❝ အချစ်မှား ❞
( ပီမိုးနင်း )
မထွေး သည် စက်ခုံ ကို မှီကာ လမ်းမ ကို ငေးကြည့်ရင်း သက်မကြီး ချလိုက်လေ၏ ။
အမေအို ဒုက္ခိတ လူမမာကြီး မရှိလျှင် ဤ စက်ကို အိမ်ပေါ် က တွန်းချပြီး လမ်းပေါ် ၌ သွားလာတုန့်ပြန်၍ နေကြသော မော်တော်ကားမျိုး တစ်စီး နှင့် မြို့ ကို လှည့်ပတ်ကာ ထင်သလို ပျော်ပျော်ကြီး နေလိုက်မှာပဲ ဟု တွေးလေ၏ ။
ယခုမှာကား မိခင် လူမမာ နှင့် အစ်မ ဖြစ်သူ အတွက် ဤ စက်ကလေး ကို နင်းနေရသည် မှာ သုံးနှစ် ကျော် ကြာခဲ့လေ၏ ။ သားအမိ သုံးယောက် ၏ တာဝန် ကို တစ်ယောက်တည်း ခံရလေ၏ ။ ရုပ်ရည်ချောမော လှပသူ ဖြစ်လေရာ တစ်နှစ် ကိုးလ မျှ သူဌေးကတော် ဒေါ်မြကြီး ၏ အိမ် သို့ အဖော်အလှော် အဖြစ် နှင့် သွား၍ နေရုံမျှ နှင့် ထို ကားမျိုး ကို စီးရသော ကတော် တစ်ယောက် ၏အခြေအနေ မျိုး ကို ရနိုင်ကြောင်း ကောင်းစွာ သိလေ၏ ။
သူဌေးကတော် ဒေါ်မြကြီး က လည်း မထွေး ကို လွန်စွာ ချစ်ခင်သနား သဖြင့် အဆက်အနွယ် များစွာ ရှိသော မိမိ ၏ အစွမ်းကို အားပြုကာ မထွေး အား အနည်းဆုံး ဘိလပ်သား အိုင်စီအက်ကတော် ဖြစ်အောင် ပင် မတတ်နိုင်စေကာမူ အံဂလိုအင်ဒီယန် ရာဇဝတ် သစ်တောယဇ်မျိုး ၊ မီးရထား ၊ ကုန်တိုက်မန်နေဂျာ အမျိုးအစား တစ်ယောက်ယောက် နှင့် နေရာတကျ ဖြစ်အောင် ချီးမြှောက်နိုင်မည် ဟု ယုံကြည်လေ၏ ။ မထွေး ၏ ရုပ်ရည် ကို ထောက်လိုက်လျှင် လည်း သူဌေးကတော်ကြီး မှာ ထို အရေးမျိုး ၌ မိမိ ၏သြဇာတန်ခိုး ကို အစွမ်းကုန် သုံးရန် လိုမည် မဟုတ်ပေ ။ သို့သော်လည်း သူဌေးကတော် ဒေါ်မြကြီး မှာ ကု,လားသူဌေး ကတော်ကြီး ဖြစ်ရာ ၄ င်းကု,လားသူဌေးကြီး မှာ အင်္ဂလိပ် အဝတ်အစား အင်္ဂလိပ် အနေမျိုး နှင့် နေသူ ဖြစ်ရကား မစ်ဆက်စ် - စတီဗင်ဆင် ခေါ်သော နာမည် ကို ရသဖြင့် ဘိလပ်သားသူဌေး ကတော်ကြီး ဟု လင်ယောက်ျား သူဌေးကြီး ကို မမြင်ကြရသူများ က မှတ်ထင်ကြလေ၏ ။ မထွေး ကိုယ်တိုင် က လည်း ထို့အတူ မှတ်ထင်လေ၏ ။ ဒေါ်မြကြီး နှင့် သိခြင်းမှာ ဘော်လီချုပ်၍ ပေးရာမှ စခြင်း ဖြစ်လေ၏ ။ မစ်ဆက်စ် - စတီဗင်ဆင် သည် မထွေး နှင့် သိကတည်းက တူမကလေး သဖွယ် စိတ်ဝယ် ပိုက်ကာ မိမိ ကဲ့သို့ ဖြစ်စေချင်သော စေတနာ ရှိသဖြင့် တူမ ရယ် အဒေါ် အိမ်မှာ တူမသားချင်း လို တစ်နှစ် ကိုးလ လာပြီး နေမယ် ဆိုရင် တူမ လို ရုပ်မျိုး အဖိုးတန်ပေါ့ ဟူသော စကား ကို မကြာမကြာ တွေ့တိုင်း လိုလို ပြောလေ၏ ။ သို့သော်လည်း အစ်မ ဖြစ်သူမှာ ချက်ပြုတ်လျှော်ဖွပ် ဖို့ မှ တပါး တစ်စုံတစ်ရာ ကိုမျှ မသိနားမလည် သဖြင့် လူမမာ မိခင် ကို ၄င်း နှင့် စိတ်ချ၍ မထားရစ်နိုင်သည့် အတွက် အောင့်၍ နေရခြင်း ဖြစ်လေ၏ ။ သို့ဖြစ် လေရာ ဘာကိုမျှ ပင်ပင်ပန်းပန်း မလုပ်ရဘဲ လောကစည်းစိမ် ဖြစ်သော ကား စီးကာ အားကြီးခံ၍ နေကြသော မိန်းမပျိုတွေ ကို ကြည့်ကာ မိမိ ၏ ပင်ပန်းဆင်းရဲသောကံကြမ္မာ ကို သာ အပြစ်တင်၍ နေရရှာလေသတည်း ။
တစ်နေ့သ၌ သူဌေးကတော်ကြီး သည် မထွေး ထံ ရောက်လာပြီးလျှင် ပိုးတွန့်လုံချည် တစ်ထည် ကို အချုပ် ခိုင်းရင်း တူမရယ် အဒေါ် ပျင်းလွန်းလို့ ၊ တနင်္ဂနွေ နှစ်ပတ်လောက် လိုက် စမ်းပါလား ။ တူမ အမေ နဲ့ အစ်မ အတွက် စရိတ်ငွေကြေး တစ်လစာ လောက်တော့ အဒေါ် ပေးနိုင်ပါတယ် ။ အဒေါ့် မှာ လည်း လက်ဝတ်လက်စား ပစ္စည်း အပြင် ငွေသားတော့ များများ ထားလေ့ မရှိဘူး ။ အခုတော့ နှစ်သစ်ကူးပွဲ အတွက် အဒေါ် ဝယ်ချင်ခြမ်းချင် တာများ ဝယ်ဖို့ ၊ သူဌေးမင်း က ငွေသုံးရာ သွားရေစာဖိုး ပေးတာ အစိတ်သုံးဆယ်လောက် တော့ မျှနိုင်ပါတယ် ။ စိတ်ချရရော မဟုတ်လား ဟု ပြောလေ၏ ။
မထွေး မှာ သုံးနှစ်ကျော် ဤ စက်ခုံ ပေါ်မှာသာ နေခဲ့ရသူ ဖြစ်ရာ အားလပ်ခွင့်ကလေး ရသည် ကို လည်းကောင်း ၊ သူဌေးကတော်ကြီး နှင့် လိုက်၍ နေရမည့် နေရာမှာ သာယာသော ခြံကြီး ဖြစ်သည်ကို သိရသဖြင့် တစ်ကြောင်း ပျော်စရာ ကောင်းမှာပဲ သဘော ရလေ၏ ။ သို့သော်လည်း ငွေကြေး အတွက် စိတ်ချရရုံ နှင့် မိခင် လူမမာ ကို စွန့်၍ မသွားနိုင်ပေ ။
အင်မတန် လိုက်ချင်တာပဲ သူဌေးကတော် ရယ် ။ နို့ပေမယ့် ကျွန်မ အစ်မကြီး က ဘာမှ နားမလည်ဘူး ။ မတော်တဆ လူမမာ မှာ တစ်ခုခု ဖြစ်မှာ စိုးတာပဲ ။
အို - ဒါအတွက်လည်း ပူစရာ မရှိပါဘူး ။ အဒေါ်တို့ အမြဲ သုံးတဲ့ ဆရာဝန်ကြီး “ ဒေါက်တာ ဘသိန်း ” ရှိပါတယ် ။ အရေးရှိလို့ မကြင် လာခေါ်ရင် ဂရုစိုက်ဖို့ အဒေါ် မှာခဲ့ပါ့မယ် ။ မကြင် ကို သာ သေသေချာချာ ပြောထားခဲ့ဖို့ လိုတာပဲ ။
ဒီလိုဖြင့် အတိုင်းထက် အလွန်ပေါ့ သူဌေးကတော် ရယ် ။ အဒေါ့် ခြံ က ဘယ်မှာလဲ ။
သာယာဝတီ ဘက်မှာ ။ သူဌေးမင်း လည်း ဆင်သုံးကောင် ဟိုမှာ ပျောက်နေတယ် ကြားလို့ သွားတာ တစ်လနီးနီး ကြာပြီ ။ အခု လိုက်ခဲ့ရမယ် လို့ မှာလိုက်တာနဲ့ ။ အဒေါ် လည်း ခြံကြီး ထဲ မှာ တစ်ယောက် ထဲ ဆိုရင် ခြောက်ကပ်ကပ်ကြီး ဖြစ်နေမှာပဲ ။ တူမ ဘာမှ မယူခဲ့နဲ့ ။ အဝတ်အစား တောင် မပါရင် ကိစ္စ မရှိဘူး ။ အဒေါ့် မှာ ... ။
နောက်တစ်နေ့ မထွေး ၏ အိမ်ရှေ့သို့ ကြီးမားခန့်ညား သော ကားနီကြီး တစ်စီး ရောက်၍ လာလေ၏ ။ မထွေး လည်း သားရေသေတ္တာကလေး ကို ဆွဲကိုင်လျက် ဒရိုင်ဘာ ဖြစ်သူ အသင့် ဖွင့်၍ပေးသော တံခါးဖြင့် ကား ပေါ်သို့ ရောက်သွား ပြီးလျှင် အလွန် အကြူး အထူးသစ်လွင်လှပ နူးညံ့သိမ်မွေ့လှသော ပိုးဖဲကတ္တီပါ မှီအုံးများ ၏ အကြားသို့ ရောက်၍ သွားလေ၏ ။
ဪ - ဘာမှ မလုပ်ရသူများ မှာတော့ စည်းစိမ်လွန်စွာကြီးပါကလား ဟု တွေးမိလေ၏ ။
ကားကြီး သည် အသံ မထွက် ။ မြေပေါ်မှာ သွားသည် နှင့် လည်း မတူ ။ အထူး ညင်သာသဖြင့် လေယာဉ်ပျံ ကို စီးရသည် ဟု မှတ်ထင်ရလေ၏ ။
မကြာမီ သူဌေးကတော်ကြီး ၏ အိမ်သို့ ရောက်လေရာ ထို့နောက် တအောင့်လောက် ကြာလျှင် ပြည်လမ်းမကြီး သို့ ရောက် လေ၏ ။ မထွေး မှာ လောကစည်းစိမ် ဆိုတာ ဒါကိုး ဟု စဉ်းစားလေ၏ ။ အကြောင်းမူကား နံနက်စာ ကို တူဝရီးနှစ်ယောက် ကား ပေါ် ၌ စား၍ သွားကြရလေရာ မြိန်ယှက်ဖွယ်ရာသော အကြော်အလှော် တို့နှင့် အချိုအချဉ် တို့ အပြင် သူဌေးကတော်ကြီး က မရမက တိုက်တွန်းသဖြင့် ပွတ်တဝိုင်ကလေး တစ်ခွက် ကို လည်း သောက်ရလေရာ နံနက်ခင်း လေပြေကလေး က အေးအေး ။ စားစရာတွေ က မွှေးမွှေး ။ အသွေး ကို ကလိသော ဝိုင်ကလေး က ထွေးထွေးနွေးနွေး မို့ အဘယ် အခါမှာမျှ မတွေ့ရဘူးသော စည်းစိမ် ကို ခံစားရလေ၏ ။ ချိုချဉ်ခဲဖွယ် သစ်သီးများ မှာလည်း မြင်ရုံသာ မြင်ရ ။ အဘယ် အခါမျှ ဝဝလင်လင်နှု တ်ခမ်း မှာ မတင်ရဘူးသော အသီးများ ဖြစ်ကြလေ၏ ။ ကားကြီး မှာ အမြန်ကြီး မသွား ။ စီး၍ ငြိမ့်ရုံကလေး မျှ သွားလေ၏ ။ မထွေး မှာ တကယ် မဟုတ် တွေးခေါ် အိပ်မက် နေသလို ဖြစ်၍ နေလေသတည်း ။
ထိုနေ့ မွန်းမလွဲမီ သာယာဝတီမြို့ အနီး ရိပ်ငြိမ်သာယာ သော ခြံကြီး အတွင်း တစ်ဘက် တစ်ချက် ပန်းပင် ၊ ပန်းချုံတွေ ညှပ်လျက် ။ အကိုင်းအခက် တို့ဖြင့် ကား ၏ အမိုးကို သုတ်သင် လှဲသိုသော သစ်ပင်တို့ ၏ အကြား ဖြူး၍ နေသော ကျောက်လမ်း တစ်လျောက် ခမ်းနားသော တိုက်ခံအိမ်ကြီး ၏ ဆင်ဝင် အောက်သို့ ရောက်သွားလေ၏ ။
သို့ ရောက်သွားရာ ပထမ တွေ့ရသော သဏ္ဌာန်မှာ ဖားခုံညင်းကြီး ထိုင် ၍ နေသလို ကြိမ်ကုလားထိုင်ကြီး တစ်ခု ပေါ်၌ နောက်သို့ ခပ်လန်လန် ထိုင်လျက် မထွေး ကို ကြည့်၍ နေသော ကု,လားမည်းဗိုက်ပူ မစ္စတာစတီဗင်ဆင်ကြီး ဖြစ်လေရာ သူဌေးကတော် မှာ ညိုချော လုံးကြီးပေါက်လှ ၊ သူဌေးကြီး ကတော့ သူရဲကြီး မျှ မက ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလှပါကလား ။ ဪ ဒုက္ခ - ဒုက္ခ သူဌေးကတော်ကြီး ရယ် ခံရတဲ့ စည်းစိမ်ဟာ ဒီဟာကြီး စည်းစိမ်ပါကလားနော် ဟု တွေးကာ သူဌေးကတော်ကြီး ကို ချက်ခြင်း သနားမိလေ၏ ။ ဒါကြီးမျိုးနဲ့ ခံရတဲ့ စည်းစိမ် ဟာ အင်မတန်မှ မသက်မသာ ၊ မချိတရိ ခံရတဲ့ စည်းစိမ်မျိုး ဖြစ်မှာပါ ကလား ဟု တွေးမိလေ၏ ။
သူဌေးကြီး မှာ မျက်နှာ ၌ လည်း ဝီစကီဖူး ၊ ဘရန်ဒီငုံ ၊ ရှန်ပိန်သီး ၊ ဘာရညှောင့်ဇင်ပန်းပွင့်တွေ ပေါက်၍ နေလေရာ ဒဿဂီရိခေါင်းဆယ်လုံး နဲ့ ရာမမင်း တိုက်စဉ် ကများ ၄င်း သူဌေးကြီး ရာမမင်း ဘက် မှာ ပါရလျှင် ဒဿဂီရိ က အဖေ ခေါ် တုန်လှုပ် ကာ အော်၍ ပြေးရလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပါကလား ။ သူဌေးကတော်ကြီး ခမျာ မှာ စည်းစိမ်ခံ ဆိုတဲ့ စကား အတိုင်း ဆိုရင် သိပ်သနားစရာ ကောင်းမှာပဲ ဟု တွေးလေ၏ ။
ကု,လားသူဌေးကြီး က သူဌေးကတော် အား ဒါ ဘယ်သူလဲ ဟုမေးရာ ၊ သူဌေးကတော်ကြီး က အရင် ပြောတာလေ ဟု ပြောလေရာ သူဌေးကြီး က များစွာ သဘောကျပုံ နှင့် ပြုံးပြီး မထွေး အား ပြုံးရွှင်စွာ နှုတ်ဆက်၍ အိမ်ပေါ်သို့ တက်ကြရန် ပြောလေရာ အိမ်ပေါ် ကို တက်ကြရာ ၌ မထွေး က ဘာလဲ အဒေါ်ရဲ့ ။ အဒေါ် က ဘာပြောတာလဲ ။
သူဌေးကတော်ကြီး က ပြုံးလျက် ၊ အဒေါ် ပျင်းလို့ ဆိုတာ အလကား ပြောတာ ။ တူမ က ယုံသလား ။
ဟင် - အဒေါ် ကလည်း ပြောပါ အဒေါ်ရဲ့ ။ ပျင်းလို့ မဟုတ်ရင် ဘာလို့ ခေါ်တာလဲ ။
တူမ ကို အဒေါ်တို့ က ချစ်လို့ တမင် ... ဟု စကား မဆက်ဘဲ နေလေ၏ ။
မထွေး မှာ အစဉ်းစား ကြပ်လျက် အိမ်ပေါ်ထပ် အပြင်ခန်းကြီး မှာ ရပ်ကာ ပြန်၍ ဆင်းချင် သလို လုပ်၍ နေရာ သူဌေး ကတော်ကြီး က မထွေး ၏ လက်ကို ကိုင်ဆွဲပြီး သားနားစွာ ခင်းကျင်းပြင်ဆင်၍ ထားသော အခန်းကြီး တစ်ခု ထဲသို့ မထွေး ကို ခေါ်၍ သွားပြီး ဖြူစင်သော နှစ်ယောက်အိပ် ခုတင်ကြီး ကို ပြကာ ဒါ တူမတို့ ဖို့ အသင့်ပြင်ထားတာပဲ ဟု ပြောလေ၏ ။
အဒေါ် ဘယ့်နှယ်လဲ ။ ဟင့်အင် - မလုပ်ပါနဲ့ အဒေါ် ။ ကျွန်မ ပြန်ပါရစေ ဟု ငိုတော့မလို အသံ နှင့် ပြောလေ၏ ။
ထိုင်ပါ တူမရဲ့ ။ မကြောက်ပါနဲ့ ဟု ပြောရင်း ခုတင် ပေါ်မှာ ယှဉ်၍ ထိုင်ပြီး စကားဆက် ကာ အခု စီးလာတဲ့ ကား ဟာ တူမ တို့ ကားပါ ။ တစ်သောင်း ပေးရတယ် ။
အလို အဒေါ် ကလဲ ။ ရောက်ရောက်ချင်း ဘယ့်နှယ်တွေ ပြောနေတာလဲ ။
ဒင်နာတွေ ပြောတာပါ ။ ဟောဒါလ ည်း တူမ ပစ္စည်း တွေ ပဲ ဟုပြောကာ ခါး ထဲ မှ သေတ္တာကလေး တစ်ခု ကို ထုတ်ပြီး ဖွင့်၍ ပြလေ၏ ။ မထွေး မှာ အံ့သြလျက် နေလေ၏ ။ စိန်ရွှေလက်ဝတ် လက်စားများ သည် မထွေး ၏ မျက်နှာကို တက်၍ ဟတ်သလို ဖြစ်ရာ မထွေး သည် စိုက်ကြည့်ရာ မှ မျက်နှာ ကို မော့လျက် ဦးခေါင်း ကို ခါရင်း ဟင့်အင်း မလုပ်ပါနဲ့ အဒေါ် ။ ကျွန်မ ဒါတွေ မလိုချင်ဘူး ။ ပြန်ပို့ပါ အဒေါ် ။ ကျွန်မ မသိလို့ လိုက်လာတာပါဟု ငြင်းလေ၏ ။
ထိုအခိုက် တံခါးငယ် တစ်ခု ပွင့်ပြီး သားနားခံ့ညား အရပ်မြင့်မြင့် အသားဖြူဖြူ ယောက်ျားပျို အင်္ဂလိပ်ကပြား တစ်ယောက် ပေါ်၍ လာလေ၏ ။ ၄င်း သည် မထွေး ကို ပြုံးလျက် ကြည့်၍ နေလေ၏ ။ မထွေး မှာ ရှက်ကိုးရှက်ကန်း ဖြစ်ပြီး မျက်နှာ လွှဲလျက် ကျွန်မ ကို ပြန်ပို့ပါ ။ ပြန်ပါရစေ ။ ကျွန်မ ကို ဒါမျိုး ... ဟင့်အင်း - ဟင့်အင်း မလိုချင်ဘူး ဟု ပြောလေ၏ ။
ဒါ အဒေါ်တို့ မန်နေဂျာ ပါ ။ ဘင်္ဂလား က ရောက်တာ မကြာသေးဘူး ။ တူမ က ငြင်းရသေးသလား ။ အဒေါ် က တူမ ကို ချစ်လွန်းလို့ ။ နေရာ ချ ဖို့ ခေါ်လာတာ ။ တူမ ဖုတ်သွင်းရထား ဆိုက်တာ ။ မပြန်ရဘူး ဟု ပြောလေ၏ ။
မထွေး သည် ရပ်လျက် ပြုံးကာ ကြည့်နေသူ ကို လျင်မြန်စွာ ကြည့်လိုက်ရာ နှလုံးသွေး သည် ဒုန်းပြေး သလို ဖြစ်လေ၏ ။ အကြောင်းမူကား ချောမောခံ့ညားလျက် မိန်းမ ဟူသမျှ ၏ ရင် ကို တုန်လှုပ်စေလောက်သော ရုပ်မျိုး ဖြစ်လေ၏ ။ ဆံပင် မှာ ယိုးဒယား ပန်းခက် ပမာ ကွေ့လိမ်လျက် တောက်ပသော သွားများ သည် မထွေး ၏ နှလုံး ကို ချိတ်မိလေ၏ ။ သို့သော်လည်း ...
ကျွန်မ မြန်မာအမျိုးသား က လွဲရင် ဝေလမင်းသား တောင် မယူဘူး ။ ကျွန်မ ပြန်ပါရစေ ။
တူမ ကလည်း ကိုယ် ချမ်းသာ တာ မူလ ပါ ။ လောက မှာ ဂုဏ်အသရေ က လူမျိုး ထက် အရေးကြီးတာပါ ။ မြန်မာ က အင်္ဂလိပ် ထက် မြတ်သေးလို့လား ။
ကျွန်မ မြတ်တယ် ပြောတာ မဟုတ်ပါဘူး ။ အမျိုးသားချင်း တူတာကို သာ ယူမယ်လို့ အမြဲ စိတ်ကို ပိုင်းပြီးသားပါ ။ အဒေါ့် လူ ဟာ အင်္ဂလိပ်အစစ် နဲ့ လည်း မတူပါဘူး ။ ကပြား ပါ ။ မျိုးမစစ် ရင်လည်း သာပြီး ဆိုးတာပဲ ။ အင်္ဂလိပ်စစ်စစ် ဖြစ်ရင်လည်း တော်သေးရဲ့ ။ အဒေါ့် ကိုတော့ ကျေးဇူးတင်ပါတယ် ။ နို့ပေမယ့် ... ဟု ပြောပြီး ၄င်း လူ ဘက် ကို တစ်ဖန် ကြည့်လိုက်ရာ မမြင်ရတော့ပေ ။ ထိုအခါ သူဌေးကတော်ကြီး အား မိမိ ကို ပြန် ပို့ရန် ဆက်လက် တောင်းပန်လေ၏ ။ သူဌေးကတော်ကြီး သည် ကား အတန်တန် နားချ၍ မရသောအခါ စိတ်ဆိုး လျက် အခန်း ထဲ မှ လျင်မြန်စွာ ထွက်ပြီး တံခါး ကို နောက်ပြန် ပိတ်၍ အပြင် မှ သော့ခတ်၍ သွားလေ၏ ။
မထွေး သည် တံခါး ကို ပြေးလာ၍ တွန်းလေ၏ ။ အဒေါ် အဒေါ် သူဌေးကတော် ကျွန်မ ကို လွှတ်ပါ ။ ပြန် မပို့ချင် နေပါ ၊ ကျွန်မဘာသာ ပြန်ပါ့မယ် ။ လွှတ်ပါ ဟု တောင်းပန်လေ၏ ။
တောင်းပန် သော်လည်း အပြင်မှ ဘာသံမျှ မကြားရပေ ။ ထိုအခါ ဒေါသကြောင့် မျက်ရည်များ လည်လျက် တံခါး ကို ဦးခေါင်း နှင့်တိုးဝှေ့လေ၏ ။ မရသောအခါ ခုတင် ပေါ်သို့ ပြန်၍ ပြေးပြီး ခေါင်းအုံးများ ပေါ်၌ မျက်နှာ ကို မြှုပ်ကာ ငိုရှိုက်၍ နေလေ တော့သတည်း ။
အတန်ငယ် ကြာသောအခါ ပခုံး ကို တစ်စုံတစ်ယောက် လာ၍ ကိုင်သဖြင့် တံတောင် နှင့် တွက်ကာ သွား အနား ကို မလာနဲ့ “ ဒုန့် - ဒုန့် - အိုင် - အိုင်ဒုန့်ဝမ်း ” ဟု တုန်လှုပ်သော အသံ နှင့် ပြောရာ ကိုင်သူ သည် မထွေး ၏ ဦးခေါင်း ကို လက် နှစ်ဘက် နှင့် ယူပြီး မော်၍ ကြည့်အောင် လှည့်လိုက်ရာ မထွေး ၏ မျက်လုံးများ သည် မျက်တောင် မခတ်အားဘဲ နေလေ၏ ။ ဒေါသ သည် လွင့်စင်သော မုန်တိုင်းပမာ ပျောက်ကွယ် ပြီး လျှင် အတိုင်းမသိ သာယာသော ငြိမ်သက်ခြင်း သည် ညနေချမ်း နေခြည်ရောင် ကို ခံယူသည့် ပင်လယ်ပြင် ပမာ ချစ်စဖွယ် ချိုသာသော အဆင်းသည် အဘယ်အခါကမျှ မပေါ်ဘူးသော သဏ္ဌာန် ကို ဆောင်လျက် ပေါ်လာလေ၏ ။ အဘယ် အခါမျှ မကြုံစဖူးသော အချစ်သည် မထွေး ၏ ရင်ခွင်၌ သန္ဓေ တည်၍ လာလေ၏ ။ အကြောင်းမူကား မကြောက်ပါနဲ့ ကွယ် မင်း စိတ်ကို စမ်းတာပါ ။ ကျုပ် သူဌေးကတော်ကြီး ရဲ့ တူ အရင်း မြန်မာလူမျိုး အစစ် ။ အခုမှ ဘိလပ် က ပြန်လာတာပါ ဟု ပြောသော ယောက်ျားပျို ၏ အသံ နှင့် မျက်နှာထား သည် မထွေး ၏ တစ်သက်မှာ တစ်ကြိမ်တစ်ခါ မျှ မမြင်ရ မကြားရ ။ အတိုင်းမသိ ကျက်သရေ ရှိလှပေသတည်း ။
ရှင်- ကိုဘရွှေ ဆိုတာလား ဟု မထွေး က မေးလေရာ ယောက်ျားပျို က အစစ်ပါပဲ နှမရယ် ။ နှမ အကြော င်းကို အဒေါ် က ရုပ်လှကြောင်း သာ ပြောပါတယ် ။ အခုလို အဖိုးတန်တဲ့ စိတ် ရှိကြောင်း ၊ အခုမှ သိရလို့ မသိသူ တစ်စုံတစ်ယောက် ၏ လက် ရောက်သွားမှာ အင်မတန် စိုးသည့် အတွက် အမြဲ စောင့်ရှောက်ဖို့ အခွင့် ကို ရမယ် ဆိုရင် ကမ္ဘာ ပေါ်မှာ ဒီ ဆရာထက် ကံထူးသူ ရှိမှာ မဟုတ်ဘူးလို့ ထင်ပါတယ် နှမရယ် ။ မျှော်လင့်သူ ရဲ့ ကံ ကြမ္မာ ဟာ နှမ ၏ လက်ခုပ် ထဲမှာ ရှိတော့တာပါပဲ ဟု ပြောရင်း ဒူးတစ်ဘက် ထောက်ကာ မထွေး ၏ ဒူးများကို လက်တစ်ဘက် နှင့် သိမ်းဖက်လိုက်လေရာ မထွေး သည် ၄င်း ၏ မျက်နှာ ကို စဉ်းစဉ်းစားစား ကြည့်၍ နေရာမှ မှိုင်းညိုသော ကောင်းကင် မှာ နေခြည်ရောင် ဝင်၍ လာပြီးလျှင် မယုံမကြည် သလို ပြုံး၍ နေလေသတည်း ။
နှမ မယုံဘူးလား ။ ယုံပါ နှမရယ် ။ သူဌေးကြီးနဲ့ သူဌေးကတော်တို့ မှာ ရှိတဲ့ ပစ္စည်း မှန်သမျှ၏ အမွေခံ ဒီ တစ်ယောက် ပဲ ရှိပါတယ် ။
လူ ထက် ပစ္စည်း က အဖိုးတန်သေးသလား ဟု လေသံကလေး နှင့် ပြန်၍ ပြောလိုက်လေ၏ ။
ဖြုန်းခနဲ တံခါး ပွင့်၍ လာကာ သူဌေးကတော်ကြီး ပေါ်လာ ပြီးလျှင် မထွေး ကို ကြည့်ကာ ပြန်ချင်ရင် ပြန်ပါ ။ မတားတော့ပါဘူး ။ ခုချက်ခြင်းပဲ သွားသွား အရေးမကြီးဘူး ဟု စိတ်ဆိုးဟန် နှင့် ပြောလေ၏ ။
ဟုတ်လား- ပြန်ချင်သေးသလား ဟု ယောက်ျားပျို က မေးလေ၏ ။
ဒီလောက်တောင် နှင်ရင် ပြန်ပါ့မယ် ဟု ပြောကာ မထွေး သည် အခန်း ထဲမှ ထွက်လေရာ သူဌေးကတော်ကြီး က ဘရွှေ နင့် ဟာ နင်ပဲ ပို့လိုက် ဟု ပြောလေ၏ ။
မကြာမီ ဘရွှေ နှင့် မထွေး သည် ကားနီကြီး နှင့် ရန်ကုန် ဘက်သို့ ပြန်၍ လာလေရာ နေ့လယ်စာ ကို လမ်း မှာပင် စားကြရာ၌ နှစ်ယောက်စလုံး ပွတ်တဝိုင်တွေ ကို အများကြီး သောက်မိသော ကြောင့် လမ်းမှား ကာ ငဖြူကလေး ကွမ်းခြံကြီး တစ်ခု ထဲသို့ ရောက်၍ သွားကြပြီး နောက်တစ်နေ့ မှ ရန်ကုန် သို့ နှစ်ယောက်သား ပြန်၍ ရောက်ကြလေတော့သတည်း ။
▢ ပီမိုးနင်း
📖ရုပ်ရှင်လမ်းညွှန် ဂျာနယ်
အတွဲ ၂ ၊ အမှတ် ၇ဝ
၁ ၊ ဖေဖော်ဝါရီ ၊ ၁၉၃၅
No comments:
Post a Comment