❝ ခမ်းနားကြီးကျယ်သော အချစ် အင်းလျားဆောင် မှာ နေ၏ ။ ❞
( ဇော်ဇော်အောင် )
အစ ကတည်းက စဉ်းစားခဲ့ကြဖို့ ကောင်းသည် ။ ဒီလိုတမ်းသာ ဆိုရင်ဖြင့် ဘယ်သူဘာမှ ဖြစ်စရာ အကြောင်းမရှိပါ ။ အေးစက်သော မြောက်ပြန်လေများသည် တံခါးကို စောစောကပင် ပိတ်ထားပါကအခန်းတွင်းသို့ ဝင်လာစရာ အကြောင်းမရှိ ။ တံခါးကို ပိတ်သာထားပါ မကြည်ပြာ ။ မနေ့က နှင့် ဒီကနေ့ လေတွေ တိုက်ခတ်၏ ။ ထိုလေများ အေးစက်နေ၏ ။ လေထဲမှာ ဝဲကတော့ ပတ်ချာလည်၍ စကားလုံးများ ခုန်ပေါက်မျောလွင့် နေကြ၏ ။ အတ္တစွဲကြီးသူများသည် သူတို့ တီထွင်သည် ဆိုသော စကားလုံးများ တွင် မှတ်ပုံတင်သော တံဆိပ်စာရွက်များ ချိတ်ဆွဲထားကြ၏ ။ လေထဲ မှာ လွင့်မျောရင်း စကားလုံးများ အချင်းချင်း တိုးဝှေ့ တိုက်ခတ်မိကြသည် ။ ငါဟူသော တံဆိပ်စာ ရွက်များ ကျန်ရစ် သည် ။ ဘာသာစကားကို အများ ပိုင်သည် ။ မကြည်ပြာဟူသော စကားလုံး သုံးလုံး ကို ဇော်ဇော်အောင် ပိုင်ကြောင်း သက်သေပြရန် လိုအပ်ပါက မိုးရွာသော နေ့ တစ်နေ့ ၊ ပိတောက်ပင် တစ်ပင် ၊ သုံးဆယ့်တစ်လမ်း ထဲက တိုက်ခန်း တစ်ခန်း ၊ ပျက်ပြယ်သွားသော ကတိ စကား ။ အင်းလျားကန်ပေါင် မှာ လှေကားထစ် သုံးဆယ့်ခြောက်ထစ် ၊ ကဗျာအပုဒ် လေးဆယ် ၊ တောင်ပင်လယ် ဟိုဘက်စွန်း မှ သဲ့သဲ့ ကြားရသော မိုးခြိမ်းသံ ၊ လပြည့်ည တစ်ည ၊ စိုးပိုင် ၏ သီချင်း တစ်ပုဒ် ထဲမှ စာသား အချို့အဝက် ၊ ဥဩငှက် ၏ နီရဲသော အာခေါင် ၊ ကိုင်းကျိုးနေသော လက်ဖက်ရည် ပန်းကန်လုံး တစ်ခု နှင့် မြူနှင်းရောင် အိပ်မက်တို့ ကို တင်ပြ သက်သေထူနိုင်လိမ့်မည် ဟု ယုံကြည်ပါသော်လည်း ပိုင်ဆိုင်ခြင်း ၏ သဘောသကန် အတွင်းသရုပ်ကို ကျေနပ်လောက်အောင် နားမလည်သေးသော ဇော်ဇော်အောင် အတွက် ထိုကိစ္စကို နားမလည်နိုင်စွာ မေ့လျော့ပစ်ရန်သာ ရှိပါသည် ။ အချစ် ဆိုသည် မှာ ပိုင်ဆိုင်ခြင်း မဟုတ်သည် မှာ သေချာသလောက်ရှိ၍ မကြည်ပြာ ဟူသော ထို နာမည် စာလုံး သုံးလုံး ကို ကျွန်တော် မပိုင်ဆိုင်ပါ သော်လည်း ပိုင်ဆိုင်ထားချင်ပါသည် ။ နာမည် မျှ သာ ပိုင်လိုပါသည် ။
••••• ••••• •••••
တံခါး ကို ပိတ်ထားပါ မောင့် မကြည်ပြာ ။ မဖြစ်နိုင်သော အရာများကို မစူးမစမ်း မဆင်မခြင် စတင်လုပ်ကိုင်ဆောင်ရွက်ခဲ့သည် မှာ နှစ်အစိတ် ကျော်ခဲ့ပါပြီ ။ ထိုင်နေလို့ ကတော့ ဘာမှ ဖြစ်မလာဘူး ဆိုသော်လည်း တစ်ခါတစ်ရံ လုပ်လိုက်တိုင်း အလွဲလွဲအမှားမှား ဖြစ်တတ်ပါသည် ။ မှားခဲ့တာက အနှစ် အစိတ် ရှိပြီ ။ တစ်ဆစ်ချိုး လှေကားကွေ့ မှာ တွေ့တည်း က ကျွန်တော်တို့ နှစ်ယောက် အချစ်သည် လွဲမှားခဲ့ကြသည် ။ ကမ္ဘာပေါ် မှာ မှန်သော ကိစ္စများက သတ်သတ် ၊ မှားသော ကိစ္စများက သတ်သတ် ၊ သီးခြား ခွဲ၍ တစ်စုံတစ်ယောက် က နေသားတကျ ဖြစ်အောင် လုပ်ခဲ့ရင် သိပ် ကောင်းပေလိမ့်မည် ။ မကြည်ပြာ နှင့် ကျွန်တော် အမှားတွေ သတ်သတ်ခွဲ၍ စုပုံထားသော နေရာသို့ သွားဖြစ်ကြမည် မဟုတ် ဟု ထင်ရသည် ။ အခုတော့ ကမ္ဘာ ပေါ်မှာ အမှား နှင့် အမှန် ရောထွေးစုပုံထားသောကြောင့် အချစ်ကြီး ချစ်မိသူ အဖို့ အမှားကို ရွေးချယ်မိခြင်း မဆန်းလှပါ ။ ချစ်တယ် ဆိုတာ အမှား တစ်မျိုးပါပဲ ။ တွေးခေါ် ပညာရှင် တချို့ နဲ့ စိတ်မနှံ့သူ တချို့ နေရာ တစ်နေရာ ပွိုင့်တစ်ပွို င့်မှာ လာဆုံသည် ။ မယုံ မရှိနှင့် ။ ပညာရှင်သည် ထိုနေရာ ထို ပွိုင့်သို့ အတွေး နှင့် လာ၏ ။ စိတ်မနှံ့သူ က ဘဝ နှင့်လာ၏ ။ ထိုနေရာကား လူ့ဘ၀ သည် အစ ကတည်းက မှားခဲ့သည် ဟူသော ဒဿနိက ဖြစ်၏ ။ ပညာရှင် ကလည်း အတွေးအခေါ် အားဖြင့် မှားသည် ။ စိတ်မနှံ့သူ ကလည်း သူ့ ဖြစ်တည်နေမှုအားဖြင့် မှားသည် ။ ထိုသို့ အဆိုရှိ ၏ ။ မှားနေသလား မောင့် မကြည်ပြာ ။
ငိုနေသော ကလေး ကို နို့ချိုကျွေးခြင်း သည် မမှားပါ ။ ထမင်း မစားရသေးသူကို ထမင်း ဝယ်ပေးခြင်းသည် မမှားပါ ။ အနုပညာသစ်ပင် ကို ဝေစည် ဖွံ့ဖြိုး အောင် ရေ လောင်းပေါင်းသင်ပေးခြင်းသည် မမှားပါ ။ ခုတ်တော့အံ့ ဟု တစ်ဝက်တိတိ ဆွဲနုတ်မိသော ဓားကို ဓားအိမ်အတွင်းသို့ ပြန်သွင်းခြင်း မမှားပါ ။ သန့်စင် လွတ်လပ်သော လေကို အဆုတ်တွင်းသို့ အားပါး တရ ရှူသွင်းခြင်းသည် မမှားပါ ။ လမ်းပေါ်က အမှိုက်စ ကို လက်ဖြင့် ကောက်ယူ ဖယ်ရှားပေးခြင်း သည် မမှားပါ ။ သီချင်းတေးသွား တစ်ပိုဒ် ကို ကိုယ်ရသလောက် ညည်းနေခြင်းသည် မပီမသ ဖြစ်စေ ကာ မူ မမှားပါ ။ ဗြဟ္မစိုရ်တရား လေးပါးသည် မမှားပါ ။ အသေအချာ ပြောလိုက်ပါမည် ။ မေတ္တာတရား သည် ဘယ်အခါမှ မမှားပါ ။ သိပ်ချစ်တယ် မကြည်ပြာ ။
အချစ် ဆိုတာ ဘယ်အခါ မှ လည်း မမှား ၊ ဘယ်အခါ မှ လည်း မမှန် ။ အချစ်ဆိုသည် မှာ အမှန် မဟုတ်သော်လည်း အမှား လည်း မဟုတ် ။ အချစ် သည် ဘာမှ မရှိသော ဗလာနယ် ထဲမှာ ခမ်းနားကြီးကျယ်စွာ တောက်ပ ကွန့်မြူးနေ၏ ။ တံခါး ပိတ်ပါ မကြည်ပြာ ။ ကျွန်တော် ဟို အဝေးအရပ် က သစ်ပင် အောက်မှာ ရှိနေမည် ။
••••• ••••• •••••
ဘဝ ဆိုသည် မှာ သွားရောဂါကု ဆရာဝန်ထံ သွားခြင်း တစ်မျိုးဖြစ်သည် ဟု ဆိုမိန့်ခဲ့သော ပညာရှင် တစ်ယောက်တလေ မှ မပေါ်ပေါက်ခဲ့ဘူး လား ။ ရင်ထဲက နာကျင်နေသော အချစ်ကြည်ပြာ ကို သွားဆရာဝန်သုံး သော ညှပ်ဖြင့် ဆွဲနုတ်၍ လွှင့်ပစ်လိုက်ချင်ပါသည် ။ ထိုအခါ ကျွန်တော့် ကို မေ့ဆေးပေးရန် သတိရပါ ။ အဘယ်ကြောင့် ဆိုသော် ကျွန်တော့် ရင် ထဲက မကြည်ပြာ ကို ညှပ်ဖြင့် ဆွဲနုတ် လွှင့်ပစ်လိုက်ပြီးသည့် နောက် ကျွန်တော့် ရင်ထဲမှာ မကြည်ပြာရှိနေသေးကြောင်း ယုံကြည်နေချင် သေး သောကြောင့် ဖြစ်ပါသည် ။
လူ ဆိုသည်မှာ မဟုတ်မှန်း သိလျက်နှင့် ယုံ တတ်သော ၊ ဟုတ်သည် ထင်သော သတ္တဝါ ဖြစ်၏ ။ သို့မဟုတ်မှန်း သိလျက် နှင့် ကြောက်ရွံ့သောကြောင့် ဟုတ်သည် ဟု ထင် နေသော သတ္တဝါ ဟု ကျွန်တော့် ရင်ထဲမှာ မကြည်ပြာ မရှိတော့ပါ ။ ကျွန်တော့် ရင်ထဲမှာ မကြည်ပြာ ရှိနေပါသေးသည် ။ အသေအချာ မှာ ပါလျက်နှင့် အမိုက်မသည် တံခါး ကို အသေအချာ လုံခြုံစွာ မပိတ် ။ အေးစက်သော မြောက်ပြန်လေသည် ရွှေရောင် အနံ့ နှင့် နှင်းဆီဝတ်ဆံ တို့ ကို သယ် ဆောင် တိုက်ခတ် လာပြန်ပြီ ။ ကြာဖြူပန်း သည် လရောင်ခြည် ထဲမှာ ပွင့်လန်းလာ၏ ။ အဝေးဆီ မှ ဆွေးဆွေးမြည့်မြည့် သီဆိုနေသော မောင့်လပြည့်ဝန်း သီချင်းသံ ကြားနေရသည် ။ အမွေးအတောင် အရောင်အသွေး စိုသော ‘ ဖီးနစ်ငှက် ’ လေကို ခွဲ၍ ပျံသန်းလာ၏ ။ မြက်ခင်းလယ် က ပင်လယ်ကဗွီးပင်ရင်းမှာ ညှိုးလျော်နေသော နှင်းဆီပန်းအိုး တစ်အိုး ရှိ၏ ။ ပန်းအိုးက ညှိုးသည် လား နှင်းဆီပန်း က ညှိုးသည် လား ။ တတ်ယောင်ကား လာ မစွာနှင့် ။ သဒ္ဒါ ဆိုသည် အချစ် နှင့် မဆိုင် ။ သဒ္ဒါ ဆိုသည် မှာ မကြည်ပြာ နှင့် မဆိုင် ။ မောင့် မကြည်ပြာ သည် ဘာသာစကား ထဲမှာ ရှိသော အသံအားလုံး အဓိပ္ပာယ် အားလုံး ၊ ပုံသဏ္ဌာန် အားလုံးဖြစ်သည် ကို ဘယ်သူ ငြင်းဆိုမည်လဲ ။
မကြည်ပြာ သည် ကတ္တား ဖြစ်၏ ။ မကြည်ပြာ သည် ကြိယာ ဖြစ်၏ ။ မကြည်ပြာ သည် ပစ္စည်း ဖြစ်၏ ။ မကြည်ပြာ သည် ဝိဘတ် ဖြစ်၏ ။ မကြည်ပြာ သည် ဝါစင်္ဂ အားလုံး ဖြစ်၏ ။ မကြည်ပြာ သည် ရုပ်ရင်း အားလုံး ၊ သံရင်းအားလုံး ဖြစ်၏ ။ စွာတာတာ လျှာမရှည်နှင့် ၊ မကြည်ပြာ သည် သဒ္ဒါ နှင့် မဆိုင် ၊ အဘယ့်ကြောင့် ဆိုသော် မကြည်ပြာသည် ဇော်ဇော်အောင် ၏ ဘဝသဒ္ဒါ ၊ အချစ်သဒ္ဒါ ဖြစ်သောကြောင့် ဖြစ်သတည်း ဟု ဆိုရမည် ဖြစ်၏ ။
••••• ••••• •••••
တံခါး ပိတ်ပါ ။ အဝေးသို့ သွားပါမည် ။ အဝေး မှာ ပင် ရှိနေပါမည် ။ ရင်ထဲမှာ မရှိပါ ။ ရင်ထဲ မှာ ဘာရှိသလဲ ။ ရင်ထဲ မှာ ရှိနေဆဲပါ ။ ရင်ထဲ မှာ ဘာမှ မရှိ ။ မနေ့ က နှင်းကျသည် ။ မြူနှင်းငွေ့များ ပြာ နေ၏ ။ ရင်ထဲ မှာ ဘာရှိသလဲ ။ သိပြီးသား အကြောင်းအရာ ကို ထပ်ကာ ထပ်ကာ မမေးနှင့် ။ လောက ထဲ မှာ မေးခွန်းတွေများသည် ။ အဖြေတွေ ကျေနပ်လောက် အောင် မရသေး ။ ဘာမှ မဖြစ်ဘဲ နှင့် လုပ်မနေနှင့် ။ ဘာတွေ လာ ပြောပြော မယုံ ။ အချစ် ဆိုသည် မှာ ဘယ်အခါမှ မသေ ။ အကွာအဝေး သဘောတရားကြောင့် အချစ် သည် ပို၍ ခမ်းနားကြီးကျယ် လာ၏ ။ ဘာ ယူလာသလဲ ၊ ဘာ ပေးမှာ လဲ ။ ရင် ထဲက မကြည်ပြာ ကို ကဗျာ အပုဒ်လေးဆယ် ပေးလိုက်မည် ။ အဝေး က သာ မကြည်ပြာ ။ ဒီလိုနှင့် ပင် အိပ်မက်တို့ သည် တစ်စစီ တစ်မှုန်စီ ပြိုကွဲပျံ့လွင့်၍ အမြင့်ဆုံး တောင် ၊ အနက်ဆုံး ပင်လယ်ကြမ်းပြင် ၊ မိုးသက်လေ ၊ မုတ်သုံလေ ၊ မြောက်ပြန်လေ ၊ တန်ခူးလေ ၊ အားလုံးသော လေတွေ ထဲမှာ ဝေ့ဝိုက် လွင့်ပျံ
မျောပါလျက် အရပ်လေးမျက်နှာ မှ ၊ အရပ်ရှက်မျက်နှာ မှ ၊ အရပ်ဆယ်မျ က်နှာ မှ ဖြူဆွတ် နူးညံ့ သော စကားလုံးများ နှင့်အတူ လေးလံကြီးမားသော ပိုက်ကွန်တစ်ခု ပစ်အုပ်လိုက်သည့် ပမာ ဘဝ တစ်ခုပေါ်သို့ ဝဲပျံကျဆင်းလာသောအခါ ငြင်းပယ်ရန် ၊ ရုန်းဖယ်ရန် မေ့လျော့သော သတိ ၊ မှားယွင်း သော အသိတို့ ရှိနေသည် ဖြစ်သောကြောင့် သူ့ အလိုလို ပြာလွင်နေသော ကောင်းကင်ထက်မှာ ပန်း ဆိုင်းဆွဲသကဲ့သို့ တွဲလဲခိုချိတ်နေသည့် ကြေးနီရောင် လှောင်အိမ် ထဲတွင် အသည်းနှလုံး ကို ထည့်သွင်း ၍ လှောင်အိမ်တံခါးကို ပိတ်ထားလိုက်သည့်အကြောင်း မကြည်ပြာ သိသာစေရန် ဘယ်သူမှ စာရေး အကြောင်းမကြားပါနှင့် ။ ရင်ထဲ မှာ မကြည်ပြာ ။
ရင် ထဲ မှာ ဘာ ရှိသလဲ ၊ ရင် ထဲမှာ ဘာမှ မရှိပါ ။ ရင် ထဲ မှာ ရှိ နေဆဲပါ ။ ရင်ထဲ မှာ ဘာမှ မရှိ ။ အချစ် ဆိုသည် မှာ အရာ အားလုံး ရှိနေခြ င်းလား ။ ကျွန်တော့် မှာ မကြည်ပြာ ၏ အပြုံး ရှိ၏ ။ အလိုမကျသော မျက်စောင်း ရှိ၏ ။ မကြည်ပြာ ၏ အုံ့ဆိုင်းသော ဒေါသ ရှိ၏ ။ မကြည်ပြာ ၏ တိကျသော စည်းကမ်းချက်များ ရှိ၏ ။ မကြည်ပြာ ၏ သပ်ရပ်မှု ရှိ၏ ။ မကြည်ပြာ ၏ နိရဲစိုစွတ်သော နှုတ်ခမ်းများ ရှိ၏ ။ လှပသော ခြေထောက်ဖြူဖြူကလေး တစ်စုံ ရှိ၏ ။ မကြည်ပြာ ၏ ခေါင်းမာခြင်းနှင့် စိတ်ဆတ်ခြင်း ရှိ၏ ။ ကြင်နာသနားတတ်ခြင်း ရှိ၏ ။ ရှက်ရွံ့အားနာတတ်ခြင်း ရှိ၏ ။ မကြည်ပြာ ၏ အလုံးစုံ ရှိ၏ ။ အမှန်စင်စစ် ဘာမှ မရှိ ။ မကြည်ပြာ မရှိ ။ အချစ် သာ ရှိ၏ ။ အချစ် သည် ဟိုအဝေးက သစ်ပင် အောက်မှာ ရင် ထဲ မှာ ဗလာနယ် ။ ည မရှိ ။ လ မရှိ ။ နေ မရှိ ။ ဒေါန ပန်း မရှိ ။ ရေချိုစမ်း မရှိ ။ အမုန်း မရှိ ။ အချစ် မရှိ ။ အချစ် ရှိ၏ ။ မကြည်ပြာ ရှိ၏ ။ ဇော်ဇော်အောင် ဆိုသူ မရှိပါ ။ နှစ်ပေါင်း အစိတ် ကြာပါပြီ ။
စိမ်းညို့သော ရေမှော်ပြင် သည် အင်းလျားကန် ကို ဖုံးကွယ်ထား၏ ။ သစ်တိုပင်မှ နီရဲသော သစ်ရွက်တစ်ရွက် ဝဲလွင့်ပျံကျသွားသည် ။ ကန်ရေ ထက်က ရေမှော်ပြင် နှင့် သစ်ရွက် ထိတွေ့သောအခါ ကျယ်လောင်စွာ သော အသံ ကို ဖြစ်စေ၏ ။ တဖြည်းဖြည်းနှင့် သစ်တိုရွက် သည် မှော်သားပြင်ကို ဖောက်ကာ ရေအောက် သို့ နစ်မြုပ်သွားသည် ။ ထိုအခါ လောကသည် ငြိမ်သက်၍ ကျန်ရစ်၏ ။ ထာဝရတရားနှင့် ခဏတရား ဆို သော စကားလုံးနှစ်လုံး ကို ဆရာမင်းသုဝဏ် သုံးခဲ့ဖူးကြောင်း အမှတ်ရ နေ၏ ။ အင်းလျားကန် က ထာ၀ရ ၊ ရေမှော်ပြင် က တစ်ခဏ ။ ဇော်ဇော်အောင်သည် သစ်ရွက် ဟုတ်ပါသလား ။ စဉ်းစားကြည့်ပါ မကြည်ပြာ ။ ဘယ်သူတွေ က ထာ၀ရ ၊ ဘယ်သူတွေ က တစ်ခဏ ။ အလောင်းစည်သူမင်းကြီး လက်ညှိုး ညွှန်ရာ ရေဖြစ်သည် ဟု ကြားဖူး၏ ။ မကြည်ပြာ လက်ညှိုးညွှန် ရာ အချစ် ဖြစ်၏ ။ စေတန်မာရ်နတ် လက်ညှိုးညွှန်ရာ ဘာဖြစ် သလဲ စဉ်းစားစမ်းပါ ။ ဖြူဖွေးလှပသော လက်ညှိုးကလေး တစ်ချောင်း ။ ဇော်ဇော်အောင် ၏ ရင်ထဲမှာ မည်းညစ်သော ကျောက်တုံးတစ်တုံး ။ ကျောက်တုံး ပေါ်မှာ လက်ညှိုးဖြူဖြူ ကလေး ။ ကြီးမြင့်စော ထံ ပန်းချီကား တစ်ချပ် အပ်နှံရေးဆွဲစေ၍ “ သရဒအချစ် ” ဟု အမည်ပေးကာ မကြည်ပြာကို မွေးနေ့လက်ဆောင် ပေးမည် ။ လက်ညိုး ဆိုသည် မှာ ညွှန်ပြစရာ ကိရိယာ တစ်မျိုး ဖြစ်၏ ။ အမှား ကို ညွှန်နေသလား ။ အမှားသည် တစ်ခဏတရား ။ အမှန်သည် ထာဝရတရား ။ ဘယ်လမ်း ရွေးမလဲ မကြည်ပြာ ။ ခေါင်းမာ မနေပါနှင့် ။ မကြည်ပြာ လက်ညှိုးညွှန်ရာ အချစ်တွေ ဖြစ်ပါသည် ။
••••• ••••• •••••
အစ ကတည်းက မစခဲ့ဖို့ ကောင်းပါသည် ။ အခုတော့ အနှစ် အစိတ်ကြာခဲ့ပြီ ။ ဘယ်သူမှ စိတ် ချမ်းသာမှု မရခဲ့ပါ ။ ရယ်သံမောသံ လွင်ညံဝေစည် နေ၍ လည်း ပျော်သည် မထင်ပါနှင့် ။ ဤလောက တွ င် အကျယ်လောင်ဆုံး အသံသည် ဘာမှ မပြောဘဲ တိတ်ဆိတ်နေခြင်း ဖြစ်၏ ဟု တစ်စုံတစ်ယောက် က ပြောဖူးပါသည် ။ ဇော်ဇော်အောင် ၏ တိတ်ဆိတ်သော အနက်ရောင် ကျောက်တုံးသည် မကြည်ပြာ လက်ညှိုး ညွှန်ရာ ဖြစ်သွားသော အချစ်များ ကို တိတ်ဆိတ်စွာ ကန့်ကွက်နေ၏ ။ အသံထွက်၍ ကန့်ကွက်ရဲသော သတ္တိမျိုး မရှိပါ ။ နာကျင်မှုများ အဆုံးစွန် ပြင်းထန်သော အခါ သာယာမှု တစ်မျိုး ဖြစ် လာသည် ။ နာကျင်မှု ထဲမှာ အနေ ကြာ၍ သာယာသလို ဖြစ်နေပြီ ။ လက်ဖက်ရည် ချိုပေါ့ကျ တစ်ခွက် မှန်မှန် သောက်ရဖို့ အရေးသည် ကမ္ဘာ့ ရေနံဈေးနှုန်း ညှိမရခြင်း ထက် ပို၍ အရေးကြီးနေပါသည် ။ ရွှေရောင်ကိုင်း နှင့် မျက်မှ န်နောက်မှ စူးရှသော်လည်း ရှင်သန်မှု နည်းပါးသော မျက်လုံးနက်နက်များကို ခိုး၍ ကြည့်ရခြင်းသည် ကြယ်တာရာစစ်ပွဲ အစီအစဉ်ထက် ပို၍ အရေးကြီးနေပါသည် ။ ဘယ်သူမှ ထာဝရ မဟုတ်သည် ကို သတိရဖို့ တော့ ကောင်း၏ ။ လက်ချောင်းကလေးများ အမှတ်မထင် ထိတွေ့ လိုက်သော အခါ ဖြစ်ပေါ် ပေါက်ကွဲသွားသော တစ်ခဏ တရားသည် အမှန်အားဖြင့် တစ်ခဏတရား သာ ဖြစ်ပါသည် ။ အလုပ်တစ်ခု ကို မဖြစ်မှန်း သိလျက်နှင့် ယုံကြည်ဟန်ဆောင်ကာ လုပ်နေကြသော လူ တွေ ထဲမှာ အချစ် တစ်ခု ကို မချစ်မှန်း သိလျက်နှင့် ချစ်ဟန်ဆောင်ကာ ချစ်နေသောသူသည် အမိုက်မဲဆုံး ဖြစ်၏ ။ ဇော်ဇော်အောင် ၏ ဘဝ တစ်ခဏပေါ်တွင် အပ်ဖျားရာ မျှ ရှိသော မိုက်မဲမှုများ ပြည့်သိပ် မွန်းကျပ်နေ၏ ။
••••• ••••• •••••
ကောင်းကင် ထက်မှ နားကွဲမတတ် ကြီးမားကျယ်လောင်သော အသံ သည် ခြိမ်းခြိမ်းမြည်၍ ဆင်းသက်လာကာ မြေပက်ကြားအက်တွင်း သက်ဆင်းကွယ်ပျောက်သွား၏ ။ အချစ် ၏ ခမ်းနား သောအသံ ၊ ကြီးမား သော အသံသည် ကဗျာ ဖြစ်၍သွား၏ ။ ထို ကဗျာကို ထမင်းစား စားပွဲခင်းသော စားပွဲခင်းအဝတ်စုတ်ဖြင့် သေသပ်စွာ ထုပ်၍ ပန်းဖူး ထဲမှာ ထည့်ထားခဲ့ပြီ မကြည်ပြာ ။ ဟို လူ တစ်ယောက် ယောင်ချာချာ လာမလုပ်နှင့် ။ မြောင်းပုပ်ထဲ က သဘောတရားကို ပလက်ဖောင်းဘေး က မြောင်းပေါင် ပေါ်မှာ ထားခဲ့ ။ ဝေးဝေးသွား ။ ရာစုနှစ် တစ်ဝက် ကျော်ခဲ့သည် အထိ အောင်မြင်မှု မရှိခဲ့ သော သဘောတရား အပုပ်အစပ်များ ဖြင့် အနုပညာပန်းပွင့် ကို စွန်းထင်း မညစ်ညမ်းစေသင့် ။ ကဗျာ နှင့် စကားပြေ ကြား မှာ ပါးလျားသိမ်မွေ့စွာ ပိုင်းခြားသော ပိုးသားဇာလွှာ ကန့်လန့်ကာ ကို ကြမ်းတမ်းညီစို့သော သားသတ်သမားလက် ဖြင့် ဖမ်းဆီးဆုပ်ကိုင်၍ မရစကောင်း ။ အနုပညာ သည် အရာအားလုံး ၏ အထက်က လေပမာ လျှင် အာကာခွင်၌ သူ လျှင် လွတ်လပ် လှည့်လည်ပတ်အံ့ ။ ဝရန်တာ ပေါ်က ပန်းအိုးထဲတွင် ထွက်ပြူလာစ အနုပညာ ပန်းဖူး ထဲမှာ ကဗျာကို ထည့်ထားခဲ့၏ ။ အရှေ့ လောကဓာတ် မှ ထွက်ပေါ်လာမည့် နေရောင်ခြည် ထဲမှာ ကဗျာတွေ ပါလာလိမ့်မည် ။ ခုတော့ ချစ်နေမိခြင်း အမှောင်ထု ထဲမှာ အချစ်ပန်းဖူး မကြည်ပြာ ကို ကဗျာ ထဲမှာ ။ ပန်းဖူးထဲမှာ ၊ မကြည်ပြာ ကို မကြည်ပြာ ထဲမှာ ၊ အချစ်များ စွာကို အမှောင်တိုက်ထဲမှာ ၊ နေရောင်ခြည် ကို ၊ မကြည်ပြာ ကို ၊ အမှောင် ထဲမှာ .. ကျွန်တော်ထားခဲ့ပါဦးမည် ။ အရှေ့အရပ်မှ နေရောင်ခြည် ဖူးပွင့်လာသော အခါ ကျွန်တော် ၏ ဘဝသဒ္ဒါ ဖြစ်သော ကျွန်တော် ၏ အချစ်သဒ္ဒါ ဖြစ်သော ကျွန်တော် ၏ စကားပြေ ဖြစ်သော ကျွန်တော် ၏ အနုပညာ ဖြစ်သော မကြည်ပြာ ၏ အကြောင်း ကို စာပိုဒ် တစ်သောင်း ဖြင့် စကားပြေ ကဗျာ ရေး၍ ဒေါနပန်း ခင်း ဖြတ်သွင်းတိုက်ခတ် သွားသော လေပြည်လေညင်း နှင့် အတူ ပေးပို့ လိုက်ပါမည် ။ စောင့်လို့ ယူပါ မကြည်ပြာ ။
••••• ••••• •••••
ခမ်းနားကြီးကျယ်သော အချစ် သည် အင်းလျားကန် နား မှာ နေ၏ ။ အချစ်ဆုံး ဇော်ဇော်အောင် သည် ဟိုအဝေး က သစ်ပင် အောက်မှာ ... တစ်ခဏမျှသာ မှောင်နေသည် ။ မြတ်နိုးလှစွာသော အလင်းရောင် မကြည်ပြာ ... ခမ်းနားကြီးကျယ်စွာ ... စကားပြေကဗျာ ၊ အမှောင် ထဲမှာ မှောင် နေသည့် မောင့်မကြည်ပြာ ။
▣ ဇော်ဇော်အောင်
📖 မိုးဝေ မဂ္ဂဇင်း
ဖေဖော်ဝါရီလ ၊ ၁၉၈၇
No comments:
Post a Comment