❝ ဈေးချိုထမင်းဆိုင် ❞
မန္တလေး ဈေးချိုတော် အလယ်ပေါက်ထိပ် က စန်းစန်းဝေ ၊ မြန်မာထမင်းဆိုင် ကို ကျွန်တော် ရောက်သွားတာက လူတွေ နေ့လယ်စာ စားချိန်ဖြစ်နေတယ် ။
ဆိုင်ထဲမှာ စားပွဲဝိုင်းတိုင်း ထမင်း ထိုင်စားသူ အပြည့် ။ ဆိုင်ရှေ့ပိုင်း က ထမင်းဟင်း ထည့်တဲ့ မှန်ကောင်တာ ဘေးမှာ လည်း ပါဆယ်ဆွဲသူ အပြည့် ။ ပါဆယ် လာဆွဲသူ အများစုက အမျိုးသမီးငယ်လေးတွေ ဖြစ်ပြီး လုပ်ငန်းခွင် ဝတ်စုံတွေ ဝတ်ထားတာ တွေ့ရတယ် ။ တစ်ရာဖိုး ၊ နှစ်ရာဖိုး ၊ သုံးလေးရာဖိုး ဟင်းထုပ်ကလေးတွေ ဆွဲပြီး ပြန်ထွက်သူက ထွက်ခွာသွား ၊ နောက်ထပ် ရောက်လာသူက မှန်ကောင်တာ ထဲက ဟင်းခွက်တွေကို ကြည့်ရှု ရွေးချယ်ပြီး ဝယ် ။
ဒေါ်စန်းစန်းဝေ က ဇယ်ဆက်သလို ဟင်းတွေကို ပလတ်စတစ်အိတ်ထဲ ခပ်ထည့်ပေးနေတယ် ။ သူ့ နောက်က စားပွဲ မှာတော့ ဒေါ်စန်းစန်းဝေ ရဲ့ ခင်ပွန်း ဦးကြွယ်တင် က ငွေကိုင် လုပ်တယ် ။ သူတို့ ဇနီးမောင်နှံ က မောင်တစ်ထမ်း မယ် တစ်ရွက် အလုပ်လုပ်တဲ့ ပုံစံ ပေါ်လွင်နေတယ် ။
ထမင်းဆိုင်မှာ ငါးဟင်း ၊ ပဲကြီးနှပ် ၊ ခရမ်းချဉ်သီး ပန်ထွေဖျော် နဲ့ ကျွန်တော် နေ့လယ်စာ စားတယ် ။ ဧည့်သည်ပါးမယ့် အချိန်တစ်ချိန် မှာ ကျွန်တော် နောက်တစ်ခေါက် ထပ်လာပြီး စကားစမြည် ပြောဖို့ခွင့်တောင်းတယ် ။
ညနေ ၃းဝဝ နာရီ ကျွန်တော် နောက် တစ်ခေါက် ထပ် ရောက်တော့ ဆိုင်ထဲမှာ ဧည့်သည် မရှိတော့ဘူး ။ ဈေး ထဲ မှာ ထမင်းဆိုင် ဖွင့်တဲ့ သူ့ ဘဝကို ကျွန်တော် စိတ်ဝင်စား လို့ ပြောပြဖို့ မေတ္တာရပ်ခံတော့ ဒေါ်စန်းစန်းဝေ ( ယခု အသက် ၄၉ နှစ် ) က လက်ခံတယ် ။ သူ့ခင်ပွန်း လည်း အတူ ဝင်ထိုင်ပါတယ် ။ စကားဝိုင်း အစ မှာတော့ သူ့ရဲ့ ငယ်ဘဝပေါ့ ။
ဒေါ်စန်းစန်းဝေ က မန္တလေးသူ မို့ စကားပြောတဲ့ အခါ သူ့ ကိုယ်သူ ကျွန်တော် ဆိုတဲ့ နာမ်စားနဲ့ သုံးနှုန်းတယ် ။
“ ကျွန်တော့်ကို မန္တလေးဈေးချို ဒီဆိုင်မှာ ပဲ မွေးတယ် ။ အဖေတို့ က လူသုံးကုန် ပစ္စည်းတွေ ၊ ဆီတို့ ၊ ဘာတို့ ရောင်းတာ ။ ဒီနေရာ က အရင်က မိဘတွေ ရဲ့ဘိုးဘွားပိုင် ။ ကျွန်တော်တို့ ဆယ်တန်းနှစ် အရောက်မှာ ဈေးဧရိယာအဖြစ် သတ်မှတ် လိုက်တာ ”
သူတို့ဆိုင် နေရာက တစ်ခေတ်တစ်ခါ မန္တလေးဈေးချိုတော် ပြင် မဆောက် ခင်က ဈေးချိုတော် အလယ်ပေါက် နေရာ နဲ့ ခဲတစ်ပစ်စာပဲ ဝေးတယ် ။ ဈေးရုံ အနောက်ဘက် ကပ်လျက် ။
“ ညနေ ဈေးပိတ်လို့ ဈေးသည်တွေ ပြန် သွားပြီ ဆိုရင် ဈေးဝန်ထောက် အိမ်ရယ် ၊ ကျွန်တော်တို့ အိမ်ရယ်ပဲ ရှိတယ် ၊ ဈေးပိတ်ချိန်ဆိုရင် ဈေးချို အလယ်ပေါက်ကြီး ဘေး မှာ ကျွန်တော်တို့ ကလေးတွေ ကစားကြတာ ”
“ ကျောင်းနေတော့ကော ”
“ အမှတ် - ၁၇ အထက်တန်း မှာ နေတယ် ။ ကျောင်းက ယခု မျက်စိနားနှာခေါင်း လည်ချောင်းဆေးရုံ နေရာပေါ့ ။ ဆေးရုံလုပ်ဖို့ ကျွန်တော်တို့ ကျောင်းကို နန်းရှေ့ ရွှေ့လိုက်တယ် ။ ကျောင်းက နန်းရှေ့ ပြောင်း သွားတော့ သုံးတန်း မှာ အမှတ် - ၈ အထက်တန်းကျောင်း ကို ပြောင်းနေတယ် ။ အိမ် နဲ့ကျောင်း က နီးတော့ ခြေကျင်ပဲ ကျောင်းတက် ခဲ့တာ ”
“ ဒေါ်စန်းစန်းဝေ နေထိုင် ကြီးပြင်းခဲ့တာ က ဈေးပတ်ဝန်းကျင် ၊ မိဘ ကလည်း ဈေးသမားတွေ ၊ ငယ်ငယ်က မုန့်ဖိုး ကို သတ်သတ် ပေးသလား ၊ မိဘဆိုင် ပိုက်ဆံ သေတ္တာ ထဲ က နှိုက်သုံးရတာပဲလား ”
“ မိဘတွေ က စည်းကမ်း ကောင်းတယ် ။ မုန့်ဖိုး ကို သတ်သတ်ပေးတာ ။ ပြားခေတ်ကို မီသေးတယ် ။ တစ်တန်း ၊ နှစ်တန်းတုန်းက ကိုယ်တိုင် ပိုက်ဆံကိုင် မသုံး ရဘူး ။ အစ်မတွေ က နေ့လယ်ပိုင်း မှာ မုန့်ဝယ်ကျွေးတယ် ။ သုံးတန်း ရောက်တော့ တစ်နေ့ တစ်မတ် ( ၂၅ ပြား ) လောက်ရတယ် ”
“ ဘယ်နှတန်း အထိ ကျောင်း နေခဲ့သလဲ ”
“ ကျောင်းက ဆယ်တန်း နဲ့ထွက်တာ ။ အမျိုးသား က ဆရာဦးသန်းညွန့် ကျူရှင် မှာ အလုပ်လုပ် နေတာ ။ ကျွန်တော် က ကျူရှင် တက်ရင်း သူ နဲ့ တွေ့ပြီး အိမ်ထောင်ကျတာ ”
“ အိမ်ထောင်ကျတော့ စီးပွားခွဲသလား ၊ မိဘ အလုပ်ပဲ တွဲလုပ်သလား ”
“ အိမ်ထောင်ကျပြီး တစ်လ ၊ နှစ်လလောက် အတွင်းမှာပဲ မိဘ က ဆိုင်ခန်း ခွဲပေးတယ် ။ မိဘတွေ မှာ ဆိုင်ခန်း သုံးခန်းရှိတယ် ။ ဟိုတစ်ဖက် က အခန်းကို အစ်မ ကို ပေးတယ် ။ အလယ်ခန်းကို ကျွန်တော့် ပေးတယ် ။ နောက် တစ်ခန်းကို အစ်ကို့ ကို ပေးတယ် ။ အစ်ကို နဲ့ အစ်မ တို့ ဆုံးသွားပြီ ။ အဖေ ဆုံး တာလည်း ခြောက်နှစ်ရှိပြီ ။ အဖေ က ၉၄ နှစ် အရွယ် မှာ ဆုံးတယ် ။ အမေ က လွန်ခဲ့တဲ့ နှစ်၂၀ ကျော် က ၆၂ နှစ် မှာ ဆုံးတယ် ”
“ မွေးချင်း ဘယ်နှယောက် ရှိသလဲ ”
“ မွေးချင်း ရှစ်ယောက် မှာ ကျွန်တော် က အငယ်ဆုံး ။ အစ်ကို သုံးယောက် ၊ အစ်မ လေးယောက် ရှိတာ ။ ယခုတော့ ကျွန်တော် အပါအဝင် မောင်နှမ လေးယောက် ပဲ ကျန်တော့တယ် ။ အစ်ကို တစ်ယောက် က ဆရာဝန် ၊ လန်ဒန် မှာ နေတယ် ။ အစ်မ တစ်ယောက် က လည်း လန်ဒန် မှာ ပဲ နေတယ် ။ သူ့ အမျိုးသား က ဆရာဝန် ။ အစ်ကို တစ်ယောက် ကတော့ ရန်ကုန် မှာ ။ ကျွန်တော်တို့ မှာ သမီး တစ်ယောက် ၊ သား တစ်ယောက် ရှိတယ် ။ သမီးလေး က လန်ဒန် မှာ ဆေးကျောင်းတက်နေတယ် ။ သားလေး က စင်ကာပူ မှာ အင်ဖော်မက်တစ် တက်နေတယ် ။ အစ်ကိုတွေ က ထား ပေးတာပါ ”
ဆိုင်ခန်းလေး ထဲ ကနေ ကမ္ဘာထဲ ဖြန့်ကြက် ထွက်သွားတဲ့ မိသားစုကို ကျွန်တော် သဘောကျ နေမိပါတယ် ။
“ အိမ်ထောင်ကျခါစက ဆိုင် မှာ ဘာတွေ ရောင်းသလဲ ”
“ အိမ်ထောင်ကျပြီး ပထမ စ ရောင်းတာက မိဘ လက်ငုတ်လက်ရင်း ဆီ နဲ့ ပဲမျိုးစုံ ရောင်းတယ် ။ ဆီရောင်းရတာက ကိုင်ရပြုရတာ သန့်ရှင်းမှုမရှိဘူး ။ အရင်က ဆီပီပါ ကို လက်တွန်းလှည်း နဲ့ ကိုယ့်ဆိုင် ရှေ့ မှာ ကပ် ချလို့ရတယ် ။ နောက်ပိုင်း မှာ ဈေး က စည်းကမ်းသစ်တွေ ထုတ် လိုက်တော့ အဝင်အထွက် တွေ ခက်လာတယ် ။ ဆီပီပါ ချတော့မယ်ဆိုရင် ဟိုအဝေး မှာ ချ ပြီးမှ သယ်ရတာမျိုး အခက်အခဲ ဖြစ်လာတယ် ။ ကိုယ့် ဆီက ဝယ်တဲ့ ဖောက်သည်တွေ အတွက် လည်း ဆိုင်ရှေ့မှာ ကားမရပ်ရ ၊ မပြုရ နဲ့ အခက်အခဲ ဖြစ်လာတာ နဲ့ ကုန်ပြောင်း ရောင်းတယ် ”
“ ဘာတွေ ပြောင်းရောင်းသလဲ ”
“ ဓာတ်ခဲ တို့ ၊ စာရေးကိရိယာ တို့ ပြောင်းတယ် ။ နောက်တော့ အရောင်းအဝယ် ကလည်း ပါးလာတယ် ။ ကိုယ် ကလည်း အချက်အပြုတ် ဝါသနာပါတယ် ။ သမီး သူငယ်ချင်း တော်တော်များများ က ခေါက်ဆွဲဆိုင် ဖွင့်တဲ့သူ ။ ဘယ်လို ရောင်းရတယ်ဆို တာတွေ ပြောပြီး တိုက်တွန်းကြတယ် ။ ကိုယ်တိုင် ကလည်း တရုတ် နဲ့ ထိုင်း အချက်အပြုတ် သင်တန်းလည်း တက်ထားတော့ ရှမ်းခေါက်ဆွဲဆိုင် စဖွင့်တယ် ။ အဲဒီမှာ ရောင်းရတယ် ။ တအားကို ရောင်းရတာ ”
“ ထမင်းဆိုင် ဖြစ်သွားတာကကော ”
“ ဆိုင်နေရာ က ကျယ်တယ် ၊ ဈေးထဲမှာ ထမင်းဆိုင် ကောင်းကောင်းမရှိဘူး ။ ကိုယ် က ချက်တတ်နေပြီပဲ ။ ထမင်းဆိုင် ပြောင်းပါလား ။ အကြံပေးကြတာ နဲ့ ထမင်းဆိုင် ပြောင်းကြည့်တာ ပို အဆင်ပြေတယ် ”
သူတို့ ထမင်းဆိုင်ရှေ့ သံပြား ပေါ်မှာ “ စန်းစန်းဝေ ၊ မြန်မာ ထမင်းဟင်း မျိုးစုံ ” လို့ ရေးထားတဲ့ ဆိုင်းဘုတ် တစ်ခုရှိတယ် ။ ဆိုင်ထဲမှာလည်း နာမည်စာလုံးကြီးကြီး တွေ ဗီနိုင်း ပေါ် ရိုက်ပြီး နံရံ မှာ ချိတ် ထားတယ် ။ လုပ်ငန်းနာမည် ၊ ဆိုင်နာမည် ပေးတဲ့ အခါ ကိုယ့် နာမည်ကို ပြန် ပေးတာ စွန့်စားမှု တစ်ခုပဲ ။ နာမည် ပေးတဲ့ အကြောင်း ကျွန်တော် မေးတယ် ။
“ စ ဖွင့်ပြီး နှစ်လ ၊ သုံးလလောက် တော့ စိတ်ထဲမှာ တကယ်လို့ အလုပ်မဖြစ်ခဲ့ရင် ကိုယ့်နာမည် ကိုယ် ပြန်သတ်သလိုဖြစ်မှာ ။ ပိုပြီး ကြိုးစားချင်စိတ် ပေါ်လာတယ် ။ လုပ်ငန်း ကို ကိုယ့် နာမည်ရင်းအတိုင်း နာမည်ပေး ပြီးတော့ ကိုယ့် နာမည် ကို အဆုံးရှုံးအပျက်စီး မခံနိုင်ဘူး ။ ခုတော့ ဘယ်လောက်အထိ ရင်ဆိုင်နိုင်ပြီလဲ ဆိုရင် စန်းစန်းဝေ ဆိုတဲ့ ကိုယ့် နာမည် နဲ့ ဘယ်နေရာမှာ ပဲ ရောင်းရ ရောင်းရ ရောင်းနိုင်တယ် ။ သတ္တိ ရှိသွားပြီ ”
ကိုယ့် ကိုယ် ကိုယ် ယုံကြည်မှု အပြည့်နဲ့ ဒေါ်စန်းစန်းဝေ က ပြောပြနေတယ် ။
“ အဓိက စေတနာ ။ စေတနာ ကောင်းကောင်း နဲ့ ပါဝင်တဲ့ ပစ္စည်းကို မခိုမကပ် ဘဲ ရောင်းရင် ထမင်းဆိုင် က ဘယ်နေရာမှာ မဆို ရောင်းကို ရောင်းရတယ် ”
သူ နဲ့ ကျွန်တော် စကားပြော နေချိန် မှာ ဆိုင်ဝန်ထမ်း အမျိုးသမီးတွေ က ကျွန်တော်တို့ ရှေ့က ဖြတ်ပြီး ဝင်ချည် ထွက်ချည် ။ နောက်ရက် ရောင်းဖို့ ပြင်ဆင်နေကြပုံ ရပါတယ် ။
“ ဒီနေ့ လို ညနေပိုင်း ကတည်း က နောက်နေ့ ရောင်းဖို့ အတွက် ချင်း ၊ ကြက်သွန်ဖြူ ပြင်ဆင်တယ် ၊ ကျန်တဲ့ သီးနှံ အသားငါးတွေ ကိုတော့ နောက် မနက်ကျမှ လုပ်တာ ၊ မနက်ဆို ၃း၃ဝ နာရီ လောက် အိပ်ရာက ထပြီး ဈေး ကို လာရတယ် ။ မနက် အစောကြီး ဈေးဝယ်တာ ပိုပြီး ဈေး သက်သာတယ် ။ ဥပမာ - လောလောဆယ် အနေအထား မှာ ချဉ်ပေါင်ရွက် အစည်း အစိတ် ( ၂၅ စည်း ) မှ နှစ်ရာ ( ကျပ် ၂ဝဝ ) ပဲ ပေးရတယ် ”
ပြောပြရင်း ဒေါ်စန်းစန်းဝေ ရယ်ပါတယ် ။
“ အဲဒီ နှစ်ရာ မှာ သုံးစည်း က အပို ရတော့ ၂၈ စည်း မှ ငွေ နှစ်ရာ ရယ် ။ နောက် မနက် ၄း၃ဝ နာရီ ၊ ၅းဝဝ နာရီ လောက်ဆို တစ်ဆင့်ခံ ရောင်းမယ့် အသည်တွေ လက် ထဲ ရောက်သွားပြီ ။ အခုလို ညနေပိုင်း မှ ဝယ်ရင် ချဉ်ပေါင်ရွက် တစ်ရာ ( ကျပ် ၁၀၀ ) ဖိုး မှ သုံးစည်းတို့ ၊ ငါးစည်း တို့ပဲရတယ် ၊ မနက် အစောကြီး ဈေး ထ ဝယ်ရင် အသီးအနှံ အားလုံး လတ်လတ်ဆတ်ဆတ် ဈေးပေါပေါ နဲ့ ရတယ် ။ ဒါကြောင့်လည်း ဟင်းတွေ ကို ဈေး သက်သက်သာသာ နဲ့ ရောင်းနိုင်တာ ”
“ ဟင်းတွေ ရဲ့ဈေး က ဘယ်လိုလဲ ”
“ ခု ရောင်းတာက အရံဟင်း တစ်မျိုး ဆို အနည်းဆုံး တစ်ရာ ဖိုး ၊ အသားဟင်း ဆို ကျပ် ၃ဝဝ ဖိုး အနည်းဆုံး ၊ ဈေး က အများ စားနိုင်တဲ့ အနေအထားပေါ့ ။ အသား ဟင်း အမည်ပေါင်း က ၄၅ မျိုး လောက်ရှိတယ် ။ ဆိတ်သားဟင်း ကို အသားရိုးရိုးဟင်း ၊ ဆိတ်ကလီစာ ၊ ဆိတ်ခါးပတ်လုံး ၊ ဆိတ်သားခြောက်အချက် ၊ ဆိတ်သားခြောက် ကြော် ၊ ဆိတ်သားထောင်း အမျိုးမျိုး လုပ်ထားတာ ။ အရံဟင်း က ၁၅ မျိုးလောက် ရှိတယ် ။ ဟင်းရံ မှာ ရာသီပေါ် အင်ဥ ၊ မန်ကျည်းသီးစိမ်း ၊ မရန်းသီး ၊ ပဲကြီး လိုဟာ တွေလည်း ထည့်သွားတယ် ၊ ဈေးသက်သာတော့ လူတိုင်းစားနိုင်တယ် ”
“ ဘယ်အချိန် က စ ရောင်းရတာလဲ ”
“ ဧည့်သည် ဟင်းဝယ်သူ က မနက် ၇းဝဝ နာရီ လောက်ဆို ရောက်နေကြပြီ ။ ဈေးဆိုင်ဝန်ထမ်း ၊ ကုမ္ပဏီဝန်ထမ်း တွေ က တစ်နေကုန် အပြင် ပြန် မထွက်နိုင်တော့ အလုပ် မဝင်ခင် လာဝယ်ပြီ ၊ ဆိုင်စား ဧည့်သည်က ၈းဝဝ နာရီ လောက်က စပြီး တဖွဲဖွဲ ဝင်လာတာ ”
ဒေါ်စန်းစန်းဝေ ရဲ့ ထမင်းဆိုင် ထဲမှာ ကြည့်မှန်တွေ အများကြီး ချိတ်ထားတာ သတိထား မိတယ် ။ ဆိုင် ဈေးရောင်း ကောင်းအောင် ဖုန်းရွှေနည်းတွေ ၊ လာဘ်ခေါ်တာ မျိုးတွေ သူ့ မှာ အယူအဆ ရှိသလား မေးတော့ ဒေါ်စန်းစန်းဝေ က ဟက်ဟက်ပက်ပက် ရယ်ပါတယ် ။
“ ဟင်းထုပ်ဆွဲ လာဝယ်တာ က မိန်းကလေးငယ်ငယ်တွေ များတယ် ။ သူတို့ က ဈေးလာဝယ်ရင်း ကြည့်ချင်ကြလို့ ထားပေးတာပါ ။ တခြား ရည်ရွယ်ချက် မရှိပါဘူး ”
“ အစားအသောက် ရောင်းတာ ဆိုတော့ သန့်ရှင်းမှု လည်း ဂရုစိုက်ရမှာပေါ့ ”
“ ဆိုင်က အလုပ်လုပ်တဲ့ ကလေးမတွေ ကို ပြောထားတယ် ။ ကိုယ့် အစားအသောက် က ဘုရားဆွမ်းတော် တင် သူ တင် ၊ ဘုန်းကြီး ကပ် သူ ကပ် ၊ ကိုယ့် ထက် အသက်ကြီးတဲ့ သူ စားတာလည်း စား မို့ သန့်သန့်ပြန့်ပြန့် လုပ်ဖို့ မှာထားရတယ် ။ စိတ်ထား တတ်ရင် ကုသိုလ်ရတယ်လို့ ။ ဆိုင်က မိန်းကလေးတွေရဲ့ ဆံပင်ကို ခေါက်တင်ပြီး စည်းထားခိုင်းတယ် ၊ ဈေးဝယ်လာတဲ့ မိန်းကလေးတွေ ခေါင်းလျှော် ၊ ဆံပင် ဖားလျားချပြီး လာဝယ်ရင် တအား ဂရုစိုက်ရတယ် ။
◾ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ
No comments:
Post a Comment