❝ ညိုမင်းလွင် ❞
( ညိုမြ )
ဥပုသ်နေ့ ဖြစ်လေ၏ ။ ထို့ကြောင့် ကိုသိန်းလွင် ၏ စာပုံနှိပ်တိုက် ပိတ်လေသည် ။ ထို့ကြောင့် တိုက်ပိုင်ရှင် ကိုသိန်းလွင် အလုပ် မဆင်းချေ ။ ဥပုသ်နေ့ တိုင် လျှင် ဥပုသ် မစောင့်ဘဲ ၊ တစ်နေ့လုံး အိမ်တွင် အနားယူကာ အလည် လာလေ့ ရှိသူ သူငယ်ချင်း ကိုထွန်းခင် နှင့် စစ်တုရင် ထိုးကြစမြဲတည်း ။
ဤ ဥပုသ်နေ့ မှာ လည်း ခါတိုင်း ကဲ့သို့ ထုံးစံအတိုင်းပင် ဖြစ်လေသည် ။ ဆေးတံကြီး နှင့် ကိုထွန်းခင် မှာ ဧည့်ခန်း ရာဟုထောင့် တွင် စစ်တုရင်ခုံ ကို ကြီးကြပ်ပြင်ဆင်လျက် ။
“ ဟေ့ - ဘိုးသိန်း လာလကွယ် ” ဟု ပန်းထိုး နေသူ ချစ်ဇနီး မမြတင် အနီး တွင် ရပ်နေသော ကိုသိန်းလွင် အား ခေါ်ပြီး ဖြစ်သည် ။ ထိုအချိန်၌ ထိုအိမ်ဧည့်ခန်း တွင် ရှိသူများ ကား ကိုသိန်းလွင် ၊ ဇနီး မမြတင် နှင့် မိတ်ဆွေ ကိုထွန်းခ တို့ သုံးဦး ဖြစ်ကြလေသည် ။ အထက်ထပ် အိပ်ခန်း ၌ ကား အခါလည်ကျော် သား သိန်းလွင်ကလေး သည် ပုခက်တွင်း ဝယ် ဂွမ်းစောင်များ နှင့် ထွေးလျက် အားရပါးရ အိပ်မောကျနေ၏ ။
ကိုသိန်းလွင် နှင့် မမြတင် တို့ မှာ နှစ်ယောက် စလုံးပင် ယခင်က ထက် အသားအရေ ကောင်းလျက် ၊ ဝဝဖြိုးဖြိုး နှင့် ကြည့်ကောင်း လေသည် ။ ကိုသိန်းလွင် ကား ယခင် ကောလိပ်ကျောင်း ၌ နေစဉ် ထက် ပို၍ လတ်ဆတ် ဖျတ်လတ်၏ ။ မမြတင် ကား ယခုအခါ သားသည် အမေ ပီပီ ပို၍ ဣန္ဒြေ သိက္ခာ ကြီးနေပုံ ရလေသည် ။ လူပျိုကြီး ကိုထွန်းခင် မှာ ကား ပြောင်းလဲခြင်း မရှိ ။ ကေသာတော် စုတ်ဖွားနှင့် ဆေးတံကြီး ခဲကာ စစ်တုရင်ခုံ ကိုသာ စွဲလျက် မြဲလျက်ပင် ။
တဂျောက်ဂျောက် တဂျက်ဂျက် နှင့် ကိုသိန်းလွင် နှင့် ကိုထွန်းခင် တို့ စစ်ရေးကောင်း လျက် နေချိန်တွင် မမြတင် ကား မပျင်းမရိ ပန်းထိုးနေ၏ ။ ကိုသိန်းလွင် တို့ ၏ စစ်တုရင်ထိုးခြင်း ကို သဘောမကျ လှသော်လည်း ထို အတတ် မှာ လည်ပတ်ခြင်း ထက် သာလွန် လိုလားအပ်ကြောင်း ကို မမြတင် သိလေသည် ။ သို့သော် ... တစ်ခါတစ်ရံ လေးနာရီ ၊ ငါးနာရီ ကြာ မရပ်မနား သူတို့ နှစ်ဦးသား စစ်ထိုး နေကြပုံကို ကား မမြတင် မသက်ကြည်နိုင်ပေ ။ ဤသို့ အကန့်အသတ် မရှိ ၊ အအိပ်ပျက် အစားပျက် နှင့် တထိုင်တည်း ထိုင်နေကြက ကိုသိန်းလွင် အညောင်းမိမည် မုချတည်း ။ ကိုသိန်းလွင် မကျန်းမာမည် ကို မိမိ အလိုမရှိ ကိုသိန်းလွင် မှာ စာပုံနှိပ်တိုက် ကိစ္စများဖြင့် ထွေးလုံးလျက် အမြဲ ပင်ပန်း နေသည် ။ အစားကောင်း စား၍ အချိန်မှန် အိပ်ပေးရန် သူ့ အတွက် အထူး လိုလားလေသည် ။ တမြန်နှစ် က ကိုသိန်းလွင် အသည်းအသန် ဖျားခဲ့ဖူးသည် ကို မမြတင် မမေ့နိုင်ချေ ။ ကိုသိန်းလွင် ၏ မှန်ကန် သော လုံ့လ ဝီရိယ တို့ကြောင့် စာပုံနှိပ်တိုက်နှင့် တကွ သတင်းစာလုပ်ငန်း မှာ တိုင်းပြည် တွင် အတော်ကလေး အခြေစိုက်မိ၍ နာမည်ကောင်း နေလေသည် ။ ထိုမျှ အရေးကြီး အရာဝင်သော လုပ်ငန်း ကို ဘာမျှ ကျေးဇူး မရှိ ၊ အသုံးမကျ သည့် ဤ စစ်တုရင်ခုံကလေး နှင့် မမြတင် အလဲ မခံနိုင်ပေ ။ သူတို့ စစ်တုရင် စစ်နည်း စစ်ရေး ၊ သေနင်္ဂဗျူဟာ တို့ ကိုလည်း မမြတင် ဘာမှ နားမလည် ရှာပေ ။ နားမလည်လိုပေ ။ သို့သော် တစ်ချက် တစ်ချက် တွင် ကိုထွန်းခင် က လှမ်း၍ “ ဗျို့ မမြတင် ၊ ဟောဒီမှာ ခင်ဗျား လူ က ညစ်နေတယ် ၊ စစ်ကဲ ကို ရထား နဲ့ ဆော်မလို့တဲ့ဗျာ ၊ ကျော်မကောင်း ကြားမကောင်း ၊ လာစမ်းပါ ဆုံးမ လှည့်ပါဦး ၊ ဟဲ ... ဟဲ ” ဟု သူ့ ဆေးတံကြီး ကို မီးညှိရင်း ပြောဆို တိုင်တန်းသော အခါ မမြတင် မှာ အားနာသဖြင့် ပြန်၍ ပြုံးပြလိုက်ရရှာလေသည် ။
မမြတင် ၏ စိတ်တွင်ကား စစ်တုရ င်၌ တပ်မက်မောနေကြသည့် ထို ခင်ပွန်း နှင့် ထို မိတ်ဆွေ တို့ ကို ကစားမြူးထူး နေသော ကလေးသူငယ် နှစ်ဦး ဟု သဘောပိုက်ကာ မြန်မြန် ပြီးကြပါစေ ဆုတောင်းရရှာတော့သည် ။ မိမိ ပန်ထိုးရာ မှ စစ်တုရင် အရုပ်များ တစ်ရုပ် ပြီး တစ်ရုပ် စားပွဲအံဆွဲ ထဲသို့ ကျရောက်သံ ကို သာ နာခံရရှာလေတော့၏ ။
စစ်တုရင် ထိုးကြရာ၌ ကိုသိန်းလွင် ကား စိတ်မြန်၏ ။ အကွက် အလက် အချက် စသည်တို့ ကို ချက်ချင်း ကြည့်ကာ ချက်ချင်း ရှေ့တက် တိုက်တတ် လေသည် ။ ကိုထွန်းခင် ကား ဆေးတံကြီး ကို ရှိုက်တစ်ခါ ရှူတစ်လှည့် နှင့် ဟုတ်သည် ဖြစ်စေ ၊ မဟုတ်သည် ဖြစ်စေ ကြာမြင့်စွာ တွေဝေ စဉ်းစားနေ တတ်လေသည် ။ ဤ တစ်ပွဲ တွင် ကိုထွန်းခင် က အရေးသာ မလို ရှိနေ၏ ။ ခေါင်း ကို တွင်တွင်ကုတ်ကာ အကြံအိုက် နေသော ကိုသိန်းလွင် ကို ပြုံးပြုံးကြီး ကြည့်လျက် “ ဘယ့်နှယ့် လုပ်လေ ၊ ကိုယ့်လူ က တယ် နှေးကိုး ” ဟု ကိုထွန်းခင် က အသားယူ နေ၏ ။ ထိုအခိုက်တွင် အိမ်ရှေ့ ဝင်းပေါက် ဆီမှ ကား တစ်စင်း ဆွဲ၍ စက်ရပ်လိုက်သံ ကြားရလေသည် ။ ထို့နောက် ကားဟွန်းသံ တစ်ချက် ၊ နှစ်ချက် ဆက်၍ ခေါ်နေသံကို ကြားရလေသည် ။
ဟော ... အိမ်ရှေ့ မှာ ဘယ်သူများ လာနေပါလိမ့် ဟု ဆိုကာ မမြတင် သည် ပန်းထိုးရာ မှ ရုတ်တရက် ထ လိုက်၏ ။ တံခါးများ ပိတ်ထားလို့လားပဲ ၊ အစေခံတွေ လည်း တစ်ယောက်မှ မရှိကြဘူး ။
“ ဘော် ... ဘော် ... ” ဟု ရှည်လျားစွာ ဆက်၍ ဟစ်နေသော ဟွန်းသံ ကို ကြားရပြန်လေ၏ ။ ကိုသိန်းလွင် သည် ငုံ့လျက် ခေါင်းကုတ် နေရာမှ မော့ကာ နားစွင့်လိုက်လေသည် ။
“ ဘာလဲ ... အိမ်ရှေ့ကလား ၊ အို ... အတင် နေပါကွယ် ၊ ကိုကို ပဲ သွားကြည့်လိုက်ပါမယ် ၊ ဟေ့ ကိုထွန်းခင် ခဏ နေဦးကွာ ... ” ဟု ဆိုကာ ကိုသိန်းလွင် သည် ထ သွားလေသည် ။ ကိုထွန်းခင် ကား ဆေးတံကြီး ကို ခဲလျက်ပင် ထိုင်နေရစ်၏ ။ ဤ ပွဲ၌ မိမိ နိုင်မည် မုချပင် ။ ဘယ်လိုပင် ခေါင်းကုတ်စေကာမူ သိန်းလွင် ၏ စစ်ကဲ နှင့် ရထားများ ကား လှုပ်နိုင် ၊ လူးနိုင် မည် မဟုတ် ။
အိမ်အပြင်၌ ကား နေဝင်ချိန် ဖြစ်လေသည် ။ ဝင်းတံခါး ဆီ မှ ကားသမား တစ်ယောက်သည် ကိုသိန်းလွင် ထံ ရှေးရှု လာနေ၏ ။
“ ဒါ ... ရန်နောင် ပုံနှိပ်တိုက်ရှင် ဦးသိန်းလွင် အိမ်ပဲလား ခင်ဗျာ ”
“ ဟုတ်တယ် ... ဟုတ်တယ် ၊ ကျွန်တော့်အိမ် ”
“ ဪ ... ဦးသိန်းလွင် ဆိုတာ ဆရာပဲလား ”
“ ဟုတ်တယ် ၊ ဘာကိစ္စ ရှိလို့လဲ ”
“ ဟို .. ကားထဲ မှာ မေရီခင် ဆိုတာက အမေး ခိုင်းလိုက်လို့ပါ ဆရာ ၊ ဆရာ့ ကို ခဏ တွေ့ ချင်လို့တဲ့ ”
“ မေရီခင် ... ”
“ ဟုတ်တယ် ဆရာ ၊ အဲဒါ သူ့နာမည်ပဲ ၊ ပုသိမ် က လာတာ ”
ဪ ... မေရီ ၊ မေရီ ။ ကိုသိန်းလွင် မှာ ရုတ်တရက် ဘာလိုလို ၊ ညာလိုလို တစ်စုံတစ်ခု ပြန်လည် သတိရသော မျက်နှာထား ဖြင့် ကားသမား အား ကြောင်တောင်တောင် ကြည့်နေမိလေသည် ။ “ ဪ ... ဘာကိစ္စတဲ့လဲ ” ဟု မလိုသော မေးခွန်း ကို လည်း စကား မရှိ စကားရှာ ကာ မေးမိလေသည် ။ ထို့နောက် ကားသမား က ရှေ့က သွား၍ ကိုသိန်းလွင် က နောက်မှ ငိုက်စိုက် ငိုက်စိုက် လိုက်သွားလေ၏ ။
“ ဟောဒီမှာ မမ ၊ ဦးသိန်းလွင် ” ဟု ကားသမား ပြောသံ ကို ကြားမှ ၊ ကိုသိန်းလွင် သည် လန့်လျက် မော့လိုက်ရာ ၊ ဆွီဒင်ကား နောက်ပိုင်းတွင် တစ်ကိုယ်တည်း ပြုံးပြုံးကလေး ထိုင်နေသူ မိန်းကလေး တစ်ယောက် အား မြင်မိလေသည် ။
အို ... မေရီ မေရီ ၊ ဟုတ်ပါတယ် ၊ မေရီ ပါ ပဲ ။ အရင်က နဲ့ တစ်ဖုံမှ မလွဲဘူး ။ ပြောင်းလဲခြင်း မရှိတဲ့ မေရီ ၊ ထူးမခြားနား မေရီ ၊ မေရီ အစစ်ပေါ့ –မေရီ... ။
“ ဦးရွှေသိန်းကြီး မှတ်တယ်ရှင့် ”
“ နေစမ်းပါဦး မေရီ ၊ ပြီးမှ နောက်စမ်းပါ ၊ ဘယ့်နှယ်လဲ အခု မေရီ ဘယ်က လာသလဲ ၊ ဘာလဲ ဘယ်သွား မလို့တုံး ၊ ပြောစမ်းပါဦး ၊ အို .. မေရီ - မေရီ ”
“ အို ... အရှင်းသားပဲရှင့် ၊ မေရီ ပုသိမ် က လာတယ် ၊ ၊ အခု သင်္ဘော က ဆင်းလာတာပဲ ၊ ဇာတ်လိုက်မင်းသမီး လုပ်မလို့ ၊ အေဝမ်း နဲ့ စာချုပ် ပြီးပြီ ၊ ပဲခူး ကို အခု ချက်ချင်း သွားရမယ် ၊ နယ်လီ တို့ က အလည် ခေါ်ထားလို့ သွား ဖြစ်အောင် သွားရမယ် ၊ ပဲခူး မှာ နှစ်ရက် နေပြီး ... အေဝမ်း ချက်ချင်း အလုပ် ဝင်ရမယ် ရှင့် ၊ အချိန် မရှိဘူး .. အချိန် က ဒီရေ လိုပဲ ၊ ဒီ ကားကြီးက ကောင်း တယ်နော် ... နို့ပေမဲ့ မေရီ ဟာ မဟုတ်ဘူး ၊ ငှားလာတာ ... သူဌေးမင်း ရဲ့ ”
“ မဟုတ်ပါဘူး .. နေစမ်းပါဦး ... ကိုယ် ထည့်လိုက်တဲ့ စာ ရရဲ့လား ”
“ အို ... ရတာပေါ့ ။ ရယ်တာပေါ့ ၊ ရယ်စရာကြီး ၊ ဘာတွေ ရေးမှန်း လည်း မသိဘူး ၊ မေရီတို့ စာ မဖတ်တတ်ပေါင် ၊ ကောလိပ်တုန်း က ရှင်တို့ ကျွန်ပညာ တွေ အားလုံး မေ့ကုန်ပြီ ။ ရတယ်ရှင့် ... ရတယ် ...... ဝမ်းသာပါတယ်ရှင် ၊ လူကြီးလူကောင်း သူဌေးမင်း ဦးသိန်းလွင်ကြီး ... မေရီတို့ လို အမိုက်မ ၊ ဘိုင်ကောင်မ ကို သတိရတယ် ဆိုတာ မေရီ မှာ အိုင်ယာလန်ထီ ချက်လက်မှတ်ကြီး ကောက်ရသလိုပါပဲ ။ ဪ ... ဒါထက် ရှင့် ဆွေတော် မျိုးတော် ဒေါ်လှ တို့ ၊ ဒေါ်ချော တို့ ၊ ခွေးပု တို့ ကော မာကြရဲ့လား ။ ကလေးများ ပေါကြရင် မေရီ မွေးစား ဖို့ တစ်ခုလောက် ပေးကြပါလားလို့ ပြောလိုက်စမ်းပါ ။ မေရီ ကို မေ့ကြပြီ ထင်ပါရဲ့ ၊ နောက်မှ ပေါက်တဲ့ ရွှေကြာပင်တွေ နဲ့ ပျော်ပွဲစား နေကြမှာပေါ့နော် ။ အတာကလေး တစ်ယောက် တော့ သေပြီ ထင်တယ် ၊ အခု သူ ဘယ်ရောက် နေသလဲ ”
“ အတာ ကတော့ နေရာကျပါတယ် ၊ တောသူကြီး သမီး နဲ့ ရပြီး တောသူဌေး ဖြစ်နေပြီ ။ သူတို့ နေတဲ့ ရွာ က ကျတ်ကုန်း ဆိုလား ၊ တစ္ဆေကုန်း ဆိုလားပဲ ၊ တလောက လာတယ် ... ကိုယ်တို့ ဆီ မှာတောင် တစ်ည အိပ်သွားသေးတယ် ”
“ အမယ် ... ကိုယ်တို့ ဆီမှာ တဲ့ ၊ ရှင် က ရှင့် မယားနဲ့ သိပ် ပျော်နေတာ ပေါ့နော် သူ က ဘယ် အရပ်သူလဲ ၊ ချောရှာမှာပေါ့နော် ၊ မေရီ နဲ့ မိတ်ဖွဲ့ ပေးပါလားကွယ် ၊ အို ... တော်ပြီလေ တော်ပါပြီ ၊ သူဌေးကတော်ကြီးတွေ ကို တော့ ကြောက်ပါတယ် ၊ ကောင်းစားကြပါစေရှင် ... ဦးသိန်းလွင်ကြီးတို့ “ ရွှေနဲ့မြ – နေနဲ့လ ” ဆိုတာလို ရိုးမြေကျ ပေါင်းကြရပါစေ ၊ အောင်ပါစေ မင်္ဂလာ ... အောင်ကြပါစေ မင်္ဂလာပေါ့နော် ... ပျော်ရဲ့ မဟုတ်လား ”
ဤတွင် ကိုသိန်းလွင် သည် ဘာမျှ ပြန် မပြောဘဲ တခြား ကို မျက်နှာ လွှဲသွားလေသည် ။
“ သားသမီး ဘယ်နှယောက် ထွန်းကားပြီလဲ ရှင့် ”
“ တစ်ယောက် ”
“ အထီးလား .... အမလား ”
“ ယောက်ျားကလေး ”
“ အို နိပ်တာပေါ့ ၊ အဲဒီ ကလေးကို တစ်နေ့ကျမှ မေရီ လာပြီး ချီရ ၊ နမ်းရဦးမယ် ။ ခွင့်ပြုမယ် မဟုတ်လား .. ပါပါကြီးရဲ့ ”
မေရီ သည် ကား ထဲ မှ ထွက်ကာ ကားပေါက်ဝ တွင် ကိုသိန်းလွင် နှင့် ယှဉ်လျက် ရပ်လေသည် ။ လမ်းဓာတ်မီးများ ဖွင့်လေပြီ ။ မှောင်မည်းစ အချိန် တွင် မိုးသဲ့ လေပြည်ကလေး သည် မောဟိုက်ဟိုက် ကိုသိန်းလွင် ကို နှစ်သိမ့် စေ၍ မေရီ ၏ ဆံယဉ်ကလေးများ ကိုလည်း ပွတ်သပ်ပေး သကဲ့သို့ ဖြစ်စေလေသည် ။ မတ်တတ်ရပ် ၍ နေရသည် မှာ အတော်ကြာပြီ ဖြစ်သဖြင့် ခြေများ ကျဉ် သလိုလို ဖြစ်လာသော်လည်း ကိုသိန်းလွင် ကား ဂရု မစိုက် သတိ မရချေ ။ မေရီ ကို သာ အငေးသား ကြည့် နေမိလေသည် ။ နှစ်ဦးသား အတန်ကြာ ငြိမ် နေကြပြီး နောက် မေ ရီသည် ကား ထဲသို့ ပြန်ဝင်တော့မည့် ဟန်ဖြင့်-
“ ကဲလေ မေရီ သွားတော့မယ် ၊ ကိုသိန်းလွင် မေရီ ကို မမေ့ဘူး မဟုတ်လား ”
“ မမေ့ဘူး မေရီ ...”
“ မေရီ ဖြင့် ရင် ထဲ မှာ ဝမ်းနည်း သလိုလို ၊ ဝမ်းသာ သလိုလိုကြီး ဖြစ်နေတယ် ။ နို့ပေမဲ့ ... မေရီ က ကိုသိန်းလွင် ကို သတိရတာကတော့ သက်သေ ဖူလုံပါတယ်နော် ၊ ဒါကြောင့် ရန်ကုန်မြို့ ရန်နောင်တိုက်ပိုင် သူဌေး ဦး သိန်းလွင်ကြီး ရှေ့မှာ အခုလို မေရီ ရောက်လာရတာပေါ့ ၊ ဟုတ်ရဲ့ မဟုတ်လား ။ မေရီ မမေ့ပါဘူး ၊ အားလုံး မှတ်မိ သတိရပါတယ် ၊ ကျေနပ်ကဲ့ မဟုတ်လား ၊ ခုလို ကိုသိန်းလွင် ကို မာမာချာချာကြီး ပြန် တွေ့ရတာ မေရီ အများကြီး ဝမ်းသာတယ် ၊ တစ်သားမွေး တသွေးလှ ဆိုတာလို ကိုသိန်းလွင် ဆိုတဲ့ ကလေးအဖေကြီး လည်း အရင်ကထက် ပိုပြီး စတိုင် ဖြောင့်နေသေး တယ် ၊ စိတ်ပျို ကိုယ်နုပေါ့လေ ။ မေရီ သွားလိုက်ဦးမယ်နော် ”
“ အို နေပါဦး ... မသွားပါနဲ့ဦး မေရီ ၊ မေရီ မသွားရဘူး ၊ နေဦး ”
“ နေလို့ မဖြစ်ဘူးရှင့် ၊ သွားရမယ် ၊ သွားမယ် ၊ သွားဖို့ အကြောင်းတွေ အများကြီးရှိတယ် ၊ သန်ဘက်ခါ အေဝမ်း မှာ အလုပ် ဝင်ရမယ် ၊ မေရီ ဆိုတာ ရှင့် လို ဓနရှင်ကြီး မဟုတ်ဘူးရှင့် ။ သွားရမယ် ” ဟု ဆိုကာ မေရီ သည် ကိုသိန်းလွင် မမေ့နိုင်သော ထူးခြားသည့် ပြောင်ချော်ချော် ပြုံးပုံကလေး နှင့် ပြုံးကြည့်နေလေ၏ ။ ထို့နောက် မေရီ သည် ကား ထဲသို့ ဝင်မည် ပြုပြီးမှ ရုတ်တရက် ပြန်လှည့်လာလေသည် ။ ငိုင်လျက် နေသူ ကိုသိန်းလွင် ၏ မျက်နှာ ကို လျင်မြန်သွက်လက်စွာ ဘေး မှ ကိုင်ကာ မော့စေပြီး သော် .... အားရပါးရ နမ်းလိုက်လေသည် ။ ထို့နောက် ချက်ချင်းပင် ကား ထဲသို့ ဝင် ပြေးလေသည် ။ ကိုသိန်းလွင် ကား ကြက်သေ သေလျက် ။ ဘာမျှ မလှုပ်နိုင် ၊ မပြောနိုင် ဖြစ် နေစဉ် မေရီ ၏ ကားသည် စက်နိုး ကာ ထွက်ခွာ သွားလေသတည်း ။
ကားနောက် မှ မီးနီကလေး ကို မျက်စိတစ်ဆုံး မျှော်ကြည့် နေပြီးသော် ခေါင်း ထဲ၌ မူးနောက်နောက် နှင့် ကိုသိန်းလွင် သည် အိမ် ဆီသို့ လေးဆေး ဖြည်းနှေးစွာ ပြန် လျှောက်ခဲ့လေသည် ။ အိပ်မက် မက်သလို ရှိလှ၏ ။ ရင်တွင်း ၌လည်း လှိုက်ဖို လှိုက်ဖို ဖြစ်နေလေသည် ။ အိမ်ဧည့်ခ န်းမှာ အလွန်အိုက်သည် ဟု ထင်မိ၏ ။ ထိုင်နေကြသော မယား မမြတင် နှင့် ကိုထွန်းခင် တို့ ကို ပင် ရွံသလိုလို ဖြစ်လာလေသည် ။
“ ဘယ်သူလဲ ... ဘယ်က ကားလဲ ” ဟု စိုးရိမ်မကင်း ဟန်ဖြင့် မမြတင် က မေး၏ ။
ထို မေးခွန်း ကို ဟုတ်တိုင်းမှန်ရာ ဖြေရန်ကား မဖြစ်နိုင်ချေ ။ မေရီ နှင့် သူတို့ နှင့် ဘာမျှ မသက်ဆိုင်ပေ ။ မေရီ ကား မိမိ ၏ အတွင်းရေး သက်သက် ဖြစ်လေသည် ။ ကိုယ့် မယား ကို ကိုယ် ညာခြင်းသည် အလွန် ဆိုးရွား၏ ။ သို့သော် ဤအရေး၌ ကား ညာရလေတော့မည် ။ ထို့ကြောင့် “ ဘယ်က လူတွေ လဲ မသိဘူး ၊ လမ်းမှား ပြီး ဒီကို ရောက်လာကြတယ် ” ဟု တိုတိုတုတ်တုတ် ဟု ပြန် ပြောလိုက်လေသည် ။
“ မင်း က ပိုပြီး လမ်းလွဲကုန်အောင် နတ်လမ်းညွှန် လိုက်တာပေါ့လေ ” ဟု ကိုထွန်းခင် က ကြားဖြတ်ကာ ရွှန်းလိုက်၏ ။ သို့သော် ... ကိုသိန်းလွင် ကား မရယ်နိုင်ပေ ။ မျက်မှောင်ကြုတ်လျက် ဆိုဖာ ပေါ်သို့ ထိုင်ချလိုက်လေ သည် ။ သန့်ရှင်းသပ်ရပ်သည့် မိမိ ပိုင် ဤ အခန်း ကိုပင် အချုပ်ခန်း ကဲ့သို့ မှတ်ထင်လာလေသည် ။ လောကကြီး တွင် ဤ အိမ်ခန်းကလေး သည် ကား ပျော်ရွှင်ခြင်း နှင့် လွတ်လပ်ခြင်းတို့ ကိန်းအောင်းရာ အရပ် မဟုတ်ပေ ။ ဆိုဖာ ပေါ်တွင် ထိုင်နေသူ ကား အခွံ အကာ တည်း ဟူသော သိန်းလွင် ၏ ရုပ်ခန္ဓာ အတ္တဘောကြီး မျှသာ ဖြစ်၏ ။ သိန်းလွင် အစစ် ဖြစ်သော သိန်းလွင် ၏ နာမ်စေတသိက်သည် ကား အေးချမ်းသာယာသည့် ပဲခူးလမ်း ပေါ်တွင် အမြန် မောင်းနှင်လျက် ရှိသော ဆီဒင် မော်တော်ကား အတွင်းဝယ် မေရီ နှင့် အတူ ယှဉ်တွဲကာ လိုက်ပါသွားလေသည် ။ မေရီ ကား ကိုသိန်းလွင် ၏ ပျော် ရွှင်ခြင်း ပေတည်း ။ မေရီ နှင့် နေရခြင်းသည် သာလျှင် ကိုသိန်းလွင် အဖို့ လွတ်လပ်ခြင်း မည်လေသည် ။ ဆိုဖာ ပေါ်တွင် ကြိတ်မနိုင် ခဲမရ ထိုင်နေရာ မှ “ မေရီ ... မေရီ ” ဟု စိတ်ပြေလက်ပျောက် အားရပါးရ အော်ဟစ်လိုက်ချင် လေသည် ။ သက်မကြီး ချကာ အုတ်နံရံ ဆီသို့ မော်ကြည့်လိုက်မိ၏ ။ “ လွမ်းပိုအောင် ” ခေါ် မေရီ က လက်ဆောင် ပေးသည့် ရှုမျှော်ခင်း အရုပ်ကားကလေး ကို မြင်မိပေသည် ။ ကောလိပ် ၌ လည်းကောင်း ၊ ပုသိမ် တွင် ကျောင်းဆရာ အဖြစ် နှင့် နေခဲ့ဖူးသည့် လူပျိုဘ ဝ၌ လည်းကောင်း မေရီ နှင့် လွတ်လပ်စွာ ပျော်ခဲ့ ၊ ချစ်ခဲ့ကြပုံ တို့ သည် ကိုသိန်းလွင် ၏ စိတ်အာရုံဝယ် တစ်ခု ပြီး တစ်ခု ပေါ်လာကြကုန်၏ ။ ပန်းဥယျာဉ် ၊ ရွှေတိဂုံ ၊ ရေလယ်ကျွန်း ၊ ကျိုက်ကလို့ ၊ လွမ်းစေတီ ၊ မော်တင်စွန်း စသည့် အရပ်များ တွင် တူနှစ်ကိုယ် နှစ်ပါးသွား ကာ အသည်းစွဲ ပျော်တော်မူခဲ့ကြပုံ တို့ ကို ထင်ယောင်မြင်ယောင် ဖြစ်ကာ အတောမသတ် နိုင်အောင် တမ်းတ လွမ်းဆွတ် နေမိလေသည် ။
ဤ အိမ်ခန်း ကား မိမိ အား ဖိနှိပ် ချုပ်နှောင်ရာ အကျဉ်းထောင် ဖြစ်၍ ၊ မမြတင်နှင့် ကိုထွန်းခင် တို့ကား ထောင်စောင့် ဒရဝမ် ပုလိပ်များ သာ ဖြစ်ကုန်သည် ဟု ထင်မိတော့၏ ။ မယား နှင့် မိတ်ဆွေ တို့ အား ကြည့်ကာ ကြီးစွာ သော မုန်းစိတ်များ လွှမ်းမိုးလာလေသည် ။
မမြတင် ကား ထိုသို့ ကိုသိန်းလွင် ဖြစ်နေပုံ ကို ဘာမျှ မသိရှာဘဲ ဘာများ ရူးနေပြန်ပါလိမ့် .. ဟုသာ အောက်မေ့လျက် ပြုံးမိရှာလေသည် ။ ဆေးတံကြီး ခဲကာ စစ်တုရင် ကမ္မဋ္ဌာန်း စီးဖြန်း နေရာမှ ကိုထွန်းခင် က လှည့် ၍ “ ဟေ့ ဘိုးသိန်း ၊ စောင့်နေရတာ ကြာလှပြီ ၊ လာလကွာ - မင့် အလှည့်လေ ” ဟု ခေါ်လိုက်လေသည် ။
သို့သော် ... ထိုအချိန် ၌ ကိုသိန်းလွင် ၏ ဦးနှောက်သည် မကြုံစဖူး အထူး ချာလပတ်လည် လျက် နေလေသည် ။ မေရီ ကား မိမိ အသည်းစွဲ ချစ်သော ပျံလွှားမ မယ်ပကာသနကလေး ပေတည်း ။ မြတင် ကား ... လူကြီး မိဘများ သဘောတူ ပေးစားကြ၍ ရေစက်ဆုံ ရသော မယားကောင်း တစ်ယောက် ဖြစ်လေသည် ။ မေရီ နှင့် လည်း မပြတ်နိုင် ၊ မြတင် နှင့် သားကလေး ကို လည်း မဖြတ်နိုင် ၊ ရှုပ်လှ ခက်လှသော ဤ လူ့ဘုံကြီး တွင် ဘာမျှ ရှင်းလင်းခြင်း ၊ အဆင်ပြေခြင်း မရှိပေ ။ စစ်တုရင်ခုံ ဆီသို့ မှုန်တေတေ လှမ်း ကြည့်ကာ ကိုသိန်းလွင် ကား ဘာမျှ စကား ပြန် မပြောနိုင်ဘဲ ယောင်ချာချာ မှိုင်တွေတွေပင် ဖြစ်နေလေတော့သတည်း ။ ။
㋡ ညိုမြ
📖 ရှုမဝ မဂ္ဂဇင်း
ဇွန် ၊ ၁၉၆၉
No comments:
Post a Comment