Monday, June 23, 2025

တစ်ကြောင်းဆွဲ ကလေးပန်းချီ


 ❝ တစ်ကြောင်းဆွဲ ကလေးပန်းချီ ❞

         ( ညီပုလေး )

    

ဟောဒီ မြို့ကို ကျွန်တော် မပြောင်းချင်ဘဲနဲ့ ပြောင်းလာခဲ့ရတယ် ။ ဘယ်သူကရော အခြေတကျ ဖြစ်နေတဲ့ နေရာကနေ ပြောင်းချင်ပါ့မလဲ ။ ဇာတိမြို့ မှာ တောက်လျှောက် နေလာတဲ့ ကျွန်တော့် လို လူဆိုရင် ပိုဆိုးတော့တာပေါ့ ။


ဒီအရပ် ဒီမြို့ ဟာ ကျွန်တော့်အတွက်တော့ ပစ္စန္တရစ် အရပ်ပါပဲ ။ ရာသီဥတု က ပူစရာ ရှိရင် မညှာမတာ ပူတာလေ ။ ယပ်တဖျပ်ဖျပ် နဲ့ ခတ်ပေရော့ ။ လေ ကလည်း ပူ ၊ ရေတွေလည်း ပူ ၊ သင်ဖြူးတွေ လည်းပူ ။ အဝီစိ နဲ့ အလွန် နီးတဲ့အရပ်လို့တောင် ထင်မိတယ် ။ ခြင် ကလည်း သိပ်ကိုက်တာ ။ စပါးခွံတွေ နဲ့ ဆုပ်ဆုပ်ပြီး ပက်နေသလိုပဲ ။ မိုး ကျတော့ တစ်နှစ်လုံး နေမှ ဆယ့်ငါးရက်ရွာရဲ့လား မသိဘူး ။ အတိုင်နွား မိုးစို လို့ အလှည့်နွား မိုးမစိုဘူး ဆိုတဲ့မိုး မျိုး ။ ဆောင်းကျတော့ကော ။ မနက်မိုးလင်းရင် မျက်နှာ မသစ်ချင်လောက်အောင် အေး တဲ့မြို့ ။ ဖုန် ကတော့ နွေ ၊ မိုး ၊ ဆောင်းတထောင်းထောင်း နဲ့ ။ အိပ်ရာဝင်ခါနီး နှာခေါင်း ထဲ က ဖုန်မှုန့်တွေ သန့်ရှင်း ပစ်ရတာကိုက အလုပ် တစ်ခုပဲ ။


ဒီမြို့ကို ရောက်ပြီးလို့ သုံးလအကြာမှာ ပြောင်းဖို့ စာတင်တယ် ။ ရုံးချုပ် ကို ပြန်ပြောင်း ဖို့ပါ ။ ဒီက အရာရှိ က မတင်ဖို့ပြောသေးတားသေးတယ် ။ ကျွန်တော် ဆက်ပြီး သည်းမခံ နိုင်တော့ဘူး ။


ကျွန်တော်တို့ ရုံး ရဲ့အကျင့် က ဒီလိုမှ ထပ်ပြီး ပြောင်းဖို့ စာတင်ရင် ရုံးချုပ် ဒါမှမဟုတ် ကိုယ် သွားချင်တဲ့ ရုံးကို မပြောင်းရဘူး ။ ဒိထက် ဆိုးတဲ့မြို့ ဒါမှမဟုတ် ပိုပြီး ဝေးလံသီခေါင် တဲ့ အရပ်ကို ရွှေ့ရတတ်တယ် ။ တစ်ခါတလေလည်း ဘယ်မှ မပို့ဘဲ ဒီမြို့မှာတင်ပဲ မရွှေ့ဘဲ ထားလိုက်တာ ။ စိတ်ညစ်လက်စ နဲ့ ညစ်ပေတော့ ။ ကျွန်တော် ကလည်း ဒီမြို့က လွဲ ဘယ် ဒေသ ရောက်ရောက်ဆိုတဲ့ စိတ်ကို ပိုက်ထားပြီးပြီ ။


× × ×  × × ×  × × ×


ကြာလာတော့လည်း လူ ဆိုတာ ကြံဖန်ပြီး အလိုက်အထိုက် အဆင်ပြေအောင် နေရတော့တာပေါ့ ။ ပြောင်းမိန့် မကျမချင်း အဆင်ချောအောင် နေတတ်အောင် ကြိုးစားရတော့တယ် ။


ကျေးဇူးတင်ရမယ့် စာရင်းပြုစုရင် မြင့်အောင်အောင် ဆိုတဲ့ စာရေးလေး ကို နံပါတ် တစ် နေရာမှာ ထားမယ် ။ ကျွန်တော် လို မပြောင်းချင်ဘဲ နဲ့ ပြောင်းလာခဲ့တဲ့ ဝန်ထမ်းတစ်ယောက် ကို ရုံးသူရုံးသားတွေ ကလည်း မကြာခင်မှာ ငွေကုန်ကြေးကျ ခပ်များများခံပြီး ပြန်သွားမှာပါလို့ အရင်လူတွေ လို ထင်ပြီး သိပ်ဟက်ဟက်ပက်ပက် မရှိကြဘူး ။ မြင့်အောင်အောင် တစ်ယောက် ပဲ ကျွန်တော့် ကိုနားလည်မှု ရှိပြီး မိတ်ဆွေ စဖြစ်ရတာ ။ အခုတော့လည်း မိတ်ဆွေ အပေါင်းအသင်း တော်တော် များလာပါပြီ ။


ဒီမြို့ နဲ့ သူစိမ်းတရံ လို ဖြစ်နေတဲ့ ကျွန်တော့် ကို မြင့်အောင်အောင် က သားရေဖိနပ် စီးရင် ‘ ရှုမဝ ’ တံဆိပ် ကို စီးဖို့ပြောထားတယ် ။ ဝယ်ရမယ့် ဆိုင် ကိုပါ မီးပွိုင့်နား အထိ ခေါ် သွားပြီး ပြထားတယ် ။ သူ ကိုယ်တိုင်လည်း အဲဒီတံဆိပ် ၊ အဲဒီ ဖိနပ် ကိုပဲ စီးတယ် ။


ဆံပင် ညှပ်မယ် ဆိုရင် ‘ သက်တံရောင် ’ ဆိုတဲ့ ဆိုင် မှာ ညှပ်ဖို့ ခေါ်သွားဖူးတယ် ။ မြင့်အောင်အောင် ကို အမြဲတမ်း ဆံပင်ညှပ်ပေးနေကျ ဆံသဆရာ ကိုလူမော် နဲ့ လည်း တစ်ခါတည်း မိတ်ဆက်ပေးတယ် ။ ကျွန်တော့်အစ်ကို ပါတဲ့ ။


ဆိုင် ထဲမှာ ရှိတဲ့ ဆံသဆရာ သုံးယောက် ထဲက ခြေသလုံးမှာ အကြောထုံးတွေ အများဆုံး ကိုလူမော် က စကားပြောလည်း ကောင်း ၊ လက်ရာလည်း ကောင်းတယ် ။ စာတွေ လည်း တော်တော်စုံစုံ ဖတ်ထားတယ် ။ ရေဒီယိုတွေလည်း နားထောင်တယ်ထင်ပါရဲ့ ။ အာရှစီးပွားရေးအကျပ်အတည်းရော ၊ တီမောအရေးရော ၊ ၈၉ တင်အန်မင်အရေးရော ၊ နောက်ဆုံး ဖီဂျီပြဿနာ အထိ အစုံ ပြောနိုင်တဲ့လူ ။


တစ်နေ့ကျတော့ မြင့်အောင်အောင် က သူ့ သူငယ်ချင်း ညီညီသစ် နဲ့ မောင်ဝိုင်းချို တို့ပါ ခေါ်လာပြီး ‘ စံပယ်ဖြူ ’ တီးဟောက်စ် မှာ ထိုင်ကြရင်း သူ့သူငယ်ချင်းတွေ နဲ့ မိတ်ဆက်ပေးတယ် ။ သူတို့ ကြည့်ရတာ သက်တူရွယ်တူတွေ ထင်ပါရဲ့ ။ အရွယ်အလုံးအထည် တွေက မတိမ်းမယိမ်းတွေလေ ။ တစ်ခုတည်းဖွား မဟုတ်လို့ ကွာကြရင် ကြီး တစ်နှစ် ငယ် တစ်နှစ် ဆိုတာလေးတွေ ။


လက်ဖက်ရည် ၊ ကော်ဖီ ၊ ပေါက်စီ ၊ ပလာတာ ၊ ထပ်တစ်ရာ ဒီဆိုင် မှာ အကောင်းဆုံး လို့ ပြောပြီး ကိုယ် ကြိုက်ရာ မှာစားကြတယ် ။ ကျွန်တော် က ကော်ဖီ နဲ့ ဝက်သားပေါက်စီ ၊ လူငယ်တွေက ဖန်ဆိမ့်တွေ ရော ပုံမှန်တွေ ရော ၊ အာလူးပလာတာတွေရော ၊ စားကြပါစေ ။ အိမ်ကို လွမ်းတဲ့ စိတ် ၊ ခေတ္တခဏတော့ ပြေပျောက်ပါတယ်လေဆိုပြီး သူတို့နဲ့ သောင်းပြောင်းထွေလာတွေ ပြောဖြစ်ကြတယ် ။ အနား ကို ခဏခဏလာပြီး ရစ်သီရစ်သီ လုပ်တတ်ကြတဲ့ ထီးရောင်းတဲ့ သူတွေ ၊ ဂျာနယ်ရောင်းတဲ့ သူတွေကို တောင်းပန်ရင်း မေတ္တာ ရပ်ရင်းပေါ့ ။


အဲဒီနေ့ က လက်ဖက်ရည်ဖိုးကျသင့်ငွေ ကို ကျွန်တော် ပေးမယ်လို့ပါပဲ ။ ညီညီသစ် က အပေး မခံဘူး ။ သူ က ဇွတ်ပေးသွားတယ် ။


ဆန်ခေါက်ဆွဲ ၊ ဆီချက် ၊ မြီးရှည် စားချင်ရင် ‘ ရနံ့သစ် ’ ဆိုတဲ့ လမ်းနံဘေးဆိုင်လေး တစ်ဆိုင် ကို ပြထားတယ် ။ သူတို့က ဒီဆိုင် ကို ‘ ပစ္စည်းမဲ့ရနံ့သစ် ’ လို့ ခေါ်ကြသတဲ့ ။ ဈေးသက်သာလို့ ၊ သူတို့ ခဏခဏသွားစားကြတယ်တဲ့ ။


သွားတိုက်ဆေး ၊ သွားတိုက်တံ ၊ ဆပ်ပြာ ဝယ်ဖို့လည်း ‘ ချယ်ရီ ’ ဆိုတဲ့ ဆိုင်လေး ကို ပြထားတယ် ။ အသားရေဝင်းဝင်း ကျစ်ဆံမြီးတုတ်တုတ် ၊ မျက်မှန်ထူထူနဲ့ ကလေးမလေး ဆိုင်ထိုင်တတ်တယ် ။ ကိုယ်တိုက်ဆပ်ပြာရော ဆပ်ပြာမှုန့်ပါ ဈေးမှန်သားပဲ ။


နောက်ဆုံး အရေးပေါ် သုံးစရာငွေလိုလို့ ပေါင်ဖို့နှံဖို့ လိုအပ်ရင် သွားရမယ့် နေရာ ‘ ရွှေရင်အေး ’ လို့ ရေးထားပြီး ရေနံချေးထူထူ သုတ်ထားတဲ့ အိမ်ကြီး ကိုပါ ပြထားသေး တယ် ။


မြင့်အောင်အောင် ရော သူ့သူငယ်ချင်းတွေ ဟာ ကျွန်တော့် အတွက် ဧည့်လမ်းညွှန်စာအုပ် တစ်အုပ်ထက် အဖိုးတန်တာပေါ့ ။ အခု ကျွန်တော် ငှားနေတဲ့ အခန်းလေး ကလည်း မြင့်အောင်အောင် အဆက်အသွယ် နဲ့ ရထားတာ ။ ညီညီသစ် ရဲ့ ကြီးတော် တော်စပ်သတဲ့ ။ သူ့ဘကြီး နဲ့ ကြီးတော် တို့ကလည်း ခပ်အေးအေး နေကြသူတွေပါပဲ ။


× × ×  × × ×  × × ×


စက်ဘီး တစ်စီး ဟာ ဟောဒီမြို့ မှာတော့ မရှိမဖြစ်လည်းမဟုတ် ၊ ရှိရင်တော့လည်း အတော် အသုံးဝင်တယ် ။ ဒါပေမယ့် စက်ဘီး မှ ကျွန်တော် မစီးတတ်ဘဲ ။ ဒီတော့ မြင့်အောင်အောင် ရဲ့ ငှက်မြီးရှည် နောက်မြီးက လိုက်တဲ့ အခါလိုက် ၊ မောင်ဝိုင်းချို ရဲ့ မိကျောင်း အမြီး ပေါ် ထိုင်တဲ့အခါ ထိုင်ပေါ့ ။ ညီညီသစ်ကတော့ တောင်တက်ဘီး စီးတဲ့လူ ၊ သူ့ စက်ဘီး မှာ ကယ်ရီယာ တပ်မထားဘူး ။


အစ်ကိုကြီး မနက်ဖြန်မနက် ( ၂ ) နာရီ မှာ ရီးယဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာ ဗျ ၊ ပွဲကောင်း မယ် ။ ကျွန်တော့် အိမ်မှာ အမေအို နဲ့ အဖေ မသန်မစွမ်းကြီး ပြီးတော့ ဇနီးသည် နဲ့ သား တစ်ယောက် သမီး တစ်ယောက်ကျန်ခဲ့တာ ။ ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရုံးမှာ ဆယ့်လေးနှစ်လောက် အတူ တာဝန်ထမ်းဆောင်ခဲ့ကြတာ ။ ဘယ်နှယ် သတိမရ ၊ မလွမ်း ဘဲ ရှိပါ့မလဲ ။


ခံစားနေရတာတွေ နည်းနည်းမှ သက်သာပေါ့ပါးပါစေတော့ဆိုပြီး အိပ်ရေးအပျက် ခံ ဂြိုဟ်တုစလောင်း က တိုက်ရိုက်လွှင့်တဲ့ ဘောပွဲတွေ သွား ကြည့်ပေမယ့်လည်း အလွမ်း ဖြေလို့ မရပါဘူး ။ ကျွန်တော့် သား နဲ့ အဖေတို့ ဘောလုံးဝါသနာ ပါကြတယ် မဟုတ်လား ။


အစ်ကိုကြီး ဝင်းလိုက်ရုံ မှာ ဂျိမ်းစ်ဘွန်းကားသစ် ဝင်တယ် ၊ မင်းသား ကလည်း အသစ် ပီယားစ်ဘရာ့စ်နမ်တဲ့ ၊ ခြောက်နာရီပွဲ လက်မှတ်ယူလိုက်မယ်တဲ့ ။


ငှက်မြီးရှည် နောက်မြီး မှာ ပုဆိုးစ ကို ဟန်ကျပန်ကျ မသိမ်းတတ်ဘဲ စက်ဘီးခွေ ကို

ဖုန်သုတ်သလို တဖျပ်ဖျပ် နဲ့ လိုက်ခဲ့ပေမယ့် ရုပ်ရှင်ရုံ ထဲရောက်တော့ ဇနီးသည် နဲ့ သား သမီးတွေ ကို ပိုသတိရမိသေးတယ် ။ သူတို့ လည်း ကြည့်ချင်ကြရှာမှာပဲလေ ။ သူတို့ ကြည့် နိုင်ကြမှာ မဟုတ်ပါဘူး ။ ‘ ဂျိမ်းစ်ဘွန်း ’ ကလည်း ဒီပြင်နေရာမှာ စွမ်းချင် စွမ်းမယ် ။ ကျွန်တော့် ရင်ထဲမှာ ခံစားနေရတာကို သက်သာအောင် မစွမ်းဘူး ။


မိသားစု နဲ့ ကြာကြာ ခွဲ နေဖူးသူတွေ ကျွန်တော့် ခံစားချက်ကို သိရှိခံစားနိုင်ကြပါလိမ့် မယ် ။ ရုံး မှာ လည်း ရုံးမှာမို့ ၊ အိမ် မှာ လည်း အိမ်မှာမို့ ထမင်းစားရင် ထမင်းစားချိန်မို့ မိသားစုကို သတိရလို့ချည်းနေတာ ။


အခုလို တစ်မြို့စီ ခွဲနေရ ၊ စားအိုးလည်း နှစ်အိုးခွဲ စားရတော့ ရန်ကုန် မှာ ကျန်ခဲ့တဲ့ မိသားစုရော ကျွန်တော် ပါ ဒုက္ခရောက်ကြ ၊ ကသီလင်တ နိုင်ကြနဲ့ ။ လွမ်းစိတ် ထက် တစ်ခါတစ်လေ ဒေါသစိတ် ခံပြင်းစိတ်ပါပါတယ် ။


× × ×  × × ×  × × ×


အခုတော့ ကျွန်တော် ခံစားနေရတာတွေ နည်းနည်းပါးပါးသက်သာသွားအောင် ဖြေလျှော့ပေးလိုက်တာတော့ ‘ မိတ်ဆွေကောင်း ’ ဆိုတဲ့ စာအုပ်အဟောင်းဆိုင်လေးပါပဲ ။ ဒီ ဆိုင်လေး ကို တွေ့လိုက်တော့ ပန်းဆိုးတန်း က စာအုပ်အဟောင်း ရောင်းကြတဲ့ ကိုတင်မြင့် တို့ ကို သတိရမိပြန်ရော ။ ဒီ မိတ်ဆွေ ရောင်းရေးဝယ်တာမှာ အဆင်ပြေရဲ့လား ။


‘ မိတ်ဆွေကောင်း ’ က ခေါင်မိုး က ခပ်နိမ့်နိမ့်လေး ။ အလင်းရောင် ကလည်း ခပ်နည်းနည်း ။ ဆိုင်းဘုတ်ကတော့ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ် လောက်ကတည်းက အသစ်ပြန် ရေးဖို့ ကောင်းနေတဲ့ ဆိုင်းဘုတ် တစ်ခုပါပဲ ။ ကျွန်တော် အရင်က ဒီလမ်း ကို ဖြတ်သွားဖူးသားပဲ ။ အဲဒီတုန်းက စာအုပ်အဟောင်းဆိုင်လေး ကို သတိ မထားမိဘူး ။


တရုတ်ငှက်မြီးရှည် နောက်မြီးပေါ် ထိုင်လိုက်လာရင်း မြင့်အောင်အောင် က စက်ဘီး ရပ်လို့သာ ဆင်းလိုက်ရတာ ၊ ဘာလာလုပ်ရမှန်း ကို မရိပ်မိဘူး ။ မြင့်အောင်အောင် က အစ်ကို အပြင်က စောင့်ရမှာ ပျင်းရင် ဆိုင်ထဲ လိုက်ခဲ့လေတဲ့ ။


ဆိုင် ထဲ ရောက်ခါစမှာ မျက်လုံးအကျင့် ရအောင် ခဏစောင့်ပြီး ကျင့်သားရမှ စင်ပေါ် က စာအုပ်တွေ လျှောက်ကြည့်မိတယ် ။ ဆိုင်မှာ မျက်နှာကြက် လည်း မရှိဘူး ။ ဆိုင် ကို အုပ်မိုးထားတဲ့ ပိတောက်ပင် နှစ်ပင်ရဲ့ အရိပ်ကြောင့် ဆိုင် ထဲမှာ အပူသက်သာနေတာလေ ။ မြင့်အောင်အောင် ကတော့ မဂ္ဂဇင်းအဟောင်းပုံ ကို ဖွနေ မွှေနေတော့တယ် ။


အင်္ဂဝိဇ္ဇာဋီကာ ကျမ်းကြီး ၊ မြန်မာ့လျှို့ဝှက်ဆေးဝါးနှင့် အသုံးဝင်နွယ်မြက်သစ်ပင် ၊ ဦးသိန်းမောင် ရန်ကုန် ပြုစုတဲ့ စာတွေ့ လက်တွေ့ ဓာတ်ပုံပညာ ၊ ခေတ်သစ်တော်လှန်ရေးနှင့် နပိုလီယံ ၊ ဆရာဗန်းမော်တင်အောင် ရေးတဲ့ သဘာဝသိပ္ပံ ၊ မောင်ထွန်းသူ မြန်မာ ပြန်တဲ့ အေဂျေခရိုနင်ရဲ့ သစ္စာရှင် ၊ မလေးလုံ ရဲ့ပွင့် ၊ ကဝိသေနင်္ဂဗျူဟာကျမ်း ၊ ပုဂံစာအုပ်တိုက် က ထုတ်ခဲ့တဲ့ လွတ်လပ်ရေးရပြီးနောက် မြန်မာပြည် ရေးတဲ့ သူ က အင်း တော်တော် ကို ဖတ်ယူရတယ် ။ ဝိဓူရသခင်ချစ်မောင် ၊ ဆရာဒဂုန်တာရာ ရဲ့ ကြာရိပ်ပန်းနု ၊ ရှင်ဥတ္တမကျော် နှင့် ခုံတော်မောင်ကျပန်း ၊ ကျော်အောင် ဘာသာပြန် သတို့သမီး နှင့် အခြားဝတ္ထုတိုများ ။


ကျွန်တော်တို့ ဝင်လာကြတာကို စားပွဲတစ်လုံး နဲ့ ထိုင်နေတဲ့ အမျိုးသမီး တစ်ယောက် က လှမ်းပြီး အကဲခတ်တယ် ။ ခဏပါပဲ ၊ ပြီးတော့ သူ လုပ်လက်စ အလုပ် ကို ဆက်ပြီး လုပ်နေတယ် ။ ဒီ အမျိုးသမီးက ကျွန်တော် နဲ့ သက်တူရွယ်တူ လောက် ရှိမယ်လို့ ထင်တယ် ။


စင်ပေါ် က စာအုပ်တွေ ဆက်ပြီး ကြည့်နေမိတယ် ။ တချို့ စာအုပ်တွေ က မူလ အဖုံး မဟုတ်တော့ဘူး ၊ စာအုပ်အနှောင့်မှာ ကလောင်အပျော့နဲ့ လက်ရေးလှလှ ရေးထားတယ်လေ ။ လက်ရာစုံစွာ အာနန္ဒာ ၊ မင်းဘူး အောင်ကြိုင်တဲ့ ၊ မြန်မာအမေရိကန်ရွှေလမ်းငွေလမ်း ၊ ညိုမြ ၊ ပြီးတော့ ဆရာမကြီးဂျာနယ်ကျော်မမလေး ရဲ့ မြန်မာ့ဆေးပညာ ၊ တင့်တယ် ကမ္မဖလ ၊ ဆရာထင်လင်း ရဲ့ စာအုပ်တွေက တန်းစီလို့ ၊ ဘယ်ဆီဘယ်ဝယ် ၊ စည်းအပြင် ကလူ ၊ ပင်လယ်စင်ရော် ၊ စောင်းကြိုးတင်းသည့်သီချင်းသံ ၊ အဆိပ် ၊ ချစ်သူရင်ခွင်ထက် ၌ အိပ်စက်ခြင်း ၊ ကျော်လှိုင်ဦး ဘာသာပြန်တဲ့ လူနဲ့ လက်နက် ၊ ဇဝန ရဲ့ ကားထဲက မိန်းကလေး ၊ ဒေါက်တာထွန်းရွှေရေးတဲ့ ဒေါက်တာမင်းအောင် ။


အမျိုးသမီး က ကျောင်းဝတ်စုံအင်္ကျီအဖြူ မှာ ကျောင်းတံဆိပ်တစ်ခု ကို တကုပ်ကုပ်နဲ့ တပ်ဆင်နေတာ ။ နဖူးပေါ်ပေါ် နှာတံစင်းစင်း ၊ ဆံပင်ကို နောက်မှာ စုစည်းထားတယ် ၊ သနပ်ခါးတောင် လူးမထားဘူးထင်တာပဲ ။ တကုပ်ကုပ် ချုပ် နေရာက မော့ကြည့်သလား မကြည့်ဘူးလားတော့ မသိ ။


မြင့်အောင်အောင် ကတော့ မဂ္ဂဇင်းပုံ ကို မွှေလို့ ကောင်းနေတုန်း ကျွန်တော် က စာအုပ် စင်တွေ ပေါ်မှာ ရှိတဲ့ စာအုပ်တွေ ကို ဆက်ကြည့်နေတယ် ။ စာအုပ်ဆိုက်တွေ က အတို အရှည် မတူကြသလို ၊ အထူးအပါး ကလည်း အမျိုးမျိုး ။ ဒါပေမဲ့ စာအုပ်စင် ကတော့ တစ်ရွက်တည်း ကရောင်းရှစ်ချိုးဆိုက် စာအုပ်တစ်အုပ် ချောင်ချောင်လေး ထောင်ထား လို့ရတဲ့ စာအုပ်စင်မျိုးပါ ။


တင့်တယ် ရဲ့ ဖြေလျော့ခွေ ၊ ရောမကို အာခံသူ ၊ ချစ်သောကေသီ ဟော တွေ့ပြီ ။


ကျွန်တော် ရုံးချုပ် ကို ပြန်ပြောင်းမိန့် ရောက်လာသလောက်ကို ဝမ်းသာသွားမိတယ် ၊ ကျွန်တော်အနှစ်နှစ်အလလ ရှာနေတဲ့ သခင်မြသန်း ဘာသာပြန်တဲ့ သံမဏိသူရဲကောင်း လေ ။ ရုရှားစာရေးဆရာ နီကိုလေး သြစထရော့ ( ဗ် ) စကီ ရဲ့ ဝတ္ထုစာအုပ် ။ ကျွန်တော် အတော်ကို ပျော်သွားတယ် ။ တော်ပြီ ။ ဒီစာအုပ် တစ်အုပ်တည်းနဲ့ လာရကျိုး နပ်သွားပြီ ။ ဇာတ်လိုက် က ပေဘဲလ်ကော်ချဂင်ကလေး ။ ကျွန်တော် ရန်ကုန် မှာ နည်းနည်း မြည်းစမ်းဖူးတယ် ။ ဒီစာအုပ် ဝယ်မယ် ။ ဟောဒီဆိုင်လေး ကို ရောက်လာခဲ့တဲ့ ညနေခင်းလေး ကို ရွှေရောင်ဝင်းတောက်တဲ့ ညနေခင်းလေးလို့ ထင်မိတယ် ။


မြင့်အောင်အောင် က မဂ္ဂဇင်းအဟောင်း သုံးအုပ်ဖိုး အမျိုးသမီး ကို ပေးလိုက်တယ် ။ လူငယ်လေး လည်း သူ ရှာနေတဲ့ မဂ္ဂဇင်းတွေ ရလို့ ကျေနပ်ပြုံးပျော်နေတဲ့ မျက်နှ၀နဲ့ ။ ကျွန်တော် လည်း ပီတိတွေနဲ့ ပျော်လို့ ။ စာအုပ်ဖိုး ပေးမလို့ စာအုပ် ကိုလည်း စားပွဲပေါ် တင်လိုက်ရော အမျိုးသမီး ရဲ့ မျက်နှာ က တစ်မျိုး ဖြစ်သွားတယ် ။ သွားတွေ စေ့လိုက်သလို မျိုး ။ သွားတွေ တင် စေ့တာတင် မဟုတ်ဘူး ၊ မျက်မှောင် လည်း မသိမသာ ကြုတ်သွား သလိုလို ။ နဂို ကတည်းက ဣန္ဒြေ နဲ့ မျက်နှာ မှာ ငေးရီရီ ဖြစ်သွား သလိုပဲ ။


စာအုပ် ရောင်းတဲ့ ဆိုင်မှာ တင်ရောင်းထားတဲ့ စာအုပ် ရောင်းလို့ စွံတာ ၊ ဒီအမျိုးသမီး က ဘာဖြစ်သွားရတာလဲ ။ ကိုယ်က ပီတိနဲ့ ဆိုတော့ သူ့ကို အားနာတာ လည်း တစ်ကြောင်း ၊ မသာမယာ မျက်နှာမျိုး သိပ်လည်း မကြည့်ချင်တာနဲ့ ပိုက်ဆံ မြန်မြန် ထုတ်ပေးလိုက်တယ် ။ အရေးထဲ အမ်းစရာ ငွေ က အံဆွဲ ထဲ မလောက်တာနဲ့ အိမ် ထဲ ဝင်ပြီး ယူရသေးတယ် ။ ကျွန်တော်တို့ ကို ယုံတယ် ထင်ပါရဲ့ ။ ဆိုင် ထဲမှာ ကျွန်တော်တို့ နှစ်ယောက်တည်း ထားခဲ့ တယ် ။


အိမ် ထဲ ဝင်လို့ တံခါး အလှပ်မှာ ကလေး တစ်ယောက် စာအံနေသံ ကို ကြားလိုက်ရပြီး သင်းသင်းလေးမွှေး နေတဲ့ ငါးပိကြော်နံ့ ပါ လေနဲ့ အတူ ပါလာတယ် ။


အမ်းငွေ နဲ့ အတူ ပြန်လာတဲ့အမျိုးသမီး ခမျာ ကျွန်တော်တို့လည်း ပြန်သွားရော မျက်နှာ မသာမယာနဲ့ ပဲ စားပွဲမှာ ထိုင်နေရစ်ရှာတယ် ။


ငှက်မြီးရှည်အမြီး မှာ မြင့်အောင်အောင် မဂ္ဂဇင်းတွေပေါ် သံမဏိသူရဲကောင်း တင်ပြီး လှန်လှော ကြည့်မိတယ် ။ ပန်းချီဝသုန် ရဲ့ လက်ရာ က အားမာန်ပါလှချေလား ။ ဒီပန်းချီဆရာ အခုနေ ဒီအဖုံး ကို နောက်တစ်ကြိမ် ထပ်အရေးခိုင်းရင် ဒီလောက် ပြောင်မြောက်တဲ့ ပုံ ကိုကော ရေးနိုင်ပါဦးမလားလို့ ထင်လောက်တဲ့လက်ရာ ။ တတိယနှိပ်ခြင်း အုပ် ( ၂၅ဝဝ ) ၊ ၁ အောက်တိုဘာ ၁၉၇၆ တဲ့ ။


စက်မှု ကို ၊ မြို့သစ် ကို ၊ သိုးခြံ ၊ အောင်ပင်လယ် ၊ စပယ်ယာတွေရဲ့ ခရီးသည်ခေါ်သံတွေ ၊ ဝင်ငွေများများ ရဖို့ စက်ကုန်ဖွင့် ပြေးလွှားနေတဲ့ ကားတွေကြားမှာ ငှက်မြီးရှည်စက်ဘီး လေး က မြွေလိပ်မြွေကောက် တရွေ့ရွေ့ နဲ့ သွားနေတယ် ။ ကျွန်တော် ကတော့ ဘာသာ ပြန်သူ ၏ အမှာ ကို စပြီးဖတ်နေမိပြီ ။ မပြောကောင်း ပြောကောင်း အခုအချိန် မှာ တစ်ခုခု သာ ဖြစ်ခဲ့ရင်  ‘ သံမဏိသူရဲကောင်း ’ လို့ ပါးစပ် က ယောင်မိလေမလား ။ 


× × ×  × × ×  × × ×


စာမျက်နှာ ၃၉၀ ကျော် ရှိတဲ့ ဒီစာအုပ် ကို တဖြည်းဖြည်းချင်း အရသာခံ ဖတ်နေမိတယ် ။ ဒီလိုဖတ်တဲ့ အချိန် တချို့ မှာတော့ သားမေ့ ဇနီးမေ့ ပေါ့ ။ ပေဘဲလ်ကော့ချဂင် ကြောင့် တစ်ပတ်တစ်ခါ ရန်ကုန် အိမ်ကို စာရေးလေ့ ရှိတဲ့ ကျွန်တော်လည်း ရက်တွေဘာ တွေ ကျော်ကုန်တယ်လေ ။ သံမဏိသူရဲကောင်းစာအုပ် နဲ့ စာဖတ်ဖော် ညီညီသစ်တို့ မောင်ဝိုင်းချိုတို့ အကြောင်းလည်း ပါလိုက်သေးတယ် ။ ကောင်းလိုက်တဲ့ စာအုပ် ။ ကျွန်တော် ဖတ်ရင်း မောင်ဝိုင်းချို တို့ ညီညီသစ်တို့ ကိုလည်း နှုတ်ကနေ ဒီစာအုပ် နဲ့ မိတ်ဆက်ပေး ထားနှင့်တယ် ။ သူတို့ လည်း စိတ်ဝင်စား နေကြတယ် ။ ကျွန်တော့် ကို ဒီ စာအုပ် ဇိမ်ဆွဲ ဖတ်နေတယ်လို့တောင် ထင်ပြီး သိပ်အမြင် မကြည်ချင်ကြဘူး ။


သူတို့ လက်ထဲ စာအုပ် ထည့်လိုက်တော့မှ သူတို့ လည်း တဖြည်းဖြည်းချင်း အရသာ ခံဖတ်တော့တာကိုး ။ မြင့်အောင်အောင် က ကျွန်တော် မိတ်ဆက်ပေးလို့ ဒီစာအုပ် ဖတ်ရတာ ဆိုပြီး ကျေးဇူးတင်လို့ ။ တကယ်တော့ ကျွန်တော့် က သူ့ ကို ကျေးဇူးတင်ရမှာလေ ။ သူ ခေါ်သွားလို့ ကျွန်တော် ‘ မိတ်ဆွေကောင်း

’ ဆိုတဲ့ ဆိုင်လေး ကို ရောက်ခဲ့ရတာ မဟုတ်လား ။


× × ×  × × ×  × × ×


ရက်နှစ်ပတ် အကြာ မှာ စာအုပ်အဟောင်းဆိုင် ကို ဒုတိယအခေါက်တော့ မောင်ဝိုင်းချို နဲ့ ရောက်သွားတယ် ။ ဒီတစ်ခါတော့ မိကျောင်းမြီးပေါ် ထိုင်လိုက်ရတာပေါ့ ။ အရောင်း စားပွဲမှာ ထိုင်နေတာတော့ အရင် အမျိုးသမီး မဟုတ်ဘူး ။ အဒေါ်ရွယ် ၊ အမေအရွယ် တစ်ယောက်ပဲ ။ မောင်ဝိုင်းချို ရဲ့ စက်ဘီးဒေါက် ထောက်သံ ကြားကတည်းက ဒီ အမျိုးသမီးကြီး က လှမ်းကြည့်နေတာပါ ။


မောင်ဝိုင်းချို က အချင်းချင်း ပိုက်ဆံ ထည့်ပြီး စုထားတဲ့ စုကြေးမဲပေါက်ထားတာမို့ သူ့အတွက်လည်း စာအုပ်ဝယ်ပေးဖို့ လမ်းမှာ ပြောလာတယ် ။


စာအုပ်တွေ တဖြည်းဖြည်း လျှောက်ကြည့်ရင်း အဒေါ်ကြီး နား နီးလာတော့ ပထမဆုံး အခေါက်က အမျိုးသမီး နဲ့ သွေးသားတော်စပ်တယ် ထင်ပါရဲ့ ။ ဘယ်နေရာမှာ ဘာက ဘယ်လို တူတယ်လို့တော့ မပြောတတ်ဘူး ၊ ကျွန်တော် ကပဲ စိတ်ထဲက ထင်နေတာလား မသိ ။


တက်တိုး ရဲ့ တစ်နှစ်သားနဲ့ ရွှေစင်နှင်းဆီ က ကပ်လျက် ၊ ပြီးတော့ မောင်နေဝင်း ရဲ့ လွတ်မြောက်သူတို့နယ်မြေ ၊ မုန်တိုင်းနီနီ မိုးနီနီ ၊ လူငယ်စစ်သည် ၊ တရုတ်ပြည်သူ သိန်းသန်းကုဋေ ၊ စစ်ကိုင်းဦးဘိုးသင်း ရေးတဲ့ ကျွန်ယုတ်မ ၊ မိဖြူ ၊ ပါရဂူ သီဟသေနာပတိ ၊ ပန်းပုဆရာ ၊ စိတြလေခါ ၊ နှစ်ဆယ့်နှစ်ရာစု ၊ ညီတော်မင်းနန် ၊ သိဒ္ဓတ္ထ ၊ ရွှေစကြာ ရဲ့ စောဥမ္မာ ၊ တက္ကသိုလ်စိန်တင် ရဲ့ ဧကရီစုဖုရား ။


စာအုပ်စင် ပေါ်ကနေ လင်းယုန်မောင်မောင် ရေးတဲ့ ချေဂွေဗားရား စာအုပ် ကို အရင် ရွေးလိုက်ပြီး မောင်ဝိုင်းချိုလက်ထဲ ထည့်လိုက်တယ် ။ သူ့ ကို အရင် မြည်းစေတဲ့ သဘောပါ ။ ကျွန်တော်ကတော့ ဒီစာအုပ် ဖတ်ပြီးသား သူ မကြိုက်လို့ မလိုချင်ရင်လည်း ကျွန်တော် ယူလိုက်မယ်လေ ။ ဘယ်အချိန်ပဲ ဖတ်ဖတ် ၊ ဒီစာအုပ် ဖတ်ရတာ ခွန်အားတွေ ပြည့်လာသလိုပဲ ။


စာအုပ် က တော်တော်ဟောင်းနေပြီ ။ မူလမျက်နှာဖုံး မရှိတော့ဘူး ။ ကာယကံရှင် က ဂျပ်ထူ နဲ့ အဝတ်စအနှောင့် နဲ့ ကျကျနန ပြန်ချုပ်ထားတယ် ။ နောက်ဆုံး နှစ်မျက်နှာ က မိတ္တူ နဲ့ ကူးပြီး ထည့်ချုပ်ထားတာ ။ ကျွန်တော် က စာမျက်နှာ စုံရဲ့လား အသေအချာ ကြည့်ပြီးသား ။


နောက် တစ်အုပ် လိုက်ရှာမိတယ် ။


ဒဂုန်ခင်ခင်လေး ရဲ့ ကမ္ဘာရန်သူ ၊ ရွှေစွန်ညို နှင့် သားရွှေစွန်ညို ၊ ဥဒါန်းစာပေတိုက် က

ထုတ်တဲ့ ကမ္ဘာ့ခရီးသည် ။ ရွှေဗဟိုနှင့် အခြားဝတ္ထုများ ၊ တင့်တယ် ရဲ့ ဖဲမွေ့ရာပေါ်ဝယ် ၊ နတ်နွယ် - သုံးနှစ်သုံးမိုး ၊ မောင်မဲ ရဲ့ မိုင်းဆတ် ရွှေတြိဂံနယ်မြေတစ်ခေါက် ၊ နန္ဒသူ ရဲ့ နှင်းပွင့်တိုင်းပြည် ၊ သဲကြီးမဲကြီး ဆိုပါလား ၊ ဘယ်သူ့ လက်ရာပါလိမ့် မောင်မိုးသူ ၊ အထွတ်အထိပ် တဲ့ ၊ ကျားကုတ်ကျားခဲ လည်း မောင်မိုးသူ က ဘာသာပြန်တာ ။ ပီမိုးနင်း ဘဝနှင့် စာပေ ။


ကျော်အောင် ဘာသာပြန်တဲ့ နှလုံးလှဆရာဝန် စာအုပ် ကို ရွေးလိုက်တယ် ။ အဖုံးက ဆေးရောင် ကို တော်တော်ပြယ်နေပြီ ။ ပန်းချီဆရာ ဦးသောင်းဟန် ရဲ့ မျက်နှာဖုံးနဲ့ ။ ပထမ နှိပ်ခြင်း ၁၉၆၅ ခုနှစ် စက်တင်ဘာ အုပ်ရေ ၂၀၀၀ တဲ့ ။ အတွင်းပန်းချီ ဆရာမောင်ငွေထွန်း လက်ရာနဲ့ ။


ဒီတစ်ခါတော့ ကျွန်တော် ကပဲ ၂ အုပ်ဖိုး ပေါင်းပြီး ရှင်းမယ်လို့ ။ စာအုပ် နှစ်အုပ် အဒေါ်ကြီး လက်ထဲ ထည့်လိုက်တော့ အဒေါ်ကြီး က ကျွန်တော်တို့နှစ်ယောက် ကို ကြင်နာတဲ့ မျက်လုံး နဲ့ တစ်ချက် ကြည့်လိုက်တယ် ။ ပြီးတော့ စာအုပ်ရဲ့တစ်နေရာ မှာ ဈေးရေးထား တယ် ထင်ပါရဲ့ ။ ရောင်းသူသတ်သတ်မှတ်မှတ် မရှိတဲ့ ဆိုင်တွေ မှာ မှတ်ထားတဲ့ အမှတ်သားမျိုး လည်း ဖြစ်ချင်ဖြစ်မယ် ။ မျက်မှောင်ကြုတ်ပြီး အလင်းရောင် ရှိတဲ့ ဘက် အားပြုပြီး စာအုပ်ဈေးတွေ ကို ကြည့်ပြီး မှ စာအုပ်ဈေး ကို ပြောတယ် ။


မွှေးကြိုင်နေတဲ့ ငါးပိကြော်နံ့က ဒီနေ့လည်း ပဲ ရတာပါပဲလား ။ ဒီ အနံ့ကြောင့် ထမင်း တောင် ဆာလာတယ် ။ ဟိုတစ်နေ့က အမျိုးသမီး နဲ့ ဒီနေ့ အဒေါ်ကြီး နဲ့ ဘယ်လို တော် စပ်ကြတယ်တော့ မသိဘူး ။ စာအုပ်ရောင်းလို့ စွံတာကို ငေးငေးဆဆ မျက်လုံးတွေ နဲ့ ကျန်နေရစ်ခဲ့ကြတာတော့ အတူတူပဲ ။


စာအုပ်တန်ဖိုး ရေးထားမယ်ထင်တဲ့ နေရာ ကို လိုက်ရှာတော့ စာအုပ်တန်ဖိုး ကို မတွေ့ ဘဲ စာအုပ် တစ်နေရာ မှာ ပိုင်ရှင် ရဲ့လက်မှတ်ထိုးကလေး သွားတွေ့ မိတယ် ။ စာအုပ်မြတ် နိုးသူတွေ လုပ်လေ့လုပ်ထ ရှိတဲ့ အလေ့ပါ ။ လက်မှတ် က လက်မ တစ်ခု ရဲ့ လက်သည်း ခွံလောက် ခပ်သေးသေး ဝစ္စပေါက် နှစ်လုံးပဲ ဖတ်လို့ရတယ် ။ ကျန်တာကတော့ စဉ်းစားလို့ ဖော်လို့ မရဘူး ။


မောင်ဝိုင်းချို အတွက် ဝယ်လာခဲ့တဲ့ စာအုပ်မှာလည်း ဒီလက်မှတ်ထိုးလေး ကို တွေ့နေ ရတယ် ။ အိမ် ရောက်တော့ ပထမ ဝယ်တဲ့ စာအုပ် မှာကော ဒီလက်မှတ်ထိုးလေးပါ မလား ရှာကြည့်မိတယ် ။ သပ်သပ်ရပ်ရပ် ရေးထိုးထားတဲ့ လက်မှတ်ပိုင်ရှင် ဟာ ကျွန်တော် ဖတ်ချင်တဲ့ စာအုပ်တွေ စုဆောင်းပေးနေ သလို ဖြစ်နေပြီ ။


× × ×  × × ×  × × ×


ရုံး မှာ ရောက်ခါစ ထက် နေသားတကျ ဖြစ်လာနေပါပြီ ။ သူတို့ ထင်သလို ကျွန်တော် ဟာ အလည် လာရုံလောက်ညနေမယ့် ဝန်တမ်း တစ်ယောက် မဟုတ်မှန်း လုပ်ဖော်ကိုင်ဖက် တွေ သိသွားကြပြီလေ ။ သူတို့ နဲ့ ဘဝတူ ဖြစ်တဲ့ အပြင် သားဝေး မယားဝေး နဲ့ စားအိုး နှစ်အိုးခွဲ နေရတာမို့ သူတို့ စာနာမိကြဟန် တူပါရဲ့ ။ အရင်ကထက် ပိုပြီး နွေးနွေးထွေးထွေး ရှိလာကြတယ် ။


ရုံး က လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ‘ မိတ်ဆွေကောင်း

’ ဆိုင် နဲ့ မိတ်ဆက်ပေး ၊ အဲဒီဆိုင် က ဝယ်လာတဲ့ စာအုပ်တွေလည်း ငှားတာပေါ့ ။


ကျွန်တော့် စာအုပ် ကို ငှားဖတ်ကြတဲ့ လူတွေ ကို အမြဲ မှာတတ်တာတွေကတော့ စာရွက်တွေ ခေါက်ပြီး ဖတ်ရတဲ့ နေရာ မမှတ်ဖို့ ၊ ရိုရိုသေသေ ကိုင်တွယ်ဖို့ ၊ စာအုပ် ထဲမှာ မျဉ်းမတားဖို့ပါပဲ ။ တချို့ စာအုပ်တွေ က အတော် ရှားနေပြီ မဟုတ်လား ။


ရုံးချုပ် မှာ ပြောင်းမိန့်တွေ ထွက်နေပြီလို့ သတင်းကြားတာနဲ့ အိမ် ကို စာတစ်စောင် အမြန် ကောက်ရေးပြီး အစုံစမ်းခိုင်းရသေးတယ် ။ ဇနီးသည် ရဲ့ ပြန်စာ ထဲမှာတော့ ပြောင်းမိန့်ထွက်တဲ့ လူတွေ ရဲ့ နာမည် ထဲမှာ ကျွန်တော့် နာမည် နဲ့ တူတာ ဆိုလို့ သဝေထိုး တစ်လုံး တောင်မှ မပါဘူးတဲ့ ။


× × ×  × × ×  × × ×


ကျွန်တော် နဲ့ ညီညီသစ် တို့ ခြေကျင် လျှောက်လာခဲ့ကြတယ် ။ ညီညီသစ် ရဲ့ စက်ဘီး ကယ်ရီယာ မပါတဲ့ တောင်တက်စက်ဘီး တစ်စင်း ဖြစ်နေလို့ပဲ ။ ရုံး မှာ အထိုင်များတဲ့ လူအနေ နဲ့ ဒီလိုလည်း လမ်းလျှောက် ပေးဖို့ လိုတယ်မဟုတ်လား ။


စိမ်းစိုအုပ်ဆိုင်း နေတဲ့ ပိတောက်အရိပ် ထဲ ဝင်လိုက်ကတည်းက ကလေးငယ် တစ် ယောက်ရဲ့ စာအံသံ ကြားနေရတယ် ။


ထ ထမင်းပွဲ လက်ဆုံနွှဲ


ဒ  ဒရယ်ယုန် သားမျိုးစုံ 


ဓ  ဓနိတန်း ပင်လယ်ကမ်း


န   နဂါးမောင် အမောက်ထောင်


စားပွဲ မှာ အဒေါ်ကြီး ထိုင်နေမလား ၊ အမျိုးသမီး ပဲ ထိုင်နေလေမလားလို့ တွေးလာ မိတာ ။ စာအံ နေတဲ့ ကလေး နဲ့ စာရေး နေတဲ့ ကလေး နှစ်ယောက် ကို လှမ်းတွေ့ ရတယ် ။ ကြည့်ရတာ ကလေးတွေ စာကျက်ရင်း နဲ့ ဆိုင်ထိုင်နေကြတယ်ထင်ပါရဲ့ ။ မောင်လေး က သူငယ်တန်း ၊ မမ က ရှိလှ နှစ်တန်း သုံးတန်းပေါ့ ။ ကလေး နှစ်ယောက် ကျောင်းက အပြန် မှာ ရေချိုး သနပ်ခါးလိမ်းပြီး သန့်သန့်ပြန့်ပြန့်လေးတွေ ဝတ်စားကြလို့ ။ တခြားကလေး တွေ ကျူရှင် တက်နေကြတဲ့ အချိန်လေ ။


မောင်ပေါ်ထွန်း ရဲ့ ချစ်မိလေသောကြောင့် ၊ အထောက်တော်လှအောင် ရဲ့ ထန်းသီး ကြွေခိုက် ကျီးနင်းခိုက် ၊ သူရိယကန္တိ ရဲ့ ဝတ္ထုရေးလိုသော် ၊ ပါမောက္ခ ဦးမောင်မောင်ကြီး မြန်မာစကားပြေသမိုင်း ၊ မြန်မာဂုဏ်ကျော်မြင့် စာပေရိပ်မွန် ၊ တက္ကသိုလ်ဝင်းမွန် ရဲ့ ခေတ်သစ်ကဗျာ မိတ်ဖွဲ့ စာအုပ် နဲ့ ကပ်လျက်မှာ တော်တော်ကို နွမ်းဟောင်းနေတဲ့ စာအုပ် တစ်အုပ် ။


ကျွန်တော် က စာအုပ် ကို စာမျက်နှာ စုံစေ့ရဲ့လား စစ်ရင်းနဲ့ လက်မှတ် ထိုးထားတာ လေးများ တွေ့လေမလား ရှာမိတယ် ။ စာကျက် နေတဲ့ သားလေးက ကျွန်တော့် သား အရွယ်လောက်ပဲ ။ သမီးကတော့ စာရွက် တစ်ရွက် မှာ ပန်းချီဆွဲ နေတာလေ ။ အမျိုးသမီး တစ်ယောက် ရဲ့ ပုံကို ရေးနေတယ် ။ ခေါင်းကကြီးကြီး ကိုယ်ကသေး ခန္ဓာကိုယ် အောက်ပိုင်း ကျ ခပ်ဝဝ နဲ့ ။ ဝင်းဇော် ရဲ့ အလံမလှဲစတမ်း ဆိုတဲ့ စာအုပ် ကို စင်ပေါ် ခဏ ပြန်တင်ထား လိုက်တယ် ။ ဒီပြင် ဝယ်စရာ မတွေ့ မှ ဒီစာအုပ် ဝယ်မယ်လို့ ။


လှေသင်းအတွင်းဝန်မင်း ဦးရွှေမောင် ၊ ရွှေဘိုမိမိကြီး စာပေဗိမာန် ၊ ဉာဏ်လင်းစာပေ က ထုတ်တဲ့ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကိုဖြတ်မည် စတုတ္ထနှိပ်ခြင်း ၊ အောင်မြင် ပြန်ဆိုတဲ့ ဒီမိုးဒီမြေ ၊ ရှုမဝတိုက် က ထုတ်ဝေတဲ့ စာအုပ် ။ မောင်နေဝင်း မဲခေါင်ရေဆန် ၊ မင်းကျော် ရဲ့ ရွှေညာမှာညိုတဲ့မိုး ၊ မျက်နှာပေါ်က အရိပ်များ ၊ ပုဂံသား ၊ ထီးလှိုင်ရှင် ၊ မေတ္တာဘွဲ့ ။


အမျိုးသမီး ရဲ့ ခေါင်းမှာ သမီးက ပန်းတစ်ပွင့် ပန်ပေးလိုက်တယ် ။ ဟော ဟော သမီး က အမျိုးသမီး ရဲ့ နံဘေးမှာ အမျိုးသားတစ်ယောက်ပုံ ကို ရေးနေပြီ ။ အမျိုးသား က ခေါင်းကကြီးကြီး ကိုယ်လုံး ကလည်း တုတ်တုတ်ခိုင်ခိုင် ၊ အမျိုးသမီး နဲ့ လက်ချင်း တွဲပြီး လမ်းလျှောက်နေတဲ့ ပုံ ။ ဟော နံဘေး မှာ မြက်ခင်း ပေါ်မှာ ပန်းပွင့်လေးတွေ ရေးလိုက်ပြန်ပြီ ပန်းဥယျာဉ် တစ်ခုမှာ လမ်းတွဲလျှောက်နေကြတဲ့ ပုံကို ရေးချင်တာ ထင်ပါရဲ့ ။ အမျိုးသမီး ရဲ့ ခေါင်းမှာ ပန်ထားတဲ့ပန်း နဲ့  မြက်ခင်းပေါ်မှာ ပွင့်နေတဲ့ ပန်းတွေက တစ်မျိုးတစ်စား တည်းတွေ ။


ကျွန်တော် ဝယ်ရမယ့် စာအုပ်တစ်အုပ် ကို တွေ့ပြီ ။ အရှေ့ဥရောပ ချက်ကိုစလိုဗက် နိုင်ငံသား တစ်ယောက် ယူးလီယုစ်လို့ နာမည်ရတဲ့ ပုဂ္ဂိုလ် ရဲ့ မှတ်တမ်း စာအုပ် ။ မျက်နှာဖုံးမှာ ဒီပုဂ္ဂိုလ် ရဲ့ ပုံကို ပန်းချီဆရာ ဦးသောင်းဟန်က အားမာန်အပြည့် နဲ့ ရေးထားတယ် ။ 


ဒီစာအုပ် ကလည်း အတော်ကို ဟောင်းနေတာကိုး ၊ စာအုပ်စင် ပေါ်မှာ ကျကျနန သိမ်းထားခံရတဲ့ စာအုပ်မျိုး မဟုတ်ဘဲ ။ လူတွေ အဆင့်ဆင့် လက်ဆင့်ကမ်း ဖတ်ခဲ့ပြီးသား ထင်ပါရဲ့ ။ စာအုပ် မှာ အဖတ်နာ ထားတဲ့ လက္ခဏာတွေ တွေ့ နေရတယ် ။ ဒီ စာအုပ် ကလည်း ကျွန်တော် မသိတဲ့ မိတ်ဆွေကြီး ရဲ့ စာအုပ် ဆိုတာ သူ ရဲ့ သေသပ်တဲ့ လက်မှတ်လေး က ပြောနေတယ်လေ ။ သမီးလေး ပန်းချီကား ထဲမှာ ကလေးလေး နှစ်ယောက်ပုံ ရေးနေတယ် ။ တစ်ယောက် က ဂါဝန်ဝတ်ကလေး နဲ့  ။


ကျွန်တော်တို့ သမီးလေး ပန်းချီကား ရေးပြီးသည် အထိ စောင့်ပြီး မှ စာအုပ်ဖိုးတွေ ပေးချေလိုက်တယ် ။ သမီး က စာအုပ်ဖိုး လှမ်းယူပြီး ပြန်အမ်းငွေ တိတိကျကျ ပြန်အမ်း လိုက်တာများ ပီဘိဈေးသည်ကြီးပဲ ။


သားလေး က သူ့ အစ်မ ပိုက်ဆံ ယူတာ အမ်းတာ ကို ဂရုစိုက် ကြည့်နေတယ် ။ ကျွန်တော် ကိုလည်း ကြည့်နေလိုက်တာ အကြာကြီး ။


“ သမီး ဒီ လက်မှတ်ထိုး ကို ဖတ်တတ်သလား ”


သမီးလေး ရဲ့ မျက်လုံးမှာ အရောင် ဝင်းလက်သွားတယ် ။ သူ အထပ်ထပ် ကျက်မှတ် ထားတဲ့ စာတစ်ပုဒ် ကို လူပုံအလယ် မှာ ဂုဏ်ယူစဖွယ် အမေး ခံရသလို မျက်နှာ နဲ့ ခပ်သွက်သွက် ပြန်ဖြေတယ် ။


“ ဖတ်တတ်တာပေါ့ ဦးရဲ့ ”


ကျွန်တော့်ကို ရင်းနှီးဖူးတဲ့ လူတစ်ယောက်လေလားလို့ ကြည့်နေတယ် ။ သူ့ မောင် လေးလည်း စာအုပ် ပေါ်က လက်မှတ်ထိုး ကို လာစူးစမ်းတယ် ။


အိမ်ထဲ က ငါးပိကြော်ဖို့ ပြင်ဆင် နေကြတာလား ညစာအတွက် ပြင်ဆင်နေကြ သလားတော့ မသိဘူး ၊ အသားတစ်မျိုးမျိုးကို ကြော်နေပုံရတယ် ။ သင်းပျံ့တဲ့ ဟင်းနံ့ပါ ပဲ ။ မသိုးအောင် ၊ ရေရှည်ခံအောင် ကြာကြာ ကြော်နေတဲ့ပုံပဲ ။


“ ဦးကို ဖတ်ပြပါဦး ”


“ ... .... .... ”


သမီး ဖတ်ပြတော့လည်း အဟုတ်သား ၊ ကျွန်တော်တို့ ဘယ်လိုမှ ဖော်လို့ မရတဲ့ ပဟေဠိ တစ်ပုဒ်ကတော့ ပါးအိုးဖောင်းဖောင်း နဲ့ ချစ်စရာကောင်းတဲ့ သမီးလေး ကြောင့် အဆင်ပြေသွားပြီ ။


× × ×  × × ×  × × ×


‘ မိတ်ဆွေကောင်း ’ စာအုပ်ဆိုင် က ဝယ်ထားတဲ့ စာအုပ်တွေကို အနားမှာ စုထားလိုက်တယ် ။ ဒီစာအုပ်တွေ ဟာ အခု ကျွန်တော်ပိုင် ဖြစ်နေပြီ ။ ကျွန်တော် လည်း စာအုပ်တွေ အပေါ်မှာ လက်မှတ်ထိုးချင်တယ် ။ ဘယ်နေရာမှာ ထိုးရင် ကောင်းမလဲ ။


လက်မှတ်ရေးထိုး လို့ ကောင်းမယ့် စာမျက်နှာ တစ်ရွက် ပြီး တစ်ရွက် ရှာကြည့်တယ် ။ ကျွန်တော် မသိတဲ့ မိတ်ဆွေ ရေးထိုးလေ့ ရှိတဲ့ အတွင်း ရေစာစာရွက် နေရာက အကောင်းဆုံးပဲဟုတ်လား ။


ဘယ်လိုမှ နေရာ ရှာမတွေ့ တော့ မသိတဲ့ မိတ်ဆွေ ရဲ့ လက်မှတ်ထိုး အောက်နား မှာပဲ ကျွန်တော့် လက်မှတ်တွေ ကို ထိုးလိုက်တယ် ။  ။


 ⎕ ညီပုလေး

📖မဟေသီ မဂ္ဂဇင်း 

    ၂၀၀၀ ပြည့် ၊ သြဂုတ်

No comments:

Post a Comment