Wednesday, June 11, 2025

ပစ်တိုင်းထောင် ( ၁၂ )


 

❝ ပစ်တိုင်းထောင် ❞
      အပိုင်း - ၁၂

စိတ် က ဘယ်လို ဆောင် သော်လည်း တကယ်တမ်း လဲသည့် အခါ မတတ်နိုင်တော့ချေ ။ အရက် နှစ်ဆယ်ခန့် အိပ်ရာ ထဲ တွင် ဘုံးဘုံး လဲ ခဲ့သည် ။ တော်တော်တန်တန် ဖြစ်သည်ကို ဇွတ် တိုး၍ ဆိုက်ကား ကို နင်းခဲ့သည် ။ မနင်း လျှင် လည်း မဖြစ်ပေ ။ တစ်နေ့လုပ် တစ်နေ့စားသမား တစ်ယောက် အတွက် အနားယူ ပြီးလျှင် စွဲကပ်သောရောဂါ ကို မကုနိုင်ချေ ။

အလုပ် လုပ်ရင်း နှင့် ရောဂါ ကို ကုရသည် ။ ရောဂါ မကြီးလျှင် တစ်ခါတစ်ရံ ပျောက် သွားတတ်သည် ။ ရောဂါ ကြီးလျှင် ပို၍ ဆိုးလေသည် ။ ပို၍ လည်း ခံရတတ်သည် ။ ကျွန်တော် သာ ခံရသည် မဟုတ် ။ တစ်အိမ်လုံး ခံရလေသည် ။ အလုပ် မလုပ် နိုင်လျှင် စားရေးသောက်ရေး ကျပ်တည်းမည် ကို ကြိုတင်၍ သိထားသည် ။ သို့သော် ကိုယ် က မတတ်နိုင်၍ သာ သည်အကြောင်း ကို မမေးရဲခြင်း ဖြစ်သည် ။

အစတွင် ဆရာ နှင့် ပင် မကုရချေ ။ ဆီးကိုင်သည် ကို ဒန်းကြီးရွက် နှင့် သကြားခဲ ကို စိမ်၍ သောက်သည် ။ ခါတိုင်း ပျောက်တတ်၏ ။ ယခု တစ်ကြိမ် တွင်ကား မပျောက် ။ နောက်ဆုံး မသက်သာသဖြင့် ဆရာ ခေါ်ရသည် ။ ဆရာ ခေါ်ပြန်တော့လည်း ဆေးဖိုး က တက်လာသည် ။

ဆိုက်ကားသမား တစ်ယောက် လဲလျှင် မသက်သာကြောင်း ကို ယခု မှ ကောင်းကောင်း သိရလေသည် ။ ဆိုက်ကားသမား တစ်ယောက် မမာမကျန်း ဖြစ်၍ ဆိုက်ကား မနင်းနိုင် လျှင် ဆေးကုဖို့ ကို ရှေးဦးစွာ မစဉ်းစားနိုင်ချေ ။ ကိုယ် မနင်းနိုင် သော်လည်း အုံနာခ ကို မည်သို့ စိုက်ပေးရမည် ကို စဉ်းစားရသည် ။ အုံနာခ စိုက်မပေးနိုင်လျှင် အုံနာ က ဆိုက်ကား ကို ပြန်၍ သိမ်းသည် ။ ဆိုက်ကား တစ်စီး ရှာရသည်မှာ ယခုအခါ ၌ မလွယ်လှပေ ။ ဆိုက်ကား လက်လွတ် မခံနိုင်သော အခါ အုံနာခ ကို စိုက်၍ ပေးရသည် ။ အကြွေး ကင်းသူ ဆိုလျှင် တော်သေး၏ ။

နေ့ပြန်တိုးသမား ဆိုလျှင် ဝင်ငွေ မရှိဘဲနှင့် တစ်နေ့ ကို သုံးကျပ် တစ်မတ် ကိုယ် က ပြန်၍ ပေးနေရ၏ ။ ဆယ်ရက် ဆိုလျှင် သုံးဆယ်ကျော် ကိုယ့် အိတ် ထဲ မှ ထွက်နေ၏ ။ ထွက်စရာ ရှိလျှင်ကား တော်သေး၏ ။ ထွက်စရာမရှိသူ အဖို့ ပေ၍ ခံနေရသည် ။

ယခုလည်း ကျွန်တော့် မှာ ရက် ၂ဝ ကျော်မျှ လဲနေခဲ့ရာ အစ ဆယ်ရက်လောက် တွင် အားလုံးက ဝိုင်းဝန်း ကြည့် ရှုသဖြင့် ခံသာသေးသည် ။

ကြာတော့လည်း တောင်မင်း မြောက်မင်း မကယ်နိုင် ဖြစ်လာကြသည် ။

ယခုရက် အတွင်း မရီ သည် မည်သို့ ကြံဖန် စားသောက်နေသည် ကို ကျွန်တော် မသိချေ ။ မေး လည်း မမေးရက် ။ ကိုယ် က ဘာမှ မတတ်နိုင်သော ကိစ္စ ကို မေးရသည်မှာ မဝံ့အောင် ရှိတော့သည် ။ အစရက်များ တွင် အချင်းချင်း ထံမှ တစ်ကျပ် နှစ်ကျပ် ငါးကျပ် စသည်ဖြင့် လှည့် ဆွဲရသည် ။ လှည့်ဖန် များ လာတော့လည်း လူ က ကုန်သလောက် ရှိလေပြီ ။ သည်အခါတွင် ကျွန်တော် ကလည်း ဘာမှ မတတ်နိုင်တော့ချေ ။ ကိုယ့် စိတ်ထဲ တွင်သာ ကိုယ် ကြိတ်၍ ခံနေလိုက်သည် ။

ကျွန်တော် က အိပ်ရာ ပေါ်တွင် မှိန်း ရင်း တစ်ယောက် တည်း စဉ်းစား နေမိသည် ။ မရီ သည် ကျွန်တော့် အနားတွင် ထိုင်နေရင်း တစ်စုံတစ်ခု ကို ပြော ရန် ဟန်ပြင် နေသည် ။

“ အစ်ကို … မရီ ဦးဘမောင် နဲ့ တွေ့ ခဲ့တယ် ”

ဦးဘမောင် ဆိုသူ မှာ ကျွန်တော် ၏ အုံနာ ပင် ဖြစ်လေသည် ။ အုံနာ ၏ အမည် ကို ကြားလိုက်ရ သဖြင့် ထိတ်လန့် သွားမိသည် ။

“ တွေ့ တော့ ဘာပြောလဲ ”

“ သူ က ဆိုက်ကား ပြန် သိမ်းချင်တယ်နဲ့ တူတယ် အုံနာခ မပေးတာလည်း တစ်ပတ်ကျော်ပြီ မ ဟုတ်လား ”

အမှန်အားဖြင့် ဤ ကိစ္စသည် ကျွန်တော်တို့ အတွက် ဘာမျှ မဆန်းတော့ချေ ။ အုံနာ ထဲ တွင် ဦးဘမောင် သည် အတော်ဆုံး ဟု ဆိုရပေမည် ။ ကျွန်တော့် အပေါ်တွင် သက်ညှာသူ တစ်ယောက် ဟု ဆိုရပေမည် ။ တခြား အုံနာ သာ ဆိုလျှင် သုံးလေးရက် မနင်းနိုင်လျှင် ပင် ဆိုက်ကား ကို ပြန်၍ သိမ်း တတ်သည် ။ တချို့ က တစ်နေ့ အုံနာခ မရလျှင် တစ်နေ့ စကား ပြောရသည် ။ ယခု ဦးဘမောင် မှာ ကျွန်တော့် အတွက် တစ်ပတ်ကျော် မျှ သည်းခံသည် မှာ တော်သည် ဟု ဆိုရပေမည် ။

နေကောင်းလျှင် အကြွေးများ ကျေအောင် ပိုက်ဆံ ရှာရမည် ဟု ခဲထားသော ကျွန်တော့် စိတ်များကား အဘယ်သို့ လွင့်စင်သွားသည် မသိ တော့ချေ ။

“ စိတ်မငယ်ပါနဲ့ အစ်ကို ရယ် ၊ မရီ လည်း တခြား အလုပ် တစ်ခု ရှာပါဦးမယ် ”

ကျွန်တော် ဟာ မရီ မျက်နှာကို ငဲ့၍ ကြည့်လိုက်သည် ။ မရီ သည် ပါးစပ် အဟောင်းသား နှင့် ကျွန်တော့် အား ကြောက်ကြောက်ရွံ့ရွံ့ ကြည့်နေသည် ။

“ အခု မင်း ဘာလုပ်နေလဲ ၊ မရီ .. ငါ့ ကို မှန်မှန် ပြောစမ်း ”

“ မရီ ... အုတ်သယ်ရတယ် အစ်ကို ၊ မဆလာ လည်း ရွက်တယ် ၊ တစ်နေ့ နှစ်ကျပ် ရတယ် ၊ ဒါလေးနဲ့ ဖြစ်သလိုပဲ စားနေရတာပေါ့ အစ်ကို ”

ကျွန်တော် က ဘာမျှ ပြန်၍ မပြောနိုင်ချေ ။ မရီ တစ်နေကုန် လေး ငါးခြောက်ရက် ပျောက်နေသည် ကို ယခု မှ စဉ်းစားမိလေသည် ။

“ မင်း သွားတော့ သမီးလေး ဘယ်လို လုပ်ထားလဲ ”

“ ဒေါ်လေးတုတ် တို့ ဆီမှာ ထားခဲ့တယ် အစ်ကို ၊ ဒါတွေ မေးမနေပါ နဲ့ အစ်ကို ရယ် ၊ အစ်ကို နေကောင်းအောင် သာ ကြိုးစား ၊ ကဲ ... မရီ သွား မယ်နော် ၊ အလုပ်ချိန် နီးနေပြီ ”

မရီ သည် သမီး ကို ချီ၍ တစ်ဖက်ခန်း သို့ ထွက်သွားလေသည် ။ ကျွန်တော် က မရီ ကို ပင်ပင်ပန်းပန်း လုပ်ရသည် ကို တွေးရင်း ရင်ထုမနာ ဖြစ်မိသည် ။

မရီ ထွက်သွား၍ မကြာမီပင် ဦးဘမောင် ကိုယ်တိုင် ရောက်လာသည် ။ သူ သည် ကျွန်တော့် အား အားတုံ့အားနာ ဖြစ်နေဟန် ရှိသည် ။

“ ဘယ့်နှယ်လဲ မင်း ရောဂါ ... ”

“ နည်းနည်းတော့ သက်သာလာပြီဗျာ ၊ ဒါပေမဲ့ လေးငါးဆယ် ရက်တော့ ဒီလိုပဲ နေရမှာပဲ ၊ ခင်ဗျား ဆိုက်ကား ပြန်ယူတော့မယ် ဆို ၊ အေးဗျာ ... ဖြစ်သလိုပဲ ကြည့် လုပ်ကြရမှာပေါ့ ”

“ ငါ မင်း အထင်လွဲမှာ စိုးလို့ လာပြောတာ ၊ ငါ က သိမ်းတာ မဟုတ်ဘူး ၊ ချစ်တီး က ငါ့ လက် က သိမ်းတာ ”

ကျွန်တော် က ဦးဘမောင် ၏ စကား ကို မယုံနိုင်သလို ရှိတော့သည် ။

“ ဟင် .. ချစ်တီးက သိမ်းတယ် ၊ ဘာဖြစ်လို့ သိမ်းတာလဲ ”

“ ကွာ .. အကြွေး ရှိတာကိုး ”

“ အကြွေး ရှိတော့ရော .. တဖြည်းဖြည်း ပြန် ဆပ်လို့ မရဘူးလား ”

“ ချစ်တီးဆိုတဲ့ ကောင်တွေကကွာ ... မပိုင်ဘဲ မလုပ်ဘူး ၊ စ ချေး ကတည်းက ဆိုက်ကား ကို အရောင်းစာချုပ် ချုပ်ပြီး ချေးတာ ၊ ခု မဆပ်နိုင်တော့ ဆိုက်ကား လာ သိမ်းတာပေါ့ကွာ ”

ကျွန်တော်တို့ လောကသည် ဒုက္ခသည်များ စုဝေးရာ လောကပါကလား ဟု တွေးမိတော့သည် ။ ဦးဘမောင် လို ဆိုက်ကား သုံးစီး လောက် ပိုင်သူ ပင် လျှင် အကြွေး နှင့် မကင်းနိုင်ပေ ။

“ ဒီကောင်တွေ နဲ့ ကင်းတဲ့လူ ရှားတယ်လေ ၊ ရန်ကုန် မှာ ဆိုက်ကား အများဆုံး ပိုင်တာ ဒီချစ်တီးတွေပဲ ၊ ဗမာ ထဲ က ရှိပေမဲ့ နည်းတယ် ၊ ချစ်တီး က အများဆုံး ပိုင်တာပဲ ”

“ ဒီလိုဆိုလည်း ဘယ် တတ်နိုင်မလဲဗျာ ၊ ကျွန်တော် နေကောင်းရင် တော့ ကြည့်ပြီး ရှာရမှာပဲ ၊ ခင်ဗျား ဆီ မှာ လူ လိုရင်လည်း ကျွန်တော့် ကို မမေ့ပါနဲ့ ”

“ စိတ်ချပါကွာ ၊ ငါ လည်း မင်း လို ယုံကြည်ရတဲ့ လူတစ်ယောက် ကို ပိုပြီး ဆိုက်ကား ပေးချင်တာပေါ့ ၊ ကဲ ... ပြန်မယ်ကွာ ”

“ ခေါင်းရင်းတိုင် မှာ ဆိုက်ကားသော့ ရှိပါတယ်ဗျာ ၊ ယူသွားပါတော့ ”

ထွက်သွားသောအခါ ကျွန်တော် က စိတ်ငယ်၍ ကျန်ရစ်ခဲ့သည် ။ ဆိုက်ကား အသစ် ရှာလျှင် ယခုအခါ အရင်လို လွယ်လွယ်နှင့် မရတော့ချေ ။ စပေါ် အစိတ်သုံးဆယ် တင်ရမည် ။ သို့ တင်သည့် တိုင်အောင် ဆိုက်ကား က အလွယ်တကူ မရနိုင်သေးပေ ။ အုံနာ ၏ လူယုံတော်များ နှင့် အလွမ်းသင့်အောင် ပေါင်းသင်းရသေးသည် ။ ဆိုက်ကား ရဖို့ အရေးမှာ တွေးလေတွေးလေ မျှော်လင့်ချက်နှင့် ဝေးလေ ဖြစ်တော့သည် ။

“ ဟေ့ .. သံချောင်းကြီး ၊ နေကောင်းပလား ”

ကျွဲသိုး က အပေါက်ဝ မှ လှမ်း၍ မေးလိုက်သည် ။ ကျွန်တော် က သူ့ ကို ပြန်၍ မဖြေနိုင်ပေ ။ ကျွဲသိုး က ကျွန်တော့် အနားသို့ ထိုင် လိုက်ရင်း ကျွန်တော့် အခြေအနေ ကို အကဲခတ် လိုက်သည် ။

“ တော်တော်လေးတော့ လန်း လာပါပြီကွာ ၊ ဒီ ဆေးနဲ့ ပျောက်မှာပါ ”

“ ပျောက်ရင် လည်း ပျောက်မှပဲကွာ ၊ ကြာရင် ကြွေး က လည်ပင်း ခိုက်တော့မယ် ၊ ခုတောင် မိန်းမလုပ်စာ စား နေရတယ် ၊ ဆိုက်ကား ကလည်း မရှိတော့ဘူး ၊ ချစ်တီး က သိမ်းသွားပြီ ”

“ ဟ ... မင်း ဆိုက်ကား က ဦးဘမောင်ဆိုက်ကား မဟုတ်လား ”

“ ဦးဘမောင် ဆီက ချစ်တီး က ကြွေး နဲ့ သိမ်းလိုက်ပြီကွ ၊ နေကောင်းရင် တောင် ဆိုက်ကား နင်းဖို့ က ခက်သေးတယ်ကွာ ”

“ တွေးပူ မနေပါနဲ့ကွာ ၊ ဒီလိုပဲ ကြံဖန်ပြီး ဖြစ်လာမှာပေါ့ ၊ ရုတ်တရက် မရသေးရင် ငါ့ ဆိုက်ကား ယူနင်းကွာ ၊ အုံနာခ နဲ့ ဓနိရည် သုံးလုံးဖိုး ပဲ ပေးပါ ”

ကျွဲသိုး က ရွှတ်နောက်နောက် ဖြင့် ပြောလိုက်သော်လည်း သူ့ အတွက်ကား ယခု အချိန် တွင် ဓနိရည်ဖိုး ၊ ထမင်းဖိုး အပြင် ဘာ ပူစရာမှ မရှိပေ ။ ကျွဲသိုး က တကယ် ပေးသည့် တိုင်အောင် လည်း ကျွန်တော် က မယူရက်ပေ ။ ကျွန်တော် မမာနေစဉ် ကပင် ကျွဲသိုး နှင့် ဦးသာဒင် ထံမှ ငွေ လေးငါးခြောက် ဆယ် မျှ သုံးခဲ့ရသည် ။

“ စပေါ် တင်ဖို့လောက် ဆိုရင်တော့ ဆိုက်ကား ရဖို့ သိပ် မခဲယဉ်းပါဘူးကွာ ”

“ စပေါ် တင်ဖို့က ရပါတယ်ကွာ ၊ မင်း ဒါတွေ ဘာမှ တွေး ပူမနေနဲ့ ၊ အချိန်တန်တော့ နွားပိန်ကန် လိမ့်မယ် ၊ နေကောင်းအော င်သာ ကြိုးစား ၊ တို့ ရှိပါတယ်ကွာ ၊ ကြည့်ပြီး လုပ်ကြတာပေါ့ ၊ ကဲ .. တစ်ရေးတစ်မော အိပ်လိုက်ဦးမယ်ကွာ ၊ ည က ကြက် ရှာရတာ မိုးလင်းရော ”

ကျွန်တော် က မရီ အသင့် ထားခဲ့သော ဆေးတစ်ခွက် ကို သောက် လိုက်ရင်း ရောဂါ အမြန် ပျောက်ပါစေ ဟု ဆုတောင်းလိုက်မိသည် ။

ယခုတစ်ကြိမ် အလုပ် တောင်းရသည်မှာ ကျွန်တော့် စိတ် တွင် အား အငယ်ဆုံး ဖြစ်လေသည် ။ လူမျိုးခြား လည်း ဖြစ်သဖြင့် အောက်ကျလှပေသည် ။ ဦးဘမောင် က ဇွတ် တွန်း၍သာ ကျွန်တော် က မျက်နှာပူပူ ဖြင့် ဝင်၍ ပြောရခြင်းဖြစ်သည် ။

ချစ်တီး က မူ စာရင်းစာအုပ် ကို ကြည့်ရင်း ကျွန်တော့် စကား ကို ကြား သလို မကြားသလို လုပ်နေသည် ။ ကျွန်တော် က ဦးဘမောင် ထံမှ သိမ်းလိုက် သော ဆိုက်ကား ကို ကျွန်တော့် ကို ပင် ပြန်၍ အနင်း ခိုင်းရန် ပြောမိသည် ။ ချစ်တီး က သူ ၏ ရွှေကိုင်းမျက်မှန် ကို ချွတ်လိုက်ရင်း ကျွန်တော့် အား စုံ ထောက်ကြည့် ကြည့်လိုက်သည် ။

“ ဘမောင် ဆိုက်ကားနံပါတ် က ဘယ်လောက်လဲ ”

ကျွန်တော် က ကျွန်တော် ၏ ဆိုက်ကားနံပါတ် ကို ပြောပြရသည် ။ ချစ်တီး က စာအုပ် ကို လှန်၍ ကြည့် နေပြန်သည် ။

“ ဒီ ဆိုက်ကား ကို မင်းတို့ ဂိတ် က လူတစ်ယောက် လာ ပြောတယ် ၊ စပေါ်သုံးဆယ် ပေးရမယ် လို့ ပြောလိုက်တယ် ၊ သူ မပေးနိုင်လို့ မင်း ပေးရင် မင်း ရမယ် ”

ကျွန်တော် က ချစ်တီး ၏ အရောင်းအဝယ် ဆန်လှသော စကားများကို နားထောင်ရင်း အံ့ဩမိလေသည် ။ ပြီးတော့လည်း ကျွန်တော်တို့ ဂိတ် က အချင်းချင်း ထဲမှ ယခုလို ကျွန်တော် နင်းသော ဆိုက်ကား ကို လု၍ ယူခြင်းကို ကား မကျေမချမ်းနိုင်ပေ ။

“ ကျွန်တော်တို့ ဂိတ်က ဘယ်သူလဲဗျ ”

“ ဟိုကောင် ပွကြီးလေ ၊ သူ သင်္ကြန် ပြီးရင် လာမယ် ပြောတယ် ၊ သူ မလာရင် မင်း ရမယ် ”

ကျွန်တော် သည် ကိုယ့် ဆိုက်ကား ကို ပင် ကိုယ် နင်းချင်စိတ် မရှိ တော့ပေ ။ သို့ရာတွင် မနင်းလျှင် ထမင်း ငတ်မည် ။ အကြွေး ထပ်မည် ကို တွေး၍သာ စိတ် ကို ပြန် လျှော့လိုက်ရသည် ။

“ ဦးဘမောင် ကို မေး ကြည့်ပါခင်ဗျာ ၊ ကျွန်တော် ဟာ အုံနာခ ဘယ်တော့မှ မပျက်ပါဘူး ၊ ပြီးတော့ ဆိုက်ကား ကို လည်း အကိုင်အတွယ် ရိုသေ ပါတယ် ၊ ဒီ ဆိုက်ကား ကို ကျွန်တော် နင်းလာတာ သုံးနှစ် ကျော်ပါပြီ ၊ ခုတော့ ကျွန်တော် လူမမာ လို့ မနင်းရတာ ၊ ပေးခြင်း ပေးရင် ကျွန်တော့် ကို သာ ပေးပါ ”

ချစ်တီး သည် လက်ထဲ မှ ဖွင့်ထားသော စာအုပ် ကို ပိတ်လိုက်သည် ။ ပြီးမှ သူ ၏ ခုံကလေး ကို လက်တင်၍ ထောက်ကာ ကျွန်တော့် အား ကြည့် နေပြန်သည် ။

“ ဒါဖြင့် မင်း စပေါ် လေးဆယ် တင်မလား ၊ လေးဆယ် တင်ရင် မင်း ကို ငါ ပေးမယ် ”

ချစ်တီး က ခပ်ပေါ့ပေါ့ ပင် ပြောသော်လည်း ကျွန်တော့် တွင် အသက် ရှူများပင် မှားမတတ် ရှိတော့သည် ။

“ ကျွန်တော့် မှာ မမာတာ တစ်လလောက် ရှိပါပြီဗျာ ၊ အကြွေး ကျေအောင် မနည်း ဆပ်ရမှာပါ ။ ဒီ စပေါ် တော့ လုံးခနဲ ခဲခနဲ မတင်နိုင်ပါဘူး ။ လေးဆယ် ဆိုလည်း ဒီ လေးဆယ် ကို နေ့ပြန်တိုး သဘောထားပြီး ကျွန်တော် ဆပ်သွားပါ့မယ် ”

ချစ်တီး သည် ကျွန်တော့် အား ရှုံ့ရှုံ့မဲ့မဲ့ ကြည့်လိုက်သည် ။ ပြီးမှ ဒုက္ခကြီး တစ်ခု နှင့် ရင်ဆိုင်တွေ့ ရသူ လို သက်ပြင်း ကို မသက်မသာ မှုတ် ထုတ်လိုက်ပြန်သည် ။

“ အား .. ဒီလို ဘယ်ဖြစ်မလဲ ၊ မင်း နေကောင်းတယ်နော် ၊ အုံနာခ ပေးနိုင်တာ ကျုပ် သိတယ် ၊ မင်း နေမကောင်းဘူးနော် ၊ အုံနာခ ဘယ်လို ပေးမလဲ ၊ စပေါ် တင်ထားတယ်နော် ၊ အရေး မကြီးဘူး ၊ ဒီအထဲ က တစ်ခါတည်း ဖြတ်သွားမယ် ၊ စပေါ် လည်း မတင်ဘူး ၊ မင်း အုံနာခ လည်း မပေးဘူး နော် ၊ ကျုပ် ဘာ တတ်နိုင်မလဲ ၊ ဒီလို လုပ်လို့ မရဘူး ၊ မင်း နင်းချင်တယ် ၊ မင်း ကို လူဟောင်း အနေနဲ့ ငါ သနားတယ် ၊ အဲဒီတော့ မင်း ငွေလေးဆယ် မြန်မြန် ပေးနိုင်ရင် ငါ မင်း ကို ဆိုက်ကား ပေးမယ် ”

ကျွန်တော် သည် အသားများ တဆတ်ဆတ် တုန်၍ နေသည် ။ အား မရှိသည့် အထဲ ဒေါသစိတ် ကြောင့် အလိုလို မော၍လာသည် ။

“ ကျွန်တော့် ကို ယုံပါဗျာ ၊ ကျွန်တော် နေ့ပြန်တိုး သဘော နဲ့ တစ်နေ့ ကို သုံးမတ် တစ်ကျပ် နဲ့ တစ်လကျော် ဆပ်သွားပါ့မယ် ”

“ ဒီလို မရဘူးလေ ၊ မင်း ကို ယုံတယ် ၊ ဒါပေမဲ့ မင်း ပိုက်ဆံ မရှိဘူး နော် ၊ မင်း ဘာ သွားပေးမလဲ ၊ မင်း လည်း ခု နေမကောင်းဘူးနော် ၊ အားရှိ အောင် အနားယူဖို့ ကောင်းတယ် ၊ ခု ပြန် နင်းတယ်နော် ၊ မင်း ပြန်ပြီး တစ်ခါတည်း လဲမယ် ၊ လဲရင် မင်း အုံနာခ ပြန် စိုက်ရမယ် ၊ မင်း ခု ကောင်းကောင်း အိပ်ပါ ၊ ကောင်းကောင်း စားပါ ၊ အား ရှိအောင် လုပ်ပါ ၊ နောက် ငါ ဆိုက်ကား တွေ အများကြီး ရဦးမယ် ၊ ရတယ်နော် ... ငါ မင်း ကို ပေးမယ် ”

ကျွန်တော် သည် ချစ်တီး ၏ လည်မျို ကို တအား ညှစ်သ,တ်လိုက် ချင်သည် ။ တစ်နေ့ မလုပ်လျှင် တစ်နေ့ ဒုက္ခ တွေ့ ရသော ကျွန်တော်တို့ လို လူ ကို ကောင်းကောင်း အိပ် ကောင်းကောင်း စား ခိုင်း၍ အနားယူရန် ပြောသော ချစ်တီး ၏ စကားမှာ မတရား စော်ကားသလို ရှိတော့သည် ။ စိတ် ကို မနည်း ချုပ်တည်း၍ နေရာမှ ထလိုက်သည် ။

“ ကဲဗျာ .. ဒါဖြင့်လည်း ပြန်ရတော့မှာပေါ့ ”

“ အေး .. ငါ မင်းကို သနားတယ်နော် ၊ မင်း စပေါ် လေးဆယ် ပေးနိုင်ရင် ငါ ပွကြီး ကို မျက်နှာ ပျက်တယ် ၊ ဘာ အရေးကြီးလဲ ၊ ငါ ပြောလို့ ကောင်းတယ် ၊ မင်း စပေါ်ငွေ ပိုပြီး မပေးနိုင်ဘူးနော် ၊ ငါ မင်း ကို ပေးတယ် ၊ ပွကြီး ငါ့ ကို တစ်ခါတည်း ပြောမယ် ၊ ဒီလူ အလကား လူပဲ ပြောမယ် ၊ ဒီတော့ မင်း အားရှိအောင် ကောင်းကောင်း စားပါ ၊ ကောင်းကောင်း အိပ်ပါ ”

“ တော်ဗျာ ၊ အသုံးမကျတဲ့ စကားတွေ ပြောမနေနဲ့ ၊ ခုနေ အခါ ငါ လူသ,တ်ရဲတယ် နားလည်လား ၊ ငါ လူသ,တ်ရဲတယ် ၊ မင်း နားလည်လား ”

ကျွန်တော် သည် ချစ်တီး အား စိတ်ဆိုးဆိုး ဖြင့် ကြိမ်းမောင်းပြီး ထွက်ခဲ့သည် ။ ချစ်တီး သည် လက်ကားရား ခြေကားရား နှင့် ကျန်ရစ်ခဲ့လေသည် ။ ဂိတ်သို့ ရောက်သောအခါ ကျွန်တော် က ပွဲကြီး ကို လိုက်ရှာမိသည် ။

“ ဟေ့ ... ပွကြီး တစ်ယောက် မတွေ့ဘူးလား ”

ကျွဲသိုး က မျောက်ပန်းဝိုင်း ဘက်သို့ မေးငေါ့ ၍ ပြရင်း ...

“ ဟိုမှာကွာ ပွကြီး ၊ ဟေ့ကောင် ..သံချောင်း ၊ မင်း ဘာဖြစ်လာလဲ ဟင် ၊ ဘာဖြစ်လာလဲ ”

ကျွန်တော် က ကျွဲသိုး ကို ပြန်၍ မဖြေတော့ပေ ။ ပွကြီး အနားသို့ သွား၍ ရပ်လိုက်မိသည် ။

“ ဟေ့ကောင် … ပွကြီး ”

“ ဟေ ... ဘာလဲဟ သံချောင်း ၊ မင်း နေကောင်းပြီလား ”

ပွကြီး က ကျွန်တော် သူ့ အား စိတ်ဆိုးနေကြောင်း ကို လုံးဝ သိပုံ မရပေ ။

“ မင်း ငါ့ ဆိုက်ကား ကို နင်းဖို့ ချစ်တီး ဆီမှာ ပြောထားတယ် ဆို ”

“ အေးကွာ .. သူငယ်ချင်း ၊ ငါ လည်း ဆိုက်ကား မရှိလို့ ဘိုင်ပြတ် တာနဲ့ ချစ်တီး ဆီ မှာ ပြောထားမိတယ် ”

ပွကြီး က ကျွန်တော့် အား မျက်နှာငယ်ကလေး ဖြင့် ပြောနေသည့် တိုင်အောင် ကျွန်တော်က သူ့ အား အငြိုး မပြေနိုင်သေးပေ ။

“ မင်း ဒါ အချင်းချင်း သစ္စာဖောက်တာပေါ့ ဟုတ်လား ၊ တကယ်ဆို ရင် ငါ့ မှာ တစ်လလောက် လဲနေပြီး ဘယ်လောက် ဒုက္ခရောက်တယ် ဆိုတာ မင်း ကိုယ်ချင်းစာဖို့ ကောင်းပါတယ် ၊ ငါ့ မှာ အကြွေး လည်ပင်းခိုက် နေတယ် သိလား ၊ မယား အုတ်သယ်လို့ ရတဲ့ ပိုက်ဆံ နဲ့ ကြံဖန် စားနေရတယ် ၊ မင်း သာ မင်းမယား ထမင်းဝဖို့ အတွက် ငါ့ သမီး နဲ့ ငါ့ မယား ကို မင်း အငတ်ထား ရက်သလားကွ ဟင် ၊ ဒါလား ... သူငယ်ချင်း ... ဟင်... ”

ကျွန်တော် က ပြောရင်း စိတ်ကို မချုပ်တည်းနိုင်ဘဲ ပွကြီး ၏ ရင်ဘတ်အင်္ကျီစ ကို ဆွဲ၍ တအား ထိုးလိုက်မိသည် ။ တစ်ချက် နှင့် မပြီး ၊ ကျွန်တော် ၏လက်သီးများ သည် ပွကြီး ၏ မျက်နှာ ဆီသို့ အဆက်မပြတ် ဝင် သွားသည် ။ ပွကြီး က လက်ဖြင့် ကာရင်း တောင်းပန်ရှာသည် ။ ကျွဲသိုး တို့ လူသိုက် က ကျွန်တော့် အား ဝိုင်း ဆွဲထားလိုက်သည် ။

ပွကြီး ၏ မျက်နှာတွင်ကား သွေးများ ဖြင့် နီရဲ နေတော့သည် ။ သို့ရာတွင် သွေးဖြင့် နီရဲ နေသော ပွကြီး မျက်နှာ တွင် စိတ်ဆိုးသော အမူအရာ ကို တစ်ကွက်မျှ မတွေ့ ရပေ ။ ပွကြီး သည် သူ့ မျက်လုံးအိမ် မှ စီးကျလာသော မျက်ရည် ကို သုတ်ရင်း ကျွန်တော့် အား တောင်းပန်ရှာသည် ။

“ မဟုတ်ရပါဘူး သူငယ်ချင်း ရာ ၊ ငါ ရှင်းပါရစေ ၊ ငါ ရှင်းတာကို မကျေနပ်ရင် ငါ့ ကို သ,တ်ပါကွာ ၊ ငါ ချစ်တီး နဲ့ တွေ့ လို့ မင်း ဆိုက်ကား ပြော မိတာ မှန်ပါတယ် သူငယ်ချင်း ရာ ၊ ဒါပေမဲ့ မင်း ပြန် မနင်းဘူး ဆိုရင် တခြား လူ တင်မယ့် အစား ငါ့ ကို ပေးပါ ၊ သူ တောင်းတဲ့ စပေါ် လည်း ပေးပါ့မယ်လို့ ငါ စကားခံပြီး တောင်းတာပါကွ ၊ ကျွဲသိုး တို့ ကိုတောင် ငါ ဒီ အကြောင်း ပြောပြပါတယ် ၊ ငါ မင်း လက် ထဲက လုတာ မဟုတ်ပါဘူး သူငယ်ချင်း ၊ အမှန် တော့ ငါ ဒီလို တောင်းမိတာက ငါ့ မှာလည်း မင်း လိုပါပဲကွာ ၊ ငါ့ မှာ လည်း မိန်းမ ပြောင်းဖူးဖုတ် ရောင်းတာလေး နဲ့ စားနေတာ ဆယ်ရက် ကျော်ပါပြီကွာ ၊ ငါ မင်း ဆိုက်ကား လုပြီး နင်းရက်ပါ့မလား ၊ ကျွဲသိုး ... မင်း သိပါတယ်ကွာ ၊ ရှင်းပြပါဦး ”

ပွကြီး သည် ပြောရင်း တရှုံ့ရှုံ့ ငိုနေတော့သည် ။ ကျွန်တော့် ရင်ထဲ တွင်ကား အလိုလို ဆို့၍ လာမိသည် ။ ကျွဲသိုး က မျက်နှာသေဖြင့် ကျွန်တော့် အား ရှင်းပြပြန်သည် ။

“ ဟုတ်ပါတယ်ကွာ ၊ မင်း မနင်းနိုင်သေးလို့ တခြားလူ တင်မယ် ဆိုရင် သူ့ ပဲပေးပါလို့ ပြောတာပေါ့ကွာ ၊ ပွကြီး က ဒါလောက် မရိုင်းပါဘူး ၊ ငါ့ ကို တောင် မင်း ကို ရှင်းပြပါလို့ ပြောနေတာပါ ၊ မင်း ဟာ အချင်းချင်းတွေ အလကား ဘာမှ မဟုတ်တာလေးနဲ့ ဒီလို ဖြစ်ရတာတော့ မကောင်းပါဘူး ”

ပွကြီး က ငိုနေတုန်းပင် ။ ကျွန်တော် က ပွကြီး ပခုံး ကို ဖက်လိုက်မိသည် ။

“ ငါ မှားတယ်ကွာ ၊ စိတ်ညစ်လွန်းတော့ အလိုလို ဒေါသ ဖြစ်သွားမိတယ်ကွာ ”

“ ငါ အငတ်ခံရဲပါတယ်ကွာ ၊ တို့တစ်တွေ မှာ ဘာမှ မထူးပါဘူးကွာ ၊ ဒီဘဝ ရောက်မှ အချင်းချင်းတွေ အပေါ်မှာ ငါ ယုတ်ကန်းပါ့မလား သူငယ်ချင်း ရာ ၊ ငါ မရှိရင် မင်း ဆီ လက်ဖြန့် တောင်းရဲပါတယ်ကွာ ၊ ငါ အရှက် မရှိပါဘူး ၊ ဒါပေမဲ့ ငါ့ ကို ဒီလို အထင် လွဲတာတော့ ငါ ဝမ်းနည်းတယ် ”

ပွကြီးက မျက်ရည် နှင့် သွေးများ ကို သုတ်ရင်း ဝမ်းပန်းတနည်း ပြောရှာသည် ။ ကျွန်တော့် မှာ နောင်မှ ရသော နောင်တစိတ် ဖြင့် ဆင်းရဲရလေသည် ။

“ ငါ မှားပါတယ်ကွာ သူငယ်ချင်း ၊ မင်း ငါ့ ကို ပြန်ထိုးပါကွာ ၊ ငါ ခံ ပါ့မယ် ၊ ငါ့ ကို စိတ်မဆိုးပါနဲ့ ၊ ကဲ ... ငါ့ ကို ပြန်ထိုးပါကွာ ”

“ မထိုးချင်ပါဘူးကွာ ၊ မင်း နားလည်ရင် ငါ ကျေနပ်ပါတယ်"

“ ငါ မှားပါတယ်ကွာ ၊ ဒီခွေးမသား ချစ်တီးရဲ့ ဆိုက်ကား လည်း ငါ မနင်းချင်ပါဘူး ၊ နင်းချင်ဦး ၊ စပေါ်လေးဆယ် ပေးမှ နင်းရမှာ ၊ ငါ့ မှာ လေးဆယ် မပြောနဲ့  ၊ လေးပြား တောင် မရှိဘူး ၊ မင်း ပဲ နင်းပါ သူငယ်ချင်း ရာ ”

ကျွန်တော် က ပွကြီး ကို တောင်းပန်၍ အိမ်ဘက် သို့ ပြန်ခဲ့သည် ။ ရောက်သည့်အခါ မရီ က ထမင်းချက် နေသည် ။

သမီးကလေး ကား တစ်ယောက်တည်း အလယ်ခန်း တွင် ဆော့နေရှာသည် ။ ကျွန်တော့် ကို မြင်သောအခါ သမီးကလေး က လှမ်း၍ နှုတ်ဆက် ရှာသည် ။

“ ပေါ် ... ပေါ် .. ပေါ် ... ပေါ် ..”

ခါတိုင်း ကျွန်တော် ဆိုက်ကား နှင့် ပြန်လာလျှင် အိမ်ရှေ့မှ ဆိုက်ကားဟွန်း ကို တီး၍ သမီး အား မြူတတ်သည် ။ ကျွန်တော့် ဆိုက်ကား ဟွန်းသံ ကြားလျှင် မရီ က သမီး ကို ချီ၍ လာပြီး “ ပေါ် ပေါ်  ” ဟု သင်ပေးတတ်သည် ။ ဤသည်ကို အမှတ်ထား ၍ နောက် ကျွန်တော့် ကို မြင်လျှင် သမီး က “ ပေါ် ပေါ်  ” ဟူ၍ ခေါ်တတ်သည် ။

ယခုလည်း ကျွန်တော့် ကို မြင်လျှင် မြင်ချင်း သမီး ဖြစ်သူ က ကစား နေရာမှ လက် ကို မြှောက်၍ “ ပေါ် ပေါ် ” ဟု ခေါ်လိုက်ရာ ကျွန်တော့် ရင်ထဲ တွင် ဆို့၍ သွားလေသည် ။ ကျွန်တော် ခါတိုင်းလိုပင် သမီး ကို မြူစရာ ဆိုက်ကား ပင် မရှိတော့ချေ ။

“ ဟဲ့ ... ခွေ : မ ၊ နင့်အဖေ ပြန်လာပြီလား ”

မရီ သည် နောက်ဖေး မှ အပြေးကလေး ထွက်၍ လာသည် ။

ကျွန်တော် က သမီး ကို ပွေ့ချီ ထားလိုက်သည် ။ သမီး က ကျွန်တော့် လက် ထဲမှ လက်နှစ်ဖက် ကို မြှောက်၍ ဆုပ်လိုက် ဖြန့်လိုက် လုပ်ရင်း ပါးစပ် မှ လည်း ဆိုက်ကားဟွန်း လို မြည်၍ ပြနေပြန်သည် ။

မရီ က ကျွန်တော့် လက် မှ သမီး ကို လှမ်း၍ ယူလိုက်သည် ။ သမီး က  မရီ လက် မှ ကော့၍ ထိုးနေသည် ။

“ အစ်ကို ထမင်း စားတော့မလား ၊ ခဏ နေဦးနော် ၊ အာပြဲခြောက်ကလေး ဖုတ်ပြီး စားရမယ်နော် ”

“ အေးကွာ ၊ ဖြည်းဖြည်းပေါ့ ၊ ငါ မဆာသေးပါဘူး ”

ယခု အတောအတွင်း မရီ က ယုယလိုက်တိုင်း ကျွန်တော့် မှာ စိတ်မကောင်း ဖြစ်ရလေသည် ။ သို့ စိတ်မကောင်း ဖြစ်မိသည့် တိုင်အောင် ကျွန်တော် က အတတ်နိုင်ဆုံး ဟန်ဆောင်၍ နေရသည် ။ မရီ က မူ ကျွန်တော် ၏ အဖြစ် ကို သိဟန် မတူချေ ။ ကျွန်တော့် ကို သာ ကြင်နာသော မျက်လုံးကလေးများ ဖြင့် ကြည့်နေရှာသည် ။

“ အစ်ကို .. ”

“ ဟင် ... ”

“ ကနေ့ ချစ်တီးနဲ့ တွေ့ တော့ ကိစ္စ ချောမောရဲ့လား ”

ကျွန်တော် က မရီ ၏ အမေး ကို ရုတ်တရက် မဖြေနိုင်ပေ ။ သူ က မျှော်လင့်တကြီး မေးလိုက် သော်လည်း ကျွန်တော့် မှာ မရီ မျှော်လင့်သော အဖြေ ကို မပေးနိုင်ပေ ။ ထို့ကြောင့်လည်း ရုတ်တရက် မဖြေနိုင်သေးဘဲ လက် နှစ်ဖက် ကို ယှက်၍ လက် ပေါ်တွင် ခေါင်းတင် ပြီးလျှင် ကြမ်းပြင် ပေါ် လှဲလိုက်မိသည် ။

“ နေရာ မကျပါဘူးကွာ ၊ ဒီ ဆိုက်ကားလည်း ငါ မနင်းချင်ပါဘူး ၊ စပေါ် က လေးဆယ်တောင် တင်ရမတဲ့ ”

ကျွန်တော် က စိတ်ပျက်လက်ပျက် ဖြင့် ညည်းလိုက်သည့် တိုင်အောင် မရီ က ကျွန်တော့် နဖူး ကို လက် ဖြင့် ပွတ်လိုက်ရင်း ပြုံး၍ နေပြန်သည် ။

“ စိတ် မပျက်ပါနဲ့ အစ်ကို ရယ် ၊ မရီ မှာ လေ .. ငွေ သုံးဆယ် ရှိတယ် ၊ ကျန်တဲ့ တစ်ဆယ် ကို ဦးလေးတို့ ကျွဲသိုးတို့ ဆီက ဆွဲပြီး စပေါ် တင်လိုက်တာပေါ့ ”

⎕ အောင်လင်း
📖ပစ်တိုင်းထောင်

No comments:

Post a Comment