Friday, June 27, 2025

သူဇာလေလား


 

❝ သူဇာလေလား ❞
      ( ကိုရိုးကွန့် )

ကိုယ့် အဖေသည် အစိုးရအမှုထမ်း ဖြစ်သဖြင့် ဟိုမြို့ သည်မြို့ ပြောင်းရွှေ့နေရသည် ။

မုံရွာ မှ မန္တလေး သို့ ပြောင်းရွှေ့လာရသောအခါ အောင်တော်မူရပ်ကွက်ထဲတွင် အိမ်ငှား၍ နေထိုင်ကြသည် ။ နံကပ် နှစ်ထပ်အိမ်ဖြစ်၍ အပေါ်ထပ်တွင် အိမ်ရှင် အဘိုးကြီး အဘွားကြီး နေသည် ။ ကိုယ်တို့ မိသားစုသည် အောက်ထပ်တွင် နေသည် ။ ကိုယ်တို့ ဝင်းခြံ ထဲတွင် မြေစိုက် အိမ်ငယ် တစ်လုံး ရှိသေးသည် ။ အိမ်မကြီး၏ မီးဖိုဆောင် အဖြစ် ရှေး ယခင်က အသုံးပြုခဲ့ဟန် ရှိသည် ။ ယခုမူ ထိုအိမ်လေးတွင် သူဇာ တို့ မိသားစု ငှားရမ်းနေထိုင်သည် ။

အိမ်လေးမှာ သေးငယ်သဖြင့် ခုတင်နှစ်လုံးသာ ဝင်ဆန့်သည် ။ ထို ကျဉ်းကျဉ်းထဲတွင် သူဇာ တို့ မိသားစု ငါးဦးသည် ပြွတ်သိပ်စွာနေကြသည် ။

ကိုယ့် ကို ကျောင်းအပ်သောအခါ အနီးအနား ရှိ အမှတ် ( ၅ ) အစိုးရအထက်တန်းကျောင်းတွင် အပ်သည် ။ သူဇာ သည် လည်း အမှတ် ( ၅ ) အထက တွင် နေသောကြောင့် ကျောင်းစတက်သော နေ့မှ စ၍ ကျောင်းသားဟောင်း သူဇာ ကို ကိုယ် အားကိုးရသည် ။

ကိုယ်တို့ ကျောင်းတွင် ကျောင်းသားများ ၏ ပညာအရည်အချင်း အလိုက် အတန်းခွဲများ ထားသည် ။ ( က ) အတန်းခွဲ တွင် ပညာတော်သော ကျောင်းသားများ ထားသည် ။ ( ခ ) အတန်းခွဲတွင် ပညာအသင့်အတင့် တော်သော ကျောင်းသားများ ထားသည် ။ ( ဂ ) အတန်းခွဲ နှင့် ( ဃ ) အတန်းခွဲတွင် ညံ့သောကျောင်းသားများ နှင့် ကျောင်းသားသစ်များ ထား ည် ။

စာညံ့သော သူဇာ နှင့် ကျောင်းသားသစ် ဖြစ်သော ကိုယ် သည် ပဉ္စမတန်း ( ဃ ) တစ်ခုတည်းသို့ လာ၍ ကျသည် ။

••••• ••••• •••••

အတန်းထဲတွင် မိန်းကလေးများ က တစ်ခြမ်း၊ ယောက်ျားလေးများ က တစ်ခြမ်း ထိုင်ရသည် ။ သူဇာ နှင့် ကိုယ်သည် ခုံချင်း နီးသည် ။

သူဇာ နှင့် အနေနီးသောကြောင့် သူဇာ ၏ ညံ့ဖျင်းမှုများကို မြင်တွေ့ နေရသည် ။ အင်္ဂလိပ်စာ တွင် အသံထွက် မပီသ။ ကျက်စာများ ဖြစ်သော သိပ္ပံ ပထဝီ နှင့် သမိုင်း တို့ လည်း ပိုင်ပိုင်နိုင်နိုင် မရ ။ မြန်မာစာ တွင် စာစီစာကုံး ကို ကိုယ့် လောက် ဖြောင့်တန်းအောင် မရေးတတ်။

သူဇာ တော်သည် မှာ လက်ရေး ဖြစ်သည် ။ ငါးမူးစေ့ လို ဝိုင်းဝိုင်းလေးတွေ ရေးတတ်သည် ။ တော်တော်လှသည် ။

သူဇာ မကြိုးစားသည် မဟုတ် ။ ကြိုးစားရှာသည် ။ ညစဉ်ညတိုင်း ကိုးနာရီ ၊ ဆယ်နာရီ အထိ စာတွေကို အော်ကြီးဟစ်ကျယ် ကျက်တတ် သည် ။ သူဇာ မှာ အသံတွေသာ ဝင်သွားသည် စာ မှာ မူ ဦးနှောက် ထဲ ဝင် ဟန်မတူ။

ကိုယ် က သင်္ချာ တော်သည် ။ မတွက်တတ်လျှင် သင်ပြပေးမည့် အစ်ကို ၊ အစ်မများ လည်း အိမ်မှာ ရှိသည် ။ အင်္ဂလိပ်စာ ကို ဖေဖေ ကိုယ်တိုင် အထူးအလေးပေး သင်ပြသောကြောင့် ရသည် ။ ကျက်စာ လည်း ကျက်လျှင် ကျက်သလောက် မှတ်မိသည် ။ များသောအားဖြင့် စာမေးပွဲ နီးမှ သာ ကျက်တတ်သည် ။ ကိုယ် နေ့စဉ်မှန်မှန် လုပ်သည် မှာ သင်္ချာ နှင့် အင်္ဂလိပ်စာ ဖြစ်သည် ။

သူဇာ သည် စာ မရသောကြောင့် ကိုယ့် ကို အားကိုးရှာသည် ။ သူတို့ အိမ်တွင် သူ့ ကို သင်ပြ ပေးနိုင်သူ မရှိပေ။ သူဇာ့ အဖေသည် လက်သမားဆရာ ဖြစ်သည် ။ သူဇာ့ အမေသည် ဆေးလိပ် လိပ်သည် ။ သူဇာ သည် အကြီးဆုံးသမီး ဖြစ်၍ သူ့ အောက်တွင် ညီမလေး မိသွယ် နှင့် မောင်လေး ဖိုးနီတွတ် တို့ ရှိသည် ။ ယင်းကြောင့် စာ မရလျှင် သူ့ အိမ် မှ မည်သူ့ ကို မျှ မေး၍ မရ။

သူဇာ သည် ကိုယ့် ထံ အားကိုးတကြီး စာ လာမေးလျှင် တစ်ခါမျှ ကောင်းကောင်း မွန်မွန် ပြောမပြခဲ့ပေ။ ကိုယ် တွက်ပြီးသား သင်္ချာလေ့ကျင့်ခန်းစာအုပ်များ ကိုသာ ထိုးပေးတတ်သည် ။ သူဇာ က “ နင်တွက် ထားတာ နားမလည်ဘူးဟာ ရှင်းပြပါ ” ဟု ဆိုလျှင် ကိုယ် သည် ပြီးလျှင် ပြီးရော မြန်မြန်ဆန်ဆန် ပြောတတ်သည် ။ သို့သော် သူ နားမလည်ပေ။ သူ နားလည်အောင်လည်း ကိုယ် ရှင်းမပြတတ်။

“ နင် ကလည်း ချာကို ချာပါတယ်ဟာ။ နားလည်လည် မလည်လည် ကူးချလိုက် ”  ဟု စိတ်မရှည်စွာ အော်ဟစ်လိုက်သည် ။ သူဇာ စာမေးတိုင်း အော်အော်လွှတ်တတ်သဖြင့် နောက်နောင် များ တွင် မမေးရဲတော့ပေ ။

သူဇာ မှာ မူ ကိုယ့် အပေါ်တွင် သူငယ်ချင်းကောင်းတို့ ၏ ဝတ္တရား ကျေပွန်သည် ။ ကိုယ် သည် မိသားစု ထဲတွင် အငယ်ဆုံးသား မို့ ညာဉ်ဆိုး ကလေးများ ရှိသည် ။ သူဇာ သည် အကြီးဆုံး သမီးမို့ သည်းခံတတ်သည် ။ စိတ်ရှည်သည် ။ အုပ်ထိန်းစောင့်ရှောက်တတ်သည် ။ ကိုယ် နှင့် သူဇာ သည် သက်တူရွယ်တူ ဖြစ်သော်လည်း ကိုယ့် ကို အစ်မကြီး သဖွယ် ဆုံးမသွန်သင်တတ်သည် ။

လမ်းပေါ်ရောက်လျှင်လည်း “ ပြည့်စုံ ရယ်၊ ကျောက်လမ်း ပေါ်မှာ တစ်ဖက်ဘက် ကပ်သွားပါ ဟဲ့၊ နင်က ဟိုဘက်ကူး သည်ဘက်ကူး နဲ့ ဘီးတွေ တိုက်မိပါ့မယ် ” ဟု သတိပေးလေ့ ရှိသည် ။

ကျောင်း မှ လစ်ပြီး ထွန်းလှကန် သို့ ရေကူးသွားလို သော်လည်း သူဇာ က “ လစ်ရဲ လစ်ကြည့်၊ နင့် အိမ်ကို တိုင်ပြောမယ် ” ဟု ဟန့်တားသဖြင့် ကျောင်းမလစ်ခဲ့ရပေ။

ကိုယ် နေမကောင်း၍ ကျောင်း မတက်နိုင်သည့် အခါများ တွင် သူဇာ သည် ပင် စာများ အားလုံး ကူးပေးသည် ။

သို့သော် ... ကိုယ် သည် “ ကျေးဇူးတင်ပါတယ် သူဇာ ” ဟု တစ်ကြိမ်မျှ မပြောမိခဲ့ပေ။ သူဇာ့ စေတနာ အားလုံးကို မသိကျိုးကျွန် ပြုခဲ့သည် ။

••••• ••••• •••••

ဝါလကင်းလွတ် သီတင်းကျွတ် သည် နှင့် ကိုယ်တို့ မန္တလေး တွင် ဇာတ်များ ၊ အငြိမ့်များ မှိုလို ပေါက်လာသည် ။ ညစဉ် ညတိုင်း ဆိုင်းသံဗုံသံ ကြားရသည် ။ ကထိန်ပွဲကြီး ခင်းလျှင် အငြိမ့်များ သည် ညဘက်တွင် သာမက နေ့ဘက်မှာ ပင် ဈေးချိုရုံ ထဲ တွင် ကပြကြသည် ။

သူဇာတို့ အမေ သည် နေ့ဘက်တွင် ဆေးလိပ် လိပ်၍ ညဘက်တွင် ပွဲတကာ လည်၍ ဆေးလိပ် ၊ ကွမ်းယာ ရောင်းသည် ။

ကိုယ် က အငြိမ့် အလွန်ကြိုက်သည် ။ သို့သော် ကိုယ်တို့ အိမ် မှ လူကြီးများ သည် ပွဲလမ်းသဘင် ကို ခုံမင်နှစ်သက်ခြင်း မရှိ ။ အငြိမ့် ကြည့်ချင်လျှင် သူဇာ တို့ မိသားစု နှင့် လိုက်လိုက်သွားရသည် ။

ကိုယ် နှင့် သူဇာ မှာ အကြိုက်ချင်း မတူညီပေ။ သူဇာ က အငြိမ့် ထက် ဇာတ်ပွဲ ကို ပိုကြိုက်သည် ။

မန္တလေး တွင် ဇာတ်ကြည့်သူများ အတွက် ပွဲကြည့်စင်များ ထိုးထား တတ်သည် ။ ပွဲကြည့်စင် ဝယ်မကြည့်နိုင်သူ သည် နံဘေး မှ ရပ်ကြည့်၍ ရသည် ။ ဘေးအကာအရံ မထားပေ ။ ကိုယ် သည် ခဏ တဖြုတ်သာ ကြ ည့်ချင်သူမို့ စင် ကိုလည်း မဝယ်ချင် ။ ထို့ပြင် ဇာတ် မှ ကဇာတ် ၊ ပြဇာတ်များ ထက် အငြိမ့် မှ လူပြက်များ ၏ ပြက်လုံး ကို ပိုကြိုက်သည် ။ သူဇာ က စင် ဝယ်၍ ဣန္ဒြေရရ ထိုင်ကာ တစ်ညလုံး ကြည့်ချင်သည် ။ ကိုယ် က အငြိမ့်စင် ထောင့်မှ မတ်တတ်ရပ်ကာ တဝါးဝါး တဟားဟား ရယ်ချင်သည် ။ ဆယ့်တစ်နာရီ၊ ဆယ့်နှစ်နာရီ ထိုးလျှင် ပြန်ချင်သည် ထို့ကြောင့် ကိုယ် နှင့် သူဇာ မကြာခဏ စကားများ ရသည် ။

“ သူဇာ ရယ်၊ ရွှေနန်းတင် မကြည့်ပါနဲ့ ။ စိန်ပိုးတီ ကြည့်ရအောင် ”

ကိုယ် သည် သူဇာ ကို အငြိမ့် ကြည့်ဖို့ မဲဆွယ်သည် ။

“ အို .... စိန်ပိုးတီ မကြည့်ချင်ပါဘူး ။ ရွှေနန်းတင် က သည်ည ပြဇာတ် သိပ်ကောင်းမှာ ”

“ ကောင်းကောင်း ၊ မကောင်းကောင်း ဟာ နင် မလိုက်ချင်နေ ။ ငါ တစ်ယောက်တည်း အငြိမ့်သွားမယ် ”

“ သည်လိုတော့ နင် တစ်ယောက်တည်း မသွားပါနဲ့ ။ နင့် အမေ အန်တီထွေး က ငါ့ ကို စိတ်ချလို့ အပ်ထည့်လိုက်တာ။ နင် တစ်ခုခု ဖြစ်ရင် ငါ တို့ အပြစ်ဖြစ်မှာပေါ့ ”

“ မဖြစ်စေချင်ရင် လိုက်ခဲ့လေ ”

“ နင်လေ သိပ်ပြီး ကပ်တာပဲ ”

“ ငါ ကပ်တာ မဟုတ်ပါဘူး၊ ငါ အိမ်ကြီးခင်ချို တို့ ပန်တျာနီနီဝင်း တို့ စိန်ပိုးတီ တို့ မဗေဒါ တို့ ကြိုက်တာ နင် သိရဲ့ သားနဲ့ ”

“ ငါ လည်း ရွှေနန်းတင် တို့ ၊ ငါးမည်ရတင်သိန်း တို့ ကြိုက်တာပဲ ”

“ ကြိုက်ရင် ရွှေနန်းတင် ဇာတ်ထဲ သွားနေ ”

“ မနေဘူး ။ နင် သာ စိန်ပိုးတီ ဘော်လုံးကန်တာ ငမ်းချင်လို့ ကြည့်တာ ”

“ ငမ်းတော့ ဘာပြုလဲ ။ နင် လည်း ဟိုတစ်နေ့က ဗေဒါအငြိမ့် ထဲ က လူပြက်ပေါက်စီ ကို ငမ်းနေတာ ငါ မြင်တယ် ။ နင် နဲ့ ပေါက်စီ နဲ့ သိပ်လိုက် တာပဲ။ အရပ်ချင်းကလဲ ရွယ်တူ ။ ဟေ ဟေ ”

“ နင်နော် ငါ့ ကို ပေါက်စီ နဲ့ မစနဲ့ ကဲဟာ ကဲဟာ ”

သူဇာ သည် အနာပေါ် တုတ်ကျ သလို နာ သဖြင့် ကိုယ့် ကို လိုက်ရိုက်သည် ။

ကလေးတို့ ဘာသာဘာဝ မို့ ဘာရယ် မဟုတ်ပေ ။ ဤသို့ စကားနိုင် လုပြီး ပြောရသည် ကို ကိုယ် ကျေနပ်သည် ။ နောက်ဆုံးတွင် အရာရာ ကို လိုက်လျောတတ်သော ၊ စိုးရိမ်ပူပန်တတ်သော သူဇာ သည် အလျှော့ ပေးကာ ကိုယ့် နှင့် အတူ အငြိမ့်စင် ရှိရာသို့ ပါလာသည် ။

သူဇာ့ ကို စ ရလျှင်၊ သူဇာ့ အပေါ် အနိုင်ယူရလျှင် အလိုလို ပျော်သည် ။

••••• ••••• ••••• 

သူဇာ လမ်းလျှောက်လျှင် ပခုံး ကို ဘယ်ညာ ယိမ်းသည် ။ ခြေထောက် ဆတ်တောက် ဆတ်တောက် သွားသဖြင့် ထဘီအောက်နား ကို “ တော့ ” သလို ဖြစ်နေသည် ။ သူဇာ လမ်းလျှောက်ပုံကို ကြည့်၍ ကိုယ် ရယ်မိသည် ။

သူဇာ က နောက်လှည့်၍ “ နင် ဘာရယ်တာလဲ ” ဟု မလုံမလဲ မေးသည် ။

“ ဪ ... နင် လမ်းလျှောက်တာ ခြင်းတော့တာနဲ့ တူလို့ ပါ ” 

“ အောင်မယ် နင် လမ်းလျှောက်တာတော့ လှလိုက်တာဟယ်၊ ရင်ဘတ် ရှေ့ပစ်ပြီး ဖင်လေး ကောက်တောက်တောက်တောက် နဲ့ မိန်းမလျာ ကျနေတာပဲ ”

မှန်တာ ပြော၍ ကိုယ် အထိနာရသည် ။

“ နင့် ကို ငါ အကောင်းပြောတာ သူဇာ ။ နင့်က ငါ့ ကို လှောင်တယ်ပေါ့ ”

“ အို ... လှောင်တာလဲ မဟုတ်ဘူး ။ တော်ရမ်းပြောတာလည်း မဟုတ်ဘူး ၊ ငါလည်း ငါ့ အမြင် ပြောတာ ပဲ ”

“ သူဇာ .. နင် အဲဒါကြောင့် သင်္ချာညံ့တာ ”

ကိုယ် သည် မဆီမဆိုင် နိုင်ရာစား နှင့် ပိုင်းလိုက်သည် ။

“ ဟ အဲဒါနဲ့ ဘာဆိုင်လဲ ပြည့်စုံရဲ့ ”

“ ဆိုင်ဆိုင် ၊ မဆိုင်ဆိုင်ဟာ နင် စာမေးပွဲကို ကျဦးမှာ ”

ထိုအခါ သူဇာ့ မျက်လုံးအိမ်ထဲ တွင် မျက်ရည်တို့ ရစ်ဝဲလာသည် ။

“ ပြည့်စုံရယ် .... နင် ဟာ ငါ့ ဆိုရင် လွှတ်နိုင်တာပဲ ။ နောက်ဆို နင် မကြိုက်တာ မပြောတော့ ပါဘူး ။ စာမေးပွဲ တော့ မကျပါရစေနဲ့ ဟယ် ။ နင်တို့ လို မချမ်းသာတော့ တို့ မှာ ပညာ ကိုသာ အားကိုးရမှာ သူငယ်ချင်း ရယ် ”

ကိုယ် စိတ်မကောင်း ဖြစ်မိသည် ။ ထို့ပြင် -

ကိုယ့် နိမိတ်စကား မှန်သွားသည် ။ ပဉ္စမတန်း တွင် သူဇာ စာမေးပွဲကျသည် ။

••••• ••••• •••••

သူဇာ သည် အရွယ် နှင့် မလိုက်အောင် လိမ္မာရေးခြား ရှိသည် ။ အိမ် အလုပ် ဟူသမျှမှာ သူဇာ့ လက်ရာချည်းပင် ။ မိဘနှစ်ပါးစလုံး အပြင်ထွက်ကာ တစ်နေကုန် အလုပ် လုပ်ရသဖြင့် အချက်အပြုတ် မှ အစ သောက်ရေသုံးရေ ခပ်သည် အထိ သူဇာ လုပ်ရသည် ။

သူဇာ့ တွင် ထူးခြားချက် တစ်ခု ရှိသည် ။ ငယ်ငယ်ရွယ်ရွယ် နှင့် ဥပုသ် စောင့်တတ်သည် ။ သူဇာ တို့ ကျောင်းသည် အဖိတ် ၊ ဥပုသ် ပိတ်သော ကျောင်း ဖြစ်သည် ။ ဝါတွင်း ကာလများ သာမက အခါကြီး ရက်ကြီးများ ၊ မွေးနေ့မွေးရက်များ တွင် လည်း ဥပုသ်သီလ ဆောက်တည်သည် ။

ကိုယ့် မေမေ က “ သိပ်တော်တဲ့ ကလေးမ၊ ကြီးပွားဦးမယ် ” ဟု ချီးကျူး တတ်သည် ။

ဤအချိန်တွင် ကိုယ် သည် ကလေးစိတ် ပင် ရှိသေးသည် ။ မိခင်ရင်ခွင်ထဲ ဝင်ထိုင်တုန်း၊ အစ်ကိုအစ်မများ ကို ချွဲနွဲ့တုန်းပင် ရှိသေး၏ ။ တစ်အိမ်လုံး ကလည်း ကိုယ့် ကို ကလေး လို မြင်၍ ကလေး လို အလိုလိုက်ထား သည် ။

ကိုယ် ၏ ကလေးစိတ်ကြောင့် ပင် သူဇာ လက်ကျိုးရသည် ။

ဖြစ်ပုံမှာ ....

ကိုယ် သည် ပဉ္စမတန်း မှ သင်္ချာလေ့ကျင့်ခန်းစာအုပ်များ ကို ပွေ့ပိုက် ကာ သူဇာ ထံ သွားပေးသည် ။ ဖေဖေ က စာမေးပွဲကျသော သူဇာ ကို အပေးခိုင်းသောကြောင့် ဖြစ်သည် ။

“ ရော့ - သူဇာ ။ နင့် အတွက် ငါ့ သင်္ချာစာအုပ်တွေလေ ။ ငါ ပိဿာချိန်နဲ့ ရောင်းမစားဘဲ နှင့်ကို ပေးတာ ”

ကိုယ့် အသိစိတ်ဓာတ်ဖြင့် ပေးသလို အသားယူ၍ ပြောလိုက်သည် ။ သူဇာ ကျေနပ်နေသည် ။

“ အေးဟယ် ။ ဝမ်းသာလိုက်တာ ပြည့်စုံရယ် ။ တကယ် ... တကယ် ”

“ ကဲဟာ၊ ၀မ်းသာရင် ငါ့ကို တစ်ခုခုကျွေး ”

“ ကျွေးတော့ ကျွေးချင်ပါတယ်ဟာ၊ ငါ့မှာ ပိုက်ဆံမှ မရှိဘဲ ”

ကိုယ် ဟိုကြည့်သည်ကြည့် လုပ်လိုက်သောအခါ ခြံထောင့်ရှိ မာလကာပင် ကို မြင်မိသည် ။ ကိုယ်တို့ ခြံထဲတွင် အိမ်ရှင်များ စိုက်ထားသော အုန်းပင် ၊ ကွမ်းသီးပင် ၊ သရက်ပင် ၊ သပြေပင် နှင့် မာလကာပင်များ ရှိသည် ။ သို့သော် အိမ်ရှင်များ က သစ်သီးခူးခြင်း ကို လုံးဝ မကြိုက်ပေ ။ ဖေဖေ နှင့် မေမေတို့ ကလည်း အိမ်ရှင်မကြိုက်သော သစ်သီးခူးခြင်း ကို မပြုရန် တားမြစ်ထားသည် ။

မာလကာသီးကြီးများ မှာလည်း စားချင်စဖွယ် ဝင်းပြောင်နေသောကြောင့် သူဇာ့ ကို မာလကာသီး ခူးပေးရန် တောင်းဆို လိုက်သည် ။

“ အဲဒါတော့ မလုပ်ပါနဲ့ ပြည့်စုံ ရယ် ။ ဘွားတော်ကြီး ဆွမ်းတော်တင် တဲ့ အသီးတွေဟဲ့ ။ သူ့ အသီးတွေ ခူးလို့ ပူညံပူညံ လုပ်နေဦးမယ် ”

“ သည်လိုဆိုလည်း ငါ့ စာအုပ်တွေ ပြန်ပေးတော့ ”

“ နင်ကလည်း ဟယ် ၊ ပေးပြီးသား ပြန်တောင်းတော့ နင် မျက်စိစွန်မှာ ပေါ့ ”

“ စွန် စွန် ဟာ ။ ပြန်ပေး ။ ဘွားတော် နန်းရှေ့ဈေး သွားတာ ငါ တွေ့လို က်တယ် ။ တော်တော်နဲ့ ပြန်လာမှာ မဟုတ်ဘူး ။ ဘိုးတော် လည်း ဘုန်းကြီးကျောင်း သွားပါပြီဟ ။ ဘယ်သူမှ မရှိလို့ ငါ ပြောတာ ။ စာအုပ် ယူချင်ရင် ငါ့ ကို မာလကာသီး ခူးပေးပေါ့ ”

ကိုယ် ဇွတ်တရွတ် အကျပ်ကိုင်မှုကြောင့် စာအုပ် လိုချင်ရှာသော သူဇာ သည် မာလကာပင် ပေါ်သို့ ကြောက်ကြောက်နှင့် တက်ပေးသည် ။ ကိုယ် က အောက်မှ အငြိမ့်သား ထိုင်ကာ ဟိုအလုံး ခူး ၊ သည်အလုံး ခူး င့် ဆရာလုပ် အမိန့်ပေးနေစဉ် သူဇာ သည် ကိုင်းအကူးတွင် ခြေချော်၍ လိမ့်ကျသည် ။

ဘယ်ဘက်လက် ကျိုးသည် ။

ကျောက်ပတ်တီး စည်း၍ အရိုးပြန်ဆက်လိုက်သော်လည်း သူဇာ သည် လက်ကောက်လေး ဖြစ်သွားသည် ။

လမ်းလျှောက် လျှင် လက်ကောက်လေး ယမ်းတမ်းယမ်းတမ်း ဖြစ်နေသည် မှာ ကိုယ် ကလေးဆန်မှုကြောင့် ။

••••• ••••• •••••

ကိုယ် သည် တစ်နှစ်တစ်တန်း မှန်မှန် အောင်သွားသည် ။ ပင်ကိုဉာဏ်ရည် နည်းပါးသည် သာမက အိမ်အလုပ်များ ပါ ဒိုင်ခံလုပ်ရသော သူဇာ သည် တဘိုင်းဘိုင်း ကျနေခဲ့သည် ။ ကိုယ် ဆယ်တန်း အောင်တော့ သူဇာ သည် ရှစ်တန်းသာ ရှိသေး၏။

ထိုနှစ်မှာ ပင် ကိုယ်တို့ အိမ်ရှင် အဘွားကြီး ကွယ်လွန်သည် ။

အဘိုးကြီး သည် စစ်ကိုင်းချောင် သို့ သွားကာ တရားအားထုတ်သည် ။ အိမ်ကြီးကို သားသမီးများ သို့ အမွေ လွှဲအပ်လိုက်သည် ။ အိမ် နှင့် ခြံ ကို သားသမီးများ က ရောင်းလိုသောအခါ ကိုယ်တို့ မိသားစု နှင့် သူဇာ တို့ မိသားစုမှာ နေစရာ အသစ်ရှာရတော့၏ ။

ကိုယ်တို့ မိသားစု သည် ပတ်ကုန်းဝန်းကျင် ရပ်ကွက် ထဲတွင် အိမ်တစ်လုံး ငှားရမ်းရရှိသည် ။ သူဇာ တို့ မှာ မူ စံပြကွက်သစ် သို့ ပြောင်းရွှေ့သွားသည် ။

ထိုအခါမှ စ၍ ငါးတန်း မှ ဆယ်တန်း အထိ ပေါင်းခဲ့သော သူငယ်ချင်းကောင်း သူဇာ နှင့် အနေ ဝေးခဲ့ရသည် ။

••••• ••••• •••••

မန္တလေးတက္ကသိုလ် တွင် ကိုယ် တက်နေစဉ် သူဇာ သည် နေ့ကျောင်း မှ ထွက်၍ လူငယ့်ရေးရာ ညကျောင်း သို့ ရောက်သွားသည် ။ ယင်းကြောင့် အမှတ် ( ၅ ) အ-ထ-က မှ အမှတ် ( ၁၆ ) အ-ထ-က ကျောင်းသို့ ပြောင်း ရွှေ့တက်သည် ။ သူဇာ တို့ အိမ် သည် စံပြကွက်သစ် ထဲ တွင် ရှိသောကြောင့် အမှတ် ( ၁၆ ) အ-ထ-က နှင့် ပိုမို၍ နီးသည် ။

ညတွင် ကျောင်းတက်ရသောကြောင့် နေ့တွင် အားလပ်နေသော သူဇာ သည် မင်္ဂလာဈေး ထဲ တွင် ကုန်စိမ်း ရောင်းနေသည် ဟု ကြားရသည် ။ အိမ် ရွှေ့ပြောင်းပြီး နောက်ပိုင်းတွင် ကိုယ့် ၌ အသက်အရွယ်နှင့်အမျှ အပေါင်းအသင်း အသစ်တွေ တိုးပွားလာသဖြင့် ငယ်ပေါင်းသူငယ်ချင်း သူဇာ ထံ လုံးဝ မရောက်ဖြစ်တော့ပေ ။

တစ်နေ့ ...

ကျောင်းအသွား တွင် မင်္ဂလာဈေး ရှေ့ရှိ စိန်မောင် လက်ဖက်ရည်ဆိုင်သို့ ဝင်၍ လက်ဖက်ရည် သောက်နေစဉ် ဟင်းသီးဟင်းရွက်တောင်းများ ကို ဆိုက်ကားဖြင့် တင်၍ မင်္ဂလာဈေးဝ သို့ ရောက်လာ သော သူဇာ ကို မြင်တွေ့လိုက်သည် ။ မတွေ့ရသည် မှာ နှစ်အတန် ကြာပြီဖြစ်သော သူဇာ ကို နှုတ်ဆက်ရန် အတွက် လက်ဖက်ရည်ဆိုင် ထဲမှ အပြေးတစ်ပိုင်း ထွက်လာသည် ။

“ ဟေ့ သူဇာ၊ ဈေးသည်ကြီး သူဇာ၊ သူဇာ ဈေးသည် ကြီး ”

“ ဟယ် ... ပြည့်စုံပါလား ။ ငါဖြင့် လူတွေဘာတွေ မှားလို့ တော့ ။ နင် က နှုတ်ခမ်းမွေးတွေ ဘာတွေနဲ့ တကယ့် လူကြီး စတိုင်ပဲနော် ။ တက္ကသို လ်ကျောင်းသားကြီး ဖြစ်မှ ဖြူပြီး ချောလှနေလိုက်တာဟယ် ၊ ဓာတ်ရှင်မင်းသားကျနေတာပဲ ”

“ နင် ကလည်း ငယ်ငယ်ကလို ငါးခြောက်ပြား မဟုတ်တော့ပါဘူးဟာ ။ အခုဆိုရင် နင့် ကိုယ်လုံး ကိုယ်ပေါက်က အဲ ... အဲ ... ”

ကိုယ့်စကား မှားမှန်း ချက်ချင်း သိလိုက်သဖြင့် စကား ကို ဆုံးအောင် မပြောဖြစ်တော့ပေ ။ မပြောဖြစ်သော စကားတို့ ကို သူဇာ သည် ဆက်စပ် တွေးတောယူပြီး ရှက်သွေးဖြာ သွားသည် ။ မော့ကြည့် နေသော ခေါင်းလေး ငုံ့လျှိုးသွားရှာသည် ။

သူဇာ သည် အမို့အမောက် ပီပြင်စွာ တင်းတင်းရင်းရင်း ဖွံ့ထွားနေ သော်လည်း မျက်နှာလေး မှာ နုနယ်သေးသည် ကျစ်ဆံမြီးလေး နှစ်ချောင်း ရှေ့ ချ၍ ရိုးရိုးရှင်းရှင်း လှပချောမောနေသည် ။ သို့သော်လည်း သူငယ်ချင်း သူဇာ လျှောက်ရသော လမ်းမှာ အရွယ် နှင့် မမျှအောင် ကြမ်းတမ်းပေသည် ။ မပြင်မဆင် နဂိုနေမှာ ပင် အလှအပလေးများ သည် ဖုံးကွယ် မရအောင် ထိုးထွက်နေပေသည် ။

“ အေးဟယ် ... ငါလည်း လူ က ဝပေမယ့် တစ်နေ့မှ စိတ်မချမ်းသာပါဘူး ။ အမေ က ပန်းနာ ရင်ကျပ် ဖြစ်နေလို့ ဆေးလိပ် မလိပ်နိုင်တော့ဘူး ။ အဖေ ကလည်း သည် မှာ လက်သမား သိပ် မစွံလို့ စစ်ကိုင်း ဘက် ကူးသွားတယ်။ နှစ်ပတ်လောက် ရှိပြီ ။ ဘာသတင်း မှ မကြား ရသေးဘူး ။ မိသွယ် နဲ့ ဖိုးနီတွတ် တို့ တောင် ခုနစ်တန်း အောင်ပြီဟ ။ ငါ့ မှာ အခုထိ ရှစ်တန်း မအောင်သေးဘူး ။ သူတို့ နှစ်ယောက် ကိုတော့ ဘွဲ့ရ ပညာတတ်ကြီးတွေ ဖြစ်အောင် ငါ ထားမယ် ။ မိသွယ် နဲ့ ဖိုးနီတွတ် က ပွဲဈေးတွေ လိုက်ပြီး ကွမ်းယာ ရောင်းချင်တယ်တဲ့ ။ ငါ က အရောင်းမခို င်းဘူး ။ ငါ အကြီးဆုံးမို့ ငါ သာ အနစ်နာ ခံသွားမယ်။ သူတို့ ကို မဖြစ်ဖြစ် အောင် ကျောင်းထားမယ် ။ ဒါနဲ့ နင်ကော ဘွဲ့ရဖို့ ဘယ်လောက် လိုသေးလဲ ”

“ အင်း ... တစ်နှစ်ခွဲပေါ့ဟာ ”

“ ဟယ် ... ဘာမှ မလိုတော့ဘူးပေါ့ ၊ ကြိုးစား ... ကြိုးစား။ ကျောင်း မလစ်နဲ့ နော်။ နင် ငယ်ငယ်က ကျောင်း သိပ်ပြီး လစ်ချင်တာ။ ဒါနဲ့ နင် သင်တာ ဘာပညာလဲ ”

“ ဘူမိဗေဒ ဟ ၊ ကျောက်တွေ လေ့လာရတာပေါ့ ”

“ သူဇာတို့ ကံက ဆိုးပါတယ်ဟာ ၊ နင် ကျောက်တွေ လေ့လာနေချိန်မှာ ငါ က ဟင်းရွက်တွေ လေ့လာနေရတယ်နော်။ အဆင့်ချင်း တအား ကွာသွားပြီ သူငယ်ချင်း ”

သူဇာ သည် ဆွေးဆွေးမြည့်မြည့် ပြောရှာသည် ။ ထို့နောက် သူ့ တောင်းထဲ နှိုက်ကာ ဟင်းရွက် စည်းများ ယူထုတ်ပြန်သည် ။

“ ရော့ ... ရော့ ၊ နင် ငယ်ငယ်က ဆိုရင် ကန်စွန်းရွက်ကြော်တို့ ချဉ်ပေါင်ဟင်းချို တို့ သိပ်ကြိုက်တာ ၊ ဒါတွေ ယူသွား ”

သူဇာ က ဇွတ်ပေး နေသောကြောင့် ကိုယ် အတင်း ငြင်းပယ်ရသည် ။

“ နောက် ကြုံမှ ယူမယ် သူဇာ၊ အခု ငါ ကျောင်းသွားမှာ ဟ ”

“ အေးဟယ်၊ ဟုတ်သားပဲ။ ဒါဖြင့်လည်း သွားသွား ။ နင် အပြန်မှာ ငါ့ ဆိုင် ဝင်ယူ ။ ဆိုင် က ဟောဟို အကွေ့ မှာ ။ တွေ့လား။ အပြန် ဝင်ခဲ့နော်။ ပြီးတော့ ငါတို့ အိမ် လည်း သိတယ် မဟုတ်လား ။ အမေ က နင့်အကြောင်း သိပ် မေးတာပဲ ပြည့်စုံရယ် ။ အိမ် ကို တစ်ခေါက်လောက် လာပါဦး ။ နင်တို့ လာမှ တွေ့ရမှာ ။ ငါ က အလုပ်များ တော့ နင်တို့ ဆီ လာနိုင်မှာ မဟုတ်ဘူး ”

“ အေးပါ သူဇာ ၊ ငါ လာခဲ့ပါမယ်။ ဦးလေး နဲ့ အဒေါ် ကို ငါ လည်း သတိရပါတယ်။ ကဲ ... ငါ သွားမယ်နော် ”

ကွယ်ရင် မေ့၊ တွေ့ သေအောင်လွမ်းတတ်သော ကိုယ် သည် သူဇာ ထံ သို့ မသွားဖြစ်တော့ပေ။ ကြုံ လည်း မကြုံဆုံကြတော့။

ကိုယ် သည် ကိုယ့် အသိုင်းအဝိုင်း ကြားတွင် ပျော်ရွှင်နေသကဲ့သို့ သူဇာ သည် သူ့ အပူအပင်များ ကြားတွင် နစ်မြုပ်နေပေမည်။

••••• ••••• •••••

ကိုယ် ဘွဲ့ရပြီး အလုပ်အကိုင် ရှာဖွေနေစဉ်တွင် သူဇာ တို့ မိသားစုအကြောင်း ကို မေမေ့ ထံမှ ကြားသိရသည် ။ ကောင်းသတင်း မဟုတ်ပေ။ သတင်းဆိုး သာ ဖြစ်သည် ။

သူဇာ့ အဖေ သည် အိမ်ဆောက်ရင်း လိမ့်ကျ သေဆုံးကြောင်း ၊ သူဇာ့ အမေ သည် ရင်ကျပ်ပန်းနာကြောင့် အရိုးပေါ် အရေတင် ကာ လူမမာကြီး လုံးလုံး ဖြစ်နေကြောင်း ၊ သူဇာ သည် မိသားစုစားဝတ်နေရေး နှင့် မောင်လေး ညီမလေး တို့ ၏ ပညာရေး အတွက် အလွန် ပင်ပန်းစွာ ရုန်းကန်နေရကြောင်းတို့ ဖြစ်သည် ။

တစ်မြို့တည်း နေသော ၊ ဒုက္ခဝဲဂယက် ထဲတွင် ကြိုးစားကူးခတ်နသော ၊ ကိုယ့်အပေါ်တွင် ထာဝစဉ် ကောင်းမွန်ခဲ့သော သူငယ်ချင်း သူဇာ ထံသို့ အားပေးစကား ပြောဖို့ တစ်ခေါက်တစ်ကျင်းပင် မရောက်ခဲ့ပေ ။

••••• ••••• •••••

အစိုးရအလုပ် ရပြီးနောက် လုပ်ငန်းတာဝန် အရ တောတွေ တောင်တွေ ကြားသို့ ကိုယ် လှုပ်ရှား သွားလာခဲ့ရသည် ။

ကိုယ့် ဖေဖေသည် လည်း မန္တလေး မှ တစ်ဆင့် ရန်ကုန်ရုံးချုပ် သို့ ပြောင်းရွှေ့ရသည် ။ ရန်ကုန် မှာ ပင် သက်ပြည့် ပင်စင် ယူလိုက်သည် ။ တောင်ဥက္ကလာပ တွင် အိမ်ဝယ်သည် ။

ကိုယ်တို့ မိသားစု သည် မန္တလေးမြို့ နှင့် ဝေးလာသည် နှင့်အမျှ သူဇာ တို့ မိသားစုသတင်း ကို မကြားသိရတော့ပေ။

ကိုယ် ရခိုင် မှ ရန်ကုန်ရုံးချုပ် သို့ ပြန် ရောက်ပြီး နေ့ တစ်နေ့။

အောင်ဆန်းကွင်း တွင် ဘောလုံးပွဲ ကြည့်သည် ။ သရေ ဖြစ်နေသဖြင့် အချိန်ပိုကစားကြသည် ။ ဘောလုံးပွဲ ပြီးသော် အတော်အတန် မိုးချုပ်နေပြီ။ ယောမင်းကြီးလမ်း မှတ်တိုင် သွား၍ နံပါတ် ( ၃၇ ) ဘတ်စ်ကား စီးသည် ။ တိုးတိုးခွေ့ခွေ့ တက်လိုက်သောအခါ ကံအားလျော်စွာပင် ကား ညာဘက်တန်း၌ ထိုင်စရာ နေရာရ၏ ။ အများစု မှာ တိုးလို့ တွဲ လောင်း မိုးတိုးမတ်တတ် လိုက်ပါလာကြသည် ။ မီးရထား ကုန်းတံတားကြီး ကိုကျော်၍ ရုပ်ရှင်ရုံမှတ်တိုင် တွင် ကားရပ်ပြန်၏ ။ ထိုစဉ် ကိုယ် သည် မြင်ဖူးသော မျက်နှာ တစ်ခု ကို လူအုပ် ကြားတွင် အမှတ်မထင် တွေ့သည် ။

အမျိုးသမီး တစ်ဦး ။ ရေတမာပင် အောက်တွင် လက်ပိုက်၍ မတ်တတ်ရပ်နေသည် ။

ဤမျက်နှာမျိုး ကို ဘယ်မှာ မြင်ဖူးပါလိမ့်။ ရင်းရင်းနှီးနှီး သိနေသလို ခံစားရပြီး စဉ်းစား မရအောင် ဖြစ်နေသည် ။ ကိုယ် တွေးသည် ... ရုံး မှာ လား၊ အရပ် ထဲမှာ လား ၊ မန္တလေး တက္ကသိုလ် တက်စဉ်ကလား ။

မြိတ် မှာ လား၊ တနင်္သာရီ မှာ လား၊ မြစ်ကြီးနား မှာ လား ၊ စစ်တွေ မှာ လား ၊ တောင်ကြီး မှာ လား ၊ ကောလင်း မှာ လား ၊ မန္တလေး မှာ လား ။

မန္တလေး .... မန္တလေး .... ။ ဟုတ်ပြီ .... မန္တလေး .... ။

မန္တလေး ... သူဇာ .... ။ သူဇာ ... မန္တလေး ။ အို ... ကိုယ့် သူဇာ။

ဤ မျက်လုံး ၊ ဤ မျက်ခုံး ၊ ဤ မျက်နှာ ၊ ဤ အသားအရေ ၊ ဤ ကိုယ်လုံး ကိုယ်ပေါက် သည် သူဇာ နှင့် တစ်ပုံစံတည်း ။ သို့သော် ...

မန္တလေး က သူဇာ သည် ဆံပင်ရှည် နှင့်ဖြစ်သည် ။ ယခု သူ သည် ဆံပင်တို နှင့် ။

သူဇာ သည် သဘာဝ နုတ်ခမ်းပါးလေး နှင့် နေတတ်သည် ။ သူ့ မှာ ဆေး ကူ၍ ရဲနီသော နှုတ်ခမ်းအ စုံနှင့်။

သူဇာ သည် ရင်ဖုံးအင်္ကျီ သာ ဝတ်လေ့ ရှိသည် ။ သူ့ မှာ မူ တီရှပ် အနီနှင့်။

သူဇာ သည် ပန်းနွယ်ပန်းခက် ပါသော အရောင်နုနု ထဘီ ကို ကြိုက် သည် ။ သူ့ မှာ မူ အနက် ပြောင်ထဘီ နှင့် ။

သူဇာ နှင့် သူ သည် အသွင် တူ၍ အဆင် ကွဲသည် ။

ကိုယ့် သူငယ်ချင်း သူဇာ သည် မန္တလေး တွင် ရိုးသားအေးဆေးစွာ ကုန်စိမ်းရောင်းနေသူ ။ ယခု တွေ့သူ သည် မဟာရန်ကုန် တွင် ဆန်းပြားပူလောင်စွာ ကိုယ်ခန္ဓာ ရောင်းနေသူ ။

အမူအကျင့်တွေ က အရှေ့ နှင့် အနောက် လို ကွာခြားသည် ။ သို့သော် တော်တော့် ကို တူ၏ ။ ခွဲမရအောင် တူ၏။ ခွဲမရ ဆိုမှ ခွဲရနိုင်သော နည်းလမ်း ကို သတိရမိ၏။

သူဇာ သည် ကိုယ့် ကြောင့် လက်ကျိုးဖူး သဖြင့် ဘယ်ဘက်လက် ကောက်နေသည် ။ လက်လွှဲလျှင် သိသာသည် ။ ပြီးတော့ သူဇာ သည် လမ်းလျှောက်လျှင် ထဘီ အောက်နားကို “ တော့ ” ၍ လျှောက်တတ်သည် ။ ကိုယ် တွေးတော ငေးမောနေစဉ် ထို အမျိုးသမီး နား သို့ ယောက်ျားပျို တစ်ဦး ကပ်လာသည် ။ ပြုံးပြုံးရွှင်ရွှင် စကား ဆိုကြသည် ။ အပေးအယူ တည့်သွားဟန်ဖြင့် ရပ်နေရာ မှ စတင် ထွက်ခွာရန် ဟန်ပြင်ကြ၏။ အမျိုးသမီး သည် ပိုက်ထားသော လက်ကို ဖြုတ်လိုက်၏။

သူ ၏ လက်လွှဲဟန် နှင့် လမ်းလျှောက်ဟန် တို့ ကို ဂရုစိုက်၍ ကြည့်ရမည်။ ကိုယ် သည် မျက်တောင် မခတ်မိ၊ အသက် ပင် မရှုမိ ဟု ထင်သည် ။

“ သူဇာ လေလား၊ မဟုတ်ပါစေနဲ့ ” ဟု တတွတ်တွတ် ရေရွတ်နေမိသည် ။

အမျိုးသမီး သည် ပိုက်ထားသော လက် ကို ဖြုတ်ပြီးသောအခါ သူ့ ဘယ်ဘက်ရှိ အမျိုးသား ၏ လက်မောင်း ကို ဘယ်လက် ဖြင့် ချိတ်ဆွဲကာ လူအုပ် ကြားထဲ တိုးဝင် လျှောက်သွားသည် ။ ရပ် ထားသော ကားလေး ထဲ သို့ နှစ်ဦးသား ခေါင်းငုံ့ ဝင်၍ မောင်းထွက်သွားသည် ။

ခဲလေသမျှ သဲရေကျရပြီ။

အမျိုးသမီး ၏ လက်လွှဲဟန် ကို မတွေ့လိုက်ရ။ လူအုပ် ကြားထဲမှာ မို့

လမ်းလျှောက်ဟ န်ကို လည်း ပီပီသသ မမြင်လိုက်ရ။ မည်သူ ဟူ၍ မှန်းဆ မရ။

ကိုယ် စီးလာသော ဘတ်စ်ကားသည် လူပြည့်လျှံ နေပြီမို့ စတင် ထွက်ခွာပြီ ။ ကိုယ် ဘာလုပ်ရမည်နည်း ။ ကိုယ် ဘာလုပ်သင့်သနည်း ။ ဒရိုင်ဘာကြီး ကို တွန်းထိုးပြီး ကားလေး နောက်သို့ ကိုယ်တိုင် လိုက်မောင်းသွားရမည်လော ။ ကား ထဲမှ လူအုပ်ကြီး ကို တွန်းဝှေ့ ခုန်ဆင်းကာ ဘယ်ဌာနီ သို့ မောင်း သွားမှန်း မသိသော ကားလေး နောက်သို့ ပြေးလိုက်သင့်သလော ။ သောက အပူတို့ ကြောင့် ကိုယ့် ဦးနှောက်သည် လည်းကောင်း ၊ ကိုယ့် ရင်သည် လည်းကောင်း ၊ ပေါက်ကွဲ လု နီးနီး ဖြစ်ရ၏ ။ တွေ့မြင် ကတည်း က ဆင်း၍ သူဇာ ဟုတ် မဟုတ် မမေးလိုက်ရခြင်းကြောင့် ကိုယ့် ကိုယ် ကို မကျေမနပ် ဖြစ်မိ၏။

တဒင်္ဂအတွင်း ကိုယ့် စိတ်တွေ ထွေပြားသွားသည် ။ မာရသွန်ပြေးလာ သကဲ့သို့ မောပန်းနေသည် ။ နှမြောတသခြင်း၊ အံ့ဩခြင်း၊ မယုံကြည်နိုင်ခြင်း စသော ခံစားမှုပေါင်းစုံသည် တိုတောင်းသော ကာလအတွင်း လျင်မြန်စွာ ပေါ်ပေါက်လာသည် ။

ရှုပ်ထွေးလှုပ်ရှား ဆန်းကြယ် မြန်ဆန်လွန်းသော လောကကြီးကို မမြင်တွေ့ရအောင် မျက်စိနှစ်လုံးကို မှိတ်လိုက်၏။ ဩကာသလောက သည် ကွယ်ပျောက်သွားကာ မြင်လွှာ တွင် သူဇာ့ ပုံရိပ် သည် အလိုလို ပေါ်လာသည် ။ ညိုစိမ့်စိမ့် သူဇာ မျက်နှာ မှ အကြင်နာမျက်လုံးများ အချိုးအဆစ် ကျနသော ရှည်သွယ်သွယ် ကိုယ်ဟန်နေထားဖြင့် ဟင်းရွက်စည်းပေးနေပုံများ ၊ ငယ်စဉ်က အတူ သွား အတူစားခဲ့ ပုံများကို ပြန်ပြောင်း မြင်ယောင်မိသည် ။

ကိုယ် မျက်စိ ဖွင့် ကြည့်သောအခါ ဘတ်စ်ကားသည် ရွှေတိဂုံဘုရား အခြေ သို့ ရောက်နေပြီ ။ ရွှေတိဂုံစေတီတော်ကြီး သည် လျှပ်စစ်မီးရောင် များ အောက်တွင် ရွှေအတိ ဖြင့် ဝင်းအိနေ၏။

“ သူဇာ သည် ရိုးသားသူ ၊ သဘောသကာယ ကောင်းသူ ၊ မိဘမောင်ဘွား ကို ဈေးရောင်း ကျွေးနေသူဖြစ်ပါသည် ။ အကျင့်သီလ ကောင်းမွန်သော မိန်းကလေး တစ်ဦးလည်း ဖြစ်ပါသည် ။ ထိုသို့သော သူဇာ သည် မန္တလေးမြို့ တွင်ပင် မောင်လေး ၊ ညီမလေး တို့ ၏ စားဝတ်နေရေး နှင့် ပညာသင်စရိတ် အတွက် ရိုးသားစွာ ဈေးရောင်းနေသူ တစ်ဦး အဖြစ်နှင့်သာ ဆက်လက် ရှိနေပါစေဘုရား ”

ကိုယ် သည် တိုးတိုးတိတ်တိတ် ကျိတ်၍ ဆုတောင်းသည် ။

“ လူတူ မရှား၊ အမည်တူ မရှား ” ဟူသော စကားပုံသည် ကိုယ့် စိတ်ကို သက်သာရာ ရစေသည် ။

ထို့ပြင် သူဇာ လို စိတ်ဓာတ် ခိုင်မာသော ၊ သီလ ရှိသော မိန်းကလေး တစ်ဦး သည် ဘယ်နည်းနှင့်မျှ အနိမ့်ဆုံး အဆင့်အတန်း သို့ လျောကျ မသွားနိုင် ဟု ယုံကြည်သည် ။

••••• ••••• •••••

မည်သို့ပင် ဖြစ်စေ ၊ ကိုယ် သည် လုပ်သက်ခွင့် တစ်လ ယူ၍ မန္တလေး သို့ သွားမည် ။ သူဇာ့ သတင်း ကို စုံစမ်းရမည် ။ သူဇာ တို့ မိသားစု ကို ကိုယ် ရှာမည် ။

သူဇာ သဘောတူလျှင် ကိုယ့် ညာလက်ရုံး ကို သူဇာ တွယ်ဖက်စေ၍ ကျန်ရှိသော ဘဝလမ်း မှာ အေးချမ်းစွာ အတူ တွဲ၍ လျှောက်လှမ်းကြမည် ။

ထို့ကြောင့် သူဇာ တစ်ယောက် မန္တလေး မှာ ရှိနေဖို့ အရေးကြီးသည် ။

▢ ကိုရိုးကွန့်
📖ဂီတပဒေသာ မဂ္ဂဇင်း
     ၁၉၈၅ ခု ၊ ဇန်နဝါရီလ

No comments:

Post a Comment