❝ အတောင်သာလျှင် ဝန်ရှိသော ❞
( မောင်ဝဏ္ဏ )
ကျွန်တော့် အတွက် လက်ပတ်နာရီ ဆိုတာ အမြဲတမ်း လိုအပ်နေတဲ့ အရာ မဟုတ်ပါဘူး ။ အဲဒါကို စပြီး သတိပြုမိတဲ့ အချိန်ကတော့ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော် ကပါပဲ ။ ဘာကြောင့်ဆို ကျွန်တော် လုပ်ခဲ့တဲ့ အလုပ်တွေ ဟာ အနုပညာ လုပ်ငန်းတွေ ဖြစ်လို့ပါပဲ ။ အနုပညာလုပ်ငန်း ဆိုတာ ရုံးတက်ရုံးဆင်း လုပ်ငန်းမျိုး မဟုတ်ပါဘူး ။ ဥပမာ စာရေးတာ ဆိုပါတော့ ။ မနက် ကိုးနာရီခွဲ မှာ စာ စရေးပြီး နေ့လယ် ဆယ့်နှစ်နာရီ မှာ နား ၊ နေ့လယ် တစ်နာရီ မှာ စာပြန်ရေး ၊ ညနေလေးနာရီ ကျတော့ ရပ် ။ အဲသလို လုပ်ရင် ကျွန်တော် စာရေးဖြစ်တော့မယ် မထင်ပါဘူး ။ ရေးဖြစ်ပြန်ရင်လည်း ဘယ်လို စာတွေ ထွက်လာမယ် ဆိုတာ မခန့်မှန်းတတ်ဘူး ။ ရေးသင့်တဲ့ စာကို ရေးချင်တဲ့ အချိန်မှာ ရေးဖြစ်ဖို့ အရေးကြီးပါတယ် ။ ( အချိန်မှန် စာရေးတဲ့ ဆရာတွေလည်း ရှိပါတယ် ။ ကောင်းပါတယ်ခင်ဗျာ ။ )
ကျွန်တော် ကတော့ ကျွန်တော့် လုပ်ငန်းတွေမှာ လက်ပတ်နာရီ ဟာ အမြဲတမ်း မလိုအပ်ဘူး ။ တစ်ခါတလေတော့ လိုတယ် ။ တစ်ခါတလေမှာ လိုအပ်တဲ့ ပစ္စည်း ကို ကိုယ် နဲ့ မကွာ အမြဲတမ်း ဆောင်ထားဖို့ မလိုဘူးလို့ ဆုံးဖြတ်ပြီးတဲ့ အခါမှာ ကျွန်တော် လက်ပတ်နာရီ မပတ်တော့ပါဘူး ။ စာရေးတဲ့ ပုဂ္ဂိုလ်များ လက်ပတ်နာရီ ပတ်စရာ မလိုဘူးလို့ ပြောချင်တာ မဟုတ်ပါ ။ ပတ်ချင်လို့ ၊ ပတ်သင့်လို့ ပတ်လည်း ဖြစ်ပါတယ် ။ ကျွန်တော့် အတွက် မလိုဘူး ထင်လို့ မပတ်တဲ့ အကြောင်း ပြောတာပါ ။
လက်ပတ်နာရီ မပတ်တော့ လက်ပတ်နာရီ နဲ့ ပတ်သက်တဲ့ ဒုက္ခတွေ အားလုံး ပျောက်သွားပါရောဗျ ။ အကောင်းစားတွေ ၊ အသစ်အဆန်းတွေ ပေါ်လာ လို့လည်း ပတ်ချင်စိတ် မဖြစ်တော့ဘူး ။ ကိုယ့် မှာ လက်ပတ်နာရီ မရှိတော့ ပျောက် မှာလည်း မစိုးရိမ်ရတော့ဘူး ။
နောက်တစ်ခု က လက်ဝတ်ရတနာတွေပါ ။ ဘယ်ဘဝ က အကြောင်းတွေ ဖန်လာတယ် မသိပါဘူးဗျာ ။ လက်စွပ် ၊ ဆွဲကြိုး ၊ လက်ပတ်ကြိုး ၊ ရွှေကြယ်သီး ဝတ်ချင်စိတ် မပေါ်ခဲ့မိဘူး ။ ဒီတော့ ကျွန်တော့် မှာ ရွှေ ၊ ငွေ ၊ ကျောက်သံပတ္တမြား အစရှိတဲ့ လက်ဝတ်ရတနာတွေ ဘာတစ်ခု မှ မရှိဘူး ။ မရှိရကောင်းလား လို့ လည်း စိတ် ထဲမှာ မကျေမနပ် တစ်ခါမှ မဖြစ်ဖူးဘူး ။ ဒီတော့ လက်ဝတ်ရတနာ ဆိုတဲ့ နောက်ထပ် ကိစ္စ တစ်ခု ငြိမ်းပြန်ရောဗျ ။ ( ရွှေ ၊ ငွေ ၊ လက်ဝတ် ရတနာ ဝတ်ဆင်ချင်တဲ့ သူတွေ တတ်နိုင်လို့ ဝတ်တာ ပြောစရာ မရှိပါ ။ )
အဝတ်အစား လည်း ဒီလိုပဲ ခင်ဗျ ။ အသင့်အတင့် သပ်ရပ်တဲ့ အဝတ်အစား နှစ်စုံ သုံးစုံ က လွဲလို့ အိမ်ရှင်မ က ပွဲနေပွဲထိုင် သွားဖို့ ဝယ်ပေးထားတဲ့ ဝတ်စုံကောင်း တစ်စုံတော့ ရှိပါရဲ့။ အဲဒါလည်း တစ်ခါတလေ မှ ဝတ်ရတာ ဆိုတော့ ရှိနေမှန်း တောင် သတိ မရဘူး ။
အဝတ်အစား ဆိုတဲ့ နေရာမှာ ဂရုစိုက်စရာ အချက် တစ်ချက်တော့ ရှိပါတယ် ။ ကိုယ် က စိတ်မဝင်စားလို့ ဝတ်ကောင်းစားလှတွေ မဝယ်ဘဲ နေလို့ ရပါတယ် ။ အဲဒါက ကိုယ့်အိမ် ကိုယ်နေ ရင်း ၊ ဒါမှမဟုတ် ကိုယ့် ကို သိပြီးသား ၊ နားလည်ပြီးသား မိတ်ဆွေတွေ နဲ့ တွေ့တဲ့ အခါမျိုးတွေပေါ့ ။
အဲ တခြား တခြား နေရာတွေ မှာတော့ ဆင်ခြင်သင့်ပါတယ် ။ ကိုယ် ဝတ်ချင်သလို ဝတ်တာ ဘယ်သူ့ ဂရုစိုက်ရမှာလဲ ဆိုတဲ့ စိတ်မျိုး မထားသင့်ဘူး ထင်ပါတယ် ။ မင်္ဂလာဧည့်ခံပွဲ ကို သွားရင် အပေါ်အင်္ကျီ တိုက်ပုံကလေး တော့ ဝတ်သင့်ပါတယ် ။ ဧည့်ခံပွဲကြီးတွေ ၊ အခမ်းအနားကြီးတွေ ကို မသွားမဖြစ် သွားရမယ် ဆိုရင်လည်း သပ်ရပ်တဲ့ အမျိုးသားဝတ်စုံ ကို ဆင်မြန်းသင့်ပါတယ် ။ အဲဒါက တခြား ပုဂ္ဂိုလ်များ ကို လေးစားသမှု ပြုတဲ့ သဘောပါ ။
ယေဘုယျ အားဖြင့် ပြောရမယ် ဆိုရင်တော့ အဝတ်အစား ဆိုတာ ဘာလဲ ။ ရာသီဥတုဒဏ် ခံနိုင်ဖို့နဲ့ အရှက်အကြောက် သဘောကို လုံခြုံစေဖို့ပဲ ဖြစ်ပါတယ် ။ ချမ်း တဲ့ အခါမှာ အနွေးထည် ရှိရပါမယ် ။ ပူအိုက်တဲ့ ရာသီမှာ ခပ်ပါးပါး အဝတ်တွေ ဝတ်ရမှာပေါ့ ။ မိုးဥတု မှာ တစ်ထည် စိုရင် တစ်ထည် လဲဖို့ လောက်တော့ ရှိရပါမယ် ။ ဒီထက် ပိုပြီး ထူးခြားဆန်းပြားတဲ့ ၊ အသစ် အသစ် ပေါ်တဲ့ အဝတ်ဆန်း ၊ အဆင်ဆန်းတွေ ဟာ တကယ်တော့ သိပ် မလိုအပ်ပါဘူး ။ ကျွန်တော့် သဘောကို ပြောတာပါ ။ အချို့ကတော့ အဆင်ဆန်း ၊ အသစ်အသစ်တွေ ၊ ဖက်ရှင် အမျိုးမျိုးတွေ ကို သဘောကျကြပါတယ် ။ ဖက်ရှင် ဆိုလို့ မိန်းကလေးတွေ ပဲ ဖက်ရှင် ကို သဘောကျတယ် မထင်ပါနဲ့ ။ ယောက်ျားလေးတွေ ရော ယောက်ျားကြီး တချို့ကော ဖက်ရှင် ကို သဘောကျကြပါတယ် ။ တတ်နိုင်လို့ ဝတ်ကြတာ ကိုတော့ ဘာမှ မပြောလိုပါဘူး ။ ကိုယ့် မှာလည်း ဘာမှ ပိုပိုလျှံလျှံ မရှိဘဲ အဲဒီ ဝတ်ကောင်းစားလှတွေ ကို ဝတ်ဆင်ဖို့ လုံးပန်း နေကြတာ ကိုတော့ သိပ် ဘဝင်မကျဘူး ခင်ဗျ ။ “ လူ မှာ အဝတ် ၊ တောင်း မှာ အကွပ် ” ဆိုတဲ့ ရှေးစကား ကို အဓိပ္ပာယ်ကောက် လွဲနေတယ်လို့ ထင်ပါတယ် ။
လူမှာ အဝတ် ဆိုတာ သူ့ နေရာနဲ့ သူ လိုက်လျောညီထွေတဲ့ အဝတ်တွေ ဝတ်ဆင်ဖို့ ပြောတာပါ ။ အလွယ်ဆုံး ဥပမာ ပြရရင် ဘွဲ့နှင်းသဘင် လို နေရာမျိုး ကို သုံးလေးသောင်းတန် ဂျင်းဘောင်းဘီကြီး နဲ့ တက်ရင် ဖြစ်ပါ့မလား ။ ဒီလိုပဲ အသုဘ တစ်ခုကို ပြောင်ပြောင်လက်လက် အဝတ်အစားတွေ နဲ့ ရှိုးသွားထုတ် လို့ မဖြစ်ပါဘူး ။
အဝတ်အစား ကိစ္စ မှာ လည်း အသင့်အတင့်ပဲ ကောင်းတယ်လို့ ပြောချင်တာပါ ။ သပ်ရပ်ရမယ် ။ သူ့ နေရာ နဲ့ သူ လိုက်လျောညီထွေ ရှိရမယ်ပေါ့ ။ အမေရိကန်သမ္မတ ဂျင်းပင် နဲ့ မိန့်ခွန်း ပြောနေတာ တွေ့ဖူးပေါင်ဗျာ ။ တရုတ်ခေါင်းဆောင်ကြီး ပေါ်လစ်ဗျူရို မှာ ဝပ်ရှော့ဝတ်စုံ နဲ့ မိန့်ခွန်း ချွေတာ လည်း ကြားဖူးပေါင်ဗျာ ။ ဒါကြောင့် “ လူ မှာ အဝတ် ” ဆိုတာ ဂိုက်ထုတ်ဖို့ စတန့်ထွင်ဖို့ မဟုတ်ဘူး ဆိုချင်ပါရဲ့။
ကျွန်တော် အဓိက ပြောချင်တဲ့ အကြောင်းက အဝတ် ကိစ္စကို ဇာချဲ့ မနေရင် ကိစ္စ တစ်ခု ငြိမ်းတယ် ဆိုတဲ့ အကြောင်းပါ ။ ( ဆွယ်တာ ဟောင်းကြီး ဝတ်လေ့ ရှိတဲ့ အိန်စတိန်း ကို ဘယ်သူမှ မကဲ့ရဲ့ ပါဘူး ။ သူ ကတော့ အိန်စတိန်း ကိုး ။ ကျွန်တော် တို့ ကတော့ နည်းနည်း ဂရုစိုက်ရလိမ့်မယ် ။ )
နောက်ပြီးတော့ အစားအသောက် ၊ အဲဒါလည်း ခုန ပြောခဲ့တဲ့ သဘောပါပဲ ။ လူတွေ ဘာဖြစ်လို့ အစာ စားနေကြတာလဲ လို့ စဉ်းစားသင့်ပါတယ် ။ အတိုဆုံး အဖြေ ကတော့ အာဟာရ ဖြစ်အောင် စားတာပါ ။ မြန်မာ့အသံ က လွှင့်လေ့ရှိတဲ့ မြန်မာ့အစာ နဲ့ အာဟာရ အခန်း ကို နားထောင်ကြည့်ရင် ကိုယ် စားနေကျ အစာတွေ ထဲကပဲ အာဟာရဓာတ် ဘယ်လောက် များများ ပါသလဲ ဆိုတာ သိနိုင်ပါတယ် ။ ငါးပိရည် နဲ့ တို့စရာ ကပဲ အာဟာရဓာတ် တော်တော်များများ ဖြည့်ဆည်း ပေးပါသတဲ့ ။ ကိုယ့် အထွာ နဲ့ ကိုယ် အာဟာရ ဖြစ်အောင် စားတတ်ဖို့ လိုပါတယ် ။ ငွေပိုငွေလျှံ ရှိရင်တော့ “ စားကြမယ်ဟေ့ ကောင်းကောင်း ” ဆိုပြီး စားကြပါဗျာ ။ စားသောက်ဆိုင်တွေ ၊ ဟိုတယ်တွေ မှာ စားနိုင်သပ ဆိုလည်း စားကြပေါ့ ။ ဒါတောင်မှ “ တရုတ်စားသောက်ဆိုင် ရောဂါလက္ခဏာ ” ဆိုပြီး ရောဂါတစ်မျိုး ရှိသတဲ့ဗျာ ။ အချိုမှုန့် နဲ့ အဆီအဆိမ့်တွေ စားလွန်းလို့ ဖြစ်တဲ့ ရောဂါတွေပါ ။ သွေးတိုးတို့ ၊ နှလုံးသွေးကြောကျဉ်းတို့ ၊ အဆီရစ် ဗိုက်ရွှဲ စတာတွေပေါ့ ။ သူဌေးရောဂါ ဆိုပါတော့ ။ သူဌေးရောဂါ ဖြစ်ရင် ငွေ သိပ်ကုန်ပါတယ် ။
အာဟာရ မပြည့်ရင် ရောဂါ ရနိုင် သလို ၊ အာဟာရတွေ သိပ် ပိုကုန်ရင်လည်း ရောဂါ ရနိုင်ပါတယ် ။ ဒါကြောင့် အသက် ဉာဏ်စောင့်တယ် လို့ ပြောတာ ထင်ပါရဲ့။
ဘုရားဟော ကတော့ အတိုင်းအရှည် ကို သိပါတဲ့ ။ အလွန် တိကျ တိုတောင်းပြီး အလွန် ထိရောက်တဲ့ အဆုံးအမပါ ။
နိဗ္ဗာန်ရောက်ကြောင်း ကျင့်ကြံတဲ့ အခါမှာတောင် သဒ္ဓါ ၊ ဝီရိယ ၊ သတိ ၊ သမာဓိ ၊ ပညာ ဆိုတာတွေ မှာ သတိ က လွဲလို့ ကျန်တာတွေ ဟာ လို လို့ လည်း မရ ၊ ပို လို့ လည်း မရဘူးတဲ့ ခင်ဗျ ။ ( စကားချပ်လို့ သဘောထားပါဗျာ ။ )
အစားအသောက် ကိစ္စ ပြောချင်တာပါ ။ သား ငါး ဈေးကြီး လို့ မစားနိုင်ရင် အသားဓာတ် ပါတဲ့ ပဲတွေ စားလို့ ရပါရဲ့ ။ သက်သတ်လွတ်သမားတွေ ပဲ ကို အဓိကထား စားကြရပါတယ် ။ ကျွန်တော်တို့ တစ်တွေ အစားအသောက် နဲ့ ပတ်သက်ပြီး ဇီဇာ မကြောင်ရင် ဒုက္ခ တစ်မျိုး ငြိမ်းပါတယ် ။
ငွေကြေး တတ်နိုင်ရင် ကိုယ် နဲ့ သင့်တော်တဲ့ အစားကောင်းတွေ အသောက်ကောင်းတွေ စားသောက်သင့်ပါတယ် ။ အတိုင်းအရှည် သိစွာနဲ့ပေါ့ ။
ငွေကြေး မပြည့်စုံဘဲနဲ့တော့ နောက်နေ့ တွေ ဗိုက် မှောက် အိပ်မယ် ။ ဒီနေ့ တစ်ဝတစ်ပြဲ စားလိုက်မယ် ဆိုပြီး သုံးရက်စာ ဈေးဖိုး ကို တစ်နေ့တည်း နဲ့ ဖြုန်း မပစ်သင့်ဘူး ။
အဲသလို နေနိုင်ဖို့ က အစားအသောက် မှာ အာသာငမ်းငမ်း မဖြစ်ဖို့ လိုပါတယ် ။ အစား ကောင်းသည် ဖြစ်စေ ၊ ညံ့သည် ဖြစ်စေ “ တစ်ဝ ” ထက် ပိုစားလို့ မရပါ ။ ဆိုချင်တာက အစားအသောက် နဲ့ ပတ်သက်ပြီး အာဟာရ ဖြစ်အောင် စား ၊ အစား လောဘ မကြီးရင် ကိစ္စ တစ်ခု ငြိမ်းပါတယ် ။ ဒီနေရာမှာ စားနိုင်သောက်နိုင်တဲ့ အခြေအနေ ရှိပါလျက် နဲ့ ကပ်စေးနှဲပြီး မစားရက် မသောက်ရက် လုပ်နေရင်တော့ အစွန်း တစ်ဖက် ရောက်သွားပါလိမ့်မယ် ။ ထိုက်သင့်တဲ့ အစားအစာ ကို ကိုယ့် အထွာ နဲ့ ကိုယ် စား ကို စားရပါလိမ့်မယ် ။ စားပိုး မနင့်ဖို့ပဲ လိုပါတယ် ။
သင့်တင့်မျှတတဲ့ အစားအသောက် ကို ချင့်ချိန်ပြီး စားတတ်ရင် အပို ဒုက္ခ တစ်ခု ငြိမ်းပါတယ် ။
နေစရာနဲ့ ပတ်သက်ရင် လည်း ဒီသဘောပါပဲ ။ ကိုယ် တတ်နိုင် သလောက် နဲ့ သင့်လျော်တဲ့ နေရာမှာ နေရတာကို ကျေနပ်သင့်ပါတယ် ။ တဲ နဲ့ နေရ နေရ ၊ တိုက် နဲ့ နေရ နေရ ၊ လူ တစ်ကိုယ်စာ ၊ ဒါမှမဟုတ် ကိုယ့် မိသားစု လောက်လောက်ငင နေစရာရရင် ပြီးပါတယ် ။
နေပူ တော့ ခြစ်ခြစ်တောက် ၊ မိုးရွာ တော့ မိုးယို ၊ ဆောင်းတွင်း ကျတော့ တအား ချမ်း ၊ ခြုံစရာ စောင် မရှိ ဆိုတာမျိုး ကတော့ မကောင်းဘူးပေါ့ ။ အဲသလို အခြေအနေ ဖြစ်နေရင်လည်း ကိုယ့်အား ကိုယ်ကိုးပြီး တတ်နိုင်တဲ့ နည်း ( သမ္မာအာဇီဝ ) နဲ့ နေသာထိုင်သာ ဖြစ်အောင် ကြိုးစားရမှာပဲ ။ ကံအကြောင်းတရား ပဲလို့ ငုတ်တုတ် လည်စင်း ခံဖို့ မဟုတ်ပါဘူး ။
ကျွန်တော့် မှာ နေစရာ အိမ် တစ်လုံး ရှိပါတယ် ။ ဒီအိမ် မှာ ကျွန်တော် ကျေကျေနပ်နပ် နေနေပါတယ် ။ အိမ် ဆိုတာ ရာသီဥတုဒဏ် ခံနိုင်ရမယ် ။ လုံခြုံမှု ရှိရမယ် ။ သွားရေးလာရေး အဆင်ပြေရမယ် ။ အခြေခံအားဖြင့် ဒါပဲ လိုအပ်တာပါ ။ အလှအပ အပြင်အဆင် ဆိုတာတွေ ကတော့ ကိုယ် တတ်နိုင်သမျှကလေး နဲ့ သပ်ရပ်အောင် လုပ်ရုံပါပဲ ။ ဧည့်ခန်း ကို ပျံနေအောင် ပြင်ဆင်ပြီး မီးဖို ကျတော့ ဖြစ်ကတတ်ဆန်း ညစ်ညစ်ပတ်ပတ် ထားဖို့ မသင့်လျော်ပါဘူး ။ ကိုယ် စားမယ့် အစားအစာတွေ ချက်လုပ်တဲ့ နေရာဟာ သန့်ရှင်းဖို့ လိုတယ် မဟုတ်လား ။ အစာဟောင်း စွန့်ပစ်တဲ့ နေရာလည်း သန့် မှ ဖြစ်မှာပါ ။ ဧည့်သည် ဆိုတာ ခဏ လာတာ ၊ ထမင်း က နေ့တိုင်း စားနေရတာ ။ အိမ်သာ နေ့တိုင်း တက်ရတာ ။
ကျွန်တော့် အိမ် က ဧည့်ခန်း ဟာ သာမန်ပါပဲ ။ ဧည့်ခန်း ကို ဆန်းပြားအောင် လုပ်ဖို့ ကျွန်တော် ဘယ်တုန်းကမှ စိတ်မကူးမိဘူး ။ အတန်အသင့် သပ်ရပ်ရင် ပြီးပါတယ် ။ ဧည့်ခန်း မှာ ဆိုဖာတွေ ၊ ရှိုးကေ့စ်တွေ မထားဖြစ်ရလေခြင်း လို့ ဘယ်တုန်းကမှ ကျွန်တော် စိတ်မညစ်ဖူးပါဘူး ။ ဒါကြောင့် အဲဒီ ဒုက္ခ တစ်ခုလည်း ငြိမ်းပြန်ပါတယ် ။ အချုပ်သဘော ပြောရရင်တော့ တကယ် မလိုအပ်ဘူးလို့ ယူဆတဲ့ ဗဟိဒ္ဓ ပစ္စည်းတွေ ကို ပယ်ထားနိုင် ရင် ပယ်ထားနိုင် သလောက် စိတ်အေးချမ်းပါတယ် ။ ကိုယ့် အတွက် တကယ် အသုံးဝင်ပြီး လိုအပ်တဲ့ အထောက်အပံ့ ပစ္စည်းတွေ ကိုတော့ သုံး ကို သုံးရမှာပါ ။
ပစ္စည်းမဲ့ဖက်ရှင် နဲ့ စုတ်ပြတ်အောင် တမင် လုပ်နေရင် မှားမှာပေါ့ ။ ဒီအတိုင်းပဲ ကိုယ့် မှာ မရှိဘဲ ကြွားချင်လို့ အပို ပစ္စည်းတွေ ကို ဒုက္ခခံ ပြီး ရှာဖွေ နေရင်လည်း မနိပ်ပါဘူး ။
မြတ်စွာဘုရား က ဟောခဲ့ပါတယ် ။ “ အတောင် သာ လျှင် ဝန်ရှိသော ငှက် ကဲ့သို့ အသက်မွေးမှု ၌ ပေါ့ပါးပါစေ ” တဲ့ ။
◾မောင်ဝဏ္ဏ
📖သရဖူ မဂ္ဂဇင်း
ဇွန် ၊ ၂၀၀၀
No comments:
Post a Comment