❝ ပစ်တိုင်းထောင် ❞
အပိုင်း - ၇ ( ၁ )
သည်လိုနှင့် မအူကုန်း သို့ ရောက်လာပြန်သည် ။ လက်မှတ်စစ် တစ်ယောက် တက်လာပြန်သည် ။ ကျွန်တော့် ထံမှ စာအုပ် တောင်းလိုက်သည် ။ ဤ တစ်ကြိမ်တွင် အေးမောင် သည် ခရီးသည်များ နှင့် အလုပ်ရှုပ် နေ၏ ။ ကျွန်တော် က လက်မှတ်စစ် အား စာအုပ် ပေးလိုက်ရ၏ ။ ထိုအတွင်း အေးမောင် ရောက်လာသည် ။
“ ငကဲ တော့ မတစ်ပါနဲ့တော့ဗျာ ၊ တင်မောင် ကို ရွက်လှေ နှစ်စင်း ပေးလိုက်ရပါပြီ ”
လက်မှတ်စစ် သည် အေးမောင် အား လုံးလုံး ဂရုမစိုက်ပေ ။ ခရီးသည် တစ်ယောက် ထံမှ လက်မှတ် တောင်း လိုက်သည် ။ ခရီးသည် က လက်မှတ်စစ် အား ရှူသိုးသိုး ကြည့်ရင်း ..
“ လက်မှတ် မရသေးဘူး ၊ ဈေး ကတည်း က ပိုက်ဆံ ပေးပြီးသား ”
ထိုအတွင်း နောက်ပိုင်း မှ ခရီးသည် တစ်ယောက် က လှမ်း အော်လိုက်ပြန်သည် ။
“ ဟုတ်တယ်ဗျို့ ၊ ခင်ဗျား က လက်မှတ်စစ် လည်း အပိုပဲ ၊ ဒီ တစ်ကားလုံး ဘယ်သူမှ လက်မှတ် မရဘူး ”
ကား တစ်ကားလုံး ပွတ်လောရိုက် လာကြသည် ။ လက်မှတ်စစ် က ကျွန်တော့် အား ရဲသား က တရားခံ ကို ကြည့်သလို ကြည့်လိုက်သည် ။ ကျွန်တော် သည် မည်သို့ ဖြေရမည် မသိ ။ ကြောင်၍ ပြန် ကြည့်နေမိသည် ။
အေးမောင် က လက်မှတ်စစ် နားသို့ ကပ်၍ တစ်စုံတစ်ခု ကို ပြော လိုက်သည် ။
“ ခင်ဗျား ၊ ငကဲ တစ်ချင် တစ်သွားဗျာ ၊ ဒီကောင်တော့ မလုပ်ပါနဲ့ ၊ သူ့ အပြစ် မဟုတ်ပါဘူး ”
“ မင်းတို့ ဟာ က လွန်လွန်းတယ်ကွာ ၊ တစ်ကားလုံး ဆိုတော့ ... ”
“ နသံသီး လုပ်သွားဗျာ ၊ ကဲ .. ပြီးရောပေါ့ ၊ ခင်ဗျား က လည်း အချင်းချင်းတွေ .. ”
“ ငါ ဒါမျိုး ဝါသနာမပါဘူး ၊ အဖွဲ့ ကျမှ ပြောပေါ့ ၊ ငါ တော့ ဝတ္တရားအတိုင်း ရေးခဲ့မှာပဲ ၊ ဟေ့ ... ကား ရပ်ဟေ့ ”
ကားသည် မှတ်တိုင် မရောက်မီ ထိုးရပ် လိုက်သည် ။ လက်မှတ်စစ် က ကျွန်တော့် စာအုပ် ထဲ တွင် မှတ်ချက် ရေး နေသည် ။ အေးမောင် သည် လက်မှတ်စစ် နား ကပ်၍ တောင်းပန်နေ၏ ။ သို့သော် ယခု တစ်ကြိမ် ကား လုံးလုံး မရတော့ချေ ။
“ ဟိုကျမှ ပြောကွာ ၊ မင်းတို့ ဟာ လွန်လွန်းလို့ပါ ၊ နည်းနည်းပါးပါး ဆိုရင် ငါ လည်း ကိုယ်ချင်း စာပါတယ် ၊ အချင်းချင်းတွေ ကို ဒုက္ခ မပေးချင်ပါဘူး ၊ ခုတော့ မင်းတို့ ဟာက စီးပွားဖြစ် လုပ်ချင်သလို ဆိုတော့ ညှာလို့ မဖြစ်ဘူး ”
“ ကျွန်တော် အခု အကုန်လုံး လက်မှတ် ပြန်ဆုတ်ပါမယ် ၊ ခင်ဗျား ရှေ့တင် ဆုတ်ပါ့မယ် ၊ ဒီတစ်ခါ ချမ်းသာပေးပါဗျာ ”
“ မဖြစ်ဘူးကွာ ၊ ခရီးသည်တွေ ကလည်း သိနေပြီ ၊ မင်း ဒရိုင်ဘာ လည်း သိနေပြီ ၊ ဒါကို ငါ အရေး မယူရင် ငါ ပါ ငွေစားတယ် ဖြစ်နေမယ် ”
“ ဒရိုင်ဘာ ကို ကျွန်တော် ပြောပါ့မယ် ခင်ဗျာ ၊ ခရီးသည်တွေ ပြီးရင် ပြီးတာပဲ ”
“ မတတ်နိုင်ဘူးကွာ ၊ ငါတော့ ဒီတိုင်းပဲ ရေးပြီး အဖွဲ့ကို ပေးလိုက်မှာပဲ ၊ ကဲ .. မောင်းဟေ့ ”
အေးမောင် သည် ဘာမှ မတတ်နိုင်တော့ချေ ။ တဖြည်းဖြည်း လိမ့် သွားသော ကား နောက် သို့သာ အပြေး ခုန်တက် လိုက်ရတော့သည် ။
ခရီးသည်များ က အေးမောင် ကို ကြည့်၍ ပြုံး နေကြသည် ။ စောစော က နှုတ်သွက်အာသွက် ရှိလှသော အေးမောင် သည် ယခု တစ်ကြိမ် တွင် ခေါင်း ငိုက်စိုက် နှင့် ပါ၍ လာလေသည် ။
ကျွန်တော် ကမူ အလုပ်ပြုတ် လျှင် နောက် အလုပ် ကို မည်သို့ ရှာရမည် ကို သာ စဉ်းစား နေမိသည် ။ အမှန်၌ ကျွန်တော့် တွင် အပြစ် လုံးဝ မရှိပေ ။ သို့သော် တာဝန် နှင့် ကြည့်လျှင်ကား ကျွန်တော် ၏ တာဝန် ဖြစ်နေ၏ ။ အေးမောင် က လက်မှတ်ခိုးခြင်း ဖြစ်သော်လည်း ကားပေါ် တွင် တာဝန်ကျ သူ က ကျွန်တော် ဖြစ်နေ၏ ။ ထို့ကြောင့် ခံစရာ ရှိလျှင် ကျွန်တော် ပဲ ခံရပေမည် ။
ယခု လည်း လက်မှတ်စစ် က ကျွန်တော့် အား စိတ်မကောင်းသော မျက်နှာဖြင့် ကြည့်လိုက်သည် ။
“ ငါ့ ကိုသာ လွှဲချကွာ ၊ ငါ အားလုံး တာဝန်ယူမယ် ၊ ဒီလိုင်း က ပြုတ် လည်း တခြား လိုင်း ကို ရပါတယ် ၊ ငါ့ အတွက် က အရေးမကြီးဘူး ”
ကျွန်တော် က ဘာမျှ ပြန်၍ မပြောတော့ချေ ။ အေးမောင် က သူ့ အပြစ် ကို ပင် ခံမည် ဟု စေတနာရိုး ဖြင့် ပြောသော်လည်း ကျွန်တော် က လက် မခံနိုင်တော့ပြီ ။ ဖြစ်ပြီးသည့် နောက် ခံစရာ ရှိလျှင် ကျွန်တော် ပဲ ခံတော့မည် ဟု ဆုံးဖြတ်လိုက်သည် ။
အဆင်မပြေမှု သည် တစ်ခု ပြီး တစ်ခု ဆက်၍ လာတတ်လေသည် ။ အေးမောင် သည် ရသမျှ ငွေ ကို မြင်းပွဲ သို့ ပေးလိုက်ရလေသည် ။ ညပိုင်း တွင် အရက် ကို မူးအောင် သောက် နေတော့သည် ။ ကျွန်တော့် မှာ မူ အလုပ်ချိန် ပြီးသည် အထိ စိတ် မပါဘဲ ဆက်၍ လုပ်နေရသည် ။
ကား သိမ်းချိန်တွင် ကျွန်တော် သည် ကိုမြ အား အပ်စရာ ရှိသော ငွေများ ကို အပ်လိုက်သည် ။ ကိုမြ က ကျွန်တော့် အား စိတ်ဆိုးပုံ မရပေ ။ ငွေ များ ကို လက်ခံရင်း ကျွန်တော့် အား ကြင်နာစွာ ကြည့်လိုက်သည် ။
“ မင်း အေးမောင် အတွက် ဓားစာခံ ဖြစ်နေပြီ ၊ ငါ မင်း ကို ဘယ်လိုမှ မအောက်မေ့ပါဘူးကွာ ၊ လူကြီးတွေ ရှေ့ကျတော့ အမှန်အတိုင်း ပြောလိုက် ပေါ့ ၊ အေးမောင် က လည်း သူ့ အပြစ် ကို ဝန်ခံရင် မင်း အတွက် ဒဏ်ရိုက်ရုံ လောက်ပဲ ခံရမှာပဲ ”
ကျွန်တော် က ဘာမျှ ပြန်၍ မပြောဘဲ ငုံ့၍သာ နားထောင်နေသည် ။
“ ကျွန်တော့် အပြစ်ပါပဲဗျာ ၊ အေးမောင် နဲ့ မဆိုင်ပါဘူး ”
“ ငါ သိပြီးပါပြီကွာ ၊ မင်း ကို ငါ စိတ်မဆိုးပါဘူး ”
“ ဒါလောက်ထိတော့ မလုပ်သင့်ပါဘူးဗျာ ၊ အေးမောင် ဟာ ခု တစ်ကြိမ် ခင်ဗျား ရဲ့ ငွေနှစ်ဆယ် အစိတ် ယူတယ် ထားပါဦး ၊ သူ လုပ်ပေးခဲ့တာ တွေဟာ ဒါလောက် မကပါဘူး ၊ သူများ ကားတွေ ထက် တစ်နေ့ ကို နှစ်ဆယ် လောက် ပိုရအောင် လုပ်ခဲ့တာ အေးမောင် ပဲ ၊ မြင်းပွဲ အပတ်တိုင်း အေးမောင် ဟာ ခင်ဗျား အတွက် ငွေပို ရအောင် လုပ်ခဲ့တာ ဘယ်လောက် ကြာပြီလဲ ၊ ဒီငွေကလေး လောက် ခိုးမိတာ နဲ့ ခင်ဗျား သူ့ ကို ထောင်ချမယ် ဆိုရင် ရက်စက်ရာ ကျမှာပေါ့ ”
ကျွန်တော် ၏ စကားကြောင့် ကိုမြ သည် စိတ်ဆိုးသွားဟန် ရှိသည် ။
“ အေး .. ဒီလိုဆိုရင် မင်း ပါ မသက်သာဘူး မှတ်ပေတော့ ၊ ဒီ တစ်ခါ ခိုးတာသာ သိတာကိုးကွ ၊ ငါ မသိဘဲ ခိုးတာတွေ ဘယ်လောက် များ ပြီလဲ မင်း ပြောနိုင်ပါ့မလား ၊ လူ ဟာ သစ္စာ မရှိရင် အလကားပဲ ၊ ငါ ဒီကောင် ကို ဂါတ် တိုင်မယ် ၊ မင်း သက်သေ လိုက်ရမယ် ”
“ ကျွန်တော့် ကို ခင်ဗျား ထောင် ချချင် ချပေါ့ ၊ ဒါဟာ ကျွန်တော် အပြစ်ပဲ ၊ အေးမောင် ကို တော့ အထိခိုက် မခံဘူး ၊ အေးမောင် ဟာ ကျွန်တော့် ဆရာ လည်း ဟုတ်တယ် ၊ ကျေးဇူးရှင် လည်း ဟုတ်တယ် ”
“ ဘာ ဆရာလဲကွ ၊ လက်မှတ်ခိုးဖို့ ၊ မြင်းလောင်း ၊ ဖဲရိုက် ၊ အရက် သောက်သင်တဲ့ ဆရာလား ၊ ဒီလို သစ္စာ မရှိတဲ့ကောင် ကို မင်း က ဓားစာခံ မလို့လား ”
“ သစ္စာ ရှိအောင် ခင်ဗျား က မှ မလုပ်ခဲ့ဘဲဟာ ၊ ခင်ဗျား ငွေပို ရတော့ သူ့ ကို ငွေပို ပေးလား ၊ သူ ဟာ အလုပ် တည်တည်တံ့တံ့ မလုပ်တာရယ် ၊ ခုကိစ္စ က လွဲလို့ ခင်ဗျား အပေါ်မှာ ဘာမှ သစ္စာ မမဲ့ခဲ့ဘူး ၊ ခင်ဗျား အတွက် သူ လုပ် ပေးခဲ့တာဟာ တစ်ထောင် လည်း မကဘူး ၊ နှစ်ထောင် လည်း မကဘူး ၊ ခု ဘာ မဟုတ်တဲ့ ငွေစလေး နဲ့ ခင်ဗျား လူတစ်ယောက် ကို ရက်စက်ချင် ရက်စက်ပေါ့ ၊ ကျွန်တော် တော့ ဒီထဲမှာ မပါဘူး ၊ မပါလို့ ကျွန်တော့် ကို ပါ နှိပ်စက်ချင် လည်း နှိပ်စက်ပေါ့ ”
ကျွန်တော် သည် ပြောပြောဆိုဆိုပင် ကိုမြ တို့ အိမ် မှ ထွက်ခဲ့လေသည် ။ ယခုတစ်ကြိမ် တွင် မူ ကျွန်တော် သည် ကိုမြ အား ရွံမုန်းမိလေသည် ။ အေးမောင် သည် ယခု တစ်ကြိမ်၌ အပြစ် ရှိသည်ကား မှန်၏ ။ သို့သော် အေးမောင် သည် ကိုမြ အတွက် ဆိုလျှင် မည်သူ့ကို မှ ဂရုမစိုက်ဘဲ အများကြီး လုပ်ပေးခဲ့သူ ဖြစ်သည် ။
ငွေ လည်း အတည်တကျ ယူသူ မဟုတ်ပေ ။ ခရီးသည်များ အမုန်းခံ အဆဲခံ အဆိုခံ၍ လူ ကို ရအောင် တင်တတ်သူ လည်း ဖြစ်သည် ။ ကျွန်တော့် အနေဆိုလျှင် မှတ်တိုင် တွင် ကြာကြာ မရပ်ရဲပေ ။ ခရီးသည် ကို အားနာ တတ်သည် ။ အေးမောင် ကား ခရီးသည်မျက်နှာ ကို လုံးလုံးကြည့်သူ မဟုတ်ချေ ။ ကိုမြ မျက်နှာ ကို သာ ကြည့်နေသူ ဖြစ်လေသည် ။ လူ မရလျှင် မှတ်တိုင် များ၌ ရပ်သင့်သည် ထက် ပို၍ အကြာကြီး ရပ်တတ်၏ ။ ကား ကို တဖြည်းဖြည်း လှိမ့်တတ်၏ ။
လူကျပ် နေလျှင်လည်း ဇွတ် တင်တတ်၏ ။ ခရီးသည်များ ကို လုံးဝ အားမနာတတ်ပေ ။ ကားချင်း ဆိုင် နေလျှင်လည်း ခရီးသည် ကို မရအရ ဆွဲ တတ် ခေါ်တတ်သည် ။ ဤသို့ အရာရာ အားကိုးရသော လူတစ်ယောက် အား အပြစ် တစ်ခု ပြုမိရုံနှင့် ရက်ရက်စက်စက် အရေးယူမည် ဆိုသောအခါ ကျွန်တော် က အေးမောင် ကိုယ်စား ခံပြင်း လာမိလေသည် ။
ထို့ကြောင့်လည်း ကိုမြတို့ အိမ် မှ ထွက်ခဲ့ပြီး နောက် အေးမောင် ကို လိုက် ရှာမိသည် ။ ဘယ်မှ မတွေ့ သည့် အဆုံး၌ မူတူးတို့ ဖဲဝိုင်း နှင့် အကျင် တို့ အရက်ဆိုင် သို့ လိုက်ခဲ့ရသည် ။
မူတူးတို့ ဖဲဝိုင်း တွင် လည်း အေးမောင် ကို မတွေ့ ၊ အကျင်တို့ အရက် ဆိုင်သို့ လိုက်ခဲ့ပြန်သည် ။ အကျင် တို့ အရက်ဆိုင် တွင် လည်း အေးမောင် ကို မတွေ့ရချေ ။
ကျွန်တော် သည် အေးမောင် ကို ရှာရန် လက်လျှော့ လိုက်သည် ။ ကနေ့ ည အဖို့ သူ သွားတတ်သော နေရာများ ကို အနှံ့ ရောက်ခဲ့ပြီး ဖြစ်သည် ။
အေးမောင် သည် မိန်းမ အိမ် က လွဲ၍ တခြား သွားမည် မဟုတ်တော့ချေ ။ ထို့ကြောင့်လည်း အကျင်တို့ ဆိုင်တွင် ပင် စခန်းချ ၍ သောက်မည် ဟု ဆုံးဖြတ်လိုက်သည် ။
“ အကျင် ရေ … တစ်ပိုင်း ပေးပါ ”
“ ကနေ့ ည နင် အဖော် ကွဲလာတာလား ”
“ အေးမောင် နဲ့ ငါ နဲ့ အစောကြီးက ကွဲတယ် ”
ကျွန်တော် သည် အရက် တစ်ကျိုက်ချင်း သောက်ရင်း ရှေ့ မည်သို့ ဆက်၍ စခန်းသွားရမည် ကို စဉ်းစားနေမိသည် ။ နက်ဖြန် ဆိုလျှင် အလုပ် ဆင်းရတော့မည် မဟုတ်ချေ ။ အလုပ် ထုတ်ပစ်လျှင် တော်သေး၏ ။ အမှုဖွင့် အရေးယူ လျှင် အနည်းဆုံး အချုပ်တော့ ခံရမည် ။ အလုပ်ဖြုတ်ရုံ နှင့် မကျေနပ် သေးလျှင် သူတို့ လုပ်သမျှ ခံရမည်သာ ဖြစ်သည် ။ အရှင်းဆုံးကား သူတို့နှင့် လုံးလုံး သွား မတွေ့ခြင်းပင် ဖြစ်သည် ။ မတွေ့လျှင် ပို၍များ ဆိုးမည်လား ၊ ဤသည်ကို တွေးရင်း စိတ်ပူ လာမိပြန်သည် ။
လွန်ပြီးသော ကိစ္စများ ကား မည်သို့ပင် ဖြစ်စေကာမူ ကိုယ် တတ်နိုင်သော အရာများ မဟုတ်ပေ ။ အရေးကြီးသည် ကား ရှေ့ ဆက်၍ ဘာလုပ် ရမည်နည်း ။ ကျွန်တော် သည် စိတ်ထွေထွေ ရှိတိုင်း အရက် ကို မော့လိုက် မိသည် ။ အရှိန်ကလေး တက်လာသည့် အခါတွင် ကျွန်တော့် စိတ်များသည် စောစောက ကဲ့သို့ အားမငယ်လှတော့ပေ ။ ဖြစ်ချင်ရာ ဖြစ် ဟူသော စိတ်ဖြင့် ရင်ဆိုင်ရန် ရဲတင်းမိလာသည် ။ ကျွန်တော် သည် သို့ စဉ်းစားရင်း အရက်ခွက် ကို မြှောက်လိုက်သည် ။ ထိုအတွင်း တစ်စုံတစ်ယောက် က ကျွန်တော် ၏ လက် ကို ဖမ်းဆွဲထားလိုက်သည် ။
ကျွန်တော် က အေးမောင် အမှတ်ဖြင့် လှည့်၍ပင် မကြည့်မိချေ ။ သို့သော် ကျွန်တော့် လက် ကို ဆွဲထားသူ က ကျွန်တော့် ဘေး ခွေးခြေ တစ်ခု တွင် ဝင်၍ ထိုင်လိုက်သည် ။
ထိုအခါ မှ ကျွန်တော် က သူ့ အား ကြည့် လိုက်မိသည် ။ ကျွန်တော့် အား ခင်မင်ရင်းနှီးစွာ ပြုံးလိုက်သည် ။ ကျွန်တော် က ရောယောင်၍ ပြုံးလိုက် ရသော်လည်း သူ့ အား လုံးလုံး မမှတ်မိပေ ။ ဘယ်သူလဲ ၊ ဘယ်တုန်းက တွေ့ ဖူးလဲ စသည်ဖြင့် စဉ်းစား နေမိသည် ။ စဉ်းစား၍ ကား မရချေ ။ ထို သူ ကပင် ကျွန်တော် ကြောင်၍ နေမှန်း ရိပ်မိသွားပုံ ရလေသည် ။
“ ဟေး … မင်း ဘိုကေ မဟုတ်လား ”
ကျွန်တော် ၏ ငယ်နာမည် ကို ခေါ်လိုက်ခြင်း အားဖြင့် သူ သည် ကျွန်တော် နှင့် ငယ်ပေါင်းကြီးဖော် ဖြစ်ရမည် ဟု တွေးလိုက်မိသည် ။
“ အေး ... ဟုတ်တယ် ၊ မင်း ဘယ်သူလဲ ”
“ ငါ ကျွဲသိုးလေကွာ ”
နာမည် ကို ပြောလိုက်မှ ပင် ကျွန်တော် က လုံးလုံး မှတ်မိတော့သည် ။
“ ကျွဲသိုး ”
သူ သည် ကျွန်တော် နှင့် တစ်ရပ်တည်းသား ဖြစ်သည် ။ ငယ်ပေါင်း ကြီးဖော် လည်း ဖြစ်သည် ။ အစိုးရ နှင့် သူပုန်တို့ စစ်ဖြစ်ကြသည့် အခါ သူသည် သူပုန်ဘက် သို့ ပါသွားလေသည် ။ သူ သည် တောမခိုခင် ကပင် ပြည်သူ့ ရဲဘော်အဖွဲ့ တွင် ပါဝင်ခဲ့သူ ဖြစ်သည် ။ တောခိုပြီးသည့် နောက် သူ သည် ရွာ သို့ တစ်ခေါက်မျှ ရောက်လာသေးသည် ။ သည့်နောက်တော့ သူ နှင့် ကျွန်တော် မတွေ့ ရတော့ချေ ။ ယခု တွေ့ပြန်တော့လည်း မှတ်မိနိုင်စရာ မရှိပေ ။ ကျွဲသိုး သည် အရင် ရုပ် နှင့် လုံးဝ မတူတော့ပေ ။ ကျွဲသိုး သည် လူရည်သန့် တစ်ယောက်ဖြစ်သည် ။ မျက်လုံး မျက်ခုံး နှာတံ မှ အစ ပေါ်လွင် ပြေပြစ်လှသူ တစ်ယောက် ဖြစ်သည် ။ ပါးခုံးမွေး မုတ်ဆိတ်မွေးများ ကလည်း သူ ၏ ပင်ကို ရုပ် ကို လုံးလုံး ဖုံးလွှမ်း၍ ထားလေသည် ။
ထို့ကြောင့် သူ့ အား ရုတ်တရက် မမှတ်မိခြင်းဖြစ်လေသည် ။ နာမည် ကို အစဖော် ပေး မှ လုံးလုံး အမှတ်ရတော့သည် ။
“ ဟေ့ ... ငါဖြင့် လုံးလုံး မမှတ်မိတော့ဘူး ၊ မင်း က အရင် ရုပ် နဲ့ လုံးလုံးမှ မတူတော့ဘဲ ၊ ခု မင်း တော မှာ မဟုတ်ဘူးလား ”
ကျွဲသိုး သည် သူ ၏ ညိုနေသော သွားများ ကို ပေါ်အောင် ပြုံးလိုက်ရင်း -
“ ကြာပြီကွ ၊ ငါ အလင်းဝင်လာတာ ၊ မင်း ကော … ခု ဘာ လုပ်နေလဲ ”
ကျွန်တော် က ရုတ်တရက် ပြန်၍ မဖြေနိုင်ဘဲ စကားလွှဲ ပစ်ရလေသည် ။
“ ထားပါကွာ ၊ ဒါတွေ နောက် ပြောကြတာပေါ့ ၊ အကျင်ရေ ... နောက် တစ်ပိုင်းပေးပါ ၊ ဖန်ခွက် တစ်လုံး ရော ဆွဲခဲ့ပါ ”
“ မင်း ဖြိုးနေတယ် ထင်တယ် ”
“ မဖြိုးပါဘူးကွာ ၊ ငါ လည်း ရန်ကုန် ရောက်တာ တစ်နှစ် လောက် ရှိပြီ ၊ အလုပ် ကတော့ ကား လိုက်နေတာ ၊ ကနေ့ ပဲ အလုပ် ပြုတ်ပြီ ဆိုပါစို့ကွာ ၊ ကဲ ... မင်း ကော ၊ ဘာလုပ်နေလဲ ”
ကျွဲသိုး က ကျွန်တော် ငှဲ့ ပေးသော အရက် ကို တစ်ကျိုက် တည်း မော့လိုက်ပြီးလျှင် တံတွေး ကို ဗျစ်ခနဲ နေအောင် ထွေးလိုက်သည် ။
“ ငါ ကတော့ ဂိုက် မထွားတဲ့ ဆိုက်ကားဆရာ ပေါ့ကွာ ၊ တို့နဲ့ ဒီ အလုပ် နဲ့ ကိုက်တယ်ကွာ ၊ လုပ်ရတာ လွတ်လပ်တယ် ၊ လူ မရတဲ့နေ့ တွေ တော့ ပင်ပန်းတာပေါ့ကွာ ”
“ မင်း တစ်လ ဘယ်လောက် ဝင်လဲ ”
“ တစ်လ ဘယ်လောက် ဝင်တယ် ဆိုတာတော့ ငါ မသိဘူး ၊ တို့ အလုပ် နေ့တိုင်း စာရင်း ရှင်းရတာကွ ၊ အုံနာ ကို တစ်နေ့ နှစ်ကျပ် ပေးရတယ် ၊ ပိုတာ ကို ယူပေါ့ ”
“ ဒါဖြင့် မင်း အတွက် တစ်နေ့ ဘယ်လောက် ကျန်သလဲ ”
“ လေးငါးကျပ် တော့ အနည်းဆုံး ကျန်တာပေါ့ ၊ မြာလေး ဘာလေး ထုတ်ပေး ရရင်တော့ တစ်ဆယ် လောက် ကျန်တာပေါ့ကွာ ”
ကျွန်တော် က ကျွဲသိုး ၏ အလုပ် ကို အားကျလာမိသည် ။ တစ်နေ့ ငါးကျပ် ဝင်သည် ဆိုလျှင်ပင် ကျွန်တော် လုပ်ခဲ့ရသော အလုပ်များ ထက် ဝင်ငွေ ကောင်းလှပေသည် ။ ပြီးတော့လည်း ကိုယ့် ဆိုက်ကား ကို ကိုယ် လွတ်လွတ် လပ်လပ် နင်းရသည် မှာ ပို၍ စိတ်ချမ်းသာရမည် ဟု ထင်မိ၏ ။
“ အေးကွာ .. ၊ မင်း က မှ ဟန်သေးတယ် ၊ ငါ့ အလုပ် က မင်း လောက် လည်းမရဘူး ၊ စိတ်လည်း ညစ်ရသေးတယ် ၊ အုံနာ အဆဲ လည်း ခံရတယ် ၊ လက်မှတ်စစ် လည်း ကြောက်ရတယ်ကွ ၊ ခရီးသည် ရဲ့ အအော်အငေါက် လည်း ခံရတယ်ကွ ၊ မစားသာပါဘူးကွာ ၊ ဒီနေ့တော့ လက်မှတ် ခိုးလို့ ဆိုပြီး လက်မှတ်စစ် က ဖမ်းတယ် ၊ အလုပ် လည်း ပြုတ်ပါပြီကွာ ”
“ မြတ်စွာဘုရား ... မြတ်စွာဘုရား တွေ့လိုက်ရ ဒုက္ခိတချည်း တွေ့ ရ တာပဲ ၊ မိန်းမတွေ ဘာတွေရော မရသေးဘူးလား ”
“ စိတ်မကူးရဲပါဘူးကွာ ၊ ကိုယ့် တစ်ဝမ်းတစ်ခါး တောင် မဖူလုံသေးဘဲ နဲ့ မိန်းမ ယူလို့ ဘယ် ဖြစ်မလဲ ”
ကျွဲသိုး သည် နားတွင် ညှပ်ထားသော ဆေးလိပ်အသေး တစ်လိပ် ကို ယူ၍ အရက်ခွက် ထဲ နှစ် လိုက်သည် ။ ပြီးမှ ဖင် ကနေ တအား မှုတ်လိုက်သည် ။
“ မင်း ကော …. မိန်းမတွေ ဘာတွေ ရပြီလား ”
ကျွဲသိုး က ဆေးလိပ် မီးညှိရင်း ခေါင်းခါ ပြလိုက်သည် ။ ကျွန်တော် ကျွဲသိုး အား အလုပ် အတွက် အကူအညီ တောင်းချင်သော်လည်း ပါးစပ် မှ ရုတ်တရက် အပြော ခက်နေသည် ။
“ ငတ်တော့ မငတ်ပါဘူးကွာ ၊ မင်း ငါ နဲ့ လာနေပေါ့ ၊ ပြီးတော့ အလုပ်လေး ဘာလေး လည်း တဖြည်းဖြည်း ရှာကြတာပေါ့ ”
“ အေးကွာ ၊ ဆိုက်ကား နင်းတတ်ရင် လည်း အကောင်းသားပဲ ”
“ ဆိုက်ကား နင်းတာက မခက်ပါဘူးကွာ ၊ ဒါပေမဲ့ လိုင်စင် ရဖို့လို နေတယ် ၊ နေဦး .. မင်း ဆိုက်ကား တကယ် နင်းမလား ”
ကျွဲသိုး ၏ အမေးကြောင့် ကျွန်တော့် မှာ တအားတက် သွားလေသည် ။
“ နင်း မှာပေါ့ကွ ၊ ဒါပေမဲ့ မနင်းတတ်တာက ခက်နေတယ် ”
“ ကိစ္စ မရှိဘူး ၊ နင်းတတ်ဖို့ က လွယ်တယ် ၊ မင်း မနက်ဖြ န်ညနေ စောစော ဒီလာခဲ့ ၊ ငါ မင်း အတွက် စီစဉ်ပေးမယ် ၊ အကျင် ရေ ... တစ်ပိုင်း လုပ်ပါဦး ”
ကျွဲသိုး ကို ကျွန်တော် က အားကိုးသော စိတ်ဖြင့် ကြည့်နေမိသည် ။ ကျွဲသိုး က နောက် ရောက်သော တစ်ပိုင်း ငှဲ့၍ သောက်လိုက် ပြီးလျှင် ကု,လားပဲလှော်ကလေးများ ကို လက်ဖြင့် ဆုပ်၍ ပါးစပ် ထဲ သို့ ပစ်သွင်း နေပြန်သည် ။
“ ဒီ အလုပ် ရမယ် ဆိုရင်ကွာ ၊ ဘာ လုပ်ရလုပ်ရ ၊ ငါ့ မှာ ငွေအစိတ် သုံးဆယ်တော့ ရှိပါတယ် ၊ ပြီးတော့လည်း ဒီလတွက်ကလေး ရှင်းပေးရင် နောက်ထပ် လေးငါးဆယ် ရစရာ ရှိပါတယ် ”
“ ပိုက်ဆံ က သိပ် ကုန်ဖို့ မလိုပါဘူးကွာ ၊ တစ်ဆယ် ဆယ့်ငါးကျပ် ပါ ၊ မင်းမနက် ဆက်ဆက် လာနော် ၊ ကဲ .. သွားကြရအောင် ၊ လုပ် လိုက်ကွာ ၊ ဒါလေး အကုန် ”
ကျန် အရက် ကို နှစ်ယောက် မျှ သောက်ပြီးလျှင် ကျွန်တော် က ငွေရှင်း ပေးလိုက်သည် ။
ဆိုင်ရှေ့တွင် ကျွဲသိုး က သူ့ ဆိုက်ကား ကို သော့ဖြုတ် လိုက်သည် ။
“ မင်း ဘယ်ပြန်မှာလဲ ”
“ ရွှေဂုံတိုင် ”
“ လခွီး .. ၊ မင်း တစ်ပိုင်းဖိုး တော့ ကုန်ပါပြီ ၊ ကဲပါကွာ ၊ ငါ ပို့ပါ့မယ် ၊တက် .. ”
ကျွဲသိုး က ဆိုက်ကား ကို နင်းရင်း သီချင်း ကို သံကုန် ဟစ်လိုက်သည် ။ ကျွဲသိုး ၏ အသံ ကို ကြားရသောအခါ ကျွန်တော့် မှာ ရွာ က အဖြစ်အပျက်များ ကို ပြန်၍ သတိရစေသည် ။ ကျွဲသိုး သည် ည ရေထမ်းရင်း ဖိုးစိန်ကြီး၏ သီချင်းများ ကို အော်၍ ဆိုတတ်သည် ။ သူ ပိုး၍ မစွံသော မိအေးလှ တို့ တဲရှေ့ ရောက်လျှင် တာနောသီချင်း ကို အမြဲ ဆိုတတ်သည် ။ ကျွဲသိုး ထို သီချင်း ဆိုလျှင် မိအေးလှ အား စောင်း ဆိုသည် ဟု တစ်ရွာလုံး က သိကြသည် ။
မိအေးလှ သည် ကျွဲသိုး နှင့် ယူမည့်ဆဲဆဲ တစ်ယောက် နှင့် လိုက်ပြေးခဲ့သည် ။ ဤသည်ကို အခဲမကျေနိုင် သဖြင့် ကျွဲသိုး သည် ညတိုင်း လိုပင် မိအေးလှ တို့ တဲရှေ့ နား ဖြတ်၍ တာနောသီချင်း ကို ဆိုတတ်လေသည် ။
ယခု ကျွဲသိုး က ဆိုက်ကား နင်းရင်း တာနောသီချင်း ကို ဟစ်၍ ဆိုလိုက်သော အခါ ကျွန်တော့် မှာ ရွာ တုန်းက အဖြစ်အပျက်များ ကို ပြန်ပြောင်း၍ အောက်မေ့ နေမိလေသည် ။
“ ပွေရှုပ်လေတယ် ၊ ရွှေကြုပ်မယ် ... ဂနာမငြိမ်ပုံ က .. ကာမရှိန် ကာမရှိန်ဇော ... ”
“ မင်း စက်ဘီး စီးတတ်သလား ”
ကျွဲသိုး က သီချင်း ကို ဖြတ်၍ ကျွန်တော့် အား လှမ်း၍ မေးလိုက်သည် ။
“ မစီးတတ်ပါဘူးကွာ ”
“ အေး … ဒါဖြင့် ပို လွယ်ပါတယ် ၊ ဒီမှာ ကြည့် ၊ ဟောဒီ ဘယ်ဘက် ကို အမြဲတမ်း ဆွဲတယ် ၊ နင်း ကာစ မှာ ဘယ်ဘက် ကို သတိ ထားရတယ် ၊ နည်းနည်း တောင့်ပေးပေါ့ ၊ ဟော .. အဆင်း ကျတော့ ဒီဘက် က ဘရိတ်ကလေး ကို နည်းနည်းလေး အုပ်ပြီး ထိန်းရတယ် ၊ သိပ် မခက်ပါဘူးကွာ ၊ မင်း နင်း ကြည့်မလား ”
ကျွန်တော် က နင်းချင် သော်လည်း စိတ် က မရဲလှပေ ။ ကျွဲသိုး က ဆိုက်ကား ကို ရပ်ပြီးလျှင် ကျွန်တော့် အား အနင်း ခိုင်းလေသည် ။ ကျွန်တော် က အရဲစွန့် ကာ ဆိုက်ကား ပေါ်သို့ တက်လိုက်သည် ။ ကျွဲသိုး က ဘေးမှ ထိုင်၍ လက်ကိုင် တစ်ဖက် ကို ထိန်းပေး လိုက်သည် ။
“ ခါး က မလိမ်နဲ့ကွ ၊ အလိုက်သင့်ပေါ့ ၊ ဒီဘက် လက် က နည်းနည်း တောင့်ထားကွ ၊ လက် ကို အသေ မထားနဲ့ ၊ ဘီး သွားရာ ကို ကြည့်ပေါ့ ၊ တစ်ဖက်ဖက် ပါရင် ပါတဲ့ဘက် က ပြန်ပြီး နည်းနည်း တောင့်နေပေါ့ ၊ အေး .. ဟုတ်ပြီ ချိုင့်တို့ ဘာတို့ ကြည့်နင်း ၊ ကပ်ပြီး မရှောင်နဲ့ ၊ နင်းစ ဆိုတော့ မှောက် တတ်တယ် ”
ကျွန်တော် သည် ဘောင်ဒရီလမ်း ထဲသို့ ခပ်မှန်မှန် ပင် နင်း၍ ဝင်ခဲ့သည် ။ တစ်ခါတစ်ရံ အတိမ်းအပါး ရှိလျှင် ကျွဲသိုး က လက်တစ်ဖက် ဖြင့် လက်ကိုင် ကို ထိန်းပေးလေသည် ။
“ အေး ... လမ်းဖြောင့်တော့ မင်း ရမှာပါကွာ ၊ နှစ်ရက်သုံးရက် လောက် ဆက် နင်းရင် ဟန်မှာပဲ ၊ သိပ် အမြန် မနင်းနဲ့ ၊ နင်းစ ကို သူ့ အကြောင်း သိအောင် ကိုယ် က လိုက် ဂရုစိုက်ပေါ့ကွာ ”
ကျွန်တော့် စိတ်များသည် အလိုလို ပေါ့ပါးလာသည် ။ ပျော် လည်း ပျော်လာသည် ။ ကျွဲသိုး က ကျွန်တော့် အား အနည်းငယ် စိတ်ချလာပုံ ရသည် ။ ကျွန်တော် က ဆိုက်ကား ကို သတိထား နင်းနေရသဖြင့် မောရမှန်း မသိပေ ။ မောရမှန်း မသိသော်လည်း ကုန်းတက်လေး တစ်ခုကို တက်လိုက်ရ သဖြင့် ဟောဟဲဟောဟဲ ဖြစ်နေသည် ။ ကျွဲသိုး က ကျွန်တော့် အား ကြည့်ပြီး ကျေနပ် နေသည် ။
“ လူပျို လုပ်နေပြီး ဒီ အတက်ကလေးမှ မတက်နိုင်ဘူးလားကွ ၊ မင်း ... မင်း နောက် နင်းရင် မှတ်ထား ၊ အတက် မရှိတဲ့ လမ်း က သာ နင်း ၊ မြေပြန့် ကို တစ်မိုင် လောက် နင်းရတာ နဲ့ အတက် တစ်ဖာလုံ နင်းရတာက မတူဘူး ၊ အတက် ရှိတဲ့ လမ်း က ပို ပင်ပန်းတယ် ”
ကျွဲသိုး သင်ကြားသမျှ ကို ကျွန်တော် က သေသေချာချာ မှတ်ထား လိုက်သည် ။ ဟုတ်ပေသည် ။ တစ်လမ်း လုံး နင်းလာရသည် မှာ ပင်ပန်းသည် မထင်ရပေ ။ အတက်ကလေး တစ်ခု ကို တက်လိုက်ရ မှ ချွေး ပြန်၍ လာသည် ။
မည်သို့ပင် ဖြစ်စေ တစ်ည နှင့် ဤမျှ နင်းနိုင် လျှင် လေးငါးရက် ဆက် နင်း လျှင် ကျင်လည်၍ လာနိုင်စရာ ရှိသည် ။ ဤသည် ကို တွေး၍ ပင် အားတက်မိလေသည် ။
ဘောင်ဒရီလမ်း ကို လွန်သော အခါ ကျွဲသိုး က ကျွန်တော့် အား ဆင်းစေ ၍ ကိုယ်တိုင် နင်းပြန်သည် ။ သို့နှင့်ပင် ကျွန်တော် စံမြန်းရာ ကားရုံ သို့ ရောက်လာသည် ။
“ ကဲ … အဲဒါ ငါ့ အိမ်ပဲ ၊ နေ့ လည်း ဒီ ကားပေါ်မှာ တစ်နေကုန် ၊ ည လည်း ဒီ ကားပေါ် မှာ အိပ်တာပဲ ၊ နက်ဖြန်တော့ ဒီ ကား နဲ့ ငါ နဲ့ အိုးစား ကွဲပြီ ”
ကျွန်တော် သည် ကျွဲသိုး အား ပြောရင်းပင် ကျွန်တော် တွယ်ဖက် နေခဲ့ရသော ကားရုံကြီး ကို ကြည့်ရင်း စိတ်အားငယ်လာမိသည် ။
“ ကားရုံ ပိတ်ထားတော့ မင်း ဘယ်လိုလုပ် ဝင်လဲ ”
“ မလွယ်ပေါက် ရှိတယ်ကွ ၊ အတွင်းဘက် ကနေ လှည့် ဝင်ရတာပေါ့ ၊ သူငယ်ချင်း တစ်ယောက် အိမ် မှာတော့ အိပ်လို့ ရတယ် ၊ ဒါပေမဲ့ အလုပ်ချိန် က မမှန်တော့ အားနာရတာပေါ့ ”
“ ကဲ .. သွားမယ်ကွာ ၊ နက်ဖြန် ညနေသာ ဆက်ဆက် လာခဲ့ ၊ နေစရာ မရှိရင်လည်း အဝတ်အစားတွေ ပါ ယူခဲ့ပြီး ငါ့ ဆီမှာ နေပေါ့ကွာ ”
ကျွဲသိုး က ပြောပြောဆိုဆို ပင် ထွက်သွားလေသည် ။ ကျွန်တော် က ကျွဲသိုး အား ကျေးဇူး တင်ရပြန်လေသည် ။
နက်ဖြန် တွင် ကျွန်တော် သည် တစ်ဘဝ ပြောင်းရဦးမည်မှာပါ တကား ။
⎕ အောင်လင်း
📖ပစ်တိုင်းထောင်
No comments:
Post a Comment