❝ ပစ်တိုင်းထောင် ❞
အပိုင်း - ၇ ( ၂ )
ကိုမြ သည် ကျွန်တော့် အား ကရုဏာဒေါသော ဖြင့် ကြည့်လိုက်သည် ။ အဖွဲ့ မှ လူကြီးများ က လည်း ကျွန်တော့် အား ဖေးဖေးမမ စစ်ဆေးကြသည် ။
“ အဲဒီတုန်းက ကား ပေါ်မှာ ငွေ သိမ်းတာ မင်းလား ၊ အေးမောင် လား ”
“ ကျွန်တော် ပဲ သိမ်းတာပါ ”
“ တာဝန်ခံ လိုင်းမှူးက ပြောတော့ အေးမောင် က ပိုက်ဆံ သိမ်းတယ် ဆိုစကား ပြောတော့လည်း အေးမောင် ပဲ ပြောတယ် ၊ သူ့ ကို တောင် ငွေငါးကျပ် ပေးသေးသတဲ့ ၊ ဒါကို မင်း သိလား ”
“ ကျွန်တော် ဘာမှ မသိဘူး ၊ ကျွန်တော် သိတာက အဲဒီနေ့ က မြင်းပွဲလောင်းချင်လို့ ကျွန်တော် လက်မှတ် ခိုးရောင်းမိတယ် ၊ တစ်ခါ ခိုး တစ်ခါ မိ တာပဲ ၊ ခါတိုင်း ကျွန်တော့် အကြောင်း ကို တစ်လိုင်းလုံး က သိတယ် ၊ ကျွန်တော် ဟာ ဘာ အ ပြစ်မှ မရှိခဲ့ဖူးဘူး ”
“ ခုလည်း မင်း လုပ်တာ မဟုတ်ဘူး မဟုတ်လား ၊ သူများ အတွက် ဘာလို့ အနာ ခံမလဲ ”
“ ကျွန်တော် လည်း လုပ်တာပဲ ”
အမှန်အားဖြင့် အေးမောင် အပြစ် ကို ကျွန်တော့် အား ဖော်စေလိုသည် ။ အေးမောင် လက်မှတ် ခိုးပါသည် ဟု ကျွန်တော် ဝန်ခံသည့် တိုင်အောင် ကျွန်တော့် ၌ အပြစ် ရှိနေသည် ။ တာဝန် အရကား ကျွန်တော် ၌ တာဝန် ရှိလေသည် ။ အေးမောင် ကို ဖော် လျှင် လည်း ကျွန်တော့် အတွက် သက်သာ စရာ မရှိပေ ။ သက်သာစရာ ရှိသော်လည်း ဤသို့ ဖော်ပြောခြင်းသည် သစ္စာ မဲ့သည် ဟု ကျွန်တော် ယူဆမိသည် ။ ထို့ကြောင့်လည်း ကျွန်တော့် အား မည်မျှပင် ချော့တစ်ခါ ခြောက်တစ်လှည့် ဖြင့် မေး သော်လည်း ကျွန်တော် က ဖော်၍ မပြောတော့ချေ ။
“ မင်း စဉ်းစားနော် ၊ ဒီအတိုင်း ဆိုရင် မင်း အလုပ် က ပြုတ်လိမ့်မယ် ”
“ ကျွန်တော် စဉ်းစား ပြီးပါပြီ ၊ အပြစ် ရှိသလို ခံဖို့ပါပဲ ”
လူကြီးများ သည် ခေါင်းချင်းရိုက်၍ နေကြသည် ။ ကိုမြ က မူ ကျွန်တော့် အား မကျေမချမ်း ဖြင့် ကြည့်နေသည် ။ အတန်ကြာ မှ ဆုံးဖြတ်ချက် ကို တစ်ယောက် က ထုတ်၍ ပြောလိုက်သည် ။
“ မင်း ကို သုံးလ ပယ်တယ် ၊ တကယ်လို့ အမှန် ကို ပြောမယ် ဆိုရင် အရင်လည်း အပြစ် မရှိဖူးတဲ့ အတွက် အပြစ် ကို လျှော့ပြီး စဉ်းစားမလို့ ၊ ခုတော့ မင်း ကိုယ်တိုင် က ဝန်ခံ နေတော့ လုံးလုံးတောင် ထုတ်ပစ် နိုင်တယ် ၊ ဒါပေမဲ့ ညှာပြီး ဆုံးဖြတ်လိုက်တယ် ”
ကျွန်တော် သည် သူတို့ ပြောသမျှကို ခေါင်းငုံ့၍ နားထောင်နေမိသည် ။ ပြီးမှ ကိုမြ အား လှမ်း၍ ကြည့်လိုက်သည် ။ ကိုမြ က သူ့ အိတ် ထဲမှ ဆယ်တန်များ ကို ထုတ်၍ ကျွန်တော့် လစာ ကို ရက် နှင့် တွက်၍ ရှင်းပေးလိုက်သည် ။
“ ရော့ .. မင်း အတွက် ခြောက်ဆယ် ”
ကျွန်တော် က ဘာမျှ ပြန်မပြော ။ သူ ပေးသမျှ ရေတွက်၍ မနေဘဲ အိတ်ထဲ သို့ လုံးထွေးပြီး ထည့်လိုက်သည် ။ ပြီးမှ သူတို့ အမိန့် ကို နာခံ၍ အဖွဲ့ရုံးခန်း အတွင်း မှ ထွက်ခဲ့လေသည် ။
လမ်းထိပ် လက်ဖက်ရည်ဆိုင် တွင် အေးမောင် သည် ကျွန်တော့် အား စောင့်၍ နေသည် ။ သူ သည် ကျွန်တော့် ကိစ္စ အတွက် စိုးရိမ်နေပုံ ရလေသည် ။
“ ဘယ့်နှယ်လဲ ၊ မင်း ကိစ္စ ဘာပြောလဲ ၊ သတိပေးလား ”
“ သုံးလ ပယ်တယ်ကွာ ”
“ ဟေ ... ဒီတစ်ခါ တည်း အပြစ် ရှိဖူးတာ ၊ ဒါလောက်တောင် ဆော် ရသလား ၊ အုံနာတွေ က တို့ ကို နှိပ်စက်တော့ သူတို့ အုံနာတွေ ကို ဘာ အပြစ် များပေးနိုင်လဲ ”
“ ကွာ .. ပြုတ်တာ လည်း ကောင်းကောင်းပါပဲ ၊ ငါ လည်း ဒီအလုပ် ကိုလည်း မလုပ်ချင်လှပါဘူး ”
“ ဘယ် ဟုတ်မလဲကွ ၊ မလုပ် မှ နေပေါ့ ၊ မတရား ထုတ်တာတော့ ဘယ်ခံနိုင်မလဲ ၊ ဒီ အဖွဲ့တွေ ဟာ အုံနာ အတွက် ကာကွယ်ပေးတဲ့ အဖွဲ့တွေ သက်သက်ပဲ ၊ တို့ အလုပ်သမားတွေ အတွက်တော့ အပြစ်ပေး အရေးယူဖို့ လောက် စဉ်းစားနေတာကွ ”
“ ဒီလိုလည်း မဟုတ်ပါဘူးကွာ ၊ ကိုယ် က အပြစ် ရှိနေတော့ ခံရမှာပေါ့ ”
အေးမောင် သည် မကျေနိုင်မချမ်းနိုင် ဖြစ်နေသည် ။ ကျွန်တော့် အတွက် သူ က မခံမရပ်နိုင် ဖြစ်နေပြန်သည် ။
“ ဒီလိုဆို ငါ သွားပြောမယ် ၊ ဒါ မင်း ငါ့ အတွက် ခံရတာ ၊ လက်မှတ် ခိုးရောင်းတာ ငါပဲ လို့ သွား ဝန်ခံလိုက်မယ် ၊ ငါ့ အတွက် က အလုပ် ပေါတယ် ၊ အရေး မကြီးဘူး ”
“ မလိုပါဘူးကွာ ၊ သူတို့ ငါ့ ကို အမျိုးမျိုး အစ်အောက် မေးပြီးပြီ ၊ ငါ ကမှ လုံးလုံး မပြောခဲ့ဘဲနဲ့ မင်း သွားပြောလည်း အပိုပဲ ”
“ ငါ့ အတွက်ကြောင့် မင်း ဒီလို ဖြစ်ရတာတော့ ငါ စိတ်မကောင်းဘူး သူငယ်ချင်း ရာ ”
“ စိတ်မကောင်း မရှိပါနဲ့ကွာ ၊ ငါ လည်း ဒီ အလုပ်ကို မလုပ်ချင်ပါဘူး ၊ တကယ်တော့ အလုပ် တကာ အလုပ် ထဲမှာ စပယ်ယာ အလုပ် ဟာ လူမုန်း အခံ ရဆုံးပဲ ၊ အုံနာ မျက်နှာ ရအောင် လုပ်ပြန်ရင်လည်း ခရီးသည် က ဆဲတယ် ၊ ဒါလောက် အဆဲအဆို အငြိုအငြင် ကို ခံပြီး လုပ်တဲ့ အလုပ် လည်း မလုပ်ချင်တော့ပါဘူးကွာ ”
“ ဒါဖြင့် မင်း ဘာလုပ်မယ် စိတ်ကူးလဲ ”
“ ငါ ဆိုက်ကား နင်းမယ် ၊ မနေ့ည က မင်း ကို လိုက်ရှာရင်း ငါ့ သူငယ်ချင်း ဆိုက်ကားသမား တစ်ယောက် နဲ့ တွေ့ တယ် ၊ သူ က ငါ့ ကို ဆိုက်ကား နင်းရအောင် လုပ်ပေးမယ် ”
“ ဒီ အလုပ် လည်း မစားသာသေးပါဘူးကွာ ၊ ပင်ပန်းလှပါတယ် ”
အေးမောင် က ရှုံ့ရှုံ့မဲ့မဲ့ ညည်းလိုက်သည် ။ ကျွန်တော် တို့ နှစ်ယောက် သည် စကား တပြောပြောနှင့် လာခဲ့ရာ တာမွေအဝိုင်းကြီး နား သို့ပင် ရောက်ခဲ့လေသည် ။
“ လူ ပင်ပန်းတာက အရေး မကြီးပါဘူးကွာ ၊ စိတ်ချမ်းသာရတာက ပိုပြီး လုပ်လို့ ကောင်းတယ် ”
“ ညနေ မင်း ဘယ်မှာ ချိန်းထားလဲ ၊ ငါ လာခဲ့မယ် ”
“ အကျင်တို့ ဆိုင် ”
အေးမောင် သည် အဝိုင်းကြီး ပတ်၍ မောင်းလာသော ကားတစ်စီး ပေါ်သို့ ခုန်တက်၍ သွားလေသည် ။ ကျွန်တော် က မြင်းလှည်း ကို စီး၍ ရွှေဂုံတိုင်ဘက် သို့ ပြန်ခဲ့လေသည် ။ ကျွန်တော် သည် တစ်နေ့လယ်လုံး ကားရုံ ထဲ ၌ပင် ခွေ နေမိသည် ။ ညနေ သုံးနာရီ လောက်တွင် ယူစရာပစ္စည်းများ ကို ထုပ်ပိုး ပြီးလျှင် မြေနီကုန်း ဘက် သို့ ထွက်ခဲ့သည် ။ အချိန် စောသေး သော်လည်း အကျင်တို့ ဆိုင် မှာ စောင့်မည် ဟု ဆုံးဖြတ်လိုက်သည် ။
“ ဘယ့်နှယ် ကိုသံချောင်း တို့ အထုပ်အပိုး နဲ့ ခိုးရာ လိုက်မလို့လား ”
“ ခိုးရာ လိုက်မလို့ မဟုတ်ဘူးဗျို့ ၊ ဘုံပျောက် နေလို့ ၊ ကျွဲသိုး ကော မလာသေးဘူးလား ”
“ ညနေပိုင်း တော့ မလာသေးဘူး ၊ နေ့လယ် ကတော့ ဦးရည်တစ်လုံး သောက်သွားတယ် ”
“ ကဲ … ပေးပါဗျာ ၊ ကျွန်တော့် လည်း ဦးရည်ပဲ ပေးပါ ”
ကျွန်တော် သည် အကျင် ချပေးသော ဦးရည် တစ်လုံး ဖြင့် အချိန် ဆွဲ၍ သောက်နေသည် ။ ဦးရည် တစ်လုံး မကျိုးခင် ကျွဲသိုး နှင့် လူတစ်ယောက် ဝင်၍ လာသည် ။ ကျွဲသိုး တွေ့ ပေးမည် ဆိုသူ မှာ သူ ပင် ဖြစ်မည် ဟု စိတ် ထဲမှ တွေးလိုက်မိသည် ။ ထို လူ ကို ကျွန်တော် က ကြည့် လိုက်မိသည် ။ သူ ၏ ပုံပန်းသဏ္ဌာန် မှာ ကျွန်တော်တို့ ရွာ မှ သူကြီး လိုပင် မျက်နှာ က ချို သော်လည်း မိုက်ရုပ် က ပေါ်လှသည် ။ အသား အနည်းငယ် ညိုသည် ။ သိပ် အဝကြီး မဟုတ် သော်လည်း ဗိုက် က ရွှဲနေသည် ။ အမွေးအမှင် ကလည်း ထူသည် ။ သူ ၏ လက်ဖျံစောင်း တွင် ပေါက် နေသော အမွေးများ မှာ ကန်ရိုးပေါ်တွင် ပေါက် နေသော မြက်ပင်များ နှင့် တူသည် ။ သူ ၏ ရွှေကိုင်းမျက်မှန် မှာ ကြေးရောင် ပေါက်၍ ဝါ နေသည် ။
ကျွဲသိုး က ကျွန်တော့် ဘေးတွ င်ထိုင်ရင်း ထို ပုဂ္ဂိုလ် နှင့် ကျွန်တော့် အား မိတ်ဆက် ပေးလေသည် ။
“ သူ ပဲ ဆရာ ၊ ကျွန်တော့် သူငယ်ချင်း ဆိုတာ ၊ ဟေ့ ... သံချောင်း ၊ ဒါ တို့ အာစရိ ပဲ ၊ ဆရာဦးဘကြား ဆိုတာ ၊ ဒီ အပိုင်းတော့ အားလုံး မီးသေတယ်ကွာ ၊ အာစရိ ဆိုရင် အကုန် မီးသေတယ် ၊ ကဲ ... အရက် မှာ ကွာ ၊ အာစရိ အဖြူချတယ် မဟုတ်လား ၊ အဖြူ မလုပ်ရင် လည်း နိုင်ငံခြား သွားချမယ်လေ ”
အာစရိ ဆိုသူသည် သူ့ အိတ် ထဲမှ လူထုစီးကရက် ကို ထုတ်၍ မီးညှိ လိုက်ရင်း အရေးမကြီး ဟန်ဖြင့် ပြောလိုက်သည် ။
“ အေးကွာ .. ၊ ရမ်လေး ဘာလေး ချရအောင်ပါ ၊ ဒီအရက်တွေ က လူ ကို ဥပါဒ် ပေးတယ်ကွာ ”
“ ကဲ …. လာ ၊ ဒါဖြင့် သွားကြမယ် ၊ အထုပ်တွေ ကို အကျင်တို့ ဆီ အပ်ထားခဲ့ ”
ကျွဲသိုး က ပြောပြောဆိုဆို ကျွန်တော် ၏ အိပ်ရာလိပ် နှင့် အဝတ် ထုပ် ကို အကျင် ၏ အရက်ရောင်းသော အခန်း ထဲသို့ ထားလိုက်သည် ။
“ အကျင် ရေ .. တို့ အခု ပြန်လာမယ် ၊ ဒီအထုပ်တွေ ထားခဲ့မယ် ”
ကျွန်တော်တို့ သုံးယောက် သည် ဆိုက်ကား နှင့်ပင် အရက်ဆိုင် တစ်ဆိုင် သို့ ပြောင်းခဲ့ပြန်သည် ။ အရက်ဆိုင် ရှေ့သို့ ရောက်သော် ကျွဲသိုး ၏ ဆရာ ဆိုသူ က ရှေ့မှ ဝင်သွားသည် ။ ကျွန်တော် က ကျွဲသိုး ကို စောင့်နေရသည် ။ ဆိုက်ကား ကို သော့ခတ် ပြီးလျှင် ကျွဲသိုး က အင်္ကျီ အတွင်း အိတ် ကို နှိုက်၍ ကျွန်တော့် အား ငါးကျပ်တန် တစ်ရွက် ကို လှမ်း ၍ ပေးလိုက်သည် ။
“ ရော့ကွာ ၊ ကျန်တာ မင်း စိုက်ပေါ့ ၊ ဆယ့်ငါးကျပ် နှစ်ဆယ် လောက်တော့ကျမယ် ”
“ ကိစ္စ မရှိပါဘူးကွာ ၊ ငါ ကနေ့ ငွေ ထုတ်ခဲ့ရပါတယ် ၊ ငါ့ မှာ ရှိပါတယ် ”
“ ကျွဲခေါင်း ဆိုက်ကား အသင်း မှာ လည်း သူ လူကြီးပဲကွ ၊ ရော့ပါကွာ ၊ မရှိလည်း အတူတူ ပေါ့ ”
ကျွဲသိုး က သူ ၏ ငါးကျပ်တန် ကို ကျွန်တော့် အိတ် ထဲ ဇွတ် ထည့်ပြီး လျှင် ဆိုင် ထဲ သို့ ဆွဲခေါ် သွားလေသည် ။ ဆိုင် ထဲ သို့ ရောက်သောအခါ ကျွန်တော်တို့ ၏ ဆရာကြီး သည် စားပွဲတွင် အကျ ထိုင်နေ၏ ။ သူ့ ရှေ့၌ အပြည့်အစုံ ရောက်၍ နေသည် ။ အရက်နီ တစ်လုံး ဖန်ခွက် ၊ ရေခဲ ဆိုဒါ အားလုံး အဆင်သင့် ဖြစ်၍ နေသည် ။ ကျွန်တော် တို့ ဝိုင်းမိသောအခါ သူ ကပင် အရက်ခွက်များ ကို ငှဲ့၍ ပေးလိုက်သည် ။
“ ကဲ … လုပ်ကြကွာ ၊ ဆော်ဒါတော့ ကြိုက်သလောက် ရောပေါ့ ”
ကျွဲသိုး က ရေခဲပန်းကန် ထဲမှ ရေ ကို စစ်၍ သူ့ ခွက်ထဲ သို့ ငှဲ့လိုက်သည် ။ ပြီးမှ ရေပုလင်း ကို ဆွဲ၍ ထပ် ငှဲ့လိုက်ပြန်သည် ။
“ ဆော်ဒါတွေ ဘာတွေ မလိုပါဘူး ဆရာ ၊ ရေ နဲ့ လည်း ပြီးတာပါပဲ ”
ကျွန်တော် က လည်း ကျွဲသိုး နည်း အတိုင်းပင် ရေ နှင့် ရော၍ တစ်ကျိုက်မျှ မော့လိုက်သည် ။
“ ကဲ .. ဆရာ ၊ ကျွန်တော့် အတွက် လူလိုင်စင် ရအောင် လုပ်ပေးပါ ဆရာ ၊ ဆရာ့ ကျေးဇူး မမေ့ပါဘူး ၊ ဒီကောင် သစ္စာ လည်း ရှိပါတယ် ၊ ဆရာ သုံးဖို့ လည်း ရပါတယ် ”
ဆရာ ဦးဘကြား သည် စီးကရက် ကို တစ်ရှိုက်မျှ ဖွာလိုက်ရင်း ခြေတစ်ဖက် ကို ပေါင်ပေါ်သို့ တင် လိုက်သည် ။ ပြီးမှ လုံချည်အောက်စ ကို အပေါ်သို့ ဆွဲ၍ သိမ်းလိုက်သည် ။ အမွေးအမှင် ထူသော သူ ၏ ပေါင် ကို လက်တစ်ဖက် ဖြင့် ပုတ်လိုက်ပြန်သည် ။
“ အေး ဆိုက်ကားသမား လုပ်ချင်ရင် လူရည် လည်ရမယ် ၊ အဆင်းရဲ ခံနိုင်ရမယ် ၊ သတ္တိ လည်း ရှိမှ ဖြစ်မယ် ”
“ ဆရာ .. ဒီကောင် က လူ ကြည့်တော့သာ မှုန်ကုပ်ကုပ် ရယ် ၊ ကျွန်တော်တို့ ထက် မိုက်တယ် ဆရာ ၊ ပြူစောထီး ကို ပြန် ရိုက်တဲ့ ကောင် ”
ဦးဘကြား သည် တစ်ချက်မျှ ပြုံးလို က်ရင်း ကျွန်တော့် အား ရင့် ကျက်သော ဣန္ဒြေ ဖြင့် အကဲခတ် သလို ကြည့်လိုက်သည် ။
“ ဒီလို ရိုက်ဖို့ သ,တ်ဖို့တော့ မဟုတ်ဘူးပေါ့ကွာ ၊ ဒါပေမဲ့ ဆိုက်ကား နင်းတယ် ဆိုတာ ဘေးကင်းတဲ့ အလုပ် မဟုတ်ဘူး ၊ ဥပမာ ညသန်းခေါင် စီးမယ့် လူ က ခရီးဝေး ခေါ်သွားတယ် ၊ ဒီလူ ကို လူကောင်းမှန်း လူဆိုးမှန်း ကိုယ် ကလည်း မသိဘူး ၊ ကဲ ... ဘယ့်နှယ် လုပ်မလဲ ၊ လမ်း လူပြတ်တဲ့ နေရာမှာ ကိုယ့် ကို ရိုက်ပြီး ဆိုက်ကား ကို လုချင် လည်း လုတာပဲ ၊ အဲဒီတော့ ကိုယ် က လျင် မှ ဖြစ်မယ် ၊ သတ္တိ လည်း ရှိရမယ် ၊ ပါး လည်း ပါးရမယ် ”
“ ဟုတ်ကဲ့ ဆရာ ၊ ကျွန်တော် က အစ ဆိုတော့ ဘာမှ မသိပါဘူး ၊ ဆရာတို့ ပြောတာ ကို နာခံပြီး လုပ်ပါ့မယ် ဆရာ ”
“ ဆိုက်ကား ကော .. လည်လည်ပတ်ပတ် နင်းနိုင်ပါ့မလား ”
ကျွန်တော် က အဖြေရ ခက်နေစဉ် ကျွဲသိုး က ဝင်၍ ဖြေလိုက်သည် ။
“ နင်းတတ်ပါပြီ ဆရာ ၊ ကျွန်တော် ပဲ သင်ပေးတာ ၊ နောက် တစ်ရက် နှစ်ရက် ဆိုရင် ကောင်းကောင်း နင်းနိုင်ပါပြီ ”
ဆရာဦးဘကြား သည် အရက် ကို ငှဲ့လိုက်ပြီးလျှင် ဆော်ဒါ ရောလိုက်သည် ။ ပြီးမှ အပြင် သို့ လှမ်း ကြည့်လိုက်ရင်း ...
“ ဟေ့ ... ကျွဲသိုး ၊ အပြင် မှာ အမဲနှပ်ကလေး ဘာလေး သွားဝယ်ကွာ ၊ ရော့ ... ”
ဆရာဦးဘကြား က သူ့ အိတ်ထဲမှ ပိုက်ဆံ အထုပ် ကို ဆွဲထုတ်ရင်း ကျပ်တန် ကို ရှာနေစဉ် ကျွန်တော် က ပင် ဝင်၍ ပေးလိုက်ရသည် ။
“ ကိစ္စ မရှိပါဘူး ဆရာ ၊ ကျွန်တော့် မှာ ပါပါတယ် ”
ကျွဲသိုး ထွက်သွားသော အခါ ဦးဘကြား က ကျွန်တော့် အား မကြည့် ဘဲ ခပ်အေးအေးပင် မေး လိုက်မိသည် ။
“ လိုင်စင် ရတော့ရော ၊ မင်း မှာ ဆိုက်ကား ရှိပလား ”
“ မရှိသေးဘူး ဆရာ ၊ ဒီအလုပ် နဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ နားမလည်ပါဘူး ဆရာ ၊ ကျွဲသိုး ကို လွှဲထားတာပဲ ၊ ကျွဲသိုး က ဆရာ နဲ့ ကနေ့ တွေ့ ပေးမယ် ဆိုလို့ ... ”
“ အေးလေ ... လိုင်စင် ရရင် ဆိုက်ကား က တော့ ရှိပါတယ် ၊ ငါ လုပ်ပေးမယ်ကွာ ”
ဦးဘကြား သည် စီးကရက် တစ်လိပ် ကို ထုတ်၍ သူ့ လက် ထဲမှ တို နေသော စီးကရက် နှင့် ဆိုင်၍ မီးညှိ ယူလိုက်သည် ။ ကျွန်တော့် မှာ ဆရာဦးဘကြား ၏ စကား ကို နားထောင်ရင်း အားတက်မိသည် ။
“ လိုင်စင် အတွက် ကတော့ သိပ် မကုန်ပါဘူးကွာ ၊ နှစ်ကျပ်ခွဲ လောက် ပဲ ကုန်တယ် ၊ ဒါပေမဲ့ မြန်မြန် ရအောင် လက်ဖက်ရည်ဖိုးလေး ဘာလေး ပေးတာနဲ့ ၊ အသင်းကြေး နဲ့ ဆိုတော့ တစ်ဆယ် လောက်ကုန်မယ် ၊ ရအောင် တော့ ငါ ကြည့် လုပ်ပါ့မယ်ကွာ ၊ မင်း ကောင်းကောင်း နင်းနိုင်ပြီ ဆိုရင် ပြော ပေါ့ ”
“ ကုန်ပါစေ ဆရာ ၊ နှစ်ဆယ်အစိတ် ကုန် လည်း အရေး မဟုတ်ပါဘူး ၊ ဒီအလုပ်ကလေး ရရင် တော်ပါပြီ ”
ကျွန်တော့် စကား မပြတ်ခင်ပင် ကျွဲသိုး ရောက်လာသည် ။ သူ့ လက်ထဲတွင် အမဲကြော်သုပ် ပါ၍ လာသည် ။ ပဲကြီးလှော် နှစ်ထုပ် လည်း ပါသည် ။
ကျွဲသိုး က ပဲလှော်ထုပ်များ ကို ဖောက်၍ သွန်ချလိုက်ရင်း ..
“ ဒီကောင် ကို ကျွန်တော့် လိုသာ သဘောထား လိုက်ပါ ဆရာ ၊ လိုင်စင် ရအောင် ကျွန်တော်တို့ ဂိတ် ကို ရအောင် လုပ်ပါ ဆရာ ”
“ ဘယ် ဂိတ် ရမယ်တော့ မသိဘူးကွာ ၊ ဒါပေမဲ့ ဆိုက်ကား ပါ ရအောင် ငါ လုပ်ပေးပါ့မယ် ၊ စပေါ်တော့ တင်ချင် တင်ရမယ် ”
“ စပေါ် က ဘယ်လို တင်ရမှာလဲ ဆရာ ”
စပေါ် အကြောင်း ကို နားမလည် သဖြင့် ကျွန်တော် က ဖြတ်၍ မေးလိုက်မိသည် ။ ဦးဘကြား က ကျွန်တော့် အမေး ကို မဖြေသေးဘဲ ပြုံး နေစဉ် ကျွဲသိုး က ဝင်၍ ဖြေသည် ။
“ စပေါ် ဆိုတာဟာ အုံနာ ကို ငွေ တင် ထားရတာပေါ့ ၊ တချို့လည်း လူ ကို ယုံရင် မတင်ရဘူးပေါ့ ၊ တချို့လည်း မယုံတော့ အုံနာခ မှန်မှန် ပေးမလား ၊ မပေးလား ဆိုတာ မသိတော့ စပေါ် ယူထားတာပေါ့ ၊ နှစ်ဆယ် အစိတ် လောက် တင်ထားရတယ်ကွာ ”
ကျွန်တော် က အိတ် ထဲတွင် ကျန်ငွေ နှင့် လောက် မလောက် တွက်နေရသည် ။
ဆရာဦးဘကြား သည် အရက် ကို တစ်ခွက် ပြီး တစ်ခွက် သောက်နေ သော်လည်း မူးပုံ မရပေ ။ ဣန္ဒြေ လုံးလုံး မပျက် ၊ စီးကရက် ကို သာ ဖွာ၍ စိမ် နှင့် ဟန်မပျက် သောက် နေသည် ။ ကျွဲသိုး ကား အတော်အတန် မူးနေပုံ ရသည် ။ ကျွန်တော် က အရက် ကို ချို ၍ သောက် နေရသည် ။ အလုပ် ရှာပေး မည့်သူ ရှေ့တွင် အရက် မူးနေလျှင် အထင်သေးမည် စိုးရသည် ။ ပုလင်းကြီး တစ်လုံး ချောသွားသော အခါ ဆရာဦးဘကြား နှင့် ကျွဲသိုး တို့က တစ်ယောက် တစ်ခွက် စီ ထပ် မှာ၍ သောက်ကြသည် ။
ဝိုင်း ပြီးသောအခါ နှစ်ဆယ်ကျော် မျှ ရှင်းလိုက်ရသည် ။ ဆရာ ဦးဘကြား က လိုင်စင် ယူမည့် ရက် ကို ချိန်း၍ လူချင်း ခွဲလိုက်သည် ။ ကျွဲသိုး အိမ် သို့ ရောက်သောအခါ အတော်ပင် မှောင်၍ နေလေပြီ ။
ကျွဲသိုး တို့ တဲကလေး မှာ ကျူဖျာ ကာ၍ ဝါးကြမ်းများ ခပ်ကျဲကျဲ ခင်းထားသည် ။ ကျွန်တော့် အတွက် ရှေ့ခန်း တွင် အိပ်စရာ ရလေသည် ။ ကျွဲသိုး က ကျွန်တော့် အတွက် တစ်ဖက်ခန်း မှ ထမင်း နှင့် ဟင်းများ ယူ၍ လာသည် ။
“ ကဲ .. ရှိတာ တုတ်ပေတော့ ၊ တစ်ယောက်တည်း ဆိုတော့ ဟိုဘက်ခန်း က ဦးလေးဦးသာဒင် တို့ ဆီ မှာ ထမင်းလခပေး စားတယ်ကွ ၊ အမှန်တော့ မရှိဘူးပေါ့ကွာ ၊ အစိတ်သုံးဆယ် ရှိ ရှိသလို ပေးရတယ်ပေါ့ ”
“ မင်း ရော ... မစားဘူးလား ”
“ ငါ ဆိုင်မှာ ဝယ်စားပါ့မယ်ကွာ ”
ကျွဲသိုး က စေတနာ ဖြင့် ကျွေးသော်လည်း ကျွန်တော် က အားနာမိသည် ။
“ ကိစ္စ မရှိပါဘူး ၊ ငါ ဒီနေ့ အော်ဒါ ရမှာပါ ၊ အပြင် မှာ သုံးမတ် ဖိုးလောက် ဝယ် စားလိုက်ရင် ဝပါတယ် ၊ မင်း သာ စားတော့ ၊ ကဲ … ငါ သွား မယ် ၊ စားပြီး နောက်ဖေးသာ ကပ်ထားလိုက်ကွာ ”
ကျွဲသိုး ထွက်သွားသော အခါ ကျွန်တော့် မှာ သူ ထားခဲ့သော ထမင်း ကို ဆာဆာ နှင့် စား လိုက်ရသည် ။ ချဉ်ပေါင်ရွက် နှင့် ငါးပိရည် နှစ်ခွက် တည်း နှင့် စားသော်လည်း ဆာ၍ လား မသိ ၊ စား၍ ကား ကောင်းလှသည် ။ စားပြီး လျှင် အိပ်ရာ ကို ခင်း၍ ထိုင်လိုက်မိသည် ။ အရက်ရှိန်ကလေး တဖြည်းဖြည်း တက်လာသည် ။ စိတ် က အလိုလို ပျော်၍ လာသည် ။
ကား ရုံတွင် အိပ်ရသည့် ဘဝ မှ တဲပေါ် သို့ ရောက်ခဲ့ပြန်သည် ။ သည်လို တဲကလေး ထဲ သို့ ရောက်သောအခါ မရီ ကို ပြန်၍ သတိရမိသည် ။ မရီ တစ်ယောက် ယခု အခါတွင် ဘယ်လိုများ နေမည်နည်း ။ ကိုလှမောင် မယားငယ် ပင် ဖြစ်နေပြီလား ၊ သို့မဟုတ် ကိုလှမောင် ဆိုင် မှ ထွက်၍ တခြား အလုပ်များ ဝင်လုပ် နေလေသလား ။
မရီ အတွက် စိတ်ပူမိ သလို ရှိသောအခါ ကျွန်တော့် မှာ ကိုယ့် စိတ် ကိုယ် ကြိုးစား၍ ဖြေဖျောက်ရ ပြန်လေသည် ။
“ သူ့ ထိုက် နဲ့ သူ့ ကံ ပေါ့လေ ၊ သူ့ ကို အမှတ်ရ နေရင် ငါ ပဲ စိတ်ဆင်းရဲမယ် ”
မရီ အကြောင်းကို ဖျောက်၍ ကိုယ့် ရှေ့ရေး ကို တွေးမိပြန်သည် ။ ဆိုက်ကားသမား ဘဝသည် တခြား အလုပ် ထက် လွတ်လပ်မည် ။ အုံနာခ ရလျှင် နင်းချင်သည့် အချိန် နင်း ၊ နားချင် လျှင် လည်း နား ၊ ကိုယ် ကြိုက်သော လမ်း လိုက် ၊ ကိုယ့် တဲ တွင် လွတ်လွတ်လပ်လပ် နေ ၊ ကဲ .. ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းသော အလုပ်ပေနည်း ။
နောက် သုံးရက် ကြာလျှင် လိုင်စင် ရမည် ။ ရလျှင် ဆိုက်ကား တစ်စီး စီးနင်းရမည် ။ တစ်နေ့ တွင် ကိုယ့် အတွက် လေးငါးကျပ် ကျန်မည် ။ တစ်ကျပ် နှစ်ကျပ် စုမည် ။ ကိုယ့်အိုး ကိုယ့်အိမ်လေး နှင့် နေမည် ။
ကျွန်တော် သည် လေထဲ တွင် တိုက်အိမ် ဆောက်လိုက်သည် ။ ရင် ထဲ တွင် အလိုလို အေး၍ လာသည် ။
“ အင်း ... ဆိုက်ကားဆရာကြီး ဖြစ်ရဦးမှာပါကလား ”
⎕ အောင်လင်း
📖ပစ်တိုင်းထောင်
No comments:
Post a Comment