Thursday, June 26, 2025

ဗိုလ်ကလေး ကျောက်ခဲ


 

❝ ဗိုလ်ကလေး ကျောက်ခဲ ❞
        ( ကြည်စိုးထွန်း )

“ ဗိုလ်ကလေး ” ဆိုသည်မှာ “ ဗိုလ်ကြီး ” အောက်အဆင့် အရာရှိ စစ်ဗိုလ် ကို ခေါ်ခြင်းဖြစ်ပါသည် ။ အင်္ဂလိပ်ဘာသာ ဖြင့် ရေးလျှင် လက်ဖတင်နင် ( သို့မဟုတ် ) လျူတင်းနင့် LIEUTENANT ဟု ရေးရပါလိမ့်မည် ။

“ ဗိုလ် ” ဆိုပါတော့

ထို “ ဗိုလ် ” အသုံးအနှုန်း နှင့် ပတ်သက်ပြီး မောင်ကျောက်ခဲ တစ်ယောက် ဗိုလ်ကလေးတင့်အောင် နှင့် တော်တော်လေး စကား ပြောဖြစ်ခဲ့ဖူးသည် ။ အခြား မဟုတ်ပါ ။ ယခု “ ဘိုကလေးမြို့ ” ဟူသော စာလုံးပေါင်း နှင့် ပတ်သက်ပြီး “ ဘိုကလေးမြို့သား ” ဖြစ်သော “ တင့်အောင် ” က ဘာကြောင့် “ ဘိုကလေးတင့်အောင် ” မဖြစ်ဘဲ “ ဗိုလ်ကလေးတင့်အောင် ” ဖြစ်နေရခြင်း အကြောင်း ကို သိချင်စိတ်နှင့် မေးမြန်းခဲ့မိသော ကြောင့်ပင် ။

ဗိုလ်ကလေးတင့်အောင် က ဤသို့ ရှင်းပြခဲ့ဖူးပါ၏ ။

“ အလောင်းမင်းတရားကြီး တတိယမြန်မာနိုင်ငံတော်ကြီး တည်ထောင်တဲ့အခါ မွန်လူမျိုးတွေ မြစ်ဝကျွန်းပေါ် ဘက် ကို ရောက်လာကြတယ် ။ အဲ့ဒီ အထဲမှာ မွန်စစ်ဗိုလ်ကလေး ဟာ ဒီနေရာ ကို ရောက်ပြီး ဒီမြို့ ကို တည်ခဲ့တာပေါ့ ။ အဲဒီ ဗိုလ်ကလေး ကို အမှတ်အသား ပြုပြီး ဗိုလ်ကလေးမြို့ လို့ ခေါ်တယ်လို့ ကြားဖူးတာပဲ ။ အဲ့ဒါကြောင့် ငါ့ နာမည် ရှေ့ မှာ ဗိုလ်ကလေး ကို ထည့်ခဲ့တာပဲကွ ”

ဗိုလ်ကလေး ဖြစ်ဖြစ် ၊ ဘိုကလေး ဖြစ်ဖြစ် ... ထိုမြို့သားများနှင့် မောင်ကျောက်ခဲ အလွန် ခင်မင်ခဲ့ဖူးလေ၏ ။ ထို မြို့သားများ နှင့် ဆက်နွယ်မိသောကြောင့်လည်း သင်္ဘောခရီးရှည် သွားခဲ့ရဖူးသည် ။ ဆန် ရောင်းခဲ့ရဖူးသည် ။ အံ့သြစရာ ။

စင်စစ် မောင်ကျောက်ခဲ ၏ ဘဝ၌ မမေ့နိုင်စရာ အချက် သုံးချက် ရှိသည် ။ ( ၁ ) မိမိ ဇာတိ ( ၂ ) မိမိ ရုပ်ရှင်လုပ်ငန်း နှင့် ( ၃ ) မိမိ သင်ယူခဲ့ဖူး သော ဘူမိဗေဒပညာရပ် နှင့် ပတ်သက်သော အချက်များ ဖြစ်ကြသည် ။ ဘူမိဗေဒဘာသာရပ် ကို သင်ကြားခဲ့မိသောကြောင့် ဗိုလ်ကလေးသား တော်တော်များများ နှင့် ခင်မင်သိကျွမ်းခဲ့သည် ။

မိုးခေါင်ရပ်ဝန်း မှာ မွေးသည့် မောင်ကျောက် ခဲနှင့် ရေဖောင်ဖောင် မှာ မွေးကြသည့် ဗိုလ်ကလေးသားများ ခင်ခင်မင်မင် ရှိကြသည် မှာလည်း ထူးတော့ ထူးဆန်းသည်ဟု ဆိုရပေမည် ။ ပထမဆုံး သိကျွမ်း ခင်မင်ခဲ့ရသော ( ကို ) သိန်းအောင် ဆိုလျှင် မောင်ကျောက်ခဲ အပေါ် တကယ့်ကို သည်းခံပေါင်းသင်းနိုင်စွမ်း ရှိသူ ဖြစ်ခဲ့သည် ။ သူ နှင့် ခင်မင် ခဲ့ရုံသာမက သူ့ မိဘ ၊ သူ့ မောင်နှမ ၊ သူ့ ဆွေမျိုး အားလုံး နှင့် မောင်ကျောက်ခဲ ခင်မင်ခဲ့ပြီး ထိုမှ စကာ မောင်ကျောက်ခဲ တစ်ယောက် ဗိုလ်ကလေး ကျောက်ခဲ ဖြစ်ခဲ့သည် ဆို က မှားမည် မထင် ။ သူ့ ညီ ( ကို ) သောင်းဝင်း သည်လည်း မောင်ကျောက်ခဲ ကို အစ်ကိုကြီး တစ်ဦး သဖွယ် လေးစား အားကိုးခင်မင်ကာ ရုပ်ရှင်ထုတ်လုပ်ရေးများ လုပ်ခဲ့ဖူးသည် ။ လူပျိုကြီး ကိုဖိုးစွံ ၊ မမမောင်မောင်မို့မို့ ၊ သမီးနှင့်အမေများ ၊ မသုဓမ္မစာရီ ရုပ်ရှင်ကား တော်တော်များများ ထုတ်လုပ်ခဲ့ဖူးသည် ။ ( ကို ) သောင်းဝင်း နှင့် နွယ်၍ မောင်နိုင် ( ကျော်ရဲအောင် ) သည် လည်း မောင်ကျောက်ခဲ နှင့် ဇာတ်ကားပေါင်း များစွာ တွဲ၍ ရိုက်ခဲ့ရသည် ။ မောင်နိုင် ( ကျော်ရဲအောင် ) သည် လည်း ဗိုလ်ကလေးမြို့သား ပင် ... ။

ဗိုလ်ကလေးမြို့သားတွေ ထဲ က သတိရစရာ ကောင်းသူများစွာ ထဲက ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ရာထူး အထိ တာဝန်ထမ်းဆောင် သွားသော ( ပါမောက္ခ - ဦး ) သိန်းဝင်း နှင့် အပုလေး ( ကို ) ခင်ဝင်း တို့ ကိုလည်း ချန်လှပ်၍ မရပါ ။ မောင်ကျောက် ခဲနှင့် သူတို့ နှစ်ယောက် ရှမ်းပြည်နယ် ဘော်ဆိုင်း ဘက် တွင် တတိယနှစ် ဘူမိဗေဒ ကျောင်းသားများ အဖြစ် အတူတကွ ကွင်းဆင်းခဲ့ဖူးကြသည် ။ ၁၉၆၇ ခုနှစ် လောက် က ဆိုတော့ နှစ်ငါးဆယ် တောင် ရှိပါပေါ့ .. ။

မှတ်မိသေးသည် ။ သိန်းဝင်း က အဆိုတော် မောင်သိန်းဝင်း နှင့် နာမည် တူသောကြောင့်လားမသိ သီချင်း ဆို အလွန် ဝါသနာပါသည် ။ ဟို ကိုသိန်းဝင်း က အဆိုတော် ... ၊ ဒီငနာသိန်းဝင်း က အတော်ဆို ... ။

မောင်ကျောက်ခဲ က မယ်ဒလင် မတောက်တခေါက် တီးတတ်သူ မို့ အတော်ဆိုသိန်းဝင်း နှင့် အတီးချာ မောင်ကျောက်ခဲ တို့ တွဲမိခဲ့ကြကာ ရွာရိုးတစ်လျှောက် သီချင်း ဆို မယ်ဒလင် တီး ၍ ညာညာဝါးဝါး တောင်းရမ်းစားသောက်ခဲ့ဖူးလေ၏ ။ ရိုးသားဖြူစင်သော ဓနုတောင်ရိုး ရှမ်းလူမျိုးများ ၏ ခင်မင်တတ်သော စိတ်ကြောင့် မောင်ကျောက်ခဲ တို့ တစ်တွေ အစားအသောက် တော်တော့်ကို အဆင်ပြေခဲ့ကြသည် ။ တွေးကြည့်တော့ နှစ်ငါးဆယ် လောက် က သူတောင်းစားများ အခုအခါ ပါမောက္ခ ဖြစ်သူ က ဖြစ် ၊ ရုပ်ရှင်ဒါရိုက်တာ ဖြစ်သူ က ဖြစ် ၊ ဖြစ်ချင်တိုင်း ဖြစ်နေသော လောကကြီးပါ တကား .... ဟုသာ အောက်မေ့ရချေတော့မည် ။

ဗိုလ်ကလေးမြို့ သား နောက် တစ်ယောက် က ( ဂါးကြီး ) မြင့်သိန်း ။ သူတို့ ဗိုလ်ကလေး မှာ အိမ်သာတွေ ကို မြစ်ကမ်းပါး မေးထိုး ဆောက်တတ် ကြသည်မို့ အစာဟောင်း စွန့်သည့်ကိစ္စ အဆင်ပြေလှသည် ။

ဘူမိဗေဒ ကွင်းဆင်းသည့် အခါ အညာဒေသ ထဲ တောင်ထဲ နေရ သည်မို့ သူတို့ဇာတိရပ်ရွာ လို ကမ်းနဖူးမေးတင် အိမ်သာမျိုး မရှိ ၊ တော ထဲ ခြုံထဲ သွားလာရသော သဘာဝမို့ ( ဂါးကြီး ) မြင့်သိန်း တစ်ယောက် အတော် ဒုက္ခရောက်ခဲ့သည် ။ သဘာဝချင်း က မတူပါ ပေ .. ။

သည်တော့ ( ဂါးကြီး ) မြင့်သိန်း တစ်ယောက် အစာဟောင်းထုတ်လုပ်ရေးကိစ္စ ညအခါ လက်နှိပ်ဓာတ်မီး တစ်လက်နှင့် လှည်းလမ်းကြောင်း မှာ သွား၍သွား၍ ပါရရှာ၏ ။ တစ်နေ့သော ည ( ဂါးကြီး ) မြင့်သိန်း ထုတ်လုပ်မှုကိစ္စ ဇိမ်ကျကျ လုပ်နေစဉ် မြို့သို့ လူနာပို့သော လှည်း တစ်စီး အပြင်းမောင်းလာခဲ့ သဖြင့် ခွေးပြေးဝက်ပြေး အလူးအလဲ အပေပေ ထ ပြေးရသည့် အဖြစ်က ယနေ့အထိ မောင်ကျောက်ခဲ တို့ ( နှာခေါင်းပိတ် ) ပြော၍ မဆုံး ။

ပြီးတော့ .. ။

( ထိပ်ပြော င်) ခင်မောင်ထွေး နှင့် ( တောသူကြီးသား ) ခင်ဇော် ...

နှစ်ဦးစလုံး ရေခြားမြေခြား သြစတြေးလျနိုင်ငံ သို့ ရောက်နေကြ ပြီး ဗိုလ်ကလေးမြို့ ကျွန်းညိုကြီး ကို မှ တွေးမိပါစေ ။ မိန်းမလှကျွန်း က မိန်းမလှတွေ ကို မှ သတိရပါစေ ။ စောင်းသံတွေကိုလည်း မေ့များ မေ့ချေပြီထင့် ... ။

ရန်ကုန်တက္ကသိုလ် ရောက်ခါစက ပြောင်စပ်စပ် ကြောင်တက်တက် ငနဲတွေ နိုင်ငံရပ်ခြား တစ်နေရာ မှာ ထင်ရှားစွာ အခြေစိုက်မိကာ တစ်ယောက် က ဘူမိဗေဒလုပ်ငန်း လုပ်ပြီး အနားယူ သွားပြီး ( တောသူကြီးသား ) ခင်ဇော် ကတော့ တက်စ်မေးနီးယား ( TESTMANIA ) တက္ကသိုလ် မှာ ကမ္ဘာသိ ထင်ရှား ခပ်မားမား ဘူမိဗေဒ ပါမောက္ခ ဒေါက်တာခင်ဇော် အဖြစ် ကျော်ကြားလျက် ရှိလေသည် ။ လွန်ခဲ့သော နှစ်ပေါင်း ( ၅၀ ) လောက် ရန်ကုန်တက္ကသိုလ် ရောက်စတုန်း ကတော့ သက္ကလတ် ဦးထုပ် ၊ ရှပ်အင်္ကျီတိုနံ့နံ့ နှင့် တကယ့် တောသူကြီးသား ရုပ် ... ။

ဘယ်ကောင်တွေ ဘယ်လောက် ကြီးသွား ကြီးသွား ဗိုလ်ကလေးသားများ ကို မောင်ကျောက်ခဲ က နှံပြည်စုတ် လောက်ပဲ ထင်နေမိသည် ။ သူတို့ ကလည်း မောင်ကျောက်ခဲ ဘာကောင်ကြီး ဖြစ်ဖြစ် ၊ ပုရွက်ဆိတ်ကလေး လောက်ပဲ အောက်မေ့ကြပေလိမ့်မည် ။ အော် .. ငယ်သူငယ်ချင်းတွေ ဆိုတော့လည်း ဘယ်သော အခါမှ ကြီးမသွားသည် မှာ ဓမ္မတာပါပဲ ။

“ ဒီကောင်တွေ မြို့က လူတွေ ကား မြင်ဖူးတာ မဟုတ်ဘူး ၊ ကား ကြည့်ချင်ရင် မီးသတ်ရုံး မှာ သွားကြည့် ရတယ် ... ” ဟု မောင်ကျောက် ခဲက မှိုချိုးမျှစ်ချိုး ပြောသလို သူတို့ က လည်း ...

“ မမြင်ဖူး မူးမြစ်ထင် ဆိုတာ ဒီကောင်ပေါ့ ၊ ရေငန်သောက် မြက်ခြောက်စားလေ ” ဟု ပယ်ပယ်နယ်နယ် တွယ်ကြသည် ။ မောင်ကျောက်ခဲ က အလျှော့မပေး ။

ဒီကောင်တွေ Geology Field ဆင်းမှ မီးရထား စီးဖူးတဲ့ကောင် တွေ ။ တောင် ဆို မြင်ဖူးတာ မဟုတ်ဘူး ။ တို့အညာ မှာ ရှိတဲ့ “ တောင်တွေ ” မြင်တော့ ပျော်လိုက်ကြတာ ဆွေ့ဆွေ့ကို ခုန်နေတာပဲ ဟု လူထူထူကြား မှာ အော်ကြီးဟစ်ကျယ် ချေပ ပြောဆိုခဲ့သည် ။ ယနေ့တိုင် မရိုးနိုင်သော ပြက်လုံး ။

အမှန် ဝန်ခံရလျှင် မောင်ကျောက်ခဲ တစ်ယောက် မီးသင်္ဘောကြီး ဖြင့် ရေလမ်းခရီးရှည်ရှည် တစ်ကြိမ် မှ သွားခဲ့ဖူးသူ မဟုတ် ၊ သူတို့ ဗိုလ်ကလေး ကို လိုက်လည်သော အခါမှ တစ်ညလုံး ပျင်းသွားအောင် ကို စီးခဲ့ဖူးရခြင်း ဖြစ်သည် ။ ကား တွေ စီးခဲ့ရသလို ခုန်ဆွခုန်ဆွလည်း မဟုတ် ၊ ရထား စီးခဲ့ရ သလို ဘယ်ယိမ်းညာယိမ်းလ ည်း မဟုတ် ၊ ဖွားခနဲ ဖွားခနဲ ရေပြင် ကို သင်္ဘောဦး ဖြင့် ခွဲကာ တငြိမ့်ငြိမ့် တအိအိ စီးနင်းခဲ့ရသော ရေလမ်းခရီး ၏ အရသာကား တစ်မျိုး ထူးခြားခဲ့သည်တော့ အမှန်ပေ ... ။

ဘူမိဗေဒပညာရပ် သည် ဗိုလ်ကလေးမြို့သား နှင့် ဆွေမျိုးတော် သလား မသိ ။ ဗိုလ်ကလေးမြို့သား တော်တော်များများ ဘူမိဗေဒပညာရှင်များ ဖြစ်ကြသည် ။ မောင်ကျောက်ခဲ တို့ ဘူမိဗေဒဆရာ ပါမောက္ခ ဒေါက်တာ မောင်သိန်း သည် လည်း ဗိုလ်ကလေးမြို့ အနီးက မော်လမြိုင်ကျွန်းသား ။ ရုပ်ရှင်လောက တွင် တွေ့ ရသော ဗိုလ်ကလေးမြို့သား မင်းအုပ်စိုး သည် လည်း ဘူမိဗေဒကျောင်းသား ဟောင်း ... ။ ဆန်စက်လုပ်ငန်းရှင် တင်မောင်ဦး သည် လည်း ဘူမိဗေဒ အဓိက .. ။ နောက် ... မောင်ကျောက်ခဲ မသိသော ဘူမိဗေဒ ဗိုလ်ကလေးသား များစွာ ရှိသေးသည် ... ဥပမာ - နယ်စပ်စည်ပင် က ကိုစိုးအောင် ... ။

မောင်ကျောက်ခဲ ရုပ်ရှင်ဖလင်တွေ ပြတ်ပြီး သားသမီးတွေ နှင့် ဒုက္ခ ရောက်နေချိန် ဗိုလ်ကလေးမြို့သား ဘူမိဗေဒကျောင်းသားဟောင်း ( ကို ) သိန်းအောင် ကူညီ၍ ဆန်အကြောင်း လုံးဝ နားမလည်ပါဘဲ နှင့် ဆန်ကုန်သည် ဘဝ ရောက်ခဲ့ဖူးလေသည် ။ တယ် လွမ်းစရာ ကောင်း ... ၊ ကျေးဇူးတင်စရာလည်း ကောင်းလှ ... ။

ရှေးဘဝ ဘဝတွေ က ရေစက်တွေကြောင့် ထင်ပါ၏ ။ ယနေ့ထိ ဗိုလ်ကလေးမြို့သား တစ်ဦး မဟုတ် တစ်ဦး နှင့် မကြာမကြာ ဆုံနေသေးသည် ။ အနည်းဆုံး အစ်ကိုလေး ( ဗိုလ်ကလေးတင့်အောင် ) နှင့် ရုပ်ရှင်အစည်းအရုံး မှာ တစ်လ နှစ်ခေါက်လောက်တော့ ဆုံဖြစ်သည် ။ ( ကို ) သိန်းဝင်း နှင့် ကလည်း တစ်ရပ်ကွက် တွင်းမှာ အတူ နေကြသလို ဘူမိဗေဒအဖွဲ့တွေ တွေ့ဆုံဝိုင်း လုပ်တိုင်း တွေ့ဖြစ်ကြသည် ။ တယ် ပျော်စရာ ကောင်း ။

“ ခင်ရာဆွေမျိုး ” ... ဆိုသော မြန်မာစကားပုံ ကား မှန်လေစွ ။ ရေခြောက်မြေခြောက် မှာ မွေးခဲ့သော မောင်ကျောက်ခဲ ရေစိုမြေစို က လူသားများ နှင့် ဆွေမျိုးသဖွယ် ခင်မင်ခဲ့ရသည်မှာ အံ့သြဖွယ်ရာပါပေ ... ။

ဗိုလ်ကလေးသား ဗိုလ်ကလေးတင့်အောင် ၏ နောက် ဗိုလ်ကလေး ဘယ်သူဘယ်ဝါ ဟူ၍ ပေါ်မလာတာ မောင်ကျောက်ခဲ သတိထားမိသည် ။ သူ့ လို အသက်ရှည်ရှည် ၊ သူ့ လို ပျော်ပျော်ပါးပါး ၊ သူ့ လို အနု ပညာသမား ဖြစ်ချင်သည့် အတွက် သူ ပေးပေး ၊ မပေးပေး သူ့ “ ဗိုလ်ကလေး ” ဘွဲ့ ကို ဇွတ်ယူကာ ကိုယ့် ကိုယ် ကိုယ် သညာ ပြုလိုက်ပါ၏ ။ ဟုတ်ကဲ့ .... “ ဗိုလ်ကလေးကျောက်ခဲ ” ဟု ခေါ်ကြပါလေ ... ။

▢  ကြည်စိုးထွန်း
📖 မင်္ဂလာအလွမ်း

No comments:

Post a Comment