Saturday, June 7, 2025

ရှားပါးလှသော မြန်မာလူမျိုး နှစ်ယောက်


 ❝ ရှားပါးလှသော မြန်မာလူမျိုး နှစ်ယောက် ❞

     ( မောင်ကိုယု )


ပျင်းပျင်း ရှိသည် နှင့် ကျောင်းပိတ်ရက် တစ်ရက် တွင် အစ်မ အိမ် သို့ အလည်သွား မိပါသည် ။ ကိုရင်မောင် အဖို့ ငါးပါးမှောက်ကိန်း နှင့် ကြုံရလေတော့သည် ။


စကားလက်ဆုံ ကျစရာ ယောက်ဖ လုပ်သူ ကလည်း တာဝန် နှင့် ဖောင်ကြီး ဘက် သို့ သွားနေ သဖြင့် သူ့ကလေး ဒါဇင်ဝက် တဝုန်းဝုန်း ဆော့ နေကြသည် ကို မျက်စိ နောက်စရာ ထိုင် ကြည့်ရင်း အပျင်းဖြေ နေရ၏ ။ 


များမကြာမီပင် အစ်မ ၏ ယမ်းပုံမီးကျပွဲကြီး စပါတော့သည် ။


“ ဟောဒီမှာဟေ့ ၊ ပန်းကန်ကွဲ ကို ကြောင်အိမ် အောက် ထိုးထားတယ် ၊ ဒါ ဘယ်သူ့လက်ချက်လဲ ”


အစ်မ ၏ အသံကြောင့် ကျွမ်းထိုးမှောက်ခုံ အုန်းအုန်းကျွက်ကျွက် ညံ အောင် ဆူညံ နေသော ကလေးတစ်အုပ် ၏ ကစားပွဲတော်ကြီး ငြိမ်ကျသွား၏ ။ တိတ်ဆိတ် သွားသည် ။


အားလုံး ကိုယ်စီကိုယ်ငှ ကစားလက်စတန်းလန်း နေရာ မှ မလှုပ်ရှားကြဘဲ မျက်လုံးကလေးများ အကြောင်သား နှင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် နေကြ၏ ။


အစ်မ သည် မီးဖိုဝ မှ နေ၍ ခါးထောက် ကာ အားလုံး၏ မျက်လုံးအစုံများ ကို စူးစမ်းသလို လိုက်လံ ကြည့်ရှုနေ၏ ။


“ သား သိတယ် ၊ သား သိဟယ် ၊ ဒါ ဘယ်သူ ခွဲလဲ ဆိုတာ သားသိ .. ” 


ဝင်းသန်း သည် စားပွဲ ပေါ်မှာ ကာတွန်းရုပ် ညှပ် နေရာ မှ ရုတ်တရက် ထ အော်လိုက်ရင်း စကားလက်စမသတ်ဘဲ ပါးစပ် ဟလျက် ရပ်သွား၏ ။ ပြီးတော့ သမီးလတ် မာမာ ကို ရေချိုး ပေးရန် အင်္ကျီချွတ် ပေးနေသော စိန်စိန် ထံ သို့ လှည့် ကြည့် လိုက်၏ ။ စိန်စိန် သည် တုန်လှုပ်စွာ မျက်လုံးအကြောင်သား နှင့် ဝင်းသန်း  အား လှည့် ကြည့်နေ၏ ။


အခြင်းအရာ အားလုံးတို့၏ အခြေအနေ ကို ကိုရင်မောင် လည်း လှမ်း မြင်ရသည် ။ 


အစ်မ လည်း တွေ့လိုက်ဟန် တူပါ၏ ။ ဝင်းသန်း သည် ပန်းကန်ကွဲ အမှု ၏ လျှို့ဝှက်ချက် ကို သူ သိသည့် အတွက် ဂုဏ်ယူလိုသော စိတ်ဖြင့် လှမ်း အော်လိုက် ၏ ။ နောက် အော်လျက် တန်းလန်း စိန်စိန့် ကို လှမ်း မြင်လိုက်ရပြီး ရပ်သွား၏ ။ အသံ ဆက် ထွက် မလာတော့ ။ ငုံ့ ၍ ကာတွန်း ညှပ်မြဲ ညှပ် နေလိုက်၏ ။


စိန်စိန် က မာမာ ကို ရေချိုးခန်း ထဲသို့ ကမန်းကတန်း ခေါ်သွား သဖြင့် .. 


“ ဝင်းသန်း ... လာဦး ၊ ဒီကို ”


အစ်မ ၏ အသံ ရုတ်တရက်  ထွက်ပေါ် လာသောအခါ ဝင်းသန်း သည် တစ်ကိုယ်လုံး တုန် သွားသည် ။


ထို့နောက် ကတ်ကြေး ကို အသာချ၍ စားပွဲ ပေါ်မှ ဆင်း ကာ အမေ လုပ်သူ ၏ ရှေ့သို့ မျက်လုံးကလေး ကလယ်ကလယ် ဖြင့် သွားရပ်လိုက်၏ ။ 


“ ကဲ ... သိရင် ပြောစမ်း ၊ ဘယ်သူ ခွဲပြီး ကြောင်အိမ် အောက် ထိုးထားတာလဲ ”


ဝင်းသန်း ထံ မှ ဖြေသံ မကြားရချေ ။


“ ပြောဆို ပြောလေ ၊ ပန်းကန် ဘယ်လောက် ရှားသလဲ သိရဲ့လား ၊ ပန်းကန် တစ်ချပ် ရဖို့ ဘယ်လောက် ခက်သလဲ ၊ နားလည်ရဲ့လား ၊ ကြည့်စမ်း ခွဲလည်း ခွဲသေး တယ် ။ ကိုယ့် အပြစ် ကို ဖုံးပြီး တိတ်တိတ် အောက် ထဲ ထိုးထားတယ် ။ ဒါ ဘယ်သူ့ လက်ချက် လည်း ဆိုတာ ပြောလေ ၊ နင် သိရင် .. ” 


ဝင်းသန်း သည် သူ့ အမေ ကို မော့ကြည့် လျက် မျက်ရည်ဝိုင်း နေ၏ ။ 


“ သား မသိတော့ဘူး မေမေ ”


“ ဟင် ခုနက နင် သိတယ်ဆို ”


အစ်မ သည် ဝင်းသန်း ၏ ဘူး ကွယ်လိုက်ခြင်း ကြောင့် ပို၍ ယမ်းပုံမီးကျ သွား၏ ။


“ ဒီလို ဗလောင်းဗလဲ လုပ်တာ ငါ သိပ်မုန်းတာပဲ ၊ လူကြီး ကို အရူးလုပ် တာ ၊ ဒါမျိုးကို ပေါ်အောင် စစ်ရမယ် ”


အစ်မ သည် ပြောပြောဆိုဆို ဗီရို ပေါ် အသင့် တင်ထားသော လက်သုံးတော် ကြိမ်လုံး ကို လှမ်း ဆွဲလိုက်၏ ။


“ ကဲ ... သိသလား ၊ မသိဘူးလား ဟယ် ၊ ပြောစမ်းပြောစမ်း ” 


ဝင်းသန်း ၏ ကျောပေါ်သို့ ကြိမ်ချက် လေးငါးချက် ဆင့် ရောက်လာ၏ ။ 


“ အမလေး အမေရယ် ကြောက်ပါပြီ ။ သား သိပါတယ် ။ သား သိပါတယ် အမေ ရဲ့ ”


ကျောကလေး ကို ပွတ်ကာပွတ်ကာ နောက်ဆုံး အော်ရင်း ဝန်ခံချက် ပေးနေသဖြင့် အောင်ပွဲ တစ်ဆင့် ရပြီ ဖြစ်သော အစ်မ သည် ရိုက်ချက် နားလိုက်၏ ။ 


“ ဒါဖြင့် ဘယ်သူလဲ ပြောစမ်း ”


“ သား မပြောချင်ဘူး မေမေ ၊ ဟင့်အင်း သား မပြောဘူး “ 


“ ကဲဟယ် .. မပြောနဲဦး ၊ အာခံဦး ”


ကြိမ်ချက် တဝှီးဝှီး ကြား မှ လူးကာလှိမ့်ကာ ခံနေရ ရှာသော တူတော်မောင် နှင့် သဲကြီးမဲကြီး ရိုက်နေသော အစ်မတို့ ၏ တိုက်ပွဲကို ကိုရင်မောင် သည် ပွဲကြည့် ကောင်းကောင်း ရှိဘိ သကဲ့သို့ ပက်လက်ကု,လားထိုင် ပေါ်မှ ဆေးလိပ် သောက် မပျက် ကြည့်နေလိုက်၏ ။


ထ၍ ဆွဲရန်လည်း စိတ် မကူးမိ ။ ရိုက်သူ နှင့် ခံသူ တို့၏ ဇွဲနှစ်ရပ် ကို အနိုင် အရှုံး အကဲခတ် နေဘိ သကဲ့သို့ ဇိမ် နှင့် ကြည့်နေလိုက်၏ ။


အစ်မ သည် ရိုက်ရင်း မေး၏ ။ မေးရင်း ရိုက်၏ ။ သားတော်မောင် ကား အရှိုးပြိုင်းပြိုင်း ထ နေသည် တိုင်အောင် ငိုလျက် ခေါင်းခါလျက်သာ ဇွဲနှင့် ခံနေတော့ ၏ ။


အမေ လုပ်သူ က မော လည်းမော ၊ သား ကို လည်း သနားလာဟန် တူ၏ ။ သို့သော် မိခင်တို့ ၏ ဩဇာမာန် ကလည်း အကျခံလာချင်ပုံ မရသဖြင့် ကိုရင်မောင် အား ကြား က ဝင် ဆွဲလို ဆွဲငြား လှမ်း ကြည့်လိုက်၏ ။


ကိုရင်မောင်က မူ ပခုံး တွန့်ပြလိုက်ရင်း တုတ်တုတ်မျှ မလှုပ်ရှားဘဲ နေပြလိုက်သည် ။


ရေချိုးခန်း က မာမာ့ ကို လက်ဆွဲပြီး ပြေးထွက် လာသော စိန်စိန် ခမျာ သည်းမခံနိုင်တော့ဘဲ ဝင်းသန်း ကို ပြေးဖက်၍ ကာထားလိုက်ရင်း .. 


“ ကျွန်မ ခွဲတာပါ မမ ၊ ကျွန်မ ခွဲတာပါ ။ သူ့ ကို မပြောဖို့ ကျွန်မ တောင်းပန် ထားတာပါ ” 


ဟု ပြောကာ ဝင်းသန်း အား ဖက်လျက် ငိုချ လိုက်တော့ သည် ။


ဤတွင် အစ်မ လည်း အကြောင်းပြ ကောင်းကောင်းဖြင့် ရိုက်ပွဲ ကို ရပ်လိုက်လေတော့ပြီး စိန်စိန် ကို ဆက်လက်၍ မြည်တွန်တောက်တီး နေပြန်သည် ။ 


မာမာ သည် ဗီရိုထဲ မှ အဝတ်အစားများ ကို မမီမကမ်း လှမ်းဆွဲ နေသဖြင့် အစ်မ က အင်္ကျီတစ်ထည် လှမ်း ထုတ်ပြီး ဝတ်ပေးမည် အပြုတွင် ... 


“ ဟင့်အင်း .. ဒီအင်္ကျီ မဝတ်ချင်ဘူး ၊ ဟို အင်္ကျီအပြာ ပဲ ဝတ်မယ် ” 


ဟု သမီး လုပ်သူက ငြင်းဆန် နေပြန်သည် ။ 


ဒေါသရှိန် မပြေသေးသော အစ်မ သည် တစ်ခါ ပြန်ပြီး ပေါက်ကွဲပြန်ကာ ...


“ အောင်မာ လာပြန်ပြီ တစ်ယောက် ၊ လူကြီး လုပ်ပေးသမျှ မခံဘူး ။ တုတ်တောင်း နေပြန်ပြီ .. ဟုတ်လား ” ဟု ပြောရင်း ဇွတ် ဝတ်ပေး၏ ။ မိမာ သည် ခေါင်းခါရင်း မဝတ်ဘဲ ပေရပ် နေပြန်သည် ။


“ ကဲ ... မဝတ်ဘူးလား ၊ ဝတ်မလား ဒါပဲပြော ”


“ အပြာပဲ ဝတ်မယ် ” 


ရိုက်ပွဲကြီး ပြန်စပြန်သည် ။


မည်မျှ ကြာသွားသည် မသိ ။


အစ်မ သည် မောလွန်း သဖြင့် ကု,လားထိုင် ပေါ် ခြေပစ်လက်ပစ် ထိုင် ချကာ တတွတ်တွတ် ရွတ်နေ၏ ။ ကြိမ်လုံးကား အမြွာမြွာ ဖြစ်သွား၏ ။


မာမာ သည် သူ ဝတ်ချင် သော အင်္ကျီအပြာလေး နှင့်ပင် အခန်းထောင့် ၌ စိန်စိန် ပေါင် ပေါ်တွင် တရှုပ်ရှုပ် ငိုနေ၏ ။ ဝင်းသန်း လည်း စိန်စိန် ပေါင်ပေါ် တွင် တစ်ချက် တစ်ချက် ရှိုက်သံပြုလျက် စိန်စိန် အနားတွင် ထိုင်ရင်း မျက်ရည် သုတ် နေတော့

သည် ။


အစ်မ ၏ သားသမီး မာန်ချိုးပွဲကြီး ကား အရှုံး နှင့် လက်စသတ်ရ လေတော့သည် ။


••••• ••••• ••••• 


ကိုရင်မောင် သည် ကလေး နှစ်ယောက် ကို တစ်ဘက် တစ်ချက် ဆွဲကာ ရှာမီးဆိုင် တွင်း သို့ အခန့်သား ဝင်သွားကာ ရေခဲမုန့် သုံးခွက် မှာလိုက်၏ ။ 


ဝင်းသန်း နှင့် အမာ သည် မျက်ရည်ကြောင်းများ နှင့်ပင် တရှုပ်ရှုပ် ငိုရင်း ရေခဲမုန့် ကို ပလုပ်ပလောင်း စားနေကြ၏ ။ 


ဤသည်ကို ကြည့်၍ ကိုရင်မောင် သည် ပီတိ ဖြစ်နေ၏ ။ 


ကိတ်မုန့်များ ကို တစ်ခုစီ မောင်နှမ နှစ်ယောက် လှမ်းပေးရင်း ...


“ ဒါလည်း စားကြဦးကွာ ၊ ဝအောင် သာ စား ၊ လေးလေး က သားတို့ ကို ချီးကျူးပွဲ လုပ်နေတာ ၊ မင်းတို့ တော်တယ် ၊ စိတ်ဓာတ် ခိုင်မာတယ် ကြားလား ”


ဝင်းသန်း က ကိတ်မုန့် ကို လှမ်းယူရင်း နားလည် သလိုလို နှင့် ခေါင်း ညိတ်ပြ၏ ။ မိမာ ကမူ မျက်လုံးလေး အဝိုင်းသား နှင့် ကိုရင်မောင်အား မော်ကြည့်နေ၏ ။


သကြားလုံးထုပ် ကိုယ်စီပိုက်၍ သူတို့ အိမ် ကို ပြန် ပို့ပြီးနောက် ကိုရင်မောင် မှာ ပေါ့ပါး သွက်လက်စွာ ကိုယ့်အိမ် ကိုယ့်ယာ သို့ ပြန်ခဲ့လေသည် ။


သူ့ အဖို့ ယနေ့တွင် ရှားပါးလှသော မြန်မာလူမျိုး နှစ်ယောက် အား ဂုဏ်ပြုလိုက်ရသဖြင့် ကျေနပ်ခြင်း ၊ ဝမ်းမြောက်ခြင်း ၊ ရွှင်လန်းခြင်း ရှိဘိတော့သည် ။


မောင်ကိုယု

ဖြူနီညိုပြာ မဂ္ဂဇင်း

၁၉၇ဝ ခုနှစ် ၊ ဖေဖော်ဝါရီလ 

No comments:

Post a Comment