Monday, June 9, 2025

မိုက်တဲ့ကောင် ထွက်ခဲ့


 

❝ မိုက်တဲ့ကောင် ထွက်ခဲ့ ❞
▣ မောင်လှမျိုး ( ချင်းချောင်းခြံ )

( ၁ )

ဂျပန် က ပြန်လာပြီး ဆောင့်ကြွားကြွား ဖြစ်နေတဲ့ ကိုသာလွန် ဆိုတဲ့ လူတစ် ယောက် ကျွန်တော်တို့ ရွာ ထဲမှာ ရှိတယ် ။

တစ်ရွာလုံး နီးပါး သူ့ ကို မျက်မုန်းကျိုး နေတာ ။ သူ ကိုယ်တိုင် လည်း သိချင် သိမှာပါ ။ မသိချင်ယောင် ဆောင်ပြီး မျက်နှာပြောင်တိုက် နေတာလည်း ဖြစ်မှာပေါ့ ။ တချို့တလေကတော့ သူ့ ကို အထင်ကြီး အားကျ နေကြပြန်သေးတယ် ။ လူတွေ ကလည်း ခက်ပါတယ်ဗျာ ။ နိုင်ငံခြားပြန် ဆိုတာနဲ့ တင် အထင်ကြီး တတ်ကြတာကလား ။ မျက်မုန်းကျိုး နေကြတဲ့ အများစု က လည်း အလိုလို နေရင်း မနာလိုဝန်တို ဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး ။ ရွာ ထဲ က လူတွေ သူ့ လောက် အသိဉာဏ် မကြွယ်ဘူး ဆိုတဲ့ စကားမျိုး ၊ ငါ က ကမ္ဘာပတ် လာတာ ဆိုတော့လေ ဆိုတဲ့ စကားမျိုး ၊ မင်းတို့ တစ်ရွာလုံး ကို အမြင်ကျယ်စေချင်တယ် ဆိုတာမျိုးတွေ ၊ ကြုံရင် ကြုံတဲ့ နေရာမှာ ပြောတတ် ဆိုတတ်တာ ကို သာ ၊ မခံချိ မခံသာနဲ့ ၊ အသည်းယား နေကြရတာပေါ့ဗျာ ။ “ အဲဒါ ဘဝင်ရူး ရူးနေတာကွဲ့ ” လို့ လူကြီးသူမတွေကတော့ ဝေဖန်ကြပါတယ် ။

••••• ••••• •••••

ရန်ကုန် က ဆွေမျိုးနီးစပ်တွေ နဲ့ ဘယ်လိုက ဘယ်လို အဆက်အသွယ် ပြုကြတယ် မသိပါဘူး ၊ ကိုသာလွန်ကြီး ဂျပန် ကို နှစ်နှစ်လောက် ရောက်သွားတာတော့ အမှန်ပါပဲ ။ ဟိုမှာ ဘာအလုပ် လုပ်ပြီး ဘာတွေ တိုးတက်လာသလဲတော့ မသိပါဘူး ။ ပြန်ရောက်လာ ကတည်းက အရက် တမြမြ ၊ စီးကရက် တစ်ဖွာဖွာ နဲ့ တကယ့် ခေတ် ပညာတတ်ကြီး ပုံစံ ဖမ်းနေတော့တာပဲ ။ ဟိုးတုန်းက ဘိလပ်ပြန် တချို့ ရဲ့ အိုက်တင် မျိုးပေါ့ဗျာ ။

သိတဲ့ အတိုင်းပဲ သူ့ အနားမှာ တော့ သူ့ အလိုလိုက် ၊ သူ့ အကြိုက်ဆောင်ပြီး သူ ပြောသမျှ ဝုတ်တယ် ၊ ဝုတ်တယ် နဲ့ ခေါင်းညိတ် ထောက်ခံပြီး ညာစား နေတဲ့သူတွေ ကတော့ ရှိတာပေါ့လေ ။ ကျွန်တော် အပါအဝင် တော်တော်များများ ကတော့ သူ့ ကို အရော လည်း မဝင်ဘူး ၊ ညာ လည်း မစားဘူး ။ ကျွန်တော်တို့ က အတန်းပညာလေး မတောက်တခေါက် တတ်ပြီး ကိုယ့် ရွာ ကိုယ့် ဒေသ မှာသာ အခြေချ နေကြတဲ့ တောသူ တောင်သားတွေ ဆိုတော့ အထင်ကြီး လေးစားစရာ ရှိရင် အထင်ကြီး လေးစားဖို့ ဝန်မလေးတတ်ကြပါဘူး ။

သူလို ကိုယ်လို ထဲက နိုင်ငံရပ်ခြား သွားပြီး ပြန်ရောက်လာရုံလောက်နဲ့ ဆောင့်ကြွားကြွား နိုင်တဲ့သူ ကိုတော့ ဘယ်သူပဲ ဖြစ်ဖြစ် ၊ ကြည့်လို့ မရတာ လွန်သလားဗျာ ။ ဒီကြားထဲ အဲဒီ ကိုသာလွန် က ရွာ မှာ နေရတာ အမြင် ကျဉ်းတယ် ၊ ရန်ကုန် မှာပဲ အခြေချတော့မယ် ဆိုတာမျိုး ၊ တွေ့ကရာ လူကို ကြုံတိုင်း ပြောနေသံကြားတော့ တစ်ဆင့် စကား နဲ့ တင် အသည်းယားမိတာ လွန်သလားဗျာ ။

( ၂ )

ရွာ က , ရွာတန်းရှည် ဆိုတော့ သတင်း တစ်ခုက သဲ့သဲ့ ထွက်ပြီ ဆို ခဏချင်း ပျံ့တတ်တာကိုး ။

••••• ••••• •••••

ရွာဦးကျောင်း မှာ အာဂန္တု ဆရာတော် တစ်ပါး ကြွလာတဲ့ သတင်း လည်း ရက်ပိုင်း အတွင်း ပြန့်သွားတာပါပဲ ။ ရွာဦးဘုန်းတော်ကြီးကျောင်း ကို အာဂန္တု ဆရာတော် တစ်ပါး ကြွလာတာ ၊ ထူးထူးဆန်းဆန်း သတင်းတော့ ဘယ် ဟုတ်ပါ့မလဲ ။
ဒါပေမဲ့ ... အဲဒီ ဆရာတော် ရဲ့ အပြုအမူ ကတော့ သတင်း ဖြစ်လောက်စရာ ထူးထူးဆန်းဆန်းလေး ဖြစ်နေပြန်တယ်လေ ။ ဆရာတော် ရဲ့ ဘွဲ့ အမည် က ဥုးပဏ္ဍိတ ... တဲ့ ။ ရွာဦးကျောင်း ဆရာတော် ရဲ့ ငယ်ဆရာ ... တဲ့ ။

ရွာ ထဲ က အိမ်တိုင်း အိမ်တိုင်း ကို ကြွတယ်  .. တဲ့ ။ အိမ် အထဲ ကို မဝင်ဘဲ အိမ်ဝင်း ၊ တံခါးအဝတွေ မှာ တင် မတ်တပ် ရပ်ပြီး ... “ ဒီ အိမ်မှာ လူမိုက် ရှိလား ” လို့ မေးသတဲ့ ။ “ မရှိပါဘူး အရှင်ဘုရား ” လို့ လျှောက်တင်ကြရတာပေါ့လေ ။

••••• ••••• •••••

တမြန်နေ့ ကလည်း ကျွန်တော်တို့ အိမ်ရှေ့ ကို ကြွလာပါတယ် ။ ဆွမ်းခံ ကြွတယ်ထင်ပြီး အမေ က ၊ ဆွမ်းလောင်းဖို့ ပြင်တာပေါ့ ၊ အိမ်ထဲ ကို ပင့်တော့လည်း “ နေ ပါစေ ” ... လို့ မိန့်ပြီး ...

“ ဆွမ်း လာ ခံတာ မဟုတ်ဘူး ၊ ဘုန်းကြီး မေးစရာရှိလို့ ”

“ တင်ပါ ... ၊ မေးပါ ဘုရား ”

“ ဒီ အိမ် မှာ လူမိုက် ရှိသလား ”

“ မရှိပါဘူး ... ဘုရား ”

တစ်အိမ်သားလုံး က လက်အုပ် ချီပြီး တရိုတသေ ဖြေကြရပါတယ် ။

“ အေး ၊ တစ်ရွာလုံး နီးပါး လည်း တစ်အိမ် တက်ဆင်း မေးပြီးပြီ ၊ ဘယ် အိမ် မှာမှ လူမိုက် မရှိဘူးကိုး ”

“ မှန်ပါဘုရား ”

“ ကောင်းတယ် ။ ကောင်းတယ် ။ လူမိုက် မရှိတာ ကောင်းတယ် ”

အဲဒီလို မိန့် ပြီး ၊ ပြန် ကြွသွားပါလေရော ... ။ တစ်ရွာလုံး က ၊ ရဟန်းသံဃာ ဆိုရင် ဘုရား ကို ရိုသေသလို ရိုသေကြတာ ဆိုတော့ ဆရာတော်ဘုရား ဘာကြောင့် အခုလို တစ်အိမ်တက်ဆင်း မေးမြန်းရပါသလဲ ဘုရား ” ... လို့ ဘယ်သူမှ အလျှောက်ရဲ .. မမေးရဲကြပါဘူး ။ အဲဒီလိုသာ လျှောက်ရဲ ... မေးရဲမယ် ဆိုရင် ၊ ကျွန်တော် က “ လူမိုက်တော့ မရှိပါဘူးဘုရား ၊ ရွာ ထဲမှာ ကိုသာလွန် ဆိုတဲ့ ဘဝင်ရူး ... ရူးနေတဲ့ အရူး တစ်ယောက်တော့ ရှိပါတယ် ဘုရား ” .. လို့ လျှောက်လိုက်ချင်ပါရဲ့ ။ အရပ်လူကြီး ရော တခြား ရပ်မိရပ်ဖတွေ ရော .. လူငယ်လူရွယ်တွေ ရော ... ။ ရွာဦးကျောင်း ဆရာတော် ကို တောင် သွား မလျှောက်ရဲကြလေတော့ ကိုယ် ထင်ရာ ကိုယ် ပြောပြီး တွတ်ထိုး နေမိကြတာပေါ့ ။

“ ဘာဖြစ်လို့ အဲဒီလို မေးတာလဲ ၊ မသိဘူးနော် ”

“ ဟဲ့ ။ ဘုန်းတော်ကြီး ဆိုတာ ၊ ဒကာ , ဒကာမ...ကို ၊ ဆိုဆုံးမစမြဲပဲ ။ လူမိုက်ရှိတယ်ဆိုရင် ၊ ရိုက်နှက်ဆုံးမ မလို့ နေမှာပေါ့ ”

“ ဘယ် လူမိုက် က ရော ၊ သူ ... လူမိုက်ပါလို့ ပြောမှာတုန်း ”

“ ဟုတ်ပ ”

“ တစ်ခုခုတော့ ၊ အကြောင်း ရှိလို့ နေမှာပေါ့ကွယ် ”

“ ရွာဦးကျောင်း ဆရာတော် ရဲ့ ၊ ငယ်ဆရာ ဆို ”

“ ဟုတ်တယ်လေ ၊ အဲဒီလို ကြားတာပဲ ”

“ အဲ .. ။ သူ့တပည့် သီတင်းသုံးတဲ့ ၊ ရပ်ရွာ ၊ ဘုရား တရား သံဃာ ရဲ့ ၊ အဆို အဆုံးမ , ကျယ်ကျယ်ပြန့်ပြန့် ရှိရဲ့လား ဆိုတာ ၊ သိချင်လို့ ၊ စုံးစမ်းမေးမြန်းတာနေမှာပ ”

“ အင်း ... ဒါလည်း ဖြစ်နိုင်တာပဲ ”

ကိုယ် ထင်ရာ ကိုယ် ပြောရင်းနဲ့ ၊ တစ်ရွာလုံး ပဟေဠိ ဖြစ်နေကြရတာ တစ်ပတ် ဆယ်ရက်လောက် ရှိရော့မယ် ။

( ၃ )

“ ဟေ့ ၊ တစ်ရွာလုံး ဘယ်ကောင့် မှ ဂရုမစိုက်ဘူးကွ ၊ အဆင့် မရှိတဲ့ကောင် တွေ ၊ နလပိန်းတုံးတွေ .. ”

ရွာလယ်ခေါင် မှာ ဒယီးဒယိုင် နဲ့ လူသုံးယောက် ။ တစ်ယောက် က ရွာ ရဲ့ ချဉ်ဖတ် ကိုသာလွန် ၊ ကျန်တဲ့ နှစ်ယောက် သူ့ နောက်လိုက်တွေ ။

တခြား တစ်ဘက် မှာ လူဆယ်ယောက် လောက် နဲ့ အချင်းများ နေကြပုံရတယ် ။

“ သာလွန် ၊ မင်း ... မူးရင် အေးအေးဆေးဆေး မူး ၊ ရွာကိုတော့ မစော်ကားနဲ့ ”

“ စော်ကားတော့ မင်းတို့ ဘာလုပ်ချင်လဲ ”

“ စိန်မခေါ်နဲ့နော် ... သာလွန် ”

“ ခေါ်တယ်ကွာ ၊ မင်းတို့တင် မဟုတ်ဘူး တစ်ရွာလုံး ကို စိန်ခေါ်တယ် ၊ မိုက်တဲ့ကောင် ထွက်ခဲ့ ၊ တော်ရုံတန်ရုံ အရည်အချင်း လောက် နဲ့တော့ ထွက် မလာခဲ့နဲ့ ၊ အကုန်သေသွားမယ် ”

“ သာလွန် မင်း သေလိမ့်မယ်နော် ”

“ မင်း ... ထိကြည့်လေ ၊ မိုက်ရင် ငါ့ အသားကို ထိကြည့်လိုက် ”

လူတွေ ပိုပြီး အုံလာတာကို ကျွန်တော် အိမ် ထဲက မြင်နေရတယ် ။ ပြီးတော့ အသည်းယား လာတယ် ။

“ မင်း .. အရိုးတခြား အသားတခြား ဖြစ်သွားမှာ စိုးလို့ ၊ ငါတို့ ... ပါးစပ် က ပြောနေတာနော် သာလွန် ၊ မင်း ... မမိုက်ရိုင်းနဲ့ ”

”ရိုင်းတယ်ကွာ ဘာဖြစ်လဲ ၊ မင်းတို့ ငါ့ လို ဂျပန် ရောက်ဖူးလို့လား ၊ ဘာမှ သုံးလို့မရတဲ့ ကောင်တွေ ၊ ထွက်ကွာ ထွက်ခဲ့ကွာ ၊ မိုက်တဲ့ကောင် ထွက်ခဲ့ ၊ သာလွန် တဲ့ ... တစ်လွန်တည်း ရှိတယ် ၊ တစ်ရွာလုံး ... ဘယ်သူမှ ဂရုမစိုက်ဘူး ၊ သတ္တိရှိတဲ့ ကောင် ထွက်ခဲ့ ... ”

ဘာက , ဘယ်လို စ , ဖြစ်တယ် ဆိုတာတော့ ကျွန်တော် မသိဘူး ။ အိမ်ထောင့် မှာရှိတဲ့ အဝတ်ဖွတ်တဲ့ တုတ်ကို ကျွန်တော် ကောက် ကိုင်လိုက်ပြီး ၊ အိမ် အပြင် ဘက် ကို လွှားခနဲ ပြေးထွက်လိုက်မိတယ် ။ အမေတို့ အဖေတို့ အစ်မတို့ ကတော့ အော်ဟစ်ရင်း နောက်ဘက် မှာ ကျန်ရစ်ခဲ့လေရဲ့ ။ ကျွန်တော် တင် ဘယ်ကပါ့မလဲ ငမူးသာလွန် ကို အမဲဖျက် သလို ဖျက်မယ့် ကျွန်တော့် ရွယ်တူတွေ တွေ့ ရာ လက်နက် ကောက်ဆွဲပြီး ရွာလမ်း ပေါ် ပြေးထွက်လာကြတာ နည်းမှ မနည်းဘဲ ။

“ ကျုပ်တို့ မိုက်တယ်ဗျာ ။ ဖယ် ... လူပါးဝတဲ့ ကောင်ကြီး ”

ဆွဲတဲ့ လူ ၊ လွဲတဲ့ လူ ၊ ဟန့်တဲ့ လူ ၊ တားတဲ့ လူ တွေ နဲ့ ဝရုန်းသုန်းကား ဖြစ်ကာစ မှာပဲ ။ ရွာဦးကျောင်းဘုန်းကြီး နဲ့ အာဂန္တုဆရာတော် တို့ အပြင် ရွာလူကြီး ပါ ရောက် လာကြတော့ သာလွန် ဆိုတဲ့ လူ သက်သာရာ ရသွားတာပေါ့ ။ တစ်ရွာလုံး တစ်ယောက် မကျန် ရွာဦးကျောင်း ဝိုင်း ထဲ လာကြဖို့ ဆရာတော် က တဆင့် အခေါ်ခံရတော့တာပါပဲ ။

( ၄ )

ကျောင်းဝင်း တစ်ဝင်းလုံး လူတွေ ပြည့်ကျပ်နေပေမဲ့ အပ်ကျသံ ကြားရ လောက်အောင် တိတ်ဆိတ်ငြိမ်ကုတ် နေကြရပါတယ် ။ အာဂန္တု ဆရာတော် ရဲ့ အမိန့်စကား ကို ကြားရတော့မှ ကျွန်တော်တို့ တစ်ရွာလုံး အရှက် ရကြပါတော့တယ် ။

“ ဘုန်းကြီး တစ်အိမ် တက်ဆင်း သေသေချာချာ ၊ မေးခဲ့ပါတယ် ။ လူမိုက် ရှိသလား .. လို့ ။ ခင်ဗျားတို့ အိမ်တိုင်း အိမ်တိုင်း ဖြေကြတယ် ။ မရှိပါဘူး .. တဲ့ ။ အဲဒါကို ဘုန်းကြီး က ... မယုံလို့ သေချာအောင် ဟော့ဒီ သာလွန် ဆိုတဲ့ လူ နဲ့ အမေးခိုင်းလိုက်တာပဲ ။ သာလွန် ပါးစပ် က ရွာလမ်းမ ပေါ် ကနေ ဘယ်လိုလူ ထွက်ခဲ့ ... လို့ ခေါ်တာလဲ ။ ကဲ ... အားလုံးပဲ ဖြေကြစမ်းပါဦး ”

“ မိုက်တဲ့ကောင် ထွက်ခဲ့လို့ ခေါ်တာပါဘုရား ”

မရဲတရဲ နဲ့ ဖြေကြရတယ် ။

“ မိုက်တဲ့ကောင် ထွက်ခဲ့ ဆိုတော အခု တုတ်ဆွဲ ဓားဆွဲ နဲ့ ထွက်လာကြတာ ရွာလုံးကျွတ်ပါပဲလား ။ လူမိုက် ကို လူမိုက် နဲ့ အခေါ် ခိုင်းလိုက်တော့ လူမိုက်တွေ ထွက်လာကြတာပေါ့ ၊ ဟေ မဟုတ်ဘူးလား ”

“ တပည့်တော်တို့ မှားပါတယ်ဘုရား ”

“ အေး နောက် ဘယ်တော့မှ မမှားကြနဲ့တော့ လောဘ မရှိဘူး ၊ ဒေါသ မရှိဘူး ၊ မောဟ မရှိဘူး လို့ လူတိုင်း က ကိုယ့် ကိုယ် ကိုယ် ထင်တတ်ကြတာပဲ ။ လောဘ ဖြစ်စရာ ၊ ဒေါသဖြစ်စရာ နဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ ရော မောဟ ဖြစ်စရာ မီးတွေ ဝုန်းခနဲ တွေ့ပြီး လောဘမီး တွေ ၊ ဒေါသမီး တွေ နည်း မှ မနည်းဘဲ ။ ဟုန်းဟုန်း ကို တောက်နေတာပဲ ။ သတိ လက်လွတ်တာ နဲ့ ကိုယ့် ကိုယ် ကိုယ် လောင်သွားလိမ့်မယ်နော် ဒကာ ဒကာမ တို့ ”

“ မှန်ပါ့ဘုရား ”

“ လိုလားတဲ့ သူ အပေါ် သူ ဘာလုပ်လုပ် ဘာပြောပြော ဒေါသ မသင့်ပေမယ့် မလိုလားတဲ့ သူ မနှစ်သက်တဲ့ သူ က မခံရပ်နိုင်အောင် ပြုမူပြောဆို လာပြီ ဆိုတဲ့ အခါကျ ငုတ် နေတဲ့ ဒေါသ က ထောင်းခနဲ ထွက်လာကြတော့တာပဲ မဟုတ်လား ”

“ မှန်ပါ့ဘုရား ”

“ သာလွန် ကို မမုန်းကြနဲ့တော့ ။ ဘုန်းကြီး အဲဒီလို ပြုမူ ခိုင်းလိုက်တာ ။ သာလွန်လည်း ပြင်တော့ ။ ထောင်လွှားတတ်တဲ့ မာန ဆိုတာလည်း မီး ပဲ ။ ဒေါသ ဆိုတဲ့ အမျက် ထွက်တာလည်း မီး ပဲ ။ အဲဒီ မီးတွေက လူမိုက်တွေမှာ ရှိတယ် ။ သူ့ မီး ကိုယ့် မီး ဘယ်သူ့ ဘယ်သူ မှ မလောင်ကြစေနဲ့ ။ ရပ်ထဲ ရွာထဲ လူမိုက် မရှိစေနဲ့ကွယ် ”

“ မှန်ပါ့ဘုရား ”

သာဓု ခေါ်သံတွေ စီညံ သွားကြတယ် ။ ကျွန်တော် အပါအဝင် လူငယ်လူရွယ် လူလတ်အားလုံး ခေါင်း မဖော်ရဲကြဘူး ။ ဆရာတော့် ကို လည်း ကြောက်လို့ ၊ ပြီးတော့ ရှက်လွန်းလို့ ။

  ▣ မောင်လှမျိုး ( ချင်းချောင်းခြံ )
📖 ကလျာ မဂ္ဂဇင်း
      ၂၀၀၉ ၊ ဖေဖော်ဝါရီလ
📖 တစ်ယောက်တည်း နေခဲ့ပါ နှင့်
      ရင်တွင်းဖွဲ့ ဝေဒနာများ စာအုပ်မှ

No comments:

Post a Comment