Tuesday, June 3, 2025

ပစ်တိုင်းထောင် ( ၀၄ ) ( ၁ )


 

❝ ပစ်တိုင်းထောင် ❞
    အပိုင်း - ၄ ( ၁ )

“ ကြက်မြစ် ကြက်သည်း တစ်ခွက် ”

“ ငါးချဉ်ရည် တစ်ခွက် ”

“ ဂေါ်ဖီ တစ်ခွက် ”

“ ထမင်းလိုက်ပွဲ လေးပွဲ ”

“ ဟေ့ .. လေးယောက်ဝိုင်း က ဘာလဲ ၊ ဒီမှာ …. ဂေါ်ဖီကြော် တဝက် ၊ ဟဲ့ ... သံချောင်း ရဲ့ .. သွက်သွက်လက်လက် သွားလုပ်စမ်းပါ ”

ယနေ့ လဆန်းရက် ဖြစ်သဖြင့် ဆိုင်တွင် လူရှုပ် နေသည် ။ နေရာပင် မလောက်ပေ ။ ကျွန်တော် ၊ မရီ ၊ မအေးချို တို့မှာ သုံးယောက်လုံး လက်မလည်နိုင်အောင် ရှိလေသည် ။

“ နေရာ ရပါ့မယ်ရှင် ၊ ခု ခဏလေး စောင့်ပါ ၊ ဟောဒီဘက် မှာ နှစ်ခုံ ရပြီ ၊ ဒီဝိုင်း က သုံးကျပ် ကျတယ် ၊ ပန်းကန်တွေ သိမ်း ၊ ပိုက်ဆံ ရပြီးပြီ ၊ ဆိတ်ကလီစာ ကြက်သား တပွဲစီ ... ”

မရီ နှင့် ကျွန်တော့် မှာ စားပြီး စားပွဲများ ကို နိုင်အောင် သိမ်း၍ ပိုက်ဆံ ကိုတွက်ယူရသည် ။ နောက်ပွဲများ အတွက် လည်း ထမင်းဟင်းများ အချိန်မီ အောင် ပြောရ ယူရသေးသည် ။ ထို အထဲတွင် ဆိုင်ရှင် ကိုလှမောင် ၏ အအော် အငေါက် ခံရသည် ။ မအေးချို မှာ ထမင်းပွဲများ ခူးပေးရုံ အပြင် တခြား အလုပ် မရှိပေ ။ သည် အထဲတွင် သူ က တစ်ခါတစ်ခါ ဆရာ ဝင်၍ လုပ်တတ်သေးသည် ။

“ ဟဲ့ ... မရီ ၊ နင် က ဘာလို့များ ငေးနေတာလဲ ၊ ဟိုဘက် ဝိုင်းက ဘာ စားမလဲ မေးလေ ”

“ ဟ ... နင် မေးတာ ဘယ် သိမလဲ ၊ ငါ့ သမီး ကမှ ပါးသေးတယ် ၊ မရီ က တော်တော် အ,တယ် ”

ကိုလှမောင် က မအေးချို အား သမီး သမီး ခေါ်၍ မြှောက်စားခဲ့ သည်မှာ ကျွန်တော် ခေါက်ဆွဲ ဝယ်ပေးရသည့် ည ကတည်း က ပင် ဖြစ်သည် ။ ကိုလှမောင် ၏ ဇနီး မသန်းရီ သည် ဘာမှ မသိဟန် ၊ ကျေနပ်၍ နေလေသည် ။ မအေးချို သည် တစ်ခါတစ်ရံ ကျွန်တော့် ကိုပါ ဟောက်တတ် သေးသည် ။

“ ဟဲ့ ... သံချောင်း ၊ ဟို ဝိုင်း မှာ ဘာလိုလဲ ကြည့်မေးလေ ၊ ဘာလို့များ ရပ်နေကြတာလဲ ”

“ မေးပြီးပါပြီ ဆိုဗျာ ၊ ဘာမှ မလိုသေးလို့ မပြောတာ ... ”

ကျွန်တော် သည် မအေးချို အား အစ ကတည်းက မျက်မုန်းကျိုး နေသဖြင့် သူ့ ဆရာ လုပ်သည် ထင်လျက် ပြန်၍ ဟောက်လိုက်မိသည် ။

ယခု တလောတွင်မူ မအေးချို ကို သာမက ဆရာကိုလှမောင် ကိုလည်း အကြည်ညို ပျက်၍ နေမိသည် ။ ဆရာကိုလှမောင် သည် ဆိုင် ထဲ တွင်မူ ဘယ်သူ့ ကို မှ အရောဝင်ခြင်း ၊ ဣန္ဒြေမဲ့အောင် လုပ်ခြင်း မပြုခဲ့ပေ ။ သူ့ အား လည်း အလုပ်သမားများ က ကြောက်အောင် ရိုသေအောင် နေခဲ့သူ ဖြစ်လေသည် ။ ထို့ကြောင့်လည်း ကျွန်တော် က သူ့ အား ဆရာ တစ်ယောက် အနေနှင့် လေးစားကြည်ညိုခဲ့မိသည် ။

ယခုမူ သူ ၏ အတွင်းအပြင်များ ကို သိ၍ ကျွန်တော် သည် ရွံမုန်း၍ လာမိသည် ။ သို့သော်လည်း ရွံမုန်းသည့် စိတ် ကို မျိုသိပ်၍ ဝတ္တရား ရှိသမျှကို ကျေပွန်အောင် လုပ်ကိုင်ရလေသည် ။ တစ်နေ့လုံး လိုပင် အလုပ် ကို မနားတမ်း လုပ်နေရာမှ ညနေ မိုးချုပ် မှပင် နားရလေသည် ။ ကျွန်တော် သည် မအေးချို ကို ကြည့်၍ စိတ်ထဲ မှ ရယ်ချင်သလို ဖြစ်မိသည် ။ မအေးချို သည် နိုင်လွန်အသစ် ချုပ် ဝတ်လာကြောင်း ကို လည်း မရီ အား ကြွားလိုက်သေးသည် ။

“ ဟေ့ ... တို့က နိုင်လွန် ပေမဲ့ အပေါစား ကို ဝတ်တာ မှတ်သလား ၊ မှန်နိုင်လွန် မှ ဝတ်တာ .. ”

“ ရှင်တို့ က ပိုက်ဆံ ရှိတာကိုး ၊ ဝတ်နိုင်တာပေါ့ ”

မရီ သည် မျက်နှာငယ်ကလေး ဖြင့် မအေးချို အား ကြည့်ရင်း ပြန်ပြောလိုက်သည် ။

ကျွန်တော် က အလိုလို ခံပြင်းလာသဖြင့် မအေးချို အား ပြုံး၍ ကြည့်လိုက်သည် ။ မအေးချို သည် ကျွန်တော့် အား မလုံမလဲ နှင့် ကြည့်ရင်း ...

“ ဟို ... သေချင်းဆိုး က ဘာလဲ .. ၊ စပ်ဖြဲဖြဲ နဲ့ ... ”

“ ဘာမှ မဟုတ်ပါဘူးဗျာ ၊ ကျုပ် ဘာသာ ကျုပ် တွေးမိလို့ ရယ်တာပါ ”

“ မအေပေးမျိုးနော် ၊ ရီးတီးယားတား တော့ လုပ်မယ် မကြံနဲ့ ၊ ပါးကွဲသွားမယ် ”

“ အောင်မယ် … ကြောက်ရမယ် ၊ ခင်ဗျား က ပါးရိုက်နားရိုက်မယ် ပေါ့ ၊ ကျုပ် ကို အကြောင်းမဲ့ စော်ကားရင် ဘယ်သူ့မှ မခံဘူး ”

မရီ သည် ကျွန်တော်တို့ နှစ်ယောက် ကို နားမလည်သလို ကြည့်နေရှာသည် ။ မအေးချို သည် ကျွန်တော် က ပြန်၍ ဟောက်လိုက်မှ ငြိမ်သွားတော့သည် ။

အမှန်ကလည်း မအေးချို က ကျွန်တော့် အား နှုတ်ပိတ်ခ ငွေနှစ်ကျပ် ပေးထား မှ ပင် ကျွန်တော် က ပို၍ ထိုအကြောင်း ကို မရီ အား ပြောပြချင်လေ ဖြစ်မိသည် ။ မရီ အား ပြောပြချင်သည် မှာ လည်း မအေးချို အား နစ်နာစေလို ၍ မဟုတ်ပေ ။ ကြောင်သူတော် ကိုလှမောင် ၏ အကြောင်း ကို မရီ အား သိထားစေ လို၍ သာ ဖြစ်သည် ။ သိထားမှ မရီ အတွက် အန္တရာယ် ကို ကြိုတင် ကာကွယ်နိုင်မည် ဖြစ်ပေသည် ။

ထို့ကြောင့်လည်း ကျွန်တော် သည် တစ်နေ့လုံး မရီ အား စကားပြောခွင့် ရရန် ချောင်း၍ နေမိသည် ။ ညနေပိုင်း အချိန်တွင်မူ မရီ နှင့် စကားပြောခွင့် ကို ရလေသည် ။ ကိုလှမောင် အပြင် သွားခိုက် နှင့် မသန်းရီ ၊ မအေးချို တို့ ဈေးဝယ်သွားခိုက် တွင် ဆိုင် တွင် ကျွန်တော် နှင့် မရီ သာ ကျန်ရစ်ခဲ့လေသည် ။

“ မရီ ကို ကျွန်တော် ပြောစရာ ရှိလို့ ... ”

မရီ သည် ကျွန်တော့် အား ပြုံး၍ ကြည့်လိုက်ရင်း..

“ ဘာများလဲ ကိုသံချောင်း ရဲ့ ”

“ ဆရာကိုလှမောင် ကို ကျွန်တော် သိပ်ပြီး မယုံချင်တော့ဘူး ”

“ ဘာဖြစ်လို့လဲ ၊ အစ်ကို က ကိုသံချောင်း ကို ဘာ ပြောလို့လဲ ”

“ ဘာမှ ပြောလို့ဆိုလို့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ဆရာကိုလှမောင် နဲ့ မအေးချို တို့ တစ်နေ့ည က ဒီ ဆိုင် ထဲမှာ အရမ်းကျ နေတာပဲ ”

မရီ သည် မျက်တောင်ကလေး ခတ်၍ နားမလည် သလို ကျွန်တော့် အား ခပ်ကြောင်ကြောင် ကြည့်၍ နေရှာလေသည် ။

“ ကိုသံချောင်း ပြောတာကို မရီ နားမလည်ဘူး ”

ကျွန်တော် က မရီ နားလည်အောင် မည်သို့ ပြောရမည်ကို စဉ်းစားရသေးသည် ။

“ မရီ က လည်း … ၊ နားဝေး လိုက်တာ ၊ ဆရာကိုလှမောင် နဲ့ မအေးချို တို့ ဒီ ဆိုင်ထဲ မှာ တစ်ည ဖြစ်ချင်တိုင်း ဖြစ်နေကြတာကို ပြောတာဗျ ”

"ဟင် ... အစ်ကို နဲ့ မအေးချို နဲ့ ... ဟုတ်လား ၊ မဖြစ်နိုင်တာပဲ ကိုသံချောင်း က ဘယ်လိုလုပ် သိသလဲ ”

“ ဟုတ်ပါတယ်ဗျာ ၊ ကျွန်တော် ကိုယ်တိုင် မြင်ရတာ ၊ ကျွန်တော့် ကို ခေါက်ဆွဲ ဝယ်ခိုင်းပြီး တခြား လွှတ်တယ် ၊ အဲဒါ ကျွန်တော် ပြန်လာတော့ ကျွန်တော့် အိပ်ရာ ပေါ် မှာ သူတို့ နှစ်ယောက် ကို တွေ့ ရတာပေါ့ ”

“ ဘုရားရေ ... ကျွန်မ ဖြင့် ကိုသံချောင်း ပြောလို့သာ ယုံရတယ် ၊ နို့မို့ရင် ဘယ် ယုံမလဲ ၊ အစ်ကို့ ကို ကျွန်မ သိပ် ကြည်ညိုနေတာ ... ”

“ အေးလေဗျာ ၊ ကျွန်တော် လည်း ဒီလိုပဲ ၊ ခုတော့ ကြောင်သူတော် ယောင် ဆောင်တဲ့ ကြွက်သူခိုး ပဲ ၊ အဲဒါက အရေးမကြီးဘူး ၊ မအေးချို က ဒီ အကြောင်း ကို မရီ ကို မပြောရဘူး ဆိုပြီး ကျွန်တော့် ကို ပိတ်တယ်ဗျ ၊ အဲဒီ ည က ငွေနှစ်ကျပ် တောင် အတင်း ပေးသေးတယ် ၊ ဒါပေမဲ့ ကျွန်တော် ကလည်း မပြောဘဲ မနေနိုင်ဘူး ၊ မရီ အတွက် ကျွန်တော် စိုးရိမ်တယ် ။ အနေအထိုင် ဆင်ခြင်နေဗျာ ၊ မအေးချို ပြီး ရင် မရီ ဘက် လှည့် လာလိမ့်မယ် လို့ ကျွန်တော် ထင်တယ် ”

“ ကိုသံချောင်း ပြောမှ ကျွန်မ သတိရတော့တယ် ၊ အစ်ကို က ဒီ လဆန်းမှာ ကျွန်မ ကို အလုပ် ပင်ပန်းလို့ ဆိုပြီး လုံချည်အင်္ကျီ တောင် ဝယ်ပေး မလို့ ပြောနေတာ ... ”

“ အဲဒါ ကြောက်ရတာပေါ့ဗျာ့ ၊ သွားပြီးများ မယူလေနဲ့ ၊ ဒီ ယုန် မြင် လို့ ဒီချုံ ထွင်တာ ၊ အဲဒါ ခင်ဗျား သတိသာ ထားပေတော့ ”

“ ကျေးဇူးပဲ ကိုသံချောင်း ရယ် ၊ မရီ တော့ အလုပ် လုပ်ရမှာတောင် ကြောက်လာပြီ ”

“ ကိုယ် က သူ့ အကြောင်း သိထားရင် ပြီးတာပဲဗျာ ။ ကြောက်စရာ တော့ မရှိပါဘူး ၊ ကျွန်တော်တို့ လည်း ရှိပါတယ် ”

မရီ သည် မျက်လုံးကလေး ကလယ် ကလယ် ဖြစ်၍ နေရှာသည် ။ ကျွန်တော် သည် မရီ ကို ကြည့်၍ အလိုလို သနားလာမိသည် ။ အမှန်ဆိုတော့ မရီ သည် ကျား ရှေ့မှောက်၌ ရောက် နေသော သားကောင် ကဲ့သို့ မလည်မဝယ် တောသူကလေး မျှ သာ ဖြစ်နေသည် ကို ကျွန်တော် သိနှင့်ပြီး ဖြစ်လေသည် ။

ကနေ့ည ကျွန်တော် စောစောပင် အိပ်ရာ သို့ ဝင်ခဲ့လေသည် ။ ဆိုင် ထဲ တွင် ကား မသန်းရီ ၊ မအေးချို နှင့် မရီတို့ က မနက် အတွက် ဟင်းများ ချက်ပြုတ် နေကြသည် ။ ယခုတော့ ညတိုင်း အလုပ် ဖြစ်၍ ကျွန်တော် လည်း အပင်ပန်း မခံနိုင်တော့ချေ ။ ည၌ လည်း နာရီပြန် တစ်ချက် နှစ်ချက် အထိ ဟင်း ချက်ရသည် ။ အလုပ် ကို ကူညီ လုပ်ပေးရသည် ။ မနက် လေးနာရီ ငါး နာရီ ထ၍ ထမင်းအိုး တည်ရသေးသည် ။ အစတော့ ဆိုင်အလုပ်များ ကို ဝတ္တရား ကျေအောင် လုပ်နိုင်သေးသည် ။ နောက်တော့ အိပ်ရေးပျက်ဖန် များ လာ၍ မခံနိုင်တော့ချေ ။ ထို့ကြောင့်လည်း ဆရာကိုလှမောင် က ကျွန်တော့် အား ညဦးပိုင်း အလုပ် ကို အနား ပေး၍ မနက် ကို ထမင်း ချက်ရန် တာဝန်သာ လျှင် ပေးတော့သည် ။ အိပ်ပျော် နေရာမှ ကျွန်တော် သည် အိပ်မက် မက်သလို နား ထဲ တွင်အသံများ ကြားလာရသည် ။

ည အိပ်သည် ဆိုသော်လည်း သတိဝီရိယ ကို အမြဲထား၍ အိပ်ရသဖြင့် ကျွန်တော် သည် အသံသဲ့သဲ့ ကြားရုံမျှဖြင့် လန့်၍ နိုးလေသည် ။ ကျွန်တော် သည် အသံ လာရာသို့ နားစွင့် ၍ ထောင်လိုက်မိသည် ။

“ ရှိခိုးပါရဲ့ အစ်ကို ရယ် ၊ ကျွန်မ ကို သနားပါ အစ်ကိုရယ် ၊ ကျွန်မ တောင်းပန်ပါတယ် ”

အသံ ကို ကြားသည်နှင့် တစ်ပြိုင်နက် မရီ ၏ အသံမှန်း ကျွန်တော် အတပ်သိလေသည် ။ မရီ အပြင် ကျန် တစ်ယောက် မှာလည်း လူယုတ်မာ ကိုလှမောင် ဖြစ်၍ တခြား ဘယ်သူမှ မဖြစ်နိုင်ပေ ။

“ အရီ က လည်း ... လိမ္မာပါတယ်ကွယ် ၊ အရီ့ ကို တကယ် ချစ်လို့ပါ ၊ အရီ့ ကို အစ်ကို တကယ် ချစ်တာ အရီ ရဲ့ ၊ ကျောရုံ မကြံပါဘူး ၊ အတည် ယူ ပါ့မယ် ”

“ မဖြစ်နိုင်တာ အစ်ကိုရ ယ် ၊ ကျွန်မ ဒါမျိုးတွေ ဝါသနာ မပါပါဘူး ၊ ချမ်းသာပေးပါ အစ်ကို ရယ် ”

“ ဘာလဲ …. ၊ နင် က ငါ ကောင်းကောင်း ချော့ ပြောနေရင် မရဘူးလား ၊ ငါ့ ကို ဘာမှတ်သလဲ ”

“ ဒါပဲနော် အစ်ကို ၊ ဇွတ်တော့ လုပ်မယ် မကြံနဲ့ ၊ အော်လိုက်မယ် ”

“ မမိုက်ပါနဲ့ကွာ ၊ ငါ နင့် ကို အားလုံး တာဝန်ယူမှာပါ ၊ ငါ စေတနာ နဲ့ ပြောနေတာ ၊ နင် လိုတာ ငါ ပေးမယ် ၊ ငွေ လိုရင် လည်း ငွေ ပေးမယ် ၊ ကလေး က လိမ္မာပါတယ် ”

ကျွန်တော် သည် အိပ်ရာ မှ ရုတ်တရက် ထ လိုက်မိသည် ။ ပြီးမှ ကိုလှမောင် တို့ အနားသို့ သွား၍ ရပ်လိုက်မိလေသည် ။

“ အစ်ကို နော် ... လွှတ်... လွှတ် ၊ အမလေးတော် …. သေပါတော့မယ် ”

“ မလွှတ်ဘူး ဟာ ... ၊ ကဲ .. မလွှတ်ဘူး ”

ကျွန်တော် က ကိုလှမောင် ၏ လက်မောင်း တစ်ဖက် ကို ဆွဲယမ်း လိုက်မိသည် ။

“ ခင်ဗျား ဒီလို မစော်ကားပါနဲ့ ”

ကိုလှမောင် သည် ရုတ်တရက် ဖြစ်၍ နောက်သို့ လန်ကျ သွားသည် ။ သူ သည် ကျွန်တော့် အား ကြည့်၍ ဒေါသတကြီး ဖြင့် တစ်စုံတစ်ခု လုပ်ရန် အားယူလိုက်ပြန်သည် ။ ကျွန်တော် က သူ အဆင်သင့် မဖြစ်မီ သူ ၏ မျက်နှာ ဆီသို့ လက်သီးများ ခပ်သွက်သွက် ပစ်၍ သွင်းလိုက်သည် ။

သူ သည် နောက်သို့ပင် ထိုင်လျက် လဲကျ သွားလေသည် ။ ခု တကြိမ်တွင် သူ သည် ကျွန်တော့် အား ထပ်မံ ရန်ပြုရန် မကြိုးစားရဲတော့ချေ ။

“ ခွေးမသား … ဟင် ၊ မင်း က ဘာ လူပါးဝတာလဲ ၊ မင်း ကို ငါ့ ဆိုင် မှာ မထားဘူး ၊ မင်း ဒီနေ့ က စပြီး ငါ့ ဆိုင် မှာ မနေနဲ့ ၊ အခု သွားကွာ ၊ အခု ထွက် သွား ... ”

ကိုလှမောင် သည် နေရာ မှ ထ၍ ကျွန်တော့် အား ဆဲဆိုကြိမ်းမောင်း နေသည် ။ မရီ က မူ စားပွဲ ပေါ်တွင် မျက်နှာ ကို မှောက်၍ ငိုနေတုန်းပင် ။ ကျွန်တော် က ကိုလှမောင် အား ရွံမုန်းစွာ ကြည့်လိုက်မိသည် ။

“ ကျုပ် လည်း မလုပ်ချင်ပါဘူး ၊ နက်ဖြန် မိုးလင်း ရင် ခင်ဗျား ဆိုင် မှာ မနေတော့ဘူး ”

“ ဟေ့ ... မိုးလင်းအောင် တောင် မစောင့်နိုင်ဘူး ၊ မင်း ခု ထွက်သွား ”

“ အေးဗျာ.. ၊ ဒါဖြင့်လည်း ကျုပ် ရဖို့ ရှိတဲ့ ငွေ ကို ရှင်းပေးပေါ့ ”

“ ဘာ မင်း ရစရာ ရှိတာလဲ ၊ မပေးဘူးကွာ ၊ မင်း ဘာတတ်နိုင်လဲ ”

ကျွန်တော် သည် သူ့ အနားသို့ အံကို ကြိတ်၍ တိုးသွားမိသည် ။ ကျွန်တော့် ဒေါသသည် ဤ တစ်ကြိမ်တွင် ချုပ်တည်း၍ မရနိုင်တော့ပေ ။

“ ခင်ဗျား ကျုပ် ကို ပိုက်ဆံ ပေးမလား မပေးဘူးလား ၊ မပေးရင် ခင်ဗျား ကို ကျုပ် ချမ်းသာ မပေးနိုင်ဘူး ၊ တတ်နိုင်တဲ့နည်း နဲ့ လက်စားချေရမှာပဲ ”

ကျွန်တော့် လက်များသည် သူ့ လည်ပင်း အား ညှစ်ရန် ကိုင်ထားလိုက်မိသည် ။ သူသ ည် ပြူးကြောင်ကြောင် ဖြင့် ကျွန်တော့် အား ကြည့်ရင်း ကျွန်တော့် လက်များ ကို ပုတ်ချလိုက်သည် ။ ပြီးလျှင် အိတ် ထဲ မှ ဆယ်တန် သုံးရွက် ကို နှိုက်၍ ကျွန်တော့် အား ပစ်ပေးလိုက်သည် ။

“ ရော့ .. မင်း ငွေ …. ”

ကျွန်တော် သည် သူ ပေးသော ငွေ ကို ယူ၍ ကျွန်တော့် အိပ်ရာ ဆီ သို့ သွားပြီး ပစ္စည်းများ ကို သိမ်းလိုက်သည် ။ ပြီးမှ ကျွန်တော် လုပ်ရသမျှ စုထား သော ငွေများ ကို ဝှက်ထားသည့် နေရာ မှ သိမ်းယူ ပြီးလျှင် ဆိုင်ရှေ့ သို့ ထွက်ခဲ့လေ၏ ။

မရီ သည် ကျွန်တော့် အား ကြောင်စီစီ ကြည့်၍ နေရှာလေသည် ။ ကျွန်တော် က မရီ အား ကြည့်ရင်း သနားလာသည် ။

“ မရီ ... လာ .. ပြန်ကြရအောင် ၊ ကျွန်တော် လိုက်ပို့မယ် ”

မရီ သည် ကိုလှမောင် အား တစ်ချက်မျှ ကြောက်သလို ကြည့်ရင်း ကျွန်တော် နှင့် လိုက်ခဲ့လေသည် ။

ကျွန်တော် သည် တစ်လမ်းလုံး ဘာမျှ မပြောနိုင်ပေ ။ မရီ သည် ကျွန်တော့် အား အကဲခတ် သလို မကြာခဏ ကြည့် နေရှာသည် ။

“ ကျွန်မ အတွက် ကိုသံချောင်း ခုလို ဒုက္ခ ရောက်ရတာ ကို စိတ်မကောင်းပါဘူး ”

“ ကိစ္စ မရှိပါဘူးဗျာ ၊ ခင်ဗျား ကြောင့် ကျွန်တော် ဒီ အလုပ် ရတာပဲ ၊ ခင်ဗျား အတွက် ခုလို ကျေးဇူးဆပ်ရတာ ကျွန်တော် ဝမ်းသာတယ် ၊ ပြီးတော့ လည်းဗျာ .. ကျွန်တော် ဒီ လူယုတ်မာကြီး ဆီ မှာ လည်း မလုပ်ချင်ပါဘူး ”

“ တခြား ဘာလုပ်မယ် လို့ ကိုသံချောင်း စိတ်ကူးသလဲ ဟင် ”

“ ခုတော့ မသိသေးဘူးဗျာ ၊ ဒီလိုပဲ ရှာရမှာပေါ့ ၊ မရခင် အတွင်း တော့ ကျွန်တော် စုထားတဲ့ ငွေကလေး နှစ်ရာ လောက် ရှိပါတယ် ၊ ဒါလေးနဲ့ ဖြစ်သလို စားရင်း တစ်ခု ခုရအောင် ရှာရမှာပဲ ”

မရီ သည် တစ်စုံတစ်ခု ကို တွေးတော စဉ်းစားနေသည် ။ ကျွန်တော် သည် မရီ အား ဘာမှ ဆက်၍ မပြောတော့ချေ ။ ညရေးညတာ ကိစ္စ အတွက် ကို သာ စဉ်းစား နေမိလေသည် ။

မရီ တို့ အိမ် ရောက်သည့် အခါ မရီ ၏ အမေကြီး သည် မအိပ်သေးဘဲ စောင့်၍ နေရှာသည် ။

“ ညဉ့် နက်လိုက်တာ သမီးရယ် ၊ အမေ ဖြင့် စိတ်တောင် ပူနေတာ ”

“ မနက် ရောင်းဖို့ ည ချက်နေရလို့ အမေ ၊ ဟောဒါ ကျွန်မတို့ ဆိုင် က ကိုသံချောင်း ဆိုတာလေ အမေ ရယ် ၊ သမီး ဒုက္ခ ဖြစ်တော့မလို့ ၊ သူ့ ကျေးဇူး ကြောင့်ပေါ့ ”

မရီ ၏ အမေ သည် ကျွန်တော့် အားကြည့်ရင်း ...

“ ကျေးဇူးပါပဲ မောင် ရယ် ၊ သမီး က ဘယ်လို ဖြစ်လို့လဲ ၊ လူဆိုးသူဆိုး တွေနဲ့ တွေ့ လို့လားဟင် ”

မရီ သည် ရုတ်တရက် ဘာကို ဖြေရမှန်းမသိဘဲ ကျွန်တော့် အား ခပ်ကြောင်ကြောင်ကြည့် နေလိုက်သည် ။ ကျွန်တော် က ရုတ်တရက် စိတ်ကူး ရရာ ကို ပြောချလိုက်ရသည် ။

“ လမ်း မှာ ခင်ဗျ ၊ အမူးသမားတွေ နဲ့ တွေ့ လို့ ၊ အဲဒါ ကျွန်တော် က မိန်းကလေး တစ်ယောက် တည်း ဆိုပြီး စိတ်မချတာ နဲ့ လိုက်လာပေလို့ ၊ အမူးသမားတွေ က ဆွဲမလို့ ရမ်းမလို့ လုပ်နေတာ ”

“ အမလေး …. ငါ့ သမီးကြီး ကံကြီးပေလို့ ၊ မောင်မင်းကြီးသား ကျေးဇူးပါကွယ် ”

“ ကဲ … အမေကြီး ၊ ကျွန်တော် ပြန်ပါရစေ ၊ မရီ ပြန်မယ်ဗျာ ”

ကျွန်တော် သည် မရီတို့ အိမ် မှ တစ်လှမ်းချင်း ထွက်ခဲ့လေသည် ။ မရီ တို့ နေသော ကွက်သစ်လမ်း ထိပ် သို့ ရောက်လျှင် နောက်မှ အပြေးအလွှား လိုက်လာသော မရီ ၏ အသံ ကို ကြားရလေသည် ။

“ ကိုသံချောင်း .. ”

ကျွန်တော် သည် မရီ အား စောင့်၍ ရပ်ကြည့် လိုက်သည် ။ မရီ သည် မောကြီးပန်းကြီး ဖြင့် ပြေးလာလေသည် ။

“ ရှင် ဒီည ဘယ် သွား အိပ် မှာလဲဟင် ၊ အိပ်စရာ မရှိရင် မရီ အိမ်မှာ အိပ်ပါလားရှင် ”

“ နေပါစေဗျာ ၊ ကျွန်တော် အိပ်တတ်ပါတယ် ၊ ဖြစ်သလို အိပ်ရမှာပဲ ”

“ ဘယ် ဟုတ်မလဲရှင် ၊ မရီ စိတ်မကောင်းအောင် မရီ အတွက် အခုလို ဖြစ်ရတာ အိမ် မှာပဲ အိပ်ရမယ် ၊ လာပါရှင် ”

မရီ သည် ကျွန်တော် ၏ လွယ်အိတ် ကို အတင်း ဆွဲ၍ ခေါ်သွား သည် ။ ကျွန်တော် က မရီ ၏ စေတနာ ကို ကျေးဇူးတင်မိလေသည် ။ သို့ရာတွင် ကိုယ့် အတွက် သူများ ကို ဒုက္ခ မပေးလိုလှပေ ။

“ နေပါစေဗျာ ၊ အလကား ဒုက္ခ များနေပါဦးမယ် ”

“ အို .. ဘာမှ ဒုက္ခမများဘူး ၊ မရီတို့ မှာ စောင်တွေ ၊ ခေါင်းအုံးတွေ ရှိပါတယ် ၊ ကဲ ... လာပါ ၊ ညဉ့်နက်လှပြီ ၊ တခြား သွား မနေပါနဲ့ ”

ကျွန်တော် သည် မရီ ၏ စောင့်ခေါ်ခြင်းကို မငြင်းဆန်နိုင်တော့ချေ ။ မရီ တို့ အိမ် သို့ ပြန်၍ လိုက်ခဲ့ရပြန်သည် ။ အိမ် ရောက်လျှင် မရီ သည် ကျွန်တော့် အတွက် အိပ်ရာ ကို ပြင်၍ ပေးရှာသည် ။ မရီ အမေကြီး ကမူ ကျွန်တော့် အား ကျေးဇူးရှင် တစ်ယောက် လို ဖော်ရွေလှသည် ။

“ တခြား မသွားပါနဲ့ကွယ် ၊ ဒီမှာပဲ အိပ်ပေါ့ ၊ သမီး အတွက် ဒီလို ဒုက္ခ ဖြစ်ရတာ အမေတို့ ဝတ္တရား ရှိတာပေါ့ ၊ ကဲ .. အားမနာနဲ့ ၊ ထမင်း မစားရ သေးရင် ထမင်းတွေ ရှိတယ် ”

“ ကျွန်တော် စားပြီးပါပြီ ခင်ဗျာ ”

အမေကြီး သည် နောက်ဖေးခန်း သို့ ဝင်သွားလေသည် ။ မရီ ကမူ ကျွန်တော့် အတွက် အိပ်ရာများ ပြင်ပေး ပြီးလျှင် ကျွန်တော့် အနား တွင် လာ၍ ထိုင်ရှာသည် ။ ကျွန်တော် သည် မရီ အား ကျေးဇူးတင် မဆုံး ကြည့်နေမိသည် ။

“ ကိုသံချောင်း ၊ တခြား အသိ မရှိဘူး ဆိုရင် ဘယ်မှာ သွားနေမလဲ ”

“ အလုပ် မရခင်တော့ ဒီလိုပဲ ဖြစ်သလို နေရမှာပဲ ၊ အရင်တုန်း ကလို ပြန် နေရမှာပေါ့ ”

“ မဟုတ်တာ ရှင် ၊ လမ်း မှာ အိပ်ပြီး စား နေလို့ ဘယ် ဖြစ်မလဲ ၊ လူဆိုး လူကောင်းမှန်း မသိတော့ ဒုက္ခ ရောက်နေဦးမယ် ”

“ ဒီလိုပဲပေါ့ဗျာ ၊ အဆင်သင့် လို့ အလုပ် ရတော့လည်း အိမ်လေး ဘာလေး ရှာရမှာပေါ့ဗျာ ၊ ခုတော့ တစ်ယောက်တည်း ဖြစ်သလို နေရမှာပဲ ”

ကျွန်တော် က ခပ်ညည်းညည်း ဖြေလိုက်သည် ကို မရီက သနားနေဟန် ရှိလေသည် ။

“ မရီတို့ ကို အားမနာပါနဲ့ ကိုသံချောင်း ရယ် ၊ မရီ ကို နှမလေး တစ်ယောက် လို ရင်းရင်းနှီးနှီး ပေါင်းပါ ၊ ကိုသံချောင်း တခြား မှာ နေစရာ မရှိသေး ရင် ဒီမှာပဲ နေပါ ၊ မရီတို့ မှာ လည်း အားကိုးအားထား ရတာပေါ့ ”

ကျွန်တော် သည် မရီ ၏ စေတနာကို ကျေးဇူးတင် မဆုံး ရှိရတော့သည် ။ ကျွန်တော့် အား ကြင်နာစွာ ကြည့်နေလေသည် ။ ကျွန်တော် သည် မရီ ၏ မျက်လုံးများ ကို အတန်ကြာအောင် စိုက်၍ ကြည့်နေမိသည် ။

“ မရီ ဟာ ကျွန်တော့် ရဲ့ ကျေးဇူးရှင်ပါပဲဗျာ ၊ မရီ ရဲ့ ကျေးဇူးတွေ ကျွန်တော် ဘယ်လိုမှ ဆပ်လို့ မကုန်တော့ပါဘူး ”

⎕ အောင်လင်း
📖ပစ်တိုင်းထောင်

No comments:

Post a Comment