❝ ငရဲ တစ်ပိဿာခွဲ ❞
( ညီစေမင်း )
( ၁ )
“ လူကလေးတို့ ရယ် ... အမေကြီး ကို ဆေးဖိုးဝါးခလေး သနားကြပါ ကွယ် ” ဟူသော ညင်သာ တိုးလျှိုးသည့် စကားသံ ကြောင့် မတွေ့ရတာ ကြာပြီ ဖြစ်၍ လက်ဖက်ရည်ဆိုင် ထဲ မှာ စကားလက်ဆုံ ပြောမကုန် နှင့် ပတ်ဝန်းကျင် ကို အမေ့လျော့ကြီး မေ့လျော့ နေသော ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် တို့ ၏ စကားဝိုင်း ပြတ်တောက် သွားသည် ။ အသံ လာရာကို မော့ကြည့်လိုက်တော့ ကြားရသည့် အသံ နှင့် မြင်ရသည့် ရုပ်သွင် က တခြားစီ ။ အင်္ကျီဖြူလက်ရှည် နှင့် ယောဂီထဘီကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော အသက် ၇၀ ကျော် အသားဖြူဖြူ ပိန်ပိန်ပါးပါး မွန်မွန်ရည်ရည် အဘွားအို တစ်ယောက် .. ။ ကြိမ်ခြင်းသေးသေးလေး တစ်လုံး ကို လက် မှာ ချိတ်ပြီး ကောက်ရိုး ဦးထုပ် ဆောင်းထားသည် ။
သို့နှင့် အိတ် ထဲမှ အနည်းဆုံး ငွေစက္ကူ ကို ရှာလိုက်တော့ ၂ဝိ တန် တွေ့ သဖြင့် ၂ဝိ တန် ပေးလိုက်သည် ။ “ သာဓုပါကွယ် .. သာဓု ... သာဓု ” ဟု ဆုပေးပြီး အဘွားကြီး ထွက်သွားမည် အပြုတွင် အရာရှိ တစ်ဦး ဖြစ်သူ သူငယ်ချင်း က “ အမေကြီး ခဏလေး ” ဟု ဆိုကာ ငွေ ၁ဝဝိ တန် တစ်ချပ် လှူလိုက်သည် ။ အဘွားကြီး က “ သာဓုပါကွယ်... သာဓုသာဓု ” သာမက “ ဘုန်းကြီးပါစေ သက်ရှည်ပါစေ ၊ အနာမျိုး ကိုးဆယ့်ခြောက်ပါးနဲ့ ကင်းဝေး ပါစေ ” ဆိုသည့် ဆုများပင် အဆစ် ပေးသွားပါသည် ။
အဘွားကြီး ထွက်သွားတော့ သူငယ်ချင်း က “ တစ်နေ့က ကျောက်ဆည် ကို အလုပ်ကိစ္စ နဲ့ အသွား ကျွဲဆည်ကန် မှာ ခဏ ရပ်တော့ ဒီ အမေကြီး ပဲ ၊ ကားတွေ ပြတ်နေလို့ ၊ ....... ကို လမ်းကြုံရင် လိုက်ခဲ့ပါရစေ ဆိုလို့ ငါ့ ကားနဲ့ တင်ခေါ်ခဲ့သေးတယ် ” ဟု ပြောပြပါသည် ။
“ အေးကွာ ... သန့်သန့်ပြန့်ပြန့် မွန်မွန်ရည်ရည် နဲ့ ဘဝ အခြေအနေ အရ မတတ်သာလွန်းလို့ တောင်းစားရတာနေမှာ ” ဟု ကျွန်တော် က မှတ်ချက်ချရုံ က လွဲပြီး ဤ အဘွားကြီး အကြောင်း ကို နောက်ထပ် စကား မစမိ ကြတော့ပါ ။
( ၂ )
“ လူကလေး ... ဒီ ဟောလစ်ဘူးလေး က ဘယ်လောက်လဲကွယ့် ”
ကြားဖူးသလိုလို ရှိသော အသံကြောင့် တစ်နေ့တာ အရောင်းစာရင်း များ ကို ကုန်းရုန်း လုပ်နေသော ကျွန်တော် မော့ ကြည့်လိုက်မိသည် ။ မေးလိုက်သူ ကား လွန်ခဲ့သည့် သုံးလေးရက် က လက်ဖက်ရည်ဆိုင် ထဲ တွင် ဆေးဖိုး ဝါးခ တောင်းခံခဲ့သော အဘွားကြီး ပင် ။ လူပုံစံ ကတော့ ခါတိုင်းလိုပင် မပြောင်းလဲ ။ သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့် ရည်ရည်မွန်မွန် ။
“ ထောင့်တစ်ရာပါ အမေကြီး ”
“ တစ်ထောင် ထားပါ လူကလေး ရယ် ၊ အမေကြီး မှာ တစ်ထောင့် ငါးဆယ် ပဲ ပါပါတယ် ။ ၅၀ ကလည်း အပြန် ကားခ ပေးရဦးမှာမို့ပါ ”
နူးညံ့ပျော့ပျောင်းသော လေသံ နှင့် တောင်းပန်တိုးလျှိုးရင်း သူ့ လက် ထဲ မှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ငွေစက္ကူများ ကို ဖြေပြသည် ။ ၅၀ဝ တန် ခပ်နွမ်းနွမ်း တစ်ချပ် ၊ ကျန်တာကတော့ နှစ်ရာတန် ၊ တစ်ရာတန် ငါးဆယ်တန် ခပ်နွမ်းနွမ်းများ .... ။ ကျွန်တော် လည်း သူ့ ကို ကြည့်ရင်း ကရုဏာစိတ် ပေါက်လာသည် ။
“ ကဲကဲ .. အမေကြီး ၊ တစ်ထောင် နဲ့ ပဲ ယူသာသွားပါတော့ ။ ကျွန်တော့် မှာ ဒီ အပေါ်က ၅၀ လောက် စားရတာ ၊ မမြတ်တဲ့ အပြင် ရှုံးတောင် နေပါသေးတယ် ။ အမေကြီး မို့ လို့ ပေးလိုက်တာ ” ဟု သူ နားလည်အောင် ဖြည့်စွက် ပြောလိုက်ရသည် ။
“ သာဓုပါကွယ် ၊ သာဓု ၊ သာဓု ၊ ဘုန်းကြီးပါစေ ၊ သက်ရှည်ပါစေ ”
ခါတိုင်းလို အရှည်ကြီး ဆုပေးပြီး လှုပ်လီလှုပ်လဲ့ နှင့် ထွက်ခွာသွား တော့သည် ။
ကျွန်တော့် ရင် ထဲ မှာတော့ အမျိုးအမည် မသိသော ဝေဒနာ တစ်ရပ် လှိုင်းခတ်ကျန်ရစ်ခဲ့သည် ။ ငွေတစ်ရာ လျှော့ပေးလိုက်ရသည့် အတွက် မကျေမနပ် ဖြစ်နေတာလား ၊ အားနည်းနွမ်းပါးသူ ကို ကူညီလိုက်သည့် အတွက် ဝမ်းသာပီတိဖြစ်နေတာလား ၊ ဤ အဘွားကြီး ကျွန်တော့် မိခင် ဖြစ်ခဲ့လျှင် ဆိုသော အတွေးနှင့် ရင်ထုမနာ ယူကျုံးမရ ဖြစ်ကျန်ခဲ့တာလား ။ ကွဲကွဲပြားပြား မပြောတတ်တော့ပါ ။
( ၃ )
မဆံ့ရင်ကန် ရင်းနှီးသော သူငယ်ချင်း တစ်ယောက် ၏ အလှူ ရှိသဖြင့် ကျောက်ဆည် သွား တစ်ည အိပ်ပြီး နံနက်စောစော လိုင်းကား ဖြင့် ပြန်လာခဲ့သည် ။ လိုင်းကားများ က .......... ဂိတ် မှာ ခရီးသည်တော်တော်များများ ရတတ်သောကြောင့် အဲဒီမှာ အချိန် ကြာကြာ ရပ်သည် ။ ကား က လည်းချောင် တော့ ခရီးသည်တစ်ယောက်စ နှစ်ယောက်စ တက်လာကြသည် ။ ခဏ ကြာတော့ အဘွားအို တစ်ယောက် တက်လာသည် ။ ထို အဘွားအို မှာ အခြား မဟုတ် ၊ ကျွန်တော် နှင့် နှစ်ကြိမ် နှစ်ခါ ဆုံခဲ့ဖူးသော အဘွားအို ဖြစ်သည် ။ ကျွန်တော့် ကို သူ မှတ်မိသွားမည် ကို စိုးထိတ် နေမိသည် ။ သို့သော် သူ က တော့ ကျွန်တော့် ကို မှတ်မိပုံ မပေါ်ပါ ။
“ ဪ... အမေခင် ပါလား ၊ သား နဲ့ ချွေးမ မြေးများ ဆီ သွားမလို့နဲ့ တူတယ် ” ဟု အရင် ရောက်နှင့်နေသော ခရီးသည် အမျိုးသမီး တစ်ဦး က ဆီးကြို၍ ပဋိသန္ဓာရ ပြုသည် ။
“ ဟုတ်ပါ့တော် ။ သူတို့ က မလာနိုင်တော့ ကိုယ် ကပဲ သွားရတော့ တာပေါ့ ။ နှစ်ယောက်စလုံး ကလည်း အရာရှိတွေ ဆိုတော့ ရုံး အလုပ်နဲ့ ၊ စနေ တနင်္ဂနွေ ကို အားတာ မဟုတ်ဘူး ။ ကလေးတွေ က လည်း ကျောင်း နဲ့ ကျူရှင် နဲ့ နားရတယ် ကို မရှိဘူး ။ ကျွန်တော် တို့ လာမှ တွေ့ ရမယ် ဆိုရင် တွေ့ရမှာ မဟုတ်ဘူး ၊ အမေ သွားနိုင်လာနိုင်တုန်း လိုအပ်သမျှလေးတွေ ကန်တော့ ရအောင် လာခဲ့ပါ ဆိုလို့ လာ နေရတာပဲ ။ တစ်ရက်တလေများ ပင်ပန်းလို့ မသွားဘဲများ နေရင် အိမ် က အဘိုးကြီး က “ သွားလေ .. ဟိုက မြေးတွေက မျှော်နေကြလိမ့်မယ် ” နဲ့ ဇွတ်တွန်းလွှတ်နေတာပဲ ။ အဘိုးကြီး က လည်း လက်ဖက်ရည် ကော်ဖီ သာ ဝယ်မသောက်ဘာ ၊ ချွေးမ က ကန်တော့လိုက် တဲ့ အိုဗာတင်း တို့ ၊ ဟောလစ် တို့ ဆိုရင် အငမ်းမရသောက်တာ ။ ဟိုနေ့ က ချွေးမ က ကန်တော့လိုက်တဲ့ ဟောလစ်ဘူး သူ တစ်ယောက်တည်းချည်း သောက် တာ တစ်ဝက်ကျိုးပါပကောလား ”
ထိုသို့ ပြောနေခိုက် ကားစထွက်သည် ။ ကားစပယ်ယာက ကားခ လိုက်တောင်းသည် ။ အဘွားကြီးအလှည့်ရောက်တော့ အဘွားကြီး က လက် ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ၅၀ တန် ခပ်နွမ်းနွမ်း တစ်ချပ်ကို စပယ်ယာ အား လှမ်းပေးသည် ။
“ အမေကြီး ၅၀ မရတော့ဘူး ။ တစ်ရာ ဖြစ်နေပြီ ။ အမေကြီး လည်း စီးနေကျ ၊ သိရဲ့သားနဲ့ ”
“ ဒီတစ်ခါတော့ ဒီလောက်ပဲ ယူလိုက်ပါ လူကလေး ရယ် ၊ အမေကြီး မှာ မရှိတော့လို့ပါ ၊ အပြန်ကျမှ ပိုယူပါ ”
“ အမေကြီး က လည်း ဒီလိုချည်းပဲ ။ အပြန်ကျတော့ ကျွန်တော်တို့ ကား မစီးတော့ပါဘူး ။ ဓာတ်ဆီကား မှ စီးတာပါ ။ ဟိုနေ့ က လည်း မြင်လိုက်ပါတယ် မာဇဒါကားစိမ်းကြီး ပေါ်မှာ ကျော့လို့ ”
“ ဓာတ်ဆီကား စီးတာ ကတော့ လူကလေး ရယ် လူကလေးတို့ ကား မတွေ့မိလို့ပါ ။ ဟိုနေ့က ကားစိမ်းကြီး က လည်း အမေ့ သား က အမေ ဒီအချိန်ဆိုရင် ကားတွေ ပြတ်နေရော့မယ် ၊ ကျွန်တော့် ကား နဲ့ သာ ပြန်ပါ ကျွန်တော့် ဒရိုင်ဘာ ပါ ထည့်လိုက်ပါမယ် ဆိုပြီး သူ့ ကား နဲ့ လိုက် ပို့လို့ပါကွယ် ။ ဒီတစ်ခါလည်း ကသိုလ်ပြုတယ်လို့ ပဲ သဘောထားလိုက်ပါ လူကလေးရယ် ၊ ဘုန်းကြီးပါစေ ၊ သက်ရှည်ပါစေ ”
ဤစကားများ ကို နားထောင်ရင်း ကျွန်တော့် ရင်ထဲမှာ ဖြစ်ပေါ်လာသော အတွေးများကား ..
“ ဒီ အမေကြီး ကျွန်တော့် ဆိုင် ကို နောက်တစ်ခါ ဈေးလာ ဝယ်ရင်တော့ ဘာကိုမှ ဈေးလျှော့ ပေးတော့မည်မဟုတ် ” ဟူ၍သာ ... ။
▢ ညီစေမင်း
📖ကလျာ မဂ္ဂဇင်း
ဩဂုတ်လ ၊ ၂၀၀၆
No comments:
Post a Comment