Sunday, June 8, 2025

ပစ်တိုင်းထောင် ( ၀၉ ) ( ၂ )


 

❝ ပစ်တိုင်းထောင် ❞
    အပိုင်း - ၉ ( ၂ )

ဓနိရည်ဆိုင် တွင် ကျွန်တော် သည် တစ်ယောက်တည်း ထိုင်၍ သောက်ရင်း မရီ ၏ အကြောင်း ကိုသာ စဉ်းစားမိသည် ။ မရီ အကြောင်းကို တွေးရင်း နာကြည်းနေမိသည် ။ မရီ လို ရိုးသားသော မိန်းကလေး တစ်ယောက် သည် မည်သို့မည်ပုံ ခုလို ဘဝသို့ ရောက်လာရသည် ကို စဉ်းစား၍ မရနိုင်အောင် ရှိတော့သည် ။

မရီ ကို တစ်ယောက်ချင်း တွေ့၍ ဖြစ်ကြောင်းရယ် ကုန်စင် မေးချင်လှသည် ။ ကိုလှမောင် ကြောင့် ပင် ခုလို ဖြစ်ရလေသလား ၊ မအေးချိုကြီး ဖျက်ဆီး ၍ ခုလို ပျက်စီးရသလား ။

ကျွန်တော် သည် မည်သူ့ ကို အပြစ် ဆို၍ မည်သူ့ အား ဒေါသ ဖြစ်ရမည်ကို မသိအောင် ရှိတော့သည် ။ သို့နှင့်ပင် ဓနိရည် ကို အဆက်မပြတ် မော့လိုက်သည် ။ ဓနိရည် နှစ်လုံး ကုန်ခါနီး လောက်တွင် ကျွဲသိုး ပြန် ရောက်လာသည် ။

ကျွဲသိုး က လက် ထဲမှ ကျပ်တန်ကလေးများ ကို ရေတွက်၍ ကျွန်တော့် အား နှစ်ကျပ် ဝေခွဲ ပေးလိုက်သည် ။

“ ရော့ကွ … ငါးကျပ် ရတယ် ၊ မင်း နှစ်ကျပ် ၊ ငါ နှစ်ကျပ်ပေါ့ ၊ ပိုတာ က ဓနိရည်ဖိုး ၊ လိုတာ ငါစို က်မယ်ကွာ ၊ သောက်စမ်း ”

ကျွဲသိုး ပေးသော ကျပ်တန် နှစ်ရွက် ကို ကျွန်တော် က သူ့ အား ပြန်၍ ပေး လိုက်သည် ။

“ ငါ မယူချင်ပါဘူးကွာ ၊ မင်း ပဲ ယူပါ ”

“ အိုကွာ … မဟုတ်တာဘဲ ၊ ယူပါ ၊ မင်း ဘာဖြစ်လာလဲ ၊ ငါ့ ကို ပြောစမ်းပါ ”

“ ဘာမှမ ဖြစ်ပါဘူးကွာ ၊ အခုတွေ့ ခဲ့တဲ့ မွတ်တား တို့ အိမ် က မရီ ဆို တဲ့ ကောင်မလေး ဟာ တစ်ခါက ငါ့ ရည်းစားပဲ သူငယ်ချင်း ၊ သူ နဲ့ ငါ မတွေ့ တာ တစ်နှစ် ကျော် လောက် ရှိပြီ ၊ ခုတွေ့ တော့လည်း ဒီလို ဘဝ မှာ လာ တွေ့တယ် ”

“ နေစမ်းပါဦး ၊ မင်း ရည်းစား ဆိုရင် တစ်နှစ်လောက် တောင် ဘာလို့ မတွေ့ဘဲ နေကြတာတုံး ”

“ သူ နဲ့ ငါ့ အဖြစ်က တော်တော် ဆိုးတယ် ”

“ ပြီးပြီးသားတွေ ပြော မနေပါနဲ့တော့ကွာ ၊ ဆိုက်ကားသမား ဆိုတာ နောက်ကို ဘယ်တော့မှ ပြန် မကြည့်ရဘူး ၊ နောက်က ဘာပဲ လာနေ လာနေ လှည့် မကြည့်ဘူးကွ ၊ ရှေ့ပဲ ကြည့်ရတယ် ၊ ကဲ .. မင်း အခု ဘာလုပ်ချင်လဲ ”

“ ငါ သူ နဲ့ တွေ့ ချင်တယ်ကွာ ၊ ဖြစ်တဲ့ နည်း နဲ့ တွေ့ ချင်တယ် ”

“ သူ့ ကို ခုထိ စိတ်မကုန်သေးဘူးလား ၊ အစကတော့ မိန်းမတွေ စိတ်နာတယ် ဆို ”

“ ခုလို ဒုက္ခ ဖြစ်နေတော့ ငါ သနားတယ်ကွာ ၊ သူ ခုလို ဖြစ်ရတာဟာ သူ့ အပြစ် မဟုတ်ပါဘူးကွာ ၊ ငါ သိပါတယ် ၊ ဒီ ကောင်မလေး ဟာ ရိုးပါတယ် ကွာ ၊ စိတ်ရင်း လည်း ကောင်းပါတယ် ”

ကျွဲသိုး က ကျွန်တော့် စကားများ ကို နားထောင်ရင်း စိတ်မရှည်ဟန် ဖြင့် ဓနိရည် ကို မော့လိုက်သည် ။

“ ဒါတွေ ထားပါကွာ ၊ ခု ဘာလုပ်ချင်လဲ ၊ ကဲ .. ပြော ၊ မင်း သူ့ ကို တွေ့ချင်လား ၊ ငါ ဖြစ်အောင် လုပ်ပေးမယ် ၊ ဒါပေမဲ့ တစ်ဆယ့်နှစ်ကျပ် ကတ်စတန် ပေးရမယ်နော် ”

“ ဒီလို မပြောပါနဲ့ကွာ ၊ တွေ့အောင်သာ စီစဉ်ပေးပါ ၊ မင်း ကြိုက်သလို ငါ လုပ်ပါ့မယ် ”

“ အလကား နောက်တာပါ သူငယ်ချင်း ရာ ၊ မင်း တွေ့ ချင်ရင် သူ့ ကို မွတ်တား အိမ် က ထုတ်ရမှာပဲ ”

“ ငါ တော့ မကြံတတ်ဘူးကွာ ၊ သူငယ်ချင်း ရာ ၊ မင်း ပဲ ကြည့်ပြီး လုပ်တော့ကွာ ”

ကျွဲသိုး သည် ဆေးပြင်းလိပ် ကို ဖွာရင်း မျက်လုံး ကို ပေကလပ် ပေကလပ် လုပ်၍ စဉ်းစား နေပြန်သည် ။

“ ငါ အကြံအစည် ရပြီ ၊ မြန်မြန် သောက် ၊ သွားရအောင် ”

ကျွဲသိုး က သူ့ ပုလင်း ကို အကုန် မော့လိုက်သည် ။ ကျွန်တော် က ကျွဲသိုး မည်သို့ စီစဉ်မည် ကို မသိရသေးချေ ။

“ ဆိုစမ်းပါဦး ၊ မင်း အကြံက ”

“ မင်း ရွှေသွားအဝင်း ဆီ သွားမယ်ကွာ ၊ သူ နဲ့ မွတ်တား တို့နဲ့ လည်း ပါတီ ကျတယ်ကွ ၊ သူ့ ကို တစ်ဖက်လှည့် နဲ့ ခေါ်ရင် ရမှာပဲ ”

ဟုတ်ပေသည် ။ သည်လို နေရာမျိုးတွင် အဝင်း သည် အားကိုးရပေသည် ။ ယခုလို ကိစ္စမျိုးတွင် ယောက်ျားများ ထက် မိန်းမများ က ပို၍ စွမ်းတတ် လေသည် ။ ကျွဲသိုး နှင့် ကျွန်တော် သည် အဝင်းတို့ အိမ် သို့ ခပ်သွက်သွက် ကလေး နင်းခဲ့ကြသည် ။

ကျွန်တော်တို့ ရောက်သွားသော အခါ အဝင်း မှာ ရေချိုး ပြီးစပင် ရှိသေးသည် ။ အဝင်း က ကျွန်တော် လာသည် ကို ခါတိုင်း ကိစ္စ ထင်ဟန် ရှိသည် ။

“ ဟေ့ ... မင်းတို့ ဟာက လွန်လှချည်လား ၊ ဒီနေ့တော့ ချမ်းသာပေးကြပါ ”

“ ဒီကိစ္စ မဟုတ်ပါဘူးဗျာ ၊ ခင်ဗျား လူ ကိစ္စ ကြည့်ပြီး လုပ်ပေးစမ်းပါ  ”

ကျွဲသိုး က ကျွန်တော့် အစားပင် အကြောင်း ကို အဝင်း အား ရှင်းပြ လိုက်သည် ။ ကျွန်တော် က မျက်နှာ ပူသဖြင့် ပြတင်းပေါက် တွင် ကျောပေး၍ ရပ်နေ လိုက်မိသည် ။

“ ငါ သိပါတယ် ၊ မရီ ပါ ၊ ဒီကောင်မလေး ဖြစ်တာ မကြာသေးပါဘူး ၊ ငါ နဲ့ မြို့ထဲ မှာ ကတည်း က သိတယ် ၊ ငါ ရအောင် ခေါ်ပေးမယ် ၊ မွတ်တား ကို ဖြီး ခေါ်ရင် ရမှာပါ ၊ ဒါပေမဲ့ ငါ့ အတွက် ကတ်စတန် ပေးရမယ်နော် ၊ တစ်ဆယ် ကို နှစ်ကျပ် ဟုတ်လား ”

“ ပတ် မနေစမ်းပါနဲ့ဗျာ ၊ ကဲ ... ဒါဖြင့် သွားရအောင် ၊ သံချောင်း ဒီမှာ နေရစ်ခဲ့ အခန်း ထဲက စောင့်နေကွာ ”

အဝင်း နှင့် ကျွဲသိုး ထွက်သွားသော အခါ ကျွန်တော့် ရင်မှာ တထိတ်ထိတ် နှင့် စောင့်နေရသည် ။ မရီ ရောက်လာလျှင် ဘာ ပြောရမည် ကို စဉ်းစား နေမိသည် ။

အဝင်း တို့ကား တော်တော်နှင့် ပေါ်မလာချေ ။ အချိန် သည် တဖြည်း ဖြည်း ညဉ့်နက်စ ပြုလေပြီ ။ လူခြေများ လည်း တိတ်စ ပြု၍လာသည် ။ လမ်း ထိပ် မီးကင်း မှ နာရီခေါက်သံများ ကြားရသည် ။ ကျွန်တော့် စိတ်များသည် ဂနာမငြိမ်တော့ ။ ဆေးပေါ့လိပ် ကို သာ မီးညှိ၍ ဖွာလိုက်ရသည် ။

လမ်းထိပ် မှ ခွေးဟောင်သံ ကြားတိုင်း ပြတင်းပေါက် မှ ချောင်းကြည့်ရသည် ။ မရီ ကို တွေ့မှ တွေ့ပါ့မလား ။ မွတ်တား ၏ လက်ဒဏ်ကြောင့် ထ မှ ပင် ထနိုင်ပါ့မလား စသည်ဖြင့် အမျိုးမျိုး တွေး၍ပင် ပူနေမိလေသည် ။

လမ်းထိပ် မှ ခွေးဟောင်သံ ကြားရပြန်သည် ။ ကျွန်တော် သည် ပြတင်းပေါက် မှ ရပ်၍ ကြည့်လိုက်မိသည် ။ ဆိုက်ကား မီးရောင်မှိန်မှိန် ကို မြင် ရသည် ။ အမှောင် ထဲ တွင် ဘာကိုမျှ သဲကွဲစွာ မမြင်ရချေ ။ ဆိုက်ကား ကို မြင်နေရ သော်လည်း ဆိုက်ကား ပေါ်မှ လူ ကို တစ်ယောက် လား ၊ နှစ်ယောက် လား ဟူ၍ပင် သဲကွဲအောင် မမြင်ရချေ ။ ထိုအတွင်း မှာ ပင် ဆိုက်ကားဟွန်းသံ ကို အဆက်မပြတ် ကြားရသည် ။ သည်တော့မှ စိတ်အေး သလို ရှိတော့ သည် ။ ကျွဲသိုး က ကျွန်တော့်အား ဟွန်းတီး၍ အချက်ပေး လိုက်ခြင်း ဖြစ်သည် ။ သို့ အချက်ပေး လိုက်ခြင်း အားဖြင့် အားလုံး ကိစ္စချောမော အောင်မြင်သည် ဟု နားလည်နိုင်ပေသည် ။ သို့သော် သေချာအောင် ကျွန်တော် တံခါးပေါက် ကို ကွယ်၍ ကြည့်နေမိသည် ။

အိမ်ရှေ့ ဆိုက်ကား ရပ်သောအခါ ဆိုက်ကား ပေါ်မှ မိန်းမ နှစ်ယောက် ဆင်းလာသည် ကို မြင်ရသည် ။ ကျွန်တော် သည် ရုတ်တရက် အခန်း ထဲ သို့ ပြေးဝင် သွားလေသည် ။ အဝင်း ၏ အခန်းမှာ ရေနံဆီ မီးရောင်ကလေး ဖြင့် ခပ်မှိန်မှိန် ရှိနေရာ ကျွန်တော့် အတွက် ပို၍ ကောင်းသွားလေသည် ။

ရှေ့ခန်း မှ လူသံများ ကြားရသည် ။ အဝင်း ၏ အသံ ကို သဲကွဲစွာ ကြားရသော်လည်း မရီ ၏ အသံကို ကား မကြားရချေ ။ အဝင်း က မရီ ကို အခန်းထဲ သို့ ခေါ်နေသံ ကြားနေရလေသည် ။

“ လာပါကွယ် ၊ ညည်း ကို မတွေ့ ရရင် သေတော့မယ့် လူမမာ တစ်ယောက် ရှိတယ် ”

“ အိုကွာ အဝင်း ကလည်း ၊ အရီ ဘယ်သူနဲ့ မှ မတွေ့ချင်တော့ဘူး ”

ခေါ်သံ နှင့် ငြင်းသံ ကို အပြန်အလှန် ကြားရသည် ။ ခဏမျှ ငြိမ်၍ သွားကြပြန်သည် ။ အတန်ကြာမှ အဝင်း က လေအေးအေးဖြင့် တစ်မျိုး လှော်လိုက်သည် ။

“ အလကား နောက်တာပါအေ ၊ ကဲ ... ညည်း ဘယ်သူနဲ့မှ မတွေ့ ချင်ရင် အခန်းထဲ သွားနေ ၊ တော်တော်ကြာ ကိုယ့် လူတွေ လာပါလိမ့်မယ် ”

ကျွန်တော့် မှာ ဘာလုပ်ရမှန်း မသိတော့ချေ ။ ခုတင် ဘေး အမှောင်ရိပ် တွင် ကုပ်၍ နေသည် ။ မရီ သည် အခန်းတွင်း သို့ ယောင်ချာချာ ဝင်၍ လာသည် ။ ကျွန်တော့် ကို လုံးဝ မြင်ဟန်မတူပေ ။ ကျွန်တော့် ဘက်သို့ ကျောပေး ၍ ခုတင်စွန်း တွင် တစောင်း ထိုင်လိုက်သည် ။

“ အို …. ဘယ်သူလဲ ၊ လွှတ် .. လွှတ် ... ”

“ ကျွန်တော် ပါဗျာ ၊ ကျွန်တော့် ကို မမှတ်မိဘူးလား ”

မရီ သည် ကျွန်တော့် အား အလန့်တကြား လှည့်၍ ကြည့်လိုက်သည် ။

“ ဟင် ... ကိုသံချောင်း ”

မရီ ၏ အသံမှာ တုန်နေသည် ။ ကျွန်တော် က မရီ ၏ လက်ကလေး ကို ခပ်တင်းတင်း ဆုပ်ထားလိုက်သည် ။

“ မရီ …. ဘယ်လို ဖြစ်တာလဲ ၊ ကိုယ့် ကို ပြောစမ်းပါ ”

ကျွန်တော် က သိလိုဇော ဖြင့် မေးလိုက်သော်လည်း မရီ မှာ ဘာမျှ ပြန်၍ မဖြေနိုင်ပေ ။ ကျွန်တော့် ရင်ခွင် ၌သာ သူ့ ခေါင်းကလေး ကို ဝှေ့၍ ရှိုက် လိုက်သည် ။

“ မရီ အဖြစ်က ဆိုးပါတယ် ကိုသံချောင်း ရယ် ၊ မရီ လောက် ကံဆိုးတဲ့ မိန်းမ မရှိပါဘူး ”

မရီ ၏ ငိုသံ ကို ကြားရသောအခါ ကျွန်တော် ပါ ငိုချင်သလို ဖြစ်လာသည် ။ ကျွန်တော် က သူ့ ကျောလေး ကို ပွတ်၍ ချော့နေမိသည် ။

“ အမေ ရော ... ခု ဘယ်မှာလဲ ”

“ အမေ လည်း ဆုံးပြီ ၊ မရီ အလုပ် သွားနေတုန်း ကွက်သစ် ကို မီး လောင်တယ် ၊ ဆိုင် ကနေ အိမ် ကို ပြန်ပြေးတော့ မရီတို့ အိမ်ကလေး ဟာ ပြာ ဖြစ်နေပြီ အမေ လည်း မေးလို့ မရဘူး ၊ ဒီတော့မှပဲ အမေ ဟာ မီးထဲ ပါသွားပြီ ဆို တာ သိရတယ် ၊ အမေ မရှိတော့ မရီ တစ်ယောက် တည်း ဖြစ်သလို နေခဲ့တယ် ၊ အစတော့ မအေးချို တို့ ဆီ မှာ နေသေးတယ် ၊ နောက်တော့ ကိုလှမောင် က မရီ ကို အလုပ် က ထုတ်ပစ်တယ် ၊ ထုတ်ပစ်တာလည်း မရီ မှာ သူ့ ကြောင့် မလွတ်မလပ် ဖြစ်လာတယ် ၊ အဲဒါကို ပေါ်မှာ စိုးတာနဲ့ ငွေငါးဆယ် ပေးပြီး ထုတ်ပစ်တယ် ၊ ဒီနောက်တော့ မရီ ဖြစ်ချင်ရာ ဖြစ် ဆိုပြီး တွေ့ ရာ အိမ်တွေ လျှောက် နေတော့တာပဲ ၊ နေရင်း က ဒီ ဘဝ ကို ရောက်လာတာပဲ ”

မရီ က ဖြစ်ကြောင်းရယ် ကုန်စင် ကို ပြောပြသော အခါ ကျွန်တော့် မှာ မရီ အတွက် ယူကျုံးမရ ဖြစ်မိသည် ။ မရီ သည် ကျွန်တော့် ရင်ခွင် တွင်း ဝယ် မျက်နှာအ ပ်ကာ ငိုနေတော့သည် ။ ကျွန်တော် က သိချင်လှသော အကြောင်း တို့ ကို ဆက်၍ မမေးရက်တော့ပေ ။

“ ဒါတွေ ပြန် မတွေးပါနဲ့တော့ကွယ် ၊ ပြီးပြီးသားတွေ ပြီးပါစေတော့ ၊ ရှေ့ဆက်ပြီး ဘာလုပ်ရမယ် ဆိုတာသာ စဉ်းစားပါ  ”

“ ဒါတွေ မရီ ဘာမှ မစဉ်းစားတော့ဘူး ၊ ဖြစ်သလိုပဲ နေသွားတော့မယ် ”

မရီ ၏ စကားများ သည် ကျွန်တော့် အတွက် အခံရ ခက်လှသည် ။ ထို့ကြောင့်လည်း မရီ ကို တအား ဖက်ထား လိုက်မိသည် ။ မရီ ၏ ပါးကလေး နှစ်ဖက် ကို အငြိုးတကြီး နမ်းလိုက်မိသည် ။

“ ဒီလို မပြောပါနဲ့ မရီ ရာ ၊ ဒါတွေဟာ ကျွန်တော့် အပြစ်ပဲ ၊ ကျွန်တော့် ကြောင့် မရီ အခုလို ဖြစ်ရတာ ၊ ကျွန်တော် သာ ရှိရင် မရီ ဒီလို ဖြစ်မှာ မဟုတ်ဘူး ”

ကျွန်တော် ၏ နဖူး ကို မ ရီက သူ့ လက်ကလေးဖြင့် ယုယုယယ ကြင်နာစွာ သပ်ပေးလိုက်သည် ။ ပြီး မှ မရဲတရဲ ပြောလေသည် ။

“ ကိုသံချောင်း အပြစ် မဟုတ်ပါဘူး ကိုသံချောင်း ရယ် ၊ အမှန်တော့ မရီ အပြစ်ပါ ၊ မရီ အဖြစ်ကို ဖွင့်မပြောရက် လို့ ခုလို အထင်လွဲ ခံရတာ ၊ မရီ ကို စိတ်မနာဘူးလားဟင် ”

“ မနာပါဘူးကွယ် ၊ ဘာလို့ နာရမှာလဲ မရီ ကို ကျွန်တော် အမြဲ သတိရတယ် ၊ အချစ် လည်း မပျက်ဘူး ”

ကျွန်တော် က ပြောပြောဆိုဆို အငမ်းမရ မရီ ၏ တစ်ကိုယ်လုံး ကို သိမ်းကျုံး ဖက်ထားလိုက်မိသည် ။

“ မရီ ကို ကျွန်တော် ချစ်တယ် ၊ မရီ ဘာပဲ ဖြစ်ဖြစ် ၊ ဘယ် ဘဝ ရောက်ရောက် ကျွန်တော် ချစ်မှာပဲ ”

မရီ က ကျွန်တော့် ကို ပြန်၍ ဖက်ထားလိုက်ရင်း မပွင့်တပွင့် ရယ်လိုက်ရှာသည် ။

“ ဒါတွေ မပြောကြစို့နဲ့ ကိုသံချောင်း ရယ် ၊ မရီ ကို အော်ဒါ ခေါ်လာ တဲ့ မိန်းမ တစ်ယောက် လို သဘောထားပါ ၊ မရီ ဟာ တန်ဖိုးရှိတဲ့ မိန်းမ တစ်ယောက် မဟုတ်တော့ပါဘူး ၊ ဒီတော့ ဒီည ကိုသံချောင်း အတွက် အလိုကျ အသုံးတော်ခံမယ့် ...”

ကျွန်တော် က မရီ ပါးစပ် ကို လက် ဖြင့် ပိတ်ထားလိုက်သည် ။ မရီ ၏ စကားများသည် ကျွန်တော့် အတွက် သာ၍ နာကျင်စေသည် ။ သူ ကိုယ်တိုင် လည်း လှိုက်လှဲကြေကွဲနေပုံရသည် ။

“ ဒီလို မပြောပါနဲ့ မရီ ၊ မရီ ကို ဘယ်သူမှ တန်ဖိုး မထားပေမဲ့ ကျွန်တော် တန်ဖိုးထားတယ် သိလား ၊ ကျွန်တော် မရီ ကို ယူမယ် ၊ တစ်သက်လုံး စောင့်ရှောက်ထားမယ် ၊ မရီ ကျွန်တော် နဲ့ နေရမယ် ”

မရီ သည် ကျွန်တော့် ပါးကို မနာအောင် လိမ်ဆွဲ လိုက်သည် ။ ပြီးမှ သူ့ ပါး နှင့် ကပ်ထားလိုက်သည် ။

“ မရီ ကိုသံချောင်း ကို အမည်းကွက်ကလေး တစ်ကွက် စွန်းတာ တောင် မယူရက်ခဲ့ဘဲ နဲ့ ခုလို ဘဝ ကျမှ ယူရက်ပါ့မလား မောင် ရယ် ၊ စဉ်းစားများ ကြည့်ပါဦး ”

“ ဒီတစ်ခါ ကျွန်တော် မရီ ကို အလွတ် မခံတော့ဘူး ၊ ကျွန်တော် ယူမယ် မရီ ကို ပြန် မလွှတ်တော့ဘူး ”

“ ဒီ ညတော့ မပြန်ပါဘူး မောင် ၊ မရီ ကိုသံချောင်း နဲ့ နေမှာပါ ၊နေဦး .. အဝင်း ကို ပြောလိုက်ဦးမယ် ”

မရီ နှင့် အဝင်း တို့ ပြောနေကြစဉ် ကျွန်တော် က ဆိုက်ကား ကို အထဲ သွင်း၍ သော့ခတ် ထားလိုက်သည် ။ ပြီးမှ အခန်း ထဲသို့ ဟန်မပျက် ပြန်၍ ဝင်နေလိုက်သည် ။

မရီ သည် အခန်းတံခါး ကို မင်းတုပ် ထိုးလိုက်ပြီးလျှင် ကျွန်တော့် ဘက်သို့ ကြည့်၍ ပြုံးလိုက်သည် ။

“ ကဲ ... ဒီ အခန်းက မရီတို့ ပိုင်ပြီ ၊ သူ အပြင်မှာ အိပ်လိမ့်မယ် ”

ကျွန်တော် သည် မရီ ကို လှမ်း၍ ပွေ့လိုက်ပြီး လျှင် ခုတင် ပေါ်သို့ တင်လိုက်သည် ။

“ မရီ ကျွန်တော့် ကို ယူရမယ်နော် ၊ ဒီတစ်ခါ မငြင်းရဘူး ”

“ ငြင်းရင်ရော … ဘယ် ထွက်သွားဦးမလဲ ”

“ ဒီတစ်ခါတော့ ဘယ်မှ ထွက်မသွားဘူး ၊ ငြင်းရင် ရတဲ့နည်း နဲ့ အတင်း ယူမှာပဲ ”

“ မရီ ကို ကိုသံချောင်း ဖမ်းဖို့ မလွယ်ပါဘူး ။ ခု အရင်လို မဟုတ်တော့ဘူး ၊ ရန်ကုန် မှာ မရီ နေချင်တဲ့ နေရာမှာ နေနိုင်တယ် ၊ ဘယ်လို လုပ်ပြီး လိုက်ဖမ်း မလဲ ”

“ ဒီတစ်ခါ တော့ မရီ ဘယ်ကို ပြေးပြေး ၊ မတွေ့ တွေ့အောင် လိုက်ဖမ်းမယ် ”

မရီ သည် ကျွန်တော့် အား ဖက်ထားလိုက်သည် ။ ကျွန်တော် က လည်း ပြောမည့် စကား ကို မဆက်နိုင်တော့ဘဲ ပြန်၍ ဖက်ထားလိုက်သည် ။

“ ဒါတွေ ခု မပြောပါနဲ့ ကိုသံချောင်း ရယ် ၊ နောက်ကိစ္စ နောက်မှ ပြောတာပေါ့ ၊ ကဲ .. မရီကို တခြား ဘာများ ပြောစရာ ရှိသေးသလဲ ”

“ တခြား ဘာမှ မရှိဘူးလေ ၊ မရီ ကို ကျွန်တော် လူကြီးစုံရာ နဲ့ လက်ထပ်ယူမယ် ၊ မရီ ကို ကျွန်တော် ဒီ ဘဝ မှာ မထားနိုင်ဘူး ”

“ ကဲပါရှင် ၊ ဒါဖြင့် ကိုသံချောင်း ပြောချင်တာ ပြောပေါ့ ၊ ကဲ .. မရီ ပြန်တော့မယ်နော် ”

မရီ က ထ၍ ပြန်မည့်ဟန် ပြုလိုက်သောအခါ ကျွန်တော် က မရီ ကို တအား ဖက်၍ ထားလိုက်သည် ။

“ မပြန်ရဘူး ၊ မပြန်ရဘူး ၊ မရီ ကျွန်တော့် ကို ခွဲပြီး မသွားရဘူး ၊ နက်ဖြန် လက်ထပ်မယ် ၊ ဒီည လည်း ဒီမှာ အတူတူ နေရမယ် ”

ကျွန်တော် သည် ယခု တစ်ကြိမ် တွင် မရီ ၏ ပါးမို့မို့ကလေး ကို အငမ်းမရ နမ်း လိုက်သည် ။ မရီ က ကျွန်တော် ပြုသမျှ ကို လိုက်လျောရှာ၏ ။

“ မရီ .. ကျွန်တော့် ကို ချစ်သေးတယ်နော် ”

“ ဒါတွေ မမေးပါနဲ့ မောင် ရယ် ”

“ မဟုတ်ဘူး ၊ မေးရမယ် ၊ မရီ ကျွန်တော့် ကို ချစ်တယ် မဟုတ်လား ”

“ ချစ်ပါတယ် မောင် ၊ ဒီည အတွက် မ ရီဟာ မောင့် ရဲ့ မယားပါ ၊ မောင့် အလိုအတိုင်း လိုက်ရမယ့် မယားပါ ရှင် ”

ကျွန်တော့် ရင်ထဲ တွင် သိမ့်သိမ့်ခါ သွားလေသည် ။ မရီ ပြောလိုက်ပုံ မှာလည်း လှိုက်လှိုက်လှဲလှဲ ရှိလှသည် ။ နှုတ်ခမ်းဖျား မှ ထွက်လာသော အသံမျိုး မဟုတ် ။ ရင်တွင်း မှ ဆောင့်၍ ထွက်လာသော အသံမျိုး ဖြစ်သည် ။ ကျွန်တော့် စိတ်များသည် ချုပ်တည်း၍ မရတော့ပေ ။ သို့ မရတိုင်း မရီ ကိုသာ တအား ဖက်၍ အကြမ်းပတမ်း ပြုမိသည် ။

“ သေရောပေါ့ မောင် ရယ် ၊ မရီ ကို ဒါလောက် ငြိုးနေရသလား ဟင် ”

“ ချစ်တယ် ၊ ကျွန်တော် မရီ ကို ချစ်တယ် ”

မရီ ၏ မျက်တောင်ကလေးများ မှာ စင်း၍လာသည် ။ တစ်ချက် တစ်ချက် မှ မျက်လွှာ ကို ပင့်၍ ကြည့်လိုက်ရှာသည် ။ သို့ ကြည့်လိုက်တိုင်း မျက်လုံးချင်း တည့်တည့်မတ်မတ် ဆုံတတ်ပြန်သည် ။ အသက်ရှူသံများ က ပြင်း၍ လာသည် ။ အသက် ရှူ၍ ထုတ်လိုက်သော လေချင်း ကလည်း တိုးဝှေ့ နေကြပြန်သည် ။

“ ကျွန်တော့် ကို စိတ်မဆိုးနဲ့နော်  ”

“ ဒါတွေကို ပြော မနေပါနဲ့ မောင် ရယ် ၊ မရီ ဟာ ဒီည တစ်ညလုံး မောင့်မယား ပါ လို့ ပြောနေမှပဲ ၊ ကဲ .. မကျေနပ်သေးဘူးလား ၊ ဒါထက်များ ဘာ ပြောရဦးမလဲ ၊ တကတည်း မှ ပဲ .. ”

“ ဒီည တင် မဟုတ်ဘူး ၊ တစ်သက်လုံး ကျွန်တော့် မယား ”

“ ကဲပါ ရှင် ၊ တစ်သက်လုံး ပါတဲ့ ၊ ကျေနပ်ပြီလား ”

ကျွန်တော် နှင့် မရီ သည် မှောင်မည်းသော ည အတွင်းဝယ် ကျင်လည်ခဲ့ရသော ဘဝငရဲ ကို တစ်ညတာ မျှ မေ့ပျောက်ကာ နတ်ဘုံ တွင် ဆုံစည်းကြသော မောင်နှံ ကဲ့သို့ အစွမ်းကုန် ပျော်မြူးလိုက်လေသည် ။

⎕ အောင်လင်း
📖ပစ်တိုင်းထောင်

No comments:

Post a Comment