❝ ထိုထို အလင်္ကာ ❞
( နတ်ရဲ - ရူပဗေဒ )
၁ ။
နံနက် မိုးသောက် ရဲ့ လေပြည်ညင်း နဲ့ အတူ သတင်း တစ်ခု က အနံ့ပြင်းပြင်း နဲ့ ပျံ့လွင့်နေတယ် ။ “ မယ်မြိုင် တစ်ယောက် ရွာ က ပျောက်သွားပြီ ” ဆိုတဲ့ သတင်း ကို ကြားရသူ မှန်သမျှ အံ့သြ သွားကြတယ် ။ စိုးရိမ်တုန်လှုပ် သွားကြတယ် ။ မယ်မြိုင် ရဲ့ သတင်းကြောင့် ဖားချောင်း တစ်ရွာလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြတာ အမှန်ပဲ ။
“ ရွာထိပ် က ဇရပ် မှာ လည်း မတွေ့ဘူး ။ ဘုန်းကြီးကျောင်း မှာ လည်း ထမင်း လာ မစားဘူးတဲ့ ”
“ ဒုက္ခပါ ပဲဟယ် ၊ ဘယ်ကိုများ ထွက်သွားတာပါလိမ့် ”
မယ်မြိုင် အတွက် ကရုဏာသံတွေ ကလည်း နေရာ အနှံ့ ပြန့်ကျဲနေ တယ် ။ တစ်ရွာလုံး မှာ မယ်မြိုင် ကို မုန်းတဲ့သူ ရယ် လို့ တစ်ယောက် မှ မရှိဘူး ။ မယ်မြိုင် က အရူး သာ ဆိုတယ် ၊ တစ်ရွာလုံး ကို ဒုက္ခ ပေးနေတာမှ မဟုတ်တာလေ ။ သူ့ ဟာ သူ ရွာထိပ် က ဇရပ် မှာ နေ ၊ ဇရပ် မှာ အိပ် ။ ပြီးတော့ ဗိုက် ဆာရင် ဘုန်းကြီးကျောင်း မှာ သွား စားတယ် ။ ရွာ က လူ တွေ လည်း မယ်မြိုင့် ကို ကရုဏာ သက်ပြီး ပေးကမ်းစွန့်ကြဲ ကြတာပါပဲ ။
အခုတော့ မယ်မြိုင် ပျောက်သွားပြီတဲ့ ။ ဒီ ဇာတ်ထုပ် က ရွာလူကြီး ဦးထော် ရဲ့ခေါင်း ပေါ်ကို အလိုလို ရောက်လာတယ် ။ မယ်မြိုင် က အရူး ဆိုပေမဲ့ ဖားချောင်းရွာသူ ပဲ လေ ။ ကိုယ့် ရွာသူ တစ်ယောက်လုံး ပျောက်သွားတာ ကို ဘယ့်နှယ် စိတ်အေးလက်အေး နေနိုင်ပါ့မလဲ ။ ဒီတော့ ဦးထော် လည်း မယ်မြိုင် ကြောင့် ခေါင်းခဲရပြီ ။
မကြာပါဘူး ။ မယ်မြိုင့် ကိစ္စ နဲ့ ပတ်သက်လို့ ရွာသားတွေ တစ်ယောက် ပြီး တစ်ယောက် ရွာလူကြီး ဦးထော် ရဲ့အိမ်ရှေ့ ကို တဖွဲဖွဲ ရောက်လာကြတော့တယ် ။ ရွာသား တွေ စုံပြီ ဆိုတာနဲ့ ဦးထော် က ကွပ်ပျစ် ပေါ် ကနေပြီး ရွာသား တွေ အားလုံး ကြားရအောင် အော် ပြောတော့တာပဲ ။
“ ကဲ အားလုံး သိကြတဲ့ အတိုင်းပဲ ၊ အခု မယ်မြိုင် ပျောက်သွားပြီ ။ မယ်မြိုင် က လူကောင်း မဟုတ်လေတော့ ပိုပြီး စိုးရိမ်ရတယ် ။ ဒါကြောင့် မယ်မြိုင် ကို အမြန်ဆုံး တွေ့အောင် လိုက်ရှာကြမယ် ။ အားလုံး သဘောပေါက်ကြရဲ့လား ”
“ ဟုတ်ကဲ့ပါ ဦးကြီးထော် ”
အားလုံးက အားတက်သရော ဝိုင်း အော်ကြတော့ ဦးထော် ကျေနပ်သွားတယ် ။
တစ်ရွာလုံး တက်ညီလက်ညီ ဖြစ်နေတာ က အားတက်စရာ မဟုတ်ပါလား ။ ဒါကြောင့် အချိန် မလင့်ခင် ရွာသားတွေ နဲ့ အတူ မယ်မြိုင် ကို လိုက်ရှာကြတော့တယ် ။
ဒီလိုနဲ့ မနက် ကတည်း က မယ်မြိုင် ရှာပုံတော် ဖွင့် လာလိုက်တာ ညနေစောင်း တဲ့ အထိ သတင်း မထူးဘူး ။ ဖားချောင်း နဲ့ အနီးတစ်ဝိုက် က ရွာတွေ မှာ လည်း ရှာတာ နှံ့နေပြီ ။ မယ်မြိုင် ရဲ့ အရိပ်ယောင် ကို တောင် မတွေ့ရဘူး ။ နတ် ဝှက်တာများလား ဆိုပြီး နတ်ကနား ပေးကြည့်တယ် ။ ဒါလည်း မထူးပါဘူး ။ မယ်မြိုင် က ဘယ်အရပ်ဒေသ ကို များ ကြွမြန်းတော် မူနေတာလဲ မသိ ။ ရှာမတွေ့ကြတာတော့ အမှန်ပဲ ။
အချိန်တွေ ကလည်း တဖြည်းဖြည်း နဲ့ ကုန်လာခဲ့ ပြီ ။ လိုက်ရှာ နေတဲ့ သူတွေ
လည်း စိတ်ဓာတ် ကျစပြုနေပြီ ။ နောက်ဆုံး ည ခုနစ်နာရီ ထိုးမှ ရှာဖွေရေး ရပ်စဲလိုက်ကြတယ် ။ လိုက်ရှာကြတဲ့ နေရာ လည်း စုံနေပြီလေ ။ ဘယ်မှာ မှ ရှာလို့ မတွေ့တော့ အားလုံး လက်လျှော့ လိုက်ကြတော့တယ် ။ ဒါပေမဲ့ မယ်မြိုင့် အတွက် စိုးရိမ်စိတ်လေး က တော့ အားလုံးရဲ့ ရင် ထဲမှာ ရှိကြတယ် ။ မယ်မြိုင် ဘယ် ပျောက်သွားလဲ ဆိုတာ သိချင်ကြတယ် ။ မယ်မြိုင် ရဲ့ အစွဲ ကြောင့်လည်း အားလုံးက စိတ်ပူ မိကြတယ် ။
မယ်မြိုင် ရဲ့အစွဲ က မွေးကင်းစကလေးတွေ ကို မြင်ရင် မနေနိုင်ဘူး ။ လူ အလစ် ကို စောင့်ပြီး ကလေး ကို ခိုးသွား တတ်တယ် ။ ဒါပေမဲ့ အန္တရာယ် မပေးဘူး ။ ဘာလုပ်လဲ ဆိုတော့ ကလေး ကို ချော့မြူတယ် ။ နို့ချို တိုက်ကျွေးတယ် ။ ကလေး ပျောက်တဲ့ မိဘတွေ နေရာ အနှံ့ ဒေါင်းတောက်အောင် ရှာနေတဲ့ အချိန် မယ်မြိုင် က ရွာထိပ် က ဇရပ် မှာ ကလေး ကို ပွေ့ပြီး သားချော့တေး တွေ ဆို လို့ ။ ကလေးမိဘတွေ ကလည်း မယ်မြိုင့် ဆီမှာ ကလေး ကို ပြန် တွေ့တော့မှ စိတ်အေးရတယ် ။ ကလေး ယူသွားတဲ့ မယ်မြိုင် ကို လည်း စိတ်မဆိုးမိကြဘူး ။ ပို လို့ တောင် သနားကြလေရဲ့ ။
တကယ်တော့ မယ်မြိုင် အဲဒီလို လုပ်ရတဲ့ အကြောင်း အရင်း ကလည်း ရှိတယ် ။ မယ်မြိုင့် ဘဝ ရဲ့အနာတရကြီး ပေါ့ ။ ကံကြမ္မာ ရဲ့ လျှပ်တစ်ပြက် ရိုက်ချက် မှာ မယ်မြိုင် ရဲ့ ဘဝလေး ကျိုးပဲ့ ကြွေလွင့် သွားခဲ့ရတယ် ။ အေးစက် ဆွံ့အမှုတွေနဲ့ အတူ မယ်မြိုင် ရဲ့ ဘဝ အလင်း ပျောက်ခဲ့ ရတယ် ။ အတိတ် ကို တစ်ချက် ပြန် ငဲ့ကြည့်တိုင်း မယ်မြိုင် ရဲ့ သေရာပါ အနာဟောင်း က အက်ကြောင်း ထပ်နေဆဲပဲ ။ ဘာလိုလိုနဲ့ အချိန် စက်ဝန်း ရဲ့ လည်ပတ်မှုအောက်မှာ မယ်မြိုင် ရဲ့ဘဝ ကံဆိုးမိုးမှောင် ကျခဲ့တာ နှစ်နှစ် တင်းတင်း ပြည့်ခဲ့ပြီပဲလေ ။
••••• ••••• •••••
၂ ။
မယ်မြိုင် ရဲ့ အဖေ ဦးသာမြိုင် က အုန်းပင်တက်သမား ။ ရွာ မှာ အုန်းသီး ချတာ တို့ ၊ အုန်းပင် လှဲတာတို့ ဆို ဦးသာမြိုင် တို့ပဲ လုပ်ရတာ ။ ဒီတော့ ဦးသာမြိုင်ရဲ့ အမွေ ကို သမီး မယ်မြိုင် က ဆက်ခံ လာရတာပေါ့ ။ ဒါပေမဲ့ လွယ်လွယ်ကူကူ တော့ မဟုတ်ဘူး ။ ဦးသာမြိုင် က မယ်မြိုင့် ကို အုန်းပင် တက် မသင်ပေးဘူး ။ မိန်းကလေး ဖြစ်နေလို့လေ ။ ဒါကို မယ်မြိုင် က မသင်ပေး တဲ့ အလုပ် ကို မှ လုပ်ချင်လာတယ် ။ မသင်ပေးရင် အရက်သမား ကြွက်ကြီး ကို ယူမယ် လို့ ခြိမ်းခြောက်တော့တာပဲ ။ ဒီတော့မှ ဦးသာမြိုင် က ကြွက်ကြီး လို လူကို ယူတာ ထက် စာရင် အုန်းပင် တက်တာ က မှ မြတ်သော အလုပ် ဆိုပြီး သင်ပေး လိုက်ရတော့တယ် ။
မိတဆိုး သမီးလေး ဆို ပြီး အလိုလိုက် ထားတော့ မယ်မြိုင် က တစ်ဇွတ်ထိုး လုပ်တတ်တယ် ။ မယ်မြိုင် ကို အုန်းပင်တက် သင်ပေးခဲ့ပေမဲ့ အုန်းပင် တက်ဖို့ လာငှား ရင်တော့ ဦးသာမြိုင် ပဲ တက် တယ် ။ မယ်မြိုင် ကို မတက် ခိုင်းဘူး ။ ဦးသာမြိုင် နေမကောင်း ဖြစ်တာနဲ့ ရွာ က အလှူလုပ်တာ တိုက်ဆိုင်လာ လို့ အုန်းသီးချမယ် ဆိုရင် တောင် မယ်မြိုင် ကို အုန်းပင် မတက်ခိုင်းခဲ့ဘူး ။ ဦးသာမြိုင် ပဲ နေမကောင်း တဲ့ အကြား က အုန်းပင် တက်ခဲ့တာ ။ အဲသလောက် အထိကို မယ်မြိုင် ကို ချစ်ခဲ့ရှာတာ ။ ဦးသာမြိုင် ဆုံးတော့မှ ပဲ မယ်မြိုင် က အုန်းပင်တက်သမ ဖြစ်လာခဲ့ရတယ် ။
ဦးသာမြိုင် ဆုံးတော့ မယ်မြိုင် က အသက် နှစ်ဆယ် ရှိနေပြီ ။ မယ်မြိုင် က တခြား မိန်းကလေးတွေ လို စက်ချုပ်တာ တို့ ၊ ကောက်စိုက် ပျိုးနုတ်တာ တို့ လုံးဝ စိတ်မဝင်စားဘူး ။ အုန်းပင် တက်တဲ့ အလုပ် နဲ့ ပဲ အသက်မွေးခဲ့တယ် ။ နောက်တော့ ဖိုးခွား ဆိုတဲ့ ကရင်လေး နဲ့ အကြောင်း ပါတယ် ။ ဖိုးခွား ကလည်း အုန်းပင်တက်သမား တစ်ယောက်ပဲ ။ ဒီတော့ လင်ဓယား နှစ်ယောက် စလုံး အုန်းပင် တက်တဲ့ အလုပ် နဲ့ ပဲ အသက်မွေးဝမ်းကျောင်း ခဲ့ကြတယ် ။
မယ်မြိုင်တို့ လက်ထပ် ပြီး အချိန်တော်တော် ကြာလာတဲ့ အထိ သားသမီး မထွန်း
ကား လာခဲ့ဘူး ။ လင်မယားနှစ်ယောက်စလုံး ကလေး လိုချင်လိုက်တာ မှ အရူးအမူးပဲ ။ ဘုရား မှာ ဆုတောင်းရလွန်းလို့ လည်း မမောနိုင်ဘူး ။ တခြား သူတွေ ရဲ့ ကလေးတွေ မြင်တိုင်း ကလေး လိုချင်စိတ် တွေ တဖိတ်ဖိတ် ယိုစိမ့် နေခဲ့ တဲ့ မယ်မြိုင်တို့ ရယ်လေ ။
မယ်မြိုင်တို့ လင်မယား ကလေးရူး ရူးနေခဲ့ရင်း က ကံတရားက ဖေးမလို့လား မသိ ။ ကိုးနှစ် ကြာ မှ မယ်မြိုင် မှာ သားဦး ကိုယ်ဝန် ဆောင်လာ ခဲ့ရတယ် ။ မယ်မြိုင် တို့ ဝမ်းသာလွန်းလို့ အိပ်မပျော် ၊ စားဓဝင် တဲ့ အထိ ။ ဖိုးခွား ဆိုလည်း မယ်မြိုင့် ကို အရိပ် တကြည့်ကြည့် နဲ့ ။ ဘာမှတောင် မလုပ်ခိုင်းဘဲ ဖိုးခွား တစ်ယောက် တည်း အလုပ် တွေ သိမ်းကျုံး လုပ်တာပဲ ကြည့်တော့ ။
မယ်မြိုင် မှာ ကိုယ်ဝန် ရှိလာ ကတည်းက အုန်းပင် တက် တဲ့ အလုပ် ကို ဖိုးခွားပဲ
လုပ်တော့တယ် ။ မယ်မြိုင် က မပေါ့မပါး နဲ့ မို့ အိမ် မှာပဲ နေစေတယ် ။ ဒါပေမဲ့ မယ်မြိုင် က ဒီအတိုင်း မနေပါဘူး ။ အိမ်နောက် က မြေကွက်လပ် မှာ ဟင်းရွက်စုံ စိုက်တယ် ။ ပြီးတော့ အိမ်ရှေ့ မှာ ချရောင်း တယ် ။ အကြော် ရောင်းတဲ့ မငွေကြည် ကို လည်း ဟင်းရွက်တွေ ဖောက်သည် သွင်း တာပဲ ။ ရတဲ့ ငွေ ကို ခြစ်ခြစ် ကုတ်ကုတ် စုပြီး မီးဖွားစရိတ် အတွက် သီးသန့် ထားတယ် ။ ဖိုးခွား က လည်း အရင်ကထက် အလုပ် ကြိုးစားလာတယ် ။
ကိုယ်ဝန် ရှစ်လလောက် နေတော့ ကလေး အတွက် အင်္ကျီလေးတွေ ၊ အနှီးပိုင်း လေးတွေ စုရတာနဲ့ လင်မယား နှစ်ယောက်စလုံး မမောနိုင် မပန်းနိုင် ။ မွေးလာ မယ့် ရင်သွေးလေး အတွက် မဆုံးနိုင်တဲ့ မေတ္တာတွေ နဲ့ ပေါ့ ။ ဒါကို ကံကြမ္မာဂြိုဟ်ဆိုး က အရိပ် မိုးဖို့ ဘယ်အချိန် ကတည်းက ချောင်းနေခဲ့တာလဲ မသိဘူး ။ မယ်မြိုင့် ဘဝ တစ်ခုလုံး စုတ်ပြတ် သွားခဲ့တာပဲ ။
အဲဒီနေ့ က ဟိုဘက် ရွာ မှာ အလှူ ရှိလို့ ဖိုးခွား ကို အုန်းသီး ချဖို့ လာငှား သွားတယ် ။ မယ်မြိုင် ကလည်း ကိုယ်ဝန် နေ့စေ့လစေ့ကြီး နဲ့ ။ မကြာပါဘူး ၊ မယ်မြိုင် ဗိုက် နာလာတယ် ။ မယ်မြိုင် အော်သံကြောင့် အိမ်နီးချင်းတွေ လက်သည် ခေါ်လာပြီး မီးဖွား ဖို့ ပြင်ဆင်ကြရတယ် ။ သားဦးလေး မို့ ထင်တယ် ၊ ကလေး က တော်တော်နဲ့ မမွေးလာဘူး ။ မယ်မြိုင် ရဲ့ နာကျင်တဲ့ အော်သံ က လည်း အဆက်မပြတ် ထွက်ပေါ်လို့ ။ မိခင် တစ်ယောက် ရဲ့ အားမာန် အပြည့်နဲ့ ကလေး မျက်နှာမြင်ရဖို့ ဝေဒနာ ကို အံကြိ တ်ခံနေခဲ့တယ် ။ အချိန် အတော်လေး ကြာ မှ ကလေး က မွေးလာတယ် ။
“ ကလေးက အသေလေးတော့ ”
လွှတ်ခနဲ ထွက်သွားတဲ့ လက်သည်မိန်းမကြီး ရဲ့ အသံ ကို မယ်မြိုင် ကြားပြီး ငိုကြွေးလိုက်တာ မှ အသည်းခိုက် မတတ် ။ သွေးနုသားနု မှာ မငို ဖို့ အားလုံးက နှစ်သိမ့်နေကြတယ် ။ ဒါပေမဲ့ ကိုယ့်သွေး ၊ ကိုယ့်သား မဟုတ်လား ။
မယ်မြိုင် မှာ ဖြေမဆည်နိုင်အောင် ကို ဖြစ်လို့ ။ ရင်သွေး တစ်ယောက် ဆုံးရှုံးခဲ့ရတဲ့ မယ်မြိုင့် အတွက်တော့ အပူမီး တွေ ဆင့်ကဲ ပြီး လောင်မြိုက်ခဲ့ရတယ် ။
“ မယ်မြိုင်ရေ ... နင့် ယောက်ျား အုန်းပင် ပေါ်က ပြုတ်ကျလို့ ဆုံးပြီတဲ့ ”
အိမ် အပြင်ဘက် က ရုတ်တရက် ထွက်လာတဲ့ အသံ တစ်သံက မယ်မြိုင့် ကို ပိုပြီး သွေးပျက် သွားစေတာပဲ ။ လာပြောတဲ့ သူကလည်း ရေးကြီးသုတ်ပျာမို့ မယ်မြိုင် မီးဖွား နေတာကို မသိဘူး ။ ပြောပြီး မှ သိလိုက်တာတဲ့ ။ ဒါပေမဲ့ အားလုံး လွန် ကုန်ကြ ပြီ ။ လင် လည်း ဆုံး ၊ သား လည်း ဆုံး နဲ့ မယ်မြိုင် တစ်ယောက် မပဋာ မြေလူး သလို ပါပဲ ။ ငိုလိုက်တာ မှ မနား စတမ်း ကို ငိုတာ ။ တက် မတတ် ချက် မတတ် ငိုနေတဲ့ မယ်မြိုင့် ကို မြင်ရသူတိုင်း စိတ်မချမ်းသာ ဖြစ်ရတယ် ။
အဲဒီ အချိန်က စပြီး မယ်မြိုင် အပြောင်းလဲကြီး ပြောင်းလဲ သွားတော့တာပဲ ။ စကား လည်း မပြောတော့ဘူး ။ အိမ် မှာ လည်း မနေတော့ဘူး ။ အချိန်တိုင်းလိုလို လျှောက်သွား နေတော့တာပဲ ။ ဘယ်သွားမှာလဲလို့ မေးရင် မယ်မြိုင် က တစ်ခွန်းတည်း ဖြေတယ် ။ သူ့ ကလေးကို လိုက် ရှာတာတဲ့လေ ။ ဒီတော့ မယ်မြိုင့် ကို ကြည့်ပြီး အားလုံး စိတ်မကောင်း ဖြစ်ရတယ် ။
မယ်မြိုင် က ဗိုက် ဆာရင် ဘုန်းကြီးကျောင်း ကို သွားတယ် ။ ပြီးတော့ ရွာ ထဲ အနှံ့ လျှောက် သွားတယ် ။ မယ်မြိုင် က သွက်သွက်ခါအောင် ရူးတာ မဟုတ်ပေမဲ့ စိတ်မနှံ့တော့ ဘူး ။ ယဉ်ယဉ်လေး နဲ့ ရူးသွားတယ် ဆို ပိုမှန်မယ် ။ ပုံမှန် အချိန်ဆို လူကောင်း လို ဖြစ်နေပေမဲ့ ကလေးတွေ ကို မြင်ရင် မယ်မြိုင် ရဲ့ စိတ်တွေ မူ မမှန်တော့ဘူး ။ ရွာ မှာ မီးဖွားတယ် လို့ သတင်း ကြားရင် မယ်မြိုင် ရောက်လာတယ် ။ ကလေး ကို ကြည့်ပြီး ရှိုက်ကြီးတငင် ငိုတယ် ။ ကလေး ကို ပွေ့ချီ နမ်းရှိုက်တယ် ။ မယ်မြိုင် က စိတ်မနှံ့တဲ့ သူမို့ ကလေး မိဘ တွေ က စိုးရိမ်ကြတယ် ။ ဒါပေမဲ့ မယ်မြိုင်က ကလေး ကို ကြည့်ရုံအပြင် ဘာမှ မလုပ်ဘူး ။ ဒီတော့မှ ကလေး မိဘ
တွေ လည်း စိတ်အေးရတော့တယ် ။
ဒါပေမဲ့ နောက်တစ်နေ့ ကျတော့ ကလေး က ပျောက်ချင်းမလှ ပျောက်သွားတယ် ။ အားလုံး ဝိုင်း ရှာကြတော့မှ ရွာ ထိပ်က ဇရပ် မှာ သွားတွေ့တယ် ။ မယ်မြိုင် ရယ်လေ ကလေး ကို နို့တိုက်ပြီး ချော့မြှူ လို့ ။ မယ်မြိုင် ကို ကြည့်ပြီး အားလုံး စိတ်မကောင်း ဖြစ်ကြရတယ် ။ မိခင်မေတ္တာတွေ ပြည့်သိပ် နေပေမဲ့ မိခင် ဖြစ်ခွင့်
မရလိုက်တဲ့ မယ်မြိုင့်အဖြ စ်ကို စာနာကြတယ် ။ ဘယ်လိုပဲ ရူးနေတယ် ပြောပြော မယ်မြိုင် လည်း မေတ္တာစိတ် ရှိတဲ့ လူသား တစ်ယောက် ပဲ လေ ။ ဒီတော့ အပြစ် မဆိုသာဘူးပေါ့ ။
••••• ••••• •••••
၃ ။
“ မယ်မြိုင် ပြန်ရောက် လာပြီဟေ့ ၊ ရွာထိပ် ဇရပ်မှာပဲ ”
ဒီသတင်း က နံနက်ခင်း ကို ပိုပြီး အသက်ဝင် လှုပ်ရှား သွားစေတယ် ။ မယ်မြိုင် အတွက် စိုးရိမ်နေကြတဲ့ သူတွေ အားလုံး ဝမ်းသာသွားကြတယ် ။ မယ်မြိုင် ရွာကနေ ပျောက်သွားတာ ဆယ်ရက် လောက် ရှိပြီလေ ။ ဘယ်သွားလို့ ဘယ်ရောက်နေ လဲမှ မသိတာ ။ အခု ပြန်လာပြီ ဆိုတော့ ဝမ်းသာကြတာပေါ့ ။
“ မယ်မြိုင့် လက်ထဲမှာ အနှီးပိုင်းနဲ့ ထုပ်ထားတဲ့ မွေးကင်းစ ကလေး တစ်ယောက် နဲ့ ” ဆိုတဲ့ နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ သတင်း က တော့ အားလုံး ကို အံ့အားသင့် တုန်လှုပ် သွားစေတော့တယ် ။
“ ဒုက္ခပါပဲဟယ် ၊ ဘယ်သူ့ ကလေးကို သွား ယူလာ တာပါလိမ့် ”
“ ကလေး ပျောက်တဲ့ မိဘတွေ တော့ အရမ်း စိတ်ပူ နေကြတော့မှာပဲ ”
အားလုံးက စိုးရိမ်စိတ် အပြည့် နဲ့ မယ်မြိုင် နေတဲ့ ဇရပ် အနား ကို တဖွဲဖွဲ ရောက်လာ ကြတယ် ။ မယ်မြိုင် ကတော့ ဇရပ် ပေါ် မှာ ထိုင်ပြီး ကလေး ကို ပွေ့ပိုက်ထားတယ် ။ ညစ်နွမ်းနေတဲ့ အနှီးပိုင်းကြီး နဲ့ ထုပ်ထားလိုက်တာ ကလေး ကိုတောင် မမြင်ရဘူး ။ ပါးစပ် ကလည်း သားချော့တေး တွေ ကို အဆက် မပြတ် ဆို နေခဲ့တယ် ။
နောက်ဆုံးတော့ လည်း ဒီ ပြဿနာ က ဦးထော် ရဲ့ ခေါင်း ပေါ်ပဲ ရောက်လာတယ် ။ ဒါကြောင့် ဦးထော် လည်း မယ်မြိုင့် လက် ထဲက ကလေး ကို ယူဖို့ ပြင်ရတယ် ။ ဒါပေမဲ့ ဦးထော် လည်း ဇရပ် ပေါ်ကို လှမ်း တက်လိုက်ရော မယ်မြိုင် က တုတ်တစ်ချောင်း ကို ဆွဲယူ လိုက်တော့တယ် ။ ပြီးတော့ သူကြီး ကို ကြည့်ပြီး အသံကုန် အော်တယ် ။
“ သွား .. တက်မလာနဲ့ နော် ၊ တုတ်နဲ့ ရိုက်ပစ်လိုက် မယ် ၊ ငါ့ ကလေးကို လာမယူ နဲ့ ... သွား .. သွား .. ”
မယ်မြိုင် ရဲ့ အသံကြောင့် ဦးထော် ရဲ့ ခြေလှမ်းတွေ နောက်ပြန် ဆုတ်သွားတယ် ။ မယ်မြိုင် က သားဇော နဲ့ မို့ ထင်ရဲ့ ။ အော်လိုက်တာ ငယ်သံတောင် ပါတယ် ။ ဇရပ် အနား မှာ ရှိနေတဲ့ သူတွေ ကို လည်း ကလေး လာ လုတယ် လို့ ထင်နေလား မသိဘူး ။ တုတ်တယမ်းယ မ်းနဲ့ ဂနာ မငြိမ် ဖြစ်နေတယ် ။ ဘယ်သူမှ လည်း မယ်မြိုင့် အနား ကို ဝင်ပြီး ကလေး မယူရဲကြဘူး ။ မယ့်မြိုင် က လည်း ကလေး ကို ယူဖို့မ ပြောနဲ့ အကြည့် တောင် မခံဘူး ။ ဒီတော့ အားလုံး ကိုယ့် နေရာ ကိုယ်
တပ်ဆုတ်ပြီး ပြန်လာခဲ့ ရတော့တယ် ။
ရွာနီးစပ် တစ်လျှောက် ကလေး ပျောက်တဲ့ သတင်း စုံစမ်းကြတယ် ။ ဒါပေမဲ့ အကြောင်း မထူးဘူး ။ ကလေး ပျောက်တယ် ဆိုတဲ့ သတင်း လည်း မကြားရဘူး ။ မယ်မြိုင် ကတော့ ဇရပ် မှာပဲ နေ တော့တယ် ။ ဇရပ် က ရွာထိပ် မှာ မို့ နည်းနည်း အလှမ်း ဝေးတယ် ။ ဒီတော့ မယ်မြိုင့် အကြိုက် ဖြစ်နေတော့တာပေါ့ ။ မယ်မြိုင် က သူ့ ကလေး ကို ဘယ်သူ မှ အကြည့် မခံဘူး ။ ပြီးတော့ မယ်မြိုင် က အရူး ဆိုပေမဲ့ လည်တယ် ။ ဘုန်းကြီးကျောင်း မှာ ထမင်း လာ စားတဲ့အခါ ကလေး ခေါ် မလာဘူး ။ ကလေး ကို ဝှက်ထားခဲ့တယ် ။ ဘယ်မှာ ထားခဲ့သလဲ ဆိုတာလည်း ဘယ်သူမှ မသိကြဘူး ။ မယ်မြိုင် ဘုန်းကြီး ကျောင်း မှာ ထမင်း သွားစား တဲ့ အချိန်ဆို ဦးထော်တို့ အဖွဲ့ က ကလေး ရှာဖွေရေး လုပ်ကြ တော့တယ် ။ အဲဒီ အချိန်မှာ ရွာသား တစ်ယောက် က မယ်မြိုင် အလာ ကို ကင်းစောင့်ရတယ် ။ မယ်မြိုင် လာပြီ ဆိုတာနဲ့ တစ်နေရာမှာ အမြန် ဝင်ပုန်းကြရတယ် ။
မယ်မြိုင် ကလည်း အကင်း ပါးတယ် ။ ပြန် ရောက်တာနဲ့ ဇရပ် အနီးတစ်ဝိုက် က နေရာကို တုတ်တစ်ချောင်း နဲ့ လိုက်ကြည့်တယ် ။ မယ်မြိုင် လက် ထဲက တုတ် ကို ကြည့် ပြီး ပုန်းနေတဲ့ ဦးထော် တို့ လူ တစ်စု ဘုရားတ , နေကြရ တယ် ။ မကြာပါဘူး ။ ဦးထော် တို့ ပုန်းနေတဲ့ နေရာ ကို မယ်မြိုင် ရောက်လာပါ လေရော ။ ဦးထော်တို့ ကို တွေ့တယ် ဆိုရင်ပဲ မယ်မြိုင် က တုတ်နဲ့ လိုက် ရိုက်တော့တာ ။ ဦးထော်တို့ အဖွဲ့ ပြေးလိုက် တာများ တန်း နေတာပဲ ။ ဒီအကြောင်း ပြောရင်း ရယ်လို့ တောင် မဆုံးကြဘူး ။ အရူး က တစ်မူးသာ သွားတယ်လို့ ပြောရမလားပဲ ။ နောက်ဆုံး ကလေး ရှာဖွေရေး ရပ်စဲလိုက်ရတော့တယ် ။ မယ်မြိုင် ကတော့ ဇရပ် မှာပဲ အချိန်ပြည့် နေတယ် ။ ဇရ အနား က ဖြတ်သွားတဲ့ လူ တွေ လည်း မယ်မြိုင် ရဲ့ အဆီအငေါ် မတည့်တဲ့ သားချော့ တေးသံတွေ ကို ကြားနေရတယ် ။ မယ်မြိုင် က သူ့ ကလေး ကို လက် ထဲ က ချ ထား တာတောင် မတွေ့ရဘူး ။ အမြဲ ထွေးပွေ့ထားတာပဲ ။ ကလေး အတွက် လိုအပ် တာ လာ ပေးတဲ့ သူတွေ တောင် ဝေးဝေး မှာ ချပေးရတယ် ။ လူတွေ ရှိ နေရင် လာ မယူဘူး ။ လူတွေ သွားမှ လာယူတာ ။
အရင်က ဆို မယ်မြိုင် က လူတွေ နဲ့ မစိမ်းလှပါဘူး ။ အခုမှ သားဇော နဲ့ မို့ ထင်ရဲ့ ၊ လူတိုင်း ကို သူ့ ကလေး လုမယ် ထင်ပြီး ကင်းကင်း နေတာ ။ တုတ် ကိုတောင် သူ့ အနားမှာ ထားတာ ကြည့်ပေ တော့ ။ ဒါကြောင့် မယ်မြိုင် ကို ဒီအတိုင်း လွှတ်ထားလိုက်ရတော့တယ် ။ ဒါပေမဲ့ ကလေး ကို ဘယ်မှာ ဝှက်ထားခဲ့သလဲ ဆိုတဲ့ သိချင်စိတ်လေး တော့ အားလုံးရဲ့ ရင် ထဲမှာ ကိန်းအောင်း နေခဲ့တယ် ။
တစ်နေ့တော့ ဇရပ် အနား က ဖြတ်သွားတဲ့ သူတွေ အပုပ်နံ့ တစ်ခုကို သတိထားမိ လာကြတယ် ။ အဲဒီ သတင်း က ဦးထော် ဆီ ရောက်လာ တော့ ဦးထော် ခေါင်းခဲရပြီ ။ တစ်ရွာလုံး ကလည်း အဲဒီ အပုပ်နံ့ ကြောင့် စိုးရိမ်တုန်လှုပ် လာကြတယ် ။ မယ်မြိုင့် ဆီ က ကလေးများ သေသွားခဲ့ပြီလား ။ ဘယ်က ယူလာလဲ မသိတဲ့ ကလေး က မယ်မြိုင့် လက် ထဲမှာ ကြာကြာ အသက်ရှင်ဖို့ ဆိုတာ ဘယ် ဖြစ်နိုင်ပါ့ လဲ ။ မယ်မြိုင့် လက်ထဲက အနှီးပိုင်းလေး ကို ကြည့်ပြီး မွေးကင်းစကလေး ရယ်လို့ အားလုံးက မှတ်ချက်ချ ထားခဲ့ကြတာ ။ မယ်မြိုင် ရဲ့ တုတ် ကို ကြောက်ပြီး ဘယ်သူမှ လည်း ကလေး ကို မထိရဲကြဘူး ။
ဟော .. အခုတော့ အပုပ်နံ့ က ထွက်လာခဲ့ပြီ ။ မယ်မြိုင့် လက်ထဲမှာ ကလေး သေသွားခဲ့တယ် ဆိုတာ သေချာသွားပြီ ။ မယ်မြိုင် က ရွာ က ပျောက်သွားပြီး ဘယ်က ကလေးတစ်ယောက် ကို သွား ခိုးခဲ့သလဲ ဆိုတာလည်း ဦးထော် တို့ မသိခဲ့ရဘူး ။ ဒါပေမဲ့ မယ်မြိုင် ရဲ့ အစွဲ ကြောင့် အခု ကလေး တစ်ယောက် အသက် ဆုံးရပြီ ။ မယ်မြိုင့် ကို အပြစ် မတင်ရက် ပေမဲ့ ဒါကို တွေးကြည့်တိုင်း ကလေး အတွက် စိတ် မကောင်း ဖြစ်ရတယ် ။
ဒါကြောင့် မယ်မြိုင် နေ တဲ့ ဇရပ်လေး ကို ဦးထော် တို့ ထွက်လာခဲ့ကြတယ် ။ ဇရပ် အနား ကို ရောက်တော့ အနံ့ပြင်းပြင်း နဲ့ ပျံ့လွင့်လာတဲ့ အပုပ်နံ့ ကို ရလိုက်ကြတယ် ။ ပြီးတော့ မယ်မြိုင် ရဲ့ အဆီအငေါ် မတည့်တဲ့ သားချော့တေးသံ ကို ကြားလိုက်ရတယ် ။ ဦးထော် တို့ အားလုံး ဇဝေဇဝါ ဖြစ်သွားကြတယ် ။ မယ်မြိုင့် ကို ကြည့်လိုက်တော့လည်း အနှီးပိုင်းလေး နဲ့ ထုပ်ထားတဲ့ ကလေး ကို ပိုက်ပြီး သီချင်းတွေ အော် ဆိုလို့ ။ ဒါဆို အပုပ်နံ့ က ဘယ်က လာတာလဲ ။
ဦးထော် တို့ လူ တစ်စု လည်း ဇဝေဇဝါ နဲ့ ဇရပ် အနား တစ်ဝိုက် ကို သေချာ လိုက် ရှာကြတယ် ။ ဇရပ် အနား က ချုံပုတ် ထဲမှာ သေနေ တဲ့ ခွေးတစ်ကောင် ကို တွေ့ တော့မှ အံ့သြဝမ်းသာစိတ် နဲ့ သက်ပြင်း ချနိုင်ကြတော့တယ် ။
မယ်မြိုင့် လက် ထဲမှာ ကလေး က ဘေးကင်းရန်ကင်း နဲ့ ရှိနေတဲ့ အတွက်လည်း ဝမ်းသာ သွား ကြရတယ် ။ မယ်မြိုင် က တော့ သားချော့တေးတွေ ကို မနားတမ်း အော် ဆိုလို့ ။ ဦးထော် တို့ လည်း ခွေးသေ ကို မြှုပ် လိုက်ပြီး ဇရပ် နားက ထွက်လာခဲ့ကြတော့တယ် ။
••••• ••••• •••••
၄ ။
“ သိပြီဟေ့ ... ကလေးကို ဝှက်ထားတဲ့ နေရာ ကို သိပြီ ”
မွန်းတည့် ဆယ့်နှစ်နာရီ လောက် ရှိပြီ ။ ဖိုးလူ တစ်ယောက် ရွာထိပ် ဇရပ်ကနေ
အရေးတကြီး ပြေးလာသည် ။ ပြီးတော့ ဒီအတိုင်း ပြေးလာတာ မဟုတ်ဘူး ။ ကလေး ဝှက် ထားတဲ့ နေရာ ကို သိပြီ ဆိုပြီး တစ်လမ်းလုံး အော် လာတာ ။ ဒီတော့ သိချင်လွန်းလှ သူတွေ ဖိုးလူ နောက် ကနေ တသီတတန်းကြီး လိုက်ပါလာကြတယ် ။ ဦးထော် အိမ် ရောက် မှ ဖိုးလူ အပြေး ရပ်တယ် ။ ဦးထော် က အိမ် ထဲ ကနေ အလန့်တကြား နဲ့ ပြေး ထွက်လာတယ် ။
“ ဟေ့ကောင် ဖိုးလူ ၊ ကလေး ထားတဲ့ နေရာကို သိပြီ ဆိုတာ အမှန်ပဲလား ”
“ ဟုတ်တယ် ဦးကြီးထော် ရဲ့ ၊ ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာ ”
ဖိုးလူ ရဲ့ စကား ကို အားလုံး စိတ်ဝင်တစား နားထောင်နေကြတယ် ။ ကလေး ကို ဘယ်မှာ ဝှက်ထားလဲ ဆိုတာ သိချင်နေကြပြီ မဟုတ်လား ။
“ ဒါဆို ကလေး ကို ဘယ်မှာ ဝှက်ထားတာလဲ ၊ မြန်မြန် ပြောစမ်းပါဦး ”
“ ကု က္ကိုပင် ပေါ် မှာ ဦးကြီးတော် ၊ ဇရပ် နောက် က ကုက္ကိုပင်ကြီး ပေါ်မှာ ”
“ ဘာ ”
ဦးထော် ရဲ့ “ ဘာ ” ဆိုတဲ့ အသံကြီး က အလန့်တကြား ထွက်လာတယ် ။ ကြားလိုက်ရတဲ့ သူတွေ လည်း ရင်ထိတ် သွားကြတယ် ။ ကလေး ကို သစ်ပင် ပေါ် ထားရတယ်လို့ ။ ကုက္ကိုပင်ကြီး က သက်တမ်း ကြာရှည် နေပြီ ။ အလုံးအထည် ကြီးပြီး အပင်က မြင့်တယ် ။ အကိုင်းအခက် အခွ တွေ လည်း များတယ် ။ မယ်မြိုင် က အုန်းတက်သမ ဆိုတော့ ကုက္ကိုပင်ကြီး ကို တက်နိုင်တာ မဆန်းပေမဲ့
ကလေး တစ်ဖက် နဲ့ တက်တယ် ဆိုတာ အရမ်း အန္တရာယ်များတဲ့ အလုပ် ။ မယ်မြိုင် တစ်ယောက် ကလေး ကို သူများ လုသွားမှာ စိုးပြီး မလုပ် သင့်တာ လုပ်နေပြီ ။ အင်း ... သူ လည်း လုပ်သင့် မလုပ်သင့် ဆိုတာ ခွဲခြားတတ်သူ မှ
မဟုတ်တာ ။
“ အခုချိန် ဆို မယ်မြိုင် ထမင်း သွား စားနေပြီ ၊ မြန်မြန် သွားကြရအောင် ။ မဟုတ်ရင် ကလေး ဒုက္ခ ရောက်လိမ့်မယ် ”
ဦးထော်တို့ အားလုံး ဇရပ် ကို မာရသွန် ပြေးလာခဲ့တယ် ။ အချိန် ဆွဲနေလို့မှ မရ တာ ။ မယ်မြိုင် ရောက်လာရင် အားလုံး ဒုက္ခ ရောက်ကုန်မှာ ။ ဒီလိုနဲ့ ကုက္ကိုပင် အောက် ရောက်လာခဲ့တယ် ။ အပင် ပေါ် မော့ ကြည့်လိုက်ကြတော့ အမြင့်ဆုံး အကိုင်း အခွကြား မှာ တင်ထားတဲ့ ညစ်နွမ်းနွမ်း အနှီးပိုင်းလေး ကို မြင်လိုက်ရ တယ် ။ အကိုင်းအခွ က ကြီးမားလှတာ မို့ ကလေး တော့ မကျနိုင်ဘူး ။ မယ်မြိုင် က ဉာဏ် တော့ အကောင်းသား လို့ တွေးလိုက်ကြတယ် ။ မယ်မြိုင် မလာခင် ကလေး ကို အပင် ပေါ်က ယူချဖို့ ဖိုးလူ ကို အပင်ပေါ် တက်ခိုင်းတယ် ။ ဖိုးလူ အပင်ပေါ် တက်ဖို့ လုပ် နေတုန်းမှာပဲ တစ်ယောက် က ထ , အော်တယ် ။
“ မယ်မြိုင် ရောက်လာပြီဟေ့ ”
အဲဒီ အသံလည်း ကြား ရော အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတယ် ။ ပုန်းဖို့ နေရာ ရှာ သူ က ရှာ ။ ပြေး တဲ့ သူ က ပြေး နဲ့ ပတ်ချာလည် သွားကြတယ် ။ မယ်မြိုင် က တော့ ကုက္ကိုပင် အနား မှာ လူ များ နေတာကို တွေ့လို့ ထင်ရဲ့ ။
ပြေး လာလိုက်တာ ခလုတ် တိုက်ပြီး လဲ သွားတယ် ။ အရှိ န်နဲ့ ပြေးလာတာမို့ မြေ ပေါ် မှာ နှစ်ပတ်လောက် လိမ့်သွားတယ် ။ ဒါပေမဲ့ လဲကျ နေရာ က ကပျာကယာ ထ,ပြေး လာပြီး ကုက္ကိုပင် ကို ကျော နဲ့ ကပ် ထားလိုက်တယ် ။
“ သွား ... သွားကြ ... ငါ့ ကလေး ကို လာ မလုနဲ့ ၊ မပေးဘူး မပေးဘူး ”
မယ်မြိုင် က ငယ်သံ ပါ အောင် အော်တယ် ။ ကလေး အတွက် စိုးရိမ်စိတ် နဲ့ ငိုရှိုက် နေရှာတယ် ။ အဝတ်တွေ လည်း စုတ်ပြဲ လို့ ။ လဲကျလို့ ရတဲ့ ဒဏ်ရာ မှာ လည်း သွေး တွေ ထွက်နေတယ် ။ မယ်မြိုင့် ကို ကြည့်ပြီး အားလုံး မျက်ရည်ဝိုင်းကြတယ် ။ မိခင် ဖြစ်ခွင့် မရခဲ့ပေမဲ့ သွေးမတော် သားမစပ်တဲ့ ကလေး တစ်ယောက် ကိုယူပြီး မေတ္တာ အပြည့် နဲ့ စောင့်ရှောက်နေ လိုက်တာ အရူး ဆိုပေမဲ့ အရူး လို့ မထင်ရက်အောင်ပါပဲ ။
“ ကဲ ... အားလုံး ကိုယ့် နေရာ ကိုယ် ပြန်ကြရအောင် ၊ သူ့ ကို အနှောင့်အယှက် မပေး ကြနဲ့တော့ ”
ဦးထော် ရဲ့ စကား အဆုံး အားလုံး စိတ်မကောင်းစွာ နဲ့ လှည့်ထွက်လာခဲ့ကြတယ် ။ သွားရင်း နဲ့ မနေနိုင်လို့ နောက် ကို ပြန် လှည့်ကြည့်လိုက်တော့ ကုက္ကိုပင် ပေါ် ပြေးတက် သွားတဲ့ မယ်မြိုင့် ကို တွေ့လိုက်ကြရတော့တယ် ။
••••• ••••• •••••
၅ ။
“ မယ်မြိုင် ဆုံးပြီ ”
ဆိုတဲ့ သတင်းက အားလုံး ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတာ အမှန်ပဲ ။ သိလိုက်ရတဲ့ အချိန် ကလည်း ညနေ ငါးနာရီခွဲ ။ သတင်း လာ ပေးတဲ့ သူ က နွားကျောင်း သွား တဲ့ နီတွတ် ။ နေ့လယ် ကပဲ အကောင်း အတိုင်း ရှိနေသေးတဲ့ မယ်မြိုင် ။ အခုတော့ ဆုံးပြီးတဲ့ လေ ။ ဘယ်လို ဖြစ်တာလဲ ဆိုပြီး မေးတော့ မှ ကုက္ကိုပင် ပေါ် က ပြုတ်ကျတာတဲ့ ။
ဦးထော် နဲ့ ရွာသားတွေ သွား ကြည့်ကြတော့ အသက် ဝိညာဉ် ချုပ်ငြိမ်းနေပြီ ဖြစ်တဲ့ မယ်မြိုင် ကို တွေ့ကြရတယ် ။ မယ်မြိုင် ရဲ့ ခေါင်း မှာလည်း သွေးတွေ က မြင်မကောင်း အောင် စီးကျလို့ ။ အပင် ပေါ် ပြုတ်ကျတဲ့ အပြင် အပင် အောက် က ကျောက်တုံး ကို ခေါင်း နဲ့ ဆောင့်မိ သေးတယ် ။ မယ်မြိုင့် ကို ကြည့်ပြီး ငိုတဲ့ သူ က ငိုကြတယ် ။
“ ကလေး က ရော ... မယ်မြိုင် ယူလာတဲ့ ကလေး ”
ရွာသား တစ်ယောက် က အလန့်တကြား နဲ့ ထ , အော်တယ် ။ ဒီတော့မှ ကလေး ကို သတိရ လိုက်ကြတယ် ။ ကုက္ကိုပင်ပေါ် ကြည့်လိုက်ကြတော့ အကိုင်းအခွတွေ အကြား က အနှီးပိုင်းလေး နဲ့ ထုပ်ထားတဲ့ ကလေး ကို တွေ့လိုက်ရတယ် ။ အခုမှ အားလုံး သဘောပေါက် သွားကြတယ် ။ မယ်မြိုင် ခမျာ သူ ချစ်တဲ့ ကလေး ဆီ တောင် ရောက်အောင် တက် မသွားနိုင်ခဲ့ပါ လား ။ ကလေး ဆီ ကို ရောက်အောင် တက်ရင်း အပင် ပေါ် က ပြုတ်ကျပြီး အသက် ပေးခဲ့တဲ့ အထိ မယ်မြိုင် ရဲ့ မေတ္တာတရား ကြီးမားခဲ့တာ ကို အံ့သြ ခဲ့ကြတယ် ။ မယ်မြိုင် ကို သနားပြီး ငိုတဲ့ သူ က ငိုနေကြတယ် ။ ရွာလူကြီး ဦးထော် တောင် မျက်ရည်တွေ လည်လို့ ။
“ ဦးကြီးထော် ”
ခေါ်သံ ကြားလို့ ကြည့်လိုက်ကြတော့ ဖိုးလူ က အနှီးပိုင်း နဲ့ ထုပ်ထားတဲ့ ကလေး ကို ထွေးပွေ့ ပြီး ကုက္ကိုပင် ပေါ် က ဆင်းလာတယ် ။ ဖိုးထူ မျက်ဝန်း မှာတော့ မျက်ရည် တွေ စီးကျလို့ ။
“ ဦးကြီးထော် ... ဒီ ကလေး ကို မယ်မြိုင် နဲ့ ခွဲ မထားရက်ဘူးဗျာ ”
ဖိုးလူ က ပြောပြီး ကလေး ကို မယ်မြိုင် ရဲ့ ရင်ခွင် ထဲ ထည့် ပေးလိုက်တယ် ။ မယ်မြိုင့် ရင်ခွင်ထဲ က ကလေး ကို လှမ်း ကြည့်လိုက်တော့မှ ငိုသံတွေ ပွက်ပွက်ညံ သွားတော့တယ် ။ သနားစရာ ကောင်းလိုက်တဲ့ မယ်မြိုင် ။ မေတ္တာတရား ကြီးမားလှတဲ့ မယ်မြိုင် ရယ် လေ ။ အရူး ဆိုပေမဲ့ အရူး လို့ မထင်ရက်အောင်ပါပဲလား ။
ဦးထော် နဲ့ ရွာသားတွေ အားလုံး မျက်ရည် ကျပြီး တစ်နေရာတည်း ကို လှမ်း ကြည့် နေကြတယ် ။ အဲဒါက မယ်မြိုင် ရဲ့ ရင်ခွင် ထဲ က အနှီးပိုင်းလေး နဲ့ အသေအချာ ထုပ်ထားတဲ့ ဘယ်အရပ် ဒေသက ယူလာခဲ့လဲ မသိတဲ့ ကလေးရုပ်လေး တစ်ရုပ် ။
▣ နတ်ရဲ ၊ ရူပဗေဒ ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၁၆
No comments:
Post a Comment