Saturday, June 21, 2025

လူပျိုကြီး ၏ ဖူးစာ ဝတ္ထု


 

❝ လူပျိုကြီး ၏ ဖူးစာ ဝတ္ထု ❞

နှင်းထူသော နံနက်ခင်း ခုနစ်နာရီလောက်တွင် မန္တလေးဆန်သင်္ဘောကြီး သည် ပြည်မြို့ ဆိပ်ကမ်း မှ ထွက်လုနီး အချိန်၌ ကျွန်တော် သည် ဒုတိယအခန်း မှနေ၍ နှင်းထဲတွင် မှုန်မှုန်ကလေး မျှသာမြင်ရသော ရွှေဆံတော်မြတ်ဘုရားကြီး ကို ကြည်ညို၍ နေစဉ် အသက် ၆ နှစ် အရွယ်ခန့် ကလေး တစ်ယောက် ကို ချီ၍ အခြား လက် တစ်ဖက်တွင် သားရေအိတ် တစ်လုံး ကို ဆွဲလျက် ပျာယီးပျာယာ နှင့် သင်္ဘော ပေါ်သို့ တက်လာသော လူတစ်ယောက် ကို မြင်ရသောအခါ ထို သူ အား အထက်က သိဖူး သကဲ့သို့ ရှိသဖြင့် စိုက်၍ ကြည့်နေမိလေ၏ ။

ထိုသူ ၏ နောက်တွင် အသားဖြူဖြူ ၊ အရပ်ရှည်ရှည် ၊ အဝေး မှ မြင်ရသော အခါ ၎င်းသူ လှပုံရ၍ သွားလာပုံ အလွန် နူးညံ့ယဉ်ကျေးသော မိန်းမတစ်ယောက် နှင့် ကြီးမားသော သံသေတ္တာကြီး တစ်လုံးပြင် အိပ်ရာလိပ် ကို ရွက်လျက် ဆွဲခြင်းကြီး တစ်ခု ကို ဆွဲ၍ လာသော ကူလီကု,လား တစ်ယောက် နောက်မှ ပါလာလေ၏ ။ ကျွန်တော် သည် ထိုသူများ အရောက် ကို မျှော်လင့် နေစဉ် များမကြာမီ ထိုသူများ သည် ဒုတိယအခန်း သို့ ပင် ဝင်၍ လာကြလေ၏ ။

ကျွန်တော် သည် သိဖူး သလိုလို ရှိသော်လည်း မည်သူမည်ဝါ မကွဲပြား သဖြင့် ထိုသူ ကို ခေတ္တမျှ စိုက်၍ ကြည့်နေပြီးမှ ကောလိပ်ကျောင်း တွင် အတော် အကျွမ်းဝင် ခဲ့သော မိတ်ဆွေ တစ်ယောက်မှန်း သိရ၍ ဝမ်းသာအားရ နှင့် “ ကိုဘသွင် ခင်ဗျား ဘယ်သွားမလို့လဲ ” ဟု စ၍ နှုတ်ဆက်လေ၏ ။

ထိုအခါ မောင်ဘသွင် သည် ကူလီကု,လား အား ပိုက်ဆံ ပေး နေရာ မှ လှည့်ကြည့်ပြီးလျှင် အံ့အားသင့်၍ နေလေ၏ ။ ကျွန်တော် အား မောင်ဘသွင် မမှတ်မိကြောင်း ကို သိသဖြင့် “ မမှတ်မိဘူးလားဗျ ” ဟုထပ်မံ၍ ပြောသော အခါမှ မောင်ဘသွင် ၏ မျက်နှာ သည် ကြည်လင်၍ လာပြီး ကို ကိုလှဖေ မဟုတ်လား ဟု ဝမ်းသာစွာ ပြောလေ၏ ။

“ ဟုတ်ပါတယ် ခင်ဗျာ ။ ဘယ်သွားမလို့လဲ ”

“ အို ... ကျွန်တော်  မသွားပါဘူး ၊ ဟောဒီက ကျွန်တော့် အစ်မ ဟာ ကျွန်တော့် ဆီ လာနေတာ ပြန်မယ် ဆိုလို့ သင်္ဘော သို့ လိုက်ပို့တာပါ ။ ဟော .. သင်္ဘော မှုတ်ပြီ ၊ ထွက်တော့မယ် ။ ကြာကြာ မတွေ့ရတာ ဝမ်းနည်းတယ်ဗျာ ။ နောက် အားတဲ့အခါ ပြည်မြို့ကို အလည်လာခဲ့ပါဦး ၊ ကဲ ... သွားဦးမယ်နော် ။ မမ သည်လူ ဟာ ကျွန်တော်  ကောလိပ်ကျောင်း မှာ တုန်းက သူငယ်ချင်း ပဲ ၊ အမာ ဦးလေး သွားပြီနော် ” ဟု ဆိုလျက် ကလေး ကို ပွေ့နမ်း ပြီးလျှင် မောင်ဘသွင် ဆင်း၍ ပြေးသွားလေ၏ ။

ကျွန်တော့် မှာ သွားရမည့် နှစ်နေ့ ခရီး ကို ကောလိပ်ကျောင်း က ချစ်ခဲ့ဖူးသူ မိတ်ဆွေ တစ်ယောက် နှင့် အတူ သွားရပါမူ ပျင်းရိခြင်း ရှိမည် မဟုတ်ဟု ဝမ်းမြောက် နေစဉ် မောင်ဘသွင် သည် ခရီးသွား မဟုတ် ၊ သင်္ဘောသို့ လူပို့ လာရုံမျှသာ ဖြစ်၍ ကြာမြင့်စွာ ကွဲကွာနေသော သူငယ်ချင်း တစ်ယောက် ကိုမူ ကောင်းကောင်း နှုတ်မဆက်နိုင်ဘဲ သင်္ဘောအချိန် နည်းသဖြင့် ဆင်း၍ ပြေး သွားရသောကြောင့် ဝမ်းနည်းစွာ နှင့် မောင်ဘသွင် ဆင်းသွားသည့် ကုန်းဘောင် ဆီသို့ သာ မျှော်မှန်း ကြည့်ရှုနေစဉ် သင်္ဘောကြီး သည် လည်း တဖြည်းဖြည်း ခွာ သွားလေ၏ ။ မောင်ဘသွင် သည် ဆိပ်ခံသမ္ဗန်ကြီး ပေါ်မှ လက်ကိုင်ပဝါ တစ်ထည် ကို ခါ၍ ကျွန်တော့်တို့ အား နှုတ်ဆက် နေသဖြင့် ကျွန်တော် လည်း ပဝါဖြူ တစ်ခု နှင့် ပြန်၍ နှုတ်ဆက်လေ၏ ။ မောင်ဘသွင် ၏ တူမကလေး ကလည်း မိမိ မိခင် က ချီ၍ ဦးလေး ကို ပြနေရာမှ လက်ကလေး ကို ရမ်း၍ ပြလေ၏ ။

နှင်းများ ထူထပ် နေရကား ခဏခြင်းပင် မောင်ဘသွင် ကို ထင်ရှားစွာ မမြင်ရတော့ဘဲ နောက်ဆုံး၌ လုံးလုံးပင် မမြင်နိုင်သော အခါမှ ကျွန်တော် သည် ပထမဆုံး အကြိမ် မောင်ဘသွင် ၏ အစ်မ ကို သတိထား၍ ကြည့်မိလေ၏ ။ ထိုသို့ ကြည့်လိုက်သည် နှင့် ကျွန်တော် ၏ မျက်စိများ သည် ထို မျက်နှာကလေး မှ မခွာချင်အောင် ရှိလေ၏ ။ ကလေး ကို ချီလျက် ကျွန်တော် နှင့် မနီးမဝေး ရပ်၍ မိမိ မောင် ရှိရာ ကမ်းဆီ သို့ လွမ်းဆွတ်သော မျက်နှာကလေး နှင့် မျှော်၍ နေသော ထို မိန်းကလေး သည် ကျွန်တော်  မြင်ဖူးသည့် မိန်းမတကာ တို့ တွင် အလှဆုံး ၊ အချောဆုံး ဖြစ်လေ၏ ။

မျက်နှာကလေး မသွယ့်တသွယ် ၊ အသားကလေး က ဝါဝါ  ၊ မျက်လုံး ကလေးများ မှာ ပြာလဲ့လဲ့ ဝိုင်းစက်ကာ လွန်စွာ တောက်ပ၍ မျက်တောင်ကလေး များမှာ မည်းနက် ရှည်လျားပြီး အဖျားကလေးများ ကော့၍ ကျယ်ဝိုင်းသော မျက်လုံးကြီးများ ကို လွန်စွာ တောက်ပစေ၏ ။ မျက်ခုံးတို့ မှာ လည်း ထူထပ်၍ မျက်တောင်များ ကဲ့သို့ မည်းနက်၍ တစ်ခု နှင့် တစ်ခု ဆက်လုနီးပါး ရှိသည့် နေရာမှာ ပေါ်လွင် သေးသွယ်သော နှာတံကလေး သည် ဖြောင့်တန်းတည့်မတ်စွာ ကျဆင်း လျက် ရှိလေ၏ ။ ပါးပြင်ကလေးများ မှာ ပြည့်ဖြိုးဖောင်းမို့၍ စိမ်းလဲ့လဲ့သွေးကြောကလေးများ ဖြတ်သန်း သွားလာနေသည် ကို ထင်ရှားစွာ မြင်ရလေ၏ ။ နှုတ်ခမ်း ကလေးများ မှာ နီမြန်းသေးငယ်၍ လွန်စွာ နှစ်သက်ဖွယ် ကောင်းလေ၏ ။ ပျော့ပြောင်း သေးသွယ်သော လည်တိုင်ကလေး မှာလည်း အနည်းငယ်မျှ လေးသောအရာကလေး တစ်ခု ကို ခေါင်းပေါ်သို့ တင်လိုက်ပါလျှင် ညွတ်အိခွေယိုင်၍ သွားတော့မည် ကဲ့သို့ ထင်ရလေ၏ ။ ကိုယ်လက်အင်္ဂါ တို့ မှာ လည်း ပြည့်ဖြိုးညီညွတ် တင့်တယ်၍ လွန်စွာပင် အချိုးအစားကျပေ၏ ။

ကျွန်တော် သည် ထို မိန်းမ ကို မြင်သောအခါ လူလားမြောက်သည် မှ စ၍ ယခု အသက် ၃ဝ ကျော် တိုင်အောင် ကျွန်တော်  စိတ်ထဲတွင် အမြဲ ရှိ၍ တစ်နေ့တွေ့နိုး တစ်နေ့တွေ့နိုး မျှော်ကိုး၍ နေခဲ့သော ကျွန်တော် ၏ စိတ်တိုင်းကျ မိန်းကလေးများ သည် ရှေးတုန်းက ကဲ့သို့ စိတ်ကူးတွင် မူ မဟုတ် ။ တကယ့် သွေးသား အစုံအလင် နှင့် လူပကတိ ရပ်၍ နေကြောင်းကို သိရှိရလေ၏ ။ သို့ပါသော်လည်း ထို မိန်းကလေးတွင် ကာမပိုင် ရှိနှင့်လေပြီ ။ ကျွန်တော် ထို မိန်းကလေး ကို တွေ့ခြင်းသည် လွန်စွာ နောက်ကျ၍ နေပေပြီ ။ လူပျိုကြီး လုပ်၍ ကျွန်တော် ၏ စိတ်တိုင်းကျ မိန်းမ ကို စောင့်ဆိုင်း မျှော်လင့်ခဲ့သမှုသည် သံပုံးဖင် အပေါက်ကြီး နှင့် ရေခပ်သည် နှင့် တူ၍ နေလေပြီ ။ ထို မိန်းကလေး ကို ကျွန်တော် သည် တစ်သက်လုံး ဘယ်တော့မှ ရနိုင် တော့မည် မဟုတ်ချေ ။ လူ ကို ရနိုင်မှာ မဟုတ်တဲ့ တူတူတော့ အားရအောင် စက္ခု အာရုံပဲ ခံစားပါတော့မည် ဟု သဘောထားသည် အလား ကျွန်တော် ၏ မျက်လုံးများသည် ထို မိန်းကလေး ၏ မျက်နှာ မှ မခွာရက် နိုင်အောင် ရှိလေ၏ ။ ထိုကဲ့သို့ ကျွန်တော်  စိုက်၍ ကြည့်နေသည် ကို ထို မိန်းကလေး သည် ရိပ်မိ သဖြင့် အနေအထိုင် ပျက်၍ ရှက်သလိုလို ဖြစ်၍ သွားသည်ကို ကျွန်တော် မြင်သောအခါ ရိုင်းစိုင်းရာ ကျမည် စိုးသဖြင့် ကျွန်တော့် မျက်စိများ ကို လွှဲ၍ လွင့်ပျံ့နေသော ကျွန်တော် ၏ စိတ်များ ကို ကြိုးစား သိမ်းယူပြီးလျှင် ..

“ နှမ က မောင်ဘသွင် နဲ့ မောင်နှ မအရင်းပဲလား ” ဟု စကား စ၍ မေးရလေ၏ ။

“ ဟုတ်ပါတယ်ရှင် အရင်းပါပဲ ” ဟု ပြန်ပြောလိုက်သော အသံကလေး သည် ရုပ် နှင့် လိုက်အောင် အေးမြသာယာပေ၏ ။

“ နှမ ဘယ်ကို သွားရမှာလဲ ”

“ ကျွန်မ မင်းဘူး ကို သွားရမှာပါ ”

“ ဪ ဟုတ်လား ၊ ကျွန်တော် လည်း မင်းဘူး ကိုပဲ သွားရမှာပါပဲ ၊ နှမ ပြည် ကို လာ လည်နေတာ တော်တော် ကြာပြီလား ”

“ ၂ လ လောက် ရှိသွားပါပြီ ။ မောင်ဘသွင် ဖျားနေတယ် ဆိုလို့ လိုက်လာတာ ။ သူ ပျောက်သွားတော့ မပြန်ပါနဲ့ဦး လို့ ဆွဲထားတာနဲ့ ကြာနေတာပါပဲ ”

“ မောင်ဘသွင် အခု ဘာလုပ်နေသလဲ ”

“ ဒီမှာ အိမ်ထောင် ကျပြီး ဝတ်လုံ လုပ်နေပါတယ် ”

“ ဪ သူ အိမ်ထောင်ကျမှကိုး ၊ ကောလိပ်ကျောင်း မှာ တုန်းကတော့ မိန်းမ တော်တော် ကြောက်တတ်တာပဲ ”

“ ဟုတ်ကဲ့ ။ ငယ်ငယ်တုန်း ကတာ့ သူတော်တော် ကြောက်တတ်တာပဲ ”

“ ဒီက မောင်ကြီး နဲ့ မောင်ဘသွင် နဲ့ တော်တော် အကျွမ်းဝင်ခဲ့ကြတယ် ထင်ပါရဲ့ ”

“ ဟုတ်ကဲ့ တော်တော် ချစ်ခင်ခဲ့ကြတာပါပဲ ။ ဒါပေမယ့် ကြာကြာတော့ တူတူ မနေခဲ့ရဘူး ။ သူ က ဟိုတုန်းကတော့ အတန်း ငယ်သေးတယ် ၊ ကျွန်တော် ကတော့ ဆေးဆရာဝန် ဘက်မှာ နောက်ဆုံးနှစ် ပဲ ။ ဒီတော့ ၁ နှစ် ပဲ တွေ့ကြရ တာပေါ့ ။ ဟော ... လက်ဖက်ရည် တောင် ယူလာပြီ ကလေး ကို တိုက်ပါ ၊ နာမည် ဘယ့်နဲ့ ခေါ်သလဲ ”

“ မမြကြည် ပါ ”

ကျွန်တော် က ကလေး ဆီ သို့ လက်လှမ်း၍ “ လာပါဦးကွဲ့ မမြကြည် ၊ ဦးလေး ဆီ လာပါဦး ” ဟု ခေါ်သော အခါ မောင်ဘသွင် ၏ အစ်မ က ပြုံး၍ ...

“ အို သူ့ နာမည် မေးတာလား ၊ သူ့ ကို အမာ လို့ ခေါ်ပါတယ် ၊ မမြကြည် ဆိုတာ ကျွန်မ နာမည်ပါ ” ဟု ပြောသောအခါ ကျွန်တော့် မှာ အမှား ကိုပင် ကျေးဇူး တင်မိပေ၏ ။ ကျွန်တော့် အလိုအလျောက်သာ ဖြင့် ထို နာမည်ကလေး ကို ပင် ဘယ်တော့မှ မေးဝံ့မည် မဟုတ်ချေ ။ ကျွန်တော် လည်း ကျွန်တော့် နာမည် ကို ပြောပြ၍ လက်ဖက်ရည်ပွဲ ဆီသို့ အမာကလေး ကို ခေါ်၍ လာခဲ့လေ၏ ။ အမာ သည် သူ့ မိခင် နှင့် မျက်နှာ တစ်ဆင်တည်း ဖြစ်၍ အလွန် ချစ်ဖွယ် ကောင်းပေ၏ ။ ထိုသို့ မမြကြည် နှင့် မျက်နှာချင်း ဆင်သည့် အတွက် ကျွန်တော် သည် အထူး ချစ်မိရကား ကောင်းစွာ အမာ ကို အလိုလိုက် သဖြင့် အမာ နှင့် ကျွန်တော် တို့မှာ ခဏမျှနှင့်ပင် လွန်စွာ အကျွမ်းဝင် ကြလေ၏ ။

“ အို အမာ က ဦးလေး ကို ဘာတွေ ပူဆာလာခဲ့တာတုန်း ။ ကြည့်စမ်းပါဦး ၊ ဒီ အိုးစည်ကြီး တဲ့ ၊ အမာ က ယောက်ျားကလေး မှ မဟုတ်ပဲ ၊ ဘာလုပ်ဖို့လဲ ၊ သိ ဒုက္ခ ပေးနေပါပြီ ။ ကိုလှဖေ ကလည်း ကလေး ပူဆာတိုင်းပဲ ဝယ်ပေးရရောတဲ့လား ။ ပြစမ်း ဟိုဘက် က လက်ထဲ က ကော ဘာလဲ ၊ မြင်းရုပ် နဲ့ ကျားရုပ်ကြီးပါလား ၊ အမာတို့ တူဝရီး နှစ်ယောက် ရုပ်သေး ထောင်မလို့လား ” ဟု အိုးစည်တစ်လုံး ကို ပိုက်၍ ထားသော အမာ ကို လက်တစ်ဖက် က ချီ၍ အခြား တစ်ဖက်တွင် မြင်းရုပ် တစ်ခု နှင့် ကျားရုပ်ကြီး တစ်ခု ကို ကိုင်၍ ဒုတိယခန်းသို့ ကျွန်တော် ဝင်လာသော အခါ မမြကြည် သည် ဆီး၍ အပြစ် တင်လေ၏ ။ ကျွန်တော် လည်း လက်ထဲ မှ အမာ ကို အောက်ချ ပေးပြီးလျှင် ရယ်၍ ......

“ ကဲ အမာ ၊ ဦးလေး အစက မပြောဘူးလား ၊ ခု အဆူ ခံရပြီ ။ ( မမြကြည် ဘက်သို့ လှည့်ပြီးလျှင် ) ကျွန်တော် လည်း ပြောပါတယ် ။ ရုပ်သေး ထောင်မလို့လား လို့ ဒါပေမဲ့ သူ က အတင်း လိုချင်တာကိုး ၊ ဝယ်ပေးရတာပေါ့ ။ ရတော့ သူ ဘယ့်နှဲ့ ပြောသလဲ သိလား ။ ရုပ်သေး ထောင်မယ်တဲ့ ။ ကျွန်တော် က အရုပ် ကို က,အောင် လုပ်ရမယ်တဲ့ ။ သူ က အိုးစည် တီးမယ်တဲ့ ။ နောက်ပြီး မမြကြည် က သီချင်း ဆိုရ မယ်တဲ့ ။ အဲဒီတော့ ကျွန်တော် က မမြကြည် သီချင်း ဆိုတတ်သလား လို့ မေးကြည့် တော့ သူ က ဦးလေး ရဲ့ မြမြ သီချင်း ဆိုတတ်တယ် ။ အိမ် မှာ ခဏခဏ ဆိုတယ်လို့ ပြောတယ် ဟု ပြောသောအခါ မမြကြည် သည် ရှက်ဘိ သကဲ့သို့ မျက်နှာကလေး ကို ငုံ့၍ မျက်မှောင်ကလေးကြုတ် ပြီးလျှင် အမာ ကို ကြည့်ကာ ...

“ အမာ တယ်ဆိုးတယ် ။ ဘာတွေ လျှောက်ပြော နေရတာလဲ ” ဟု အပြစ် တင်လေ၏ ။ အမာ သည် မည်ကဲ့သို့မျှ ပြန် မပြောဘဲ အိုးစည်ကလေး ကို သာ နာနာ တီး ၍ နေလေ၏ ။

ကျွန်တော် က မမြကြည် အရှက် မှ ပြေစေရန် “ အို မမြကြည် က လည်း ရှက်စရာ မဟုတ်ပါဘူး ။ ကိုယ် တတ်တဲ့ပညာ ဘာ ရှက်စရာ ရှိသလဲ ။ အဆို ၊ အတီး ၊ အမှုတ် ဆိုတာ ယခု ခေတ်မှာ လူတိုင်း လိုက်စားနေကြတာပါပဲ ” ဟု ပြောပြီးလျှင် ကု,လားထိုင်တစ်လုံး ပေါ်တွင် ကျွန်တော် ထိုင်လေ၏ ။ မမြကြည် လည်း ကျွန်တော် နှင့် မနီးမဝေး ကု,လားထိုင်တစ်လုံး ပေါ်တွင် ထိုင်၍ မြေကြည် ကျွန်တော် နှင့် အခြား ခရီးသည်တရုတ်သူဌေး တစ်ယောက် ပေါင်း သုံးယောက်သား တို့ စပ်မိစပ်ရာ ပြောဆို၍ နေကြလေ၏ ။

နောက် သုံးယောက်သား စကားစ ပြတ်၍ ငြိမ်ကြစဉ် ၊ ကျွန်တော် သည် မမြကြည် ၏ အကြောင်းကို သိလိုရကား စကားအစ ပြု၍ “ အမာ ရဲ့ ဖခင် က ဘာလုပ် ပါသလဲ ” ဟုမေးမိလေ၏ ။

“ စက်ပိုင်ပါပဲ ” ဟု စကားတုံ့ပြန် ၍ မျှသာ ပြောပြီး ဆက်လက် မပြောဘဲ နေလေ၏ ။ သူ ဆက်လက် မပြောချင်ကြောင်း ကို ရိပ်မိ၍ ကျွန်တော် လည်း ဆက်လက်၍ မမေးတော့ချေ ။ ဤသို့ မပြောခြင်းသည် မမြကြည် ရှက်သောကြောင့် ဟု ထင်မိပေ၏ ။

ထို ည သည် လွန်စွာ မှောင်၍ ကြယ်ကလေးများ အနည်းငယ်မျှ သာ မြင်ရ လေ၏ ။ မြစ်ပြင်ကြီး မှာ လည်း မှောင်မည်းမည်းနက် ၍ သင်္ဘော မှ ထွန်းထားသော မီးရောင် ကျရောက်သည့် နေရာများတွင် တလက်လက် တောက်ပြောင်၍ ကြီးမား သော မြွေကြီးများ လှုပ်ရှားနေသည့် သဖွယ် သင်္ဘောကြီးသည် ဟိုတွန့် သည်လိမ် လွန်စွာ ကြောက်မက်ဖွယ် ကောင်းပေ၏ ။ တစ်ခါတစ်ခါတွင် သင်္ဘောနံရံ ကို လှိုင်းလုံးကလေးများ ရိုက်ခတ်သော အသံသည် ကျွန်တော့် နားသို့ ရောက်ကာ ထို ညကြီး၌ ကြောက်မက်ဖွယ်ကောင်းခြင်း ကို သာ၍ပင် လေးနက်စေသည် ဟု ထင်မိပေ၏ ။

ကုန်းပတ်တတိယတန်း စီးသူများတွင် အချို့မှာ လျောင်း၍ ၊ အချို့မှာ စာဖတ် နေသော်လည်း အများအားဖြင့် ဝိုင်းဖွဲ့၍ စကားပြော ငြင်းခုံ ပြောင်လှောင်၍ နေသူတို့များ စသဖြင့် ဆူညံ၍ နေကြပေ၏ ။ သို့သော် ကျွန်တော် တို့ ဒုတိယခန်း တွင်မူ လူပေါင်း ၄ ယောက် မျှသာ ရှိသည့် အထဲတွင် အမာကလေး မှာလည်း အိပ် ။ တရုတ်ကြီး မှာ လည်း ဘိန်းတည်း ဟူသော နတ်ပြည်သို့ ဆောင်ကြဉ်းနိုင်သော ဆေး ကို မှီဝဲကာ နတ်သမီးကလေးများ နှင့် ပျော်မွေ့၍ပင်နေလေသလား မသိ ။ မိမိ အခန်း ထဲ တွင် ပိတ်၍ နေရကား ဆိတ်ငြိမ်လျက် ရှိနေကြပေ၏ ။ မမြကြည် နှင့် ကျွန်တော် တို့ ၂ ယောက်တည်းမျှ ကျန်ရစ်ခဲ့ပါသော်လည်း ယခုမှ သိရသည့် လူချင်း လည်း ဖြစ်ပြန် ၊ မိန်းမနှ င့် ယောက်ျား လည်း ဖြစ်နေသည် တစ်ကြောင်းကြောင့် တစ်ယောက် နှင့် တစ်ယောက် စကား မပြောကြဘဲ မမြကြည် မှာ မိမိ ဇာ ကို သာ ထိုး၍ ကျွန်တော့် မှာ လည်း ကု,လားထိုင် တစ်လုံးပေါ်တွ င်ထိုင်လျက် သင်္ဘောလက်ရမ်း သံတိုင်များကို ခြေကန်ကာ ဆေးတံ ကို ခဲ၍ မမြကြည် ၏ ချစ်ဖွယ်ကောင်းသော ရူပါရုံ ကို စိတ်ကူး တွေးတော၍ အပျင်းဖြေ နေရလေ၏ ။

မြကြည် ၏ ခင်ပွန်း သည် မင်းဘူးမြို့ တွင် စက်ပိုင် တစ်ယောက် ဖြစ်ပေ၏ ။ အို ကျွန်တော် သည် ထို စက်ပိုင် ကို ဘယ်လောက် မနာလိုစိတ် ရှိပါသလဲ ။ အရင် ခုနစ်နှစ် - ရှစ်နှစ် လောက် က သာ မမြကြည် ကို ကျွန်တော် တွေ့ခဲ့ပါမူ ... ယခုမှာကား နောက်ကျ လွန်း၍ နေပေပြီ ။ ဖူးစာရေးနတ်များ သည် ကျွန်တော့် ဖူးစာ ကို အရက်မူးတုန်းများ ရေးကြလေရော့သလား မသိ ။ ပျက်ချော်ချော်ကြီး သာ ရေးကြပေ၏ ။ အသက်သုံးဆယ် ကျော် တိုင်အောင် ကိုယ့် စိတ်တိုင်းကျ မိန်းကလေး ကို စောင့်ဆိုင်း ရှာဖွေ နေခဲ့ပြီး မှ ယခု တွေ့ရှိပြန်သော မိန်းကလေး မှာ လည်း အိမ်ထောင် နှင့် ဖြစ်နေသည် ကို တွေ့ရလေ၏ ။ စာဖတ်သူများ သည် ကျွန်တော် ၏ စိတ်၌ ဘယ်လို ဖြစ်နေမည်ကို စဉ်းစားကြည့်ကြပါလေ ၊ မမြကြည် ကို အတွေ့ နှောင်း သဖြင့် ကျွန်တော် သည် တစ်သက်ပတ်လုံး လူပျိုကြီး လုပ်နေရပေတော့မည် ။ အို ကံကြမ္မာကြီး တယ်၍ ဆိုးပါကလား ။ လိုချင်သည့် အရာကို မရနိုင်အောင် လုပ်၍ မလိုချင်သည့် အရာများ တို့ ကား ဇွတ်အတင်း တိုး၍ ပေးတတ်ပေ၏ ။ မမြကြည် ကို ကျွန်တော် မြင်လျှင် မြင်ခြင်း အသက် တစ်မျှ ချစ်စိတ် ပေါ်ပေါက်၍ လွန်စွာ လိုချင်လှပေ၏ ။ သို့သော် ကံကြမ္မာကြီး ဖန်တီးထားချက်ကြောင့် လက်ဖျား နှင့် မျှ တို့နိုင်မည် မဟုတ် တော့ချေ ။ မမြကြည် သည် အိမ်ထောင်တည်း ဟူသော စည်းဝိုင်းကြီး အတွင်းသို့ ရောက်နှင့်လေပြီ ။ “ သဗ္ဗေသတ္တာ ကမ္မသကာ ” ဟု မြတ်စွာဘုရား မိန့်တော်မူ၏ ။ ကံသာလျှင် အမိ ကံသာလျှင် အဖ ၊ ကံစီမံသမျှကိုသာ သတ္တဝါတို့ ဖြစ်ကြရပေ၏ ။ သို့သော် ထို ကံကြီး ၏ ပြောင်လှောင် နှိပ်စက်ရာ တို့ကို ခံရဖူးသူတို့ မှာ ပင်လျှင် ထို ကံကြမ္မာ ၏ ကြမ်းကြုတ်ရက်စက်သော စိတ်သဘော ကို သိရပေ၏ ။ အို ဆိုးသွမ်းသော ကံကြမ္မာကြီး ။ အဘယ့်ကြောင့် မမြကြည် ကို ယခုအခေါက် ကျွန်တော် ခရီးသွား ကာမှ တွေ့ဆုံအောင် စီမံပေးရသနည်း ။ ယခု အခေါက်သည် ကျွန်တော် လူပျိုကြီး အဖြစ်ဖြင့် ခရီးသွားရခြင်း နောက်ဆုံး ဖြစ်ကောင်းဖြစ်ပေလိမ့်မည် ။ အကယ်၍ မင်းဘူး တွင် ကျွန်တော် သွား၍ ရှာရမည့် မိန်းကလေး အိမ်ထောင် မရှိသေးပါလျှင် ကွယ်လွန်သူ ကျွန်တော် ၏ ကျေးဇူးရှင်ကြီး မှာခဲ့သော စကားကြောင့် ကျွန်တော်  ထိမ်းမြားရပေလိမ့်မည် ။ ကျွန်တော် သည် ထိုည သင်္ဘောကြီး ပေါ်တွင် ထိုင်၍ စဉ်းစား နေစဉ် အခါတုန်း က ကဲ့သို့ ဘယ်သော အခါကမျှ စိတ် အနေမကျပ်တည်းခဲ့ဖူးချေ ။ မမြကြည် ကို တွေ့ပြီးသည့် နေ့မှ ကျွန်တော် သည် အခြား ဘယ်လို မိန်းမမျိုး ကို မှ ချစ်နိုင်ပါတော့နည်း ။ မမြကြည် ၏ ရုပ်ပုံကလေး သည် ကျွန်တော့် အသည်းနှလုံး ပေါ်တွင် ဘယ်နည်းနှင့်မျှ ဖျက်၍ မရနိုင်အောင် နက်နက်ကြီး ထွင်းဖောက်ထားသည့် အလား ကျွန်တော့် စိတ်တွင် အမြဲ ရှိနေပါသဖြင့် အခြား မိန်းမများ ကို ကျွန်တော် ယူနိုင်တော့မည် မဟုတ်ချေ ။ ကျွန်တော့် မှာ အချစ် က တစ်ဖက် ၊ ကျွန်တော့် အား ငယ်စဉ်က သားအရင်း လို မွေးစား ချစ်ခင်လာတဲ့ ဦးလေး သဘောက တစ်ဖက် ။ မီးနှစ်ခု ကြားတွင် ကျွန်တော် သည် လွန်စွာ ပူပြင်းသော ဆင်းရဲကြီး ကို ခံရလေ၏ ။ သို့သော် တစ်ခု သက်သာရာ ရစေရန် အကြောင်းမှာ ကျွန်တော့် ဦးလေး မှာခဲ့သော စကား တွင် ယူရမည် ဟု မဆို ။ ယူစေချင်ရုံ မျှ ဖြစ်၍ အကယ်လို့ ကျွန်တော်  သဘော မကျခဲ့ပါလျှင် ဦးလေး ချန်ခဲ့သော ပစ္စည်း ကို တစ်ဝက် ပေးရန် ဖြစ်ပေရကား ။ ကျွန်တော် ၏ စိတ်တွင် တစ်ဝက် မကလို့ အကုန် ပေးရစေတော့ ကျွန်တော် လွတ်လပ်လျှင် ပြီးတာပဲ ဟု အောက်မေ့မိလေ၏ ။

ဤနေရာတွင် ကျွန်တော် ၏ အတ္ထုပ္ပတ္တိ ကို စာဖတ်သူတို့ သိရှိစေရန် အနည်းငယ် ရေးသားသင့်ပေအံ့ ။

ကျွန်တော် ၏ မိဘများ သည် ကျွန်တော် ငယ်စဉ်ကပင် အနိစ္စ ရောက်ကြ သဖြင့် ကျွန်တော် ၏ အဒေါ် တစ်ယောက် မွေးခဲ့ရလေ၏ ။ ထို့နောက် ကျွန်တော့် အဒေါ် က အိမ်ထောင်ကျ၍ သားထောက်သမီးခံ မရလေရကား ကျွန်တော့် ကိုပင် အမွေစားအမွေခံ အဖြစ်နှင့် မွေးစားခဲ့လေ၏ ။ များမကြာမီက ကျွန်တော့် အဒေါ် နှင့် ဦးလေး တို့သည် တစ်ယောက် နှင့် တစ်ယောက် ၆ လမျှသာ ကွာခြားပြီး သေဆုံးကြ လေ၏ ။ ဦးလေး မှာ နောက်ကျပေ၏ ။ ဦးလေး ဆုံးခါနီးတွင် ကျွန်တော့် အား မိမိ အိပ်ရာဘေး သို့ ခေါ်ပြီးလျှင် တစ်သက်လုံး က မြွက်ဟ၍ မပြောခဲ့ဖူးသော အကြောင်း တစ်ခုကို ထုတ်၍ ပြောလေ၏ ။ ထိုအကြောင်းသည်ကား ဦးလေး သည် ကျွန်တော့် အဒေါ် နှင့် မတွေ့ဆုံမီ အိမ်ထောင်ကျနှင့်ဖူးရုံမျှ မက သမီးကလေး တစ်ယောက် ပင် ရှိခဲ့ဖူးပေ၏ ။ မိဘများ ပေးစားသဖြင့် မချစ်မနှစ်သက်ဘဲ ပေါင်းသင်းလေရာ သမီးကလေး တစ်ယောက် ရ၍ ၃ - ၄ လ လောက် ရှိသောအခါတွင် အကြီးအကျယ် ခိုက်ရန် ဖြစ်ပွားကြသဖြင့် ပစ်ခဲ့၍ အောက်မြို့ ကျေးရွာသို့ ထွက်လာခဲ့လေ၏ ။ ထွက်ခဲ့သည့် နေ့မှ စ၍ စာမပေး ပေမပေး အလျဉ်း အလေး မရှိဘဲ နေခဲ့၍ သေဆုံးခါနီး မှ သတိရကာ ကျွန်တော့် အား မိမိ သမီးကလေး ကို ရှာစေလိုကြောင်း ၊ တွေ့သောအခါ အိမ်ထောင် မရှိသေးပါ လျှင် ကျွန်တော် ပင် သိမ်းပိုက်စေလိုကြောင်း ၊ သို့သော် မိမိ ကဲ့သို့ ဖြစ်မှာ စိုးသဖြင့် အမှန်ယူရမည် ဟု မဆို ယူစေချင်ရုံ မျှ ဖြစ်၍ ကျွန်တော်  မနှစ်မသက် ပါလျှင် အမွေပစ္စည်း ကို တစ်ဝက် ပေး ပေးရန် မှာခဲ့ပေ၏ ။ အိမ်ထောင် ရှိနှင့် ပါလျှင် လည်း ထိုသို့ပင် ပစ္စည်း ကို ခွဲ၍ ပေးစေလိုပေ၏ ။ ကျွန်တော် လည်း ဦးလေး သဘော ဖြစ်သဖြင့် ထို မိန်းကလေး ကို အိမ်ထောင် မရှိသေးပါလျှင် ကျွန်တော် ပင် ယူရန် သဘောထားခဲ့မိပေ၏ ။ သို့ပါသော် ယခု မမြကြည် ကို တွေ့သည့် အတွက် ထိုမိန်းကလေး ကို ယူချင်စိတ် မရှိပေ ။ မမြကြည် ကို လည်း ရနိုင်တော့မည်
မဟုတ်ရကား လူပျိုကြီး လုပ်၍ပင် တစ်သက်လုံး နေရန်သော် လည်းကောင်း ၊ ရဟန်းဘောင် သို့ ဝင်၍ နေရန်သော် လည်းကောင်း ကြံစည်မိလေ၏ ။

အို ဖူးစာ ။ တယ်၍ ရှုပ်ထွေးပါကလား ။ အလှတကာ တို့တွင် အလှဆုံး သော မမြကြည်ကလေး ကို တွေ့ရပါလျက် ကျွန်တော် သည် ဘယ်တော့မှ ယူနိုင် တော့မည် မဟုတ်ချေ ။ မမြကြည် ကို မျှ မပေါင်းရလျှင် အခြား ဘယ်မိန်းမကိုမျှ ကျွန်တော်  မပေါင်းလိုတော့ပေ ။ မမကြည် မမြကြည် မမြကြည် အလှကလေးနဲ့ တော့ ဘယ်တော့မျှ နီးနိုင်တော့မည် မဟုတ်ပါတကား ။

ထိုခဏ၌ ကျွန်တော် တွေးဆနေသော မမြကြည် ၏ အသံကလေးသည် ပျော့တော့ တုန်ရီလျက် “ ကိုလှဖေ တစ်ဆိတ်ကလေး တံခါး ဖွင့်၍ပေးစမ်းပါရှင် ” ဟု ဆိုသံ ကြားလိုက်ရ၍ ကျွန်တော် လှည့် ကြည့်လိုက်သော အခါ မမြကြည် သည် မိမိတို့ အခန်းရှေ့တွင် ရပ်၍ တစ်ကိုယ်လုံး ဆတ်ဆတ် တုန်၍ တံခါးကို မဖွင့်နိုင်ဘဲ နေသည် ကို တွေ့ရလေ၏ ။ မမြကြည် ဘေးနားသို့ ကပျာကယာ သွား၍ ......

“ မမြကြည် ဘာဖြစ်လို့လဲ ” ဟု မေးလေ၏ ။

“ ကျွန်မ အဖျား တက်လာပါတယ် ”

‘ အို ဟုတ်လား ’ ဟု ဆို၍ တံခါး ကို ဖွင့်ပေးပြီးလျှင် မမြကြည် အား မိမိ အိပ်ရာသို့ ပို့ပြီး သွေးစမ်း ကြည့်ရာ မမြကြည် တွင် ငှက်ဖျားရောဂါ ရှိရာ အအေးမိ သဖြင့် အဖျားတက်လာကြောင်း ကို သိရသဖြင့် ကျွန်တော် သွားလေရာတွင် အမြဲ ဆောင်ယူလာသော ဆေးသေတ္တာကလေး ကို သွားယူ ပြီးလျှင် သင့်လျော် သော ဆေး နှင့် တိုက်ကျွေးရလေ၏ ။

“ မမြကြည် ချမ်းသေးသလား ။ စောင် တော်ပြီလား ။ ကျွန်တော် စောင်တွေ သွားပြီး ယူရဦးမယ် ၊ အားမငယ်နဲ့နော် ။ မမြကြည် အဖျား ဟာ နာရီဝက်လောက် ကြာလျှင် ကျသွားမှာပါပဲ ။ ဘာမှ အားမငယ်ပါနဲ့ ။ ရော့ ကျွန်တော့် လည်ပတ် ကို ပတ်ထားပါ ။ ကျွန်တော် စောင် သွားယူလိုက်ဦးမယ် ” ဟုအားပေး၍ ကျွန်တော် သည် စောင်များကို ယူ၍ မမြကြည် ကို အချမ်းလုံအောင် ခြုံ၍ ပေးရလေ၏ ။

“ မမြကြည် အချမ်းလုံပြီလား ”

“ ရှင် ဟုတ်ကဲ့ လုံပါပြီ ။ ကျေးဇူးတင်ပါတယ် ရှင် ၊ ကိုလှဖေ ကို ကျွန်မတို့ သိပ် ဒုက္ခပေးနေရတာပဲ ”

“ အို ရောဂါ ကိုး ... မမြကြည် ရဲ့ ။ မမြကြည် လည်း တတ်နိုင်တာမှ မဟုတ်ဘဲ ။ သို့သော်လည်း မမြကြည် အများဟာ မကြာပါဘူး ၊ တော်တော်ကြာ ကျသွား မှာပါပဲ ။ မမြကြည် ရေနွေးနည်းနည်း သောက်ဦးမလား ”

“ ဟုတ်ကဲ့ ရေတော့ သိပ်ငတ်တာပဲ ”

“ ရေ သောက်လို့တော့ မကောင်းဘူး မမြကြည် ရဲ့ ။ ဒီ ရေနွေးကိုပဲ သောက် ပါ ” ဟု ဘွိုင်ကု,လား ထံမှ တောင်းထားသော ရေနွေး ကို ငှဲ့၍ ပေးလေ၏ ။

မမြကြည် သည် အားယူ၍ ထပါသော်လည်း အဖျားရှိန် ကြောင့် မတတ် နိုင်ရှာဘဲ ပြန်၍ လှဲမည်ကဲ့သို့ ဖြစ်သောအခါ ကျွန်တော် သည် ကြည့်၍မ နေနိုင် တော့ဘဲ မမြကြည် ၏ ကိုယ်ကလေး ကို လက်ဖြင့် ဖေးမ ပြီးလျှင် ရေနွေး တိုက်ရ လေ၏ ။

ဤကဲ့သို့ မမြကြည် ၏ ကိုယ်ကလေးကို ဖေးမ၍ ထားရသောအခါ ကျွန်တော် သည် အလွန် ဝမ်းသာ၍ အသားများပင် တုန်လာလေ၏ ။ မမြကြည် မရိပ်မိအောင် မနည်းသတိထားရလေ၏ ။ ရေနွေး တိုက်ပြီး၍ မမြကြည် ကို ဖြည်းညင်းစွာ အိပ်ရာပေါ် သို့ လှဲစေ၍ ကျွန်တော် သည် ကု.လားထိုင် တစ်လုံး ယူ၍ စောင့်နေလေ၏ ။ မကြာမီပင် မမြကြည် သည် အသက်ပြင်းစွာ ရှူ၍ အိပ်ပျော် သွားလေ၏ ။ ကျွန်တော် လည်း မလှုပ်မရှားဘဲ ကု,လားထိုင် ပေါ်တွင်ထိုင်၍ ထို ချစ်ဖွယ် ကောင်းသော မမြကြည်ကလေး ကို စိုက်၍ ကြည့်နေကာ အမျိုးမျိုး ပေါ်ပေါက်လာ သော စိတ်ရိုင်းစိတ်မိုက်တို့ ကို ကြိုးစားနှိမ်နင်း ချိုးပဲ့၍ နေရလေ၏ ။ မမြကြည် အိပ်၍ ပျော်ပြီ ဖြစ်ရကား ကျွန်တော် သည် စိတ်ရူးစိတ်မိုက်တို့ ပေါ်ပေါက် လာသည် နှင့် တစ်ပြိုင်နက် အခန်း ထဲ မှ ထွက်ခဲ့ရန် သင့် သော်လည်း အချစ်တည်း ဟူသော စိတ်သည် ကောင်းသည်ဆိုးသည် ကို မရွေးချယ် ၊ မိမိ လိုရာ ကိုသာ ဆွဲငင် တတ်ရကား ကျွန်တော် သည် ၎င်းကို လွန်ဆန်ဖီလှန်ခြင်းငှာ မတတ်နိုင်ဘဲ နေရလေ၏ ။

နာရီဝက်ခန့် ကြာသောအခါ မမြကြည် ၏ အသက်ရှူခြင်းသည် မှန်လာ၍ အဖျား တက်နေစဉ် က နီမြန်း၍ နေသော မျက်နှာကလေး ကြည်လင်လာသောအခါ ကျွန်တော် သည် မမြကြည် အဖျား ကျသွားကြောင်း ကို သိရလေ၏ ။

မမြဲကြည် ၏ ဖောင်းမို့ နူးညံ့ပျော့အိသော ပါးပြင်ကလေး တို့ သည် လည်းကောင်း ၊ နီမြန်းသောနှုတ်ခမ်းကလေး တို့ သည် လည်းကောင်း ၊ ကျွန်တော့်စိတ် နှလုံး ကို ကြီးမားသော လက်ကြီးဖြင့် ကိုင်၍ ဆွဲဘိ သကဲ့သို့ ရှိလေ၏ ။ ကျွန်တော် ၏ ရင်အုံ သည် ပင်လယ်လှိုင်းလုံး ပမာ တတုန်တုန် ခါ၍ နေကာ ကျွန်တော့် မျက်နှာ သည် ရှေ့သို့ တိုး၍ သွားလေ၏ ။ ကျွန်တော် သည် ကြိုးစား၍ စိတ်တင်းပါ သော်လည်း မရ ။ ကျွန်တော့် ခေါင်းသည် ရှုပ်ထွေးလျက် ကျွန်တော့် မျက်လုံးများ သည် မမြကြည် ၏ မျက်နှာ မှ တစ်ပါး ဘာကိုမျှ မမြင် ၊ မြကြည် အကယ်၍ နိုးသွားပါ လျှင် ကျွန်တော့် အပေါ်တွင် ထားမည့် အပြစ်ကို မဆင်ခြင် နိုင်တော့ဘဲ “ ငါသည် မမြကြည် ကို အသက်တမျှ ချစ်ပါသော်လည်း ဘယ်တော့အခါမျှ ပေါင်းရမည် မဟုတ်ချေ ။ ယခု တစ်ခါကဲ့သို့ နီးကပ်စွာ တွေ့ဖို့ပင်လျှင် ခဲယဉ်းပေလိမ့်မည် ။ ယခုတစ်ခါမှ .... ” ။ ဟူသော စိတ် က သာ လွှမ်းမိုးလျက် ကျွန်တော် ၏ မျက်နှာသည် မမြကြည် ပါးပြင်ကလေး ပေါ်သို့ ကျရောက်သွားသည် ဟု ထင်မှတ်ကာ လုံးလုံးကြီး သတိလစ်သွား ရာမှ တဖြည်းဖြည်း သတိရ လာပြီးနောက် မခွာချင့် ခွာချင့် နှင့် အနည်းငယ် ဆုတ်ခွာခဲ့ ပြီးလျှင် မမြကြည် နိုးလာမည်လား ဟု စိုက်၍ ကြည့် နေမိလေ၏ ။

သို့သော် မမြကြည် မှာ အဖျားကျကာစ ဖြစ်သဖြင့် လွန်စွာအိပ်မောကျ နေရကား မျက်တောင်ကလေးများ အနည်းငယ်မျှ ခတ်လာသည့် အပြင် မည်ကဲ့သို့မျှ မလှုပ်မရှား သဖြင့် ကျွန်တော် လည်း စိတ်တင်းကာ မမြကြည် မျက်နှာကလေး မှ ကျွန်တော့် မျက်စိများ ကို မခွာချင်သော်လည်း နောက်ဆုတ် ထွက်ခဲ့ရလေ၏ ။

ကျွန်တော့် အခန်း သို့ ရောက်ပါ သော်လည်း အိပ်၍ မပျော်နိုင်ဘဲ တလူးလူး တလှိမ့်လှိမ့် နေရလေ၏ ။ မမြကြည် စိတ်နှင့်ပင် အချိန် ကုန်မှန်း မသိ ကုန်၍ အိပ်မပျော် နိုင်ဘဲနေရာ သင်္ဘောမှုတ်သံ ၊ ကျောက်ဆူးနုတ်သံများ ကို ကြားရသဖြင့် နာရီ ကို ကြည့်သောအခါ ၅ နာရီခွဲ နေသည်ကို တွေ့ရသဖြင့် ဆက်လက်၍ အိပ်ပါသော်လည်း ရမည် မဟုတ်သောကြောင့် ထ၍ ရေချိုးပြီးလျှင် မမြကြည် အနိုး ကို သာ စောင့်၍ နေလေ၏ ။

၇ နာရီခွဲ လောက်တွင် မမြကြည် နှင့် အမာတို့ အခန်း ထဲ မှ ထွက်လာသော အခါ မမြကြည် ၏ မျက်နှာသည် အထူးကြည်လင်၍ ညက ဖျားသော အရိပ်အခြေ သည် အနည်းငယ်မျှ မရှိတော့ချေ ။ ကျွန်တော့် မျက်စိထဲတွင် ယခင် က ထက် ပိုမို၍ လှသည်ဟု ထင်မိပြန်လေ၏ ။ ကျွန်တော့် ကို မြင်သောအခါ မမြကြည် သည် ပြုံး၍ အနီးသို့ လာပြီးလျှင် ...

“ ည က ကိုလှဖေ ရှိလို့သာ ။ နို့မို့ရင် သိပ်ခက်မှာဘဲ ၊ နောက် အိပ်ပျော်သွား လိုက်တာ ကိုလှဖေ ပြန်သွားတာကိုတောင် မသိလိုက်တော့ဘူး ” ဟု ပြောလေ၏ ။ “ အဖျား တက်ပြီးလျှင် ဒီလိုပဲ အိပ်ပျော်တတ်တာဘဲ ။ မမြကြည် ဖျားနေရက်သား နဲ့ ဘာဖြစ်လို့ ခရီး ထွက်ရသလဲ ”

“ ဒီ အဖျားဟာ နောက်နှစ်လောက် က ရွှေစက်တော် သွားရင်း မိခဲ့တာပဲ ။ ဆေး စားလို့ ပျောက်နေတာ အတော် ကြာသွားပြီ ။ ည က မှ ဘာဖြစ်လို့ ပြန် ဖျားတယ် မပြောတတ်ပါဘူး ”

“ မြကြည် စောစောက ဇာထိုး နေရင်း အအေး မိလို့ဖြစ်မှာပေါ့ ”

“ ဟုတ်ပါလိမ့်မယ် ထင်ပါရဲ့ ။ ကိုလှဖေ သိပ် ကျေးဇူးတင်စရာ ကောင်း တာပဲ ။ ကျွန်မ မျက်နှာ သစ်လိုက်ဦးမယ်နော် ” ဟု ဆို၍ အမာ နှင့် ရေချိုးခန်း ဆီသို့ သွားကြလေ၏ ။

မကြာမီ မမြကြည် တို့ သားအမိ ပြန်လာကြသော အခါ ကု,လားလက်ဖက်ရည် လာပို့ သဖြင့် ကျွန်တော် တို့ လက်ဖက်ရည်  သောက်ကြပြီး နောက် ကျွန်တော် က သတိရ၍ မမြကြည် အတွက် အဖျားဖြတ်ဆေး ကို ယူပေးလေ၏ ။

“ ဒီ ဆေးဟာ အလွန် ကောင်းပါတယ် ၊ ငှက်ဖျားတော့ သေသေချာချာ နိုင်ပါတယ်  ၊ မနက်တိုင်း မနက်တိုင်း သောက်ပေးရင် ဒီဆေး ကုန်တဲ့အခါ မမြကြည် အဖျား နောက်ပေါ်တော့မှာ မဟုတ်ဘူး ။ လုံးလုံး ပျောက်သွားမှာပဲ ”

“ ကျေးဇူး တင်ပါတယ်ရှင် စားပါမယ် ။ ကိုလှဖေ က အစိုးရဆေးရုံ မှာ လုပ်သလား ။ ကိုယ့် ဆေးဆိုင် နဲ့ ကိုယ်ပဲလား ”

“ ကျွန်တော့် ဆေးဆိုင် နဲ့ ကျွန်တော် ပါပဲ ”

“ ဘယ်မြို့မှာလဲ ” 

“ ရန်ကုန် မှာပါပဲ ”

“ အေးတာပေါ့ရှင် ။ ဒါပေမဲ့ အသက်ကြီးတော့ ဆေးပေးမီးယူ ဆိုသလို ”  

“ အို ဟုတ်တော့ ဟုတ်ပါရဲ့ မမြကြည် ရယ် ။ ဒါပေမဲ့ ကျွန်တော် ယခု ဘဝ မှာတော့ မယား ယူနိုင်မှာ မဟုတ်ပါဘူး ”

“ ဘာဖြစ်လို့လဲ ”

“ ကျွန်တော် ချစ်နိုင်မယ့် မိန်းကလေး ကို သူများ ဦးသွားပြီ ။ သူ က လွဲလို့ လည်း တခြား မိန်းမ ကို ကျွန်တော် မလိုချင်ဘူး ”

“ ဪ ငယ်ငယ် က ရည်းစားလား ”

“ မဟုတ်ပါဘူး ။ သူ နဲ့ ကျွန်တော်  နှစ်ယောက် အတူတူ မကြိုက်ခဲ့ရပါဘူး ။ ကျွန်တော် က သာ ကြိုက်တာပါ ။ သူ က တော့ သိတာ လည်း မဟုတ်ပါဘူး ။ ဂရု လည်း စိုက်မှာ မဟုတ်ပါဘူး ။ သူ့ မှာ လည်း အိမ်ထောင် ရှိနှင့်နေပြီး ဖြစ်၍ ကျွန်တော် လည်း ထုတ် မပြောတော့ပါဘူး ”

“ ဪ ဒီလိုလား ၊ သူ့ ထက် သာတာ တစ်နေ့ တွေ့ချင် တွေ့ဦးမှာပေါ့ရှင် ။ ဖူးစာ ဆို တာ ဘယ် သိနိုင်မလဲ ”

“ အို သူ့ ထက် သာတာ ၊ ဒီကမ္ဘာ မှာ ရှိမှာလည်း မဟုတ်ပါဘူး ” ဟု စိတ်အားထက်သန်စွာ ပြောပြီးမှ သတိရ၍ ဆက်လက် ပြောနေပါလျှင် ကျွန်တော့် စိတ် လုံးလုံး ပေါ်လာမည် စိုးသဖြင့် အခြား စကားများ ကို ဖောက်၍ ပြောဆို နေရလေ၏ ။

ထိုနေ့ သည် မင်းဘူးမြို့ ထောက်ရှာပင်ဆိပ်ကမ်း တွင် သင်္ဘောကြီး ဆိုက်သောအခါ မမြကြည် သည် မိမိ ကျေးဇူး မမဲ့ကြောင်း ကို ပြလို၍ စကု သို့ လာရောက် လည်ပါ ဟု အကြိမ်ကြိမ် မှာ ပြီးလျှင် ဆင်း၍ သွားလေ၏ ။ မမြကြည် ဆင်း၍ သွားသောအခါ ကျွန်တော် ယခင်က သံကြိုး ရိုက်ထားသော ကျောင်းနေဖက် သူငယ်ချင်း ကိုအုန်းဖေ ဆိုသူ လာရောက် ကြိုဆို သဖြင့် ထိုသူ အိမ်သို့ ရထား ငှားစီး ပြီး လျှင် သွားကြလေ၏ ။

ညနေတွင် ကိုအုန်းဖေ မှာ မိမိ ဆေးဆိုင်တွင် အလုပ်များ နေသဖြင့် ကျွန်တော့် နောက်သို့ မလိုက်နိုင်သောကြောင့် တစ်ယောက်တည်း ဦးလေး ပြော လိုက်သော လမ်း နှင့် အိမ်နံပါတ် အတိုင်း သွားရောက် မေးမြန်းသောအခါ ထို အိမ်တွင် ကု,လားကပြား တစ်ယောက် နေ၍ အိမ်ငှားနေသူ ဖြစ်ရကား မသိပေ ။ ထို့ကြောင့် အိမ်ရှင် ထံတွင် မေးလျှင် သိကောင်းရဲ့ ဟု အိမ်ရှင် ထံသို့ သွားလေ၏ ။ အိမ်ရှင်တို့ မှာ လည်း ထို အိမ် ကို အနှစ် ၂ဝ လောက် က ဒေါ်စိန် ခေါ် ကျွန်တော့် ဦးလေး ၏ မိန်းမ ထံမှ  ထို အိမ် ကို ဝယ်ယူလိုက်ပါ သော်လည်း ယခုအခါတွင် ဒေါ်စိန် နေထိုင်သည့် အရပ်ကို မသိရှိကြကြောင်း ပြောပြလေ၏ ။

ကျွန်တော် သည် ၄ - ၅ ရက် တိုင်မျှ စုံစမ်းပါသော်လည်း ဒေါ်စိန် သည် အနှစ်၂ဝ ကျော် လောက် က မိမိ အိမ် ကို ရောင်း၍ အရပ်တစ်ပါး သို့ ထွက်သွားသည် ဟူသော သတင်း မှ တစ်ပါး ဒေါ်စိန် တို့ သားအမိကို အစအန မျှ မသိရတော့ချေ ။

တစ်နေ့သော ညနေ၌ ကျွန်တော် သည် စိတ်ပျက်လျက် စုံစမ်းရန် မထွက်ဘဲ ကိုအုန်း သို့ အိမ် မှာပင် ဒေါ်စိန် အား ဘယ်လို ရှာရမည်ကို စဉ်းစား၍ နေလေ၏ ။ မမြကြည် ကို လည်း တွေးမိလေ၏ ။ မမြကြည် ကို လွန်စွာ တွေ့လိုသော စိတ် ရှိပါသော်လည်း သွားရောက်၍ စက်သို့ လည်ပတ်ပါလျှင် မမြကြည် သည် မိမိ ခင်ပွန်း နှင့် ကြည်ဖြူ ပျော်ရွှင်စွာနေကြသည် ကို တွေ့ရပါလျှင် ကျွန်တော့် မှာ လွန်စွာ စိတ်ဒုက္ခ ရောက်ရမည် ကို စိုးရိမ်သဖြင့် မသွားဘဲ စိတ်တင်း၍ နေခဲ့ရပေ၏ ။ ထိုနေ့တွင် မမြကြည် ကို တွေးမိသည့် အတွက်ကြောင့် လည်းကောင်း ၊ ဒေါ်စိန် တို့ သတင်း ကို လည်း မရသောကြောင့် လည်းကောင်း ကျွန်တော် သည် စိတ်ညစ်သည့် အလျောက် မှိုင်၍ နေမိလေ၏ ။ ကျွန်တော့် ကို ကိုအုန်းဖေ ၏ ဖခင် မြင်သောအခါ အနားသို့ လာ၍ ..

“ မောင်လှဖေ ပျင်းတယ် ထင်တယ် ။ တစ်နေ့ လောက် အုန်းဖေ နဲ့ စကု ကို သွားလည်ကြပါလား ” ဟု ပြောလေ၏ ။

“ လည်ဖို့ရန် ကိုအုန်းဖေ လည်း အားမှာ မဟုတ်ပါဘူး ။ ကျွန်တော် လည်း ၂ ရက် လောက် ကြာရင် ပြန်တော့မယ် ဟု အောက်မေ့နေတယ် ”

“ အို ဘာဖြစ်လို့ ချက်ခြင်း ပြန်ချင်ရတာလဲ ။ နေဦးမှပေါ့ ”

“ ကျေးဇူးတင်ပါတယ် ဦးရယ် ။ သို့ပေမဲ့ ကျွန်တော့် ဆေးဆိုင် ပစ်ထားခဲ့ရတာလည်း ကြာပြီ ။ ကျွန်တော် ဒီကို လာခဲ့ရတဲ့ ကိစ္စ ကလည်း ရန်ကုန် ပြန်ဦးမှ ပြီးမယ့် ကိစ္စ ဖြစ်ပါသည် ”

“ ဪ မောင် ဒီကို ကိစ္စ နဲ့ လာခဲ့တာလား ။ ဦး က အလည်သက်သက်ဘဲ အောက်မေ့နေတယ် ။ မောင့် ကိစ္စက ဘာများပါလဲ ”

“ ကျွန်တော့် ဦးလေး တစ်ယောက် မကြာခင် က ဆုံးသွားတာ သူ့ ပစ္စည်း တွေ အများကြီး ကျန်ရစ်ခဲ့ပါတယ် ။ သူ မဆုံးမီက ဒီ မြို့မှာ အနှစ် အစိတ်လောက် က သူ ပစ်ထားခဲ့တဲ့ မယား နဲ့ သမီးကလေး တစ်ယောက် ရှိတယ် ။ ၎င်းတို့ ကို လိုက် ရှာပြီး ပစ္စည်း တစ်ဝက် ပေးပါလို့ မှာ သွား၍ ယခု ရှာရန် လာခဲ့ပါတယ် ။ သူ့ မိန်းမ နဲ့ သမီး လည်း အစအန မှ ရှာလို့ မရဘူး ”

“ ဒီမြို့ က ဘယ်သူများ ပါလိမ့် ”

“ ဒေါ်စိန် လို့ ခေါ်တာပဲ ” ဟု ပြောသောအခါ ဦးဘဖေ သည် အံ့သြသော မျက်နှာ နှင့် ကျွန်တော့် ကို ကြည့်ပြီးလျှင် “ မင့် ဦးလေး နာမည် ဘယ်သူလဲ ၊ ဘရွှေ လား ” ဟု မေးသောအခါ ကျွန်တော် သည် အံ့အားသင့်၍ ဟုတ်ကြောင်း ဝန်ခံရ လေ၏ ။ အဘိုးကြီး သည် မျက်လုံးများ မှ မျက်ရည်များ စီးကျ လာပြီးလျှင် ၊

“ ဘရွှေ သေမှကိုး ၊ ဘရွှေ နဲ့ ငါနဲ့ တော့ ညီအစ်ကို တော်တယ် မောင်လှဖေ
ရဲ့ ။ သူ ဘယ်လောက် ကြာပြီလဲ ဆုံးတာ ”

“ ၅ လ ၆ လ လောက် ရှိသွားပါပြီ ”

“ ဪ မကြာသေးဘဲကိုး ။ သိပ်မိုက်တဲ့ အကောင်ဘဲကွာ ။ ထွက်သွား ကတည်းက သေသည် တိုင်အောင် စာတစ်စောင် မှ မပေးဘူး ။ သူ နောက်အိမ်ထောင် ကျသေးလား ”

“ ဟုတ်ကဲ့ ကျွန်တော့် အဒေါ် နဲ့ အိမ်ထောင် ကျပြီး ရန်ကုန် မှာ ပွဲစား လုပ်နေတယ် ။ အရင် ၆ လ လောက် ကဘဲ ဆုံးသွားတယ် ။ ကျွန်တော့် အဒေါ် ဆုံးတာက တစ်နှစ်လောက် ရှိပါပြီ ”

“ ဪ သားသမီးများ ကော ကျန်ရစ်ခဲ့သေးသလား ”

“ မကျန်ရစ်ခဲ့ပါဘူး ။ ကျွန်တော့် ကိုဘဲ ငယ်ငယ် ကတည်းက မွေးစားခဲ့ကြတာပဲ ”

“ အင်း မင်း ခု ရှာတဲ့ မစိန် က ဒီမှာ မရှိတော့ဘူးကွဲ့ ။ စကု မှာ နေတယ် ။
ဘရွှေ ထွက်သွားပြီးတဲ့ နောက် သူ ထပ်ပြီး အိမ်ထောင် ကျသေးတယ် ၊ သားတစ်ယောက် နဲ့ သမီး တစ်ယောက် ထပ်ရသေးတယ် ။ ခုတော့ သူ့ နောက် ယောက်ျား ဆုံးပါပြီ ။ မင်း ပစ္စည်းတွေ ပေးရမယ့် ဘရွှေ သမီး ကတော့ ဒီ မြို့ မှာ ပဲ နေပါတယ် ။ ဒါပေမဲ့ မနေ့ကဘဲ သူ့ အမေ ဆီ လိုက်သွားတယ် ။ ဒီတော့ မင်း နက်ဖြန်ခါ စကု ကို လိုက်သွားတာပေါ့ ။ မစိန် တို့ က ခုတော့ တော်တော် ချမ်းသာနေတယ်ကွဲ့ ” ဟု ပြောပြီးလျှင် ကျွန်တော် တို့ နှစ်ယောက် သည် ဦးဘရွှေ အကြောင်းများ ကို တစ်ယောက် နှင့် တစ်ယောက် ပြော၍ နေကြလေ၏ ။

•••••  •••••  •••••

နောက်တစ် နေ့နံနက် တွင် ကျွန်တော် နှင့် ကိုအုန်းဖေ တို့သည် မော်တော် ကား စီး၍ စကု သို့ သွားကြလေ၏ ။ နံနက်လေပြေကလေးများ မျက်နှာ ကို တိုးဝှေ့ သောအခါ ကျွန်တော် သည် လွန်ခဲ့သည့် ၆ ရက် လောက်က သွားခဲ့ရသော ခရီးများ ကို လွန်စွာ သတိရမိပေ၏ ။ မမြကြည် ၏ ရုပ်ကလေး သည် ကျွန်တော့် ရှေ့တွင် အမြဲ ပြေးလွှား၍ ကျွန်တော့် အား ပြောင်လှောင် နေသကဲ့သို့ မြင်ယောင် ဖြစ်၍ နေမိပေ၏ ။ မမြကြည် ကို သာ တွေးဆ နေရကား လမ်းတွင် ကိုအုန်းဖေ ပြောသော ဒေါ်စိန် တို့ အကြောင်း နှင့် စကုမြို့ အကြောင်းကို အင်း လိုက်၍ နေပါသော်လည်း ဘာကိုမှ နားမဝင်မိချေ ။ ဒေါ်စိန် ၏ သမီး သည် မိမိ မိခင် နှင့် တစ်မြို့တည်း ခွဲ၍ နေခြင်းသည် အိမ်ထောင် ရှိ၍ ဖြစ်ပေလိမ့်မည် ဟု တွေးတောကာ ဒေါ်စိန် တို့ အတွက် ကို အနည်းငယ်မျှ မပူမိဘဲ မမြကြည်ကလေး ကို သာ လွမ်းဆွတ်၍ နေပေ၏ ။ ရောက်မှန်း မသိ စကု သို့ ရောက်လာကြရာ ကျွန်တော် တို့သည် တိုက်ကြီး တစ်ခု ရှေ့တွင် ဆင်း၍ ထို တိုက်ပေါ်သို့ တက်သွားသောအခါ အသားဖြူဖြူ ဝတုတ်တုတ် ခံ့ငြား၍ အသက် ၄၅ နှစ်ခန့် ရှိ အဒေါ်ကြီး တစ်ယောက် က ဆီး၍ ...

“ မောင်အုန်းဖေ ပါကလား ။ ဘာကိစ္စ ရှိလို့ လာကြသလဲ ။ မင်း အဖေများ ကော မာရဲ့လား ။ လာပါ လာပါ ။ ဟေ့ ငွေရှင် ရေ လက်ဖက်ရည် နှစ်ခွက် ဖျော် ခဲ့ဟေ့ ” စသဖြင့် လောကွတ်ပျူငှာ နှုတ်ဆက်လေ၏ ။

( ကိုအုန်းဖေ ) “ နေပါစေ ဒေါ်ဒေါ်ရယ် ။ ကျွန်တော် တို့ သောက်ခဲ့ပြီးပါပြီ ။
ဒုက္ခ မရှာပါနဲ့တော့ ”

( ဒေါ်စိန် ) အို ... ဘာဖြစ်လို့ ဒုက္ခ ရှာရမှာလဲ မနေရဘူး သောက်ရမယ် ။ ဘာကိစ္စ လာခဲ့တာလဲ ”

ကိုအုန်းဖေ သည် ကျွန်တော့် ဘက် သို့ လှည့်၍ လက်ဝါး ဖြန့် ပြီးလျှင်

“ ဟောဒီက ကျွန်တော့် မိတ်ဆွေ တစ်ယောက် က ဒေါ်ဒေါ့် ကို တွေ့ချင်လို့ ရန်ကုန် က လိုက်လာတာနဲ့ လာ ပို့ရတာပါပဲ ”

( စိန် ) အံ့သြလျက် “ ဒေါ်ဒေါ့် ကို တွေ့ချင်လို့ ရန်ကုန် က လာတယ် ဆိုတော့ ဘာကိစ္စ ရှိလို့ပါလဲ ”

( ကျွန်တော် ) “ မကြာမီ က ဆုံးသွားတဲ့ သူတစ်ယောက် က ဒေါ်ဒေါ့် သမီးဖို့ အမွေ ၂ သိန်းကျော်ကျော် ကျန်ရစ်ခဲ့လို့ပါပဲ ခင်ဗျာ ”

( စိန် ) “ ဒေါ်ဒေါ့် သမီးဖို့ အမွေ ဟုတ်ကဲ့လား ။ ဘယ်သူက ပေးခဲ့တာလဲ မောင်ရယ် ၊ ဒေါ်ဒေါ်တို့ အမျိုး ထဲမှာ ဒီလောက် ချမ်းသာတဲ့သူ ရန်ကုန် မှာ မရှိပါ ကလား ”

( ကျွန်တော် ) “ ဒေါ်ဒေါ် ဝမ်းတော့ မနည်းပါနဲ့ ၊ သူ့ ဖခင်ပါပဲ ”

(စိန်) “ ဘယ်သူလဲ ။ ကိုဘရွှေ လား ” ဟု အံ့ဩသော မျက်နှာနှင့် မေးလေ၏ ။

( ကျွန်တော် ) “ ဟုတ်ပါတယ် ခင်ဗျာ ”

“ ဪ ကိုဘရွှေ ဆုံးရှာပါပေါ့လား ။ ရက်စက်စိမ်းကားတဲ့ လူကြီး သွားရှာမှကိုး ” ဟု ဆို၍ ငိုရှာလေ၏ ။ သို့သော် ခဏမျှနှင့် မျက်ရည်များ သုတ်၍ စိတ်တင်း ပြီးလျှင် “ ကံပဲကိုး ဘယ်တတ်နိုင်မလဲ ။ ဆုံးခါနီးတော့ တစ်သက်လုံး မေ့နေတဲ့ သမီးကလေး ကို သတိရတာပဲ တော်လှပါပြီ ။ မောင် က ကိုဘရွှေ နဲ့ ဘယ်လို တော်ပါသလဲ ”

“ မွေးစားတဲ့ သားပါ ခင်ဗျာ ၊ သူ ရေးခဲ့တဲ့ ဒေါ်ဒေါ် ကို ပေးဖို့ စာကို ဖတ် ပါဦး ” ဟု ဆို၍ ဦးလေး ရေးခဲ့သော စာတစ်စောင် ကို ထုတ်၍ ပေးလေ၏ ။

လက်ဖက်ရည်ပွဲများ ကို ယူလာ သဖြင့် ဒေါ်စိန် စာဖတ် နေစဉ် ကျွန်တော်  တို့ သည် လက်ဖက်ရည် သောက်၍ နေကြလေ၏ ။ ကိုအုန်းဖေ သည် လက်ဖက်ရည် သောက်၍ ပြီးသောအခါ “ ကိုလှဖေ ဒေါ်ဒေါ် နဲ့ စကား ပြောနေဦးနော် ။ ကျွန်တော်  အိမ်ရှေ့ က အိမ် ခဏ သွားလိုက်ဦးမယ် ။ ခုပဲ ပြန်လာမယ် ” ဟု ဆို၍ ထွက်သွားလေ၏ ။ ဒေါ်စိန် စာများ ကို ဖတ်ပြီး၍ မျက်နှာ မော့လိုက်သောအခါ မျက်ရည်များ ရွှဲ ၍ နေသည်ကို တွေ့ရလေ၏ ။

“ ဪ ကိုဘရွှေ သေခါနီး မှ သမီးကလေး သတိရတာပဲနော် ။ ဒီလို သတိရတာပဲ ကျေးဇူး တင်စရာ ကောင်းလှပါပြီ ။ တစ်သက်လုံး မေ့ နေလိုက်တာ ခုမှပဲ ။ ဪ ဒီ စာထဲမှာ မောင်ရင့် အတွက်နဲ့ လည်း ပါသေးတယ် ။ ကိုဘရွှေ သဘောကို မောင်ရင် လိုက်မယ်လို့ အောက်မေ့သလား ”

“ ဒါတော့ ဒေါ်ဒေါ် ရယ် ၊ ဒေါ်ဒေါ့် သမီး မှာ လည်း အိမ်ထောင် ရှိပြီးသားမို့ အထူး ပြောဖို့ လိုမယ် မထင်ပါဘူး ။ သူ ချန်ထားခဲ့တဲ့ ပစ္စည်း ကိုသာ တစ်ဝက် ပေးဖို့ ပါပဲ ”

“ ဒေါ်ဒေါ့် သမီး မှာ အိမ်ထောင် တော့ မရှိသေးပါဘူး ။ သို့ပေမဲ့ မောင်ရင် ပြောတာ ထောက်တော့ ယူချင်ပုံ မရဘူး ။ ကိုဘရွှေ က လည်း ယူစေချင်တယ် သာ ဆိုတာပဲ ။ အကယ်လို့ မောင်ရင် က သူ့ သဘော ကို လိုက်မယ်ဆိုတောင် ဒေါ်ဒေါ် တော့ ဘာကိုမျှ တာဝန် မခံနိုင်သေးဘူး ။ ဒေါ်ဒေါ် သမီး ရဲ့ သဘော ကို လိုက်ရမှာပဲ ။ ခုတော့ မောင်ရင် က လည်း သူ့ သဘော ကို မလိုက်ချင်တော့ ဒီကိစ္စ အတွက်ကတော့ ရှင်းသွားတာပါဘဲ ။ ပစ္စည်း ကိုတော့ မောင်ရယ် ဒေါ်ဒေါ်တို့ မှာ လည်း ပြည့်ပြည့်စုံစုံ ရှိတာက တစ်ကြောင်း ၊ နောက်ပြီး မောင့် အဒေါ် နဲ့ ကျမှဘဲ ဖြစ်ထွန်းလာတဲ့ ပစ္စည်းတွေ ဖြစ်တာလည်း တစ်ကြောင်း ကြောင့် ဒေါ်ဒေါ် တို့ ယူထိုက်မယ် မထင်ပါဘူး ။ မောင်ရင် လည်း တစ်သက်လုံး အမွေစား အမွေခံ အဖြစ်နဲ့ နေလာတာ ဖြစ်တော့ မောင် ပဲ စံစားထိုက်ပါတယ် ” ဟု ဆိုသော အခါ ကျွန်တော် သည် အံ့အားသင့် ကာ ...

“ မဟုတ်ပါဘူး ဒေါ်ဒေါ် ရယ် ။ ကျွန်တော့် အဒေါ် နဲ့ ကျမှ ဖြစ်ထွန်းတဲ့ ပစ္စည်း ပေမယ့် သူ ရှာလို့ ရတဲ့ ပစ္စည်းသာ ဖြစ်၍ သူ့ စိတ်ရှိတဲ့ အတိုင်းပဲ ခွဲပေးပါရစေ ။ ကျွန်တော့် မှာ လည်း ကျွန်တော့် မိဘတွေ က ထားခဲ့တဲ့ ပစ္စည်း ကလည်း ရှိပါသေး တယ် ၊ ကျွန်တော် တစ်ယောက်တည်း တစ်သက် မကဘူး ။ နှစ်သက် ပြန် ဖြုန်းတော့ ကုန်နိုင်မှာ မဟုတ်ပါဘူး ”

“ နို့ မောင် ကကော တစ်သက်လုံး မိန်းမ မယူပဲ နေတော့ မလို့လား ”

“ ကျွန်တော် တော့ လူပျိုကြီး နဲ့ဘဲ အရိုးထုတ်တော့မယ် စိတ်ကူးတာပါပဲ ။ ဒီတော့ ဦးလေး မှာ ခဲ့တဲ့ အတိုင်းသာ ခွဲပေးပါရစေ ဒေါ်ဒေါ်ရယ် ”

“ ဒေါ်ဒေါ် ကတော့ မလိုချင်ပါဘူး မောင် ရယ် ။ ဒါပေမဲ့ မောင်ရင် က ခုလို ပြောနေတော့ ဒေါ်ဒေါ် သမီး ကို တိုင်ပင်ပါဦးမယ် ”

“ တိုင်ပင်ပါ ခင်ဗျာ ။ ပစ္စည်း က လည်း နည်းတာ မဟုတ်တော့ ဗြုန်းခနဲ ဆုံးဖြတ်လိုက်လို့လည်း မကောင်းပါဘူး ။ တိုင်ပင် ပြီးမှ လုပ်တာ ကောင်းပါတယ် ။ ဒေါ်ဒေါ် သမီး က ယခု ဘယ်သွား နေပါသလဲ ”

“ အို ဟိုဘက် ၂ လမ်းကျော် လောက်မှာ သူ့ သူငယ်ချင်း တစ်ယောက် အိမ်ကို ခုနကပဲ ထွက်သွားပါတယ် ။ နို့ မောင်ရင့် ကို ဒေါ်ဒေါ်သမီး အိမ်ထောင် ရှိ ပြီလို့ ဘယ်သူ ပြောသလဲ ”

“ ဘယ်သူမှတော့ သေသေချာချာ မပြောပါဘူးခင်ဗျာ ။ ဦးဘဖေ က ဒေါ်ဒေါ် က စကု မှာ နေပြီး ဒေါ်ဒေါ့် သမီး က မင်းဘူး မှာ နေတယ် ပြောလို့ ။ ခွဲနေတာ အိမ်ထောင် ရှိလို့ဘဲလို့ တွေးမိတာပါပဲ ”

“ ဟင့်အင်း ဒေါ်ဒေါ့် သမီး မှာ အိမ်ထောင် လည်း မရှိသေးပါဘူး ။ မင်းဘူး မှာ သူ အလုပ် ရှိလို့ ခွဲနေရတာပါ ။ ဟော မောင်အုန်း ပြန်လာပြီး ။ တွေ့ခဲ့လားဟေ့ မင်း အတင် ကို ”

“ အို ဒေါ်ဒေါ် က လည်း အလကား နောက် နေပြန်ပါပြီ ။ ကိုလှဖေ ဈေးဘက် ဆီ ကို ခင်ဗျား လျှောက် ကြည့်ဦးမလား ”

“ ကြည့်တာပေါ့ဗျာ ”

“ အေး ဟုတ်သားပဲ ။ လျှောက် ပြပါဦးကွယ့် မောင်အုံးဖေ ရယ် ။ ဒါပေမဲ့ ကြာကြာတော့ မနေကြနဲ့နော် ။ ထမင်းစားချိန် ကို ပြန်လာခဲ့ကြ ” ဟု ဒေါ်စိန် ပြောသဖြင့် ကျွန်တော် တို့ နှစ်ယောက် ထွက်ခဲ့ကြလေ၏ ။

ကျွန်တော် သည် ဒေါ်စိန် ကဲ့သို့ သဘော ပြည့်ဝသော မိန်းမ တစ်ယောက် နှင့် ကျွန်တော့် ဦးလေး သင့်မြတ်အောင် မပေါင်းနိုင်သည် ကို အံ့သြဝမ်းနည်း မိလေ၏ ။

•••••  •••••  •••••

ကိုအုန်းဖေ အား မင်းဘူးမြို့ မိမိ လူမမာ တစ်ယောက် အသည်းအသန် ဖြစ်၍ မော်တော်ကား တစ်စီး နှင့် လူလွှတ် ခေါ်လေရာ ထမင်း မစားရသေးခင် ပင် ပြန်ရန် မှာလေ၏ ။ ၁၁ နာရီ လောက်တွင် ဒေါ်စိန် နှင့် အတူ ထမင်းစားသောက် ပြီး ကြ၍ မကြာမီပင် ဒေါ်စိန် သည် ဈေးသို့ ကိစ္စ အနည်းငယ် ရှိသဖြင့် ထွက်သွားပြန် သောကြောင့် ကျွန်တော် လည်း တစ်ယောက်တည်း ကျန်ရစ်ခဲ့သည် နှင့် မမြကြည် ထံသို့ စိတ်ရောက် သွားပြန်လေ၏ ။ ကျွန်တော် သည် ဤသို့ ခဏခဏမျှ သတိရ လွမ်းဆွတ်မိပါသော်လည်း မမြကြည် မှာ ခေတ္တမျှ ခရီးသွားရင်း ကြုံဖူးသူ ဖြစ်၍ လှဖေ ကို မေ့ပေရော့မည် ။ ယခုန သူ့ ခင်ပွန်း နှင့် သမီး အမာကလေး ကို အလယ် တွင် ထားပြီး နှစ်ပါးပလူးသို့ ကြည်နူးနေကြရော့မယ် ။ ကျွန်တော် သည် မမြကြည် ကို ယခုလို ခဏခဏ တွေးနေရန် မသင့်ဘဲ မေ့ဖျောက်၍ ပစ်ရန် ထိုက်ပေ၏ ။ သတိရ လွမ်းဆွတ် နေသမျှ ကျွန်တော် ဒုက္ခ ရောက်ဖို့ မျှ သာ ဖြစ်ပေ၏ ဟု တွေးနေစဉ် သာယာသော စန္ဒရားသံကလေး တစ်ခု ကို ကြားမိလေ၏ ။ ငယ်စဉ် က ပင် အတီး အမှုတ်ဝါသနာပါသူ ဖြစ်ရကား ဂရုစိုက်၍ နားထောင် နေလေ၏ ။ အဆို မပါဘဲ ‘ ကြုံသေးတယ် ’ သီချင်း ကို တီးနေသော ထို စန္ဒယားသံ သည် တိုက် အပေါ်ထပ် ဆီ မှ လာသည် ကို သိရကား မည်သူများပါလဲ ဟု အံ့ဩမိလေ၏ ။ ထိုခဏ၌ ၁၃ နှစ် အရွယ်ခန့် ရှိ သူငယ်မကလေး တစ်ယောက် သည် ကျွန်တော် ထိုင် နေသော ဧည့်ခန်း သို့ လာ၍ ကျွန်တော့် ရှေ့တွင် ရိုသေစွာ ရပ်ပြီးလျှင် ..

“ ကိုကို တိုက်ပေါ်ကို ခဏကြွပါ ” ဟု ဆိုသော အခါ လွန်စွာအံ့သြလျက် “ ဘာလုပ်ဖို့လဲ ” ဟု မေးလေ၏ ။

“ မမလေး က သူ ဖေဖေ့ ပစ္စည်းများ အကြောင်းနဲ့ ကိုကို့ ကို ပြောစရာရှိလို့ ပါ ” ဟု ဆိုသောအခါ၌ ဒေါ်စိန် ၏ သမီး ဖြစ်ကြောင်း ကို သိရ၍ ပိုပြီး အံ့ဩမိပြန် လေ၏ ။ အပျိုကလေး ဖြစ်ပါလျက် ဧည့်ခန်း သို့ လာ၍ စကား မပြောဘဲ တိုက်ပေါ် သို့ ကျွန်တော့် အား ခေါ်ခြင်း ကို နားမလည်နိုင်အောင် ရှိလေ၏ ။ တိုက်အပေါ်ထပ် သို့ ရောက်သောအခါ အခန်းတံခါး တစ်ခုရှေ့တွင် ရပ်၍ “ အထဲ ကို ကြွပါ ” ဟု ထို သူငယ်မကလေး က ပြောပြီးလျှင် လှည့်၍ ထွက်သွားပြန်လေ၏ ။

ကျွန်တော် သည် ထူးဆန်းသော ပြုလုပ်ပုံ တို့ ကိုတွေးရင်း တံခါး ကို တွန်း လိုက်သောအခါ ကျွန်တော့် ဘက်ကို နောက်ခိုင်း၍ စန္ဒရားကြီး တွင် ဆံထုံး ကို ကျနစွာ ထုံးထား၍ ပိုးအင်္ကျီကလေး နှင့် စူရတီလုံချည်ပန်းရောင်ဆင် ကို ဝတ်ထား သော မိန်းမ တစ်ယောက် ကို တွေ့မြင်ရလေ၏ ။ နောက်မှ နေ၍ အမြင် အားဖြင့် ထို မိန်းမ ကိုယ်အင်္ဂါ အချိုးအစား သည် လွန်စွာ ညီညွတ်လေ၏ ။ ကျွန်တော့် တံခါး ဖွင့်သံ ကြားသဖြင့် ထိုမိန်းကလေး သည် ဖြည်းညင်းစွာ လှည့်၍ ကြည့်လိုက်သော အခါ ကျွန်တော် သည် ဤ အိမ် တွင် ထူးဆန်း အံ့ဖွယ်ရာတို့ သည် ကုန်နိုင်တော့မည် မဟုတ်ဟု ထင်မိလေ၏ ။ ကျွန်တော့် အား ပြုံးစိစိကလေး ကြည့်၍ နေသော ထို မိန်းကလေး သည် သင်္ဘော ပေါ် တွင် ကျွန်တော် လွန်စွာ ကြိုက်ခဲ့မိသော မမြကြည် ပင် ဖြစ်လေ၏ ။

“ ဪ လူပျိုကြီး ကိုလှဖေ ပါလား ။ ထိုင်ပါ ထိုင်ပါ ။ ကျွန်မ မင်းဘူး မှာ တုန်းကလည်း လာမလား လို့ ခဏခဏ မျှော်မိတယ် ။ ခုမှပဲ မျက်နှာမြင် ရတော့တယ် ။ ထိုင်ပါ ” ဟု ဆို၍ စန္ဒရားကြီး မှ ထလာပြီးလျှင် မမြကြည် သည် ကျွန်တော့် လက် ကို ဆွဲ၍ ကု,လားထိုင် အရှည်ကြီး တစ်ခု ဆီသို့ ဆွဲခေါ်သွားလေ၏ ။ ကျွန်တော် လည်း အိပ်မက် မက်နေသည် ဟု ထင်မိကာ လိုက်ပါ၍ သွားရလေ၏ ။ မမြကြည် သည် ကျွန်တော့် ဘေးနားတွင် ပင် ကပ်၍ ထိုင်ပြီးလျှင် မျက်နှာကလေး ပြောင်စပ်စပ် နှင့်

“ ကျွန်မ နဲ့ ကိုလှဖေ တော့ မောင်နှမ တော်တာပဲနော် ။ သို့ပေမယ့် ဖေဖေ က
စပ်ထားခဲ့၍ ကိစ္စ မရှိပါဘူး ” ဟု ကျွန်တော့် လက် ကို မလွှတ်ဘဲ ဆွဲ၍ ပြောလေ၏ ။ ကျွန်တော် လည်း မည်သို့မျှ ပြန်မပြောဘဲ အံ့သြစွာ မမြကြည် ၏ မျက်နှာ ကို သာ ကြည့်နေရကား မမြကြည် သည် မျက်နှာကလေး ညှိုးငယ် သွားယောင် ဆောင်၍ နှုတ်ခမ်းကလေး ကို ပြုံးနေရာ မှ မစူတစူကလေး လုပ်၍ “ ကြည့်ပါဦး စကား လည်း မပြောဘူး ။ မင်းဘူး မှာ လည်း သူ လာမလားလို့ စောင့်နေလိုက်ရတာ အတော်ကြာ သွားတယ် ။ လာလည်း မလာဘူး ။ ခု တွေ့ပြန်တော့လည်း စကား မပြောဘူး ။ တစ်သက်လုံး လူပျိုကြီး လုပ်နေတော့ မလို့လား ” ဟု ဆိုလိုက်သော အခါမှ ကျွန်တော် သည် အံ့ဩစွာနှင့်ပင် ...

“ နို့ မမြကြည် မင်းဘူး မှာ နေတယ် ဆို ”

“ မင်းဘူး မှာ နေတော့ နေတာပါပဲ ။ နေပေမယ့် အမေ့ ဆီ အလည် မလာရတော့ဘူးလား ”

“ နို့ မမြကြည် မေမေ က မမြကြည် အပျို ဆိုပါကလား ”

“ အပျို ပဲဟာ အပျို ပြောမှာပေါ့ ။ အအို လို့ ဆိုရဦးမှာတဲ့လား ” ဟုပြော သောအခါ ကျွန်တော် သည် မမြကြည် ၏ ပခုံးကလေး ကို ကိုင်၍ လှုပ်ပြီးလျှင် ပြင်းထန်စွာသော စိတ်နှင့် “ နို့ အမာ ကကော အမာ ကကော ” ဟု မေးမိလေ၏ ။

ရယ်လျက် “ အမာ က ကျွန်မ တူမ ပါ ။ သူ့ အမေ သူ့ ကို မျက်နှာ မြင်ပြီး ဆုံးသွားတော့ သူ့ ကို ကျွန်မ က မွေးစား ထားရတာပါ ။ သူ က ကျွန်မ ကို မေမေ လို့ မှ မခေါ်ဘဲ ။ မြမြ လို့ သာ ခေါ်တာပဲ ” ဟု ပြောသောအခါ ။

ကျွန်တော် က “ မြမြ ၊ မြမြ ၊ မင်း အစက ကိုကို့ ကို ဒုက္ခပေးရလေအောင် လို့ ဒါတွေ ထုတ် မပြောတာပေါ့လေ ” ဟု ဆို၍ မမြကြည် ကို အတင်း ပွေ့ယူမည် ပြုရာ ကျွန်တော့် ပါး ကို နာနာကြီး လိမ်ဆွဲလိုက်သဖြင့် ကြံရာ မရောက်ဘဲ ရှိရလေ၏ ။ နောက် ကျွန်တော် က စိတ်မကျေနပ်သော အကြောင်း တစ်ခု ပေါ်လာပြန် သဖြင့် “ နို့ မြမြ မင်းဘူး မှာ အမာ အဖေ နဲ့ အတူတူ နေကြသလား ”

“ အို မနာလို တတ်လိုက်တာလဲ လွန်လို့ပဲ ။ မြမြ အမာအဖေ နဲ့ တူတူ မနေပါဘူး ကိုကို ရဲ့ ။ အမာ အဖေ က ခု ကျောင်းတော်ရာ မှာ ကျောင်းထိုင် နေပါတယ် ။ မြမြ ညီမ ဆုံးသွားတော့ သူ လည်း စိတ်ညစ်တာ နဲ့ စက် ကို အမာ နာမည် နဲ့ လွှဲပြီး အမာ ကို မြ နဲ့ အပ်ထားခဲ့ပါတယ် ။ ကဲ ကျေနပ်ပြီလား ”

“ ကျေနပ်ပါပြီ မြမြ ရယ် ” ဟု ပြောပြီး သို့ပေမယ့် ခက်နေတာ က တစ်ခု ရှိတယ် မြရယ်  ၊ မြ မေမေ ကို ရှက်စရာ ကောင်းနေပြီ ။ ကိုကို သူ့ ကို တစ်သက်လုံး လူပျိုကြီး လုပ်နေမယ် လို့ ဘဲ ပြောထားမိတယ် ”

မြကြည် က အားရပါးရ ရယ်၍ “ ကိစ္စ မရှိပါဘူး ကိုကိုရယ် ၊ ဘာမှ မစိုး
ရိမ်ပါနဲ့ ၊ ကိုကို လာတဲ့ အကြောင်း သူ မြ ကို ပြောပြပြီး စာတွေ ထုတ်ပေးလို့ ဖတ်ရတော့ ကိုကို မှန်း သိတာနဲ့ မြမြ သင်္ဘောပေါ် တုန်း က အကြောင်းတွေ ပြောပြထားပါပြီ ။ မေမေ က လည်း နားလည်ပါတယ် ။ အခု သူ ခုလောက် ကြာကြာ သွားနေတာ ဒါကြောင့်ပေါ့ ။ သူ ကတော့ ကိစ္စ မရှိပါဘူး ။ ကိုကို ကိုယ် ကသာ နောက်တော့ မြမြ ကို မုန်းပြီး လူပျိုကြီး လုပ်နေတော့မယ် မပြောပါနဲ့ ” ဟု ချစ်သမျှ ကို အနည်းငယ်မျှ မဖုံးတော့ဘဲ ဘွင်းဘွင်းကြီး ဖွင့်၍ မူရှာရင်း ပြောလေ၏ ။

ကျွန်တော် လည်း မြမြ နှင့် မျက်နှာချင်း အပ်ကာ သင်္ဘောပေါ် တုန်း က အဖြစ်အပျက် ကို သတိရမိလေ၏ ။ ဟိုတုန်းက မြမြ သည် ကျွန်တော့် စိတ်ကို ကောင်းကောင်းကြီး သိသွားပါလျက် မြမြ စိတ်ကို အနည်းငယ်မျှ မရိပ်မိခဲ့သည် မှာ ဘယ်အတွက်ကြောင့် ဟူ၍ မတွေးနိုင်တော့ချေ ။

နောက် မြမြ နှင့် ကျွန်တော် သည် ဤကဲ့သို့ ပျော်ရွှင်စွာ စကား ပြောနေ၍ ညနေစောင်းသော အခါ ဒေါ်စိန် သည် ကျွန်တော် တို့ ထံ လာ၍ ကျွန်တော့် ကို ကြည့်ပြီးလျှင် ...

“ လူပျိုကြီး မောင်လှဖေ ။ ပစ္စည်း ကို ခွဲပေးဖို့ ဒေါ်ဒေါ့် သမီး ကို ပြောရပြီလား ” ဟု မေး၍ ရယ်ရှာလေ သတည်း ။

⎕ ရေးသူ - ဆုရ
📖သူရိယ ဝတ္ထုတိုများ

No comments:

Post a Comment