❝ အဖြစ်ဘက်က နေလိုက်ရင် အားလုံး အဖြစ်ချည်းပဲ ❞
“ ဟဲလို ဟုတ် အိတ်တစ်ထောင် ၊ ဟုတ် ဖြစ်အောင် လုပ်ပေး လိုက်မယ်လေ ”
“ ဖြစ်တယ် ကြိုက်ရစေ့မယ် ၊ စိတ်ချ မကြိုက်ဘူးနော် ၊ ပြန် တင်ပေးလိုက် ၊ စရိတ် ကျွန်တော် ခံမယ် ၊ ဖြစ်တယ် ၊ အဖြစ်ချည်းပဲ ”
ဇွန်လ ၂၅ ရက် စနေနေ့ က အောင်လံမြို့ မြောက်ပိုင်း ပွဲရုံ ရောက်တော့ ၊ ပွဲစား နဲ့ တစ်ဖက် ဝယ်လက် တို့ ဖုန်း ပြောနေကြတဲ့ အသံတွေ ခင်ဗျာ့ ။
ကျွန်တော် မှန်းပြီး နားလည်လိုက်ရတာ ကတော့ ရန်ကုန် ဝယ်လက် က နှမ်းစမုံ အိတ် တစ်ထောင် ပို့ပေးနိုင်မလား မေးတယ် ။ သည်ဘက်က ပွဲစား က ရမယ် ပို့ပေးမယ်လို့ ဖြေတယ် ။
မကြိုက်ရင် ဘာလုပ်ရမလဲ မေးတယ် ၊ ပြန် ပို့လို့ ဖြေတယ် ။ ချုပ် ကြည့်လိုက်တော့ ပွဲစားဘက် က အဖြစ်ချည်းပဲ ဆိုတဲ့ သဘော ။ ဘယ်နေရာ က ထားထား ရတယ် ။ ဖြစ်တယ် ဆိုတဲ့ သဘော ။
သူတို့ စကား ပြောလို့ ပြီးသွားပြီ ။
“ ဘယ်လိုလဲ ပွဲစား ဖြစ်တယ်ချည်း ပြောနေပါလား ”
“ ဟင်း ဦးလေးချမ်း ကလဲ ဒါ ကျွန်တော် ပိုင်တဲ့ လိုင်းလေ ၊ ဒီ လိုင်း မှာတော့ မဖြစ်ဘူး ၊ မရှိဘူး ၊ မရဘူး ဆိုတာမှ မရှိတာ ၊ အဖြစ် အရှိ အရချည်းပဲဟာကို ”
မှန်ပေ၏ ။ ဒါ သူ့ လိုင်း ။ ထို ပွဲစားလေးကား အဖြစ်သမား ။
အဖြစ် ဘက် မှာ အမြဲ ရပ်နေသူ ။
••••• ••••• •••••
“ ဪ ရှိတယ် ၊ မမငြိမ်း ၊ အဖေ နဲ့ ပြော ၊ အဖေ မမငြိမ်း ဆီက ဖုန်းလာတယ် ”
“ အယ် ငြိမ်းငြိမ်း ပြော ဟုတ်တယ် ၊ ဆားနု ”
“ အန်ကယ်ချမ်း က ( ဆားနု ) အိတ် ငါးဆယ် မှာထားတယ်နော် ”
“ အေး ”
“ အဲဒါ အခု ကား ကုန်ရအောင် လို့ အိတ်တွေ အများကြီး တင်လာတယ် ”
“ အင်း ဒီတော့ ”
“ နောက် တစ်ရက် နှစ်ရက် ကြာ ရောက်မယ် ၊ အိတ် ငါးဆယ် မပုံဘဲ အန်ကယ်ချမ်း ဆီမှာ အိတ် တစ်ရာလောက် ပုံထားချင်လို့ ဒီမှာ နေရာ ကျပ်နေလို့ ”
“ ဖြစ်တယ်လေ ”
“ ငြိမ်း လိုချင်ရင် အဲဒီက ပြန်ယူမယ် ”
“ ဖြစ်တယ် ၊ ဘယ်လို လုပ်လုပ် ”
သည် ဆား ပဲ ခင်ဗျာ့ ။
မနှစ် ( ၂ဝဝ၄ ခုနှစ် ) ဇူလိုင်လ တုန်းက အောင်လံမြို့ မှာ ဧရာဝတီမြစ်ရေ လျှံတက်တော့ သူတို့ ပွဲရုံက မြစ်ကမ်းပါး မှာ ဆိုတော့ ... ။
ဗြုန်းဝုန်း ဆို ဆားအိတ်တွေ ကျွန်တော့် ထံ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာတယ် ။ လာထား ၊ ထပ်ထား ။
ရေကျ သွားလည်း လာ မယူတော့ဘူး ။
ကျွန်တော် က ဆားဖိုး ချေပြီး မြေပဲဆားလှော် မှာ သုံးလိုက်တယ် ။ ပြီးသွားတာပဲ ။
••••• ••••• •••••
“ ကဲ ပြော ဒေါ်စိန်မြဝင်း ၊ ကျွန်တော် ဘာလုပ်ပေးရမလဲ ”
“ မြေပဲတောင့်တွေ ပြတ်သွားလို့ အဲဒါ ”
“ အားမနာနဲ့ ဆရာမ ဖြစ်တယ် ၊ ဖြစ်အောင် စီစဉ်ရမှာပေါ့ ”
အဲဒါက လွန်ခဲ့သော သုံးနှစ် က ။
သည်နှစ် မှာ တော့ ၊
“ ဟုတ်ကဲ့ ဆရာမ ပြော ”
“ ဦးလေးချမ်း အတွက် ဝယ်ထားတာ မြေပဲတောင့်တွေ အများကြီးနော် ”
“ စိတ်ချ ဆရာမ ထွက်သမျှ ပဲဆန် အကုန်သာပို့ ”
“ ဈေးနှုန်းက ”
“ ဒါတော့ ဆရာမ ရယ် ၊ တက်ရင် တက်ဈေး ၊ ကျရင် ကျဈေး ၊ ပေါက်ဈေး ဖြစ်ရမှာပေါ့ ၊ ဈေးကို ကြိုးချည် မထားပါဘူး ”
ဒါက ကျွန်တော့် ဘက်က ။
“ ဆရာမ ရေပဲဆန် တင်းတစ်ရာ လောက် ပို့နိုင်ဦးမလား ၊ လက်ကျန် ကို စစ်ကြည့်ပါဦး ”
“ လေးဆယ် ရှစ်ဆယ် တစ်ရာ နှစ်ရာ ”
ဆရာမ ဒေါ်စိန်မြဝင်း မြေပဲတောင့် အိတ်တွေ စာရင်းကောက် နေသည် ကို ဖုန်း ထဲ ကြားနေရ ။
ပြီးမှ ။
“ တင်း တစ်ရာလောက် ရနိုင်သေးတယ် ”
“ ကောင်းပါလေ့ဗျာ ”
“ ဆရာမ ရေ ဘဏ် ငွေလွှဲ ရောက်နေလို့ ဖြစ်နိုင်ရင် ကလေး တစ်ယောက် လွှတ်လိုက်ပါဦး ငွေ ယူရအောင် ”
“ ဟုတ်ကဲ့ ဦးလေး ”
“ ဆရာမ ရေ ခုတစ်လော ငွေကြပ် နေလို့ ပဲဆန်ဖိုးတွေ ခဏ မှေးထားပါဦး ”
“ ဖြစ်တယ် ဦးလေး ”
သူ့ ဘက်က ဖြစ်လိုက်
ကျွန်တော့် ဘက်က ဖြစ်လိုက်
••••• ••••• •••••
“ ဟေ မင်း ဆီ မှာ သုံးဆယ်လောက် ပုံနေတယ် ”
“ ဟုတ်တယ် အ ဖေ ၊ ဒီ တစ်ခေါက် ပတ်ပြီး စုလိုက်ဦးမယ် ”
ဒါက ကျွန်တော် မောင်ချမ်းသာ နဲ့ သား ကိုရဲလေး ။
ကျွန်တော် က အောင်လံ က ပို့ပေး ။
သူ က ပြည်မြို့က ဒိုင်ခံ ရောင်း ၊ အကြွေး လိုက် တောင်း ၊ ငွေ စု ၊ အောင်လံ ပြန် ပို့ ။
“ မောင် ”
“ ဟင် ”
“ မောင်တို့ဟာတွေ ကလဲ တစ်နေ့ တစ်နေ့ အဖြစ်ချည်းပဲ ၊ ဖြစ်ပါတယ် ဆိုတဲ့ အသံတွေပဲ အမြဲကြား နေရတယ် ”
အေးလေ အဖြစ် ကိုပဲ အမြဲမြင် ၊ အဖြစ် ကိုပဲ အမြဲကြည့် ၊ အဖြစ် ကိုပဲ အမြဲလုပ် ခဲ့ကြလို့ တို့တွေ အခု အသက် ၆ဝ ကျော် ထိ ဆက်ပြီး လူလူသူသူ ဖြစ်နေကြတာပဲ မဟုတ်လား ။
▢ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၂၂ ဇူလိုင်လ ၂၀၀၅
No comments:
Post a Comment