❝ သူလို လူမျိုးလည်း ရှိပါသေးတယ် ❞
( မောင်ဝဏ္ဏ )
အန်တီမြင့် လို့ ကျွန်တော်တို့ တရင်းတနှီး ခေါ်တဲ့ အမျိုးသမီးကြီး တစ်ယောက် ရှိပါတယ် ။ အန်တီမြင့် ကို စပြီး သိရပုံက ဒီလိုပါ ။ မိုးတွင်း တစ်နေ့ မှာ ကျွန်တော့် အိမ်ဘေးနား ကပ်လျက် လမ်းကြား မှာ နနွင်းမကင်း ဗန်းကလေး ချပြီး ရောင်းတဲ့ အမျိုးသမီးကြီး တစ်ယောက် က ကျွန်တော့် ဇနီး ရဲ့ အိမ်ဆိုင် အစပ်မှာ မိုးခိုဖို့ ခွင့်တောင်းပါတယ် ။ ရင်းနှီးပြီးသားမို့ သူ့ နနွင်းမကင်း ဗန်းကလေး ကို အမိုးအောက် ထားပြီး သူ့ ကိုလည်း ဆိုင်အတွင်း မှာ ထိုင်ဖို့ ကျွန်တော့် ဇနီး က ဖိတ်ခေါ်ပါတယ် ။
နောက်တော့ အဲဒီ အန်တီမြင့် နဲ့ ကျွန်တော့် ဇနီး ခင်မင်ရင်းနှီးကြရာက တစ်ဆင့် သူတို့ မိသားစု နဲ့ပါ ရင်းနှီး သွားကြပါတယ် ။ အန်တီမြင့် ရဲ့ ခင်ပွန်း ကို ကျွန်တော်တို့ က နာမည်ရင်း မသိလို့ အန်ကယ်မြင့် လို့ပဲ ခပ်လွယ်လွယ် ခေါ်လိုက်ပါတယ် ။ အန်ကယ်မြင့် ဟာ သပ်ရပ်တဲ့ တစ်ပတ်နွမ်း အဝတ်များ ဝတ်ပြီး နံနက်စောစော ဈေးသွားလေ့ ရှိပါတယ် ။ ကျွန်တော့် ဇနီး ကလည်း အန်ကယ်မြင့် ကို ရင်းနှီးသည့် အလျောက် လူကြုံနဲ့ ဈေး မှာလေ့ ရှိပါတယ် ။ ခရမ်းချဉ်သီးလေး ဝယ်ခဲ့ပါ ၊ ငါးခူလေး အစိတ်သား လောက် ဆွဲခဲ့ပါ အစရှိသဖြင့်ပေါ့ ။ သူ့ သမီးတွေ နဲ့ လည်း ရင်းနှီးလာတဲ့ အခါ တစ်ယောက် တစ်ပြန် ကူညီကြရင်း မြန်မာမိသားစုများ ထုံးစံအတိုင်း ရပ်ဆွေရပ်မျိုး လို ဖြစ်သွားပါတယ် ။
ကျွန်တော်တို့ က သူများ မိသားစု အရေးကို သိပ်ပြီး စပ်စုလေ့ မရှိလို့ အန်ကယ်မြင့် ရဲ့ အလုပ်အကိုင် ကို မစုံစမ်းမိပါဘူး ။ တစ်နေ့ကျတော့ လမ်းဘေး ဈေးသည်တွေ ကို စည်ပင်ဝန်ထမ်းများ က အရေးယူပါတယ် ။ အန်တီမြင့် ရဲ့ သမက်ကလေး က ဆိုင်ထိုင် နေတုန်း ၊ သူ ကလည်း ဈေးရောင်းလေ့ ရှိသူ မဟုတ်တော့ ပြေးရလွှားရ ၊ ပုန်းရအောင်းရ မှန်း မသိရှာဘူး ။ ဒါနဲ့ပဲ သူတို့ နနွင်းမကင်းဗန်းကလေး အဖမ်းခံရပါရော ။
အန်တီမြင့် ရောက်လာပြီး စည်ပင်ရုံး ကို လိုက်သွားပါတယ် ။ ဒဏ်တပ် ခံရပါတယ် ။ အန်တီမြင့် ရုံးက ပြန်လာပြီး ဗြစ်တောက်ဗြစ်တောက် ပြောသံ ကြားရပါတယ် ။ အန်ကယ်မြင့် အကြောင်းပါ ။ “ တကယ်ဆို သူ ပြောရင် ရပါတယ် ။ သူ့ မိတ်ဆွေတွေ ရှိသားနဲ့ ဥစ္စာ ၊ အဲဒါ သူ က ဥပဒေ နဲ့ အရေးယူတာ ဒဏ်ငွေ ဆောင်လိုက်ပေါ့တဲ့ ။ သူ ကတော့ သူ့ ရုံးမှာ စနစ်တကျပဲ လုပ်တယ်လေ ။ ဘယ်သူမှ အခွင့်အရေး ပို မပေးဘူး ၊ လျှော့လည်း မပေးဘူး ။ သူ့ အတွက် လည်း ဘာမှ ပို မယူဘူး ။ သူ့ လခ နဲ့ ဒီ စားအိုးနဲ့ .... ” စသဖြင့် မြည်တွန်တောက်တီးပါတယ် ။
ဒီတော့မှ ကျွန်တော်တို့ လည်း အန်ကယ်မြင့် ရဲ့ အလုပ် ကို မေးကြည့်မိတယ် ။ အဲ အန်ကယ်မြင့် ကား ခေသူ မဟုတ် ။ ဌာနကြီး တစ်ခု က အလယ်အလတ် အဆင့် အရာရှိကြီး တစ်ယောက်တဲ့ဗျ ။
ကျွန်တော်တို့ အံ့အားသင့်မိတယ် ။ အန်တီမြင့် ကိုလည်း ကရုဏာ သက် မိတယ် ။ အရာရှိကြီး တစ်ယောက် ရဲ့ ဇနီး က လမ်းထိပ် ထွက်ပြီး နနွင်းမကင်း ကျောက်ကျောလေးတွေ ရောင်း နေရတယ် ။ သူ့ သားသမီးတွေ လည်း ကိုယ်စီကိုယ်ငှ အလုပ်ကလေးတွေ လုပ်နေကြတယ် ။ အဲဒါက ဝန်ထမ်းတွေ လခ တိုး မရခင်ကပါ ။
ကျွန်တော့် ဇနီး က အန်ကယ်မြင့်bကို အားနာပြီး ဈေး မမှာတော့ပါဘူး ။ ဒါပေမယ့် အန်ကယ်မြင့် ကတော့ နံနက်စောစော ဈေးသွားခါနီးတိုင်း “ ဘာမှာဦးမလဲဟေ့ ” လို့ မေးလေ့ရှိတယ် ။ အားနာပါးနာနဲ့ ပဲ မှာ တစ်လှည့် မမှာ တစ်လှည့်ပေါ့ ။
အန်ကယ်မြင့် ပင်စင် ယူလိုက်တယ် ။ လခတွေ တိုးရတဲ့ အတွက် ပင်စင်ငွေ လည်း တိုးလာပါတယ် ။ အန်တီမြင့် နဲ့ သမီး ၊ သား တွေ ကတော့ ဈေးရောင်းလျက်ပါပဲ ။
နောက် အန်တီမြင့် ဈေးရောင်းတာ မတွေ့ရလို့ မေးကြည့်တော့ သူ့ တူမတော် တစ်ယောက် ရဲ့ ဆိုင်တစ်ဆိုင် မှာ ကြီးကြပ်သူ ၊ ငွေကိုင်သူ အဖြစ် ကူညီ လုပ်ပေးနေတယ်တဲ့ ။ ငွေကြေးကိစ္စ စိတ်ချရလို့ အန်တီမြင့် ကို အလုပ်ပေး ထားတာပါ ။ ကူညီတဲ့ သဘောလည်း ပါမှာပေါ့ ။
အန်ကယ်မြင့် ကတော့ ပင်စင်နာ တို့ရဲ့ ထုံးစံ အတိုင်း လမ်းလျှောက် ၊ ဘုရားတရားကိစ္စ လုပ် ၊ စာဖတ် ၊ တရားဆွေးနွေး ၊ ရပ်ရေးရွာရေး ကူညီ စသဖြင့် အေးချမ်းစွာ နေနေပါတယ် ။
တစ်နေ့ အန်တီမြင့် နဲ့ တွေ့လို့ အန်ကယ်မြင့် အကြောင်း မေးကြည့်ပါတယ် ။ နေကောင်းကြောင်း ၊ အေးချမ်းစွာ နေကြောင်း စသဖြင့် ပြောပါတယ် ။ ပင်စင်လခ လည်း တိုးရမှာပေါ့ လို့ မေးလိုက်တော့ “ တိုးမှာပေါ့ ၊ ဘယ်လောက်လဲ ဆိုတာတော့ မသိဘူး ” လို့ ပြောပါတယ် ။ “ သူ့ ပင်စင်လစာ နဲ့
သူ့ လက်ဖက်ရည်ဖိုး လောက်တော့ ရမှာပေါ့လေ ” တဲ့ ။
ပြောပြောဆိုဆို ပဲ အန်တီမြင့် က သူ အလုပ် လုပ်တဲ့ သူမ ရဲ့ဆိုင် ရှိရာ ကို ထွက်သွားပါတယ် ။ အန်တီမြင့် ထွက်သွားပြီးတဲ့ နောက် ကျွန်တော် စဉ်းစားရင်း ကျန်ခဲ့ပါတယ် ။
အန်ကယ်မြင့် ဟာ အစိုးရဌာန တစ်ခု မှာ အနှစ် သုံးဆယ်ကျော် အလုပ် လုပ်ခဲ့ပါတယ် ။ အဆင့်ဆင့် ရာထူး တိုးပြီး အလတ်စား အရာရှိကြီး တစ်ယောက် ဖြစ်ခဲ့ပါတယ် ။ သူ့ အမှုထမ်းသက် တစ်လျှောက် မှာ အစွန်းအထင်း မရှိခဲ့ပါဘူး ။ စားဝတ်နေရေး အတွက် လိုအပ်ချက် ကို မိသားစု ကပါ ဝိုင်းဝန်း ဖြည့်ဆည်းခဲ့ပါတယ် ။ အန်ကယ်မြင့် ဟာ စိတ်ရှင်းသန့်စွာ နဲ့ ပင်စင် ယူခဲ့ပါတယ် ။
တချို့က အန်ကယ်မြင့်nကို ခပ်နုံနုံအအ လူကြီး အဖြစ် မြင်ပါလိမ့်မယ် ။ တချို့က ရိုးလွန်းတယ် လို့ ထင်ပါလိမ့်မယ် ။
ကျွန်တော့် အမြင်nမှာတော့ အန်ကယ်မြင့် ဟာ သူ့ သီလ ၊ သူ့ သိက္ခာ ကို စိတ်သန့်ရှင်းစွာ နဲ့ ယုံကြည် နေပါလိမ့်မယ် ။ ဒီထက် ပိုပြီး သူ့ ဘဝ ရဲ့ နောက်ဆုံး အချိန်ပိုင်း နှစ်တွေ ၊ လတွေ ၊ ရက်တွေ ကို သံသယကုက္ကုစ္စ ကင်းရှင်းစွာ ကုန်လွန်နိုင်ပါလိမ့်မယ် ။
အဲသလို မိမိ ကိုယ် မိမိ ၊ မိမိ သီလ ကို မိမိ ယုံကြည်လေးစားစွာ ဘဝ နှောင်းပိုင်း ကို ကုန်လွန်ဖို့ အတွက် ငွေကြေးတွေ နဲ့ ဝယ်ယူလို့ မရနိုင်ပါဘူး ။
သူ နဲ့ သူ့ မိသားစု ဟာ အလျှံပယ် မသုံးစွဲနိုင်ခဲ့ပေမယ့် လူ နဲ့ တူ ၊ သူ နဲ့ အမျှ ဆိုသလို နေနိုင်ခဲ့ပါတယ် ။ မိသားစု တစ်ခုလုံး နည်းနည်း ပင်ပန်းတာတော့ ရှိမှာပေါ့ လေ ။ ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ် တော့ မဖြစ်ခဲ့ပါဘူး ။ ရိုးဖြောင့်စွာ နဲ့ စားဝတ်နေရေး ကိစ္စ အသင့်အတင့် ပြေလည်ခဲ့မှာပါ ။
ငယ်စဉ်က မတော်မတရားတွေ လုပ်ခဲ့ပြီး အသက်ကြီး မှ နောင်တ တစ်ဖန် ပူပန်ရမှုတွေ နဲ့ စိတ်ဆင်းရဲ နေရတဲ့ လူတွေ နဲ့ စာရင် အန်ကယ်မြင့် လို စိတ်သန့်သန့် နဲ့ အသက် ကြီးရတာ ပိုကောင်းတယ် လို့ ကျွန်တော် ယူဆပါတယ် ။ သမ္မာအာဇီဝ နဲ့ ကြီးပွားတဲ့ လူတွေ လည်း စိတ်သန့်လိမ့်မယ် ထင်ပါရဲ့။
ကျွန်တော် လည်း အဲသလိုပဲ အသက်ကြီးချင်တယ် ။
⎕ မောင်ဝဏ္ဏ
📖 ကျွန်တော် အူကြောင်ကြား
No comments:
Post a Comment