Thursday, June 12, 2025

ဒေါက်တာမှိုင်းညို


 

❝ ဒေါက်တာမှိုင်းညို ❞

“ အဲဒီ ဆရာ စိတ်ဆိုးတာ တစ်သက်လုံး မှာ တစ်ခါပဲ တွေ့ဖူးတယ် ” လို့ အောင်သမာဓိ ကိုအောင် က ဒေါက်တာမှိုင်းညို အကြောင်း ပြောပြတယ် ။ ဒေါက်တာမှိုင်းညို က စဉ့်ကူးမြို့နယ်သား ၊ သွားဘက်ဆိုင်ရာ ဆရာဝန် အဖြစ် ကျိုင်းတုံမြို့ ကို သွားပြီး တာဝန် ထမ်းဆောင်ရတယ် ၊ ကျိုင်းတုံ မှာ တာဝန် ထမ်းရင်း ဇာတိရပ်ရွာ ကို အလည် ပြန်လာတော့ ဆွေမျိုးတွေ နဲ့ မိတ်ဆွေတွေ က သူ ဝတ်ဆင် လာတဲ့ ဖိနပ် ၊ မျက်မှန် ၊ ဦးထုပ် ၊ ခါးပတ် က အစ တောင်းယူကြတာ ကို သူ က ကြည်ကြည်ဖြူဖြူ ပေးပစ်တဲ့အကြောင်း အောင်သမာဓိ ကိုအောင် က ပြောပါတယ် ။ ကျွန်တော် ရန်ကုန်မြို့ကို ရောက်ခိုက် အောင်သမာဓိ ကိုအောင် က ချိန်းဆို ပေးလို့ ဒေါက်တာမှိုင်းညို နဲ့ စကားပြောခွင့် ရတယ် ။ တော်ဝင်နှင်းဆီ မှာ ထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြပါတယ် ။

“ ကျွန်တော် ကံကောင်းတာ က ကျွန်တော်တို့ မှာ ညီအစ်ကို မောင်နှမ ခုနစ်ယောက် ရှိရာ မှာ ကျွန်တော် က အလတ် ၊ အမေ ရဲ့မောင် က ကလေး မရှိဘူး ၊ ကလေး မွေးစားဖို့ ကျွန်တော့် အပေါ် က အစ်ကို ကို ခေါ်တယ် ၊ သူ က မလိုက်ဘူး ၊ အဲဒီတုန်း က ကျွန်တော် က တစ်တန်း လောက် တော့ ရှိပြီဗျ ။ ခုနစ်နှစ် လောက်တော့ ရှိပြီ ၊ ကျွန်တော့် ကို ခေါ်တော့ စွေ့ခနဲ လိုက်သွားတယ် ”

ဒေါက်တာမှိုင်းညို က သူ့ ဘဝ အလှည့်အပြောင်း ကို ပြောပြပါတယ် ။

“ လိုက်သွားတော့ ၊ မွေးစားတဲ့ မိဘတွေ က ရွာ မှာတော့ စားနိုင်သောက်နိုင် ပေါ့ ၊ မိဘရင်းတွေ နဲ့ နေရင် ကျွန်တော် ကျောင်း နေချင်မှ နေရမယ် ၊ ရွာ မှာ လေးတန်း အောင်ရင် ကျောင်း ပြီးတာပဲ ၊ မွေးစားမိဘတွေ က ကျောင်း ဆက်ထားတယ် ”

“ တခြား ရွာ သွားရတာလား ”

“ တစ်ရွာတည်း ပဲ ၊ ဦးလေးဝမ်းကွဲ အိမ် မှာ နေပြီး ရွာ က ဘုန်းကြီးကျောင်း မှာပဲ ပညာသင်ရတယ် ၊ ဆည်ကြီးအောင်ချမ်းသာကျောင်း ပေါ့ ”

“ အထက်တန်းကျောင်း ကျတော့ကော ” 

“ ဆီသည် အထက်တန်းကျောင်း ”

“ ဆယ်တန်း လည်း အဲဒီက အောင်တာပဲလား ”

“ မဟုတ်ဘူး ၊ ကိုးတန်း အထိပဲ ၊ ကျွန်တော့် အစ်ကို အကြီးဆုံး ဦးညွန့်ရင် က ရဟန်းဘဝ နဲ့ စစ်ကိုင်း မဟာဂန္ဓာရုံ မှာ သီတင်းသုံး နေတာ ၊ မင်း ဒီအတိုင်း နေလို့ မဖြစ်ဘူး ၊ ပညာရေး ကောင်းအောင် ဆိုပြီး စစ်ကိုင်း ကို ခေါ်ထားတာ ”

“ နေတော့ကော ”

“ အစ်ကိုကြီး ဆွမ်းခံတဲ့ အိမ်က အဘွားကြီး တစ်ယောက် အိမ် မှာ ထားပေးတာ ၊ စစ်ကိုင်း အထက ( ၁ ) က ၁၉၇၄ ခုနှစ် မှာ ဆယ်တန်း အောင်တာ ”

“ ဆရာ ဘာကြောင့် အမှတ် ကောင်းတာလဲ ”

“ ပထမနှစ် မှာ ကျွန်တော် “ ခ ” စာရင်း က ပဲ ပါတယ် ၊ ကျွန်တော် က ငယ်ငယ် ကတည်း က ဘုန်းကြီးကျောင်း နေခဲ့ရတော့ သင်္ချာဦးနှောက် ရှိတယ် ၊ ဒီတော့ သင်္ချာ ရယ် ၊ ရူပဗေဒ ရယ် ၊ ဓာတုဗေဒ ရယ် ဂုဏ်ထူး ထွက်တယ် ၊ ဒီ သုံးဘာသာ အမှတ် တွေ က ကယ်ရီ ( carry ) လုပ်သွားတာ ၊ ဘုန်းကြီးကျောင်းသား ဆိုတော့ မြန်မာစာ လည်း သိပ်မဆိုးဘူးပေါ့ ”

“ ရွာ မှာ သင်တာနဲ့ စစ်ကိုင်းကျောင်း က သင်တာ ကွာသလား ”

“ ကွာတာပေါ့ ၊ အသင်အပြ ပိုကောင်းတယ် ၊ ပိုကောင်းတဲ့ အသင်အပြ နဲ့ တွေ့တော့ ကိုယ်က ပို ကြိုးစားတယ် ၊ အရမ်း တက်ကြွတဲ့ အချိန် မှာ ဆရာတွေက ဟေ့ကောင် တွက်စမ်းဆို ထ တွက်တယ် ၊ သင်္ချာဉာဏ် ရွှင်တဲ့ အတွက် ။ ဘုန်းကြီးကျောင်း နေရတာ က ဘော်ဒါဆောင် နေရသလိုပဲ ၊ rhythm ( စည်းချက် ) မိနေတယ် ၊ မနက်စောစော ထမယ် ၊ ဘုန်းကြီး နဲ့ ပတ်သက်တဲ့ သဒ္ဒါ ၊ သင်္ဂြိုဟ် ကျက်ရမယ် ၊ ဘုန်းကြီး ဝေယျာဝစ္စ လုပ်ပြီး တန်းကျောင်း သွားရတယ် ၊ ည ၆းဝဝ နာရီ လောက်ကျ ခေါင်းလောင်းထိုး ၊ ဘုရားဝတ်တက် ၊ စာကြည့်စားပွဲ ပြန်ထိုင်ရတယ် ၊ ကျက်စရာ စာရှိရှိ မရှိရှိ လှိမ့်အော် နေကြရတာပေါ့ လေ ”

ဒေါက်တာမှိုင်းညို က ပြောရင်း ရယ်တယ် ။

“ လေလွင့်ချိန် မရှိဘူး ၊ အတန်းတူတွေ ဆိုတော့ ကိုယ့်ထက် ကျောသွား မှာ မခံချင်ဘူး ၊ ဒီတော့ စာကျက်ရတာပဲ ”

“ သူများ အလုပ် လုပ်နေရင် ကိုယ် လည်း မလုပ်ဘဲ မနေနိုင်ဘူး ”

“ ဟုတ်တယ် ၊ ဘုန်းကြီးကျောင်း နေလို့ အကျင့်ကောင်းလေးတွေ ရသွားတဲ့ သဘောပါပဲ ၊ စစ်ကိုင်း ရောက်တော့ အဲဒီ အကျင့် က ပါသွားရော ၊ အတန်း ထဲမှာ ဆရာ မရှိတဲ့ အချိန် ဆိုရင် စာကျက် နေတယ် ၊ ရည်ရွယ်ချက် ရှိလို့ မဟုတ်ဘူး ၊ အလကား မနေတတ်ဘူး ၊ ဆရာ က ကိုယ့် ကို တော်တယ်လို့ အသိအမှတ် ပြု ခံရတာ သဘော ကျတော့ ပိုတော်ချင်လာတာပါပဲ ”

“ ဆယ်တန်း အောင်တော့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကို ဘာကြောင့် ရွေးချယ်တာလဲ ”

“ ဘာရယ် မသိပါဘူး ၊ ဟိုတုန်းက တက္ကသိုလ် ဝင်ခွင့်လမ်းညွှန်စာအုပ် ကို ကြည့်ပြီး နံပါတ် ( ၁ ) ဆေး ၊ နံပါတ် ( ၂ ) သွား ၊ နံပါတ်သုံး စက်မှု ဒီလမ်းကြောင်း အတိုင်းပဲ ဆေး မရတော့ သွား ”

“ သွားဆရာဝန် ရဲ့ အခန်းကဏ္ဍ ကို ဆရာ သိသလား ”

ဒေါက်တာမှိုင်းညို က ရယ်တယ် ။

“ ဘယ်သိမှာလဲ မီရာ တက်လိုက်တာပဲ ၊ ရန်ကုန် လမ်းမတော် ဆေးကျောင်း အဆောင် မှာ နေပြီး ကျောင်း တက်တယ် ၊ ငွေ မကိုင်ဖူးဘူး ၊ မသုံးတတ်ဘူး ဆိုတော့ သိပ် မကုန်ပါဘူး ၊ အဆောင် က ကျွေးတာ လည်း စားနိုင်တယ် ”

“ ဆရာ က နယ် က လာတာ ဆိုတော့ အင်္ဂလိပ်စာ ညံ့မယ် ၊ ဆေးကျောင်း မှာ ဒုက္ခတွေ့သလား ”

“ စသင်တော့ လက်ချာ ( lecture ) တွေက အင်္ဂလိပ် လို ၊ နှစ်လ သုံးလ နေတော့ ဒီစာလုံးပဲ ထပ်ထပ် သုံးတာ တွေ့ပြီး နားရည်ဝ လာတယ် ၊ ဆေးကျောင်းတွေ မှာ ဂရမ္မာ ( grammer ) တိတိကျကျ စာရေးရတာ မဟုတ်ဘူး ၊ အချက်အလက်တွေ ပဲ သိဖို့ လိုတာ ဆိုတော့ နောက်ပိုင်း မှာ ပြဿနာ မရှိတော့ဘူး ”

“ သင်ကြားရေးပိုင်း က ဘယ်လို သင်ရတာလဲ ဆရာ ”

“ ကျွန်တော်တို့ ခေတ် ကတော့ ဆေး ( ၁ ) မှာ တွဲ သင်ရတာ ၊ လူ တစ်ကိုယ်လုံး မကုပေမယ့် သူတို့ သင်သလို ကျွန်တော်တို့ လည်း သင်ရတယ် ၊ တတ်တယ် ၊ နောက်ပိုင်း ကျွန်တော်တို့ ကျောင်း မှာ ကျွန်တော်တို့ သွားဘက်ဆိုင်ရာပညာ ကို သင်ရတယ် ”

“ တောရွာ ကနေ မြို့ပြရောက်လာရတော့ လူမှုရေး အံဝင်ခွင်ကျ မဖြစ်မှု ရှိသလား ”

“ ကျွန်တော်တို့ က ဘုန်းကြီးကျောင်းသား က လာတာ ၊ ကိုယ် က နိုင်ရတဲ့ လူ ရှိသလို ၊ ကိုယ့် ကို နိုင်တဲ့သူ လည်း ရှိတယ် ၊ အားလုံးနဲ့ အဆင်ပြေအောင် နေတဲ့ အလေ့အထ က ရှိပြီးသားမို့ အဆင် မပြေတာ မရှိဘူး ၊ ကျွန်တော် က ဟာသဉာဏ် လည်း ရှိတော့ ဟေးလေးဝါးလေး နဲ့ ခင်ခင်မင်မင် ပျော်ပျော်ပါးပါး နေခဲ့တာ ”

“ ကျောင်းပြီးတာ ”

“ ၁၉၈၁ ခု ၊ ကျွန်တော် တက္ကသိုလ် တက်ရတဲ့ ကာလမှာ အလုပ်သမား အရေးအခင်း ၊ ဦးသန့် အရေးအခင်း ၊ မှိုင်းရာပြည့်တွေ ဖြတ်သန်းရတော့ ကျောင်း ပြီးတာ နည်းနည်း နောက်ကျတာပေါ့ ”

“ ကျောင်း ပြီးတော့ ”

“ ကျောင်း ပြီးတော့ ရွှေတော သွားပြီး ဆေးခန်း ဖွင့်တယ် ၊ ဇရပ်ကွင်း မှာ ၊ လာတဲ့ လူနာ က ငှက်ဖျား များတယ် ၊ သွားရောဂါ ကို မကုရပါဘူး ၊ ငှက်ဖျားပိုး ဦးနှောက် ထဲ ရောက်တဲ့ လူတို့ လာတယ် ၊ ဂတ်ဂတ် ဂတ်ဂတ် နဲ့ ငှက်ဖျား ထနေတဲ့ လူ ကို ငှက်ဖျား ဆေး အိုင်ဗီ သွင်းတာ ၊ ဆေးတွေ ကလည်း ကောင်းတယ် ၊ ငှက်ဖျား ရဲ့ သဘာဝ က သွေး ထဲ ကို ရောဂါပိုး လှည့်နေတဲ့ အချိန် ဆေး နဲ့ တွေ့ဖို့ပဲ ၊ အဖျား တောက်လျှောက် ကျတယ် ”

အောင်သမာဓိ ကိုအောင် ကလည်း ဒေါက်တာမှိုင်းညို နဲ့ ရွှေတော မှာ အတူ နေခဲ့သူ မို့ အဲဒီအချိန် က ငှက်ဖျားကုတာ သိပ် နာမည်ကြီးတာပဲ ” လို့ ပြောပါတယ် ။

“ ရွှေတော မှာ တော်တော် ထောမှာပေါ့ ”

ဒေါက်တာ နဲ့ ကိုအောင် ပြိုင်တူ ရယ်ကြတယ် ။

“ ဆရာ့ အကျင့်က သူ့ ပတ်ဝန်းကျင် က လူတွေ သိစေချင် ၊ တတ်စေချင် ၊ ကျန်းမာစေချင်တော့ အခမဲ့ ကုပေးတာ များတယ် ” လို့ ကိုအောင် က ပြောတော့ ... “ ဘူးသီး ၊ ခရမ်းသီး လာပေးတဲ့ သူ တော့ ရှိပါတယ် ”

ဆိုပြီး ဒေါက်တာမှိုင်းညို က ပြောတယ် ။

“ ရွှေတော မှာ ဘယ်လောက် ကြာလဲ ”

“ နှစ်နှစ် ၊ ကျိုင်းတုံ မှာ အလုပ်ဝင်ဖို့ posting ကျတယ် ၊ ကျိုင်းတုံ မှာ ၁၅ နှစ် နေခဲ့တယ် ၊ ပတ်ဝန်းကျင် နဲ့ သဟဇာတ ဖြစ်တာရော ၊ ပြောင်းတာရွှေ့တာ ဝါသနာ မပါတာရောကြောင့် ”

“ အိမ်ထောင်ကျတာကကော ”

“ ကျိုင်းတုံ ရောက်ပြီး သိပ်မကြာခင် ပဲ အိမ်ထောင်ကျတာ ”

“ ဆရာ ဒေသခံတွေ နဲ့ ဆက်ဆံရေး ပြောပြပါဦး ”

“ ကျွန်တော် ကျိုင်းတုံ ရောက်တော့ ဆေးရုံ ကို ရီပို့ ( report ) သွားလုပ်တယ် ၊ ဆရာဝန်ကြီး ရောင်းလှည့် နေလို့ ဆိုပြီး ဝန်ထမ်း က ဆေးရုံ ထဲ ပေးမဝင်ဘူး ။ ကျွန်တော် ကလည်း အပြင် မှာပဲ ရပ်စောင့် နေလိုက်တယ် ”

“ ဆရာ က အဝတ်အစား သပ်သပ်ရပ်ရပ် မဝတ်လို့လား ”

“ ပုံမှန်တော့ ဝတ်ပါတယ် ၊ ကျွန်တော် က ဟိတ်ဟန် လုပ်တာ ဝါသနာ မပါဘူး ၊ လက်ပတ်နာရီ ပတ်တာ ၊ ရွှေဝတ်တာ ဝါသနာ မပါဘူး ၊ အပိုတွေ သိပ်မလုပ်ချင်ဘူး ၊ စိတ် လွတ်လပ်တာပေါ့ ၊ ဆေးရုံဝန်ထမ်း ကို ကျွန်တော် ဆရာဝန် ပါ လို့ ပြောရင် ပွဲ က သိမ်းတယ် ၊ ဒါပေမဲ့ မပြောဘဲ စောင့်ခိုင်းတဲ့ အတိုင်း စောင့်လိုက်တယ် ”

သူက အဲဒီ ကာလ ကို ပြန် သတိရပြီး ပြုံးတယ် ။

“ ကျွန်တော် က အောက်ခြေသိမ်း လုပ်တာ ဝါသနာ ပါတယ် ၊ အိမ် အတွက် ဈေးဝယ် တာ လည်း ကျွန်တော်ပဲ ၊ ကျိုင်းတုံ မှာ တိုင်းရင်းသူ ဈေးသည်တွေ နဲ့ လည်း ရွှတ်ရွှတ်နောက်နောက် နဲ့ ဘော်ဒါတွေ ဖြစ်နေတာ ၊ သူတို့ က ကျွန်တော့် ကို ဆရာဝန် မှန်း မသိဘူး ”

“ ဈေးသည်မတွေ ဆေးခန်း လာတဲ့ အကြောင်းလည်း ပြောလိုက်ပါဦး ”

လို့ ကိုအောင် က ထောက် ပေးပါတယ် ။

“ တစ်နေ့မှာ ဈေးသည်မ တစ်ယောက် ဆေးခန်း လာတယ် ၊ ဟေ့ ... လာဟေ့ ၊ ဘာလဲဆိုတော့ သွားပြ မလို့တဲ့ ၊ လာ ထိုင် ဆိုပြီး ကျွန်တော် က သူ့ သွား ကို ကြည့်မယ် လုပ်တော့ ဆရာဝန် ခေါ်လိုက်ပါတဲ့ ၊ ကျွန်တော့် ကို မကြည့်စေချင်တဲ့ သဘော ၊ အထင်သေးတဲ့ သဘောပေါ့ ”

ဒေါက်တာမှိုင်းညို ဟက်ဟက်ပက်ပက် ရယ်တယ် ။

“ နောက် ဆရာ့ ကို ဆရာဝန်မှန်း သိသွားတော့ သူတို့ က အချိုး ပြောင်းသလား ”

“ မပြောင်းပါဘူး ၊ သူတို့ က သဘာဝကျကျ နေတာ ကို ပိုပြီး သဘောကျတယ် ”

“ ကျိုင်းတုံ ကနေ ဘယ်ကို ပြောင်းလိုက်လဲ ”

“ မန္တလေး ၊ နောက်တော့ ရန်ကုန် ဆိပ်ကြီးခနောင်တို ၊ ယခုလည်း ဆိပ်ကြီး ခနောင်တို မှာပဲ ၊ ကျွန်တော် ကျောင်းတွေ ကို သွားရင် ကလေးတွေ ကို တစ်သက်လုံး စွဲသွားစေချင်တဲ့ အကျင့် နှစ်ခု ပြောတယ် ၊ အိမ်သာ တက် ပြီးရင် လက်ဆေးဖို့ ၊ သွား တိုက်တဲ့အကျင့် ဖြစ်ဖို့ ၊ သွားတိုက်တံ တစ်ချောင်း နှစ်ရာ့ငါးဆယ် ( ကျပ် ၂၅ဝ ) ဆို လောက်တယ် ၊ ဝယ်ပြီး လွယ်အိတ် ထဲ ထည့်ထား ၊ ခု နောက်ပိုင်း သွားတိုက်တဲ့ စနစ် က သွားတိုက်ဆေး အများကြီး မထည့်ရဘူး ၊ ကုလားပဲခြမ်း လောက် ဆို ရတယ် ၊ အမြှုပ်တွေ ထွက်ရင် ထွေး ၊ သွေး ပါလည်း ကိစ္စ မရှိဘူး ၊ တိုက် ၊ ပလုတ်မကျင်း နဲ့ ရတယ် ”

“ ဘာကြောင့်လဲ ”

“ သွားတိုက်ဆေး ထဲ မှာ ဖလိုရိုက် ပါတယ် ၊ ဖလိုရိုက် က သွား ပေါ်မှာ ဖုံး ၊ မာ သွားတာ ၊ ပိုး စားဖို့ အခွင့်အလမ်း နည်းသွားတယ် ၊ ကျောင်းတွေ မှာ လုပ်ခိုင်းတော့ တစ်လ လောက် လုပ်လိုက်ရင် အကျင့်ပါ သွားတယ် ၊ ဒါ တစ်သက်လုံး စွဲသွားရင် ကျန်းမာရေး အထောက်အကူ ပြုတယ် ၊ လူမှုရေး အရ လည်း လူ ထဲ ဝင်ဆံ့တယ် ”

“ ဆရာ့ ထူးခြားချက် က ယခု အထိ အိပ်မပျော်တဲ့ ရက် မရှိတာပဲ ”

လို့ ကိုအောင် က ပြောပါတယ် ။

“ ကျွန်တော် နိုင်တဲ့ အလုပ် ပဲ လုပ်တာကိုး ၊ ယခု ဆိုရင် သွား အချောင်းပေါင်း သိန်းနဲ့ ချီပြီး နုတ်ပြီးပြီ ၊ ကျွမ်းကျင်တဲ့ အလုပ် လုပ်တယ် ၊ ထွန်းဖောင်ဒေးရှင်း လို ဟာတွေ နဲ့ တွဲပြီး အခမဲ့ ကွင်းဆင်းပြီး သွားဆေးကုတဲ့ ပရဟိတ အလုပ်တွေ လုပ်တယ် ၊ အဲဒီတော့ အိပ်မပျော်စရာ အကြောင်းမရှိဘူး ၊ ပြီးတော့ လမ်း အမြဲတမ်း လျှောက်တယ် ၊ တစ်နေ့ ကို ခြေလှမ်းပေါင်း ၇ဝဝဝ လောက် လျှောက်တယ် ”

“ ဆရာ စိတ်မဆိုးဖူးဘူး လို့ ကြားဖူးတယ် ၊ ဘာကြောင့်လဲ ”

“ အကြောင်းရင်း ရှာတာပေါ့ ၊ ဒီအကြောင်းကြောင့် သူ ဒါလုပ်တာပဲလို့ သိရင် စိတ်ဆိုးစရာ မရှိတော့ပါဘူး ၊ ဒါလည်း စာဖတ်တဲ့ ကျေးဇူးပါပဲ ”

▢ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ

No comments:

Post a Comment