❝ မောင်လိမ္မာ ❞
( ပုံပြင် )
ရှေးသရောအခါ အဘိုးကြီး လင်မယား နှစ်ယောက် မှာ သား သုံးယောက် ရှိသတဲ့ ။ မောင်ဆိုးတေ ၊ မောင်မိုက်မဲ ၊ မောင်လိမ္မာ တို့ ဖြစ်ကြတယ် ။ မောင်ဆိုးတေ မှာ အကြီးဆုံး ဖြစ်ပြီး နာမည် နဲ့လိုက်အောင် ဆိုးတေ သတဲ့ ။ မောင်မိုက်မဲ ကတော့ အလတ် ဖြစ်သမို့ မိုက် သတဲ့ကွယ် ။ အငယ်ဆုံး မောင်လိမ္မာ ကတော့ နာမည် နဲ့ လိုက်အောင် လိမ္မာသိမ်မွေ့သတဲ့ ။
မိဘတွေ က သားသမီးများ ကို ချစ်သော် လည်း ပိုမိုပြီး လိမ္မာရေးခြား ရှိတဲ့ လူ ကို ပိုချစ် ကြတာပေါ့ကွယ် ။ မောင်လိမ္မာ ကို မိဘ က လည်း မောင်ဆိုးတေ နဲ့ မောင်မိုက်မဲ တို့ ထက် ပို ချစ်တာ ပေါ့ ။ ဒါကို အစ်ကို အလတ် က မခံနိုင်ကြဘူး ။ အမြဲတမ်း အရိုက် ခံနေရတာပဲ ။ ဒါကြောင့် မောင်လိမ္မာ တစ်ခါလောက် အရိုက်ခံတာ ကို ကြည့်ချင်ကြတာပေါ့ ။
တစ်နေ့တော့ သူတို့ မိဘ က ညီအစ်ကို သုံးယောက် ကို ထင်း သွား ခုတ်ခိုင်း သတဲ့ ။ ဒါနဲ့ပဲ ညီအစ်ကို သုံးယောက် ဟာ ထမင်း ကိုယ်စီ ထုပ်ပြီး တောထဲ ထွက်ခဲ့သတဲ့ ။ မောင်ဆိုးတေ နဲ့ မောင်မိုက်မဲ တို့ က ညီအငယ် မောင်လိမ္မာ အရိုက် ခံရအောင် တိုင်ပင် နေကြတယ် ။ နောက်ဆုံးမှာ မောင်လိမ္မာ ထက် စောနိုင် သမျှ စောအောင် ခုတ် နေကြတယ် ။ မောင်လိမ္မာ က သစ်ပင် လှဲရင်း ယုန်ကလေး ခြေထောက် ပေါ် ကို သစ်ကိုင်း တစ်ကိုင်း ကျိုးကျသွားလို့ ယုန်ကလေး ခြေထောက် ကျိုးသွားတယ်ပေါ့ ။ အဲဒါကြောင့် မောင်လိမ္မာ က မိမိ ကြောင့် ယုန်ကလေး ဒီလို ဖြစ်သွားတာ ကို အလွန် ဝမ်းနည်းတဲ့ အတွက် ယုန်ကလေး ကို ရင်ခွင် ထဲ မှာ ပိုက်ပြီး မျက်ရည် တောင် လည်နေသတဲ့ကွယ် ။ အဲဒီလို ယုန်ကလေး ပိုက်ပြီး ငေး နေတုန်း မိုးချုပ်ပြီ ဖြစ်တဲ့ အတွက် ထင်းစည်း ထမ်းပြီး ယုန်ကလေး ပါ ယူဆောင်ခဲ့သတဲ့ကွယ် ။
ညီအစ်ကို နှစ်ယောက် က မောင်လိမ္မာ ထက် စောစော ရောက်တာကြောင့် အဘိုးကြီး နဲ့ အဘွားကြီး က မောင်လိမ္မာ တစ်ယောက် ဘာကြောင့် နောက်ကျသတုန်းလို့ မေးကြသပေါ့ကွယ် ။ မောင်ဆိုးတေ နဲ့ မောင်မိုက်မဲ က မိမိ တို့ က ထင်း ကို ခုတ်နေကြောင်း ၊ မောင်လိမ္မာ က ထင်းမခုတ် ဘဲ ငှက်များ လိုက် ပစ်နေတယ်လို့ ကုန်းချောကြသတဲ့ ။ မောင်လိမ္မာ မိဘများ က ဒီကောင်နေပစေဦး ။ ပြန်လာရင် တော့ အသေသာ ပြင်တော့လို့ ကြိမ်းမောင်းနေသတဲ့ ။ မောင်လိမ္မာ က တော့ မိုးချုပ်ကြီး ထဲမှာ ထင်းစည်း ကို ထမ်းပြီး ပြန်လာခဲ့သတဲ့ကွယ် ။ အိမ် ပြန်ရောက် တော့ မောင်လိမ္မာ ကို ရိုက်မလို့ပေါ့ကွယ် ။ ဒါပေမယ့် မောင်လိမ္မာ က ယုန်ကလေး ကို ပြပြီး အကျိုးအကြောင်း ရှင်းပြသပေါ့ ။ သူ့ မိဘ က မောင်လိမ္မာ ကို မရိုက်တော့ဘူးကွယ် ။ မောင်ဆိုးတေ နဲ့ မောင်မိုက်မဲ တို့ က မကျေမနပ် ဖြစ်နေသပေါ့ ။
မောင်ဆိုးတေ နဲ့ မောင်မိုက်မဲ က နောက်ထပ် အကြံဉာဏ် အမျိုးမျိုး ထုတ်သတဲ့ ။ နောက်ဆုံးတော့ မောင်လိမ္မာ တို့ ယုန်ကလေး ကို အမျိုးမျိုး ရန်ရှာတော့သပေါ့ကွယ် ။ နံနက် မိုးလင်းတော့ အဘိုးကြီး အဘွားကြီး က ယာခင်း ထဲ လိုက် ကြည့်တာပေါ့ကွယ် ။ အဲဒီလို ကြည့် နေတုန်း ယာခင်း ထဲ က သစ်ပင်တွေ ကို တိရစ္ဆာန် ဝင် စားသွားတာ တွေ့ရသပေါ့ကွယ် ။ အဘွားကြီး က သား သုံးယောက် ကို ခေါ်ယူပြီး “ ဒီမှာတွေ့လား .. ည က ယာခင်း ထဲ ကို တိရစ္ဆာန် ဝင်ပြီး သစ်ပင်တွေ စားသွားတယ် ။ မင်းတို့ ဘယ်လို ထင်သလဲ ”
မောင်ဆိုးတေ နဲ့ မောင်မိုက်မဲ တို့ က “ အမေရယ် ... ကျွန်တော်တို့ ထင်တာကတော့ မောင်လိမ္မာ ရဲ့ယုန်ကလေး ထင်တာပဲ .. အဲဒီတော့ နောက် မဖျက်ဆီး နိုင်အောင် အသေသ,တ် လိုက်ရင် ကောင်းမှာပဲ ” လို့ နှစ်ယောက်လုံး က အဖြေ ပေးကြသတဲ့ ။ မောင်လိမ္မာ က “ အမေ ကျွန်တော် ထင် တာ ကတော့ တိရစ္ဆာန် ခြေရာတွေ လည်း မတွေ့ရဘူး ။ အဲဒီတော့ ဒီ ယာခင်း ပျက်ရတာ ဒီ့ပြင် အကြောင်းတစ်ခုခု ကြောင့် ဖြစ်မှာပါ ။ ကျွန်တော့် ယုန် ကတော့ မဖျက်ဆီးဘူး ” လို့ ပြောတယ် ။ ဒီတော့ အဘိုးကြီး ၊ အဘွားကြီးက “ အေးကွယ် ... မင်းတို့ သုံးယောက် ဒီ ယာခင်း ဖျက်ဆီးတဲ့ ရန်ကို ကာကွယ်ရမယ် ။ ဒီတော့ မင်းတို့ သုံးယောက် တစ်ည တစ်ယောက် အလှည့်ကျ စောင့်ရမယ် ” လို့ ပြောတာပါ့ကွယ် ။
ဒါနဲ့ပဲ မောင်ဆိုးတေ စောင့်တဲ့ ည မှာ ယခင် အတိုင်း ယာခင်း ပျက်စီး နေတာ ကို တွေ့ မြင်ရသတဲ့ ။ မောင်မိုက်မဲ စောင့်တဲ့ ည မှာလည်း ရှေးနည်း အတိုင်း ဖြစ်ပြန်သပေါ့ကွယ် ။ မောင်လိမ္မာ စောင့်လှည့် ရောက်တဲ့ ည မှာ မောင်လိမ္မာ က ညောင်စေးများ ကို ယာခင်း ထဲ မှာ ချထား သပေါ့ကွယ် ။ နံနက် လင်းတော့ မောင်လိမ္မာ ချထားတဲ့ နေရာမှာ လူခြေရာ နှစ်ဖက် ကို တွေ့ရှိသပေါ့ ။ ဒါနဲ့ မောင်လိမ္မာ က သူ့ အဖေ နဲ့ အမေ ကို ခေါ်ပြပြီး မောင်ဆိုးတေ နဲ့ မောင်မိုက်မဲ အိပ် နေ တုန်း ခြေထောက် ကို ကြည့်လိုက်တဲ့ အခါ ညောင်စေးများ ကပ် နေတာကို တွေ့ရသတဲ့ ။ လက်သည် မှာ အစ်ကို တို့ ဖြစ်ကြောင်း ပြောပြလိုက်သပေါ့ကွယ် ။
နောက်ဆုံးတွင် မောင်ဆိုးတေ နဲ့ မောင်မိုက်မဲ က ဝန်ခံရှာ နေတော့ သတဲ့ ။ သူတို့ ဟာ မောင်လိမ္မာ အရိုက်ခံရတာ ကို ကြည့်လိုသောကြောင့် ဤကဲ့သို့ ပြုလုပ်မိပါကြောင်း ဝန်ခံရှာ လေသတဲ့ ။ အဘိုးကြီး ၊ အဘွားကြီး က မောင်ဆိုးတေ ၊ မောင်မိုက်မဲ နဲ့ မောင်လိမ္မာ တို့ ညီအစ်ကို သုံးယောက် ကို ချစ်ချစ်ခင်ခင် နေကြရန် ဆုံးမကြသတဲ့ ။ နောက်တွင် မောင်ဆိုးတေ နဲ့ မောင်မိုက်မဲ တို့ လိမ္မာလာကြပြီး ညီအစ်ကို သုံးယောက် ချစ်ချစ်ခင်ခင် ပျော်ရွှင်စွာ မိဘ ကို ကူညီ လုပ်ကိုင်ပြီး နေထိုင်ကြလေတော့သတဲ့ကွယ် ။
▢ မောင်ဝင်းနိုင်
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၅ ၊ ဩဂုတ်
No comments:
Post a Comment