Sunday, June 15, 2025

သတ္တမနေ အလာမှာ


 

❝ သတ္တမနေ အလာမှာ ❞
        ( တင့်ဇော် )

သမီး မျက်နှာ ကို ကြည့်ရင်း သူ့ မျက်စိ အစုံဝယ် မျက်ရည်တို့ ဝေ့ဝဲ၍ လာသည် ။ နံ့သာခြယ်မှုန်းထားသော သမီးလေး ၏ မျက်နှာလှလှလေး သည် မျက်ရည်များ အကြားဝယ် တဖြည်းဖြည်း မှုန်ဝါးလာချေ၏ ။ သမီး ကို အမေ ဖြစ်သူ က အစွမ်းကုန် အလှခြယ်ထားသည် ဟု ဆိုရပေမည် ။ သို့တစေ သမီး မျက်နှာ သည် ရွှင်ရွှင်ပျပျ မရှိ ။ မဲ့ပြုံး ပြုံးနေသည် ဟု သူ့ စိတ်မှာ ထင်နေမိသည် ။ သို့မဟုတ် မချိပြုံး ဟု ဆိုရလေမည်လား မပြောတတ် ။

“ သမီးလေးရယ် ”

ဦးဘလွင် က တိုးတိုးညှင်းညှင်း ရေရွတ်လိုက်၏ ။ ကြေကွဲသံ ရောယှက် နေသည့် ကြင်နာသံလား ၊ နှလုံးသား မှ ဝေဒနာ ပြွမ်းတီး၍ မချင့်မရဲ ထွက်ပေါ်လာသည့် အသံလား ၊ သူ ကိုယ်တိုင် မဝေခွဲနိုင်ပါချေ ။ ရင် တွင် နင့် နေသည် ကို တော့ သမီးလေး သိတန်ကောင်းပါရဲ့ ဟူသော အတွေး က လွှမ်းမိုး နေလေသည် ။

သမီး ရုပ်သွင် ကို ကြည့်နေရင်း မျက်ရည်စက် တို့ ပါးပြင် တစ်လျှောက် လိမ့်ဆင်းကျစ ပြုချေပြီ ။ ယောက်ျား ရင့်မကြီး တန်မဲ့ ငိုရသည် ကို သူ မရှက်နိုင်ပါ ။ သည်နေ့ မျက်ရည် ကျရပြီ ။ နောက်တစ်နေ့ လည်း မျက်ရည် ကျရ ဦးမည် ။ ပြီး ... နောက်တစ်နေ့ ...

ရက်ပေါင်းများစွာ ဆက်လက် ငိုကြွေးရဦးမည် ကို သူ့ စိတ်၌ အလိုလို တွေးသိ နေသည် ။ မည်မျှထိ ငိုကြွေးရမည် ကိုတော့ မခန့်မှန်းနိုင်ချေ ။ သံသရာ မဆုံးသရွေ့ ဟု ဆိုချင် ဆိုရပေမည် ။

မျက်ရည်များ အကြားဝယ် သမီးရုပ်သွင် က ဝိုးတဝါး ဖြစ်သွားပြန်သည် ။ ပြီး ... ။

ရှိုက်ငင်တကြီး ငိုကြွေး နေသော သမီး သဏ္ဌာန် က ထင်လာသည် ။ သမီး ၏ မျက်ရည်စက် တို့ သည် သူ့ မျက်လုံး အစုံ နှင့် နှလုံးသား ထဲ သို့ စီးဝင်ခဲ့ရော့ထင့် ။

••••• ••••• ••••• 

သမီး သည် ကြေကွဲဝမ်းနည်းစွာ ရှိုက်ငင်တကြီး ငိုကြွေး နေချေသည် ။ အမေ ဖြစ်သူ က သမီး ကျောပြင် ကို ပွတ်သပ်ချော့ နေပေမင့် မျက်လုံးဝယ် မျက်ရည်တို့ က ဝေ့ဝဲ နေချေပါသည် ။ ဦးဘလွင် က မူ အံကို တင်းတင်းကြိတ် ထား၏ ။ မေးကြောများ ထောင် နေအောင်ပင် တင်းမာနေသည် ဟု ဘေးလူများ အထင် ရှိချေသည် ။ သူ့ ရင် တွင်မူ မီးတောက်လောင် နေပြီဖြစ်၏ ။ ဪ ... သား သမီး အတွက် အပူမီး သည် အပူလောင်ဆုံးပါကလား ။

“ သမီး အဖို့ မထူးတော့ပါဘူး အဖေ .. ၊ အရှက် လည်း ကွဲခဲ့ရပြီ ၊ ပြီး ... ပြီးတော့ ... ”

သမီး အသံက တုန်ယင် နေသဖြင့် ဦးဘလွင် ရင် သည်လည်း တုန်ယင် လာချေပြီ ။ လှိုက်မော လာချေ၏ ။ သမီး အသံ ကိုပင် နားထောင်ရ မှာ မဝံ့မရဲ ဖြစ်နေမိသည် ။

“ အဖေရယ် ... သူတို့ ပေးမယ့် ငွေခြောက်ရာ သာ ယူလိုက်ပါ ၊ အမှု ဖွင့်နေလည်း သမီး ဘဝ ပြင်လို့ ရတော့မှာ မှ မဟုတ်တာ ၊ သမီး ဘဝ အဖတ်ဆယ် မရတော့ပါဘူး ၊ ဒီတော့ သူတို့ ပြောသလို ငွေ ကိုပဲ လက်ခံလိုက်ပါတော့ အဖေ ၊ ဒေါသလည်း သိပ် ကြီးမနေပါနဲ့ ၊ ငွေခြောက်ရာ ရ ရင် အဖေတို့ အကြွေးလေး ဘာလေး ဆပ် ၊ မောင်လေး နဲ့ ညီမလေး အတွက် ကျောင်းစရိတ် ပေးဖို့ အဆင်ပြေမှာပါ ၊ အမှု ဖွင့် ရင် ဂတ်ရောက် ရုံးရောက် နဲ့ အလုပ်ရှုပ် ၊ စရိတ် ပွန်းမယ် ၊ လူ သိရင် တစ်ရှက် က နှစ်ရှက် ဖြစ်မယ် ၊ ဒီတော့ အဖေ ရယ် ... သမီး အတွက် မစဉ်းစားပါနဲ့တော့ ”

သမီး သည် စကား အဆုံးဝယ် ရှိုက်ငိုချလိုက်၏ ။ သည် ငိုသံသည် ဦးဘလွင် ၏ ရင်အစုံ ကို ထုနှက်ရိုက် ပုတ်လိုက်သည့် နှယ် ဖြစ်ချေသည် ။ ဦးဘလွင် က မျက်စိ အစုံ ကို ရုတ်ခနဲ မှိတ် ပစ်လိုက်၏ ။ မျက်စိဝယ် စိန်နားကပ် တဝင်းဝင်း နှင့် ဒေါ်အေးမိ သဏ္ဌာန် က ပေါ်လာပြန်ပါသည် ။

“ ဦးဘလွင်ရယ် ... ရှင်တို့ ကျွန်မတို့ က တစ်ရပ်တည်း သားတွေပါ ၊ ဒီ ရပ်ကွက် မှာ နေလာတာ ၁ဝ နှစ် လောက် ရှိကြပြီပဲ ၊ ခု ကျွန်မ သား ဖန်တီးတာ နဲ့ ဒီပြဿနာ ဖြစ်ရတာ ၊ ကျွန်မ လည်း မိန်းကလေး ဘက်က ကိုယ်ချင်းစာပါတယ် ၊ ဒါပေမဲ့ ပြန် ပြင်လို့ ရတာမျိုး မဟုတ်တော့ ကျွန်မ ဘယ်လို လုပ်ရမှာလဲ ဦးဘလွင် ၊ ကျွန်မ သား မိုက်ကယ် မိုက်တာ မှန်ပါတယ် ၊ ကျွန်မ တောင်းပန်ပါတယ် ရှင် ၊ ရုံးတွေဂတ်တွေ သွား နေလည်း ပြဿနာ ရှုပ်လာဦး မှာ ၊ ပြီးတော့ ဦးဘလွင် သမီး မနှင်းကြည် လည်း အပျို ဘဝ ပြန် မရောက်တော့ပါဘူး ၊ ဒီတော့ လျော်ကြေးရယ် လို့ သဘော မထားဘဲ ကလေးမလေး စိတ်ကျေနပ် အောင် ငွေခြောက်ရာ တော့ ကျွန်မ ပေးပါရစေ ရှင် ၊ အိမ် က ကောင်လေး မိုက်ကယ် ကို က မိုက်ပါတယ် ၊ သူ့ အဖေ က လည်း နိုင်ငံခြား သွား နေတော့ ပိုပြီး လွတ်လပ်နေ ၊ ဆိုးနေ တာပါပဲ ၊ ကိုယ့် တစ်ရပ်တည်းသားချင်းများ မတော် မတရားပြုရတယ်လို့ ရှင် ... ၊ ဦးဘလွင် စဉ်းစားပါလေ ၊ တိုင်ပင်သင့် တဲ့ လူတွေ နဲ့ လည်း တိုင်ပင်ပါဦး ၊ ကျွန်မ တောင်းပန်ပါတယ်ရှင် ”

ဒေါ်အေးမိ စကား တို့ က ဦးဘလွင် ၏ နား ထဲသို့ သံရည်ပူ လောင်းထည့်သည့် နှယ် ဖြစ်နေသည် ။ သူ့ မျက်နှာ ဝယ် ဟန်လုပ်၍ တင်းထားရ သလောက် ရင်တွင်း ၌ တင်းထား မရ ဖြစ်နေတော့၏ ။ မချိတင်ကဲ ကြေကွဲနေမိ ၊ ဝမ်းနည်းနေမိသည် ။ ဒေါ်အေးမိ ပြောတာ မှန်သင့် သလောက် မှန်နေသည် ။ သည် ... သီရိမင်္ဂလာရပ်ကွက် ၌ ဦးဘလွင် တို့ အခြေစိုက်သည် မှာ ၁ဝ နှစ် ခန့် ရှိပြီ ဖြစ်သည် ။ သည်တုန်းက သမီး နှင်းကြည် ၏ အသက် မှာ ၈ နှစ် သာသာမျှ သာ ရှိသေးသည် ။

သီရိမင်္ဂလာရပ်ကွက် အေးရိပ်သာယာလမ်း ထိပ် ၌ သူတို့ ကွမ်းယာဆေးလိပ်ဆိုင်လေး စ ဖွင့်ခဲ့ကြသည် ။ အိမ်ဆိုင်လေး ဟု ဆိုပေမယ့် မိသားစု ပါ နေနိုင်သော အခန်းကျဉ်း ၊ ထရံကာ ၊ သက်ငယ်မိုး အိမ်လေး မျှ သာ ဖြစ်သည် ။ အိမ်ဆောက် နေရသည့် မြေ ကလည်း ကိုယ်ပိုင်မြေ မဟုတ် ။ ကျူးကျော်မြေမျိုး ဟု ဆိုရမလို ၊ လမ်း နှင့် ကပ် နေသော မြေမို့ ဘယ်တော့ အဖျက်ခံရပါ့မလဲ ဟု တထိတ် ထိတ် နေရသော နေရာဖြစ်သည် ။ ဒေါ်အေးမိ တို့ ကမူ အေးရိပ်သာယာလမ်း ထဲ တွင် တိုက် နှင့် တာ နှင့် ရှေးမဆွ ကတည်း က အခြေချခဲ့သူများ ဖြစ်သည် ။ သည် လမ်း ထဲ ဝယ် အိမ်ကြီး အိမ်ကောင်း တိုက် နှင့် တာတွေ များသော် လည်း ဦးဘလွင် တို့ အိမ် ကမူ ယခင်က ဈေးပေါပေါ နှင့် ဆောက်ထားခဲ့မိသည့် အတိုင်း စုတ်ချာမြဲ စုတ်ချာလျက် ။

ထိုည က နှင်းကြည် သည် ဒေါ်အေးမိ တို့ အိမ် ကို ဖြတ်လျက် တစ်ဖက်လမ်းမကြီး ထိပ်သို့ ထွက်၍ ကားစီး ပြီး ထုံးစံအတိုင်း ညကျောင်း တက် သွားသည် ။ ပြန်ချိန် ရောက်သည့် တိုင် သမီး ရောက်မလာခဲ့ ၊ အတန်ကြာ နောက်ကျမှ ရောက်လာပြီး သမီး သည် ရှိုက်ငိုတကြီး သူ့ အဖြစ်အပျက် ကို ပြောပြတော့သည် ။
ကြွေနွမ်းရသော အဖြစ် ... ။

နွမ်းခြွေသူ ကား ဒေါ်အေးမိ ၏ သား မိုက်ကယ်တင်မောင် ။

ဦးဘလွင် သည် ယင်း အဖြစ်အပျက် ကို ကြားရ သောအခါ အိမ်ခေါင်းရင်း တွင် ချိတ်ဆွဲထားသော ဓားရှည် ကို ဆွဲယူ၏ ။ ပြီး ... ဒေါ်အေးမိ အိမ်သို့ အပြေး ထွက်သွားလေသည် ။ နှင်းကြည် နှင့် မိခင် ဒေါ်မယ်တင့် သည် နောက်မှ အပြေးလိုက်ကာ ဦးဘလွင် ကို ပြန် ဆွဲ ခေါ်ကြသည် ။ ဘဝ တစ်ခု ဆုံးခဲ့ပြီးပြီ ဖြစ်၍ ဘဝများစွာ ထပ်မံ အဆုံး မခံနိုင်ကြ ဟု ဖျောင်းဖျကြ၏ ။ တောင်းပန်ကြရသည် ။ ဒေါ်အေးမိ တို့ ခြံရှေ့ပေါက် ဝယ် သားအဖ တစ်တွေ အချေအတင် အကျောက်အကန် စကား ဆို နေစဉ်ပင် ဒေါ်အေးမိ သည် ပျာရိပျာရာ ဖြင့် ခြံတွင်း မှ ထွက် လာသည် ။ သား အပြုအမူ ကို ဒရိုင်ဘာ မောင်သောင်း ထံ မှ သိလာသဖြင့် ဦးဘလွင် အား ဖျောင်းဖျ၏ ။ တောင်းပန်၏ ။ လျော်ကြေး သဘော မဟုတ် ဟု ဆိုသည့် ငွေ စကား ဆိုလာတော့သည် ။

“ နက်ဖြန် ညနေ ကျွန်မ ဦးဘလွင်တို့ အိမ် လာခဲ့ပါ့မယ် ”

ဒေါ်အေးမိ စကား ဆုံးသောအခါ နှင်းကြည် သည် ဦးဘလွင် ကို ပြန်လည် ဆွဲခေါ်လာသည် ။ ဦးဘလွင် သည် ခေါင်းငိုက်စိုက် ချ၍ သမီး နှင့် ဇနီး နောက်သို့ ပြန် လိုက်ခဲ့ရပေမင့် အခဲမကျေ ဖြစ်နေဆဲ ရှိသည် ။ ရင်တွင်း မီး ကား အဟုန်ဖြင့် လောင်မြိုက်ဆဲ ။

သူ ၏ ရင်တွင် သည်မျှ မီးလောင် နေလျှင် သမီး ရင် ၌ မည်သို့ ရှိနေချိမ့် ၊ သမီး မည်သို့ ခံစားနေချိမ့် ဟူသော အတွေး က စိုးမိုး လာပြန်သည် ။

“ တောက် ”

သူ့ တက်ခေါက်သံကြောင့် သမီး နှင့် ဇနီး က လက် တစ်ဖက် စီ ကို တင်းတင်းကျပ်ကျပ် ချုပ်ဆွဲ လိုက်ကြ၏ ။ ည သည် ပိန်းပိတ်အောင် မှောင်ဆဲ ။

 ••••• ••••• ••••• 

ငွေခြောက်ရာ လက်ခံပြီး သည့် နောက်နေ့ နံနက် တွင် နှင်းကြည် မျက်နှာဝယ် နံ့သာတို့ ခြယ်သထားသည် ကို တွေ့ရ၍ ဦးဘလွင် ၏ စိတ်၌ ပူပန်မှု လျော့ရဲစ ပြုလာ၏ ။ သမီး သည် ဖြေသိမ့်နိုင်သူ တစ်ဦး ပါလား ဟု ပင် ကိုယ့် သမီး ကိုယ်ကျိတ်၍ ချီးကျူးမိ သလို ဖြစ်မိသည် ။ ကိုယ့် ရင်သွေး တစ်ဦး ၏ ဘဝ တစ်ခု နှင့် လဲလှယ် ခဲ့ရသော ငွေ ကို ကြွေးဆပ်တန် ဆပ် ၊ ကျောင်းဖွင့်စ ရက်မို့ အငယ် ကလေးများ အတွက် လိုအပ်သည်များ ဝယ်တန် ဝယ် နှင့် နှင်းကြည် နှစ်သက်သလို သုံးလိုက်ရ၏ ။ ငွေစက္ကူရွက် များ ကို ကိုင်တွယ်၍ သုံးနေရ သော်လည်း သမီးလေး ၏ ဘဝကို တစ်လွှာစီ လွှာ၍ ခွာ၍ သုံးနေရသည် ဟု သာ အမြဲ ထင်နေမိသည် ။ ရင်တွင်း ၌ ရှင်းရှင်းလင်းလင်း ရှိ မနေခဲ့ချေ ။

ယမန်နေ့ နံနက် က မူ နှင်းကြည် သည် သူ့ အခန်းကျဉ်းလေး တွင်း မှ လုံးဝ ထွက်မလာချေ ။ အခါတိုင်း နံနက်ခင်း အရုဏ်တက် တွင် အိပ်ရာ မှ ထစမြဲ ဖြစ်သော်လည်း ၊ ခါတိုင်း လို ထ မလာသဖြင့် စိတ်ထဲ၌ မကြည်မလင် ဖြစ်၍ အိပ်ရာတွင်း ၌ မှိန်းနေလိမ့် ဟူသော အတွေး ဖြင့် ဦးဘလွင် သည် သမီး ဖြစ်သူ အား မနှောင့်မယှက် နေစေမိသည် ။ နံနက် ၇ နာရီခွဲ ကျော်သည့် ထိ အခန်း တွင်း မှ နှင်းကြည် ထွက်မလာသော အခါ ဒေါ်မယ်တင် သည် နှင်းကြည် အခန်း သို့ လှမ်း ဝင်သွားတော့သည် ။

“ သမီး ... သမီး ”

ဒေါ်မယ်တင် ၏ အသံ က တိုးတိုးညှင်းညှင်း မှ ဖြည်းဖြည်း ကျယ်လောင်လာ၏ ။ ပြီး .. ခဏမျှ အသံ တိတ်သွား၏ ။

“ အမလေး ... ကိုဘလွင်ရယ် ကိုယ်ကျိုးနည်းပါ ပေါ့လား ”

တိတ်ဆိတ်မှု ကို ဖြိုခွင်း အော်ငိုလိုက်သော ဒေါ်မယ်တင် ၏ အသံကြောင့် ဦးဘလွင် သည် နှင်းကြည် ၏ အခန်းတွင်း သို့ အပြေး ဝင်သွားမိသည် ။ ဇနီး သည် သမီး ကို တင်းတင်း ပွေ့ဖက်ကာ ရှိုက်ငို နေသည် ။ နှင်းကြည် သည် မိခင် ၏ ရင်ခွင် ၌ တောင့်တင်း၍ပင် နေချေပြီကော ... ။

နှင်းကြည် ၏ အနီးမှ ပိုးသတ်ဆေးများ ထည့်သည့် ဘူးခွံလွတ် ကို ရှာဖွေ တွေ့ သဖြင့်လည်း အဖြေ ကို ရှာဖွေ တွေ့ သည် ဟု စိတ် ၌ ယတိပြတ် ဆုံးဖြတ်လိုက်၏ ။ ပြီး သမီး အနား မှ စာတစ်ရွက် ... ။

      အဖေ နှင့် အမေ
      သမီး ကို ခွင့်လွှတ်ကြပါ ။
      သမီး အသု ဘကို ငွေခြောက်ရာ ထဲမှ မသုံးပါနဲ့
      အဖေ ၊ ကျဉ်းကျဉ်းပဲ ဖြစ်သလို စီစဉ်ပါ ။
      သမီး ဘဝက မထူးတော့တာမို့ သမီး ပြုခဲ့ ၊ မိုက်ခဲ့ သမျှ အပြစ် ဟူသမျှ ခွင့်လွှတ်ပါလို့ ရိုသေမြတ်နိုး လက်အုပ်မိုးခဲ့ပါတယ် အဖေ နဲ့ အမေရှင့်... ။
             နှင်းကြည်

နှင်းကြည် ရေးခဲ့သည့် စာ က တိုတိုလေးမျှ သာ ဖြစ်သည် ။ သို့တစေ သူ့ ဘဝ တစ်ခုလုံး သည် စာရွက်လေး ပေါ်တွင် ရောင်ပြန်ဟပ်နေသည် ဟု ဦးဘလွင် စိတ် က စွဲမှတ်လိုက်၏ ။ သမီး ၏ နှလုံးသွေး နှင့် ရေးသည့် စာပါကလား ဟူ၍လည်း မှတ်ယူမိ ပြန်သည် ။ ဝေမှိုင်းမှုန်သီ သော မျက်စိဖြင့် သည် စာ ကို အခေါက်ခေါက် အခါခါ ဖတ်မိ၏ ။ ဖတ်မိတိုင်း ရင်လှိုင်းခုန်၍ မျက်ရည် ဝေ့ရပြန် ပါသည် ။ ကြေကွဲရသည်ချည်းပင် ။

ကြေကွဲစိတ်များ နှင့် ပင် အရပ်လူကြီးများ နှင့် တိုင်ပင် လျက် အသုဘ ကိစ္စ စီစဉ်ရပြန်သည် ။ တမလွန် မှ သမီးလေး စိတ်ချမ်းသာ နေစေချင်သည် ။ သမီး ၏ တစ်ဘဝ သည် ငွေခြောက်ရာ မျှ ပါကလား ဟူသော အတွေး က အသည်းနှလုံး ကို ဓား နှင့် မွှန်းသည့်နှယ် တနုံ့နုံ့ နာကျင် နေစေပါတော့သည် ။

ဪ ရင် အပူကို ဘယ်သူ ကူလို့ ငြိမ်းနိုင်ပါ့ ။

••••• ••••• •••••

ကြေးစည်သံ လွင်လွင် လွင့်ပျံလာချေပြီ ။ နှင်းကြည် ၏ အသုဘ ပို့ဆောင်ရန် ပရိသတ် သည် တဖြည်းဖြည်း အိမ်ဝ ၌ စု နေချေပြီ ။ စောစောက မြင်နေရသော နှင်းကြည် သည် ခေါင်း ထဲ၌ အိပ်စက် အနားယူ နေချေပြီ ဖြစ်၏ ။ သမီး အနေဖြင့် တစ်ခါမျှ သည်မျှ ပြင်ပြင်ဆင်ဆင် မဝတ်ဆင်ဖူး ။ မဖြီးလိမ်းခဲ့ဖူးချေ ။ အိမ် အလုပ် ကူလုပ်ရာ မှ ညကျောင်း တက် ၊ ကျောင်း မှ အပြန် အိမ် အလုပ် ကူလုပ်နှင့် ဘဝ တစ်ခုလုံး ရုန်းကန်ခဲ့ရသည် ။ ဆင်းဆင်းရဲရဲ နေခဲ့ရချေသည် ။ ဩော် ခုတော့ လှလို့ ပလို့ ။ ဒါပေမဲ့ .. ။

နှင်းကြည် ဘဝ သည် နေမင်း နှယ် ပူပြင်း ခဲ့ရသည် ။ အဖေ နှင့် အမေ ၏ ဘဝသည် ပူပြင်းသော လမ်း ၊ အရိပ်မဲ့သော လမ်း ၊ ငွေမဲ့ ပစ္စည်းမဲ့ ဘဝတွင် ရုန်းကန်ခဲ့ရ၍ သားသမီး ၏ ဘဝ သည်လည်း အဘယ်သို့ အေးမြနိုင်ပါ့မလဲ ။ နေတစင်း ၏ အပူ သည် ပူလှပြီ ဟု ဦးဘလွင် အထင် ရှိခဲ့သည် ။ သမီး အနေဖြင့်မူ နေ ၇ စင်း ပူသော ကာလမျိုး ဆိုက်ခဲ့ချေပြီတည်း ။

နေ တစ်စင်း သည် ပူလောင်လှ၏ ။

ဒုတိယ နေ တစ်စင်း ထွက်လျှင် ပို၍ ပူလောင်လာမည် ။

တတိယ နေ တစ်စင်း ထွက်လျှင် ပို၍ ပို၍ ပူလောင် ချေမည် ။ စတုတ္ထ .. ပြီး ... သတ္တမ ... ။

သတ္တမ နေ ထွက် လာလျှင် ကမ္ဘာလောကကြီး ပျက်စီးလောင်ကျွမ်းပြီ ဟူ၍ ကျမ်းဂန် တွင် အဆိုရှိပါသည် ။ သည်သို့ ဆိုလျှင် ယခု သမီး ကို ကြည့် ။ သတ္တမ နေ အလာ မှာ ကမ္ဘာ ပျက်ရသည့် နှယ် အပူလောင်ဆုံး ဘဝမျိုးဖြင့် သမီး ကမ္ဘာလေး ပျက်စီး နေပြီ ၊ လောင်ကျွမ်း သွားချေပြီတည်း ။

“ သမီးလေး ... နှင်းကြည် ”

ဒေါ်မယ်တင် ၏ အသံက ကြေးစည်သံ ကို ဖောက်ထွင်းလွင့်ပျံလာတော့သည် ။ ခဏ အကြာတွင် နှင်းကြည် ၏ အသုဘယာဉ် သည် အေးရိပ်သာယာလမ်း မှ ဖြည်းညင်းစွာ ထွက်ခွာလာသည် ။

“ နှင်းကြည် ”

“ သမီးရေ ”

ဆိုနင့်ကြေကွဲ နေသော ဦးဘလွင် နှင့် ဒေါ်မယ်တင် ၏ အသံ က နှင်းကြည် နောက်ပါး မှ ကပ်ပါ ပေါ်ထွက်လာပါသည် ။

ကြေးစည်သံ က လွင့်ပျံဆဲ ... ။

••••• ••••• •••••

“ တော်တော် မိုက်တဲ့ ကောင်မလေး ”

မိုက်ကယ် သည် တိုက် အပေါ်ထပ် မှ နှင်းကြည့် အသုဘ ကို ကြည့်ရင်း မှတ်ချက်ချ လိုက်၏ ။ မိုက်ကယ် နံဘေးရှိ စားပွဲခုံ ပေါ်ရှိ တိတ်ရကော်ဒါ အသေးလေး မှ နိုင်ငံခြားတေးဂီတသံ က နှင်းကြည် အသုဘ ကို ငေးကြည့် နေသည် ။

“ တော်တော် မိုက်တွင်း နက်တဲ့ နှင်းကြည် ၊ သူ့ ထက် သာတာတွေ တောင် တစ်ရာ နှစ်ရာ ပေးရင် တစ်ညလုံး ရသေးတယ် ။ ဟင်း ... သူ့ ကို ခြောက်ရာ လည်း ပေးရသေးတယ် ၊ ဒါတောင်မှ သူ့ ကိုယ် သူ သ,တ်သေသတဲ့ ”

မိုက်ကယ် သည် မီးခြစ် ကို အကြောင်းမဲ့ ခြစ်လိုက် ရင်း သူ့ အမေ ကို လှမ်းပြောသလို နှင့် ပြောနေ၏ ။ ဒေါ်အေးမိ ကမူ မိုက်ကယ် ၏ အသံ ကို ကြားဟန်မတူ ၊ အဝေး တွင် လွင့်ပျံ နေသော ကြေးစည်သံ ကို နာခံရင်း ၊ နှင်းကြည် အသုဘ ကို ငေးနေဆဲ ။

“ ဖူး ဖူး .. အရူးပဲ ”

မိုက်ကယ် ၏ မကျေမချမ်း ဖြစ်သံ ၊ ရှုတ်ချသံ က ထပ်မံ ထွက်ပေါ် လာပြန်သည် ။

အကယ်၍များ ဒေါ်အေးမိ သည် တစ်ချိန်ခါ က နှင်းကြည် လို အဖြစ်မျိုး ကို
ရစ်ချတ်သန်းတင် ဆိုသော အထက်တန်းလွှာ လူကုံထံ တစ်ဦး နှင့် ကြုံတွေ့ခဲ့ရဖူး သော်လည်း ဂုဏ်သရေ နှင့် ငွေ ဆိုသော ပိုက်ကွန်များ ဖြန့်ချတတ်သည့် လည်ပတ်နိုင် လွန်းသော သဘာဝ ကြောင့် နှင်းကြည် နှယ် အသက် အဆုံး မခံခဲ့ရ ။ မိုက်ကယ် ခမျာလည်း မိမိ ဖခင်ရင်း မဟုတ်သော ဦးတင်မောင် ကို ဒယ်ဒီ ဟု ခေါ်နေရသော မိမိ ၏ ဘဝ ကို ရော ၊ မိခင် ၏ အဖြစ် ကို သာ သိပါက နှင်းကြည် ကို အရူး ဟု ရှုတ်ချ ခေါ်နိုင်ပါဦးမည်လား မသိ ။

ဒေါ်အေးမိ က မူ အဝေး ကို ငေး နေဆဲ .... ။ အတွေး သံသရာ တွင် လည်ပတ် နေဆဲ ဖြစ်ပါသည် ။

  ▢ တင့်ဇော်
📖 ရှုမဝ မဂ္ဂဇင်း
      စက်တင်ဘာ ၊ ၁၉၇၂

No comments:

Post a Comment