Monday, June 16, 2025

အချစ်သည် ငှက်မဟုတ်


 

❝ အချစ်သည် ငှက်မဟုတ် ❞
          ( ကြည်သာ )

အလုပ် လက်စသတ် နေရာ က နံရံကပ်နာရီ ကို လှမ်း ကြည့်လိုက်သည် ။ ခြောက်နာရီ ထိုးဖို့ ဆယ်မိနစ် သာ လိုတော့သည် ။ လူ က အလုပ် ထဲ မှာ နစ်နေ သော်လည်း စိတ် က “ ပန်းလမင်း ” ကို ရောက်နှင့်ပြီ ။

“ ဘော့ ( Boss ) ဧည့်သည် ၊ ကိုသော်တာ တဲ့ ”

ဈေးကွက်မန်နေဂျာ ကျော်စန်းဦး ၏ အသံကြောင့် အာရုံ နောက်သွားသည် ။

“ မရှိဘူး ” ဟု ပြောလိုက်ဖို့  လက်ဟန်ခြေဟန် နှင့် ပြနေ့စဉ် ခန်းစီး လိုက်ကာ လှပ်ပြီး သော်တာ က  ဝင်ချလာသည် ။

“ မင်း , မတွေ့ချင်ပေမယ့် ငါ တမင် လာတွေ့တာကွ ။ တို့ စကားနည်းနည်း ပြောရအောင် ... ”

သော်တာ က စားပွဲရှေ့က ကု,လားထိုင် မှာ ဝင် ထိုင်လိုက်သည် ။

“ နောက်နေ့ကျမှ ပြောပါလား ၊ အခု အရေးကြီးတဲ့ ကိစ္စနဲ့ သွားရဦးမယ် ”

“ ပန်းလမင်း ကို မဟုတ်လား ၊ စောပါသေးတယ် ၊ ငါ နဲ့ စကား ပြောပြီးမှ သွားတာပေါ့ ၊ အချိန် နည်းနည်းတော့ ပေးရမယ် ”

“ ဒါဆို  တိုတိုနဲ့ လိုရင်းပဲ ပြော ၊ ဆယ့်ငါးမိနစ် လောက်ပဲ အချိန် ရမှာ... ”

သော်တာ က ကောင်းမြတ်တိုး နှင့် ငယ်သူငယ်ချင်း ။ ကျောင်းနေဘက် ။ တစ်ဦး ကိစ္စ ကို တစ်ဦး ကို အူမ, ချေးခါး မကျန် အသိ ပေးဖေါ် ပေးဘက် ။ ပြောမနာ ဆို မနာ ။ ဒါ့ကြောင့် သူ့စကားကို ကောင်းမြတ်တိုး ကြားချင်ချင် မကြားချင်ချင် အလိုက်သင့် နားထောင်ရုံ သာ ။ သူ့ ကို လှန်လို့မရ  ။

“ ငါပြောမယ့် ကိစ္စ မင်း သိပြီးသားပါ ၊ မင်း အိမ် မကပ်တဲ့ ကိစ္စ ”

“ မွန် ... နဲ့ မင်း တွေ့ခဲ့ပြီ မဟုတ်လား ”

“ ဒါက ... အဖြစ်မှန်ပဲလေ ၊ မင်း , ငြင်းချင်သေးလို့လား ၊ မွန့် ကို မင်း အရင်က လောက်မှ ဂရုမစိုက်တော့တာ ၊ ပြီးတော့ မင်း ဘက်က မှားနေတာ ”

“ တစ်ဖက်သတ်ပါ ။ ငါ သူတို့ကို အားလုံး ပြည့်စုံအောင် ထား တာပဲ ”

“ ဟေ့ကောင်... ကောင်းမြတ်တိုး ၊ ဘဝ ဆိုတာ ရုပ်ဝတ္တု ဖြည့်ဆည်း ပေး ရုံနဲ့ ပြီးတဲ့ ကိစ္စ မဟုတ်ဘူးကွ ။ သူ့ဘက် ကိုယ့်ဘက် နှစ်ဘက် ထဲ ကြည့်ပြီး ဆုံးဖြတ် ရတာမျိုးလည်း မဟုတ်ဘူးနော် ။ ပတ်ဝန်းကျင် အသိုင်းအဝိုင်း ၊ ကိုယ့် မိသားစု ဘဝ သာယာရေး ၊ စီးပွားရေး တောင့်တင်းဖို့ … ဒါတွေပါ ပြည့်စုံမှ ... ဒါ ... ဘဝပဲကွ ”

“ ဟား ... ဟား ... ဟား ... ဘဝ ၊ အဲသည် ဘဝ အတွက် ငါကြိုး စားခဲ့ ပြီးပြီး ၊ မွန် လိုတရ နိုင်အောင် ငါ စီးပွား ရှာပေးခဲ့ပြီးပြီပဲ ။ ငါ့ ကို နည်းနည်းတော့ နားလည် ပေးကြပါကွာ ၊ ငါ့ ဘဝ မှာ အမောတွေ နဲ့ ချည်း ဖြတ်သန်းခဲ့ရတာမို့ ၊ အရမ်းကို ကျိုးပဲ့ ကြေမွနေပြီ ။ ငါ့ အတွက် စိတ်ရော ကိုယ်ပါ လန်းဆန်းဖို့ ... ပန်းလမင်း ကို လိုအပ်နေတယ် ”

ကောင်းမြတ်တိုး ၏ လေသံ က အရာရာ ကို ဥပေက္ခာ ပြုထားသည့် လေသံ ။ သူ့ဇနီး “ ယဉ်မွန်မွန် ” နှင့် သူ့မိသားစု အပေါ် မေတ္တာ ခန်းခြောက် နေသည့် အပြုအမူ ...

“ အေး ... မင်း အဆိပ်တက် နေတဲ့ အချိန် မှာ ငါ့ စကား မတိုးဘူးပေါ့ ၊ တစ်ချိန်က မင်း မိသားစု အတွက် မင်း , ရုန်းကန်ခဲ့တာ ဟာ တကယ့်ကို ထရူးလိုက်ဖ်အက်ဒ်ဗင်းန်ချား ( True Life Adventure ) ဖြစ်ခဲ့ပေမယ့် ခုချိန်မှာ မင်း ဟာ ဆင်ကန်းတောတိုး ဖြစ်နေပြီကွ ၊ မီးကို တိုးတဲ့ ပိုးဖလံ ဟာ မီးရောင် ကို တပ်မက်လို့ နောက်ဆုံးတော့ အသက်ပေးကြရတာပဲ ၊ ရသမျှ အချိန်ကလေး ထဲက အရေးအကြီးဆုံး တစ်ခုပဲ မှာချင်တယ် ။ မင်း ဘယ်သွား သွား ဘာပဲ လုပ်လုပ် မင်း မိသားစု မကွဲအက်ဖို့ အတွက် အဖေါ်  ပါပါ စေကွာ ”

ကောင်းမြတ်တိုးက  ရုတ်တရက် သော်တာ့ ကို ကြောင်ကြည့်သည် ။

“ ငါ ပြောတာ မင်း ဘေးက အဖေါ် ကို ပြောတာ မဟုတ်ဘူး ၊ မင်း အိတ် ထဲမှာ အဖေါ် ထည့်သွားဖို့ ပြောတာ ... ”

ပြောပြောဆိုဆို ထပြီး ထွက်သွားသော သော်တာ ကိုကောင်းမြတ်တိုး ကြည့်လိုက် သည် ။ အခုမှ ပန်းလမင်း က သူ့ စိတ်ထဲ သို့ ပြန်ရောက်လာသည် ။

••••• ••••• •••••

ဖြူနှင်းဖွေး ကျုရှင် က ပြန် လာတော့ အိမ် မှာ မေမေ မရှိ ၊ မောင်လေး ပြည့်ဖြိုးမောင် ကိုသာ တွေ့ ရသည် တစ်အိမ်လုံး တိတ်ဆိတ်နေပုံက ချောက်ချားစရာ ပင် ကောင်းသည် ။

“ မောင်လေး ... မေမေ ကော ”

ဖြူနှင်းဖွေး ၏ အသံကြောင့် ဆိုဖာကု,လားထိုင် ပေါ်တွင် အိပ်ငိုက် နေသော ပြည့်ဖြိုးမောင် ရုတ်တရက် လန့်သွားသည် ။

“ အန်တီမော်မော် တို့ အိမ် သွားမယ် ပြောတာပဲ ၊ ဗေဒင်အိမ် သွားသလားမှ မသိတာ ...”

ပြည့်ဖြိုးမောင် က စိတ်မပါသလို ပြောလိုက်သည် ။ ဖြူနှင်းဖွေး က ကျောပိုး အိတ်ကို စားပွဲ ပေါ်မှာ ချထားလိုက်ပြီး ပြည့်ဖြိုးမောင် ကို ကရုဏာသက်စွာ ကြည့်လိုက် သည် ။ မိသားစု တစ်စုတွင် ပျော်ရွှင်စရာတွေတွေ့ ရပါက အငယ်ဆုံး ကလေးက အပျော်တတ်ဆုံး ဖြစ်ပြီး ဝမ်းနည်းစရာ ကြုံရပါကလည်း အငယ်ဆုံးကလေး ကပင် အကြေကွဲဆုံး ဖြစ်တတ်ကြသည် ။ သည်အိမ်မှာ အငယ်ဆုံး ဖြစ်သော မောင်လေး ပြည့်ဖြိုးမောင် ကို ဖြူနှင်းဖွေး စာနာမိသည် ။ 

“ တို့တွေ ဖေဖေ နဲ့ မျက်နှာချင်း မဆိုင်ဖြစ်တာ ကြာပြီ နော် ... ”

ဖြူနှင်းဖွေး က ညည်းတွား သလိုလို လွှတ်ကနဲ ပြောလိုက်မိသည် ။ ပြည့်ဖြိုးမောင် ၏ မျက်နှာ သည် ရုတ်ချည်း လွမ်းရိပ်ဆင်လာသည် ။ ပြည့်ဖြိုးမောင် အားမငယ် စေရန် ဖြူနှင်းဖွေး က စကားလမ်းကြောင်း လွှဲလိုက်ရသည် ။

“ မမ ကို ... သူငယ်တန်းမှာ ကျောင်းစ , အပ်တဲ့ နေ့က ပျော်လွန်းလို့ ပြုံးနေတဲ့ မေမေပုံ ကို ခုထိ မမ မျက်စိ ထဲက မထွက်သေးဘူး ”

ပြည့်ဖြိုးမောင် ၏ မျက်လုံးများ တောက်ပ လာကြသည် ။ 

“ အဲသည်နေ့ က ကျွန်တော် က မေ့မေ့ လက်ကို ဆွဲပြီး မမ ကို ကျောင်း လိုက်ပို့တယ် ။ ဖေဖေတော့ မပါဘူး ၊ မမ က မေမေ နဲ့ ခွဲပြီး ကျောင်း မှာ နေခဲ့ရမှာ ကြောက်တော့ အသံပြဲကြီး နဲ့ တအား ငိုတယ် ။ ပြီးတော့ မေမေ့ ကို လွတ်မသွားအောင် အတင်းပဲ ခါး ကို ဖက်ထားတယ် ”

ပြည့်ဖြိုးမောင် ၏ စိတ်အစဉ်က ငယ်စဉ် ဘဝ ဆီ သို့ ပြန်လည် ရောက် သွားသလို ခံစား လိုက်ရသည် ။ ပြီးတော့ သူတို့ ကျောင်း စ အပ်သည့် နေ့ကိုပါ ပြန်လည် မြင်ယောင်လာသည် ။

“ ကျွန်တော့် ကို ကျောင်း အပ်တဲ့ နေ့က ဖေဖေ ပါ ကျောင်း လိုက်လာတယ် ၊ ဖေဖေ နဲ့ မေမေ ကျွန်တော့် ကို ကျောင်းမှာ ထားပြီး ပြန်သွားတော့ ကျွန်တော် မငိုဘူး ဘာဖြစ်လဲလို့ ဆိုတော့ မမ တစ်ယောက်လုံး ကျောင်း မှာ ရှိနေလို့ အားရှိ နေတာပေါ့ ၊ ဒါပေမယ့် ဖေဖေ နဲ့ မေမေ ကို ခွဲလိုက်ရ သလို ခံစားမိပြီး ဝမ်းနည်းတယ် ”

ပြည့်ဖြိုးမောင် က တစ်လှည့် ပြောသည် ။

“ ကျောင်းအပြီး လွှတ်လိုက်လို့ အိမ်ပြန် ရောက်တော့ ၊ မေမေ က စာတွေ မေး ၊ ဖေဖေ က မုန့်တွေကျွေး နဲ့ ... အဲဒီတုန်းက အရမ်း ပျော်စရာ ကောင်းတာပဲနော် ”

ဖြူနှင်းဖွေး က သူ့ မောင်လေး ကို ရင်နင့်စွာ ကြည့်လိုက်သည် ။

“ ခုတော့ မပျော်တော့ပါဘူး ... မမရာ ”

“ မမ လည်း မောင်လေး လိုပါပဲ ”

မောင်နှမ နှစ်ယောက် ကြိတ်ထား တင်းထားသည့် ကြားမှ မျက်ရည် များ ကျဆင်းလာသည် ။

“ တကယ်လို့ ဖေဖေ နဲ့ မေမေ လမ်းခွဲကြမယ် ဆိုရင် မမ , ဘယ်သူနဲ့ နေမလဲ တို့ နှစ်ယောက် ထဲက တစ်ယောက် ယောက် ကို ခွဲယူမယ် ဆိုရင် မောင်လေး နဲ့ မမ , ခွဲနေရမှာ ”

“ ကျွန်တော် က တော့ ဖေဖေ့ ကို ချစ်ပေမယ့် မိထွေး နဲ့ တော့ မနေနိုင်ဘူး ”

“ တို့ မိသားစု မကွဲကွာဖို့ က ဟိုမိန်းမ , မရှိမှ ကောင်းမှာ ၊ ဖေဖေ သာ , အဲဒီ မိန်းမ ကို မယူရင် မေမေ လည်း စိတ်ဆင်းရဲရမှာ မဟုတ်ဘူး ”

“ ဟုတ်တယ်မမ ၊ အဲဒီမိန်းမ ၊ ဟိုရောဂါနဲ့ မြန်မြန်‌သေ မှကောင်းမှာ ”

မောင်နှမ နှစ်ယောက် တစ်ယောက် ကို တစ်ယောက် ဖက် ထားလိုက် ကြသည် ။ အရာရာ ပြည့်စုံ နေသော်လည်း မိဘမေတ္တာငတ်မွတ် နေသောကြောင့် သူတို့ စိတ် တွင် ထိခိုက် ဒဏ်ရာ ရနေကြသည် ။

••••• ••••• •••••

ပန်းလမင်း သည် သူ့ ကိုဆက်ဆံရေး ကျဲသွားပြီ ဟု ကောင်းမြတ်တိုး ခံစား လိုက်ရသည် ။ “ ဂျူရာနိုလမင်း ” ဟု အမည် ရသည့် ဗိုကယ်လ် ( Vocal ) ကလေး ကတော့ သူ့ကို လုံးဝ , လုံးဝ စိမ်းရုပ် ဆင်သွားပြီ ။ သည် အခြေအနေ မတိုင်မီက ပန်းလမင်း စားသောက်ဆိုင် တွင် ကောင်းမြတ်တိုး က ဘုရင်တစ်ဆူ ။ သူ့ အတွက် စိတ်တိုင်းကျ ကားပတ်ကင် ။ စတိတ်စင် ရှေ့တည့်တည့် အရှေ့ဆုံး မှ စားပွဲဝိုင်း က သူ့ အတွက် ပုံသေ ။ ပြီးတော့ ပန်းလမင်း ၏ အလှပဆုံး ညို့အားအကောင်းဆုံး ကွင်း ဗိုကယ်လ်လစ် ( Queen Vocalist ) ဂျူရာနိုလမင်း သည်ပင် ၊ သူ့ အတွက် မူပိုင် ၊ သူ , သည်ဆိုင် မရောက်မချင်း ‘ ဂျူရာနိုလမင်း ’ စတိတ်ခ်ျ ပေါ် မတက်ရ ။သူ ရောက်ပြီး စားပွဲဝိုင်း မှာ ကျကျနနထိုင် ။ ချိတ် ထားသော တန်းမှ ပန်းကုံးများ အကုန်လုံး သူဝယ်ပြီး သူ့ စားပွဲ ပေါ်တွင် တစ်ပုံကြီး ပုံထားပြီးမှ ‘ ဂျူရာနိုလမင်း ’ စင်ပေါ် တက်ကာ ညို့သီချင်းများ သီဆိုရသည် ။ ဒါကလည်း ‘ ပန်းလမင်း ’ ၏ နိစ္စဓူဝ လုပ်ငန်းဆောင်တာ
များသာ ။ သူ့ စားပွဲ ပေါ်မှ ပန်းကုံးများ ကို သူ ကိုယ်တိုင် ဂျူရာနိုလမင်း ၏ လှပကြော့ရှင်းသော လည်တိုင်တွင် ဆင်ပေးပြီး မှ ကျလာသော ပန်းကုံးများ ကို အခြား အခြားသော ကတ်စတန်မာ ( Customer ) များက အခြားသော အဆိုတော်များ ကို ဝယ်ယူ ဆုချီးမြှင့်ခွင့်ရကြသည် ။ ဒါကလည်း ဆိုင်မန်နေဂျာ က လုံးဝ ဂရုမစိုက် ။

သို့သော် , ငွေဖြုန်းနိုင်သည့် ကတ်စတန်မာမျိုး ၊ သူ့ ဆိုင်က အပြီးအပိုင် ထွက်ခွာ သွားမှာ ကို သူ လိုလားပုံ မရ ။ လချုပ်စာရင်း ဆွဲသည့် အခါ ဆိုင်၏ အမြတ်အစွန်း ဂရပ်ဖ်မျဉ်း ကို အောက်စိုက်ဆင်း မသွားဖို့က အလွန် အရေးကြီးသည် ။ ဒါမှ, သည်ဆိုင်မှာ သူ အသက်ဆက်ခွင့် ရမည် ။ ကောင်းမြတ်တိုး သည်ဆိုင်မှာ သုံးခဲ့သော ငွေကြေးပမာဏ က လည်း ဆိုင် ၏ အမြတ်ငွေ ခြောက်ဆယ် ရာခိုင်နှုန်း ကို လစဉ်ပုံမှန် ဖြည့်တင်း ပေးနေသည် မဟုတ်ပါလား ။ ဒါကြောင့်ပင် ကောင်းမြတ်တိုး က သည်ဆိုင် ၏ ပထမ အခွင့်ထူးခံ ဖြစ်လာသည် ။ ကောင်းမြတ်တိုး သည်ဆိုင် မှ အခြားသော ဆိုင်များသို့ထွက်မသွားအောင် ထိန်းထားနိုင်သည့် ‘ ဂျူရာနိုလမင်း ’ ကို လည်း မန်နေဂျာက အထူး အခွင့်အရေးများ ပေးထားရပါ၏ ။ “ ကေသီလမင်း ” “ ရတနာလမင်း ” “ နရဏီလမင်း ” စသော ညှို့ပါဝါ ရှိသော အဆိုတော်များ သည်ပင် ‘ ဂျူရာနိုလမင်း ’ နှင့် ပတ်သက်ပြီး ဆိုးသည် ကောင်းသည် ဝေဖန် ပြောဆိုခွင့် မရကြ ။ ဒါကြောင့် ‘ ဂျူရာနိုလမင်း ’ သည်လည်း သည်ဆိုင် ၏ ဒုတိယ အခွင့်ထူးခံ ဖြစ်လာ ပြန်၏ ။ ဆိုင်မန်နေဂျာ ပင် သူတို့ ၏ အရိပ်အကဲ ကို ကြည့် နေရသည် ။

ကောင်းမြတ်တိုး နှင့် ဂျူရာနိုလမင်း တို့၏ ရင်းနှီးမှု မှာလည်း စင်ပေါ် နှင့် စင်အောက် လှုပ်ရှားသီဆို ဖိုမသံ ပေးနေသည့် အဆင့် ကို ကျော်လွန် လာခဲ့သည် ။ ညဘက် ဆိုင်တွင် တွေ့ဆုံမှု များသာ မဟုတ်တော့ဘဲ နေ့ဘက် တွင် ကောင်းမြတ်တိုး ၏ ကားပေါ်မှာ ၊ ‘ အင်း ’ ( Inn ) တွေမှာ ၊ ပြီးတော့ ထို့နောက် ... ထို့နောက် ...

“ သည်လိုပဲ လူမသိ သူမသိ ခိုးဝှက် သွားလာ နေရတာနဲ့ပဲ ကျေနပ် နေရတော့မှာလား ကိုကို့ရယ် ၊ ကိုကို နဲ့ နာရီစက္ကန့်မလပ် , အတူတူ နေချင်တာ ၊ ဘာလဲ ကိုကို က ဂျူရာ့ ကို ကို့ကို့မယား အနေနဲ့ လို့ သူသိရှင်ကြား မဖြစ်စေချင်လို့လား ”

“ မဟုတ်ပါဘူး ဂျူရာရယ် ၊ ဂျူရာ့ ကို ကိုကို ဘယ်လောက် ချစ်လဲ ဆိုတာ ဂျူရာ အသိဆုံးပါ , ဒါပေမယ့် ….. ”

“ ကိုကို့ မယားကြီး ကို မကွာနိုင်ဘူး ဆိုပါတော့ ”

‘ ဂျူရာနိုလမင်း ’ က ညှို့ပါဝါများ ကို မိုင်ကုန် သုံးကာ ... အပိုင်နော် ကြံ လိုက်ချင် ၊ တိုင်ပေါ် အလံစိုက်ချင် ဆိုသကဲ့သို့ မထိခလုတ် ထိခလုတ် ဆိုလာသည် ။ ကြာတော့ ကောင်းမြတ်တိုး အာရုံ နောက်လာသည် ။ တစ်ဘက်က သူ ချစ်သော ‘ မွန် ’ နှင့် သူသားသမီး ကို ရင်ဆိုင်ရမည် ။ အပြတ် စွန့်ချင်လည်း စွန့်ရမည် ။ တကယ် စွန့်ရမည် ဆိုပြန်တော့ ဆယ်စုနှစ်စွန်းစွန်း လက်ပွန်းတတီး ရင်းနှီး ကျွမ်းဝင်ခဲ့သော မိသားစု သံယောဇဉ်ကို လွယ်လွယ်နှင့် ဖြတ်လို့ မရ ။ ဘယ် သံယောဇဉ် က အဓိက ဘယ် သံယောဇဉ် က သာမည ဟု ချီတုံချတုံ ဖြစ်နေခိုက် ထုံးစံအတိုင်း ပန်းလမင်း သို့ ကောင်းမြတ်တိုး ရောက် လာခဲ့သည် ။ ထူးခြားပြောင်းလဲနေသည် က မိမိ ကား ထား နေကျ နေရာတွင် တိုရိုတာ လင်းခရူဇာ ကားအသစ်ကြီး တစ်စီး က နေရာယူ ထား သည်ကို တွေ့လိုက် ရခြင်းဖြစ်သည် ။ ဝိတ်တာ ( Waiter ) ကလေး ကို မေးတော့ မန်နေဂျာ ကိုယ်တိုင် ခွင့်ပြုတာ ဟု ဆိုသည် ။ စိတ်ထဲ တွင် အနည်းငယ် တင်းသွားသည် ။ မန်နေဂျာ နှင့် ဆွေးနွေးရန် ဆိုင်ထဲ ဝင်လာပြန်တော့ မိမိ ၏ သီးသန့် စားပွဲ မှာ ပုတီးနားဆွဲ လက်ကောက်များ နှင့် ခေတ်ရှေ့ပြေးလူငယ် သုံးဦး ကို တွေ့လိုက်ရသည် ။ မထင်ထားဘဲ ‘ ဂျူရာနိုလမင်း ’ ကလည်း စင်ပေါ် မှာ သီချင်း ဆိုနေပြီ ။ အပြောင်းအလဲ မြန်ဆန် လွန်းသောကြောင့် ကောင်းမြတ်တိုး မန်နေဂျာ နှင့် တွေ့လိုက်သည် ။

“ ဆောရီးပဲ ‘ ကောင်းရေ ’ ဂျူရာနို ကိုယ်တိုင် က စီစဉ်ခိုင်းလို့ပါ ဒါ , သူ့ရဲ့ အထူး ဧည့်သည်တွေလေ ”

ရှင်းပါပြီ ။ ကောင်းမြတ်တိုး တစ်ခုခု ဆုံးဖြတ်ရန် ဖိအား ပေးလိုက်ခြင်းပေပဲ ။ ဆိုင် ထဲမှာ မလိုလားအပ်သော ပြဿနာများ ထပ် မဖြစ်ဖို့ ကောင်းမြတ်တိုး စိတ်ထိန်း ထားလိုက်သည် ။ နံပါတ်တစ် နေရာမှ ရွေ့သွားခဲ့ရသည် ကို လက်ခံ လိုက်ပါပြီ ။ ‘ ဝဋ်လည်ပြီ ’ ဟူ၍ လည်း ပြောလို့ရသည် ။ ခုတော့ စင်ကျ ပန်းကုံးများ ကို ယူကာ သူ တစ်ခါမျှ မပေးခဲ့ဘူးသော “ နရဏီ ” တို့ “ ရတနာ ” တို့ကို ရသေ့စိတ်ဖြေ ပေးခဲ့ရ လေသည် ။ နောက်နေ့ နောက်နေ့များ မှာလည်း သူ နံပါတ်တစ် ကို ပြန်မရ ။ သည်းမခံ နိုင်သည့် အဆုံး ‘ ဂျူရာနို့ ’ ကို သူ ဆွေးနွေးသည် ။ ‘ ဂျူရာနို ’ က သူ့ လမ်း သူ လျှောက်တာပါ ဟုဆိုသည် ။ နောက်ဆုံး သူတို့ အပေးအယူ တည့်သည်က ကောင်းမြတ်တိုး , ဂျူရာနို ကို တရားဝင် လက်ထပ်ရန် ဖြစ်သည် ။ သည်နောက် ... သည်ကိစ္စ နှင့် ပတ်သက်ပြီး ၊ ကောင်းမြတ်တိုး မွန် နှင့် နေ့စဉ် စကားများရသည် ။ တိတိပပပဲ ... မွန့် ကို လမ်းခွဲပြီး ဂျူရာနို နှင့် လက်ထပ်မည် ဟု မိသားစု ရှေ့မှာ ကြေညာတော့ ဖြူနှင်းဖွေး နှင့် ပြည့်ဖြိုးမောင်တို့ အော်ဟစ် ငိုယိုကြသည် ။ မွန် ကတော့ ကောင်းမြတ်တိုး ၏ ကိုယ် ထဲ မှ မ, ဆိပ်ကို ဖြေရန် “ သော်တာ ” ကို ထပ်မံ အကူအညီ တောင်းရပြန်သည် ။

••••• ••••• •••••

ကျော်ဆန်းဦး တင်ပြသော ကောင်းထရိတ်ဒင်း ၏ လပတ် အစီစဉ်ခံစာ ကို ဖတ်ရင်း ကောင်းမြတ်တိုး နဖူးပြင် ပေါ်မှာ ချွေးသီးများ တွဲခိုလာသည် ။ အစီစဉ်ခံစာ ၏ သုံးသပ်ချက် ၌ ကောင်းထရိတ်ဒင်း ကဲ့သို့သော နိုင်ငံခြားသို့ ပဲမျိုးစုံ တင်ပို့သော ကုမ္ပဏီများ နှင့် ဈေးကွက် ခွဲဝေယူနေရသော အနေအထား တွင် ဈေးကွက်သစ်များ ထပ်မံ ရှာဖွေရန် လိုအပ်ကြောင်း ၊ ပြည်တွင်း အဝယ်ဈေးကွက်တွင် ကုန်ဝယ်ယူ စုဆောင်းမှု ပမာဏ မြင့်တက်လာစေရန် ထိရောက်သော နည်းလမ်းသစ်များ ချမှတ်ပေးရန် လိုအပ်ကြောင်း ... တင်ပြ ထားသည် ။ တိုရှင်းလိုရင်း ပြောရလျှင် ကုမ္ပဏီ ၏ စီးပွားရေး မှာ မီးနီ ပြလျက် ရှိပြီ ။

“ ဟူး ”

ကောင်းမြတ်တိုး လေပူကြီး တစ်ချက် ကို မှုတ်ထုတ် လိုက်သည် ။ ‘ ဂျူရာနို ’ ကြောင့် ကောင်းထရိတ်ဒင်း ကို သူ ပစ်ထားခဲ့သည် မှာ ကြာပြီဖြစ်သည် ။ အားလုံးက သူ့ကို ချစ်ခင်ကြပြီး ကုမ္ပဏီ အပေါ် သစ္စာ ရှိကြ၍ သာ ဘုံးဘုံးလဲ မသွားခြင်း ဖြစ်သည် ။ မွန် နှင့် သူ့ မိသားစု ... ဂျူရာနို ... ပြီးတော့ ကုမ္ပဏီ .. သူ့ ခေါင်း ထဲမှာ ခြာခြာလည်နေသည် ။ တစ်ခုခု ဆုံးဖြတ်ဖို့ အတွက် သူ့ မှာ စွမ်းအားတွေ ယုတ်လျော့နေသည် ။

“ ဘော့စ် ( Boss ) ကိုသော်တာ ရောက် နေတယ် ”

“ လွှတ်လိုက်ကွာ .. ”

သူ့ ရှေ့က စားပွဲ မှာ သော်တာ ထိုင်မိသော အခါ သော်တာ က ...

“ ငါ, မင်းနဲ့ ဂျူရာနို အကွဲ အအက်တွေ ကို ပန်းလမင်း က ဝိတ်တာလေး ဆီ က ကြားခဲ့ပြီးပါပြီ ၊ မင်း , အတော် ထိ သွားတယ် မဟုတ်လား ”

ကောင်းမြတ်တိုး ဘာမှ ပြန် မပြောနိုင် ။

“ မင်းတို့ ဇာတ်လမ်း က အမြင့်ဆုံး အပိုင်းကက်တ်ပွိုင့် ( Catch point ) ကို ရောက်နေပြီကွ ။ သည် အပိုင်း ပြီးတာနဲ့ မင်းသား မင်းသမီး ဇာတ်ပေါင်းခန်းပဲ ”

ကောင်းမြတ်တိုး က သူ့ခေါင်း ကို ကုပ်ဖွလိုက်သည် ။

“ မင်း, ဘာပြောချင်တာလဲ ၊ ငါ နဲ့ ဂျူရာနို ပြန် ပြေလည် သွားပြီး ပေါင်းထုပ်ရမယ့် အခန်းလား ”

“ ဟား ... ဟား ... မင်း ဟာ စီးပွားရေးလောက မှာသာ ဆရာကြီးကွ ၊ အချစ်ရေး မှာတော့ ကလေးသာသာပဲ အတွေးအခေါ် ရှိတာ ၊ ဂျူရာနို နဲ့ သာ ဇာတ်ပေါင်း ပေးလို့ကတော့ ပရိသတ် က ဘယ် ကြိုက်ပါ့မလဲ ၊ ဂျူရာနို က ဗီလိန်ပဲကွ မင်းသမီး အစစ်က ... မွန်ကွ .. မွန် ၊ အေး , မင်း , ဂျူရာနို ကို ခရေဇီ ( Crazy ) ဖြစ်လို့ ကတော့ ငါ နားလည်ပေးလို့ ရပါတယ် ၊ ငါ လည်း ယောက်ျားပဲ ...  ”

“ ဘာကွ, မင်းက ဂျူရာနို ကို ဗီလိန်တဲ့ ဟုတ်လား ငါ့ ရင်ထဲမှာ ဂျူရာနို က နတ်သမီး အစစ်ကွ ”

“ ဟေ ... ဟေ့ ရယ်ရသကွာ ၊ ကပ်ကျေးကို နတ်သမီး လို့ မြင်တဲ့ကောင် ၊ သူ က မင်းရဲ့ စည်းစိမ် နဲ့ မင်း ရဲ့ ဓန ကို အချွဲအချို မာယာတွေ နဲ့ တတိတိ ညှပ်ပြီး ဖြတ်နေတာကွ အတုအပတွေ ကို သမုဒယ လို့ ထင်ပြီး ရူးသွပ်နေတာ ၊ အာလာဒင် ပုံပြင် ထဲ က လို မီးခွက်ဟောင်း နဲ့ မီးခွက်သစ် လဲချင်တဲ့ အကောင် ...  ”

“ ငါ က , မွန် နဲ့  ညားခဲ့ပြီးပြီလေကွာ ၊ ကလေး နှစ်ယောက်တောင် ရပြီးပြီပဲ ”

“ ဟုတ်တယ်လေ ၊ မင်းသမီး က အရွယ်ကလေး ရလာပြီ ။ သားကလေး ကကော သိပ်မကြာမီမှာ အရွယ် ရောက်လာရင် မင်း ကို အထင်သေးမှာပေါ့ကွ ၊ မင်းတို့ ကွဲကြ ပြဲကြလို့ သူတို့ ရဲ့ နုငယ်တဲ့ နှလုံးသား မှာ ဒဏ်ရာ ရကြရင် သူတို့ လူတော်လူကောင်း ကလေးတွေ ဖြစ်လာကြဖို့ မျှော်လင့်လို့ မရနိုင်တော့ဘူး ”

“ ဂျူရာနို က ‘ မွန့် ’ လို မင်း ကို ဘဝ တစ်လျှောက်လုံး လက်တွဲလိမ့်မယ်လို့ မင်း ယူဆ ထားသလား ၊ တစ်သက်လုံး အပျော်ကျူး လာတဲ့ သူတို့ ရဲ့ စရိုက် ကို မင်း ပြုပြင်နိုင်ပါ့မလား ။ မထင်ပါနဲ့ကွာ ၊ သူတို့ က မင်းကို ဖမ်းတာပါ ။ ဒါကို မင်း, ရိုးရိုးရှင်းရှင်း မြင်ပြီး နောက်ဆုတ် လိုက်ပါ ။ မင်း သူတို့ ဆီ မသွားလည်း သူတို့ ဘာမှ ဖြစ်မသွားဘူး ။ နိတ်စ်ဝမ်း နိတ်စ်ကမ်းပဲ ၊ ဆင်ခြင်တုံတရားတော့ မင်း ခေါင်း ထဲမှာ ကျန်ပါသေးတယ်နော် ”

ကောင်းမြတ်တိုး ခေါင်းပူ လာ၏ ။ သော်တာ က ဆက်ပြန်သည် ။

“ ငါ့တို့ ငယ်စဉ်က အချစ် ကို ရူးခဲ့ကြဖူးတယ်နော် ၊ အချစ်ငှက်ကလေးရေ ဘာညာပေါ့ ၊ တကယ်တော့ အချစ် ဆိုတာ ငှက် မဟုတ်ဘူးကွ ၊ နားချင်တဲ့ ကိုင်း မှာ ၊ တွေ့တဲ့ အဖေါ်နဲ့ အတူနား ။ နောက်တစ်ကိုင်း ... ထ ပျံသွားပြီး တွေ့ပြန်တဲ့ အဖေါ်နဲ့ တစ်ခါ ထပ်နား ၊ ကြာတော့ ဘာဖြစ်လာမလဲ ၊ မင်းသိပါတယ် ။ “ မွန် ” ဟာ , မင်း အပေါ်မှာ ကျောက်စိုင်ကျောက်သားလို ၊ ခိုင်ခိုင်မြဲမြဲ ချစ်ခဲ့တဲ့ ဘဝအဖေါ် ဆိုတာ မင်း , သိဖို့ ကောင်းပြီကွာ ၊ ဂျူရာနို ဆိုတဲ့ ငှက်ကလေး နဲ့ ၊ မင်း , ကိုင်းတစ်ကိုင်း မှာ နားခဲ့ပြီးပြီ ဆိုတာ ငါ သိနေလို့ မင်း ကို အဖေါ် ဆောင်ဖို့ ငါ , မပြတ် သတိပေးခဲ့တယ်နော် ။ မင်း , ဘာမှ မဖြစ်သေးဘူး ဆိုရင် လွန်သမျှ ဝန်ချ တောင်းပန်ပြီး ‘ မွန့် ’ ကို အတိုးချ ကြင်နာလိုက်ပါကွာ ”

••••• ••••• •••••

“ ဘော့စ် ... ကျွန်တော် ... အချိန် နည်းနည်းလောက် ”

အခန်း ထဲ ဝင်လာသော ကျော်ဆန်းဦး ကြောင့် ကောင်းမြတ်တိုး က ...

“ ဘာပြောစရာ ရှိလို့လဲ ၊ ပန်းလမင်း သွားတော့မလို့ ”

“ ခုနက ဘော့စ် နဲ့ ကိုသော်တာကြီး ပြောနေတာ ကြားနေရလို့ ”

“ ဒါ, ဘာဆန်းလို့လဲ ၊ ငါ့ ကိစ္စ မင်း အကုန်လုံး သိပြီးသားပဲ ၊ တစ်ခါတစ်ခါ မင်း တောင် ပန်းလမင်း ကို လိုက်သေးတာပဲ ”

“ အဲဒါ ပြောချင်လို့ပါ ။ ဘော့စ် မခေါ်တဲ့ နေ့ တချို့မှာ ကျွန်တော် တစ်ယောက် ထဲ စားသောက်ဆိုင်တွေ ကို တောလည် ထွက်ခဲ့တယ် ၊ စားသောက်ဆိုင် က သူယောင်မယ် ကလေးတွေ ကလည်း ဆွဲအားကောင်း, ကျွန်တော် ကလည်း လူပျိုလူလွတ် ဆိုတော့ မီးကုန်ယမ်းကုန် အပျော်ကျူးလွန်မိရာ က ...  ”

ကျော်ဆန်းဦး ၏ အသံ က တိမ်သွားသည် ။

“ ဆက်ပြောလေကွာ ”

“ ကျွန်တော် , ကျွန်တော် , အိပ်ချ်အိုင်ဗွီ ပေါ့စစ်တစ် ( HIV Positive ) ထိနေပြီ ။ ကျွန်တော့် မှာ မိသားစု မရှိပေမယ့် အမေအိုကြီး က ရှိနေတော့ မိုက်နောင်တ ဖြစ်နေတယ် ။ ဒါပေမယ့် နောက်ကျ နေပြီ ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့ က မဂ္ဂဇင်း ထဲ က ဓမ္မပဒ စာပိုဒ်ကလေး ကို ဖတ်မိတယ် ”

“ ဘာတဲ့လဲ ... ငါ့ကို ပြောစမ်း ”

“ သည်လိုပါ ... ဘော့စ် ၊ မိမိ မိုက်ကြောင်း ကို သိသော သူမိုက် သည် ဤသို့ သိခြင်းဖြင့် ပညာရှိ မည်၏ ။ မိမိ ကိုယ် ကို ပညာရှိ ဟု ထင်သော သူမိုက် သည်သာ စင်စစ် သူမိုက် ဟု ခေါ်ဆိုအပ်၏ တဲ့ ။ သည် စာပိုဒ်တွေ က ကျွန်တော့် ဟဒ် ( Heart ) ကို တိုက်ရိုက် ထိသွားတယ် ။ ဒါပေမယ့် နောက်ကျ သွားပြီ ။ ဘော့စ် ကို ဖတ်ပြချင်လို့ ကျွန်တော် အခန်း ထဲ ဝင်လာတာပါ ။ ဘော့စ် မိသားစု အတွက် အချိန်မီဦးမယ် ဆိုရင် ... ”

သူ့ သူငယ်ချင်း ၊ မိသားစု နှင့် ဝန်ထမ်းများ က သူ့ ကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည် ။ သို့သော် သူ့ ကို ဦးမတည်ဘဲ သူ့ ကိုယ်တွင်း သို့ဝင်ရောက်မည့် အကျင့်ဆိုး ၊ ရောဂါဆိုးများ ကိုသာ ပစ်မှတ်ထားကြောင်း ကောင်းမြတ်တိုး ဆင်ခြင် မိသည် ။ သူ က သစ္စာမဲ့ ပေမယ့် သူ့ အပေါ်  သစ္စာရှိသော ‘ မွန့် ’ ကို နားလည်ပေးမိသည် ။

“ ကလင် … ကလင် ... ကလင် ”

“ ဘော့စ် .. ဖုန်း ”

ကောင်းမြတ်တိုး ဖုန်း ကိုင်လိုက်သည် ။

“ ကိုကို လား ၊ ကိုကို သိပ်ရက်စက်တယ်နော် ၊ ဂျူရာ လွမ်းလှပြီ ၊ ကိုကိုရယ် , ခုလာခဲ့နော် ၊ ဒီနေ့ ဟိုကောင်တွေ တစ်ယောက် မှ မရှိဘူး ”

ကောင်းမြတ်တိုး ၏ နား ထဲသို့ သံရည်ပူတွေ တိုးဝင် စီးကျလာသည် ။

“ ဘာလဲ ... ဘာပြန်ပြောလဲ ”

ဂျူရာနို ပြောနေသော ဖုန်း ထဲ တွင် ဆိုင်မန်နေဂျာ ၏ တိုးတိုးသံ သဲ့သဲ့ ကို လည်းကြားရ၏ ။ မကျစ်ရသေးသော ပွတတ သံယောဇဉ်ကြိုး ကို အပြီးအပိုင် ဖြတ်ပစ် လိုက်ဖို့ ကောင်းမြတ်တိုး ဆုံးဖြတ်လိုက်သည် ။ အတုအယောင်တွေ ရှောင်ကြရှားကြ ပေတော့ ။

“ ကိုယ် , ဘယ် စားသောက်ဆိုင် မှ မသွားတော့ဘူး ဂျူရာ ”

ဖုန်း ချလိုက်သည် ။ ကောင်းမှု တစ်ခု ပြုလိုက် သကဲသို့ ကောင်းမြတ်တိုး ၏ စိတ် ထဲမှာ ကြည်လင်လာ၏ ။ မိသားစု အသိုက်အမြုံ ရှိရာသို့ ပျံသန်းလာသော အချစ်ငှက်ကလေး သာ ဖြစ်ချင်ပါတော့သည် ။

❑ ကြည်သာ

📖 အလင်္ကာရပ်ဝန်း ( ၇ )

No comments:

Post a Comment