❝ ကံကြမ္မာရေ ကျေးဇူး ❞
( နော် - ကျောက်တိုင် )
ဘဝ မှာ အသက် တစ်ရာ မနေရ ၊ အမှုတစ်ရာ တွေ့ရ ဆိုတာ ကျုပ် အတွက် ဖြစ်နေမလားဘဲ ။ ကျုပ် အသက် က ၈ဝ ကျော်ရုံ ရှိသေးတယ် ။ ဒါပေမဲ့ ကျုပ် ဖြတ်သန်းရတဲ့ အပူတွေ က မနည်းဘူး ။ ဒီ နေ့ ၊ ဒီ အရွယ် ၊ ဒီ အချိန် အထိ အကုသိုလ်ကံတွေ အကျိုးပေး ကောင်းနေတုန်း ။ အရေးရယ် ၊ အကြောင်းရယ် ဆို ဘယ်သူ့မှ အားကိုးစရာ မရှိဘူး ။ ညကြီးမင်းကြီး ကသီလိုက်တာ မပြောနဲ့ ။
မြင့်မောင် နဲ့ လှခင်လေး အလွယ်တကူ နှိုးရလို့ တော်သေးတယ် ။ မဟုတ်ရင် မလွယ်ဘူး ။ ကျုပ် ကလည်း အိုမင်းမစွမ်း ။
ဒီလိုပေါ့လေ ။ လောကကြီး က အားလုံးတော့လည်း ဘယ် ဆိုးနိုင်မလဲ ။ အကောင်းလေးတွေ လည်း ရှိရဦးမှာပေါ့ ။ လိုက်ပို့ပေးတဲ့ သူတို့ ညီအစ်ကို ကလည်း တော်ရှာတယ် ။ ပိုက်ဆံလေး ၅ဝဝ ပေးတာ တောင် မယူကြဘူး ။ မနက် အလုပ်ဆင်းရမှာမို့သာ သူတို့ ပြန်ရတာ ။ စောင့်တောင် နေ ပေးချင်တာတဲ့ ။ ကိစ္စ မရှိဘူး ပေါ့ ။ ဒီ ရောက်ရင်ပဲ ဝမ်းသာလှပြီ ။ ကျန်တာ ဆရာဝန်တွေ လုပ်ကြလိမ့်မယ်ပေါ့ ။ လက်လှုပ်မှ ပါးစပ်လှုပ် ရသူတွေချင်း စာနာလို့ ပြန် လွှတ်လိုက်တယ် ။ ဒါကြောင့် အခန်းဝ မှာ ကျုပ် တစ်ယောက်တည်း ။ နာရီစက်သံ တချောက်ချောက် က လွဲရင် အားလုံးက ငြိမ်လို့ ။ ၁၂ နဲ့ ၆ မှာ တန်းနေတဲ့ လက်တံတွေ ကို ကြည့်ရင်း ကျုပ် သက်မမောတွေ ခဏခဏ မှုတ်ထုတ် နေဖြစ်တယ် ။
မွေးခန်း ထဲ သူတို့ ဝင် သွားကြပေမဲ့ ကျုပ် ရင်က မပူဘူး ။ ဖြစ်ချင်ရာ ဖြစ် ၊ ကံ လို့ပဲ တွေးလိုက်တယ် ။ ဒီလောက် ဆိုးတဲ့ ကံဟာ ဒီထက်ဆိုးလည်း မပူတော့ဘူး ။ အဆုံးစွန် သေရုံပေါ့ ။ အဲဒီလို ပစ်ပစ်နှစ်နှစ်ကြီး ပဲ ကျုပ် တွေးပစ် လိုက်ချင်တယ် ။ ဒါကြောင့် အင်္ဂုလိမာလသုတ် လည်း မရွတ်ဘူး ။ ဘာ ဆုတောင်း မှလည်း မပြုဘူး ။ စိတ် က သင်း ( ဒင်း ) အကြောင်း တွေး လိုက်ရုံနဲ့ ဒေါသ ဖြစ်လာတယ် ။
သမီးလေး တစ်ယောက် ရှိပါတယ် ။ သိမ်သိမ်မွေ့မွေ့ ပိပိပြားပြား မဟုတ်ဘူး ။ ကျုပ် အထိန်း မတတ်တာ လည်း ပါမှာပေါ့လေ ။ ဖတဆိုးလေး ဆိုပြီး အလိုလိုက် ခဲ့လို့ ပို ဆိုးတာပေါ့ ။ အရွယ် ရောက် ကတည်းက ဟိုလူ နဲ့ ဘာလိုလို ၊ ဒီလူ နဲ့ ဘာလိုလို ။ ငယ်ငယ် ကတည်းက ခြေ မငြိမ်ဘူး ။ ကျုပ် လည်း စိုးရိမ်တာ နဲ့ တည်တည်တံ့တံ့ ဆိုပြီး ငအေး နဲ့ ပေးစားလိုက်တယ် ။ တဒင်္ဂတော့ အေးရောပဲ ။
ငအေး ဆိုတာက ပါးစပ် ထဲ လက် ထည့်ရင်တောင် ကိုက်တတ်တဲ့ သူစားမျိုး မဟုတ်ဘူး ။ တစ်နေ့လုံး နေတာတောင် စကားကို လေး , ငါးခွန်း ပြောချင်မှ ပြောတာ ။ အဲဒီလောက် အေးတယ် ။ သူ့ လယ် သူ့ ယာ နဲ့ ဆိုတော့ ဘာမှ ပြန် ကြည့်စရာမလိုဘူး ။ ကျုပ် စိတ်အေးပြီပေါ့ ။ ထင်ခဲ့တာလေ ။ အခုတော့ ခဏပဲ ။ သားလေး တစ်ယောက် ရတာ နဲ့ ကျုပ် သမီး စ , ဖောက် တော့တယ် ။
ဒီ လယ် ဒီ ယာတွေ ကို ဘိုးစဉ်ဘောင်ဆက် လုပ်ပြီး ကြီးခဲ့ ရတာ ကို သူ့ ကျမှ မလုပ်ချင်ပါဘူးတဲ့ ။ ပင်ပန်း လွန်းတယ်တဲ့ ။ သူများတွေ လို တစ်ဖက် ကူးမယ်တဲ့ ။ ကျုပ် ရင်ဘတ် ဖိပြီး ဘုရားတ,ရ တယ် ။ သူများတွေ သွားကြတယ် ဆိုတာက ယောက်ျားသား တွေ ၊ အမျိုးသမီး ဆို လူလွတ် တွေ ၊ လယ် တစ်ကွက် ၊ ယာ တစ်ကွက် မရှိကြတဲ့ အခြေခံ လူတန်းစားတွေ ။ ဒီ လူတွေ သွားတာက ဘာအကြောင်းလဲ ။ ဒီမှာ နေလည်း သူရင်းငှား ၊ ဟို သွားလည်း သူရင်းငှား ။ ဒီတော့ ပိုက်ဆံ ပိုရတဲ့ နေရာ သွားကြတာ မဆန်းဘူး ။
အခု သူ့ မှာက လယ် နဲ့ ယာ နဲ့ ၊ လင် နဲ့ သား နဲ့ ။ ဘာ သွားစရာ လိုလဲ ။ ကျုပ် ပြော တယ် ၊ မရဘူး ။ ဒါနဲ့ ငအေး ကို ပြောခိုင်းပါတယ် ။ ပိုဆိုး တာပဲ ။ ငအေး ဆိုတာက သူ တစ်ချက် မွှေ့ မှ မရှိတာကိုး ။ ဒီလိုနဲ့ ကျုပ် သမီး တစ်ဖက် ကူးသွားတယ် ။ ကျုပ် အိမ်ပေါ် မြေးတစ်ယောက် ရောက်လာတယ်ပေါ့ ။ သူ သွားတော့ ကျုပ် မြေး ဘာရှိ ဦးမလဲ ၊ နှစ်ခါလည် ပဲ ရှိသေးတယ် ။ ကျုပ် မှာ ကသီလိုက်တာ မပြောနဲ့ ။ ကလေး တစ်ယောက် မွေးရတာ လွယ်မှတ်လို့ ။ ချေး , သေး ကအစ ကိုယ်တိုင် လုပ်ရတာ ။ ဖအေ ကလည်း ပြန် မကြည့်ဘူး ။ နို့မှုန့် ကုန်လို့ သွား ပြောမှ စပါး ထိုးချိန် ပေးတာရယ် ။ ကြာတော့ ကျုပ် လည်း မပြော တော့ဘူး ။ ကိုယ် ပဲ ကြိုးစား ပြီး ရုန်းလိုက်တယ် ။ အလုပ် ပေါ်ရင် ကလေး ကျောပိုး လုပ်တာပဲ ။ သူ သွားစ သားလေး အတွက် ဆိုပြီး ပိုက်ဆံ နှစ်သိန်း ပို့တယ် ။ ဒီနောက် မလာတော့ဘူး ။
ကျုပ် အင် ကျုပ် အား ဆိုတော့ မူလတန်း ပြီးတာနဲ့ မြေးလေး ကို ကျောင်းထုတ် လိုက်ရတယ် ။ စာတော်ပေမဲ့ ဆက် မရုန်းနိုင်တော့ဘူး ။ မြို့ ကျောင်းစရိတ် ဆိုတာကြီး ကို ဒီ အမယ်ကြီး ဘယ် တတ်နိုင်မလဲ ။
အဲဒီလိုနဲ့ ကျုပ်တို့ဆီ သတင်း တစ်ခု ရောက်လာတယ် ။ သင်း ( ဒင်း ) နောက် ယောက်ျား ယူတယ်တဲ့ ။ အမျိုးထဲ ဒါမျိုး တစ်ယောက် မှ မရှိဘူး ။ ကြားစ ကျုပ် ရှက်လိုက်တာ မပြောနဲ့ ။ ယူတဲ့ ယောက်ျား က လူလွတ် ဆို တော်သေးတယ် ။ အခု ဟာက ကလေး နှစ်ယောက် ၊ မယားကြီး ငုတ်တုတ် ။ အဲဒီဘက်မှာ လူလွတ် ဖြစ် ဒီဘက် မှာ ငုတ်တုတ်ကြီးတွေ ရှိတာပဲ ။ ကြားတဲ့ နေ့ က မြေးလေး ငိုတယ် ၊ ကျုပ် လည်း ငိုတယ် ။
ငအေး ကတော့ ဘာမှ မဖြစ်သလိုဘဲ ။ နောက် တစ်လ အကြာ သူ လည်း နောက် မိန်းမ ယူတယ် ။
မြေးလေး အတွက် သနားမိတာ က လွဲရင် ငအေး အပေါ် ကျုပ် အပြစ် မမြင်ဘူး ။ ကိုယ့် သမီး က စ ဖောက်ထားတာ ဆိုတော့ သူ ယူတာ မဆန်းဘူးပေါ့ ။
ဘာပြောပြော ကံဆိုးလှတဲ့ မြေးလေး အတွက် ကျုပ် သနားတယ် ။ အဖေ ကြည့် တော့ မိထွေး နဲ့ ၊ အမေ ကြည့် တော့ ပထွေး နဲ့ ။ ကျုပ် ရှိလို့ပေါ့ ။ ကျုပ် သေသွားရင် ဆိုတဲ့ အတွေး ဝင်လာတိုင်း မြေးလေး ကို ပို ချစ်ရတယ် ။ ပိုပြီးလည်း အားကိုးလာတယ် ။
တဖြည်းဖြည်း အိုမင်းမစွမ်း ဖြစ်လာတဲ့ ကျုပ် အတွက် မြေးလေး က လက်ကသုံး တောင်ဝှေး လို့ ကျုပ် ယုံတယ် ။ ဘဝ မှာ မြေးလေး အတွက် ကျုပ် အသက်ရှင်ဖို့ လိုသလို ကျုပ် အတွက် မြေးလေး အသက်ရှင်ရမယ်ပေါ့ ။
အဲဒီလို မြေးအဘွား နှစ်ယောက် ရဲ့ ဘဝ က သာယာနေတုန်း သင်း ( ဒင်း ) ပြန် ရောက်လာတယ် ။ ဒါပေမဲ့ ရိုးရိုး မဟုတ်ဘူး ။ ဗိုက်ကြီး တငေါ့ငေါ့ နဲ့ ။ ပတ်ဝန်းကျင် ရဲ့ တံတွေးခွက် ဆိုတာ ကျုပ် ကူးနေကျ ကန်ကြီး လိုပဲ ။ မြေးလေး က ငို ၊ ကျုပ် က လည်း ငိုပေါ့ ။
ဒင်း ကတော့ မျက်နှာပြောင် လွန်းတယ် ။ သူ့ ယောက်ျား ပြန်လာလို့ လိုက် လာတာတဲ့ ။ ဒီ ရောက်တော့ ယောက်ျား က အရင် မိန်းမကြီး နဲ့ ပြန်ပေါင်း ၊ ငအေး ကလည်း နောက် မိန်းမ ယူထားတာမို့ ကျုပ် ဆီ တက်လာတာတဲ့ ။ တောင်းဆိုးပလုံးဆိုး မဟုတ်တော့ လည်း ကြည့်နေရတာပေါ့ ။
လက်တွေ ဆိုတာ ရိုက်ချင်လွန်းလို့ ယားနေတာပဲ ။ ဒါပေမဲ့ သူ့ ဗိုက်ကြီး ကြည့်ပြီး မရိုက်ရက်ပါဘူး ။ တကယ်ဆို နောက် ယောက်ျား ယူတယ် ထားဦး လွတ်လွတ်လပ်လပ် ယူပါလား ။ နောက် တစ်ချက် မလွတ်မလပ် ဖြစ်စေ ထားလိုက်ဦး ၊ ဘာကြောင့် ဒီ ဗိုက်ကြီး ပေါ်ခံရတာလဲ ။ အခု တော့ ကိုယ် ပဲ ဒုက္ခ ။ ယောက်ျား ကတော့ မိန်းမကြီး နဲ့ ပြန်ပေါင်းထုပ်ပြီး ဖြောင့် လို့ ။ ဒင်း မှာ သာ ကားကားနဲ့ ။
အခုတော့ မွေးခန်း ထဲ ရောက်ရပြီ ။ ဒင်းထို က်နဲ့ ဒင်း ကံလို့ တွေး နေတုန်း အခန်းတံခါး ပွင့်လာတယ် ။ ကျုပ် မတ်တတ်ရပ် လိုက်တယ် ။ ဒါပေမဲ့ ရုပ်ရှင်တွေ ထဲ ကလို အပြေး တစ်ပိုင်းနဲ့ လှုပ်လှုပ်ရှားရှားကြီးတော့ မလုပ်ဖြစ်ဘူး ။ လုပ်ချင်စိတ် လည်း မရှိဘူး ။
“ လူနာ့ အဘွားလား ” ဆရာဝန်လေး မေးတော့ “ အမေပါ ” လို့ ဖြေရတယ် ။
“ စိတ်တော့ မကောင်းဘူး အဘွားရေ ”
ဆရာဝန် စကားကြောင့် ကျုပ် ထိတ်ခနဲ ဖြစ်သွားရတယ် ။ အမိုက်မ ဆိုပေမဲ့ သမီး မို့ ချစ်တော့ ချစ်ရတာပဲ ။ ဆရာဝန် ဖွင့်ပြောလာမယ့် တဒင်္ဂ အချိန် ဟာ ကျုပ် အတွက် သိပ် ကြာလွန်းတယ် ။
“ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားတာပဲ အဘွား ရေ ၊ ဒါပေမဲ့ ကလေး က ကန့်လန့်ကြီး ဆိုတော့ အတော်ခက် ခဲ့တယ် ။ အားလုံး ကြိုးစားကြ တာတောင် အပြင် ရောက်ပြီး မကြာခင် ကလေး ဆုံးသွားတယ် ။ လူကြီး တော့ ကျန်းကျန်းမာမာပါပဲ ”
ဆရာဝန် ရဲ့ လက်ချောင်း သွယ်သွယ်လေးတွေ ကို ကျုပ် ဆုပ်ဖြစ်သွားတယ် ။ ရင် ထဲ မှာလည်း ဝမ်းသာလုံး က ဆို့လို့ ။ တော်တော် နဲ့ စကား မပြောနိုင်ဘူး ။ ခဏကြာ မှ စကား တစ်ခွန်း ကို ရင်ခတ်သံကြီး နဲ့ လှိုက်လှိုက်လှဲလှဲကြီး ပြောဖြစ်လိုက်တယ် ။
“ ကျေးဇူး တင်ပါတယ် ဆရာ ၊ ကျေးဇူး တင်ပါတယ် ဆရာ ။ တကယ့်ကို ကျေးဇူး တင်ပါတယ် ဆရာ ”
▭ နော် ( ကျောက်တိုင် )
📖 ရွှေအမြုတ ရုပ်စုံမဂ္ဂဇင်း
၂၀၁၅ ၊ ဩဂုတ်
No comments:
Post a Comment