❝ ရုက္ခစိုး ❞
( မြတ်သင်း )
မူးရိုးဘေး တွင် ကြက်ဆူပင် ဘုတ်စုလေးတွေ တွေ့ရ၏ ။ ရိုးတံဖြူဖြူ ပေါ်တွင် အစိမ်းရောင် မင်ပရဲ ထိုးထားသော ဝပင်များ ကိုလည်း ထိုးထိုးထောင်ထောင် တွေ့ရသည် ။ ရှားစောင်းကြက်လျှာပင်များမှာ လူတစ်ရပ်ခန့် အမြင့်ရှိသည် ။ ဘင်္ဂလားသရက်ပင်ကြီး ကို တွေ့သည်အချိန်၌ မူးရိုး အတိုင်း ဆက် မသွားတော့ဘဲ ဘေးကျင်း ကို ကျော်၍ အရှေ့ဘက် လယ်ကွက် ထဲ သို့ ဆင်းလိုက်၏ ။ ကန်သင်းရိုး အတိုင်း လျှောက်လာလျှင် မာလကာခြံ သို့ ရောက်ပေမည် ။ မာလကာခြံ ကို ကျော်လျှင် ပန်းနုရောင် ဘောလုံးပန်းတွေ ဝေနေသည့် ထိကရုန်းပင်များ အစီအရီ ပေါက် နေသော မြောင်းသွယ်လေး ကို တွေ့ရလိမ့်မည် ။ မြောင်း ထဲ၌ ရေစပ်စပ် သာရှိ၏ ။ မြောင်းသွယ်လေး ကို ဖြတ် လိုက်လျှင်တော့ ဝေဝေ တို့ ခြံသို့ ရောက်လေသည် ။
ခြံတံခါး ရှေ့၌ ကိုဘမြိုင် ရပ်လိုက်သည် နှင့် အတွင်းမှ ခွေးတစ်အုပ် က ဝိုင်း ဟောင်ကြသည် ။ ခွေးအုပ် မှာ မနည်းလှ ။ ဆယ်ကောင်ခန့် ရှိသည် ။
“ ဟဲ့ .. ခွေးတွေ သွားကြစမ်း ၊ လာလာ ကိုဘမြိုင် ”
ဝေဝေ့ အသံ ကြားတော့ ခွေးတွေ ငြိမ်ကုပ် သွားကြ၏ ။ ဝေဝေ က ခွေးများကို
မောင်းထုတ် လိုက်ရင်း ခြံတံခါး ကို ဖွင့်ပေးသည် ။ ရွက်လှပင် လမ်းလေးအတိုင်း ဝေဝေ က ဦးဆောင်၍ ခေါ်သွားသည် ။ သုံးပင်နှစ်ခန်း ထရံကာ သက်ကယ်မိုး အိမ်ကလေး ကို မြင်ရတော့ ဝေဝေတို့ ယခင် နေခဲ့သော “ သိင်္ဃရတနာ ” ဆန်စက်ဝင်း ထဲမှာ တိုက်အိမ်ကြီး ကို သတိရမိသည် ။
အိမ်ကလေး ၏ ရှေ့၌ အဖီ ချပြီး ထန်းရွက် မိုးထားသည် ။ စားပွဲ တစ်လုံးကို အလယ်တွင် ချပြီး တန်းလျား နှစ်ချပ် ခင်းထားသည် ။ ထန်းပက်လက် ကု,လားထိုင် တစ်လုံး လည်း ရှိသည် ။
“ ထိုင်လေ ကိုဘမြိုင် ၊ ကိုယုကြိုင် ကတော့ မြောင်းသာကျောင်း ကို ဆွမ်း သွားပို့ နေတယ် ၊ ခဏနေ ပြန် လာမှာပါ ”
ကိုဘမြိုင် ၏ မိခင် နှင့် မိမိ ၏ မိခင် တို့မှာ ညီအစ်မ တစ်ဝမ်းကွဲ တော်စပ်ကြသည် ဖြစ်ရာ ကိုဘမြိုင် နှင့် ဝေဝေ တို့သည် မောင်နှမ နှစ်ဝမ်းကွဲ တော်စပ်ကြ၏ ။
ဝေဝေ ၏ ဖခင် ဦးလွန်းဖေ ကွယ်လွန်သွားစဉ် က စီးပွားရေးလုပ်ငန်း တွေ ကစဉ့်ကလျား ဖြစ်ကုန်တော့မည်လား ဟု ကိုဘမြိုင် အပါအဝင် ဆွေမျိုးသားချင်းများ က စိုးရိမ်ခဲ့ကြသည် ။
ထိုစဉ်က အကြီးဆုံးသမီး ဖြစ်သူ ဝေဝေ တစ်ဦး တည်းသာ အိမ်ထောင်သည် ဖြစ်ပြီး ကျန်သော သား သမီးများ ဖြစ်သော ကိုဆွေ ၊ မြင့်မြင့် နှင့် တင့်တင့်တို့မှာ အိမ်ထောင် မပြုကြသေးပေ ။ တက္ကသိုလ်ပညာ သင်ကြားနေဆဲ ဖြစ်၏ ။
ဦးလွန်းဖေ ကွယ်လွန်သည့် အချိန်၌ ဆန်စက်လုပ်ငန်း အရှိန် ကျနေခိုက် ဖြစ်သည် ။ နွားလှည်းများ မြို့တွင်း သို့ မဝင်ရန် တားမြစ်ထားသော ကာလ ဖြစ်၌ မြို့ထဲ မှာ ရှိသော “ သိင်္ဃရတနာ ” ဆန်စက်သို့ ကျေးလက် မှ
စပါးလှည်းများ မလာရောက် နိုင်ကြတော့ပေ ။
ကျေးရွာများ ၌ ငါးပုံစက်များ ၊ ဟာလာစက်များ မှိုလိုပေါက် လာကြ၏ ။ လယ်သမားများ အနေဖြင့် မြို့ထဲသို့ တကူးတက လာစရာ မလိုတော့ပေ ။ ယင်း စက်ကလေး များမှာ စပါးတစ်တင်း ၊ နှစ်တင်း မှ အစပြု၍ နည်းများ မဆို ကြိတ်ခွဲ ပေးနိုင်ကြသည် ။ သိင်္ဃရတနာ ကဲ့သို့သော ဘွိုင်လာစက်ကြီး များမှာ ထိုသို့ လက်လီစိတ် ဖြင့် ကြိတ်ခွဲ ပေးရန် မဖြစ်နိုင်ပေ ။ စပါး တစ်တင်း ၊ နှစ်တင်း လောက် ကတော့ သိင်္ဃရတနာ ၏ ဘိလပ်ဆန်ခါ အကြိုအကြား ထဲမှာပင် ပျောက်သွားလိမ့်မည် ဖြစ်၏ ။ အိုးမကွာ ၊ အိမ်မကွာ ရွာနေ ပြန်ထိုင် လည်း ဖြစ် ၊ စပါး တစ်တင်း ၊ နှစ်တင်း က အစ ကြိတ်ခွဲပေး နိုင်စွမ်းလည်း ရှိသော စက်ကလေးများ တွင်သာ ဆန် ကြိတ်လိုကြတော့၏ ။ သည်တော့ ဦးလွန်းဖေ ၏ ဆန်စက်ကြီး မှာ ပိတ်သိမ်းရမည့် အခြေအနေ သို့
ဆိုက်ရောက်လျက် ရှိသည် ။ ထို အချိန်မှာပင် ဦးလွန်းဖေ ကွယ်လွန်သွားခြင်း ဖြစ်သည် ။
သည်တွင် ဝေဝေ ၏ အစွမ်းအစ ကို မြင်တွေ့ကြရသည် ။ ဝေဝေ က ဆန်ထွက် ကောင်းပြီး ဆန်လုံး လှရန် အတွက် ဆန်စက် မှ ပစ္စည်း အချို့ကို အသစ် လဲသည် ။
အလုပ်သမားများ က စပါးအိတ် ထမ်း၍ လှေကား မှ တက်ပြီး ဇလား ထဲ သို့ စပါးများ လောင်းထည့် ရသော ယခင် စနစ်ကို ပြုပြင် လိုက်၏ ။ စက်ခါးပတ် တပ်ဆင်၍ စပါးများ အပေါ်သို့ တင်သော စနစ်ကို အစားထိုးသည် ။ ဝေဝေ သည် ကျေးရွာ များ သို့လည်း ကိုယ်တိုင်ဆင်း၍ မိမိတို့ ၏ ဆန်စက် ပြုပြင်ထားပုံ ကို ရှင်းပြ၏ ။ မိမိတို့ စက် သို့ စပါး လာ ကြိတ်ရန် ဖိတ်ခေါ်သည် ။ စပါး ကြိတ်မည့် သူများ ရှိပါက ကား ဖြင့် လည်းကောင်း ၊ ထော်လာဂျီ ဖြင့် လည်းကောင်း အသယ်အပို့ လုပ်ပေး၏ ။ ဆန်ထွက် ကောင်းအောင်လည်း
ကြီးကြပ်ပေးသည် ။ စပါး တစ်ရာ ကြိတ် လျှင် ဆန်တင်း ( ၄၀ ) နှုန်း ထွက်အောင် ကြိုးစား၏ ။ ဆန်စက် အလုပ်သမားများ ၏ သက်သာချောင်ချိရေး ကို လည်း တစ်ဖက်တစ်လမ်း မှ ကြည့်ရှု ပေးသည် ။
ထိုစဉ် ဝေဝေ တို့ ကံကောင်းချင်တော့ လမ်းမကြီးများ မှ အပ မြို့တွင်း ရှိ နောက်ဖေးလမ်း အချို့တွင် သက်ဆိုင်ရာ က နွားလှည်း မောင်းခွင့် ပေးလိုက်၏ ။ ဝေဝေတို့ စက်သို့ စပါးလှည်းများ လာရောက်နိုင်သော အခွင့်အလမ်း ပေါ်ပေါက် လာသည် ။ ယင်း ကာလ၌ လောင်စာဆီ ရှားပါးသော ပြဿနာ ကြုံတွေ့ရသည် ဖြစ်ရာ ဒီဇယ်အင်ဂျင် ဖြင့် မောင်းသော စက်ကလေး များ မှာ အလုပ် သိပ် မဖြစ်ကြတော့ပေ ။
စပါးခွံများ ကို လောင်စာ ပြု၍ လည်ပတ်ရသော ဝေဝေ တို့၏ ဘွိုင်လာဆန်စက်ကြီး က ယင်းတို့ ထက် တစ်ပန်း သာလျက် ရှိ၏ ။ ဝေဝေ ၏ ဆက်ဆံရေး ပြေပြစ်မှုကြောင့် ဌာနဆိုင်ရာ စပါးများ လည်း ကြိတ်ခွဲခွင့် ရသည် ။
သို့နှင့်ပင် လေးငါးဆယ်နှစ်ခန့် အတွင်း၌ သိင်္ဃရတနာ သည် လျှမ်းလျှမ်းတောက် အောင်မြင် လာခဲ့တော့၏ ။ သိင်္ဃရတနာ ၏ အုတ်နီခေါင်းတိုင်ကြီး မှ
မီးခိုးဖြူများ တလူလူ ထွက်လျက် ရှိလေသည် ။
ဝေဝေ က မောင်ညီမများ ကို လစဉ်စာရင်း ရှင်းပြ၏ ။ အမြတ် ကိုလည်း
ခွဲဝေပေးသည် ။ ထို ကာလများမှာပင် အငယ်တွေ ကျောင်း ပြီး၍ အိမ်ထောင် အသီးသီး ကျ၏ ။ ဆန်စက်လုပ်ငန်း ကို တော့ ဝေဝေ့ ကိုပင် ကျေကျေနပ်နပ် လွှဲအပ်ထားကြ၏ ။ သို့ရာတွင် ပြီးခဲ့သည့် နှစ်များ အတွင်းမှာ တော့ မွေးချင်းတွေ ကိုယ်တိုင် ကပဲ အရ နည်းသည် ထင် လာ၍ လား ၊ သူတို့ အိမ်ထောင်ဘက်တွေ က သွေးထိုး ပေး၍ လား မဆိုနိုင် ။ အငယ်တွေ က စကား ဆိုလာ ကြ၏ ။ ပြောပုံကတော့ ယဉ်ကျေးပါသည် ။ ဆန်စက်လုပ်ငန်း ကို မမဝေ လုပ်လာခဲ့သည်မှာ ကြာပြီ ဖြစ်၍ အလွန် ပင်ပန်းနေပြီ ဖြစ်ကြောင်း ၊ မိမိတို့ အနေဖြင့် အလွန် အားနာကြောင်း ၊ ထို့ကြောင့် မမဝေ အပန်းပြေစေရန် အတွက် တစ်ပြန်တစ်လှည့် အားဖြင့် မိမိတို့ က တာဝန်ယူ လုပ်ကိုင်ပေးလို ကြောင်း ပြောဆို လာကြ၏ ။
ဝေဝေ ကတော့ အလွန် ပြတ်သားပါသည် ။
မဆိုင်းမတွ ပင် ဆန်စက် ကို အငယ်များ၏ လက်သို့ လွှဲအပ်၏ ။ ထို့ပြင် ဆန်စက်ဝင်း ထဲတွင် ရှိသော တိုက်ပေါ် မှ လည်း ချက်ချင်း ဆင်းလာခဲ့၏ ။
ထွက်တော်မူ နန်းက ခွာပြီး နောက် မြို့နှင့် အလှမ်း ဝေးသော လယ်ကွင်း ထဲ မှ ဤ ခြံကလေး ထဲမှာ ဇနီးမောင်နှံ လာရောက် နေထိုင်ကြသည် ။
“ ရေနွေးကြမ်း သောက်လိုက်ဦးလေ ၊ ဟောဒီမှာ ကျေးလက် အစားအစာ တွေလည်း စားလိုက်ပါဦး ”
ဝေဝေ က ပန်းကန် တစ်ချပ် ကို ကိုင်ရင်း အိမ် ထဲ မှ ထွက်လာသည် ။
“ ဘာတွေများ လုပ်လာတာလဲ ဝေဝေရာ ”
“ မုန့်လက်ဆောင်ခြောက် နဲ့ မြေပဲဆန် ကြော်လာတာပါ ၊ ပူပူနွေးနွေး စားလိုက်ပါဦး ”
မုန့်လက်ဆောင်ကြော် နှင့် မြေပဲကြော် တို့ ကို ပန်းကန် ထဲမှာ တစ်ခြမ်းစီ ထည့် လာရာ အဖြူတစ်ဝက် ၊ အနီတစ်ဝက် နှင့် ကြည့်၍ ပင် ကောင်းသေးတော့သည် ။
ကြွပ်ရွနေသော ပူပူနွေးနွေး အကြော်များ ပေါ်၌ ဆားအနည်းငယ် ဖြူး ထားရာ စား၍ အရသာ ရှိလှ၏ ။
ခဏ နေတော့ ကိုယုကြိုင် ပြန် ရောက်လာသည် ။
ဝေဝေတို့ လင်မယား နှစ်ယောက် နှင့် အတူ ခြံ ထဲ မှာ လျှောက်ကြည့်ကြ၏
။ ဝေဝေ က ဖျင်တသက် တစ်ထည်ကို ခေါင်း မှာ ပတ်လိုက်ရာ တကယ့် လယ်သူမကြီး သဖွယ် ထင်ရ၏ ။
စက်ရေတွင်းလေး မှ တုံကင် ဖြင့် တင်၍ ခြံထဲ ရှိ သီးနှံစိုက်ခင်း များသို့ ရေ ပေးဝေသည် ။ မိုးတွင်း မှာတော့ မြောင်းငယ်လေး မှ ရေ ကိုလည်း သွယ်ယူ၍ ရ၏ ။
“ သပြေ က အပင် ငါးရာလောက် စိုက်ထားတယ် ”
အခင်းလိုက် စိုက်ထားသော သပြေပင်များ မှ အညွှန့်ကလေးများ မှာ နီရဲ နေသည် ။ စိုက်ပြီး ခြောက်လ အကြာတွင် အညွှန့်များ စ ချိုးရ၏ ။ တစ်ပတ် တစ်ခါ ချိုးရသည် ။ တစ်ပင် ကို ဆယ်ခက် ၊ ဆယ့်ငါးခက် လောက် ထွက်သည် ။
တစ်ခက် လျှင် လေးကျပ်နှုန်း ရောင်းရ၏ ။
“ ကံ့ကော်တွေ လည်း အပင် သုံးရာလောက် ချထားတယ် ၊ သူတို့ ကတော့ မချိုးရသေးဘူး ၊ ငယ်သေးတယ် ”
ရခိုင်ငှက်ပျောပင် နှစ်ရာခန့် စိုက်ထားရာ ငှက်ပျော တစ်ဖီးလျှင် နှစ်ရာ ၊ နှစ်ရာ့ငါးဆယ် ခန့် ဈေးပေါက်၏ ။ သကြားသရက်မျိုး အပင် နှစ်ဆယ်လောက် လည်း စိုက်ထား၏ ။
တစ်နှစ် နှင့် ခြောက်လ ကြာလျှင် သရက်ပင်များ သီးတော့မည်ဖြစ်၏ ။
သရက်သီး တစ်လုံး လျှင် တစ်ရာကျပ်ခန့် ပေါက်ဈေး ရှိသည် ။ ကွမ်းပင်များ ကတော့ အပင် တစ်ထောင် လောက် စိုက်ထား သော်လည်း မဖြစ်ထွန်းကြပေ ။ ရိုးမဲပိုး ခေါ် ဆစ်ပြုတ်ပိုး ကျ၍ အပင် တော်တော်များများ ပျက်စီး သွားကြ၏ ။
အိမ် စားရန် အတွက် ဆူးပုပ်ကြီး ၊ ဆူပုပ်ကလေး ၊ ကြက်ဟင်ခါး ၊ ချဉ်ပေါင် ၊ ရုံးပတီနှင့် ခရမ်းပင်များ လည်း စိုက် ထားသည် ။
“ ဒီ အပင်တွေ ကို ဝေဝေ တို့ ကိုယ်တိုင် စိုက်တာ ၊ အလုပ်သမား ရယ်လို့ မငှားခဲ့ဘူး ၊ ဝေဝေတို့ အဖော် ရအောင် လိုက် နေတဲ့ မောင်ဌေးအောင် တို့ လင်မယား ကတော့ ကူတာပေါ့လေ ၊ ဝေဝေ တို့ လက်တွေ ပေါက်ပြဲ ကုန်အောင် လုပ်ရတာ ”
ဝေဝေ က ကြမ်းထော် နေသော သူ့ လက်ဖဝါးများ ကို ဖြန့်ပြသည် ။ ယခင်က
တိုက်ကြီး ပေါ်မှာ နုနုနယ်နယ် နေထိုင်ခဲ့သော ဝေဝေ တစ်ယောက် တော ထဲ မှာ ယခု ကဲ့သို့ ပင်ပင်ပန်းပန်း လုပ်ကိုင်နေသည် ကို မြင်တွေ့ ရသော ကိုဘမြိုင် အတော် စိတ်မကောင်း ဖြစ်မိသည် ။
“ ဘာပဲဖြစ်ဖြစ် ဝေဝေ့ ဘဝကို ဝေဝေ ကျေနပ်ပါတယ် ”
ကိုယုကြိုင် က တဲ အနီးရှိ မာလကာကိုင်း ကို နှိမ်၍ မလကာသီး တစ်လုံး ကို ခူးလျက် ရှိသည် ။
“ ကိုဘမြိုင်တို့ အဝေးပြေးကားတွေ ကော အဆင် ပြေပါတယ်နော် ”
“ ပြေပါတယ်ဗျာ ၊ ကိုဘမြိုင် က မုံရွာလိုင်း ထဲ မှာ တောင် မှန်လုံ တစ်စင်း ထပ်ထည့် ထားသေးတယ် ”
ကိုယုကြိုင် က ဝင်ပြော၏ ။ ထန်းရွက်တဲ အောက်မှာ ပြန် ထိုင်ကြသည် ။
ခြံ အရှေ့ဘက် တစ်ခေါ်လောက် ရှိ ကုန်းမြင့်လေး တွင် ဘုရားငုတ်တို တစ်ဆူ ကို ဖူးမြင်ရ၏ ။ လယ်ကွင်းများ ထဲ၌ နွားအုပ်များ ပြန့်ကြဲနေသည် ။ ပပ်ကြားအက် ထဲတွင် ကပ်ပေါက်နေသော မြက်ဖုတ်လေး များ ကို နွားများ က ထိုးဟပ်ပြီး စား နေကြသည် ။
“ ဝေဝေ့ ကို တစ်ခု မေးရဦးမယ် ”
“ ဘာများလဲ ”
ကိုဘမြိုင် က သောက်လက်စ ရေနွေးကြမ်း ပန်းကန် ကို စားပွဲ ပေါ်သို့ တင်လိုက်၏ ။
“ သား က ပြောလို့ပါ ၊ နည်းနည်းလည်း ထူးဆန်း နေ သလားလို့ ”
“ ဘာတဲ့ ၊ ဇော်ဇော် က ပြောတယ် ဟုတ်လား ”
“ ဟုတ်တယ် ၊ သား က ပြောတယ် ၊ အန်တီဝေ က ရုက္ခစိုးကြီးတွေ မြင်မြင် နေရတယ်တဲ့ ၊ အဲဒါ ဖေဖေ မသိဘူးလား တဲ့ ၊ မကြားမိပါဘူးကွာ လို့ပဲ ပြောလိုက်ရတယ် ၊ တကယ်လည်း ကြား မှ မကြားမိဘဲကိုး ၊ အဲဒါ ဟုတ်သလားလို့ပါ ”
မေးခွန်း အဆုံး၌ ဝေဝေ့ ကို တစ်ချက် လှမ်း ကြည့် လိုက်သည် ။ ဝေဝေ့ မျက်နှာ ပေါ်၌ အမူအရာ ပြောင်းသွားခြင်း မရှိပေ ။ အံ့အားသင့် သွားသော ၊ ရှက်ရွံ့သွားသော လက္ခဏာ တစ်စုံတစ်ရာ ကို မျှလည်း မတွေ့ရပေ ။
“ ဇော်ဇော် ပြောတာ အမှန်ပဲ ကိုဘမြိုင် ၊ ကျွန်မ ရုက္ခစိုးကြီးတွေ ကို မြင်မြင် နေရတာ အမှန်ပဲ ”
ဝေဝေ့ စကားကြောင့် ကိုဘမြိုင် ၏ မျက်ခုံးများ မြင့်တက်သွားသည် ။
“ ဘယ်မှာတွေ့ရတာ လဲ ”
“ ဒီလို သွားရင်းလာရင်း နဲ့ တွေ့တာပဲ ၊ အောင်မြေနား က မန်ကျည်းပင် ကြီး မှာ လည်း တွေ့တယ် ၊ ရွာ ထဲက တချို့ မန်ကျည်းပင်ကြီး တွေ မှာ လည်း တွေ့တာပဲ ”
“ ည မှာ တွေ့တာလား ”
“ မဟုတ်ပါဘူး ၊ နေ့ခင်း မှာ တွေ့တာပါ ”
“ ဘယ်လို အဝတ်အစားတွေ နဲ့လဲ ၊ နတ်ဝတ်တန်ဆာတွေ နဲ့လား ”
“ ဒါဖြင့် ပိတ်ဖြူစင်ကြယ် ဝတ်ထားသလား ”
“ မဝတ်ဘူး ၊ ရိုးရိုးပဲ အင်္ကျီတုံးလုံး နဲ့ ပုဆိုး ကတော့ ချည်ပုဆိုး တစ်ပတ်နွမ်း အညိုကွက်ကြီး တွေ ဝတ်ထားတတ်တယ် ၊ ကတုံးနဲ့ အဘိုးအိုကြီးတွေ ကို တွေ့တာ ၊ မန်ကျည်းပင်ရင်း မှာ ထိုင်ပြီး အဝေးကြီး ကို ငေးကြည့် နေတတ် ကြတယ် ၊ ရုပ်ကတော့ ဘကြီးမြ တို့ ရုပ်ရည်မျိုးတွေပဲ ၊ အသားညိုညို ၊ မျက်နှာဝိုင်းဝိုင်း ၊ အရပ်ခပ်ပြတ်ပြတ်နဲ့ ”
“ ရိုးရိုး လူတွေရော မဖြစ်နိုင်ဘူးလား ”
“ မဖြစ်နိုင်ဘူး ကိုဘမြိုင် ရဲ့ ၊ ကျွန်မ စိတ် ထဲက သိနေတယ် ၊ အဲဒါတွေ ဟာ လူ မဟုတ်ဘူး ၊ ရုက္ခစိုးကြီးတွေ ပဲ ဆိုတာ စိတ် ထဲက အလိုလို သိနေတယ် ”
ကိုယုကြိုင် က ကန်တော်ထန်းလျက်ဖြူလေးများ ကို ပန်းကန် ထဲမှာ ထည့်ပြီး လာ ချပေး၏ ။
ကိုဘမြိုင် က ထန်းလျက် တစ်ခဲ ကို ယူ၍ စားသည် ။
“ ဝေဝေ ဘာတွေများ ထူးထူးခြားခြား ကျင့်ကြံလို့ ဒီလို မြင်ရတာ လဲ ”
“ ထူးထူးခြားခြား ကျင့်စဉ်ရယ် လို့ လုပ်တာ မရှိပါဘူး ။ အဲ ... ‘ သတသဟသာရဟ ’ ဂါထာ ကိုတော့ သတိရ တိုင်း ရွတ်ပါတယ် ၊ တောင်တန်း သာသနာပြု ဆရာတော်ဘုရားကြီး ရဲ့ နတ်ချစ် ဂါထာလေ ၊ သိတယ် မဟုတ်လား ”
“ သိပါတယ် ၊ ကျွန်တော်တို့ လည်း ဒီ ဂါထာကို ရွက်ပါတယ်ဗျာ ၊ ဝေဝေ့ လိုတော့ တစ်ခါ မှ မကြုံဖူးပါဘူး ”
စာဝါ လေးတစ်ကောင် မြက်ပင်ရှည်ကြီး တစ်မျှင် ကို ကိုက်ချီပြီး ထန်းရွက်သပြေ ညွှန့်တွေ တစ်ပွေ့ကြီး ချိုး ပေးလိုက်၏ ။
မူးရိုးလမ်းလေး မှာ တိတ်ဆိတ်နေသည် ။
ဗျိုင်းတစ်အုပ် က ပိန်းကောလှေကြီးများ ခတ်သလို အိပ်တန်း ဆီသို့ တရွေ့ရွေ့ ပျံသန်းနေကြ၏ ။
အနောက်မိုးကုပ် စက်ဝိုင်း အထိ ဖြန့်ခင်းထားသော လယ်ကွင်းများ ထဲ၌
သစ်ပင်အုပ်လေး များ ကို ပင်လယ်ပြင် ထဲမှာ ကျွန်းများ သဖွယ် မြင်တွေ့ရသည် ။
ဝေဝေ တို့ ဇနီးမောင်နှံ အား လူသူ မနီးသော ကွင်း ထဲမှာ တဲကလေး တစ်လုံးတွင် ထားရစ်ခဲ့ရသည် ကို ကိုဘမြိုင် စိတ်မကောင်း ဖြစ်နေမိလေသည် ။
ဝေဝေတို့ ခြံ သို့ နောက် တစ်ခေါက် မရောက်ဖြစ်တော့ပေ ။ နတ်ချစ်ဂါထာ ကို ရွတ်မိသည့် အခါများ တွင်တော့ ဝေဝေ့ ကို သတိရမိသည် ။
ဝေဝေတို့ ထံ မရောက် သော်လည်း ဝေဝေတို့ သတင်းတွေ ကို တော့ ကြားနေရသည် ။
ဆန်စက်လုပ်ငန်း ကို လုပ်ကိုင်ကြသော ဝေဝေ ၏ မောင်ညီမများ မှာ လှော်ရင်း နစ်သလို လုပ်ရင်း အရှုံး ပေါ် လာကြသဖြင့် နောက်ဆုံးတွင် ဝေဝေ့ ကို တောင်းပန်ပြီး လုပ်ငန်း အပ်လိုက်ကြ ရသည် ။
ဝေဝေ က လူငယ်များ အပေါ်တွင် အာဃာတ မထားဘဲ လုပ်ငန်းကို ပြန်လည် လက်ခံခဲ့၏ ။ သိင်္ဃရတနာ ဆန်စက် ကို အသက်သွင်းပေး ရပြန်သည် ။
ထို့ကြောင့် လုပ်ငန်း တည်ရာ ဆန်စက်ဝင်း ထဲမှ တိုက်ကြီး တွင် ဝေဝေတို့
ပြန်လည် နေထိုင်ကြ၏ ။
ကိုယုကြိုင် က ရော ဝေဝေ က ပါ မကြာခဏ ဖိတ်ခေါ် နေသောကြောင့် တစ်နေ့တွင် ဝေဝေတို့ တိုက် သို့ ကိုဘမြိုင် ရောက်သွား၏ ။
ဧည့်ခန်း ထဲမှ ဆိုဖာဆက်တီ တွင် ထိုင်ရင်း စကား ပြောကြ၏ ။
စက်ဝင်း ထဲ၌ စပါးလှည်းများ ၊ ထော်လာဂျီများ ဖြင့် ရှုပ်ထွေး နေသည် ။
စက်ရုံ ၏ အုတ်ဖြင့် လုပ်ထားသော ခေါင်းတိုင်နီနီကြီး မှ မီးခိုးဖြူဖြူ များ တလူလူ ထွက်နေသည် ။
“ တော်တော် ကြိတ်ရသားပဲနော် ၊ အားရစရာကြီး ”
ကိုဘမြိုင် က ပန်းသီး တစ်စိတ်ကို ခက်ရင်းဖြင့် ထိုး၍ ယူ လိုက်ရင်း ပြော၏ ။
“ အခြေ ပျက်သွားရာ က ပြန်ပြီး အားယူရတာ ဆိုတော့ အရင်လို နဝလီကြိတ်ရုံ သက်သက်နဲ့ တော့ ရပ်တည်လို့ မရဘူး ၊ ကိုယ်တိုင် လည်း စပါး ဝယ်ပြီး သိမ်းထားရတယ် ၊ စပါးလှည်း အကျ နည်းတဲ့ အခါ ကိုယ့် စပါး ကို ထိုးကြိတ် လိုက်တော့ စက် အတွက်ရော ၊ အလုပ်သမားတွေ အတွက်ပါ အချိန် မပုပ်တော့ဘူးပေါ့ ၊ စပါး ဝယ်တယ် ဆိုပေမယ့် အချို့ တောင်သူက စပါး ကို တစ်ခါတည်း ဈေးဖြတ်ပြီး မရောင်းချင်ကြဘူး ၊ ကျွန်မတို့ ဂိုဒေါင် မှာ စပါသွင်းထားပြီး ပြေစာပဲ ကိုင်ထား ချင်ကြတယ် ၊ ကြိုက်ဈေး ရတဲ့ အချိန်မှ ဈေးဖြတ်ပြီး ငွေ ယူချင်ကြ တယ် ။ အဲဒီ လူမျိုး ကျတော့လည်း သူ့ စိတ်ကြိုက်အတိုင်း လိုက်လျော ဆောင်ရွက် ပေးရတယ် ၊ စပါး အကြောင်း ၊ လူ အကြောင်း ၊ စက်အကြောင်း ၊ ဂဃနဏ သိအောင်တော့ ကြိုးစား လေ့လာနေရတာ ပဲ ၊ ဒီမှာက မနော်ဟရီ တို့ ၊ ဆင်းသိင်္ဂီ တို့ ၊ ဆင်းရွှေဝါ တို့ ၊ ခွန်လေး တို့ အစိုက် များတယ် ၊ မနော် ထဲမှာ ဖန်သီး လို မျိုး ညံ့တဲ့ စပါး ရောပြီး ရောင်းတာကို ကိုယ် က မသိလို့ ဝယ်မိရင် ခံရပြီပေါ့ ”
ဧည့်ခန်း ထဲသို့ လူငယ် တစ်ယောက် ဝင်လာပြီး လုံးတော်ရွာ မှ စပါးများ ကြိတ်ပြီးကြောင်းပြော၏ ။
ဝေဝေ က လိုက်သွားမည် ပြုရာ ကိုယုကြိုင် က -
“ နေနေ ဝေဝေတို့ မောင်နှမ စကားပြော နေရစ်ကြ ၊ ကျွန်တော် ပဲ ရှင်းလိုက်မယ် ” ဟု ပြောရင်း ထွက်သွားသည် ။
“ လုံးတော်က လာတဲ့ အဖွဲ့က စပါးကြိတ်ပြီး လို့ ရလာတဲ့ ဆန်အိတ်တွေ ကို ရွာပြန် မသယ်တော့ဘဲ ဒီစက်မှာပဲ ရောင်းခဲ့မယ် လို့ ပြောထားတဲ့ အတွက် လာ ခေါ်တာလေ ၊ အဲသလို ရောင်းမယ့် လူ ရှိရင်လည်း ဆန်အိတ် ဝယ်ပြီး ထပ်ထား လိုက်ရတာပဲ ၊ တက်ဈေး မိတော့ ပြန် ရောင်းပေါ့ ၊ အမျိုးမျိုး
လုပ်ရတာပဲ ၊ မှန်တာပြော သစ္စာ ပါ ကိုဘမြိုင် ရယ် ၊ ကျွန်မတို့ မှာ သားသမီး လည်း မရှိပါဘူး ၊ ကျွန်မတို့ ရှာဖွေ သမျှဟာ အငယ်တွေ အတွက်ပါပဲ ၊ သူတို့ ပျော်ရွှင်နေကြ တာကို မြင်ရင် ကျွန်မ စိတ်ချမ်းသာတာပါပဲ ။ သူတို့လည်း သဘောပေါက် ကြပါတယ် ”
နံရံ ပေါ်မှာ ကြာနွယ် ၊ ကြာဖူး သဏ္ဌာန် မီးအုပ်ဆောင်းလေးများ ကို ငေးကြည့်နေမိသည် ။
“ ဒါနဲ့ ကိုဘမြိုင် တို့ က ဘယ်လို ဖြစ်တာလဲ ၊ အဝေးပြေးလိုင်းတွေ မှာ ထည့်ထားတဲ့ ကားတွေအားလုံး ရောင်းပစ်လိုက်ပြီ ဆို ”
ကိုဘမြိုင် က မရယ်ချင် ရယ်ချင် နှင့် “ ဟက် ” ခနဲ တစ်ချက် ရယ်လိုက်သည် ။
“ အလှမ်း ကျယ်တော့ အလယ် လပ်တာပေါ့ ဝေဝေ ရယ် ၊ သပိတ်ကျင်း ဘက်မှာ ရွှေတူးတဲ့ လူတွေ နေ့ချင်းညချင်းပဲ သိန်းတစ်ထောင် လောက် ပွကြတယ် ဆိုတော့ အားကျပြီး စွန့်စားလိုက်တာ အရင်း ပြုတ်တဲ့ အပြင် ငှက်ဖျား မိပြီး လူတောင် ကံကောင်းလို့ မသေတာ ”
ကိုယုကြိုင် ပြန် ရောက်လာသည် ။
ဝေဝေ နှင့် ပြောနေသော ကိုဘမြိုင် ၏ ဇာတ်လမ်း ကို တစ်စွန်းတစ်စ ကြားလိုက်ဟန် ရှိ၏ ။
“ သဘောပျက် ဆယ်တဲ့ အထဲ မှာ လည်း ရှယ်ယာ ထည့်သေးတယ် ဆို ”
ဟု ကိုယုကြိုင် က မေးသည် ။
“ ဟုတ်တယ် ၊ ကျွန်တော်တို့ မြို့သားတွေ က သူငယ်ချင်း ကို သိပ်ချစ်တတ်တဲ့ အကျင့် ရှိတယ် မဟုတ်လား ၊ ဒီတော့ အဖော်ကောင်း ကျောက်မြောင်း တစ်ခေါက် ဆိုသလိုပေါ့ ၊ သူငယ်ချင်းတွေ က သဘောပျက် ဆယ်ဖို့ အခွင့်အမိန့်ရအောင် လုပ်မယ် ၊ ဘယ်လို အကျိုးအမြတ်တွေ ရနိုင်တယ် လို့ပြောတော့ ကျွန်တော် လည်း ရှယ်ယာ ထည့်လိုက် တာပါပဲ ။ အိပ်မက် ထဲ မှာတော့ စစ်အတွင်း က ဂျပန်တွေ ဧရာဝတီ မြစ် ထဲမှာ မြှုပ်သွားတဲ့ ရွှေချောင်း သေတ္တာတွေ ကိုပဲ သဘောပျက် ထဲ က တွေ့တော့ မလိုလိုပေါ့လေ ၊ လက်တွေ့မှာတော့ “ ပလုံ ” ခနဲ နေတာပဲ အကုန် ကုန်တာပဲ ”
စက်ဝင်း ထဲ ၌ မိုးကာထည် ကို ခင်းပြီး ပုံထားသည့် စပါးပုံများ ကို တွေ့ရ၏ ။ တချို့ စပါးလှည်းများ က နွားများ ကို ဖြုတ်ပြီး လှည်းထမ်းပိုး မှာပင် ချည်ထားကြသည် ။ လှည်းပေါ် တွင် ပါလာသော ရိုက်ဖတ်ထုံး ကို ချပြီး နွား ကျွေးကြ၏ ။
“ ဒါဖြင့် ကားရောင်းထားတဲ့ ငွေတွေ တော်တော် ပျောက်ပျက် သွားမှာပေါ့ ”
“ ပျောက်ပျက်ရုံ ဘယ် ကမလဲ ဝေဝေရ ယ် ၊ ဒီလောက် လုပ်ငန်းကြီးတွေ လုပ်တဲ့ နေရာမှာ ကားဖိုးငွေ က ဘယ် စာဖွဲ့ လောက်ပါ့မလဲ ၊ ခြံ နဲ့ တိုက်ကိုပါ ဘဏ် မှာ ပေါင်ထားရတာ ဘဏ် က လည်း နို့တစ် ပေးနေပြီ ၊ မကြာခင် တရားစွဲပြီး နှင်ချမှာပဲ ”
တောင်း ဖြင့် ဖွဲပြာ လာ ကျုံးနေသော ကလေး အချို့ကို မြင်တွေ့ရ၏ ။
အုတ်ကန်ဘေး တွင် ခို တစ်အုပ် ကျလာပြီး စပါးစေ့များ ကို ကောက် နေကြသည် ။
“ ဘယ် တတ်နိုင်ပါ့မလဲ ဝေဝေ ရယ် ၊ လုပ်ရဲရင် ခံရဲရမှာပေါ့ ၊ အခုထိ ကျွန်တော် လုပ်ခဲ့သမျှ ထဲမှာ ဘယ်သူ့ ကို မှ မညစ်ပတ် ခဲ့ဖူးဘူး ၊ ဘယ်သူ့ကို မှ လည်း တမင်သက်သက် နစ်နာအောင် မလုပ်ခဲ့ဖူးဘူး ၊ ဒီအတွက်တော့ ကျွန်တော် စိတ်ချမ်းသာပါတယ် ”
စပါး အပြည့် တင်ထားသော ကားကြီး တစ်စင်း စက်ဝင်း ထဲသို့ ဝင်လာသည် ။
ကိုဘမြိုင် က စကားလမ်းကြောင်း ပြောင်းလို ဟန် ဖြင့် “ ဝေဝေ နတ်ချစ်ဂါထာ ရွတ်ဖြစ်သေး လား ” ဟုမေးသည် ။
ဝေဝေ က “ ရွတ်ဖြစ်ပါတယ် ၊ ဒါပေမဲ့ ရုက္ခစိုးကြီးတွေ ကို တော့ မတွေ့တာ အတော် ကြာသွားပြီ ” ဟု ပြန်ပြောသည် ။
ခဏ အကြာတွင် ဝေဝေ နှင့် ကိုယုကြိုင် တို့ကို နှုတ်ဆက်ပြီး ပြန်လာခဲ့၏ ။
သည်တစ်ကြိမ် တွင် တော့ ဝေဝေတို့ ဇနီးမောင်နှံ ကို တိုက်ကြီးပေါ်မှာ ချန်ထားခဲ့ရသည့် အတွက် ကိုဘမြိုင် ပီတိ ဖြစ်နေမိသည် ။
မိမိ အနီးသို့ ချဉ်းကပ်လာသော အားငယ် စိတ်များ ကိုတော့ အမြန် မောင်း
ထုတ်ပစ်ရ၏ ။
ဆန်စက်ဝင်း ထဲ က ထွက်လာပြီး နောက် အိမ်ကို မပြန်ချင်သေးသည် နှင့်
မြို့သစ်ဘက် သို့ လျှောက်လာခဲ့သည် ။ အနောက်ဘက် သို့ ရောက်လေ လူနေ ကျဲ သွားလေ ဖြစ်ပြီး အိမ် မဆောက် သေးသော မြေကွက်လပ်များ ကို တွေ့လာရ၏ ။
လမ်းဘေး တစ်လျှောက် ၌ ကျီးခြေသဏ္ဌာန် အနှံများ ရှိသော မြက်ရိုင်းတွေ ထူထပ်စွာ ပေါက်နေ၏ ။ မိကျောင်းကွမ်းဖတ်ပင်များ ကို လည်း တွေ့ရသည် ။
အတန်ငယ် လျှောက်မိသောအခါ ရွှေမုဋ္ဌောဘုရား အနီးသို့ ရောက်သည် ။
အုတ်တံတိုင်း ၏ အရှေ့ဘက် ၌ ပုဆိုး နှစ်ပတ်ခန့် ရှိသော မန်ကျည်းပင်ကြီး တစ်ပင် ရှိ၏ ။ မန်ကျည်းပင် ၏ ခြေရင်း ကို ကြည့် လိုက်တော့ ကိုဘမြိုင် အံ့အားသင့် သွားသည် ။
မြေတလင်း ဝယ် မန်ကျည်းပင် ကို မှီလျက် အဘိုးအိုကြီး တစ်ယောက်
ထိုင် နေပါလား ။ အဘိုးအိုကြီး မှာ ခေါင်းတုံး နှင့် ဖြစ်သည် ။
အင်္ကျီတုံးလုံး နှင့် ချည်ပုဆိုး တစ်ပတ်နွမ်း အညိုကွက် ကို ဝတ်ဆင်ထား၏ ။ အသားညိုညို ၊ အရပ် ခပ်ပြတ်ပြတ် ၊ မျက်နှာဝိုင်းဝိုင်း နှင့် ဖြစ်၏ ။
အဘိုးအိုကြီး မှာ ဟိုးအဝေး ဆီသို့ တွေတွေကြီး ငေးစိုက် ကြည့်နေသည် ။
ထို သူ သည် သာမန် အဘိုးအို တစ်ဦး မဟုတ်ကြောင်း ကိုဘမြိုင် ၏ စိတ်ထဲ က အလိုလို သိ နေလေသည် ။
▢ မြတ်သင်း
📖မုသားပျားရည် နှစ်စက်
No comments:
Post a Comment