို့ မိခင် ကို ငွေအရင်းအနှီး ထုတ်ပေးဖို့ ပြောတယ် ။
မခင်ဌေးမြင့် ရဲ့ဖခင် မကွယ်လွန်ခင် က သူ့ ဇနီး အတွက် ဘဏ် ထဲမှာ ငွေကျပ် ၅ဝဝဝဝ ထည့် ပေးထားတယ် ။ ဒါ ပွန်းပဲ့ မှာ ကြောက်လို့ မခင်ဌေးမြင့် ရဲ့မိခင် က ငွေထုတ်မပေးဘူး ။ စီးပွားရှာမယ် ဆိုပြီး သူ အိမ် ပေါ် က ဆင်းလာတယ် ။
နွေရာသီ သောင်ထွန်းချိန် ၊ ဟုမ္မလင်းမြို့ က ချင်းတွင်းမြစ် သဲသောင်ပြင် မှာ မခင်ဌေးမြင့် တဲထိုးပြီး ဈေးရောင်းတယ် ။ ချင်းတွင်းမြစ်ရေ ရုတ်တရက် တက်လာတော့ သူ့ တဲဆိုင်လေး ရေမြုပ် သွားတယ် ။
မခင်ဌေးမြင့် က လောကဓံ အမျိုးစုံ ကို ရင်ဆိုင်ရင်း သူ့ ဘဝ ကို ဖြတ်သန်း နေတယ် ။
ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက် က မခင်ဌေးမြင့် ရဲ့ လပ်ကီးစတား ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင် မှာ ထိုင်ရင်း သူ ပြောပြတဲ့ သူ့ ဘဝ ကို ကျွန်တော် နားထောင် နေမိပါတယ် ။ ]
••••• ••••• •••••
သောင်ပြင် က ခြောက်လလောက် ပဲ ရှိတာ ။ မိုးရာသီ မှာ ချင်းတွင်းမြစ်ရေ တက်လာရင် သိမ်းရတယ် ။
ကျွန်မ ပြောခဲ့ သလိုပါပဲ သောင်ပြင် မှာ တဲ ထိုးပြီး ဈေးရောင်းတာ ကို ကျွန်မ နဲ့ ကျွန်မ သူငယ်ချင်း ကြူကြူစန်း နဲ့ နှစ်ယောက် အတူတူ လုပ်ကြတာ ။ သောင်ပြင် မှာ လုပ်ငန်း သိမ်း လို့ စာရင်း ရှင်းကြတော့ ငွေ သုံးသောင်း နဲ့ ရွှေ တစ်မတ်သားစီ ရကြတယ် ။ ကျွန်မ က အိမ် က ဆင်းလာတဲ့ လူ ၊ နေစရာ အိမ် က မရှိတော့ဘူး ။
နောင်ပကျစ်ရပ်ကွက် ထဲမှာ အိမ်ခန်းလေး တစ်ခန်း ငှားလိုက်တယ် ။ စပေါ် ငွေ ( ကျပ် ) ၂ဝဝဝဝ တင်ရတော့ တစ်သောင်း ပဲ လက် ထဲ မှာ ကျန်တော့တယ် ။ အဖေ ဆုံးတော့ ဘဏ် ထဲမှာ ငွေ ၅ဝဝဝဝ ရှိသေးတယ် ။ အဲဒီတော့ အမေ ကျွန်မ အလုပ် လုပ်ချင်တယ် ဘဏ် ထဲက ငွေ ထုတ်ရအောင် ပြောတော့ လုံးဝ ထုတ် မပေးဘူး ။ အရင် တစ်ခါ သောင်ပြင် မှာ ဈေးရောင်းချင်လို့ တောင်းတုန်း ကလည်း အမေ ထုတ်မပေးဘူး ၊ ယခုလည်း ထုတ်မပေးဘူး ။
ယခု အချိန် မှာ အမေ့ စိတ် ကို စဉ်းစားလိုက်တော့ နားလည်ပါတယ် ။ သူ့ ခမျာ သားသမီး ခုနစ်ယောက် နဲ့ မုဆိုးမ ။ ဘာမှ မလုပ်တတ် မကိုင်တတ် ။ ဒီအထဲ စုဆောင်း ထားတဲ့ ငွေကလေး က တရားမဝင် ကြေညာတာ ခံလိုက်ရပြန်ရော ။ သည်တော့ ဘဏ် ထဲမှာ ရှိနေတဲ့ ငွေ ကို ထုတ် မသုံးရဲဘဲ ကျစ်ကျစ်ပါအောင် ကိုင်ထား မှာပေါ့ ။
ကျွန်မ ကတော့ ရတယ် အမေ လို့ ပြောပြီး ရှိတဲ့ ငွေလေး တစ်သောင်း ကို ဈေး ရင်းပြီး ညနေကျရင် ရသမျှ ပိုက်ဆံ အမေ့ ကို သွားအပ်တယ် ။ ကြွားချင်တာပေါ့ ။ ဘယ်လောက် မြတ်တယ် ဆိုတာ သိစေချင်တယ် ။ ကျွန်မ အလုပ် လုပ်နေတာ အမေ သိလာတော့ ငါ့ သမီး ဘဏ် ထဲ က ငွေ ကို ထုတ်သုံးလို့ ရပြီတဲ့ ။ ( ရယ်လျက် ) အမေ ကိုယ့် ကို ယုံကြည်သွားပြီပေါ့ ။ အမေ့ငွေ ဘဏ် ထဲ က မထုတ်တော့ပါဘူး ။
ကျွန်မ ညီမတွေ မောင်တွေ ကို ပညာရေး အားပေးတယ် ။ ဆယ်တန်းတွေ အောင်ကြ ၊ ဘွဲ့တွေရကြတယ် ။ သူတို့ ကလည်း အပြင်ထွက် အလုပ်လုပ်ချင်တယ် ။ ဒါနဲ့ သူတို့ ကို ဟောင်ပါး မှာ ထိုင်ခိုင်းတယ် ။ ဟောင်ပါး ကျောက်စိမ်းမှော် မှာ စက်တွေ နဲ့ အလုပ် လုပ် နေကြတာ ။ ဒီဇယ် လည်း လိုတယ် ။ မှော် ထဲ မှာ လူတွေ လည်း အများကြီးမို့ ကုန်လည်း ရောင်းရတယ် ။
အဲဒီတုန်းက ကြေးနန်းခေတ် ။ လိုတဲ့ ကုန် ကို ကြေးနန်း ရိုက်ပြီး မုံရွာ ကို ကျွန်မ မှာရတယ် ။ ဟောင်ပါး နဲ့ က စာခေတ် ။ လူကြုံ နဲ့ စာ ပို့ရတာ ဆယ်ရက် လောက် ကြာတယ် ။ ဘာကုန် ပြတ်နေပြီ ပို့ပေးပါ မှာရတာ ။ ကျွန်မ ညီမလေးတွေ ဟောင်ပါး မှာ ထိုင် ထားတော့ ဘယ်ကုန် လိုနေပြီ ဆိုတာ သိပြီး ကျွန်မ က ပို့ပေးရတယ် ။
မုံရွာကုန်သည် တစ်ယောက် ရှိတယ် ။ မခင်ဌေးရီ ။ သူ က ဘယ်သူ့ ဆီ ကုန်ပို့ ရင် စိတ်ချရသလဲ စုံစမ်းတော့ ဟုမ္မလင်း က မခင်ဌေးမြင့် ပို့ရင် စိတ်ချရပါတယ်လို့ ပြောကြသတဲ့ ။ မုံရွာ ကုန်သည်တွေ ကလည်း ကျွန်မ ဆီ ပို့ရင် အဆင်ပြေပါတယ် ပြောကြတာ နဲ့ သူ ကိုယ်တိုင် ကျွန်မ ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ် ။ ကုန်ပို့ချင်တယ်လို့ လာ ချိတ်တယ် ။ ကျွန်မ ရိုးရိုးသားသား အလုပ် လုပ်ခဲ့လို့ နာမည် ကောင်းရတဲ့ ကျေးဇူးပေါ့ ။
အဲဒီ အစ်မကြီး က အရမ်း သဘောကောင်းတယ် ။ ကုန် ကို ဟုမ္မလင်း ပေါက်ဈေး နဲ့ မဟုတ်ဘဲ မုံရွာ ပေါက်ဈေး နဲ့ ပေးတယ် ။ ရောင်းပြီး မှ ငွေရှင်းရတယ် ။ မုံရွာ ပေါက်ဈေး နဲ့ ကျွန်မ ဝယ်ရပြီး ဟောင်ပါးမှာ ရောင်းတော့ တစ်ကျပ် ရင်းရင် နှစ်ကျပ် မြတ်တယ် ။
ဟောင်ပါး မှာ စ လုပ်ခါစ ကတော့ ကုန်ခြောက်ပဲ ။ အပျက်အစီး က တအား များတယ် ။ အဲဒီ အချိန်က ဟောင်ပါး မှာ ကျောက်တွေ တအား တူးကြတော့ ဒီဇယ် သိပ် လိုတယ် ။ ဖြစ်ချင်တော့ ဟုမ္မလင်း မှာ ဒီဇယ် လုံးဝ ရောင်း မကောင်းဘူး ၊ ဟောင်ပါး မှာ ဒီဇယ် ပြတ်နေတယ် ။ ညီမတွေ ကို ဟောင်ပါး မှာ ထိုင်ခိုင်း ထားတော့ အဲဒီ သတင်း ကျွန်မ က ရတယ် ။
အဲဒီ အချိန်မှာ ကျွန်မ ရဲ့ ငွေအင်အားက နည်းတယ် ။ ဟုမ္မလင်း ကို ဒီဇယ် လာ ရောင်းတဲ့ ကုန်သည်ကြီးတွေ ကို အကြွေး ပေးမလား ၊ ကျွန်မ အလုံး ၅ဝဝ လိုချင်တယ် ။ ဘယ်လောက် ကြာမှာလဲ ၊ တစ်လ နှစ်လ ကြာမယ် ။ သူတို့ က မပေးချင်ဘူး ။ ဟုမ္မလင်း မှာလည်း မရောင်းရဘူး ။ သူတို့ ဟုမ္မလင်း ရောက်နေတာ ကြာနေပြီ ။ ကျွန်မ ထပ် မေးတော့ ရောင်းမယ်တဲ့ ။
ကျွန်မ မှာ ပေပါခွံ လည်း မရှိဘူး ။ ပေပါခွံ လည်း ငှားမယ် ။ ဆီ က ကလေးဝ က ချက်တဲ့ဆီ ။ ဒီဇယ် အလုံး ၅ဝဝ ယူပြီး ဟောင်ပါး ပို့ လိုက်တယ် ။ ကျွန်မ ကံဆိုးတာလား ၊ ကံကောင်းတာလား မသိဘူး ။ ဟောင်ပါး ရောက်တော့ ဒီဇယ်ဆီတွေ က အရောင် ပြောင်းသွားတယ် ။ ဟုမ္မလင်း မှာ ကြည့်တုန်းကတော့ အဝါရောင် ၊ သူတို့ ကြိုက်တဲ့ အရောင် ပဲ ။ ဟုမ္မလင်း က ပို့တာ လမ်း မှာ ၁ဝ ရက် ၁၅ ရက် ကြာတော့ လမ်း မှာ အရောင် က ပြောင်း သွားတာ ။ ဆီတွေ က ပုဂ္ဂလိက ချက်ဆီတွေလေ ။
ဟောင်ပါး က စက်တွေ က ကျွန်မ ဒီဇယ် ကို မသုံးရဲဘူး ။ ပြဿနာပဲ ။ ဆီတွေ မရောင်းရတော့ ပေပါတွေ ကို မိုးကာ နဲ့ အုပ်ပြီး ထားလိုက်ရတယ် ။ ဟုမ္မလင်း ပြန် သယ် လာပြီး ပေးလို့ ကလည်း မဖြစ်ဘူး ၊ ကျွန်မ ဝယ်ပြီးပြီလေ ။ ဟောင်ပါး မှာ လည်း ရောင်းလို့ က မရဘူး ။
ဒီဇယ်ကုန်သည်တွေ ကို နောက်ထပ် တစ်လ တော့ ဆိုင်းပေးပါ ။ အဲဒီအချိန် မှ ဆီတွေ မရောင်းရရင် ကျွန်မ စုဆောင်း ထားသမျှ အကုန် ရောင်းပေးပါ့မယ် လို့ ထပ် ပြောရတယ် ။ ကျွန်မ ရဲ့ လက်ဝတ်လက်စားတွေ ချွတ်ပေးတော့ မယူပါဘူး ၊ ယုံပါတယ်တဲ့ ။
ဖြစ်ချင်တော့ အစိုးရ က ဒီဇယ်တွေ ပိတ်လိုက်တယ် ။ ဟောင်ပါး ကို ဒီဇယ် အဝင် လုံးဝ မရှိတော့ဘူး ။ ရေကြောင်း ကျပ်လို့ အသွားအလာ ခက်တဲ့ အချိန် ။ အဲဒီနေရာ ရောက်ဖို့ တစ်လ လောက် ကြာတယ် ။ ကျွန်မ ရဲ့ ဒီဇယ် ကို မသုံးမဖြစ် သုံးရတော့မယ် ။ ဟုမ္မလင်း မှာ ( ကျပ် ) ၇၀ဝ၀ ဝယ်ရတဲ့ ဒီဇယ် က ဟောင်ပါး မှာ ( ကျပ် ) ၂ဝဝဝဝ ရောင်းရတယ် ။ ပေပါ ၅ဝဝ ဝယ်ထားတာ ၊ ပေပါ ၅ဝဝ အမြတ် ရတာ ။ ဆီ က ပြတ် ၊ မသုံးရင် သုံးစရာ ဆီ က မရှိတော့ ကျွန်မ ဆီ ကို စမ်း သုံးကြည့် တာ အဆင်ပြေ သွားတယ် ။ ဆီ အားလုံး ချက်ချင်း ကုန်သွားတယ် ။ အဲဒီမှာတင် ကျွန်မ ဘဝ အလှည့်အပြောင်းတစ်ခု ဖြစ်သွားတယ် ။
ဟောင်ပါး မှာ စားဆီ က ပြတ်တော့မယ် ။ ညီမလေးတွေ ဟိုမှာ ထားတော့ သတင်းတွေ ကျွန်မ က မပြတ် သိနေရတာ ။ မုံရွာ မခင်ဌေးရီ က ဆီပေပါ အလုံး ၅ဝ ပို့ ထားတယ် ။ ဟုမ္မလင်း မှာ ဆီပေပါ အလုံး ၅၀ ကျွန်မ အကြွေး ယူတယ် ။ ဆီပေပါ အလုံး ၁ဝဝ ဟောင်ပါး ပို့ပြီး ရောင်းလိုက်တယ် ။ ၁ဝဝ ရင်း ၁ဝဝ မြတ်ပဲ ။ ဘဝ အလှည့်အပြောင်း တစ်ခု ထပ်ဖြစ်ပြန်တယ် ။
ကျွန်မ ငှားထားတဲ့ အိမ်ခန်းလေး ကို ပြန် အပ်ပြီး ခန်းမလမ်း မှာ ကျွန်မ ဆိုင်ခန်း ဝယ်ပြီး ကုန်မျိုးစုံ ရောင်းတယ် ။ လပ်ကီးစတား ကုန်မျိုးစုံ ရောင်းဝယ်ရေး ဆိုင် ဖွင့်တယ် ။
ဈေးဝယ် အချို့က အကြွေး ဝယ် သွားတယ် ။ အချိန်တန်တဲ့ အထိ ကြွေး လာ မဆပ်တော့ ကျွန်မ က အိမ် အထိ လိုက်ပြီး အကြွေး တောင်းရတယ် ။ သူ က စားစရာ မရှိလို့ မှ အကြွေး ဝယ်တာ ။ ကျွန်မ သူ့ အိမ် လိုက်သွားတော့ မြင်ရတာ က ရင်ခွင်ပိုက် ကလေးပေါက်စ နဲ့ ၊ ကျွန်မ က စိတ်ဆိုးမာန်ဆိုး တောင်းဖို့ မသင့်ဘူး ။
သွပ်တို့ ဘိလပ်မြေ တို့ ဆောက်လုပ်ရေးပစ္စည်း ဆိုတာ က ကြွေးရောင်းစရာ မလိုဘူး ။ အိမ်ဆောက်တဲ့ လူက ပိုက်ဆံ ရှိလို့ အိမ် ဆောက်တာ ။ ဒီဇယ် တို့ ဆန် တို့ ဆိုတာလည်း လုပ်ငန်းရှင်တွေ က ပဲ ဝယ်တာ ။ ဒါကြောင့် ဆောက်လုပ်ရေးပစ္စည်း နဲ့ ဒီဇယ် ဆန် ဆီ ရောင်းတဲ့ ဘက် ကို ပြောင်း လိုက်တယ် ။
ကျွန်မ မောင်လေး တစ်ယောက် ဆယ်တန်း အောင် တော့ မုံရွာ မှာ ကျောင်း သွား ထားတယ် ။ ကျွန်မ ဆီ ကုန်ပို့ပေးနေတဲ့ မုံရွာ က မခင်ဌေးရီက ဘယ် ပစ္စည်း ဘယ်မှာ ဝယ်ရတယ် ဆိုတာ အစစအရာရာ သင်ပြ ပေးတယ် ။ လမ်းကြောင်းတွေ အကုန်လုံး ပြောပြပေးတယ် ။
မောင်လေး က မုံရွာ မှာ ထိုင်ပြီး ကျောင်းတစ်ဖက် နဲ့ ပစ္စည်း ပို့ပေးတယ် ။ ကျွန်မတို့ ညီအစ်မ တစ်တွေ က ဟုမ္မလင်း မှာ ထိုင်ပြီး ရောင်းကြတယ် ။
ကျွန်မ မောင်လေး ညီမလေးတွေ က လုပ်ငန်း မှာ အတူတူ လက်တွဲ လုပ်ကြ တော့ ကျွန်မက လူမှုရေးလုပ်ငန်းတွေ မှာ အချိန် ပေးပြီး လုပ်နိုင်တယ် ။
ဟုမ္မလင်း မှာ ပါရမီ လူမှုကူညီရေး အသင်း ရှိတယ် ။ မြို့ ကို ချဲ့ သင်္ချိုင်းတွေ ပြောင်းရွှေ့ရတော့ နာရေး ပို့ရတာ ခက်လာကြတာနဲ့ ပါရမီ ကို ထူထောင် လိုက်ကြတာ ။ နာရေးကား ဝယ်ဖို့ ကျွန်မ ဆီ အလှူ လာခံကြတယ် ။ ဝိုင်း လုပ်ဖို့ ခေါ်တာနဲ့ ဝင်လုပ်ခဲ့တာ ။ ယခုတော့ အသင်း မှာ ဘဏ္ဍာရေးမှူး တာဝန် ပေးထားကြတယ် ။ ကျွန်မတို့ အသင်း က အခမဲ့ နာရေးပို့ဆောင်မှု ၊ ဇီဝိတဒါနသွေးလှူဒါန်းမှု ၊ ပညာရေးထောက်ပံ့မှု ၊ ကူးစက် ရောဂါတွေ ကာကွယ်တိုက်ဖျက်ရေး ၊ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံ ၊ ၂၄ နာရီ ရေပေးဝေမှုတွေ လုပ်နေကြတယ် ။
ကျွန်မ ကိုးတန်းကျောင်းသူ ဘဝ မှာ အဖေ ဆုံးတော့ တအား အားငယ်တယ် ။ နာရေး ဖြစ်တဲ့ သူတွေ ကို ကိုယ်ချင်းစာတတ် သွားတယ် ။ နာရေးတွေ လိုက်ပို့တယ် ။ ကူညီတယ် ။ ( ရယ်လျက် ) ကြောက်တော့ ကြောက်တတ်တယ် ။
တစ်ည မှာ ည ၁ဝးဝဝ နာရီ - ၁၁းဝ၀ နာရီ လောက် ၊ ဆေးရုံတက်ချင်လို့တဲ့ လာ နှိုးတယ် ။ ကျွန်မ က လူမှုရေး လုပ်တယ် ဆိုတော့ အားကိုးတာပေါ့လေ ။ ကျွန်မ ဆေးရုံ လိုက် တင်ပေးတယ် ။ လိုတာတွေ ကူညီပေးတယ် ။ ဆေးရုံ က ပြန်ဆင်းသွား တယ် ။ နောက်တစ်ခါ ထပ် ဖြစ်တော့ ဆေးရုံ ထပ် တင်ရတယ် ။ အားနာလို့ ထင်ပါရဲ့ ကျွန်မ ကို ချက်ချင်း လာ မပြောဘူး ။
ဟုမ္မလင်း မှာ စက္ခုအလင်း ဆိုပြီး မျက်စိအထူးကု ဆရာဝန်ကြီးတွေ ခေါ်ပြီး တစ်နယ်လုံး က လူနာတွေ ကို အခမဲ့ ကုပေးတာမျိုး လုပ်တယ် ။ ကျွန်မ က မျက်စိ ခွဲတဲ့ နေရာ အလုပ်များ နေတော့ အဲဒီ လူနာ က ချက်ချင်း လာ မပြောဘူး ။
မနက် ၃းဝဝ နာရီ လောက် ကျ လာ နှိုးတယ် ။ ဆေးရုံ က ပြန် ခေါ်လာခဲ့တာ ။ အဲဒီ အိမ် မှာ အပျိုကြီး ညီအစ်မ နှစ်ယောက် ပဲ ရှိတာ ။ ကျန်ရစ်တဲ့ အစ်မ က ဆုံး သွားတဲ့ ညီမ ကို မဆုံးသေးဘူး ထင်ပြီး ကျွန်မကို လာခေါ်တာ ။
ကျွန်မ ကြောက်တာ ကလည်း ရက်ရက်စက်စက် ကို ကြောက်တတ်တာ ။ အိမ် ထဲ မှာ ကျွန်မ ရယ် ၊ အဲဒီ မိန်းကလေး ရယ် ၊ အလောင်းရယ် ပဲ ရှိတာ ။
သူ့ ညီမလေး အသက် ရှိသေးသလား ၊ စမ်းတတ်သလား စမ်းကြည့်ပေးပါဦး တဲ့ ။ ကြောက်လိုက်ပုံများ မပြောပါနဲ့တော့ ( ရယ်လျက် ) လူ အများကြီး နဲ့ နေ့ခင်း ဆိုရင်တော့ အလောင်း ဘေး နား ကပ်ရဲပါရဲ့ ။ အခုဟာ က ညကြီးမင်းကြီး ။ လူမှုရေး လုပ်တယ် ဆိုတော့ အဲဒါမျိုးလည်း ကြုံရတာပဲ ။
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment